အခန်း (၈၆၁-၈၆၂)
Vol. 52 Ch. 861-862
အခန်း (၈၆၁) အပြောင်းအလဲများနှင့် သူလျှိုများ
လူထုအမြင်ကို ၎င်းတို့၏လက်နက်အဖြစ် အသုံးပြုလိုသော စကြဝဠာ လူမှုအဖွဲ့အစည်းတစ်ခုသည် ၎င်းတို့၏အသံကို ဖြန့်ဝေရန်အတွက် ဂလက်ဆီမီဒီယာအုပ်စုများကို ငှားရမ်းရန် လုံလောက်သော အခွင့်အရေးရှိသည်။ စကြဝဠာ လူမှုအဖွဲ့အစည်းတစ်ခု၏ လွှမ်းမိုးမှုသည် ကြယ်ကွင်းပြင်အမျိုးမျိုးကို လွှမ်းခြုံထားပြီး ၎င်းတို့၏လွှမ်းမိုးမှုကို မိမိတို့ဒေသအတွင်းသာ ကန့်သတ်ထားသော ကြယ်စုတန်း လူမှုအဖွဲ့အစည်းများက ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။
အုပ်စိုးရှင် အူရန်ရယ်သည် ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ်ဖော်ပြခဲ့ပြီးနောက် အဖြစ်အပျက်တစ်ခုလုံးကို အသေးစိတ်မှတ်တမ်းတင်ထားသော တရားဝင်စာရွက်စာတမ်းကို အများပြည်သူသို့ ထုတ်ပြန်လိုက်သည်။
အာကိန်းဘုရားကျောင်းသည် ဆင့်ကဲဖြစ်စဉ် ကုဗတုံးအပေါ် လောဘဇောတိုက်ကာ ကြယ်ရောင်တောက်ပကမ္ဘာသည် အင်ပါယာ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဆိုသည့်အချက်ကို လျစ်လျူရှုခဲ့ကြောင်း ထိုစာရွက်စာတမ်းက အလေးပေးဖော်ပြထားသည်။ ၎င်းတို့သည် နာမည်ဆိုးဖြင့်ကျော်ကြားသော ဖောလန်းအာ့ခ်နှင့် ပူးပေါင်းကာ အင်ပါယာ၏တပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် အင်ပါယာကို ကြီးမားသောဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အင်ပါယာသည် ထိုကဲ့သို့သော လုပ်ရပ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ထိုကိစ္စကို ဆက်လက်အရေးယူရန် အခွင့်အရေးကို ထိန်းသိမ်းထားသည်။ ၎င်းတို့သည် အာကိန်းဘုရားကျောင်းနှင့် ဆောင်ရွက်နေသော လှုပ်ရှားမှုအားလုံးကို ရပ်တန့်ပြီး စစ်အတွင်းကာလ သတိပေးချက်အဆင့်သို့ ဝင်ရောက်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အင်ပါယာ၏ ကြေညာချက်သည် အလွန်လေးနက်ပြီး ပြင်းထန်သဖြင့် ဂလက်ဆီနေထိုင်သူများက အင်ပါယာသည် ကြီးမားသော ဆုံးရှုံးမှုခံစားခဲ့ရသည်ဟု ထင်မြင်စေသည်။ သို့သော် စာရွက်စာတမ်းကို ဖတ်ရှုပြီး ဖြစ်စဉ်အတိအကျကို နားလည်သွားသောအခါ အင်ပါယာသည် ကြီးကြီးမားမား ဆုံးရှုံးမှုမရှိခဲ့ဘဲ ရန်သူကို ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်ကို သိရှိလိုက်ရသဖြင့် သူတို့ အံ့အားသင့်သွားကြသည်။ သူတို့သည် ကြယ်ရောင်တောက်ပကမ္ဘာရှိ ရန်သူ့ အဆင့် အေ အထက်ဆင့် နှစ်ဦးကိုပင် ဖမ်းဆီးနိုင်ခဲ့သည်။
ဘလက်စတား၏ ပါဝင်ကူညီမှုများကို စာရွက်စာတမ်းတွင် အကြီးအကျယ် အလေးပေးဖော်ပြထားပြီး သူ၏တိုက်ပွဲရလဒ်များကို ကြော်ငြာထားသည်။ အင်ပါယာသည် ဟန်ရှောင်း၏ဂုဏ်သတင်းကို မြှင့်တင်ပေးရန်နှင့် အာကိန်းဘုရားကျောင်းကို ပြင်းထန်သော ထိုးနှက်ချက်ပေးရန် ရည်ရွယ်သည်။ အာကိန်းဘုရားကျောင်းသည် ဘလက်စတား၏ စွမ်းဆောင်ရည်အတွက် နောက်ခံကားချပ်ဖြစ်သွားပြီး ဘလက်စတားသည် အာကိန်းဘုရားကျောင်းအပေါ် အသာစီးရယူခြင်းဖြင့် သူ၏ဂုဏ်သတင်းကို ရယူနေခြင်းဖြစ်သည်။ ဤအဖြစ်အပျက် ပြန့်နှံ့လေလေ အာကိန်းဘုရားကျောင်းအတွက် ထိုးနှက်ချက် ပိုပြင်းထန်လေလေဖြစ်သည်။
ဘလက်စတားက ဒိုင်လန်ကို ဖမ်းဆီးလိုက်သည့်သတင်းသည် ပျံ့နှံ့သွားပြီးနောက် ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုကို ဖန်တီးလိုက်သည်။ ဟန်ရှောင်းသည် မကြာသေးမီကမှ ဂယက်ရိုက်ခတ်မှုကို ဖန်တီးခဲ့သော အဆင့် အေ အထက်ဆင့် အသစ်တစ်ဦးဖြစ်ပြီး ဂလက်ဆီနေထိုင်သူအများစုသည် သူနှင့် အနည်းငယ် ရင်းနှီးကြသည်။
တစ်နှစ်မပြည့်မီအချိန်အတွင်း အသစ်တက်လာသော ဘလက်စတားသည် သူ့အဆင့်တူ ကျွမ်းကျင်သူတစ်ဦးကို ဖမ်းဆီးနိုင်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
အဆင့် အေ အထက်ဆင့် တစ်ဦးကို သတ်ဖြတ်ခြင်း သို့မဟုတ် အရှင်ဖမ်းဆီးခြင်းသည် စကြဝဠာထဲတွင် သိသာထင်ရှားသော အဓိပ္ပာယ်ရှိသည်။ အဆင့် အေ အထက်ဆင့် အဆင့်သည် အထွတ်အထိပ်ဖြစ်နေပြီဖြစ်ပြီး တစ်စုံတစ်ယောက်က ဤအထွတ်အထိပ်ကို နှိမ်နင်းနိုင်စွမ်းရှိပါက သူတို့၏ကျော်ကြားမှုသည် နောက်တစ်ဆင့်သို့ မြင့်တက်သွားမည်ဖြစ်သည်။
ဟန်ရှောင်းသည် ယခင်က ဆိုင်ကာနှင့် ဟီဘာတို့ကို တိုက်ခိုက်ခဲ့ဖူးပြီး တိုက်ပွဲရလဒ်မှာ သရေသာ ဖြစ်ခဲ့သည်။ ၎င်းကို အဆင့် အေ အထက်ဆင့် အဖြစ်အပျက်တစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း သိပ်ပြီး တုန်လှုပ်စရာ မကောင်းခဲ့ပေ။
သို့သော် ယခုအကြိမ်တွင် သူသည် သူ့အဆင့်ရှိ တိုက်ခိုက်ရေးသမားတစ်ဦးကို ကိုယ်တိုင် အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ဤတိုက်ပွဲအပြီးတွင် စကြဝဠာရှိ ဟန်ရှောင်း၏ အဆင့်အတန်းသည် တည်ငြိမ်သွားပြီဟု ဆိုနိုင်သည်။
ဟီဘာသည် အဆင့် အေ အထက်ဆင့် စူပါတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စာရွက်စာတမ်းတွင် ဖော်ပြထားသော်လည်း ဘလက်စတား၏ စွမ်းဆောင်မှုများရှေ့တွင် ၎င်းမှာ သာမန်ကာလျှံကာသာ ဖြစ်နေသည်။ နောက်ဆုံးတွင် ဂလက်ဆီနေထိုင်သူများသည် ကွာခြားချက်ကို နားလည်နိုင်ကြသည်။ တစ်ဦးက လုံးဝ အသာစီးမရသောအနေအထားတွင် ရန်သူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးမှာမူ ရန်သူ ဝိုင်းရံခံထားရစဉ် တစ်ဦးချင်းတိုက်ပွဲတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဖြစ်အပျက်နှစ်ခုကို နှိုင်းယှဉ်၍ မရနိုင်ပေ။
အဖြစ်အပျက်၏ တုန်လှုပ်ဖွယ်ရာအပြင် လူများစွာသည် ဤကိစ္စ၏ လွှမ်းမိုးမှုအပေါ် စိုးရိမ်နေကြသည်။ ကြက်သွေးရောင်အင်ပါယာနှင့် အာကိန်းဘုရားကျောင်းတို့ ဗြောင်ကျကျ စစ်ဖြစ်ပွားပါက ဂလက်ဆီအတွင်း အခြေအနေသည် ပြန်လည်တင်းမာလာမည်ဖြစ်သည်။
(ကြက်သွေးရောင်မင်းဆက်ကို ကြက်သွေးရောင်အင်ပါယာလို့ ပြောင်းလဲပြန်ဆိုပါမယ်။)
လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ကြက်သွေးရောင်အင်ပါယာနှင့် အလင်း ဖက်ဒရေးရှင်းတို့သည် အခြေအနေတင်းမာနေခဲ့သည်။ ယခုတွင် အလင်း ဖက်ဒရေးရှင်းက ငြိမ်သက်နေသဖြင့် အာကိန်းဘုရားကျောင်းက စင်ပေါ်တက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကြယ်ရောင်တောက်ပကမ္ဘာကို ရှာဖွေတွေ့ရှိချိန်မှစ၍ ဂလက်ဆီသည် မတည်မငြိမ် ဖြစ်နေခဲ့သည်။
ဂလက်ဆီနေထိုင်သူများ မည်မျှပင် ဉာဏ်ထိုင်းပါစေ၊ စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုသည် ဤကြယ်ကွင်းပြင်အသစ်နှင့် ပတ်သက်၍ ပဋိပက္ခများ ဖြစ်ပွားနေသည်ကို သူတို့ မြင်တွေ့နိုင်ကြသည်။
…
အင်ပါယာက သူတို့၏ကြေညာချက်ကို ထုတ်ပြန်ပြီးနောက် စူပါကြယ်စုတန်းနှင့် ကြယ်စုတန်း လူမှုအဖွဲ့အစည်းအသီးသီးတို့သည် သတင်းအချက်အလက် စုဆောင်းရန် သူတို့၏ ထောက်လှမ်းရေးကွန်ရက်ကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။
ဘလက်စတားသည် ဤအဖွဲ့အစည်းအားလုံး၏ အာရုံစိုက်ရာဖြစ်လာပြီး အဖွဲ့အစည်းများစွာသည် သူ့ကို သတိထားလာကြသည်။
စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခု၏ အဆင့် အေ အထက်ဆင့် မဟာမိတ်များသည် အဖွဲ့အစည်းအသီးသီး၏ သုတေသနပြုလုပ်ရန် ပစ်မှတ်ဖြစ်နေခဲ့သည်။ သို့သော် ဟန်ရှောင်းသည် ဆယ်စုနှစ်အနည်းငယ်ကြာ ဝင်ရောက်ခဲ့သော အခြား အဆင့် အေ အထက်ဆင့်များနှင့် မတူညီပေ။ သူသည် အင်ပါယာသို့ ဝင်ရောက်သည်မှာ တစ်နှစ်ပင် မပြည့်သေးသဖြင့် သတင်းအချက်အလက်မှာ အကန့်အသတ်ရှိသည်။ သို့သော် အဖွဲ့အစည်းများစွာသည် သူ့ထံမှ ခြိမ်းခြောက်မှုကို အင်ပါယာ၏ မဏ္ဍိုင်ကြီးသုံးခုအဆင့်သို့ ချိန်ညှိရန်နှင့် သူ့ကို အနီးကပ်စောင့်ကြည့်ရမည့် ပစ်မှတ်အဖြစ် သတ်မှတ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
ထို့နောက် အာကိန်းဘုရားကျောင်းသည် သူတို့၏ လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီအမျိုးမျိုးမှတစ်ဆင့် တိုက်ပွဲတွင် ဟန်ရှောင်း ပြသခဲ့သော နည်းလမ်းအမျိုးမျိုးကို ဖော်ထုတ်ခဲ့ပြီး ယခုအခါ အဖွဲ့အစည်းအားလုံးသည် ဘလက်စတား၏လက်ထဲတွင် စကြဝဠာရတနာနှစ်ခု ရှိနေသည်ကို သိရှိသွားကြသည်။ တိုက်ပွဲဖြစ်ရခြင်း၏ အကြောင်းရင်းဖြစ်သော ဆင့်ကဲဖြစ်စဉ် ကုဗတုံးအကြောင်း ထည့်ပြောနေစရာ မလိုတော့ပေ။
သို့သော် အခြားစကြဝဠာရတနာမှာ အမှန်တကယ်တွင် နတ်ဘုရားတစ်သောင်း ရာဇလှံတံကို တားဆီးနိုင်ပြီး အဆင့် အေ အထက်ဆင့် တစ်ဦးကို ချိပ်ပိတ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော နည်းလမ်းများ ရှိနေသဖြင့် ဘလက်စတားသည် အထူးမဟာဗျူဟာမြောက် အနေအထားတစ်ခု ရှိနေပြီး သာမန် အဆင့် အေ အထက်ဆင့် တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် သတ်မှတ်၍ မရနိုင်ပေ။
သဘာဝကျစွာပင် လောဘစိတ်ရှိသူများလည်း ရှိသည်။ အာကိန်းဘုရားကျောင်းသည် အဖွဲ့အစည်းများစွာက ဟန်ရှောင်းလက်ထဲရှိ စကြဝဠာရတနာကို မျက်စိကျလာစေရန် ဤသတင်းအချက်အလက်ကို တမင်တကာ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ သူတို့ အမှန်တကယ် အောင်မြင်ခဲ့သော်လည်း အာကိန်းဘုရားကျောင်းပင်လျှင် မအောင်မြင်ခဲ့သောကြောင့် အခြားအဖွဲ့အစည်းများသည် မဆင်မခြင် လုပ်ဆောင်ရန် မဝံ့ရဲကြပေ။
ဘလက်စတား၏ တိုက်ပွဲအောင်မြင်မှုများသည် အဖွဲ့အစည်းများစွာအတွက် စစ်မှန်သော ဟန့်တားမှုတစ်ခု ဖြစ်ခဲ့သည်။
…
ရက်အနည်းငယ်ကြာပြီးနောက် အင်ပါယာက သူတို့၏ တန်ပြန်တိုက်စစ်ကို စတင်ခဲ့ပြီး ကွဲအက်ကြယ်စင်ကွင်းတွင်ရှိသော အာကိန်းဘုရားကျောင်း၏ ကြယ်တာရာတံခါးသည် ခြုံခိုတိုက်ခိုက်မှုကို ခံစားခဲ့ရသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ၏ စွမ်းအင်တုံ့ပြန်မှုများကို ကြယ်ဇုန်တစ်ခုအကွာမှပင် ခံစားနိုင်သည်ဟု ဆိုကြသည်။
ဆက်ဂမန်း၏ ခြုံခိုတိုက်ခိုက်မှု မအောင်မြင်ပြီးနောက် ကြက်သွေးရောင်အင်ပါယာသည် ကွဲအက်ကြယ်စင်ကွင်းရှိ သူတို့၏ ကြယ်တာရာတံခါးကို ဖျက်ဆီးရန် ကြိုးစားလိမ့်မည်ဟု အာကိန်းဘုရားကျောင်းက ခန့်မှန်းခဲ့သည်။ ထို့ကြောင့် သူတို့သည် စစ်ကူများကို စတင်စုဆောင်းနေပြီဖြစ်ပြီး အခြား အဆင့် အေ အထက်ဆင့် တိုက်ခိုက်ရေးသမားများကိုပင် စုဆောင်းထားပြီးဖြစ်သည်။
သို့သော် အဆင့် အေ အထက်ဆင့် ခြောက်ဦးကို လျှို့ဝှက်စွာ စေလွှတ်ရန်အတွက် အာကိန်းဘုရားကျောင်းသည် နေရာအသီးသီးရှိ လူထု၏အာရုံကို ဆွဲဆောင်ရန် သူတို့၏ အခြား အဆင့် အေ အထက်ဆင့်များကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် သူတို့ကို စုဆောင်းရန် အချိန်အနည်းငယ် လိုအပ်မည်ဖြစ်ပြီး အင်ပါယာသည် ထိုအခွင့်အရေးကို အရယူနိုင်ခဲ့သည်။
အေးမီစ်သည် ကွဲအက်ကြယ်စင်ကွင်းတွင် ရှိနေသော တစ်ဦးတည်းသော အဆင့် အေ အထက်ဆင့် ဖြစ်ပြီး အာကိန်းဘုရားကျောင်း၏ စစ်ကူများ မရောက်လာမီ သူမသည် တိုက်ခိုက်မှုတွင် ပါဝင်လာသည်။ သူမ၏ တွန်းအားနယ်မြေသည် ဂလက်ဆီစစ်ပွဲတွင် ထက်မြက်သော လက်နက်တစ်ခုဖြစ်ပြီး ကြယ်တာရာတံခါးတွင် တပ်စွဲထားသော စစ်တပ်၏ ဖွဲ့စည်းပုံကို အလွယ်တကူ နှောင့်ယှက်နိုင်ပြီး ထိုးဖောက်နိုင်သည်။ ထို့အပြင် သူမသည် ကြယ်တာရာတံခါးကို ဖျက်ဆီးရန်နှင့် ရန်သူ၏ ဆုတ်ခွာလမ်းကြောင်းကို ဖြတ်တောက်ရန် သူမ၏ တွန်းအားနယ်မြေကို အသုံးပြုနိုင်၏။
ထို့နောက် အင်ပါယာသည် အများပြည်သူဆိုင်ရာ ကြယ်တာရာတံခါးအားလုံးကို စောင့်ကြည့်စစ်ဆေးမှု စတင်ခဲ့ပြီး အာကိန်းဘုရားကျောင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် သူတို့၏ သူလျှိုများကို စေလွှတ်လိုက်သည်။
သို့သော် စကြဝဠာ လူမှုအဖွဲ့အစည်းတစ်ခုအနေဖြင့် အာကိန်းဘုရားကျောင်းတွင် ၎င်းကို ဖြေရှင်းရန် အခြားနည်းလမ်းများစွာ ရှိသည်။
…
