← Chapters

အခန်း (၁၀၈၄-၁၀၈၆)

Vol. 73 Ch. 1084-1086

အခန်း (၁၀၈၄-၁၀၈၆)

Vol. 73 Ch. 1084-1086

အခန်း (၁၀၈၄) - နတ်ဘုရားမ မွေးနေ့နှင့် အစပျိုးလာသော မုန်တိုင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားပြီး နောက်ဆုံး၌ နတ်ဘုရား မွေးနေ့မင်္ဂလာ ကျရောက်မည့်ရက်သို့ ရောက်ရှိလာခဲ့လေသည်။

ကျိန်စာသင့်မြို့တော်တစ်ခုလုံးသည် နယ်ပယ်အသီးသီးမှ ရောက်ရှိလာကြသော စွမ်းအားရှင်များနှင့် ပြည့်နှက်နေသည်။ ကြီးကျယ်ခမ်းနားလှသော ပွဲတော်ကြီးသည်လည်း တဖြည်းဖြည်း အစပျိုးလာခဲ့လေသည်။

မြို့လယ်ရှိ အနက်ရောင် မျှော်စင်ကြီးများ၏ ရှေ့တွင် ကျိန်စာနတ်ဘုရားမသည် သူမ၏ အလွန်ကြီးမားသော ဘုန်းတန်ခိုးစွမ်းအားကို အသုံးပြု၍ ဤပွဲတော်အတွက် သီးသန့် နေရာလပ်တစ်ခုကို ဖန်တီးထားလေသည်။

"ဘုန်းတန်ခိုးကြီးကျောင်းတော်မှ ခန်းမသခင်၊ အကြီးအကဲများ၊ စစ်မှန်သော တပည့်ကျော်များနဲ့အတူ လီကန််းရောက်ရှိ... ဂုဏ်ပြုအပ်ပါတယ်"

"ဝူထုံဂိုဏ်းချုပ်ကြီး ကိုယ်စား ပုယန်ရုရောက်ရှိ... ဂုဏ်ပြုပါတယ်"

"ထိုက်ယင်နတ်ဘုရားမျိုးနွယ်မှ သခင်မလေး ကျုံးအန်းအန်း ရောက်ရှိ... ဂုဏ်ပြုအပ်ပါတယ်"

"ရှေးဟောင်းသံစဉ်ဂိုဏ်းမှ ပိုင်ချုံးရောက်ရှိ... ဂုဏ်ပြုပါတယ်"

ထိုသိာ့နှုတ်ခွန်းဆက်သံများ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။ ဝင်ပေါက်တွင် စုဝေးနေသော လူအုပ်ကြီးမှာ ပို၍ပင် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။

"အရင်နှစ်တွေတုန်းကလည်း နတ်ဘုရား် မွေးနေ့ပွဲ လုပ်တာပဲ... ဒါပေမဲ့ သက်ဆိုင်ရာ နယ်ပယ်တွေက ကိုယ်စားလှယ် လွှတ်ရုံလောက်ပဲလေ၊ ဒီနှစ်ပွဲက ဒီလောက် ခမ်းနားမယ်လို့ ဘယ်သူ ထင်မှာလဲ... နယ်ပယ်အသီးသီးက အစွမ်းထက်တဲ့ သူရဲကောင်းတွေ အကုန်လုံးနီးပါး ရောက်လာကြတာပဲ"

လူတစ်ဦးက အံ့သြတကြီး ရေရွတ်လိုက်လေသည်။

"ဒါပေါ့... လာတဲ့သူတွေကို ကြည့်လိုက်ဦး၊ တစ်ယောက်ချင်းစီက ဩဇာအာဏာ ကြီးမားတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ၊ ဒီပွဲပြီးရင် ကျိန်စာနတ်ဘုရားမရဲ့ ဂုဏ်သတင်းက ပိုပြီး ကျော်ကြားလာတော့မှာပဲ"

အခြားတစ်ဦးကလည်း သက်ပြင်းချရင်း ပြောလိုက်သည်။

ထိုစဉ်မှာပင် အဝေးမှ လူအုပ်ကြီးကြား၌ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး မကြာမီတွင် ချီဟုန်ပေါ်သည် မောက်မာစွာ လမ်းလျှောက်လျက် ထွက်ပေါ်လာလေသည်။

"ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်မှ သခင်လေးချီဟုန်ပေါ် ရောက်ရှိ... ဂုဏ်ပြုပါတယ်"

ဝုန်း...

လူအုပ်ကြီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အံ့သြတကြီး တီးတိုးပြောဆိုသံများ ထွက်ပေါ်လာတော့သည်။

"ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်က လူတွေတောင် ရောက်လာကြတယ်ဟေ့"

"ပြီးတော့ ကောင်းကင်မီးတောက် သခင်လေး ကိုယ်တိုင်ပဲ... ဒါက နတ်ဘုရားမအတွက် တကယ့်ကို ဂုဏ်ရှိစေတာပဲ"

ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်သည် နတ်ဘုရားနယ်ပယ်တွင် အင်အားအကြီးဆုံး မျိုးနွယ်စုများထဲမှ တစ်ခုအဖြစ် လူသိများပြီး သခင်လေး ဖြစ်သူ ချီဟုန်ပေါ်သည်လည်း အလွန် မြင့်မြတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူကိုယ်တိုင် လာရောက်ခြင်းက ကျိန်စာနတ်ဘုရားမ၏ ဩဇာအာဏာ ကြီးမားကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်သည်။

ချီဟုန်ပေါ်သည် လူထောင်ပေါင်းများစွာ၏ အားကျလေးစားမှုကို ခံယူရင်း ယာယီ တည်ဆောက်ထားသော ကောင်းကင်စင်မြင့်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေသည်။

"သခင်လေးချီ..."

"မင်္ဂလာပါ သခင်လေးချီ..."

သူဝင်လာသည်နှင့် နှုတ်ဆက်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ချီဟုန်ပေါ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့ကို စောင့်ဆိုင်းနေသော ပိုင်ချုံးနှင့် အခြားသူများ ရှိရာသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်လေသည်။

"သခင်လေးချီ... ဒီနေ့ ဝတ်ထားတဲ့ ဝတ်ရုံနက်က သခင်လေးရဲ့ ခန့်ညားပြီး ထူးခြားတဲ့ ပုံစံကို ပိုပေါ်လွင်စေတာပဲဗျာ"

လီကန်းက ဖားသော အပြုံးဖြင့် ချီးကျူးလိုက်သည်။ ချီဟုန်ပေါ်က ထူးထူးခြားခြား ပြန်မပြောဘဲ ခန်းမကို ဝေ့ဝဲကြည့်လိုက်ကာ ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။

"ဟိုလူ မရောက်သေးဘူးလား"

ပိုင်ချုံးက ခေါင်းခါလိုက်သည်။

"ကျွန်တော် ရောက်ကတည်းက ကြည့်နေတာ၊ သူရော ဟို ချူရှောင်ယွင်ဆိုတဲ့ မိန်းကလေးရော အရိပ်အယောင်တောင် မတွေ့မိဘူး၊ မရောက်သေးဘူး ထင်တယ်"

