မင်းမှာစီးစရာဖိနပ်ရှိနေရင် ဘယ်သူက အသက်စွန့်ရလောက်အောင် စွန့်စားတော့မှာလဲ
Vol. 21 Ch. 219
ကျန်းယန် တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်များကိုကြည့်ကာ သူလိုချင်သည်ကို တိုက်ရိုက်သာ ပြောလိုက်၏။
“အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံးသန်းသုံးရာ အနည်းဆုံးဆေးလုံး ၃၀၀၀ အနည်းဆုံး စိတ်ဝိညာဉ်လက်နက်သုံးခု ကျွန်တော်က ကျွန်တော်နဲ့ဆိုင်တာကိုပဲ ယူတာပါ အခြားသူတွေရဲ့ ဝေစုကို ထိတောင်မထိဘူး ခင်ဗျားတို့ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ် ဒီတံဆိပ်ပြားတွေအကုန်လုံးက ကျွန်တော်ကိုယ်တိုင်အားလုံးကိုစိန်ခေါ်ပြီး ရလာခဲ့တာ တစ်ယောက်ယောက်ကများ ကျွန်တော့်ကို ဆုပေးဖို့ငြင်းရဲရင် မယဉ်ကျေးတဲ့အတွက် အပြစ်မတင်ပါနဲ့”
ထိုအခိုက်တွင် တိုက်ပွဲကွင်းပြင်ထဲမှလူများဆက်လက်ထွက်လာနေကြဆဲပင်။ ထိုအထဲတွင် ကျိုးလင်လည်းပါလာခဲ့သည်။
“ဆရာဦးလေး ကျန်းယန်ကိုရှင်းပစ် သူ့ကိုလွှတ်ပေးလို့ မဖြစ်ဘူး” ကျိုးလင် ဒေါသတကြီး အော်ပြောလိုက်၏။
“သူကကျွန်တော်တို့၀မ်လင်းဂိုဏ်းရဲ့ခံတပ်ကိုဖျက်ဆီးပစ်ပြီး ကျွန်တော်တို့ဂိုဏ်းသားတွေအများကြီးကို သတ်ပစ်ခဲ့တာ”
၀မ်လင်းဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့် အမူအရာကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
“ငါသိတယ်”
“ဒါဆို အမြန်လှုပ်ရှားတော့လေ” ကျိုးလင် ဒေါသတကြီးအော်ပြောလိုက်၏။
“ဂျူနီယာညီလေး ကျိုးချင်လည်း သူသတ်တာ ခံလိုက်ရတာ”
၀မ်လင်းဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့်၏မျက်နှာရှုံ့မဲ့သွားခဲ့သည်။
အကယ်၍ သူတို့သာ လှုပ်ရှားနိုင်နေလျှင် အခုလိုနေနေပါဦးမည်လော။
သူအခြားတာအိုပေါင်းစည်းခြင်းအဆင့်များကိုကြည့်၍ ပြောလိုက်၏။
“ဒီစည်းမျဉ်းတွေက ငါတို့ကိုယ်တိုင်သတ်မှတ်ထားတာဆိုမှတော့ ငါတို့တကယ်ပဲသူ့ကိုဒီဆုပေးသင့်တယ်”
သူဤအဇူရာတိမ်ဂိုဏ်းမှအဖွဲ့ကို တတ်နိုင်သမျှမြန်မြန်ဒီနေရာကထွက်သွားစေချင်နေခဲ့သည်။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဤနေရာတွင် ရပ်နေသောကြောင့် လူတိုင်းမသက်မသာခံစားနေခဲ့ကြရ၏။
