← Chapters

အခန်း (၄၀၃-၄၀၅)

Vol. 27 Ch. 403-405

အခန်း (၄၀၃-၄၀၅)

Vol. 27 Ch. 403-405

အပိုင်း ၄၀၃ : ကျွန်တော်ပဲ အာမခံပေးလိုက်မယ်

ယဲ့ချန်း၏ဈေးခေါ်သံကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ လူတိုင်း ကြက်​သေသေသွားကြသည်။

သေစမ်း...ပန်းချီကားတစ်ချပ်ကို သန်းငါးဆယ်တောင် ပေးတယ်လား....

အစောကတင် ယဲ့ချန်းကို တောသားဟု လှောင်ပြောင်နေကြသူများလည်း ကြောင်အကုန်ကြသည်။

"သေလိုက်ပါတော့... သန်းငါးဆယ်ကနေ ဈေးစခေါ်တယ်ဆိုတော့ ဒါက တောသားမဟုတ်တော့ဘူး။ တကယ့်သူဌေးအစစ်ပဲ"

"မိုက်တယ်။ ဒါ ဘယ်အိမ်က သူဌေးသားလဲ။ တော်တော်သုံးနိုင်တာပဲ"

လူအုပ်ကြီးခမျာ အံ့သြတုန်လှုပ်နေကြသည်။ အစောပိုင်းက ယဲ့ချန်းသည် တန်ဖိုးနည်းပစ္စည်းလေးများကိုသာ လေလံဆွဲနေသဖြင့် သူတို့ အာရုံမစိုက်ခဲ့ကြသော်လည်း ယခုမူ သန်းငါးဆယ်ဟူသော လေလံဈေးက လူတိုင်းကို ထိတ်လန့်သွားစေသည်။

ရှေ့ဆုံးတန်းရှိ လုပ်ငန်းရှင်တချို့ပင် ယဲ့ချန်းကို လှည့်ကြည့်လာကြသည်။

လူအုပ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဝင်လာကြသည်။

'ဒီလူက အစောပိုင်းတုန်းက ပစ္စည်းသေးသေးလေးတွေကိုတင်မကဘဲ နောက်ပိုင်းလာမဲ့ အဖိုးတန်ပစ္စည်းတွေကိုပါ အကုန်သိမ်းကျုံးဝယ်ဖို့ ကြံစည်နေတာလား'

တစ်ယောက်ယောက်က သူ့ကို ဈေးပြိုင်လာသည်ကို မြင်သောအခါ လော့ကောဖုမှာ မကျေမနပ်ဖြစ်သွားသည်။ ထို့နောက် သူက ဆိုင်းဘုတ်ကို ထပ်မြှောက်လိုက်၏။

"ငါးဆယ့်တစ်သန်း"

သူ ဤပန်းချီကားကို တကယ်သဘောကျပြီး အရယူရန်လည်း ဆုံးဖြတ်ထားသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်က ကြားဖြတ်နှောက်ယှက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် ယဲ့ချန်းက ဆိုင်းဘုတ်ကိုထပ်မြှောက်ကာ အေးအေးဆေးဆေးပင် ဈေးခေါ်လိုက်သည်။

"သန်းခြောက်ဆယ်"

တစ်ခန်းလုံး တစပြင်အလား တိတ်ဆိတ်သွားသည်။ လူတိုင်းလည်း မှင်တက်ကုန်ကြသည်။

ဤလူက စင်စစ်ရက်စက်လှသည်။ တစ်ခါတည်းနှင့် ယွမ်ကိုးသန်းခန့် တိုးလိုက်ခြင်းပင်။

လော့ကောဖု မျက်မှောင်ကြုတ်မိသည်။ သူသည် ချီပိုင်၏ လက်ရာများကို နှစ်သက်သူဖြစ်ပြီး ဤပန်းချီကားကို လိုချင်နေသည်မှာလည်း ကြာလှလေပြီ။

ထို့ကြောင့် သူက ထပ်လေလံဆွဲလိုက်သည်။

"ခြောက်ဆယ့်တစ်သန်း"

ယဲ့ချန်းက ဆိုင်းဘုတ်ကိုထပ်မြှောက်ရန် ပြင်နေစဉ် လော့ကောဖုက သက်ပြင်းတစ်ချက်ချလိုက်၏။

"လူငယ်လေး... ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီပန်းချီကားလေးကို အလျှော့ပေးပါလား"

ယဲ့ချန်းကမူ လော့ကောဖုကို တစ်ချက်ကြည့်လိုက်၏။

"စိတ်မရှိပါနဲ့ ဦးလေး... ကျွန်တော်တို့က အဲ့လောက်အထိ ရင်းနှီးလို့လား။ ကျွန်တော်လည်း ဒီပန်းချီကားကို သဘောကျလို့ပါ။ ဘာလို့ ဦးလေးကို အလျှော့ပေးရမှာလဲ"

"သန်းခုနစ်ဆယ်"

ယဲ့ချန်းက ဈေးကို သန်းခုနစ်ဆယ်အထိ တင်လိုက်ပြန်သည်။

တစ်ခန်းလုံး တစ်ဖန်တိတ်ဆိတ်သွားရသည်။ သန်းခုနစ်ဆယ်ဆိုသည်မှာ ဤပန်းချီကား၏ မူလတန်ဖိုးထက် အဆမတန်ကျော်လွန်နေပြီဖြစ်၏။

ထိုအခါ လူတိုင်း ဆွံ့အကုန်ကြသည်။

လုပ်ငန်းရှင်ကြီးများပင် ယဲ့ချန်းကို ထိတ်လန့်တကြား ကြည့်လာကြသည်။

ဒီလူငယ်က ဘာလို့ ဒီလောက်တောင် ယုံကြည်မှုရှိနေရတာလဲ။

လော့ကောဖုကဲ့သို့သော လူမျိုးက တောင်းဆိုထားပါလျက်နှင့် ဤလူငယ်က မျက်နှာမထောက်ဘဲ အာခံလိုက်သည်မဟုတ်ပါလော။

"လောင်လော့ရဲ့မျက်နှာကိုတောင် မထောက်ဘူးပဲ"

"ဒီကောင်လေးက တော်တော်မောက်မာတာပဲ"

"မျက်နှာကလည်း စိမ်းတယ်။ အထက်တန်းလွှာမိသားစုတစ်ခုက သူဌေးသားများလား"

လူအုပ်ထဲတွင် ယဲ့ချန်းက မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းပြောဆိုသံများဖြင့် ဆူညံလာသည်။

အစောပိုင်းက ပစ္စည်းများမှာ အပျော်သက်သက်ဖြစ်သော်လည်း ယခု သန်းခုနစ်ဆယ်အထိ ဈေးတင်လိုက်ခြင်းမှာမူ နောက်ပြောင်ခြင်းမဟုတ်တော့ပေ။

လော့ကောဖုကိုပါ ဂရုမစိုက်ဘဲ အာခံလိုက်ခြင်းမှာ အမှန်တကယ်ရဲတင်းလွန်းလှသည်။

လော့ကောဖု၏ မျက်နှာကား အေးစက်ခက်ထန်နေပြီး သက်ပြင်းတစ်ချက်ချကာ လက်လျှော့လိုက်တော့သည်။

သန်းခုနစ်ဆယ်ပင်။

သူ ဆက်ပြိုင်နေလျှင် ပန်းချီကား၏တန်ဖိုးမှာ သူ သတ်မှတ်ထားသည့် အတိုင်းအတာထက် ကျော်လွန်သွားတော့မည်သာ။

