← Chapters

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅) - ဇီးကွက်စခန်း

အခြေစိုက်စခန်းကြီး ငါးခုနှင့် အင်အားကြီး ဓားပြအဖွဲ့ နှစ်ဖွဲ့မှ အရွယ်အစားမျိုးစုံရှိသော သင်္ဘောပေါင်း တစ်ရာကျော်သည် ကျောက်နီအခြေစိုက်စခန်း၏ အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြပြီး လူအင်အားမှာ တစ်သောင်းကျော် ရှိသည်။

သူတို့သည် ကျောက်နီအခြေစိုက်စခန်းမှ ကီလိုမီတာ သုံးထောင်အကွာတွင် ရပ်တန့်လိုက်ကြပြီး အုပ်စုခုနစ်စု တိတိကျကျ ခွဲခြားထားသည်။ စုရုံးရောက်ရှိလာသူများထဲတွင် ကျောက်ဝါအခြေစိုက်စခန်း၏ ရေတပ်မှာ အင်အားအကောင်းဆုံးဖြစ်ပြီး ကာရာကယ်အဆင့် ခရူဇာ နှစ်စင်း၊ ဖျက်သင်္ဘော ခြောက်စင်းနှင့် ဖရီးဂိတ်တစ်ဆယ့်တစ်စင်း ပါဝင်သည်။ ကျောက်ဝါမှာ ရိုင်းစိုင်းသော ကြယ်တာရာနယ်မြေ၏ ဤဘက်ခြမ်းတွင် အကြီးဆုံး အခြေစိုက်စခန်းဖြစ်ပြီး ဒေသခံ တစ်သိန်းကျော်ရှိရာ ဤမျှအင်အားရှိသော ရေတပ်ကို ပိုင်ဆိုင်ထားခြင်းမှာ သဘာဝကျလှသည်။

အခြားအခြေစိုက်စခန်းများ၏ ရေတပ်များမှာမူ ကျောက်ဝါနှင့် ယှဉ်လျှင် သိသိသာသာ အားနည်းလှသည်။ ကျန်ရှိသော အခြေစိုက်စခန်းများမှာ ပင်မပစ်ခတ်မှုစွမ်းအားအတွက် ခရူဇာတစ်စင်းစီသာ ပါဝင်ပြီး ၎င်းနောက်တွင် စစ်သင်္ဘောအငယ် ခုနစ်စင်း၊ ရှစ်စင်းခန့် လိုက်ပါလာကြသည်။ သင်္ဘောများ ထိန်းသိမ်းမှုဖြစ်စေ၊ တပ်ဆင်ထားသော ကိရိယာများဖြစ်စေ အနည်းဆုံး အဆင့်တစ်ခုခန့် နိမ့်ကျနေကြသည်။

ရေတပ်တစ်ခုလုံးကို ထိန်းသိမ်းရခြင်းမှာ လက်နက်များ ဖြည့်တင်းခြင်းနှင့် အမှုထမ်းများကို လေ့ကျင့်ပေးခြင်းတို့ ပါဝင်သဖြင့် အလွန်ပင် စရိုက်စရိတ် ကြီးမားလှသည်။ ရေတပ်တစ်ခုစီ၏ အသုံးစရိတ်မှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ ကြီးမားလှပြီး ခိုင်မာသော စီးပွားရေးအင်အား မရှိဘဲနှင့် ဤကဲ့သို့သော အရာများကို ထောက်ပံ့ရန်မှာ မဖြစ်နိုင်ပေ။

ရေတပ်ခုနစ်ခုမှာ ကီလိုမီတာ ရာဂဏန်းခန့် ခြားလျက် အလှမ်းကွာစွာ ပျံသန်းနေကြသည်။ ဇီးကွက်စခန်းကို တိုက်ခိုက်ခြင်းမှာ အုပ်စုလိုက် စစ်ဆင်ရေးတစ်ခု ဖြစ်သော်လည်း၊ ဤအခြေစိုက်စခန်း ခေါင်းဆောင်များနှင့် ဓားပြများမှာ အဖွဲ့အစည်းလိုက် လုပ်ဆောင်တတ်သည့် အလေ့အထ မရှိကြပေ။ သူတို့ ယခုကဲ့သို့ အတူတူ ချီတက်နေကြခြင်းမှာ သူတို့ စွမ်းဆောင်နိုင်သမျှ အညီညွတ်ဆုံး ပုံစံပင် ဖြစ်သည်။

ရှဖေးသည် သူ၏ ‘သွေးစုပ်ဖုတ်ကောင်’ သင်္ဘောကို နင်မျိုးနွယ်စု၏ ရေတပ်ထဲတွင် မောင်းနှင်နေခဲ့ပြီး၊ ကျောက်နီအခြေစိုက်စခန်းမှ ဖြည်းဖြည်းချင်း ထွက်ခွာကာ အပြင်ဘက်ရှိ မဟာမိတ်များနှင့် ပူးပေါင်းလိုက်သည်။

နင်မျိုးနွယ်စု၏ ပင်မသင်္ဘောမှာ အမာရီးယန်း အော်ဂိုရာအဆင့် ခရူဇာ ဖြစ်သည်။ ၎င်းမှာ အစိတ်အပိုင်း ရှစ်ဆယ်ရာခိုင်နှုန်းခန့် အသစ်ဖြစ်သဖြင့် တော်တော်လေး ကောင်းမွန်စွာ ထိန်းသိမ်းထားပုံရသည်။ တောက်ပနေသော ရွှေရောင်ကိုယ်ထည်ဖြင့် ထိုသင်္ဘောမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

အခြားစစ်သင်္ဘောများမှာမူ ဤသင်္ဘောနှင့်ယှဉ်လျှင် အခြေအနေ အလွန်ဆိုးရွားလှသည်။ ကြည့်ရသည်မှာ ဟောင်းနွမ်းနေရုံတင်မကဘဲ၊ သူတို့၏ အစိတ်အပိုင်းများကိုလည်း အလျင်အမြန် စုစည်းတပ်ဆင်ထားပုံရသည်။ စစ်သင်္ဘောများသည် အလွန်ပင် စေ့စပ်သေချာရန် လိုအပ်ပြီး၊ သင်္ဘောတစ်စင်း၏ အစွမ်းကို အပြည့်အဝ အသုံးချလိုပါက အစိတ်အပိုင်းများ ပေါင်းစပ်မှုကို သေချာစွာ စဉ်းစားရမည်ဖြစ်သည်။ ဤကဲ့သို့သော ဟိုစပ်စပ် ဒီစပ်စပ် စစ်သင်္ဘောတစ်စင်းမှ ပစ်ခတ်မှုစွမ်းအား ကောင်းကောင်း ထွက်လာခြင်းမှာ အံ့သြစရာပင် ဖြစ်လိမ့်မည်။

ထို့အပြင် ရှဖေးကဲ့သို့ပင် အခြေစိုက်စခန်းများနှင့် မသက်ဆိုင်သော်လည်း သူတို့၏ ဖရီးဂိတ်များမှာ နောက်ဆုံးမိနစ်တွင် မဟာမိတ်တပ်ထဲသို့ အတင်းအကျပ် ထည့်သွင်းခံလိုက်ရသော လူအချို့လည်း ရှိနေသည်။ သူတို့၏ ရေတပ်ကို အင်အားတောင့်တင်းစေရန်အတွက် ဝပ်ရှော့မှ အန်ဒီကိုပင် သူ၏ အီမီကပ်စ်အဆင့် ဖရီးဂိတ်ဖြင့် မဟာမိတ်တပ်ထဲသို့ ဝင်ရောက်ရန် တောင်းဆိုခြင်း ခံခဲ့ရသည်။

နင်မျိုးနွယ်စု၏ စစ်သင်္ဘောများမှာ ယခင်က သာမန်အဆင့်သာ ရှိခဲ့သော်လည်း၊ ယခုကဲ့သို့ ပုဂ္ဂလိက စစ်သင်္ဘောများ ပါဝင်လာသည့်အခါ သူတို့၏ ရေတပ်မှာ အလွန်ပင် ကြီးမားလာပြီး ရေတပ်ရှစ်ခုအနက် ကျောက်ဝါအခြေစိုက်စခန်း၏ နောက်တွင် ဒုတိယ အင်အားအကောင်းဆုံး ဖြစ်လာနိုင်သည့် အလားအလာ ရှိနေသည်။

ရှဖေးသည် တစ်ဖက်ရှိ စစ်သင်္ဘောများကို လျင်မြန်စွာ ကြည့်ရှုလိုက်သည်။ ဤစစ်သင်္ဘောများမှာ သူတို့မှာရှိသမျှ အင်အားအားလုံး ဖြစ်ပေလိမ့်မည်။ ခရမ်းရောင် ဝိညာဉ်နှလုံးသားကို ရယူရန်အတွက် ဤလူများသည် သူတို့ပိုင်ဆိုင်သမျှ စစ်သင်္ဘောအားလုံးကို ထုတ်သုံးကာ အစွမ်းကုန် ကြိုးစားနေကြသည်မှာ သေချာပါသည်။

ရှဖေးသည် ‘သွေးစုပ်ဖုတ်ကောင်’ ပေါ်တွင် တစ်ယောက်တည်း ရှိနေသည် မဟုတ်ပေ။ နင်မျိုးနွယ်စုမှ တာလီဟု အမည်ရသော ကြေးစားစစ်သားတစ်ဦးက သူ့ထံသို့ လာရောက်ပူးပေါင်းခဲ့သည်။ နည်းပညာအရ ပြောရလျှင် တာလီမှာ တွဲဖက်လေယာဉ်မှူးအဖြစ် ရှိနေခြင်းဖြစ်သော်လည်း၊ လက်တွေ့တွင်မူ ရှဖေး၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် နင်မျိုးနွယ်စုမှ စေလွှတ်လိုက်သောသူသာ ဖြစ်သည်။

တာလီမှာ ဆိတ်မုတ်ဆိတ် ဗလကြီးနှင့် အသားမည်းမည်း လူသန်ကြီးတစ်ဦး ဖြစ်သည်။ သူ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကြောင့် ကြည့်ရသည်မှာ ပုံပျက်ပန်းပျက် ဖြစ်နေသော်လည်း၊ သူသည် ပြုံးရယ်တတ်သော လူစားမျိုး မဟုတ်ပုံရပေ။

သူသည် ရှဖေး ကမ်းလှမ်းသော အရည်အသွေးမြင့် အရက်နှင့် အစားအစာများကို လုံးဝမထိဘဲ၊ တွဲဖက်လေယာဉ်မှူး ထိုင်ခုံတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ရေဒါနှင့် ဆက်သွယ်ရေးစနစ်များကိုသာ စိုက်ကြည့်နေခဲ့သည်။

ခေါင်းမာလှသော ဤကဲ့သို့သော လူစားမျိုးကို ရှဖေးအနေဖြင့် ဘာမှလုပ်၍ မရသဖြင့်၊ သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ စည်းမျဉ်းများကို လိုက်နာကာ မဟာမိတ်တပ်များနောက်သို့ လိုက်ပါရင်း နောက်ထပ်အမိန့်ကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