ထို့အပြင် ချင်းယွင်ကျိ၏ တန်ချိုးရွှေကိုအလွယ်တကူသတ်ပြလိုက်ပုံအရ ထိုလူသည် သာမန်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်မဟုတ်တာလည်း ထင်ရှားနေခဲ့သည်။
အခြားတာအိုပေါင်းစည်းခြင်းအဆင့်များလည်း ထိုအခြေအနေကိုနားလည်ကြသောကြောင့် တစ်ယောက်ပြီးတစ်ယောက် ပေးရမည့်ဆုလာဘ်ကို လွှဲပေးလိုက်ကြ၏။
ကျိုးလင်ကတော့ ခုနကဘာဖြစ်သွားသလဲဆိုတာကို မသိခဲ့ပေ။ လူတိုင်းက ကျန်းယန်ကိုဆုလာဘ်များလွှဲပေးနေတာတွေ့သောအခါ သူဒေါသတကြီး ပြောလိုက်လေသည်။
“စီနီယာတို့ ရူးသွားကြပြီလား! ဒါကအဇူရာတိမ်ဂိုဏ်းနဲ့ရင်ဆိုင်ဖို့အကောင်းဆုံးအခွင့်အရေးလေ ဘာလို့အခုထိမလှုပ်ရှားကြသေးတာလဲ”
အဇူရာတိမ်ဂိုဏ်းမှလူများ ကျိုးလင်ကို ထူးဆန်းသောမျက်လုံးများဖြင့် အေးစက်စက်ကြည့်လိုက်ကြ၏။
နောက်ဆုံးတွင် လင်းရှုသည်းမခံနိုင်တော့ဘဲသူ့ကိုသတိပေးလိုက်သည်။
“သူတို့ဂိုဏ်းချုပ်ဒီမှာရောက်နေတယ် သူက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်”
“သူတို့ဂိုဏ်းချုပ်ရောက်နေတော့ ဘာဖြစ်လဲ…ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆိုတော့ရော….ဘာ…ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်!”
ကျိုးလင်တိတ်ဆိတ်သွားခဲ့၏။ အဇူရာတိမ်ဂိုဏ်းမှလူများကို ကြည့်နေရင်း သူ့မျက်နှာဖြူဖျော့သွားခဲ့၏။
“လူပြက်ကောင်” ကျန်းယန်ခပ်ဟဟရယ်မောလိုက်ပြီး ကျိုးလင်ကို လက်ညိုးထိုး၍ ပြောလိုက်သည်။
“မင်းလိုအမှိုက်ကောင်မျိုးက ဒီလောက်ပဲတန်တယ်”
ထို့နောက် သူတာအိုပေါင်းစည်းခြင်းအဆင့်များထံမှ ဆုလာဘ်များကို လက်ခံလိုက်၏။
တိုက်ပွဲကွင်းပြင်ထဲမှ ထွက်လာသော ပါချင်းယန်နှင့်အခြားသူများကိုတစ်ချက်ကြည့်ပြီးနောက် သူ့အဇူရာတိမ်ဂိုဏ်းဘက်လှည့်ကာ ပြောလိုက်သည်။
“ဆရာ ကျွန်တော်တို့အခုပြန်လို့ရပြီ အို့ ဟုတ်သားပဲ ကျွန်တော်တို့နဲ့ခေါ်သွားဖို့ လူတစ်ယောက်ကျန်သေးတယ်”
သူကုန်းရှို့ပင်းဆီလျှောက်သွားကာ အေးအေးဆေးဆေးပြောလိုက်၏။
“ငါတို့နဲ့လိုက်ခဲ့”
ကုန်းရှို့ပင်းမျက်နှာချက်ချင်းဖြူဖျော့သွားခဲ့သည်။ သူချင်းယွင်ကျိကိုကြောက်ရွံ့နေဟန်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်၏။
