အခန်း (၃၉၇-၃၉၉)
Vol. 27 Ch. 397-399
အပိုင်း ၃၉၇ : တကယ်ကြီးပါလား
ကုဖန်၏စကားအဆုံးတွင် လူတိုင်း၏အကြည့်က ယဲ့ချန်းဆီသို့ ရောက်သွားကြသည်။
သို့သော် သူတို့အမြင်တွင် ယဲ့ချန်းက အသေးစားစီးပွားရေးလုပ်ငန်းလေးတစ်ခုကို လုပ်ကိုင်နေသူသာ။
ထို့ကြောင့် သူတို့အနေနှင့် ယဲ့ချန်းအပေါ် သိပ်မျှော်လင့်ချက်မထားကြပေ။
အဆက်အသွယ်တောင့်တင်းလှသော ကုဖန်ပင် ဘာမှမတတ်နိုင်သည်ဖြစ်ရာ ယဲ့ချန်းက မည်သို့ စွမ်းဆောင်နိုင်မည်နည်း။
သို့သော် လင်းရှစ်ယင်ကတော့ ယဲ့ချန်းကို ကြည့်နေမိသည်။
တကယ်တမ်းတွင် ယဲ့ချန်း၏နောက်ခံက သာမန်မဟုတ်ကြောင်း သူ(မ) သိထားပြီးသားပင်။
ထို့ကြောင့် ဖခင်ဖြစ်သူကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ကို ယဲ့ချန်းအပေါ်တွင်သာ ပုံအပ်ထားလိုက်သည်။
လင်းရှစ်ယင်၏ ချစ်ခင်ယုံကြည်မှုများဖြင့် ပြည့်နှက်နေသောအကြည့်ကို မြင်သောအခါ ကုဖန်၏စိတ်ထဲတွင် မခံမရပ်နိုင်အောင် ဖြစ်သွားရသည်။
လင်းရှစ်ယင်က သူ့ကို ထိုကဲ့သို့ အလေးအနက်ထား၍ မကြည့်ခဲ့ဖူးပေ။
သို့သော် ယခုမူ လင်းရှစ်ယင်က ယဲ့ချန်းကို လေးနက်သောအကြည့်များဖြင့် ကြည့်နေသည်ကို မြင်ရသဖြင့် သူ အလွန်ပင် မနာလိုဖြစ်သွားသည်။
"ငါ့ညီ... မင်းလည်း ဦးလေးကိုကူညီနိုင်ရင် ကူညီပေးပါဦး။ မင်းရဲ့အဆက်အသွယ်တွေကလည်း မဆိုးလောက်ဘူးထင်တယ်"
ကုဖန်က ထိုသို့ပြောနေရင်း မျက်နှာထက်တွင်လည်း လှောင်ပြောင်လေဟန်အမူအရာကို ဖုံးကွယ်မထားပေ။
အမှန်ပင်။ သူ ယဲ့ချန်းကို မြှောက်ပင့်ပေးနေခြင်းမှာ တစ်ဖက်လူကို အမြင့်သို့ အရင်ဆွဲတင်ပြီးမှ ပြန်ပြုတ်ကျလာသည့်အခါ ပိုနာကျင်စေရန် ရည်ရွယ်ခြင်းဖြစ်၏။
ယဲ့ချန်းက ကုဖန်ကို အဖတ်လုပ်မနေဘဲ လင်းရှစ်ယင်ကိုသာ ကြည့်လျက် ပြောလိုက်သည်။
"ကိုယ် တစ်ချက်စမ်းကြည့်မယ်လေ။ ပြဿနာရှိမှာမဟုတ်ပါဘူး"
သေစမ်း...
ယဲ့ချန်း၏စကားကို ကြားသောအခါ ကုဖန် ခဏမျှကြောင်အသွားသည်။
ပြဿနာမရှိဘူး ဟုတ်လား။ ဒီကောင်က တော်တော်လေလုံးထွားတာပဲ။
ငါ့ဦးလေးက ရန်အိုက်ဆေးရုံမှာ ဒါရိုက်တာဖြစ်တာတောင် ဒါရိုက်တာလော့ကိုဖိတ်ဖို့ အဆင်မပြေဘူး။ မင်းက ဘာကောင်မို့လို့လဲ....
ယဲ့ချန်းက ရန်အိုက်ဆေးရုံရှိ ဆေးရုံအုပ်ချန်းထံသို့ ဖုန်းခေါ်လိုက်သည်။
"ဟယ်လို... ဆေးရုံအုပ်ချန်းလား။ ကျွန်တော် ယဲ့ချန်းပါ..."
ယဲ့ချန်း ဖုန်းခေါ်လိုက်သောအခါ အားလုံးမှင်တက်သွားကြသည်။
ဘာ... ယဲ့ချန်းက ဆေးရုံအုပ်ကို တိုက်ရိုက် ဖုန်းခေါ်လိုက်တာလား...
ဒီလူငယ်လေးက ရန်အိုက်ဆေးရုံရဲ့ ဆေးရုံအုပ်ကို တကယ်သိနေတာလား...
ဆေးရုံအုပ်ချန်းဆိုသည်မှာ မိုတုမြို့တွင် အဆင့်အတန်းမြင့်မားသည့် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ဦးပင်။
သူ့ကို သိကျွမ်းခွင့်ရရန်မှာ အလွန်ခက်ခဲလှပေသည်။
အကယ်၍ သင့်နောက်ခံက အလွန်တောင့်တင်းပြီး မိုတုမြို့၏ အထက်တန်းလွှာလူတန်းစားထဲတွင် ပါဝင်နေမှသာ ဆေးရုံအုပ်ချန်းနှင့် သိကျွမ်းခွင့်ရနိုင်ပေလိမ့်မည်။
ကုဖန်လည်း ခဏမျှကြောင်သွားသော်လည်း ချက်ချင်းပင် နှာခေါင်းရှုံ့ကာ လှောင်လိုက်သည်။
"ဆေးရုံအုပ်ချန်းကိုသိတာ ဘာထူးဆန်းလို့လဲ။ ငါ့ဦးလေးလည်း သိတာပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ အငြင်းခံလိုက်ရတာပဲမဟုတ်လား"
ဖေဖေလင်း၏အသက်နှင့် ပတ်သက်နေသဖြင့် အားလုံးလည်း စိုးရိမ်တကြီးဖြစ်နေကြသည်။
ယဲ့ချန်းက စကားအနည်းငယ်ပြောပြီးနောက် ဖုန်းချလိုက်သည်။
လင်းရှစ်ယင်ကမူ စိုးရိမ်တကြီးမေးလိုက်သည်။
"ယဲ့ချန်း... ဘယ်လိုအခြေအနေရှိလဲ"
ယဲ့ချန်းက ပြန်ဖြေလိုက်သည်။
"ဆေးရုံအုပ်ချန်းက ခဏစောင့်ပါတဲ့။ ဒါရိုက်တာလော့ကို ဆက်သွယ်ပေးမယ်တဲ့"
နှလုံးအထူးကုပညာရှင်ဖြစ်သဖြင့် ဒါရိုက်တာလော့က များသောအားဖြင့် အလွန်အလုပ်များပြီး အစည်းအဝေးပေါင်းများစွာကို တက်ရောက်ရသဖြင့် မိုတုမြို့တွင် မရှိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ မေမေလင်းက အံ့သြတကြီး ရေရွတ်လိုက်သည်။
"မင်းက ဆေးရုံအုပ်ချန်းနဲ့ တကယ်သိတာလား"
ယဲ့ချန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့။ မသိရင် ကျွန်တော် ဘယ်လိုလုပ်ပြီး ဖုန်းခေါ်နိုင်မှာလဲ"
ကုဖန်ကမူ လှောင်ရယ်လိုက်သည်။
