← Chapters

အခန်း (၁၈၆၀-၁၈၆၂)

Vol. 99 Ch. 1860-1862

အခန်း (၁၈၆၀-၁၈၆၂)

Vol. 99 Ch. 1860-1862

အခန်း (၁၈၆၀) - ဦးက အကြိုက် မြင့်သားပဲ

~ယဲ့ဖန်သည် သူတို့၏ စကားများကို သိပ်ပြီး အမှုမထားပေ။ အနည်းငယ် နှုတ်ဆက်စကားဆိုပြီးနောက်၊ သူ၏ အကြည့်များသည် ဘာရွန်အင်ဒရူး၏ ဧည့်ခန်းမဆောင် နံရံပေါ်သို့ ရောက်ရှိသွားလေ၏။

ထိုနံရံပေါ်တွင်... သူ၏ ခရီးစဉ် တစ်ခုလုံး၏ အဓိက ပစ်မှတ် အစစ်အမှန်ကို တွေ့လိုက်ရသောကြောင့် ဖြစ်ချေ၏။

စုစုပေါင်း ပန်းချီကားချပ် (၁၂) ချပ်။

"မြစ်ကမ်းနားမှ အိမ်ကလေးများ"၊ "ကျောက်ဆောင်ရိပ် နှစ်ခု"၊ "ပန်ချောင်မှ အထီးကျန် ရွက်လှေ"၊ "ထင်းရှူးပင်အုပ်"၊ "ကမ်းလွန်မှ နေဝင်ချိန်"၊ "ထင်းရှူးပင်နှင့် အိမ်ဖြူတော်"၊ "မက်မွန်ပွင့် အိမ်ကလေး"၊ "မီးခိုးငွေ့ကြားမှ ရွက်လှေရိပ်"၊ "ထင်းရှူးတောမှ ဇရပ်ငယ်"၊ "တောင်ပေါ်မှ နွေဦးမိုး"၊ "ပန်ထန်မှ ကြာပန်းရနံ့" နှင့် "သစ်ပင်နီနှင့် စမ်းချောင်းဖြူ"။

ပန်းချီကားများထဲတွင် နေရောင်ခြည် ဖြာကျနေသော ကောင်းကင်ပြာ၊ ကွေ့လင်ဒေသ၏ ရှုခင်းများ၊ တောင်တန်းကြီးများ၏ အရိပ်၊ ကျဉ်းမြောင်းသော တံတားလေးများနှင့် စီးဆင်းနေသော ရေတံခွန်များ ပါဝင်နေသည်။ ၎င်းသည် နဂါးနိုင်ငံသားတို့ ဘိုးစဉ်ဘောင်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ကြပြီး အမြဲတမ်း လွမ်းဆွတ် တမ်းတနေရသော လှပသည့် ဇာတိမြေ ရှုခင်းများပင် ဖြစ်ချေသည်။

ဒါသည် "ချီပိုင်ရှီ၏ ရှုခင်းပန်းချီကားချပ် (၁၂) ချပ်" မဟုတ်လျှင် အခြား ဘာဖြစ်နိုင်မည်နည်း။

ဘာရွန်အင်ဒရူးသည် အဝတ်အစား ရွေးချယ်မှုအပိုင်းတွင် သောက်ရမ်း ကြောင်တောင်တောင် နိုင်ပြီး၊ စကားပြောလျှင်လည်း မိန်းမလျာကဲ့သို့ ဖြစ်နေသော်လည်း... အိမ်အပြင်အဆင်နှင့် ပတ်သက်လျှင်တော့ အတော်လေး အာကေသည်ဟု ဆိုရမည်။

သူ၏ ဗီလာတစ်ခုလုံးကို တရုတ်ရိုးရာ စတိုင်လ်ဖြင့် အလှဆင်ထားသည်။

ထိုစတိုင်လ်၏ အဓိက အသက်သွေးကြောသည်ကား... နံရံပေါ်မှ ချီပိုင်ရှီ၏ ပန်းချီကားချပ် (၁၂) ချပ်ပင် ဖြစ်နေလေ၏။

ထူးခြားဆန်းပြားသော အပြင်အဆင်နှင့် ဤပန်းချီကားများ ပေါင်းစပ်လိုက်သောအခါ ဆန့်ကျင်ဘက် အလှတရားတစ်ခုကို ဖြစ်ပေါ်စေသည်။

"ပန်းချီကားတွေက ရှယ်ပဲ... အပြင်အဆင်ကလည်း မိုက်တယ်"

ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖန် မနေနိုင်ဘဲ သက်ပြင်းချကာ ချီးကျူးလို‌ေက်မိ၏။