"ဒါပဲလား"

ယဲ့ချန်းကတော့ အနည်းငယ်စိတ်ပျက်သွားသည်။ တစ်ဖက်လူ ဈေးထပ်ခေါ်ရန် သူ မျှော်လင့်ထားခဲ့သည်။

အကယ်၍ လော့ကောဖုဘက်က ဈေးထပ်တိုးပေးခဲ့လျှင် ယဲ့ချန်းကလည်း ဆယ်ရာခိုင်နှုန်းလောက် ထပ်တိုးလိုက်ရုံဖြင့် သူ့အတွက် အမြတ်ပိုထွက်လာမည် ဖြစ်သော်လည်း တစ်ဖက်လူက လက်လျှော့သွားသဖြင့် ယဲ့ချန်းလည်း သန်းခုနစ်ဆယ်ဖြင့်သာ ဝယ်လိုက်ရတော့သည်။

နောက်ဆုံးတွင် လူတိုင်း၏ အံ့သြနေသော အကြည့်များအောက်မှာပင် ယဲ့ချန်းလည်း ပန်းချီကားကို သန်းခုနစ်ဆယ်ဖြင့် ဝယ်လိုက်လေတော့သည်။

ရန်ဖေးလည်း ယဲ့ချန်းအပေါ် အမြင်ပြောင်းသွားသည်။

ဤလူငယ် ပို၍ပင် ခန့်မှန်းရခက်သလို ခံစားရသည်။

ယဲ့ချန်းက ရန်ဖေး၏အကြည့်ကို သတိပြုမိသွားပြီး ဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းသည် ရန်ဖေးအပေါ် အမြင်ကောင်းရှိထားသည်။

ရန်ဖေးမှာ ဟွားနိုင်ငံ၏ထိပ်တန်းလုပ်ငန်းရှင် ဖြစ်သော်လည်း ခပ်လျှိုလျှိုနေတတ်ပြီး ပရဟိတလုပ်ငန်းများကိုလည်း အမြဲလုပ်ကိုင်တတ်သူပင်။

လော့ကောဖုကတော့ အမှန်တကယ် ဟိတ်ဟန်များလွန်းသည်။

သူနှစ်သက်သည့်အရာကို အခြားလူက ဈေးမပြိုင်ရဟု သတ်မှတ်ထားလေသလား။

ယဲ့ချန်းကတော့ မည်သူပင်ဖြစ်စေ အထာလာကိုင်လျှင် ပညာပေးလိုက်ရမှ ကျေနပ်သည်။

"မက်မွန်ပွင့်နွေဦးပန်းချီကားကို နံပါတ်၈၈က သန်းခုနစ်ဆယ်နဲ့ လေလံဆွဲထားပါတယ်။ ထပ်ပြီး ဈေးခေါ်မယ့်သူ ရှိပါသေးလားရှင်"

"သန်းခုနစ်ဆယ်... တစ်ကြိမ်"

"သန်းခုနစ်ဆယ်... နှစ်ကြိမ်"

"သန်းခုနစ်ဆယ်... သုံးကြိမ်"

"ဂုဏ်ယူပါတယ် နံပါတ်၈၈ရှင့်.... မက်မွန်ပွင့်နွေဦးပန်းချီကားကို ရရှိသွားပါပြီ"

လီရုန်ရုန်က လေလံအောင်ကြောင်း တူခေါက်လိုက်သည်။ ထိုပန်းချီကားမှာ ယခုမူ ယဲ့ချန်း၏အပိုင်ဖြစ်သွားလေပြီ။

လော့ကောဖုက ယဲ့ချန်းကို အေးစက်စက် စိုက်ကြည့်နေပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

"ခဏနေပါဦး... ဒီလူက သက်သက်ပြဿနာရှာဖို့လာတာလို့ ကျုပ် သံသယဖြစ်မိတယ်။ သူ တကယ်ဝယ်ချင်တယ်ဆိုရင် ပိုက်ဆံအရင်ချေခိုင်းလိုက်ပါ"

လော့ကောဖု၏ စကားကြောင့် ခန်းမတစ်ခုလုံး ဆူညံသွားသည်။

ယနေ့ ယဲ့ချန်း၏လုပ်ရပ်မှာ အမှန်တကယ်ပင် သံသယဖြစ်ဖွယ်ကောင်းလှသည်။

သူသည် ပစ္စည်းအားလုံးကို မူလတန်ဖိုးထက် ပိုပေး၍ ဝယ်ယူနေခဲ့သည်။

ယခင်က လေလံပွဲအချို့တွင်လည်း ဈေးတင်ပြီး ပွဲဖျက်သွားတတ်သည့်လူများ ရှိခဲ့ဖူးသည်။ ထို့ပြင် ယဲ့ချန်းကလည်း မျက်နှာစိမ်းဖြစ်နေသေးသည်။

ထိုစဉ် ယဲ့ချန်းဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း မတ်တတ်ထရပ်လိုက်၏။

"အမှန်ပဲဗျ။ သူ ခုနကပဲ ကျွန်တော့်ကိုပြောတယ်။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်တဲ့။ ဒီကောင်က ပွဲဖျက်ဖို့လာတာလို့ ခံစားမိတယ်"

ထိုစကားကြောင့် ခန်းမအတွင်းရှိ လူများမှာ ပို၍ပင် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

"မဆန်းတော့ပါဘူး။ ဈေးတွေကို အတင်းလျှောက်တင်နေတာ ပွဲဖျက်ဖို့လာတာကိုး"

"လုံခြုံရေးကလည်း ညံ့လိုက်တာ"

"လေလံပွဲစီစဉ်သူတွေက ဘာလုပ်နေကြတာလဲ"

လူအုပ်ကြီး၏ အကြည့်များမှာ ယဲ့ချန်းအပေါ် အံ့သြနေရာမှ အထင်သေးနေ​သောအကြည့်များအဖြစ် ပြောင်းလဲသွားသည်။

လော့ကောဖု၏ နှုတ်ခမ်းထောင့်စွန်းတွင်လည်း လှောင်ပြုံးတစ်ခု ပေါ်လာသည်။

သူက ခန့်မှန်းရုံသာဖြစ်သော်လည်း တစ်စုံတစ်ယောက်က အတည်ပြုပေးလိုက်သဖြင့် ယဲ့ချန်းက အယောင်ဆောင်ဖြစ်ကြောင်း ပိုထင်ရှားသွားလေပြီ။

လီရုန်ရုန်ကလည်း ယဲ့ချန်းကို စိုးရိမ်တကြီး ကြည့်နေမိသည်။

သူ(မ)မှာ ယဲ့ချန်း၏အင်အားကို ကောင်းကောင်းမသိပေ။ ဤပန်းချီကားအတွက် သန်းခုနစ်ဆယ်သုံးစွဲခြင်းမှာ အမှန်တကယ်ပင် ယုံရခက်လှသည်။

ထိုအချိန်တွင် လေလံပွဲစီစဉ်သူတစ်ဦးက ရှေ့ထွက်လာသည်။

"မစ္စတာယဲ့... ဥက္ကဋ္ဌလော့ ပြောတာလည်း မှန်ပါတယ်။ ပိုက်ဆံအရင်ချေပေးလို့ ရမလား"

ယဲ့ချန်းကမူ လှောင်ရယ်လိုက်၏။

"ခင်ဗျားတို့တွေက ကျုပ်ရဲ့ငွေချေနိုင်စွမ်းကို သံသယဖြစ်နေကြတာပေါ့လေ"

