အခန်း (၁၈၆၉-၁၈၇၀)
Vol. 99 Ch. 1869-1870
အခန်း (၁၈၆၉) - အစ္စဘယ်လ်လာ စိတ်ကောက်နေတာများလား
~ဘာရွန်အင်ဒရူး၏ မျက်နှာထားသည် အတော်လေး အရုပ်ဆိုး အကျည်းတန်နေလေ၏။
"ဒီပွဲက ငါ ကံမကောင်းလို့ ရှုံးတာပါကွာ... အတည်မယူသင့်ဘူး ထင်တယ်..."
"ကံမကောင်းဘူး....."
ယဲ့ဖန်သည် ယခုတစ်ကြိမ်တွင်တော့ သူ့ကို သည်းမခံတော့ပေ။ အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"ဒါဆို ဘာရွန်အင်ဒရူး ဆိုလိုတာက... ခင်ဗျား ကံဆက်ဆိုးနေသမျှ ကာလပတ်လုံး ဒီလောင်းကြေးက ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ဘူး ဆိုတဲ့ သဘောလား..."
ယဲ့ဖန်ကို တိတ်တဆိတ် ထောက်ခံအားပေးနေသော အန်းကျူပရင့်စ်၏ မျက်နှာထားမှာလည်း တင်းမာခက်ထန်နေလျက် ရှိသည်။
"ဘာရွန်အင်ဒရူး... ယဲ့ဖန်က သူ့ကိုယ်သူ ကိုယ်စားပြုရုံတင် မကဘူး... နေမဝင်အင်ပါယာ တော်ဝင်မိသားစုက ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော် တစ်ယောက်ဆိုတာ မမေ့နဲ့ဦး..."
"ပြီးတော့... သူက ငါ့ရဲ့ ချစ်သူ..."
"နင် ကတိဖျက်ချင်တယ် ဆိုရင်တော့... သေချာ စဉ်းစားဖို့ အကြံပေးလိုက်မယ်..."
အန်းကျူပရင့်စ်က ဝင်ရောက်ပြောဆိုလာပြီး၊ အန်းကျူ မြို့စားကြီး မိသားစုနှင့် တော်ဝင်မိသားစု အကြောင်းပါ ထည့်သွင်း ပြောဆိုလိုက်သောအခါ ဘာရွန်အင်ဒရူး အနည်းငယ် ကြောက်ရွံ့သွားမိသည်။ သူ၏ မျက်ဝန်းများတွင် ထိတ်လန့်တုန်လှုပ်မှု အနည်းငယ် ပေါ်ပေါက်လာ၏။
"ငါ ကတိဖျက်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး... အန်းကျူမြို့စားကြီး မိသားစုနဲ့ တော်ဝင်မိသားစုကို မလေးမစား လုပ်တာလည်း မဟုတ်ပါဘူး..."
"ဒီပွဲစဉ်မှာ ငါ့ကံတရားက သိပ်မကောင်းခဲ့လို့ပါ... ခုနက ထိုးချက်မှာ ရုတ်တရက် လက်ချော်သွားတာလေ... မဟုတ်ရင် ငါ ရာနှုန်းပြည့် အနိုင်ရမှာ သေချာနေပါပြီ... အမှားအယွင်း သေးသေးလေး တစ်ခုကြောင့် အကုန်လုံး ပျက်စီးသွားရတာ..."
"ဒီလိုလုပ်ပါလား... ငါနဲ့ ယဲ့ဖန်... နောက်ဆုံး တစ်ပွဲ ထပ်ကစားကြမယ်လေ..."
"ဒါ နောက်ဆုံးအကြိမ်ပါပဲ... ရလဒ်က ဘယ်လိုပဲ ထွက်ထွက်... ငါ ကံဆိုးရင်တောင်မှ လက်ခံပါ့မယ်..."
"မရဘူး..."
အန်းကျူပရင့်စ်သည် ယဲ့ဖန်ဘက်မှ ရပ်တည်နေသူ ပီပီ၊ သူ့ကိုယ်စား ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
သို့သော် ယဲ့ဖန်က သူမကို နောက်သို့ ဆွဲယူလိုက်ပြီး မျက်လုံးအိမ် ကျဉ်းမြောင်းစွာဖြင့် မေးလိုက်လေ၏။
"ခင်ဗျား ပြောတဲ့ စကား တည်မယ်နော်..."