“မင်းက ငါ့ကိုဓားစာခံတစ်ယောက်အနေနဲ့ခေါ်သွားချင်တာလား”
“ငတုံး” ကျန်းယန် လှောင်ပြောင်လိုက်သည်။
“ငါ့ဆရာသာမင်းကိုသတင်းပြန်ပို့ဖို့ပြောမထားရင် ငါမင်းကိုအလုပ်ရှုပ်ခံပြီးခေါ်သွားမှာ မဟုတ်ဘူး”
လန်ကျားအထွတ်အမြတ်မြေဂိုဏ်းချုပ်၏သားတစ်ယောက်ဖြစ်ပြီး ဂိုဏ်း၏တုနှိုင်းမဲ့ပါရမီရှင်တစ်ယောက်ဖြစ်ပါသော်လည်း သူတစ်ယောက်တည်းပြန်သွားမည်ဆိုလျှင် ဝိညာဥ်အေခြတည်အဆင့်သာရှိေသးေသာ ကုန်းရှို့ပင်းသည် အလွယ်တကူ အသတ်ခံရနိုင်ပေသည်။
ကုန်းရှို့ပင်း သေခြင်းရှင်ခြင်းကိုကျန်းယန် ဂရုမစိုက်ပေ။ သို့သော် သူ့သေဆုံးခြင်းအတွက် အဇူရာတိမ်ဂိုဏ်းက အပြစ်တင်မခံနိုင်သောကြောင့်သာ ခေါ်သွားဖို့စီစဉ်ခဲ့ခြင်း ဖြစ်၏။
ထိုအခိုက်တွင် ကုန်းရှို့ပင်း ကျန်းယန်ရည်ရွယ်ချက်ကို နားလည်သွားခဲ့ပြီး ဘာမှမပြောတော့ပေ။
ထိုစဉ် စုမင်းယန် ကျိယန်နားချဉ်းကပ်လာပြီး ခပ်တိုးတိုးပြောလိုက်သည်။
“တပည့် ငါတို့နဲ့ပြန်လိုက်ခဲ့ပါ”
“ကျွန်မရှင့်ကိုမသိဘူး” ကျိယန် အေးအေးဆေးဆေးပြန်ပြောလိုက်၏။
သူမသည် သူမမလိုချင်သောမှတ်ဉာဏ်များအားလုံးကို ဖျောက်ထားသူဖြစ်သောကြောင့် တကယ်ကြီး စုမင်းယန်ကိုမမှတ်မိတော့ခြင်း ဖြစ်သည်။
စုမင်းယန် အခြေအနေကိုနားမလည်ခဲ့ပေ။ သူ့မျက်နှာမည်းမှောင်သွားပြီး အော်ပြောလိုက်၏။
“မင်းက ဆရာနဲ့ဘိုးဘေးတွေကိုသစ္စာဖောက်ချင်နေတာလား”
“ကျွန်မရှင့်ကိုမသိဘူး” ကျိယန်ထပ်ပြောလိုက်ပြီးနောက် ကောင်းကင်ဒဏ္ဍာရီဘက်လှည့်ကြည့်လိုက်သည်။
“ဆရာဖိုးဖိုး သမီး သမီးမှတ်ဉာဏ်တွေကို ဆုံးရှုံးသွားတယ် သူကတကယ်ပဲဆရာဖိုးဖိုးရဲ့တပည့်လား”
ကောင်းကင်ဒဏ္ဍာရီမတုန့်ပြန်နိုင်ခင်တွင် ကျန်းယန် နတ်အာရုံသုံး၍ သူ့ဆီသို့ သတင်းစကားပါးလိုက်၏။
“သူက တိုက်ပွဲကွင်းပြင်ထဲမှာ နှစ်ထောင်ချီသက်တမ်းရှိတဲ့ဆေးပင်တွေရခဲ့တယ် ပြီးတော့ ၀မ်လင်းကုန်းမြေတိုက်ကြီးဆီသွားတဲ့အကြောင်း မှတ်ဉာဏ်တွေလည်း ပျောက်ဆုံးသွားတယ် ပြီးတော့ စုမင်းယန်က သူ့ကို ကျင့်ကြံရေးမီးဖိုအဖြစ် ၀မ်လင်းဂိုဏ်းကိုပို့ဖို့ စီစဉ်ထားခဲ့တာ”
