အခန်း (၁၀၈၁-၁၀၈၃)
Vol. 73 Ch. 1081-1083
အခန်း (၁၀၈၁) - မင်းမှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး
အချိန်တို့ ရပ်တန့်သွားသည့်ပမာ ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားချေသည်။
လူအများစုမှာ နားကြားမှားသွားသည်ဟုပင် ထင်မှတ်လိုက်ကြပြီး အတန်ကြာမှ အသိပြန်ဝင်လာကာ ဒေါသအိုးပေါက်ကွဲ၍ ဟုန်းခနဲ ထကြွလာကြတော့သည်။
"ဒီကောင် ဘယ်ကလဲဟ... လေလုံးထွားလိုက်တာ"
"သေချင်နေတဲ့ကောင်ပဲ၊ ပါးစပ်မဟခင် ဘယ်သူတွေ ရှိနေလဲဆိုတာ အရင်ကြည့်ဦးမှပေါ့... ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်က သခင်လေးချီ၊ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က သခင်မလေး ကျုံးအန်းအန်း၊ ဝူထုံဂိုဏ်းက ကျီဟောင်ချုံး၊ ရှေးဟောင်းသံစဉ်ဂိုဏ်းက ပိုင်ချုံး၊ ပြီးတော့ ဘုန်းတန်ခိုးကြီးကျောင်းတော်က လီကန်း တို့တောင် ရှိနေတာကို... ဒီထဲက ကြုံရာလူတစ်ယောက်ကို ဆွဲထုတ်လိုက်ရင်တောင် ထိပ်သီးပုဂ္ဂိုလ်တွေချည်းပဲ၊ ဒီလိုနေရာမျိုးမှာ သူက ဒီလိုစကားမျိုး ပြောရဲတယ်လား"
ကျောက်စိမ်းပွဲ တော်ဆိုင်၏ အပေါ်ထပ်တစ်ခုလုံး တုန်လှုပ်သွားလေသည်။ အားလုံး၏ အကြည့်များက ရွှယ်အန်းဆီသို့ ပြိုင်တူရောက်ရှိသွားကြသည်။ ထိုအကြည့်များထဲတွင် အထင်သေးခြင်း၊ လှောင်ပြောင်ခြင်းများ ပြည့်နှက်နေပြီး အချို့ဆိုလျှင် ရွှယ်အန်းအား လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ သနားစဖွယ် ကြည့်နေကြလေသည်။
"ကောင်းတယ်... ဟားဟား... ကောင်းလိုက်တာကွာ..."
လီကန်းမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီးနောက် “ကောင်းတယ်” ဟူသော စကားကို သုံးကြိမ်ဆက်တိုက် ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ကြွက်သားများသည် ရေစီးကြောင်းများအလား လိမ်တွန့်ကာ ဖောင်းကြွလာသည်။ သူ၏ ကြွက်သားတစ်ချက် လှုပ်ရှားလိုက်တိုင်း ကျောက်စိမ်းပွဲတော်ဆိုင်ကြီးတစ်ခုလုံး သိသိသာသာ တုန်ခါသွားသည်ကို ခံစားလိုက်ကြရသည်။
"မင်းက ဘယ်သူပဲ ဖြစ်နေပါစေ၊ ဒီလို မောက်မာတဲ့ စကားနဲ့ ပါရမီရှင်တွေကို စော်ကားရင် ဘာဖြစ်တတ်သလဲဆိုတာ နားလည်သွားအောင် ဒီနေ့ ငါ မင်းကို မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု ပေးရလိမ့်မယ်"
ထိုသို့ပြောပြီးသည်နှင့် ပြင်းထန်လှသော စွမ်းအားအရှိန်အဝါတစ်ခုသည် ရွှယ်အန်းထံသို့ တိုးဝင်ရိုက်ခတ်သွားပြီး သူ့ကို တုပ်နှောင်ထားလိုက်လေသည်။
လီကန်းသည် စစ်မှန်အင်မော်တယ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အဆင့်ရှိသူဖြစ်ပြီး ဘုရင်အဆင့်ရှိသူဖြစ်သည်ကို အများက သိထားကြပေသည်။
အခြားသော လျှို့ဝှက်နည်းလမ်းများကြောင့် ဘုရင်အဆင့် အချင်းချင်းကြားတွင် စွမ်းအားကွာခြားမှုများ ရှိနိုင်ပေသည်။ ဥပမာအားဖြင့် လီကန်း၏ ဘုရင်အဆင့်စွမ်းအားသည် ချီဟုန်ပေါ်နှင့် ယှဉ်လျှင် များစွာ နိမ့်ကျနေသေးသည်။ သို့သော် ဘုရင်အဆင့်ဟူသည် ဘုရင်အဆင့်ပင် ဖြစ်ပေရာ ပေါ့ပေါ့ပါးပါး ထုတ်ဖော်လိုက်သော အရှိန်အဝါသည်ပင်လျှင် တစ်ဖက်လူ၏ မျက်နှာပျက်သွားစေရန် လုံလောက်လေသည်။
ထိုအချိန်တွင် လူအများ၏ မျက်လုံးထဲ၌ ရွှယ်အန်းသည် ဧရာမ လှိုင်းတံပိုးကြီးများကြားတွင် ရောက်နေသည့် လှေငယ်လေးတစ်စင်းအလား ဖြစ်နေပြီး အချိန်မရွေး တိမ်းမှောက်နစ်မြုပ်သွားနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ သို့သော် ထိုအခြေအနေမျိုးတွင်ပင် ရွှယ်အန်းက ဂရုမစိုက်သလို နေနေပြီး စားပွဲခုံကို လက်ချောင်းများဖြင့် ခေါက်ကာ လီကန်းကို စိတ်ဝင်တစား ကြည့်နေလေသည်။
"ခန္ဓာကိုယ် ကျင့်ကြံသူလား၊ မင်းရဲ့ ကြွက်သားတွေကတော့ ကောင်းသားပဲ ကာယဗလပြိုင်ပွဲ သွားပြိုင်ရင် ဆုရလောက်တယ်... ဒါပေမဲ့ ကြွက်သားကြီးတိုင်း အားသန်တယ်လို့ မဆိုလိုဘူးလေ၊ ဒါကြောင့် မင်းလို ခန္ဓာကိုယ်ကျင့်ကြံသူမျိုးက အမှိုက်လောက်တောင် တန်ဖိုးမရှိဘူးလို့ ငါထင်တယ်"
"သေချင်နေတာပဲ..."
