အခန်း (၁၀၈၇-၁၀၈၉)
Vol. 73 Ch. 1087-1089
အခန်း (၁၀၈၇) - ဒီကောင်လေးကို အပြတ်မရှင်းရင် နောင်ကျ ဒုက္ခရောက်လိမ့်မယ်
"ကောင်လေ မင်းက တော်တော် မောက်မာတာပဲ၊ ငါလေးစားမိပါတယ်... ဒါပေမဲ့ အရမ်း မောက်မာရင်တော့ အသေဆိုးနဲ့ သေရတတ်တယ်ဆိုတာ မင်း မသိဘူးထင်တယ်"
ကျီဟောင်ချုံးက လှောင်ပြောင်လိုက်လေသည်။ ထိုစကားကြောင့် လူအုပ်ကြီးမှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
"ဒါ ဝူထုံနတ်ဘုရားဂိုဏ်းက ကျီဟောင်ချုံးပဲ"
"ဒီလူငယ်လေးတော့ ဒုက္ခရောက်တော့မှာပဲ၊ ဝူထုံနတ်ဘုရားဂိုဏ်းက နတ်ဘုရားအင်အားကျောင်းတော်လို ကိုင်တွယ်ရ လွယ်တာ မဟုတ်ဘူး"
ထိုသို့ တီးတိုးပြောဆိုဆွေးနွေးသံများ ကြားထဲတွင် ရွှယ်အန်းသည် ခေါင်းမော့ကြည့်ခြင်းပင် မပြုဘဲ အေးစက်စွာ တုံ့ပြန်လိုက်လေသည်။
"စကားများနေတာ တော်တော့၊ သေချင်ရင် တက်ခဲ့"
ကျီဟောင်ချုံး၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ချက်ချင်းပင် ပုံရိပ်ယောင် ၅ ခု ကွဲထွက်လာလေသည်။
ထိုပုံရိပ်ယောင် ၅ ခုစလုံးသည် ကျီဟောင်ချုံး၏ မူလခန္ဓာကိုယ်နှင့် ခွဲခြားမရနိုင်အောင် တူညီနေပြီး သူတို့၏ အရှိန်အဝါနှင့် ကျင့်ကြံခြင်း အဆင့်များကအစ အတိအကျ တူညီနေကြသည်။
ဤသည်မှာ ဝူထုံနတ်ဘုရားဂိုဏ်း၏ အစွမ်းအထက်ဆုံး ဖြစ်သော ကိုယ်ပွားငါးပါး လျှို့ဝှက်သိုင်းပင် ဖြစ်သည်။
ဤသိုင်းကွက်ကို ထုတ်သုံးလိုက်သည်နှင့် သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီသော ကိုယ်ပွား ၅ ခုကို ဖန်တီးနိုင်လေသည်။ ကန့်သတ်ချက်များစွာ ရှိသော်လည်း ဤလျှို့ဝှက်နည်းလမ်း၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
စဉ်းစားကြည့်ပါက စွမ်းအားချင်း တူညီသော ပြိုင်ဘက်တစ်ယောက်သည် ရုတ်တရက်ပင် သူနှင့် ထပ်တူညီသော အကူ ၅ ယောက်ကို ခေါ်ထုတ်လာပါက မည်သူမဆို စိတ်ပျက်အားငယ်သွားကြပေမည်။ ထို့ကြောင့်ပင် ဝူထုံနတ်ဘုရားဂိုဏ်းသည် ထင်ရှားသော ဂိုဏ်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။
ယခုတွင် ကိုယ်ပွား ၅ ခုသည် နေရာ ၅ နေရာယူလိုက်ပြီး ရွှယ်အန်းကို လုံးဝ ဝိုင်းရံထားလိုက်လေသည်။
ထို့နောက် ကျီဟောင်ချုံးက ထူးဆန်းသော လှောင်ရယ်သံကြီးဖြင့် ရယ်မောလိုက်လေသည်။
"ကောင်လေး၊ မင်းသိပ်မောက်မာတယ် မဟုတ်လား၊ ကဲ... အခု မင်းဘယ်လောက် မောက်မာနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"
ပွဲထဲရှိ အခြေအနေမှာ တင်းမာမှု လျော့ကျသွားသကဲ့သို့ ဖြစ်သွားသည်။ လူတိုင်းလိုလိုပင် ရွှယ်အန်း ကျဆုံးတော့မည်ဟု ယုံကြည်လိုက်ကြသည်။
ကျီဟောင်ချုံးက ပို၍ ဘဝင်မြင့်လာပြီး ပြောလိုက်သည်
"ကောင်လေး... အခုချက်ချင်း ဒူးထောက်လိုက်ရင် မင်းကို အမြန်ဆုံး သေခွင့်ပေးမယ်၊ မဟုတ်ရင်တော့ မင်းခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲပြီး သတ်ရတာကို ငါ အရသာခံပြီး လုပ်ရလိမ့်မယ်"
ရွှယ်အန်းသည် သူ့ကို ဝိုင်းရံထားသော ကိုယ်ပွားများကို ဝေ့ဝဲကြည့်လိုက်ပြီး ပြုံးသယောင်ယောင် မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ကြည့်ရတာတော့ အထင်ကြီးစရာပါပဲ၊ ဒါပေမဲ့ ဝိညာဉ်ကို လောင်ကျွမ်းပြီး အတင်းအဓမ္မ ထိန်းထားရတဲ့ ဒီလို လျှို့ဝှက်နည်းလမ်းနဲ့ ငါ့ကို နိုင်မယ် ထင်နေတာလား"
ရွှယ်အန်း၏ စကားကြောင့် ကျီဟောင်ချုံး လန့်သွားပြီး သူ၏ ယုံကြည်မှုများ ယိုင်နဲ့သွားလေသည်။
"မင်း... မင်းဘယ်လိုလုပ် သိတာလဲ"
ရွှယ်အန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"ငါသိတာ မင်းထင်ထားတာထက် အများကြီး ပိုတယ်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ဘယ်ဘက်ခြေထောက်ဖြင့် မြေကြီးကို ရုတ်တရက် ဆောင့်နင်းလိုက်ရာ အလွန်မာကျောသော ကြမ်းပြင်သည် ချက်ချင်းပင် ချိုင့်ဝင်သွားပြီး ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်သွားလေသည်။ ရွှယ်အန်းသည် လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ကျီဟောင်ချုံးထံသို့ တစ်ရှိန်ထိုး ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
သူ၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် လူအများစု၏ တုံ့ပြန်နိုင်စွမ်းကိုပင် ကျော်လွန်သွားလေသည်။
သို့သော် ကျီဟောင်ချုံးသည် ဝူထုံနတ်ဘုရားဂိုဏ်း၏ တန်ဖိုးထားရသော ပါရမီရှင်ဖြစ်သည့်အားလျော်စွာ သူ့တွင်လည်း ထူးခြားသော စွမ်းရည်များ ရှိနေသည်။ ထို့ကြောင့် ရွှယ်အန်း၏ လက်သီးချက်ကို မြင်သောအခါ သူသည် တည်ငြိမ်စွာပင် နှာခေါင်းရှုံ့လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကိုယ်ပွား ၅ ခုသည် ရွှယ်အန်း၏ ရှေ့၊ နောက်၊ ဘေးဘက်များသို့ ရောက်ရှိလာပြီး သေစေနိုင်သော သိုင်းကွက်များကို တစ်ပြိုင်နက် ထုတ်ဖော် တိုက်ခိုက်လိုက်ကြသည်။
တောက်ပသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး လေထုကို ထက်ရှစွာ ပိုင်းဖြတ်သွားကြလေသည်။ ထိုတိုက်ကွက်သည် မည်သူ့ကိုမဆို အာရုံစိုက်သွားစေနိုင်လောက်အောင် စွမ်းအားကြီးမားလှသည်။
အထူးသဖြင့် ကိုယ်ပွား ၅ ခု ပေါင်းစပ်တိုက်ခိုက်ခြင်း ဖြစ်ရာ စွမ်းအားမှာ အဆပေါင်း ရာချီ တက်သွားလေသည်။ ဤကဲ့သို့သော ပေါင်းစပ်တိုက်ချက်မျိုးသည် ဘုရင်အဆင့် စွမ်းအားရှင်များကိုသာမက ရှေးဟောင်းနတ်ဘုရားများကိုပင် နောက်ဆုတ်သွားစေနိုင်ပေသည်။
သို့သော် ရွှယ်အန်း သေချာပေါက် သေပြီဟု ကျီဟောင်ချုံး ယုံကြည်လိုက်သည့် အချိန်မှာပင် ရွှယ်အန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေဟာနယ်ကို နင်းကာ အားကုန် ဆောင့်ချလိုက်လေသည်။
"ပျက်စီးစမ်း..."