"ဟွန့်... သူသာ လာရဲရင် ငါ သူ့အရေခွံကို ခွာပစ်မယ်"

လီကန်းက မည်သူ့ကို ရည်ရွယ်ပြောနေမှန်း သိသဖြင့် သူ့မျက်နှာပေါ်တွင် အမုန်းတရား အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

"ဒဏ်ရာတွေ ပျောက်လို့ ဒီလို စကားတွေ ပြောရဲနေတာလား"

ကျီဟောင်ချုံးက ရုတ်တရက် လှောင်ပြောင်သော လေသံဖြင့် ဝင်ပြောလိုက်သည်။

လီကန်းသည် ကျီဟောင်ချုံးကို အပြစ်မပြုလိုသဖြင့် လှောင်ပြောင်ခံရသော်လည်း အတင်းဟန်လုပ် ပြုံးလိုက်ရသည်။

"ပျောက်တာပေါ့... စိတ်မပူပါနဲ့ဗျာ၊ အဲဒီကောင်သာ ပေါ်လာရဲရင် ကျွန်တော်တို့ ကျောင်းတော်က သူ့ကို အရင်ဆုံး အလွတ်ပေးမှာ မဟုတ်ဘူး၊ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်တောင် ရောက်နေပြီလေ"

ထိုသို့ပြောရင်းဖြင့် လီကန်း၏ မျက်နှာတွင် ဘဝင်မြင့်သော အမူအရာ ပေါ်လာလေသည်။ ကျီဟောင်ချုံးက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။

ထိုအချိန်တွင် ပိုင်ချုံးက အေးစက်စွာ မှတ်ချက်ချလိုက်သည်။

"သူလာရဲမယ် မထင်ပါဘူး"

"ဟဲဟဲ... ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်၊ အဲဒီကောင် သိပ်မတုံးဘူးဆိုရင် အခုချက်ချင်း ဝေးရာကို ထွက်ပြေးသင့်တာပေါ့"

လီကန်းက ထပ်လောင်း ပြောဆိုလိုက်သည်။ ချီဟုန်ပေါ်က ဂရုမစိုက်သလို ပြောလိုက်သည်။

"သူလာလာ မလာလာ ကိစ္စမရှိပါဘူး"

"မှန်တာပေါ့... သခင်လေးချီ ပြောတာ အမှန်ပဲ"

လီကန်းက ထပ်မံ မြှောက်ပင့်လိုက်ပြန်သည်။

ထိုစဉ်မှာပင် ပုယန်ရုနှင့် ရွမ်ကျင်းရှိုးတို့သည် ကျက်သရေရှိစွာ လမ်းလျှောက်လာကြလေသည်။

ဝတ်စုံသစ်ကို ဆင်မြန်းထားသော ပုယန်ရုသည် ပို၍ လှပတင့်တယ်ကာ ဆွဲဆောင်မှု ရှိနေသည်။ သူမ၏ နောက်တွင် တောက်ပ၍ စိတ်လှုပ်ရှားနေသော ရွမ်ကျင်းရှိုး ပါလာသည်။

ချီဟုန်ပေါ်သည် သူမကို ကစားစရာ သက်သက်သာ သဘောထားကြောင်း သိသော်လည်း သူမ၏ တာဝန်ကျေပွန်မှုကြောင့် ပုယန်ရု၏ ဘေးတွင် ဧည့်ခံရန် တာဝန်ပေးခံရသဖြင့် ရွမ်ကျင်းရှိုးမှာ အလွန် ဝမ်းသာနေလေသည်။ ဤနေရာသည် ယခင်က သူမ အိပ်မက်ပင် မမက်ရဲသော နေရာမျိုးဖြစ်သည်။

"သခင်လေးချီနဲ့ ဧည့်သည်တော်ကြီးများရှင့်၊ ဆရာသခင် မကြာခင် ရောက်လာတော့မှာပါ၊ ခဏလောက် စောင့်ပေးကြပါဦးနော်"

ပုယန်ရုက ပြုံး၍ ပြောလိုက်သည်။

ချီဟုန်ပေါ်က ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်များက ရွမ်ကျင်းရှိုး ဆီသို့ ရောက်သွားသည်။ ရွမ်ကျင်းရှိုးမှာ တုန်လှုပ်သွားပြီး ရိုသေစွာ ဦးညွှတ်လိုက်လေသည်။

"သခင်လေးချီ..."

သို့သော် ချီဟုန်ပေါ်က သူမကို ဂရုပင် မစိုက်ဘဲ ခေါင်းလွှဲကာ ပုယန်ရုနှင့် စကားပြောနေလေသည်။ သို့တိုင်အောင် ရွမ်ကျင်းရှိုးမှာ ဂုဏ်ယူဝင့်ကြွားနေဆဲပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူအများက ခိုးကြည့်နေကြပြီး ဤလူစုလေးသည် ပွဲ၏ ဗဟိုချက် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူမ၏ ဂိုဏ်းတူ ညီအစ်မများမှာ မနာလိုဝန်တိုစိတ်ဖြင့် မျက်လုံးများပင် စိမ်းနေကြလေသညခ။

ထိုအချိန်၌ စင်မြင့်၏ ဝင်ပေါက်တွင် လူနှစ်ဦးမှ ဖြည်းညှင်းစွာ ဝင်ရောက်လာကြလေသည်။

ရှေ့မှ ဦးဆောင်လာသူမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ မျက်ခုံးများက ဓားသွားများအလား ထက်ရှပြီး မျက်လုံးများက ကြယ်တာရာများအလား တောက်ပနေကာ ပြင်ပအငွေ့အသက်များနှင့် ကင်းကွာနေသည့် ပုံစံမျိုး ရှိလေသည်။

သူ့နောက်တွင် မြွေတစ်ကောင်အလား ကောက်ကြောင်းလှပသော ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကလေးဆန်သည့် မျက်နှာပိုင်ရှင် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။

ထိုသူများကို မြင်လိုက်သည်နှင့် ချီဟုန်ပေါ်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားလေသည်။

မှန်ပေသည်။ ရောက်လာသူများမှာ ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့ပင် ဖြစ်သည်။ သူတို့၏ အသွင်အပြင်ကြောင့် ရောက်ရှိနေသူ အားလုံး အံ့သြသွားကြလေသည်။

"ဘယ်က ပါရမီရှင် လူငယ်လဲ၊ ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ"

"ဟိုမိန်းကလေးကိုတော့ ငါမြင်ဖူးတယ်၊ ကျိန်စာသင့်မြို့တော်က တပည့်ပဲ၊ နာမည်က ချူရှောင်ယွင်တဲ့၊ ဒါပေမဲ့ ရှေ့က လူငယ်ကိုတော့ ငါလည်း အခုမှ မြင်ဖူးတာ"

ထိုသို့ တီးတိုးပြောဆိုသံများကြားတွင် လီကန်းသည် အဝေးမှနေ၍ ရွှယ်အန်းကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်နေလေသည်။

"သူ တကယ်လာရဲတယ်ပေါ့..."