စစ်သင်္ဘောပေါင်း တစ်ရာကျော်မှာ တန်းစီ၍ ပျံသန်းနေကြရာ အဝေးမှကြည့်လျှင် အလွန်ပင် ခန့်ညားလှသည်။ ရှဖေး၏ သင်္ဘောမှာ အရွယ်အစား သေးငယ်ပြီး အပြင်ပန်းမှာလည်း ထင်ရှားခြင်း မရှိလှသဖြင့်၊ မဟာမိတ်တပ်အတွင်း၌ ရှိနေစဉ်တွင် မည်သူ၏ အာရုံစိုက်မှုကိုမျှ မရရှိခဲ့ပေ။

မဟာမိတ်တပ်၏ ဆက်သွယ်ရေးကိရိယာမှ မီးများ စတင်မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး၊ တာလီသည် ရှဖေး၏ အမိန့်ကို မစောင့်ဘဲ ပရိုဂျက်တာ စခရင်ကို ဖွင့်လိုက်သည်။

နင်ပိုင်ချန်သည် ပြုံးရွှင်သော မျက်နှာဖြင့် စခရင်ပေါ်တွင် ပေါ်လာပြီး သူ၏ လက်ထဲတွင် ခရမ်းရောင် ဝိညာဉ်နှလုံးသားကို ကိုင်ထားသည်။

“အားလုံးပဲ... ငါ နင်ပိုင်ချန်ဟာ ဒီစစ်ဆင်ရေးမှာ မင်းတို့အားလုံး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီခရမ်းရောင် ဝိညာဉ်နှလုံးသားကို နောက်ပိုင်းမှာ ထူးချွန်တဲ့သူတွေ လာရောက်ရယူနိုင်ဖို့အတွက် ငါ သိမ်းထားပေးပါ့မယ် ”

“အမာရွတ်နဲ့ သူရဲ့ ဇီးကွက်ဓားပြတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အကြမ်းဖက်မှုတွေနဲ့ တခြားသူတွေကို ဒုက္ခပေးတာတွေ လုပ်ဆောင်ခဲ့ကြတယ်၊ ဆိုလိုတာက သူတို့ရဲ့ အခြေစိုက်စခန်းမှာ ကောင်းမွန်တဲ့ ပစ္စည်းတွေ အများကြီး ရှိနေမှာပါ။ ဒါဟာ သူ့ကို ကလဲ့စားချေဖို့ ငါတို့အတွက် အခွင့်အရေးပါပဲ” နင်ပိုင်ချန်က မာရ်နတ်၏ ဖြားယောင်းသံကဲ့သို့ စိတ်အားထက်သန်စွာ ပြောဆိုလိုက်သည်။

ဤစကားကြောင့် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ ထို့နောက် နင်ပိုင်ချန်သည် အချိန်မဆွဲတော့ဘဲ သင်္ဘောများကို အမိန့်ပေးလိုက်ရာ၊ သင်္ဘောတစ်ရာကျော်မှာ သူတို့၏ ပန်းတိုင်ဆီသို့ ဦးတည်သွားကြတော့သည်။

အမာရွတ်၏ အခြေစိုက်စခန်းမှာ ကျောက်နီအခြေစိုက်စခန်းမှ အလင်းနှစ် တစ်သိန်းလေးသောင်းခန့် အကွာတွင် ရှိသည်။ ဆိုလိုသည်မှာ လက်ရှိနေရာမှ သုံးကြိမ်ခန့် ခုန်ကူး လိုက်ရုံဖြင့် ရောက်ရှိနိုင်သည်။ နှစ်နာရီခန့်အကြာတွင် သင်္ဘောတစ်ရာကျော်မှာ အာကာသ‌ေလေဟာနယ် များထဲသို့ ဝင်ရောက်သွားကြပြီး၊ အနက်ရောင် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို ဝန်းရံထားသော မှောင်မည်းနေသည့် အာကာသထဲသို့ ပြန်လည်ထွက်ပေါ်လာကြသည်။

ဤသည်မှာ ဇီးကွက်ဓားပြများ၏ အခြေစိုက်စခန်း ဖြစ်သည်။ ရိုင်းစိုင်းသော ကြယ်တာရာနယ်မြေတွင် လူသားများ နေထိုင်ရန် သင့်တော်သော ဂြိုဟ်များ မရှိသဖြင့်၊ လူတိုင်းမှာ စစ်ပွဲလက်ကျန် အခြေစိုက်စခန်းများတွင်သာ နေထိုင်ကြရသည်။

ရှဖေးသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ၊ အနက်ရောင် ဂြိုဟ်သိမ်ဂြိုဟ်မွှားကို အဖြူရောင် စွမ်းအင်ကာကွယ်ရေး အကာအရံတစ်ခုက ဖုံးအုပ်ထားသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ အရွယ်အစားမှာ ကျောက်နီအခြေစိုက်စခန်း၏ သုံးပုံနှစ်ပုံခန့်သာ ရှိပြီး၊ လေထုကို ထိန်းသိမ်းရန်အတွက် အဝါရောင် အတုပြုလုပ်ထားသော လေထုလွှာတစ်ခုလည်း ရှိနေသည်။

သင်္ဘောအမျိုးမျိုး ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်၊ အလတ်စား အမြောက်စင်ပေါင်း ဆယ်ခုကျော် ပေါ်ထွက်လာပြီး သူတို့ကို စတင်ပစ်ခတ် တိုက်ခိုက်တော့သည်။

ဤအမြောက်စင်များမှာ ကျောက်နီအခြေစိုက်စခန်းမှ အမြောက်ကြီးများနှင့်ယှဉ်လျှင် အကွာအဝေးဖြစ်စေ၊ ပစ်ခတ်မှုစွမ်းအားဖြစ်စေ အများကြီး ပို၍ အားနည်းသည်။ ဤအမြောက်သံများမှာ ခရူဇာများကို လုံးဝ အန္တရာယ် မပေးနိုင်ဘဲ၊ အကောင်းဆုံးအနေဖြင့် ဖျက်သင်္ဘောအဆင့် သို့မဟုတ် ၎င်းအောက်ရှိ စစ်သင်္ဘောငယ်များကိုသာ ကိုင်တွယ်နိုင်သည်။

ရှဖေးသည် သူ၏ ‘သွေးစုပ်ဖုတ်ကောင်’ ကို နင်မျိုးနွယ်စုမှ ခရူဇာတစ်စင်း၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် မောင်းနှင်ကာ အခြေစိုက်စခန်းဆီသို့ အချက်အချို့ ပစ်ခတ်လိုက်သည်။

တာလီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရှဖေး၏ အကာအကွယ်ယူသော နည်းလမ်းကို လှောင်ပြောင်သည့်ဟန် ပြုလိုက်သည်။

ရှဖေးက သူ့ကို လုံးဝ ဂုဏ်မယူပေ။ ပစ်ခတ်မှုစွမ်းအားရှိသော သင်္ဘောငယ်များကို ကာကွယ်ရန်အတွက် စစ်သင်္ဘောကြီးများကို အကာအကွယ်အဖြစ် အသုံးပြုခြင်းမှာ လုံးဝ ပုံမှန်သာ ဖြစ်သည်။ ထို့အပြင် ရှဖေးမှာ ရန်သူထောင်ထားသော ထောင်ချောက်ထဲသို့ အတင်းတိုးဝင်သွားလောက်အောင် မိုက်မဲသူ မဟုတ်ပေ။

ကာလ်ဒါရီးယန်း ကွန်ဒိုအဆင့် ဖရီးဂိတ်တစ်စင်းမှာ ရန်သူ့ပစ်ခတ်မှုကို အချိန်မီ မရှောင်တိမ်းနိုင်သဖြင့် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့ပြီး၊ ရှဖေး၏ ‘သွေးစုပ်ဖုတ်ကောင်’ အနီးတွင် အစအနများ လွင့်စင်သွားခဲ့သည်။

ကြီးမားသော ပေါက်ကွဲသံကို နေရာတိုင်းမှ ကြားနိုင်ပြီး၊ ထိုကြောင့် ရှဖေး၏ သင်္ဘောမှာလည်း တုန်ခါသွားခဲ့သည်။ တာလီသည် သူ၏ ဟန်ချက်ကို ထိန်းသိမ်းလိုက်သဖြင့် ထိုင်ခုံပေါ်မှ ပြုတ်မကျဘဲ လွတ်မြောက်သွားခဲ့သည်။

တာလီသည် သူ၏ ရှေ့တည့်တည့်တွင် ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုကို မြင်တွေ့လိုက်ရပြီးနောက် သင်ခန်းစာ ရရှိသွားခဲ့သည်။ သူသည် သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး သူ၏ ရှေ့ရှိ ရေဒါကိုသာ ဆက်လက်စိုက်ကြည့်နေခဲ့သည်။ သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖုံးလွှမ်းသွားသဖြင့် သူသည် ဘာစကားမျှ ထပ်မပြောတော့ပေ။

အလတ်စား အမြောက်စင်များမှာ ပစ်ခတ်မှုနှုန်း မြင့်မားပြီး ပစ်မှတ်ကို ခြေရာခံနိုင်သော ထောင့်မှာလည်း ကောင်းမွန်လှသည်။ ၎င်းသည် သင်္ဘောကြီးများအပေါ်တွင် အားသာချက် မရှိသော်လည်း၊ သင်္ဘောငယ်များကို ဖျက်ဆီးရန်အတွက်မူ လုံးဝ အစွမ်းထက်လှသည်။ သူတို့ဘက်မှ သင်္ဘောငယ်များမှာ တစ်စင်းပြီးတစ်စင်း ပျက်စီးသွားခဲ့ပြီး၊ အာကာသထဲတွင် ပေါက်ကွဲမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သင်္ဘောငယ်များ၏ ထက်ဝက်ကျော်မှာ သိပ်ပြီး အားစိုက်စရာမလိုဘဲ ပျက်စီးသွားခဲ့သည်။ ကံကောင်းသည်မှာ ကျန်ရှိနေသော သင်္ဘောများမှာလည်း စစ်သင်္ဘောကြီးများ၏ နောက်ကွယ်တွင် စတင်ပုန်းကွယ်လိုက်ကြပြီး တစ်ခါတစ်ရံမှသာ ပစ်ခတ်ကြတော့သည်။

ဇီးကွက်စခန်းတွင် ကောင်းမွန်သော ကာကွယ်ရေးစနစ် မရှိသကဲ့သို့၊ ကြီးမားသော ပစ်ခတ်မှုစွမ်းအားလည်း မရှိပေ။ အမှန်တကယ်တော့ အစပိုင်းတွင် ပြင်းထန်စွာ ပစ်ခတ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူတို့၏ ပစ်ခတ်မှုစွမ်းအားမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

မဟာမိတ်တပ်များကလည်း ဤတိုက်ခိုက်မှု၏ အောင်ပွဲအရိပ်အယောင်ကို သတိပြုမိသွားကြပြီး၊ သူတို့၏ အမြောက်များဖြင့် စွမ်းအင်ကာကွယ်ရေး အကာအရံကို စတင်တိုက်ခိုက်တော့သည်။ ဆယ်မိနစ်ခန့်အကြာတွင် စွမ်းအင်ကာကွယ်ရေး အကာအရံမှာ ပျက်စီးသွားခဲ့ပြီး၊ ထိုအချိန်မှစ၍ ပစ်ခတ်မှုတိုင်းမှာ အခြေစိုက်စခန်း၏ တည်ဆောက်ပုံပေါ်သို့ တိုက်ရိုက်ကျရောက်တော့သည်။