စနစ်ကို ရရှိပြီးကတည်းက အိမ်တော်ကြီးများ၊ လက်ရာမြောက်သော အနုပညာပစ္စည်းများကို မရေမတွက်နိုင်အောင် တွေ့မြင်ခဲ့ရဖူးသော်လည်း၊ အပြင်အဆင်နှင့် လက်ရာပစ္စည်း ဤမျှ လိုက်ဖက်ညီစွာ ပေါင်းစပ်ထားသည်ကိုမူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

"ဒါက ဘာရွန်အင်ဒရူးရဲ့ ဂုဏ်အယူရဆုံး လက်ရာ တစ်ခုပဲ..ဦးရဲ့"

မီလီက ဘေးမှနေ၍ ဝင်ရောက် ရှင်းပြလိုက်လေ၏။

"သူက တက္ကသိုလ်တက်တုန်းကရော၊ မဟာဘွဲ့ယူတုန်းကရော ဗိသုကာဒီဇိုင်းကို အဓိကယူပြီး သင်ခဲ့တာလေ... မင်းသားလေးရဲ့ ကစားဖော် ဖြစ်ရုံတင်မကဘူး... နေမဝင်အင်ပါယာ တော်ဝင်မိသားစုရဲ့ ဒီဇိုင်း အတိုင်ပင်ခံလည်း လုပ်သေးတယ်"

"သူ့မှာ အရည်အချင်းရှိတယ် ဆိုတာတော့ ဝန်ခံရမှာပဲ"

ယဲ့ဖန်သည် ယခုတစ်ကြိမ်တွင်တော့ အင်ဒရူးကို တမင်တကာ နှိမ်ချခြင်း မပြုတော့ပေ။

မီလီကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။

"ဦးက အကြိုက် မြင့်သားပဲ... ကြားတာတော့ ဒီက အပြင်အဆင်တွေကို ကမ္ဘာ့ထိပ်တန်း ဒီဇိုင်နာတချို့ကတောင် အသိအမှတ် ပြုထားကြတယ်တဲ့... ကျွန်မတို့ မင်းသားလေးဆိုရင် ဒီနေရာကို ချီးကျူးလို့ မဆုံးဘူး"

ယဲ့ဖန် ခေါင်းအသာညိတ်လိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။

အစ္စဘယ်လ်လာသည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ သူမသည် ဖုန်းကို သိမ်းလိုက်ပြီး ယဲ့ဖန်အနားသို့ လျှောက်လာကာ... သူတို့နှစ်ယောက်သာ ကြားနိုင်မည့် လေသံတိုးတိုးဖြင့် သတိပေးလိုက်လေ၏။

"ရှင် ဒီပစ္စည်းကို လာယူတာ မဟုတ်ပါဘူးနော်"

"ကျွန်မ ရှင့်ကို အကြံတစ်ခုလောက် ပေးပါရစေ... လုံးဝ စိတ်မကူးလိုက်ပါနဲ့"

"ဒီည ပါတီပွဲကို ကြည့်တာနဲ့တင် ဘာရွန်အင်ဒရူးရဲ့ အာဏာစက်က ဘယ်လောက်ကြီးလဲဆိုတာ ရှင် ခန့်မှန်းလို့ ရလောက်ပါတယ်"

"သူ တော်တော်လေး ခက်ခက်ခဲခဲ ရထားတဲ့ ဒီရတနာသာ ပျောက်သွားရင်... တစ်အင်ပါယာလုံးမှာရှိတဲ့ တော်ဝင်အေးဂျင့်တွေ အကုန်လုံး လှုပ်ရှားလာလိမ့်မယ်လို့ ကျွန်မ ထင်တယ်"

"အဲ့ဒီအချိန်ကျရင်... ကျွန်မ မပြောနဲ့... အန်းကျူပရင့်စ်တောင် ရှင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးရှင်"

ထိုအကြောင်းကို ယဲ့ဖန် မသိဘဲ နေမည်လော။

ဘာရွန်အင်ဒရူး ဆိုသည့် လူသည် နေမဝင်အင်ပါယာ မင်းသားလေး၏ တစ်ဦးတည်းသော ကစားဖော် ဖြစ်ပြီး၊ အင်ပါယာအတွင်းရှိ မြို့စားအသိုင်းအဝိုင်း တစ်ခုလုံးက ဖားနေရသည့် ကောင်ဖြစ်သည်။ ယဲ့ဖန် ဦးနှောက်မရှိမှသာ ဒီပန်းချီကားတွေကို ဗြောင်ကျကျ ခိုးယူမိလိမ့်မည်။

ပန်းချီကားများကို မြင်လိုက်ရကတည်းက... ဒါကို ဘယ်လို ပါးပါးနပ်နပ် ရယူမလဲ ဆိုတာကို သူ တွေးပြီးနေတော့၏။

