အခန်း (၁၈၅၁-၁၈၅၃)
Vol. 99 Ch. 1851-1853
အခန်း (၁၈၅၁) - နတ်ဆိုးတစ်ဝက် နတ်သမီးတစ်ဝက်
~ခါးကြားတွင် စကားပြောစက်များ ချိတ်ဆွဲထားကြသော လူမိုက်တစ်သိုက်သည် ထိုအသံကို ကြားလိုက်ရသည်နှင့်တပြိုင်နက်... အခြေအနေ မဟန်မှန်းသိကာ ဆက်သွယ်ရေးစက်များဆီသို့ အလောတကြီး လက်လှမ်းလိုက်ကြ၏။
သို့သော် ဖူမာကျန်းဝူ၏ လှုပ်ရှားမှုက သူတို့ထက် အဆပေါင်းများစွာ လျင်မြန်နေလေ၏။
သူမသည် ဘေးရှိ စားပွဲခုံပေါ်မှ ဘောပင်ထည့်သည့်ခွက်ကို ပေါ့ပါးစွာ ကောက်ယူလိုက်ပြီး လွှင့်ပစ်လိုက်တော့၏။
“ရွှီ... ရွှီ... ရွှီ…”
လေထဲတွင် ပျံ့လွင့်သွားသော ဘောပင်များသည် နတ်သမီးတစ်ပါးက ပန်းပွင့်များကို ကြဲချလိုက်သကဲ့သို့ လှပနေသော်လည်း... ထိုအရာများ ကျရောက်သွားသည့် ပစ်မှတ်ကမူ လူမိုက်များ၏ မျက်လုံးများတည့်တည့်ပင် ဖြစ်ချေသည်။
"အား..."
"ငါ့မျက်လုံးတွေ... ငါ့မျက်လုံးတွေ..."
"ငါ ဘာမှ မမြင်ရတော့ဘူးဟ..."
နာကျင်စွာ အော်ဟစ်သံများက အခန်းကျဉ်းလေးအတွင်း ပဲ့တင်ထပ်သွားတော့၏။
ဇွန်ဘီခွေးကို လှမ်းခေါ်ရန် ကြိုးစားနေသည့် လူမိုက်များမှာ စကားပြောစက်ကို ကိုင်ဖို့ပင် သတိမရတော့ဘဲ၊ ဘောပင်စိုက်ဝင်နေသည့် မျက်လုံးများကိုသာ တုန်ရီသော လက်များဖြင့် အုပ်ကိုင်ထားမိကြရှာ၏။
ကျန်ရစ်နေသေးသော လူမိုက်များမှာလည်း ဖူမာကျန်းဝူ၏ ရက်စက်လွန်းသော လက်စွမ်းကို မြင်လိုက်ရသဖြင့် ထုံထိုင်းကာ မည်သူမျှ ရှေ့တိုးမလာရဲကြတော့ပေ။
ဟွမ်ရှုချိုင်တစ်ယောက် ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ ဒေါသအိုး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားလေ၏။
'ဒီကောင်တွေ ဘာဖြစ်နေကြတာလဲ... ဒီမိန်းမက ငါတို့ကို သတ်ဖို့လုပ်နေတာတောင် ကြောင်ကြည့်နေကြတုန်းလား'
"ငတုံးတွေ... ဒီအခြေအနေရောက်နေမှ မင်းတို့က ရပ်နေရင် အသက်ရှင်ခွင့်ရမယ်လို့ ထင်နေတုန်းလား"
"ဒီမိန်းမတွေကို အဓမ္မကျင့်ပြီး တိရစ္ဆာန်လို ဆက်ဆံပစ်ကြစမ်းပါလို့ ငါ ပြောထားတယ် မဟုတ်လား"
"အခုက သေမလား ရှင်မလား ဆိုတဲ့ အခြေအနေကွ... သူတို့ကို သတ်နိုင်မှ ငါတို့ အသက်ရှင်မှာ... ဝင်ချကြစမ်း"
သူက အသံကုန်ဟစ်အော်ကာ အမိန့်ပေးလိုက်၏။
သို့သော် ထိုလူမိုက်များသည် ကြောက်လန့်လွန်းသဖြင့် စိတ်ဓာတ်များ ပျက်ပြားနေကြပြီ ဖြစ်သည်။ ဟွမ်ရှုချိုင် ပြောသည့်စကား မှန်သည်ကို သိသော်လည်း၊ မည်သူကမှ ဦးဆောင်ပြီး ဝင်တိုက်ရဲသည့် သတ္တိမရှိကြတော့ပေ။
ထိုအခြေအနေကို မြင်သောအခါ ဖူမာကျန်းဝူ၏ နှုတ်ခမ်းထောင့်များက မထီမဲ့မြင် ပြုံးရိပ်တစ်ခုအဖြစ် ကွေးညွတ်သွားသည်။ သူမသည် အချိန်ဆွဲမနေတော့ဘဲ လူရိတ်သိမ်းပွဲကို စတင်လိုက်တော့၏။
တစ်ချက်တည်း...။
ဓားချက်တစ်ချက်မှာ လူတစ်ယောက်...။
ခဏအတွင်းမှာပင် အခန်းထဲ၌ မတ်တပ်ရပ်နေသူဟူ၍ မရှိတော့။ ခြေထောက်ကျိုးနေသော တက်တူးနှင့်လူ နှင့် ကြောက်လန့်တကြား တုန်ရီနေသော ဟွမ်ရှုချိုင် နှစ်ယောက်သာ ကျန်ရစ်တော့၏။
