← Chapters

အခန်း (၁၈၆၃-၁၈၆၅)

Vol. 99 Ch. 1863-1865

အခန်း (၁၈၆၃-၁၈၆၅)

Vol. 99 Ch. 1863-1865

အခန်း (၁၈၆၃) - ခင်ဗျားက သတ္တိခဲပဲ

~"ကောင်းပြီလေ"

ယဲ့ဖန်က သဘောတူလိုက်၏။

ဘာရွန်အင်ဒရူး ပြင်ဆင်နေချိန်၌ သူသည် အန်းကျူပရင့်စ်ဘက်သို့ ချက်ချင်း လှည့်ကာ မေးလိုက်လေ၏။

"ဒါနဲ့... စနူကာရဲ့ စည်းမျဉ်းတွေက အတိအကျ ဘယ်လိုလဲဟင်"

အန်းကျူပရင့်စ်၏ မျက်လုံးအိမ်များ ကျယ်သွားရရှာသည်။

"ဘုရားရေ... မောင်ရယ်... မောင်က စနူကာ တစ်ခါမှ မကစားဖူးဘူးလို့တော့ မပြောနဲ့နော်"

"အမှန်အတိုင်း ပြောရရင်တော့... မကစားဖူးဘူး"

ယဲ့ဖန်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။

အန်းကျူပရင့်စ်မှာ ပို၍ပင် အံ့အားသင့်သွားရတော့၏။

"ဒါဆို... စနူကာမှာ အဆင့် (၁) ကစားသမား ဆိုတာ ဘာလဲဆိုတာ မောင် မသိဘူးပေါ့"

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

တကယ်လည်း သူ မသိခဲ့ပေ။

ဘာရွန်အင်ဒရူး၏ လေသံကို ကြည့်ခြင်းအားဖြင့် ထိုလူသည် အတော်လေး စွမ်းပုံ ရကြောင်း ရိပ်ဖမ်းသံဖမ်း ခန့်မှန်းမိရုံသာ။

"စနူကာမှာ အဆင့် (၁) ဆိုတာက ပုံမှန်အားဖြင့် ပရော်ဖက်ရှင်နယ် ထိပ်တန်း ကစားသမားတွေကိုမှ သတ်မှတ်တာလေ"

အန်းကျူပရင့်စ်က လေသံတိုးတိုးဖြင့် ရှင်းပြရှာသည်။

"မောင်ရယ်... မောင်က စနူကာကို တစ်ခါမှ မကစားဖူးဘဲနဲ့... ဒီလောက် လောင်းကြေးကြီးကြီး လောင်းလိုက်တာကတော့... အမှန်အတိုင်း ပြောရရင် မောင် ဘာတွေ တွေးနေလဲ ဆိုတာ အန်းကျူ နားမလည်တော့ဘူး"

"ကိုယ်က သင်ယူနိုင်စွမ်း အရမ်း မြင့်မားပါတယ်"

ယဲ့ဖန်က ခပ်ဝါးဝါးဖြင့်သာ ရှင်းပြလိုက်၏။

စနူကာ ဟု ခေါ်သော ကစားနည်းတွင် အရေးအကြီးဆုံး အချက်မှာ မျက်စိအမြင် အာရုံနှင့် ခွန်အား ထိန်းချုပ်နိုင်မှုသာ ဖြစ်သည်။

သူကဲ့သို့ မဟာသိုင်းပညာရှင် အဆင့်သို့ နီးကပ်နေပြီး၊ ခန္ဓာကိုယ်ရှိ ကြွက်သားနှင့် အရိုးအဆစ်တိုင်းကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်သော ကျင့်ကြံသူ တစ်ယောက်အဖို့... ဒီလောက် ကလေးကစားစရာ ကိစ္စလေးက ထမင်းစား ရေသောက်သလောက်သာ ရှိသည်ဟု ပြောလျှင် လွန်မည် မထင်ပေ။

ယဲ့ဖန် လိုအပ်သည်မှာ ကျူတံကိုင်ပုံ ကိုင်နည်းနှင့် အားထည့်ပုံ အားထည့်နည်းကို အသားကျအောင် လုပ်ရန်သာ ဖြစ်သည်။