"ဟိုဘက်က ဆေးရုံအုပ်ချန်း ဟုတ်မဟုတ်ဆိုတာ ဘယ်သူကသိမှာလဲ။ ဆေးရုံအုပ်ချန်းဆိုတာ မိုတုမြို့ရဲ့ ထိပ်တန်းပုဂ္ဂိုလ်ပဲ။ သူက မင်းလိုကောင်ကို သိပါ့မလား။ ငါထင်တာသာမမှားရင် ဟိုဘက်က ဖုန်းပြန်ဆက်တဲ့အခါ မရဘူးလို့ပြောမှာ သေချာတယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် လူကုံထံတစ်ယောက်လို ဟန်ဆောင်နေတာ။ တော်တော်တုံးတာပဲ"
ကုဖန်၏စကားကြောင့် လူတိုင်း ယဲ့ချန်းကို ကြည့်လိုက်မိကြသည်။ အကယ်၍ ကုဖန်ပြောသလိုသာ ဖြစ်နေခဲ့လျှင် ယဲ့ချန်းက လူလိမ်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
လင်းရှစ်ယင်၏အဒေါ်က မေးလိုက်၏။
"ရှစ်ယင်... နင့်သူငယ်ချင်းကို ဘယ်မှာတွေ့ခဲ့တာလဲ။ အခုခေတ်မှာ လူလိမ်တွေပေါတယ်နော်။ သတိထားဦး"
"ကျွန်မ ယဲ့ချန်းကိုယုံတယ်"
လင်းရှစ်ယင်က ပြတ်ပြတ်သားသားပြောလိုက်သည်။
မေမေလင်းကလည်း ပြောလိုက်သည်။
"ယဲ့ချန်း... ဆေးရုံအုပ်ချန်းက မိုတုမြို့မှာ လူကုံထံတစ်ယောက်နော်။ မင်းက အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ရင်း သူ့ကို ဘယ်လိုလုပ်ပြီးသိတာလဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော်က အသေးစားစီးပွားရေးလုပ်ငန်းကို လုပ်တာပါ။ ရန်အိုက်ဆေးရုံကလည်း ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါပဲ။ အဲဒါကြောင့် ဆေးရုံအုပ်ချန်းကိုသိတာ မဆန်းပါဘူး"
"ဘာ... ရန်အိုက်ဆေးရုံရဲ့အကြီးဆုံးရှယ်ယာရှင် ဟုတ်လား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားချေသည်။
လူတိုင်းက ယဲ့ချန်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။
နိုင်ငံထဲရှိ အကောင်းဆုံးပုဂ္ဂလိကဆေးရုံဖြစ်သော ရန်အိုက်ဆေးရုံကို အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဟု ပြောရလေသလော။
သူတို့ ယဲ့ချန်းကိုကြည့်သည့် အကြည့်များ ချက်ချင်းပြောင်းလဲသွားသည်။
သူတို့၏အမြင်တွင် ယဲ့ချန်းက ပေါက်ကရလျှောက်ပြောနေသည်ဟု ထင်သွားကြသည်။
ရန်အိုက်ဆေးရုံ၏ အကြီးဆုံးရှယ်ယာရှင်တဲ့လား။ ဤသည်မှာ ဆေးရုံပိုင်ရှင်ဟု ဆိုလိုခြင်း ပင် မဟုတ်လော။ အလွန်ရယ်စရာကောင်းလှသည်။
အထူးသဖြင့် လင်းရှစ်ယင်၏မိဘများခမျာ ယဲ့ချန်းအပေါ်ထားသည့်သဘောထား ချက်ချင်း ပြောင်းလဲသွားသည်။
အစကမူ သူတို့က ယဲ့ချန်းကို တည်ငြိမ်သည့်လူငယ်လေးတစ်ယောက်ဟု ထင်ခဲ့သော်လည်း ယခုမူ သူသည် ပေါက်ကရလျှောက်ပြောနေချေ၏။
ရန်အိုက်ဆေးရုံ၏ပိုင်ရှင်ဟု ဆိုနေခြင်းမှာ သူတို့အားလုံးကို ငတုံးဟုများ ထင်နေသလား။
အစတုန်းက သူတို့ ယဲ့ချန်းကို အလွန်သဘောကျသည်။ သို့သော် ယခုမူ သူတို့၏သဘောထားမှာ ပြောင်းလဲသွားလေပြီ။
သူတို့အနေနှင့် ဤကဲ့သို့သော လူလိမ်တစ်ယောက်ထံတွင် သူတို့သမီးကို မည်သို့အပ်နိုင်မည်နည်း။
သို့သော် လင်းရှစ်ယင်ကတော့ ဝမ်းသာအားရဖြစ်သွားလေသည်။
"ယဲ့ချန်း... ဒီလူဆိုးကောင်တော့... စောစောက ပြောရောပေါ့။ ကျွန်မ အရမ်းစိတ်ပူသွားတာ"
ယဲ့ချန်းအကြောင်း ကောင်းကောင်းသိထားသည့် လင်းရှစ်ယင်ကတော့ ယဲ့ချန်း၏စကားကို အနည်းငယ်မျှပင် သံသယမရှိပေ။
အဒေါ်ဖြစ်သူက ဘေးနားက မကျေမနပ်ဖြစ်နေချေသည်။
"ရှစ်ယင်... သူ့ရဲ့ပေါက်ကရစကားတွေကို တကယ်ယုံနေတာလား"
ကုဖန်ကလည်း နှာခေါင်းရှုံ့လိုက်၏။
"ချာတိတ်... ကိုယ့်အဆင့်ကိုယ်သိစမ်းပါ။ ရန်အိုက်ဆေးရုံရဲ့ပိုင်ရှင် ဟုတ်လား။ ရယ်ရလွန်းလို့ ဗိုက်တောင်နာတယ်။ ဒီလိုစကားမျိုးနဲ့ သုံးနှစ်သားကိုတောင် လိမ်လို့မရဘူး။ အရမ်းအတုအယောင်ဆန်လွန်းတယ်"
ကုဖန်၏အမြင်တွင် ယဲ့ချန်းက သာမန်လူတစ်ယောက်သာ။
သာမန်လူတစ်ယောက်က ရန်အိုက်ဆေးရုံ၏ ဒါရိုက်တာကို မည်သို့သိနိုင်မည်နည်း။
အရေးအကြီးဆုံးအချက်မှာ ယဲ့ချန်းဝတ်ထားသည့် အဝတ်အစားများက သာမန်အဝတ်အစားများဖြစ်နေခြင်းပင်။ ရန်အိုက်ဆေးရုံ၏ အကြီးဆုံးရှယ်ယာရှင်ဆိုသည်မှာ အနည်းဆုံး ဘီလျံပေါင်းများစွာ ချမ်းသာရမည်မဟုတ်ပါလော။ သို့သော် ယဲ့ချန်းကမူ ထိုမျှအထိ ချမ်းသာပုံမပေါက်ပေ။
သူက ထပ်ခါတလဲလဲလှောင်ရယ်နေခဲ့သည်။
အစကမူ လင်းရှစ်ယင်၏မိဘများက ယဲ့ချန်းကို သဘောကျနေသောကြောင့် သူ ဘာမှမတတ်နိုင်ခဲ့သော်လည်း ယခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားလေပြီ။