ဖူမာကျန်းဝူက ဟွမ်ရှုချိုင်ရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး၊ သူ့ကို တက်တူးနှင့်လူ ရှိရာဘက်သို့ ခြေထောက်ဖြင့် ကန်ထုတ်လိုက်၏။
"ရှင်ချင်လား... သေချင်လား"
ဟွမ်ရှုချိုင်သည် သူ့ကံကြမ္မာကို သူ ကောင်းကောင်း နားလည်လိုက်တော့၏။ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်နိုင်မည့် လမ်းစ မရှိတော့သည်ကို သူ သဘောပေါက်သွားသည်။
ဖူမာကျန်းဝူက သူ့ကို ဘာလုပ်ခိုင်းမည်မှန်း မသိသော်လည်း၊ အသက်ရှင်ချင်စိတ်တစ်ခုတည်းဖြင့် ကြက်ကလေး စပါးကောက်သကဲ့သို့ ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်မိသည်။
"ရှင်ချင်ပါတယ်ဗျာ... ရှင်ချင်ပါတယ်"
"ရှင်ချင်တယ်ပေါ့... ဒါဆို အလွယ်လေးပဲ"
ဖူမာကျန်းဝူက သွေးအိုင်ထဲတွင် ကျနေသော ဓားတစ်ချောင်းကို ဟွမ်ရှုချိုင်၏ ခြေထောက်နားသို့ ကန်ပေးလိုက်သည်။
"ဒီဓားကို ကောက်လိုက်... ပြီးရင် ဟိုလူရဲ့ မကျိုးသေးတဲ့ ခြေထောက်ကို ဖြတ်ပစ်လိုက်"
ဟွမ်ရှုချိုင် ခေတ္တမျှ ကြောင်အသွား၏။
သူသည် ကြမ်းပြင်ပေါ်မှ သွေးစွန်းနေသော ဓားကို တစ်လှည့်၊ သူ့လက်မောင်းကို တစ်လှည့် ကြည့်လိုက်ရင်း ပျာပျာသလဲ ပြောလိုက်သည်။
"ဟို... ဟို လူကြီးမင်းက ပြောသွားပါတယ်... ကျွန်တော့်ကို အသက်ချမ်းသာပေးမယ်ဆို"
"ငါ့သခင် ပြောသွားတာက...နင့်အသက်ကို 'ခေတ္တခဏ' ချမ်းသာပေးထားမယ်လို့ ပြောတာလေ"
ဖူမာကျန်းဝူ၏ မျက်နှာထားက တည်ငြိမ်အေးစက်နေသည်။
"နင်က ခဏလောက်ပဲ အသက်ရှင်ချင်တာဆိုရင်တော့... ငါ့စကားကို နားမထောင်လည်း ရပါတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ဟွမ်ရှုချိုင်၏ ခါးရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားရတော့၏။
'ဟုတ်သားပဲ... ဟိုလူ ပြောသွားတာက ငါ့ကို အခုချက်ချင်း မသတ်ဘူးလို့ပဲ ပြောတာ... ငါ့ကို ဆက်ပြီး အသက်ရှင်ခွင့်ပေးမယ်လို့ ကတိပေးသွားတာမှ မဟုတ်တာ'
ယဲ့ဖန်၏ ရက်စက်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးဖြစ်သည့်အတွက်၊ အခုအချိန်မှာ သူသာ တစ်ခုခု ထူးခြားအောင် မလုပ်ပြနိုင်လျှင် သေရမည့်အပြင်၊ အသေဆိုးနှင့်ပါ သေရလိမ့်မည်ကို ဟွမ်ရှုချိုင် ကောင်းကောင်း သဘောပေါက်လိုက်သည်။
အကျိုးနှင့် အပြစ်ကို ချိန်ဆပြီးနောက်... သူသည် တုန်ရီနေသော လက်များဖြင့် သွေးစွန်းနေသော ဓားကို ကောက်ယူလိုက်လေ၏။
"အစ်... အစ်ကိုချိုင်"
တက်တူးနှင့်လူမှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။ နဖူးပေါ်တွင်လည်း စိုးရိမ်စိတ်ကြောင့် ချွေးသီးချွေးပေါက်များ စီးကျလာ၏။
"ကျွန်တော်က အစ်ကို့ရဲ့ တပည့်ရင်းလေဗျာ... နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ညီအစ်ကိုတွေလေ..."