ထို့နောက် စနူကာ၏ စည်းမျဉ်း အတိအကျကို နားလည်သွားသည်နှင့် တစ်ပြိုင်နက်... သူ လွယ်ကူစွာ ကစားနိုင်ပြီ ဖြစ်တော့၏။

အန်းကျူပရင့်စ်ကလည်း ယဲ့ဖန်ကို အလွန် ယုံကြည်သူ ဖြစ်ချေ၏။

သူ့ဘက်က ယုံကြည်မှု အပြည့်ရှိနေသည်ကို မြင်လိုက်ရသောအခါ၊ သူမသည် စိတ်ဓာတ်ကျစရာ စကားများကို ဆက်မပြောတော့ပေ။ ထိုအစား သူ့နားနားသို့ ကပ်ကာ စနူကာ စည်းမျဉ်းများကို တီးတိုး ရှင်းပြပေးလိုက်တော့၏။

"စနူကာ ဆိုတာက ဘိလိယက် ကစားနည်း တစ်မျိုးပါပဲ... အရေးအကြီးဆုံးက အမှတ်ယူတာနဲ့ ခံစစ် ကစားတာပဲ"

"ဒါပေမဲ့ ရိုးရိုး ဘိလိယက်နဲ့ မတူတာက အမှတ်ယူတဲ့ စည်းမျဉ်းတွေက အရမ်း တိကျတယ်... စနူကာမှာ ဘောလုံး ထိုးရမယ့် အစီအစဉ်က ဘောလုံးနီ တစ်လုံး ပြီးရင် ကာလာဘောလုံး တစ်လုံး... အဲ့ဒီလို အလှည့်ကျ ထိုးသွားရတာ... ဘောလုံးတွေ အကုန်လုံး ကျင်းထဲ ဝင်သွားတဲ့အထိပေါ့... ပြီးရင် ဘောလုံး တစ်လုံးချင်းစီရဲ့ ရမှတ်အလိုက် စုစုပေါင်း အမှတ်ကို တွက်ချက်ပြီး အနိုင်အရှုံး ဆုံးဖြတ်ရတာ"

"ဘောလုံးနီက (၁) မှတ်... ဘောလုံးဝါက (၂) မှတ်... အစိမ်းက (၃) မှတ်... ကော်ဖီရောင်က (၄) မှတ်... အပြာက (၅) မှတ်... ပန်းရောင်က (၆) မှတ်... ပြီးတော့ အမည်းရောင်က (၇) မှတ်..."

ယဲ့ဖန်သည် သူမ၏ ရှင်းပြချက်ကို နားထောင်ရင်း တိကျသော စည်းမျဉ်းများနှင့် ကစားပုံ ကစားနည်းများကို လျင်မြန်စွာ နားလည် သဘောပေါက်သွားလေ၏။

အန်းကျူပရင့်စ် ရှင်းပြပြီးသည်နှင့် တစ်ပြိုင်နက်... ကျူတံကိုင်နည်းနှင့် ဘောလုံး ထိုးနည်း အခြေခံ အချို့ကိုပါ သူမကို သင်ပြခိုင်းလိုက်ပြီး၊ ချက်ချင်းပင် လက်တွေ့ စမ်းသပ် လေ့ကျင့်တော့၏။

ထိုအချိန်၌ပင် အန်းကျူပရင့်စ်၏ သူငယ်ချင်းများနှင့် ဘေးပတ်ဝန်းကျင်ရှိ ဧည့်သည် အများအပြားသည် ယဲ့ဖန်မှာ လူသစ်တန်း တစ်ယောက် ဖြစ်မှန်း ရိပ်မိသွားကြတော့၏။ သူတို့အားလုံး အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့၏။

"ဘုရားရေ... ယဲ့ဖန်... ရှင်က စနူကာ တစ်ခါမှ မကစားဖူးဘူးလား"

"ဘောလုံး ထိုးနည်းနဲ့ ကျူတံ ကိုင်နည်းကို အခုမှ သင်နေတာလား"

"ရူးသွပ်လွန်းတယ်"

"ခုနလေးတင် ဘာရွန်အင်ဒရူးကို နဂါးနိုင်ငံရဲ့ စနူကာဘုရင်ပါလို့ ပြောပြီး... ဒေါ်လာ သန်း (၁၀၀) ကြေးတောင် လောင်းထားတာလေ"

"ရှင်က တကယ့် သတ္တိခဲပဲ"

