← Chapters

အခန်း (၁၈၆၆-၁၈၆၈)

Vol. 99 Ch. 1866-1868

အခန်း (၁၈၆၆-၁၈၆၈)

Vol. 99 Ch. 1866-1868

အခန်း (၁၈၆၆) - ရှင်က ဒီလို အကျင့်ပုပ်တာတွေကို တကယ်ပဲ သဘောကျနေတာလား

~‘ ဒီတစ်ခါတော့... မဝင်ပါစေနဲ့လို့…’

ဘာရွန်အင်ဒရူးခမျာ စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းနေမိရှာသည်။

သို့သော် ကံတရားက သူ့ဘက်တွင် မရှိခဲ့ပေ။

တတိယမြောက် ထိုးချက်တွင်လည်း ယဲ့ဖန်သည် သက်တောင့်သက်သာပင် ဖြစ်နေဆဲ။ ဘောလုံးနီ တစ်လုံးကို ကျင်းထဲသို့ တိကျစွာ ပို့ဆောင်လိုက်ပြန်လေ၏။

တစ်ချိန်တည်းမှာပင် ဘောလုံးဖြူသည် နောက်ထပ် ကာလာဘောလုံး တစ်လုံးကို ထိုးရန် အသင့်တော်ဆုံး နေရာသို့ လိမ့်ဆင်းသွားပြီး ရပ်တန့်သွားပြန်သည်။

'သွားပြီ...'

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘာရွန်အင်ဒရူး၏ ရင်ထဲတွင် ထိတ်ပျာသွားရတော့၏။

ပထမဆုံး 'ဘောကျော်ထိုးချက်' ဖြင့် ဘောလုံးနီကို ထိမှန်ပြီး ကျင်းထဲဝင်သွားခြင်းက ကံကောင်းခြင်းဟု ယူဆနိုင်သော်လည်း... ဒုတိယ အလုံး၊ တတိယ အလုံးများ ဝင်သွားရုံသာမက၊ ဘောလုံးဖြူကိုပါ နေရာမှန်သို့ တိကျစွာ ပို့ဆောင်နိုင်ခြင်းကတော့ ကံတရားဟု ရှင်းပြ၍ မရနိုင်တော့ချေ။

ဒါသည် စစ်မှန်သော စွမ်းရည် သက်သက်သာ ဖြစ်ပေသည်။

ယဲ့ဖန်က သူ့ကိုသာမက၊ ဒီမှာရှိနေသမျှ လူအကုန်လုံးကိုပါ အရူးလုပ် ကစားသွားခြင်း ဖြစ်သည်။ သူ့စွမ်းရည်က ချီးကျူးစရာ ကောင်းလွန်းနေသည်။

သာမန် စနူကာ ကစားသမား အဆင့်မပြောနှင့်၊ ပရော်ဖက်ရှင်နယ် အဆင့် (၁) ကစားသမား အများစုတောင်မှ ဒီလောက် တိကျသော တွက်ချက်နိုင်စွမ်း၊ အလုံးစုံ မြင်ကွင်း ကြည့်ရှုနိုင်စွမ်းနှင့် အားထိန်းချုပ်နိုင်စွမ်းမျိုး ရှိဖို့ မလွယ်ကူပေ။

ဥပမာအားဖြင့်... ဘာရွန်အင်ဒရူး ကိုယ်တိုင်တောင်မှ ဒီလောက် သေးငယ်သော အားထိန်းချုပ်မှုမျိုး ကို လုပ်နိုင်ပါ့မလားဟု မသေချာလှချေ။

ယဲ့ဖန်က ဘာမှ မထူးဆန်းသလိုဖြင့် စတုတ္ထမြောက် ဘောလုံးကို ပစ်သွင်းလိုက်ပြီး၊ ဘောလုံးနီကို တိကျစွာ နေရာချလိုက်ပြန်သည်ကို မြင်သောအခါ... အင်ဒရူး၏ မျက်နှာထားမှာ တဖြည်းဖြည်း မည်းမှောင်လာတော့၏။

မူလက ဘာရွန်အင်ဒရူး (၉၉) ရာခိုင်နှုန်း နိုင်လိမ့်မည်ဟု ထင်မှတ်ထားကြသော ဧည့်သည်များမှာလည်း အသက်ရှူဖို့ပင် မေ့လျော့နေကြကုန်၏။