ပုံမှန်အားဖြင့် လေလံပွဲ၏စည်းမျဉ်းမှာ ပွဲပြီးမှသာ ငွေချေရခြင်းဖြစ်သော်လည်း ယခုမူ ယဲ့ချန်းမှာ အကျပ်ကိုင်ခံနေရပြီဖြစ်၏။

လေလံပွဲစီစဉ်သူမှာလည်း အနည်းငယ်ရှက်​နေချေသည်။

တစ်ဖက်တွင် လော့ကောဖုရှိနေပြီး အခြားတစ်ဖက်တွင် လျှို့ဝှက်ဆန်းကြယ်သော သူဌေးတစ်ဦး ရှိနေပေသည်။

သူ့အနေနှင့် မည်သည့်ဘက်ကိုမှ မစော်ကားဝံ့ပေ။

ထိုစဉ် ရှေ့ဆုံးတန်ရှိ ရန်ဖေးက မတ်တတ်ထရပ်လိုက်သည်။

"ထားလိုက်။ အဲဒီလိုလုပ်ဖို့မလိုပါဘူး။ ဒီလူငယ်လေးအတွက် ကျုပ် အာမခံပေးလိုက်မယ်။ တကယ်လို့ သူ ပန်းချီကားကိုမဝယ်နိုင်ခဲ့ရင် ကျုပ်ပဲ ငွေချေပေးမယ်"

ရန်ဖေး၏စကားကို ကြားရသောအခါ အားလုံး မှင်တက်သွားကြသည်။

ရန်ဖေးက ယဲ့ချန်းအတွက် အာမခံပေးရခြင်းမှာ ယဲ့ချန်းထံမှ ထူးခြားသော အရှိန်အဝါတစ်ခုကို ခံစားမိသောကြောင့်ပင်။

ထို့ပြင် ယဲ့ချန်းဝတ်ထားသည့် ပါတက်ဖီလစ်နာရီမှာ သန်းခုနစ်ဆယ်ကျော်တန်သည့် အကန့်အသတ်ထုတ်ဖြစ်သည်။

ထို့ကြောင့် ယဲ့ချန်းအနေနှင့် ဤပန်းချီကားကို ဝယ်နိုင်ခြင်းမှာ ပုံမှန်ပင်။

ရန်ဖေးက အာမခံပေးလိုက်ပြီဖြစ်ရာ လော့ကောဖုနှင့် လေလံပွဲတာဝန်ရှိသူများလည်း ဘာမှထပ်မပြောရဲကြတော့ပေ။

ယဲ့ချန်း၏ သန်းခုနစ်ဆယ်တန်လေလံဆွဲမှုကြောင့် လေလံပွဲမှာ မကြုံဖူးသော အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

လေလံပွဲ၏ ဒုတိယပိုင်း ပြီးဆုံးသွားသောအခါ လူတော်တော်များများ ယဲ့ချန်းနားသို့ စုဝေးလာကြသည်။

အကြီးအကဲရန်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက အာမခံပေးရသည်အထိ ပန်းချီကားတစ်ချပ်ကိုဝယ်ယူရန် သန်းခုနစ်ဆယ်အထိ သုံးနိုင်သူမှာ သာမန်တက္ကစီဒရိုင်ဘာတစ်ယောက် မည်သို့ဖြစ်နိုင်မည်နည်း။

အစောက ယဲ့ချန်းကိုနှိမ်ခဲ့သည့် လူလတ်ပိုင်းအရွယ်အမျိုးသားလည်း ပျာပျာာသလဲရောက်လာသည်။

"လူငယ်လေး... ငါ တကယ်မခန့်မှန်းနိုင်ခဲ့ဘူး။ မင်းက ရွက်ပုန်းသီးလေးပဲ"

ယဲ့ချန်းကတော့ ထိုကဲ့သို့သော သာကူးများကို အဖက်မလုပ်ချင်ပေ။

"မစ္စတာယဲ့... ခင်ဗျားက အရမ်းအထင်ကြီးချင်စရာကောင်းတာပဲ"

ထိုစဉ် ရန်ဖေးက အနားသို့ ချဉ်းကပ်လာသည်။

ယဲ့ချန်းက ရယ်မောလိုက်၏။

"ခုနကကိစ္စအတွက် ကျေးဇူးတင်ပါတယ် ဦးလေးရန်"

"ကျေးဇူးတင်စရာမလိုပါဘူး။ ငါက ငါ့ရဲ့အလိုလိုသိစိတ်ကို အမြဲယုံကြည်တယ်"

ရန်ဖေးက ရယ်မောလျက် ဆိုလေသည်။

သူတို့နှစ်ယောက် စကားစမြည်ပြောဖြစ်ကြသည်။ အသက်အရွယ်ကွာခြားသော်လည်း စိတ်ချင်းဆက်နေကြပုံရသည်။

ရန်ဖေးက ရယ်မောလိုက်၏။

"ဒါနဲ့ တာ့ဟွားလုပ်ငန်းစုက မကြာခင် အထက်တန်းလွှာစီးပွားရေးအခမ်းအနားတစ်ခုကို လက်ခံကျင်းပဖို့ရှိတယ်။ မစ္စတာယဲ့ အားရင် ဆက်ဆက်လာခဲ့ပါဦး"

"သေချာပေါက် လာခဲ့ပါ့မယ်"

ယဲ့ချန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ထိုအခါ ဘေးနားရှိ လူများ၏အမူအရာများမှာ ထူးဆန်းကုန်ပြီး လေထုကလည်း အေးစက်သွားလေတော့သည်။

ယဲ့ချန်း၏အနောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ချဉ်းကပ်လာသည်။

လော့ကောဖုက ယဲ့ချန်း၏အနောက်သို့ ရောက်လာပြီး သူ့ကို အေးစက်စက်အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။

•••••••••••••••••

အပိုင်း ၄၀၄ : အကွက်ဆင်ပြီး ပညာပေးခြင်း

ယဲ့ချန်းက လော့ကောဖုကို တစ်ချက်ကြည့်ပြီး ခပ်အေးအေးပင် ဆိုလိုက်သည်။

"ဘာဖြစ်လို့လဲ... တစ်ခုခုဖြစ်လို့လား"

လော့ကောဖုက အေးစက်စက်လေသံဖြင့် ပြန်ပြောသည်။

"ချာတိတ် သိပ်လည်းမောက်မာမနေနဲ့။ ကိုယ့်အတွက်ကိုယ် နောက်ဆုတ်စရာလမ်းကြောင်းလေးတော့ ချန်ထားဦးမှပေါ့"

ယဲ့ချန်းက ခပ်ဖွဖွရယ်မောလိုက်သည်။

"စိတ်မရှိပါနဲ့... ကျုပ်က ဒီလိုပဲ မောက်မာတတ်တာ။ ခင်ဗျားက ဘာလုပ်ချင်လို့လဲ"

လော့ကောဖု : "..."