အရာအားလုံး ပြင်ဆင်ပြီးစီးသွားသော အင်ဒရူးသည်လည်း ထိုသတင်းကို ကြားလိုက်ရသဖြင့် လျှောက်လာခဲ့သည်။

အခြေအနေကို နားလည်သွားသောအခါ သူ အံ့ဩသွားရတော့၏။

"မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်"

"အဆင့် (၁) ကစားသမား ဆိုတာ ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာကို မင်း နားမလည်ခဲ့တာလား"

ယဲ့ဖန်သည် ထပ်မံ ရှင်းပြမနေတော့ဘဲ သူ၏ ဘဏ်ကတ်ကိုသာ ဝှေ့ယမ်းပြလိုက်လေ၏။

"ဒိုင်လူကြီး တစ်ယောက်လောက် ရှာလိုက်ပါ... ကျွန်တော် လောင်းကြေးကို ဒိုင်လူကြီး လက်ထဲ အခုပဲ ထည့်ပေးလိုက်မယ်"

ဘာရွန်အင်ဒရူးမှာ ယုံရခက်သော ပုံစံဖြင့် ကြည့်နေမိသည်။

"မင်း ရူးနေပြီ"

"ငါက အဆင့် (၁) စနူကာ ကစားသမားကွ... မင်းလို လူသစ် တစ်ယောက်နဲ့ ယှဉ်ကစားရတာ... ငါ နိုင်ရင်တောင် သိက္ခာ မရှိဘူး"

ထိုစကားကို ကြားသောအခါ ယဲ့ဖန်သည် အန်းကျူပရင့်စ်ကို ပြောခဲ့သော ဆင်ခြေကိုသာ ပြန်သုံးလိုက်ရတော့၏။

"ကျွန်တော့်ရဲ့ သင်ယူနိုင်စွမ်းက အရမ်း မြင့်မားပါတယ်"

ဘာရွန်အင်ဒရူးကတော့ လက်ခံနိုင်ပုံ မရပေ။ ခေါင်းကိုသာ တွင်တွင်ခါနေတော့၏။

ယဲ့ဖန်သည် စကားကုန် ပြောနေရသည်ကို စိတ်မရှည်တော့ချေ။

သူသည် စားပွဲပေါ်ရှိ အဖြူရောင် ဘောလုံးကို ကျူတံဖြင့် ချိန်ရွယ်လိုက်သည်။

“ရွှပ်... ရွှပ်... ရွှပ်…”

ကျူတံချက် အနည်းငယ် ထွက်ပေါ်သွားပြီးနောက်...

“ဒုတ်... ဒုတ်... ဒုတ်…”

ဘောလုံးများသည် တိကျသော ချိန်သားဖြင့် ကျင်းများထဲသို့ တစ်လုံးပြီး တစ်လုံး ဝင်သွားကြသည်ကို မြင်လိုက်ရသောအခါမှ... သူသည် ဘာရွန်အင်ဒရူးဘက်သို့ လှည့်ကြည့်လိုက်လေ၏။

"အခုရော... ကျွန်တော့်ကို ယုံပြီလား”

အခန်း (၁၈၆၄) - ခင်ဗျားက လူစွမ်းကောင်းပါပဲလား

~မြင်ကွင်းတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

အန်းကျူပရင့်စ် အပါအဝင် လူတိုင်းသည် ယဲ့ဖန်ကို သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြောင်ငေးကြည့်နေမိကြသည်။

တစ်ခဏကြာမှ တစ်စုံတစ်ယောက်က တံတွေးမြိုချလိုက်သံ ထွက်ပေါ်လာပြီးနောက်၊ လူအုပ်ကြီးဆီမှ အာမေဋိတ်သံများ ဆူညံစွာ ပေါ်ထွက်လာတော့၏။

"ငါ မျက်စိများ မှားနေတာလား"

"ယဲ့ဖန်က ငါးလုံးဆက်တိုက် ပစ်သွင်းလိုက်တာနော်"

"ဒါ ခုနကမှ ကျူတံကိုင်နည်းနဲ့ ဘောလုံးထိုးနည်း သင်နေတဲ့ ယဲ့ဖန် ဟုတ်ရဲ့လား"

"ငါ မှတ်မိသလောက်ဆိုရင်... သူ စသင်တာ (၃) မိနစ်တောင် မပြည့်သေးဘူး... ဘောလုံး (၁၀၀) တောင် ပြည့်အောင် မထိုးရသေးဘူးလေ"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"..."