အစ္စဘယ်လ်လာ၏ သတိပေးစကားကို ကြားသောအခါ သူက ပြုံးပြီး ခေါင်းခါလိုက်သည်။

"ခင်ဗျား မျက်လုံးထဲမှာ ကျွန်တော်က အဲ့လောက်တောင် ဦးနှောက်မရှိတဲ့ကောင် ဖြစ်နေတာလား"

အစ္စဘယ်လ်လာသည် သူမ၏ စကားက ယဲ့ဖန်ကို အထင်သေးသလို ဖြစ်သွားမှန်း သတိထားမိလိုက်ပြီး ပခုံးတွန့်ပြလိုက်၏။

"အဲ့လိုသဘော ပြောတာ မဟုတ်ပါဘူး... အထင်မလွဲပါနဲ့"

"ကျွန်မတို့က သူငယ်ချင်းတွေလို ဖြစ်နေပြီဆိုတော့... စေတနာနဲ့ သတိပေးတာပါ"

ယဲ့ဖန်သည် သူမကို ဆက်ပြီး ငြင်းခုံမနေတော့ဘဲ ပြုံးကာ မေးလိုက်လေ၏။

"သိပါတယ်ဗျာ... ဒါနဲ့ ကျွန်တော် မေးချင်တာက... ဒီည ကော့တေးပါတီပွဲမှာ ဘာအစီအစဉ်တွေ ရှိလဲ"

အစ္စဘယ်လ်လာ ခဏမျှ စဉ်းစားလိုက်ပြီးမှ ဖြေလိုက်သည်။

"ပုံမှန်အတိုင်း ဆိုရင်တော့... အားလုံး အတူတူ စားကြသောက်ကြမယ်... ပြီးရင် စနူကာ ထိုးကြမယ်... မြင်းစီးကြမယ်... အဲ့ဒါတွေပါပဲ"

"အမှန်အတိုင်း ပြောရရင်တော့ တော်တော် ပျင်းစရာ ကောင်းတယ်"

"ဘာရွန်အင်ဒရူးနဲ့ ကျွန်မတို့ ဌာနနဲ့က ရင်းနှီးနေလို့သာ... ပြီးတော့ ကျွန်မကို ဒီလာဖို့ တာဝန်ပေးထားလို့သာ လာရတာ... မဟုတ်ရင် ဒီလိုနေရာမျိုးကို ကျွန်မ လုံးဝ လာမှာ မဟုတ်ဘူး"

ယဲ့ဖန် ပြုံးလိုက်လေ၏။

"ရှင်.. ခုနကပဲ ပြောတယ်လေ... ကျွန်တော် ရောက်လာရင် အပြောင်းအလဲတွေ ဖြစ်လာမယ်ဆို"

"ရှင်ရယ်... အာဂျိုင်းဟန်ဆန်ရယ်... မီလီရယ်... ဝုဖ်ဂန်းရယ် ပြောကြတာ မှန်ပါတယ်"

"ရှင် ဒီတစ်ခါ ဘာတွေ ကြံစည်နေပြန်ပြီလဲ"

အစ္စဘယ်လ်လာသည် ယဲ့ဖန်၏ အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုသကဲ့သို့ စူးစူးစိုက်စိုက် ကြည့်ကာ မေးလိုက်၏။

"လောလောဆယ်တော့ လျှို့ဝှက်ထားပါရစေဦး"

ယဲ့ဖန် ပြုံးလိုက်ပြီး နံရံပေါ်ရှိ ပန်းချီကားချပ် (၁၂) ချပ်ကို နောက်တစ်ကြိမ် မော့ကြည့်လိုက်ပြန်သည်။

အခန်း (၁၈၆၁) - ငါးမျှားချိတ် အဖြောင့်ဖြင့် ငါးမျှားခြင်း

~အစ္စဘယ်လ်လာသည် သိချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသော်လည်း ယဲ့ဖန်က ဆက်မပြောလိုသည့် ပုံစံဖြစ်နေသဖြင့် ဆက်လက် မမေးမြန်းတော့ပေ။

သူတို့ (၅) ယောက်သား ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ပါတီပွဲ တရားဝင် စတင်ချိန်တွင် ဗီလာထဲမှ အတူတူ လမ်းလျှောက်ထွက်လာခဲ့ကြလေ၏။

ထိုအချိန်တွင် အန်းကျူပရင့်စ်သည် သူမ၏ သူငယ်ချင်းများကို နှုတ်ဆက်ပြီးစီးသွားပြီ ဖြစ်သည်။ သူမသည် ချက်ချင်းပင် ယဲ့ဖန်၏ ဘေးနားသို့ ရောက်လာပြီး လက်မောင်းကို ချိတ်တွယ်ကာ သူငယ်ချင်းများနှင့် မိတ်ဆက်ပေးတော့၏။