'အိုးမက်ဒယ်' ဘားသည် ကွဲအက်ကြယ်စင်ကွင်းရှိ ဂလက်ဆီ အကူးအပြောင်းဘူတာတစ်ခု၏ သတ္တမမြောက် အမှိုက်ပုံတွင် တည်ရှိသည်။ အပေါ်ယံတွင် အနည်းငယ် စုတ်ပြတ်နေသော အများပြည်သူဆိုင်ရာ ဘားတစ်ခုဟု ထင်ရသော်လည်း ၎င်းသည် အမှန်တကယ်တွင် 'နိုက်ဘတ်' ဟု အမည်ပြောင်ရသော မှောင်ခိုဈေးကွက် ကုန်သည်တစ်ဦး၏ စုဝေးရာနေရာဖြစ်သည်။
စကြဝဠာထဲတွင် ပြီးပြည့်စုံသော စည်းမျဉ်းဟူ၍ မရှိပေ၊ အလင်းရှိလျှင် အရိပ် အမြဲရှိနေမည်ဖြစ်သည်။ ဂလက်ဆီမှောင်ခိုဈေးကွက်သည် ဂလက်ဆီလူ့အဖွဲ့အစည်းအတွင်း အကြီးမားဆုံး အရိပ်ဖြစ်သည်။
လူရှိလျှင် လိုအပ်ချက်များ အမြဲရှိနေမည်ဖြစ်ပြီး လိုအပ်ချက်များရှိလျှင် မှောင်ခိုသမားများ အမြဲရှိနေမည်ဖြစ်သည်။ စကြဝဠာရှိ ဒေသတိုင်းတွင် သူတို့၏ကိုယ်ပိုင် မှောင်ခိုဈေးကွက်များ ရှိကြသည်။ အချို့မှာ အစိုးရက မသိကျိုးကျွန်ပြုရန် ရွေးချယ်ထားသော စီးပွားရေးလုပ်ငန်းများဖြစ်ပြီး အချို့မှာ မည်သည့်လူမှုအဖွဲ့အစည်းကမျှ မထိန်းချုပ်ထားသော မီးခိုးရောင်နယ်မြေများ ဖြစ်သည်။
ကွဲအက်ကြယ်စင်ကွင်း၏ မှောင်ခိုဈေးကွက်များတွင် နိုက်ဘတ်သည် လူကြီးလူကောင်းတစ်ဦး မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အပိုင်းအစများကို အဓိကစုဆောင်းသော မထင်မရှား ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ သူသည် စစ်ဘက်ဆိုင်ရာ စက်ယန္တရားအချို့ကို မှောင်ခိုတင်သွင်းရန် ထိုကဲ့သို့သော ရုပ်ဖျက်မှုကို အသုံးပြုခဲ့သည်။
သူ ခိုးကြောင်ခိုးဝှက် ပြုမူနေရန် မလိုပေ။ ဒေသခံအားလုံးနီးပါးက 'အိုးမက်ဒယ်' ဘားသည် သူ၏ မှောင်ခိုဈေးကွက် စုဝေးရာနေရာဖြစ်ကြောင်း သိကြသော်လည်း ၎င်း၏ သေးငယ်သော အရွယ်အစားနှင့် ရောင်းချသည့်ပစ္စည်းများမှာ အတော်အတန် စိတ်ချရသောကြောင့် မည်သည့်အဖွဲ့အစည်းကမျှ သူ့ကို အနီးကပ်အာရုံစိုက်ခြင်း မရှိပေ။ ဤဂလက်ဆီ အကူးအပြောင်းဘူတာတွင် ထိုကဲ့သို့သော မှောင်ခိုကုန်သည် ရာပေါင်းများစွာ ရှိသည်။
ယနေ့တွင် ကုန်တင်ယာဉ် ကပ္ပတိန်တစ်ဦးသည် 'အိုးမက်ဒယ်' ဘားသို့ ရောက်ရှိလာပြီး ဤကပ္ပတိန်သည် နိုက်ဘတ်နှင့် အချိန်ကြာမြင့်စွာ အတူတကွ လက်တွဲလုပ်ကိုင်ခဲ့သူဖြစ်သည်။ သူသည် အပိုင်းအစများအတွင်း ဝှက်ထားသော မှောင်ခိုပစ္စည်းအချို့နှင့်အတူ နိုက်ဘတ်ထံသို့ အပိုင်းအစအချို့ကို ရောင်းချလေ့ရှိသည်။ ယနေ့တွင် နိုက်ဘတ်က သူ့အား ဧည့်သည်အဖြစ် သူ့ဘားအောက်ရှိ မြေအောက်ခန်းမသို့ ကိုယ်တိုင် ဖိတ်ခေါ်သည်။
ရုံးခန်းထဲတွင် နိုက်ဘတ်နှင့် ဤကုန်တင်ယာဉ် ကပ္ပတိန်သာ ကျန်ခဲ့သည်။
ထို့နောက် ကုန်တင်ယာဉ် ကပ္ပတိန်က စီးကရက်တစ်လိပ်ကို မီးညှိပြီး မီးခိုးတစ်လုပ် မှုတ်ထုတ်လိုက်သည်။ သူသည် စာရွက်တစ်ရွက်ကို ထုတ်ယူပြီး နိုက်ဘတ်ဘက်သို့ တွန်းပို့လိုက်သည်။
"ဒါက အပိုင်းအစစာရင်းပဲ။"
"ကျေးဇူးပဲ။"
နိုက်ဘတ်သည် မျက်နှာပေါ်တွင် ဖားလိုလိုအပြုံးတစ်ခု ရှိသော ပိန်ပိန်ပါးပါး လူတစ်ယောက်ဖြစ်သည်။ သူ့မျက်နှာကို မြင်လိုက်ရုံဖြင့် သူသည် ကောက်ကျစ်သော ကုန်သည်တစ်ဦးဖြစ်ကြောင်း လူတိုင်း ထင်ကြမည်ဖြစ်သည်။
"ကုန်ပစ္စည်းတွေ ပို့ပြီးပြီ။ ငါသွားတော့မယ်။" ကုန်တင်ယာဉ် ကပ္ပတိန်က မတ်တတ်ရပ်လိုက်သည်။
"မင်း မပျော်ချင်ဘူးလား။ ဂရေးရှက်လမ်းက ရက်ဝီးဒိုးမှာ သွေးနှော နတ်သူငယ်အသစ်တွေ ရထားတယ်လို့ ငါကြားတယ်။"
"သွေးနှော နတ်သူငယ်တွေလား... ထားလိုက်ပါတော့။ မင်းကြားပြီးပြီလား။ ကြက်သွေးရောင်အင်ပါယာနဲ့ အာကိန်းဘုရားကျောင်းတို့ ကွဲအက်ကြယ်စင်ကွင်းမှာ စတင်တိုက်ခိုက်နေကြပြီ။ ပြင်ပကမ္ဘာက အခြေအနေက အရမ်းမတည်မငြိမ် ဖြစ်နေတယ်။ ငါ ဒီခရီးစဉ်ပြီးရင် အိမ်ပြန်ပြီး စီးပွားရေးမလုပ်ခင် သူတို့တိုက်ပွဲပြီးတဲ့အထိ စောင့်နေလိုက်မယ်။"
ကုန်တင်ယာဉ် ကပ္ပတိန်သည် အနည်းငယ် စိတ်ဝင်စားသွားပုံရသော်လည်း မလုပ်ရန် ဆုံးဖြတ်လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။
နိုက်ဘတ်သည် သူ့နောက်မှ လိုက်သွားပြီး ကုန်တင်ယာဉ်ပေါ်ရှိ အပိုင်းအစများကို ရွှေ့ပြောင်းရန် သူ့လက်အောက်ငယ်သားများကို ခေါ်လိုက်သည်။
လူတိုင်း အလုပ်ရှုပ်နေသဖြင့် မည်သူမျှ မသိမသာ ပြောင်းလဲမှုများကို သတိမထားမိကြပေ။ နိုက်ဘတ်သည် ရုတ်တရက် စင်တီမီတာအနည်းငယ် အရပ်ရှည်လာပြီး သူ့ခန္ဓာကိုယ်ပုံသဏ္ဍာန် အနည်းငယ် ပြောင်းလဲသွားသည်ကို မည်သူမျှ သတိမထားမိကြပေ။ ကုန်တင်ယာဉ် ကပ္ပတိန်၏ အလုပ်သမားတစ်ဦးသည်လည်း ထိုကဲ့သို့သော မသိမသာ ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။
နေ့ဝက်ကြာပြီးနောက် ကုန်ပစ္စည်းများကို နောက်ဆုံးတွင် ချပြီးသွားပြီဖြစ်ကာ ကုန်တင်ယာဉ်သည် ဂြိုဟ်ပေါ်မှ ထွက်ခွာသွားသည်။
ကုန်တင်ယာဉ်ကို အလိုအလျောက်မောင်းနှင်စနစ်ဖြင့် သတ်မှတ်ထားပြီး ဂိုဒေါင်ထဲတွင် သံစားပိုးကောင်များ တွေ့ရှိကြောင်း ကပ္ပတိန်က သတင်းရရှိလိုက်သည်။
၎င်းသည် အာကာသယာဉ်၏ အတွင်းပိုင်းဖွဲ့စည်းပုံကို ဖျက်ဆီးမည့် အလွန်အတွေ့အများသော ပိုးကောင်တစ်မျိုးဖြစ်သည်။ ၎င်းကို တွေ့ရှိသည်နှင့် ချက်ချင်း ရှင်းလင်းရမည်ဖြစ်သည်။
ကပ္ပတိန်သည် ဂိုဒေါင်သို့ သွားခဲ့ပြီး အလုပ်သမား သုံးဆယ်ကျော်သည် ဆယ်စင်တီမီတာခန့်ရှိသော ပိုးကောင်များကို ပြာကျသွားအောင် မီးရှို့ရန် လက်ထဲတွင် မီးမှုတ်စက်များ ကိုင်ဆောင်ထားကြသည်။
"ကပ္ပတိန်၊ ကျွန်တော်တို့ အခြေအနေကို ထိန်းထားနိုင်ပြီဖြစ်ပြီး ပျက်စီးမှုကို စစ်ဆေးနေပါတယ်။ ကုန်ပစ္စည်းအချို့ ကိုက်ခံထားရတဲ့ လက္ခဏာတွေ ရှိနေတယ်။" အလုပ်သမားတစ်ဦးက သတင်းပို့လိုက်သည်။
ထိုစကားကို ကြားသောအခါ ကုန်တင်ယာဉ် ကပ္ပတိန်သည် စိုးရိမ်ပူပန်လာသည်။ ဂိုဒေါင်ထဲရှိ ကုန်ပစ္စည်းအားလုံးသည် သူ့ဖောက်သည်များ၏ အမှာစာများဖြစ်ပြီး ပျက်စီးသွားပါက သူလျော်ကြေးပေးရမည်ဖြစ်သည်။
သူသည် စကြဝဠာထဲရှိ သာမန်လူတစ်ဦးသာဖြစ်ပြီး ထိုကဲ့သို့သော ကုန်ပစ္စည်းများကို တတ်နိုင်သူ မဟုတ်ပေ။
"ငါ့ကို လိုက်ပြစမ်း။"
သူတို့သည် ဂိုဒေါင်၏ အတွင်းပိုင်းအနက်ပိုင်းသို့ ဝင်ရောက်သွားကြသည်။