အန်းကျူပရင့်စ်မှာလည်း မျက်စိလည်သွားရရှာ၏။

"မောင်ရယ်... မောင်က တကယ့် လူစွမ်းကောင်းပါပဲလား"

"ကိုယ်တိုင်သာ မျက်မြင်မတွေ့ခဲ့ရရင်... ပြီးတော့ မောင်က စနူကာ စည်းမျဉ်းတွေကို မေးပြီး သင်ခိုင်းခဲ့တာသာ မဟုတ်ရင်... အန်းကျူ လုံးဝ ယုံရဲမှာ မဟုတ်ဘူး"

ဘာရွန်အင်ဒရူး၏ မျက်ဝန်းထဲတွင်လည်း ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။

"မင်း ခုနက တမင် ဟန်ဆောင်ပြီး အင်အားဝှက်ထားတာလား"

ယဲ့ဖန်ကတော့ သူ့ကို အများကြီး ရှင်းပြမနေတော့။ ပြုံးရုံသာ ပြုံးလိုက်သည်။

"ပြောပါဦး... ဒီလောက် စွမ်းရည်နဲ့ဆိုရင် ခင်ဗျားနဲ့ ကစားဖို့ အရည်အချင်း ပြည့်မီပြီလား"

ဘာရွန်အင်ဒရူးသည် ပရော်ဖက်ရှင်နယ် အဆင့် (၁) ကစားသမား တစ်ယောက် ဖြစ်သော်လည်း၊ ယဲ့ဖန်၏ စွမ်းရည်ကို မြင်လိုက်ရပြီးနောက် အရည်အချင်း မပြည့်မီပါဟု ပြောရန် မရဲတော့ချေ။ သူ ချက်ချင်း ခေါင်းညိတ်လိုက်တော့၏။

"အရည်အချင်း ပြည့်မီပါတယ်"

"ဒါပေမဲ့... ဘေးကလူတွေ ပြောသလိုပဲ မင်းက တကယ်တော့ လူသစ်တစ်ယောက်ပါ... သေချာ စဉ်းစားစေချင်တယ်"

"စနူကာဆိုတာ အမှတ်ယူတဲ့ နည်းစနစ်အပြင် တခြား ထည့်သွင်းစဉ်းစားရမယ့် အရည်အချင်းတွေလည်း အများကြီး လိုသေးတယ်"

"ပြီးတော့ ဒေါ်လာ သန်း (၁၀၀) ဆိုတဲ့ လောင်းကြေးက ဒီမှာရှိတဲ့ လူတိုင်းအတွက် အများကြီး မဟုတ်ပေမယ့်... နည်းတဲ့ပိုက်ဆံမှ မဟုတ်တာ... ဟုတ်တယ်မလား"

ဒီလူက အခုချိန်ထိ ဟန်ဆောင်ကောင်းနေတုန်းပဲဟု ယဲ့ဖန် တွေးလိုက်မိသည်။ သူ ချက်ချင်း ပြုံးလိုက်လေ၏။

"ကျွန်တော်က လောင်းကြေး ခင်းပြီးပြီလေ ဘာရွန်အင်ဒရူးရယ်... ခင်ဗျားကသာ တောက်လျှောက် တားနေတာ... ခင်ဗျားရဲ့ လောင်းကြေးကို နှမြောနေတာလား... ဒါမှမဟုတ် ကျွန်တော့်လို လူသစ်တစ်ယောက်ကို လူအများကြီးရှေ့မှာ ရှုံးသွားမှာ ကြောက်နေတာလား"

"အဲ့လိုဆိုရင်လည်း... ဒီလောင်းပွဲကို မေ့လိုက်ကြပါစို့... တော်ကြာ တစ်ယောက်ယောက် ရှုံးသွားရင် လျော်နိုင်မှာ မဟုတ်ဘူး"

"ဘယ်သူက ကြောက်နေလို့လဲ"

အင်ဒရူးကို ရန်စခြင်းက အချိန်တိုင်း ထိရောက်သော နည်းလမ်းပင်။ ယဲ့ဖန်၏ ပေါ့ပျက်ပျက် စကားများကြောင့် အင်ဒရူး ဒေါသပေါက်ကွဲသွားတော့၏။