ရွှယ်အန်း၏ စကားကြောင့် လီကန်းမှာ ဒေါသအမျက် ခြောင်းခြောင်းထွက်သွားပြီး သူ၏ အရှိန်အဝါများ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ခြေတစ်လှမ်းတည်းဖြင့် ရွှယ်အန်း၏ ရှေ့သို့ ရောက်လာပြီး မိုးကြိုးပစ်ချလိုက်သကဲ့သို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေတော့သည်။
ထိုလက်ဝါးရိုက်ချက်၏ စွမ်းအားမှာ ကြီးမားလွန်းလှသဖြင့် ပတ်ဝန်းကျင်ရှိ လေထုများကိုပင် စုတ်ပြဲသွားစေမတတ် ဖြစ်နေသည်။ အကယ်၍ ကျောက်စိမ်းစားသောက်ပွဲရုံသာ စွမ်းအားများဖြင့် အစီအရင် ချမထားပါက ထိုရိုက်ချက်တစ်ခုတည်းဖြင့် အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးသွားနိုင်ပေသည်။
သို့တိုင်အောင် ကျောက်စိမ်းပွဲတော်ဆိုင်၏ ကြမ်းခင်းများမှာ ကျွီဟူသော အသံများ မြည်ဟည်းလာလေသည်။ သို့သော် ရွှယ်အန်းသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ ခေါင်းမော့ကြည့်လိုက်သည်။
လီကန်း၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ လက်ဝါးရိုက်ချက်အပေါ် သူအလွန် ယုံကြည်မှု ရှိနေသည်။ သာမန်လူငယ်တစ်ယောက် မဆိုထားနှင့် ဘုရင်အဆင့် အချင်းချင်းပင်လျှင် ဤရိုက်ချက်ကို ရှောင်တိမ်းရပေမည်။
သို့သော် သူနိုင်ပြီဟု ထင်လိုက်ချိန်မှာပင် ရွှယ်အန်းက လက်ကို မြှောက်လိုက်ပြီး အရေးကြီးသော အခိုက်အတန့်တွင် လီကန်း၏ ဝင်ရောက်လာသော လက်ဝါးကြီးကို လက်ညှိုးဖြင့် ပေါ့ပေါ့ပါးပါးလေး တောက်ထုတ်လိုက်လေသည်။
ထိုသို့ တောက်ထုတ်လိုက်ခြင်းတွင် မည်သည့် စွမ်းအားအရှိန်အဝါမျှ ပါဝင်ပုံ မရချေ။ သို့သော် ထိုလက်ညှိုးတောက်ချက်သည် လီကန်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထိမှန်သွားပြီး လီကန်းမှာ နောက်သို့ လွင့်ထွက်သွားကာ လေထဲ၌ သွေးတစ်လုပ် အန်ထုတ်လိုက်ရလေသည်။ နံရံတစ်ခုကို ဖောက်ထွက်သွားပြီးမှသာ လီကန်းမှာ မနည်း အားယူ၍ ပြန်ရပ်နိုင်တော့သည်။
သူ့လက်မောင်းကို ပြန်ကြည့်လိုက်ရာ ထူးဆန်းသော ပုံစံဖြင့် လိမ်ကောက်နေပြီး အရိုးများ ကျိုးကြေသွားသည်မှာ ထင်ရှားလှသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး လူတိုင်းမှာ ကြက်သေသေ သွားကြလေသည်။
လီကန်းကဲ့သို့ အားကောင်းသော ခန္ဓာကိုယ် ကျင့်ကြံသူတစ်ဦးသည် သူ၏ အရိုးနှင့် ကြွက်သားများကို သံမဏိကဲ့သို့ မာကျောအောင် လေ့ကျင့်ထားသူဖြစ်ပြီး မှော်ရတနာများကို ခုခံနိုင်သလို၊ ဆန်းကြယ်သော သားရဲများကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်စွမ်း ရှိသူဖြစ်သည်။
သို့သော် ယခုတွင် ရွှယ်အန်း၏ ပေါ့ပါးသော လက်ညှိုးတောက်ချက် တစ်ချက်တည်းဖြင့် လီကန်းမှာ လွင့်ထွက်သွားရပြီး လက်မောင်းတစ်ဖက်ပင် ပျက်စီးသွားခဲ့ရလေသည်။ ဤကဲ့သို့သော စွမ်းအားမျိုးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲတွင် ချီဟုန်ပေါ်၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။
"ဒီလောက် မောက်မာရဲတာ အံ့သြစရာ မရှိတော့ဘူး၊ မင်းမှာ စွမ်းရည်နည်းနည်းရှိတာပဲ"
"ဒါပေမဲ့... ဒါလောက်နဲ့ လုံလောက်ပြီလို့ ထင်နေတာလား"
ထိုသို့ပြောနေရင်းဖြင့် ချီဟုန်ပေါ်၏ မျက်လုံးများသည် တောက်ပလာပြီး ပြင်းထန်လွန်းလှသော ဘအရှိန်အဝါများ သူ၏ ကိုယ်မှ ထွက်ပေါ်လာရာ အနီးနားရှိ လူများပင် မနေနိုင်တော့ဘဲ နောက်ဆုတ်သွားကြရလေသည်။ သို့သော် ရွှယ်အန်းအတွက်မူ လေပြေလေညှင်းလေး တိုက်ခတ်လာသကဲ့သို့ ခံစားရပြီး နေရာမှ အနည်းငယ်မျှပင် ရွေ့လျားခြင်း မရှိပေ။
လီကန်းသည် ယိုင်နဲ့နဲ့ဖြင့် မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"သခင်လေးချီ... ဒီကောင်က အရမ်းကောက်ကျစ်တယ်၊ သတိထားပါ"
ချီဟုန်ပေါ်က အေးစက်စွာ ပြုံးလိုက်သည်။
"မပူပါနဲ့... ဒီလိုလူမျိုးကို ငါ့မျက်လုံးထဲတောင် မထည့်ပါဘူး"
"ကောင်လေး... မင်းက သန်မာတယ်လို့ ပြောလို့ရတယ်၊ အခု ငါမင်းကို ရွေးချယ်စရာ လမ်းနှစ်လမ်း ပေးမယ်၊ ပထမလမ်းကတော့ အခုချက်ချင်း ထွက်သွားလိုက်၊ ဒါဆို ဘာမှ မဖြစ်ခဲ့သလို ငါသဘောထားပေးမယ်၊ ဒုတိယလမ်းကတော့... မင်းရဲ့ အသက်ကို ဒီမှာ ထားခဲ့လိုက်တော့"
ရွှယ်အန်းက ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ မှီထိုင်နေရာမှ ထိုစကားကို ကြားသောအခါ ခပ်ဖွဖွ ရယ်မောလိုက်လေသည်။
"ဒါဆို ငါကလည်း မင်းကို ရွေးချယ်စရာ လမ်းနှစ်လမ်း ပြန်ပေးမယ်၊ ပထမလမ်းက ဒီနေရာကနေ အခုချက်ချင်း ထွက်သွားပြီး အိမ်မှာ တံခါးပိတ် ကျင့်ကြံနေလိုက်... ဒါဆို ငါမင်းကို လွှတ်ပေးဖို့ စဉ်းစားပေးမယ်၊ ဒုတိယလမ်းကတော့..."
