ကြေငြာချက်
Vol. 21 Ch. 222
လန်ကျားတောင်ပေါ်တွင် သူတော်စင်သခင်၏အကြည့်က တိုင်းတာ၍မရအောင်ဝေးကွာသော အဇူရာတိမ်ကုန်းမြေတိုက်ကြီးတောင်ပိုင်းဆီ ရောက်ရှိနေခဲ့၏။
သူ့မျက်ခုံးများတွန့်ကွေးနေခဲ့သည်။
အဇူရာတိမ်ဂိုဏ်းတောင်ပိုင်းတွင် ဘယ်သူတွေ တိုက်ခိုက်နေပါသနည်း။
ထိုမျှကြီးမားသောတိုက်ပွဲအဟုန်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များဆီကသာ ထွက်လာနိုင်သောအရာမဟုတ်ပါလော။
အဘယ်ကြောင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှစ်ယောက်က အဇူရာတိမ်ဂိုဏ်းတောင်ပိုင်းတွင် တိုက်ခိုက်နေရပါသနည်း။ ထိုအရာက အခြားဂိုဏ်းကြီးများကြားက ကိစ္စပေလော။ သို့မဟုတ် အဇူရာတိမ်ဂိုဏ်းကတစ်ယောက်ယောက် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုတက်ရောက်သွားခြင်းပေလော။
အကယ်၍ အဇူရာတိမ်ဂိုဏ်းမှတစ်ယောက်ယောက် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်ရှိသွားတာ ဆိုလျှင်တော့ ကမ္ဘာကြီး၏မျှခြေက ပြောင်းလဲသွားပေတော့မည်။
သူနတ်အာရုံသုံးကာ အဇူရာတိမ်ကုန်းေမြတုိက်ကြီးနားတွင်ပုန်းအောင်းခိုင်းထားသော တာအိုပေါင်းစည်းခြင်းအဆင့်ကိုဆက်သွယ်၍ တောင်ပိုင်းကိုသွားစုံစမ်းခိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် သိပ်မဝေးသာ၀မ်လင်းဂိုဏ်း ဂိုဏ်းချုပ်ကလည်း တိုက်ပွဲအဟုန်ကို ခံစားမိလိုက်၏။
သူကိုယ်တိုင်ကျိုးကျွင်းချန်းကိုလွှတ်ထားခြင်းဖြစ်သောကြောင့် တစ်ဖက်က ကျိုးကျွင်းချန်းဆိုတာကိုတော့ သူသေချာသိပေသည်။
သို့သော် တစ်ဖက်က မည်သူဖြစ်နိုင်ပါသနည်း။
တိုက်ပွဲအဟုန် ချိန်သားကိုက်မှုနှင့်တည်နေရာအရ တစ်ဖက်လူသည် ချင်းယွင်ကျိပေလော။
သို့သော် ချင်းယွင်ကျိ ကပ်ဘေးဖြတ်ကျော်သွားတာကို သူတို့တစ်ခါမှ အာရုံမခံခဲ့မိဖူးပေ။ ထို့အပြင် ချင်းယွင်ကျိသည် ဘယ်တုန်းက ဂိုဏ်းထဲက ထွက်လို့ရသွားပါသနည်း။
၀မ်လင်းဂိုဏ်းချုပ် မျက်မှောင်ခပ်တင်းတင်းကြုံ့လိုက်မိသည်။
သူတိတ်ဆိတ်စွာ အတွေးနက်နေခဲ့၏။
ကျိုးကျွင်းချန်းတိုက်ခိုက်ပြီးပြန်လာမှသာ ထိုကိစ္စကို သူရှင်းရှင်းလင်းလင်းသိနိုင်ပေလိမ့်မည်။
ကျိုးကျွင်းချန်း၏လုံခြုံးရေးကိုတော့ သူလုံး၀စိတ်မပူပေ။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှစ်ယောက်တိုက်ခိုက်ရာတွင် တစ်ဖက်က တစ်ဖက်၏ပြိုင်ဘက်မဖြစ်နိုင်လျှင်တောင် ထွက်ပြေးလွတ်မြောက်ဖို့ကတော့ မခက်ပေ။
ထိုစဉ် ကျိုးကျွင်းချန်းသူ့ရှေ့က ဧရာမဘီလူးကြီးနှစ်ကောင်ကို ကြည့်နေရင်း ကြောက်ရွံ့လာခဲ့မိသည်။