ဝုန်း...
ထိုအသံနှင့်အတူ လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ပတ်ဝန်းကျင် အာကာသတစ်ခုလုံး မွှေနှောက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ ဓားသွားကဲ့သို့ ထက်ရှသော စွမ်းအားလှိုင်းတစ်ခုသည် သူ၏ ပတ်ဝန်းကျင်တစ်ခွင်သို့ ချက်ချင်း ရိုက်ခတ်သွားတော့သည်။
ဖောက်... ဖောက်... ဖောက်...
အသံအုပ်အုပ်များ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ကိုယ်ပွား ၅ ခုစလုံးသည် ကျိုးပဲ့လွယ်သော ကြွေထည်များကဲ့သို့ တစ်ကိုယ်လုံး အက်ရာများ ထင်လာပြီး တဖြည်းဖြည်း မှေးမှိန်ကာ လေထဲတွင် ပျောက်ပျက်သွားကြလေသည်။
"အဟွတ်..."
ကျီဟောင်ချုံးသည် ပါးစပ်ပွင့်သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရကာ သူ၏ မျက်နှာသည် စက္ကူကဲ့သို့ ချက်ချင်း ဖြူဖျော့သွားလေသည်။
သို့သော် ဒဏ်ရာရခြင်းထက် ကျီဟောင်ချုံးကို ပိုကြောက်လန့်သွားစေသည်မှာ ရွှယ်အန်း၏ အံ့သြဖွယ်ရာ တိုက်ခိုက်နည်းပင် ဖြစ်သည်။ သူ၏ ကိုယ်ပွားများ ပေါင်းစပ်တိုက်ခိုက်မှုကို ဤကဲ့သို့သော နည်းလမ်းဖြင့် ဖြိုခွင်းနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"မင်း... မင်းက ဘယ်သူလဲ"
ကျီဟောင်ချုံးက ကြောက်လန့်တကြား အော်ဟစ်မေးမြန်းလိုက်သည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်လေသည်။
"ငါ့နာမည် ရွှယ်အန်း၊ ဒီနာမည်ကို သေချာ မှတ်သွား၊ ဒါမှ နောင်ဘဝကျရင် ငါ့ကို မြင်တာနဲ့ ဝေးဝေးက ရှောင်ပြေးနိုင်အောင်လို့လေ"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် မျက်လုံးကို အနည်းငယ် မှေးလိုက်ရာ ဓားသွားကဲ့သို့ ထက်ရှသော နတ်ဘုရားအာရုံတစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် လေထုကို ပိုင်းဖြတ်သွားလေသည်။
ဘုတ် ခနဲ အသံနှင့်အတူ ကျီဟောင်ချုံး၏ ခန္ဓာကိုယ် တုန်တက်သွားပြီး နေရာမှာတင် တောင့်တင်းသွားကာ ရွှယ်အန်းကို ကြောင်ငေးကြည့်နေမိသည်။ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ဘာဖြစ်သွားမှန်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။
"ဒါ... ဒါက ဘာသိုင်းကွက်လဲ"
ကျီဟောင်ချုံးက မောဟိုက်စွာ မေးလိုက်သည်။
"ဝိညာဉ်စိတ်ဓား..."
ရွှယ်အန်းက တည်ငြိမါစွာ ပြန်ဖြေလိုက်သည်။ စိတ်ဝိညာဉ် အသွင်သဏ္ဌာန် ဖြစ်တည်ခြင်း...
ကျီဟောင်ချုံး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပေါ်လာလေသည်။ ဝိညာဉ်စိတ် စွမ်းအားကို အထူးပြုလေ့ကျင့်သော ဝူထုံနတ်ဘုရားဂိုဏ်းမှ ဆက်ခံသူတစ်ဦးအနေဖြင့် ဤအဆင့်သို့ ရောက်ရန် မည်မျှ ခက်ခဲကြောင်း သူ ကောင်းကောင်း သိလေသည်။
ထို့နောက် သူသည် မြွေတစ်ကောင်ကဲ့သို့ လျှာကို ထုတ်ကာ နှုတ်ခမ်းကို ထပ်မံ သပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူ၏ နဖူးပေါ်တွင် အနီရောင် သွေးကြောင်းလေးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာပြီး အောက်သို့ လျင်မြန်စွာ ဆင်းသက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ တစ်ကိုယ်လုံးတွင် သွေးကြောင်းတစ်ကြောင်း ပေါ်လာပြီးနောက် သွေးများ ပန်းထွက်ကာ ကိုယ်ခန္ဓာ နှစ်ခြမ်းကွဲ၍ မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။ ကြည့်နေသူများ အားလုံး ကြောင်အသွားကြသည်။
အစောပိုင်းက ရွှယ်အန်းသည် နတ်ဘုရားအင်အားကျောင်းတော်မှ လီယုချန်နှင့် လီကန်းတို့ကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကံကောင်း၍ ဖြစ်သည်ဟု ယူဆနိုင်သော်လည်း ယခု ကျီဟောင်ချုံး၏ သေဆုံးသွားခြင်းကမူ လူတိုင်း ခေါင်းကို တူဖြင့် ထုလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
ဝူထုံနတ်ဘုရားဂိုဏ်း၏ အင်အားသည် လျှော့တွက်၍ မရသလို ကျီဟောင်ချုံးသည်လည်း ကျော်ကြားသော ထိပ်သီးပါရမီရှင်တစ်ဦး ဖြစ်သည်ကို သတိပြုရပေမည်။
သို့သော် သူသည် ရွှယ်အန်း၏ လက်ချက်ဖြင့် လွယ်ကူစွာပင် ဇာတ်သိမ်းသွားခဲ့ရသည်။ ဤအဖြစ်အပျက်သည် အလွန်တရာ တုန်လှုပ်စရာ ကောင်းလှသည်။
ပုယန်ရု၏ မျက်နှာထားသည်လည်း တဖြည်းဖြည်း လေးနက်လာလေသည်။ ရွမ်ကျင်းရှိုးဆိုလျှင် ဘဲဥနှစ်လုံး ဝင်ဆံ့လောက်အောင် ပါးစပ်အဟောင်းသားဖြင့် ကြောင်ငေးနေမိသည်။
