← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အပိုင်း ၃၉၄ : ယဲ့ချန်း၏နောက်ခံ

ခုနစ်ပွဲမြောက်ပွဲစဉ်တွင် ယဲ့ချန်း၏ခမ်းနားမှုက အန်းရန်၏တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုတည်းကိုသာ အုန်းအုန်းကျက်ကျက်ဖြစ်စေခဲ့သည်မဟုတ်ဘဲ သို့ယွီကွန်ယက်တစ်ခုလုံးကိုပါ ထိတ်လန့်စေခဲ့သည်။

"သောက်ကျိုးနည်း မိုက်လိုက်တာဟေ့"

"ဒီသူဌေးကြီးက ဘယ်ကရောက်လာတာလဲ"

"သူက စုရှောင်မေ့ တက္ကစီငှားရင်းသိခဲ့တဲ့ သူဌေးတစ်ယောက်တဲ့"

"သေစမ်း တက္ကစီဒရိုင်ဘာလား။ လာနောက်နေတာလား"

ဤစတိုင်လ်ကား အလွန်ဆင်တူလှချေသည်။ ဝမ်ခုန်းခုန်းကို မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းတွင် အနိုင်ပိုင်းသွားခဲ့သူကလည်း တက္ကစီဒရိုင်ဘာပင်။

"တစ်ယောက်တည်းများလား"

ချက်ချင်းဆိုသလို အွန်လိုင်းပေါ်တွင် ဆွေးနွေးသံများညံသွားချေသည်။

ထိုအခိုက်ဝယ် အန်းရန်၏အမာခံပရိသတ်များမှာ စဉ်းစားနေကြဆဲပင်။

လီအန်းက ပြောလိုက်သည်။

"မိတ်ဆွေတို့.. ငါတို့ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ရအောင်။ ငါ စူပါဒုံးပျံအစင်းတစ်ရာ ထပ်ပို့နိုင်သေးတယ်။ မင်းတို့တွေက စုစုပေါင်းအစင်းငါးဆယ်ရအောင်လုပ်လိုက်။ နောက်တစ်ခေါက် ထပ်ကြိုးစားကြတာပေါ့"

"အစ်ကိုလီအန်း… ကျွန်တော်တို့ ခင်ဗျားကို မကူညီချင်လို့မဟုတ်ပါဘူး။ အဲဒီလူက အရမ်းချမ်းသာလွန်းတယ်။ ကျွန်တော်တို့ မယှဉ်နိုင်ဘူး"

"ထားလိုက်ပါတော့ အစ်ကိုလီအန်းရာ.. ဒီလူက အကန့်အသတ်မရှိ သုံးနိုင်ပုံပဲ။ တကယ်လို့ ကျွန်တော်တို့ဆက်သွားလိုက်ခါမှ သူက ပြန်ပို့နေဦးမယ်"

အတော်ကြာအောင် ဆွေးနွေးပြီးနောက် အန်းရန်၏ပရိသတ်များမှာ အရှုံးပေးသွားကြသည်။

ယဲ့ချန်း၏အကန့်အသတ်က ဘယ်လောက်ဖြစ်ကြောင်း မည်သူမှမသိချေ။

သေစမ်း.. ဒုံးပျံအစင်းငါးဆယ်နဲ့စပြီး နောက်ထပ်တစ်ရာအပြင် အခု နှစ်ရာအထိတောင် တစ်ခါတည်းသုံးလိုက်တာပဲ..

မည်သူကများ ဤဒဏ်ကို ခံနိုင်မည်နည်း။

ထိတ်လန့်ဖွယ်အကောင်းဆုံးအချက်မှာ စူပါဒုံးပျံအစင်းနှစ်ရာဖြင့် တိုက်ခိုက်ခဲ့သော ယဲ့ချန်း၏နောက်ဆုံးတိုက်ကွက်ပင်။

ဤတက္ကစီဒရိုင်ဘာက မည်သူ့ကိုမှ မျှော်လင့်ချက်တစ်စပင် ချန်မပေးချေ။

ယခုလည်း ဤလူက မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းပေါ်တွင် အပြတ်အသပ်အနိုင်ယူခဲ့ဖူးသူတစ်ယောက်နှင့် ပတ်သက်နေပြန်သည်။

ထိုသတင်းသာ မှန်ပါက အခြားလူများလည်း သူ့ကိုယှဉ်ပြိုင်ရန် တွန့်ဆုတ်ကုန်ပေမည်။

ဝမ်ခုန်းခုန်းပင် သူ့ကိုမယှဉ်နိုင်ပါက သူ့ကို သွားတိုက်ခိုက်နေခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေသလိုပင်။

အစတုန်းက လီအန်းလည်း အရှုံးကို လက်မခံဘဲ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ချင်သော်ငြား ဘာအကူအညီမှမရှိလျှင် ခက်ခဲလှပေသည်။

သူ့အနေနှင့် ယဲ့ချန်းကို တစ်ယောက်တည်းမယှဉ်နိုင်ကြောင်း သူသိသည်။

ယဲ့ချန်းကလည်း တစ်ဖက်လူက တုံ့ပြန်လာမည်ကို စောင့်နေသော်ငြား အတော်ကြာအောင် စောင့်ပြီးသည့်တိုင် တစ်ဖက်မှ ဘာမှမတုံ့ပြန်ပေ။

ဒါပဲလား…

သူတို့ ကြောက်ဒူးတုန်သွားပြီဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။

အမှန်ပင်။ လီအန်းလည်း အန်းရန်ကို မက်ဆေ့ချ်ပို့ပြီး သူ(မ)ကို အနိုင်ရအောင် မလုပ်ပေးနိုင်တော့ကြောင်း ပြောလိုက်သည်။

အန်းရန်လည်း အနည်းငယ်စိတ်ပျက်မိသော်ငြား မတတ်နိုင်ပေ။ အပြစ်တင်နေမည့်အစား လီအန်းကိုသာ နှစ်သိမ့်လိုက်၏။

မည်သို့ပင်ဖြစ်စေ လီအန်းက သူ(မ)၏ထိပ်တန်းထောက်ပံ့သူပင်။ သူသည် လတိုင်း သူ(မ)အတွက် သိန်းဂဏန်းခန့်ပို့ပေးတတ်သဖြင့် သူ့ကို အပြစ်ပြု၍မဖြစ်ချေ။

အန်းရန်က သူ(မ)အပေါ် ခံစားချက်ရှိကြောင်း သိပါသော်ငြား တိုက်ရိုက်ထုတ်လွှင့်သူများထဲတွင် အလှပဂေးများ မရှားချေ။

သူ(မ)ကို သူ သဘောကျနိုင်သော်ငြား အခြားလူကိုလည်း သဘောကျနိုင်ပေသည်။

ထို့ကြောင့် အန်းရန်က စိတ်ထဲတွင်မူ မကျေနပ်သော်ငြား လုပ်ပြုံးပြုံးနေရုံသာ တတ်နိုင်ပေသည်။

"လီအန်း.. ရှင် အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ ကျွန်မသိပါတယ်။ ရှုံးသွားလည်း ကိစ္စမရှိပါဘူး"

အန်းရန်ခမျာ အတင်းအကျပ်လုပ်ပြုံးလိုက်ရသည်။

"ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် စုရှောင်မေ့ကို ဂုဏ်ပြုပါတယ်။ ဗိုလ်လုပွဲမှာ အနိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်"

်ပြောနေစရာပင် မလိုလောက်အောင် အန်းရန်သည် အလွန်ပါးနပ်သည်။ သူ(မ) ရှုံးသွားသော်လည်း စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်ကြည့်နေလိုက်သည်။