ဘာရွန်အင်ဒရူးသည် သူ့စွမ်းရည်သူ ရာနှုန်းပြည့် ယုံကြည်မှု ရှိနေသူ ဖြစ်သည်။
ယဲ့ဖန်က အခွင့်အရေး ပေးလိုသည်ကို မြင်သောအခါ၊ သူ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်ပြီး အန်းကျူပရင့်စ်၊ အစ္စဘယ်လ်လာ၊ အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း နှင့် ကျန်လူများကို ကြည့်ကာ ကတိပေးလိုက်လေ၏။
"ဒီမှာရှိတဲ့ ဧည့်သည်တွေ အားလုံး သက်သေပါပဲ..."
"ဒီပွဲရဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ... ငါ ကံဆိုးရင်တောင်မှ... ဘာဆင်ခြေမှ ပေးမှာ မဟုတ်ပါဘူး... လောင်းကြေးအတိုင်း လုပ်ပေးပါ့မယ်..."
"တကယ်လို့ ငါ ကတိမတည်ခဲ့ရင်... ဒီမှာရှိတဲ့ လူတိုင်း ငါ့ကို ရွံရှာမုန်းတီးကြပါစေ..."
"ကောင်းပြီလေ..."
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
"နေမဝင်အင်ပါယာ မင်းသားလေးရဲ့ မျက်နှာကို ထောက်ပြီး... ခင်ဗျားကို တတိယအကြိမ် အခွင့်အရေး ပေးလိုက်မယ်..."
"ဒါပေမဲ့ မှတ်ထားပါ... ဒါဟာ ခင်ဗျားရဲ့ နောက်ဆုံး အခွင့်အရေးပဲ..."
"နောက်ထပ် လှည့်စားဖို့ ကြိုးစားဦးမယ် ဆိုရင်တော့... ဒီနေ့ ခင်ဗျား မင်းသားလေးကို ခေါ်လာရင်တောင်မှ... ကျွန်တော် မျက်နှာသာ ပေးနေမှာ မဟုတ်ဘူးနော်..."
"စိတ်ချပါ..."
ဘာရွန်အင်ဒရူး ခေါင်းညိတ် ဝန်ခံလိုက်သည်။
အန်းကျူပရင့်စ်က ယဲ့ဖန်ကို နားမလည်နိုင်စွာ ကြည့်လိုက်မိ၏။
"မောင်..."
ယဲ့ဖန်က အများကြီး ရှင်းပြမနေတော့ဘဲ သူမကို ဖွဖွလေး နမ်းလိုက်လေ၏။
"ကိုယ့်ကို ယုံပါ..."
ဘယ်လိုပဲဖြစ်ဖြစ် ဘာရွန်အင်ဒရူးက သူ့ကို နိုင်ဖို့ မဖြစ်နိုင်ပေ။
နောက်ထပ် တစ်ပွဲ ထပ်ကစားလိုက်ခြင်းက မိနစ်အနည်းငယ် အချိန်ပိုကုန်သွားရုံသာ ရှိသည်။
ဒီကိစ္စ မင်းသားလေး နားထဲ ရောက်သွားရင်တောင် သူ့အတွက် ပိုပြီး အကျိုးရှိစေလိမ့်မည်။
ဘာရွန်အင်ဒရူးကို မင်းသားလေး မျက်နှာထောက်ပြီး အခွင့်အရေး ပေးခဲ့သည်မှာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
အန်းကျူပရင့်စ်သည် ယဲ့ဖန်၏ စကားကို အမြဲ နားထောင်သူ ဖြစ်သည်။ သူ ပြောသည်ကို ကြားသောအခါ ဘာမှ ဆက်မပြောတော့ဘဲ သူ့ခါးကို ဖက်လိုက်ပြီး ချစ်စဖွယ် ပြောလိုက်ရှာသည်။
"မောင် မှတ်ထားနော်... မောင်က ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြုရုံတင် မကဘူး... အန်းကျူရဲ့ ချစ်သူ၊ ပြီးတော့ တော်ဝင်မိသားစုရဲ့ မိတ်ဆွေ တစ်ယောက်အနေနဲ့ပါ ကိုယ်စားပြုနေတာ..."
