အခန်း (၁၀၉၃-၁၀၉၅)
Vol. 73 Ch. 1093-1095
အခန်း (၁၀၉၃) - နတ်ဘုရားများ သတ်ဖြတ်ပွဲ စတင်ခြင်း
"သေချင်နေတာပဲ"
ရွှယ်အန်း၏ စကားသည် သိသာထင်ရှားစွာပင် ဒွိဟဖြစ်ဖွယ်ရာ အဓိပ္ပာယ်များ ပါဝင်နေသဖြင့် ကျိန်စာနတ်ဘုရားမသည် ဒေါသထွက်သွားလေသည်။ သူမ၏ မျက်လုံးထဲတွင် မီးပွားတစ်ခု လက်ခနဲ ဖြစ်သွားသည်။
ဆိုးရွားသော သဘာဝရှိသည့် သိပ်သည်းသော မီးခိုးရောင် အလင်းတန်းများသည် မိုးစက်များသဖွယ် ကျဆင်းလာသည်။ ထိုအလင်းတန်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟာလာဟင်းလင်း အပေါက်ကြီးများ ဖြစ်ပေါ်လာပြီး လေဟာနယ်ကိုပါ စားသုံးသွားပုံရသည်။
ရွှယ်အန်း၏ ပုံရိပ်သည် တဖျပ်ဖျပ် လှုပ်ရှားသွားပြီး ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ကျိန်စာနတ်ဘုရားမက မထီမဲ့မြင် ပြုံးလိုက်ပြီး လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
သံခြေကျင်းများသည် လေထုထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ရွှယ်အန်း၏ ပတ်လည်ရှိ ထွက်ပြေးနိုင်သော လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့လိုက်လေသည်။ ရွှယ်အန်းသည် အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ ရွာသွန်းဖြိုးကျလာသော ကျိန်စာအလင်းတန်းများ၏ ဝါးမြိုခြင်းကို လုံးဝ ခံလိုက်ရလေသည်။
"သခင်ကြီး..."
ချူရှောင်ယွင်သည် ပြင်းထန်လှသော ဖိအားကြောင့် ဒူးထောက်နေရာမှ စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်ပြီး အသက်စွန့်ရန် ဆုံးဖြတ်ကာ သူမ၏ နတ်ဘုရားစွမ်းအား အားလုံးကို အသက်သွင်း၍ မတ်တတ်ရပ်လျက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူမအနေဖြင့် ကျိန်စာနတ်ဘုရား၏ ဆံချည်တစ်မျှင်ကိုပင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ကြောင်း သိသော်လည်း သူမတွင် ဂရုစိုက်စရာ ဘာမျှ မကျန်တော့ပေ။
လာမည့် အဆုံးမရှိသော နှိပ်စက်မှုများထက် သေဆုံးခြင်းက ပို၍ ကောင်းမွန်ပေသည်။ သို့သော် ကျိန်စာနတ်ဘုရားမသည် နောက်တစ်ကြိမ် မထီမဲ့မြင် ပြုံးလိုက်ပြန်သည်။ သိသာထင်ရှားသော လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိဘဲ မမြင်ရသော ဖိအားတစ်ခုသည် ချူရှောင်ယွင် အပေါ်သို့ ကျဆင်းလာသည်။
ဘုန်း!
ချူရှောင်ယွင်သည် ပြင်းထန်စွာ ဒူးထောက်ကျသွားပြီး သူမ၏ ဒူးခေါင်းရိုးများပင် ကြေမွသွားရသည်။
ထိုအခါမှသာ ကျိန်စာနတ်ဘုရားမက အေးစက်စွာ ပြောလိုက်သည်။
"သေချင်လို့လား၊ အဲ့ဒီလောက် မလွယ်ပါဘူးလေ၊ အကယ်၍ ဒီကောင်သာ သေသွားရင် နင်က သူ့အစား အဆုံးမရှိတဲ့ ပြစ်ဒဏ်တွေကို ခံယူရလိမ့်မယ်၊ နင့် မွေးရာပါ သွေးစည်းကအစ ငါ့ရဲ့ စုဆောင်းမှုတွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်၊ အခု ငါ ပြောပြမယ်... ချူမိသားစုရဲ့ ကျဆုံးခန်းဆိုတာက နတ်ဘုရားဘုရင်ဆီကို ငါ အကြံပြုခဲ့လို့ ဖြစ်လာရတာပဲ"
ထိုစကားများကို ကြားလိုက်ရသောအခါ ချူရှောင်ယွင်၏ မျက်လုံးများသည် အဆိပ်ပြင်းသော အမုန်းတရားများကြောင့် သွေးရောင် လွှမ်းသွားပြီး ကျိန်စာနတ်ဘုရားမကို စိုက်ကြည့်လိုက်မိသည်။ သို့သော် သူမသည် လက်ညှိုးတစ်ချောင်းပင် မလှုပ်နိုင်သည့်အပြင် သူမ၏ နတ်ဘုရားဝိညာဉ်ကို ကိုယ်တိုင် ဖျက်ဆီးရန်ပင် မစွမ်းသာတော့ချေ။
အဘယ်ကြောင့်ဆိုသော် ကျိန်စာနတ်ဘုရားမသည် သူမကို လုံးဝ ချုပ်နှောင်ထားပြီး ဖြစ်သောကြောင့်ပင်။
ထိုအချိန်တွင် ကျိန်စာအလင်းတန်းများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ထိုမြင်ကွင်းကို ကြည့်လိုက်သောအခါ မြေပြင်တွင် စားသုံးခံထားရသော ကြီးမားသည့် တွင်းနက်ကြီးတစ်ခုမှလွဲ၍ ဘာမျှ ကျန်ရစ်ခြင်း မရှိတော့ပေ။
ထိုမြင်ကွင်းကြောင့် ချူရှောင်ယွင်၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ကျသွားရလေသည်။ ပရိသတ်အားလုံးကမူ သက်ပြင်းချနိုင်သွားကြသည်။ အမှန်တကယ်တွင်မူ လူတိုင်းက ဤရလဒ်ကို မလွဲမသွေ ဖြစ်လာမည့် အရာတစ်ခုအဖြစ် ရှုမြင်ထားကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျိန်စာနတ်ဘုရားမသည် ယခုအခါတွင် အင်မော်တယ်သခင်အဆင့် အာဏာပိုင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူမ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်သည် ဆိုမှတော့ ပြိုင်ဘက်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်မှာ သဘာဝကျပေသည်။
ပုယန်ရုနှင့် ရွမ်ကျင်းရှိုတို့ နှစ်ဦးစလုံးသည် တောက်ပစွာ ပြုံးလိုက်ကြသည်။ လူအုပ်ကြီးသည်လည်း အေးအေးဆေးဆေး ဆွေးနွေးလာကြသည်။
"ကျွတ်... ကျွတ်... နတ်ဘုရားမကို ဒီလောက် ဗြောင်ကျကျ ဆန့်ကျင်ရဲတယ်မှတော့ အခု သူ့ရဲ့ နတ်ဘုရားဝိညာဉ်တောင် လုံးဝ ပျက်စီးသွားရပြီ"
"သူက ထျန်ကျောက်ဘုံက နတ်ဘုရားတွေကို သတ်ဖြတ်မယ်လို့တောင် အိပ်မက်မက်ခဲ့သေးတာ၊ နတ်ဘုရားမကိုတောင် မကျော်နိုင်ဘဲနဲ့များ... တကယ့် ဟာသပဲ"
"သူ တကယ် သေသွားပြီလို့ ထင်လား၊ ဒါဆို အလောင်းက ဘယ်မှာလဲ"
"ဟဲဟဲ... မင်း မမြင်ဘူးလား၊ မြေကြီးတောင် တွင်းအကြီးကြီး ဖြစ်သွားအောင် စားသုံးခံလိုက်ရတာလေ၊ ဒီလိုအခြေအနေမျိုးမှာ အလောင်းမပြောနဲ့၊ အရိုးစလေးတွေတောင် ကျန်မယ် မထင်ဘူး"
ထိုသို့ ဆွေးနွေးပြောဆိုနေကြစဉ် ကျုံးအန်းအန်းသည် လူအုပ်ကြီး၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမ၏ မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွားသည်။
သူ တကယ် သေသွားပြီပဲ... ဒီလောက် တောက်ပပြီး ပါရမီပါတဲ့ လူငယ်တစ်ယောက်အတွက် တကယ် နှမြောစရာကောင်းလိုက်တာ၊ သူသာ ဒီလောက် မောက်မာပြီး ဒီလိုရလဒ်မျိုး ဖြစ်လာအောင် မလုပ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ...