ရွှယ်အန်းသည် လီကန်း၏ အကြည့်ကို ခံစားမိသည့်အလား လှည့်ကြည့်လိုက်လေသည်။ ချီဟုန်ပေါ်နှင့် အခြားသူများကို မြင်သောအခါ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာကာ လက်ဖြင့် လည်ပင်းကို လှီးပြသည့် ပုံစံ လုပ်ပြလိုက်လေသည်။

ခန်းမတစ်ခုလုံး တုန်လှုပ်သွားကြသည်။

ချီဟုန်ပေါ်နှင့် အခြားသော ထိပ်သီး ပါရမီရှင်များကို ရဲရဲတင်းတင်း ခြိမ်းခြောက်ရဲသည့် ထိုလူသစ်၏ သတ္တိကို အားလုံးက အံ့သြမှင်သက်နေကြခြင်း ဖြစ်သည်။

ချီဟုန်ပေါ်၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက်သွားပြီး လီကန်းမှာမူ စိတ်မထိန်းနိုင်တော့ဘဲ ထိုနေရာမှာတင် ပြေးဝင် တိုက်ခိုက်ချင်စိတ်များ ပေါက်လာလေသည်။

ထိုခဏ၌ လေဟာနယ်ထဲမှ ပေါ့ပါးသော ရယ်မောသံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။

"အားလုံးကို အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်ရှင်"

ထိာအသံဆုံးသည်နှင့် စင်မြင့်၏ အဓိက ထိုင်ခုံနေရာတွင် တောက်ပသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေ၊ မီးတောက်ကဲ့သို့ နီရဲသော နှုတ်ခမ်းပိုင်ရှင် အမျိုးသမီးငယ် တစ်ဦး ပေါ်လာလေသည်။

သူမကို မြင်လိုက်သည်နှင့် ဧည့်သည်တော် အားလုံး မတ်တပ်ရပ်ပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

"ကျိန်စာနတ်ဘုရားမကို ဂုဏ်ပြုပါတယ်"

"နတ်ဘုရားမ မွေးနေ့မှာ ပျော်ရွှင်ပါစေ"

သူတို့၏ အသံများသည် ကျယ်လောင်ပြီး ဟိန်းထွက်နေသဖြင့် စင်မြင့်တစ်ခုလုံး တုန်ခါသွားစေသည်။

ကျိန်စာနတ်ဘုရားမသည် ခန်းမထဲကို ဝေ့ဝဲကြည့်လိုက်ရာ ဧည့်သည်များထဲတွင် စွမ်းအားရှင်များစွာ ပါဝင်နေသည်ကို တွေ့လိုက်ရသဖြင့် ကျေနပ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်လေသည်။

"သခင်လေးတို့က သဘောကောင်းလွန်းပါ တယ်ရှင်၊ ကျွန်မလို နတ်ဘုရားမ အငယ်စားလေးကို ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးတွေက ဒီလောက် အလေးထားကြတာ တကယ်ကို ဝမ်းသာစရာပါပဲ"

"နတ်ဘုရားမက နှိမ့်ချလွန်းနေပါပြီ၊ နတ်ဘုရားမရဲ့ ပွဲကို တက်ရောက်ခွင့်ရတာ ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာပါ"

နွားသိုးတစ်ကောင်အလား သန်မာထွားကျိုင်းသော လူတစ်ယောက်က လေးနက်စွာ ပြောလိုက်လေသည်။ ထိုသူမှာ လီကန်း၏ ဆရာ၊ လီနတ်ဘုရားကျောင်းဆောင်၏ ခန်းမသခင်ပင် ဖြစ်သည်။

"ဟုတ်တယ်... ခန်းမသခင်ကြီး ပြောတာ အမှန်ပဲ"

လူအုပ်ကြီးကလည်း စိတ်အားထက်သန်စွာ ထောက်ခံလိုက်ကြသည်။

ကျိန်စာနတ်ဘုရားမက အနည်းငယ် ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

ထိုစဉ် လူအုပ်ကြီးထဲမှ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း ကင်းမဲ့နေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

"လူတွေ... စုံပြီလား”

အခန်း (၁၀၈၅) - သေလမ်းကို အရင်ရွေးမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့

ဤသိာ့တိတ်ဆိတ်ငြိမ်သက်နေချိန်တွင် မဆီမဆိုင် ထွက်ပေါ်လာသော ထိုစကားသံကြောင့် ပရိသတ်တစ်ရပ်လုံး တုန်လှုပ်သွားကြပြီး အသံလာရာဆီသို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြလေသည်။

လူအုပ်ကြီးကြားထဲတွင် ရွှယ်အန်းသည် နှုတ်ခမ်းထောင့်စွန်း၌ ခပ်မဲ့မဲ့ အပြုံးတစ်ခုကို ချိတ်ဆွဲလျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်။

ချီဟုန်ပေါ်နှင့် အခြားသူများပင်လျှင် မျက်လုံးများ ပြူးကျယ်သွားကြပြီး ရွှယ်အန်းကို အံ့သြသံသယဖြင့် စိုက်ကြည့်နေကြလေသည်။

သူဘာလုပ်ချင်နေတာလဲ...

ထိုအချိန်၌ ကျိန်စာနတ်ဘုရားမသည် သူမ၏ နတ်ဘုရားပလ္လင်ထက်တွင် သက်တောင့်သက်သာ မှီထိုင်ကာ ရွှယ်အန်းကို စိတ်ဝင်တစား ကြည့်ပြီး ရယ်မောဟန်ဖြင့် မေးလိုက်လေသည်။

"လူစုံတာ မစုံတာက နင်နဲ့ ဘာဆိုင်လို့လဲ"

"ပြီးတော့... ငါမမှားဘူးဆိုရင် နင်က ဒီရက်ပိုင်း နာမည်ကြီးနေတဲ့ လူငယ်လေး မလား၊ ကျွတ်... ကျွတ်... ကြည့်ရတာ တော်တော် ချောသားပဲ"

ထိုသို့ပြောကာ ကျိန်စာနတ်ဘုရားမသည် နှုတ်ခမ်းကို သပ်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ရမ္မက်ဆန္ဒတို့ တောက်လောင်လာလေသည်။

ရွှယ်အန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"လူစုံပြီဆိုရင်တော့... ငါ ရိတ်သိမ်း ဖို့ အချိန်ကျပြီလေ"

ရိတ်သိမ်းမယ်...?