"ဒီမိန်းမရဲ့ စကားတစ်ခွန်းကြောင့်နဲ့... အစ်ကိုက ကျွန်တော့်ကို ရက်ရက်စက်စက် လုပ်ရက်တော့မှာလားဗျာ"
သို့သော် ဟွမ်ရှုချိုင်သည် တက်တူးနှင့်လူ၏ ငိုယိုတောင်းပန်သံများကို ဂရုမစိုက်နိုင်တော့ပေ။ သူ့မျက်လုံးထဲတွင် ရက်စက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားပြီးနောက်... ရုတ်တရက် ဓားကို မြှောက်ကာ ဒူးထောက်နေသော တက်တူးနှင့်လူ၏ ခြေထောက်ကို ပိုင်းချလိုက်တော့၏။
"အစ်ကိုချိုင်... မလုပ်ပါနဲ့ဗျာ"
တက်တူးနှင့်လူသည် အသက်ဘေးနီးလာပြီဖြစ်၍ အားကုန်သုံးကာ ဟွမ်ရှုချိုင်ကို တွန်းထုတ်ပြီး ဘေးသို့ ရှောင်တိမ်းလိုက်သည်။
ဒိုင်း...။
ဟွမ်ရှုချိုင်သည် အရှိန်မထိန်းနိုင်ဘဲ ယိုင်သွားကာ ဓားချက်က ပစ်မှတ်လွဲပြီး ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်း စိုက်ကျသွား၏။ သစ်သားကြမ်းခင်းပေါ်တွင် ဓားရာနက်နက်ကြီးတစ်ခု ထင်ကျန်ရစ်သည်။
"ခင်ဗျား... ခင်ဗျား တကယ်ကြီး သတ်မလို့လား"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တက်တူးနှင့်လူမှာ နာကျင်မှုကို အံကြိတ်ခံရင်း မေးလိုက်သည်။ သူ့မျက်လုံးထဲတွင်လည်း ရန်လိုသော အငွေ့အသက်များ ယှက်သန်းလာတော့၏။
"ငါက မင်းရဲ့ ညီအစ်ကိုလေကွ... ခွေးသားရဲ့"
ခုနလေးတင်ကမှ ရှောင်တိမ်းလိုက်ရသဖြင့် သူ့ဒဏ်ရာက ပိုပြဲသွားကာ နာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်နေရသည်။
ဟွမ်ရှုချိုင်ကတော့ သူ့စကားကို နားထဲမထည့်ပေ။ ကြမ်းပြင်တွင် စိုက်နေသော ဓားကို အားကုန်ပြန်ဆွဲနှုတ်လိုက်ပြီး တက်တူးနှင့်လူ၏ ခြေထောက်ကို ထပ်မံခုတ်ပိုင်းရန် ပြင်လိုက်ပြန်သည်။
တက်တူးနှင့်လူမှာ မြေပြင်ပေါ်တွင် လူးလိမ့်ကာ နောက်တစ်ကြိမ် ထပ်မံရှောင်တိမ်းလိုက်ရပြန်၏။
သို့သော် ဟွမ်ရှုချိုင်မှာ အားကုန်ခမ်းနေသူဖြစ်သဖြင့် တိကျသော တိုက်ခိုက်မှု မလုပ်နိုင်ပေ။ ခြေထောက်ကို ပြတ်အောင် မခုတ်နိုင်သေးသော်လည်း တက်တူးနှင့်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာ အများအပြား ရရှိသွားစေသည်။
အထူးသဖြင့် ကျိုးနေသော ခြေထောက်ဒဏ်ရာမှာ ပိုမိုဆိုးရွားလာပြီး သွေးများ ပွက်ပွက်ထွက်ကာ ဒူးခေါင်းတစ်ခုလုံး ရောင်ကိုင်းလာတော့၏။