ကျုံးအန်းအန်းသည် ရှေ့သို့ထွက်ပြီး ရွှယ်အန်းနှင့် မိတ်ဖွဲ့လိုသည့် ဆန္ဒ အမှန်တကယ် ရှိခဲ့မိသည်။ ထိုအချိန်တွင် ကျိန်စာနတ်ဘုရားမသည် လူအုပ်ကြီး တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ရာ ဆူညံသံများ ငြိမ်သက်သွားလေသည်။
"မင်းတို့အားလုံး မြင်တဲ့အတိုင်းပဲ၊ ဒါက ငါ့ကို ဆန့်ကျင်တဲ့သူရဲ့ ကံကြမ္မာပဲ"
ကျိန်စာနတ်ဘုရားမက တည်ငြိမ်စွာ ပြောလိုက်သည်။
"နတ်ဘုရားမ... ကျွန်တော်တို့အားလုံး မျက်မြင်သက်သေတွေပါ၊ဒီလူ ဖြစ်ခဲ့သမျှ အရာအားလုံးက သူ့ဘာသာသူ လုပ်ယူခဲ့တာတွေချည်းပါပဲ၊ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး"
"ဟုတ်ပါတယ်... ကျွန်တော်တို့အနေနဲ့လည်း နောင်ကျရင် ဒါကို သတိပေးချက်တစ်ခုအနေနဲ့ မှတ်ယူထားပါ့မယ်"
"ဟုတ်တယ်"
ထိုကဲ့သို့သော အော်ဟစ်သံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ ကျိန်စာနတ်ဘုရားမ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာစေသည်။ ထို့နောက် သူမသည် ဖြည်းညှင်းစွာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်၌ပင် သူမ၏ အနောက်ဘက်ဆီမှ ဖျော့တော့သော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းရဲ့ အင်အားက တော်တော်လေး မဆိုးပါဘူး၊ ပြီးတော့ အင်မော်တယ်သခင်အဆင့်ကလည်း လုံလောက်တဲ့အထိ သန့်စင်ပါတယ်၊ ဝမ်းနည်းစရာ ကောင်းတာကတော့... မင်းရဲ့ ပါရမီက အရမ်းညံ့ဖျင်းလွန်းပြီး အနာဂတ်က အကန့်အသတ် ရှိနေတာပါပဲ"
ထိုအသံကို ကြားလိုက်ရသောအခါ ပြုံးရွှင်စွာဖြင့် ထွက်ခွာရန် ပြင်နေသော ကျိန်စာနတ်ဘုရားမမှာ ထိတ်လန့်သွားလေသည်။ ဤနတ်ဘုရားခန္ဓာကိုယ်သည် သာမန်လူသား အသားအရည် မဟုတ်သဖြင့် ထောင်ထစရာ မွေးညင်းများ မရှိသော်လည်း ကျိန်စာနတ်ဘုရားမသည် အရိုးခိုက်အောင် အေးစက်မှုကို ခံစားလိုက်ရသည်။
သို့သော် သူမ၏ တုံ့ပြန်မှုက လျင်မြန်လှသည်။ သူမ၏ အင်မော်တယ်သခင် အရှိန်အဝါဖိအားသည် ဟိန်းထွက်လာပြီး သူမ၏ ပတ်လည်ရှိ လေဟာနယ် အားလုံးကို ချက်ချင်း ပိတ်ဆို့လိုက်လေသည်။ ဤနည်းအားဖြင့် တစ်စုံတစ်ယောက်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုလျှင်ပင် မဖြစ်နိုင်တော့ချေ။
သို့သော် ဤတစ်ကြိမ်တွင်မူ သူမ တွက်ချက်မှု လွဲမှားသွားခဲ့သည်။ လက်တစ်ဖက်သည် အလွှာလိုက် ပိတ်ဆို့ထားသော လေဟာနယ်များကို ဖြတ်သန်း၍ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး မဖြစ်နိုင်လောက်သော ထောင့်တစ်ခုမှနေ၍ ကျိန်စာနတ်ဘုရားမ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်လေသည်။
"ကျုပ် ပြောပြီးပြီပဲ... ကျုပ်မျက်လုံးထဲမှာတော့ ကိုယ်ပွားပဲဖြစ်ဖြစ်၊ နတ်ဘုရားခန္ဓာကိုယ်ပဲဖြစ်ဖြစ် အတူတူပဲ၊ အကုန်လုံးကို တန်းတူပဲ ရိုက်နှက်မှာ"
ထိုစကားများနှင့်အတူ ကျိန်စာနတ်ဘုရားမ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်သည် သူမကို အောက်သို့ အားကုန် ဆောင့်ချလိုက်လေသည်။
ဘုန်း!