"ငါက အန်းကျူ့ကို ထောက်ပြီး မင်းကို သတိပေးနေတာကွ"

"မင်းက ဒီလောက်တောင် မောက်မာနေမှတော့... လောင်းကြတာပေါ့"

"စနူကာ ကစားသမား အစစ်နဲ့ စာကျက်ပြီး ကပ်ဖြေတဲ့ လူသစ်ကြားက ကွာခြားချက် ဘယ်လောက်ကြီးလဲ ဆိုတာကို မင်း မြင်အောင် ပြရသေးတာပေါ့"

"စောင့်ကြည့်ကြတာပေါ့"

ယဲ့ဖန် ပခုံးတွန့်ပြလိုက်သည်။

"ဒိုင်လူကြီး လုပ်ဖို့ ကြားလူတစ်ယောက် အရင် ရွေးကြမယ်"

ဘာရွန်အင်ဒရူးသည် ဘေးပတ်ဝန်းကျင်မှ သူငယ်ချင်းများကို လိုက်ကြည့်လိုက်ပြီး အစ္စဘယ်လ်လာဆီတွင် အကြည့်ရပ်တန့်သွားလေ၏။

"အစ္စဘယ်လ်လာကိုပဲ ရွေးလိုက်မယ်"

"သူက အမြဲတမ်း တရားမျှတတယ်... ပြီးတော့ သူက စွမ်းရည်လည်း မြင့်မားတော့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်"

အစ္စဘယ်လ်လာသည် ငြင်းဆန်ခြင်း မပြုဘဲ လူအုပ်ထဲမှ ထွက်လာခဲ့သည်။

ယဲ့ဖန်က ဘဏ်ကတ်ကို သူမလက်ထဲ ထည့်ပေးလိုက်ပြီးနောက်၊ သူမသည် ပြိုင်ပွဲ စတင်ကြောင်း ကြေညာလိုက်တော့၏။

စနူကာ ပြိုင်ပွဲ စတင်ချိန်တွင် မည်သူက အရင် စထိုးရမည်ကို ဆုံးဖြတ်ရလေ၏။

နေမဝင်အင်ပါယာ၏ ထုံးစံအရ ဆုံးဖြတ်ပုံက ရိုးရှင်းလှ၏။ ဒိုင်လူကြီးက အကြွေစေ့ကို မြှောက်လိုက်မည်။ ထို့နောက် ယဲ့ဖန်နှင့် ဘာရွန်အင်ဒရူးတို့က အကြွေစေ့ ခေါင်းကျမလား ပန်းကျမလား ခန့်မှန်းရမည် ဖြစ်သည်။

အမှန် ခန့်မှန်းနိုင်သူက စတင် ထိုးစရာ မလိုပေ။

အဘယ်ကြောင့် မှန်အောင် ခန့်မှန်းနိုင်သူက စမထိုးရသနည်း ဆိုသည်မှာလည်း ရှင်းပါသည်။

နေမဝင်အင်ပါယာ၏ စနူကာ ပြိုင်ပွဲစည်းမျဉ်းများတွင် ဦးစွာ စတင်ထိုးရသူသည် အားနည်းချက် ရှိတတ်သောကြောင့်ပင်။ စထိုးသူအဖို့ ခံစစ်ကစားရန်နှင့် အမှတ်ယူရန် မလွယ်ကူလှချေ။

ယဲ့ဖန်နှင့် ဘာရွန်အင်ဒရူးတို့ အဆင်သင့် ဖြစ်ချိန်တွင်၊ အစ္စဘယ်လ်လာက အကြွေစေ့ကို လေထဲသို့ မြှောက်တင်လိုက်သည်။

ထို့နောက် အကြွေစေ့ ပြန်ကျလာခါနီးတွင် သူမ၏ လက်ဝါးဖြင့် ဖမ်းအုပ်လိုက်လေ၏။

"ကဲ... စပြီး ရွေးကြတော့"