ယဲ့ချန်း၏စကားကြောင့် လော့ကောဖု၏ မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားလေတော့သည်။

ခဏနားပြီးနောက် လေလံပွဲ ပြန်လည်စတင်ပေသည်။

လက်ရှိအချိန်အထိ လေလံပစ္စည်း၁၈ခုကို လေလံတင်ထားပြီး အားလုံးကို ယဲ့ချန်းကပင် ဝယ်ယူထားသည်။

နားချိန်အတွင်း ယဲ့ချန်းသည် ပထမပိုင်း၌ သူဝယ်ယူခဲ့သော ပစ္စည်းအားလုံးအတွက် ငွေပေးချေခဲ့သည်။ ယဲ့ချန်း၏ လက်ဖွာပုံကြောင့် လူတိုင်း တစ်ဖန်အံ့အားသင့်ရပြန်သည်။

လီရုန်ရုန်က စင်ပေါ်သို့ ပြန်တက်လာပြီးနောက် ကြေညာလိုက်သည်။

"အခု လေလံတင်မယ့်ပစ္စည်းကတော့ ချင်မင်းဆက်နှောင်းပိုင်းက ကြွေထည်ပစ္စည်းတစ်ခု ဖြစ်ပြီး တန်ဖိုးက ယွမ်တစ်သန်းဖြစ်ပါတယ်"

ယဲ့ချန်းက ချက်ချင်းပင် "တစ်သန်းခွဲ"ဟု ဈေးခေါ်လိုက်သည်။

စိတ်ပျက်စရာကောင်းသည်မှာ ယခုမူ သူဈေးခေါ်လိုက်သည့် မည်သည့်ပစ္စည်းကိုမဆို အခြားလူများက ဈေးလိုက်မပြိုင်ကြတော့ပေ။

အဓိကအကြောင်းအရင်းမှာ လူတိုင်းက ယဲ့ချန်း၏နောက်ခံအင်အားကို ကြောက်ရွံ့နေကြခြင်းပင်။

အကယ်၍ ယဲ့ချန်းလိုချင်သည့်အရာကို လိုက်ပြိုင်လျှင် ယဲ့ချန်းနှင့် ထိပ်တိုက်တွေ့သလို ဖြစ်မည်မဟုတ်ပါလော။

အကယ်၍ ယဲ့ချန်းက အဆက်အသွယ်အင်အားကြီးမားသည့် အမွေဆက်ခံသူတစ်ဦး ဖြစ်နေခဲ့လျှင် သူ့ကိုစော်ကားမိသလို ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် လူတော်တော်များများက ဝယ်ချင်ကြသော်လည်း ယဲ့ချန်း၏အရှိန်အဝါကြောင့် နောက်ဆုတ်နေကြခြင်းပင်။

ဤအခြေအနေကြောင့် ယဲ့ချန်း အနည်းငယ်စိတ်ပျက်မိသည်။

အားလုံးက ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေကြတာလဲ။ ဈေးကို ဝိုင်းတင်ပေးကြမှပေါ့။

အခြားလူများက ဈေးမြှင့်ပေးလေလေ သူ့အနေနှင့် ငွေပိုရလေလေပင်။

ထိုစဉ် လော့ကောဖုက ဆိုင်းဘုတ်ကို မြှောက်လိုက်သည်။

"နှစ်သန်း"

တစ်စုံတစ်ယောက်က ဈေးပြိုင်လာသည်ကို တွေ့သောအခါ ယဲ့ချန်းမှာ စိတ်မပျက်သည့်အပြင် အလွန်ကျေနပ်သွားသည်။

လော့ကောဖုကိုပင် ရုတ်တရက်အမြင်ကြည်သွားသလို ခံစားလိုက်ရသည်။

လော့ကောဖု၏ ဈေးခေါ်သံကြောင့် လူအများ၏ မျက်နှာအမူအရာကား စိတ်ဝင်တစားဖြစ်သွားသည်။

လော့ကောဖုသည် အစောပိုင်းက အရှက်ကွဲခဲ့ရခြင်းကို ယခုတစ်ကြိမ်တွင် သိက္ခာပြန်ဆည်ချင်နေခြင်းပင်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"နှစ်သန်းခွဲ"

လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။

ယဲ့ချန်းကတော့ ယခင်အတိုင်းပင် ပြတ်ပြတ်သားသားရှိလှသည်။

လော့ကောဖုက နှာခေါင်းတစ်ချက်ရှုံ့ပြီး ဈေးထပ်ခေါ်လိုက်သည်။

"သုံးသန်း"

အခြားသူများကဲ့သို့ပင် သူလည်း ယဲ့ချန်းက ပစ္စည်းအားလုံးကို သိမ်းကျုံးဝယ်ယူရန် ရည်ရွယ်ထားသည်ဟု ထင်နေပေသည်။

ထို့ကြောင့် ယဲ့ချန်းကို အလွယ်တကူမရစေရန် နှောင့်ယှက်နေခြင်းပင်။ သူ့အတွေးမှာ ရိုးရှင်းလှသည်။

ဈေးကိုမြှင့်လိုက်လျှင် သူဝယ်ချင်လျှင်ပင် ဈေးများများ ပေးဝယ်ရမည်ဖြစ်၏။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။

"ငါးသန်း"

လော့ကောဖုက သရော်လိုက်သည်။

"ဆယ်သန်း"

တစ်ခန်းလုံး ဆူညံသွားသည်။

ဤဈေးနှုန်းမှာ ပစ္စည်းတန်ဖိုးထက် များစွာကျော်လွန်နေပြီဖြစ်၏။

"သန်းနှစ်ဆယ်"

ယဲ့ချန်းကတော့ မျက်တောင်တစ်ချက်ပင်မခတ်ဘဲ ဈေးခေါ်လိုက်ပြန်သည်။

လော့ကောဖုက လှောင်ပြုံးပြုံးလိုက်သည်။

ဒီကောင်က အကုန်သိမ်းကျုံးဝယ်ချင်နေတာပဲ။

"မင်းက အကုန်သိမ်းချင်တယ်ဆိုတော့လည်း ငါက ဈေးကောင်းကောင်းပေးခိုင်းရမှာပေါ့"

လော့ကောဖု၏အကြည့်များ အေးစက်သွားသည်။

"သန်းတစ်ရာ"

ထို့နောက် သူက ယဲ့ချန်းကို ရန်စလေဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုအချိန်တွင် ခန်းမတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားသည်။

"သေစမ်း။ လောင်လော့က ဒီကောင်လေးကိုထိပ်တိုက်တွေ့ဖို့ ကြံနေတာပဲ"

လူတော်တော်များများက ယဲ့ချန်းကို အကုန်သိမ်းကျုံးဝယ်မည့်သူဟု ထင်ကြသဖြင့် လော့ကောဖုဘက်က သန်းတစ်ရာဈေးခေါ်လိုက်သော်လည်း ယဲ့ချန်းက ထပ်တိုးလိမ့်မည်ဟု ယုံကြည်နေကြသည်။

"ဒီကောင်လေး သန်းနှစ်ရာလို့များ ထပ်ခေါ်ဦးမလား"

"ဒီကောင်လေးရဲ့စရိုက်အရ ဖြစ်နိုင်လောက်တယ်"

"လောင်လော့ကတော့ တော်တော်ယုတ်တာပဲ။ သူက ဒီကောင်လေးကို ထောင်ချောက်ဆင်နေတာ"

သို့သော် အားလုံးကို အံ့အားသင့်စေသည်မှာ ယခုတစ်ကြိမ်တွင် ယဲ့ချန်းက နှုတ်ဆိတ်နေခြင်းပင်။

