အခန်း (၅၈၀-၅၈၂)
Vol. 39 Ch. 580-582
အခန်း (၅၈၀) - အရင်လုပ်၊ နောက်မှပြော
~"ဘီလူးမျိုးနွယ် ဟုတ်လား"
"တခါမှ မကြားဖူးဘူး"
"ဘာမျိုးနွယ်လဲဟ"
ချီဟွမ်နှင့် အခြားသူများ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ဘာမျိုးနွယ်လဲဆိုတာ နားမလည်ကြသဖြင့် လင်ရှောင်ရှောင်ကို လှမ်းကြည့်လိုက်ကြသည်။
"ဘီလူးမျိုးနွယ်ဆိုတာ ရှေးဟောင်းမျိုးနွယ်စု တစ်ခုပါ။ သူတို့က တိုက်ကြီးပေါ်မှာ လှုပ်ရှားတာ ရှားတယ်။ သူတို့အကြောင်း သိတဲ့လူ သိပ်မရှိဘူး"
လင်ရှောင်ရှောင်က တိုတိုတုတ်တုတ် ရှင်းပြလိုက်၏။
"ရှေးဟောင်းမျိုးနွယ်စုတဲ့လား"
ချီဟွမ်တို့ အံ့သြသွားကြသည်။ ရှေးဟောင်းမျိုးနွယ်စု ဆိုမှတော့ ဘီလူးမျိုးနွယ်က အလွန် စွမ်းအားကြီးမှာ သေချာသည်။
"ဘီလူးမျိုးနွယ်က လူသားတွေနဲ့ သဟဇာတ ဖြစ်အောင် နေခဲ့တာ။ လူသားတွေကို ဘယ်တုန်းကမှ အနိုင်ကျင့် ဗိုလ်ကျတာ မရှိခဲ့ဘူး။ ဘာလို့ ခင်ဗျားလို လူယုတ်မာမျိုး ပေါ်လာရတာလဲ"
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်၏။
နတ်ဆိုးနဂါးဘုရား၏ မှတ်ဉာဏ်ထဲတွင် ဘီလူးမျိုးနွယ်သည် လူသားများနှင့် အလွန် ရင်းနှီးဖော်ရွေသည်။ တိုက်ကြီးပေါ်တွင် လှုပ်ရှားခဲ့စဉ်ကလည်း လူသားများကို အနိုင်ကျင့်ခြင်း မရှိခဲ့ပေ။
ဘီလူးမျိုးနွယ်သည် လူသားများနှင့် အလွန် တူညီသည်။ ကွာခြားချက်မှာ သူတို့သည် လူသားများထက် ပိုမို ကြီးမားထွားကျိုင်းပြီး ခွန်အားကြီးမားခြင်း ဖြစ်၏။ ကျန်တာအားလုံး တူညီသည်။
ထို့ကြောင့် ဘီလူးမျိုးနွယ်သည် လူသားများကို မိတ်ဆွေများအဖြစ် သဘောထားလေ့ ရှိသည်။
"ခန်းမသခင်က ဘီလူးမျိုးနွယ်အကြောင်း ဘယ်လို သိတာလဲ"
ချီဟွမ်တို့ သိချင်စိတ် ပြင်းပြနေကြသည်။
"အစ်ကိုကြီးဖုန်း... ဘီလူးမျိုးနွယ်က အရင်လို မဟုတ်တော့ဘူး။ ဘီလူးမျိုးနွယ်ရဲ့ အကြီးအကဲကြီးက မျိုးနွယ်စုခေါင်းဆောင် နေရာကို လုချင်လို့ ပုန်ကန်ခဲ့တယ်။ အဲဒါကြောင့် စစ်ပွဲကြီး ဖြစ်ခဲ့ပြီး အခု ဘီလူးမျိုးနွယ် နဲ့ နတ်ဆိုးမျိုးနွယ် ဆိုပြီး နှစ်ဖွဲ့ကွဲသွားပြီ"
လင်ရှောင်ရှောင်က ရှင်းပြလိုက်၏။
"သဘောပေါက်ပြီ"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်လိုက်၏။
သူတို့ရှေ့က လူသည် နတ်ဆိုးမျိုးနွယ်မှ ဖြစ်ကြောင်း ထင်ရှားနေ၏။
"ဒီလူက နတ်ဘုရား လက်နက်ကို လာလုတာ... မျိုးနွယ်စုခေါင်းဆောင် နေရာကို ရချင်လို့ ဖြစ်မယ်"
လင်ရှောင်ရှောင်က ပြောလိုက်၏။
"မင်းက တော်တော် သိတာပဲ ကောင်မလေး"
ထိုလူက မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်၏။ သူ့မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။
"ကောင်လေး... မင်းတို့က အခင်းအကျင်း ဖျက်ဆီးရာမှာ ကူညီခဲ့လို့ ရတနာ တစ်ခုစီ ယူခွင့်ပေးမယ်။ ယူပြီးတာနဲ့ ထွက်သွားကြတော့။ နတ်ဘုရား လက်နက်ကိုတော့ စိတ်ကူးမယဉ်နဲ့"
ထိုလူက အေးစက်စွာ ပြောလိုက်၏။
တကယ်တော့ သူက လင်ရှောင်ရှောင်၏ နောက်ခံ အင်အားကို ကြောက်ရွံ့နေခြင်း ဖြစ်၏။ လင်ရှောင်ရှောင်၏ နတ်ဘုရားအသွင်ပြောင်းဘုံ အကာအကွယ်ကို ဖျက်ဆီးနိုင်သည် ဖြစ်စေ၊ မဖျက်ဆီးနိုင်သည် ဖြစ်စေ... ဖျက်ဆီးလိုက်သည်နှင့် သူမ၏ နောက်ခံ အင်အားစုကို စိန်ခေါ်လိုက်သလို ဖြစ်သွားမည်။ သို့ဆိုလျှင် သူ ပြေးစရာ မြေမရှိတော့ပေ။
"ကောင်းပြီလေ"
ဖုန်းဝူချန်က အံ့သြစရာကောင်းလောက်အောင် လက်ခံလိုက်၏။
"အစ်ကိုကြီးဖုန်း"
လင်ရှောင်ရှောင် မျက်လုံးပြူးသွားသည်။
"ခန်းမသခင်... မှားပြောလိုက်တာ မဟုတ်ဘူးမလား"
ချီဟွမ်တို့ မယုံကြည်နိုင်စွာ မေးလိုက်ကြသည်။
"ဆရာ... ကျွန်တော်တို့ အသက်နဲ့ရင်းပြီး ကြိုးစားခဲ့ရတာလေ။ နတ်ဘုရား လက်နက်ကို သူ့လက်ထဲ ဒီအတိုင်း ထည့်ပေးလိုက်တော့မလို့လား"
ကျန်းကျွင့်လန် နားမလည်နိုင်စွာ မေးလိုက်၏။
"ငါတို့ အင်အားနဲ့ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ကို မနိုင်ဘူးလေ။ အသက်ရှင်နေတာပဲ ကျေးဇူးတင်ရမယ်။ ရတနာ မြန်မြန်ရွေးပြီး သွားကြစို့"
ဖုန်းဝူချန်က ဟန်မဆောင်ဘဲ ပြောလိုက်၏။
"အခြေအနေကို နားလည်တဲ့လူက ပညာရှိပဲ။ ကောင်လေး... မင်း နေရာမင်း သိတာ ကောင်းတယ်"