ယခုအချိန်တွင် ယဲ့ဖန်၏ စွမ်းဆောင်ရည်သည် သူတို့၏ မျှော်လင့်ထားမှုများကို ကျော်လွန်သွားရုံသာမက၊ အံ့သြမှင်သက်၍ ပါးစပ်အဟောင်းသား ဖြစ်စေခဲ့တော့၏။

ထိုးချက်တိုင်းက သပ်ရပ်သေသပ်ပြီး၊ ကြည့်ကောင်းလွန်းလှသည်။

ဒီလို စနူကာပွဲမျိုးကို ထိပ်တန်း ပြိုင်ပွဲကြီးတွေမှာတောင် တွေ့ရခဲလှပေရာ၊ လက်တွေ့ဘဝတွင် မြင်တွေ့ရဖို့ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်ချေသည်။

အန်းကျူပရင့်စ်၏ သူငယ်ချင်းများမှာလည်း ထုံထိုင်းနေကြပြီး၊ သူမအား တိုးတိုးတိတ်တိတ် မေးမြန်းလာကြတော့၏။

"အန်းကျူ... ယဲ့ဖန်… ခုနက ငါတို့ကို တကယ်ကြီး နောက်နေတာ မဟုတ်ဘူးနော်"

"သူ့ရဲ့ စနူကာ စွမ်းရည်က နည်းနည်းတော့ လွန်လွန်းမနေဘူးလားဟယ်"

"သူပြောတဲ့ 'နဂါးနိုင်ငံရဲ့ စနူကာဘုရင်' ဆိုတာ တကယ်ပဲ ဖြစ်လောက်တယ်"

"ငါ ထိပ်တန်း ပြိုင်ပွဲတချို့ကို သွားကြည့်ဖူးပါတယ်... ကမ္ဘာ့ထိပ်တန်း ကစားသမားတွေတောင် လှလှပပ ကစားနိုင်ဖို့ဆိုတာ ကံတရား နည်းနည်း ပါဖို့ လိုသေးတယ်... ယဲ့ဖန်လိုမျိုး တစ်ဆက်တည်း တောက်လျှောက် ကစားနိုင်တဲ့လူမျိုးက ရှားမှရှားပဲဟယ်"

"အန်းကျူ... နင် ငါတို့အစား ယဲ့ဖန်ကို မေးပေးပါလား... သူ့ရည်းစား ဖြစ်ခွင့်ရရင် နင်နဲ့အတူတူ သူ့ဝမ်းဗိုက်ကြွက်သားတွေကို ကိုင်ခွင့်ရမယ်ဆိုတာ တကယ်ပဲလားလို့"

"..."

ရှိနေသမျှ လူတိုင်းသည် ယဲ့ဖန်၏ စနူကာ စွမ်းရည်ကြောင့် မှင်သက်နေကြရသည်။

ဝုဖ်ဂန်း၊ အာဂျိုင်းဟန်ဆန်၊ မီလီ နှင့် အစ္စဘယ်လ်လာ အပါအဝင် ယဲ့ဖန်နှင့် ရင်းနှီးသူများလည်း အပါအဝင်ပင်။

သို့သော် ယဲ့ဖန်ကတော့ ဘောလုံးထိုးခြင်း၌သာ အာရုံအပြည့်အဝ နစ်မြုပ်နေလေ၏။

သူ၏ မျက်လုံးများသည် စားပွဲခုံနှင့် ဘောလုံးများ၏ တည်နေရာ ဖြန့်ကျက်ထားပုံ အပေါ်၌သာ စူးစိုက်ထားသည်။

နောက်ထပ် ဘောလုံးတစ်လုံး ဝင်သွားပြီးနောက်၊ သူသည် ရှေ့ဆက်ထိုးရမည့် ထိုးချက်အနည်းငယ်ကို ကြိုတင် တွက်ချက်လိုက်ပြီး ဆက်လက် ကစားနေပြန်သည်။

ဘောလုံး မည်မျှ ကျင်းထဲဝင်သွားပြီမှန်း မသိသော အချိန်ကျမှသာ သူသည် ဈာန်ဝင်စားနေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူသည် အန်းကျူပရင့်စ်နှင့် အစ္စဘယ်လ်လာတို့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်လေ၏။

"တကယ်လို့ ကျွန်တော်က စားပွဲပေါ်က ဘောလုံးတွေ အကုန်လုံးကို တစ်ချီတည်းနဲ့ သိမ်းပစ်လိုက်ရင်... ပြစ်ဒဏ်မသင့်ဘူး မဟုတ်လား"

အန်းကျူပရင့်စ်မှာ စိတ်နှင့်လူနှင့် မကပ်သလို ဖြစ်နေသဖြင့် ပြန်ဖြေရန် မေ့လျော့နေရှာ၏။