ထိုအချိန်အတောအတွင်း အလုပ်သမားသည် ရုတ်တရက် အသံတိတ်သေနတ်ကို ထုတ်ယူပြီး ကပ္ပတိန်၏ ခေါင်းကို ချိန်လိုက်သည်။
"မင်း..." ကပ္ပတိန် အံ့သြသွားသည်။
ထို့နောက် အလုပ်သမားသည် ပြတ်သားစွာ ပစ်ခတ်လိုက်သည်။
ဖောင်း ဖောင်း ဖောင်း။
ကျည်ဆန်သုံးတောင့်သည် ကုန်တင်ယာဉ် ကပ္ပတိန်၏ ဦးခေါင်းခွံကို ဖောက်ထွက်သွားသည်။ ၎င်းသည် သာမန်လူတစ်ဦးအတွက် သေစေနိုင်သော ဒဏ်ရာဖြစ်သည်။
ကုန်တင်ယာဉ် ကပ္ပတိန်သည် ၎င်း၏ခန္ဓာကိုယ်မှ သွေးများ စီးကျလျက် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဤအလုပ်သမားသည် သူ၏မျက်နှာကို သုတ်လိုက်ပြီး မျက်နှာဖုံးကဲ့သို့ ပစ္စည်းကို ခွာလိုက်သည်။ နိုက်ဘတ်၏ မျက်နှာ ပေါ်လာသည်။
နိုက်ဘတ်၏ မျက်နှာပေါ်တွင် ၎င်း၏ 'ကောက်ကျစ်သော ကုန်သည်' အငွေ့အသက် လုံးဝမရှိတော့ဘဲ အေးစက်သော အမူအရာ ရှိနေသည်။
သူသည် ကပ္ပတိန်၏ ခန္ဓာကိုယ်မှ ဝင်ခွင့်ကတ်နှင့် ဆက်သွယ်ရေးစက်ကို ယူလိုက်ပြီး ပိုးကောင်များကို မီးရှို့နေသည့် နေရာသို့ ကပ္ပတိန်၏ အလောင်းကို သယ်သွားလိုက်သည်။
နိုက်ဘတ် အမှောင်ထဲမှ ထွက်လာသောအခါ အခြေအနေသည် လုံးဝ ကွဲပြားနေပြီဖြစ်သည်။ အလုပ်သမား သုံးဆယ်ကျော်အနက် ငါးဦးသာ ကျန်ရှိတော့ပြီး သူတို့အားလုံး၏ လက်ထဲတွင် အသံတိတ်သေနတ်များ ကိုင်ဆောင်ထားကြသည်။ မြေပြင်ပေါ်တွင် အလောင်းနှစ်ဆယ်ကျော် ရှိနေပြီး သူတို့အားလုံး ပစ်သတ်ခံထားရခြင်း ဖြစ်သည်။
သူတို့က နိုက်ဘတ်ဘက်သို့ ကြည့်ကာ နှုတ်ဆက်လိုက်ကြသည်။ "ကပ္ပတိန်။"
သူတို့အားလုံးသည် အာကိန်းဘုရားကျောင်းမှ လေ့ကျင့်ပေးထားသော သူလျှိုများဖြစ်သည်။ နိုက်ဘတ်သည် အရေးမပါသော မှောင်ခိုစီးပွားရေးတစ်ခုကို စီမံခန့်ခွဲရန် နှစ်ပေါင်းများစွာ မှောင်ခိုကုန်သည်အဖြစ် ရုပ်ဖျက်ထားခဲ့သည်။ သူ၏အဖွဲ့မှ အစိတ်အပိုင်းတစ်ခုသည် အလုပ်သမားများအဖြစ် ရုပ်ဖျက်ထားပြီး ဤကုန်တင်ယာဉ် ကပ္ပတိန်အတွက် အလုပ်လုပ်ပေးခဲ့သည်။
နှစ်ပေါင်းများစွာ မှောင်ခိုလုပ်ပြီးနောက် သူတို့သည် ကြယ်တာရာတံခါးအသစ်တစ်ခု တည်ဆောက်ရန် လုံလောက်သော အစိတ်အပိုင်းများကို လျှို့ဝှက်စွာ စုဆောင်းခဲ့သည်။ ဤအလုပ်သမားများသည် ယခင်က ကုန်ပစ္စည်းများကို ချနေစဉ်တွင် ကြယ်တာရာတံခါး စက်ကိရိယာများကို ဤအာကာသယာဉ်များပေါ်သို့ လျှို့ဝှက်စွာ တင်ဆောင်နေကြသည်။
ဤမျှကြာမြင့်စွာ ပုန်းအောင်းနေပြီးနောက် သူတို့သည် သူတို့၏အဖွဲ့အစည်းက သူတို့ကို ဆင့်ခေါ်မည့်အချိန်ကို အမြဲစောင့်မျှော်နေခဲ့ကြသည်။ အာကိန်းဘုရားကျောင်းသည် ထိုကဲ့သို့သော အချိန်မျိုးတွင် ဤသူလျှိုများကို အသက်သွင်းလိုက်ပြီး သူတို့၏ တာဝန်မှာ အရေးမပါပုံရသော အာကာသယာဉ်တစ်စင်းကို ရယူပြီး ကြယ်တာရာတံခါး စက်ကိရိယာများနှင့်အတူ ထွက်ပြေးနိုင်ရန် အဆင့် အေ အထက်ဆင့်များနှင့် သွားရောက်တွေ့ဆုံရန် ဖြစ်သည်။
နိုက်ဘတ်၏အဖွဲ့သည် ထိုကဲ့သို့သော တာဝန်ရှိသည့် တစ်ခုတည်းသော အဖွဲ့မဟုတ်ပေ။ အလားတူ မြင်ကွင်းများသည် ကွဲအက်ကြယ်စင်ကွင်း တစ်ဝိုက်တွင် ဖြစ်ပျက်နေသည်။
ဤသာမန် အရေးမပါသော ဇာတ်ကောင်များသည် လှုပ်ရှားမှု စတင်နေပြီဖြစ်သည်။
အဆင့် အေ အထက်ဆင့် သည် တစ်သီးပုဂ္ဂလ စွမ်းအား၏ အထွတ်အထိပ်ဖြစ်သော်လည်း မည်သူမျှ မိမိကိုယ်ကို စကြဝဠာ၏ ဇာတ်လိုက်ဟု ခေါ်ဆိုနိုင်မည် မဟုတ်ပေ။ စကြဝဠာသည် အလွန်ကြီးမားလွန်းပြီး ဇာတ်ကောင်တိုင်းတွင် သူတို့ ပါဝင်လှုပ်ရှားရမည့် အခန်းကဏ္ဍ ကိုယ်စီရှိကြသည်။ အရေးမပါသော လူပုဂ္ဂိုလ်တစ်ဦးပင်လျှင် ပိုမိုကြီးမားသော ပုံရိပ်ကို လွှမ်းမိုးနိုင်သည်။
စာစဉ် (၅၂)၊ အခန်း (၈၆၁) ပြီးပါပြီ.
လင်းဆက်
+++++
အခန်း (၈၆၂) ကြောက်မက်ဖွယ် အရေအတွက်
အင်ပါယာ၏ အဆင့် အေ အထက်ဆင့်များသည် အရုဏ်ဦး ကြယ်စုတန်းတွင် တည်ရှိသော ကြယ်တာရာတံခါးမှတစ်ဆင့် ကြယ်ရောင်တောက်ပကမ္ဘာမှ ကွဲအက်ကြယ်စင်ကွင်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ နောက်ထပ် ပျံသန်းချိန်ကာလတစ်ခု ကြာမြင့်ပြီးနောက် ဟန်ရှောင်းသည် မီလီဇောနှင့် အခြားသူများနှင့်အတူ ကောလ်တန် ကြယ်စုတန်းသို့ ပြန်ရောက်လာသည်။
သူတို့ ခရီးသွားနေစဉ် ကာလအတွင်း ကြက်သွေးရောင်အင်ပါယာနှင့် အာကိန်းဘုရားကျောင်းတို့သည် ဗဟိုဂလက်ဆီတွင် ထိပ်တိုက်တွေ့နေပြီး အခြေအနေမှာ အလွန်တင်းမာနေ၏။
ကွဲအက်ကြယ်စင်ကွင်းဘက်တွင်မူ ကြယ်ရောင်တောက်ပကမ္ဘာ၏ နယ်စပ်တွင် တပ်စွဲထားသော အင်ပါယာ၏တပ်ဖွဲ့များသည် ဟန်ရှောင်းပေးပို့လိုက်သည့် လျှို့ဝှက် ကြယ်တာရာတံခါး ထွက်ပေါက် ကိုသြဒိနိတ်များကို သေချာစွာ စုံစမ်းစစ်ဆေးခဲ့သော်လည်း ၎င်းမှာ ဗလာဖြစ်နေပြီဖြစ်သည်။
လမ်းခရီးတွင် ဤသတင်းကို ကြားသိရသောအခါ နောက်ဆက်တွဲအလုပ်သည် ထောက်လှမ်းရေး ဝန်ထမ်းများနှင့်သာ အဓိကသက်ဆိုင်ပြီး သူတို့အနေဖြင့် များစွာ လုပ်ပေးနိုင်မည် မဟုတ်ကြောင်း လူတိုင်း သိကြသည်။
အာကာသယာဉ်ထဲတွင် ဟန်ရှောင်း၊ မီလီဇော၏ ကိုယ်ပွား၊ ဘီယွန်နီနှင့် မက်ဆီမီလာတို့သည် အတူတကွ စုဝေးနေကြပြီး ပြတင်းပေါက်အပြင်ဘက်ရှိ ဘလက်စတားစစ်တပ် ဌာနချုပ်ကို လှမ်းကြည့်နေကြသည်။
ဧရာမ စစ်သင်္ဘောကြီးများသည် ဧရာမ ဂြိုဟ်အဆင့် ခံတပ်ကြီးပေါ်မှ အတက်အဆင်း လုပ်နေကြပြီး သတ္တုအဆောက်အဦးများသည် နေရာတိုင်းတွင် ပေါ်ထွက်နေသည်။
ဌာနချုပ်တွင် ရှိနေသော အရာရှိများသည်လည်း သူတို့ရောက်ရှိလာသည့်သတင်းကို ရရှိထားပြီးဖြစ်ကာ သူတို့အား ကြိုဆိုရန် ရှေ့ထွက်လာကြသည်။
တံခါးပေါက် ပွင့်သွားသည်နှင့် ဟန်ရှောင်းနှင့် အခြားသူများသည် အာကာသယာဉ်ပေါ်မှ ဆင်းလာကြပြီး လူပင်လယ်ကြီးဖြင့် ကြိုဆိုခြင်း ခံလိုက်ရသည်။ စစ်တပ်မှ စစ်သည်များသည် သပ်ရပ်စွာ တန်းစီနေကြပြီး တညီတညွတ်တည်း အလေးပြုလိုက်ကြသည်။
"စစ်တပ်ကွပ်ကဲရေးမှူး။"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟန်ရှောင်းသည် ခေတ္တမျှ မှင်သက်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