ထိုလူက မောက်မာစွာ ပြောလိုက်၏။
ထိုအခါမှ ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် အခန်းကို လိုက်လံ ကြည့်ရှုကြသည်။
အခန်းသည် ယခင် ဂူလောက် အရွယ်အစား ရှိသော်လည်း ကျောက်စားပွဲ၊ ကျောက်ခုံတန်းနှင့် ကျောက်ကုတင်များ ရှိနေ၏။ ထို့အပြင် လက်နက်သွန်းလုပ်ရေး မီးဖိုကြီး တစ်ခုလည်း ရှိနေသဖြင့် အခန်းပိုင်ရှင်သည် လက်နက်သွန်းလုပ်သူ တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
"အင်မော်တယ် သွန်းလုပ်ရေး မီးဖိုကြီးပဲ"
ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"ဒါကို ငါ ယူမယ်"
"ကျန်းမိသားစုရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ပါရမီရှင် ကျန်းကျွင့်လန်... ကြိုက်တာယူပါ"
ထိုလူက ဂရုမစိုက်သလို ပြောလိုက်၏။ အင်မော်တယ် သွန်းလုပ်ရေး မီးဖိုကို သူ စိတ်မဝင်စားပေ။
မီးဖိုဘေးတွင် လက်နက်သွန်းလုပ်ရေး ပစ္စည်းများစွာ ရှိနေပြီး အားလုံးသည် အင်မော်တယ် လက်နက်များ ပြုလုပ်ရာတွင် အသုံးပြုသော အဆင့်မြင့် ပစ္စည်းများ ဖြစ်ကြသည်။ အလွန် ရှားပါးပြီး တန်ဖိုးကြီးလှသည်။
ဒီပစ္စည်းတွေကိုသာ အပြင်လူတွေ သိသွားလျှင် လက်နက်သွန်းလုပ်သူတွေ အလုအယက် လာရောက်ကြမှာ သေချာသည်။
"နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်တုံး... ဒါ... ဒါ နတ်ဘုရား ဝိညာဉ်ကျောက်တုံး ပဲ"
ဖုန်းဝူချန်၏ နှလုံးသား တုန်လှုပ်သွားသည်။
နတ်ဘုရား ဝိညာဉ်ကျောက်တုံးကို မြင်လိုက်ရသောအခါ သူ မှင်သက်သွားသည်။
နတ်ဘုရား ဝိညာဉ်ကျောက်တုံး ဆိုတာ ဘာလဲ။ နတ်ဘုရား လက်နက်များ ပြုလုပ်ရာတွင် အဓိက အသုံးပြုရသော ပစ္စည်း ဖြစ်၏။
ဤမျှလောက် ရှားပါးသော နတ်ဘုရား ဝိညာဉ်ကျောက်တုံးကို 'အင်မော်တယ် လက်နက် စံအိမ်' တောင် ထုတ်ပေးနိုင်မှာ မဟုတ်ပေ။
တိုက်ကြီးပေါ်မှာ ဒီလို ရှားပါး ရတနာမျိုး ရှာမတွေ့နိုင်ပါ။ သူ အံ့သြသွားရတာ မဆန်းပါချေ။
နှမြောစရာ ကောင်းတာက တစ်တုံးတည်း ရှိနေခြင်းပါပင်။
"သွန်းလုပ်ရေး ပစ္စည်းတွေက နည်းနည်းလေးပဲ ရှိတာ... တခြား ရတနာတွေ ယူလို့ ရမလား"
ဖုန်းဝူချန်က ထိုလူကို လှမ်းကြည့်ပြီး မေးလိုက်၏။ ထိုလူ၏ အာရုံကို လွှဲလိုက်ပြီး သူက နတ်ဘုရား ဝိညာဉ်ကျောက်တုံးကို သိုလှောင်လက်စွပ်ထဲသို့ လျှပ်တပြက်. လျင်မြန်စွာ ထည့်လိုက်၏။
ဖုန်းဝူချန် လက်ထဲက နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်တုံးကို တစ်ချက်ကြည့်ပြီး ထိုလူက ပြောလိုက်၏။
"တစ်ယောက် တစ်ခုလို့ ပြောထားပေမဲ့ မင်းက သဘောပေါက် နားလည်လွယ်တဲ့ ကောင်လေးမို့လို့ နှစ်ခု ယူခွင့်ပြုလိုက်မယ်"
"ကျေးဇူးပါ"
ဖုန်းဝူချန်က ကျေးဇူးတင်စကား ပြောပြီး နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်တုံးကို သိမ်းလိုက်၏။
( တကယ်တော့ သူ သိမ်းလိုက်တာက နတ်ဘုရား ဝိညာဉ်ကျောက်တုံးပါ။ )
လက်နက်သွန်းလုပ်ရေး ပစ္စည်းများအပြင် အခန်းပိုင်ရှင် ချန်ထားခဲ့သော ရတနာများစွာ ရှိနေသေးသည်။ နတ်ဘုရား လက်နက်များ၊ သိုလှောင်လက်စွပ်များ၊ ကျောက်စိမ်း လက်ကောက်များ၊ ကျောက်စိမ်း ဆွဲပြားများ၊ ရတနာ ပုလင်းများ စသည်ဖြင့် စုံလင်လှသည်။
တစ်ယောက် တစ်ခုစီ ရွေးခွင့်ရသဖြင့် ချီဟွမ်တို့သည် သူတို့နှင့် ကိုက်ညီသော အင်မော်တယ် လက်နက်များကို ရွေးချယ်လိုက်ကြသည်။
"ဆရာ... ဒီလက်နက်တွေမှာ ဘာလို့ အသက်ဓာတ် မရှိတာလဲ။ အစစ်အမှန်ယွမ် ထည့်လိုက်ရင်လည်း ဘာမှ မတုံ့ပြန်ဘူး"
ကျန်းကျွင့်လန်က ဓားတစ်ချောင်းကို ကိုင်ပြီး မေးလိုက်၏။
"ဒါတွေက ပျက်စီးနေတဲ့ အင်မော်တယ် လက်နက်တွေလေ။ ပြန်ပြီး ပြုပြင်ရမှာ"
ထိုစဉ်၊ ထိုလူက စိတ်မရှည်စွာ ပြောလိုက်၏။
"မြန်မြန်လုပ်... ယူပြီးရင် ထွက်သွားတော့”
"ဒီပျက်စီးနေတဲ့ ရတနာတွေ အကုန်လုံး ကျွန်တော် ယူလိုက်မယ်။ ခင်ဗျားက လက်နက်သွန်းလုပ်သူ မဟုတ်တော့ သိမ်းထားလည်း အလကားပဲ"
ဖုန်းဝူချန်က ပြောပြောဆိုဆို ပျက်စီးနေသော ရတနာ (၁၀) ခုကျော်ကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။ ခွင့်တောင်းနေတာ မဟုတ်ဘဲ အသိပေးလိုက်ခြင်းပင်။
"ကောင်စုတ်လေး... မင်း တော်တော် လောဘကြီးတာပဲ"
ထိုလူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
ဖုန်းဝူချန်က လက်ကာပြပြီး ပြောလိုက်၏။
"ရတနာတွေ ဒီလောက် အများကြီး ရှိတာ... ဘယ်သူက လောဘမကြီးဘဲ နေမလဲ။ နတ်ဘုရား လက်နက်ကို ခင်ဗျား ယူလိုက်လေ။ ကျွန်တော်တို့က ဒါလေးတွေပဲ ယူတာပါ။ ခင်ဗျားအတွက် အမြတ်ကျန်ပါသေးတယ်။ ပြီးတော့ အင်မော်တယ် လက်နက်တွေ၊ ဝိညာဉ် လက်နက်တွေ အများကြီး ကျန်သေးတယ်လေ"
"စကားတတ်တိုင်း လျှောက်ပြောမနေနဲ့။ လင်ရှောင်ရှောင်သာ မပါရင် မင်း ဘာမှ ယူသွားလို့ရမှာ မဟုတ်ဘူး"
ထိုလူက ခပ်ပြတ်ပြတ် ပြောလိုက်၏။
‘နတ်ဆိုးမျိုးနွယ်က ရှောင်ရှောင့် နောက်ခံကို တော်တော် ကြောက်တာပဲ’
ကျန်းကျွင့်လန်က လင်ရှောင်ရှောင်ကို ကြည့်ရင်း တွေးလိုက်မိသည်။
နတ်ဆိုးမျိုးနွယ်၏ အင်အားသည် နတ်ဘုရား ဘုရင် နန်းတော် ထက် မလျော့နည်းပေ။ သို့သော် ထိုကဲ့သို့ အင်အားကြီး မျိုးနွယ်စုကပင် ကြောက်ရွံ့ရသော အင်အားစု ရှိနေသေးသည်ကိုး။
"လက်ဆောင်တွေအတွက် ကျေးဇူးပါ... ကျွန်တော်တို့ သွားတော့မယ်"
ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်၏။
လှည့်ထွက်ခါနီးတွင် ဖုန်းဝူချန်က ရုတ်တရက် ပြောလိုက်၏။
"ဒါနဲ့... နတ်ဘုရား လက်နက် ဆိုတာက ကံပါမှ ရတာဗျ။ ကံမပါရင် ဘယ်လိုမှ ရမှာ မဟုတ်ဘူး"
"ပြီးတော့... ရတနာ ပေးတဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ သဲလွန်စလေး တစ်ခု ပေးခဲ့မယ်"
ဖုန်းဝူချန်က အခန်း၏ ဘယ်ဘက် နံရံကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"ဘယ်ဘက် နံရံမှာ စာလုံးတချို့ ရေးထားတယ်"
ထိုလူက သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်၏။ ထိုအချိန်လေးအတွင်းမှာပင် ဖုန်းဝူချန်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် လက်နက်သွန်းလုပ်ရေး ပစ္စည်းအမြောက်အမြားနှင့် ရတနာအချို့ကို သိမ်းယူလိုက်၏။
"ကျွန်တော် သတိပေးပြီးပြီနော်။ နတ်ဘုရား လက်နက် ရမရ ဆိုတာက ခင်ဗျား ကံတရားပဲ"
ဖုန်းဝူချန်က အေးစက်စွာ ပြုံးရင်း အခန်းထဲမှ ထွက်ခွာသွားလေသည်။
"ပါးနပ်တဲ့ ကောင်လေး... တကယ်ကို ဉာဏ်များတာပဲ။ ဒီလောက် လောဘကြီးတဲ့လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး။ နတ်ဆိုးမျိုးနွယ်က ကောင်တုံးလေးကတော့ မင်း လှည့်စားတာ ခံလိုက်ရပြီ။ ဒါပေမယ့် ငါ့ကိုတော့ လှည့်စားလို့ မရဘူးကွ။ မင်းက နတ်ဘုရား လက်နက်ကို ဘယ်သူမှ မသိအောင် ယူသွားမယ် ကြံနေတာလား။ ငါ့ကို ကျော်ဖြတ်ရဦးမယ်"
အမှောင်ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ် လူငယ်သည် ဖုန်းဝူချန်၏ လုပ်ရပ်အားလုံးကို မြင်တွေ့လိုက်ရသော်လည်း ကိုယ်ထင်မပြသေးပေ။
အခန်း (၅၈၁) - ရှေးဦး စက်ကွင်းလက်နက်
~"ဝုန်း"
"ရွှစ်... ရွှစ်... ရွှစ်"
ပြိုကျပျက်စီးသွားသော သဲကန္တာရထဲမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လူရိပ်တစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်။ မကြာမီ နောက်ထပ် လူရိပ်များစွာ သဲပြင်ထဲမှ ထွက်ပေါ်လာကြသည်။
သူတို့မှာ ဖုန်းဝူချန်နှင့် အဖွဲ့သားများပင် ဖြစ်၏။
အခင်းအကျင်း ပေါက်ကွဲမှုကြောင့် ပေပေါင်း (၇၀၀၀) ကျော် အကျယ်အဝန်းရှိသော သဲကန္တာရကြီး ပျက်စီးသွားပြီး လမ်းကြောင်းများ ပိတ်ဆို့သွားသော်လည်း ဖုန်းဝူချန်နှင့် အဖွဲ့သားများကို ပိတ်လှောင်မထားနိုင်ခဲ့ပေ။
"ဆရာ... နတ်ဘုရား လက်နက်ကို အဲဒီကောင်စုတ်ဆီ ဒီအတိုင်း ထည့်ပေးလိုက်တော့မလို့လား။ သူက နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာပဲ ရှိတာလေ။ ကျွန်တော့်အဖေရယ်၊ ရှောင်ရှောင်ရယ်၊ ရှောင်ရှောင့်နောက်ခံ အင်အားစုတွေရယ် ပေါင်းလိုက်ရင် သူ့ကို အေးဆေး နိုင်တာပဲ။ ဘာလို့ ကြောက်နေရတာလဲ"
မြေပေါ်သို့ ရောက်သည်နှင့် ကျန်းကျွင့်လန်က မကျေမနပ် ပြောလိုက်၏။
"ဟုတ်တယ် ခန်းမသခင်... ကျွန်တော်တို့ ရှေးဦး အခင်းအကျင်းကို မနည်းဖျက်ဆီးခဲ့ရတာ။ နတ်ဘုရား လက်နက်ကို ဒီလို လက်လွှတ်လိုက်ရတာ လုံးဝ မကျေနပ်ဘူးဗျာ"
လိန်မူချန်နှင့် အခြားသူများလည်း နစ်နာသည်ဟု ခံစားနေကြရသည်။ စောစောက သူတို့အသက်ကို ရင်းခဲ့ရသည် မဟုတ်ပါလော။