တစ်ကောင်က သူ့တာအိုကိုတိုက်ရိုက်ဖျက်ဆီးပစ်နိုင်ပြီး တစ်ကောင်က သူ့တာအိုကိုဝါးမြိုပစ်နိုင်၏။ ထိုအရာကြီးက လွန်လွန်းလှသည်။
ကျိုးကျွင်းချန်း တတ်သမျှအကုန်သုံးပြီးတိုက်ခိုက်ခဲ့သော်လည်း ထိုကောင်ကြီးများကိုထိခိုက်အောင်လုံး၀ မလုပ်နိုင်ခဲ့ပေ။
တစ်ကောင်က စိတ်ဝိညာဉ်ရတနာနှင့်တိုက်ခိုက်၍မရလောက်အောင် မာကျောလှပြီး နောက်တစ်ကောင်ကတော့ တိုက်ခိုက်သမျှစွမ်းအားတိုင်းကို ဝါးမြိုနိုင်နေခဲ့၏။
ကျိုးကျွင်းချန်း ကြောင်အနေခဲ့သည်။
သူ့မီးတောက်တာအိုစွမ်းအားက အရာအားလုံးကိုလောင်ကျွမ်းပစ်နိုင်သော်လည်း ထိုကောင်ကြီးများကိုတော့ ဘာမှမလုပ်နိုင်ခဲ့ပေ။
“ငါတိုက်လို့ပြီးပြီ” ကျန်းကျွင်းချန်း သူ့မီးတောက်တာအိုစွမ်းအားကိုရုတ်သိမ်းကာ ထွက်ပြေးလေတော့၏။
အကယ်၍ တိုက်ပွဲသာအခုလိုသာဆက်ဖြစ်နေခဲ့လျှင် သူ့မီးတောက်တာအိုစွမ်းအားအများအပြားကို ဆုံးရှူံးရပေလိမ့်မည်။
အခုလို အကျိုးမဲ့တိုက်ပွဲကို သူဘာလို့တိုက်နေရပါဦးမည်နည်း။
အခြားကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များကိုသွားခေါ်ပြီး အတူတူ ချင်းယွင်ကျိကိုရင်ဆိုင်တာက ပိုကောင်းသောရွေးချယ်မှုသာ ဖြစ်သည်။
ကျိုးကျွင်းချန်း ထွက်ပြေးခဲ့ချေပြီ။
ချင်းယွင်ကျိ အထင်အမြင်သေးစွာပြုံးလိုက်ပြီး မကောင်းဆိုးဝါးနှစ်ကောင်ကို ပြန်ခေါ်ခဲ့၏။
ထို့နောက် သူပတ်ပတ်လည်သို့တစ်ချက်ကြည့်ကာ သူ့နတ်အာရုံက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားခဲ့လေသည်။
“ဒီနေ့ကစပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်လာတဲ့ ဘယ်တာအိုပေါင်းစည်းခြင်းအဆင့်မဆို ခွင့်ပြုချက်တောင်းရမယ် မဟုတ်ရင် ကျူးကျော်ခြင်းလို့ သတ်မှတ်ခံရမယ်
ခွင့်ပြုချက်မရှိဘဲ ၀င်လာတဲ့ ဘယ်တာအိုပေါင်းစည်းခြင်းအဆင့်မဆို ခြွင်းချက်မရှိ သတ်ဖြတ်ခြင်းကိုခံရမယ်”
သူ့လွှမ်းမိုးလွန်းသောနတ်အာရုံက ထိုသတင်းကို သယ်ဆောင်သွားခဲ့၏။
အနားတွင်ပုန်းအောင်းနေသော တာအိုပေါင်းစည်းခြင်းအဆင့်သာမက လန်ကျားတောင်ပေါ်က ဂိုဏ်းချုပ်နှင့် ၀မ်လင်းဂိုဏ်းက ဂိုဏ်းချုပ်ပါ ထိုနတ်အာရုံကို လက်ခံရရှိလိုက်ကြသည်။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးသည် သူ့ပိုင်နက်ကိုပြန်လည်ပြဌာန်းခဲ့ချေပြီ။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှ သက်ရှိများအားလုံးလည်း ထိုသတင်းစကားကို လက်ခံရရှိခဲ့ကြ၏။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက် ပေါ်ပေါက်လာခဲ့ခြင်းပေလော။
သူကအဇူရာတိမ်ဂိုဏ်းကများလား!