ယဲ့ဖန်သည် ကာစီနို တစ်ခုလုံးကို အနိုင်ယူခဲ့ဖူးသော လောင်းကစားဘုရင် ဖြစ်သလို၊ သိုင်းပညာရှင် တစ်ယောက်လည်း ဖြစ်သည့်အတွက် ဤအခြေအနေကို ကိုင်တွယ်ရသည်မှာ ထမင်းစား ရေသောက်သလောက်သာ ရှိသည်။

အစ္စဘယ်လ်လာ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ အဖြေပေးလိုက်လေ၏။

"ခေါင်း"

ဘာရွန်အင်ဒရူးကတော့ သူ့စွမ်းရည်ကိုသူ ယုံကြည်မှုလွန်ကဲနေသည်မှာ သိသာလှ၏။ သူ စဉ်းစားမနေဘဲ ချက်ချင်း တုံ့ပြန်လိုက်တော့၏။

“ဒါဆို ငါက ပြောင်းပြန် ယူမယ်”

အခန်း (၁၈၆၅) - ဒါကို လူသစ်လို့ ခေါ်တာလား

~အစ္စဘယ်လ်လာသည် စကားများများမပြောပေ။ ယဲ့ဖန်နှင့် ဘာရွန်အင်ဒရူး နှစ်ယောက်လုံး ရွေးချယ်ပြီးသည်နှင့် တစ်ပြိုင်နက် သူမသည် အကြွေစေ့ကို အုပ်ထားသော လက်ဝါးကို ချက်ချင်း ဖယ်လိုက်တော့၏။

"အကြွေစေ့ ခေါင်းကျတယ်... ဘာရွန်အင်ဒရူး စရမယ်"

"မောင်ရေ... မောင့်ကံ မဆိုးဘူးပဲ"

ဒါကို မြင်လိုက်ရသည့် အခါ အန်းကျူပရင့်စ်က ယဲ့ဖန်အတွက် တိတ်တဆိတ် ဝမ်းသာသွားရှာသည်။

အစ္စဘယ်လ်လာလည်း ယဲ့ဖန်ကို လှမ်းကြည့်လိုက်၏။

ဘာရွန်အင်ဒရူးကတော့ သိပ်ဂရုစိုက်ပုံ မရပေ။

သူသည် ကျူတံကို ကိုင်ကာ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ကိုယ်နေဟန်ထားကို အနည်းငယ် ပြင်ဆင်ပြီးနောက်၊ ကျွမ်းကျင်စွာပင် ဘောလုံးကို စတင် ထိုးလိုက်တော့၏။

“ဒုန်း…”

ကျယ်လောင်သော အသံနှင့်အတူ စုပုံနေသော ဘောလုံးများအားလုံး ပြန့်ကျဲသွားကြလေ၏။

ဒီအချိန်မှာတော့ အင်ဒရူး၏ စွမ်းရည်အစစ်အမှန် ပေါ်လာတော့၏။

ဒီလူက ဘောလုံး စဖွင့်လိုက်သည့် အခါ အားနှင့် ထောင့်ကို အရမ်း ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်း ရှိမှန်း သိသာလှသည်။ ဘောလုံးတွေ ပြန့်ကျဲသွားသော်လည်း၊ အရမ်းကြီးတော့ ကွာဝေးသွားခြင်း မရှိပေ။ ဒါ့အပြင် ဘောလုံးတွေကြားမှာ မသိမသာ အတားအဆီးလေးတွေ ဖြစ်နေအောင် ဖန်တီးထားလိုက်သေး၏။

ယဲ့ဖန် အလှည့်ရောက်သည့်အခါ တိုက်ရိုက် ထိုး၍ ရမည့် ဘောလုံးနီ တစ်လုံးကို ရှာတွေ့ဖို့ ခက်ခဲသွားလိမ့်မည်။

"လှပတဲ့ ခံစစ်အဖွင့်ပဲ"

ဒါကို မြင်လိုက်ရသည့်အခါ ဘေးက လူအများအပြားက မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။

"ဒီလို အရည်အချင်းမျိုးက အဆင့်မြင့် ပရော်ဖက်ရှင်နယ် ပွဲတွေမှာတောင် တွေ့ရခဲတယ်"

"ဘာရွန်အင်ဒရူးရဲ့ အဆင့်က တကယ် ချီးကျူးစရာပဲ"

"ဒီပုံစံအတိုင်းဆို ယဲ့ဖန်တော့ ဒုက္ခရောက်ပြီ"