စုရှောင်မေ့ကလည်း ယဉ်ယဉ်ကျေးကျေးဆို၏။

"အစ်မအန်းရန်ကို ကျေးဇူးတင်ပါတယ်။ အစ်မအန်းရန်ရဲ့ ထိပ်တန်းထောက်ပံ့သူတွေက သက်ညှာပေးလိုက်လို့ပါ။ ကျွန်မက ကံကောင်းသွားရုံသက်သက်ပါ"

ဤပြိင်ပွဲကား စုရှောင်မေ့၏နိုင်ပွဲနှင့် အဆုံးသတ်သွားခဲ့သည်။

လီအန်းက လက်လျှော့လိုက်ပြီး ဒုတိယပွဲစဉ်တွင် ရတနာမြေပုံတချို့ကို ပေးလိုက်လေရာ အန်းရန်လည်း နှစ်မှတ်သုညမှတ်နှင့် အနိုင်ရခဲ့သည်။

စုရှောင်မေ့က နောက်ဆုံးဗိုလ်လုပွဲအထိ တက်သွားပြီဖြစ်ရာ သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လူအုံလာပြန်သည်။

"သေစမ်း… ဒီစုရှောင်မေ့က ဘယ်ကပေါ်လာတာလဲ"

"အထင်ကြီးဖို့ကောင်းလိုက်တာ.. ဒီလောက်မိုက်တဲ့တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်နဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"

"နံပါတ်တစ်ပရိသတ်က အရမ်းမိုက်တယ်နော်။ ဒီည သူ စူပါဒုံးပျံဘယ်နှခုတောင် သုံးလိုက်တာလဲ"

"အာ.. နားလည်ပြီ။ တစ်ခါတလေကျရင် ကြိုးစားမှုက ကံကောင်းမှုကို မယှဉ်နိုင်ဘူး။ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်နဲ့ တွေ့ပြီဆိုရင် နာမည်ကြီးဖို့က အလွယ်လေးပဲ"

အဆုံးတွင်မူ တစ်ဖက်လူ၏ ပွဲစဉ်လည်း ပြီးဆုံးသွားခဲ့သည်။

သူတို့ခမျာ ယခင်ပွဲစဉ်များက ခပ်ကြမ်းကြမ်းယှဉ်ပြိုင်ခဲ့သည်။ နှစ်ဖက်စလုံးက နှစ်သန်းကျော်စီ သုံးခဲ့ပေသည်။

နှစ်ဖက်စလုံးက ဂိုဏ်း၏ထောက်ပံ့မှုများရထားကြောင်း သိသာလှသည်။ အဆုံးတွင်မူ နန်းဆက်ဂိုဏ်းက ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

သို့သော် နန်းဆက်ဂိုဏ်းထဲရှိ ထန်ရှင်းအာကတော့ လုံးဝဝမ်းမသာမိပေ။ အကြောင်းမှာ သူတို့၏နောက်ဆုံးပြိုင်ဘက်က သူမတူသော ယဲ့ချန်းဖြစ်နေသောကြောင့်ပင်။

ယခုအချိ်နတွင် ယဲ့ချန်း၏အရည်အချင်းအစစ်ကို မည်သူမှ မသိပေ။ သူက တစ်ညတည်းနှင့် အသေးစားတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်အတွက် သန်းပေါင်းများစွာ သုံးထားပြီးဖြစ်၏။

ဤသည်မှာ အလွန်ခမ်းနားလှသည်။

လက်ရှိအချိန်တွင် ဤတက္ကစီဒရိုင်ဘာက ဝမ်ခုန်းခုန်းကို အပြတ်အသပ်အနိုင်ယူခဲ့သော ဒဏ္ဌာရီလာဒိတ်ဒိတ်ကြဲလူကုံထံတစ်ယောက်ဖြစ်ကြောင်း ကောလာဟလထွက်ပေါ်နေသဖြင့် ထန်ရှင်းအာခမျာ ပို၍ပင် ကြောင့်ကြနေမိသည်။

မည်သို့ပင်ဖြစ်စေ သူတို့၏ဂိုဏ်းက ဗိုလ်လုပွဲတွင် အနိုင်ရရန်အတွက် အစောပိုင်းပွဲစဉ်များတွင် ရေကုန်ရေခမ်းရင်းနှီးမြှုပ်နှံထားသည်။ သို့ဖြစ်လေရာ ဤပွဲတွင် ရှုံးသွားပါက သူတို့၏ကြိုးစားမှုများလည်း သဲထဲရေသွန်ဖြစ်ရပေလိမ့်မည်။

ယဲ့ချန်းက ဗိုလ်လုပွဲစဉ်အတွက် နောက်ထပ်နှစ်သန်းထပ်ဖြည့်လိုက်သည်။

ဤဗိုလ်ပွဲစဉ်မှာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းလှသည်။ လူတိုင်းက ယဲ့ချန်း၏ခွန်အားအစစ်အမှန်ကို သိချင်နေကြသည်။

ယဲ့ချန်းက ဂိုဏ်းတစ်ဂိုဏ်းလုံးကို တစ်ယောက်တည်းအားဖြင့် ဖြိုချနိုင်လေမလား။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ယဲ့ချန်း၏အဆင့်မှာ အမတဧကရာဇ်အဆင့်အထိ တက်လှမ်းသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

၎င်းမှာ ဘာအဓိပ္ပာယ်လေလဲ။ သဘောမှာမူ ယဲ့ချန်းက ငွေထပ်ဖြည့်ပြီဟူသော အဓိပ္ပာယ်ပင်။

ယခုအချိန်တွင် ယဲ့ချန်းနှင့် ယှဉ်ပြိုင်ခဲ့ရသည့် သူဌေးကြီးများမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

လီအန်း၏အမူအရာကလည်း ခါးသက်နေချေသည်။

သူသည် နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ပါက ယဲ့ချန်းကို အနိုင်ရနိုင်သည်ဟု ထင်ခဲ့မိသည်။ သို့သော် ယခုမူ အလှမ်းကွာလွန်းလှကြောင်း သူ သဘောပေါက်လိုက်လေပြီ။

"ဝိုး… အမတဧကရာဇ်အဆင့်တဲ့။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးက ငွေထပ်ဖြည့်လိုက်ပြန်ပြီပဲ"

"ဗိုလ်လုပွဲကတော့ စိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်"

ဤတစ်ခေါက်တွင် ထန်ရှင်းအာလည်း ယဲ့ချန်း၏အဆင့်က အမတဧကရာဇ်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း မြင်ပေသည်။

ဤအဖြစ်ကြောင့် သူတို့ဂိုဏ်းထဲတွင် အဖွဲ့နှစ်ဖွဲ့ကွဲသွားသည်။

သူတို့ ဆက်ရင်းနှီးမြှုပ်နှံသင့်လေသလား။

ယဲ့ချန်း၏အစွမ်းက ကြောက်မက်ဖွယ်ရာပင်။ အမတဧကရာဇ်ဆိုလျှင် နောက်ထပ်နှစ်သန်းထပ်ထည့်လိုက်ခြင်းပင်ဖြစ်ရမည်။

ထို့ပြင် ယဲ့ချန်းက ငွေဆက်ဖြည့်ဦးမလားဆိုသည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

ဗိုလ်လုပွဲ စတင်လေပြီ။ ထန်ရှင်းအာက သို့ယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းတွင် အလွန်နာမည်ကြီးလှပေသည်။

"မင်္ဂလာပါ စုရှောင်မေ့.. တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မက နာရမှာသိပ်ကြောက်တာနော်။ အဲဒါကြောင့် ရှင့်လူကို သက်ညှာဖို့ ပြောပေးပါဦး"