လန်ကျားတောင်ပေါ်တွင် သူတော်စင်သခင်မျက်မှောင်ကြုံ့နေပြီး သူအံ့အားသင့်နေတာ ထင်ရှားလှသည်။
“ဆိုတော့ သူလား သူကပ်ဘေးဖြတ်ကျော်တာကို ငါတို့ဘာလို့ဘာမှအာရုံမခံခဲ့မိတာလဲ”
သတင်းစကားကိုလက်ခံရရှိခဲ့သော လန်ကျားအထွတ်အမြတ်မြေကလူတိုင်းတုန်လှုပ်ကုန်ကြ၏။
အခုကစပြီး သူတို့ထိုနေရာကို၀င်ချင်တိုင်း၀င်ထွက်ချင်တိုင်းထွက်၍ မရတော့ပေ။
နတ်ဝိညာဉ်အဆင့် နန်းကုန်းချီယုလည်းထိုသတင်းကို ရရှိခဲ့သည်။
ဘာဖြစ်ခဲ့သလဲ သိရှိသွားသောအခါတွင်တော့ သူလုံး၀ ကြောင်အသွားခဲ့၏။
တစ်ချိန်လုံး သူသည် အဇူရာတိမ်ဂိုဏ်းမှထွက်ပြေးပြီး လန်ကျားအထွတ်အမြတ်မြေလို ထိပ်တန်းဂိုဏ်းကြီးဆီ၀င်ခဲ့တာ သူ့ဘ၀၏အမှန်ဆုံး ဆုံးဖြတ်ချက်ဟု တွေးနေခဲ့ခြင်း ဖြစ်သည်။
သို့သော် အခုတော့ ချင်းယွင်ကျိသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။
ထိုသူက သူ့ဆရာဟောင်းဖြစ်၏။
တစ်နည်းအားဖြင့် ဆိုသော် သူသာထိုဂိုဏ်းမှထွက်ပြေးမလာခဲ့လျှင် ယခုအခါ သူ့တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆရာတစ်ယောက် ရှိနေမည် ဖြစ်သည်။
သို့သော်လည်း ထိုအခွင့်အရေးကို သူကိုယ်တိုင်တွန်းထုတ်ပစ်ခဲ့မိ၏။
ဝိညာဉ်ဖိနှိပ်အလံကို ကျန်းယန်လုယူသွားပြီးကတည်းက သူ့လန်ကျားအထွတ်အမြတ်နယ်မြေရှိ အဆင့်အတန်းက များစွာ ကျဆင်းသွားခဲ့ရသည်။ ထိုအချိန်တွင် သူ့ဆရာဟောင်းကလည်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့၏။ နန်းကုန်းချီယု သွေးအန်တော့မလိုပင် ခံစားနေခဲ့ရသည်။
ထိုမျှချိန်သားကိုက်အဖြစ်အပျက်မျိုးက အဘယ်ကြောင့် ဖြစ်ပျက်လာခဲ့ရပါသနည်း။
ထိုအဖြစ်မျိုးက ၀မ်လင်းဂိုဏ်းရှိ ကျန်းချမ်ချိုးဆီတွင်လည်း ဖြစ်ပျက်နေခဲ့၏။
သူကတော့ သူ့စိတ်ဝိညာဉ်ရတနာကိုမဆုံးရှုံးသေးသောကြောင့် သူ့ခံစားချက်က နန်းကုန်းချီယုထက်အများကြီး သာပေသည်။
သို့သော် ၀မ်လင်းဂိုဏ်းဂိုဏ်းချုပ်ကတော့ ခံစားချက်ကောင်းမနေခဲ့ပေ။
သူတို့သည် အဇူရာတိမ်ဂိုဏ်းကိုဖျက်ဆီးပစ်ဖို့ များစွာပြင်ဆင်ထားခဲ့ခြင်းဖြစ်ပြီး ဒီတစ်ခေါက်တော့ လုံး၀ပျက်ဆီးပြီဟု တထစ်ချ တွေးထားခဲ့ခြင်းဖြစ်၏။ အခုလို အဇူရာတိမ်ဂိုဏ်းပြန်ရှင်သန်လာဦးမည်ဟု မျှော်လင့်မထားခဲ့မိကြပေ။
ထို့အပြင် အဇူရာတိမ်ဂိုဏ်းရှိ ထိုဂျူနီယာက နတ်အာရုံသုံးပြီး သူတို့ဆီအခုလို သတင်းပို့ရဲခြင်းက ရဲတင်းလွန်းလှသည်။
သူ့ကိုယ်သူမည်သူထင်နေပါသနည်း။