"မြန်မြန်... ပုန်းဖို့နေရာ ရှာကြစို့"
ဖုန်းဝူချန်က လေးလေးနက်နက် ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ကျန်းကျွင့်လန် ကြောင်သွားသည်။ သို့သော် ဖုန်းဝူချန်၏ လေးနက်သော မျက်နှာထားကို မြင်လိုက်ရသောအခါ တစ်စုံတစ်ရာကို ရိပ်မိလိုက်၏။
ဖုန်းဝူချန်က 'ပုန်းမယ်' ဟု သုံးနှုန်းလိုက်သဖြင့် လင်ရှောင်ရှောင်နှင့် အခြားသူများလည်း သဘောပေါက်သွားကြပြီး မည်သည့်မေးခွန်းမှ မမေးကြတော့ပေ။
"ခန်းမ... ခန်းမသခင်... သဲ... သဲကန္တာရကြီး မရှိတော့ဘူး"
ထိုအချိန်တွင် တောက်ဟွမ်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ပျက်စီးနေသော သဲကန္တာရကြီးကို ကြည့်ရင်း သူ့မျက်နှာ ဖြူလျော်သွားသည်။
"စောစောက စွမ်းအားက တော်တော် ကြောက်စရာ ကောင်းတာပဲ"
လွမ်ရှန်းလည်း တုန်လှုပ်နေ၏။
သဲကန္တာရကြီးသည် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်၏။ ယခင်က ရွှေရောင်လွှမ်းသော သဲပြင်ကျယ်ကြီးသည် ယခုအခါ ချောက်ကမ်းပါးကြီးများ၊ တောင်ကြားများဖြင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သွားတော့၏။
"နတ်ဘုရား လက်နက်ကို အေးဆေး ရှာပေတော့ကွာ"
ဖုန်းဝူချန်က အောက်ဘက်ရှိ ရှေးဟောင်း မြို့ပျက်ကြီးကို ကြည့်ရင်း လှောင်ပြောင်လိုက်၏။
"ဝှစ်... ဝှစ်... ဝှစ်"
ဖုန်းဝူချန်သည် တောင်ဘက်သို့ ဦးတည်၍ လျင်မြန်စွာ ပျံသန်းသွားသည်။ လင်ရှောင်ရှောင်နှင့် အခြားသူများလည်း နောက်မှ ကပ်လိုက်ပါသွားကြသည်။
သဲကန္တာရကြီးက ကျယ်ပြောလွန်းသဖြင့် သူတို့ လွတ်မြောက်ရန် အချိန်လုံလောက်မည် မဟုတ်ပေ။
ထို့အပြင် ဖုန်းဝူချန်တို့သည် သဲကန္တာရထဲတွင် ခေတ္တမျှ ကျင့်ကြံရန် စီစဉ်ထားကြသည်။ ဟွမ်ယန်နှင့် အခြားသူများကို ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိစေရန် ကူညီပေးရဦးမည်။
ထို့ကြောင့် ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ပြိုကျနေသော ချောက်ကမ်းပါး တစ်ခုကြားတွင် နေရာကောင်း တစ်ခု ရှာဖွေပြီး ပုန်းအောင်းလိုက်ကြသည်။ သူတို့၏ အရှိန်အဝါများကို လုံးဝ ဖုံးကွယ်ထားလိုက်ကြသည်။
ဂူအတွင်းတွင်...၊
ထိုလူသည် ကျောက်နံရံပေါ်ရှိ "ကံပါသူသာ ရရှိမည်" ဟူသော စာသားကို ကြည့်နေ၏။
"ဂူထဲမှာ နတ်ဘုရား လက်နက်ရဲ့ အရိပ်အယောင် မရှိဘူး။ ချိပ်ပိတ်ထားတာ ဖြစ်မယ်။ ဒါပေမယ့် ချိပ်ပိတ်ထားတဲ့ အငွေ့အသက်လည်း မတွေ့ရဘူး။ ဒါမှမဟုတ် ဂူထဲက တစ်နေရာရာမှာ ဝှက်ထားတာ ဖြစ်မယ်"
ထိုလူက တစ်ယောက်တည်း ရေရွတ်နေ၏။ အင်မော်တယ် လက်နက်များနှင့် ဝိညာဉ် လက်နက်များကို သူ လုံးဝ စိတ်မဝင်စားပေ။
သူ့ရည်ရွယ်ချက်က ရှင်းလင်းသည်။ နတ်ဘုရား လက်နက်ကို လိုချင်ခြင်းသာ ဖြစ်၏။
"ဝုန်း"
ထိုလူက စာသား ရေးထွင်းထားသော ကျောက်နံရံကို လက်ဝါးချက် ရိုက်သွင်းလိုက်သည်။ နံရံကြီး ပြိုကျသွားသော်လည်း နောက်ကွယ်တွင် ဘာမှ မရှိပေ။
ဖုန်းဝူချန်၏ သဲလွန်စနှင့် စာသားအရ နံရံနောက်ကွယ်တွင် တစ်စုံတစ်ရာ ရှိမည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ဗလာသက်သက်သာ ဖြစ်နေ၏။
ဘာမှ မရှိသည်ကို မြင်လိုက်ရသောအခါ ထိုလူ ကြက်သေသေသွားသည်။ သူ့ရင်ထဲတွင် ကြီးမားသော စိတ်ပျက်မှုများ ဖြစ်ပေါ်လာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိုလူ၏ မျက်နှာ မည်းမှောင်သွားပြီး ဒေါသတကြီး အံကြိတ်လိုက်၏။
"ကောင်စုတ်လေး... မင်း ငါ့ကို လှည့်စားရဲတယ်ပေါ့"
ဂူတစ်ခုလုံး နှံ့နှံ့စပ်စပ် ရှာဖွေပြီးသည့်တိုင် နတ်ဘုရား လက်နက်ကို မတွေ့ရသဖြင့် ထိုလူ၏ ဒေါသများ ကောင်းကင်သို့ ထိုးတက်သွားသည်။
"ရတနာမြေပုံအရ ရှေးဦး စက်ကွင်းလက်နက်က ဒီမှာ ရှိတာ သေချာတယ်။ ဘာလို့ ရှာမတွေ့တာလဲ"
ဒေါသထွက်နေစဉ်မှာပင် ထိုလူ တစ်စုံတစ်ခုကို သတိရသွားပြီး မျက်နှာ ပျက်သွားသည်။
ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် နတ်ဘုရား လက်နက် ရရှိရန်အတွက် အသက်နှင့်ရင်းပြီး အခင်းအကျင်းကို ဖျက်ဆီးခဲ့ကြသည်။ သူတို့က နတ်ဘုရား လက်နက်ကို သူ့လက်ထဲ အလွယ်တကူ ထည့်ပေးလိုက်မည်တဲ့လား။