"ဟေ့... ရှောင်ဇန်း... ကြည့်စမ်းပါဦး... ဒါ ငါ့ရည်းစား ယဲ့ဖန်လေ... အရမ်း ချောတယ်မလား"

"မိုင်ရူရှီး... ဒါ ယဲ့ဖန်လေ... ငါ့ရည်းစား... နင် အရင်တုန်းက ပြောဖူးတယ်မလား... နင့်အိမ်က အမွေအနှစ်ပစ္စည်းကို စစ်ဆေးပေးဖို့ လူလိုတယ်ဆိုတာလေ... သူ့ကို အကူအညီတောင်းလို့ ရတယ်နော်"

"ရှာရှာ... နင် အရင်တုန်းက မေးဖူးတယ်မလား... ငါ့ရည်းစားက အဲ့ဒီကိစ္စမှာ စွမ်းလား ဆိုပြီးတော့လေ... အခု ငါခေါ်လာပြီ... သူ ခွင့်ပြုရင် နင် ကိုယ်တိုင်သာ စမ်းကြည့်လိုက်တော့"

"..."

ယဲ့ဖန်ကို မိတ်ဆက်ပေးနေချိန်တွင် အန်းကျူပရင့်စ်၏ မျက်နှာထားမှာ ဂုဏ်ယူဝင့်ကြွားမှုများ အပြည့်နှက်နေလေ၏။ ထိုအမူအရာကို မြင်လိုက်ရသောအခါ သူမ၏ သူငယ်ချင်းများမှာ ယဲ့ဖန်အပေါ် ပိုမို လေးစားယဉ်ကျေးလာကြတော့၏။

အထူးသဖြင့် အန်းကျူပရင့်စ် နာမည်တပ်ပြီး ခေါ်လိုက်သော သူငယ်ချင်းမလေးများဆိုလျှင် ယဲ့ဖန်ကို စိတ်ဝင်တစား စူးစမ်းနေကြသည်။

ထိုအချိန်တွင် အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှု ကွာခြားချက်မှာ သိသာထင်ရှားစွာ ပေါ်လွင်လာတော့၏။

အကယ်၍ အရှေ့တိုင်း ယဉ်ကျေးမှုအောက်တွင် ကြီးပြင်းလာသော မိန်းကလေးများသာ ဆိုလျှင် ဤအချိန်တွင် အနေအထိုင် ဆင်ခြင်ကြပေလိမ့်မည်။ ယဲ့ဖန်၏ ချစ်သူ အန်းကျူပရင့်စ် စိတ်မခုစေရန် သတိထားပြီး ဆက်ဆံကြမည်မှာ အသေအချာပင်။

သို့သော် အနောက်တိုင်း ယဉ်ကျေးမှုနှင့် ကြီးပြင်းလာသော ဤမိန်းကလေးများကမူ ပွင့်လင်းရုံသာမက အထိန်းအကွပ်မဲ့လွန်းလှချေ၏။

အန်းကျူပရင့်စ်၏ မိတ်ဆက်စကားကို ကြားပြီးနောက် သူတို့သည် ယဲ့ဖန်ကို အပေါ်အောက် ဝေ့ဝဲကြည့်ရှုကာ အကဲခတ်လိုက်ကြသည်။

အထူးသဖြင့် ရှာရှာ ဟု ခေါ်သော မိန်းကလေး။ သူမသည် အန်းကျူပရင့်စ်၏ ရှေ့မှာပင် ယဲ့ဖန်ကို ရဲရဲတင်းတင်း မေးလိုက်လေ၏။

"ယဲ့ဖန်... အန်းကျူပြောတာ ကြားဖူးတယ်... ရှင်က အဲ့ဒီကိစ္စမှာ တော်တော် ဆရာကျတယ်ဆို... ပြီးတော့ ရှင့်ကြွက်သားတွေကလည်း အမိုက်စားကြီးဆို... ကျွန်မ ကိုင်ကြည့်လို့ ရမလားဟင်"

ယဲ့ဖန် ခေတ္တမျှ ကြောင်အမ်းသွားရသည်။ ဘေးနားရှိ အန်းကျူပရင့်စ်ဘက်သို့ လှည့်ကာ သူတို့နှစ်ဦးသာ ကြားနိုင်မည့် လေသံဖြင့် တီးတိုး မေးလိုက်မိ၏။

"မင်းတို့ဆီမှာက ပုံမှန်ဆို ဒီလိုပဲ ကစားကြတာလား"

အန်းကျူပရင့်စ်က မျက်လုံးလေး ကလယ်ကလယ် လုပ်ပြရင်း သူ့နားနား ကပ်ကာ ပြန်ပြောလိုက်သည်။

"ကျွန်မ ကတော့ မကစားတတ်ပါဘူး... ဒါပေမဲ့ သူတို့ကတော့ ဒီလိုပဲလေ"