သူတို့က ဘာကြောင့် ဒီလိုကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားကို စီစဉ်ခဲ့တာလဲ။ ဒါက ခမ်းနားထည်ဝါတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေမယ့် ဒီလိုအမိန့်မျိုး ပေးခဲ့တာကို သူ မမှတ်မိပေ။
စစ်သည်များ၏ ရှေ့တွင် ဆေးလ်ဗီးယားက လားဂျီးကို ရှေ့သို့ တွန်းလိုက်သည်။
ဒုတိယခေါင်းဆောင်အနေဖြင့် လားဂျီးသည် ရှေ့သို့ တက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ထို့နောက် သူက လည်ချောင်းရှင်းလိုက်ပြီး သိပ်မငြီးငွေ့စရာကောင်းသော အသံဖြင့် ပြောလိုက်သည်။ "အဟမ်း အဟမ်း... စစ်တပ်ကွပ်ကဲရေးမှူး ပြန်လာတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။"
ဟန်ရှောင်း၏ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားပြီး သူက မေးလိုက်သည်။ "မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ။ ငါတို့ နောက်ဆုံးတွေ့ခဲ့တာ လအနည်းငယ်ပဲ ရှိသေးတယ်။ ဘာလို့ ဒီလို လေးနက်တဲ့ အခမ်းအနားကြီးနဲ့ အလုပ်ရှုပ်ခံနေတာလဲ။"
"စစ်တပ်ကွပ်ကဲရေးမှူးက အဆင့် အေ အထက်ဆင့် တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူခဲ့တယ်ဆိုတာ စကြဝဠာတစ်ခုလုံးက သိနေပြီ။ စစ်တပ်အတွင်း စည်းလုံးညီညွတ်မှု ပိုရှိလာအောင် ဒီအခွင့်အရေးကို အသုံးချနိုင်တယ်လို့ ဆေးလ်ဗီးယားက ပြောတယ်" ဟားလပ်စ်က တိုးတိုးလေး ပြောလိုက်သည်။
သူ မပြောဘဲ ချန်ထားခဲ့သော အခြားအကြောင်းပြချက်တစ်ခု ရှိသေးသည်။ ဟန်ရှောင်းသည် အင်ပါယာ၏ မဟာမိတ်များကို ဧည့်သည်များအဖြစ် ဖိတ်ခေါ်ထားကြောင်း ဆေးလ်ဗီးယား သိသဖြင့် ဟန်ရှောင်း၏ ပုံရိပ်ကို တည်ဆောက်ရန် ထိုကဲ့သို့သော မြင်ကွင်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
ဆေးလ်ဗီးယားကို ပြန်ပြောရန် မတတ်နိုင်သော်လည်း ဤအရာသည် လုံးဝအဓိပ္ပာယ်မရှိဟု လားဂျီး ခံစားနေရသည်။
ဟန်ရှောင်းသည် ထိုကဲ့သို့သော ပြသမှုကို သိပ်မကြိုက်သလို စစ်တပ်အနေဖြင့် သူ့ပုံရိပ်ကို မြှင့်တင်ပေးရန် လိုအပ်သည်ဟုလည်း မခံစားရပေ။ သို့သော် သူသည် ဤမျှသေးငယ်သော ကိစ္စရပ်ကို အသေးစိတ် လိုက်ပြောနေမည် မဟုတ်ပေ။ သူ့လက်အောက်ငယ်သားများကို လုပ်ပိုင်ခွင့် ပေးထားပြီးဖြစ်သဖြင့် သူတို့ကို ကိုယ်ပိုင်အကြံဉာဏ်များ ရှိခွင့်ပေးလိုက်မည်ဖြစ်သည်။ ထို့နောက် သူက ညွှန်ကြားလိုက်သည်။ "ဒီလူကြီးမင်းသုံးဦးအတွက် အခန်းတစ်ခန်း စီစဉ်ပေးလိုက်ပါ။"
"စီစဉ်ပြီးပါပြီ" ဆေးလ်ဗီးယားက ပြောသည်။
ထိုအချိန်တွင် လားဂျီးက သက်ပြင်းချလိုက်သည်။ "အော်စတင်က တိုက်ပွဲမှာ ပါဝင်ခဲ့ပြီး ဒါက တားမြစ်မှော်ဆရာတွေ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့တယ်လို့ ကျွန်တော် ကြားတယ်။ ဒါ အမှန်ပဲလား။"
"ဟုတ်တယ်" ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။
"ဟူး... နောက်ထပ် ရင်းနှီးတဲ့ မျက်နှာတချို့ ပျောက်ကွယ်သွားပြန်ပြီ။ ကံကောင်းလို့ ကျွန်တော် ဘက်ပြောင်းလိုက်မိတယ်..." လားဂျီးက အားမပါဘဲ ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ ဒီအကြောင်း ပြောနေလို့လည်း အဓိပ္ပာယ်မရှိပါဘူး။ နောက်နှစ်အနည်းငယ်ကြာရင် ကျွန်တော်တို့ ခန္ဓာကိုယ်တွေ အားလုံး ပုပ်သိုးသွားပြီး ဖြစ်လာကြမှာ..."
"ကောင်းပြီ။ ငါတို့အားလုံး ဖုန်မှုန့်တွေ ဖြစ်သွားမယ်ဆိုတာ ငါသိတယ်။ အခု မင်း တိတ်တိတ်နေလို့ ရပြီ" ဟန်ရှောင်း ဖြတ်ပြောလိုက်သည်။
လားဂျီး သူ့ကိုယ်သူ အရှက်ခွဲနေခြင်းကို တားဆီးပြီးနောက် ဟန်ရှောင်းသည် မီလီဇောနှင့် အခြားသူများကို ကြည့်ရန် လှည့်လိုက်သည်။
"ကျွန်တော့်မှာ ဖြေရှင်းစရာ ကိစ္စတချို့ ရှိသေးတယ်။ ခင်ဗျားတို့ သွားနားလို့ ရပါပြီ။ လိုအပ်တာရှိရင် ကျွန်တော့်လူတွေကို ပြောနိုင်ပါတယ်။ ခင်ဗျားတို့ကို နောက်မှ လာတွေ့ပါမယ်။"
"ကောင်းပြီ။"
မီလီဇော၏ သုံးဦးအဖွဲ့တွင် ပြဿနာမရှိပေ။ သူတို့သည် သူတစ်ပါး၏ နယ်မြေထဲတွင် ရှိနေသဖြင့် ဘလက်စတား၏ အစီအစဉ်များကို နားထောင်ကြမည်ဖြစ်သည်။
ထိုသုံးဦး ဌာနချုပ်ထဲသို့ ဝင်သွားသည်ကို ကြည့်ပြီးနောက် ဟန်ရှောင်းသည် သူ့အရာရှိများအားလုံးနှင့် တွေ့ဆုံရန် သူ့ရုံးခန်းသို့ လျှောက်သွားကာ မကြာသေးမီက အခြေအနေများအကြောင်း မေးမြန်းလိုက်သည်။
စစ်တပ်သည် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပြီး သူ့တွင် လုံလောက်သော ဂုဏ်သတင်း ရှိနေခြင်းနှင့်အတူ ကွဲအက်ကြယ်စင်ကွင်းတွင် မည်သူမျှ သူတို့ကို ရန်စရဲမည် မဟုတ်ပေ။
ထို့အပြင် ဂလက်ဆီပင်လယ်ဓားပြများနှင့် စကာဗန်ဂျာများသည် ဘလက်စတားစစ်တပ်၏ နယ်မြေများကို စတင်ရှောင်ရှားလာကြသဖြင့် ဒေသများစွာ၏ လုံခြုံရေးကို တိုးတက်ကောင်းမွန်လာစေသည်။
ထောက်ပံ့ပို့ဆောင်ရေး အစီရင်ခံစာ တင်ပြချိန်ရောက်လာပြီး ရေနိုးက သူ့အစီရင်ခံစာကို တည်ငြိမ်စွာ တင်ပြခဲ့သည်။ သူ့အစီရင်ခံစာကို နားထောင်ပြီးနောက် ဟန်ရှောင်းသည် စစ်တပ်ကိစ္စများကို မမေးဘဲ နီရို၏ ပညာရေးအကြောင်း မေးမြန်းလိုက်သည်။
"သူက အရမ်းပါရမီပါပြီး သူ့ရဲ့ သင်ယူနိုင်စွမ်းကလည်း အရမ်းမြန်တယ်။ ကျွန်တော်ပေးတဲ့ သီအိုရီစာအုပ်တွေ အကုန်လုံးကို သူဖတ်ပြီးသွားပြီ။"
‘သူ့ကို မင်းက အတင်းဖတ်ခိုင်းထားတာ မဟုတ်လား။’
ဟန်ရှောင်း၏ ပါးစပ် အနည်းငယ် ရှုံ့မဲ့သွားပြီး သူက မေးလိုက်သည်။ "သူ ဘယ်မှာလဲ။"
"အပြင်မှာပါ" ရေနိုးက နီရိုကို ခေါ်လာခဲ့သည်။
သူနှင့် မတွေ့ရသည်မှာ အတန်ကြာပြီးနောက် နီရိုသည် အရွယ်ရောက်လာခဲ့ပြီ။ ယခု သူ့မျက်လုံးတစ်ဝိုက်တွင် ထူထဲသော မျက်ကွင်းညိုများ ရှိနေပြီး အလွန်အိပ်ချင်နေပုံရသည်။
နီရိုသည် ယခင်ကကဲ့သို့ တက်ကြွလန်းဆန်းခြင်း မရှိတော့ဘဲ ဟန်ရှောင်းကို အားမပါဘဲ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ခေါင်းကိုင်အဖေ။"
"မင်း..."