ကောင်းကင်ဒဏ္ဍာရီ၏မျက်လုံးထဲတွင် ထက်ရှသောအလင်းတစ်ချက်လက်သွားခဲ့သည်။ သူကျိယန်ကိုပြုံးပြကာ ပြောလိုက်၏။
“ဆရာဖိုးဖိုးမှာ အဲ့ဒီလိုတပည့်မျိုးမရှိပါဘူးကွယ် ဒီနေ့ကစပြီး သမီးက ဆရာဖိုးဖိုးရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူပဲ”
သူသည် ကျိယန်ကိုအတော်လေးတန်ဖိုးထားပြီး ထိုစဉ်ပ သူမကို ၀မ်လင်းကုန်းမြေတိုက်ကြီးဆီပို့ပေးလိုက်ခြင်းဆိုသည်မှာလည်း သူမကောင်းစားစေရန်အတွက်သာ ဖြစ်သည်။ အခုတော့ သူ့တပည့်က သူတန်ဖိုးထားသောအရာတစ်ခုအပေါ် အခုလို ယုတ်ကန်းသောလုပ်ရပ်မျိုးလုပ်ဖို့ ကြံစည်ခဲ့၏။
ထိုသို့သော တပည့်မျိုးသူ့တွင်မရှိပေ။
ထို့ကြောင့် သူတစ်ချက်ကလေးမှ တုန့်ဆိုင်းမှုမရှိဘဲ စုမင်းယန်က သူ့တပည့်မဟုတ်ပါဘူးဟု ပြောခဲ့ခြင်းဖြစ်သည်။
ကောင်းကင်ဒဏ္ဍာရီ၏ ဆုံးဖြတ်ချက်ကိုကြားလိုက်ရသောအခါစုမင်းယန်၏မျက်နှာ ပျက်ယွင်းသွားခဲ့၏။
သူသည် ကျိယန်ကို၀မ်လင်းဂိုဏ်းဆီဆက်သဖို့ ကြံရွယ်ထားခြင်းဖြစ်ပြီး ကိစ္စများက အခုလိုဖြစ်လာသောအခါ သူ့အစီအစဉ်က ပျက်ဆီးတော့မလို ဖြစ်လာခဲ့သည်။
ကောင်းကင်ဒဏ္ဍာရီသည် သူ့ဆရာဖြစ်သော်လည်း သူထိုလူကြီးကို လုံး၀ ဂရုမစိုက်ခဲ့ပေ။ သူ့ထံမှ ရစရာဘာမှမရှိတော့သလို သူသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးတွင်နေခဲ့သူဖြစ်သောကြောင့် ပျက်ဆီးဖို့က အနှေးနဲ့အမြန်သာ ဖြစ်၏။
“သွားကြစို့” လင်းယွင်ကျိ ပြောလိုက်ပြီး လှေပျံကိုထုတ်လိုက်လေသည်။
လူတိုင်းလှေပေါ်တက်ပြီးသောအခါတွင်တော့ သူတို့ အဇူရာတိမ်ဂိုဏ်းဆီ စတင်ထွက်ခွာလာခဲ့၏။
ထိုနေရာတွင် ဘာတိုက်ပွဲကြီးကြီးမားမားမှလည်း မဖြစ်ခဲ့ပေ။ နောက်ဆုံးတွင် ချင်းယွင်ကျိသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်သာ မဟုတ်ပါလော။
“ဆရာ ဆရာကတကယ့်တစ်ခုခုပဲ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်သွားတာ ကျွန်တော်တို့ကိုတောင် မပြောဘူး” ကျန်းယန် ချင်းယွင်ကျိကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
“ဒီလောက်ကြီးမားတဲ့ကိစ္စကြီးကို ဆရာဘာလို့ကျွန်တော်တို့ကို မပြောခဲ့တာလဲ”
“အဲ့တာမှ မင်းတို့အဆင့်ချိုးဖြတ်တဲ့နေရာမှာ ပိုအာရုံစိုက်နိုင်မှာပေါ့” ချင်းယွင်ကျိ ပြုံး၍ပြောလိုက်၏။