"လိုအပ်လာရင် တချို့လူတွေကို အရမ်းကြီး မျက်နှာသာ ပေးစရာ မလိုပါဘူး..."
"အဲ့ဒီလူတွေက အကောင်းအဆိုး နားမလည်ဘူး ဆိုရင်တော့... တော်ဝင်မိသားစုနဲ့ အန်းကျူက မောင့်ဘက်ကနေ တရားမျှတမှု ရအောင် ကူညီပေးမှာပါ..."
"နားလည်ပါပြီဗျာ..."
ယဲ့ဖန် ပြန်ပြုံးပြလိုက်သည်။ သူမနှင့် ခေတ္တမျှ ကြည်နူးနေလိုက်ပြီး၊ အစ္စဘယ်လ်လာ ပြင်ဆင်ပြီးစီး၍ ကျူတံများ လာပေးမှသာ လွှတ်ပေးလိုက်တော့၏။
အစ္စဘယ်လ်လာ လက်ထဲမှ ကျူတံကို လှမ်းယူလိုက်ချိန်တွင်... ယဲ့ဖန် စိတ်ထင်၍လားတော့ မသိ။
သူနှင့် အန်းကျူပရင့်စ်တို့ ကြည်နူးနေသည်ကို မြင်ရသောအခါ အစ္စဘယ်လ်လာ တစ်ယောက် မပျော်မရွှင် ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူမ ကျူတံကို ပစ်ပေးလိုက်ပုံက... စိတ်ကောက်နေသည့်ဟန် အပြည့် ပါဝင်နေလေ၏။
အခန်း (၁၈၇၀) - ခင်ဗျား ပြောခဲ့တဲ့ စကားကို မှတ်ထားပါ
~ယဲ့ဖန်သည် ထိုအကြောင်းကို အလေးအနက် မတွေးမိပေ။ သူ၏ စိတ်ထင်၍ ဖြစ်မည်ဟုသာ မှတ်ယူလိုက်၏။ ကျူတံကို လှမ်းယူလိုက်ပြီးနောက် အစ္စဘယ်လ်လာကို ကြည့်ကာ ပြောလိုက်လေ၏။
"အကြွေစေ့ မြှောက်ပေးပါ..."
အစ္စဘယ်လ်လာသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မျက်နှာလွှဲသွားကာ အကြွေစေ့ကို စတင် မြှောက်တင်လိုက်တော့၏။
ယခုတစ်ကြိမ်တွင် ယဲ့ဖန်သည် ဘာရွန်အင်ဒရူးကို လုံးဝ ပါးစပ်ပိတ်သွားစေရန် ရည်ရွယ်ထား၏။ ထို့ကြောင့် ဘာရွန်အင်ဒရူးဘက်သို့ လှည့်ကြည့်ကာ...
"နောက်ကျမှ ကံမကောင်းလို့ပါ ဘာညာ ဆင်ခြေပေးတာမျိုး မလိုချင်တော့ဘူး... ဒါကြောင့် ဒီတစ်ခါလည်း အတူတူပဲ... ခင်ဗျားကိုပဲ အရင် ရွေးခိုင်းမယ်..."
ဘာရွန်အင်ဒရူးသည် နောက်တစ်ကြိမ် ထပ်မရှုံးလိုတော့သည်မှာ အသေအချာပင်။ သူ၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသော်လည်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။
သူ ခေါင်းညိတ်လိုက်သည်။ အကြွေစေ့ မြေကြီးပေါ်သို့ ကျရောက်သွားပြီး အစ္စဘယ်လ်လာ လက်ဝါးဖြင့် အုပ်လိုက်သည်အထိ စောင့်ကြည့်နေလိုက်ပြီးမှ...
"ပန်း..."
ယဲ့ဖန်သည် ဘာရွန်အင်ဒရူး မှန်အောင် ရွေးချယ်လိုက်ကြောင်း သိနေသော်လည်း...
"ဒါဆို ကျွန်တော်က ခေါင်း ရွေးမယ်..."