ချီဟုန်ပေါ်နှင့် ပိုင်ချုံးတို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြရာ ၎င်းတို့ နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ချီဟုန်ပေါ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်လေသည်။
"ဒီကောင်လေးကို ဒီနေ့ အပြတ်မရှင်းရင်... နောင်ကျ ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်"
ပိုင်ချုံးက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဒီလူကို ကိုင်တွယ်တဲ့နေရာမှာ သိက္ခာတွေ ဘာတွေ ဂရုစိုက်နေစရာ မလိုတော့ဘူး၊ အားလုံး ဝိုင်းတိုက်ပြီး သူ့ကို ဖြိုချတာ အကောင်းဆုံးပဲ"
သူ၏ စကားကြောင့် လူများစွာက ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် ရန်လိုမုန်းတီးမှုများ ဖြည်းဖြည်းချင်း ပြည့်နှက်လာလေသည်။ မည်သို့ပင်ဖြစ်စေ ရွှယ်အန်း၏ စွမ်းဆောင်ရည်သည် လွှမ်းမိုးမှု ကြီးမားလွန်းသဖြင့် လူများစွာ၏ မနာလိုဝန်တိုမှုနှင့် အမုန်းတရားများကို ဖိတ်ခေါ်သလို ဖြစ်နေသည်။
သို့သော် ထိုအချိန်တွင် လက်ခုပ်တီးသံများ ထွက်ပေါ်လာလေသည်။ အားလုံး မော့ကြည့်လိုက်ကြသည်။
အဓိက ထိုင်ခုံတွင် ထိုင်နေသော ကျိန်စာနတ်ဘုရားမသည် စိတ်အားထက်သန်စွာ လက်ခုပ်တီးနေသည်ကို တွေ့လိုက်ရပြီး သူမက စိတ်ဝင်တစား ပြောလိုက်လေသည်။
"တကယ့်ကို ထူးခြားတာပဲ၊ ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တိုက်ပွဲမျိုး မကြည့်ရတာ ကြာပြီ"
ရွှယ်အန်းသည် တိတ်ဆိတ်စွာ ကြည့်နေပြီး မည်သို့မျှ မတုန်လှုပ်ပေ။ သို့သော် ကျိန်စာနတ်ဘုရားမမှာမူ စိတ်မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားနေလေသည်။
"ကျွတ်... ကျွတ်... ငါမင်းကို ပိုပြီး သဘောကျလာပြီ၊ မင်းသာ ဆန္ဒရှိမယ်ဆိုရင် ငါမင်းကို ငါ့ရဲ့ အရိပ်အာဝါသအောက်မှာ ထားပြီး ပညာစုံ သင်ပေးလို့ရတယ်၊ မင်းရဲ့ ရန်သူတွေအတွက်ကတော့ မင်းသာ ငါ့ဆီမှာ အကြွင်းမဲ့ သစ္စာခံမယ်ဆိုရင် ငါ့ရဲ့ စကားတစ်ခွန်းနဲ့တင် ပြီးသွားမယ့် ကိစ္စတွေပဲ၊ ဘယ်လိုလဲ"
သူမ၏ ကမ်းလှမ်းမှုကြောင့် လူအုပ်ကြီးကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လူများစွာ၏ မျက်နှာတွင် မနာလို ဝန်တိုမှုများ ပေါ်လာကြသည်။
ကျိန်စာနတ်ဘုရားမ ပြောသည့်အတိုင်းသာ ဆိုလျှင် ဤလူငယ်သည် အမှန်တကယ်ပင် မည်သည့်အရာမှမဖြစ်ဘဲ လွတ်မြောက်သွားနိုင်လေသည်။
ထိုစကားကို ကြားသောအခါ ချူရှောင်ယွင်၏ မျက်နှာ ဖြူဖျော့သွားပြီး ရွှယ်အန်းကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ အကယ်၍ ရွှယ်အန်းသာ လက်ခံလိုက်ပါက သူမသည် ပြန်လမ်းမရှိသော ကပ်ဘေးထဲသို့ ရောက်သွားပေလိမ့်မည်။
အခန်း (၁၀၈၈) - သတ်... သတ်... သတ်
ထိုခဏ၌ ရွှယ်အန်းသည် ဖြည်းညှင်းစွာ ပြုံးလိုက်လေသည်။ သို့သော် ထိုအပြုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်။
"မင်းဆီမှာ သစ္စာခံရမယ် ဟုတ်လား၊ ဟားဟား... မင်းက ဘာအရည်အချင်းရှိလို့ ငါ့သစ္စာခံမှုကို ရနိုင်မယ် ထင်နေတာလဲ"
လူတိုင်းတိတ်ဆိတ်သွားပြီး ရွှယ်အန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြပြီး သူတို့ နားကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
ကျိန်စာနတ်ဘုရားမကို ဤကဲ့သို့သော လေသံဖြင့် ပြောဆိုခြင်းသည် ရဲတင်းလွန်းရာ ကျနေလေသည်။ ဤသည်မှာ သေလမ်းရှာခြင်းသာဖြစ်သည်။
သူတို့ ထင်ထားသည့်အတိုင်းပင် ကျိန်စာနတ်ဘုရားမ၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရေခဲတမျှ အေးစက်သော အမူအရာဖြင့် အစားထိုးလိုက်လေသည်။
"လူငယ်လေး... မင်းက အပြင်လောကက မျိုးနွယ်ကြီးတစ်ခုရဲ့ တပည့်ဖြစ်မယ်လို့ ငါထင်တယ်၊ အိမ်ကထွက်လာပြီး အတွေ့အကြုံ ရှာတဲ့အခါ အားနည်းသူက အားကြီးသူကို လေးစားရမယ်ဆိုတာ မင်းရဲ့ လူကြီးမိဘတွေ သင်မပေးလိုက်ဘူးလား"
ရွှယ်အန်းက ခေါင်းခါလိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းထင်တာ မှားနေပြီ၊ ဒီလောကကြီးထဲမှာ ငါဘာလုပ်ရမယ်ဆိုတာကို ဆုံးမသွန်သင်ဖို့ အရည်အချင်းရှိတဲ့သူ တစ်ယောက်မှ မရှိဘူး"
ထိုစကားကြောင့် လူများစွာမှာ ဒေါသထွက်လွန်းသဖြင့် လှောင်ပြောင် ရယ်မောလိုက်ကြသည်။
"သူ ဘာတွေ လျှောက်ပြောနေတာလဲ"
"သူက ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောထွက်ရတာလဲ"
ကျိန်စာနတ်ဘုရားမသည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အေးစက်စွာ ရယ်မောလိုက်လေသည်။