"အနည်းဆုံးတော့... ဘောလုံးဖြူနဲ့ ဘောလုံးနီတွေရဲ့ နေရာယူပုံအရ... စားပွဲပေါ်မှာ တိုက်ရိုက်ထိုးလို့ရမယ့် ဘောလုံးနီ တစ်လုံးမှ မရှိဘူး"

"ဘောလုံးနီတွေ အကုန်လုံးကို ကာလာဘောလုံးတွေနဲ့ ကွယ်ထားတာကိုး"

"ဒီလို အနေအထားမျိုးက ပရော်ဖက်ရှင်နယ် ကစားသမား တချို့အတွက်တောင် တော်တော်လေး ဆိုးရွားတဲ့ အစပျိုးမှုပဲ... ယဲ့ဖန်လို လူသစ်တစ်ယောက်အတွက်တော့ ပြောမနေနဲ့တော့"

"..."

အန်းကျူပရင့်စ်ခမျာ မူလက ယဲ့ဖန်အတွက် အသာစီးရ၍ ပျော်ရွှင်နေခဲ့ရာမှ၊ အခုတော့ စိတ်ပူပန်လာရရှာသည်။

ယဲ့ဖန်ကတော့ တုန်လှုပ်ပုံ မရပေ။

ဘာရွန်အင်ဒရူး ဖယ်ပေးလိုက်ပြီးနောက်၊ သူသည် စားပွဲပေါ်ရှိ ဘောလုံး အနေအထားများကို တစ်ခဏမျှ အကဲခတ်လိုက်ပြီးမှ စတင် ကစားလေ၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ ဘာရွန်အင်ဒရူးကို ကြွားဝါပြသလို ဟန်ဆောင်ခဲ့စဉ်ကနှင့် မတူတော့ပေ။ ယဲ့ဖန်သည် ကျူတံကို အနည်းငယ် မြှောက်ကိုင်လိုက်ပြီး၊ ဘောလုံးကို အောက်ဘက်ပိုင်းမှ ပင့်ထိုးလိုက်၏။

“ရွှပ်…”

ထိုးချက် ထွက်ပေါ်သွားပြီးနောက်... ဘောလုံးဖြူသည် လေထဲသို့ ခုံးခုံးလေး ပျံတက်သွားသည်။

ဘောလုံးဖြူသည် ဘောလုံးနီ၏ ရှေ့တွင် ပိတ်ဆို့နေသော အတားအဆီး ဘောလုံးကို ကျော်လွှားသွားပြီး... နောက်ကွယ်ရှိ ဘောလုံးနီကို တိကျစွာ သွားထိမှန်လိုက်လေ၏။ ဘောလုံးနီသည် လွင့်ထွက်သွားပြီး နောက်ဆုံးတွင် ကျင်းထဲသို့ 'ဒေါက်' ခနဲ မြည်ကာ ကျသွားတော့၏။

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။

တစ်ခဏကြာမှ ဆူညံသော ဆွေးနွေးသံများ ပွက်လောရိုက်လာတော့၏။

"ဘုရားရေ... တကယ်ကြီးလား"

"ဒါ စနူကာကို ပထမဆုံးအကြိမ် ကစားတာတဲ့လား... စစချင်းမှာတင် 'ဘောကျော်ထိုးချက်' (Jump Shot) နဲ့ စဖွင့်လိုက်တာပေါ့လေ"

"သူက ငါထင်ထားသလို လူသစ် ဟုတ်ရဲ့လား"

"နဂါးနိုင်ငံသားတွေရဲ့ သင်ယူနိုင်စွမ်းနဲ့ တွေးခေါ်နိုင်စွမ်းက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား"

"..."

ယဲ့ဖန်အတွက် စိုးရိမ်စိတ်ဖြင့် တင်းတင်းဆုပ်ထားသော အန်းကျူပရင့်စ်၏ လက်သီးလေးသည် လေထဲသို့ အားပါပါ ဝှေ့ယမ်းလိုက်မိတော့၏။

"မိုက်တယ်"

"မောင်က တကယ် အံ့မခန်းပဲ"

"ဒီ 'ဘောကျော်ထိုးချက်' က တကယ် လှတယ်"

ယဲ့ဖန်က ပြန်ပြုံးပြလိုက်သည်။

ထို့နောက် ဘာရွန်အင်ဒရူး၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုကာ ကျူတံကို ကိုင်ပြီး နေရာရွှေ့လိုက်လေ၏။