သူ့၏ သနားစရာကောင်းသော ပုံစံကို မြင်လိုက်ရသောအခါ ဟန်ရှောင်း သနားစိတ် ဝင်သွားသည်။
‘ရေနိုး... မင်းက တကယ့်ကို နတ်ဆိုးပဲ။ ဒီကလေးကို မင်း ဘယ်လို နှိပ်စက်ထားလဲ ကြည့်ဦး။’
ကစားသမားများမတွေ့အောင် နီရိုကို သူ ကောင်းကောင်း ဝှက်ထားရမည့်ပုံ ပေါ်သည်။ သို့မဟုတ်ပါက ထိုသောက်ကစားသမားများသည် 'ရေနိုး လုပ်ကြံသတ်ဖြတ်ခြင်း' ကဲ့သို့သော မစ်ရှင်မျိုးကို စတင်လိုက်နိုင်သည်။
ခေါင်းခါလိုက်ပြီး ဟန်ရှောင်းက နီရိုကို သူ့ရှေ့တွင် ရပ်ခိုင်းလိုက်သည်။ ထို့နောက် သူသည် တိုက်ပွဲအသိပေးချက်ကို အသက်သွင်းရန် နီရိုကို အနည်းငယ် ထိုးလိုက်ပြီး နီရို၏ ပင်ကိုယ်အရည်အသွေးများကို ကြည့်ရှုလိုက်သည်။
‘ခဏနေဦး၊ ဒါက...’
အင်တာဖေ့စ်ကို ကြည့်လိုက်ရင်း ဟန်ရှောင်း၏ မျက်နှာပေါ်တွင် အံ့သြသော အမူအရာကို တွေ့လိုက်ရသည်။
နီရို၏ အရည်အချင်းကဏ္ဍတွင် ယခင်က မရှိခဲ့သော အရည်အချင်းအသစ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ [အလယ်အလတ်အဆင့် ယန္တရား အာရုံခံစားမှု] ဖြစ်သည်။
‘ငါ့ခန့်မှန်းချက် မှန်သွားပြီ။ နီရိုမှာ အဆင့်မြင့် ကံကောင်းခြင်း အလင်းရောင် ရှိပြီး ပုံသွင်းခြင်း အရည်အချင်း ရရှိဖို့ အခွင့်အရေး ရှိတယ်။ သူက ယန္တရား အာရုံခံစားမှုလို အရည်အချင်းမျိုးကိုတောင် သင်ယူနိုင်တယ်။’
လောလောဆယ်တွင် [အလယ်အလတ်အဆင့် ယန္တရား အာရုံခံစားမှု] သာ ဖြစ်သော်လည်း သူ ဆက်လက်ကြိုးစားပါက ရေနိုး၏ [ပြီးပြည့်စုံသော ယန္တရား အာရုံခံစားမှု] ကို သင်ယူနိုင်မည့် အခွင့်အရေး ရှိနေသည်။
ရေနိုးကို ကျော်ဖြတ်နိုင်မည့် အချက်အသစ်တစ်ခု နောက်ဆုံးတွင် ရှိလာပြီဖြစ်ပြီး ဟန်ရှောင်း တကယ်ကို စိတ်လှုပ်ရှားနေသည်။
ထိုအကြောင်းကို တွေးရင်း ဟန်ရှောင်းသည် နီရို၏ ခေါင်းကို ပွတ်သပ်ပေးကာ စိုးရိမ်တကြီး မေးလိုက်သည်။ "မင်းပုံစံက အရမ်းဆိုးဝါးနေသလိုပဲ။ စာလေ့လာရတာ အရမ်းပင်ပန်းနေလား။"
ထို့နောက် နီရိုသည် ရေနိုးကို လှမ်းကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ "ဟင့်အင်း... လုံးဝ မပင်ပန်းပါဘူး..."
"ကြောက်နေစရာ မလိုဘူး။ ငါရှိနေမှတော့ မင်း အမှန်အတိုင်း ပြောလို့ရတယ်။"
ဟန်ရှောင်း၏ ကြင်နာတတ်သော မျက်လုံးများကို ကြည့်ပြီး နီရိုသည် သူ့ရင်ထဲတွင် သတ္တိများ ပြည့်လျှံလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူသည် ရေနိုး၏ ပြစ်မှုများအကြောင်း ပွင့်ပွင့်လင်းလင်း တိုင်တောလေတော့သည်။
"ခေါင်းကိုင်အဖေ၊ သူက သားကို လူတစ်ယောက်လိုတောင် သဘောမထားဘူး။ သူပေးတဲ့ အိမ်စာပမာဏက လူတစ်ယောက်အတွက်တောင် မဟုတ်ဘူး။ သား နေ့တိုင်း သုံးနာရီအောက်ပဲ အိပ်ရပြီး သားရဲ့ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေတယ်။ သား... သားက ကလေးပဲ ရှိသေးတာ။"
ထို့နောက် ဟန်ရှောင်းက ရေနိုးကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "ဒါ အမှန်ပဲလား။"
"စစ်တပ်ကွပ်ကဲရေးမှူးက နီရိုကို ကျွန်တော့်ဆီ အပ်နှံခဲ့ကတည်းက ကျွန်တော် စစ်တပ်ကွပ်ကဲရေးမှူးကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး" ရေနိုးက တင်းမာသော ပုံစံဖြင့် ပြောသည်။ "သူ့ကို ကြီးမြတ်တဲ့ ယန္တရားပညာရှင်တစ်ယောက် ဖြစ်လာအောင် ကျွန်တော် သေချာပေါက် ပြုစုပျိုးထောင်ပေးမှာပါ။"
"ဟူး... မင်းရဲ့ ရည်ရွယ်ချက်က ကောင်းမှန်း ငါသိပါတယ်။ ဒါပေမဲ့ မင်းရဲ့ နည်းလမ်းကို ဂရုစိုက်ရမယ်" ဟန်ရှောင်း ခေါင်းခါလိုက်သည်။
ထိုစကားကို ကြားသောအခါ နီရို၏ မျက်လုံးများတွင် အရောင်တောက်သွားသည်ကို တွေ့လိုက်ရပြီး သူ့ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်။
‘ခေါင်းကိုင်အဖေက ငါ့ဘက်ကနေ ပြောပေးနေတာပဲ။’
‘ဒါဆို ငါ့ရဲ့ ငရဲခန်းလို ဘဝက ဒီနေ့ ပြီးဆုံးပြီဆိုတဲ့ အဓိပ္ပာယ်လား။’
သူ့ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားပြီး သဲကန္တာရထဲတွင် ရေငတ်၍ သေလုမျောပါးဖြစ်နေသော လူတစ်ယောက်က စိမ်းလန်းစိုပြည်သော နေရာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်။
ထိုအချိန်တွင် ဟန်ရှောင်း၏ ခန္ဓာကိုယ်ပေါ်တွင် မြင့်မြတ်သော ရောင်ခြည်ဝန်းကို မြင်တွေ့ရသကဲ့သို့ နီရို ရုတ်တရက် ခံစားလိုက်ရသည်။
ဟန်ရှောင်းသည် နဂါးသွေးများ ပြည့်နေသော ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းမှာ စစ်မြေပြင်မှ သူရယူခဲ့သော မီလီဇော၏ သွေးဖြစ်သည်။ ထို့နောက် သူက ရေနိုးကို ပြောလိုက်သည်။ "ဒီနဂါးသွေးကို ရီရယ့်ချင်းဆီ ပေးလိုက်ပြီး ခန္ဓာကိုယ် သန်မာစေတဲ့ ဆေးတစ်မျိုး သုတေသနလုပ်ခိုင်းလိုက်။"
နောက်တစ်ခဏတွင် ဟန်ရှောင်း လှည့်လာပြီး နီရိုကို ပြုံး၍ ကြည့်လိုက်သည်။
"ရေနိုးက သေချာ မစဉ်းစားခဲ့ဘူးပဲ။ သန်မာတဲ့ ခန္ဓာကိုယ် မရှိဘဲနဲ့ မင်း ဘယ်လိုလုပ် ကောင်းကောင်း သင်ယူနိုင်မှာလဲ။ နဂါးသွေးကနေ ထုတ်လုပ်ထားတဲ့ ဆေးက မင်းရဲ့ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်လိမ့်မယ်။ မင်း ဘယ်လောက်နောက်ကျမှ အိပ်အိပ် မင်းရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေမှာ မဟုတ်ဘူး။ စိတ်မပူနဲ့ ရေနိုးနောက် လိုက်သွားတော့။ မင်း ကောင်းကောင်း သင်ယူရမယ်။"
နီရို၏ အပြုံးမှာ အေးခဲသွားပြီး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
သူ့မျက်လုံးထဲတွင် ဟန်ရှောင်း၏ ခန္ဓာကိုယ်ပေါ်မှ မြင့်မြတ်သော ရောင်ခြည်သည် နတ်ဆိုးအငွေ့အသက် ဖြစ်သွားပုံရပြီး သူ့ခေါင်းကိုင်အဖေ၏ အပြုံးသည် နတ်ဆိုး၏ အပြုံးကဲ့သို့ ဖြစ်နေသည်။
မျက်ရည်များ ဝဲလာပြီး ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်။
နီရိုသည် အသည်းကွဲမတတ် ငိုကြွေးလေတော့သည်။
‘ခေါင်းကိုင်အဖေလည်း နတ်ဆိုးပဲ။’
‘ဝါး ဝါး ဝါး... ဖေဖေ၊ မေမေ၊ သား အာကာသထဲမှာ မနေချင်တော့ဘူး။ သား အိမ်ပြန်ချင်တယ်။’
ထိုစကားကို ကြားသောအခါ ရေနိုး၏ မျက်လုံးများ အရောင်တောက်လာပြီး ချီးကျူးဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