ယဲ့ချန်းက လူလိမ်ဖြစ်ကြောင်း သက်သေပြနိုင်လျှင် လင်းရှစ်ယင်၏မိဘများက လင်းရှစ်ယင်နှင့် ယဲ့ချန်းကို သေချာပေါက် သဘောတူတော့မည် မဟုတ်ပေ။
သို့သော် ထိုအချိန်မှာပင် အခန်းတံခါးက ရုတ်တရက်ပွင့်သွားသည်။
သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးက လူအုပ်ကြီးတစ်စုခြံရံလျက် အထဲသို့ ဝင်လာသည်။
ဆေးရုံအုပ်ချန်းကိုယ်တိုင် ပါလာသလို ကုဖန်၏ဦးလေးကိုပင် တွေ့လိုက်ရသည်။
ဤအခြေအနေကို မြင်သောအခါ ကုဖန်၏မျက်နှာကား ဝင်းပသွားသည်။
"ဦးလေးက အရမ်းတော်တာပဲ။ ကျွန်တော့်မိတ်ဆွေရဲ့အဖေကို ကြည့်ပေးဖို့ ဆေးရုံအုပ်ကိုပါခေါ်လာပြီး ကျွန်တော့်ကိုအံ့သြအောင် လုပ်လိုက်တာပေါ့"
ထင်မှတ်မထားပါဘဲ ဆေးရုံအုပ်ချန်း၏ အကြည့်များက အေးစက်သွားသည်။
"ဒါက ဘယ်သူလဲ"
ဦးလေးဖြစ်သူကုခိုင်လည်း မျက်နှာပျက်သွားပြီး ကုဖန်ကို စိုက်ကြည့်လိုက်သည်။
"ဆေးရုံအုပ်ချန်း... သူက ကျွန်တော့်တူပါ။ တောင်းပန်ပါတယ်ဗျ"
"ဩော်..."
ဆေးရုံအုပ်ချန်း၏ အကြည့်က ယဲ့ချန်းထံသို့ ကျရောက်သွားပြီး အပြေးအလွှားရောက်ချလာသည်။
"ဥက္ကဋ္ဌယဲ့ ခင်ဗျားရဲ့မိတ်ဆွေက ကျွန်တော်တို့ဆေးရုံမှာ တက်နေတာကို ဘာလို့ကြိုမပြောတာလဲဗျ။ ကိုယ်တိုင်တောင် လာရတယ်လို့"
ကုဖန် : "..."
အဒေါ် : "..."
လင်းရှစ်ယင်၏မိဘများ : "..."
ဥက္ကဋ္ဌယဲ့တဲ့....
ဆေးရုံအုပ်ချန်းက ယဲ့ချန်းကိုခေါ်ဝေါ်လိုက်သည့် အသုံးအနှုန်းကို ကြားလိုက်ရသောအခါ လူတိုင်း မှင်တက်သွားကြသည်။
ယဲ့ချန်းပြောတာတွေက အမှန်လား...
သူက တကယ်ပဲ ရန်အိုက်ဆေးရုံရဲ့အကြီးဆုံး ရှယ်ယာရှင်လား...
ကုဖန်က လက်မခံချင်သဖြင့် ပြောလိုက်လေသည်။
"ဦးလေး... တစ်ခုခုမှားနေတာလား။ သူက ဘယ်လိုလုပ်ပြီး ရန်အိုက်ဆေးရုံရဲ့ပိုင်ရှင် ဖြစ်နိုင်မှာလဲ။ သူက ဒီအတိုင်း ဆင်းရဲသားတစ်ယောက်လေ"
ဖြောင်း!
ကုခိုင်က ကုဖန်၏ပါးကို အားရပါးရရိုက်ချလိုက်သည်။
"မင်း ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ မစ္စတာယဲ့က ငါတို့ရန်အိုက်ဆေးရုံရဲ့ အကြီးဆုံးရှယ်ယာရှင်ကွ"
လူတိုင်း ဆွံ့အသွားကြသည်။
ယဲ့ချန်းက လေလုံးထွားနေခြင်း မဟုတ်ပါဘဲ အမှန်တကယ်ပင် ရန်အိုက်ဆေးရုံ၏အကြီးဆုံးရှယ်ယာရှင် ဖြစ်နေပေသည်။
•••••••••••••••••
အပိုင်း ၃၉၈ : မိန်းမလှလေးတစ်ဦးကို ကယ်တင်ခြင်း
လင်းမိသားစုဝင်အားလုံး မှင်တက်သွားကြသည်။ ယဲ့ချန်းက ရန်အိုက်ဆေးရုံ၏ပိုင်ရှင်ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝထင်မထားချေ။
ယဲ့ချန်းက ဆေးရုံအုပ်ချန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။
"ဆေးရုံအုပ်ချန်း... ထပ်အနှောင့်အယှက်ပေးမိလို့ တကယ်အားနာပါတယ်ဗျာ"
ဆေးရုံအုပ်ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ကျွန်တော့်ကို ဒီလောက်အထိ အားနာနေစရာမလိုပါဘူး။ ကျွန်တော်တို့က မိသားစုတွေလိုပါပဲ"
ယဲ့ချန်းက ပြောလိုက်သည်။
"ကျွန်တော့်မိတ်ဆွေရဲ့အဖေက အခြေအနေ တော်တော်စိုးရိမ်ရလို့။ ဒါရိုက်တာလော့များ အားမလားမသိဘူး"
ဆေးရုံအုပ်ချန်းက ပြောလိုက်လေသည်။
"ဥက္ကဋ္ဌယဲ့လိုအပ်တယ်ဆိုရင် သူတို့ ဘယ်လောက်အလုပ်များနေပါစေ အချိန်ဖယ်ပေးရမှာပေါ့"
ဤသို့ပြောပြီးနောက် ဆေးရုံအုပ်ချန်းက ဆိုလာလေသည်။
"ဒါရိုက်တာလော့... ကြွပါ။ ဥက္ကဋ္ဌယဲ့နဲ့ မိတ်ဆက်ပေးပါရစေ"
သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ယောက်က အနောက်ကထွက်လာပြီး ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့... မင်္ဂလာပါ"
ယဲ့ချန်းက ဒါရိုက်တာလော့ကို လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်သည်။
"ဒါရိုက်တာလော့... ဦးလေးရဲ့ရောဂါအတွက် ခင်ဗျားကိုပဲ အားကိုးရမှာပဲ"
"စိတ်ချပါ ဥက္ကဋ္ဌယဲ့... ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်"
ဒါရိုက်တာလော့က ကတိပေးလိုက်သည်။
စကားအနည်းငယ်ပြောဆိုပြီးနောက် အားလုံး ထွက်သွားကြသည်။
ထိုအချိန်မှသာ လင်းရှစ်ယင်က အားကိုးရာ ရှာတွေ့သွားသည့်အလား ယဲ့ချန်း၏ပခုံးကိုမှီကာ ငိုချလေတော့သည်။
"ယဲ့ချန်း... ရှင်က အရမ်းအားကိုးရတာပဲ။ ကျေးဇူးတင်ပါတယ်။ ရှင်ကြောင့်သာမဟုတ်ရင် အဖေတော့..."