ရလဒ် ထွက်ပေါ်လာပြီးနောက်၊ သူသည် စနူကာ စားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး ဘောလုံး စဖွင့်ရန် ပြင်ဆင်လိုက်လေ၏။
ထိုအခိုက်အတန့်၌ အစ္စဘယ်လ်လာသည် သူ၏ အပြုအမူများကို နားမလည်နိုင်သကဲ့သို့ ဖြစ်နေရှာ၏။ သူမသည် ယဲ့ဖန်ကို ရှုပ်ထွေးသော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်နေမိသည်။
သို့သော် ယဲ့ဖန်က ဂရုမစိုက်ပေ။ သူသည် ကျွမ်းကျင်စွာပင် ဘောလုံးကို ဖွင့်လိုက်ပြီးနောက် နေရာဖယ်ပေးလိုက်လေ၏။
"ခင်ဗျား အလှည့်ပဲ..."
ဘာရွန်အင်ဒရူးသည်လည်း စနူကာ စားပွဲဆီသို့ ချက်ချင်း လျှောက်သွားလိုက်ပြီး၊ စိတ်ထဲတွင် အသေအချာ တွက်ချက်ကာ အခြေအနေကို စေ့စေ့စပ်စပ် လေ့လာလိုက်၏။
အကြမ်းဖျင်း တွက်ချက်မှုများ ပြီးဆုံးသွားသောအခါ၊ သူသည် နေရာယူလိုက်ပြီး စတင် ထိုးနှက်လိုက်တော့၏။
ဒေါက်...။
ဘောလုံးချင်း ထိရိုက်သံ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာပြီးနောက်၊ ဘောလုံးနီ တစ်လုံးသည် ကန်ထွက်သွားပြီး ကျင်းထဲသို့ လှပစွာ ဝင်ရောက်သွားလေ၏။
ဘောလုံးဖြူသည်လည်း နောက်ထပ် ပစ်မှတ်တစ်ခုအတွက် အသင့်တော်ဆုံး နေရာသို့ ရောက်ရှိသွား၏။
'ဒီတစ်ခါတော့ ငါ့ကံတရားက ဆိုးမှာ မဟုတ်တော့ဘူး...'
ဘာရွန်အင်ဒရူးသည် တိတ်တဆိတ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ အနည်းငယ် ကျဆင်းနေခဲ့သော သူ၏ တိုက်ပွဲဝင် စိတ်ဓာတ်များမှာ ပြန်လည် မြင့်တက်လာခဲ့ပြီ။
ယဲ့ဖန် ဘာမှ မပြောပေ။ ဆက်ကစားရန်သာ လက်ဟန်ပြလိုက်သည်။
ဘာရွန်အင်ဒရူးသည် စကားလုံးများဖြင့် သက်သေပြ၍ မရကြောင်း နားလည်ပုံရသည်။ ခဏတာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်မှုကို ပြန်လည် ရယူကာ နောက်တစ်နေရာသို့ ရွှေ့ပြောင်းလိုက်၏။
ထို့နောက် သူသည် ကာလာဘောလုံး တစ်လုံးကို ချိန်ရွယ်ပြီး ကျူတံကို ဝှေ့ယမ်းလိုက်ပြန်သည်။
ဒေါက်...။
နောက်ထပ် ကြည်လင်ပြတ်သားသော ထိတိုက်သံ တစ်ချက် ထွက်ပေါ်လာပြန်သည်။
ကာလာဘောလုံးသည် ကျင်းထဲသို့ ဝင်ရောက်သွားပြီး၊ ဘောလုံးဖြူသည်လည်း နောက်ထပ် ထိုးရန် လွယ်ကူသော နေရာသို့ ရောက်ရှိလာပြန်၏။
ဘာရွန်အင်ဒရူး လက်သီးကို ထပ်မံ ဆုပ်လိုက်ပြီး နေရာ ထပ်ရွှေ့လိုက်သည်။
တတိယမြောက် ထိုးချက်...
ယဲ့ဖန်ကမူ တည်ငြိမ်သော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ ရပ်ကြည့်နေလေ၏။
ဘာရွန်အင်ဒရူး နောက်ထပ် ဘောလုံးနှစ်လုံး ဆက်တိုက် ပစ်သွင်းလိုက်သည်အထိပင်။
ပဉ္စမမြောက် ထိုးချက်အတွက် ပြင်ဆင်လိုက်ချိန်...