"အခုမှပဲ ငါနားလည်တော့တယ်၊ မင်းက မောက်မာတာ မဟုတ်ဘူး၊ ရူးနေတာပဲ"
ထို့နောက် ကျိန်စာနတ်ဘုရားမသည် အဝေးရှိ ချီဟုန်ပေါ်ကို လှမ်းကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"သခင်လေးချီ... ရှင်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ အကုန်လုံး ဒီလူငယ်လေး လက်ချက်နဲ့ သေကုန်ကြပြီ၊ အခုကစပြီး သူ့ကို ရှင်ပဲ တာဝန်ယူလိုက်တော့၊ ဘာမှ စိတ်ပူမနေနဲ့... သွေးစွန်းတာက ကျွန်မပွဲအတွက် အရောင်အသွေး တစ်မျိုး ဖြစ်စေတာပေါ့"
ချီဟုန်ပေါ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။
"နတ်ဘုရားမ ဆန္ဒရှိတဲ့အတိုင်းပါပဲ"
ထိုသို့ပြောပြီးနောက် သူသည် ခေါင်းလှည့်လာကာ ရွှယ်အန်းကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
"မစ္စတာရွှယ်... ကျောက်စိမ်း ပွဲတော် စားသောက်ဆိုင်တုန်းက သခင်မလေး ယန်ရုသာ ဝင်မပြောခဲ့ရင် မင်း အခုထိ အသက်ရှင်နေမယ် ထင်လို့လား"
ရွှယ်အန်းက တည်ငြိမ်စွာ ရပ်လျက် ပြန်ပြောလိုက်သည်။
"ငါမင်းတို့ကို အဲဒီတုန်းကတည်းက ပြောခဲ့သားပဲ၊ အသက်ရှင်ချင်ရင် ချက်ချင်း ထွက်သွားကြလို့လေ... ဒါပေမဲ့ မင်းတို့ထဲက ဘယ်သူမှ နားမထောင်ခဲ့ကြဘူး"
"ဟက်... ရယ်စရာပဲ၊ ငါက ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်ရဲ့ သခင်လေးကွ၊ မင်းစကား လေးငါးခွန်းလောက်နဲ့ ငါထွက်သွားရမယ် ထင်နေတာလား၊ မင်းကိုယ်မင်း ဩဇာအာဏာ အရမ်းရှိတယ်လို့ ထင်နေတာလား"
ချီဟုန်ပေါ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
သို့သော် သူ ရွှယ်အန်းနှင့် စကားပြောနေစဉ်မှာပင် သူ့နောက်၌ ရပ်နေသော ပိုင်ချုံးသည် လူအများ သတိမထားမိလိုက်ခင်မှာပင် တဖြည်းဖြည်း နောက်ဆုတ်သွားလေသည်။
လူအုပ်ကြီးကြားသို့ ရောက်သောအခါ ပိုင်ချုံးသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး လေထုနှင့် တစ်သားတည်း ဖြစ်သွားကာ ပျောက်ကွယ်သွားတော့သည်။ အစမှ အဆုံးထိတိုင် မည်သူမျှ သူ့လုပ်ရပ်ကို သတိမထားမိလိုက်ကြပေ။
ထိုက်ယင်နတ်ဘုရားမျိုးနွယ်မှ ကျုံးအန်းအန်းတစ်ယောက်သာ တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။ သူမ ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်ပြီးနောက် အခြေအနေကို ချက်ချင်း နားလည်သွားလေသည်။
ချီဟုန်ပေါ်က ရွှယ်အန်းကို စကားပြောပြီး မေးခွန်းထုတ်နေခြင်းသည်မှာ ရွှယ်အန်း၏ အာရုံကို လွှဲပြောင်းရန် ဖြစ်ပြီး ပိုင်ချုံးကို အလစ်ဝင်တိုက်ခိုက်ရန် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။
ရှေးဟောင်းသံစဉ်ဂိုဏ်းသည် ဓားသိုင်းပညာဖြင့် ကျော်ကြားသည်။ ပိုင်ချုံးမှာ ထိုဂိုဏ်း၏ တပည့်ဖြစ်သဖြင့် သူ၏ ဓားသိုင်းစွမ်းရည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူသာ တစ်ဖက်လူ မသိအောင် အနားကပ်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်ပါက ရှေးဟောင်းစွမ်းအားရှင်များပင် ခုခံရန် ခက်ခဲပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိပြီး ကျုံးအန်းအန်း၏ မျက်လုံးများထဲတွင် လေးနက်မှုများ ပေါ်လာကာ ရွှယ်အန်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်မိသည်။
ရွှယ်အန်း ရောက်ကတည်းက လူအများအပြားကို သတ်ဖြတ်ခဲ့သော်လည်း ကျုံးအန်းအန်းသည် ရွှယ်အန်းအပေါ် အကောင်းမြင်စိတ် ရှိနေသေးသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း သတ်ခဲ့သူများသည် အလွန်ယုတ်မာသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။။ နတ်ဘုရား အင်အားကျောင်းတော်မှ လူများနှင့် ကျီဟောင်ချုံးကဲ့သို့သော လူများ၏ ပြစ်မှုများသည် စကားဖြင့် ဖော်ပြ၍ပင် မကုန်နိုင်အောင် များပြားလှသည်။ ထို့ကြောင့် ကျုံးအန်းအန်းသည် ရွှယ်အန်းအတွက် မသိစိတ်မှပင် စိုးရိမ်ပေးနေမိသည်။
ထိုအချိန်၌ ရွှယ်အန်း၏ နောက်ကျောဘက် မလှမ်းမကမ်း လေဟာနယ်ထဲတွင် မသိမသာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်နေသည်ကို ချီဟုန်ပေါ် သတိထားမိလိုက်သည်။
ပိုင်ချုံး နေရာယူပြီးပြီ ဖြစ်ကြောင်း ချီဟုန်ပေါ် သိလိုက်ရသဖြင့် အနိုင်ရပြီဟု ခံစားလိုက်ရကာ ယုတ်မာသော အပြုံးတစ်ခု ပြုံးလိုက်လေသည်။
"မစ္စတာရွှယ်... ခင်ဗျား ဘာပြောပြော အလကာပဲ၊ ဒီကလူတွေ အကုန်လုံး သွေးကြွေးဆပ်ရမယ်လို့ ခင်ဗျား ကြုံးဝါးခဲ့မှတော့ ကျွန်တော့်ကို အရင် ကျော်ဖြတ်ရလိမ့်မယ်"