ထိုစကားကို ကြားသောအခါ ပရိသတ်တစ်ရပ်လုံး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပွက်ပွက်ညံအောင် ပေါက်ကွဲထွက်သွားကြတော့သည်။

"ဒီကောင် ဘယ်ကလဲဟ၊ လေကြီးလိုက်တာ"

"ဒီကောင်လေး ရူးနေလား၊ ကျိန်စာနတ်ဘုရားမနဲ့ ဂုဏ်သရေရှိ မျိုးနွယ်စုက သားရတနာတွေ ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတယ်လား"

ချီဟုန်ပေါ်လည်း အံ့သြသွားပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"တကယ့်ကို သေလမ်းရှာနေတာပဲ"

မှန်ပေသည်။ ကျိန်စာနတ်ဘုရားမ၏ မျက်နှာပေါ်မှ အပြုံးသည် ပို၍ အေးစက်ခက်ထန်လာလေသည်။

"ရိတ်သိမ်းမယ်... ဟား... ကောင်လေး၊ စကားမပြောခင် သေချာ စဉ်းစားဖို့ အကြံပေးလိုက်မယ်နော်၊ မဟုတ်ရင် အသက်ပျောက်သွားတာတောင် ဘာဖြစ်သွားမှန်း သိလိုက်မှာ မဟုတ်ဘူး"

ကျိန်စာနတ်ဘုရားမ၏ အသံမှာ တည်ငြိမ်နေသော်လည်း သူမအကြောင်း ကောင်းကောင်းသိသူများမှာ မျက်နှာပျက်သွားကြပြီး သူမ အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်ကြောင်း နားလည်လိုက်ကြသည်။ ထို့ကြောင့် လူအများစုမှာ ရွှယ်အန်းကို သေလူတစ်ယောက်အလား သနားစဖွယ် ကြည့်နေကြတော့သည်။

လူအများ၏ စုပြုံစိုက်ကြည့်မှုအောက်တွင် ရွှယ်အန်းသည် ဖြည်းညှင်းစွာ ပြုံးလိုက်ပြီးနောက် မျက်လွှာချကာ ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

"ငါ ဒီကို ဘာကိစ္စကြောင့် ရောက်လာလဲဆိုတာ မင်းသိလား"

"ဟော... ဘာကိစ္စကြောင့်လဲ၊ ငါ့ရဲ့ တပည့်ကောင်းလေးအတွက် လက်စားချေပေးမလို့တော့ မဟုတ်ပါဘူးနော်"

ကျိန်စာနတ်ဘုရားမသည် ရွှယ်အန်း နောက်တွင် ရပ်နေသော ချူရှောင်ယွင်ကို မြင်ပြီး ဖြစ်သဖြင့် လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။

သူမ ထိုသို့ ပြောလိုက်သည်နှင့် ရွမ်ကျင်းရှိုးကဲ့သို့သော အမျိုးသမီး တပည့်များမှာ လှောင်ပြောင် ရယ်မောလိုက်ကြသည်။ အထူးသဖြင့် ရွမ်ကျင်းရှိုးက ရိုင်းစိုင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကျစ်... ကျစ်... မိန်းကလေးချူရဲ့ အမြော်အမြင်က သိပ်မရှိပါလား၊ ဒီလို အရူးတစ်ယောက်ကိုမှ အားကိုးနေရတယ်လို့"

ချူရှောင်ယွင် တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်နှာ ဖြူဖျော့သွားသော်လည်း သူမ၏ မျက်လုံးများကမူ တစ်ခါမှ မရှိဖူးသော ပြတ်သားမှုများဖြင့် တောက်ပလာလေသည်။

"ဟုတ်တယ်"

ချူရှောင်ယွင်က ခေါင်းမော့လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။

"ကျွန်မနဲ့ သခင်ကြီးရွှယ်က ရှင်တို့အားလုံးကို လက်စားချေဖို့ သက်သက် လာခဲ့ကြတာ"

ဝုန်း...

ထိုစကားကို ကြားသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာတော့သည်။ အထူးသဖြင့် ချူရှောင်ယွင်နှင့် သိကျွမ်းသော အမျိုးသမီး တပည့်များမှာ အဆမတန် လှောင်ပြောင်နေကြသည်။

"မောက်မာလိုက်တာ၊ ဆရာသခင် ရှေ့မှာတောင် ဒီလို စကားမျိုး ပြောရဲတယ်ဆိုတော့၊ ချူရှောင်ယွင်က အသက်မရှင်ချင်တော့ဘူး ထင်တယ်"

"ဟုတ်တယ်... ဒီလို ပွဲကြီးလမ်းကြီးမှာ ဒီလိုစကားမျိုး ပြောရဲမှတော့ ဆရာသခင်က သူ့ကို လွှတ်ထားမှာ မဟုတ်ဘူး"

ပုယန်ရုပင်လျှင် ယခင်နေ့များကဲ့သို့ ကြင်နာသော အပြုံးမျိုး မရှိတော့ဘဲ သူမ၏ မျက်နှာတွင် အထင်သေးခြင်း ဝမ်းသာအားရ ဖြစ်ခြင်းများသာ ပြည့်နှက်နေလေသည်။

ထိုအခြေအနေမျိုးတွင် ဒေါသထွက်မည်ဟု အားလုံးက ထင်မှတ်ထားသော ကျိန်စာနတ်ဘုရားမသည် ရယ်မောလိုက်လေသည်။

"ဟော... ငါ့ကို လက်စားချေမလို့လား၊ ချူရှောင်ယွင်... ချူမိသားစုက လူတွေမှာ သတ္တိရှိတာတော့ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ ဦးနှောက်တော့ သိပ်မရှိကြဘူးပဲ၊ သူနဲ့ ငါ့ကို လက်စားချေမယ် ဟုတ်လား"

ကျိန်စာနတ်ဘုရားမသည် ရွှယ်အန်းကို လက်ညှိုးထိုးပြပြီး လှောင်ပြောင်လိုက်သည်။

"အခုချိန်မှာ အဲဒီစကားကို သူ ပြောရဲသေးလားဆိုတာ မေးကြည့်ပါဦး"

ချူရှောင်ယွင်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်မိသည်။

"သခင်ကြီး..."