အစပိုင်းတွင် ထန်ရှင်းအာမှာ အလွန်နှိမ့်ချနေပေသည်။

ယခင်ကသာဆိုလျှင် ထန်ရှင်းအာအနေနှင့် စုရှောင်မေ့ကို ဂရုပင်စိုက်မည်မဟုတ်ပေ။

သို့သော် ယခုမူ အခြေအနေက မတူတော့ပေ။ စုရှောင်မေ့၏ထိပ်တန်းထောက်ပံ့သူက အံ့ဖွယ်ကောင်းလှပေသည်။

တိုက်ရိုက်ထုတ်လွှင့်သူများက ဘာကိုအားထားရသလဲ။ သူတို့အနေနှင့် ထောက်ပံ့သူများကို အားကိုးရသည်သာ။

ထိုထောက်ပံ့သူများကသာ အံ့ဖွယ်ကောင်းနေသရွေ့ တိုက်ရိုက်ထုတ်လွှင့်သူကလည်း ရေလိုက်ငါးလိုက်နေရမည်သာ။

စုရှောင်မေ့မှာ ယခုဆိုလျှင် ပြိုင်ပွဲအတွေ့အကြုံနည်းနည်းရှိနေပြီဖြစ်၏။

"အစ်မထန်ရှင်းအာ.. ရှင်နဲ့တွေ့ရလို့ ဝမ်းသာပါတယ်။ ကျွန်မကသာ သက်ညှာခိုင်းရမှာပါ"

ပြိုင်ပွဲ စတင်ချေပြီ။

ယဲ့ချန်းက စူပါဒုံးပျံအစင်းတစ်ရာဖြင့် စတင်လိုက်သည်။

အစင်းတစ်ရာဖြင့် စတင်ခြင်းမှာ အလွန်ကြောက်ဖို့ကောင်းလှသည်။

ထန်ရှင်းအာမှာ ပြိုင်ပွဲပေါင်းများစွာတွင် ဝင်ပြိုင်ဖူးသော်ငြား ဤမျှခက်ထန်လှသော ပြိုင်ဘက်မျိုးကိုမူ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။

ထိုအချိန်မှာပင် ထန်ရှင်းအာ၏ပရိသတ်တချို့က ဟိုဟိုသည်သည်မှ စူပါဒုံးပျံများကို ပို့ကြလေတော့သည်။

မည်သို့ပင်ဖြစ်စေ သို့ယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းရှိ ထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်အနေနှင့် ထန်ရှင်းအာတွင် ပရိတ်သတ်အင်အားအခိုင်အမာရှိ၏။

ထို့ကြောင့် စူပါဒုံးပျံအစင်းတစ်ရာ့ငါးဆယ်ကို ခပ်မြန်မြန်ပို့ပေးနိုင်ခဲ့သည်။

ယဲ့ချန်းက ဂိုဏ်းတစ်ဂိုဏ်းလုံးနှင့် ထန်ရှင်းအာ၏ပရိသတ်များကို သူတစ်ယောက်တည်း ရင်ဆိုင်နေရခြင်းပင်။

လူတော်တော်များများက စုရှောင်မေ့အတွက် စူပါဒုံးပျံများ ပို့ပေးကြသည်။

လီအန်း၊ အသည်းတယားယားဖြစ်စေသူ၏ထောက်ပံ့သူသုံးယောက်နှင့် လန်လန့်ကိုအချစ်ဆုံးတို့က စုရှောင်မေ့ကို စူပါဒုံးပျံများ ပို့ပေးကြသည်။

စုရှောင်မေ့လည်း သူတို့အားလုံးကို ကျေးဇူးတင်စကားပြောလိုက်သည်။

ယဲ့ချန်းကလည်း တွေဝေမနေပါဘဲ နောက်ထပ်စူပါဒုံးပျံအစင်းနှစ်ရာကို ထပ်ပို့လိုက်ပြန်သည်။

ဤတစ်ခေါက်တွင်မူ ထန်ရှင်းအာ၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ၌ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

"သောက်ကျိုးနည်း.. ဒီလူ့မှာ ပိုက်ဆံဘယ်လောက်တောင်ရှိတာလဲ"

"ဒါကြီးက အရမ်းများလွန်းတယ်။ လူမဆန်တာကြီး"

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး.. ညီမလေးကို ညှာပါဦး။ ရှင် ဒီလောက်အထိကြမ်းနေမယ်ဆိုရင် ကျွန်မတို့ မလိုက်နိုင်ဘူး

ထန်ရှင်းအာခမျာ သနားစရာကောင်းအောင် ပြောလိုက်လေသည်။

ထိုအချိန်တွင် ဂိုဏ်းက မက်ဆေ့ချ်တစ်စောင် ပို့လာလေသည်။ သူတို့က ယဲ့ချန်း၏ခွန်အားကို စမ်းသပ်သည့်အနေနှင့် ထန်ရှင်းအာကို နောက်တစ်ခါကူညီပေးရန် ဆုံးဖြတ်လိုက်ကြောင်း ပြောထားသည်။

••••••••••••••••••

အပိုင်း ၃၉၅ : လူနာသွားတွေ့ခြင်း

နတ်ဘုရားပြန်တမ်းဂိုဏ်းထဲတွင် အပြန်ပြန်အလှန်လှန်ဆွေးနွေးပြီးနောက် ဤတစ်ပွဲတွင် ယဲ့ချန်း၏အင်အားကို စမ်းသပ်ရန်အတွက် ဆုံးဖြတ်လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက ငါးသန်းကျော်သုံးထားပြီးဖြစ်ရာ ယခုလောက်ဆိုလျှင် ဘတ်ဂျက်ထိလောက်ပြီမဟုတ်လော။

တကယ်တမ်းတွင် သူတို့ အတွက်မှားသွားပေသည်။ ယဲ့ချန်းမှာ အကန့်အသတ်ဟူ၍ မရှိချေ။

ဂိုဏ်းဘက်က စူပါဒုံးပျံအစင်းနှစ်ရာကို ချက်ချင်းပို့ပစ်လိုက်သဖြင့် စုရှောင်မေ့၏ရမှတ်ဘားတန်းကို ချက်ချင်းလျော့သွားစေသည်။

ဂိုဏ်းဘက်က လှုပ်ရှားလာသည်ကိုမြင်သော် ထန်ရှင်းအာလည်း သက်မချလိုက်မိသည်။

ထိုအချိန်တွင် 'လန်လန့်ကိုအချစ်ဆုံး'က ယဲ့ချန်းအား မက်ဆေ့ချ်ပို့လိုက်လေသည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး.. ပြိုင်ဘက်ဂိုဏ်းက လှုပ်ရှားနေပြီ။ ဒီပြိုင်ပွဲကတော့ တကယ်ခက်လိမ့်မယ်"

ယဲ့ချန်းကမူ ခပ်ဖွဖွရယ်သည်။

"မပူပါနဲ့။ ဂိုဏ်းလေးတစ်ခုက ဘာဖြစ်သေးလို့လဲ။ ငွေသုံးတဲ့နေရာမှာ ငါနဲ့လာပြိုင်ရအောင် သူတို့မှာ အရည်အချင်းရှိလို့လား"

ယဲ့ချန်း၏ မောက်မာလှသော စကားများကို ကြားသောအခါ လန်လန့်ကိုအချစ်ဆုံးခမျာ လျှာတစ်လစ်လုပ်လိုက်မိသည်။