ထိုသို့ပြောပြီးသည်နှင့် ချီဟုန်ပေါ်၏ ခန္ဓာကိုယ်သည် လှုပ်ရှားလိုက်ပြီး ရွှယ်အန်းထံသို့ တစ်ရှိန်ထိုး ပြေးဝင်သွားလေသည်။
စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်အရ ဆိုလျှင် ရောက်ရှိနေသူများထဲတွင် ကျိန်စာနတ်ဘုရားမမှ လွဲ၍ သူသည် အမြင့်ဆုံး ဖြစ်သည်။ ထို့ကြောင့် ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခု ဖြစ်သော်လည်း သူ၏ အရှိန်အဟုန်သည် ကြည့်ရှုနေသူများကို မှင်သက်သွားစေလောက်အောင် မြန်ဆန်လှသည်။
ထိုအချိန်၌ ရွှယ်အန်း၏ နောက်ကျောဘက် လေဟာနယ်ထဲတွင် ပုန်းအောင်းနေသော ပိုင်ချုံးသည် ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူ၏ ယပ်တောင်သည် တောက်ပသော ဓားသွားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ရွှယ်အန်း၏ လည်ပင်းကို ပိုင်းချလိုက်လေသည်။
ဓားအလင်းတန်းသည် မျက်စိကျိန်းမတတ် တောက်ပနေပြီး ဓားအရှိန်အဝါများ နေရာအနှံ့ ပျံ့လွင့်သွားသည်။ ဤဓားချက်သည် ကြည့်ရှုနေသူ အားလုံး၏ ရင်ထဲတွင် ထိတ်လန့်သွားစေပြီး စူးရှသော ဓားအရှိန်အဝါကို ခံစားလိုက်ရသဖြင့် နောက်သို့ မသိစိတ်ဖြင့် ဆုတ်လိုက်မိကြသည်။
ကြည့်လိုက်ရုံမျှဖြင့် ရိုးတွင်းခြင်ဆီထိ အေးစက်သွားစေသည့် ခံစားချက်ကို ပေးစွမ်းနိုင်သဖြင့် ဤဓားချက်သည် မည်မျှ မြန်ဆန်ပြီး ပြင်းထန်ကြောင်း ခန့်မှန်းနိုင်လေသည်။
ယခု ရွှယ်အန်း၏ အခြေအနေကို ကြည့်ရသည်မှာ ရှေ့မှ ချီဟုန်ပေါ်၏ တိုက်ခိုက်မှုနှင့် နောက်မှ ပိုင်ချုံး၏ ဓားချက်တို့ဖြင့် ညှပ်ပူးညှပ်ပိတ် မိနေပြီး သေချာပေါက် သေလမ်းသာ ရှိတော့သည်။
ချီဟုန်ပေါ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာလေသည်။ ပိုင်ချုံး၏ ဓားချက်သာ အောင်မြင်ပါက အင်မော်တယ်သခင် စွမ်းအားရှင်ပင်လျှင် အရှုံးပေးရပေမည်။
သို့သော် ထိုအချိန်တွင် ရွှယ်အန်းက ခေါင်းပင် လှည့်မကြည့်ဘဲ ပြောလိုက်လေသည်။
"ငါ့ရှေ့မှာ ဓားထုတ်သုံးရဲဖို့ ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ၊ ချစ်ခြင်းတရားက ပေးလိုက်တာလား"
ထိုစကားကို ကြားသောအခါ လူများစွာ နားမလည် ဖြစ်သွားကြသည်။ သို့သော် ပိုင်ချုံးကမူ ဂရုမစိုက်ပေ။ ဓားကို ကိုင်စွဲလိုက်သည်နှင့် ပိုင်ချုံးသည် ပြင်ပအာရုံများကို ခံစားခြင်း မရှိတော့ဘဲ အေးစက်သော လုပ်ကြံသတ်ဖြတ်သူတစ်ဦး အဖြစ် ပြောင်းလဲသွားလေသည်။
ဓားသွားသည် ရွှယ်အန်း၏ လည်ပင်းကို ထိခါနီး ဖြစ်နေပြီး ဖြတ်သန်းသွားသော လေနုအေးကြောင့် ရွှယ်အန်း၏ ဆံနွယ်များပင် လွင့်ပျံနေလေသည်။
ထိုစဉ်မှာပင် ရွှယ်အန်း၏ လည်ပင်းရှေ့တည့်တည့်တွင် ဓားအလင်းတန်းတစ်ခု အချိန်ကိုက် ပေါ်လာပြီး ထိုတိုက်ခိုက်မှုကို တိုက်ရိုက် ကာကွယ်လိုက်လေသည်။
ဤ ဓားအလင်းတန်းလေးသည် အလွန် သေးငယ်ပြီး လေတစ်ချက် မှုတ်လိုက်ရုံဖြင့် ငြိမ်းသွားနိုင်မည့် ပုံစံမျိုး ရှိသည်။
သို့သော် ၎င်းကို ရင်ဆိုင်ရသူသာလျှင် ထိုဓားအလင်းတန်း၏ ကြောက်မက်ဖွယ် ကောင်းပုံကို နားလည်နိုင်ပေလိမ့်မည်။ အနည်းဆုံးတော့ ပိုင်ချုံး ထိုသို့ ခံစားလိုက်ရသည်။
သူ၏ မပျက်စီးနိုင်သော ဓားသည် တောင်ကြီးတစ်လုံးကို ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး အနည်းငယ်မျှပင် လှုပ်ရှားအောင် မလုပ်နိုင်ကြောင်း ခံစားလိုက်ရသည်။ ထိုမျှသာမက ပြန်ကန်ထွက်လာသော စွမ်းအားကြောင့် ပိုင်ချုံးပါ လွင့်ထွက်သွားလေသည်။
မြေကြီးပေါ်သို့ ပြန်ကျလာသောအခါ ပိုင်ချုံးသည် တုန်လှုပ်ခြောက်ခြားသွားပြီး ရွှယ်အန်းကို မယုံနိုင်စွာ ကြည့်ရင်း အသံများ တုန်ရီလာလေသည်။
"ဒါ... ဒါက..."
သူစကားပြောရန် ကြိုးစားသော်လည်း အသံထွက်မလာပေ။
တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲမှ ရှေးဟောင်းနတ်ဘုရားဓားသည် ပေါက်ကွဲကြေမွသွားပြီး ဓားအလင်းတန်းများ အဖြစ် ပြောင်းလဲကာ ရွှယ်အန်း၏ နောက်ရှိ ဓားအလင်းတန်းကို ဦးညွှတ်ကာ အရိုအသေ ပေးနေသကဲ့သို့ ဖြစ်နေလေသည်။ မသိပါက မြင့်မြတ်သော ဧကရာဇ်တစ်ပါးကို တွေ့လိုက်ရသကဲ့သို့ထင်ရသည်။
ထို့နောက် ရွှယ်အန်းက ညည်းတွားသလို ပြောလိုက်လေသည်။
"ဓားဆိုတာ လူကြီးလူကောင်းတွေ ကိုင်စွဲတဲ့ သတ်ဖြတ်ခြင်း လက်နက်ပဲ၊ ဒါကို မင်းက အင်အားကြီးချင်တာ တစ်ခုတည်းနဲ့ အလစ်ဝင်တိုက်ဖို့ သုံးတယ်ဆိုတော့ ဓားကို စော်ကားလိုက်တာပဲ၊ ဒါကြောင့်..."