အစ္စဘယ်လ်လာက ယဲ့ဖန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

"ရှင်က ဒီလို အကျင့်ပုပ်တာတွေကို တကယ်ပဲ သဘောကျနေတာလား"

"အခုထိ လူသစ်လို ဆက်ပြီး ဟန်ဆောင်ချင်နေတုန်းပဲလား"

ယဲ့ဖန်လည်း မတတ်သာသည့် ပုံစံဖြင့် ပြန်ဖြေလိုက်ရသည်။

"ဒါက ကိုယ် စနူကာ ပထမဆုံး ကစားဖူးတာပါဆို"

"ရှင့်ကို ယုံရင် ကျွန်မက အရူးဖြစ်သွားမှာပေါ့"

အစ္စဘယ်လ်လာ ခေါင်းခါလိုက်သည်။

"ဒါဆို... စားပွဲပေါ်က ဘောလုံးတွေ အကုန်ရှင်းပစ်လိုက်ရင် သတ်မှတ်ချက်နဲ့ ငြိမငြိ တစ်ယောက်လောက် ပြောပြကြပါဦး"

ယဲ့ဖန် ထပ်မေးလိုက်၏။

"မငြိပါဘူး... ပြဿနာ မရှိပါဘူး"

အန်းကျူပရင့်စ် ကပျာကယာ ဖြေလိုက်သည်။

"ဒါဆို ပြီးတာပဲ"

ယဲ့ဖန် ဘာမှ ဆက်မပြောတော့ပေ။ လေတစ်ချက်ကို ဝဝရှူသွင်းလိုက်ပြီး အာရုံပြန်စိုက်လိုက်ကာ နောက်ထပ် တစ်ချက် ထိုးထည့်လိုက်ပြန်သည်။

ထို့နောက် ဘောလုံးများအားလုံး ကျင်းထဲဝင်သွားသည်အထိ သူ ဆက်လက် ကစားလိုက်လေ၏။ အားလုံး ပြီးစီးသွားသောအခါမှ ကျူတံကို ချလိုက်ပြီး ဘာရွန်အင်ဒရူး ရှိရာသို့ လျှောက်သွားလိုက်တော့၏။

"စနူကာ စည်းမျဉ်းအရဆိုရင်... ဒီပွဲ ကျွန်တော် နိုင်ပြီ မဟုတ်လား”

အခန်း (၁၈၆၇) - တန်ပြန် ထိုးနှက်ခြင်း

~ဘာရွန်အင်ဒရူး၏ မျက်နှာထားသည် အလွန်အမင်း အရုပ်ဆိုး အကျည်းတန်နေလျက် ရှိ၏။

သူ၏ အကြည့်များသည် စားပွဲခုံပေါ်တွင် အထီးကျန်စွာ ကျန်ရစ်နေသော ဘောလုံးဖြူလေးဆီသို့ ဖြတ်သန်းသွားပြီးနောက်၊ သူ၏ အသံသည် လေးနက်စွာ ထွက်ပေါ်လာလေ၏။

"မင်း ငါတို့ကို ကစားသွားတာပဲ..."

"လူသစ်လို ဟန်ဆောင်ပြီး ငါတို့ သတိပေါ့သွားအောင် လုပ်တာလေ... ယုတ်မာလိုက်တာ..."

ယဲ့ဖန်က ပြန်လည် ရှင်းပြ ငြင်းခုံနေခြင်း မပြုပေ။ မျက်မှောင်ကိုသာ အနည်းငယ် ကြုတ်လိုက်ပြီး အေးစက်စွာ မေးလိုက်လေ၏။

"ခင်ဗျားကို တစ်ခုလောက် မေးပါရစေ... ဒီပွဲ ကျွန်တော် နိုင်တာလား... မနိုင်ဘူးလား..."

"ဒီပွဲက အရာမဝင်ဘူး..."

ဘာရွန်အင်ဒရူးက အရှုံးကို ဝန်ခံလိုစိတ် မရှိသည်မှာ ထင်ရှားလှ၏။

"ငါတို့အားလုံး မင်းရဲ့ လှည့်စားတာကို ခံလိုက်ရတာလေ..."

"အရင်တုန်းက ငါက မင်းကို ပါရမီ ပါတဲ့ လူသစ် တစ်ယောက်လို့ တကယ် ထင်ခဲ့တာ... ဒီလို ယှဉ်ပြိုင်မှုမျိုးက ဘယ်လိုမှ တရားမျှတမှု မရှိဘူး..."

