အဇူရာတိမ်ဂိုဏ်း၏အထူးတွေ့ဆုံပွဲ
Vol. 21 Ch. 223
“စီနီယာအစ်ကိုကြီး ကပ်ဘေးဖြတ်ကျော်ပြီးသွားပြီလား”
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ကိုတောင်မပြောဘဲ လျှို့ဝှက်ပြီး ကပ်ဘေးဖြတ်ကျော်လိုက်တာလား”
“စီနီယာအစ်ကိုကြီးက တကယ့်အံ့ဖွယ်ပဲ ဒီလောက်အချိန်ခဏလေးနဲ့ ကပ်ဘေးဖြတ်ကျော်လိုက်နိုင်တယ်”
……
အဇူရာတိမ်မောင်နှမ ၆ဖော် ချင်းယွင်ကျိကိုဝိုင်းပတ်၍ စိတ်လှုပ်ရှားစွာ ပြောဆိုနေခဲ့ကြ၏။
လူတိုင်း ပြုံးပျော်နေခဲ့ကြသည်။
ကျန်းယန်လည်းရယ်မောကာ မေးလိုက်၏။
“ဆရာ ကပ်ဘေးဖြတ်ကျော်ရတာ ဘယ်လိုခံစားရလဲ”
ချင်းယွင်ကျိပြုံးကာ ပြန်ပြောလိုက်သည်။
“ဘာမှတော့ ထူးခြားတာမရှိပါဘူး…ကောင်းပြီ ကောင်းပြီ ငါကပ်ဘေးဖြတ်ကျော်ပြီးသွားပြီ ဘာမှကိစ္စကြီးမဟုတ်ဘူး မင်းတို့လည်း တစ်ချိန်ချိန်ကျော်ဖြတ်ကြရမှာပဲ အခုတကယ့်အောင်ပွဲခံရမယ့်ကိစ္စက ကျန်းယန်နဲ့စစ်ထူမင်ယွဲ့တို့ တိုက်ပွဲကွင်းပြင်ကနေ ဘေးကင်းကင်းနဲ့ပြန်ရောက်လာနိုင်တဲ့ ကိစ္စပဲ အထူးသဖြင့် သူတို့က တိုက်ပွဲကွင်းပြင်ထဲမှာ အခြားဂိုဏ်းတွေအကုန်လုံးကိုဖိနှိပ်ပြီး ငါတို့ဂိုဏ်းအတွက် မဟာကံကြမ္မာကိုယူဆောင်လာနိုင်ခဲ့တယ် အဲ့တာကမှ တကယ့်ပျော်စရာကိစ္စပဲ”
တကယ်တော့ သူကျန်းယန်ကို ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမထဲ ၀င်လို့ရခဲ့လားဟု အလွန်မေးချင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုကိစ္စက သူတို့ဆရာတပည့်ကြားက လျှို့ဝှက်ချက်ဖြစ်နေသောကြောင့် ထုတ်ပြော၍ မဖြစ်သေးပေ။
ထို့ကြောင့် သူစောင့်နေခဲ့ခြင်းဖြစ်၏။
“ကောင်စုတ်လေး မင်းကတကယ်တော်တာပဲ” ဟွာလင်းကျိ ပျော်ရွှင်စွာ ပြုံးလိုက်ကာ
“မင်းဘယ်လိုတွေလုပ်ခဲ့လဲ ငါတို့ကိုပြောပြစမ်းပါဦး အို့ ဟုတ်သားပဲ မင်ယွဲ့လည်းကောင်းကောင်းလုပ်ခဲ့တာပဲ”
စစ်ထူမင်ယွဲ့အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့်
“အကုန်လုံးက စီနီယာအစ်ကိုကြီးရဲ့ကျေးဇူးကြောင့်ပါပဲ ကျွန်မတို့က ဒီလောက်အကျိုးမဆောင်နိုင်ခဲ့ပါဘူး”
“ဒီလိုပြောလို့မရဘူးလေ အားလုံးက အကောင်းဆုံးလုပ်ခဲ့တာပဲမဟုတ်လား” ပိုင်ယွင်ကျိပြုံး၍ ဝင်ပြောလိုက်၏။
“လာလာ ကျန်းယန် ဘာတွေဖြစ်ခဲ့သလဲ ငါတို့ကိုပြောပြ” ဟွာလင်းကျိ စိတ်မရှည်ဟန်ဖြင့် အမြန်ပြောလိုက်လေသည်။
ကျန်းယန်လည်း ပြုံးလိုက်၏။
သူထရပ်ကာ ပြောလိုက်သည်။
“အရင်ဆုံး ကျွန်တော်အားလုံးကို လူနှစ်ယောက်နဲ့မိတ်ဆက်ပေးမယ် ဒါကချင်းရှုတဲ့ သူကရှို့ယိဘုရားကျောင်းက စန်းစုန့်ရဲ့တပည့် ချင်းရှုကရတနာတွေသွန်းလုပ်တဲ့နေရာမှာတော်ပြီး အတော်လေး ပါရမီရှိတယ် သူကအတော်ကြီးလည်း ဉာဏ်ကောင်းတယ်