လော့ကောဖုကမူ အကယ်၍ ယဲ့ချန်းကသာ ဈေးထပ်တိုးလာလျှင် လက်လျှော့လိုက်ရန် စီစဉ်ထားသည်။

သို့မှသာ ယဲ့ချန်းက ဈေးကြီးပေးဝယ်လိုက်ရမည် မဟုတ်ပါလော။

သို့သော် ယခုတွင်မူ ယဲ့ချန်းက ထိုင်ခုံတွင် အေးအေးလူလူထိုင်၍ လက်ပိုက်လျက် ပွဲကြည့်နေသည်။

သေစမ်း...ဒီကောင် တကယ်ပဲ ဈေးမတိုးတော့တာလား

ထိုအချိန်တွင် လော့ကောဖု ပျာယာခတ်သွားတော့သည်။

ဤကြွေထည်၏တန်ဖိုးမှာ နှစ်သန်းဝန်းကျင်သာ ရှိ၏။ သန်းတစ်ရာပေးဝယ်ခြင်းမှာ စင်စစ်တုံးအလှသောလုပ်ရပ်ပင်။

"မစ္စတာလော့က သန်းတစ်ရာ ဈေးခေါ်ထားပါတယ်။ တခြားဈေးပြိုင်မယ့်လး ရှိသေးလားရှင့်"

လီရုန်ရုန်၏အကြည့်များက ယဲ့ချန်းထံသို့ ရောက်နေသည်။ သို့သော် ယဲ့ချန်း၏ အမူအရာကတော့ ပွဲကြည့်နေသည့်အလားပင်။

လီရုန်ရုန်ပင် ဆွံ့အသွားရသည်။

ယဲ့ချန်းက ဒီလောက်တောင်ပါးနပ်တာလား။

ထိုအချိန်တွင် လော့ကောဖု၏မျက်နှာကား ကြည့်မကောင်းတော့ပေ။

လီရုန်ရုန်ကတော့ အားတက်သရောအော်လိုက်သည်။

"သန်းတစ်ရာ... တစ်ကြိမ်"

"သန်းတစ်ရာ... နှစ်ကြိမ်"

"သန်းတစ်ရာ... သုံးကြိမ်"

"ဂုဏ်ယူပါတယ် မစ္စတာလော့...ချင်မင်းဆက်နှောင်းပိုင်းကြွေထည်ကို ရရှိသွားပါပြီ"

သို့သော် လော့ကောဖုကတော့ လုံးဝမပျော်ဘဲ စိတ်ပျက်မွန်းကျပ်မှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ အကြီးအကျယ် ရှုံးနိမ့်မှုပင်။

ယဲ့ချန်းအနေနှင့် သန်းပေါင်းများစွာ အမြတ်ရနိုင်သော်လည်း ငွေထက် လော့ကောဖု၏ စိတ်ပျက်နေသည့် မျက်နှာကိုသာ ပိုမြင်ချင်မိသည်။

လော့ကောဖုလည်း ယဲ့ချန်းထံမှ အကွက်ဆင်ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

"မင်း... မင်း ငါ့ကို အကွက်ဆင်လိုက်တာလား"

လော့ကောဖုလည်း သူ့အဆင့်အတန်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဒေါသတကြီးပေါက်ကွဲလေတော့သည်။

လော့ကောဖု ပုံပျက်ပန်းပျက် ဒေါသထွက်နေပုံကိုကြည့်ပြီး ပွဲကြည့်ပရိသတ်များမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြရသည်။

ဤဇာတ်လမ်းမှာ လော့ကောဖုက ယဲ့ချန်းကို ထောင်ချောက်ဆင်ရန် ကြိုးစားရင်း ကိုယ့်ထောင်ချောက်ကိုယ် ပြန်မိသွားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။

ခင်ဗျားပဲ ဟိတ်ဟန်ထုတ်နေတာမဟုတ်လား...

ဒီလောက်ဟိတ်ဟန်ထုတ်ရ တော်ရောပေါ့...

နှစ်သန်းသုံးသန်းတန်ပစ္စည်းကို သန်းတစ်ရာ ပေးပြီးဝယ်လိုက်ရတယ်လို့...

သို့သော် ယဲ့ချန်းက ဤမျှအထိ ပါးနပ်လိမ့်မည်ဟု သူ မထင်ထားပေ။

သန်းတစ်ရာ ဆုံးရှုံးလိုက်ရသဖြင့် လော့ကောဖု နှမြောသလားဆိုလျှင် သေချာပေါက်နှမြောသည်။

အထူးသဖြင့် ဤတစ်ကြိမ်တွင် အရှုံးက ကြီးမားလှသည်။

အရေးကြီးဆုံးမှာ ဂုဏ်သိက္ခာပင်။

ဤကိစ္စက လူကုံထံအသိုင်းအဝိုင်းတွင် သေချာပေါက် ပျံ့နှံ့သွားမည်သာ။ လော့ကောဖုလည်း လူရယ်စရာဖြစ်သွားပေတော့မည်။ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ထံတွင် လှည့်စားခံလိုက်ရသည့် မြေခွေးအိုကြီးဟုပင်။

အချို့ဆိုလျှင် လော့ကောဖု၏ အရှက်ရနေသော ပုံရိပ်ကို လူမှုကွန်ရက်ပေါ်သို့ တင်နေကြပြီဖြစ်၏။

လော့ကောဖုမှာ ဤအရှက်ကွဲမှုကို မည်သို့ခံနိုင်မည်နည်း။

ယဲ့ချန်းကတော့ အပြစ်ကင်းစင်လေဟန်ပင်။

"ဥက္ကဋ္ဌလော့... ကျွန်တော် နားမလည်ဘူးဗျ။ ကျွန်တော်က ခင်ဗျားကို ဘယ်လိုအကွက်ဆင်လို့လဲ။ ခင်ဗျားက ကျွန်တော့်ထက် ပိုရက်ရောလို့လေ။ ကျွန်တော်သာဆိုရင် ဒီကြွေထည်အတွက် သန်းတစ်ရာမသုံးနိုင်ဘူး။ ခင်ဗျားက တကယ်လက်ဖွာတာပဲ"

လော့ကောဖု : "မင်း..."

"ဒီလိုတန်ဖိုးကြီးတဲ့ ကြွေထည်ကို သန်းတစ်ရာနဲ့ရသွားတဲ့အတွက် ဥက္ကဋ္ဌလော့ကို ဂုဏ်ပြုပါတယ်ဗျာ"

ယဲ့ချန်းက ပြုံးပျော်စွာဖြင့် ပြောလိုက်သည်။

လော့ကောဖု : "..."

လော့ကောဖုခမျာ စားမကောင်းသည့်အရာတစ်ခုကို မျိုချလိုက်ရသလိုဖြစ်နေကြောင်း မြင်ရသောအခါ ယဲ့ချန်း စိတ်ထဲမှခိုးပြုံးမိသည်။

'ခင်ဗျားက ကျုပ်ကို အကွက်ဆင်ချင်တာကိုး'

ယဲ့ချန်းအနေနှင့် ငွေအမြောက်အမြားရှာနိုင်သော်လည်း လော့ကောဖုကို အနိုင်ပိုင်းလိုက်ရသည့်အရသာကို ပိုသဘောကျသည်။

လော့ကောဖုမှာမူ ဒေါသတကြီးဖြင့် အံတကြိတ်ကြိတ်လုပ်နေရုံမှတစ်ပါး ယဲ့ချန်းကိုလည်း ဘာမှမလုပ်နိုင်ပေ။

သူဌေးကြီးတစ်ယောက်ဖြစ်သော်လည်း လူငယ်တစ်ဦးထံမှ လှည့်စားခံလိုက်ရသဖြင့် သူ့ဂုဏ်သိက္ခာ လုံးဝကျဆင်းသွားရသည်။

လော့ကောဖုခမျာ ထိုအကြောင်းတွေးလေလေ မကျေနပ်လေလေပင်။ သို့သော် သူ့နှုတ်ခမ်းထောင့်တွင် အေးစက်ခက်ထန်သော အပြုံးတစ်ခု ပေါ်လာပြန်သည်။

ယဲ့ချန်းကလည်း ထိုအပြုံးကို မြင်လိုက်ရသဖြင့် ယဲ့ချန်းကလည်း အေးစက်စက်လှောင်ရယ်လေသည်။

ဒီလူ တစ်ခုခုထပ်ကြံစည်ပြန်ပြီထင်တယ်...