“သူတို့ရဲ့ ပင်မဝင်ပေါက်ကို အာရုံစိုက်ပြီး ပစ်ကြစမ်း ” နင်ပိုင်ချန်က ပရိုဂျက်တာ စခရင်ပေါ်မှ စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်သည်။

သူတို့သည် ဝိုင်းစက်သော သတ္တုတံခါးကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်ကြပြီး ဒုံးကျည်များ၊ အမြောက်များနှင့် လေဆာများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသည်။ လက်နက်အမျိုးမျိုးမှာ သတ္တုတံခါးကို ထိမှန်သည့်အခါ မီးရှူးမီးပန်းများကဲ့သို့ မတူညီသော အရောင်များကို ဖြစ်ပေါ်စေပြီး အလွန်ပင် သက်ဝင်လှုပ်ရှားသော အခြေအနေတစ်ခုကို ဖန်တီးပေးခဲ့သည်။

၎င်းမှာ မမျှော်လင့်ဘဲ လွယ်ကူနေခဲ့သည်။ ဇီးကွက်စခန်း၏ ပင်မတံခါးမှာ အလွန်ပင် ကြွပ်ဆတ်နေပုံရပြီး သိပ်ပြီး အားစိုက်စရာမလိုဘဲ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့သည်။ ရှဖေးသည် ဤအချက်ကို သံသယဖြစ်မိသည်။ လက်နက်တပ်ဆင်ထားသော အခြေစိုက်စခန်းတစ်ခု၏ ပင်မတံခါးမှာ ဤမျှလောက် လွယ်လွယ်ကူကူနှင့် မည်သို့ ပေါက်ကွဲသွားနိုင်သနည်း။

သို့သော် အောင်ပွဲနှင့် ကြီးမားလှသော ဆုလာဘ်များကြောင့် စိတ်လှုပ်ရှားနေကြသော အခြားသင်္ဘောများမှာမူ ဤကဲ့သို့သော အတွေးမျိုးကို မစဉ်းစားနိုင်ကြတော့ပေ။ သင်္ဘောပေါင်း ဒါဇင်နှင့်ချီ၍ အခြေစိုက်စခန်းထဲသို့ အလုအယက် တိုးဝင်သွားကြပြီး၊ အထဲရှိ ပစ္စည်းများကို အခြားသူများက အရင်ယူသွားမည်ကို စိုးရိမ်နေကြသည်။

အမာရွတ်တွင် လက်အောက်ခံ တစ်ထောင်အောက်သာ ရှိသော်လည်း၊ မဟာမိတ်သင်္ဘောအားလုံး၏ ပေါင်းစပ်အင်အားမှာ ရှစ်ထောင်ကျော် ရှိနေသည်။ ကျားတစ်ကောင်ပင်ဖြစ်စေ ရှစ်ယောက်နှင့် တစ်ယောက် ဆိုလျှင်တော့ အနိုင်ယူခံရမည်သာ ဖြစ်သည်။ ထို့အပြင် ဤလူများသည် အမာရွတ်၏ ခေါင်းကို ရယူရန် မျှော်လင့်ချက်ဖြင့် သူတို့၏ အသက်ကိုပင် ပဓာနမထားဘဲ အခြေစိုက်စခန်းထဲသို့ တိုးဝင်သွားကြသည်။

ရှဖေးသည် ဤအခြေအနေအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့ပြီး သူတို့၏နောက်မှ ဘေးကင်းသော အကွာအဝေးတစ်ခုမှ လိုက်ပါသွားခဲ့သည်။

ဇီးကွက်စခန်းမှာ ကျောက်နီအခြေစိုက်စခန်းနှင့် လုံးဝ ကွဲပြားသည်။ ဤရှေးဟောင်း အခြေစိုက်စခန်းများကို စစ်ပွဲအတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။ လမ်းများမှာ ရှုပ်ထွေးလှပြီး ပိုက်လိုင်းများနှင့် ကုန်လှောင်ရုံများဖြင့် ပြည့်နှက်နေသဖြင့်၊ အတွင်းတွင် လူနေထိုင်ရန် နေရာမှာ အကန့်အသတ်သာ ရှိသည်။

ကျောက်နီအခြေစိုက်စခန်းမှာ နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ခဲ့ပြီးနောက်မှသာ စစ်အခြေစိုက်စခန်းတစ်ခုထက် မြို့တစ်မြို့နှင့် ပို၍ တူလာခြင်း ဖြစ်သည်။ လူနေထိုင်ရန် နေရာ ပိုမိုရရှိစေရန်အတွက် ရှုပ်ထွေးသော ပိုက်လိုင်းများကို ဖယ်ရှားခဲ့ကြပြီး အသုံးမဝင်သော အရာများစွာကိုလည်း အာကာသ အမှိုက်များအဖြစ် စွန့်ပစ်ခဲ့ကြသည်။

အခြားတစ်ဖက်တွင် ဇီးကွက်စခန်း၌ ဒေသခံ နည်းပါးသဖြင့် ပြုပြင်မွမ်းမံမှုများမှာလည်း အလွန်နည်းပါးသည်။ အတွင်းပိုင်းမှာ အလွန်ပင် ရှုပ်ထွေးပြီး ကျဉ်းမြောင်းလှကာ အသုံးမဝင်သော အရာများစွာ ရှိနေသည်။ ဤနေရာတွင် နှစ်အနည်းငယ်မျှ နေထိုင်ဖူးသူ မဟုတ်ပါက၊ အသစ်ရောက်လာသူ မည်သူမဆို သေချာပေါက် ဇဝေဇဝါဖြစ်ကာ လမ်းပျောက်သွားပေလိမ့်မည်။

မဟာမိတ်တပ်များသည် ဆိပ်ကမ်းတွင် ရပ်တန့်လိုက်ကြပြီး၊ လူများသည် လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ သူတို့၏ သင်္ဘောများပေါ်မှ အလုအယက် ဆင်းလာကြပြီး ဆိပ်ကမ်းနယ်မြေကို လျင်မြန်စွာ သိမ်းပိုက်လိုက်ကြသည်။

အမာရွတ်၏ လူများသည် အားနည်းသော ခုခံမှုအချို့ကို ပြုလုပ်ခဲ့ပြီးနောက်၊ အခြေစိုက်စခန်း၏ အတွင်းပိုင်းထဲသို့ ရှက်ဖွယ်ကောင်းစွာ ဆုတ်ခွာသွားခဲ့ကြသည်။

“အားလုံးပဲ... အမာရွတ်ကို ဖမ်းဖို့ ကွပ်ကဲမှုစင်တာကို သွားကြစို့ ”

“အမာရွတ်ကိုသာ ရရင် ငါတို့မှာ တစ်သက်လုံး သုံးမကုန်တဲ့ ပိုက်ဆံတွေ ရှိလာမှာပဲ ”

“ဇီးကွက်ဓားပြတွေတော့ သွားပြီ... လုကြစို့ ”

အချို့လူများက သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ အများစုမှာမူ အခြေစိုက်စခန်း၏ အတွင်းပိုင်းသို့ အလုအယက် ပြေးဝင်ကာ လုယက်တိုက်ခိုက်နေကြတော့သည်။ ရတနာများမှာ သူတို့၏ လက်တစ်ကမ်းအကွာတွင် ရှိနေသကဲ့သို့ပင် ဖြစ်၏။

“ဒါ မင်းအတွက်” တာလီသည် သင်္ဘောပေါ်မှ ဆင်းလာသည့်အခါ ရှဖေးထံသို့ လက်ပတ်တစ်ခု ကမ်းပေးလိုက်သည်။

ထိုလက်ပတ်ကို အနီရောင်အဝတ်စဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ မဟာမိတ်တပ်မှာ အင်အားကြီး အုပ်စုရှစ်ခု ပေါင်းစည်းထားခြင်းဖြစ်ပြီး သူတို့အချင်းချင်း မသိကြသဖြင့်၊ မဟာမိတ်ဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန်အတွက် အနီရောင်လက်ပတ်ကို ဝတ်ဆင်ရန် သဘောတူထားကြခြင်း ဖြစ်သည်။

ရှဖေးက ပြုံးလိုက်ပြီး ၎င်းကို သူ၏ လက်မောင်းတွင် ပတ်လိုက်ကာ အခြားသူများနောက်သို့ လိုက်သွားခဲ့သည်။

လူတိုင်းမှာ အမာရွတ်ကို ဖမ်းဆီးရန်နှင့် လုယက်ရန်သာ အာရုံစိုက်နေကြချိန်တွင်၊ အဖြူရောင် လင်းလက်နေသော အလင်းတန်းတစ်ခုမှာ ဖြည်းဖြည်းချင်း မြင့်တက်လာပြီး အခြေစိုက်စခန်း တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်ကို မည်သူမျှ သတိမပြုမိခဲ့ကြပေ။

အခန်း (၁၁၆) - အထီးကျန်ခြင်း

လူအုပ်ကြီး အခြေစိုက်စခန်း၏ အတွင်းပိုင်းသို့ အလုအယက် တိုးဝင်သွားကြချိန်မှာပင်၊ ဇီးကွက်စခန်းမှ ဝေဝေဝါးဝါး အလင်းပေါက် အဖြူရောင် အလင်းပိတ်အကာတစ်ခု ရုတ်တရက် မြင့်တက်လာပြီး အခြေစိုက်စခန်း တစ်ခုလုံးကို အတွင်းမှနေ၍ ဖုံးအုပ်လိုက်သည်။

ဤအဖြူရောင် အကာကို ဆက်သွယ်ရေး နှောင့်ယှက်စက်ကြီးဟု ခေါ်ဆိုပြီး၊ ၎င်းသည် အကာအကွယ်ဧရိယာအတွင်းရှိ မည်သည့် ဆက်သွယ်ရေး အချက်ပြမှုကိုမဆို ဖြတ်တောက်နိုင်သည့် သိပ်သည်းဆမြင့်သော အာကာသ နှောင့်ယှက်လှိုင်းများကို ဖန်တီးပေးသည်။ ၎င်းသည် ပြင်ပစကြာဝဠာနှင့် အခြေစိုက်စခန်းအတွင်းရှိ လူများအကြား ဆက်သွယ်မှုကို လုံးဝ အထီးကျန်သွားစေသည်။

“ငါ့နောက်ကို လိုက်ခဲ့ကြ အခြေစိုက်စခန်းရဲ့ နှလုံးသားက အပေါ်ဆုံးထပ်မှာ ရှိတယ်။ အထဲကို ထိုးဖောက်ဝင်ရောက်ပြီး အမာရွတ်ကို အရှင်ဖမ်းကြစို့” နင်ပိုင်ချန်က သူ၏ လက်နှစ်ဖက်ကို မြှောက်ရင်း တိုက်တွန်းလိုက်သည်။

ဇီးကွက်စခန်း၏ လမ်းကြောင်းများမှာ ခရုပတ်ပုံစံဖြစ်ပြီး၊ အောက်ဆုံးရှိ ဆိပ်ကမ်းမှသည် အမြင့်ဆုံးအဆင့်ရှိ ကွပ်ကဲမှုစင်တာအထိ ၁၆ ထပ်တိုင်တိုင် ရှည်လျားလှသော အကွာအဝေးကို တက်လှမ်းရန် လိုအပ်သည်။