ထိုစကားကို ကြားလိုက်ရသောအခါ... သူ့ကောင်မလေးက သူ့သဘောအတိုင်း လုပ်ခွင့်ပေးထားမှန်း ယဲ့ဖန် နားလည်လိုက်သည်။ သူသည် ရှာရှာဘက်သို့ လှည့်ကာ ပခုံးတွန့်ပြလိုက်တော့၏။

"ကျွန်တော့် ကြွက်သားတွေကို ကျွန်တော့်ရည်းစားပဲ ကိုင်ခွင့်ရှိတာလေ"

"ဒါဆိုရင်လည်း... ကျွန်မကိုပါ ရှင့်ရည်းစားအဖြစ် လက်ခံဖို့ စဉ်းစားပေးပါလား"

"ပြဿနာ မရှိပါဘူး"

ရှာရှာက သဘောကျစွာ ပြုံးလိုက်လေ၏။

"အန်းကျူသာ သဘောတူမယ် ဆိုရင်တော့... ဒီည သူ့အိမ်ကို အန်းကျူနဲ့အတူ လိုက်ခဲ့ပြီး ရှင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကိုင်ကြည့်ချင်ပါရဲ့"

"ဟေ့... ငါတို့ကို မေ့မထားနဲ့လေ"

အန်းကျူပရင့်စ်နှင့် ရင်းနှီးသော အခြား မြို့စားမျိုးနွယ်ဝင် ပျိုမေများကလည်း ဝိုင်းဝန်း စနောက်ကြတော့၏။

"ကျွန်မတို့လည်း ရှင့်ရည်းစား လုပ်လို့ရတာပဲ... ဒီည အန်းကျူရယ်... ရှာရှာရယ်... ပြီးတော့ ကျွန်မတို့ရယ်... အားလုံး ရှင့်အိမ်ကို လိုက်ခဲ့ကြမယ်လေ"

ခဏအတွင်းမှာပင် ယဲ့ဖန်ခမျာ ရယ်ရခက် ငိုရခက် အခြေအနေသို့ ရောက်ရှိသွားသော်လည်း၊ သူရှိနေသော နေရာလေးမှာမူ ပွဲဈေးတန်း တစ်ခုအလား အလွန်အမင်း စည်ကား သိုက်မြိုက်သွားတော့၏။

သူ့အပေါ် ကျရောက်နေသော အာရုံစိုက်မှုများက ပါတီပွဲပိုင်ရှင် ဘာရွန်အင်ဒရူးကိုပင် လွှမ်းမိုးသွားတော့၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘာရွန်အင်ဒရူး၏ မျက်လုံးများထဲတွင် မကျေနပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

ကော့တေးပါတီနှင့် ညစာစားပွဲ ပြီးဆုံးသွားပြီးနောက်... ဧည့်သည်များသည် စနူကာ ကစားခြင်းဖြင့် အပန်းဖြေကြတော့၏။ ယဲ့ဖန်၏ ဘေးနားတွင် ပျိုမေ လှလှပပလေးများ ဝိုင်းအုံနေသည်ကို မြင်သောအခါ အင်ဒရူးသည် စနူကာ ကျူတံတစ်ချောင်းကို ကိုင်ဆောင်ကာ လျှောက်လှမ်းလာခဲ့သည်။

"ယဲ့ဖန်... မင်း ဒါ ကစားတတ်လား"

"ကစားတတ်ရင် တစ်ပွဲလောက် ကစားကြမလား"

"ဧည့်သည်တွေကိုပဲ လွှတ်ပေးထားလိုက်ရင်... ပွဲက နည်းနည်း ငြီးငွေ့စရာ ကောင်းနေမလားလို့လေ"

ယဲ့ဖန်သည် ဘာရွန်အင်ဒရူး၏ တုံ့ပြန်ပုံကို တောက်လျှောက် အကဲခတ် စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။

သူသည် အန်းကျူပရင့်စ် အပါအဝင် အခြားသော မြို့စားမျိုးနွယ်ဝင် မိန်းကလေးများနှင့် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ဟီးဟီးဟားဟား လုပ်ပြနေခဲ့ခြင်း ဖြစ်ချေသည်။

အင်ဒရူး လျှောက်လာသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖန်သည် ချက်ချင်းပင် မောက်မာသော ပုံစံဖမ်းလိုက်ပြီး ခေါင်းမော့ကာ တုံ့ပြန်လိုက်တော့၏။

"နဂါးနိုင်ငံမှာဆိုရင် လူတွေက ကျွန်တော့်ကို 'စနူကာဘုရင်' လို့ ခေါ်ကြတယ်... ဒီလောက် ကလေးကစားစရာလောက်ကတော့ ကျွန်တော် ကစားတတ်တာပေါ့"