ရွှယ်အန်းက လှည့်မကြည့်ဘဲ ပေါ့ပါးစွာ ဆက်ပြောလိုက်သည်။
"မင်းက ဓားကို ကိုင်ဖို့ အရည်အချင်း မရှိဘူး"
ထို့နေယက်ရွှယ်အန်း၏ နောက်ရှိ ဓားအလင်းတန်းသည် ရုတ်တရက် လင်းလက်သွားပြီး မျက်စိကျိန်းမတတ် တောက်ပသော ရှည်လျားသည့် ဓားတစ်လက်အဖြစ် ပြောင်းလဲကာ တုန်ရီနေသော ပိုင်ချုံးကို ဓားဖျားဖြင့် ချိန်ရွယ်လိုက်လေသည်။
"မင်းမသေခင်မှာ စစ်မှန်တဲ့ ဓားသိုင်းဆိုတာ ဘာလဲ ငါပြပေးမယ်"
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစဥ်ဓားရှည်ကြီးသည် အထက်စီးမှနေ၍ ထိုးစိုက်ကျလာလေသည်။ ဤသည်မှာ စကားဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ခမ်းနားသော ဓားချက် ဖြစ်သည်။ ကြယ်တာရာများ စီးဆင်းကျလာသကဲ့သို့၊ နေနှင့် လ ဇောက်ထိုး ပြောင်းပြန် ဖြစ်သွားသည့်ပမာထင်ရသညါ။
အလွန် ပြင်းထန်သော ဓားအရှိန်အဝါကြောင့် နတ်ဘုရားစင်မြင့်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဓားစွမ်းအင်များက မြေပြင်ကို အက်ရာများ ထင်အောင် ပိုင်းဖြတ်သွားလေသည်။
ပိုင်ချုံးသည် ရှောင်တိမ်းရန်ပင် မကြိုးစားတော့ပေ။ အမှန်တွင် သူရှောင်ချင်လျှင်လည်း ရှောင်၍ ရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ချီစွမ်းအင်ဖြင့် ချိန်ရွယ် ပိတ်ဆို့ထားခြင်း ခံရသဖြင့် သူလုပ်နိုင်သည်မှာ ဓားကျလာသည်ကို ငေးကြည့်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်ရန်သာ ရှိတော့သည်။
"ဒါကမှ... ဓားပဲ..."
ထိုအချိန်တွင် ပိုင်ချုံး၏ မျက်လုံးများထဲ၌ တပ်မက်မှုနှင့် စိတ်သက်သာရာ ရမှုများ ပြည့်နှက်နေပြီး ကံကောင်းသည်ဟုပင် ခံစားနေရလေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဓားချက်မျိုးအောက်တွင် သေဆုံးရခြင်းသည် ဓားကျင့်ကြံသူတစ်ဦးအတွက် အကောင်းဆုံး နိဂုံးချုပ်ခြင်း ဖြစ်သည်ဟု သူ နားလည်လိုက်သောကြောင့်ဖြစ်သည်။
ထို့အပြင် ဤသည်မှာ သူ့အတွက် ဂုဏ်ယူစရာလည်း ဖြစ်ပေသည်။
အခန်း (၁၀၈၉) - လေတစ်ချက် မှုတ်ရုံဖြင့် ကောင်းကင်မီးတောက်ကို ငြိမ်းသတ်ခြင်း
မည်သည့် အသံဗလံမျှ မထွက်ပေါ်လာသည့်အပြင် မလိုအပ်သော လှုပ်ရှားမှုလည်း မရှိပေ။ ထိုဓားချက်အောက်တွင် ပိုင်ချုံးသည် မီးနှင့်တွေ့သော ဖယောင်းရုပ်တုတစ်ခုအလား တိတ်ဆိတ်စွာ အရည်ပျော်ကျသွားလေသည်။
အမှန်တကယ် အရည်ပျော်သွားခြင်းတော့ မဟုတ်ချေ။ ဓားချက်မှာ မြန်ဆန်လွန်းလှသဖြင့် အသားများ ပြိုကွဲပျက်စီးချိန်ပင် မရလိုက်ဘဲ ပြင်းထန်လွန်းသော ဓားစွမ်းအင်ကြောင့် တိုက်ရိုက် အငွေ့ပျံသွားခြင်းသာ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်ချုံး၏ ခန္ဓာကိုယ်သည် လေထုထဲမှ လုံးဝ ပျောက်ကွယ်သွားလေသည်။ လေထဲတွင် လွင့်မျောကျန်ရစ်ခဲ့သည်မှာ နှင်းပေါ်ကျသော နှင်းခဲများကဲ့သို့ နီညိုရောင် ဖုန်မှုန့်အလွှာလေးတစ်ခုသာ ဖြစ်သည်။ ၎င်းမှာ ပိုင်ချုံး၏ အငွေ့ပျံသွားသော အသားစများမှ ဖြစ်ပေါ်လာသော အမှုန်အမွှားများသာ ဖြစ်ပေသည်။
ထိုဖုန်မှုန့်များသည် တဖြည်းဖြည်း ကျဆင်းလာပြီး မြေပြင်ပေါ်တွင် ပါးလွှာသော အလွှာလေးတစ်ခုအဖြစ် တည်ရှိနေသည်။ ထိုအရာမှလွဲ၍ သူရှိခဲ့ကြောင်း သက်သေပြစရာ ဘာတစ်ခုမျှ မကျန်ရစ်တော့ပေ။
တစ်နေရာလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်းသည် သူတို့ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် ဆွံ့အမှင်သက်နေကြသည်။ များစွာသော သူများသည် အလွန်အမင်း တုန်လှုပ်သွားကြသဖြင့် ကြောင်အမ်းအမ်း ဖြစ်နေကြလေသည်။
အစောပိုင်းက ဤဝတ်ရုံဖြူနှင့် လူငယ်သည် ကြွားလုံးထုတ်နေသည်ဟု လူအများက ထင်မှတ်ခဲ့ကြသော်လည်း သူ စင်မြင့်ပေါ်သို့ တက်ရောက်လာချိန်မှ ယခုအချိန်ထိ လက်ဖက်ရည်တစ်အိုး သောက်ချိန်လောက်ပင် မကြာလိုက်ဘဲ လူ ၄၊ ၅ ယောက်ကို သတ်ဖြတ်ပြီးခဲ့လေသည်။
ထို့အပြင် သူသတ်ဖြတ်ခဲ့သော သူများမှာ သာမန်လူများ မဟုတ်ပဲ ဂုဏ်သရေရှိ မျိုးနွယ်စုကြီးများမှ သားရတနာများနှင့် အစွမ်းထက်သော ဆက်ခံသူများ ဖြစ်ကြသည်။ အထူးသဖြင့် ရှေးဟောင်းသံစဉ်ဂိုဏ်း၏ ဂုဏ်ယူရသော ဆက်ခံသူ ပိုင်ချုံးသည် ရှေးဟောင်းသံစဉ်ဂိုဏ်း၏ နာမည်ကျော်ကြားလှသော ဓားသိုင်းပညာဖြင့်ပင် ပြန်လည် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အချက်က လူအများ၏ ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများကို အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်စေသည်မှာ သဘာဝပင် ဖြစ်သည်။
မူလက တည်ငြိမ်နေပြီး ရွှယ်အန်းသေချာပေါက် သေရမည်ဟု ယုံကြည်ထားသော ပုယန်ရု၊ ရွမ်ကျင်းရှိုးနှင့် အခြား အမျိုးသမီးများသည် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ကြောင်ငေးကြည့်နေမိကြသည်။
ထိုအချိန်၌ ချီဟုန်ပေါ်သည် မြေပြင်ပေါ်ရှိ နီညိုရောင် ဖုန်မှုန့်များကို ကြည့်လိုက်ပြီး သူ၏ မျက်နှာထားသည် တဖြည်းဖြည်း လေးနက်လာကာ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။
"ငါဝန်ခံပါတယ်၊ ငါ တောက်လျှောက် မင်းကို လျှော့တွက်မိခဲ့တာပါ၊ မင်းက ဓားသမားတစ်ယောက် ဖြစ်လိမ့်မယ်ဆိုတာနဲ့ ပိုင်ချုံးကိုတောင် ဓားသိုင်းနဲ့ ပြန်သတ်နိုင်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး"
ချီဟုန်ပေါ်က အသက်ပြင်းပြင်း ရှူလိုက်ရာ သူ၏ မျက်လုံးများ ပိုမို တောက်ပလာပြီး ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။
"အရင်က ငါမင်းကို အရေးမလုပ်ခဲ့ဘူးဆိုရင်တောင် အခုတော့ မင်းက ငါနဲ့ တိုက်ခိုက်ဖို့ ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာပါပြီ"
ရွှယ်အန်း၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"ဟော... ပြိုင်ဘက်အဆင့်လောက်ပဲလား၊ အဲဒီလောက်နဲ့ လုံလောက်ပြီလို့ မင်းထင်နေတာလား"
ထိုစကားကြောင့် ချီဟုန်ပေါ်၏ မျက်နှာတွင် မောက်မာပြီး သရော်သော အမူအရာ ပေါ်လာလေသည်။
"မင်းရဲ့ စွမ်းရည်က မဆိုးပါဘူး၊ ဒါပေမဲ့ မင်းငါ့ကို နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့ ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်ရှေ့မှာ မင်းတို့အားလုံးက သာမန် သေမျိုးတွေပဲမို့လို့"
သို့သော် သူ၏ စကားဆုံးသည်နှင့် သူ၏ နှုတ်ခမ်းပင် မပိတ်ရသေးခင်မှာပင် ရွှယ်အန်းသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး လေဟာနယ်ကို ဖြတ်ကျော်ကာ သူ့ရှေ့တည့်တည့်သို့ ရောက်လာခဲ့သည်။ ထို့နောက် တုံ့ပြန်ချိန်ပင် မရလိုက်လောက်အောင် မြန်ဆန်သော လျှပ်စီးကဲ့သို့ အဟုန်ဖြင့် သူ့ပါးကို ရိုက်ချလိုက်လေသည်။
ဖြောင်း...