အဖွဲ့အစည်းအသီးသီးမှ ရောက်ရှိလာကြသော စစ်သည်ပေါင်း ရှစ်ထောင်ခန့်သည် နင်ပိုင်ချန်နှင့် အခြားဒေသခံ အကြီးအကဲများကို ဝန်းရံလျက် တိုက်စစ်စနစ်ဖြင့် ရှေ့သို့ ချီတက်သွားကြသည်။

လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အိမ်အချို့နှင့် ကုန်လှောင်ရုံများ ရှိနေသည်။ ဤစစ်သည်များသည် ရှေ့သို့ ချီတက်ရင်း ဘေးတစ်ဖက်တစ်ချက်မှ ရန်သူများကို ရှင်းလင်းကာ၊ လမ်းတွင်တွေ့သမျှ အဖိုးတန်ပစ္စည်းများကို ကျိုင်းကောင်အုပ်ကြီးကဲ့သို့ လုယက်တိုက်ခိုက်သွားကြသည်။ သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်းမှာ ပျက်စီးကျန်ရစ်ခဲ့ပြီး၊ အဖိုးတန်သမျှ အရာအားလုံး အလုခံရကာ အသက်ရှိသမျှ လူမှန်သမျှ အသတ်ခံခဲ့ရသည်။

“ဒါ အရက်သိုလှောင်ရုံပဲ အားလုံး မြန်မြန်လာကြ ”

မည်သူ အော်လိုက်သည်မသိသော်လည်း၊ စစ်သည် ထောင်ပေါင်းများစွာမှာ သိုလှောင်ရုံထဲသို့ အလုအယက် တိုးဝင်သွားကြပြီး တွေ့သမျှပစ္စည်းများကို ယူဆောင်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာကို ပြောင်သလင်းခါသွားစေသည်။ စစ်သည်အများစုမှာ ဘီယာပုလင်းများကို လက်ထဲတွင်ကိုင်ကာ၊ အချို့မှာ အိတ်ထဲသို့ ထည့်လျက် အရက်သောက်ရင်း ပင်မတပ်မတော်ထဲသို့ ပြန်လည်ပူးပေါင်းကာ ရူးသွပ်သော မျက်လုံးများဖြင့် ရှေ့သို့ ဆက်လက်ချီတက်ကြသည်။

“ဟားဟား နင်အဘိုးကြီး... ဒီတစ်ခါတော့ အမာရွတ်နဲ့ သူ့လူတွေ သွားပြီပဲ။ အထဲကို အပြတ်ရှင်းပြီး သူတို့ကို ကွပ်ကဲမှုစင်တာထဲမှာ ပိတ်ဆို့သတ်ပစ်လိုက်ကြစို့” ကျောက်စိမ်းအခြေစိုက်စခန်း၏ ခေါင်းဆောင် လျိုကျန့် က နင်ပိုင်ချန်ကို ကြည့်ကာ အားရပါးရ ရယ်မောရင်း အကြံပေးလိုက်သည်။

နင်ပိုင်ချန်က ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။ သူ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် ပါးနပ်မှုများက တောက်ပနေဆဲ ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ကင်းမဲ့နေကြသဖြင့်၊ ဤအခြေစိုက်စခန်း ခေါင်းဆောင်များသည် သူတို့၏ ယုံကြည်ရသော လူများကိုသာ ခေါ်ဆောင်လာကြပြီး အချင်းချင်း သတိထားနေကြသည်။

ယခုအခါ သူတို့မှာ ရယ်ရယ်မောမော စနောက်နေကြပုံရသော်လည်း၊ လက်တွေ့တွင်မူ တစ်ဦးချင်းစီက အခြားသူများကို မည်သို့ နောက်ကျောကို ဓားနှင့်ထိုးရမည်၊ မိမိတို့၏ အရှုံးအနည်းဆုံးနှင့် အမြတ်အများဆုံးကို မည်သို့ ရယူရမည်ပြောလိုက်သည်ကိုသာ တွက်ချက်နေကြခြင်း ဖြစ်သည်။

ဤနေရာရှိ တပ်စုရှစ်စုအနက် လူအင်အားအများဆုံး ခေါ်ဆောင်လာသော ကျောက်ဝါအခြေစိုက်စခန်း ခေါင်းဆောင် ဟွမ်ပေါချန် မှာ လက်တွေ့အင်အား အကောင်းဆုံးဖြစ်သော်လည်း၊ သူသည် ထိုအင်အားကို ထုတ်မပြပေ။ ယင်းအစား သူသည် သူ၏လူများကို အရက်မသောက်ရန် တင်းကြပ်စွာ တားမြစ်ထားပြီး ဘေးပတ်ပတ်လည်ကို ကာကွယ်စေလျက်၊ အခါအားလျော်စွာ ကင်းထောက်များကိုလည်း ရှေ့သို့ စေလွှတ်နေခဲ့သည်။

နင်ပိုင်ချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဟွမ်ပေါချန်ကို ကြည့်ကာ ရယ်မောလိုက်သည်။

“ဟွမ်အဘိုးကြီး... ခင်ဗျားက သိပ်ပြီး ဂရုစိုက်လွန်းနေတာပဲ။ ငါတို့ အခု အသာစီးရနေတာပဲလေ၊ စစ်သည်တွေ သောက်ချင်တာ သောက်ပါစေပေါ့။ အမာရွတ်က ဂေဟာရဲ့ အမြင့်ဆုံးအဆင့်မှာ ပိတ်မိနေတာပဲ၊ သူ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးစရာ နေရာမရှိပါဘူး”

ဟွမ်ပေါချန်သည် အကြီးဆုံးအခြေစိုက်စခန်းကို အုပ်ချုပ်နေသူဖြစ်ရာ၊ သူသည် လုံးဝ အထင်သေး၍မရသော အရည်အချင်းရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ သူက ခေါင်းကို အလေးအနက် ခါလိုက်သည်။

“နင်အဘိုးကြီး... မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်မလာအောင် အရာရာကို ဂရုတစိုက် လုပ်တာက အကောင်းဆုံးပဲ”

နင်ပိုင်ချန်က ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားပြောတာလည်း ဟုတ်ပါတယ်။ အမာရွတ်ရဲ့ အသက်ကို ယူပြီးတဲ့နောက်မှ အောင်ပွဲခံတာလည်း မနောက်ကျပါဘူး”

ဇီးကွက်စခန်းမှာ ဖရိုဖရဲ ဖြစ်နေခဲ့သည်။ အမာရွတ်၏ လူများသည် စနစ်တကျ ဆုတ်ခွာနေကြပြီး၊ လမ်းတွင်တွေ့ရသော အဆောက်အအုံများကို အကာအကွယ်ယူကာ ပေါ့ပါးသော လက်နက်များဖြင့် ပြန်လည်ခုခံနေကြသည်။ သူတို့၏ ပစ်ခတ်မှုစွမ်းအားမှာ အကန့်အသတ်ရှိသဖြင့် ၎င်းမှာ ထိရောက်မှု မရှိလှပေ။ ရန်သူကို အနည်းငယ် နှောင့်နှေးအောင် လုပ်နိုင်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။ အမာရွတ်၏ လူများက ပြန်မပစ်နိုင်ခင်မှာပင် မဟာမိတ်တပ်၏ ပစ်ခတ်မှုများမှာ မုန်တိုင်းကဲ့သို့ ကျရောက်လာသဖြင့် သူတို့မှာ ပုန်းအောင်းရန်သာ ကြိုးစားနေကြရသည်။

အမာရွတ်၏ လူများ အခြေအနေ ပိုဆိုးလေလေ၊ မဟာမိတ်တပ်မှ စစ်သည်များမှာ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သည်။ တစ်ဦးချင်းစီက အောင်ပွဲမှာ သူတို့၏ လက်တစ်ကမ်းတွင် ရှိနေပြီဟု ယုံကြည်နေကြပြီး၊ ပေါ့ဆမှုများမှာ သူတို့အကြားတွင် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။

စစ်သည်များသည် အရက်သောက်နေကြသည်။ တိုက်ပွဲငယ်များတွင် အနိုင်ရပြီးနောက်၊ သူတို့သည် စိတ်လှုပ်ရှားမှုများဖြင့် အဆောက်အအုံများ၊ ပိုက်လိုင်းများနှင့် အဝေးမှရန်သူများကို ရူးသွပ်စွာ ပစ်ခတ်နေကြတော့သည်။ သူတို့သည် ခဲယမ်းများ ကုန်ဆုံးသွားမည်ကို ဂရုမစိုက်ကြဘဲ၊ ၎င်းကို အောင်ပွဲခံခြင်းနှင့် ခြိမ်းခြောက်ခြင်း တစ်မျိုးအဖြစ်သာ သဘောထားနေကြသည်။ အဆုံးသတ်တွင်မူ သူတို့၏ ပစ်ခတ်မှုများမှာ ရည်ရွယ်ချက်မရှိဘဲ မည်သူ့ကိုမျှ ထိခိုက်စေခြင်း မရှိခဲ့ပေ။

ရှဖေးမှာမူ လူအုပ်ကြီး၏ နောက်ဆုံးတွင် ကြောက်လန့်နေဟန်ဆောင်လျက် လိုက်ပါလာခဲ့သည်။ သူသည် လမ်းပေါ်တွင်တွေ့ရသော လုယက်ပစ္စည်းအချို့ကို ကောက်ယူနေရင်း၊ တဖြည်းဖြည်းနှင့် ပင်မတပ်မတော်၏ နောက်တွင် ကျန်ရစ်ခဲ့သည်။

သူသည် နောက်ဆုံးတွင် ကျန်ရစ်နေခဲ့သော်လည်း၊ ရှဖေး၏ မျက်လုံးများကမူ မဟာမိတ်တပ် လုပ်ဆောင်နေသမျှကို အမြဲတမ်း စောင့်ကြည့်မှတ်သားနေခဲ့သည်။ သူသည် သူ၏ 'သားရဲဝိညာဉ်ကျမ်း' ကို ဒုတိယအဆင့်အထိ ကျင့်ကြံထားသဖြင့်၊ ရှဖေး၏ အမြင်အာရုံမှာ သာမန်လူများထက် အများကြီး ပိုမိုအားကောင်းလှသည်။ သူသည် အသေးစိတ်အချက်အလက်များကို အမြဲတမ်း သတိထားတတ်သူဖြစ်ရာ၊ မကြာမီမှာပင် ပြဿနာအချို့ကို သတိပြုမိသွားခဲ့သည်။

နင်ပိုင်ချန်၏ အငယ်ဆုံးသားဖြစ်သူ 'နင်တျန်'ကို သူတို့၏ တပ်စုထဲတွင် မတွေ့ရပေ။ ထို့အပြင် နင်ပိုင်ချန်၏ ဘေးတွင် အချိန်ပြည့် စောင့်ကြပ်နေသော တည်ငြိမ်သည့် စစ်သည်လေးဦး ရှိနေသည်။ ထိုစစ်သည်လေးဦးစလုံးမှာ အရပ်ရှည်ပြီး ဗလကောင်းသူများ ဖြစ်ကြသည်။ သူတို့သည် နင်ပိုင်ချန်၏ ဘေးပတ်ပတ်လည်ကို မျက်နှာသေများဖြင့် ပရော်ဖက်ရှင်နယ် ဆန်စွာ စောင့်ကြည့်နေကြသည်။