ဤသည်မှာ တကယ့်ဒိတ်ဒိတ်ကြဲသူဌေးအစစ်ပင်။

ယဲ့ချန်းကလည်း တွေဝေမနေဘဲ စူပါဒုံးပျံအစင်းနှစ်ရာကို ထပ်ပို့လိုက်ပြန်သည်။

သို့ဖြစ်လေရာ ယဲ့ချန်း၏ စုစုပေါင်းဒုံးပျံအရေအတွက်က သူတို့ထက် သာသွားသည်။

ဤတစ်ခေါက်တွင်မူ ဂိုဏ်းဘက်က လုံးဝစိတ်ဓာတ်ကျသွားသည်။

ပြိုင်ဘက်က အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုဖြစ်လေရာ သူတို့အနေနှင့် သန်းပေါင်းများစွာမသုံးပါဘဲ တစ်ဖက်လူကို အနိုင်မယူနိုင်လောက်ပေ။

မောင့်ယာပလက်ဖောင်းပေါ်ရှိ ဒဏ္ဍာရီလာတက္ကစီဒရိုင်ဘာနှင့် တွဲမြင်ကြည့်လိုက်ပါက ဂိုဏ်းဘက်က သူ့ကို မောင့်ယာပလက်ဖောင်းပေါ်ရှိ ကြီးကျယ်မြင့်မြတ်သော နတ်ဘုရားဟုပင် သတ်မှတ်ထားကြသည်။

ဤကဲ့သို့သောနတ်ဘုရားမျိုးကို သူတို့အနေနှင့် ရန်ပြု၍မဖြစ်ပေ။

ဤပွဲစဉ်တွင် ဂိုဏ်းဘက်က ငွေထပ်မသုံးတော့သဖြင့် ထန်ရှင်းအာလည်း ပထမပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။

ဒုတိယပွဲတွင် ဂိုဏ်းဘက်က ထန်ရှင်းအာကို လက်လျှော့ရန် အကြောင်းကြားလိုက်သည်။

ယဲ့ချန်းမှာ ဒုတိယပွဲတွင်လည်း အသာလေးအနိုင်ရခဲ့သည်။

အဆုံးတွင်မူ ဤပြိုင်ပွဲလည်း အဆုံးသတ်သွားခဲ့သည်။ သို့ယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းပေါ်ရှိ တက္ကစီဒရိုင်ဘာနှင့်ပတ်သက်သည့် သတင်းများလည်း ဟိုးလေးတကြော်ကြော်ဖြစ်သွားချေသည်။

"တင်! ဂုဏ်ပြုပါတယ်။ သင့်ဘဏ်အကောင့်ထဲကို သန်းခြောက်ဆယ့်ခုနစ်သန်းရောက်လာပါပြီ"

ယဲ့ချန်းလည်း ဘဏ်အကောင့်ထဲရှိ ဝင်ငွေကို ကြည့်ပြီးနောက် တိတ်တိတ်လေးပြုံးလိုက်လေသည်။

အွန်လိုင်းပေါ်ရှိ လူတော်တော်များများက ယဲ့ချန်း၏သရုပ်မှန်နှင့်ပတ်သက်ပြီး ဆွေးနွေးနေကြသည်။ တချို့က ယဲ့ချန်းက ငွေနှင့်ပတ်သက်လာလျှင် အလွန်ရူးမိုက်သည်ဟု ဆိုကြသည်။

သူတို့ထင်မထားသော အမှန်တရားကား ယဲ့ချန်းလက်ဆောင်ပေးလိုက်သော ၆.၇သန်းက ၆၇သန်းဖြစ်သွားခြင်းပင်။ ဤသည်မှာ အလွန်အမြတ်အစွန်းများလှသည်။

ယဲ့ချန်းလည်း စုရှောင်မေ့ထံသို့ မက်ဆေ့ချ်ပို့လိုက်လေသည်။

"မင်း အခု သို့ယွီပလက်ဖောင်းရဲ့ ထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်သူဖြစ်လာပြီဆိုတော့ ဘယ်လိုခံစားရလဲ"

စုရှောင်မေ့က စာပြန်လိုက်သည်။

"ကျွန်မ အခု အိပ်မက်မက်နေသလို ခံစားရတယ်"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"အိပ်မက်တွေ အကောင်အထည်ပေါ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"

စုရှောင်မေ့က ဆိုပြန်သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး.. ကျွန်မ ရှင့်ကို ဝေ့ရွှင်းမှာ အပ်လို့ရမလား"

"ရတာပေါ့"

စုရှောင်မေ့မှာ ယဲ့ချန်းအပေါ် အကောင်းမြင်စိတ်များသည်။

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက သူ(မ)အတွက်နှင့် ၆.၇သန်းပင် သုံးပေးခဲ့သည်။ ထို့ပြင် သူ(မ)က ယဲ့ချန်း၏တက္ကစီကို ငှားစီးခဲ့မိရုံသာ။

ယခုမူ သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကျော်ကြားမှုမှာ အလွန်မြင့်မားလှချေသည်။ ကြည့်ရှုသူအရေအတွက်မှာ တစ်သိန်းအထိ ရောက်နေလေပြီ။

ဤသည်မှာ ယခင်က သူ(မ) လုံးဝအိပ်မက်မမက်ရဲသည့် အရာပင်။

အစတုန်းက စုရှောင်မေ့တွေးခဲ့မိသည်မှာ အဆုံးတွင် ယဲ့ချန်းက သူ(မ)ကို တစ်ခုခုတောင်းဆိုလာလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ယဲ့ချန်းက ဘာမှမတောင်းဆိုလာပေ။ ထိုအခါ သူ(မ)ဘက်က လက်ဦးမှုရယူ၍ ယဲ့ချန်း၏ဝေ့ရွှင်းဖုန်းနံပါတ်ကို တောင်းလိုက်သည်။

နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ချန်းကို လင်းရှစ်ယင် ဖုန်းဆက်လာသည်။

"ကျောင်းအုပ်ယဲ့.. ကျွန်မ ခွင့်ယူချင်လို့"

ယဲ့ချန်းကလည်း မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

လင်းရှစ်ယင်က ဆိုလေသည်။

"ကျွန်မအဖေ နေမကောင်းလို့ပါ"

"ဘာ"

ယဲ့ချန်းလည် ဤစကားကြောင့် ကြက်သေသေသွားရသည်။

လင်းရှစ်ယင်၏လေသံကား ဝမ်းနည်းရိပ်သမ်းနေကြောင်း ယဲ့ချန်း ကြားနေရသည်။ လင်းရှစ်ယင်အဖေ၏ရောဂါက ပြင်းထန်လေဟန်တူသည်။

လင်းရှစ်ယင်က အလွန်အရည်အချင်းရှိပြီး သန်မာပါသော်ငြား မည်သို့ပင်ဖြစ်စေ သူ(မ)က မိန်းမသားတစ်ယောက်ပင်။

ယဲ့ချန်းက ဆို၏။

"ဒီလိုလုပ်မယ်လေ။ ကိုယ်ပါ မင်းနဲ့အတူ လိုက်ခဲ့မယ်"

လင်းရှစ်ယင်က သူ့ကို အများကြီးကူညီပေးထားသည်ဖြစ်ရာ သူတို့၏ဆက်ဆံရေးက အလွန်ရင်းနှီးလှသည်။ ထို့ကြောင့် လူနာသွားတွေ့မှသာ သင့်တော်ပေမည်။

လင်းရှစ်ယင်လည်း ခဏမျှအံ့အားသင့်သွားလေသည်။ ယဲ့ချန်းက သူ(မ)အဖေကို လိုက်တွေ့မည်ဟု ထင်မထားပေ။