သူမ၏ ရင်ထဲတွင် တင်းကျပ်လာသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက ခေါင်းငုံ့ထားပြီး တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။

မဖြစ်နိုင်တာ... တိုက်ပွဲဆင်နွှဲခါနီးမှ သူ တကယ်ပဲ နောက်ဆုတ်သွားတော့မှာလား

ချူရှောင်ယွင်၏ စိတ်ထဲတွင် ဗျာများနေစဉ် ကျိန်စာနတ်ဘုရားမသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ရွှယ်အန်းတို့ကို အထက်စီးမှ ငုံ့ကြည့်လိုက်လေသည်။

"ကောင်လေး... အခုချက်ချင်း ဒူးထောက်ပြီး အသနားခံစမ်း၊ ပြီးရင် မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်၊ ဒါဆိုရင် မင်းကို အသက်ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်"

ထိုအသံတွင် ပါဝင်သော အရှိန်အဝါကြောင့် နတ်ဘုရား စင်မြင့်တစ်ခုလုံး သိသိသာသာ တုန်ခါသွားရသည်။

ထိုစဉ် ခေါင်းငုံ့ထားသော ရွှယ်အန်းသည် ရုတ်တရက် ခေါင်းခါလိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်လေသည်။

"မင်းပြောတာ တစ်ခု မှားသွားတယ်"

"ဟော... ဘာများလဲ"

ကျိန်စာနတ်ဘုရားမက ဂရုမစိုက်သလို မေးလိုက်သည်။

"ငါလာတာ ချူရှောင်ယွင်အတွက် လက်စားချေပေးဖို့ သက်သက် မဟုတ်ဘူး"

ထိုသို့ပြောနေရင်းဖြင့် ရွှယ်အန်းက ခန်းမကို ဝေ့ဝဲကြည့်လိုက်ပြီး အဝေးရှိ ချီဟုန်ပေါ်နှင့် အခြားသူများကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

"သူတို့အပါအဝင်... ဒီနေ့ ဒီနေရာမှာ ရှိတဲ့ကောင်တွေ အကုန်လုံး သေရမယ်"

ခန်းမတစ်ခုလုံး အသက်တစ်ရှိုက်စာမျှ တိတ်ဆိတ်သွားပြီးနောက် လီကန်းမှာ သူ့ရင်ထဲမှ အမုန်းတရားများကို မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ကောင်စုတ်... မင်းကို အရေခွံခွာပစ်မယ်၊ အဲဒီကျမှ မင်း လေကြီးနိုင်ဦးမလား ကြည့်ရသေးတာပေါ့"

ထိုသို့ပြောပြီးသည်နှင့် လီကန်းသည် ရှေ့သို့ ခုန်ထွက်လိုက်ရာ သူ၏ ပုံရိပ်သည် ရွှယ်အန်း၏ နောက်ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်လေသည်။

သူလက်သီး ထိုးလိုက်သည်နှင့် သူ့နောက်တွင် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော သိုင်းပညာရှင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ့နည်းတူ လိုက်လံ တိုက်ခိုက်လေသည်။

"ဒါ နတ်ဘုရားစွမ်းအား သိုင်းဝိညာဉ်ပဲ"

စက္ကူယပ်တောင်ကို ခပ်ဖွဖွ ခတ်နေသော ပိုင်ချုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြသွားကာ ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်မိသည်။

"လီကန်း ဒီလောက် မောက်မာနေတာ မဆန်းပါဘူး၊ သူက နတ်ဘုရားစွမ်းအားကျောင်းတော်ရဲ့ အမွေဆက်ခံ ရတနာကို ရထားတာကိုး"

နတ်ဘုရားစွမ်းအားကျောင်းတော်သည် နတ်ဘုရားနယ်ပယ်တွင် ရပ်တည်နိုင်ပြီး ကျော်ကြားမှု ရရှိထားခြင်းမှာ သူ၏ ထူးခြားသော အင်္ဂါရပ်များကြောင့် ဖြစ်သည်ကို သိထားကြပေသည်။

ဥပမာအားဖြင့် ဤ နတ်ဘုရားစွမ်းအား သိုင်းဝိညာဉ်ဆိုလျှင် နတ်ဘုရားစွမ်းအားကျောင်းတော်၏ ခန်းမသခင်များနှင့် အကြီးအကဲ အဆက်ဆက်တို့ နှစ်ပေါင်းရာချီ ကိုးကွယ်ယုံကြည်မှုများမှ စုစည်းဖြစ်ပေါ်လာသော ရတနာဖြစ်သည်။ ယင်းကို ပိုင်ဆိုင်ထားပါက ခန္ဓာကိုယ် ကျင့်ကြံသူ သိုင်းပညာရှင်များအတွက် များစွာ အထောက်အကူ ပြုလေသည်။

လီကန်း၏ ကိုယ်ပိုင် စွမ်းအားမှာလည်း မူလကပင် ကြီးမားနေပြီး ဖြစ်ရာ ယခု နတ်ဘုရားစွမ်းအား သိုင်းဝိညာဉ်၏ အကူအညီပါ ရရှိထားသဖြင့် ပို၍ပင် စွမ်းအားကြီးမားနေတော့သည်။ သူ၏ လက်သီးချက်သည် ပြင်းထန်လွန်းလှသဖြင့် သာမန်လူများဆိုလျှင် အရှိန်အဝါ တစ်ခုတည်းဖြင့်ပင် လွင့်စင်သွားနိုင်ပေသည်။

ရွှယ်အန်းသည် ရှောင်တိမ်းခြင်း၊ တုန်လှုပ်ခြင်း မရှိဘဲ သူ့နောက်မှ ဝင်လာသော လက်သီးချက်ကို မသိသကဲ့သို့ ငြိမ်သက်စွာ ရပ်နေလေသည်။ လက်သီးချက် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခါနီးသည်အထိ ရွှယ်အန်းမှာ လှုပ်ရှားခြင်း မရှိသေးသဖြင့် လီကန်း၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာလေသည်။

နတ်ဘုရားစွမ်းအား သိုင်းဝိညာဉ်၏ အကူအညီဖြင့် ဘုရင်အဆင့် စွမ်းအားရှင်တစ်ဦးကိုပင် လက်သီးတစ်ချက်တည်းနှင့် အမှုန့်ချေပစ်နိုင်သည်ဟု သူ ယုံကြည်ထားသည်။ ထို့ကြောင့် ရွှယ်အန်းမှာ သေလူဖြစ်ပြီဟု သူ ယူဆလိုက်သည်။

သို့သော် ထိုအချိန်တွင် ကျောပေးထားသော ရွှယ်အန်းသည် မယုံနိုင်စရာကောင်းသော ထောင့်ချိုးတစ်ခုဖြင့် လှည့်လာပြီး ကျောက်စိမ်းကဲ့သို့ လက်ဝါးကို မြှောက်ကာ လီကန်း၏ ဝင်ရောက်လာသော လက်သီးကို ပေါ့ပါးစွာ ကာလိုက်လေသည်။

ဘုန်း...

အသံအုပ်အုပ်တစ်ခု ထွက်ပေါ်လာပြီးနောက် မမြင်ရသော စွမ်းအားလှိုင်းတစ်ခုသည် ပတ်ဝန်းကျင်တစ်ခွင်သို့ ရိုက်ခတ်သွားရာ စားပွဲ၊ ကုလားထိုင်နှင့် ခုံတန်းလျားများ အားလုံး အမှုန့်ဖြစ်ကုန်လေသည်။

လီကန်းမှာ မထင်မှတ်ထားသော အခြေအနေကြောင့် ထိုရိုက်ခတ်မှုဒဏ်ဖြင့် လက်မောင်းတစ်ဖက်လုံး ထုံကျဉ်သွားပြီး နတ်ဘုရားစွမ်းအား သိုင်းဝိညာဉ်၏ လက်သီးချက်ပါ ပိတ်ဆို့ခံလိုက်ရလေသည်။

သို့သော် ရွှယ်အန်း၏ ပခုံးမှာမူ အနည်းငယ်မျှပင် တွန့်သွားခြင်း မရှိပေ။ လီကန်းမှာ အလွန်အမင်း အံ့သြသွားရသည်။

"ဒါက..."