ရွှယ်အန်းသည် ဖြူဖွေးသော သွားတန်းများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး ကျောချမ်းဖွယ်ကောင်းလောက်အောင် ပြောလိုက်လေသည်။
"ဒုတိယလမ်းဆိုတာ မရှိဘူး... ဘာလို့လဲဆိုတော့ မင်းမှာ ရွေးချယ်ပိုင်ခွင့်တောင် မရှိဘူး"
ထိုစကားကြောင့် ချီဟုန်ပေါ်သာမက ထိုင်နေကြသော အခြား ဂုဏ်သရေရှိ မျိုးနွယ်စုမှ သားရတနာများပါ ငြိမ်မနေနိုင်ကြတော့ပေ။
"ငါကျင့်ကြံလာတာ ဒီလောက်ကြာပြီ၊ ဒီလောက် မောက်မာတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
ပိုင်ချုံးက ယပ်တောင်ကို ခပ်ဖွဖွ ခတ်ကာ အေးစက်စွာ ပြောလိုက်လေသည်။ ကျီဟောင်ချုံးကမူ ဘာမှ မပြောဘဲ ရွှယ်အန်းကို စိုက်ကြည့်နေသော်လည်း သူ၏ မျက်လုံးများမှာ မြွေတစ်ကောင်အလား အဆိပ်ပြင်းကာ ရက်စက်သော အရိပ်အယောင်များ ယှက်သန်းနေသည်။
ချီဟုန်ပေါ်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ၊ ငါ့ကို ဒီလိုပုံစံနဲ့ ပြောရဲတဲ့လူ မင်းက ပထမဆုံးပဲ၊ မင်းဆန္ဒအတိုင်း ဒီဘဝကနေ အခုချက်ချင်း ထွက်ခွာသွားစေရမယ်"
ထိုသို့ ပြောပြီးသည်နှင့် ချီဟုန်ပေါ်သည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။ ထိုစဉ်မှာပင် လက်ဝတ်ရတနာများ ထိခတ်သံ တချွင်ချွင်ကို ကြားလိုက်ရပြီးနောက် အမျိုးသမီးတစ်ဦး၏ ရယ်သံလွင်လွင်လေး ထွက်ပေါ်လာလေသည်။
"ဒီကိုလာတဲ့ သူတိုင်းက ဧည့်သည်တွေပါပဲရှင်၊ ဘာလို့ လက်နက်တွေ ထုတ်ပြီး ပြဿနာ ရှာနေကြတာလဲ"
ထိုစကားသံနှင့်အတူ ချောမောလှပသော မျက်နှာနှင့် ဆွဲဆောင်မှုရှိသော အပြုံးပိုင်ရှင် အမျိုးသမီးတစ်ဦး ဝင်ရောက်လာလေသည်။ ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားကြပြီး နှုတ်ဆက်သံများ ထွက်ပေါ်လာတော့သည်။
"မင်္ဂလာပါ သခင်မလေးပု"
"သခင်မလေး ယန်ရု၊ မင်္ဂလာပါဗျာ"
ထိုနှုတ်ဆက်သံများကြားတွင် ချီဟုန်ပေါ်ပင်လျှင် အနည်းငယ် ဦးညွှတ်လိုက်ကာ နှစ်လိုဖွယ်ကောင်းသော အပြုံးဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
"သခင်မလေးပုပါလား"
"သခင်လေးချီ... မင်္ဂလာပါရှင်"
ထို့နောက် သူမသည် ရွှယ်အန်းနှင့် သူ့ဘေးရှိ ချူရှောင်ယွင် ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူမ၏ အကြည့်ရောက်လာသည်နှင့် ချူရှောင်ယွင်မှာ ခေါင်းငုံ့လိုက်မိပြီး နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းတူ အစ်မတော်ပု... မင်္ဂလာပါ"
ပုယန်ရုက ပြုံးလိုက်သည်။
"ရှောင်ယွင်ပါလား... မတွေ့တာတောင် ကြာပြီနော်"
ထိုနှုတ်ဆက်စကားကြောင့် ချူရှောင်ယွင်၏ ရင်ထဲတွင် နွေးထွေးသွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ကျိန်စာသင့်မြို့တော်တွင် ရှိစဉ်က ပုယန်ရုသည် သူမကို ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့ပြီး သူမအပေါ် မျှတစွာ ဆက်ဆံခဲ့သည့် တစ်ဦးတည်းသော သူ ဖြစ်ကောင်းဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ပုယန်ရုက လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်လေသည်။
"ဆရာသခင်ရဲ့ ဂုဏ်ပြုပွဲတောင် ရောက်တော့မယ်၊ ဘာလို့ ဒီလိုတွေ လုပ်နေကြတာလဲရှင်၊ ယန်ရု မျက်နှာကို ထောက်ပြီး တစ်ယောက်တစ်လှမ်း ဆုတ်ပေးကြပါလား"
ချီဟုန်ပေါ်က ထိုစကားကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။
"သခင်မလေး ယန်ရုကို မျက်နှာမထောက်တာ မဟုတ်ပါဘူးဗျာ... ဒီလူက အရမ်းကို မောက်မာလွန်းနေလို့ပါ"
ပုယန်ရုသည် အခြေအနေကို သတိပြုမိပြီး ဖြစ်သလို အထူးသဖြင့် လီကန်း၏ ဒဏ်ရာများကိုလည်း မြင်တွေ့ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဤလူငယ်၏ နောက်ခံအကြောင်းကို မသိရသဖြင့် အနည်းငယ် အံ့သြမိသွားသည်။ သို့သော် သူမသည် လိမ္မာပါးနပ်ပြီး ကျက်သရေရှိသူပီပီ ရှေ့သို့ တိုးလာကာ ဝိုင်တစ်ခွက်ကို ငှဲ့လိုက်ပြီး ရယ်မောကာ ပြောလိုက်လေသည်။
"ဒီက လူကြီးမင်း... စိတ်မရှိဘူးဆိုရင် ဒီဝိုင်တစ်ခွက်ကို သောက်လိုက်ပါ၊ ပြီးရင် ဘာမှ မဖြစ်ခဲ့သလို သဘောထားလိုက်ကြရအောင်၊ ဘယ်လို သဘောရလဲရှင်"
လူအများ၏ အမြင်တွင် ဤသည်မှာ လူငယ်အတွက် အခြေအနေကို ကုစားရန် လှေကားထစ်တစ်ခု ပေးလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် အားလုံး အံ့သြသွားရသည်မှာ ရွှယ်အန်းသည် ပုယန်ရုကို တိတ်ဆိတ်စွာ အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ကာ လူအုပ်ကြီးအား ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်ခြင်းပင် ဖြစ်သည်။
"မင်းတို့ မသွားချင်ဘူးဆိုမှတော့... နောက်မှ နောင်တမရကြဖို့ပဲ ငါမျှော်လင့်ပါတယ်"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် လှည့်ထွက်သွားလေတော့သည်။ ချူရှောင်ယွင်သည် မျက်နှာ အနည်းငယ် ပြာနှမ်းနေသော်လည်း ပုယန်ရုကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီး ရွှယ်အန်း နောက်သို့ လိုက်သွားလေသည်။
အစမှ အဆုံးထိတိုင် ရွှယ်အန်းသည် ပုယန်ရု ကမ်းပေးသော ဝိုင်ခွက်ကို လှမ်းမယူခဲ့ပေ။
အခန်း (၁၀၈၂) - ကောင်းကင်မီးတောက်ကြောင့် အဆုံးမဲ့မောက်မာခြင်း
ရွှယ်အန်းတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ပုယန်ရု၏ လက်ထဲမှ ဝိုင်ခွက်သည် လေထဲတွင် တောင့်တင်းရပ်တန့်သွားလေသည်။ ပန်းပွင့်လွှာပမာ နုနယ်လှပသော သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲထားဆဲ ဖြစ်သော်လည်း မျက်ဝန်းအစုံကမူ တဖြည်းဖြည်း အေးစက်ခက်ထန်လာချေသည်။
ချီဟုန်ပေါ်က ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။
"သခင်မလေးပု... အဲ့လူကို သိလား"
ပုယန်ရုက ခေါင်းခါလိုက်သည်။
"တစ်ခါမှ မမြင်ဖူးပါဘူးရှင်"
သူမဘေးမှ ပိုင်ချုံးက ယပ်တောင်ကို ခတ်ရင်း ဝင်ပြောလိုက်သည်။
"သိပ်မောက်မာတာပဲ... ဘာကို အားကိုးပြီး ဒီလောက်တောင် ရဲတင်းနေတာလဲ မသိဘူး"
ချီဟုန်ပေါ်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်သန်းသွားပြီး ကြိမ်းဝါးလိုက်သည်။
"သူ့နောက်ခံက ဘာပဲဖြစ်နေပါစေ၊ ငါ့ရှေ့မှာ ဒီလောက် ရဲတင်းမှတော့ သေကိုသေရမယ်"
သူ၏ လက်မောင်းဒဏ်ရာကို ကုသရင်း နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေသော လီကန်းကလည်း အံကိုကြိတ်ကာ ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ ဒီကောင် သေလူပဲ၊ ငါတို့ ကျောင်းတော်က အကြီးအကဲတွေနဲ့ ခန်းမသခင် မကြာခင် ရောက်လာတော့မှာ၊ အဲဒီကျရင် သူ့အရေခွံကို ခွာပစ်မယ်"
သူ့စကားဆုံးသည်နှင့် သူ ပြန်ဆက်ထားသော လက်မောင်းရိုးသည် နောက်တစ်ကြိမ် ထပ်ကျိုးသွားပြန်လေသည်။
"အား..."