ဖုန်းဝူချန်က သူ့ကို အစကတည်းက သတိထားမိနေ၏။ မယှဉ်နိုင်မှန်း သိလျက်နှင့် ဘာလို့ အခင်းအကျင်းကို ဖျက်ဆီးပေးရတာလဲ။
"နတ်ဘုရား လက်နက်က ဟို ပျက်စီးနေတဲ့ လက်နက်တွေကြားထဲမှာ ပါသွားတာများလား"
ထိုလူ ရုတ်တရက် သဘောပေါက်သွားသည်။ စဉ်းစားလေ ဖြစ်နိုင်ချေ များလေပင်။
"ဉာဏ်များတဲ့ ကောင်စုတ်လေး"
အလိမ်ခံလိုက်ရမှန်း သိလိုက်ရသောအခါ ကြောက်မက်ဖွယ် လူသတ်အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ဖုန်းဝူချန်တို့ကို လိုက်ဖမ်းရန် ကောင်းကင်သို့ ပျံတက်သွားသည်။
"ဝုန်း"
ပြိုကျနေသော သဲကန္တာရထဲမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လူရိပ်တစ်ခု ကောင်းကင်သို့ ထိုးတက်လာသည်။ ထိုလူထံမှ အလွန် ကြောက်မက်ဖွယ် ကောင်းသော လူသတ်အရှိန်အဝါများ သိပ်သည်းလာသည်။
သို့သော် ဖုန်းဝူချန်နှင့် အဖွဲ့သားများကို အာရုံခံ၍ မရတော့ပေ။
ဤမျှ ကျယ်ပြောသော သဲကန္တာရကြီးထဲတွင် အာရုံခံ၍ မရဘဲ ဖုန်းဝူချန်တို့ ဘယ်မှာ ပုန်းနေမှန်း ရှာရန် မလွယ်ကူပေ။
"သေစမ်း... သေစမ်းကွာ"
ထိုလူက ဒေါသတကြီး အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားသည်။ မြေကြီးများ တုန်ခါသွားပြီး ကောင်းကင်ယံတွင် အက်ကြောင်းများ ဖြစ်ပေါ်လာကာ ကမ္ဘာပျက်တော့မည့်အလား ထင်ရသည်။
"ကောင်စုတ်လေး... မင်း ပြေးလို့ မလွတ်ပါဘူးကွ။ မြေဆုံးတိုင် လိုက်ရပါစေ... မင်းကို မိအောင် ဖမ်းမယ်"
ထိုလူက ကောင်းကင်ကို မော့ကြည့်ရင်း ဒေါသတကြီး ကြွေးကြော်လိုက်၏။
ချောက်ကမ်းပါးအောက်တွင် ပုန်းအောင်းနေသော ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ထိုလူ၏ ကြောက်မက်ဖွယ် စွမ်းအားနှင့် လူသတ်အရှိန်အဝါများကို ခံစားမိလိုက်ကြပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ဆိုတာ တကယ် ကြောက်စရာ ကောင်းတာပဲ။
"နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေက တကယ် ကြောက်စရာ ကောင်းတာပဲ။ အဲ့ဒီလူရဲ့ စွမ်းအားက မိုးနဲ့မြေကို ဖျက်ဆီးနိုင်လောက်တယ်"
လွမ်ရှန်းက တံတွေးမျိုချရင်း ပြောလိုက်၏။
"သူ သဲကန္တာရကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မှာလား။ သူ့စွမ်းအားနဲ့ဆို မခဲယဉ်းဘူးလေ"
ဟွမ်ယန်လည်း
ကြောက်လန့်တကြား ပြောလိုက်၏။ သူ့မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေ၏။
ကျန်းကျွင့်လန်က သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်၏။
"ဆရာ... ဘာတွေ ဖြစ်ကုန်တာလဲ”
ဖုန်းဝူချန်က မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ပြောလိုက်၏။
"သူ နတ်ဘုရား လက်နက်ကို ရှာမတွေ့လို့ ဒေါသထွက်နေတာပေါ့"
"အစ်ကိုကြီးဖုန်း... နတ်ဘုရား လက်နက်က အစ်ကိုကြီး လက်ထဲ ရောက်နေပြီလား"
လင်ရှောင်ရှောင်က အံ့သြတကြီး မေးလိုက်၏။
"နတ်ဘုရား လက်နက် မရရင် ငါက ဘာကိစ္စ ထွက်လာရမှာလဲ"
ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်၏။
"ခန်းမသခင်က နတ်ဘုရား လက်နက်ကို တကယ် ရခဲ့တာလား"
ဟွမ်ယန်တို့ မျက်လုံးပြူးသွားကြသည်။
ဖုန်းဝူချန် ဘယ်အချိန်က ယူလိုက်တာလဲ။
အင်မော်တယ် လက်နက်တွေတောင် အစွမ်းထက်တဲ့ အရှိန်အဝါ ရှိတာ... နတ်ဘုရား လက်နက်ဆို ပိုတောင် ကြောက်စရာ ကောင်းရမှာပေါ့။ ဘာလို့ သူတို့ အာရုံမခံမိကြတာလဲ။
"ရှေးဦး စက်ကွင်းလက်နက်က တခြား နတ်ဘုရား လက်နက်တွေနဲ့ မတူဘူး။ သူ့ဖြစ်တည်မှုက ထူးခြားတယ်။ ဂူပေါ်လာကတည်းက ငါ တန်းမြင်နေရတာ"
ဖုန်းဝူချန်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြောလိုက်၏။
"ကျွန်တော်တို့ကျ ဘာလို့ မမြင်ရတာလဲ။ အရှိန်အဝါတောင် အာရုံမခံမိဘူး"
ကျန်းကျွင့်လန်က မေးလိုက်၏။
"ရှေးဦး စက်ကွင်းလက်နက်ကို ထိန်းချုပ်ဖို့အတွက် 'အချိန်စွမ်းအား' လိုအပ်တယ်။ အချိန်စွမ်းအား မရှိရင် သူက သာမန် လက်နက် တစ်ခုနဲ့ ဘာမှ မခြားဘူး။ အစစ်အမှန်ယွမ် ထည့်လည်း အလကားပဲ။ အတိုချုပ်ပြောရရင်... အချိန်စွမ်းအား မရှိတဲ့ ရှေးဦး စက်ကွင်းလက်နက်က သံတိုသံစ တစ်ခုပါပဲ"
ဖုန်းဝူချန်က ရှင်းပြလိုက်၏။
"ပျက်စီးနေတဲ့ လက်နက်တွေ..."