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ရှစ်ယင်... ဒီလောက်အထိ အားနာနေစရာမလိုပါဘူး။ နောက်နောင် ဘာကိစ္စပဲရှိရှိ ကိုယ့်ကိုပြောနော်... ဟုတ်ပြီလား"
လင်းရှစ်ယင်လည်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် လင်းရှစ်ယင်၏အဒေါ်လည်း ဆွံ့အလျက်သားပင်။ ယဲ့ချန်း၏ အဆင့်အတန်းက ဤမျှအထိမြင့်မားလိမ့်မည်ဟု လုံးဝမထင်ထားပေ။
သူ(မ) နေရခက်ဟန်ဖြင့် ပြောလိုက်၏။
"ယဲ့ချန်း. အန်တီ စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ပါးစပ်ထဲရှိတာ ပြောခဲ့မိတယ်။ ခုနကပြောခဲ့တာတွေကို စိတ်ထဲမထားပါနဲ့ကွယ်"
ယဲ့ချန်းက ပြုံးရုံသာပြုံးသည်။
"ရပါတယ်"
မေမေလင်းကလည်း ပြောလိုက်သည်။
"ရှောင်ယဲ့... မင်းကို ကျေးဇူးကြွေးတင်သွားပြီ။ မင်းက ငါတို့တစ်မိသားစုလုံးရဲ့ ကျေးဇူးရှင်ပါပဲ"
"အန်တီကလည်း... အားနာနေပြန်ပြီ။ လင်းရှစ်ယင်က ကျွန်တော့်မိတ်ဆွေပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကူညီရမှာပေါ့"
ဘေးနားရှိ ကုဖန်မှာမူ လုံးဝဆွံ့အသွားသည်။
တစ်ဖက်လူကို အရေးမပါသူတစ်ယောက်ဟုသာ ထင်ထားသော်လည်း တကယ်တမ်းတွင် ဆရာကြီးဖြစ်နေပေသည်။
ဤသည်မှာ ဘုရင်တစ်ပါး၏အရှိန်အဝါပင်။
အစောက သူပြောခဲ့သမျှ ကြွားလုံးများကို ပြန်စဉ်းစားမိသောအခါ သူ့ကိုယ်သူ အလွန်တုံးအသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဒါရိုက်တာချန်း ရောက်လာသည်။ သူ့မျက်နှာထက်တွင် မောက်မာမှုများ မရှိတော့ပေ။
"ဥက္ကဋ္ဌလင်း... ဆေးရုံအုပ်က လူနာကို အထူးလူနာခန်းကိုပြောင်းပေးဖို့ ညွှန်ကြားထားပါတယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
အထူးလူနာဆောင်ဆိုသည်မှာ လူတိုင်းတက်ခွင့်မရပေ။ အဆင့်အတန်းမြင့်မားသူများသာ တက်ခွင့်ရသည်။
ယခုအချိန်တွင် မေမေလင်းမှာ ယဲ့ချန်းကိုကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေပေသည်။
ယဲ့ချန်းက လင်းရှစ်ယင်နှင့် စကားပြောဆိုပြီးနောက် အိမ်ပြန်ရန် ပြင်လိုက်သည်။
ယဲ့ချန်းပြန်သွားသည်ကို မြင်သောအခါ မေမေလင်းက လင်းရှစ်ယင်၏လက်ကို ဆုပ်ကိုင်ကာ မေးလိုက်၏။
"ရှစ်ယင်... သမီးနဲ့ ယဲ့ချန်းက ဘယ်လိုပတ်သက်တာလဲ"
လင်းရှစ်ယင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"ဘာမှမပတ်သက်ပါဘူး အမေရဲ့... အလုပ်ရှင်နဲ့ဝန်ထမ်းပတ်သက်မှုပါပဲ"
"အလုပ်ရှင်နဲ့ဝန်ထမ်း ဟုတ်လား"
မေမေလင်းခမျာ ခဏမျှကြောင်အသွားသည်။
"တကယ်တော့ ယဲ့ချန်းက သမီးတို့ကျောင်းရဲ့ ကျောင်းအုပ်ကြီးလေ"
"ဟင်... ဒါဆို ယဲ့ချန်းက စီးပွားရေးလုပ်ငန်းတွေ ဘယ်နှခုတောင်ပိုင်တာလဲ။ ပုဂ္ဂလိကဆေးရုံရော တက္ကသိုလ်ရော... တကယ်တော်တာပဲ။ ဒီအသက်အရွယ်နဲ့ ဒီလိုအောင်မြင်ဖို့ဆိုတာ အရမ်းရှားတယ်"
မေမေလင်းက ပြောလိုက်၏။
"ငါ့သမီးရဲ့အမြင်က စူးရှသားပဲ။ ဒီလောက် တော်တဲ့ရည်းစားကို ရအောင်ရှာထားနိုင်တယ်"
လင်းရှစ်ယင်ခမျာ ရှက်သွေးဖြာသွားပြီး ပြောလိုက်၏။
"အမေ... ယဲ့ချန်းက သမီးရဲ့ချစ်သူ မဟုတ်ပါဘူးဆိုမှ"
"ဘာ... မဟုတ်ဘူးလား။ မဟုတ်လည်း ကိစ္စမရှိပါဘူး။ အတွေ့အကြုံရှိပြီးသားမို့ ကြည့်လိုက်တာနဲ့တင် ယဲ့ချန်းက သမီးကိုသဘောကျနေမှန်း သိသာတယ်။ ဒီလူငယ်လေးက ရုပ်လည်းချောတယ်။ အပြုအမူလည်းကောင်းတယ်။ အရေးအကြီးဆုံးကတော့ နောက်ခံကလည်း တောင့်တင်းတယ်။ ဒီလိုလူမျိုးက မီးအိမ်ထွန်းရှာရင်တောင် တွေ့မှာမဟုတ်ဘူး"
"အမေကလည်း ဘာတွေပြောနေမှန်းမသိဘူး"
မေမေလင်းက ပြောလိုက်၏။
"ရှစ်ယင်... သမီးအဖေနဲ့အမေကလေ သမီးရဲ့ဘဝလက်တွဲဖော်နဲ့ပတ်သက်ပြီး အစိုးရိမ်ဆုံးပဲ။ ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့"
လင်းရှစ်ယင်၏မျက်နှာက နီမြန်းသွားသော်လည်း ဘာမှပြန်မပြောပေ။
တကယ်တော့ ဤဖြစ်ရပ်အပြီးတွင် သူ(မ) ယဲ့ချန်းကို ပို၍ပင် သဘောကျသွားသည်။
သို့သော် ယဲ့ချန်းက သူ(မ)အပေါ် မည်သို့ သဘောထားသလဲဆိုသည်ကိုမူ သေချာမသိပေ။
ယခင်က သူ(မ)ကို လိုက်ပိုးသူများစွာ ရှိခဲ့သော်လည်း လုံးဝစိတ်မလှုပ်ရှားခဲ့ဖူးချေ။ သို့သော် ယခုမူ သူ(မ) တကယ်ရင်ခုန်သွားသည်။
ယဲ့ချန်း ဆေးရုံထဲက ထွက်လာပြီးနောက် တက္ကစီဆက်မောင်းရန် ပြင်လိုက်သည်။
ထိုစဉ် တက္ကစီအမှာစာတစ်ခု ဝင်လာသည်။
သူ လက်ခံလိုက်သည်နှင့် တစ်ဖက်က ဖုန်းခေါ်လာသည်။
"တက္ကစီဆရာကြီး... မြန်မြန်လာပေးပါဦး။ ကျွန်မ ဗိုက်အရမ်းနာနေလို့ မခံနိုင်တော့ဘူး"
"ဟုတ်ကဲ့။ ခဏနေရင် အောက်ထပ်ကို ရောက်ပါပြီ"
ယဲ့ချန်း ကားမောင်းသွားလိုက်လေရာ အဆောက်အအုံအောက်ထပ်တွင် ဗိုက်ကိုဖိထားလျက် နာကျင်လွန်းသဖြင့် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူ(မ)က ကားပေါ်တက်လာသည်နှင့် ပြောလိုက်လေသည်။
"ကားဆရာ... ကျွန်မကို ရန်အိုက်ဆေးရုံကို မြန်မြန်ပို့ပေးပါ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ကောင်းပြီလေ။ သွားကြစို့"
ရန်အိုက်ဆေးရုံတဲ့။ အဲဒါ ငါ့ဆေးရုံမဟုတ်လား...