ကျိန်စာနတ်ဘုရားမ၏ နတ်ဘုရားခန္ဓာကိုယ်သည် အမြောက်ဆံတစ်ခုကဲ့သို့ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီးသော ကောင်းကင်စင်မြင့်ကို လုံးဝ ကြေမွသွားစေသည်။
လူတိုင်း မော့ကြည့်လိုက်ကြပြီး မှင်သက်အံ့သြလျက် သူတို့ မြင်နေရသည်ကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ခဏလေးကမှ လူတိုင်း သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ကြသော ရွှယ်အန်းသည် ယခုအခါ လေဟာနယ်ထဲတွင် ဖြည်းညှင်းစွာ ပေါ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်မတ် ရပ်နေသောကြောင့် ဖြစ်သည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး"
ပုယန်ရုသည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
သို့သော် သူမ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ရွှယ်အန်းသည် လေဟာနယ်ထဲတွင် ရပ်နေပြီး အောက်ဘက်ရှိ အရာအားလုံးကို တည်ငြိမ်အေးစက်စွာ ငုံ့ကြည့်နေသည်။
ထိုအချိန်တွင် မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရသော ကျိန်စာနတ်ဘုရားမသည် မြေအောက်မှနေ၍ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ရာအနည်းငယ် ပေါ်နေသည်မှလွဲ၍ အခြား ထိခိုက်မှုမရှိဘဲ သန့်စင်နေဆဲ ဖြစ်သည်။ သို့သော် ဤအရာက ကျိန်စာနတ်ဘုရားမ ဂရုစိုက်သော အရာမဟုတ်ပေ။ သူမ၏ အကြည့်များသည် ရွှယ်အန်းထံတွင် စူးစိုက်နေသည်။
"ဘာလို့ နင်က ငါ့ရဲ့ ကျိန်စာအလင်းကို ခံနိုင်ရည်ရှိနေတာလဲ"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"အကြောင်းပြချက် ထွေထွေထူးထူး မရှိဘူး၊ မင်းက အရမ်း အားနည်းလွန်းလို့လေ"
ကျိန်စာနတ်ဘုရားမသည် အသက်ပြင်းပြင်း ရှူလိုက်သည်။
"နင်က ငါ့ကို ဆက်ပြီး အံ့သြအောင် လုပ်နေတာပဲ၊ ဒါပေမဲ့ နင် ဘယ်သူပဲဖြစ်ဖြစ်၊ နောက်ခံက ဘာပဲရှိရှိ အရေးမကြီးဘူး၊ ဒီနေ့ သေကို သေရမယ်"
နောက်ဆုံးစကားလုံးဖြစ်သည့် "သေရမယ်" ဟု ပြောလိုက်သည်နှင့် ကျိန်စာနတ်ဘုရားမ၏ မျက်နှာထားသည် တင်းမာခက်ထန်သွားပြီး သူမ၏ လက်ညှိုးကို ကောင်းကင်သို့ ထိုးညွှန်လိုက်သည်။
"မူလအစ ကျိန်စာအမှတ်အသား"
ဖျာထွက်လုနီးပါး ကြည်လင်နေသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ရွှယ်အန်းထံသို့ တည့်တည့် ဦးတည်သွားသည်။
ဤကျိန်စာသည် ကျိန်စာနတ်ဘုရားမမှ ပြိုင်ဘက်ကင်းသော စစ်သည်တော်များကို ကိုင်တွယ်ရန် အထူး ပြင်ဆင်ထားခြင်း ဖြစ်သည်။ သာမန် အားနည်းမှု သို့မဟုတ် အသက်နှင့် သေခြင်းကို ကျိန်စာတိုက်ခြင်း မဟုတ်ဘဲ စွမ်းအား၏ မူလအစကို တိုက်ရိုက် ထိုးနှက်ပြီး ချေမှုန်းပစ်ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော မန္တန်သည် အလွန်များပြားလှသော နတ်ဘုရားစွမ်းအားကို လိုအပ်သဖြင့် ကျိန်စာနတ်ဘုရားမသည် ၎င်းကို အသုံးပြုသည်မှာ ရှားပါးလှသည်။ သို့သော် ယနေ့တွင် ရွှယ်အန်းကို ဖျောက်ဖျက်ပစ်ရန်အတွက် သူမသည် ပြတ်သားစွာ ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
အလင်းရောင်သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ ရွှယ်အန်း၏ ခန္ဓာကိုယ်သည် အလွှာပေါင်းစုံ သံခြေကျင်းများဖြင့် ချည်နှောင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ၏ အရှိန်အဝါသည် လျင်မြန်စွာ အားနည်းသွားသည်။ ခဏအတွင်းမှာပင် သူသည် လေထဲတွင် ဟန်ချက်ကိုပင် မထိန်းနိုင်တော့ဘဲ အောက်သို့ တည့်တည့် ပြုတ်ကျလာလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိန်စာနတ်ဘုရားမသည် အဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ ကျိန်စာက နောက်ဆုံးတော့ အလုပ်ဖြစ်သွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လုံးဝ ကုန်ခမ်းသွားသည်နှင့် ရွှယ်အန်းအတွက် စောင့်ကြိုနေမှာက သေခြင်းတရားဖြစ်သည်။
သို့သော် ရွှယ်အန်း မြေကြီးနှင့် ရိုက်မိခါနီးအချိန်တွင် အရာအားလုံး ရပ်တန့်သွားသည်။ ထို့နောက် ရွှယ်အန်းသည် လေထဲတွင် ရပ်တန့်လိုက်ပြီး ကျိန်စာနတ်ဘုရားမကို အနည်းငယ် ပြုံးပြလိုက်သည်။
"အဆင့်တက်နိုင်တာ ခင်ဗျားတစ်ယောက်တည်း ရှိတယ်များ ထင်နေလား"
သူ့စကားဆုံးသည်နှင့် ရွှယ်အန်းကို ချည်နှောင်ထားသော သံခြေကျင်းများသည် တစ်ခုပြီးတစ်ခု အက်ကွဲကြေမွသွားလေသည်။ အလွန်တရာ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေနှင့် တိမ်တိုက်များကိုပင် အရောင်ပြောင်းသွားစေသည်။
စစ်မှန်အင်မော်တယ် တစ်ပါး၏ စွမ်းအားသည် စတင် ထွက်ပေါ်လာသည်။
အခန်း (၁၀၉၄) - တာအိုစိတ်နှလုံးက သံမဏိပမာ၊ တိုက်ပွဲဝင်စိတ်ဆန္ဒက မီးဖိုသဖွယ်
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျိန်စာနတ်ဘုရားမသည် သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီးနောက် လေတိုးသံဖြင့် ပြောလိုက်သည်။
"သူက စစ်မှန်အင်မော်တယ် အဆင့်ပဲ ရှိသေးတာလေ၊ ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ"
ရွှယ်အန်းသည် သူ၏ ဖြူဖွေးသော သွားတန်းများ ပေါ်သည်အထိ အေးစက်စွာ ပြုံးပြလိုက်သည်။
"ခန့်မှန်းကြည့်လေ... မှန်ရင် ဆုချမယ်"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် ကျိန်စာအနှောင်အဖွဲ့များ အားလုံးကို ဆွဲဆုတ်ဖြဲချလိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်များ လင်းလက်လာပြီး တစ်ကိုယ်လုံးသည် အတွင်းမှအပြင်သို့ စေ့စပ်သေချာစွာ သန့်စင်သွားလေသည်။
ကြီးမားသော တုန်ခါသံကြီးနှင့်အတူ ရွှယ်အန်းသည် သူ့ကိုယ်သူ ဖိနှိပ်ထားသော အကန့်အသတ်များကို အဆုံးတွင် ချိုးဖျက်လိုက်ပြီး အနှောင်အဖွဲ့များကို ရိုက်ခွဲကာ စစ်မှန်အင်မော်တယ် နယ်ပယ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။
အဘယ်ကြောင့်ဆိုသော် စစ်မှန်အင်မော်တယ် အဆင့်ဖြင့် လေဟာနယ်ကို ဖြတ်သန်းပါက ကောင်းကင်တာအို၏ စစ်ဆေးမှုကို ခံရနိုင်ပြီး မြက်ကိုရိုက်၍ မြွေကို လန့်စေသည့်ပမာ ရန်သူများ သတိထားမိသွားနိုင်သောကြောင့် ရွှယ်အန်းသည် နတ်ဘုရားဘုံသို့ ဝင်ရောက်စဉ်က သူ၏ အင်အားကို စစ်မှန်အင်မော်တယ်တစ်၀က် အဆင့်အထိ လျှော့ချထားခဲ့ခြင်း ဖြစ်သည်။