ကျန်းကျွင့်လန် ရုတ်တရက် သဘောပေါက်သွားသည်။
"ဟုတ်တယ်။ ရှေးဦး စက်ကွင်းလက်နက်က အဲဒီ ပျက်စီးနေတဲ့ လက်နက်တွေထဲမှာ ပါနေတာ။ အချိန်စွမ်းအား မရှိလို့ နတ်ဘုရား လက်နက် ဖြစ်ပေမဲ့ ဘာအရှိန်အဝါမှ မရှိတာ။ ကျွန်တော်က ရှေးဟောင်း စာအုပ်တွေထဲမှာ ဖတ်ဖူးလို့ မှတ်မိနေတာ"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဖဝါး အရွယ်အစား ရှိသော ထူးဆန်းသည့် လက်နက် တစ်ခု ပေါ်လာသည်။
"ဒါ... ဒါက ရှေးဦး စက်ကွင်းလက်နက်လား"
ကျန်းကျွင့်လန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။
"ဟုတ်တယ်။ ဒါ ရှေးဦး စက်ကွင်းလက်နက်ပဲ"
ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်၏။
ရှေးဦး စက်ကွင်းလက်နက်သည် လက်ဖဝါးအရွယ်အစား ရှိပြီး အမည်းရောင် လခြမ်းပုံသဏ္ဍာန် ရှိသည်။ လက်ကောက်နှင့် တူသော်လည်း လခြမ်းအပိုင်းက အလွန် ထက်မြက်လေသည်။
ထိုအချိန်တွင် အေးစက်သော အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်းက ရှေးဦး စက်ကွင်းလက်နက် အကြောင်း ဒီလောက် သိထားလိမ့်မယ်လို့ မထင်ထားဘူး။ အချိန်စွမ်းအား အကြောင်းတောင် သိနေပါလား။ တကယ် အံ့သြစရာပဲ”
အခန်း (၅၈၂) - ယင်ယန်ကျွင်းနှင့် တိုက်ခိုက်ခြင်း
~"ဘယ်သူလဲ"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လင်ရှောင်ရှောင်နှင့် အခြားသူများ လန့်ဖျပ်သွားကြသည်။ ကျန်းကျွင့်လန်က ဒေါသတကြီး အော်ဟစ်မေးလိုက်၏။
သူတို့ဆီသို့ ချဉ်းကပ်လာသည်ကို အာရုံမခံမိလိုက်ခြင်းက ထိုလူ၏ ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားကြောင်း သက်သေပြနေ၏။ အနည်းဆုံးတော့ ဖုန်းဝူချန်နှင့် သူတို့ထက် သာလွန်မည်မှာ သေချာသည်။
လေထုထဲမှ လူရိပ်တစ်ခု တိတ်ဆိတ်ငြိမ်သက်စွာ ပေါ်ထွက်လာသည်။ သူသည် အစကတည်းက ရှိနေသော်လည်း အာကာသဖြင့် ဖုံးကွယ်ထားသကဲ့သို့ ထင်ရသည်။
"ယင်ယန် ပုံရိပ်ယောင် သိုင်းကွက်... နင်က ယင်ယန်မိသားစုကပဲ"
လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ ချက်ချင်း မှတ်မိလိုက်၏။
"ယင်ယန်မိသားစု .. "
ကျန်းကျွင့်လန်၏ မျက်နှာ ဖြူလျော်သွားပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်ယင်လာသည်။
ကျန်းမိသားစု၏ အမွေဆက်ခံသူ ကျန်းကျွင့်လန်သည် ယင်ယန်မိသားစု၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ကောင်းကောင်း သိသည်။ သူတို့သည် နတ်ဘုရား ဧကရာဇ် နန်းတော်နှင့် ဘီလူးမျိုးနွယ်တို့ထက်ပင် ပိုမို စွမ်းအားကြီးသည်။
"ယင်ယန်မိသားစု..."
ဟွမ်ယန်နှင့် အခြားသူများလည်း တခါမှ မကြားဖူးသော လျှို့ဝှက်ဆန်းကြယ် မိသားစုအမည်ကြောင့် မျက်မှောင်ကြုတ်လိုက်ကြသည်။
"သူတော်စင်မလေး..က တကယ် အကဲခတ်တော်တာပဲ။ ကျွန်တော်က ယင်ယန်ကျွင်းပါ"
လူငယ်က မိတ်ဆက်လိုက်၏။ သူသည် ရှေးဟောင်း မြို့ပျက်လမ်းကြောင်းထဲ မဝင်ခင်ကတည်းက ဖုန်းဝူချန် အာရုံခံမိခဲ့သော လျှို့ဝှက်ဆန်းကြယ် လူငယ်ပင် ဖြစ်၏။
ထိုအခါ၊ လင်ရှောင်ရှောင်က အေးစက်စွာ ပြန်ပြောလိုက်၏။
"ငါတို့ အာရုံမခံမိတာ မဆန်းပါဘူး။ ငါ ဘယ်သူလဲ ဆိုတာ သိနေရင် ဘာလို့ မထွက်သွားသေးတာလဲ။ သေချင်နေတာလား"
"သူတော်စင်မလေး... ကျွန်တော်က အမိန့်အတိုင်း လုပ်ဆောင်ရုံပါ"
ယင်ယန်ကျွင်းက ပြုံးစစဖြင့် ပြောလိုက်၏။ သူက လင်ရှောင်ရှောင်ကို လေးစားသယောင် ရှိသော်လည်း ကြောက်ရွံ့ပုံ မပြပေ။
‘ရှောင်ရှောင့် နောက်ခံက ယင်ယန်မိသားစုထက်တောင် ပိုကြောက်စရာ ကောင်းနေတာလား..’