သို့တိုင်အောင် ဟွမ်ရှုချိုင်က လက်လျှော့မည့်ပုံ မပေါ်ပေ။ သူ၏ မျက်လုံးများက သွေးဆာနေသော သားရဲတစ်ကောင်အလား နီရဲနေ၏။
ဘေးမှ ရပ်ကြည့်နေသော ဖူမာကျန်းဝူက စိတ်မရှည်စွာဖြင့် ဝင်ပြောလိုက်သည်။
"အသုံးမကျလိုက်တာ... ခြေထောက်ကို မထိရင် တခြားနေရာ အရင်ခုတ်လေ... သူ မလှုပ်နိုင်တော့မှ ခြေထောက်ကို ဖြတ်ရတာ လွယ်မှာပေါ့... အဲ့လောက်တောင် ဦးနှောက်မရှိဘူးလား"
ထိုစကားကို ကြားလိုက်ရသောအခါ တက်တူးနှင့်လူသည် ခံစစ်သက်သက်ဖြင့် အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း သဘောပေါက်သွားသည်။
သူသည် ဘေးနားရှိ ဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီး... သူ့ဆီသို့ ပြေးဝင်လာသော ဟွမ်ရှုချိုင်ကို ပြန်လည် တိုက်ခိုက်လိုက်တော့၏။
အခန်း (၁၈၅၂) - မင်းက အရင် စရက်စက်တာလေ
~ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ ဟွမ်ရှုချိုင်နှင့် တက်တူးလူတို့ သွေးထွက်သံယို သတ်ပုတ်နေကြချိန်မှာပဲ... လှေကားဝနားမှာ ရပ်နေသော ယဲ့ဖန်၏ နားရွက်တွေက လှုပ်ခနဲ ဖြစ်သွားလေ၏။
ခဏလောက် စောင့်ဆိုင်းပြီးသည့်နောက်မှာတော့ ခွေးဘီလူးနှင့် သူ့လူစု ပေါ်လာတော့၏။
ခြေသံတွေ၏ ဦးတည်ချက်ကို ကြည့်ရတာ ဒီလူတွေက ပထမထပ်၏ ဘယ်ဘက်ခြမ်းကနေ ပြေးတက်လာကြပုံ ရ၏။ ယဲ့ဖန်က ကမန်းကတန်း ပြေးလာနေသော ခြေသံတွေကို နားထောင်ရင်း လူအင်အားကို ခန့်မှန်းလိုက်သည်။
'တစ်ဆယ့်ငါးယောက်... တစ်ဆယ့်ခြောက်ယောက်လောက်ပဲ ရှိမယ်'
ယဲ့ဖန်က ဘာမှမဖြစ်သလို အေးအေးဆေးဆေးပင် လှေကားအတိုင်း ဆင်းသွားလိုက်လေ၏။
AK သေနတ်တွေ၊ စက်သေနတ်တွေကို ကိုင်ပြီး တက်လာကြသည့် လူမိုက် တစ်သိုက်ကတော့ ယဲ့ဖန်ကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားကြရ၏။
သူတို့ ထင်ထားတာက ရန်သူတွေ ပုန်းအောင်းနေမည် ဟူ၍လေ။ အခုတော့ သူတို့နှင့် မရင်းနှီးသည့် နဂါးနိုင်ငံသား လူငယ်တစ်ယောက်က လမ်းလျှောက်ထွက်လာသလို အေးအေးလူလူ ဆင်းလာသည်ကိုး။
ယဲ့ဖန်က သူတို့အနားသို့ ရောက်လာတော့မှ နှာခေါင်းပွပွနှင့် ခွေးဘီလူးရုပ်ပေါက်နေသော ခေါင်းဆောင်က အရင်ဆုံး သတိဝင်လာသည်။
သူက သေနတ်ကို အလိုအလျောက် ချိန်လိုက်ပြီး...