အခုပဲ ဆေးရုံက ပြန်လာခါစရှိသေးတယ်... ထပ်ကြုံရပြန်ပြီ။
"ဘာဖြစ်တာလဲ"
ယဲ့ချန်းက မေးနေသဖြင့် ထိုမိန်းကလေးကလည်း ပြန်ဖြေသည်။
"မသိဘူး။ ဗိုက်တအားနာနေလို့"
"ဒီလောက်ညဉ့်နက်နေပြီကို ဘာလို့တစ်ယောက်တည်းထွက်လာတာလဲ။ ရည်းစားရော... မိဘတွေရော ဘယ်မှာလဲ"
"ကျွန်မမိဘတွေက အတူမနေဘူး။ ကျွန်မက မိုတုမြို့မှာ တစ်ယောက်တည်းနေတာ။ ရည်းစားကိုဖုန်းဆက်နေတာလည်း ကြာပြီ။ အခုထိ ဖုန်းမကိုင်ဘူး"
ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။
ဒီကောင်လေးကတော့ အချိန်မရွေးတတ်ဘူးပဲ...
မိန်းကလေးဘက်က အလိုအပ်ဆုံးအချိန်မှာသာ သူရောက်လာခဲ့လျှင် သူတို့၏သံယောဇဉ်ကလည်း ပိုတိုးတက်သွားနိုင်သည်မဟုတ်လော။
ထိုမိန်းကလေး အလွန်နာကျင်နေသည်ကို မြင်သဖြင့် ယဲ့ချန်းလည်း ကားကို အမြန်မောင်းလိုက်သည်။
ပုံမှန်ဆိုလျှင် နာရီဝက်ခန့်မောင်းရမည့်လမ်းက ဆယ်မိနစ်တည်းနှင့် ရောက်သွားသည်။
ယဲ့ချန်းမှာ ကားထဲကထွက်ပြီးနောက် မေးလိုက်သည်။
"ကိုယ့်ဘာသာဆင်းနိုင်ရဲ့လား"
ထိုမိန်းကလေးက မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ခေါင်းခါပြသည်။
ဤမိန်းကလေးက အူအတက်ရောင်နေခြင်း ဖြစ်နိုင်သဖြင့် အချိန်ဆွဲ၍မရကြောင်း ယဲ့ချန်း သိလိုက်သည်။ အကယ်၍ အူအတက် ပေါက်သွားလျှင် ဒုက္ခရောက်ပေတော့မည်။
ထို့ကြောင့် ယဲ့ချန်းလည်း သူ(မ)ကိုပွေ့ချီကာ ဆေးရုံထဲသို့ အပြေးဝင်သွားလေတော့သည်။
"ဒေါက်တာ... ဒီကောင်မလေးက အူအတက်ရောင်နေတာ ဖြစ်နိုင်တယ်။ ချက်ချင်းခွဲစိတ်ဖို့လိုမယ်ထင်တယ်"
ယဲ့ချန်းက တာဝန်ကျသူနာပြုကို စိုးရိမ်တကြီး ပြောလိုက်သည်။
သူနာပြုက ဆိုလေသည်။
"ကောင်းပါပြီ။ ရှင် စာရွက်စာတမ်းကိစ္စ သွားလုပ်လိုက်ပါ။ ဒီကောင်မလေးကို ခွဲစိတ်ခန်းထဲ ခေါ်သွားလိုက်မယ်"
ယဲ့ချန်းမှာ အလျင်စလိုဖြစ်နေသဖြင့် ပိုက်ဆံပါမလာပေ။ သို့သော် ထိုမိန်းကလေး၏အိတ်ထဲတွင် ပိုက်ဆံရှိနိုင်သည်ဟုတွေးကာ ထိုအိတ်ကို ဖွင့်ကြည့်လိုက်လေရာ အနီရောင်ငွေစက္ကူအထပ်လိုက်ကို တွေ့လိုက်ရသည်။
ယွမ်တစ်ထောင်ခန့် ရှိလောက်သည်။
သို့သော် ခွဲစိတ်ခအတွက်မူ ထိုငွေက မလုံလောက်ပေ။
ယဲ့ချန်းလည်း မတတ်သာသည့်အဆုံး ထိုမိန်းကလေးဆီသို့သွားပြီး အခြေအနေကို ရှင်းပြရတော့သည်။
ထိုမိန်းကလေးကလည်း နာကျင်လွန်းသဖြင့် ဘာမှမစဉ်းစားနိုင်တော့ဘဲ သူ(မ)၏ဘဏ်ကတ်လျှို့ဝှက်နံပါတ်ကို ယဲ့ချန်းအား ပေးလိုက်သည်။
ယဲ့ချန်းက ကတ်ကိုဆွဲယူ၍ ငွေချေလိုက်ပြီးနောက် မိန်းကလေးကိုလည်း ခွဲစိတ်ခန်းထဲသို့ ခေါ်ဆောင်သွားကြသည်။
ငွေချေနေစဉ် ယဲ့ချန်းမှာ ကတ်ထဲရှိ လက်ကျန်ငွေကို ကြည့်လိုက်လေရာ အံ့သြသွားရသည်။
ဆယ်သန်း...