သူစကားမဆုံးခင်မှာပင် ရွှယ်အန်းသည် ဖြူဖွေးသော သွားတန်းများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး ကျောချမ်းဖွယ်ကောင်းလောက်အောင် ပြောလိုက်လေသည်။

"မင်းက သေလမ်းကို အရင်ရွေးမှတော့၊ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးရတာပေါ့"

ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် သူ့လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်လေသည်။

လီကန်းမှာ ဆုပ်ကိုင်ခံလိုက်ရသော လက်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး နာကျင်စွာ မအော်ဟစ်နိုင်ခင်မှာပင် ဂျွတ် ဟူသော အသံကို ကြားလိုက်ရပြီး ရွှယ်အန်းသည် လီကန်း၏ လက်ဝါးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမွပစ်လိုက်လေသည်။

"အသွားအပြန် မရှိရင် သိပ်ရိုင်းရာကျနေမှာပေါ့... ဒါကြောင့် ငါ့လက်သီးကိုလည်း ပြန်မြည်းစမ်းပါဦး"

ရွှယ်အန်းသည် ဟိန်းဟောက်ရင်း လက်သီးဖြင့် ထိုးချလိုက်လေသည်။

ရိုးရှင်းပြီး တည့်မတ်သော ဤလက်သီးချက်သည် ထိုးလိုက်ချိန်တွင် မည်သည့် ဟန်ပန်မှ မပါသော်လည်း နတ်ဘုရားစင်မြင့်တစ်ခုလုံးတွင် ပြင်းထန်သော လေပြင်းများကို ဖြစ်ပေါ်စေလေသည်။

"ခန်းမသခင်... ကျွန်တော့်ကို ကယ်ပါဦး"

လီကန်းမှာ ထိုသို့ အော်ဟစ် အကူအညီတောင်းရန်သာ အချိန်ရလိုက်လေသည်။

ထို့နောက် ရွှယ်အန်း၏ လက်သီးသည် သူ၏ ရင်ဘတ်တည့်တည့်သို့ ဝင်ရောက်သွားလေတော့သည်။

အခန်း (၁၀၈၆) - မင်းတို့က စဉ်းတီတုံးပေါ်က ငါးဆို ငါက ဓားပဲ

သူသည် ငယ်ရွယ်စဉ်ကတည်းက လျှို့ဝှက်နည်းလမ်းပေါင်းစုံဖြင့် လေ့ကျင့်ထားပြီး ကျောက်ဆောင်ကဲ့သို့ မာကျောလှပါသည်ဆိုသော သူ၏ ခန္ဓာကိုယ်သည် ဤလက်သီးချက်အောက်တွင် ပဲပြားတစ်တုံးကဲ့သို့ ပျော့ဖတ်သွားသလို ခံစားလိုက်ရသည်။

ရွှယ်အန်း၏ လက်သီးသည် လီကန်း၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးခွင်းပြီး ကျောဘက်သို့ ဖောက်ထွက်သွားလေသည်။

ထို့အပြင် လီကန်းအား စွမ်းအားမြှင့်တင်ပေးနေသော နတ်ဘုရားစွမ်းအား သိုင်းဝိညာဉ်သည်လည်း ဝမ်းနည်းပက်လက် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက် ဖွဲဖွဲကျေပျက်စီးကာ ပေါက်ကွဲပျက်စီးသွားလေတော့သည်။

ရွှယ်အန်းက သူ၏ လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။

လီကန်း၏ လည်ချောင်းထဲမှ ဂလုဟူသော အသံများ ထွက်ပေါ်လာပြီး မျက်လုံးကို အားယူဖွင့်ကာ ရွှယ်အန်းကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။ သူသည် ဤအတိုင်း သေဆုံးသွားရမည်ကို လက်မခံနိုင်သည့်အလား ဖြစ်နေသည်။

သို့သော် ရွှယ်အန်း၏ လက်သီးချက်သည် သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားရုံသာမက သူ၏ အသက်စွမ်းအား အားလုံးကိုပါ ချေမှုန်းဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ မျက်လုံးများအတွင်းရှိ အလင်းရောင်များသည် သိသိသာသာ မှေးမှိန်သွားပြီးနောက် ဘုန်းခနဲ လဲကျကာ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားလေတော့သည်။

သွေးများ စီးဆင်းလာပြီး ဖုန်မှုန့်များ လွင့်ပျံလာကာ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အစောပိုင်းက ပျော်ရွှင်နေကြပြီး ပွဲကောင်း ကြည့်ရတော့မည်ဟု မျှော်လင့်နေကြသူများမှာ ယခုအခါ အာမေဋိတ်ဖြင့် ကြောင်အမ်းနေကြသည်။

နတ်ဘုရားစွမ်းအားကျောင်းတော်၏ စစ်မှန်သော တပည့်ကျော်ဖြစ်သည့် လီကန်းကို ရွှယ်အန်းက ဤမျှ သန့်ရှင်းသပ်ရပ်စွာ သတ်ပစ်လိုက်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ရွှယ်အန်း၏ ပုံစံမှာ ကြက်ကလေးတစ်ကောင်ကို သတ်လိုက်သကဲ့သို့ လွယ်ကူနေပြီး မည်သည့် စိတ်ခံစားမှုမှ မရှိသည့်အလား တည်ငြိမ်အေးစက်နေသည်။

လူတိုင်း ကြောင်အမ်းနေကြစဉ် ပြင်းထန်သော ဝမ်းနည်းပက်လက် အော်ဟစ်သံနှင့် ဒေါသသံကြီး ထွက်ပေါ်လာလေသည်။

"မင်း... မင်း ငါ့တပည့်ကို သတ်လိုက်တယ်ပေါ့၊ မင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆွဲဖြဲပစ်မယ်"

ထိုစကားသံဆုံးသည်နှင့် ထွားကျိုင်းသော လူတစ်ယောက်သည် လေဟာနယ်ကို ဖောက်ထွက်လာပြီး ရွှယ်အန်း၏ ခေါင်းပေါ်သို့ ရောက်ရှိလာကာ ကြီးမားလှသော နတ်ဘုရားအာဏာစက်ဖြင့် အပေါ်စီးမှ ဖိချလိုက်လေသည်။

ထိုသို့ တိုက်ခိုက်လိုက်သူမှာ နတ်ဘုရားစွမ်းအားကျောင်းတော်၏ ခန်းမသခင် လီယုချန်ပင် ဖြစ်သည်။

နတ်ဘုရားစွမ်းအားကျောင်းတော်ကို ထိန်းချုပ်ထားသူတစ်ဦးအနေဖြင့် လီကန်း၏ သနားစဖွယ် သေဆုံးမှုသည် လီယုချန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။