ယခုတွင်မူ ထိုအရာများက အရေးမကြီးတော့သဖြင့် ရွှယ်အန်းသည် ဖိနှိပ်ထားမှုများကို လွှတ်ပေးလိုက်လေသည်။ ကောင်းကင်တာအို နိယာမများသည် သက်တံရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရွှယ်အန်း၏ ပတ်လည်တွင် လှည့်ပတ်စီးဆင်းနေသည်ကို မြင်တွေ့ကြရသည်။ သူ၏ အစွမ်းထက်လှသော အရှိန်အဝါသည် ကျိန်စာနတ်ဘုရားမ၏ အင်မော်တယ်သခင် အရှိန်အဝါကိုပင် ပြန်လည် ဖိအားပေးလိုက်လေသည်။
ရွှယ်အန်းသည် မှင်သက်နေသော လူအုပ်ကြီးကြားတွင် လက်ကိုမြှောက်၍ လက်ညှိုးထိုးကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကဲ... အခု အဖြေပေးတော့လေ"
သူ၏ လက်ဟန်အမူအရာမှ ပါလာသော အားအင်သည် ကျိန်စာနတ်ဘုရားမ၏ ရင်ထဲအထိ တုန်လှုပ်သွားစေပြီး သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သို့သော် သူမသည် လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်ယူလိုက်သည်။
"နင်ရဲ့ အစွမ်းက တုန်လှုပ်စရာ ကောင်းတယ်ဆိုရင်ရော ဘာဖြစ်လဲ၊ စစ်မှန်အင်မော်တယ် အဆင့်ပဲ ရှိသေးတာကို ငါက တကယ် ကြောက်မယ်ထင်နေလား"
သူမ၏ စကားသံ ဆုံးသည်နှင့် ကျိန်စာနတ်ဘုရားမ၏ ဆံပင်များသည် ရိုင်းစိုင်းစွာ ရှည်ထွက်လာပြီး အသက်ရှိသတ္တဝါများကဲ့သို့ တွန့်လိမ်နေသော မရေမတွက်နိုင်သည့် မိစ္ဆာနွယ်ပင်များအဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်စင်မြင့်၏ နေရာအများစုကို ကျိန်စာနတ်ဘုရားမ၏ မိစ္ဆာနွယ်ပင်များက နေရာယူသွားလေသည်။ လူတိုင်း ထိတ်လန့်တကြားဖြစ်ကာ ထောင့်များသို့ ဝင်ရောက်ပုန်းခိုကြပြီး ထိုမြင်ကွင်းကို အလွန်အမင်း ကြောက်ရွံ့စွာဖြင့် ကြည့်ရှုနေကြသည်။
ပုရန်ရု၏ မျက်နှာထားမှာ လေးနက်သွားသည်။
"နတ်ဘုရားမ လုံးဝ ဒေါသထွက်သွားပြီပဲ"
ကျိန်စာနတ်ဘုရားမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေအောက်တွင် သွေးကြောရာများ ပေါ်လာပြီး ဦးရေပြား ကျဉ်သွားလောက်အောင်ပင် တစ်ခုနှင့်တစ်ခု လိမ်ယှက်နေကြသည်ကို မြင်တွေ့နိုင်သည်။ ထို့အပြင် သူမ၏ နှုတ်ခမ်းများသည် အနီရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားပြီး မျက်လုံးအရောင်သည်လည်း တဖြည်းဖြည်း မီးခိုးရောင် သမ်းလာကာ ဆိုးရွား၍ ထူးဆန်းသော အလှတရားမျိုးဖြင့် ပြည့်နှက်လာလေသည်။
လူတိုင်း ထိုကဲ့သို့သော အသွင်ပြောင်းလဲမှုကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ရွှယ်အန်း တစ်ယောက်တည်းသာ လက်ပိုက်လျက် မထီမဲ့မြင်အပြုံးဖြင့် ကြည့်နေလေသည်။
ထိုအချိန်တွင် ကျိန်စာနတ်ဘုရားမသည် အေးစက်၍ ခံစားချက်မရှိသော အသံဖြင့် ပြောလိုက်သည်။
"ငါ့ကို ဒီပုံစံ ပေါ်လာအောင်အထိ ဖိအားပေးနိုင်ခဲ့တာ၊ မင်း ဂုဏ်ယူသင့်တယ်"
"နတ်ဘုရားရဲ့ အစွမ်း အစစ်အမှန်ဆိုတာ ဘာလဲဆိုတာ ဒီနေ့ မင်းကို ပြမယ်"
ဘုန်း!
ကျိန်စာနတ်ဘုရားမ၏ စကားသံ ဆုံးသည်နှင့် ကောင်းကင်အပြည့် ရှိနေသော မိစ္ဆာနွယ်ပင်များသည် သားကောင်ကို ရှာဖွေနေသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားပြီး ရွှယ်အန်းထံသို့ ဝင်ရောက်စီးနင်း တိုက်ခိုက်လိုက်ကြသည်။
ထိုနွယ်ပင်များ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေဟာနယ်များ ပြိုကျပျက်စီးသွားပြီး ကမ္ဘာပျက်ကပ်တစ်ခုနှင့် တူနေလေသည်။ ရွှယ်အန်း၏ မျက်နှာပေါ်တွင်လည်း လေးနက်မှု အရိပ်အယောင်များ ပေါ်လာသည်။
ဤကျိန်စာနတ်ဘုရားမသည် ယခုအခါ သူမ၏ နတ်ဘုရားစွမ်းအား အားလုံးကို ထုတ်ဖော်လိုက်ပြီး သူမ၏ အစွမ်းအထက်ဆုံး အဆုံးစွန်ခန္ဓာကိုယ်အဖြစ် တိုက်ရိုက် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သူမ၏ အင်အားသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
သို့သော် သူမ ပိုမိုသန်မာလာလေလေ ရွှယ်အန်း၏ တိုက်ခိုက်လိုစိတ်များ ပိုမို ပွက်ပွက်ဆူလာလေလေ ဖြစ်သည်။
ရွှယ်အန်းသည် စကြာဝဠာပေါင်းစုံတွင် တစ်ကိုယ်တည်း ရှိနေစဉ်က နှစ်ပေါင်းတစ်ထောင်အတွင်းမှာပင် နတ်ဘုရားအဆင့်သို့ လျင်မြန်စွာ ရောက်ရှိခဲ့ခြင်းမှာ မည်သည့် အစွမ်းထက်သော ပြိုင်ဘက်မျိုးနှင့် တွေ့သည်ဖြစ်စေ နောက်ဆုတ်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် သို့မဟုတ် အင်အားက မည်မျှ ရှိနေပါစေ တစ်ဖက်လူ ယုံကြည်လက်ခံလာအောင် လက်သီးဖြင့်သာ သက်သေပြရမည်။
ထို့ကြောင့် ရွှယ်အန်းသည် အစဦးပိုင်းတွင် ကောင်းကင်နှင့် မြေကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး သူ၏ ကိုယ်ပိုင်အစွမ်းအစ သက်သက်ဖြင့်သာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ယခုတွင် ရွှယ်အန်း၏ တာအိုစိတ်နှလုံးသည် သံမဏိကဲ့သို့ ခိုင်မာနေပြီး သူ၏ တိုက်ပွဲဝင်စိတ်ဆန္ဒသည် မီးဖိုသဖွယ် တောက်လောင်နေလေသည်။ စစ်မှန်သော ကျင့်ကြံသူတစ်ဦးသည် ဤကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ ကောင်းကင်ကို မဆန့်ကျင်ရဲဘဲ အရာအားလုံးကို ကျော်ဖြတ်နိုင်စွမ်း မရှိလျှင် ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး စကြာဝဠာကို ထိန်းချုပ်မည့်အကြောင်း မည်သို့ ပြောဆိုနိုင်ပါမည်နည်း။
ထိုအချိန်တွင် ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော မိစ္ဆာနွယ်ပင်များသည် သူ၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းတို့၏ များပြားလှသော အရေအတွက်သည် မီးခိုးရောင် ဒီရေလှိုင်းလုံးကြီးတစ်ခု ပမာဖြစ်ပြီး နောက်တစ်စက္ကန့်တွင် ရွှယ်အန်းကို လုံးဝ ဝါးမြိုပစ်တော့မည့်ဟန် ရှိနေသည်။
ရွှယ်အန်း၏ မျက်ဝန်းများသည် သံမဏိကဲ့သို့ မာကျောနေပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"နတ်ဘုရားသတ် နည်းစနစ်ခြောက်သွယ်ကို ငါ စတင် ဖန်တီးခဲ့တုန်းက မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ ငါ့လက်သီးအောက်မှာ သေဆုံးခဲ့ရတယ်၊ ဒါပေမဲ့ မင်းကတော့ အသတ်ဖြတ်ခံရမယ့် ပထမဆုံးသော စစ်မှန်တဲ့ နတ်ဘုရားပဲ"
"ဒါကြောင့် ပြိုင်ဘက်ကင်းဆိုတာ ဘာလဲဆိုတာ ဒီနေ့ မင်း နားလည်သွားအောင် လုပ်ပေးမယ်"
"နတ်ဘုရားသတ် နည်းစနစ်ခြောက်သွယ်... ပေါင်းစည်းစမ်း"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်သီးကို ဆုပ်လိုက်ပြီး တိုက်ခိုက်ရန် ရှေ့သို့ တိုးလိုက်သည်။
ဘုန်း!
ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုအချိန်တွင် ရွှယ်အန်း၏ လက်ထဲ၌ တောက်ပသော နေလုံးကြီး တစ်လုံး ပေါ်လာသကဲ့သို့ လူအများ ထင်ယောင်ထင်မှား ဖြစ်သွားကြပြီး တည့်တည့်ပင် မကြည့်ရဲလောက်အောင် စူးရှလှပေသည်။
သူ၏ လက်သီးချက်သည် တားဆီး၍မရနိုင်ဘဲ အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက်လာသော မိစ္ဆာနွယ်ပင်များကို တည့်တည့် ရိုက်ချလိုက်လေသည်။
ဂျွတ်!
မူလက မြွေအုပ်ကြီးကဲ့သို့ တွန့်လိမ်နေသော မိစ္ဆာနွယ်ပင်များသည် ရုတ်တရက် ခဲသွားပြီးနောက် ရွှယ်အန်း၏ လက်သီးကို ဗဟိုပြု၍ တုန်ခါမှုလှိုင်းတစ်ခု ပြင်းထန်စွာ ပြန့်ကားသွားသည်။ ထိုလှိုင်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် မိစ္ဆာနွယ်ပင်များသည် အမှုန်အမွှားအဖြစ် ပျောက်ကွယ်သွားလေသည်။
ကျိန်စာနတ်ဘုရားမသည် စူးဝါးစွာ အော်ဟစ်လိုက်သည်။ သူမ မျက်နှာပေါ်မှ အရေပြားများသည် တစ်စချင်း ကွဲအက်လာပြီး အောက်ဘက်ရှိ တွန့်လိမ်နေသော နွယ်ပင်များကို ဖော်ထုတ်ပြသလိုက်သည်။
ယခုအချိန်တွင် သူမ၌ လူသားပုံသဏ္ဌာန် လုံးဝ မကျန်ရှိတော့ဘဲ သူမ၏ မူလပုံစံအစစ်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုသို့ ဖြစ်လာလေလေ သူမ ပိုမို ရူးသွပ်လာလေလေ ဖြစ်သည်။
"ဟားဟား တော်တော် ပြင်းတဲ့ လက်သီးချက်ပဲ၊ ဒါပေမဲ့ ငါက နတ်ဘုရားလေ... ဒါကြောင့် မသေနိုင်ဘူး၊ အလကားပဲ"
ကျိန်စာနတ်ဘုရားမသည် ထူးဆန်းစွာ ရယ်မောလျက် ပြောလိုက်သည်။ မီးခိုးရောင် မြူခိုးများ ပြန့်ကျဲလာပြီး ယခုလေးတင် ဖျက်ဆီးခံလိုက်ရသော မိစ္ဆာနွယ်ပင်များသည် ပြန်လည် ရှင်သန်လာကာ ရွှယ်အန်းကို လွှမ်းခြုံပိတ်ဆို့လိုက်လေသည်။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ရွေ့လျားနေသော မိစ္ဆာနွယ်ပင်များ၏ ပွတ်တိုက်သံကိုသာ ကြားနေရသည်။ ကျိန်စာနတ်ဘုရားမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာရုံ ရှိသေးသည်။
နောက်တစ်စက္ကန့်တွင် ထိုမိစ္ဆာနွယ်ပင်များသည် တစ်စစီ ကြေမွသွားပြီးနောက် ဓားချီများ ဝန်းရံလျက် ရွှယ်အန်းသည် အေးအေးလူလူ လမ်းလျှောက်ထွက်လာလေသည်။
ကျိန်စာနတ်ဘုရားမမှာ အံ့အားသင့်သွားသည်။
ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် ခြေတစ်လှမ်း တိုးလိုက်ပြီး ကျိန်စာနတ်ဘုရားမထံသို့ တည့်တည့် ပျံသန်းသွားလေသည်။ မိစ္ဆာနွယ်ပင်များသည် သူ့ကို တားဆီးရန် ကြိုးစားသော်လည်း ရွှယ်အန်း၏ ပတ်လည်တွင် လှည့်ပတ်နေသော ဓားချီများသည် ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာပြီး သူ့လမ်းကြောင်းရှိ အတားအဆီးဟူသမျှကို ချေမှုန်းပစ်လိုက်သည်။
ရွှယ်အန်းသည် မျက်စိတစ်မှိတ်အတွင်းပင် ကျိန်စာနတ်ဘုရားမ၏ အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ မတုံ့ပြန်နိုင်မီမှာပင် သူသည် လက်သီးဖြင့် ထိုးနှက်လိုက်ရာ သူမ၏ မျက်နှာတစ်ခြမ်း ကြေမွသွားလေသည်။
အဆုံးတွင်မူ ရွှယ်အန်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဖြစ်လာလေသည်။
ကျိန်စာနတ်ဘုရားမသည် ရွှယ်အန်း၏ ရိုက်နှက်မှုကြောင့် မိုးပေါ်ရောက်လိုက် မြေကြီးထဲရောက်လိုက် ဖြစ်နေပြီး လက်သီးချက် တစ်ချက်တိုင်းသည် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ဆွဲဆုတ်ဖျက်ဆီးပစ်နေသည်။ အဆုံးတွင် ကျိန်စာနတ်ဘုရားမထံမှ မီးခိုးရောင် အလင်းတန်း တစ်စသာ ကျန်ရှိတော့ပြီး သူမ၏ ယခင်က မောက်မာမှုများ အားလုံး ပျောက်ကွယ်သွားလေသည်။
ထို့နောက် ရွှယ်အန်းသည် ထိုအလင်းတန်းကို နင်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျုပ် ပြောသားပဲ... ခင်ဗျား ဘယ်လိုပုံစံပဲ ပြောင်းပြောင်း၊ ကျုပ်ကတော့ ရိုက်နှက်မှာပဲလို့"
တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အခြေအနေက ထိုသို့ ဦးလှည့်လာလိမ့်မယ်လို့ မည်သူမှ ထင်မထားခဲ့ကြပေ။ ဒါက ကျိန်စာနတ်ဘုရားမ အရိုက်ခံရတာ တတိယအကြိမ် ရှိနေပြီလေ၊ ကိုယ်ပွားအနေနဲ့ပဲ ဖြစ်ဖြစ်၊ နတ်ဘုရားခန္ဓာကိုယ်အနေနဲ့ပဲ ဖြစ်ဖြစ်၊ အခုလို အဆုံးစွန်ပုံစံအနေနဲ့ပဲ ဖြစ်ဖြစ်... သူမက ရွှယ်အန်းရဲ့ လူသားသဲအိတ်အဖြစ် ပြောင်းလဲခံလိုက်ရတာပဲ...