"မင်း ဘယ်သူလဲ"
"အဲ့ဒီမှာ ရပ်နေစမ်း... မလှုပ်နဲ့"
သို့သော်... နောက်ကျသွားလေ၏။
ယဲ့ဖန်လို သိုင်းပညာရှင် တစ်ယောက်အတွက် ဆယ်လှမ်းအကွာမှာဆိုလျှင် သေနတ်က ပိုမြန်ကောင်း မြန်နိုင်၏။ သို့သော်၊ ဆယ်လှမ်းအတွင်းမှာ ဆိုလျှင်တော့...။
ယဲ့ဖန်က ပိုမြန်သည်။
ခွေးဘီလူးက သေနတ်ကို ချိန်ဖို့ ကြိုးစားနေတုန်းမှာပင် ယဲ့ဖန်က သူ့ရှေ့ကို အရိပ် တစ်ခုလို ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ခွေးဘီလူး လက်ထဲက သေနတ်ကို လှမ်းဆွဲလိုက်ပြီး ဘေးကို ဆွဲရမ်းလိုက်တော့၏။
“ဒိုင်း... ဒိုင်း... ဒိုင်း…”
သေနတ်ပြောင်းဝမှ မီးပွင့်တွေ တရစပ် ထွက်ပေါ်လာပြီး ကျည်ဆန်မိုး ရွာချလိုက်သလို ဖြစ်သွား၏။ ခွေးဘီလူး၏ ဘေးနားမှာ ကပ်ပါလာသည့် လူမိုက် ၅ ယောက်၊ ၆ ယောက်လောက် ကျည်ထိမှန်ပြီး လဲကျကုန်ကြတော့၏။
မြင်ကွင်း တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားတော့၏။
နာကျင်စွာ အော်ဟစ်သံတွေက ဆူညံသွား၏။
ခွေးဘီလူး၏ နောက်မှာ ကျန်နေသော လူမိုက်တွေက လန့်ဖျပ်ပြီး နောက်ကို ဆုတ်ကုန်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် သူတို့၏ သေနတ်တွေက ခွေးဘီလူး ရှိနေသော နေရာကို ချိန်ရွယ်ပြီးသား ဖြစ်သွားကြသည်။
"ဟေ့ကောင်တွေ... သတိထားကြလေကွ... ငါ့ကို မချိန်နဲ့လေ"
ခွေးဘီလူးခမျာ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သေနတ်ခလုတ်ပေါ်က သူ့လက်ညှိုးကို ဖယ်ရှားဖို့ ကြိုးစားလေ၏။
သို့ရာတွင်၊ ယဲ့ဖန်က ခွင့်ပြုပါ့မည်လား။
သူ့လက်ညှိုး ခလုတ်ပေါ်က ကြွတက်ခါနီးမှာပင် ယဲ့ဖန်က သူ့လက်ကို ရိုက်ချလိုက်ပြီး လက်ညှိုးကို ခလုတ်ပေါ် ပြန်တင်ပေးလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့ခါးကို ခြေထောက်နှင့် ကန်ထည့်လိုက်ရာ ခွေးဘီလူး၏ ခန္ဓာကိုယ်က နောက်ဘက်ကို စောင်းသွားတော့၏။
ယဲ့ဖန်က သူ့ကို လူသားဒိုင်းအဖြစ် အသုံးပြုကာ လက်ကိုချုပ်ကိုင်ထားရင်း ကျန်ရစ်နေသော လူမိုက်တွေကို ပစ်ခိုင်းလိုက်တော့၏။
ဒိုင်း... ဒိုင်း... ဒိုင်း...။
အလစ်အငိုက် မိသွားသော လူမိုက်တချို့ ထပ်မံပြီး ကျည်သင့်ကာ လဲကျကုန်ပြန်သည်။
နောက်ဆုံးမှာ လူမိုက် နှစ်ယောက်သာ ကျန်တော့၏။ သူတို့လည်း အတော်လေး လန့်နေကြပြီ ဖြစ်၏။ ကိုယ့်အသက်ရှင်ဖို့အတွက် ခေါင်းဆောင်ကိုလည်း ဂရုမစိုက်နိုင်တော့။ ခွေးဘီလူး၏ တားဆီးအော်ဟစ်သံတွေကို လျစ်လျူရှုပြီး ပြန်ပစ်ကြတော့၏။
ခဏလေးအတွင်းမှာပဲ ခွေးဘီလူးခမျာ ကျည်ဆန်တွေ ဆန်ခါပေါက်ဖြစ်ပြီး အသက်ငွေ့ငွေ့လေးသာ ကျန်တော့သည်အထိ ဖြစ်သွားရှာ၏။
"ခွေးဘီလူး... ငါတို့လည်း မသေချင်ဘူးကွ"
"ငါတို့ အသက်ရှင်ဖို့အတွက် မင်း အရင်သေပေးမှ ရမယ်"
ကျန်ရစ်သည့် လူမိုက်နှစ်ယောက်ကလည်း ရက်စက်ကြပါပေသည်။ မသေခင်မှာ နတ်ဆိုးတစ်ကောင်လို စူးစူးဝါးဝါး စိုက်ကြည့်နေသော ခွေးဘီလူးကို တွေ့လိုက်ရသည့်အခါ နောက်ထပ် နှစ်ချက်လောက် ထပ်ပစ်ထည့်လိုက်ကြသေးသည်။
ခွေးဘီလူး သေသွားပြီဆိုတာ သေချာမှ သေနတ်ပြောင်းကို ယဲ့ဖန်ဘက် လှည့်ချိန်လိုက်ကြ၏။
သို့သော်...။
ဒီအချိန်မှာ ယဲ့ဖန်၏ သေနတ်ပြောင်းဝက သူတို့ကို ချိန်ရွယ်ပြီးသား ဖြစ်နေခဲ့၏။
အခြေအနေကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်လုံးအိမ်တွေ ကျဉ်းမြောင်းသွားသည်။ ယဲ့ဖန်က သူတို့ကို ကြည့်ပြီး အေးစက်စက် ပြုံးလိုက်လေ၏။
"သွားကြတော့..."