ထိုစကားကို ကြားလိုက်ရသောအခါ အန်းကျူပရင့်စ်သည် ယဲ့ဖန်ဘက်မှ ဝင်ရောက် ပြောဆိုရန် ပြင်လိုက်၏။

ယဲ့ဖန်၏ သူငယ်ချင်းအချို့ အပါအဝင် သူမ၏ မိတ်ဆွေများသည်လည်း အင်ဒရူး၏ စကားကြောင့် မကျေမနပ် ဖြစ်သွားကြရှာသည်။ ၎င်းတို့သည်လည်း ယဲ့ဖန်အတွက် ရှေ့ထွက်ကာ စောဒက တက်ရန် ပြင်လိုက်ကြသည်။

သို့သော် သူတို့ စကားမစမီမှာပင် ယဲ့ဖန်က ဦးအောင် ပြောလိုက်လေ၏။

"ဒါဆိုရင်... ဘာရွန်အင်ဒရူး ဆိုလိုတာက... တရားမျှတတဲ့ ပွဲစဉ်ဖြစ်မှပဲ ရှုံးတယ်လို့ ဝန်ခံမယ်ဆိုတဲ့ သဘောလား..."

ယဲ့ဖန်၏ စကားလုံးများထဲတွင် ပါဝင်နေသော လှောင်ပြောင်သရော်မှုများကို နားလည်လိုက်သဖြင့် ဘာရွန်အင်ဒရူး၏ မျက်နှာသည် နီရဲတက်လာတော့၏။

"ဒီပွဲက မမျှတဘူးလေ..."

"မင်းက အရင် ကတိမတည်ခဲ့တာ... ငါတို့အားလုံးကို လိမ်ခဲ့တာ..."

ယဲ့ဖန်သည် သူ့ကို ဆက်လက် ရှင်းပြနေရမည်ကို ပျင်းရိ ငြီးငွေ့လာသကဲ့သို့ မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေ၏။

"ကောင်းပြီလေ... ခင်ဗျား ပြောသလိုပဲ လုပ်ကြတာပေါ့... နောက်တစ်ပွဲ ထပ်ကစားကြမယ်..."

"ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ စွမ်းရည်အစစ်ကို ခင်ဗျား သိသွားပြီဆိုတော့... တရားမျှတတဲ့ ယှဉ်ပြိုင်မှု လုပ်ကြတာပေါ့..."

ဘာရွန်အင်ဒရူး တွန့်ဆုတ်သွားမိသည်။

ထိုအခိုက်အတန့်၌ ယဲ့ဖန်က ဘာမှ ဝင်မပြောသော်လည်း၊ အန်းကျူပရင့်စ်က လက်ဦးမှု ရယူကာ ဝင်ရောက် ဆွပေးလိုက်တော့၏။

"ဘာတွေ တွေးနေတာလဲ အင်ဒရူး... ငါ့ ရည်းစားကို ရှုံးမှာ ကြောက်နေတာလား..."

"ဒါမှမဟုတ် ရှုံးဖို့ အဆင်သင့် မဖြစ်သေးတာလား... ယဲ့ဖန်ကို ပန်းချီကားချပ် (၁၂) ချပ် ပေးလိုက်ရမှာ စိုးရိမ်နေတာလား..."

ဆန့်ကျင်ဘက် လိင်ကွဲတစ်ဦး၏ စိန်ခေါ်မှု၊ အထူးသဖြင့် မိမိ နှစ်သက်မြတ်နိုးရသူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားလုံးများသည် သာမန်လူတို့ထက် ပိုမို ထိရောက် ရှတတတ်စမြဲ ဖြစ်ပေသည်။

အန်းကျူပရင့်စ်၏ စကားကို ကြားလိုက်ရသောအခါ ဘာရွန်အင်ဒရူး၏ မျက်ဝန်းထဲတွင် ဆုံးဖြတ်ချက် ခိုင်မာသွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ငါ စဉ်းစားနေတာက... ယဲ့ဖန်က အခုမှ ပွဲပြီးထားတာလေ... သူ့စိန်ခေါ်မှုကို ချက်ချင်း လက်ခံလိုက်ရင် သူ့အတွက် မမျှတသလို ဖြစ်နေမှာ စိုးလို့ပါ..."

"ဒီလိုလုပ်ကွာ... မင်းကို မိနစ်အနည်းငယ်လောက် နားခွင့်ပေးမယ်... ဒုတိယပွဲကို နောက်မှ ဆက်ကစားကြတာပေါ့..."