ထိုအခါမှ ယဲ့ဖန်သည် အခွင့်အရေးကို အရယူလိုက်တော့၏။ ဘာရွန်အင်ဒရူး ဘောလုံးကို ထိုးလိုက်သည့် တခဏ၌ပင်... သူ၏ ခြေဖဝါးအောက်မှ တုန်ခါမှုတစ်ခု ဖြစ်ပေါ်စေလိုက်လေ၏။
လျှို့ဝှက်သော အတွင်းအား တစ်ခု ပေါက်ကွဲထွက်ပေါ်သွား၏။
“ဒေါက်…”
အံ့ဩစရာတော့ မဟုတ်ပေ။
ထို လျှို့ဝှက်သော အတွင်းအား သက်ရောက်သွားမှုကြောင့် အင်ဒရူး တွက်ချက်ထားသော ဘောလုံးနီ၏ လမ်းကြောင်းသည် အနည်းငယ် လွဲချော်သွားရလေ၏။
ဘောလုံးနီသည် ဘောင်ကို ထိမိပြီးနောက်၊ ကျင်းနှုတ်ခမ်းဝနှင့် စင်တီမီတာ အနည်းငယ်မျှသာ လိုသော နေရာတွင် ပြန်ကန်ထွက်ပြီး ရပ်တန့်သွားတော့၏။
"ဟာ... သောက်ကျိုးနည်း..."
ဘာရွန်အင်ဒရူးသည် စိတ်မထိန်းနိုင်တော့ဘဲ ကျူတံကို စားပွဲပေါ်သို့ ရိုက်ချလိုက်မိသည်။
"ဘယ်လိုလုပ် လွဲသွားရတာလဲ..."
"ငါ အကုန်လုံး တွက်ချက်ထားပြီးသားပါ... ပြီးတော့ ဒီလို အနေအထားမျိုး ငါ မရေမတွက်နိုင်အောင် ကစားဖူးတယ်..."
"ငါ့ကံတရားက ဒီလောက်တောင် ဆိုးရွားနေတာလား..."
ယဲ့ဖန်သည် ချက်ချင်း ဝင်ရောက် နေရာယူခြင်း မပြုသေးဘဲ၊ သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်လေ၏။
"ဒါဆို ဘာရွန်အင်ဒရူး ဆိုလိုတာက... ဒီပွဲမှာ ကျွန်တော် နိုင်သွားရင်လည်း ရလဒ်က အရာမထင်ဘူး ဆိုတဲ့ သဘောလား..."
ဘာရွန်အင်ဒရူးမှာ အရှက်ရသွားသည်မှာ ထင်ရှားလှ၏။
တစ်ခဏမျှ တွေဝေသွားပြီးနောက် သူ ပြောလိုက်လေ၏။
"မဖြစ်နိုင်ပါဘူး..."
"ငါ ကတိတည်ပါတယ်..."
"ဒါ နောက်ဆုံးပွဲ ဖြစ်တဲ့အတွက်... ဘာတွေပဲ ဖြစ်ဖြစ် ငါ စကား ပြန်ပြင်မှာ မဟုတ်တော့ပါဘူး..."
"ကောင်းပြီလေ..."
ထိုအခါမှ ယဲ့ဖန်သည် သူ့အနားသို့ လျှောက်သွားပြီး နေရာယူလိုက်လေ၏။
"ခင်ဗျား ပြောခဲ့တဲ့ စကားကို မှတ်ထားပါ..."
ထို့နောက် သူ ကိုယ်ကို ကိုင်းလိုက်ပြီး၊ ထောင့်နှင့် အားကို တွက်ချက်ကာ ကျူတံကို ဝှေ့ယမ်းလိုက်တော့၏။
“ဒေါက်…”
ဘောလုံးနီသည် ကျင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားတော့၏။
ထို့နောက်တွင်တော့ သူသည် ကျူတံကို ဆက်တိုက် ဝှေ့ယမ်းကာ၊ စားပွဲပေါ်ရှိ ကျန်ရှိနေသော ဘောလုံးများ အားလုံးကို တစ်ဆက်တည်း ကျင်းထဲသို့ သက်ဆင်းစေလိုက်လေ၏။ ပြီးနောက် ကျူတံကို ဘေးသို့ ပေါ့ပါးစွာ ပစ်ချလိုက်ပြီး ဘာရွန်အင်ဒရူးကို ပြုံးရွှင်စွာ ကြည့်လိုက်လေ၏။
“ကဲ... လောင်းကြေး ရှင်းကြရအောင်ဗျား…”