ပါးရိုက်သံသည် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ထိုပြတ်သားသော အသံနှင့်အတူ ချီဟုန်ပေါ်သည် ဂျင်တစ်လုံးကဲ့သို့ လည်ထွက်သွားပြီး လေထဲတွင် ၁၀ ပတ်ကျော် လည်ပတ်ကာ လွင့်ထွက်သွားလေသည်။ မြေကြီးပေါ်သို့ မနည်း အားယူ ပြန်ကျလာသောအခါ ယိုင်နဲ့နဲ့ ဖြစ်နေပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲနေလေသည်။
သူ၏ မျက်နှာသည် သိသိသာသာ လျင်မြန်သော နှုန်းဖြင့် ဖောင်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မူလက ချောမောသော ပါးပြင်သည် ဝက်ခေါင်းကြီးသဖွယ် ရောင်ရမ်းလာတော့သည်။
ခန်းမတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် အားလုံး၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ရောထွေးနေလေသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက ရုတ်တရက် ထလုပ်ပြီး အလွန်မြင့်မြတ်သော ဂုဏ်ပုဒ်ရှိသည့် ကောင်းကင်မီးတောက် သခင်လေးချီဟုန်ပေါ်ကို ပါးရိုက်ကာ လွင့်ထွက်သွားအောင် လုပ်လိုက်မည်ဟု မည်သူမျှ ထင်မထားခဲ့သောကြောင့် ဖြစ်သည်။
ဒါတော့ ဒုက္ခပဲ... တကယ့် ဒုက္ခပဲ...
လူတိုင်း စိတ်ထဲမှ တွေးလိုက်မိသည်။
မှန်ပေသည်။ ချီဟုန်ပေါ်သည် ပါးရိုက်ခံရမှုကြောင့် ဖြစ်ပေါ်လာသော ထုံထိုင်းမှုများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ တစ်ကိုယ်လုံး တုန်ခါလာပြီး မျက်လုံးထဲရှိ နာကျည်းမုန်းတီးမှုများသည် အကောင်အထည် ပေါ်လာလုနီးပါး ဖြစ်နေလေသည်။
"ကောင်းပြီ၊ မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့၊ မင်းသေပြီသာ မှတ်၊ နေပါဦး၊ ငါမင်းကို ဒီအတိုင်း မသတ်ဘူး၊ မင်းရဲ့ ဝိညာဉ်ကို ထုတ်ပြီး ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲ ပစ်ထည့်ပြီး နှစ်သန်းပေါင်းများစွာ နှိပ်စက်မယ်၊ အဲဒီကျရင် မင်းက သေချင်လျက်နဲ့ မသေရတဲ့ ဘဝမျိုး ရောက်စေရမယ်"
ချီဟုန်ပေါ်က ပြင်းလှစွာသော အမုန်းတရားဖြင့် ဟိန်းဟောက်လိုက်သည်။
သို့သော် ရွှယ်အန်းက သူ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ အချက်အလက်တစ်ခုကိုသာ အာရုံစိုက်လိုက်သည်။
"ကောင်းကင်မီးတောက် ချောက်နက်ကြီး ဟုတ်လား"
ရွှယ်အန်း၏ မျက်လုံးများ ခေတ္တမျှ အရောင်လက်သွားသည်။
"ဟုတ်တယ်၊ အဲဒါက ငါတို့ ကောင်းကင်မီးတောက် သူတော်စင်မျိုးနွယ်ရဲ့ မူလနေရာပဲ၊ မရေမတွက်နိုင်တဲ့ ကောင်းကင်မီးတောက် အမျိုးအစားတွေ ပြည့်နှက်နေတဲ့ နေရာ၊ မင်းဘယ်လောက် သန်မာတဲ့ စစ်သည်တော် ဖြစ်ဖြစ် ငါတို့မျိုးနွယ်ရဲ့ လျှို့ဝှက်နည်းလမ်း မရှိရင် အဲဒီထဲ ဝင်လိုက်တာနဲ့ မင်းရဲ့ ဝိညာဉ်က အစပျောက်သွားလိမ့်မယ်၊ ဟားဟားဟား ပြီးတော့ မင်း၊ မင်းက အဲဒီထဲမှာ ထာဝရ အကျဉ်းချခံထားရတဲ့ စမ်းသပ်ခံ ပစ္စည်းတစ်ခု ဖြစ်လာစေရမယ်"
ချီဟုန်ပေါ် ပြောနေစဉ်မှာပင် သူ၏ မျက်နှာပေါ်တွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ဒဏ်ရာများသည် သိသိသာသာ လျင်မြန်သော နှုန်းဖြင့် စတင် သက်သာပျောက်ကင်းလာသည်။
ရွှယ်အန်းကမူ တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ခေါင်းငုံ့ထားလေသည်။ ကြည့်ရှုသူ အများစုအတွက်မူ ဤအမူအရာသည် ရွှယ်အန်း ကြောက်ရွံ့သွားကြောင်း ပြသနေသည်ဟု ထင်မှတ်စေသည်။ ချီဟုန်ပေါ်ကလည်း ထိုသို့ပင် ထင်မြင်ယူဆလိုက်ပြီး ဘဝင်မြင့်စွာ ပြောလိုက်လေသည်။
"ဘာဖြစ်သွားတာလဲ၊ အခုမှ ကြောက်သွားပြီလား၊ ဒါဆို ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း၊ ငါ့ကို အသနားခံလိုက်... ဒါဆိုရင်တော့ ငါသဘောထားကြီးကြီးနဲ့ မင်းကို မြန်မြန် သေခွင့်ပေးကောင်း ပေးနိုင်ပါတယ်"
ချီဟုန်ပေါ်သည် အရူးတစ်ယောက်ကဲ့သို့ ရယ်မောလျက် သူ၏ ပျော်ရွှင်မှုကို ခံစားနေလေသည်။ သို့သော် သူ၏ ရယ်မောသံများကြားတွင် ရွှယ်အန်းက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်လေသည်။