ဒိုင်း... ဒိုင်း...။
ကျည်နှစ်ချက် ဆက်တိုက် ပစ်လွှတ်လိုက်သည်။
လူမိုက်နှစ်ယောက်၏ လက်ထဲက သေနတ်တွေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး လူတွေပါ ဝုန်းခနဲ လဲကျသွားမှ ယဲ့ဖန်က သေနတ်ကို ပြန်ချလိုက်သည်။ သေနတ်ပေါ်က လက်ဗွေရာတွေကို ခွေးဘီလူး၏ အင်္ကျီနှင့် သုတ်လိုက်ပြီးမှ ကျောင်းအုပ်ကြီး ရုံးခန်းဆီသို့ ပြန်လျှောက်သွားလိုက်တော့၏။
...
"တိရစ္ဆာန်ကောင်... ငါက မင်းရဲ့ ဆရာကြီးလေကွ... မင်းက ငါ့ကို ပြန်ခုတ်ရဲတယ်ပေါ့"
"ဂိုဏ်းစည်းကမ်းတွေကို မေ့နေပြီလား... ဆရာကို ပြစ်မှားရင် တစ်ဆွေလုံး တစ်မျိုးလုံး သေရမယ်ဆိုတာလေ"
"သရဲအို... ဒီတစ်ခါတော့ မင်းရော မင်းမိသားစုရော အကုန်သေပြီသာ မှတ်"
"မင်းက အရင် စရက်စက်တာလေ... ငါက ပြန်မလုပ်ရဘူးလား"
"ဟွမ်ရှုချိုင်... ငါတို့လို လူတွေက မိသားစုကို ဂရုစိုက်နေဦးမှာတဲ့လား"
"လာခြိမ်းခြောက်မနေနဲ့... မင်း ကိုယ့်အသက်ရှင်ဖို့အတွက် ငါ့ကို ဓားနဲ့ခုတ်ကတည်းက ဆရာဆိုတဲ့ အသိစိတ် ကုန်သွားပြီ"
"ဒီနေ့ မင်း မသေရင်...ငါ သေမယ်"
ကျောင်းအုပ်ကြီး ရုံးခန်းထဲကို ယဲ့ဖန် ပြန်ရောက်လာသည့်အခါ ပထမဆုံး မြင်လိုက်ရတာကတော့... မွေးရာပါ ရန်သူတွေလို ဓားတွေ ကိုင်ပြီး သွေးထွက်သံယို အပြန်အလှန် သတ်ဖြတ်ဖို့ ချောင်းနေကြသော လူနှစ်ယောက်၏ မြင်ကွင်းပါပဲ။
အခန်း (၁၈၅၃) - ခင်ဗျား ဘယ်သူလဲ
~သွေးသံရဲရဲဖြင့် လဲကျနေသော လူနှစ်ယောက်မှာ ဟွမ်ရှုချိုင်နှင့် တက်တူးလူတို့ပင် ဖြစ်ချေသည်။
ထိုအချိန်၌ သူတို့နှစ်ဦးစလုံးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး၊ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးသော ဇီဝိန်အနည်းငယ်နှင့် စိတ်ဓာတ်မာတစ်ခုကိုသာ အားပြု၍ မြေပြင်ပေါ်တွင် လဲလျောင်းနေကြရရှာ၏။
သို့သော် ထိုသို့ သေလုမျောပါး ဖြစ်နေသည့်တိုင်အောင် သူတို့၏ မျက်လုံးများကတော့ တစ်ဖက်နှင့်တစ်ဖက် မီးပွင့်မတတ် စိုက်ကြည့်နေကြဆဲပင်။ တစ်ကမ္ဘာတည်း အတူမနေနိုင်တော့သည့် ရန်သူများပမာ။
တစ်ဖက်လူက ဟာကွက်အနည်းငယ် ပြလိုက်သည်နှင့် တစ်ပြိုင်နက်၊ ထိုအခွင့်အရေးကို အသုံးချကာ ဓားဖြင့် အဆုံးစီရင်ရန် ချောင်းမြောင်းနေကြသည့် ပုံစံမျိုး ဖြစ်နေတော့၏။
ယဲ့ဖန်တစ်ယောက် အကောင်းပကတိအတိုင်း ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ... သေခါနီးဆဲဆဲ ဖြစ်နေသော တက်တူးလူခမျာ စိတ်အာရုံ အနည်းငယ် လွင့်ပါးသွားရှာ၏။
ထိုအခွင့်အရေးကို ဟွမ်ရှုချိုင်က လက်လွတ်မခံဘဲ အရယူလိုက်လေ၏။ သူ၏လက်ထဲမှ ဓားဖြင့် တက်တူးလူ၏ ရင်ဘတ်ကို အားကုန် ပစ်သွင်းလိုက်တော့၏။