ထိုအချိန်တွင် ရွှယ်အန်း၏ ခြေဖဝါးအောက်၌ ကျိန်စာနတ်ဘုရားမ၏ ဝိုးတဝါး ပုံရိပ်သည် တဖြည်းဖြည်း ပြန်လည် ပေါ်ထွက်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းအောင် တဟားဟား ရယ်မောလိုက်ပြန်သည်။
"နင်က တကယ်ပဲ စွမ်းအားကြီးတာပဲ၊ ဒါပေမဲ့ ဘာဖြစ်လဲ၊ နိုင်ချင်ရင် ငါ့ကို သတ်ကြည့်လေ"
ရွှယ်အန်းသည် ဘာမျှ ပြန်မပြောဘဲ ခြေထောက်ဖြင့်သာ အားကုန် ဖိနင်းလိုက်သည်။
ဂျွတ်!
အလင်းရောင်သည် ကွဲကြေသွားသော်လည်း ခဏအတွင်းမှာပင် ပြန်လည် စုစည်းသွားပြန်သည်။
"အချည်းနှီးပဲ၊ ဒီလို လက်သီးခြေထောက် အစွမ်းလောက်နဲ့ ငါ့ကို မသတ်နိုင်ပါဘူး"
ကျိန်စာနတ်ဘုရားမက လှောင်ပြောင်လိုက်သည်။
ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဓားချီတစ်ခုဖြင့် ခုတ်ပိုင်းချလိုက်သည်။ သို့သော် အချည်းနှီးသာ ဖြစ်သည်။
နှစ်ပိုင်းကွဲသွားသော်လည်း နောက်တစ်ခဏတွင် ကျိန်စာနတ်ဘုရားမသည် ပြန်လည် ဆက်စပ်သွားပြန်သည်။ ကျိန်စာနတ်ဘုရားမသည် အောင်နိုင်သူအသွင်ဖြင့် လှောင်ပြောင်လေတော့သည်။
"အလကားပဲ... ငါ အင်မော်တယ်အဆင့် ဖြစ်လာပြီးတော့ မသေနိုင်တဲ့ ခန္ဓာကိုယ်ကို အမှန်တကယ် ပိုင်ဆိုင်သွားပြီ၊ မင်း ငါ့ကို ရိုက်နှက်နိုင်ပေမယ့် ငါ့ကို အစပျောက်သွားအောင် မလုပ်နိုင်ဘူး၊ ပြီးတော့ ငါက မင်းကို ထာဝရ ခြောက်လှန့်နေမှာ၊ မင်းပတ်ဝန်းကျင်က လူတိုင်းကိုပါ ကျိန်စာတိုက်ပစ်မယ်၊ တစ်သက်လုံးလုပ်ပစ်မှာ"
သူမ၏ စကားလုံးများထဲရှိ ရက်စက်မှုနှင့် မုန်းတီးမှုတို့သည် ကြက်သီးထဖွယ် ကောင်းလှသည်။
"အိုး... ဟုတ်လား"
ရွှယ်အန်း၏ မျက်ဝန်းများ အေးစက်သွားသည်။ ထို့နောက် သူသည် လက်ညှိုးကို ထောင်ပြလိုက်ရာ သူ၏ လက်ချောင်းထိပ်တွင် အနီနှင့် အဖြူ ရောယှက်နေသော မီးတောက်တစ်စ ပေါ်လာလေသည်။
"ဒါလေးကရော ခင်ဗျားကို သတ်နိုင်မလားဆိုတာ သိချင်သားပဲ"
ကျိန်စာနတ်ဘုရားမသည် အစပိုင်းတွင် ဂရုမစိုက်သော်လည်း ထိုမီးတောက်ကို မြင်လိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။
"မဖြစ်နိုင်ဘူး... မင်းက ဘာလို့ ဒီလို နတ်ဘုရားမီးတောက်မျိုးကို ပိုင်ဆိုင်ထားရတာလဲ"
"အဲ့ဒီအဖြေကိုတော့ ငရဲရောက်မှ ခန့်မှန်းကြည့်ပေတော့"
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်ပြီး လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ မီးတောက်များသည် ကျိန်စာနတ်ဘုရားမကို ချက်ချင်း ဝါးမြိုသွားလေသည်။
"မဖြစ်နိုင်ဘူး... ငါက ကံတရားက သတ်မှတ်ထားတဲ့ နတ်ဘုရားတစ်ပါးလေ၊ မင်းလို သာမန်လူတစ်ယောက်ရဲ့ လက်ချက်နဲ့ ဘယ်လိုလုပ် သေဆုံးရမှာလဲ၊ ငါ လက်မခံနိုင်ဘူး..."
မီးတောက်များ လွှမ်းခြုံထားသော်လည်း ကျိန်စာနတ်ဘုရားမသည် အရှုံးမပေးဘဲ ရူးသွပ်စွာ ရုန်းကန်နေဆဲ ဖြစ်သည်။
သို့သော် ရုန်းကန်မှုအားလုံးသည် အချည်းနှီးသာ ဖြစ်သည်။ ကံကြမ္မာ ကြာပန်းနီမီးတောက်သည် သူမ၏ နတ်ဘုရားခန္ဓာကိုယ်ကို ရူးသွပ်စွာ လောင်ကျွမ်းပစ်လိုက်ပြီး သူမ၏ ကျိန်စာနတ်ဘုရားစွမ်းအားများကိုပါ ပျောက်ကွယ်သွားစေသည်။
အော်ဟစ်သံများကြားတွင် ကျိန်စာနတ်ဘုရားမ ကျဆုံးသွားခဲ့လေသည်။
အခန်း (၁၀၉၅) - နတ်ဘုရားကျောက်သလင်းကို သန့်စင်ခြင်း၊ နှစ်ထောင်ချီ ကြာမြင့်ခဲ့တဲ့ အငြိုးအတေးအတွက် ဒီနေ့လက်စားချေမယ်
မီးတောက်များသည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီးနောက် ကျိန်စာနတ်ဘုရားမ၏ ပုံရိပ်ကို မြေပြင်ပေါ်တွင် မမြင်တွေ့ရတော့ဘဲ တောက်ပသော ကျောက်သလင်းတုံး တစ်တုံးသာ လေထဲတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။
ရွှယ်အန်းသည် လက်ကိုဆန့်ထုတ်၍ ယူလိုက်ရာ ကျောက်သလင်းတုံးပေါ်မှ အလင်းရောင်များသည် တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
လူတိုင်း ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေကြပြီး မည်သူမျှ စကားတစ်ခွန်း မဟရဲကြချေ။ လူအနည်းငယ်သာလျှင် စိုးရိမ်တကြီးဖြင့် တံတွေးကို မျိုချလိုက်မိကြပြီး ရင်ထဲတွင် တုန်လှုပ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာက မည်သည့်ပစ္စည်းဖြစ်ကြောင်း သူတို့အားလုံး မှတ်မိနေကြသောကြောင့် ဖြစ်သည်။
နတ်ဘုရားတစ်ပါး သေဆုံးသွားသောအခါ ၎င်း၏ နတ်ဘုရားအဆင့်အတန်းသည် ကျောက်သလင်းတုံးအဖြစ် ပြောင်းလဲသွားနိုင်ခြေ ရှိပေသည်။ ထို့အပြင် ထိုပြောင်းလဲသွားသော နတ်ဘုရားကျောက်သလင်းထဲတွင် ထိုနတ်ဘုရား တစ်သက်တာ စုဆောင်းခဲ့သော နတ်ဘုရားစွမ်းအားများ အားလုံး ပါဝင်လေ့ရှိပြီး တန်ဖိုးဖြတ်မရနိုင်လောက်အောင် အဖိုးတန်လှသည်။
နတ်ဘုရား၏ အဆင့်အတန်း မြင့်မားလေလေ သူတို့၏ နတ်ဘုရားကျောက်သလင်းက ပိုမို ကြည်လင်သန့်ရှင်းလေလေ ဖြစ်သည်။