ထို့ကြောင့် သူ(မ)လည်း လှိုက်လှိုက်လှဲလှဲပြောလိုက်၏။

"ကောင်းပြီလေ။ ရှင်က အရမ်းသဘောကောင်းတာပဲ"

ယဲ့ချန်းက ကားမောင်း၍ ထွက်လာပြီး လင်းရှစ်ယင်ကို ကျောင်း၌ သွားကြိုပြီးနောက် ရန်အိုက်ဆေးရုံသို့ မောင်းလာခဲ့သည်။

လင်းရှစ်ယင်က ပြောသည်။

"ကျောင်းအုပ်ယဲ့… ရှင်က ကျွန်မသူဌေးဆိုတာ သူတို့ကို မပြောထားမိဘူး။ ကျွန်မမိတ်ဆွေလို့ပဲ ပြောထားတာ။ အဲဒီလိုမှမဟုတ်ရင် သူတို့ အရမ်းအားနာနေလိမ့်မယ်"

"ကိစ္စမရှိဘူး။ ဟားဟား.. ကိုယ်တို့က မိတ်ဆွေတွေပဲလေ"

ယဲ့ချန်းက ရယ်သည်။

သူတို့နှစ်ယောက်သား လူနာဆောင်သို့ ရောက်လာခဲ့သည်။ လင်းရှစ်ယင်၏မိသားစုက အခြေအနေ အတော်အတန်ကောင်းမွန်သဖြင့် သီးသန့်တစ်ယောက်ခန်းကို ယူထားသည်။

ယဲ့ချန်းနှင့် လင်းရှစ်ယင်လည်း ဆေးရုံခုတင်နားသို့ ရောက်လာခဲ့သည်။

လင်းရှစ်ယင်က မိတ်ဆက်ပေးလိုက်သည်။

"အဖေ.. ဒါက ကျွန်မပြောပြောနေတဲ့ မိတ်ဆွေလေ။ ယဲ့ချန်းတဲ့"

ယဲ့ချန်းက သူဝယ်လာသည့် သစ်သီးခြင်းကို စားပွဲပေါ်တွင် ချပြီးနောက် ပြောလိုက်လေသည်။

"ဦးလေး… သက်သာရဲ့လား။ မြန်မြန်သက်သာပါစေ"

ထိုအချိန်တွင် ဆေးရုံခန်းထဲ၌ လင်းရှစ်ယင်၏မိဘများအပြင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်လည်း ရှိ၏။ သူ(မ)မှာ လင်းရှစ်ယင်၏အဒေါ်ပင်။

သူတို့သုံးယောက်က ယဲ့ချန်းကို အကဲခတ်နေကြသည်။ သူသည် ချောမောခန့်ညားပြီး တောက်ပကာ အရည်အချင်းရှိပေသည်။

ဤလူငယ်လေးက သာမန်လူမဟုတ်ကြောင်း ခံစားမိသဖြင့် သူတို့လည်း အကြည့်ချင်းဖလှယ်လိုက်မိသည်။ သူ့ပုံစံက လင်းရှစ်ယင်၏ချစ်သူဖြစ်ဟန်တူသည်။

မည်သို့ပင်ဖြစ်စေ လင်းရှစ်ယင်လည်း လက်ထပ်ရမည့်အရွယ်ကို ရောက်နေလေပြီ။

ယဲချန်း၏စိတ်နေစိတ်ထားအရ အလွန်ထက်မြက်ပြီး လင်းရှစ်ယင်နှင့် လိုက်ဖက်လောက်သည်။

"ဟားဟား.. မင်းတို့နှစ်ယောက်က ဆက်ဆံရေးအဆင်ပြေတယ်လို့ ရှစ်ယင်ဆီက သတင်းကြားတယ်။ ဦးလေးဆီကို လာလည်ပေးတယ်ဆိုတော့ မင်းက အရမ်းသဘောကောင်းတာပဲ။ လက်ဆောင်တွေက ဘာလုပ်ဖို့ယူလာတာလဲ"

ယဲ့ချန်းကမူ ဖေဖေလင်းကို လှမ်းကြည့်လိုက်သည်။ တက်ကြွနေပါသော်ငြား အပြင်းဖျားနေပေသည်။

ဖေဖေလင်း၏အသားအရောင်ကို ကြည့်ခြင်းအားဖြင့် နှစ်ဝက်မျှသာ အချိန်ကျန်တော့ကြောင်း သိနိုင်လေသည်။

ထိုအချိန်တွင် လင်းရှစ်ယင်၏အဒေါ်က ရယ်လိုက်သည်။

"ကောင်လေး.. မင်းက ဘယ်မှာအလုပ်လုပ်တာလဲ။ အိမ်ပိုင်ရောရှိလား"

ယဲ့ချန်းက ဤတစ်ခေါက်တွင် တက္ကစီမောင်းသည်ဟု မပြောလိုက်ပေ။ အကြောင်းမှာ လင်းရှစ်ယင်ကို မျက်နှာသာပေးလိုသောကြောင့်ပင်။

"ကျွန်တော်က အသေးစားလုပ်ငန်းတစ်ခုလုပ်ပါတယ်။ မိုတုမြို့ထဲမှာ အိမ်တစ်လုံးဝယ်ထားပြီးပါပြီ"

"ဪ"

ယဲ့ချန်း၏စကားကိုကြားသော် လင်းရှစ်ယင်၏အဒေါ်လည်း အနည်းငယ်စိတ်ပျက်သွားသည်။

အသေးစားလုပ်ငန်းဆိုသည်မှာ သိပ်အထင်ကြီးချင်စရာမကောင်းပေ။

လုပ်ငန်းစုကြီးတစ်ခုသာဆိုလျှင် တစ်ဖက်လူက သေချာပေါက်ကြွားလိမ့်မည်သာ။

သို့သော် လင်းရှစ်ယင်၏မိဘများကတော့ ယဲ့ချန်းကို အလွန်စိတ်ကျေနပ်နေပေသည်။

"ကောင်လေး.. မင်းမိဘတွေက မိုတုမြို့မှာပဲ နေတာမလား။ မင်းမှာ မောင်နှမသားချင်းတွေရော ရှိလား"

ဘေးနားရှိ လင်းရှစ်ယင်မှာမူ မကျေနပ်တော့ပေ။

"အမေ အဖေ… ဒါက စစ်ကြောရေးလုပ်နေသလိုပဲ"

သူတို့ ဘာကြောင့် ဤမျှအထိအသေးစိတ်မေးနေသလဲဆိုသည်ကို ယဲ့ချန်း နားလည်သည်။ ထို့ကြောင့် ပြုံးစစဖြင့် ပြောလိုက်သည်။

"စကားပြောနှင့်ကြပါဦး။ ကျွန်တော် သန့်စင်ခန်းဝင်လိုက်ပါဦးမယ်"

ယဲ့ချန်း ထွက်သွားသည်ကိုကြည့်ရင်း လင်းရှစ်ယင်မှာ စိတ်ရှုပ်သွားရသည်။

"အမေ အဖေ ဒေါ်လေး… ဘာတွေလုပ်နေကြတာလဲ။ ဒါက စစ်ကြောရေးအခန်းမဟုတ်ဘူးနော်"

မေမေလင်းက ရယ်သည်။

"ရှောင်ယဲ့က အဆင်ပြေတယ်လို့ ထင်လို့ပါ။ ငါတို့သမီးနဲ့ အရမ်းလိုက်တယ်"