ကျန်းကျွင့်လန်၏ နှလုံးသား တုန်လှုပ်သွားသည်။
လင်ရှောင်ရှောင်၏ နောက်ကွယ်မှ ကြီးမားသော အင်အားစုကို သူ မှန်းဆ၍ မရနိုင်တော့ပေ။
ဖုန်းဝူချန်က ယင်ယန်ကျွင်းကို တည်ငြိမ်စွာ ကြည့်လိုက်၏။ ယင်ယန်ကျွင်း ပေါ်လာသည်ကို သူ လုံးဝ မအံ့သြပေ။
"မင်းလည်း ရှေးဦး စက်ကွင်းလက်နက်ကို လိုချင်လို့လား"
ဖုန်းဝူချန်က ခံစားချက်မဲ့စွာ မေးလိုက်၏။
"ဒါပေါ့... ဒါပေမယ့် ဒီခရီးစဉ်က ကျွန်တော် ထင်ထားတာထက် ပိုထူးခြားနေတယ်။ နတ်ဆိုးမျိုးနွယ်၊ နဂါးမျိုးနွယ်၊ ပြီးတော့ ကောင်းကင် နတ်ဆိုး သူတော်စင်မလေး ပါ ပါလာတာပဲ"
ယင်ယန်ကျွင်းက မောက်မာစွာ ပြောလိုက်၏။
"နဂါးမျိုးနွယ်... ကောင်းကင် နတ်ဆိုး သူတော်စင်မလေး ဟုတ်လား"
ကျန်းကျွင့်လန်နှင့် အခြားသူများ အံ့သြသွားကြသည်။ သူတို့၏ အကြည့်များက လင်ရှောင်ရှောင်ဆီသို့ ရောက်သွားကြသည်။ လင်ရှောင်ရှောင်ကို နဂါးမျိုးနွယ်၏ သန့်ရှင်းသော မိန်းကလေးဟု ထင်မှတ်လိုက်ကြသည်။
"ကောင်းကင် နတ်ဆိုး" ဆိုသော အသုံးအနှုန်းက ကျန်းကျွင့်လန်တို့အတွက် အသစ်အဆန်း ဖြစ်နေ၏။
သို့သော်၊ ဤအသုံးအနှုန်းက ဘာကို ကိုယ်စားပြုလဲ ဆိုတာ ဘယ်သူမှ မသိကြပါချေ။
ယင်ယန်ကျွင်းက ဖုန်းဝူချန်ကို ကြည့်ပြီး ပြောလိုက်၏။
"မင်းက ရှေးဦး စက်ကွင်းလက်နက် အကြောင်းနဲ့ အချိန်စွမ်းအား အကြောင်း ဘယ်လို သိတာလဲ ဆိုတာ ငါ.. သိချင်မိတယ်"
"ဖြေစရာ အကြောင်းမရှိဘူး"
ဖုန်းဝူချန်က ပြတ်သားစွာ ငြင်းလိုက်၏။
"ကိစ္စမရှိပါဘူး။ ရှေးဦး စက်ကွင်းလက်နက်ကို ပေးလိုက်စမ်းပါ"
ယင်ယန်ကျွင်းက အေးစက်စွာ တောင်းဆိုရင်း ဖုန်းဝူချန်ထံသို့ လက်ဖြန့်လိုက်၏။
လက်ထဲမှ ရှေးဦး စက်ကွင်းလက်နက်ကို ကြည့်ပြီး ဖုန်းဝူချန်က သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။
ထို့နောက် ပြုံးစစ မျက်နှာထားဖြင့် မေးလိုက်၏။
"မပေးရင်ရော ဘာလုပ်မလဲ"
ဖုန်းဝူချန်၏ ပုံစံသည် အလွန် မောက်မာနေ၏။
ထိုစကားကို ကြားသောအခါ ယင်ယန်ကျွင်း၏ မျက်နှာ မည်းမှောင်သွားပြီး မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ ဖြတ်သန်းသွားသည်။
"သေချင်နေတာပဲ"
"သေချင်တယ် ဟုတ်လား။ မင်းရဲ့ မတည်ငြိမ်သေးတဲ့ ကောင်းကင်ဘုံလူသား နဝမအလွှာ စွမ်းအားလောက်နဲ့လား။ ဒဏ်ရာရနေတာတောင် နတ်ဘုရား လက်နက်ကို လာလုရဲသေးတယ်ပေါ့"
ဖုန်းဝူချန်၏ မျက်နှာတွင် အထင်သေးမှုများ ပေါ်လာသည်။
"ဘာ"
ယင်ယန်ကျွင်း၏ နှလုံးသား တုန်လှုပ်သွားသည်။ ဖုန်းဝူချန်က သူ့ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ရုံမက မကြာသေးမီကမှ အဆင့်တက်ထားကြောင်းကိုပါ သိနေ၏။
အသက်ငယ်ငယ်လေးနှင့် ကောင်းကင်ဘုံလူသား နဝမအလွှာသို့ ရောက်ရှိနေခြင်းက ယင်ယန်ကျွင်းသည် ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း သက်သေပြနေ၏။
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်၏။
"ယင်ယန်မိသားစုက ခင်ဗျားကို လွှတ်လိုက်တာ... တိုက်ကြီးပေါ်က ကျင့်ကြံသူတွေကို ဒီလောက်တောင် အထင်သေးလို့လား"
"ကောင်းကင်ဘုံလူသား ပဉ္စမအလွှာလောက်နဲ့ ငါ့ရှေ့မှာ ရိုင်းစိုင်းရဲတယ်ပေါ့"
ယင်ယန်ကျွင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ့ထံမှ ကြောက်မက်ဖွယ် လူသတ်အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
"ဝီ... ဝီ"
ကောင်းကင်ဘုံလူသား နဝမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ယင်ယန်ကျွင်း ပတ်ပတ်လည်မှ မြင့်တက်လာသည်။ ချောက်ကမ်းပါးများ တုန်ခါသွားပြီး ကျောက်တုံးကြီးများ ကွဲကြေကုန်သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများက မုန်တိုင်း တစ်ခုအလား ရိုက်ခတ်လာသည်။
"ဒီလောက် စွမ်းအားလောက်နဲ့ ငါ့ရဲ့ နတ်ဘုရား အကာအကွယ်ကို မဖျက်ဆီးနိုင်ဘူး"
လင်ရှောင်ရှောင်က အေးစက်စွာ ပြောလိုက်ပြီး အပြာရောင် အကာအကွယ် တစ်ခု ဖန်တီးရန် ပြင်လိုက်၏။
"သူ့ကို ကိုင်တွယ်ဖို့ နတ်ဘုရား အကာအကွယ် မလိုပါဘူး။ ယင်ယန်မိသားစုရဲ့ မျိုးဆက်သစ်တွေ ဘယ်လောက် စွမ်းလဲဆိုတာ စမ်းသပ်ဖို့ အခွင့်ကောင်းပဲ"
ဖုန်းဝူချန်က ယုံကြည်မှုရှိသော အပြုံးဖြင့် ပြောလိုက်၏။
"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ"
ယင်ယန်ကျွင်း၏ မျက်နှာတွင် အထင်သေးမှုများ ပေါ်လာပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ဝူး... ဝူး"
ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာကိုယ် ဒုတိယအဆင့် စွမ်းအားတို့ကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်၏။