ထို့အပြင် နင်ပိုင်ချန် ခေါ်ဆောင်လာသော စစ်သည်များသည် အလွန်ပင် စည်းကမ်းရှိကြပြီး၊ ဇီးကွက်စခန်းကို လုယက်ရာတွင် ပါဝင်ခြင်း မရှိကြပေ။ ယင်းအစား သူတို့သည် တစ်စုံတစ်ခုကို တွေ့ရှိသည့်အခါတိုင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ အခြားသူများကို ဆွဲဆောင်တတ်ကြပြီး၊ လူအုပ်ကြီး ရောက်ရှိလာသည့်အခါတွင်မူ သူတို့က ပျောက်ကွယ်သွားကြကာ အခြားသူများ လုယက်နေကြသည်ကို လှည့်ပင်မကြည့်တော့ပေ။

ပို၍ အရေးကြီးသည်မှာ နင်ပိုင်ချန်၏ လူအနည်းငယ်သာ လက်နက်များကို အသုံးပြုနေကြပြီး၊ အများစုမှာ တပ်မတော်၏နောက်မှ စိုးရိမ်တကြီး လိုက်ပါနေကြခြင်း ဖြစ်သည်။ သူတို့သည် ရန်သူနှင့် တွေ့သည့်အခါတိုင်း ရှေ့သို့တိုးကာ တိုက်ခိုက်ကြသော်လည်း၊ သူတို့၏ ပစ်ခတ်မှုများမှာ ပစ်မှတ်နှင့် အမြဲတမ်း အလှမ်းဝေးနေခဲ့သည်။ ကြည့်ရသည်မှာ သူတို့မှာ ပစ်မှတ်ကို မည်သို့ ချိန်ရမည်ကိုပင် မသိသေးသော လူသစ်များကဲ့သို့ပင်။

'မဟုတ်ဘူး... ငါ ဒီလူအုပ်ထဲကနေ အမြန်ဆုံး ထွက်သွားရမယ်။ နင်အဘိုးကြီးနဲ့ သူ့လူတွေ လုပ်နေတာတွေက သိပ်ပြီး ထူးဆန်းလွန်းတယ်' ရှဖေးက အကဲခတ်ပြီးနောက် တွေးလိုက်မိသည်။

ရှဖေးကို စောင့်ကြည့်ရန် တာဝန်ကျသော တာလီမှာမူ တစ်ချိန်လုံး ရှဖေး၏ ဘေးတွင် ရှိနေခဲ့သည်။ ရှဖေး မြန်လျှင် သူ မြန်ပြီး၊ ရှဖေးက ပစ္စည်းကောက်ရန် ရပ်လျှင်လည်း သူက စောင့်နေခဲ့သည်။ သူသည် ရှဖေး၏ ပိုက်ဆံမက်ပြီး သေရမှာကြောက်သော အမူအရာကို အထင်သေးနေသော်လည်း ဘာမှမပြောဘဲ ရှဖေးသွားရာနောက်သို့သာ လိုက်နေခဲ့သည်။

သူတို့ လျှောက်လှမ်းနေသော လမ်းမှာ တဖြည်းဖြည်း ပို၍ ကျဉ်းမြောင်းလာပြီး၊ လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် မှောင်မည်းနေသော လမ်းကြားလေးများ ပို၍ ပေါ်ထွက်လာသည်။ ထိုလမ်းကြားလေးများထဲရှိ အရာအားလုံးမှာ ဖရိုဖရဲ ဖြစ်နေပြီး၊ ရှေ့ကလူအုပ်ကြီး လုယက်သွားကြပြီးဖြစ်ပုံရသည်။

ရှဖေးသည် နာကျင်နေဟန်ဆောင်ကာ ထိုလမ်းကြားတစ်ခု၏ အဝင်ဝသို့ ပြေးသွားလိုက်သည်။ သူသည် နံရံကို လက်တစ်ဖက်ဖြင့် ထောက်ကာ အမောတကော အသက်ရှူနေပြီး၊ အလွန်ပင် ပင်ပန်းနေဟန်ဖြင့် ခါးကို ကိုင်းထားလိုက်သည်။

“မင်း ဘာဖြစ်တာလဲ” တာလီက ရှဖေးအနီးသို့ လျှောက်လာရင်း သံသယဖြင့် မေးလိုက်သည်။

ရှဖေးက သူ၏ ရင်ဘတ်ကို လက်ညှိုးထိုးပြကာ အသက်ရှူမဝသလိုဖြင့် ပြန်ဖြေသည်။

“ကျွန်တော်... လေ့ကျင့်ခန်း... မလုပ်တာ... ကြာပြီ။ နှလုံးက... အရမ်း... ခုန်နေလို့...”

တာလီက မျက်မှောင်ကြုတ်လိုက်သည်။

“ကြည့်စမ်း... မင်းက တကယ့်ကို အသုံးမကျတဲ့လူပဲ။ မင်းရဲ့ ခန္ဓာကိုယ်က စက္ကူနဲ့ လုပ်ထားတာလား။ ငါတို့ လမ်းလျှောက်တာ သုံးကီလိုမီတာတောင် မပြည့်သေးဘူး ”

တာလီ၏ စကားမဆုံးခင်မှာပင် ရှဖေးသည် ရုတ်တရက် လက်လှမ်းကာ သူ၏ လည်ပင်းကို ဖမ်းညှစ်လိုက်သဖြင့် တာလီမှာ အသံတိတ်သွားခဲ့သည်။ ထို့နောက် ရှဖေးသည် ထိုလူကို တိုက်ရိုက် မတင်လိုက်ပြီး သူ၏ ခြေထောက်များမှ အားကို အသုံးပြုကာ မီတာ တစ်ရာခန့်ကို ချက်ချင်း ပြေးထွက်သွားခဲ့သည်။

ရှဖေးသည် မဟာမိတ်တပ်၏ နောက်ဆုံးတွင် ရှိနေချိန်တွင် တာလီကို ခေါ်ဆောင်ကာ ရုတ်တရက် ထွက်ပြေးသွားခြင်း ဖြစ်သဖြင့်၊ မည်သူမျှ သတိမပြုမိခဲ့ကြပေ။ ဘာဖြစ်သွားသည်ကို မည်သူမှ မသိလိုက်ကြချေ။

ခရုန်း

ရှဖေးသည် တာလီကို မှောင်မည်းနေသော လမ်းကြားထဲသို့ ပစ်ချလိုက်သည်။ သူ၏ 'အလင်းလိုက်ဓား' မှာ အိတ်ထဲမှ ထွက်ပေါ်လာပြီးဖြစ်ကာ၊ ၎င်း၏ ထက်မြက်သော ထိပ်ဖျားမှာ ဖမ်းဆီးခံထားရသူ၏ လည်ပင်းတွင် အသင့်ရှိနေသည်။

တာလီ၏ အသားမှာ မီးသွေးကဲ့သို့ မည်းနက်နေသဖြင့် ရှဖေးအနေဖြင့် သူ၏ အသားအရောင် ပြောင်းလဲသွားသည်ကို မမြင်နိုင်သော်လည်း၊ တာလီ၏ မျက်နှာမှာမူ အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများကြောင့် တောင့်တင်းနေပြီး သူ၏ နဖူးမှလည်း ချွေးများ တပြိုင်နက် စီးကျလာခဲ့သည်။

သူသည် ရှဖေးကို လောဘကြီးပြီး သေရမှာကြောက်သော သာမန်လူတစ်ယောက်ဟုသာ အမြဲတမ်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးမှာ ရိုင်းစိုင်းသော ကြယ်တာရာနယ်မြေတွင် ဒုနဲ့ဒေးရှိပြီး လုံးဝ တန်ဖိုးမရှိပေ။ နင်ပိုင်ချန်က ဤလူကို စောင့်ကြည့်ရန် ခိုင်းစေသည့်အခါတွင်ပင် သူသည် စိတ်ပျက်ခဲ့ပြီး ရှဖေးကို ရိုက်သတ်ချင်စိတ်ပင် ပေါက်ခဲ့ဖူးသည်။

သို့သော် ရှဖေးက သူ့ကို ဤမျှလောက် လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်လိမ့်မည်ဟု တာလီ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ရှဖေး၏ ပေါက်ကွဲထွက်လာသော ခွန်အားနှင့် အမြန်နှုန်းကို မြင်လိုက်ရသည့် ခဏမှာပင်၊ ရှဖေးသည် သာမန်လူတစ်ယောက်မဟုတ်ဘဲ ပညာရှင်တစ်ဦး ဖြစ်ကြောင်း သူ သိလိုက်ရသည်။ ရှဖေးက သူ၏လည်ပင်းကို ကိုင်ထားပုံမှာ အလွန်ပင် တိကျလှသဖြင့် သူသည် အသံမထွက်နိုင်သော်လည်း သေဆုံးသွားခြင်း မရှိပေ။ ရှဖေး၏ ခွန်အားကို ထိန်းချုပ်နိုင်စွမ်းမှာ သူ့ထက် အများကြီး ပိုမိုမြင့်မားလှသည်။

“မင်းက တကယ်တော့ ပညာရှင်တစ်ယောက်ပဲ... အမြန်နှုန်း စွမ်းအားရှင်လား” တာလီသည် သတ္တိကို မွေးကာ ဤမေးခွန်းကို မေးလိုက်သည်။ ရှဖေး၏ ကိုင်တွယ်မှုကြောင့် သူ၏ လည်ချောင်းမှာ နာကျင်နေသဖြင့် သူ၏ အသံမှာ အနည်းငယ် အက်ရှနေဆဲ ဖြစ်သည်။

ရှဖေးက ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး၊ တာလီ၏ အနီရောင်လက်ပတ်ကို ဖြုတ်ယူလိုက်သည်။ ထိုပါးလွှာသော အနီရောင်အဝတ်ထဲတွင် ကြယ်သီးအရွယ်အစားရှိသော ပစ္စည်းတစ်ခု ရှိနေပုံရသည်။ ရှဖေးသည် လက်ပတ်ကို ဖြည်းဖြည်းချင်း ဆွဲချလိုက်ပြီး ၎င်းကို လှန်ကြည့်လိုက်သည်။

အနီရောင်လက်ပတ်တွင် ကော်ဖြင့် ကပ်ထားသော ဝိုင်းစက်သည့် သတ္တုပစ္စည်းလေးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းကို သာမန်ကြည့်ရုံမျှဖြင့် မည်သူမျှ သတိပြုမိနိုင်မည် မဟုတ်ပေ။

“ငါတို့ရဲ့ လက်ပတ်တွေက ကွဲပြားနေပုံရတယ်” ရှဖေးက ပြုံးလိုက်သည်။

“မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်၊ မင်းဘာသာမင်း အမှန်အတိုင်းပြောမလား... ဒါမှမဟုတ် ငါက မင်းပြောလာအောင် အတင်းအကျပ် လုပ်ရမလား”