"ငါကတော့ သဘောမတူဘူး။ အသေးစားလုပ်ငန်းပဲပိုင်တယ်ဆိုတော့ အရည်အချင်းသိပ်မရှိဘူးလို့ပြတာပဲ။ ငါတို့ရှစ်ယင်က အရမ်းလှတယ်။ ပြီးတော့ တက္ကသိုလ်တစ်ခုမှာ စာသင်နေတာ။ သူက ဘယ်လိုလုပ်ပြီး အသေးစားလုပ်ငန်းရှင်တစ်ယောက်ကို ရွေးလို့ရမှာလဲ"

ဖေဖေလင်းက ဆို၏။

"ရှစ်ယင်သဘောကျရင် ပြီးတာပါပဲ"

လင်းရှစ်ယင်၏အဒေါ်က ပြောလာပြန်သည်။

"ငါပြောမယ်။ ကုဖန်က ပိုသာပါတယ်။ သူက အလုပ်ကောင်းရုံတင်မကဘူး။ မိသားစုနောက်ခံလည်းရှိတယ်။ သူ့ရုပ်ရည်က သာမန်ဆိုပေမဲ့ အခုအချိန်မှာ ချမ်းသာပြီးအာဏာရှိတဲ့လူက ပိုစိတ်ချရတာ"

အစတုန်းက လင်းရှစ်ယင်မှာ ဘာမှမပြောပေ။ သို့သော် သူ့အဒေါ်က ကုဖန်အကြောင်း ထုတ်ပြောလာချိန်တွင် သူ(မ) မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်သည်။

"ဒေါ်လေး.. ကျွန်မ ကုဖန်ကို သဘောမကျဘူး။ သူ့အကြောင်း ထပ်မပြောပါနဲ့"

ထိုအချိန်မှာပင် ဝတ်စုံပြည့်ဝတ်ထားသော လူတစ်ယောက်က အထဲသို့ ဝင်လာလေသည်။

"ဦးလေး.. ကျွန်တော် ဦးလေးကိုလာတွေ့တာ။ သက်သာရဲ့လား"

ဝင်လာသူကို မြင်သောအခါ လူတိုင်း ကြက်သေသေသွားလေသည်။ ထိုလူမှာ ကုဖန်ပင်။

ကုဖန်က ဟားမိစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို နောက်လှန်ထားပြီး အမူအရာကမူ ဂုဏ်ယူဝင့်ကြွားလေဟန်အပြည့်ပင်။

သူ့ရုပ်ရည်က ဆွဲဆောင်မှုရှိသည်ဟု မဆိုထိုက်သော်ငြား အလွန်သာမန်ဆန်လှပေသည်။

ထိုအချိန်မှာပင် ယဲ့ချန်းကလည်း သန့်စင်ခန်းက ပြန်ရောက်လာသည်။ သူတို့နှစ်ယောက်သား လူနာခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့်ဝင်လာကြသည်။

•••••••••••••••••

အပိုင်း ၃၉၆ : ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်

ယဲ့ချန်းက အနောက်က လျှောက်ဝင်လာကြောင်း မြင်လိုက်ရချိန်တွင် ကုဖန် ခဏမျှကြောင်အသွားသည်။

အထူးသဖြင့် ယဲ့ချန်း၏ ခန့်ညားလွန်းလှသော ရုပ်ရည်ကြောင့် သူ အလွန်မနာလိုဖြစ်သွားရသည်။

ဒီလောက်ချောတဲ့ကောင်က ရုတ်တရက်ကြီး ဘယ်ကပေါ်လာတာလဲ....

ကုဖန်မှာ အရာရာတိုင်းတွင် မိမိကိုယ်မိမိ ကျေနပ်အားရသော်လည်း ရုပ်ရည်နှင့်ပတ်သက်လျှင်မူ အနည်းငယ်စိတ်ဓာတ်ကျရသည်။

အထူးသဖြင့် လွှမ်းမိုးနိုင်စွမ်းရှိသော ယဲ့ချန်း၏ရုပ်ရည်ကို မြင်သောအခါ သူ ပိုစိတ်တိုသွားသည်။

စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း ကုဖန်ခမျာ အတင်းပြုံးပြရင်း မေးလိုက်သည်။

"ဒီကညီလေးက ဘယ်သူလဲမသိဘူး"

ကုဖန်၏ မသတီစရာကောင်းသော မျက်နှာပေးကို မြင်သောအခါ လင်းရှစ်ယင် မျက်မှောင်ကြုတ်လျက် အေးစက်စက်ပြန်ဖြေလိုက်သည်။

"ယဲ့ချန်းက ကျွန်မရဲ့ချစ်သူ"

သူ(မ)က ထိုသို့ပြောရင်း ယဲ့ချန်းနားသို့ တမင်တကာတိုးကပ်သွားပြီး ပခုံးပေါ်သို့ တရင်းတနှီး မှီတွယ်လိုက်သည်။ ထိုပုံစံမှာ အလွန်နုနယ်ပြီး အားကိုးတကြီးနိုင်လှပေသည်။

ဤအဖြစ်ကိုမြင်သော် ကုဖန်ခမျာ ချက်ချင်းမျက်နှာပျက်သွားသည်။

သူသည် လင်းရှစ်ယင်ကို အထက်တန်းကျောင်းကတည်းက လိုက်ပိုးခဲ့ခြင်းဖြစ်ပြီး သူ့စိတ်ထဲတွင် လင်းရှစ်ယင်ကို သူ့ရည်းစားဟုပင် သတ်မှတ်ထားသည်။

ယခု လင်းရှစ်ယင်က အခြားယောကျ်ားတစ်ယောက်၏ပခုံးကို မှီထားကြောင်း မြင်နေရသည်မှာ သူ့အမြင်တွင် ဖောက်ပြန်ခံရသည့်နှယ် ခံစားလိုက်ရသည်။

ကုဖန်၏အပြုံးများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မျက်နှာထားက အလွန်တည်တင်းသွားသည်။

သေစမ်း... ဒီကောင်က ငါ့ထက် နည်းနည်းပိုကြည့်ကောင်းရုံတင်ပါ။ ငါ့လို ချမ်းသာကြွယ်ဝမှုနဲ့ နောက်ခံအသိုင်းအဝိုင်းရော ရှိလို့လား...

ဘေးနားရှိ လင်းရှစ်ယင်၏ မိဘများက ဘာမှမပြောကြပေ။

တကယ်တော့ သူတို့လည်း ကုဖန်ကို သိပ်သဘောမကျကြချေ။ ထိုအစား ယဲ့ချန်းကို ပိုသဘောကျစရာကောင်းသည်ဟု ခံစားရသည်။

သူတို့ဘေးရှိ လင်းရှစ်ယင်၏အဒေါ်ကတော့ ကုဖန် မျက်နှာမကောင်းသည်ကို မြင်သောအခါ ကြားက ဝင်ဖျန်ဖြေပေးသည်။

"သြော်...ရှောင်ဖန်ရောက်နေတာလား။ စိတ်မဆိုးပါနဲ့ကွယ်။ ရှစ်ယင်က မင်းကို နောက်နေတာပါ။ သူတို့က တကယ်တွဲနေတာမဟုတ်ပါဘူး။ ရိုးရိုးသူငယ်ချင်းတွေပါ"

လင်းရှစ်ယင်အဒေါ်၏စကားကို ကြားမှသာ ကုဖန်၏မျက်နှာထားက အနည်းငယ် ပြေလျော့သွားသည်။

သူက ဖေဖေလင်း၏ဘေးတွင် ဝင်ထိုင်ပြီး ဂရုတစိုက်ပြောလိုက်သည်။

"ဦးလေး... သက်သာရဲ့လား။ လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော့်ကိုသာ ပြောပါ။ ကျွန်တော့်ကို ကိုယ့်သားအရင်းတစ်ယောက်လိုပဲ သဘောထားလို့ရပါတယ်"