ကျိန်စာနတ်ဘုရားမ အသွင်ပြောင်းသွားသော နတ်ဘုရားကျောက်သလင်းကို ကြည့်ရှုလိုက်ချိန် ၎င်းသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြည်လင်နေပြီး သေချာစွာ သန့်စင်ထားသကဲ့သို့ ဖြစ်နေသဖြင့် အရည်အသွေး အလွန်မြင့်မားကြောင်း သိသာထင်ရှားလှသည်။
အကယ်၍သာ ဤနတ်ဘုရားကျောက်သလင်းသည် အခြားနေရာတစ်ခုတွင် ပေါ်လာခဲ့ပါက အင်အားစု အသီးသီး၏ အလုအယက် ဝိုင်းဝန်း လုယူမှုကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သွေးစွန်းသော မုန်တိုင်းတစ်ခု မလွဲမသွေ တိုက်ခတ်လာပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ မည်သူမျှ လောဘစိတ် အနည်းငယ်မျှပင် မထားရဲကြချေ။ ထို့ကြောင့် ဤအချိန်တွင် နတ်ဘုရားကျောက်သလင်းသည် ရွှယ်အန်း၏ လက်ထဲသို့ ရောက်ရှိနေလေသည်။
ဤနတ်ဘုရား မွေးနေ့ပွဲတော်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်။ ရွှယ်အန်း ဝင်ရောက်လာသည့် အချိန်မှစ၍ ယခုအချိန်အထိ နာရီပိုင်းမျှသာ ကြာမြင့်သေးသော်လည်း ထင်ရှားကျော်ကြားသော မိသားစုကြီးများမှ ပါရမီရှင် အများအပြား သေဆုံးခဲ့ရပြီး အင်အားကြီး နတ်ဘုရားကျောင်းတော်ကြီးပင် ပျက်စီးခဲ့ရသည်။ အဆုံးတွင် ရှေးဟောင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ကျိန်စာနတ်ဘုရားမပင်လျှင် ထိုနေရာမှာတင် သေဆုံးခဲ့ရလေသည်။
ထိုကဲ့သို့သော အင်အားသည် လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေရန် လုံလောက်ပေသည်။ အမှန်တွင်မူ ဤကောင်းကင်စင်မြင့်၏ လေဟာနယ်သည် ပိတ်ဆို့ထားသော အခြေအနေတွင် မရှိနေပါက လူအများအပြား ထွက်ပြေးသွားကြပြီ ဖြစ်သည်။
ရုတ်တရက် ပေါ်လာသော ဤထူးချွန်ထက်မြက်သည့် လူငယ်သည် ဤနတ်ဘုရားကျောက်သလင်းကို မည်သို့ စီမံခန့်ခွဲမည်နည်း။ ထို့အပြင် သူ၏ နောက်ထပ် အစီအစဉ်များမှာ မည်သည့်အရာများဖြစ်သနည်းဟု လူအများက ရင်ထဲတွင် ခန့်မှန်းတွက်ဆနေကြသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် လက်ထဲရှိ နတ်ဘုရားကျောက်သလင်းကို ချိန်ဆကြည့်လိုက်ပြီး အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ဒီပစ္စည်းက တကယ် မဆိုးဘူးပဲ၊ နတ်ဘုရား အဆင့်အတန်းကိုတောင် ပြီးပြည့်စုံအောင် ဆက်ခံထားနိုင်တယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ကြောင်ငေးနေဆဲဖြစ်သော ချူရှောင်ယွင်ကို မော့ကြည့်လိုက်သည်။
"ဒီပစ္စည်းက ငါ့အတွက် အသုံးမဝင်ဘူး၊ မင်းကို ဆုချလိုက်မယ်"
ရွှယ်အန်းသည် ပေါ့ပါးစွာဖြင့် ပစ်ပေးလိုက်သည်။ ချူရှောင်ယွင်သည် မသိစိတ်ဖြင့် လှမ်းဖမ်းလိုက်ပြီးနောက် မည်သည့်ပစ္စည်းဖြစ်လဲ ဆိုတာကို သဘောပေါက်သွားချိန် အံ့သြသော မျက်နှာထားဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။
"သခင်ကြီး... ကျွန်မ ဒါကို လက်မခံနိုင်ပါဘူး"
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲဆိုတော့..."
ချူရှောင်ယွင်သည် နှုတ်ခမ်းကို ကိုက်လိုက်သည်။
"ဒါက တကယ်ကို အရမ်း အဖိုးတန်လွန်းလို့ပါ"
ချူရှောင်ယွင်သည် ခါးကိုနက်ရှိုင်းစွာ ကိုင်းညွှတ်လိုက်သည်။
"သခင်ကြီးက ကျွန်မရဲ့ ကြီးမားတဲ့ အငြိုးအတေးကို ကလဲ့စားချေပေးခဲ့တာတင် ကျွန်မအတွက် အတိုင်းမသိ ကျေးဇူးတင်နေပါပြီ၊ သခင်ပေးတဲ့ ဒီလို လက်ဆောင်မျိုးကို ကျွန်မ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"
ထိုသို့ပြောနေရင်းဖြင့် ချူရှောင်ယွင်၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာလေသည်။
ကျိန်စာနတ်ဘုရားမ သေဆုံးသွား၍ ကျိန်စာအမှတ်အသား၏ ချည်နှောင်မှုများ ပျောက်ကွယ်သွားခြင်းကြောင့်လာား သို့မဟုတ် သူမ၏ ကြီးမားသော လက်စားချေမှု ပြည့်မြောက်သွားခြင်းကြောင့်လား ဆိုသည်ကို မသေချာသော်လည်း ချူရှောင်ယွင်သည် ပေါင်ချိန်တစ်ထောင် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို ချလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်မှာ လွန်စွာ ပေါ့ပါးသွားသဖြင့် ရွှယ်အန်းအပေါ် အကန့်အသတ်မရှိသော ကျေးဇူးတရားများကို ခံစားနေရခြင်း ဖြစ်သည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"မင်းအတွက်တော့ ဒါက အရမ်း အဖိုးတန်တယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အမှိုက်လိုပါပဲ၊ ပြီးတော့ အခု ကျိန်စာနတ်ဘုရားမ သေသွားပြီဆိုတော့ သူ ကျန်ရစ်ခဲ့တဲ့ ဒီရှုပ်ထွေးမှုတွေကို ရှင်းဖို့ တစ်ယောက်ယောက်တော့ လိုတယ်လေ"
ထိုစကားနှင့်အတူ ရွှယ်အန်းသည် ရှေ့သို့ တိုးလိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
"မင်း... ဒီလစ်လပ်သွားတဲ့ နတ်ဘုရားနေရာကို ဆက်ခံချင်လား"
ဘုန်း!