ရှဖေးသည် သူ၏ ဓားဦးကို တာလီ၏ အရေပြားသို့ တစ်လက်မခန့် ပိုတိုးလိုက်ရာ၊ အေးစက်လှသော သတ္တုအထိအတွေ့မှာ တာလီ၏ ဦးနှောက်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

တာလီက စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ ရှဖေးက ရုတ်တရက် သူ၏လည်ပင်းကို လှီးဖြတ်လိုက်သည်။ တာလီ၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ နောက်ဆုံးအကြိမ် တုန်ခါသွားပြီးနောက်တွင်မူ လုံးဝ သေဆုံးသွားတော့သည်။

“မင်း သူ့ကို ဘာလို့ သတ်လိုက်တာလဲ” ဖန်တန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

ရှဖေးသည် တာလီ၏ လက်ပတ်ကို သူ၏လက်ပတ်နှင့် လဲလှယ်လိုက်သည်။

“သူ့ရဲ့ မျက်လုံးတွေက အရမ်းကို ဂယောက်ဂယက် ဖြစ်နေတယ်။ တစ်စက္ကန့်မှာ သုံးကြိမ်လောက် မျက်တောင်ခတ်နေတာက သူဟာ လိမ်ညာဖို့ ကြိုးစားနေတာပဲ၊ ကျွန်တော်ကတော့ အဲ့ဒီလိမ်ညာမှုတွေကို နားမထောင်ချင်ဘူး”

ဖန်တန်က နှုတ်ခမ်းဆူလိုက်သည်။

“မင်းက မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အစွန်းရောက်လောက်အောင် ယုံကြည်မှုရှိတာပဲ။ မျက်တောင် ခဏခတ်တာနဲ့ ဘာကို သိနိုင်မှာလဲ။ အကယ်၍ သူက မင်းကို အမှန်အတိုင်း ပြောဖို့ ပြင်နေတာဆိုရင်ကော”

ရှဖေးက ခေါင်းကို ခါလိုက်သည်။

“သာမန်အခြေအနေမျိုးမှာဆိုရင်တော့ သူ့ရဲ့စကားကို နားထောင်တာက ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ အခု ကျွန်တော် ဘယ်မှာ ရောက်နေတာလဲ။ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ။ အခုအချိန်မှာ ကျွန်တော် ယုံကြည်နိုင်တဲ့ တစ်ဦးတည်းသောသူက ကျွန်တော်ကိုယ်တိုင်ပဲ။ ကျွန်တော်က သူ့ရဲ့စကားတွေကို သံသယဝင်နေပြီဆိုမှတော့ ဘာလို့ နားထောင်နေရဦးမှာလဲ။ အကယ်၍ သူက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို မှားယွင်းစေမယ့် အလိမ်အညာတွေကို ပြောလာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် အဲ့ဒီလို စွန့်စားမှုမျိုး မလုပ်နိုင်ဘူး”

ဖန်တန်မှာ ခဏမျှ ဆွံ့အသွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။၊

“တစ်ခါတလေကျရင် မင်းက လုပ်ကြံသတ်ဖြတ်သူလား... ဒါမှမဟုတ် ငါကလားဆိုတာတောင် ငါ တွေးမိတယ်။ ထားပါတော့... အခု မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

ရှဖေးက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေသည်။

“နင်မျိုးနွယ်စုက လူတွေရဲ့ လက်ပတ်က တခြားလူတွေနဲ့ မတူဘူး။ ဒီမှာ တစ်ခုခု ရှိနေပြီ။ ပြီးတော့ အမာရွတ်ရဲ့ လူတွေကလည်း သိပ်ပြီး ထူးဆန်းနေတယ်။ သူတို့ရဲ့ စနစ်တကျ ဆုတ်ခွာမှုက ကြိုတင် လေ့ကျင့်ထားတဲ့ အရာတစ်ခုနဲ့ တူနေတယ်။”

“ဒီအခြေအနေက အရမ်းကို ရှုပ်ထွေးနေတယ်။ ကျွန်တော်လည်း သေသေချာချာ မသိသေးဘူး၊ ဒါကြောင့် နောက်ထပ် ဘာလုပ်မလဲဆိုတာ မဆုံးဖြတ်ခင်မှာ ဆက်ပြီး စောင့်ကြည့်တာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်”

အခန်း (၁၁၇) - တစ်ဝက်ကို သတ်ဖြတ်ခြင်း

ရှဖေးသည် သူ၏ အသက်ရှူနှုန်းထိန်းချုပ်ခြင်း နည်းစနစ် ကို အသုံးပြု၍ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်လာသည့် တပ်ဖွဲ့များရှိရာသို့ ပြန်သွားခဲ့သည်။

သူတို့ရှိနေသည့် ခရုပတ်ပုံစံလမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အမည်မသိ အဆောက်အအုံများနှင့် ပိုက်လိုင်းများစွာ ရှိနေပြီး အရာအားလုံးမှာ ဖရိုဖရဲ ဖြစ်နေသည်။ ရှဖေးသည် ၎င်းတို့ကို အကာအကွယ်ယူ၍ လူအုပ်ကြီးကို အမြန်ဆုံး လိုက်မီသွားခဲ့သည်။

ဇီးကွက်စခန်းမှာ အလွန်အမင်း ကျယ်ဝန်းလှသည်မဟုတ်ဘဲ၊ အမာရွတ်၏ လူများက မဟာမိတ်တပ်သား အများစုကို ရှေ့မတိုးနိုင်ရန် ဟန့်တားနေသဖြင့် တိုက်ပွဲမှာ သိပ်ပြီး ခရီးမတွင်လှပေ။ လက်ရှိတွင် တပ်ဖွဲ့များ ဆင်းသက်လာသည်မှာ ၁၀ မိနစ်ကျော်ရှိပြီဖြစ်သော်လည်း၊ အများစုမှာ တတိယအဆင့်ကိုသာ ကျော်ဖြတ်နိုင်သေးသည်။ အမြင့်ဆုံးထပ်ရှိ ကွပ်ကဲမှုစင်တာသို့ ရောက်ရန် နောက်ထပ် တစ်နာရီခန့် ကြာဦးမည် ဖြစ်သည်။

စစ်ဗျူဟာများတွင် ဆိုရိုးရှိသည်မှာ

'ပထမတစ်ကြိမ် စည်တီးခြင်းသည် စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး၊ ဒုတိယတစ်ကြိမ်သည် စိတ်ဓာတ်ကို လျော့ကျစေကာ၊ တတိယတစ်ကြိမ်သည် ရှုံးနိမ့်ခြင်းကို ဖြစ်စေသည်'

မဟာမိတ်တပ်သားများသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသော်လည်း၊ လွန်ခဲ့သော မိနစ် ၃၀ ခန့်က အခြေစိုက်စခန်းထဲသို့ စတင်တိုးဝင်စဉ်က ရှိခဲ့သော စိတ်ဓာတ်မျိုးမှာ ယခုအခါ မရှိတော့ပေ။

စစ်သည်များသည် လမ်းတွင်တွေ့သမျှ ပစ္စည်းများကို လုယက်သိမ်းဆည်းထားကြသဖြင့် တစ်ဦးချင်းစီတွင် ပစ္စည်းမျိုးစုံ ပါရှိနေသည်။ အချို့မှာ ပစ္စည်းများလွန်းသဖြင့် သယ်ဆောင်ရန် ခက်ခဲနေပြီး၊ ကိုယ်အလေးချိန် လျှော့ချရန်အတွက် တန်ဖိုးနည်းသော လက်နက်များကိုပင် စွန့်ပစ်နေကြရသည်။

ဤသည်မှာ သူတို့၏ မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအထိ သူတို့ ရင်ဆိုင်ခဲ့ရသည်မှာ အမာရွတ်၏ အဖွဲ့ငယ်လေးများသာ ဖြစ်ပြီး၊ ဇီးကွက်စခန်း၏ ပင်မအင်အားစုနှင့် မတွေ့ရသေးသောကြောင့် ဖြစ်သည်။ တစ်ဖက်ရန်သူက အစွမ်းကုန် ပြန်လည်တိုက်ခိုက်လာချိန်တွင် မဟာမိတ်တပ်သားများ၏ လက်ထဲ၌ လက်နက်မရှိဘဲ ဖြစ်နေပါက အလွန်ပင် ရယ်စရာကောင်းသော အခြေအနေမျိုး ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ပစ္စည်းအမြောက်အမြား သယ်ဆောင်လာခြင်းမှာ စစ်သည်များ၏ ကိုယ်လက်ပင်ပန်းနွမ်းနယ်မှုကိုသာ တိုးလာစေသည်။ ကွပ်ကဲမှုစင်တာသို့ ရောက်ရှိချိန်တွင် သူတို့မှာ လုံးဝ မောပန်းနွမ်းနယ်နေနိုင်ပေသည်။

ပို၍ ထူးဆန်းသည်မှာ လမ်းတစ်လျှောက်တွင် စစ်သည်များ ကောက်ယူနိုင်ရန်အတွက် အဖိုးတန်ပစ္စည်းများက အမြဲရှိနေခြင်း ဖြစ်သည်။ အရက်၊ အစားအစာနှင့် ဈေးကြီးသော စက်ပစ္စည်းအငယ်စားများကို နေရာတိုင်းတွင် တွေ့နိုင်သည်။ ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဤအရာများကို လျှို့ဝှက်သိုလှောင်ရုံများတွင် သိမ်းဆည်းထားသင့်သော်လည်း၊ ဇီးကွက်စခန်းမှ လူများသည် ၎င်းတို့ကို လမ်းဘေးရှိ ထင်ရှားသော အခန်းများတွင် တံခါးပင်မပိတ်ဘဲ ပုံထားခဲ့ကြသည်။

ရှဖေးက မျက်မှောင်ကြုတ်လိုက်သည်။ မဟာမိတ်တပ်သားများ၏ မိုက်မဲသော လုပ်ရပ်များကို သူ စိတ်မဝင်စားပေ။ သူ စိုးရိမ်သည်မှာ ဤအရာများ၏ နောက်ကွယ်တွင် မည်သည့် လှည့်ကွက်များ ရှိနေသနည်းနှင့် နင်ပိုင်ချန်ကို သတ်ဖြတ်၍ ခရမ်းရောင် 'ဝိညာဉ်နှလုံးသား'ကို မည်သို့ ရယူမည်နည်းသာ ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက်၊ ရှဖေးသည် အမာရွတ်၏ အသိုက်ထဲသို့ အရင်ဦးဆုံး ဝင်ရောက်ကာ ဘာဖြစ်နေသလဲကို စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ လှည့်ကွက်တစ်ခုခု ရှိနေပါက ၁၆ ထပ်မြောက်ရှိ ကွပ်ကဲမှုစင်တာမှာ အသံသယဖြစ်ဖွယ် အကောင်းဆုံး ဖြစ်သည်။

အသက်ရှူနှုန်းထိန်းချုပ်ခြင်း နည်းစနစ်က ရှဖေးကို ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် ကူညီပေးခဲ့ပြီး၊ တစ္ဆေတစ်ကောင်ကဲ့သို့ပင် သူသည် အဆောက်အအုံများကြားရှိ လမ်းကြားလေးများမှတစ်ဆင့် ပန်းတိုင်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