"မီးတောက်တွေရဲ့ ဘိုးဘေးမြေကို ကောင်းကင်မီးတောက် ချောက်နက်ကြီးလို့ ခေါ်တာလား၊ ကောင်းကင်မီးတောက် မျိုးနွယ်စုက နတ်ဘုရားနယ်ပယ်ထဲမှာ ပိတ်လှောင်ခံထားရပြီး ဒီလောက် ဘဝင်မြင့်နေကြတာ မဆန်းပါဘူးလေ၊ ဒါပေမဲ့ ဒါက ငါ့အတွက် သတင်းကောင်းပဲ၊ ဒါကြောင့် မင်းကို သေခွင့်ပေးဖို့ ငါဆုံးဖြတ်လိုက်ပြီ"
ချီဟုန်ပေါ်သည် ရွှယ်အန်း၏ စကားကို လုံးဝ နားမလည်ပေ။ အမှန်တကယ်တော့ သူသည် ဒေါသကြောင့် အမြင်အာရုံ ကွယ်နေပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက သူ့ပတ်ဝန်းကျင်ရှိ လူများသည် သူ့ကို တစ်ချက်ကလေးပင် ပြန်မကြည့်ရဲခဲ့ကြပေ။ ပါးရိုက်ဖို့ ဆိုသည်မှာ ဝေလာဝေးသေးသည်။
ယနေ့ ရွှယ်အန်း လုပ်လိုက်သည်များက ချီဟုန်ပေါ်ကို အရိုးထဲထိ မုန်းတီးသွားစေပြီး ရွှယ်အန်းကို အရှင်လတ်လတ် ဝါးစားချင်စိတ် ပေါက်နေအောင် လုပ်လိုက်သလို ဖြစ်နေသည်။
သို့သော် သူတိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် ရွှယ်အန်း၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားပြီး ချီဟုန်ပေါ်၏ ဘေးနားသို့ ထပ်မံ ရောက်ရှိလာကာ လည်ပင်းကို ဆွဲကိုင်၍ ကိုင်ပေါက်လိုက်လေသည်။
ချီဟုန်ပေါ် လွင့်ထွက်သွားပြန်သည်။ ဤတစ်ခါတွင်တော့ ချီဟုန်ပေါ်သည် ယခင်တစ်ခါလောက် ကံမကောင်းတော့ပေ။ သူသည် လေထဲတွင် လိမ့်သွားပြီး စားပွဲခုံ အများအပြားကို ဝင်တိုက်ကာ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေသည်။
ခွမ်း...
ချီဟုန်ပေါ် ပြုတ်ကျသော နေရာမှ ကြမ်းပြင်သည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားပြီး ချက်ချင်း ပြန်မထနိုင်တော့ပေ။
ထို့နောက် လူအများ၏ အံ့သြမှင်သက်နေသော အကြည့်များအောက်တွင် ရွှယ်အန်းသည် လဲကျနေသော ချီဟုန်ပေါ်ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ငုံ့ကြည့်ကာ အေးစက်စွာ မေးလိုက်လေသည်။
"ကျေနပ်ပြီလား"
ဤမေးခွန်းကြောင့် အားလုံးမှာ အသက်ရှူပင် ရပ်တန့်သွားကြသည်။ ခေါင်းငုံ့ထားသော ချီဟုန်ပေါ်က အထစ်ထစ် အငေါ့ငေါ့ ပြန်ပြောလိုက်သည်။
"ဘာ.. ဘာပြောတယ်...မင်းအမေ..."
ချီဟုန်ပေါ် ရုတ်တရက် မော့ကြည့်လိုက်ရာ မျက်လုံးများထဲတွင် မီးများ တောက်လောင်နေပြီး လေဟာနယ်ထဲတွင် အပြာရင့်ရောင် မီးတောက်တစ်ခု ပေါ်လာလေသည်။ မီးတောက် ပေါ်လာသည်နှင့် အပူချိန်သည် အဆမတန် မြင့်တက်လာသည်။
အနီးနားရှိ လူများသည် ဆံပင်များ မီးစွဲလောင်တော့မတတ် ခံစားလိုက်ရသဖြင့် ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြသည်။ ချီဟုန်ပေါ်က ရက်စက်စွာ ပြုံးလိုက်သည်။
"ကောင်လေး... မင်းရဲ့ လက်သီးချက်တွေက မဆိုးပါဘူး၊ ဒါပေမဲ့ ငါ့ရဲ့ ကောင်းကင်မီးတောက်အောက်မှာတော့ မင်းသေရမှာပါပဲ"
ထိုစကားနှင့်အတူ မီးတောက်သည် ရုတ်တရက် ကြီးထွားလာပြီး မီးတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရွှယ်အန်းထံသို့ တည့်တည့် ပစ်လွှတ်လိုက်လေသည်။ ၎င်းဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် လေထုပင်လျှင် အပူရှိန်ကြောင့် လိမ်တွန့်သွားလေသည်။
ဤကဲ့သို့သော အပူချိန်အောက်တွင် သန့်စင်သော ရွှေစင်ပင်လျှင် လုံးဝ အရည်ပျော်သွားနိုင်သည်။
လူအများက သက်ပြင်းချလိုက်ကြပြီး ရွှယ်အန်းတော့ သေချာပေါက် သေပြီဟု ယုံကြည်လိုက်ကြသည်။ ပုယန်ရု၊ ရွမ်ကျင်းရှိုးနှင့် အခြားသူများ၏ မျက်နှာပေါ်တွင် အောင်နိုင်သူ အပြုံးများ ပေါ်လာကြသည်။ သို့သော် သူတို့၏ အပြုံးများသည် မျက်လုံးများဆီသို့ မရောက်မီမှာပင် လုံးဝ အေးခဲသွားကြလေသည်။
ထိုအချိန်၌ ရွှယ်အန်းသည် ရုတ်တရက် ပါးစပ်ဟပြီး လေတစ်ချက် မှုတ်ထုတ်လိုက်သည်။
ဖူး...
ရိုးရှင်းသော လေမှုတ်ထုတ်လိုက်ခြင်း ဖြစ်သော်လည်း ဘတ်စကက်ဘောလုံး အရွယ်အစားရှိသော အပြာရင့်ရောင် မီးတောက်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် လူတိုင်း၏ အံ့သြထိတ်လန့်နေသော မျက်လုံးများ ရှေ့မှာပင် လုံးဝ ငြိမ်းသတ်ခြင်း ခံလိုက်ရလေတော့သည်။