ဒီတစ်ခေါက် ကျွန်တော်တို့တိုက်ပွဲကွင်းပြင်ထဲမှာ အခြားဂိုဏ်းကြီးတွေနဲ့ ရင်ဆိုင်နိုင်ခဲ့တဲ့ အဓိကအကြောင်းပြချက်က သူပဲ သူသန့်စင်ခဲ့တဲ့ ချင်းရှုမျှော်စင်က နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်ခဲ့တယ် အဲ့တာကပဲ ကျွန်တော်တို့အသက်တွေကို ကယ်တင်ခဲ့တာပဲလို့တောင် ပြောလို့ရတယ်”
“အရမ်းကောင်းတယ် အရမ်းကောင်းတယ်” ဟော်လင်းကျိ ချင်းရှုကိုပြုံးပြလိုက်ကာ
“အချိန်ရရင် ငါတို့လက်နက်သန့်စင်တဲ့အကြောင်းဆွေးနွေးသင့်တယ်”
“ထက်မြက်တဲ့လူငယ်တစ်ယောက်ပဲ” တန်ချန်ကျိလည်း ၀င်ချီးကျူးလိုက်၏။
ချင်းယွင်ကျိ ချင်းရှုကိုပြုံးပြကာ ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံခြင်းပါရမီက သာမန်ပဲဆိုပေမယ့် ကောင်းကင်နဲ့မြေပြင်နိယာမတွေကို နားလည်နိုင်စွမ်းနဲ့ လက်နက်သန့်စင်တဲ့ပါရမီကတော့ တကယ့်တုနှိုင်းမဲ့ပဲ”
“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ” ချင်းရှု ကျေးဇူးတင်စကား ပြောလိုက်၏။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ထံမှ အခုလို မျက်နှာချင်းဆိုင်ချီးကျူးခံရခြင်းက အတော်လေး စိတ်လှုပ်ရှားစရာကောင်းလွန်းလှသည်။
“သူကအခုကစပြီး အဇူရာတိမ်ဂိုဏ်းထဲ၀င်ဖို့ ဆုံးဖြတ်ပြီးသွားပြီ” ကျန်းယန် ဆက်ပြောလိုက်၏။
ချင်းယွင်ကျိ ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး ချင်းရှုကိုကြည့်၍ ပြောလိုက်သည်။
“ငါမင်းကိုဂိုဏ်းထဲ၀င်ခွင့်ပြုတယ် အို့ ဟုတ်သားပဲ မင်းဆရာလည်းဒီမှာရှိတယ် ငါသူ့ကိုခေါ်ပေးမယ်”
သူအိပ်ပျော်နေသော စန်းစုန့်ကိုခေါ်လာပြီး လှုပ်နှိုးလိုက်၏။
စန်းစုန့်မျက်လုံးများပွင့်လာပြီး အားလုံးကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်ကာ
“အားလုံးရောက်နေကြတာပဲ…ဟမ် မင်းကဘာလို့ဒီရောက်နေတာလဲ”
သူချင်းရှုကိုကြည့်ကာ သူ့အမူအရာထူးဆန်းသွားခဲ့သည်။
ချင်းရှုပြုံးကာ ပြောလိုက်၏။
“ဆရာ ကျွန်တော်အဇူရာတိမ်ဂိုဏ်းကို၀င်လိုက်ပြီ”
“ဘာ” စန်းစုန့် အော်ပြောလိုက်လေသည်။
“မင်းကဘယ်လိုလုပ်ပြီး အဇူရာတိမ်ဂိုဏ်းထဲ၀င်လာတာလဲ”
သူချင်းယွင်ကျိကိုအလိုလိုတစ်ချက်ကြည့်လိုက်မိပြီး ချင်းရှုကို ပြန်ကြည့်ကာ ပြောလိုက်၏။
“မင်းကဘယ်လိုဖြစ်ပြီး ဒီလိုဆုံးဖြတ်ချက်ကို မင်းဟာမင်းချလိုက်ရတာလဲ”
ချင်းရှု ပြန်ပြောလိုက်သည်။
“ဆရာကအဇူရာတိမ်ဂိုဏ်းထဲအရင်၀င်သွားတာလေ အဲ့တော့ တပည့်လည်း လိုက်၀င်ရမှာပေါ့”
စန်းစုန့် ကြောင်သွားခဲ့၏။ ထို့နောက် သူပြောလိုက်သည်။
“မင်းကျန်းယန်ပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားထောင်ခဲ့တာလား ဘာလို့ငါပြောတာကိုနားမထောင်တာလဲ ကလေး မင်းဘယ်လိုဖြစ်ပြီးလူတွေပြောသမျှကို ယုံနေရတာလဲ”
သူကျန်းယန်ဘက်လှည့်ကာ အသဲကွဲနေသောအမူအရာဖြင့် ပြောလိုက်၏။
“မင်းဘယ်လိုလုပ်ပြီး ငါ့တပည့်ကိုလှည့်စားရက်တာလဲ သူကအရမ်းဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတာ အဲ့တာတောင် မင်းကသူ့ကိုလှည့်စားရက်သေးတယ် မင်းမှာကိုယ်ချင်းစာတရားမရှိဘူးလား မင်းကရိုးသားတဲ့လူတစ်ယောက်ကို အနိုင်ကျင့်နေတာလား”