သွေးရောင်အလင်းတန်းများ တောက်ပလာပြီးနောက် ချီလင် ချပ်ဝတ်နှင့် လက်အိတ်များကို ထုတ်ဝတ်လိုက်၏။ ဖုန်းဝူချန်၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား ပဉ္စမအလွှာမှ အဋ္ဌမအလွှာသို့ တစ်ဟုန်ထိုး မြင့်တက်သွားသည်။
‘ရှေးဦး ကမ္ဘာဦး စွမ်းအား... သူက ရှေးဦး ကမ္ဘာဦး စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ ချီလင်မျိုးနွယ်ရဲ့ အဆီအနှစ်တွေလည်း ပါနေတယ်။ သူ့တိုက်ခိုက်စွမ်းရည်က ချက်ချင်း (၃) ဆင့် တက်သွားတာလား’
ယင်ယန်ကျွင်း၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားပြီး အလွန် အံ့အားသင့်သွားသည်။
ဖုန်းဝူချန်၏ တိုက်ခိုက်စွမ်းရည်သည် သူ့လောက် မမြင့်မားသော်လည်း... ကမ္ဘာပျက် စွမ်းအားနှင့် ချီလင် ချပ်ဝတ်တို့က ယင်ယန်ကျွင်းကို တကယ် တုန်လှုပ်စေခဲ့သည်။
"ဒီကောင်လေးက နဂါးမျိုးနွယ်ထဲမှာ ရာထူးမသေးလောက်ဘူး။ မဟုတ်ရင် နဂါးမျိုးနွယ်က သူ့ကို ရှေးဦး ကမ္ဘာဦး စွမ်းအား ပေးထားမှာ မဟုတ်ဘူး။ ဒါပေမယ့် ကောင်းတာပေါ့... နတ်ဘုရား လက်နက်ရော၊ ရှေးဦး ကမ္ဘာဦး စွမ်းအားရော တစ်ခါတည်း ယူလိုက်ရုံပဲ"
ယင်ယန်ကျွင်းက မျက်လုံးကျဉ်းကာ တွေးလိုက်ပြီး လူသတ်ချင်စိတ် ပိုပြင်းထန်လာသည်။
"ဝုန်း"
ယင်ယန်ကျွင်းသည် ရုတ်တရက် တိုက်ခိုက်လိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖုန်းဝူချန်ထံသို့ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာသည်။
"နားပိတ်ထားကြ"
ဖုန်းဝူချန်က အလျင်အမြန် သတိပေးလိုက်၏။ လင်ရှောင်ရှောင်နှင့် အခြားသူများလည်း ချက်ချင်း နားပိတ်လိုက်ကြသည်။
"နဂါးဟိန်းသံ"
ယင်ယန်ကျွင်း လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ဖုန်းဝူချန်က လက်နှစ်ဖက်ကို ပူးကပ်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
"ဝေါင်း"
နဂါးဟိန်းသံကြီးသည် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ဝိညာဉ်ကို ဖမ်းစားနိုင်သော အရှိန်အဝါနှင့် နားကွဲမတတ် ကျယ်လောင်သော အသံလှိုင်းများသည် ပေပေါင်း သောင်းချီ အကွာအဝေးထိ ရောက်ရှိသွားသည်။
‘ဒုက္ခပဲ... ဒါ နဂါးဟိန်းသံ’
ယင်ယန်ကျွင်း၏ မျက်နှာ ပျက်သွားသည်။
"အား..."
ရုတ်တရက် ထွက်ပေါ်လာသော နဂါးဟိန်းသံကြောင့် ယင်ယန်ကျွင်း အငိုက်မိသွားသည်။ နားစည်များ ကွဲထွက်မတတ် နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။ ခေါင်းတစ်ခုလုံး ကိုက်ခဲနေပြီး ဝိညာဉ်များ လွင့်စင်သွားသလို ခံစားလိုက်ရသည်။
နားနားကပ်ပြီး အော်ဟစ်လိုက်သကဲ့သို့ ခံစားချက်မျိုး ဖြစ်၏။
"ရွှစ်"
နဂါးဟိန်းသံ ထွက်ပေါ်နေစဉ်မှာပင် ဖုန်းဝူချန်သည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလိုက်၏။ သူ့လက်သီးတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းနေ၏။
"ရှေးဦး နဂါးနတ်ဘုရား လက်သီး"
ဖုန်းဝူချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ယင်ယန်ကျွင်းကို ရက်စက်စွာ ထိုးနှက်လိုက်၏။
နဂါးဟိန်းသံကြောင့် ဒုက္ခရောက်နေသော ယင်ယန်ကျွင်းသည် အန္တရာယ်ကို အာရုံခံမိသော်လည်း ခုခံရန် စွမ်းအား မရှိတော့ပေ။
"ဝုန်း"
"အွတ်"
ဖုန်းဝူချန်၏ လက်သီးသည် ယင်ယန်ကျွင်း၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားသည်။ ပြင်းထန်သော စွမ်းအားကြောင့် ယင်ယန်ကျွင်း သွေးအန်ကာ အဟုန်ပြင်းစွာ လွင့်ထွက်သွားသည်။
"ဝီ... ဝီ"
ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားပြီး ပေရာချီသော ဧရိယာ တစ်ခုလုံး တုန်ခါသွားသည်။
တစ်ချက်တည်းနှင့် ယင်ယန်ကျွင်း သွေးအန်သွားရသည်။ ဖုန်းဝူချန်၏ လက်သီးချက်သည် တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
"ခန်းမသခင်ရဲ့ 'ရှေးဦး နဂါးနတ်ဘုရား လက်သီး' က တကယ် ကြောက်စရာ ကောင်းတာပဲ။ ကောင်းကင်ဘုံလူသား နဝမအလွှာကိုတောင် လက်သီး တစ်ချက်တည်းနဲ့ သွေးအန်စေတယ်"
လွမ်ရှန်းက ကြောက်ရွံ့ခြင်းနှင့် စိတ်လှုပ်ရှားခြင်း ရောပြွမ်းကာ အော်ဟစ်လိုက်၏။
"အကြောက်စရာ အကောင်းဆုံးကတော့ နဂါးဟိန်းသံပဲ... ကာကွယ်လို့ မရဘူး"
ဟု ကျန်းကျွင့်လန်က ပြောလိုက်၏။
ဟွမ်ယန်လည်း ထိတ်လန့်တကြား မှတ်ချက်ချလိုက်၏။
"တကယ်လို့ စောစောကသာ နဂါးနတ်ဘုရား ဓားနဲ့ တိုက်ခိုက်လိုက်ရင်... ယင်ယန်ကျွင်း တစ်ခါတည်း သေသွားလောက်တယ်”