လီကန်းက နာကျင်စွာ အော်ဟစ်လိုက်သည်။
"ဒီကောင်... ဒီကောင်ကွာ၊ သူ့လက်ညှိုးတစ်ချက်တည်းနဲ့ ငါ့လက်မောင်းရိုးကို အမှုန့်ဖြစ်အောင် လုပ်သွားတာ၊ ဒီဒဏ်ရာ ပြန်ကောင်းဖို့ အနည်းဆုံး ဆယ်နှစ်လောက် ကျင့်ကြံရလိမ့်မယ်၊ သူ့ကို ငါ ကိုယ်တိုင် သတ်မှ ကျေနပ်မယ်"
ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် ခန္ဓာကိုယ်သည် သူ၏ အဖိုးတန်ဆုံး ရတနာဖြစ်ပြီး အရိုးများသည် အလွန်မာကျောလေသည်။ ထို့ကြောင့် တစ်ခါ ကျိုးသွားသည်နှင့် ပြန်လည်ကုသရန် စွမ်းအားမြောက်မြားစွာ လိုအပ်ပေသည်။ ထို့ကြောင့် လီကန်းသည် ရွှယ်အန်းအပေါ် အလွန်အမင်း အငြိုးကြီးနေတော့သည်။
လီကန်း၏ ပေါက်ကွဲသံကို ကြားသောအခါ ပုယန်ရုက အေးဆေးစွာ ပြောလိုက်သည်။
"စိတ်လျှော့ကြပါရှင်၊ အားလုံးရဲ့ ဒေါသကို ယန်ရု နားလည်ပါတယ်၊ ဒါပေမဲ့ ဆရာသခင်ရဲ့ မွေးနေ့ပွဲ မတိုင်ခင်လေးမှာ ပြဿနာမဖြစ်စေချင်လို့ပါ၊ ပွဲပြီးမှပဲ အားလုံးကို ရှင်းလိုက်ကြတာပေါ့... ဟုတ်ပြီလားဟင်"
လီကန်းမှာ ဒေါသထွက်နေသော်လည်း ပုယန်ရု၏ စကားသည် အရေးပါလှသည်။ သူမသည် ကျိန်စာနတ်ဘုရားမ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သဖြင့် သူ မငြင်းဆန်ရဲပေ။
ချီဟုန်ပေါ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"သခင်မလေးပု စိတ်ချပါ... သခင်မလေးကို အခက်တွေ့အောင် မလုပ်ပါဘူး၊ သခင်မရဲ့ မွေးနေ့ပွဲ ပြီးတဲ့အထိ စောင့်ပါ့မယ်"
"ကျေးဇူးတင်ပါတယ် သခင်လေးချီ"
ပုယန်ရုက ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် တောက်လျှောက် နှုတ်ဆိတ်နေသော ကျီဟောင်ချုံးက ရုတ်တရက် အေးစက်စွာ ထပြောလိုက်သည်။
"ကိစ္စပြီးသွားရင်... အဲ့ဒီမိန်းမကို ငါလိုချင်တယ်"
သူ၏ စကားကြောင့် ပိုင်ချုံးနှင့် အခြားသူများ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ချူရှောင်ယွင်ကို ချီဟုန်ပေါ်က မျက်စိကျနေသောကြောင့် ဖြစ်သည်။ ချီဟုန်ပေါ်၏ မျက်နှာလည်း မကောင်းတော့ပေ။
ကျီဟောင်ချုံးက နှုတ်ခမ်းကို သပ်ရင်း ဆက်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ သခင်လေးချီ၊ အလကား ယူမှာ မဟုတ်ပါဘူး၊ အဲဒီအတွက် ဝူထုံဂိုဏ်းတော်က သခင်လေးတို့ ကောင်းကင်မီးတောက် မျိုးနွယ်စုကို ထိန်းချုပ်နိုင်ဖို့ အပြည့်အဝ ကူညီပေးပါ့မယ်၊ ဘယ်လိုသဘောရလဲ"
ထိုစကားကို ကြားသောအခါ ချီဟုန်ပေါ်၏ မျက်လုံးများ အရောင်လက်သွားပြီး ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာလေသည်။
"သခင်လေးကျီကလည်း အားနာစရာကြီးဗျာ၊ မိန်းမတစ်ယောက်ပဲဟာ... ပြောနေစရာတောင် မလိုပါဘူး"
ကျီဟောင်ချုံးက ပြုံးလိုက်သည်။
"သခင်လေးချီ... မင်းစိတ်မရှိဘူးဆိုရင် ငါသုံးပြီးမှ မင်းကို ပြန်ပေးလို့ ရပါတယ်"
ချီဟုန်ပေါ်က ထိုစကားကို ကြားပြီး သဘောကျစွာ ရယ်မောလိုက်လေသည်။
"ရိုးရိုးသားသား ပြောရရင် ငါက သိပ်စိတ်မရှိပါဘူး၊ ညှိုးနေတဲ့ ပန်းဆိုရင်တောင် သူ့အရသာနဲ့သူ ရှိဦးမှာပဲလေ"
ချီဟုန်ပေါ်က ရွမ်ကျင်းရှိုးကို ရည်ရွယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပုယန်ရုနှင့် အတူပါလာကတည်းက လူမသိအောင် နေနေသော ရွမ်ကျင်းရှိုးမှာ ထိုစကားကြောင့် တုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်သွားလေသည်။
သို့သော် ဤယောက်ျားများက သူမ၏ ဂိုဏ်းတူညီမဖြစ်သူကို မည်သို့ ကိုင်တွယ် မည်အကြောင်း ဗြောင်ကျကျ ဆွေးနွေးနေသည်ကို ကြားနေရသော်လည်း ပုယန်ရုမှာ ဒေါသထွက်ခြင်း မရှိသည့်အပြင် ပြုံး၍ပင် နားထောင်နေလေသည်။
ထို့နောက် ချီဟုန်ပေါ်က ပုယန်ရု ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ဒါနဲ့ သခင်မလေးပု... ခုနက မိန်းမက သခင်မလေးရဲ့ ဂိုဏ်းတူ ညီမ ဖြစ်ပုံရတယ်၊ ကျွန်တော်တို့ သူ့ကို ဒီလို လုပ်မှာကို ကန့်ကွက်စရာ မရှိဘူးမလား"
ပုယန်ရုက တခစ်ခစ် ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။
"သခင်လေးတို့က ဒီလောက် စိတ်အားထက်သန်နေတာ၊ ယန်ရုက ကန့်ကွက်ချင်ရင်တောင် ဘယ်ပြောရဲပါ့မလဲ၊ ပြီးတော့ ချူရှောင်ယွင်က သခင်လေးတို့ကို ဆန့်ကျင်တဲ့ လူတွေနဲ့ ပေါင်းသင်းနေတာဆိုတော့... အပြစ်ပေးခံရတာနဲ့ တန်ပါတယ်"
"ဟော... ဒါပေမဲ့ ခုနက အဲဒီမိန်းမက သခင်မလေးပုကို သိပ်လေးစားပုံ ရတယ်နော်"