“ကျွန်တော်အရူးမဟုတ်ဘူး” ချင်းရှု ၀င်ပြောလိုက်သည်။
“ပိတ်ထားစမ်း” စန်းစုန့်ဆူငေါက်လိုက်ပြီး ကျန်းယန်ကိုပြန်ပြောလိုက်၏။
“မင်းအသက်ရှင်လျက်ပြန်လာတာကို ငါ၀မ်းသာပါတယ် ဒါပေမယ့် ငါ့တပည့်ကိုအခုလိုလှည့်စားတာကတော့ တကယ် မသင့်တော်ပါဘူးကွာ”
ကျန်းယန် စန်းစုန့်နားကပ်သွားပြီး အသံနှိမ့်၍ ပြောလိုက်သည်။
“ကျွန်တော်သူ့ကိုခေါ်သွားပြီးတော့ ကျွန်တော်တို့တွေ အမတအဆင့်ကျင့်စဉ်တစ်ခု ရခဲ့တယ်”
စန်းစုန့်မျက်လုံးများတောက်ပသွားသော်လည်း သူခေါင်းခါနေဆဲပင်။
“ဘာပဲဖြစ်ဖြစ် လူတွေကိုလှည့်စားတာက မကောင်းတဲ့အရာပဲ”
“ကျွန်တော်တို့တွေ မဟာကံကြမ္မာကိုရရှိခဲ့ကြပြီးတော့ ဂိုဏ်းတိုင်းက ပါရမီရှင်တွေအကုန်လုံးကို ဖိနှိပ်ပစ်ခဲ့တယ်” ကျန်းယန် ဆက်ပြောလိုက်သည်။
စန်းစုန့်မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့သော်လည်း သူ့ခေါင်းကတော့ ယမ်းနေဆဲပင်။
“ဒီလိုဆိုရင်တောင် လိမ်လည်တာက မှားတဲ့အရာပဲ”
အစမှအဆုံးထိ သူတို့လောင်းကြေးအကြောင်းမပြောခဲ့ကြပေ။
ကျန်းယန်လည်ချောင်းရှင်းလိုက်ပြီး အမတခန်းမမှရရှိလာသော စာအုပ်တစ်အုပ်ထုတ်ကာ စန်းစုန့်ရှေ့တွင် ထိုစာအုပ်ကိုစာရွက်အနည်းငယ် လှန်ပြလိုက်၏။
ထိုအရာသည် ဆေးညွှန်းစာအုပ်တစ်အုပ်ဖြစ်ပေသည်။
ဒါပေါ့ ထိုအရာက ဟင်းချက်ညွှန်းစာအုပ်တစ်အုပ်မဟုတ်သော်လည်း ထိုစာအုပ်လိုမျိုး သုံးနိုင်သောစာအုပ်ဖြစ်၏။
စန်းစုန့်မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး
“ဒါက…ငါ့အတွက်လား”
ကျန်းယန် သူ့ကိုတစ်ချက်ကြည့်ကာ အဓိပ္ပာယ်ပါပါပြောလိုက်သည်။
“ဒါမျိုးပစ္စည်းတွေကို အလွယ်တကူပေးလို့ဖြစ်ပါ့မလား ဒါပေမယ့် စီနီယာက ကျွန်တော်တို့ထဲကတစ်ယောက်ဖြစ်လာရင်တော့ တစ်ချက်လောက်ကြည့်လို့ရပါတယ်”
စန်းစုန့်ချောင်းခြောက်တစ်ချက်ဟန့်လိုက်ကာ ၀မ်းနည်းပူဆွေးနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒီတပည့်ဆိုတာက ငါ့ရဲ့သားလိုပါပဲ သူ့အတွက်ငါအတော်လေးစိတ်ပူမိတယ် မင်းက သူ့ကိုလှည့်ဖျားပြီးအဇူရာတိမ်ဂိုဏ်းထဲခေါ်လာတော့ ငါသာဒီမှာရှိမနေရင် အနာဂတ်မှာသူအနိုင်ကျင့်ခံရမှာ ကြောက်မိတယ် ဟူးး ရွေးချယ်စရာမရှိတော့ပါဘူးလေ ငါ့တပည့်ရဲ့အမှားကို ငါပဲတာ၀န်ယူလိုက်ပါတော့မယ်”
ကျန်းယန်လည်း ခပ်တည်တည်ပြန်ပြောလိုက်၏။
“ကျွန်တော်တို့က ချင်းရှုကိုလုံး၀အနိုင်မကျင့်ဘူးဆိုပေမယ့် ကိုယ့်တပည့်ကို ဒီလောက်ဂရုစိုက်တတ်တဲ့ စီနီယာရဲ့စိတ်ထားကိုခံစားမိပါတယ် စီနီယာက အငယ်တွေကိုတန်ဖိုးထားတဲ့ တကယ့် အကြိီးအကဲကောင်းတစ်ယောက်ပါပဲ”
“လုံး၀မဟုတ်ပါဘူး လုံး၀မဟုတ်ပါဘူး”
“စီနီယာကကြင်နာလွန်းနေပါပြီ”
“မင်းကသာ ရက်ရောလွန်းတာပါ”
…..