ယဲ့ဖန်သည် သူ့ကို ဖွင့်ချ ပြောဆိုရန်ပင် ပျင်းရိနေမိတော့၏။

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီးနောက် ဘေးတစ်ဖက်သို့ လျှောက်သွားကာ အနားယူလိုက်၏။

ထိုအခါ အန်းကျူပရင့်စ်နှင့် သူငယ်ချင်းများက သူ့အနားသို့ ဝိုင်းအုံ ရောက်ရှိလာကြတော့၏။ သူတို့၏ အသံများတွင် စိုးရိမ်ပူပန်မှုများ လွှမ်းခြုံနေလျက် တိုးတိုးတိတ်တိတ် မေးမြန်းကြလေ၏။

"ယဲ့ဖန်... ရှင် ဘာလို့ ဒုတိယတစ်ပွဲ ကစားဖို့ လက်ခံလိုက်တာလဲ..."

"ဘယ်လိုပဲဖြစ်ဖြစ် ရှင် နိုင်ပြီးသားပဲလေ..."

"ဘာရွန်အင်ဒရူးဘက်က ရှုံးကြေးပေးဖို့ အကြောင်းပြချက် ခိုင်လုံနေပြီးသားပါ..."

"ရှင် သူ့ကို ဒုတိယအကြိမ် အခွင့်အရေး ပေးစရာ မလိုပါဘူး..."

အန်းကျူပရင့်စ်က ယဲ့ဖန်၏ ပခုံးကို နှိပ်နယ်ပေးရင်း ရေတစ်ခွက်ကို ကမ်းပေးလိုက်လေ၏။

"မောင်... တကယ်လို့ မောင်က ဒုတိယပွဲ မကစားချင်ဘူးဆိုရင် အန်းကျူ သူ့ကို ဖိအားပေးလို့ ရတယ်နော်..."

"သူက မင်းသားလေးရဲ့ ကစားဖော် ဆိုပေမယ့်... မင်းသားလေးမှ မဟုတ်တာ... အန်းကျူတို့ မြို့စားမျိုးနွယ်တွေက သူ့ကို မျက်နှာသာ ပေးထားလို့သာ... တကယ်တမ်း ပြဿနာဖြစ်လာရင် သူ့ကို ကြောက်စရာ မလိုပါဘူး..."

ယဲ့ဖန်သည် သူမ တိုက်ကျွေးသော ရေကို တစ်ငုံ သောက်လိုက်ပြီးနောက် ညင်သာစွာ ပြုံးလိုက်လေ၏။

"မင်းမှာ သူ့ကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်ဆိုတာ ကိုယ် သိပါတယ်..."

"ဒါပေမဲ့ သူ ပြောသလိုပဲလေ... လူတိုင်းက ကိုယ့်ကို လူသစ် တစ်ယောက်လို ဟန်ဆောင်ပြီး အားနည်းချင်ယောင်ဆောင်ခဲ့တယ်လို့ ထင်နေကြတာ... အခုအချိန်မှာ သူ့ကို ခြိမ်းခြောက်လိုက်မယ်ဆိုရင် သူက ခဏတာ ခေါင်းငုံ့သွားနိုင်ပေမယ့်... တရားမျှတမှုတော့ ရှိမှာ မဟုတ်ဘူး..."

"အခု... သူ့ကို ဗြောင်ကျကျ နောက်တစ်ခါ ထပ်အနိုင်ယူလိုက်မယ် ဆိုရင်တော့... ကိုယ် ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက်... သူ့နောက်က မင်းသားလေးတောင် ကိုယ့်ကို အပြစ်ရှာနိုင်တော့မှာ မဟုတ်ဘူး..."

ထိုအခါမှ အားလုံးက ယဲ့ဖန်၏ ရည်ရွယ်ချက် အစစ်အမှန်ကို နားလည် သဘောပေါက်သွားကြလေ၏။

သို့သော် စိုးရိမ်စိတ်များကတော့ လျော့ပါးသွားခြင်း မရှိသေးပေ။

"ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် ဘာရွန်အင်ဒရူးကလည်း သတိထားသွားတော့မှာပေါ့..."

"ခုနက သူ့ရဲ့ စွမ်းရည်ကို ရှင် မြင်တယ်မလား... သူ ဘောလုံးဖွင့်တုန်းက ပြသွားတာလေ... သူက သေချာပေါက် ပရော်ဖက်ရှင်နယ် စနူကာ ကစားသမား တစ်ယောက်ပါ..."