ထိုစကားကို ကြားသောအခါ အင်ဒရူး ကြောင်အမ်းသွားပြီး၊ မထိန်းနိုင်ဘဲ ဟက်ခနဲ ရယ်မောလိုက်မိ၏။

"တကယ်လား"

"ဒါဆို ကောင်းတာပေါ့"

"တိုက်ဆိုင်လိုက်တာကွာ... နိုင်ငံတကာ စံချိန်စံညွှန်းအရ ပြောရရင်... ငါကလည်း အဆင့် (၁) ကစားသမား တစ်ယောက်ပဲ"

"ငါတို့နှစ်ယောက် ယှဉ်ကစားကြည့်ကြမလား"

"ဒီည ပါတီပွဲအတွက် အပျော်သဘောပေါ့"

"ခင်ဗျားနဲ့ ယှဉ်ကစားရမယ်....."

ယဲ့ဖန်သည် မျက်မှောင်ကြုတ်ပြလိုက်ပြန်သည်။

"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

"ဒါပေမဲ့ ကျွန်တော်က ပုံမှန်ဆိုရင် လောင်းကြေးမပါဘဲ သိပ်မကစားချင်ဘူး... ပြီးတော့

ကျွန်တော်ဘဲ သူငယ်ချင်းတွေနဲ့ ကစားရင်လည်း လောင်းကြေး ကြီးကြီးပဲ ကစားလေ့ရှိတာဗျ... ဘာရွန်အင်ဒရူး လက်ခံနိုင်ပါ့မလား"

"လောင်းကြေး ရှိမှ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာပေါ့... လက်ခံတာပေါ့ဗျာ"

ဘာရွန်အင်ဒရူးမှာ ငကန်းသေချင်တော့ တွင်းဝတည့်တည့် ကျလာသကဲ့သို့ ပျော်ရွှင်သွားရှာ၏။

လူအုပ်ကြီးထဲတွင် ရပ်ကြည့်နေသော အစ္စဘယ်လ်လာကတော့ တစ်စုံတစ်ခုကို နားလည် သဘောပေါက်သွားပုံရသည်။ သူမသည် ယဲ့ဖန်ကို လှမ်းကြည့်လိုက်ပြီး သနားစရာကောင်းသော သိုးသူငယ်ကို ကြည့်သကဲ့သို့ အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေ၏။

'ဒီတစ်ခါတော့... ငါးမျှားချိတ် အဖြောင့်ကြီးနဲ့ ငါးမျှားနေတာပဲ’

အခန်း (၁၈၆၂) - အန်းကျူရဲ့ အထင်သေးတာ မခံချင်ဘူးမလား

~ဘာရွန်အင်ဒရူးကတော့ ဒီအကွက်ကို သတိမထားမိပေ။ ယဲ့ဖန်ကို အပိုင်ကိုင်ဖို့ အခွင့်အရေး ရပြီဟုသာ ထင်မှတ်နေရှာ၏။

သူသည် စိတ်လှုပ်ရှားစွာဖြင့် ကပျာကယာ မေးလိုက်လေ၏။

"မင်း ဘယ်လို ကစားချင်တာလဲ"

ယဲ့ဖန်သည် တစ်ခဏမျှ စဉ်းစားဟန် ပြုလိုက်ပြီးမှ အေးအေးလူလူ ပြောလိုက်သည်။

"တစ်ပွဲကို ဒေါ်လာ သန်း (၁၀၀) ကြေး"

"အဲ့ဒီအောက် နည်းရင်တော့ ပျင်းစရာ ကောင်းတယ်"

"ဒေါ်လာ သန်း (၁၀၀)....."

ထိုစကားကို ကြားသောအခါ ရှိနေသမျှ လူအကုန်လုံး လန့်ဖျပ်သွားကြတော့၏။

"ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်"

"ဒါ နဂါးနိုင်ငံငွေနဲ့ဆိုရင် ယွမ် သန်း (၇၀၀) ကျော်တောင် ရှိတယ်ဟ"

ဘာရွန်အင်ဒရူးသည်လည်း အနည်းငယ် တုံ့ဆိုင်းသွားရှာ၏။

"ဒီလောက်အများကြီး ကစားဖို့ လိုလို့လား"

ယဲ့ဖန်သည် ဂရုမစိုက်သလို ပခုံးတွန့်ပြလိုက်သည်။

"ကျွန်တော် နဂါးနိုင်ငံက သူဌေးသူငယ်ချင်းတွေနဲ့ ကစားတုန်းကဆို... ပုံမှန် ဒီလောက်ကြေးပဲ ကစားနေကျမို့ပါ"

"ခင်ဗျားတို့လို နေမဝင်အင်ပါယာက မြို့စားတွေအတွက်တော့... ဒါက ဘာမှ မဟုတ်လောက်ပါဘူး... ဟုတ်တယ်မလား"