‘ခင်ဗျားက တကယ်ပဲ ကျွန်တော် လေးစားရတဲ့ စစ်တပ်ကွပ်ကဲရေးမှူးပါပဲ။ ခင်ဗျားလည်း နတ်ဆိုးပါပဲ။’
ထို့နောက် ဟန်ရှောင်းက နီရိုကို နှစ်သိမ့်ပေးရန် ဆေးလ်ဗီးယားကို လွှတ်လိုက်သည်။ ရော့ဆယ်လင်က တော်လှန်ရေးသမား ဖြစ်သွားသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက သူမသည် ဤစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို အလွယ်တကူ ကုစားပေးနိုင်လိမ့်မည်။
ထို့နောက် ပြီးပြည့်စုံသော ယန္တရား အာရုံခံစားမှုကို သူအသုံးပြုနိုင်သည့် အကြိမ်အရေအတွက်ကို ဖြည့်တင်းရန် ဟန်ရှောင်းသည် ရေနိုးအပေါ် ဗလာ ဇာတ်ကောင် ဆင့်ခေါ်ကတ် တစ်ခုကို အသုံးပြုလိုက်သည်။ ဗလာ ဇာတ်ကောင် ဆင့်ခေါ်ကတ်သည် ယခင်ဆုလာဘ်နှင့် အနည်းငယ် ကွဲပြားပြီး သူ့တွင် ၎င်းကို အသုံးပြုရန် အခွင့်အရေး တစ်ကြိမ်သာ ရှိသည်။
နီရိုတစ်ဘောက် [ပြီးပြည့်စုံသော ယန္တရား အာရုံခံစားမှု] ကို သင်ယူရန် အချိန်မည်မျှ ကြာမည်ကို မည်သူ သိနိုင်မည်နည်း။ မီးပြတိုက်ဂြိုလ် တိုက်ပွဲကတည်းက ဟန်ရှောင်းသည် အမြဲတမ်း သတိရှိနေခဲ့ပြီး အာကိန်းဘုရားကျောင်းက ဇွတ်လုပ်လာမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူသည် ဝှက်ဖဲတစ်ခု ပြင်ဆင်ထားရမည်ဖြစ်သည်။
…
သူ့၏ အတွင်းရေးကိစ္စများကို ဖြေရှင်းပြီးနောက် ဟန်ရှောင်းသည် မီလီဇောနှင့် အခြားသူများကို သွားရှာပြီး သူတို့အား သူ့ဌာနချုပ်ကို လှည့်လည်ပြသပေးသည်။ အင်ပါယာ၏ လိုက်လံဖမ်းဆီးခြင်း မစ်ရှင်ကို ဆွေးနွေးရန် တာရိုကော့ဗ်ကိုလည်း ဆက်သွယ်လိုက်သည်။
ကွဲအက်ကြယ်စင်ကွင်း အနီးရှိ လူသူကင်းမဲ့သော စကြဝဠာခါးပတ်တွင် ရှိနေသည့် အင်ပါယာ၏ တပ်ဖွဲ့များသည် ကြယ်ရောင်တောက်ပကမ္ဘာရှိ သူတို့၏ တပ်ဖွဲ့များထက် ပိုနည်းသည်။ ရန်သူက လျှို့ဝှက်ကြယ်တာရာတံခါးကို အသုံးပြုခဲ့သည်ဆိုသောအချက်နှင့် ပေါင်းစပ်လိုက်သောအခါ အင်ပါယာသည် အချိန်မီ ခံစစ်စည်းကို မတည်ဆောက်နိုင်ခဲ့ပေ။ ထိုလစ်ဟာမှုလေးကို အခွင့်ကောင်းယူပြီး ဆက်ဂမန်း၏ အဖွဲ့သည် အင်ပါယာ၏ စောင့်ကြည့်မှုကို အောင်မြင်စွာ ရှောင်တိမ်းကာ ကွဲအက်ကြယ်စင်ကွင်းထဲသို့ ထွက်ပြေးလွတ်မြောက်သွားသည်။
"ကျန်ရစ်ခဲ့တဲ့ အာကာသ တုန်ခါမှုတွေအရ ဆက်ဂမန်းရဲ့ လေးဦးအဖွဲ့ဟာ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဒါက ကျွန်တော်တို့ရဲ့ ရှာဖွေမှုကို ပိုခက်ခဲစေတယ်" တာရိုကော့ဗ်၏ ပရိုဂျက်ရှင်းက သူတို့ဘေးတွင် လွင့်မျောကာ လိုက်ပါလာသည်။
"သူတို့ ကွဲအက်ကြယ်စင်ကွင်းထဲ ဝင်သွားတာက သမုဒ္ဒရာထဲ ရေတစ်စက် ကျသွားသလို ဖြစ်လိမ့်မယ်။ သူတို့ကို ရှာဖို့ အရမ်းခက်ခဲလိမ့်မယ်" ဘီယွန်နီက ပြောသည်။
"မှန်တယ်။ လူကြီးမင်းကလည်း အဲဒီလို ထင်တယ်။" တာရိုကော့ဗ် ခေါင်းညိတ်လိုက်သည်။ "ခိုင်လုံတဲ့ သတင်းအရ အာကိန်းဘုရားကျောင်းဟာ ဒီ အဆင့် အေ အထက်ဆင့် လေးယောက်ကို ကယ်တင်ဖို့ ကွဲအက်ကြယ်စင်ကွင်းမှာရှိတဲ့ သူတို့ရဲ့ သူလျှိုတွေကို အသက်သွင်းလိုက်ပြီ။ စကြဝဠာ လူမှုအဖွဲ့အစည်းတိုင်းမှာ အလုပ်အကိုင်အမျိုးမျိုးက အလုပ်သမားတွေအဖြစ် ရုပ်ဖျက်ထားတဲ့ သူလျှိုတွေ ကြယ်ကွင်းပြင်အသီးသီးမှာ အများကြီး ရှိနေပြီး သူတို့ကို အကဲခတ်ဖို့ အရမ်းခက်ခဲတယ်။ အဲဒါက အရေးကြီးတဲ့ သတင်းအချက်အလက် အရင်းအမြစ်ဖြစ်ပြီး သူတို့ရဲ့ အကူအညီနဲ့ဆိုရင် ဆက်ဂမန်းနဲ့ ကျန်တဲ့သူတွေ ထွက်ပြေးဖို့ ပိုလွယ်ကူလိမ့်မယ်။"
"ဝှက်ထားတဲ့ သူလျှိုတွေ... သူလျှိုစာရင်းသာ ရမယ်ဆိုရင် ကျွန်တော်တို့ သူတို့ကို ခြေရာခံနိုင်လိမ့်မယ်" ဟန်ရှောင်း မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"အဲဒါ မဖြစ်နိုင်ဘူး" တာရိုကော့ဗ် ခေါင်းခါလိုက်သည်။ "အဲဒီလိုစာရင်းမျိုးကို စကြဝဠာ လူမှုအဖွဲ့အစည်းရဲ့ ပင်မဒေတာဘေ့စ်ထဲမှာ သိမ်းဆည်းထားမှာဖြစ်ပြီး အဆင့် အေ အထက်ဆင့် ပုံရိပ်ယောင် ယန္တရားပညာရှင် တစ်ယောက်က ကာကွယ်ထားလိမ့်မယ်။ ဖိုင်းယားဝေါလ်က အရမ်းစွမ်းအားကြီးမှာဖြစ်ပြီး သူတို့ကို ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။"
"အဲဒီသူလျှိုတွေက အထက်လူကြီးတွေကို ဆက်သွယ်မှာလား။"
"စကြဝဠာ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ သူလျှိုတွေက ထောက်လှမ်းရေးအေဂျင်စီကို တိုက်ရိုက် သတင်းပို့ကြပြီး ကုဒ်ဝှက်ထားတဲ့ အမိန့်တစ်ခုတည်းနဲ့ သူတို့ကို ဆယ်နှစ်လောက် လိုလိုလားလား ပုန်းအောင်းနေခိုင်းလို့ ရတယ်။ သူတို့မှာ ဘယ်အထက်လူကြီးမှ မရှိဘူး။"
"သြော်... ဒါဆိုရင် ထားလိုက်ပါတော့" ဟန်ရှောင်း ခေါင်းခါလိုက်ပြီး ဤကိစ္စကို မေ့ထားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် တာရိုကော့ဗ်က ပြောသည်။ "သူတို့ကို ဖမ်းဖို့ အရမ်းခက်ခဲပေမယ့် ကျွန်တော်တို့ လမ်းတစ်ဝက်မှာ လက်မလျှော့နိုင်ဘူး။ ကျွန်တော်တို့ မမျှော်လင့်ထားတဲ့ ဆုလာဘ်တချို့ ရနိုင်သလို အာကိန်းဘုရားကျောင်းရဲ့ သူလျှိုတချို့ကိုလည်း အမြစ်ပြတ် သုတ်သင်နိုင်တယ်။ ကွဲအက်ကြယ်စင်ကွင်းမှာ အာကိန်းဘုရားကျောင်း ထားရှိတဲ့ ဝှက်ဖဲတွေအားလုံးကို လုံးဝ သုတ်သင်ပစ်ဖို့ ကျွန်တော်တို့ ကြိုးစားနိုင်တယ်။ သူတို့ သူလျှိုအသစ်တွေ ထပ်ထည့်ချင်ရင် သေချာပေါက် ဆယ်စုနှစ်အနည်းငယ် ကြာလိမ့်မယ်။"
"အင်း... ဒါလည်း ကောင်းတာပဲ။ အရမ်းလျင်မြန်တဲ့ အဆင့် အေ အထက်ဆင့် လေးယောက်နောက် လိုက်ဖို့ ကြိုးစားတာထက် အာကိန်းဘုရားကျောင်းရဲ့ သူလျှိုတွေကို အမြစ်ပြတ် သုတ်သင်တာက ပိုကောင်းလိမ့်မယ်" မက်ဆီမီလာက ပြောသည်။
အဆင့် အေ အထက်ဆင့် သုံ့ပန်းနှစ်ဦးကို ဖမ်းဆီးရမိခြင်းသည် ကျေနပ်လောက်သော တိုက်ပွဲရလဒ် ဖြစ်နေပြီဖြစ်သည်။
အာကိန်းဘုရားကျောင်းသည် နောက်ထပ် အဆင့် အေ အထက်ဆင့် များ ဆုံးရှုံးလိုက်ရပြီးနောက် တကယ် ဇွတ်လုပ်လာမည်ကို စိုးရိမ်နေကြပြီး တစ်ဖက်နှင့်တစ်ဖက် အဆင့် အေ အထက်ဆင့် များကို အကြီးစား လုပ်ကြံသတ်ဖြတ်မှုမျိုး ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ဥပမာတစ်ခု ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က စူးစမ်းရှာဖွေရေးခေတ်တွင် စိန့်မီနာဆန် အဖြစ်အပျက်ဟု ခေါ်သော သမိုင်းဝင် အဖြစ်အပျက်တစ်ခု ရှိခဲ့သည်။