"သူသာ အတည်ပေါက် ကစားလာရင်... ရှင် နိုင်ဖို့ဆိုတာ လွယ်တော့မှာ မဟုတ်ဘူးနော်..."

ယဲ့ဖန်သည် သူတို့၏ စိုးရိမ်ပူပန်မှုများကို နားလည်သလို၊ စေတနာထားမှန်းလည်း သိပေသည်။ ထို့ကြောင့် သူ ပြုံးလျက်သာ ဆက်ပြောလိုက်၏။

"ကိုယ် ပြောပြီးပြီလေ... ကိုယ့်ရဲ့ သင်ယူနိုင်စွမ်းက အရမ်း မြင့်ပါတယ်လို့..."

"တကယ်လို့ ဘာရွန်အင်ဒရူးသာ လုံလောက်တဲ့ စွမ်းရည် မရှိရင်... ဒီလောင်းကြေးက ကိုယ့်အတွက် ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး..."

"မျက်လုံးပြူးပြီးသာ စောင့်ကြည့်နေလိုက်ကြပါကွာ..."

“...”

အခန်း (၁၈၆၈) - အခုရော... ပြောစရာ စကား ကျန်သေးရဲ့လား

~အန်းကျူပရင့်စ်၏ မိတ်ဆွေများမှာ ယဲ့ဖန်၏ ယုံကြည်မှုလွန်ကဲနေခြင်းကို အံ့အားသင့်နေမိကြသော်လည်း၊ ဆက်လက်၍ နားချလိုစိတ် ရှိနေကြသေး၏။

သို့သော် အန်းကျူပရင့်စ်ကမူ ယဲ့ဖန်ဘက်မှ ကြိုတင်ကာကွယ်ကာ ဝင်ရောက်ပြောဆိုလိုက်လေ၏။

"ယဲ့ဖန်ရဲ့ စကားကို နားထောင်လိုက်ကြရအောင်..."

သူမသည် ယဲ့ဖန်အပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိသူ ဖြစ်ရာ၊ သူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားလုံးများကို သံသယမရှိ လက်ခံယုံကြည်ခဲ့ခြင်း ဖြစ်သည်။

ယဲ့ဖန်၏ ရင်ထဲတွင် နွေးထွေးမှု တစ်ခု ဖြစ်ပေါ်သွားရ၏။

ဘေးပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေသော်လည်း သူ ဂရုမစိုက်နိုင်တော့။ သူမ၏ နှုတ်ခမ်းဖူးလေးကို ရဲရဲတင်းတင်းပင် နမ်းရှိုက်လိုက်တော့၏။

အနားယူချိန် ပြီးဆုံးသွားသောအခါ သူ မတ်တပ်ထရပ်လိုက်ပြီး ကျူတံကို ကောက်ယူကာ စနူကာ စားပွဲဆီသို့ လျှောက်လှမ်းသွားလိုက်လေ၏။

ဘာရွန်အင်ဒရူးမှာမူ ယဲ့ဖန်နှင့် အန်းကျူပရင့်စ်တို့၏ ရင်းနှီးကျွမ်းဝင်မှုကို မြင်တွေ့ခဲ့ရသဖြင့် မျက်နှာထားမှာ အနည်းငယ် မကြည်မလင် ဖြစ်နေရှာ၏။

ပွဲမစမီတွင် သူ အတင်းကာရော ပြုံးလိုက်ပြီး မေးလိုက်လေ၏။

"ကောင်းကောင်း အနားယူခဲ့ရရဲ့လား..."

သို့သော် ဉာဏ်မျက်စိ ရှိသူတိုင်းကမူ ထိုအပြုံးသည် ဟန်ဆောင်မှု သက်သက်သာ ဖြစ်ကြောင်း အလွယ်တကူ သိမြင်နိုင်ပေသည်။

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ စိတ်ခံစားမှုများကို ဂရုစိုက်မနေတော့ဘဲ မေးလိုက်၏။

"ဒီတစ်ခါရော အစ္စဘယ်လ်လာပဲ ဒိုင်လုပ်မှာလား..."

"ဟုတ်တယ်..."