သူ့စကားက မြှောက်ပင့်ပြီး ချောက်ချလိုက်ခြင်းပင်။

ဒီလိုနည်းလမ်းမျိုးက မိန်းမလှလေးတွေ ရှေ့မှာဆိုလျှင် အမြဲတမ်းလိုလို ထိရောက်တတ်သည်။

အထူးသဖြင့် ကိုယ့်ကိုယ်ကို သက်သေ ပြချင်စိတ် ပြင်းပြနေသော အင်ဒရူးလို လူမျိုးအတွက်ဆို ပိုလို့ပင် ထိရောက်သေး၏။

မျှော်လင့်ထားသည့်အတိုင်းပင် ဘာရွန်အင်ဒရူးသည် ချက်ချင်း မထီမဲ့မြင် ပုံစံဖမ်းလိုက်လေ၏။

"ဒါပေါ့... ဘာမှ မဟုတ်ပါဘူး"

"နေမဝင်အင်ပါယာက မြို့စားတွေရဲ့ အုတ်မြစ်က နက်ရှိုင်းပါတယ်... ဒေါ်လာ သန်း (၁၀၀) လောက်ကတော့ တကယ် ဘာမှ မဟုတ်ပါဘူး"

"ဒါပေမဲ့ မင်းက အန်းကျူရဲ့ ရည်းစားဆိုတော့... ငါက သူ့မျက်နှာကို ထောက်ရသေးတယ်... တော်ကြာ မင်း ရှုံးသွားရင် ရှင်းရလင်းရ ခက်နေမှာ စိုးလို့ပါ"

ဒီလူက အခုချိန်ထိ ဟန်ဆောင်နေတုန်းပဲဟု ယဲ့ဖန် ထင်မထားမိပေ။

သူ ရယ်မောလိုက်ပြီး အန်းကျူပရင့်စ်ဘက်သို့ လှည့်မေးလိုက်၏။

"အန်းကျူ... ကိုယ် ဘာရွန်အင်ဒရူးနဲ့ လောင်းကစားတာ မင်း စိတ်မဆိုးဘူးမလား"

အန်းကျူပရင့်စ်သည် ယဲ့ဖန် ဘာကြံစည်နေမှန်း အတိအကျ မသိသော်လည်း၊ သူတို့နှစ်ဦးကြားတွင် နားလည်မှု တစ်ခု ရှိနှင့်နေပြီ ဖြစ်သည်။

ယဲ့ဖန်က ဘာရွန်အင်ဒရူးကို တမင်သက်သက် ရန်စနေသည်ကို ကြည့်ခြင်းအားဖြင့်... ဒါသည် ထောင်ချောက်ဆင်နေခြင်း ဖြစ်ကြောင်း သူမ ရိပ်မိလိုက်သည်။

သူမ ချက်ချင်း ပြုံးလိုက်လေ၏။

"မဆိုးပါဘူး မောင်ရယ်"

"မောင် ဘာပဲလုပ်လုပ်... အန်းကျူက မောင့်ဘက်ကပဲ အမြဲ ရှိနေမှာပါ"

"ကစားချင်ရင် ကစားလိုက်လေ"

ယဲ့ဖန်သည် ဘာရွန်အင်ဒရူးဘက်သို့ ပြန်လှည့်လိုက်၏။

"တွေ့တယ်မလား... အန်းကျူက ဝင်မပါဘူးတဲ့"

ပြောပြောဆိုဆိုနှင့် သူသည် ဘဏ်ကတ်တစ်ကတ်ကို ထုတ်ပြလိုက်သည်။

"ဒီကတ်ထဲမှာ ငွေသား သန်း တစ်ထောင်ကျော် ရှိတယ်... နေမဝင်အင်ပါယာက အလှူပွဲ တစ်ခုမှာ လေလံဆွဲဖို့ အထူးတလည် ပြင်ဆင်လာခဲ့တာ"

"ခင်ဗျား မယုံရင် စစ်ဆေးခိုင်းလို့ ရတယ်နော်"

ဘာရွန်အင်ဒရူးကတော့ ဒီကိစ္စနှင့် ပတ်သက်ပြီး ယဲ့ဖန် လိမ်လိမ့်မည်ဟု မထင်ပေ။ သူက ရက်ရောဟန်ဆောင်ကာ ပြောလိုက်လေ၏။

"ငွေစာရင်း စစ်ဖို့ မလိုပါဘူးကွာ... ယုံပါတယ်"

"ဒါပေမဲ့ ငါ့မှာတော့ လက်ငင်း ငွေသား အဲ့လောက်အများကြီး မရှိဘူး"

"ငါ့ပိုက်ဆံ အများစုက ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ဝယ်စုထားတာဆိုတော့..."