ကုဖန်၏ မြှောက်ပင့်ခယတတ်သော အရည်အချင်းမှာ အထင်ကြီးချင်စရာကောင်းလှသည်။

ထိုစဉ် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။ လူနာကိုစစ်ဆေးရန် ဆရာဝန်များ ရောက်လာခြင်းပင်။

ဆရာဝန်ရောက်လာသည်ကို မြင်​သော် လင်းရှစ်ယင်က အနားသို့ အမြန်သွားကာ စိုးရိမ်တကြီးမေးလိုက်သည်။

"ဒေါက်တာချန်း... ကျွန်မအဖေရဲ့ အခြေအနေ ဘယ်လိုရှိလဲဟင်"

ကုဖန်ကလည်း အနားသို့ကပ်သွားပြီး ပြောလိုက်၏။

"ဒေါက်တာချန်း... ခင်ဗျားက နှလုံးအထူးကု ဆရာဝန်မလား။ ဦးလေးကိုသာ သက်သာအောင် ကုသပေးနိုင်မယ်ဆိုရင် ခင်ဗျားကို ကျွန်တော် ထိုက်ထိုက်တန်တန်ဆုချပါ့မယ်"

ဒေါက်တာချန်းက ပြောလိုက်သည်။

"လူနာရဲ့အခြေအနေက သိပ်မကောင်းဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်"

ဒေါက်တာချန်း၏စကားကို ကြားသောအခါ လူတိုင်း ထိုစကား၏အဓိပ္ပာယ်ကို နားလည်လိုက်သည်။

၎င်းမှာ အခြေအနေက သိပ်မျှော်လင့်ချက်မရှိတော့ဘူးဟု ပြောလိုက်ခြင်းပင်။

ဆရာဝန်၏စကားကြောင့် လင်းရှစ်ယင်နှင့် မေမေလင်းလည်း မျက်နှာညှိုးငယ်သွားကြသည်။

လူနာကို စစ်ဆေးမေးမြန်းပြီးနောက် ဒေါက်တာချန်းလည်း ထွက်သွားလေသည်။

လင်းရှစ်ယင်နှင့် မေမေလင်းတို့ စိတ်မကောင်းဖြစ်နေသည်ကို မြင်သောအခါ ကုဖန်က ပြောလိုက်သည်။

"ကျွန်တော့်မှာ နည်းလမ်းတစ်ခုရှိတယ်။ ဒီနည်းက ဦးလေးကို သေချာပေါက်ကယ်နိုင်မှာပါ"

ကုဖန်၏စကားကြောင့် လင်းရှစ်ယင်နှင့် မေမေလင်းတို့လည်း ကပျာကယာမေးလိုက်လေသည်။

"ဘာနည်းလမ်းလဲ"

ကုဖန်က ကျေနပ်အားရလေဟန် လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော် ကြားဖူးတာကတော့ မိုတုမြို့ရဲ့ နှလုံးအထူးကုဆရာဝန်က ရန်အိုက်ဆေးရုံက ဒါရိုက်တာလော့တဲ့။ ဒါရိုက်တာလော့သာ လက်ခံပေးမယ်ဆိုရင် ဦးလေးရဲ့ရောဂါက သက်သာသွားမှာပါ"

ကုဖန်၏စကားကြောင့် လင်းရှစ်ယင်၏ မျက်လုံးများမှာ လင်းလက်သွားလေသည်။

"ဒါဆို ဒါရိုက်တာလော့ကို ဘယ်လိုဖိတ်ရမလဲ"

"ဒါရိုက်တာလော့က နိုင်ငံတော်အဆင့် ပညာရှင်တစ်ယောက်ဆိုတော့ လူနာကြည့်ပေးဖို့ ချိန်းရတာ တော်တော်ခက်တယ်။ ပြည်နယ်နဲ့ မြို့နယ်အဆင့်ခေါင်းဆောင်တွေတောင် သူ့ဆီမှာပြဖို့ တော်တော်ကြိုးစားကြရတာ"

ကုဖန်၏စကားကြောင့် လင်းရှစ်ယင်နှင့် မေမေလင်းတို့ခမျာ မျှော်လင့်ချက်ရောင်ခြည်သမ်းလာရာမှ ချက်ချင်းပင် ပြန်ပျောက်သွားရသည်။ အကယ်၍ ထိပ်တန်းခေါင်းဆောင်များပင် ဖိတ်ကြားရခက်နေလျှင် သာမန်အရပ်သားများဖြစ်သော လင်းမိသားစုအတွက် အခွင့်အရေးရှိနိုင်ဦးမည်လော။

ခဏမျှလေလုံးထွားပြီးနောက် ကုဖန်လည်း အခြေအနေက သူဖြစ်စေချင်သည့်အတိုင်း ဖြစ်လာပြီဟု ခံစားလိုက်ရသည်။

သူက တမင်တကာချောင်းဟန့်ပြီး ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ ကျွန်တော့်မှာ ဒါရိုက်တာလော့ကို ဖိတ်ကြားနိုင်မယ့် အဆက်အသွယ်တချို့ရှိပါတယ်"

ဤသို့ပြောပြီးနောက် သူက ယဲ့ချန်းကို စိန်ခေါ်လေဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့အဓိပ္ပာယ်မှာ ရှင်းလှသည်။

'မင်းဘာသာ ကြည့်ကောင်းနေတော့ရော ဘာထူးမှာလဲ။ အဘိုးကြီးရဲ့ရောဂါက ငါ့အကူအညီလိုနေတုန်းပဲ မဟုတ်လား'

'ငါသာ အကြီးအကဲလင်းကို ကယ်နိုင်ရင် လင်းရှစ်ယင်က ငါ့ရည်းစားဖြစ်လာမှာသေချာတယ်'

"မင်းမှာ ဒါရိုက်တာလော့ကို ဖိတ်နိုင်မယ့် အဆက်အသွယ်ရှိတာလား။ ဒါဆိုရင်တော့ ရှောင်ဖန်ရယ်... ကူညီပေးပါဦး"

အဒေါ်ဖြစ်သူက အမြန်ပြောလိုက်လေသည်။

ကုဖန်ကလည်း ခေါင်းညိတ်ပြသည်။

"ဒါပေါ့... ရှစ်ယင်အတွက် ကျွန်တော် သေချာပေါက်ကူညီမှာပါ။ ကျွန်တော့်ဦးလေးက ရန်အိုက်ဆေးရုံမှာ ဒါရိုက်တာတစ်ယောက်လေ။ သူသာ ကြားဝင်ပေးရင် အားလုံး အဆင်ပြေသွားမှာပါ"

"ကောင်းလိုက်တာ။ ရှောင်ဖန်က တကယ်တော်တဲ့ကလေးပဲ"

အဒေါ်ဖြစ်သူက ရယ်မောရင်း ပြောလိုက်သည်။

မေမေလင်းကလည်း အလွန်ဝမ်းသာသွားပြီး ပြောလိုက်၏။

"ရှောင်ဖန်... ကျေးဇူးတင်ပါတယ်ကွယ်။ မင်းဦးလေးသာ ရောဂါပျောက်သွားရင် မင်းက ငါတို့မိသားစုရဲ့ ကျေးဇူးရှင်ပါပဲ"

"အန်တီ... အဲ့ဒီလိုမပြောပါနဲ့။ ကျွန်တော်တို့က မိသားစုတွေပဲ မဟုတ်လား"