ဘာရွန်အင်ဒရူး ပြန်ဖြေလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရုတ်တရက် ထပ်ပြောလိုက်လေ၏။

"ဒါပေမဲ့ တရားမျှတမှု ရှိအောင်လို့... ဒီတစ်ခါ အကြွေစေ့ မြှောက်ပြီးရင် ငါ့ကို အရင် ခန့်မှန်းခိုင်းသင့်တယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖန်သည် သူ၏ ကြံစည်မှုကို ချက်ချင်း နားလည်လိုက်သည်။

သို့သော် သူသည် ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်လေ၏။

"ကိစ္စမရှိပါဘူး... ခင်ဗျား ကျွန်တော့်ကို အရင် စထိုးခိုင်းလည်း ကျွန်တော် ဂရုမစိုက်ပါဘူး..."

ထို့နောက် သူ အစ္စဘယ်လ်လာဘက်သို့ လှည့်ကြည့်လိုက်သည်။

အစ္စဘယ်လ်လာသည် နှစ်ဦးစလုံး၏ သဘောတူညီချက်ကို ရယူပြီးနောက် အကြွေစေ့ကို လေထဲသို့ မြှောက်တင်လိုက်လေ၏။

အကြွေစေ့ စားပွဲပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သူမ လက်ဝါးဖြင့် လျင်မြန်စွာ အုပ်လိုက်၏။

ဘာရွန်အင်ဒရူးသည် အတော်အတန် ကျွမ်းကျင်မှု ရှိပုံရသည်။ သူ၏ နားရွက်များ လှုပ်ရှားသွားပြီးနောက် ချက်ချင်း ဖြေလိုက်လေ၏။

"ခေါင်း..."

ယဲ့ဖန်သည်လည်း အကြွေစေ့ကျသံကို နားထောင်ခြင်းဖြင့် ခေါင်းကျမှန်း သိနေသော်လည်း၊ ပြောင်းပြန်သာ ပြောလိုက်တော့၏။

"ဒါဆို ကျွန်တော်က ပန်း ယူမယ်..."

အစ္စဘယ်လ်လာ လက်ဖယ်လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်း အကြွေစေ့မှာ ခေါင်းဘက် ဖြစ်နေလေ၏။

"မင်း စထိုးလိုက်..."

ဘာရွန်အင်ဒရူး၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အောင်နိုင်သူ အပြုံးဖြင့် ယဲ့ဖန်ကို အချက်ပြလိုက်လေ၏။

ယဲ့ဖန်သည် ဤအခြေအနေကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်၍ တွန့်ဆုတ်မနေတော့ပေ။ ဘောလုံး စဖွင့်ရမည့် နေရာသို့ လျှောက်သွားလိုက်ပြီး စိတ်ကို ငြိမ်သက်အောင် ထားကာ ပထမဆုံး ထိုးချက်ကို စတင်လိုက်သည်။

သူသည် ဘောလုံးဖွင့်ရာတွင် သိပ်မကျွမ်းကျင်လှသဖြင့်၊ ခုနက ဘာရွန်အင်ဒရူး ထိုးခဲ့သည့် ပုံစံအတိုင်း အတုယူကာ ကစားလိုက်၏။ အားကို အနည်းငယ်သာ ထည့်လိုက်သည်။

သူ၏ ရည်ရွယ်ချက်မှာ ဘောလုံးနီများကို ကာလာဘောလုံးများဖြင့် ပိတ်ဆို့ထားစေရန် ဖြစ်သည်။

အတိုချုပ် ပြောရလျှင် ဘာရွန်အင်ဒရူးကို လွယ်လွယ်ကူကူ အမှတ်ယူခွင့် မပေးလိုခြင်းပင်။

သို့သော် ဘာရွန်အင်ဒရူးသည် စစ်မြေပြင်တွင် ကျင်လည်ခဲ့သော ဝါရင့်တစ်ဦး ဖြစ်သလို၊ ထိပ်တန်း စနူကာ ကစားသမား တစ်ဦးလည်း ဖြစ်ပေသည်။

စားပွဲပေါ်ရှိ အခြေအနေကို အကဲခတ်ပြီး စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက်လိုက်ပြီးနောက်၊ သူသည် ပစ်မှတ် ဘောလုံးနီ တစ်လုံးကို တည်ငြိမ်စွာ ရှာဖွေတွေ့ရှိသွားလေ၏။

ထို့နောက် ယဲ့ဖန် ပြုလုပ်ခဲ့သကဲ့သို့ပင်... လက်တစ်ဖက်ဖြင့် ကျူတံကို အမြင့်ဆုံး မြှောက်တင်လိုက်ပြီး၊ ကျန်လက်တစ်ဖက်ဖြင့် ဘောလုံးကို ပင့်ထိုးလိုက်တော့၏။