"အဲ့ဒီ စုဆောင်းထားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုး စုစုပေါင်းကတော့ ဒေါ်လာ သန်း (၅၀၀)... (၆၀၀) လောက်တော့ ရှိမှာပါ"

"တကယ်လို့ မင်းနိုင်သွားရင်... ငါ့ရဲ့ ရတနာခန်းထဲကို ခေါ်သွားပြီး တန်ဖိုးတူ ပစ္စည်းတစ်ခု ရွေးခိုင်းမယ်လေ... ဘယ်လိုလဲ"

ယဲ့ဖန် စောင့်နေတာ ဒီစကားပါပဲ။

"ကောင်းပြီလေ... ခင်ဗျား ကိုယ်တိုင် ပြောတာနော်... တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ကလည်း ခင်ဗျားရဲ့ 'ချီပိုင်ရှီ ရှုခင်းပန်းချီကားချပ် (၁၂) ချပ်' ကို စိတ်ဝင်စားနေတာ"

"တကယ်လို့ ခင်ဗျား ရှုံးရင်... ကတိအတိုင်း အဲ့ဒီပစ္စည်းကို ကျွန်တော့်ကို ပေးရမယ်နော်"

"ချီပိုင်ရှီရဲ့ ပန်းချီကားချပ် (၁၂) ချပ်....."

ပစ္စည်းနာမည်ကို ကြားလိုက်ရသောအခါ ဘာရွန်အင်ဒရူး အနည်းငယ် တွန့်ဆုတ်သွားရှာသည်။

ဒီပစ္စည်းကို ရဖို့အတွက် မင်းသားလေးကို အကူအညီတောင်းပြီး မနည်း ကြိုးစားယူခဲ့ရတာ မဟုတ်လား။

အရေးအကြီးဆုံးက... ဒါသည် သူ့ဗီလာ အပြင်အဆင် တစ်ခုလုံး၏ အသက်သွေးကြော ဖြစ်နေသည်။

ဒီပစ္စည်းကိုသာ ယဲ့ဖန်ကို ပေးလိုက်ရလျှင် အစားထိုးစရာ ရှာဖို့ ခက်ခဲသွားလိမ့်မည်။

ဗီလာတစ်ခုလုံး၏ ဝိညာဉ် ပျောက်ဆုံးသွားသလို ဖြစ်သွားမှာပေါ့။

"တခြားဟာနဲ့ လဲလို့ မရဘူးလား"

ဘာရွန်အင်ဒရူးက ဈေးဆစ်ကြည့်သည်။

"ဒါဆို ခင်ဗျားဆီမှာ အဲ့ဒီလောက် တန်ဖိုးရှိတဲ့ တခြား နဂါးနိုင်ငံ ရှေးဟောင်းပစ္စည်း ရှိသေးလို့လား"

ဟု ယဲ့ဖန်က ပြန်မေးလိုက်၏။

"ကျွန်တော်က ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေကိုပဲ စိတ်ဝင်စားတာဗျ"

"အဲ့ဒီလို တန်ဖိုးရှိတာတော့ မရှိတော့ဘူး"

ဘာရွန်အင်ဒရူး ခေါင်းခါလိုက်သည်။

"ဒါဆိုရင်တော့ ဒါပဲ ယူမယ်"

ယဲ့ဖန်က ငြင်းပယ်ခွင့် မပေးတော့ပေ။

"ကျွန်တော်က နဂါးနိုင်ငံ ပစ္စည်းမဟုတ်ရင် စိတ်မဝင်စားဘူး"

"တကယ်လို့ ဘာရွန်အင်ဒရူး သဘောမတူရင်လည်း... ဒီလောင်းကြေးကို ဖျက်လိုက်ကြတာပေါ့"

"ခင်ဗျား ရှုံးသွားတဲ့အခါ စိတ်မပါဘဲ ပေးရမှာမျိုး ကျွန်တော် မလိုချင်ပါဘူး"

ယဲ့ဖန်သည် အင်ဒရူး ငြင်းမည်ကို စိုးရိမ်သဖြင့် တမင်သက်သက် ထပ်မံ ရန်စလိုက်ပြန်သည်။ ထို့အပြင် အန်းကျူပရင့်စ်ကို ဖက်လိုက်ပြီး သူမ၏ သွယ်လျသော ခါးလေးကို ပွတ်သပ်ပြလိုက်သေး၏။

ဒီလုပ်ရပ်က ဘာရွန်အင်ဒရူးကို ဒေါသထွက်စေရန် လောင်စာထည့်ပေးလိုက်သလို ဖြစ်သွားတော့၏။

"ဘယ်သူက ရှုံးမယ်လို့ ပြောနေတာလဲ"

"ပန်းချီကား တစ်စုံတည်း မဟုတ်လား... လောင်းတယ်ကွာ"

"ကဲ... စလိုက်ကြစို့”

All Chapters