ဤမိန်းကလေးက သာမန်လူဟုတ်ပုံမရပေ။ မဟုတ်ပါက ဘဏ်အကောင့်ထဲတွင် ဤမျှငွေအများကြီး ရှိနေလိမ့်မည် မဟုတ်ပေ။
အကယ်၍ သာမန်လူသာဆိုလျှင် ဤမျှများပြားသော ငွေပမာဏကို မြင်ပါက စိတ်ယိုင်မိနိုင်သော်လည်း ယဲ့ချန်းကတော့ ထိုသို့မဟုတ်ပေ။ သူ့တွင် ငွေအမြောက်အများရှိ၏။
သူ့ဘဏ်အကောင့်ထဲတွင်ပင် ဘီလျံနှင့်ချီ၍ ရှိနေလေရာ ဤဆယ်သန်းကို အရေးမစိုက်ပေ။
အားလုံးပြီးသွားသောအခါ သူနာပြုက ပြုံးလျက် မေးလိုက်၏။
"ရှင်က ဒီကောင်မလေးရဲ့ရည်းစားလား"
ယဲ့ချန်းက ခေါင်းခါပြလိုက်သည်။
"မဟုတ်ပါဘူး။ ကျွန်တော်က တက္ကစီဒရိုင်ဘာပါ။ သူက ကျွန်တော့်ကားကိုစီးရင်း အူအတက်ရောင်လာလို့"
"ဪ... အဲ့ဒီလိုလား"
သူနာပြုလည်း ခေတ္တမျှကြောင်အသွားသည်။
တစ်နာရီခန့်ကြာပြီးနောက် ခွဲစိတ်မှုပြီးဆုံးသွားသည်။ ထို့ကြောင့် ထိုမိန်းကလေးကို အပြင်သို့ထုတ်လာကြသည်။
သူ(မ)၏မျက်နှာမှာ ဖြူဖျော့နေဆဲပင်။
ဆရာဝန်က ပြောလိုက်၏။
"မိသားစုဝင်လား။ ဒီကောင်မလေးက အူအတက်ခွဲစိတ်ထားတာဆိုတော့ ဒီည လူနာစောင့်ပေးမဲ့လူ လိုပါတယ်"
ယဲ့ချန်း နည်းနည်းရှက်သွားသည်။
ဤမိန်းကလေး၏ မိသားစုကိုလည်း ဆက်သွယ်၍မရသဖြင့် မတတ်နိုင်သည့်အဆုံး သူကပင် လူကြီးလူကောင်းအဖြစ် ဆက်တာဝန်ယူရတော့သည်။
ယဲ့ချန်း ထိုမိန်းကလေး နိုးလာသည်အထိ စောင့်ကြည့်ပေးပြီးမှသာ ပြန်လာခဲ့သည်။
နောက်တစ်နေ့ ယဲ့ချန်း အိပ်ရာနိုးသည်နှင့် ဖုန်းမြည်လာသည်။
"ဟယ်လို... မနေ့က ကျွန်မကိုကယ်ပေးခဲ့တဲ့ တက္ကစီဒရိုင်ဘာအစ်ကိုလား"
ထိုမိန်းကလေးက စိုးရိမ်တကြီးမေးလိုက်သည်။
•••••••••••••••
အခန်း ၃၉၉ : ယဲ့ချန်း၏ရွေးချယ်မှု
ယဲ့ချန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော်ပါ။ သက်သာရဲ့လား"
"တော်တော်သက်သာသွားပါပြီ။ မနေ့ကအတွက် ကျေးဇူးတင်ပါတယ်"
ထိုမိန်းကလေးက ရှက်ကိုးရှက်ကန်းဖြင့် ပြောရှာသည်။
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။
"ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်တော် လုပ်သင့်လုပ်ထိုက်လို့ လုပ်ပေးတာပါ"
ထိုမိန်းကလေးက ပြောလိုက်၏။
"ကျွန်မ ရှင့်ကို ထပ်တွေ့လို့ရမလား"
ယဲ့ချန်းက ခဏမျှတွေးကြည့်လိုက်သည်။
"ရတာပေါ့။ ဒီအလုပ်လေးပြီးတာနဲ့ လာခဲ့ပါ့မယ်"
ယဲ့ချန်း ဆေးရုံသို့ ရောက်သွားသောအခါ မြင်ကွင်းမှာ မနေ့ကလို ခြောက်ကပ်မနေတော့ဘဲ လူနာဆောင်တစ်ခုလုံး လူများဖြင့်ပြည့်နှက်နေသည်။
ထိုမိန်းကလေးက ခုတင်ပေါ်တွင် လှဲနေသည်။ မနေ့ကထက်စာလျှင် သူ(မ)၏မျက်နှာအရောင်က ပိုကြည့်ကောင်းလာသည်။
ယဲ့ချန်း အထဲသို့ဝင်ရန် ပြင်လိုက်သော်လည်း သက်တော်စောင့်နှစ်ယောက်က သူ့ကို ပိတ်တားလိုက်ကြသည်။
ထိုမိန်းကလေးက ယဲ့ချန်းဝင်လာသည်ကို မြင်သည်နှင့် ပြောလိုက်၏။
"သူ့ကို ပေးဝင်လိုက်ပါ။ သူက ကျွန်မကို ကယ်ပေးခဲ့တဲ့လူ"
ယဲ့ချန်း လူနာဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ထိုနေရာရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးများနှင့် အမျိုးသမီးများ၏အကြည့်က သူ့ဆီသို့ စုပြုံရောက်ရှိလာသည်။
အထူးသဖြင့် ထိုမိန်းကလေး၏အမေက ခန့်ညားလှသော ယဲ့ချန်း၏ရုပ်ရည်ကို မြင်သည်နှင့် ကျေနပ်အားရနေဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေလေတော့သည်။
ထိုမိန်းကလေး၏အဖေကလည်း ယဲ့ချန်းကို အလွန်သဘောကျနေပုံရသည်။
ယဲ့ချန်းကမူ တစ်မိသားစုလုံး သူ့ကိုစိုက်ကြည့်နေကြသည့် ပုံစံကြောင့် အနည်းငယ် နေရခက်သွားသည်။
ဤအဖြစ်ကား သားမက်လောင်းကို ဝိုင်းစူးစမ်းနေကြသည့် မိသားစုတစ်စုနှင့် အလွန်တူနေပေသည်။
ယဲ့ချန်းက ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်၏။
"ဟေး... အလှလေး ကျွန်တော် ရောက်ပြီနော်။ ကိစ္စရှိလို့ခေါ်လိုက်တာလား"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က မတ်တတ်ထရပ်ပြီး လက်ဆန့်ထုတ်ကာ ပြောလိုက်၏။
"လူငယ်လေး... ငါ့သမီးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ပေမဲ့ ငွေကြောင့် စိတ်မယိုင်ဘူးဆိုတာ အရမ်းရှားတယ်"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။
"ကျွန်တော်တို့တက္ကစီသမားတွေက ကြင်နာတတ်ကြပါတယ်။ ကျွန်တော်တင်မဟုတ်ပါဘူး။ တခြားသူတွေဆိုရင်လည်း ဒီလိုပဲ လုပ်ကြမှာပါ"
ထိုအမျိုးသားကြီးက ခေါင်းခါပြသည်။