“ဇွပ်…”
ဓားသွားက နှလုံးကို ဖောက်ထွင်းသွားပြီး တက်တူးလူ၏ အသက်ကို အပြီးတိုင် နှုတ်ယူသွားချေ၏။
"ဒီကောင်စုတ်... နောက်ဆုံးတော့ သေသွားပြီပဲ"
တက်တူးလူကို သတ်ဖြတ်ပြီးနောက် ဟွမ်ရှုချိုင်သည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသကဲ့သို့ သက်ပြင်းချလိုက်မိသည်။ ဓားကို လွှင့်ပစ်လိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချကာ အမောဖြေနေလိုက်တော့၏။
ယဲ့ဖန်သည် ထိုမြင်ကွင်းကို မြင်သောအခါ ပွဲကြည့်ပရိသတ် လုပ်နေသော ဖူမာကျန်းဝူဘက်သို့ လှည့်ကြည့်ကာ မေးလိုက်လေ၏။
"သူတို့ ဘာဖြစ်ကြတာလဲ"
"ကျွန်မလည်း မသိပါဘူး"
ဖူမာကျန်းဝူက ပခုံးတွန့်ပြရင်း အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ဖြေလိုက်လေ၏။
"သူတို့အချင်းချင်း အရင်ကတည်းက သွေးကြွေးတွေ ရှိခဲ့ကြတာနေမှာပေါ့"
"ပေါက်ကရတွေ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဟွမ်ရှုချိုင်သည် အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်အလား ထအော်တော့၏။ သူသည် ကပျာကယာ ခါးဆန့်လိုက်ပြီး...
"ခင်ဗျားပဲ သူ့ခြေထောက်ကို ဖြတ်ခိုင်းတာလေ... ဖြတ်ရင် အသက်ချမ်းသာပေးမယ်ဆို..."
"လူကြီးလူကောင်းဆိုတာ ကတိတည်..."
"ဒါပေမဲ့ ငါက လူကြီးလူကောင်းမှ မဟုတ်တာ"
သူ စကားမဆုံးခင်မှာပင် ဖူမာကျန်းဝူက ဖြတ်ပြောလိုက်၏။
"ငါက မိန်းကလေးလေ... ပြီးတော့ ငါ ခိုင်းတာက တက်တူးလူရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ခိုင်းတာ...နင်က သတ်ပစ်လိုက်တာလေ... ဒါ ငါ ခိုင်းတာ လုပ်ပေးတာမှ မဟုတ်တာ"
"မင်း..."
ဟွမ်ရှုချိုင် စကားဆွံ့အသွားရသည်။
သူ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး၊ မျက်လုံးများကလည်း နီရဲလာတော့၏။
"ဘာလဲ... မကျေနပ်ဘူးလား"
ထိုအမူအရာကို မြင်သောအခါ ဖူမာကျန်းဝူက မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေ၏။
"အရင်တုန်းက သူများတွေကို လိမ်တုန်းကကျတော့ နင်ပဲ ပျော်နေပြီးတော့... အခုမှ ကိုယ်တိုင် တစ်ခါလောက် ပြန်အလိမ်ခံရတာကို သတ်ချင်ဖြတ်ချင် ဖြစ်နေတယ်ပေါ့လေ"
ဟွမ်ရှုချိုင် ပြန်လည် ငြိမ်သက်သွားရပြန်သည်။
ဖူမာကျန်းဝူက သူ့ကို ပြန်လည်ချေပလိုက်၏...။
"နင်က တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်"
"အလုပ်ခေါ်သလိုလို ဘာလိုလိုနဲ့ ကိုယ့်လူမျိုးအချင်းချင်း လိမ်ညာပြီး ဝက်တွေလို ရောင်းစားနေတာ... တိရစ္ဆာန်တွေတောင် ဒီလိုအလုပ်မျိုး မလုပ်ဘူး"