လေလံပွဲကို ဆက်လက်ကျင်းပလေသည်။ သန်းတစ်ရာသုံးလိုက်ရသဖြင့် လော့ကောဖုခမျာ အထိနာသွားပုံရပြီး ဈေးထပ်မပြိုင်တော့ပေ။

ကျန်ပစ္စည်းများမှာ သန်းဆယ်ဂဏန်းအောက်သာ ရှိသဖြင့် ထူးထူးခြားခြားမရှိလှပေ။

ပွဲအလယ်လောက်တွင် ယွမ်သုံးသန်းတန်လက်ရေးလှပန်းချီတစ်ခု ထွက်ပေါ်လာသည်။

လော့ကောဖုက ဆိုင်းဘုတ်မြှောက်ကာ ငါးသန်းအထိ ဈေးတင်လိုက်သည်။

ထိုအချိန်တွင် လူတိုင်း ယဲ့ချန်းကို ကြည့်နေကြသည်။

အံ့သြစရာကောင်းသည်မှာ ယခုတစ်ကြိမ်တွင် ယဲ့ချန်းက လော့ကောဖုနှင့် ဈေးမပြိုင်တော့ခြင်းပင်။

'သူများကိုလည်း လမ်းချန်ပေးရဦးမှာပေါ့။ အတင်းလိုက်ပြိုင်နေရင် လွန်ရာကျလိမ့်မယ်'

လေလံပွဲကို ဆက်လက်ကျင်းပလေရာ နောက်ထပ်ပစ္စည်းတစ်ခု ထွက်လာသည်။

ဤပစ္စည်းမှာ ဂူချီအမှတ်တံဆိပ် လက်ဝတ်ရတနာတစ်ခု ဖြစ်၏။ ဂူချီ၏နှစ်ခုနစ်ဆယ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားသော ခရစ်စတယ်ဆွဲသီးလေးဖြစ်ပြီး သိမ်းဆည်းထားရန် အလွန်တန်ဖိုးရှိလှသည်။

ဤရတနာကို မြင်လိုက်သည်နှင့် မိန်းကလေးများ၏ မျက်လုံးများကား တောက်ပသွားချေသည်။

လော့ကောဖု၏ဘေးရှိ မိန်းကလေးကလည်း လော့ကောဖု၏လက်မောင်းကို ချိတ်ကာ ပူဆာလေတော့သည်။

"ယောကျ်ား.. ကျွန်မ အဲ့ဒါလေးလိုချင်တယ်"

••••••••••••••

အပိုင်း ၄၀၅ : ဂူချီဥက္ကဋ္ဌ

တေးဂီတသံနှင့်အတူ ရိုးရာဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် လေလံစင်မြင့်ပေါ်သို့ တက်လာလေသည်။

"အားလုံးပဲ မင်္ဂလာပါရှင်...ကျွန်မကတော့ ဟွားနိုင်ငံဂူချီကုမ္ပဏီရဲ့စီအီးအို လီနာပါ။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ကုမ္ပဏီက ဒီလေလံပွဲကို ကူညီဖို့အတွက် တစ်ခုတည်းသော အဖိုးတန်လက်ဝတ်ရတနာကို ထုတ်ပေးထားပါတယ်။ ဒီဒီဇိုင်းက တစ်ကမ္ဘာလုံးမှာ ငါးခုပဲရှိတာပါ။ နှစ်ခုကတော့ ဝိုင်နိုင်ငံရဲ့ ဘုရင်မကြီးဆီမှာ ရှိပြီး နောက်တစ်ခုကတော့ အနောက်အာရှက မင်းသမီးတစ်ပါးဆီမှာ ရှိပါတယ်။ နောက်ထပ်တစ်ခုကိုတော့ ကျွန်မတို့ရဲ့အဓိကရှယ်ယာရှင် မစ္စတာယဲ့ကို လက်ဆောင်ပေးထားပါတယ်။ အခု ပိုင်ရှင်မဲ့နေတာ နှစ်ခုပဲကျန်ပါတော့တယ်။ ဒီရတနာက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းရဲ့ သင်္ကေတပါ။ အားလုံး သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

လီနာ၏မိတ်ဆက်စကားကို ကြားလိုက်ရသောအခါ ခန်းမထဲရှိ အမျိုးသမီးများ၏ မျက်လုံးများကား တောက်ပသွားသည်။

ဂူချီသည် အမျိုးသမီးတိုင်း၏အသည်းစွဲဇိမ်ခံအမှတ်တံဆိပ်ပင်။

ထို့ပြင် တစ်ကမ္ဘာလုံးမှာ ငါးခုတည်းရှိပြီး ဘုရင်မကြီးနှင့် မင်းသမီးကပင် ဆင်မြန်းထားသည်ဟူသောအချက်က ဤရတနာ၏ တန်ဖိုးကို မသိမသာမြှင့်တင်ပေးလိုက်သလို ဖြစ်သွားသည်။

"အခြေခံဈေးနှုန်းက အနည်းဆုံး သန်းဆယ်ဂဏန်းတော့ ရှိမှာပဲ"

"ဒါပေါ့... ဒါက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကိုယ်စားပြုထားတာလေ"

"ယောကျ်ား ကျွန်မအတွက် ဒါလေး ရအောင်ဝယ်ပေးရမယ်နော်"

ထိုအချိန်တွင် မိန်းကလေးများမှာ ထိုရတနာကို လိုချင်သဖြင့် သူတို့၏အမျိုးသားများကို ချွဲနွဲ့ကြတော့သည်။

"မပူပါနဲ့... မင်းအတွက် သေချာပေါက်ဝယ်ပေးမှာပေါ့"

"မစ္စတာယဲ့နဲ့ ထိပ်တိုက်တွေ့ရရင်တောင် ဒီရတနာကိုတော့ ရအောင်ယူပြမယ်"

"စိတ်ချပါ မိန်းမရာ... ကိုယ် မင်းအတွက် ဒါကို လေလံဆွဲပေးမယ်"

...