ကုဖန်က ပြုံးစစဖြင့် ဆိုချေသည်။

လင်းရှစ်ယင်ကတော့ ဘာမှမပြောပေ။ ကုဖန်၏ရည်ရွယ်ချက်ကို သူ(မ) ကောင်းကောင်းနားလည်သည်။

အကယ်၍ သူ့အဖေ၏ကျန်းမာရေးသာ အမှန်တကယ်ကောင်းမွန်လာခဲ့လျှင် သူ(မ)အနေနှင့် ကုဖန်ကို ကျေးဇူးကြွေးတင်သွားပေလိမ့်မည်။

ဘေးနားရှိ အဒေါ်ဖြစ်သူကလည်း ဝင်ပြောသည်။

"အစ်မ... ကျွန်မပြောသားပဲ။ ရှောင်ဖန်က တော်ပါတယ်လို့။ အသက်ငယ်ပေမဲ့ အဆက်အသွယ်ကလည်း ကောင်းတယ်။ အနာဂတ်ကလည်း တောက်ပနေတာ။ ဒီလို သားမက်မျိုး ဘယ်မှာသွားရှာမလဲ"

ထိုစကားကြောင့် ကုဖန်မှာ ပိုကျေနပ်သွားသည်။

သို့သော် သူက ချက်ချင်းဖုန်းမဆက်သေးဘဲ လင်းရှစ်ယင်ကို ကြည့်လိုက်သည်။

လင်းရှစ်ယင်ကလည်း ကုဖန်သည် သူ(မ)ကိုပါ တောင်းပန်ခိုင်းနေခြင်းဖြစ်ကြောင်း သိသဖြင့် စိတ်မပါသော်ငြား ဖခင်အတွက် ရွေးချယ်စရာမရှိသည့်အဆုံး ပြောလိုက်ရသည်။

"ကုဖန်... ကျေးဇူးတင်ပါတယ်။ အဖေ့အတွက် မြန်မြန်ဆက်သွယ်ပေးပါဦးနော်"

လင်းရှစ်ယင်က သူ့ကို တောင်းပန်တိုးလျှိုးနေကြောင်း ကြားလိုက်ရသောအခါ ကုဖန် အလွန်ပျော်သွားသည်။

သူသည် လင်းရှစ်ယင်ထံမှ ထိုစကားကိုကြားရရန် စောင့်ဆိုင်းနေခဲ့ခြင်းပင်။

ထိုအချိန်တွင် လူတိုင်းက ယဲ့ချန်းကို လျစ်လျူရှုထားကြသဖြင့် အပြင်လူတစ်ယောက်သဖွယ် ဖြစ်နေပေသည်။

ကုဖန်က ကျေနပ်အားရနေဟန်ဖြင့် ယဲ့ချန်းကို နှာခေါင်းရှုံ့ပြပြီး လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ့ဖုန်းကို ထုတ်လိုက်သည်။

လင်းမိသားစုတစ်စုလုံးကလည်း ကုဖန် ဖုန်းဆက်သည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

"ဟယ်လို... ဦးလေးလား။ ကျွန်တော် ကုဖန်ပါ။ ကျွန်တော့်သူငယ်ချင်းရဲ့အဖေက နေမကောင်းလို့။ ဒါရိုက်တာလော့ကို ကူချိတ်ပေးလို့ရမလား..."

ကုဖန်က အခြေအနေကို အကျဉ်းချုံးရှင်းပြပြီးနောက် ခဏမျှစကားပြောကာ ဖုန်းချလိုက်သည်။

မေမေလင်းက အလောတကြီးမေးလိုက်သည်။

"ရှောင်ဖန်... ဘယ်လိုလဲ"

ကုဖန်က ​ဆို၏။

"ကျွန်တော့်ဦးလေးက ကူညီပေးမယ်တဲ့။ ဒါပေမဲ့ ဒါရိုက်တာလော့က ဟွားနိုင်ငံရဲ့ နာမည်ကြီးပညာရှင်ဆိုတော့ အရမ်းအလုပ်များတယ်။ စိတ်မပူပါနဲ့။ အလွန်ဆုံးတစ်လအတွင်း သေချာပေါက်ချိန်းပေးပါ့မယ်"

ဘေးတွင်ရပ်နေသော ယဲ့ချန်းက ဝင်ပြောလိုက်သည်။

"တစ်လလား... ကြာလွန်းတယ်"

ကုဖန်က ယဲ့ချန်းကိုနှိမ်ရန် အခွင့်အရေးရှာနေသူဖြစ်ရာ ယခု ယဲ့ချန်းကိုယ်တိုင် စကားပြောလာချိန်မှာ လက်လွှတ်မခံနိုင်ပေ။

"ဩော်... အဲ့လိုဆိုရင် မင်းရောလုပ်နိုင်လို့လား။ ဒါမှမဟုတ် မင်းလည်း အဆက်အသွယ် ရှာကြည့်ပါလား"

ယဲ့ချန်း ပြန်ပြောရန် ပြင်လိုက်ချိန်မှာပင် ကုဖန်၏ဖုန်းက ထပ်မြည်လာသည်။

ကုဖန်က ဂုဏ်ယူဝံ့ကြွားနေဟန်ဖြင့် ပြောလေသည်။

"ကောင်လေး... အစွမ်းအစမရှိရင် ဟန်မဆောင်စမ်းနဲ့။ တွေ့လား... ငါ့ဦးလေး ပြန်ဆက်နေပြီ။ သေချာပေါက် အဆင်ပြေသွားမှာ"

လင်းမိသားစုဝင်များလည်း ကုဖန်၏စကားကြောင့် ဝမ်းသာသွားကြသည်။

သို့သော် ဖုန်းကိုင်ပြီးနောက် ကုဖန်၏မျက်နှာက ပျက်သွား​ချေသည်။

"ဦးလေး... တခြားနည်းလမ်း စဉ်းစားပေးပါဦး"

ဖုန်းချပြီးနောက် ကုဖန်၏ဂုဏ်ယူဝင့်ကြွားစိတ်များ ပျောက်ကွယ်သွားလေသည်။

"ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျွန်တော့်ဦးလေးက ပြောတယ်။ ဒါရိုက်တာလော့က ရက်ချိန်းယူဖို့ တော်တော်ခက်တယ်တဲ့။ သူ့အဆင့်နဲ့ မလုံလောက်ဘူး။ အနည်းဆုံးတော့ ဆေးရုံရဲ့အဓိကရှယ်ယာရှင် ဒါမှမဟုတ် ဒုဥက္ကဋ္ဌအဆင့်လောက်ရှိမှ ရမှာတဲ့"

လူတိုင်းခမျာ မျှော်လင့်ထားခဲ့သော်လည်း ရလဒ်က ဤသို့ဖြစ်လာလိမ့်မည်ဟု မထင်ထားကြပေ။ တောက်လောင်ခါစမျှော်လင့်ချက်မီးတောက်မှာ ထပ်မံငြှိမ်းသတ်ခံလိုက်ရပြန်သည်။

လင်းရှစ်ယင်ခမျာ မျက်ရည်များ ဝဲတက်လာသည်။

ယဲ့ချန်းက တစ်ရှူးထုတ်၍ လင်းရှစ်ယင်၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

"ရှစ်ယင်... မစိုးရိမ်နဲ့နော်။ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ"

ဤအဖြစ်ကိုမြင်သော် ကုဖန်မှာ ဒေါသထွက်သွားပြီး မျက်နှာပျက်ပျက်ဖြင့် ထေ့ငေါ့လေဟန် ပြောလိုက်သည်။

"ဟန်မဆောင်စမ်းပါနဲ့ကွာ။ မသိရင် မင်းကပဲ တကယ် ရက်ချိန်းယူပေးနိုင်မှာကျနေတာပဲ"

All Chapters