ပိုင်ချုံးက ရယ်မောရင်း ယပ်တောင်ကို ပိတ်လိုက်လေသည်။ ပုယန်ရုက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
"မျိုးပြုန်းသွားတဲ့ မိန်းမတစ်ယောက်ပါရှင်... သူ့မှာ ပါရမီလေး နည်းနည်း ရှိနေလို့သာ အသက်ရှင်ခွင့် ရနေတာ၊ ကျွန်မက နည်းနည်းလေး သဘောကောင်းပြလိုက်တာနဲ့ ဒီအရူးမက ကျေးဇူးတင်မဆုံး ဖြစ်နေတာလေ၊ ကိုယ်က ဘာမှ ပေးဆပ်စရာ မလိုဘဲ မျက်နှာရမယ့် ကိစ္စမျိုးကို ဘာလို့ လက်လွှတ်ခံရမှာလဲ"
"ဒါပေမဲ့ အခုတော့ သူ့သက်တမ်းက ကုန်တော့မှာပါ... သခင်လေးတို့အနေနဲ့ ဘာမှ ထပ်စိတ်ပူနေစရာ မလိုပါဘူး"
ပာယန်ရု၏ စကားကြောင့် ချီဟုန်ပေါ် ခေတ္တမျှ ကြောင်သွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
ချီဟုန်ပေါ်တို့နှင့် ဝိုင်အနည်းငယ် သောက်ပြီးနောက် ပုယန်ရု ပြန်သွားလေသည်။ သူမ ထွက်သွားသည်နှင့် ချီဟုန်ပေါ်နှင့် ပိုင်ချုံးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ထို့နောက် ချီဟုန်ပေါ်က ထိုင်ခုံကို မှီချလိုက်ပြီး စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ကောလာဟလတွေက အမှန်ပဲ ထင်တယ်"
ပိုင်ချုံးကလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဒီ ပုယန်ရု လိမ်ပြောနေပုံ မရဘူး"
လီကန်းမှာ ဘာမှ နားမလည်ဘဲ မေးလိုက်သည်။
"သခင်လေးချီ၊ ရှောင်ပိုင်... မင်းတို့ ဘာတွေ ပြောနေကြတာလဲ... ငါတော့ နားမလည်ဘူး"
တောက်လျှောက် တိတ်ဆိတ်နေသော ကျုံးအန်းအန်းက သက်ပြင်းချလိုက်ပြီး ဝင်ပြောလိုက်သည်။
"လီကန်း... သခင်လေးချီတို့ ပြောနေတာက ကျိန်စာနတ်ဘုရားမက ဒီလောက် ကြီးကျယ်တဲ့ မွေးနေ့ပွဲ လုပ်တာ အဆင့်တက်ဖို့ ပြင်ဆင်နေတာတဲ့"
ထိုစကားကြောင့် လီကန်း တုန်လှုပ်သွားသည်။
"ဒါဆို ဆိုလိုတာက..."
"ဟုတ်တယ်"
ချီဟုန်ပေါ်က ခေါင်းညိတ်လိုက်သည်။
"ခုနက သခင်မလေးပု စကားတွေ အများကြီး ပြောသွားတယ်၊ ကျိန်စာနတ်ဘုရားမက လုံလောက်တဲ့ စွမ်းအားတွေ စုဆောင်းမိနေပြီ၊ အခု စစ်မှန်တဲ့ အင်မော်တယ်သခင် အဆင့်ကို တက်လှမ်းပြီး ရှေးဟောင်း နတ်ဘုရား အဆင့်ကို ရောက်တော့မယ်နဲ့ တူတယ်"
"ဟစ်..."
လီကန်းမှာ ထိုစကားကို ကြားပြီး လေအေးများကို ရှူရှိုက်လိုက်မိသည်။
သူသည် ဉာဏ်ထိုင်းသူ ဖြစ်သော်လည်း ဤအဓိပ္ပာယ်ကို နားလည်လေသည်။ ရှေးဟောင်း နတ်ဘုရား အဆင့် ဆိုသည်မှာ နယ်ပယ်တစ်ခုလုံး၏ ရှင်သန်ခြင်း၊ သေခြင်းကို လွှမ်းမိုးနိုင်သူ ဖြစ်သည်။
ထျန်ကျောက်နယ်ပယ်တွင် လူလုံးမပြသည်မှာ ကြာပြီဖြစ်သော ထျန်ကျောက် နတ်ဘုရားမင်းကြီး တစ်ပါးတည်းသာ ရှေးဟောင်း နတ်ဘုရား အဆင့် ရှိလေသည်။ အကယ်၍ ကျိန်စာ နတ်ဘုရားမသာ အဆင့်တက်လှမ်းခြင်း အောင်မြင်သွားပါက ကြောက်မက်ဖွယ် ကောင်းသော ဂယက်ရိုက်ခတ်မှုကြီး ဖြစ်လာပေလိမ့်မည်။
"မဖြစ်ဘူး... ဒီကိစ္စကို ခန်းမသခင်ဆီ ချက်ချင်း သတင်းပို့မှ ဖြစ်မယ်၊ ငါအရင် သွားနှင့်ပြီ"
ထိုသို့ပြောပြီးသည်နှင့် လီကန်းသည် ခုန်ထွက်သွားပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်သွားလေသည်။ ကျီဟောင်ချုံးက လီကန်း ထွက်သွားသည်ကို အထင်သေးစွာ ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။
"တုံးလိုက်တဲ့ကောင်... ဒီလို အရေးကြီးတဲ့ သတင်းကို အခုမှ သိတယ်တဲ့လား၊ သခင်လေးချီ၊ ဘာလို့ ဒီလိုကောင်ကို အမြဲ ဖိတ်ခေါ်နေတာလဲ"
ချီဟုန်ပေါ်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"သူက နည်းနည်း တုံးပေမယ့် အမဲလိုက်ခွေးကောင်း တစ်ကောင်လေ၊ ခုနကလိုပေါ့... ငါဘာမှ ပြောစရာ မလိုဘဲ ငါ့အစား ဝင်ကိုက်ပေးတယ်လေ"
ကျီဟောင်ချုံးက ခေါင်းညိတ်လိုက်သည်။
"ဒါလည်း ဟုတ်တာပဲ... အလကားရတဲ့ ခွေးတစ်ကောင်ကို ငါလည်း လိုချင်တာပေါ့"
ထိုစဉ် ပိုင်ချုံးက ရုတ်တရက် ပြောလိုက်သည်။
"သခင်လေးချီ... ခုနက လူငယ်လေးရဲ့ စွမ်းအားကတော့ လျှော့တွက်လို့ မရဘူးနော်"
အခြားသူများလည်း ထောက်ခံလိုက်ကြသည်။ လီကန်းကို လက်တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် လုပ်နိုင်သူသည် အနည်းဆုံး ဘုရင်အဆင့်တွင် ရှိပေသည်။သို့သော် ချီဟုန်ပေါ်က ထိုစကားကို ကြားပြီး မောက်မာစွာ ရယ်မောလိုက်လေသည်။
"သူ့စွမ်းအားက မဆိုးပါဘူး၊ အရင်ကဆိုရင်တော့ ငါနည်းနည်း ကြောက်မိမှာပဲ... ဒါပေမဲ့ အခုတော့..."