လီနာ၏စကားကြောင့် လေလံခန်းမတစ်ခုလုံး အသက်ဝင်လာတော့သည်။

ဤအခြေအနေကို မြင်သောအခါ လီနာ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

ယဲ့ချန်းက ထိုရတနာကိုကြည့်ပြီး ခဏမျှ ကြက်သေသေသွားသည်။

'ဒါက ငါ စုဝမ်ယိကို လက်ဆောင်ပေးထားတဲ့ ပစ္စည်းပဲ'

ယဲ့ချန်းကတော့ သိသည်။ ဘုရင်မကြီးနှင့် မင်းသမီးဟူသော အကြောင်းအရာများမှာ ဈေးကွက်မြှင့်တင်ရန်အတွက် ဖန်တီးထားသော စကားများသာ။

ကြမ်းခင်းဈေးမှာ ဆယ်သန်းပင်။

သို့သော် ခဏတွင်းချင်းမှာပင် ဈေးနှုန်းက သန်းနှစ်ဆယ်အထိ တက်သွားတော့သည်။

ပုံမှန်ဆိုလျှင် ဈေးမပြိုင်တတ်သော ရန်ဖေးပင် ဤတစ်ကြိမ်တွင် နှစ်ဆယ့်ငါးသန်းဖြင့် ဈေးခေါ်လိုက်သည်။

သို့သော် လော့ကောဖုကလည်း အရယူမည့်ပုံစံဖြင့် သန်းသုံးဆယ်အထိ ဈေးမြှင့်လိုက်ပြန်သည်။

ထို့နောက် ယဲ့ချန်းကို စိန်ခေါ်သလိုကြည့်လိုက်သေးသည်။ ယဲ့ချန်းက ခပ်ပြုံးပြုံးဖြင့် ဆိုင်းဘုတ်ကိုမြှောက်လိုက်သည်။

"သန်းတစ်ရာ"

သေစမ်း... တစ်ခါတည်းနဲ့ သန်းတစ်ရာတဲ့လား။

လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်း၏အကြည့်က ယဲ့ချန်းထံသို့ ကျရောက်လာကြသည်။

ဤလူငယ်က ဈေးခေါ်လျှင် ရက်စက်လွန်းလှသည်။ ဂူချီရတနာက တန်ဖိုးရှိသည်ဆိုစေဦးတော့။ သန်းတစ်ရာဆိုသည်မှာ လွန်လွန်းလှသည်မဟုတ်လော။

ရန်ဖေးလည်း ခဏမျှတုံ့ဆိုင်းသွားပြီး ယဲ့ချန်းကို ကြည့်လိုက်သည်။

သို့သော် ယဲ့ချန်း၏အမူအရာကို မြင်လိုက်ရသောအခါ သူလည်း တစ်ခုခုကိုရိပ်မိသွားပြီး ခပ်ဖွဖွပြုံးလိုက်လေတော့သည်။

ထိုအခိုက် လေလံပွဲ၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

"သေလိုက်ပါတောကွာ။ ဒီကောင်လေးက ဘယ်သူမို့လို့ သန်းတစ်ရာတောင် ပေးဝယ်ရတာလဲ"

"သူ့အိမ်မှာ ရွှေတွင်းရှိနေလို့လား"

"သူဌေးကြီးတစ်ယောက်ယောက်ရဲ့ သားများလားမသိဘူး"

"ဘာမဟုတ်တာလေးတစ်ခုကို ဘာမှမဟုတ်သလိုသုံးပြလိုက်တာပဲ။ မိုက်တယ်"

...

ပရိသတ်များမှာ ယဲ့ချန်း၏လက်ဖွာပုံကို အံ့သြနေကြသလို လီနာပင် ခဏမျှကြောင်အသွားသည်။

လီနာက စင်နောက်၌ရှိနေစဉ် ဈေးခေါ်နေသောလူငယ်ကို မြင်လိုက်ရချိန်ဝယ် အံ့အားသင့်သွားလေသည်။

ဒါက ဥက္ကဋ္ဌယဲ့မလား

ဤရတနာက တစ်ကမ္ဘာလုံးမှာမှ လေးခုသာရှိသည်။ ဥက္ကဋ္ဌယဲ့တွင် တစ်ခုရှိနေပြီမဟုတ်လား။ ဘာလို့ ထပ်ဈေးခေါ်နေတာလဲ။

ထို့ပြင် ကိုယ့်ကုမ္ပဏီကပစ္စည်းကို ကိုယ်တိုင်ပြန်ဝယ်ခြင်းမှာ ဘယ်လိုအကွက်မျိုးလေလဲ။

လီနာခမျာ ဇဝေဇဝါဖြစ်သွားရသည်။

လော့ကောဖု၏ ကောင်မလေးက နှုတ်ခမ်းစူလိုက်၏။

"ယောကျ်ား... ရှင် ဒီကောင်လေးကို အရှုံးပေးတော့မှာလား"

ယဲ့ချန်း၏ ဝင့်ကြွားနေဟန်ပုံစံကို မြင်သောအခါ လော့ကောဖု မျက်မှောင်ကြုတ်လိုက်မိသည်။

လော့ကောဖုအနေနှင့် မိန်းကလေးတစ်ယောက်အတွက် သန်းတစ်ရာသုံးရန် အစီအစဉ်မရှိပေ။ သို့သော် ဤသည်မှာ ယဲ့ချန်းကို ပြန်အကွက်ဆင်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုပင်။

ယဲ့ချန်းက ဈေးကို ချက်ချင်းဆိုသလို အဆပေါင်းများစွာ မြှင့်လိုက်သဖြင့် ဤရတနာကို သူ လိုချင်နေသည်ဟု လော့ကောဖုထင်သွား​လေသည်။

ဤသည်မှာ ယဲ့ချန်းကို ပြန်ပညာပေးဖို့ အကောင်းဆုံးအချိန်ပင်။

သို့သော် ဤတစ်ကြိမ်တွင် လော့ကောဖုက ပြီးခဲ့သည့်တစ်ခေါက်ကလို အရူးအမူးဈေးမတင်တော့ဘဲ ပါးပါးနပ်နပ်ဖြင့် ဆိုင်းဘုတ်မြှောက်လိုက်သည်။

"သန်းတစ်ရာ့ငါးဆယ်"

လော့ကောဖု၏ဈေးခေါ်သံကြောင့် လူအုပ်ကြီးမှာ ဆူညံသွားပြန်သည်။

"လောင်လော့က ယဲ့ချန်းနဲ့ သူသေကိုယ်သေပြိုင်တော့မယ်ထင်တယ်"

လော့ကောဖုက ကြိုတင်စီစဉ်ထားပြီးဖြစ်၏။ ယဲ့ချန်းက သေချာပေါက် ဈေးထပ်တိုးပေလိမ့်မည်။ ထိုအခါမှသာ သူ ချက်ချင်း လက်လျှော့လိုက်မည်။

ယဲ့ချန်းက သူ့ကို အကွက်ဆင်ထားသဖြင့် သူလည်း ယဲ့ချန်းကို ထောင်ချောက်ထဲ ပြန်တွန်းပို့ရမည်။

သို့မှသာ သရေဖြစ်သွားပြီး သူလည်း အရှက်ကွဲတော့မည်မဟုတ်ချေ။

"လောင်လော့ကြီးက အကွက်ရွှေ့လိုက်ပြီ။ ယဲ့ချန်း ကြောက်ပြီးနောက်ဆုတ်မသွားဖို့ မျှော်လင့်ရမှာပဲ"

"ယဲ့ချန်းက သူ့ကောင်မလေးအတွက်ဆိုပြီး အတင်းဝယ်ဦးမှာ"

"ယဲ့ချန်းရဲ့စရိုက်အရ သန်းနှစ်ရာအထိ ဈေးခေါ်ဦးမှာသေချာတယ်"

...