ကျန်းယန် ဆေးညွှန်းစာအုပ်ကို စန်းစုန့်ဆီပေးလိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
“ကျွန်တော်ဒီစာအုပ်ကို ငှားတာနော် ပြီးရင် ဒိစာအုပ်ဘယ်ကရသလဲ ပြောပြမယ်”
စန်းစုန့်စာမျက်နှာအနည်းငယ်လှန်ကြည့်ပြီးနောက် ချင်းယွင်ကျိကိုကြည့်၍ မေးလိုက်သည်။
“ဂိုဏ်းချုပ် ကျွန်တော်အခုကစပြီး ဘယ်မှာနေရမှာလဲ”
ချင်းယွင်ကျိ မဖြေရသေးခင်တွင် ကျန်းယန်ပြုံး၍ ပြောလိုက်၏။
“ကျွန်တော် စီနီယာတို့ဆရာတပည့်နှစ်ယောက်အတွက် အိမ်တစ်လုံးဆောက်ပေးမှာပါ အဲ့တာကို လက်ဆောင်အဖြစ်မှတ်လိုက်ပေါ့”
“ကျေးဇူးတင်ပါတယ်” စန်းစုန့် ပျော်ရွှင်စွာ ပြောလိုက်သည်။
“အို့ ဟုတ်သားပဲ ပြီးရင်င့ါကိုငါးနှစ်ကောင်လောက်ဖမ်းပေးဦး ဒီနေ့ကပျော်စရာနေ့ဆိုတော့ ငါတို့အားလုံး အောင်ပွဲခံရမယ်”
“ဟုတ်ပါပြီ” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
စန်းစုန့်အတွက်စီစဉ်ပေးပြီးနောက် ကျန်းယန် ချင်းယွင်ကျိဘက်လှည့်ကာ ပြောလိုက်သည်။
“ဆရာ ဒါက၀မ်ချိုက်လေ…အခုတော့ သူ့နာမည်ကို ဟူတလီလို့ပြောင်းလိုက်ပြီ”
“အို့ ဒါဆို ဒီကောင်က၀မ်ချိုက်ပေါ့” ပိုင်ယွင်ကျိ ၀မ်ချိုက်ကို အံ့အားသင့်နေဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ဟူတလီ အမြန်ပြန်ပြောလိုက်၏။
“ကျွန်တော့်နာမည်က ဟူတလီပါ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ ၀မ်ချိုက်ရယ်”
“ကျွန်တော်…” ဟူတလီ ကျန်းယန်ကိုမကြည်မသာမျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်သည်။
ကျန်းယန် ရယ်မောလိုက်ပြီး သူ့ကိုနှစ်သိမ့်လိုက်၏။
“လူတိုင်းက အသားမကျသေးလို့ပါ သူတို့မကြာခင်အသားကျသွားလိမ့်မယ် ဆရာ သူ့နောက်ခံကဘာများလဲ သူကဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေထဲက မဟုတ်ဘူးမလား”
လူတိုင်း ချင်းယွင်ကျိကိုကြည့်လိုက်ကြသည်။ လူအသွင်ပြောင်းနိုင်သော သားရဲမျိုးက သာမန်တည်ရှိမှုမျိုးတော့ မဟုတ်လောက်ပေ။
ချင်းယွင်ကျိ ရိုးရိုးသားသား ဖြေပေးလိုက်လေသည်။
“ငါသူ့ကို တောင်တစ်သိန်းတောင်တန်းက ဖမ်းလာတာ”