ထိုသို့ပြောနေရင်းဖြင့် ချီဟုန်ပေါ်၏ ရှေ့တွင် အပြာရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။ ထိုမီးတောက် ပေါ်လာသည်နှင့် တစ်ခန်းလုံးရှိ အပူချိန်မှာ ရုတ်ခြည်း မြင့်တက်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အခန်းထဲရှိ ဖန်ခွက်၊ ကြွေခွက်များအားလုံး ကွဲအက်ကုန်လေသည်။
"ဒါက... ကောင်းကင်မီးတောက်ပဲ"
ပိုင်ချုံးမှာ လန့်သွားပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။
ချီဟုန်ပေါ်က ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်၊ ဒါက ငါအိမ်က မထွက်ခင် အဖေကိုယ်တိုင် ပေးအပ်လိုက်တဲ့ ကောင်းကင်မီးတောက်အမြုတေ တစ်ပိုင်းတစ်စပဲ၊ ဒီအရာ ရှိနေသရွေ့... ငါ့မျက်လုံးထဲမှာ ဘယ်သူမဆို ပုရွက်ဆိတ်တွေပါပဲ”
အခန်း (၁၀၈၃) - ပရိယာယ်များနှင့် တိုက်ပွဲများ
ချီဟုန်ပေါ်၏ စကားသံအဆုံးတွင် ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားချေသည်။ အားလုံး၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများ အထင်းသား ပေါ်လွင်နေပြီး ထိုမီးတောက်ငယ်ကိုသာ ငေးမောကြည့်ရှုနေမိကြသည်။
အကြောင်းရင်းမှာ ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်စုသည် နတ်ဘုရားနယ်ပယ်ရှိ အကြမ်းတမ်းဆုံး နေရာများထဲမှ တစ်ခုဖြစ်သော ကောင်းကင်မီးတောက် ချောက်နက်ကြီးကို ပိုင်စိုးထားသဖြင့် ထူးကဲမြင့်မြတ်သော အဆင့်အတန်းတစ်ရပ်ကို ရရှိထားသောကြောင့် ဖြစ်သည်။
ထိုနေရာတွင် နှစ်ပေါင်းတစ်ထောင်လျှင် တစ်ကြိမ် အလွန်စွမ်းအားကြီးမားသော ကောင်းကင်မီးတောက်အမြုတေတစ်ပိုင်းတစ်စ စုစည်းဖြစ်ပေါ်လာတတ်သည်ဟု ဆိုစမှတ်ပြုကြသည်။
ထိုမီးတောက်သည် အရာရာကို လောင်ကျွမ်းဖျက်ဆီးနိုင်စွမ်းရှိပြီး ဓာတ်ကြီးငါးပါး၏ ချုပ်ထိန်းမှုအောက်မှ ကင်းလွတ်နေပေသည်။ တစ်ကြိမ် လောင်ကျွမ်းသွားသည်နှင့် ငြိမ်းသတ်ရန် အလွန်ခက်ခဲလှပြီး အမှန်တကယ်ပင် အဆိပ်ပြင်းကာ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မျိုး ဖြစ်သည်။
ရှည်လျားသော ကာလတစ်ခုကြာပြီးနောက်တွင် ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်စုသည် ကောင်းကင်မီးတောက်ကို စုစည်းစေမည့် လျှို့ဝှက်နည်းလမ်းကို တတ်မြောက်သွားခဲ့ကြပြီး နတ်ဘုရားနယ်ပယ်တစ်ခုလုံးတွင် အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ်သို့ ခုန်တက်သွားနိုင်ခဲ့လေသည်။
ယခုတွင် ချီဟုန်ပေါ်သည် ကောင်းကင်မီးတောက်တစ်ပိုင်းတစ်စကို ရရှိထားရုံသာမက ထိုမီးတောက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်းရှိကြောင်းလည်း ရှင်းလင်းစွာ သက်သေပြလိုက်ပြီ ဖြစ်သည်။
ထို့ကြောင့် မာနထောင်လွှားလှပါသည်ဆိုသော ကျီဟောင်ချုံးပင်လျှင် ဤအခြေအနေ၌ ခေါင်းမငုံ့ဘဲ မနေနိုင်တော့ချေ။
လူအများ၏ လေးစားအားကျသော အကြည့်များကို ခံစားလိုက်ရသဖြင့် ချီဟုန်ပေါ်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ပေါ့ပါးစွာ ပြောလိုက်လေသည်။
"အဲဒီအချိန်ကျရင် အဲဒီကောင် ငါ့ရှေ့မှာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်လာစေရမယ်"
အားလုံးက ခေါင်းငုံ့ထားကြသော်လည်း ကျုံးအန်းအန်းကမူ ချီဟုန်ပေါ်၏ ကျောပြင်ကို ကြည့်ရင်း ထိုလူငယ်၏ ပုံရိပ်က သူမခေါင်းထဲတွင် ဖြတ်ခနဲ ပေါ်လာသည်။
သူမ၏ စူးရှသော ဆဋ္ဌမအာရုံအရ အရာရာသည် ချီဟုန်ပေါ် ပြောသလောက် မရိုးရှင်းနိုင်ဟု ခံစားနေရလေသည်။
ချီဟုန်ပေါ်နှင့် အခြားသူများ ကျောက်စိမ်းစားသောက်ပွဲရုံတွင် ပျော်ပါးနေကြစဉ် ပုယန်ရုသည် ကျိန်စာသင့်မြို့တော်၏ အလယ်ဗဟိုရှိ ကောင်းကင်ယံသို့ ထိုးဖောက်မတတ် မြင့်မားလှသော မျှော်စင်ကြီး၏ အောက်ခြေသို့ ရောက်ရှိနေလေသည်။
မည်းနက်သော အရောင်ရှိသည့် ထိုမျှော်စင်ကြီးသည် ကျိန်စာသင့်မြို့တော်တစ်ခုလုံး၏ ထင်ရှားသော ပြယုဂ်တစ်ခု ဖြစ်သလို ကျိန်စာနတ်ဘုရားမ ကိုယ်တိုင် စံမြန်းရာ နေရာလည်း ဖြစ်သည်။
ထိုအချိန်၌ ကျိန်စာမျှော်စင်ကြီးသည် ကြယ်ရောင်များပင် ထိုးဖောက်နိုင်ခြင်း မရှိလောက်အောင် ထူထပ်သော အမှောင်ထုများ ဝန်းရံလျက် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေသည်။
ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လွန်းလှသဖြင့် ကိုယ့်နှလုံးခုန်သံကိုပင် ပြန်လည်ကြားယောင်နေရသည်။
ဤတိတ်ဆိတ်သော အမှောင်ထုထဲတွင် အလွန်စွမ်းအားကြီးသော ကျိန်စာသင်္ကေတများ ပုန်းအောင်းနေကြောင်း၊ သာမန်လူတစ်ယောက်အနေဖြင့် ခြေတစ်လှမ်း မှားလိုက်သည်နှင့် ထာဝရ ကျိန်စာသင့်သွားမည့် ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရနိုင်ကြောင်း ပုယန်ရု ကောင်းစွာ သိထားလေသည်။