အကယ်၍ သူသာ ချက်ချင်း လက်တုံ့မပြန်ပါက နတ်ဘုရားစွမ်းအားကျောင်းတော်၏ ဂုဏ်သိက္ခာ ကြီးစွာ ကျဆင်းသွားပေလိမ့်မည်။ ထို့အပြင် လီကန်းသည် သူ၏ တပည့်ကျော် ဖြစ်ရုံသာမက ဆွေမျိုးတော်စပ်သူလည်း ဖြစ်သည်။

ထို့ကြောင့် လီယုချန်သည် ရွှယ်အန်းအပေါ် အလွန်အမင်း အငြိုးကြီးကာ သူ၏ အပြင်းထန်ဆုံး သတ်ကွက်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

လီကန်းနှင့် မတူသည်မှာ လီယုချန်သည် တိုက်ခိုက်ရာတွင် အထောက်အကူ ရစေရန် နတ်ဘုရားစွမ်းအား သိုင်းဝိညာဉ်ကိုပင် ထုတ်ဖော်ခြင်း မရှိပေ။ သို့သော် လီယုချန်၏ စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်သည် လီကန်းထက် များစွာ သာလွန်ကြောင်း မြင်ရုံမျှဖြင့် သိသာလှသည်။

သူ၏ တစ်ကိုယ်လုံးသည် နတ်ဘုရားစွမ်းအား သိုင်းဝိညာဉ်နှင့် တစ်သားတည်း ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ လှုပ်ရှားမှုတိုင်းသည် ရှေးဦးသားရဲကြီးတစ်ကောင်အလား ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေလေသည်။

သူ၏ ရိုက်ချက်သည် အလွန် ပြင်းထန်လွန်းလှသဖြင့် အလွန်ခိုင်ခံ့သော နတ်ဘုရားစင်မြင့်တွင်ပင် အက်ရာများ ထင်လာလေသည်။

သို့သော် ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"တပည့်ပြီးတော့ ဆရာလာတာကိုး... ကောင်းပြီလေ၊ ဒါဆို ခင်ဗျားလည်း သူ့နောက်ကို လိုက်သွားပေတော့"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်ကို မြှောက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် လီယုချန်၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်လေသည်။

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော လီယုချန်သည် ခြေကျင်းဝတ်မှ အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် တုန်လှုပ်သွားပြီး ရွှယ်အန်း၏ လက်မှ လွတ်မြောက်ရန် ခန္ဓာကိုယ်ကို ချက်ချင်း ကြီးထွားလာအောင် လုပ်လိုက်သည်။

သို့သော် သူ၏ ကြိုးစားမှု အားလုံးသည် ရွှယ်အန်းအပေါ် လုံးဝ သက်ရောက်မှု မရှိပေ။

ရွှယ်အန်းသည် လီယုချန်၏ ခြေကျင်းဝတ်ကို ကိုင်လျက် မြေကြီးပေါ်သို့ အားကုန် ရိုက်ချလိုက်လေသည်။

ဘုန်း...

မြေကြီးပေါ်တွင် လူပုံသဏ္ဌာန် အက်ရာကြီးတစ်ခု ပေါ်လာသည်။

လီယုချန် မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် ရွှယ်အန်းက သူ့ကို ပြန်ဆွဲမလိုက်ပြန်သည်။ ထို့နောက် လီယုချန်သည် ရွှယ်အန်း၏ လက်ထဲမှ တုတ်တစ်ချောင်းအလား ဖြစ်နေပြီး ဟိုဘက်ဒီဘက် ရိုက်နှက်ခြင်းကို ခံနေရတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ဆယ်ကြိမ် ဆက်တိုက် ရိုက်နှက်သံများ ထွက်ပေါ်လာပြီးနောက် မူလက ခိုင်ခံ့သော နတ်ဘုရားစင်မြင့်၏ ကြမ်းပြင်သည် နေရာအနှံ့ အက်ကွဲပျက်စီးကာ ရှုပ်ပွသွားလေသည်။

လီယုချန်၏ အဖြစ်မှာလည်း သနားစရာ ကောင်းလှသည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးအားလုံး ကျိုးကြေကုန်ပြီး လက်ချောင်းလေး တစ်ချောင်းပင် မလှုပ်နိုင်တော့ပေ။

သို့သော် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး၏ အလွန် အားကောင်းသော အသက်စွမ်းအားကြောင့် လီယုချန်မှာ အသက်ရှင်နေဆဲဖြစ်ပြီး ဤဒဏ်ရာများသည် သူ့အတွက် အပေါ်ယံမျှသာ ဖြစ်နေသည်။ အကယ်၍ ရွှယ်အန်း၏ ချုပ်နှောင်ထားခြင်းကို မခံရပါက ဤဒဏ်ရာများကိုပင် ရချင်မှ ရပေလိမ့်မည်။

သို့သော် ဤသို့ဖြစ်လေ လီယုချန်မှာ ပို၍ စိတ်ပျက်ဒေါသထွက်လေ ဖြစ်နေသည်။ အင်အားရှိလျက်နှင့် မသုံးနိုင်ဘဲ လုံးလုံးလျားလျား အဖိနှိပ်ခံနေရခြင်းက လီယုချန်ကို ရူးသွပ်လုနီးပါး ဖြစ်စေသည်။

ထိုအချိန်တွင် ရွှယ်အန်းက ရုတ်တရက် လက်လွှတ်လိုက်သည်။

ဘုတ်...

လီယုချန် ပြုတ်ကျသွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူ၏ သွေးစွမ်းအင်များကို လှုံ့ဆော်ပြီး အတွင်းဒဏ်ရာများကို အသည်းအသန် ကုသရန် ပြင်လိုက်သည်။

'စောင့်နေလိုက်... ငါ့ဒဏ်ရာတွေ သက်သာတာနဲ့ မင်းကို တစ်စစီ ချေမှုန်းပစ်မယ်'

လီယုချန် နာကျည်းစွာ တွေးလိုက်မိသည်။

သို့သော် ထိုအတွေးများ ပေါ်လာခါစ ရှိသေးသည်။ ရွှယ်အန်းသည် သူ့အနားသို့ ရောက်လာပြီး သူ့ခေါင်းကို ခြေထောက်ဖြင့် နင်းလိုက်လေသည်။

ဟစ်...

ပရိသတ်အားလုံး လေအေးများကို ရှူရှိုက်လိုက်မိကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း နင်းထားသော သူမှာ နယ်ပယ်တစ်ခုကို လွှမ်းမိုးထားသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောကြောင့်ဖြစ်သည်။

လီယုချန် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကောင်လေး... မင်း ငါ့ကို နင်းရဲတယ်လား... ငါ..."

သူ့စကား မဆုံးသေးပေ။ ရွှယ်အန်းက ရုတ်တရက် တိုးညှင်းစွာ ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ်..."

ထို့နောက် ရွှယ်အန်းသည် ခြေထောက်ကို အားစိုက်လိုက်လေသည်။

ဘွတ်...