"ငါ့သမီးရဲ့အိတ်ထဲမှာ ငွေသားတွေအများကြီး ရှိသလို ဘဏ်အကောင့်ထဲမှာလည်း ဆယ်သန်းကျော်တောင် ရှိနေတာ။ မင်းက တစ်ပြားတစ်ချပ်မှ မထိခဲ့ဘူးဆိုတော့ မင်းမှာ တရားမျှတတဲ့စိတ်ဓာတ် ရှိတယ်ဆိုတာကို ပြနေတာပဲ"
ယဲ့ချန်းမှာမူ ထိုလူ၏ အထက်စီးဆန်သော အမူအရာကြောင့် နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်သွားပြီး အေးတိအေးစက်ပြောလိုက်လေသည်။
"အဲ့ဒီလိုလား။ ကျွန်တော်ကတော့ လုပ်သင့်တာကို လုပ်ခဲ့တာပါ"
ယဲ့ချန်းလည်း ထိုမိန်းကလေးကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"ကဲ...တွေ့ပြီးပြီဆိုတော့ ကျွန်တော် တက္ကစီ ဆက်မောင်းရဦးမယ်ဗျ။ သွားလိုက်ပါဦးမယ်"
ယဲ့ချန်း လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပင် အနောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက ပြောလာလေသည်။
"လူငယ်လေး... မင်းကို သတင်းကောင်းတစ်ခုပြောပြမယ်။ မင်းရဲ့ကံကြမ္မာက ဒီနေ့ကစပြီး ပြောင်းလဲတော့မယ်"
ထိုလူက သူသည်သာ ကံကြမ္မာကိုပြောင်းလဲပေးနိုင်သည့် ဘုရားသခင်တစ်ပါးနှယ် ဝင့်ကြွားနေချေသည်။
ယဲ့ချန်းက လှည့်ကြည့်ပြီး ရယ်မောလိုက်၏။
"ကျွန်တော့်ကံကြမ္မာက ဘယ်လိုပြောင်းလဲမှာလဲဗျ"
ထိုလူက ပြော၏။
"ဒီအခွင့်အရေးက မင်းဘာသာကြိုးစားပြီး ရယူခဲ့တာ။ ဒါက မင်းဘဝရဲ့ အကြီးမားဆုံး အခွင့်အရေးပဲ။ ဒီနေ့ကစပြီး မင်း တက္ကစီမောင်းစရာမလိုတော့ဘူး"
သူ့ပုံစံက သူ့သမီးကို ကယ်တင်ခဲ့ခြင်းမှာ စာမေးပွဲတစ်ခုကို ဖြေဆိုခြင်းဖြစ်ပြီး ယဲ့ချန်းက ထိုစာမေးပွဲကို အောင်မြင်သွားသဖြင့် ဆုလာဘ်ကြီးတစ်ခု ပေးတော့မည့်အလားပင်။
ယဲ့ချန်းခမျာ ဘာပြန်ပြောရမှန်းမသိလောက်အောင် ဖြစ်သွားပြီး အနည်းငယ်ရယ်ချင်သွားသည်။
"တကယ်လား။ တက္ကစီမမောင်းရင် ကျွန်တော်က ဘာလုပ်ရမှာလဲ"
ထိုလူက ရယ်မောလိုက်၏။
"လူငယ်လေး... မင်းက တစ်ခုခုတော့ တစ်ခုခုပဲ။ တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေတာတောင် ငါ့သမီးရဲ့အသက်ကို ကယ်ပေးခဲ့တယ်။ ငါ့သမီးကလည်း မင်းကို တော်တော် သဘောကျနေတာဆိုတော့ မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်။ တစ်ခုက ဆယ်သန်းတန် ချက်လက်မှတ်။ နောက်တစ်ခုကတော့ ငါ့သမီးရဲ့ရည်းစားအဖြစ် နေပေးဖို့ပဲ။ အချိန်တစ်ခုကြာလို့ မင်းတို့အချင်းချင်း သဘောကျသွားရင် ငါ့သားမက်ဖြစ်လာမယ်။ ဘီလျံနဲ့ချီတဲ့ ငါ့စည်းစိမ်တွေကလည်း မင်းအပိုင်ဖြစ်လာလိမ့်မယ်"
သူက ထိုသို့ပြောရင်း အိတ်ကပ်ထဲမှ ချက်လက်မှတ်တစ်ခုကို ထုတ်ယူ၍ စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ယဲ့ချန်းကို စိုက်ကြည့်နေတော့သည်။
ထိုမိန်းကလေးလည်း အံ့အားသင့်သွားချေသည်။ အစက သူ့ကို ရည်းစားအဖြစ်လက်ခံဖို့သာ ပြောထားပြီး ယခုမှ ချက်လက်မှတ်နှင့် သားမက်အကြား ဘာကြောင့် ရွေးချယ်ခိုင်းရလေသလဲ။
"ဖေဖေ... ခုနက သမီးတို့ပြောထားတာ ဒီလိုမျိုး မဟုတ်ဘူးလေ"
ထိုမိန်းကလေးက မကျေနပ်ဟန်ဖြင့် အမြန်ကန့်ကွက်လိုက်သည်။
"လူကြီးတွေ စကားပြောနေတယ်။ ကလေးတွေ ဝင်မရှုပ်နဲ့"
ထိုလူက သူ့သမီးကို မျက်စောင်းထိုးရင်း ဟန့်လိုက်သည်။
"ငါ မင်းကို ရွေးချယ်စရာနှစ်ခုပေးထားတယ်။ ချက်လက်မှတ်ကို ယူမလား။ ငါ့သားမက်လုပ်မလား"
ထိုမိန်းကလေးမှာ ရှက်ကိုးရှက်ကန်းဖြင့် ယဲ့ချန်းကို စိုးရိမ်တကြီး ကြည့်နေရှာသည်။ သူ(မ)၏ မျက်နှာလေးကလည်း နီမြန်းနေသေးသည်။
သူ(မ) ယဲ့ချန်းကို အလွန်သဘောကျနေသည်မှာ သိသာလှ၏။
ထိုမိန်းကလေး၏အမေကလည်း သားမက်လောင်းကို ကြည့်နေသည့် ယောက္ခမတစ်ယောက်အလား ယဲ့ချန်းကို သဘောကျနေပုံပေါက်သည်။
ယဲ့ချန်းခမျာ ကြောင်အသွားသည်။
ဤမြင်ကွင်းမှာ ရုပ်ရှင်ဇာတ်လမ်းတစ်ခုနှင့် တူနေပေသည်။
ဆင်းရဲသားလူငယ်တစ်ယောက်က သူဌေးသမီးလေးကို ကယ်တင်လိုက်ပြီးနောက် ရုတ်တရက် လူကုံထံမိသားစုဝင်တစ်ယောက် ဖြစ်သွားခြင်းမျိုးပင်။
ဘေးနားရှိ ဆရာဝန်များနှင့် ဧည့်သည်များမှာလည်း မှင်တက်ကုန်သည်။
ဝိုး... ဒီလူငယ်လေးတော့ ထီပေါက်တာပဲ
ဤအမျိုးသားက ယွင်ရှန်းလုပ်ငန်းစု၏ဥက္ကဋ္ဌ ပေါင်ကျန့်ဖြစ်ပြီး ကျန်းနန်နယ်မြေတစ်ခွင်တွင် လုပ်ငန်းစုပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ထိပ်တန်းသူဌေးတစ်ဦးပင်။
ဒီကောင်လေးက တကယ်ကံကောင်းတာပဲ။ တက္ကစီဒရိုင်ဘာဘဝကနေ နေ့ချင်းညချင်း သူဌေးသားမက်ဖြစ်တော့မှာ.... သူ့ဘဝတော့ တစ်ဆစ်ချိုး ပြောင်းလဲသွားပြီ...