သူ့လို ကမ္ဘာပေါ်က အနည်းငယ်သော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များကြားထဲကမှ နှောင်းပိုင်းကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကို ဘယ်သူက အခုလိုဆက်ဆံရဲပါသနည်း။
ထိုစဉ် ကျိုးကျွင်းချန်း အလောတကြီးထွက်ပြေးလာကာ သူ့ရှေ့သို့ ရောက်လာခဲ့၏။
“ဘာဖြစ်ခဲ့တာလဲ” ဂိုဏ်းချုပ်မေးလိုက်သည်။
“အဲ့တာ ချင်းယွင်ကျိပဲ” ကျိုးကျွင်းချန်း တောင့်တင်းနေသောအမူအရာဖြင့် ပြောလိုက်၏။
“ကျုပ်သူ့တာအိုစွမ်းအားကိုဖောက်မမြင်ရဘူး ဒါပေမယ့် သူ့တာအိုပိုင်နက်ထဲမှာ ထူးဆန်းတဲ့မကောင်းဆိုးဝါးကြီးတွေ အများကြီးရှိနေတယ် သူတို့ထဲက တစ်ကောင်က နိယာကစွမ်းအားတွေနဲ့တိုက်ခိုက်တာကိုခံနိုင်ရည်ရှိတယ် စိတ်ဝိညာဉ်လက်နက်နဲ့တိုက်ခိုက်တာတောင် ဘာမှမဖြစ်ဘူး နောက်တစ်ကောင်ကတော့ မီးတောက်တာအိုစွမ်းအားတွေကိုဝါးမြိုနိုင်တယ် အတော်ကြီး ကြောက်စရာကောင်းတယ်”
၀မ်လင်းဂိုဏ်းချုပ်မျက်မှောင်ခပ်တင်းတင်းကြုံ့လိုက်မိသည်။ ဤကိစ္စက သာမန်တော့မဟုတ်ပေ။
“ဂိုဏ်းချုပ် ကျုပ်တို့ဘာဆက်လုပ်သင့်လဲ” ကျိုးကျွင်းချန်း ေမးလိုက်၏။
တခဏတွေးတောပြီးနောက် ၀မ်လင်းဂိုဏ်းချုပ် ပြောလိုက်သည်။
“ပါရမီရှင်တိုက်ပွဲပြီးတဲ့အချိန်ကိုစောင့်ပြီးမှ အစီအစဉ်တွေသေချာချကြတာပေါ့ အဇူရာတိမ်ဂိုဏ်းကိုတတ်နိုင်သမျှမြန်မြန် ရင်ဆိုင်ရမယ် မဟုတ်ရင် ပြဿနာကပိုကြီးလာလိမ့်မယ်”
ချင်းယွင်ကျိ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်သွားသော်လည်း သူတို့မျက်လုံးထဲတွင် ထိုကိစ္စက အရမ်းကြီးအလေးအနက်ထားစရာတော့ မဟုတ်သေးပေ။
သူတို့စိတ်ပူသည်က အဇူရာတိမ်ဂိုဏ်းထဲကမကောင်းဆိုးဝါးကြီးများ ကိစ္စသာ ဖြစ်၏။
“ဒါဆို သူတို့ပြန်လာတဲ့အချိန်ကိုစောင့်ကြတာပေါ့” ကျိုးကျွင်းချန်း ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် ဂိုဏ်းပေါင်းစုံမှ အဇူရာတိမ်ဂိုဏ်းဆီလွှတ်ထားသော တာအိုပေါင်းစည်းခြင်းအဆင့်များ ထိုသတင်းကိုပြန်ပို့ဖို့ သူတို့သက်ဆိုင်ရာဂိုဏ်းများဆီ ပြန်ဖို့ ပြင်လိုက်ကြ၏။
ချင်းယွင်ကျိကလည်း သူတို့ကို မတားဆီးခဲ့ပေ။
သူအေးအေးဆေးဆေးသာ အဇူရာတိမ်ဂိုဏ်းဆီ ပြန်လာခဲ့သည်။
သူပြန်လာသည်ကိုမြင်သောအခါ ဂိုဏ်းသားများ အဇူရာမဟာတိမ်၀င်္ကပါအားအသက်သွင်းနေခြင်းကို ရပ်တန့်လိုက်ကြ၏။
ထို့နောက် ဝင်းပနေသောမျက်နှာများဖြင့်တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြသည်။
ဒီနေ့က မတူညီသောနေ့တစ်နေ့ဖြစ်မှန်း လူတိုင်းနားလည်နေခဲ့ကြ၏။
ဒီနေ့ကစပြီး အဇူရာတိမ်ဂိုဏ်းသည် ပြန်လည်မြင့်တက်ခဲ့ချေပြီ။