သို့သော် ပုယန်ရုသည် မြေပြင်ညီတွင် လမ်းလျှောက်နေသကဲ့သို့ပင် ပေါ့ပါးစွာဖြင့် ခြေလှမ်းအနည်းငယ် အတွင်းမှာပင် မျှော်စင်ထဲသို့ ဝင်ရောက်သွားလေသည်။
မျှော်စင်ထဲသို့ ရောက်သည်နှင့် ပတ်ဝန်းကျင် အနေအထားသည် ရုတ်ခြည်း ပြောင်းလဲသွားသည်။
မြေပြင်ပေါ်တွင် ဆူးညှောင့်ခလုတ်များ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော စပျစ်နွယ်ပင်များ ရှုပ်ယှက်ခတ် ပေါက်ရောက်နေသည်။ ထို့အပြင် မရေမတွက်နိုင်သော အဆိပ်ပြင်း မြွေများသည်လည်း မြေပြင်ပေါ်တွင် တွားသွားနေကြသည်။
ပုယန်ရု ဝင်လာသည်နှင့် ထိုမြွေများသည် ခေါင်းထောင်လာကြပြီး လောဘတကြီး စိုက်ကြည့်နေကြလေသည်။ မြွေဆိပ်များ တောက်ခနဲ ကျဆင်းသွားကာ မြေပြင်ပေါ်တွင် ထူးဆန်းပြီး ဆွဲဆောင်မှုရှိသော ပန်းပွင့်လေးများအဖြစ် ပွင့်အာလာကြသည်။
ပုယန်ရုက အသက်ပြင်းပြင်း ရှူလိုက်ပြီး တိုးညှင်းစွာ ခေါ်လိုက်သည်။
"ဆရာသခင်"
ခဏအကြာတွင် လေဟာနယ်ထဲမှ ဖျော့တော့သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ရောက်လာပြီလား"
ထိုအသံ ထွက်ပေါ်လာသည်နှင့် အဆိပ်ရှိသော သတ္တဝါများ၊ ဆူးညှောင့်များနှင့် စပျစ်နွယ်ပင်များ အားလုံးသည် တစ်နေရာတည်းသို့ အလုအယက် စုဝေးသွားကြပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ရက်စက်၊ ယုတ်မာသော အငွေ့အသက်များ လွှမ်းခြုံနေသည့် ပလ္လင်တစ်ခုအဖြစ် ပြောင်းလဲသွားကြလေသည်။
ထို့နောက် ဝါးတားတား ပုံရိပ်တစ်ခုသည် ပလ္လင်ပေါ်တွင် တဖြည်းဖြည်း ပေါ်လာသည်။ ခဏကြာမှသာ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေ၊ မီးတောက်ကဲ့သို့ နီရဲသော နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ပလ္လင်ပေါ်တွင် ပေါ်ထွက်လာလေသည်။
ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် ပုယန်ရုသည် မြေပြင်ပေါ်တွင် ရိုသေစွာ ဒူးထောက်လိုက်လေသည်။
"ဆရာသခင်ကို ဂါရဝပြုပါတယ်"
မှန်ပေသည်။ ထို အသက် (၂၀) ဝန်းကျင်သာ ရှိပုံရသော ဤမိန်းကလေးသည် လူပေါင်းများစွာကို ကြောက်ရွံ့တုန်လှုပ်စေသော ကျိန်စာနတ်ဘုရားမပင် ဖြစ်သည်။
သူမက ပုယန်ရုကို ငုံ့ကြည့်လိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။
"မြို့ထဲက အခြေအနေ ဘယ်လိုရှိလဲ"
"ဆရာသခင်... ကောင်းကင်မီးတောက်မျိုးနွယ်၊ ထိုက်ယင်နတ်ဘုရားမျိုးနွယ်၊ ရှေးဟောင်းသံစဉ်ဂိုဏ်း၊ ဝူထုံဂိုဏ်းတော်နဲ့ တခြား အင်အားစုတွေ အားလုံး ကိုယ်စားလှယ်တွေ လွှတ်လိုက်ကြပါပြီ၊ တခြား စွမ်းအားရှင်တွေလည်း ဒီကို ရောက်နေကြပါတယ်"
"ဆရာသခင် မှာကြားထားတဲ့အတိုင်း ဆရာသခင် အဆင့်တက်တော့မယ်ဆိုတဲ့ သတင်းကိုလည်း ဖြန့်ထားပြီးပါပြီ၊ သူတို့အားလုံး ဒီကိစ္စကြောင့် ရောက်လာကြပုံပါပဲ"
ကျိန်စာနတ်ဘုရားမက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းတယ်... ဒီလူတွေက သိပ်တော့ မတုံးကြဘူးပဲ"
ထိုအချိန်တွင် ပုယန်ရုက အနည်းငယ် တုံ့ဆိုင်းနေပြီး မေးလိုက်သည်။
"ဆရာသခင်... ဒါပေမဲ့ တပည့် နားမလည်သေးတာ တစ်ခုရှိပါတယ်၊ ဘာလို့ ဆရာသခင်က ဒီသတင်းကို အတိအလင်း ကြေညာခိုင်းရတာလဲ၊ နတ်ဘုရားဘုရင်များ သိသွားရင်..."
ကျိန်စာနတ်ဘုရားမ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"အင်မော်တယ်သခင်အဆင့်ကို တက်လှမ်းပြီး ရှေးဟောင်းနတ်ဘုရားအဆင့်ဝင် စွမ်းအားရှင်တစ်ယောက် ဖြစ်လာရင် ဘာတွေ ဖြစ်လာမလဲဆိုတာကို မင်း နားမလည်သေးပါဘူး"
"အရင်တုန်းက ငါ့ရဲ့ စွမ်းအားက နတ်ဘုရားဘုရင်နဲ့ ယှဉ်နိုင်လုနီးပါး ရှိပေမယ့် သူက ငါ့ကို အချိန်မရွေး အစပျောက်သွားအောင် သတ်ပစ်နိုင်တယ်"
"ဒါပေမဲ့ ငါသာ အင်မော်တယ်သခင်အဆင့်ကို တက်လှမ်းပြီး ရှေးဟောင်းနတ်ဘုရားအဆင့်ဝင် ဖြစ်သွားရင်တော့ ဒီစကြဝဠာကြီးထဲမှာ ငါ့ကို လုံးဝ အစပျောက်သွားအောင် သတ်နိုင်တဲ့အရာ သိပ်မရှိတော့ဘူး... အဲဒီကျရင် နတ်ဘုရားဘုရင် ကိုယ်တိုင်တောင် ငါ့ကို ရန်စရင် ဘာဖြစ်မလဲဆိုတာ သူနှစ်ခါပြန် စဉ်းစားရလိမ့်မယ်"
"အထူးသဖြင့် ငါက ကာကွယ်ဖို့ အခက်ခဲဆုံး ဖြစ်တဲ့ ကျိန်စာလမ်းစဉ်ကို လိုက်စားထားတာဆိုတော့ အခုလောက်ဆို နတ်ဘုရားဘုရင်လည်း ငါ့ကြောင့် ခေါင်းကိုက်နေလောက်ပြီ"
ထိုသို့ပြောကာ ကျိန်စာနတ်ဘုရားမက မူရာမာယာ ကြွယ်စွာဖြင့် ရယ်မောလိုက်လေသည်။
ပုယန်ရုမှာ ခေါင်းညိတ်ပြီး လိုက်ရယ်လိုက်မိသည်။
"သဘောပေါက်ပါပြီ... ဆရာသခင်၊ ဒါဆို နောက်ပိုင်းကျရင်..."