ထိုအချိန်က စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုမှ ခေါင်းဆောင်များသည် လက်ရှိခေါင်းဆောင်များ မဟုတ်ကြဘဲ အလင်း ဖက်ဒရေးရှင်းမှ 'စိန့်မီနာဆန်' ဟုခေါ်သော အရေးပါသည့် အဆင့် အေ အထက်ဆင့် တစ်ဦးသည် အင်ပါယာမှ အဆင့် အေ အထက်ဆင့် နှစ်ဦး၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူတို့၏ ရည်ရွယ်ချက်မှာ စိန့်မီနာဆန် လက်ထဲရှိ စကြဝဠာရတနာကို လုယူရန်ဖြစ်သည်။ သို့သော် အလင်း ဖက်ဒရေးရှင်းသည် ထို အဆင့် အေ အထက်ဆင့် နှစ်ဦးကို ပြန်လည်ခြုံခိုတိုက်ခိုက်ရန်နှင့် စကြဝဠာရတနာကို ပြန်လည်လုယူရန် နောက်ထပ် အဆင့် အေ အထက်ဆင့် တိုက်ခိုက်ရေးသမားများကို ခေါ်ယူခဲ့သည်။
သေဆုံးသွားသော အဆင့် အေ အထက်ဆင့် နှစ်ဦးတွင် မိတ်ဆွေများစွာ ရှိကြပြီး ကြီးမားသော ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့ကြောင့် အလင်း ဖက်ဒရေးရှင်းနှင့် ကြက်သွေးရောင်အင်ပါယာတို့သည် နိုင်ငံရေးအရ တစ်ဖက်နှင့်တစ်ဖက် အပြစ်ပုံချလာကြသည်။
ကိုးလကြာပြီးနောက် အင်ပါယာ၏ အဆင့် အေ အထက်ဆင့်များသည် ပူးပေါင်းကာ အလင်း ဖက်ဒရေးရှင်းမှ အဆင့် အေ အထက်ဆင့် သုံးဦးပိုင်ဆိုင်သော အဖွဲ့အစည်းများကို သွေးဖြင့် ဆေးကြောပစ်လိုက်သည်။ သူတို့သည် အလင်း ဖက်ဒရေးရှင်း၏ အဆင့် အေ အထက်ဆင့် နှစ်ဦးကိုလည်း ဖယ်ရှားပစ်ခဲ့ပြီး တစ်ဦးသာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဤကာလအတွင်း အာကိန်းဘုရားကျောင်း အဆင့် အေ အထက်ဆင့် တစ်ဦး၏ ညီအစ်ကိုအရင်းသည်လည်း ခြုံခိုတိုက်ခိုက်သည့်နေရာတွင် ဧည့်သည်အဖြစ် ရှိနေသောကြောင့် တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် အာကိန်းဘုရားကျောင်းသည် ဤကိစ္စထဲသို့ ဆွဲထည့်ခံလိုက်ရပြီး နောက်ထပ် လုပ်ကြံသတ်ဖြတ်မှု စီးရီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုသည် တစ်ဖက်နှင့်တစ်ဖက် အဆင့် အေ အထက်ဆင့် များကို စတင်လုပ်ကြံသတ်ဖြတ်လာကြပြီး လူအများအပြား သေဆုံးခဲ့ကြသည်။ လူမှုအဖွဲ့အစည်းတစ်ခု၏ အမြင်တွင် အဆင့် အေ အထက်ဆင့် တိုက်ခိုက်ရေးသမားတစ်ဦးသည် မဟာဗျူဟာမြောက် လက်နက်တစ်ခုဖြစ်ပြီး သူတို့ဘက်မှ တစ်ဦးသေဆုံးပါက အခြား အဆင့် အေ အထက်ဆင့်များကို အရှင်ထားမည် မဟုတ်ပေ။ ထို့ကြောင့် လူမှုအဖွဲ့အစည်းများကြား ပဋိပက္ခသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။
ဤအဖြစ်အပျက်အတွင်း စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုသည် အဆင့် အေ အထက်ဆင့် စူပါများစွာကို စတေးခဲ့ရပြီး အဖြစ်အပျက်၏ အလှည့်အပြောင်းမှာ လူမှုအဖွဲ့အစည်းများက စိန့်မီနာဆန် အဖြစ်အပျက်ဟု ခေါ်ဆိုသော အရာဖြစ်သည်။ အမှန်တကယ်တွင် နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦး ရှိနေပြီး ၎င်းမှာ ထိုအချိန်က စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထို့နောက် စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုက ဤစူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းများသည် နောက်ကွယ်မှ မီးထိုးပေးနေပြီး သူတို့ကို အဆင့် အေ အထက်ဆင့် အချို့ ဆုံးရှုံးစေချင်ကြောင်း ယုံကြည်ရန် ခိုင်လုံသော သက်သေအထောက်အထား တွေ့ရှိထားသည်ဟု ပြောဆိုခဲ့ကြသည်။
ထို့နောက် စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုသည် ထိုစူပါကြယ်စုတန်း လူမှုအဖွဲ့အစည်း၏ အဆင့် အေ အထက်ဆင့် အားလုံးနှင့် သူတို့၏ မဟာမိတ်များကို သုတ်သင်ရှင်းလင်းပစ်လိုက်ကြပြီး အဖြစ်အပျက်တစ်ခုလုံး အဆုံးသတ်သွားသည်။
ထိုအချိန်က စကြဝဠာအတွင်းရှိ အဆင့် အေ အထက်ဆင့် ထက်ဝက်ခန့် သတ်ဖြတ်ခံခဲ့ရသည်။ ကြားနေ အဆင့် အေ အထက်ဆင့် အနည်းငယ်သည် ထိုကိစ္စကို ရှောင်လွှဲနိုင်ခြင်း မရှိဘဲ စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုနှင့် ပူးပေါင်းရန် ဖိအားပေးခံခဲ့ရသည်။
ထိုကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်သူသည် စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်း အမှန်တကယ် ဟုတ်မဟုတ်ကိုမူ စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုသာ သိရှိသည်။ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ထိုသို့ ရေးသားထားသည်။
သူတို့၏ အဆင့် အေ အထက်ဆင့်များ သေဆုံးသွားသော်လည်း လူမှုအဖွဲ့အစည်းမှာ ရှိနေဆဲဖြစ်သည်။ စကြဝဠာ လူမှုအဖွဲ့အစည်းကြီးသုံးခုသည် ဂလက်ဆီပြက္ခဒိန်ခေတ်တွင် ပိုမိုအေးချမ်းလာသော်လည်း အများစုသည် သမိုင်းတစ်ပတ်ပြန်လည်သည်ကို မမြင်ချင်ကြပေ။ ထိုအဖြစ်အပျက်ပြီးနောက် စတေးခံရသည့် အဆင့် အေ အထက်ဆင့် အရေအတွက် များစွာ လျော့နည်းသွားသည်။
"စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဆက်ဂမန်းနဲ့ ကျန်တဲ့သူတွေကို မဖမ်းမိရင်တောင် မလွတ်မြောက်နိုင်မယ့် ပစ်မှတ်တစ်ခု ရှိပါတယ်" တာရိုကော့ဗ်က ပြုံးလျက် ပြောသည်။
"ဆိုင်ကာ မဟုတ်လား" ဟန်ရှောင်းလည်း ပြုံးလိုက်သည်။
ကြယ်မျက်လုံး သန့်ရှင်းသောမျိုးနွယ်စုသည် ကွဲအက်ကြယ်စင်ကွင်းတွင် ရှိနေပြီး ဆိုင်ကာ ထွက်ပြေးရန် မဖြစ်နိုင်ပေ။ အင်ပါယာသည် ငြိမ်းချမ်းရေးစာချုပ်ကို လိုက်နာပြီး ကြယ်မျက်လုံး သန့်ရှင်းသောမျိုးနွယ်စု ကို မတိုက်ခိုက်လျှင်ပင် ဆိုင်ကာ တစ်သက်လုံး ပြန်မလာဘဲ နေရန် မဖြစ်နိုင်ပေ။
အကယ်၍ သူသာ ဟန်ရှောင်းကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို ပြန်လည်လုယူနိုင်ခဲ့ပါက ဆိုင်ကာသည် အာကိန်းဘုရားကျောင်း၏ ကာကွယ်မှုကို ရရှိလိမ့်မည်ဖြစ်ပြီး ထိုကဲ့သို့သော ခံစစ်အနေအထားတွင် ရှိနေမည် မဟုတ်ပေ။
လောလောဆယ်တွင်မူ ဆိုင်ကာသည် တကယ့်ကို သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်။
ဆိုင်ကာ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဟန်ရှောင်းတွင် အတွေးတစ်ခုတည်းသာ ရှိသည်။
မျှော်လင့်ချက် မရှိတော့ဘူး။ အိမ်ပြောင်းလိုက်ကြစို့။
စာစဉ် (၅၂)၊ အခန်း (၈၆၂) ပြီးပါပြီ.
လင်းဆက်
+++++