သူနာပြုလေးများမှာ အားကျနေကြသည်။
ဤဇာတ်လမ်းလေးမှာ အလွန်လှပလွန်းလှသည်။
ထိုအခိုက်ဝယ် တံခါးဝရှိ လူအုပ်ကြီးထဲတွင် အမျိုးသမီးတစ်ယောက်ခမျာ အလွန်စိုးရိမ်ပူပန်နေသည်။
သူ(မ)က လင်းရှစ်ယင်၏အဒေါ်ပင်။
အစက သူ(မ)သည် လူများ ဝိုင်းအုံနေသည်ကို မြင်သဖြင့် စပ်စုရန် လာကြည့်ရာမှ ဤမြင်ကွင်းကို မြင်လိုက်ရသည်။
"မဖြစ်ဘူး... ယဲ့ချန်းက ချမ်းသာတယ်ဆိုပေမဲ့ တစ်ဖက်လူက ဘီလျံနာတစ်ယောက်လေ။ ယဲ့ချန်းများ ဒီဆွဲဆောင်မှုကို မခုခံနိုင်ဘဲ သဘောတူလိုက်မလားမသိဘူး"
သူ(မ)က ဖုန်းထုတ်ပြီး တိတ်တဆိတ်ဓာတ်ပုံရိုက်ထားလိုက်တော့သည်။
ယခုအချိန်တွင် လူတိုင်းခမျာ ရုပ်ရှင်ထဲတွင်သာ တွေ့ရတတ်သည့် ဤမြင်ကွင်းကြောင့် ဆွံ့အနေကြသည်။
"ငါသာဆိုရင် သေချာပေါက် သားမက်လုပ်ဖို့ပဲ ရွေးမှာ။ ဘီလျံနဲ့ချီတဲ့စည်းစိမ်တွေကို ရမှာလေ"
"အဲဒီမိန်းကလေးကလည်း အချောလေးပဲ။ ဘာတွေစဉ်းစားနေဦးမှာလဲ"
"ဟူး... ငါကျတော့ ဘာလို့ အဲ့ဒီလိုကံမကောင်းတာလဲ။ ငါလည်း တက္ကစီမောင်းချင်လိုက်တာ"
"မင်းလိုရုပ်မျိုးနဲ့တော့ တက္ကစီမောင်းလည်း ဘယ်သူကမှ သဘောကျမှာမဟုတ်ဘူး"
…
လူအုပ်ကြီးက တီးတိုးပြောဆိုနေကြပြီး ပေါင်ကျန့်ကတော့ ယဲ့ချန်းကို ပြုံးလျက် ကြည့်လိုက်၏။
"ကဲ...စဉ်းစားပြီးပြီလား။ ဆယ်သန်းတန်ချက်လက်မှတ်ကို ယူမလား။ ဒါမှမဟုတ် ဘီလျံနဲ့ချီတဲ့စည်းစိမ်တွေကို ဆက်ခံမဲ့ ငါ့သားမက်လုပ်မလား"
လူတိုင်း ယဲ့ချန်းကို စိုက်ကြည့်နေကြသည်။ ဤရွေးချယ်မှုမှာ အမှန်တကယ် ဆွဲဆောင်မှုရှိလွန်းလှသည်။
တက္ကစီဒရိုင်ဘာဘဝမှ လူကုံထံဘဝသို့ ကူးပြောင်းခြင်းပင်။ ရုပ်ရှင်ထဲမှာပင် ဤမျှအထိ မရိုက်ရဲပေ။
ထိုသူဌေး၏စကားကို ကြားသောအခါ ယဲ့ချန်းက ရုတ်တရက်ရယ်မောလိုက်သည်။
ထိုမိန်းကလေးမှာမူ ယဲ့ချန်း၏အပြုံးကို မြင်သည်နှင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရှာသည်။
"ဝိုး... ဒီကောင်လေးက အရမ်းချောတာပဲ"
ယဲ့ချန်း ဘာကိုရွေးမလဲဆိုသည်ကို လူတိုင်း စိတ်ဝင်စားနေကြသည်။
ဆယ်သန်းကိုယူမလား။ ဘီလျံနာသားမက်လုပ်မလား။
သို့သော် ယဲ့ချန်းကတော့ ခပ်အေးအေးပြုံးကာ ပြောလိုက်သည်။
"စိတ်မရှိပါနဲ့။ ကျွန်တော် နှစ်ခုလုံးကိုမရွေးချင်ဘူး"
"ဘာ"
ယဲ့ချန်း၏ရွေးချယ်မှုကြောင့် လူတိုင်း မှင်တက်သွားကြသည်။
ဒီလူငယ်လေးက ဘာလို့ တစ်ခုမှမရွေးတာလဲ။
"မင်း ဘာပြောလိုက်တယ်။ တစ်ခုမှမရွေးဘူး ဟုတ်လား"
ထိုသူဌေးပေါင်ကျန့်မှာ အံ့သြလွန်းသဖြင့် အာစေးမိသွားသည်။
ယဲ့ချန်း၏ရွေးချယ်မှုကြောင့် လူတိုင်းလည်း ဆွံ့အကုန်သည်။
ဒီကောင်လေးက ဘာလို့ ဘာမှမရွေးရတာလဲ...
ယဲ့ချန်း နှစ်ခုစလုံးကို ငြင်းလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။ ဤသည်မှာ အဆင်အခြင်မဲ့လွန်းလှသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်အတွက် မည်သည့်လမ်းကိုရွေးရွေး ဘဝပြောင်းသွားမည်ဖြစ်သော်ငြား ယဲ့ချန်းကတော့ နှစ်ခုစလုံးကို ငြင်းလိုက်လေသည်။
ဤရွေးချယ်မှုကြောင့် လူတိုင်း ထိတ်လန့်အံ့သြသွားသည်။
"ဒီတက္ကစီဒရိုင်ဘာက ဦးနှောက်ထဲ ရေဝင်နေတာလား"
"ဘာမှမရွေးဘူးဆိုတော့ သူ ရူးနေတာလား"
"ဘာလို့လဲ။ ဘာလို့ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်လိုက်ရတာလဲ"
သူဌေးပေါင်ကျန့်၏ အကြည့်များကား အနည်းငယ်အေးစက်သွားသည်။
"ငါ့သမီးက မင်းနဲ့မတန်ဘူးလို့ ပြောချင်တာလား"
ယခုအချိန်တွင်မူ ထိုလူမှာ အမှန်တကယ် ဒေါသထွက်သွားလေပြီ။ သူ့သမီးက ဤမျှအထိ ချောမောလှပပြီး ဂုဏ်သရေရှိသော မိန်းကလေးတစ်ယောက် ဖြစ်ပါလျက်နှင့် တက္ကစီဒရိုင်ဘာတစ်ယောက်ထံမှ အငြင်းခံလိုက်ရသတဲ့လား။
ထိုမိန်းကလေး၏မျက်ဝန်းများမှာ နီမြန်းလာပြီး ဝမ်းနည်းပက်လက် ဖြစ်သွားလေတော့သည်။