'ဘောကျော်ထိုးချက်' ဖြင့် ပိတ်ဆို့နေသော ဘောလုံးများကို ကျော်လွှားကာ ပစ်မှတ် ဘောလုံးနီကို ကျင်းထဲသို့ တိကျစွာ ပို့ဆောင်လိုက်လေ၏။

ထို့နောက် ဘောလုံးနီ ဝင်သွားပြီးနောက် ဘောလုံးဖြူ ရပ်တန့်သွားမည့် နေရာကို အခြေခံကာ၊ ဒုတိယ ပစ်မှတ်ကို စတင် ချိန်ရွယ်လိုက်ပြန်သည်။

ယခုတစ်ကြိမ် သူ၏ ပစ်မှတ်မှာ ကာလာဘောလုံး ဖြစ်သည်။ ကာလာဘောလုံး ဝင်သွားပြီးနောက် ဘောလုံးဖြူကို ဒုတိယ ဘောလုံးနီ ထိုးရန် အဆင်ပြေမည့် နေရာသို့ ရွှေ့ပြောင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယဲ့ဖန်သည် အခြေအနေကို စောင့်ကြည့်နေလိုက်၏။ ဘာရွန်အင်ဒရူး၏ စွမ်းရည်အရဆိုလျှင် ဤရည်မှန်းချက်ကို အောင်မြင်ရန်မှာ မခဲယဉ်းလှပေ။ အကယ်၍ သူသာ ဤအဆင့်ကို အောင်မြင်သွားပါက၊ ဆက်တိုက် အမှတ်များ ရယူသွားနိုင်ဖွယ် ရှိသည်။

ထိုသို့ဆိုလျှင် ယဲ့ဖန်သည် ခံစစ်အနေအထားသို့ ရောက်ရှိသွားပေလိမ့်မည်။

ထို့ကြောင့် ဘာရွန်အင်ဒရူး ထောင့်မှန်ကို ရှာတွေ့ပြီး ဘောလုံးဖြူကို ထိုးလိုက်သည့် တခဏ၌ပင်... ယဲ့ဖန်သည် သူ၏ ခြေဖဝါးအောက်မှ အတွင်းအား တစ်ခုကို တိတ်တဆိတ် ထုတ်လွှတ်လိုက်လေ၏။

ထိုအတွင်းအားကြောင့် သူရပ်နေသော ပတ်ဝန်းကျင်ရှိ ကြမ်းပြင်သည် မသိမသာ တုန်ခါသွားရ၏။

စားပွဲခုံပေါ်ရှိ ဘောလုံးဖြူသည်လည်း လမ်းကြောင်း အနည်းငယ် လွဲချော်သွားတော့၏။ ဒုတိယ ဘောလုံးနီကို ထိမှန်သွားသော်လည်း၊ ကျင်းထဲသို့ တန်းတန်းမတ်မတ် ဝင်မသွားဘဲ ကျင်းနှုတ်ခမ်းကို ထိကာ အနည်းငယ် ပြန်ကန်ထွက်လာခဲ့လေ၏။

"သောက်ကျိုးနည်း..."

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်ဒရူး ဒေါသထွက်သွားပြီး မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။

"ငါ အမှား လုပ်မိသွားတာလား..."

"ဝင်ခါနီးလေးကိုကွာ..."

သူ ဘာမှ မူမမှန်တာကို သတိမထားမိလိုက်ပေ။

ယဲ့ဖန်ကတော့ အလွန် တည်ငြိမ်နေလေ၏။ အင်ဒရူး နောက်ဆုတ်သွားပြီးနောက် သူ ဝင်ရောက် နေရာယူလိုက်ပြီး ဘောလုံးနီကို လွယ်ကူစွာပင် ကျင်းထဲသို့ ထည့်လိုက်တော့၏။

ထို့နောက် ယခင်ပွဲစဉ်ကကဲ့သို့ပင်... တစ်လုံးပြီး တစ်လုံး...

တစ်ဆက်တည်းမှာပင် စားပွဲပေါ်ရှိ ကျန်ရစ်နေသော ဘောလုံးများ အားလုံးကို ကျင်းထဲသို့ သက်ဆင်းစေလိုက်လေ၏။

နောက်ဆုံး ဘောလုံး ကျင်းထဲသို့ ဝင်ရောက်သွားသောအခါမှ သူသည် ကျူတံကို ဘေးသို့ချလိုက်ပြီး ဘာရွန်အင်ဒရူး၏ ရှေ့သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။

"ဒီပွဲအတွက်ရော... ခင်ဗျား ပြောစရာ စကား ကျန်သေးရဲ့လား…”

All Chapters