ဖရဲသီးတစ်လုံး ကွဲအက်သွားသကဲ့သို့ အသံအုပ်အုပ်တစ်ခု ထွက်ပေါ်လာပြီးနောက် လီယုချန်၏ ခေါင်းသည် ရွှယ်အန်း၏ ခြေဖဝါးအောက်တွင် ကြေမွသွားလေသည်။ သူ၏ ဝိညာဉ်နှင့် နတ်ဘုရားအဆင့်အတန်းပါ အတူတကွ ပျက်စီးသွားခြင်း ဖြစ်သည်။

ဦးနှောက်စများနှင့် သွေးများ စီးကျလာပြီး ပျို့အန်ချင်စရာ ကောင်းသော အနံ့အသက်များ ထွက်ပေါ်လာသည်။ လီယုချန်၏ ခြေလက်များသည် မသိစိတ်ဖြင့် တုန်ခါနေဆဲ ဖြစ်ပြီး နာကျည်းမှု၊ နောင်တရမှုများကို ပြသနေသယောင် ရှိသည်။

သို့သော် အရေးမပါတော့ပေ။ အားလုံးမှာ ထိုမြင်ကွင်းကြောင့် တုန်လှုပ်နေကြပြီး တဖြည်းဖြည်းနှင့် ကြောက်ရွံ့ခြင်းမှ ထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားကြလေသည်။

ဒါ နတ်ဘုရားစွမ်းအားကျောင်းတော်ရဲ့ ခန်းမသခင်လေ၊ သူ့ကို ရွှယ်အန်းက ဒီအတိုင်းပဲ နင်းချေ သတ်ပစ်လိုက်တာလား

အကယ်၍ မဖြစ်ပျက်ခင်ကသာ ပြောခဲ့လျှင် မည်သူမှ ယုံမည် မဟုတ်ပေ။ ဟာသတစ်ခုလိုသာ ထင်ကြပေလိမ့်မည်။ သို့သော် လက်တွေ့တွင် လီယုချန်နှင့် လီကန်းတို့၏ အလောင်းများသည် မြေပြင်ပေါ်တွင် ရှိနေပြီး သွေးများပင် ပူနွေးနေဆဲ ဖြစ်သည်။

ထိုမြင်ကွင်းကို ကြည့်ပြီး တစ်ခန်းလုံး တိတ်ဆိတ်သွားကြသည်။ ရွှယ်အန်းသည် သွေးအိုင်ထဲတွင် ရပ်လျက် ရုတ်တရက် ရယ်မောလိုက်လေသည်။

"စဉ်းတီတုံးပေါ်က ငါးဖြစ်ရတဲ့ ခံစားချက်က ဘယ်လိုလဲ၊ ငါကိုင်ထားတဲ့ ဓားလိုမျိုးပေါ့၊ မင်းတို့ နတ်ဘုရားတွေ တခြားသူတွေအပေါ် လုပ်နေကျ ပုံစံမျိုးလေ"

"ဒါကြောင့် ဒီနေ့ ငါလာတာက... မင်းတို့လို ကောင်တွေကို မျိုးဖြုတ်ပစ်ဖို့ပဲ"

ကျောက်တုံးတစ်တုံး ဂယက်ထသကဲ့သို့ ဖြစ်သွားသည်။ အားလုံးသည် ရွှယ်အန်း၏ စွမ်းအားကို မျက်မြင်တွေ့ခဲ့ကြရသော်လည်း သူ၏ စကားများသည် ရောက်ရှိနေသူ အားလုံးကို ဒေါသထွက်သွားစေသည်။ အထူးသဖြင့် ရွှယ်အန်းသည် နတ်ဘုရားမျိုးနွယ်စု အားလုံးကို တိုက်ရိုက် ရည်ရွယ်ပြောဆိုလိုက်သဖြင့် သည်းမခံနိုင် ဖြစ်သွားကြသည်။

"မောက်မာလိုက်တာ..."

နတ်ဘုရားမျိုးနွယ်စုမှ စွမ်းအားရှင်တစ်ဦးက ခေါင်းခါကာ နှာခေါင်းရှုံ့လိုက်သည်။

"နတ်ဘုရားစွမ်းအားကျောင်းတော်က လူနှစ်ယောက်ကို သတ်နိုင်ရုံနဲ့ ဘာထူးသွားမှာလဲ၊ ရယ်စရာပဲ"

ဂုဏ်သရေရှိ မျိုးနွယ်စုမှ လူငယ်တစ်ဦးက လှောင်ပြောင်လိုက်သည်။ ချီဟုန်ပေါ်၊ ကျီဟောင်ချုံးနှင့် ပိုင်ချုံးတို့၏ မျက်နှာထားများလည်း တဖြည်းဖြည်း အေးစက်လာလေသည်။

အထူးသဖြင့် ရွှယ်အန်းကို မုန်းတီးနေပြီး ဖြစ်သော ချီဟုန်ပေါ်သည် သူ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သောကြောင့်သာ ဝင်မပါဘဲ နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ရွှယ်အန်းက လူနှစ်ယောက်ကို သတ်ပြီးနောက် အားလုံးကိုပါ ရန်စလိုက်သဖြင့် မောက်မာသော ချီဟုန်ပေါ် ဒေါသ မထွက်ဘဲ နေမည်လား။

သို့သော် သူ မလှုပ်ရှားရသေးခင်မှာပင် ဝူထုံနတ်ဘုရားဂိုဏ်းမှ ကျီဟောင်ချုံးသည် မြွေတစ်ကောင်အလား လျှာကို ထုတ်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး အေးစက်စွာ ရယ်မောပြောဆိုလိုက်သည်ကို မြင်လိုက်ရသည်။

"ချီ... ဒီလူက ငါ့လူပဲ၊ ငါ့ရဲ့ မိစ္ဆာစစ်သည် ကျင့်ကြံဖို့ သူ့ကို သုံးလို့ရတယ်၊ ပြီးတော့ သူ့ကို သတ်နိုင်ရင် ဟိုမိန်းမကလည်း ငါ့အပိုင်ပဲလေ"

ချီဟုန်ပေါ်သည် အနည်းငယ် ကြောင်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"သခင်လေးကျီက ဒီလိုဆိုမှတော့ ယူလိုက်ပါ၊ ဒါပေမဲ့ သတိထားနော်"

ကျီဟောင်ချုံးက နှာခေါင်းရှုံ့လိုက်သည်။

"စိတ်မပူပါနဲ့... ငါက နတ်ဘုရားစွမ်းအားကျောင်းတော်က အကောင်တွေလို တုံးအအ မဟုတ်ပါဘူး"

ထိုသို့ပြောပြီးသည်နှင့် ကျီဟောင်ချုံးသည် သက်တောင့်သက်သာပင် ရှေ့သို့ တိုးလာပြီး ကွင်းအလယ်သို့ လျှောက်သွားလိုက်လေသည်။

All Chapters