သူသည် နောက်ထပ် ကာလာဘောလုံး တစ်လုံးကို ချိန်ရွယ်လိုက်ပြီး ညင်သာစွာ ထိုးလိုက်ပြန်သည်။

ဒေါက်...။

နောက်ထပ် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာ၏။ ကာလာဘောလုံးနှင့် ဘောလုံးဖြူတို့ ထိတိုက်မိပြီးနောက်... လမ်းကြောင်း နှစ်ခု ကွဲထွက်သွားကာ ကာလာဘောလုံးက ကျင်းထဲသို့ ဝင်သွားပြန်သည်။

ဘောလုံးဖြူကတော့ အကွာအဝေး တစ်ခုအထိ လိမ့်သွားပြီးနောက်... နောက်ထပ် ဘောလုံးနီ တစ်လုံးကို ထိုးရန် အလွန် သင့်လျော်သော နေရာတစ်ခုတွင် ရပ်တန့်သွားလေ၏။

"ဝါး..."

လူအုပ်ကြီးက ထိုမြင်ကွင်းကို မြင်သောအခါ အံ့ဩမဆုံး ဖြစ်နေကြသည်။

"ဒါဆို... သူက ပထမဆုံး ဘောကျော်ထိုးချက် ထိုးကတည်းက ဒုတိယ ထိုးချက်ရဲ့ လမ်းကြောင်းကိုပါ ကြိုတွက်ထားပြီးသားပေါ့"

"ဒါဆိုရင်တော့... သူ့ရဲ့ အလုံးစုံ စွမ်းရည်နဲ့ အားထိန်းချုပ်နိုင်စွမ်းက နည်းနည်းတော့ လွန်လွန်းမနေဘူးလား"

"ဒါက တကယ်ရော လူသစ် ဟုတ်ရဲ့လား"

"သူက ငါတို့ကို တမင် သက်သက် စနောက်နေတာများလား... တကယ်တော့ သူက နဂါးနိုင်ငံရဲ့ စနူကာဘုရင် ဖြစ်နေမလား"

"..."

ယဲ့ဖန်နှင့် မလှမ်းမကမ်းတွင် ကျူတံကို ကိုင်ထားသော ဘာရွန်အင်ဒရူး၏ မျက်နှာထားမှာ အတော်လေး ကြည့်ရဆိုးနေတော့၏။

သာမန်လူများက ပွဲကြည့်ကောင်းရုံလောက်သာ ကြည့်နေကြသော်လည်း၊ ကျွမ်းကျင်သူကတော့ ပွဲကို သေချာ သုံးသပ်ကြည့်ရှုနေသည်။ အဆင့်မြင့် ကစားသမား တစ်ယောက်အနေဖြင့် ယဲ့ဖန်သည် နောက်တစ်လှည့်အတွက် တမင်တကာ လမ်းခင်းထားမှန်း သူ ရာနှုန်းပြည့် သေချာနေပြီ ဖြစ်သည်။

ပထမဆုံး ဘောကျော်ထိုးချက်ရော... ဒုတိယ ထိုးချက်အပြီး ဘောလုံးဖြူ ရပ်တန့်သွားပုံရော... အားလုံးက စနစ်တကျ တွက်ချက်ထားခြင်းပင်။

ဒီလောက် အားထိန်းချုပ်နိုင်စွမ်းနှင့် တောက်ပွဲတစ်ခုလုံးကို တွက်ချက်နိုင်စွမ်း ရှိနေမှတော့... ဒီလူက လူသစ် တစ်ယောက် ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်ပေ။

‘သူ ဒီကောင့်ရဲ့ လှည့်စားတာကို ရာနှုန်းပြည့် ခံလိုက်ရပြီ။

သတိထားပြီး မကစားရင်တော့... တကယ်ကြီး ရှက်ကွဲရတော့မည့်ကိန်း ဆိုက်နေပြီ။’

ယဲ့ဖန် နေရာရွှေ့နေသည်ကို မြင်သောအခါ ဘာရွန်အင်ဒရူး၏ မျက်လုံးများက သူ့အပေါ်၌သာ စူးစိုက် ကပ်ငြိနေတော့၏။

All Chapters