"ငါ့သခင်သာ နင်ကို မသတ်နဲ့ဦးလို့ မပြောထားရင်... အခုလောက်ဆို နင့်ကို အသားစတွေ တခြားစီ ဖြစ်အောင် ခုတ်ပိုင်းပစ်ပြီးပြီ"
ဟွမ်ရှုချိုင်ခမျာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် လူသတ်အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် လည်ပင်းကို ပုလိုက်မိရှာသည်။
ယဲ့ဖန်ကတော့ ဖူမာကျန်းဝူကို ဝင်မတားပေ။
ဟွမ်ရှုချိုင် လက်ဖက်ခြောက်ဘူး ယူခဲ့သည့် ဗီရိုနားသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။
ဗီရိုတံခါးမှ သော့ခလောက်ကို ကြည့်ရင်း သူ မေးလိုက်လေ၏။
"ဒီထဲမှာ အရမ်းကြီးတဲ့ ရောင်ပြန်ပုလဲကြီး တစ်လုံး ရှိတယ်မလား"
"ညအလင်းပုလဲ... ခင်ဗျား ဘယ်လိုသိတာလဲ"
ဟွမ်ရှုချိုင် လန့်သွားပြီး ရုတ်တရက် လှည့်ကြည့်လာသည်။
"ခင်ဗျားက အဲ့ဒါ လာယူတာလား... ခင်ဗျား ဘယ်သူလဲ"
ယဲ့ဖန်က သူ့မေးခွန်းကို ပြန်မဖြေဘဲ လိုရင်းကိုသာ ဆက်ပြောလိုက်သည်။
"အဲ့ဒီ ညအလင်းပုလဲကို ထုတ်ပေးစမ်း"
"မရဘူး... အဲ့ဒါ ကျုပ်ဆရာကြီးတောင် သိနေတဲ့ ပစ္စည်း"
ဟွမ်ရှုချိုင်က ချက်ချင်း ငြင်းဆန်လိုက်၏။
"မြောက်ပိုင်းမြန်မာပြည်ကို အဲ့ဒီပစ္စည်း အရောက်ပို့ပေးဖို့ သူကိုယ်တိုင် အထူးတလည် မှာကြားထားတာဗျ... အဲ့ဒါကို ဒေသခံတွေဆီက လုယူဖို့ ကျုပ်တို့လူတွေ အများကြီး အသေခံခဲ့ရတာ"
"ငါ ပြောနေတယ်... အဲ့ဒီ ပုလဲကို ထုတ်ပေးလို့"
ယဲ့ဖန် အသံမာသွား၏။
"ကျုပ်ဆရာကြီးရဲ့ ပစ္စည်းကို ထိရင်... သူက ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူးနော်"
ဟွမ်ရှုချိုင်က ရုန်းကန်ရန် ကြိုးစားနေဆဲပင်။
“ခွပ်…”
ဖူမာကျန်းဝူက သူ့မျက်နှာကို ခြေထောက်ဖြင့် ကန်ထည့်လိုက်တော့၏။
"ငါ့သခင် ပြောနေတာ မကြားဘူးလား"
"ဗီရိုဖွင့်ပြီး ငါ့သခင် လိုချင်တဲ့ ပုလဲကို ထုတ်ပေးလိုက်"
ကန်ချက်က ပြင်းလည်းပြင်း၊ နေရာလည်း ကျလှသည်။ ဟွမ်ရှုချိုင်ခမျာ ယဲ့ဖန်ခြေရင်းနားက လက်ဖက်ခြောက် ဗီရိုဘေးကို လွင့်စင်သွားတော့၏။
"တကယ်ပြောတာပါ... ဆရာကြီးက ရက်စက်လွန်းတယ်"
ဟွမ်ရှုချိုင်သည် နာကျင်စွာ ညည်းညူနေသော်လည်း ဗီရိုကို ဖွင့်ပေးလိုစိတ် မရှိသေးပေ။
"ဒါကို ခင်ဗျားဆီ ပေးလိုက်တာ သူသိသွားရင်... ခင်ဗျား သေရုံတင် မကဘူး... ကျွန်တော်ပါ မသေမရှင် နှိပ်စက်ခံရမှာ"
ယဲ့ဖန်သည် အချိန်ဖြုန်းမနေတော့ချေ။
ဟွမ်ရှုချိုင်၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဖိနင်းလိုက်ပြီး အေးစက်စွာ ပြောလိုက်လေ၏။
"အခုချက်ချင်း မဖွင့်ရင်... မင်း သေချင်ပါရဲ့နဲ့ မသေရတဲ့ ဘဝမျိုး ရောက်အောင် ငါလုပ်ပေးရမလား”