သူ၏ရှေ့တွင် သုံးမီတာမြင့်သော သတ္တုကာရံထားသည့် နေရာတစ်ခု ပေါ်လာသည်။ ရှဖေးသည် ခြေဖျားကို အားပြု၍ အပေါ်သို့ ခုန်တက်လိုက်သည်။ လက်တစ်ဖက်ဖြင့် နံရံအပေါ်ကို လှမ်းကိုင်ကာ ကိုယ်ကို ဆွဲတင်လိုက်သည်။ ရှေ့တွင် ဂိုဒေါင်ကြီးတစ်ခုက လမ်းပိတ်ထားရာ၊ ရှဖေးမှာ ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ အမိုးပေါ်သို့ တွားတက်သွားခဲ့သည်။ ထို့နောက် ခန္ဓာကိုယ်ကို နှိမ့်ကာ အမိုးပေါ်မှ ပြေးသွားခဲ့သည်။

လမ်းတွင် အဆောက်အအုံများ ပိတ်ဆို့နေသဖြင့် ရှဖေးမှာ အစွမ်းကုန် မမြန်နိုင်ပေ။ အတားအဆီးများကို ကျော်ဖြတ်နေရသဖြင့် ပျမ်းမျှအားဖြင့် တစ်စက္ကန့်လျှင် မီတာ ၃၀၀ ခန့်သာ ခရီးတွင်ခဲ့သည်။

သူ့ကဲ့သို့ အမြန်နှုန်း စွမ်းအားရှင်တစ်ဦးအတွက် တစ်စက္ကန့်လျှင် မီတာ ၃၀၀ မှာ နှေးသည်ဟု ထင်ရသော်လည်း၊ သာမန်လူတစ်ယောက်အတွက်မူ အံ့ဩဖွယ်ရာ အမြန်နှုန်းပင် ဖြစ်သည်။

ရှဖေး ၁၆ ထပ်မြောက်သို့ ရောက်ရန် တစ်ကီလိုမီတာခန့်သာ လိုတော့ချိန်တွင်၊ ပင်မတပ်ဖွဲ့မှာ ၅ ထပ်မြောက်ကိုသာ ဖြတ်ကျော်နေဆဲ ဖြစ်သည်။ ရှဖေးတွင် ကွပ်ကဲမှုစင်တာနှင့် ပတ်ဝန်းကျင်ကို စနစ်တကျ စုံစမ်းစစ်ဆေးရန် အချိန်အများကြီး ရရှိနေသေးသည်။

စက်ပစ္စည်းဟောင်းများနောက်တွင် ပုန်းကွယ်လျက် ရှဖေးသည် ရှေ့ရှိ ဝင်ပေါက်ကို ကြည့်လိုက်သည်။ ဇီးကွက်စခန်း၏ အမြင့်ဆုံးအဆင့်မှာ အခြေစိုက်စခန်း၏ အမိုးခုံးတစ်ခုလုံးကို နေရာယူထားသည့် ကျယ်ဝန်းသော စင်မြင့်တစ်ခု ဖြစ်သည်။ အထဲကို ဝင်ချင်ပါက ဤဝင်ပေါက်မှတစ်ဆင့်သာ သွားရမည် ဖြစ်သည်။

ဤဝင်ပေါက်မှာ မြေအောက်ကားဂိုဒေါင် ဝင်ပေါက်နှင့် တူသော်လည်း လမ်းကြောင်းမှာ အပေါ်သို့ စောင်းတက်သွားခြင်း ဖြစ်သည်။ အမြင်အာရုံ ကန့်သတ်ချက်ကြောင့် အောက်တွင်ရှိသူများသည် အပေါ်ဆုံးထပ်၌ ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားခြင်း ရှိမရှိကို မသိနိုင်ပေ။

ရှဖေး ပုန်းနေသည့်နေရာမှ မီတာ ၅၀ ခန့်အကွာတွင် နံရံထောင့်၌ ပုန်းကွယ်ကာ ဝင်ပေါက်ကို ချောင်းကြည့်နေသူတစ်ဦးကို သူ တွေ့လိုက်ရသည်။ ထိုလူမှာ ပုပုသေးသေးဖြစ်ပြီး ၁.၅ မီတာထက် မမြင့်သဖြင့် ကလေးတစ်ယောက်နှင့် တူသည်။ သူသည် ဘယ်ဘက်လက်မောင်းတွင် အနီရောင်လက်ပတ်ကို ပတ်ထားပြီး၊ သူ၏ လျင်မြန်သော လှုပ်ရှားမှုအရ သူသည်လည်း အမြန်နှုန်း စွမ်းအားရှင်တစ်ဦး ဖြစ်ပုံရသည်။ သူသည် အခြားတပ်ဖွဲ့များမှ စေလွှတ်လိုက်သော ကင်းထောက်တစ်ဦး ဖြစ်နိုင်ပေသည်။

ရှဖေးတွင် အသက်ရှူနှုန်းထိန်းချုပ်ခြင်း နည်းစနစ် ရှိနေသဖြင့် ထိုလူမှာ ရှဖေး ရှိနေသည်ကို သတိမပြုမိပေ။

'ကွပ်ကဲမှုစင်တာထဲကို ဝင်ဖို့ တခြားလမ်းကြောင်းကို ရှာတာ ပိုကောင်းမယ်။ ဒီလမ်းက သိပ်ပြီး ပေါ်လွင်လွန်းတယ်၊ ဒီအတိုင်း ဝင်သွားရင် သေချာပေါက် ရိပ်မိသွားလိမ့်မယ်' ရှဖေးက တွေးလိုက်သည်။

ညာဘက်နံရံရှိ နောက်ထပ်အလွှာတစ်ခုနှင့် ချိတ်ဆက်ထားသော ပိုက်လိုင်းများစွာ ရှိနေသည်။ ၎င်းတို့မှာ လျှပ်စစ်ပိုက်များ၊ လေဝင်လေထွက်ပိုက်များ သို့မဟုတ် ရေပိုက်များ ဖြစ်ကြပြီး အရောင်အမျိုးမျိုး ရှိကြသည်။ အဆုံးသတ်တွင် ဤအခြေစိုက်စခန်းမှာ လူနေထိုင်ရာနေရာတစ်ခုဖြစ်ရာ၊ ရေနှင့် လျှပ်စစ်ကို ဤပိုက်လိုင်းများမှတစ်ဆင့် နေရာအနှံ့ ဖြန့်ဝေပေးရခြင်း ဖြစ်သည်။

ရှဖေးသည် ပိုက်လိုင်းများပေါ်သို့ တွားတက်သွားပြီး သူ ဝင်သွားနိုင်လောက်အောင် ကြီးမားသော အနက်ရောင် သတ္တုပိုက်တစ်ခုကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် အလင်းလိုက်ဓားကို အသုံးပြု၍ ဝိုင်းစက်သော ဝင်ပေါက်တစ်ခုကို တိတ်တဆိတ် လှီးဖြတ်လိုက်သည်။

သူ၏ ထက်မြက်လှသော အလင်းလိုက်ဓား သည် ၁.၅ စင်တီမီတာ အထူရှိသော သတ္တုပိုက်ကို လေဆာဖြတ်စက်ကဲ့သို့ပင် အလွန်လွယ်ကူစွာနှင့် တိတ်ဆိတ်စွာ ဖြတ်တောက်နိုင်ခဲ့သည်။

ပိုက်အတွင်းပိုင်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ ရှဖေးသည် ဖြတ်ထုတ်လိုက်သော သတ္တုပြားကို မြေပြင်ပေါ်သို့ ညင်သာစွာ ချထားလိုက်ပြီး အထဲသို့ တွားဝင်လိုက်သည်။ သူ၏ လက်နှစ်ဖက်ဖြင့် ပိုက်နံရံကို အားပြုကာ အပေါ်သို့ လျင်မြန်စွာ တက်လှမ်းခဲ့သည်။

ရှဖေးသည် သူ၏ ကွန်ပျူတာမှ အလင်းရောင်ကို ဖွင့်လိုက်သည်။ ၎င်းတွင် အဆင့်မြင့် ပိုလီမာ ဘက်ထရီကို အသုံးပြုထားရာ၊ သာမန်အခြေအနေတွင် ဘက်ထရီတစ်လုံးသည် အစားထိုးရန်မလိုဘဲ နှစ်ပေါင်းတစ်ထောင်ခန့် ခံသဖြင့် အလွန်ပင် အဆင်ပြေလှသည်။

အလင်းရောင်မှာ သေးငယ်သော်လည်း ပိုက်အတွင်းပိုင်းကို မီတာ ၂၀ ကျော်အထိ မြင်ရအောင် လင်းထိန်စေနိုင်သည်။

ဤပိုက်မှာ နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ပစ်ထားပုံရသဖြင့် မှိုနံ့များ နံစော်နေပြီး လေထုမှာလည်း မသန့်ရှင်းပေ။ ကံကောင်းသည်မှာ အသက်ရှူရန် လုံလောက်သော အောက်ဆီဂျင် ရှိနေသေးသဖြင့် ရှဖေးမှာ ထိုအနံ့ဆိုးကို အောင့်အည်းသည်းခံကာ အမြန်ဆုံး ဖြတ်ကျော်ခဲ့သည်။

ဤကဲ့သို့ ကျဉ်းမြောင်းသော နေရာမျိုးမှာ လူတစ်ဦး၏ ခန္ဓာကိုယ် ပြောင်းလွယ်ပြင်လွယ်ရှိမှုကို စမ်းသပ်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။ ရှဖေးသည် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ခြေထောက်နှစ်ဖက်ဖြင့် ပိုက်ကို တွန်းကန်လျက်၊ ခြေလေးဖက်လုံးကို အသုံးပြု၍ စည်းချက်ကျကျနှင့် အပေါ်သို့ တက်ခဲ့သည်။

မကြာမီမှာပင် ရှဖေးသည် အခြေစိုက်စခန်း၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ ဒေါင်လိုက်ပိုက်မှာ အလျားလိုက်မြေပြင်တစ်ခုသို့ ပွင့်ထွက်သွားသည်။ သူ၏ရှေ့တွင် လမ်းခွဲသုံးခု ရှိနေသည်။

ရှဖေးသည် 'အလင်းလိုက်ဓား' ဖြင့် ပိုက်နံရံတွင် အပေါက်သေးသေးလေးတစ်ခု ဖောက်လိုက်ပြီး အပြင်ဘက်တွင် ဘာရှိသလဲပြောလိုက်သည်ကို ချောင်းကြည့်လိုက်သည်။

ဤပိုက်လိုင်းမှာ မျက်နှာကြက်အနီးတွင် ရှိနေခြင်းဖြစ်ရာ၊ အထဲ၌ ရှိနေသော ရှဖေးမှာ မီတာအနည်းငယ် မြင့်သောနေရာမှ အပြင်ဘက်ရှိ အရာအားလုံးကို တစ်ချက်တည်းနှင့် မြင်နိုင်စွမ်း ရှိသည်။