လူတိုင်းက ပွဲကြီးပွဲကောင်းကြည့်ရန် ယဲ့ချန်းကို စိုက်ကြည့်နေကြသည်။

သို့သော် အားလုံးကို အံ့အားသင့်သွားစေသည်မှာ ယဲ့ချန်းက ဘာမှမဆိုင်သလို ခြေချိတ်ထိုင်၍ အေးအေးဆေးဆေးနေနေခြင်းပင်။

လော့ကောဖုလည်း ယဲ့ချန်း၏အမူအရာကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

သေစမ်း... ဒီကောင် ငါ့ကို ထပ်ပြီးအကွက်ဆင်လိုက်ပြန်ပြီလား

လော့ကောဖုလည်း ဒေါသတကြီးထရပ်လိုက်၏။

"ဟေ့ကောင်.. မင်း ယောက်ျားမဟုတ်ဘူးလား။ မိန်းကလေးတစ်ယောက်ရဲ့ တောင်းဆိုချက်ကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူးလား"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ကျွန်တော့်ကောင်မလေးက အဲ့လိုမျိုးတွေ မတောင်းဆိုတတ်ဘူး။ ကျွန်တော်က အ​ပျော်သက်သက် ဈေးခေါ်တာ"

"မင်း..."

လော့ကောဖု၏ မျက်နှာကား ဒေါသကြောင့် နီမြန်းသွားလေတော့သည်။

ဘေးနားတွင်လည်း လီရုန်ရုန်က ဈေးစခေါ်နေပြီဖြစ်၏။

"သန်းတစ်ရာ့ငါးဆယ်... တစ်ကြိမ်"

"သန်းတစ်ရာ့ငါးဆယ်... နှစ်ကြိမ်"

"သန်းတစ်ရာ့ငါးဆယ်... သုံးကြိမ်"

လီရုန်ရုန်၏ လေလံအောင်သည့်တူသံ ထွက်ပေါ်လာချိန်တွင် လော့ကောဖုခမျာ ကြောင်အသွားရတော့သည်။

လီရုန်ရုန်က ပြုံးလျက် ပြောလိုက်၏။

"ဆက်လက်ပြီးတော့ ဂူချီရဲ့စီအီးအိုလီနာအနေနဲ့ 'ကြယ်တာရာရဲ့ ကြယ်ပွင့်'ရတနာနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို မစ္စတာလော့ကို ကိုယ်တိုင်ကိုယ်ကျအပ်နှင်းဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်"

လီနာကမူ လက်ခါပြလိုက်သည်။

"မဖြစ်ဘူး။ ကျွန်မတို့ဂူချီရဲ့ ဥက္ကဋ္ဌယဲ့ကိုယ်တိုင် ထုတ်ပေးရမယ့်လက်မှတ်ကို ကျွန်မက ဘယ်လိုလုပ်ပြီး ပေးလို့ရမှာလဲ"

ဥက္ကဋ္ဌယဲ့လား....

ခန်းမတစ်ခုလုံး ကြက်သေသေသွားချေသည်။

"ဂူချီရဲ့ဥက္ကဋ္ဌက ဒီကိုရောက်နေတာလား"

"မဖြစ်နိုင်တာ။ ဂူချီရဲ့ဥက္ကဋ္ဌအသစ်က အရမ်းငယ်သေးတယ်လို့ ကြားဖူးပေမဲ့ ဒီနေရာမှာ ဘယ်နိုင်ငံခြားသားကိုမှ မမြင်မိပါဘူး"

လူတိုင်း ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။

ဂူချီဥက္ကဋ္ဌက ဟွားနိုင်ငံသား ဖြစ်နေလေသလား။

ထိုအချိန်တွင် ယဲ့ချန်းက ထိုင်နေရာမှ မတ်တတ်ထရပ်ကာ လေလံစင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားသည်။

"သူက ဘာလို့အပေါ်တက်သွားတာလဲ"

"ဒီကောင်က သူကိုယ်သူ ဂူချီဥက္ကဋ္ဌလို့ ထင်နေတာလား"

အားလုံး ကြောင်ကြည့်နေစဉ်မှာပင် လီနာက တရိုတသေနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

"ဥက္ကဋ္ဌယဲ့လား"

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။

"သေစမ်း။ ယဲ့ချန်းက ဂူချီရဲ့ဥက္ကဋ္ဌအသစ်ကိုး"

"ဂူချီလိုကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌက ဒီလူငယ်လေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"

"သူက သူဌေးသားတစ်ယောက်လို့ ထင်နေတာ။ တကယ်တော့ သူ့နောက်ခံက ဒီထက်ပိုပြီးကြောက်စရာကောင်းနေတာပဲ"

"ဒါဆို သူက ကိုယ့်ကုမ္ပဏီကပစ္စည်းကို ဘာလို့လေလံလိုက်ဆွဲနေတာလဲ"

"ဝိုး... ယဲ့ချန်းရဲ့အကွက်က နက်နဲပါပေတယ်"

လူတိုင်း ချက်ချင်းဆိုသလို သဘောပေါက်သွားကြသည်။

ထို့နောက် အားလုံး၏အကြည့်က မှင်တက်နေသော လော့ကောဖုထံသို့ ရောက်သွားကြတော့သည်။ အချို့ဆိုလျှင် ထရယ်မိတော့မတတ်ပင်။

ဥက္ကဋ္ဌလော့တစ်ယောက် အကွက်ဆင်ခံလိုက်ရပြန်လေပြီ။

ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရသောအခါ ရန်ဖေးပင် အံ့သြသွားရသည်။

အစတုန်းက ယဲ့ချန်းကို သူဌေးသားတစ်ယောက်ဟု ထင်ထားသော်လည်း မမျှော်လင့်ထားပါဘဲ ဂူချီ၏ဥက္ကဋ္ဌဖြစ်နေခဲ့သည်။

ဂူချီဆိုသည်မှာ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်၏။ ထိုကဲ့သို့သော ကုမ္ပဏီမျိုးတွင် ဟွားနိုင်ငံသားတစ်ယောက်က ဥက္ကဋ္ဌဖြစ်လာသည်ဆိုခြင်းမှာ ယဲ့ချန်း၏အင်အား မည်မျှကြီးမားကြောင်း သက်သေပြနေခြင်းပင်။

အစောတုန်းက ယဲ့ချန်း သူ့ကို ဘာကြောင့်မျက်စိမှိတ်ပြခဲ့လဲဆိုသည်ကို ရန်ဖေး သဘောပေါက်သွားသည်။

သူ လော့ကောဖုအတွက် စိတ်မကောင်းဖြစ်မိသည်။

စီးပွားရေးလောကတွင် မြေခွေးအိုကြီးဟု လူသိများသော လော့ကောဖုက ယနေ့မှာမူ ယဲ့ချန်းရဲ့လှည့်စားခြင်းကို အလဲအလဲအကွဲကွဲခံလိုက်ရလေပြီ။

ယခုတစ်ကြိမ်တွင် လော့ကောဖု သန်းတစ်ရာ့ငါးဆယ် အလိမ်ခံလိုက်ရပြန်သည်။

ထိုရတနာ၏တန်ဖိုးမှာ သန်းသုံးဆယ်ခန့်သာ ရှိလေရာ ယဲ့ချန်းက လော့ကောဖုဆီမှ သန်း၁၂၀ခန့်ကို အကွက်ဆင်၍ ယူလိုက်ခြင်းပင်။

အခွန်အခများ နုတ်လိုက်လျှင်ပင် ယဲ့ချန်းမှာ လော့ကောဖုဆီက အမြတ်အစွန်းအများကြီး ရလိုက်လေသည်။

ထိုအချိန်တွင် ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရသော လော့ကောဖုမှာမူ အံ့သြမှင်တက်သွားလေတော့သည်။

All Chapters