တကယ်တော့ သူ့တွင် ကျန်းယန်ကိုမေးချင်နေသောမေးခွန်းများစွာ ရှိနေခဲ့သည်။ သို့သော်လည်း ဤနေရာတွင် လူများသလို ကုန်းရှို့ပင်းလည်းရှိနေသောကြောင့်သာ ဘာမှမမေးသေးခြင်း ဖြစ်၏။
“ဆရာ ဆရာကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်နေမှန်းသာ အရင်ကတည်းကသိနေရင် ကျွန်တော်ဆရာ့ကို ပိုဖိအားပေးပါတယ်ဗျာ” ကျန်းယန် ရယ်မော၍ ပြောလိုက်သည်။
“ကျွန်တော် ၀မ်လင်းဂိုဏ်းကကျိုးချင်ကိုသတ်လိုက်တယ် သူ့အဖေက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တဲ့ သူကပြဿနာလာရှာမှာ သေချာတယ်
ကျွန်တော် ကျိုးလင်ကိုလည်းသတ်ဖို့အခွင့်အရေးရခဲ့တယ် ဒါပေမယ့် ဆရာ၀မ်လင်းဂိုဏ်းကပညာရှင်တွေကို မကိုင်တွယ်နိုင်မှာစိုးလို့ သူ့ကိုလွှတ်ပေးခဲ့တာ”
ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ပြီး ဆွံ့အသွားခဲ့၏။
“ငါ့ကိုတွေးပေးလို့ ကျေးဇူးတင်ပါတယ်ကွာ”
သူပိုပြီးသန်မာလာလေလေ ကျန်းယန်သူ့အတွက်ရှာလာသော ပြဿနာကလည်း ပိုကြီးလာလေလေဖြစ်မှန်း သူနားလည်သွားခဲ့သည်။
“စိတ်မပူပါနဲ့ဆရာ” ကျန်းယန် ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်၏။
“ကျွန်တော့်ကို နှစ်ဒါဇင်အနည်းငယ်ပဲပေး သူတို့ဘယ်သူမှ ပြဿနာဖြစ်မလာစေရတော့ဘူး”
သူဘေးရှိ ကုန်းရှို့ပင်းကိုလှည့်ကြည့်ကာ ပြောလိုက်သည်။
“ဒီတစ်ခေါက် တိုက်ပွဲကွင်းပြင်ထဲမှာ ကျွန်တော်ဂိုဏ်းတိုင်းရဲ့ ထိပ်တန်းပါရမီရှင်တွေအားလုံးကို ရိုက်ပစ်ခဲ့တယ် နောက်ဆိုသူတို့ကျွန်တော့်ကိုတွေ့တာနဲ့ တွေ့တွေ့ချင်းပြေးမှာ သေချာတယ် ဟုတ်တယ်မဟုတ်လား ကုန်းရှို့ပင်း”
ကုန်းရှို့ပင်းရင်ဘတ်ထဲတွင် ထိန်းချုပ်၍မရသော ဒေါသတစ်သုတ်လိမ့်တက်လာခဲ့၏။ ဘေးတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ရှိနေ၍သာ သူကြိုးစားထိန်းနေခြင်း ဖြစ်သည်။
“မောက်မာလွန်းမနေပါနဲ့ အနှေးနဲ့အမြန်ငါမင်းကိုအနိုင်ယူမှာ” ကုန်းရှို့ပင်း ဒေါသတကြီး အော်ပြောလိုက်၏။
“မင်းစာဘယ်လိုရေးရမလဲ သိမှသာပြန်လာပြောစမ်းပါ” ကျန်းယန် သာမန်အတိုင်းပြန်ပြောလိုက်သည်။
ကုန်းရှို့ပင်း ဒေါသကြောင့်သွေးအန်လုနီးနီးဖြစ်သွားခဲ့၏။