ဇီးကွက်စခန်း၏ အပေါ်ဆုံးထပ်မှာ ဘောလုံးကွင်း လေးငါးကွင်းစာခန့် ကျယ်ဝန်းသော ရင်ပြင်တစ်ခုနှင့် တူသည်။ ဝင်ပေါက်မှာ ရင်ပြင်၏ အလယ်တည့်တည့်တွင် ရှိပြီး၊ ရင်ပြင်ကို အခန်းများက ဝန်းရံထားသည်။ ရှဖေးက ထိုအခန်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားမည်ဟု ခန့်မှန်းလိုက်သည်။ ဆိုလိုသည်မှာ အခန်းတစ်ခန်းထဲသို့ ရောက်သွားပါက ဘေးခန်းများသို့ ကူးရန် အလွန်လွယ်ကူပေလိမ့်မည်။

အပြင်ဘက်ရှိ ကွယ်ရာနှစ်နေရာတွင် အမာရွတ်၏ တပည့် လေးဦး စောင့်ဆိုင်းနေကြသည်။ သူတို့မှာ မြေပြင်ပေါ်တွင် ဝပ်နေကြပြီး လက်ထဲတွင် အစွမ်းထက် လေဆာရိုင်ဖယ်များကိုယ်စီ ကိုင်ထားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဝင်ပေါက်မှ ဝင်လာပါက ထိုလေဆာရိုင်ဖယ်များ၏ "နွေးထွေးသော ကြိုဆိုမှု" ကို ခံရမည်မှာ သေချာသည်။

ထိုသေနတ်သမားတစ်ဦးမှာ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ပြီး၊ သေနတ်မှန်ပြောင်းမှတစ်ဆင့် ဝင်ပေါက်ကိုသာ စိုက်ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်ရှားဘဲ၊ သူ၏ လက်ချောင်းမှာ ခလုတ်နှင့် ၀.၅ စင်တီမီတာခန့်သာ ဝေးတော့သည်။ သူမှာ အသက်ရှူနေသည့် လူသားရုပ်တုတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။

ဤလူလေးဦးမှာ အတွေ့အကြုံရှိ စနိုက်ပါသမားများဖြစ်ပြီး စစ်သင်တန်းကို စနစ်တကျ တက်ရောက်ထားသူများ ဖြစ်ကြောင်း ထင်ရှားလှသည်။

အမှန်တကယ်တော့ ရှဖေးအနေဖြင့် သူ၏ အမြန်နှုန်းအရ ဤရိုင်ဖယ်များကို ကြောက်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးအနေဖြင့် ချိန်ရွယ်ရန်နှင့် ခလုတ်နှိပ်ရန်အတွက် အချိန်ယူရသောကြောင့် ဖြစ်သည်။ သူတို့၏ တုံ့ပြန်မှုနှုန်းမှာ ရှဖေး၏ တစ်စက္ကန့်လျှင် ၈၀၀ မီတာကျော်နှုန်းကို လိုက်မီနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် အတင်းတိုးဝင်ခြင်းမှာ ရန်သူအားလုံးကို သတိပေးလိုက်သလို ဖြစ်သွားနိုင်သဖြင့်၊ တိတ်တဆိတ် ဝင်ရောက်ခြင်းနှင့် ယှဉ်လျှင် ရလဒ်ချင်း မတူနိုင်ပေ။

“အိုး...” ရှဖေးသည် ရင်ပြင်ဘေးပတ်လည်ရှိ အခန်းတံခါးများကို သတ္တုပြားအထူကြီးများဖြင့် ပိတ်ထားသည်ကို သတိပြုမိသွားသည်။ ထိုတံခါးများပေါ်တွင် ပစ်ခတ်ရန်အတွက် အပေါက်ငယ်များ ထားရှိသော်လည်း၊ ၎င်းတို့ကို သတ္တုပြားများဖြင့် ပြန်ပိတ်ထားသည်။ ရန်သူဝင်လာသည့် ခဏမှာပင် အမာရွတ်၏ လူများသည် ထိုအပေါက်များကို ဖွင့်ကာ ရင်ပြင်အလယ်သို့ သေနတ်ပြောင်းများထုတ်၍ ပစ်ခတ်နိုင်ကြမည် ဖြစ်သည်။

ဤသည်မှာ အမာရွတ်က မဟာမိတ်တပ်၏ ကျူးကျော်မှုကို ကြိုတင်ပြင်ဆင်ထားကြောင်း ထင်ရှားလှသည်။ သို့မဟုတ်ပါက ဤမျှတိုတောင်းသော အချိန်အတွင်း ဤကဲ့သို့ ခိုင်မာသော ကာကွယ်ရေးစနစ်ကို တည်ဆောက်ရန် မဖြစ်နိုင်ပေ။

ရှဖေး၏ စိတ်ကူးထဲတွင် မဟာမိတ်တပ်သားများမှာ ခြုံခိုတိုက်ခိုက်မှုကို မသိဘဲ ရင်ပြင်ထဲသို့ ဝင်လာကြပြီး၊ သတ်ကွင်းထဲသို့ ရောက်သွားသည့် သိုးငယ်များကဲ့သို့ အခန်းထဲမှလူများ၏ ပစ်ခတ်ခြင်းကို ခံရတော့မည့်ပုံစံကို မြင်ယောင်လိုက်မိသည်။

“အင်း... ပရော်ဖက်ရှင်နယ် စစ်သားတွေ၊ စနိုက်ပါသမားတွေ... အခြေအနေက တကယ်ကို ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ” ရှဖေးက သူဖောက်ထားသော အပေါက်မှ မျက်စိခွာကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဘာက စိတ်ဝင်စားဖို့ ကောင်းတာလဲ” ဟု ရှဖေးနှင့် မလှမ်းမကမ်းတွင် ခြေထောက်ချိတ်ထိုင်နေသော ဖန်တန်က မေးလိုက်သည်။ သူမှာ ဝိညာဉ်ဖြစ်သဖြင့် ပိုက်လိုင်းထဲရှိ လေထုမသန့်ရှင်းမှုကို ဂရုစိုက်ရန် မလိုပေ။

“နောက်မှ ရှင်းပြမယ်။ ကျွန်တော် ခန့်မှန်းထားတာတွေကို ထပ်ပြီး အတည်ပြုဖို့ လိုသေးတယ်” ရှဖေးက ရယ်မောရင်း ပြောလိုက်သည်။

“တောက် မင်းကတော့ အမြဲတမ်း လျှို့ဝှက်ချက်တွေနဲ့ပဲ” ဖန်တန်က မကျေမနပ်ဖြင့် မျက်စောင်းထိုးလိုက်သည်။

ရှဖေးသည် စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက်၊ ညာဘက်သို့ ခွဲထွက်သွားသော ပိုက်လိုင်းအတိုင်း သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုလမ်းကြောင်းမှာ ရင်ပြင်ဘေးရှိ အခန်းများဆီသို့ တိုက်ရိုက် ဦးတည်သွားခြင်း ဖြစ်သည်။

ရှဖေးမှာ သူ၏ ပုံစံကို ပြောင်းလဲလိုက်သည်။ ယခုအခါ ဒူးနှစ်ဖက်ဖြင့် ပိုက်နံရံကို ထောက်ကာ တွားသွားနေပြီး၊ လက်နှစ်ဖက်ကို အလှည့်ကျ အသုံးပြုလျက် တစ်ကြိမ်လျှင် ၀.၄ မီတာနှုန်းဖြင့် တိတိကျကျ ရွေ့လျားခဲ့သည်။ ပိုက်အပြင်ဘက်ကို မမြင်ရသဖြင့် ရှဖေးသည် သူ၏ အကွာအဝေး တွက်ချက်မှုအပေါ်တွင်သာ မူတည်၍ သူ၏ တည်နေရာကို ဆုံးဖြတ်ရမည် ဖြစ်သည်။

ခြေလှမ်း ၃၉ လှမ်း တိတိ လျှောက်ပြီးနောက်၊ ရှဖေးသည် အလင်းလိုက်ဓားဖြင့် ပိုက်တွင် အပေါက်ငယ်တစ်ခု ထပ်မံဖောက်လိုက်ရာ၊ သူ တွက်ချက်ထားသည့်အတိုင်းပင် ညာဘက်ရှိ ပထမဆုံးအခန်း၏ အပေါ်သို့ ရောက်နေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ဤအခန်းမှာ စတုရန်းမီတာ ၁၅၀ ခန့် ကျယ်ဝန်းသည်။ အလင်းရောင် အနည်းငယ်သာ ရှိပြီး အထဲတွင် လူ ၆ ဦး ရှိနေသည်။ သူတို့အားလုံးမှာ ထောင့်ရှိ ဝိုင်းစက်သော စားပွဲတစ်ခုတွင် ထိုင်နေကြပြီး၊ သူတို့၏ ရိုင်ဖယ်များကို တူညီသော ပုံစံဖြင့် တိုက်ချွတ်နေကြသည်။

ထိုလူ ၆ ဦးလုံးမှာ အပြင်က စနိုက်ပါသမားများ၏ ရိုင်ဖယ်ထက် အနည်းငယ်သေးငယ်သော အနက်ရောင် လေဆာရိုင်ဖယ်များကိုယ်စီ ကိုင်ထားကြသည်။ တစ်ဦးချင်းစီက သူတို့၏ သေနတ် အစိတ်အပိုင်းတိုင်းကို အဝတ်စဖြင့် အလွန်ဂရုတစိုက် ပွတ်တိုက်နေကြခြင်း ဖြစ်သည်။

ထိုစားပွဲပေါ်တွင် ဆက်သွယ်ရေးကိရိယာ တစ်လုံးရှိသလို၊ လေဆာ ၁၀ မိနစ်ခန့် ဆက်တိုက် ပစ်ခတ်နိုင်သော စွမ်းအင်သိုလှောင်ကိရိယာ ဒါဇင်ပေါင်းများစွာလည်း ရှိနေသည်။ အကယ်၍ ဤအရာများကိုသာ အကုန်သုံးလိုက်ပါက၊ လူရှစ်ထောင်မက တစ်တပ်မလုံးကိုပင် အပြတ်ရှင်းပစ်နိုင်စွမ်း ရှိသည်။

“ဒီလူတွေက ဒီတိုက်ခိုက်မှုအတွက် အသေအချာ ပြင်ဆင်ထားပုံပဲ။ အခန်းတိုင်းမှာ ခြုံခိုတိုက်ခိုက်ဖို့ စစ်သည်တွေ အသင့်ရှိနေနိုင်တယ်။ အခု ငါတို့ ဘာလုပ်ကြမလဲ” ဖန်တန်က လေးနက်စွာ မေးလိုက်သည်။

“ဒါဆိုရင်တော့... ကျွန်တော်တို့ တတ်နိုင်သမျှ သူတို့ထဲက တစ်ဝက်လောက်ကို သတ်ပစ်ဖို့ပဲ ရှိတော့တာပေါ့” ရှဖေးက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဘာလို့ တစ်ဝက်လဲ”

ရှဖေးက ပြုံးလိုက်ပြီး ယုတ်မာသော လေသံဖြင့် ရှင်းပြသည်။

“သူတို့အားလုံးကို သတ်ပစ်လိုက်ရင် နှစ်ဖက်အင်အားက မမျှမတ ဖြစ်သွားလိမ့်မယ်။ ကျွန်တော် မြင်ချင်တာက နှစ်ဖက်စလုံး အထိနာပြီး အင်အားတွေ အမြောက်အမြား ဆုံးရှုံးသွားတဲ့ အခြေအနေမျိုးပဲ ”

All Chapters