သူမ စကားမဆုံးခင်မှာပင် ကျိန်စာနတ်ဘုရားမက လက်ကာပြလိုက်ပြီး ပြောလိုက်၏။
"မင်းဘာပြောချင်လဲ ငါသိပါတယ်၊ ဒါပေမဲ့ ထျန်ကျောက်က ဒီနတ်ဘုရားနယ်ပယ်ကို အုပ်စိုးလာတာ နှစ်ပေါင်း တစ်သောင်းလောက် ရှိနေပြီ၊ အဲ့ဒီအဘိုးကြီးမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ဝှက်ဖဲတွေ ရှိနေဦးမှာ၊ ငါက သူ့နေရာကို အစားထိုးချင်တယ်ဆိုရင်တောင် တစ်ညတည်းနဲ့ ဖြစ်လာမှာ မဟုတ်ဘူး"
"ပြီးတော့... ငါတို့ အားလုံးက ထျန်ကျောက်နယ်ပယ်ရဲ့ အစိတ်အပိုင်းတွေပဲလေ၊ အေးအတူ ပူအမျှပဲ၊ အခုအချိန်မှာ ငါတို့အချင်းချင်း ပြန်တိုက်ခိုက်နေရင် တခြားသူတွေ အခွင့်ကောင်း ယူသွားလိမ့်မယ်၊ နတ်ဘုရားဘုရင်ရဲ့ နောက်ကွယ်မှာပဲ ပုန်းနေပြီး တဖြည်းဖြည်းချင်း အင်အားမွေးတာ ပိုကောင်းတယ်၊ နတ်ဘုရားဘုရင်လည်း ဒီလိုပဲ တွေးနေလောက်ပါတယ်"
အမှန်တကယ်ပင် ကျိန်စာနတ်ဘုရားမသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင် အတွင်း ထျန်ကျောက် နတ်ဘုရားများကြား၌ အလျင်မြန်ဆုံး တက်လှမ်းလာနိုင်သည့် နတ်ဘုရားမသစ် ဖြစ်ရခြင်းနှင့် ထိုက်တန်ပေသည်။ အနည်းဆုံးတော့ သူမ၏ ဉာဏ်ရည်နှင့် အမြော်အမြင်သည် အလွန် ရှင်းလင်းပြတ်သားလှသည်။
ပုယန်ရုက မြှောက်ပင့်စကား အနည်းငယ် ပြောလိုက်ပြီးမှ ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားကာ လေးနက်စွာ ပြောလိုက်လေသည်။
"ဆရာသခင်... ချူရှောင်ယွင်လည်း ကျိန်စာသင့်မြို့တော်ကို ပြန်ရောက်နေပါတယ်"
"ဟုတ်လား... သူပြန်ရောက်လာတာ အချိန်ကိုက်ပဲ၊ သူ့ရဲ့ သွေးမျိုးဆက်ပါရမီက ငါ့အတွက် အသုံးမဝင်တော့ဘူး၊ ဒါဆို သူ့ကို မင်းလက်ထဲပဲ အပ်လိုက်တော့မယ်"
ကျိန်စာနတ်ဘုရားမက ဂရုမစိုက်သလို ပြောလိုက်သည်။
ပုယန်ရုက ဝမ်းသာအားရ ဖြစ်သွားလေသည်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
ပုယန်ရုက ခေါင်းငုံ့လိုက်သည်။
"ဒါပေမဲ့ ဒီတစ်ခါ ချူရှောင်ယွင် ပြန်လာတာ တစ်ယောက်တည်း မဟုတ်ပါဘူး၊ ထူးဆန်းတဲ့ ယောက်ျားတစ်ယောက် ပါလာပါတယ်"
"ဟော... ထူးဆန်းတဲ့ ယောက်ျားတစ်ယောက် ဟုတ်လား"
ကျိန်စာနတ်ဘုရားမက အနည်းငယ် စိတ်ဝင်စားသွားသည်။
"ဟုတ်ပါတယ်"
ထိုသို့ ပြောပြီးနောက် ပုယန်ရုသည် ကျောက်စိမ်းစားသောက်ပွဲရုံတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်လေသည်။
ထိုအကြောင်းကို ကြားသောအခါ ကျိန်စာနတ်ဘုရားမသည် သူမ၏ နတ်ဘုရားပလ္လင်ပေါ်တွင် မှီချလိုက်ပြီး ရှည်လျားလှပသော ခြေထောက်များကို ချိတ်ကာ ပေါ့ပါးစွာ ပြောလိုက်လေသည်။
"ဘုန်းတန်ခိုးကြီးကျောင်းတော်က ဆက်ခံသူကိုတောင် ရိုက်ချက်တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်ဆိုတော့ သူ့စွမ်းအားက မဆိုးဘူးပဲ၊ နင်တို့လည်း တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ သူက အပြင်လောကက လာတဲ့ လူငယ်ပါရမီရှင်တစ်ယောက် နေမှာပါ"
"အပြင်လောက..."
ပုယန်ရုသည် စကားရပ်သွားပြီးမှ အံ့သြတကြီး မေးလိုက်သည်။
"ဆရာသခင် ဆိုလိုတာက သူက တခြား စကြဝဠာတစ်ခုကနေ ဒီကို ရောက်လာတာလား... ဒါဆို သူ့ရဲ့ စွမ်းအားက..."
ကျိန်စာနတ်ဘုရားမက လက်ကာပြလိုက်သည်။
"အဲဒီလောက်လည်း အံ့သြစရာ မဟုတ်ပါဘူး၊ တရားဝင် သတ်မှတ်ချက်အရ အင်မော်တယ်သခင်အဆင့် စွမ်းအားရှင်တွေပဲ စကြဝဠာတွေကြား လွတ်လပ်စွာ သွားလာနိုင်တာ မှန်ပေမယ့်... ကောင်းမွန်တဲ့ ကြယ်တာရာဖြတ်သန်း သင်္ဘောတစ်စင်း ရှိရင်လည်း သွားချင်ရာ သွားလို့ ရတာပါပဲ"
"ဟုတ်ကဲ့ပါ... တပည့် နားလည်ပါပြီ"
ပုယန်ရုက သက်ပြင်းချလိုက်မိသည်။
"ကျစ်... ကျစ်... နင် ပြောပုံအရဆိုရင် သူက အတွေ့အကြုံ မရှိသေးတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပုံရတယ်၊ ငါ အပြင်လောကက လူငယ်တစ်ယောက်ရဲ့ အရသာကို မမြည်းစမ်းရတာတောင် တော်တော် ကြာပြီပဲ"
ထိုသို့ပြောနေရင်းဖြင့် ကျိန်စာနတ်ဘုရားမသည် လျှာကို ထုတ်ကာ သူမ၏ နှုတ်ခမ်းများကို ဆွဲဆောင်မှုရှိစွာ သပ်လိုက်ပြီး ပုယန်ရုကို လက်ညှိုးကွေးကာ လှမ်းခေါ်လိုက်လေသည်။
"ဒီကို လာခဲ့စမ်း"
ပုယန်ရုမှာ တစ်ကိုယ်လုံး တုန်တက်သွားပြီးနောက် သူမ၏ မျက်နှာတွင် ပြုစားခံလိုက်ရသည့် ပုံစံမျိုးဖြစ်သွားသည်။
"ဟုတ်ကဲ့ပါ ဆရာသခင်"
"ဟမ့်..."
"ဟုတ်ကဲ့ပါ... ကျွန်မရဲ့ သခင်မ”