လူအုပ်ကြီးကြားတွင် အုတ်အော်သောင်းတင်း အနည်းငယ် ဖြစ်သွားသည်။ မရေမတွက်နိုင်သော အားကျသည့် မျက်လုံးများ နီရဲလာကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ကြုံရနိုင်သော အခွင့်အရေး ဖြစ်သောကြောင့်ဖြစ်သည်။
ချူရှောင်ယွင်သည်လည်း မှင်သက်သွားပြီးနောက် နှုတ်ခမ်းများ လှုပ်ရှားသွားကာ ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"သခင်ကြီး... ကျွန်မ ဆန္ဒရှိပါတယ်"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် ငါ အစွမ်းကုန် ကူညီပေးမယ်"
သူ စကားပြောလိုက်သည်နှင့် ချူရှောင်ယွင် လက်ထဲရှိ နတ်ဘုရားကျောက်သလင်းသည် သူမ၏ ရှေ့သို့ ဖြည်းညှင်းစွာ ဝဲပျံတက်လာသည်။
ရွှယ်အန်းက လက်ဖြင့် ပေါ့ပါးစွာ ညွှန်ပြလိုက်ရာ နတ်ဘုရားကျောက်သလင်းသည် ပြင်းထန်သော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီးနောက် ရုတ်တရက် အမှုန်အမွှားများအဖြစ် ကွဲကြေသွားကာ အလင်းရောင်မြစ်တစ်စင်းသဖွယ် ချူရှောင်ယွင်၏ နဖူးထဲသို့ စီးဝင်သွားလေသည်။
နတ်ဘုရားအလင်းရောင်များ တဖြည်းဖြည်း ပြင်းထန်လာသည်နှင့်အမျှ ချူရှောင်ယွင်၏ တစ်ကိုယ်လုံး တုန်ခါလာပြီး သူမ၏ အရှိန်အဝါသည် တခဏချင်းစီ ပိုမို ကြီးမားလာကာ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ဝါးပင်ကို ခွဲစိတ်လိုက်သကဲ့သို့ အဆင့်ဆင့် ထိုးဖောက်တက်ရောက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း အလင်းရောင်များ မှေးမှိန်သွားပြီး အနီရောင် နတ်ဘုရားကျောက်သလင်း အမှတ်အသား အသေးလေးတစ်ခုမှာ ချူရှောင်ယွင်၏ မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာကာ သူမ၏ အရှိန်အဝါသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်၍ အားကောင်းလာသည်။
သူမသည် ရှေးဟောင်းနတ်ဘုရားတစ်ဝက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် ဤသည်မှာ အစသာ ရှိသေးသည်။ သူမသာ ဤကျိန်စာနတ်ဘုရားကျောက်သလင်းထဲတွင် ပါဝင်သော နတ်ဘုရားစွမ်းအား အားလုံးကို စုပ်ယူပြီးသွားပါက အင်မော်တယ်သခင်အဆင့်သို့ မရောက်လျှင်ပင် သူမ၏ အင်အားသည် များစွာ တိုးတက်လာပေလိမ့်မည်။
ထို့အပြင် ချူရှောင်ယွင်မှာ ဆက်ခံရရှိလိုက်သည်မှာ ကျိန်စာနတ်ဘုရားမ ကျန်ရစ်ခဲ့သော နတ်ဘုရားစွမ်းအားများ သာမက ပြောပြ၍မရနိုင်သော ဆန်းကြယ်သည့် ကျိန်စာအမှတ်အသား အမျိုးမျိုးလည်း ပါဝင်လေသည်။
ဤအရာသည် ချူရှောင်ယွင်ကို ချက်ချင်း ပြောင်းလဲသွားစေပြီး ကမ္ဘာလောကကို ငုံ့ကြည့်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေခဲ့သည်။
ချူရှောင်ယွင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမ၏ အစွမ်းထက်သော အရှိန်အဝါကြောင့် လူတိုင်း နောက်သို့ ဆုတ်သွားကြရသည်။
ရွှယ်အန်းသည် သူမ၏ ရှေ့တွင် လက်ကို နောက်ပစ်လျက် ရပ်နေသည်။
"ဒီနတ်ဘုရားစွမ်းအားက မင်းကို ခဏငှားထားတာပဲ ရှိသေးတယ်၊ တကယ်လို့ မင်းသာ အရင် ကျိန်စာနတ်ဘုရားမလိုပဲ မဆင်မခြင် ပြုမူမယ်ဆိုရင် မင်းရဲ့ ဇာတ်သိမ်းက သူမထက် ပိုဆိုးသွားလိမ့်မယ်... နားလည်လား"
"ဟုတ်ကဲ့... နားလည်ပါတယ် သခင်ကြီး"
ချူရှောင်ယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ထပါ"
ထိုအခါမှ ချူရှောင်ယွင်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး လက်ကို ဘေးတွင်ချလျက် ရွှယ်အန်း၏ ဘေးနားတွင် ရပ်လိုက်သည်။
ရွှယ်အန်းသည် မြင်ကွင်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ အကြည့် ရောက်ရှိသွားသော နေရာတိုင်းတွင် လူတိုင်းက အအေးဓာတ်ကြောင့် နှုတ်ဆွံ့သွားသကဲ့သို့ ခေါင်းငုံ့သွားကြသည်။ ရွှယ်အန်း၏ အကြည့်သည် ပြင်းထန်စွာ တုန်ရီနေကြသော ပုယန်ရုနှင့် ရွမ်ကျင်းရှိုတို့ထံသို့ ရောက်ရှိသွားသောအခါ သူတို့နှစ်ယောက်လုံး တုန်လှုပ်ချောက်ချားစွာဖြင့် မြေကြီးပေါ်သို့ ပုံလျက်သား လဲကျသွားကြသည်။
ရွှယ်အန်းသည် မျက်လွှာချလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဒီနှစ်ယောက်က အခု မင်းရဲ့ တပည့်တွေ ဖြစ်သင့်နေပြီ၊ မင်းသဘောပဲ... ကိုယ့်ဘာသာကိုယ် ချိန်ဆပြီး စီမံလိုက်တော့"
ထိုစကားကို ကြားသောအခါ ချူရှောင်ယွင်သည် ပုယန်ရုနှင့် ရွမ်ကျင်းရှိုကို တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ"
"ကျန်တဲ့လူတွေ အတွက်ကတော့..."
ရွှယ်အန်းက အသံကို ဆွဲလိုက်သည်။
ထိုအခါ ကြောက်ရွံ့နေကြသော လူအများအပြားက အလျင်အမြန် ဝင်ပြောကြသည်။
"သခင်ကြီး... ကျွန်တော်တို့အားလုံး အပြစ်ကင်းပါတယ်"
"ဟုတ်ပါတယ်... ဟို ကျိန်စာနတ်ဘုရားမက အရမ်း ရန်လိုလွန်းတော့ ကျွန်တော်တို့လည်း အသက်ရှင်ဖို့အတွက် လာပြီး ဂုဏ်ပြုပေးခဲ့ရတာပါ"
"ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ သခင်ကြီး"
ထိုအော်ဟစ်သံများသည် နိမ့်လိုက်မြင့်လိုက် ထွက်ပေါ်လာသည်။ ရွှယ်အန်းသည် လေတိုက်ရာ ယိမ်းတတ်သော ပေါင်းပင်များကဲ့သို့ နေရာတိုင်း အချိန်တိုင်းတွင် ရှိတတ်ကြသည့် ဤပုရွက်ဆိတ်များကို သဘာဝကျစွာပင် အရေးလုပ်နေမည် မဟုတ်ပေ။
ထို့ကြောင့် ရွှယ်အန်းက ပေါ့ပါးစွာ ပြုံးလိုက်သည်။
"ကောင်းပြီလေ၊ ကျုပ်က ခင်ဗျားတို့ကို သတ်မယ်လို့မှ မပြောခဲ့တာ၊ ဘာလို့ ဒီလောက်တောင် ကြောက်နေကြတာလဲ၊ ကြည့်ရတာ ကျုပ်ကပဲ လူသတ်ရတာ ကြိုက်တဲ့ပုံ ပေါက်နေသလိုပဲ"
ထိုစကားကို ကြားသောအခါ မည်သူမျှ အသံမထွက်ရဲကြဘဲ စိတ်ထဲတွင်သာ ရေရွတ်နေမိကြသည်။
ဒါ လူသတ်ရတာ ကြိုက်တာ မဟုတ်လို့ ဘာလဲ...
"ကဲ... ကျန်တာတွေကို ခင်ဗျားကိုပဲ လွှဲခဲ့လိုက်မယ်၊ ကျုပ် သွားတော့မယ်"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် လှည့်ထွက်သွားလေသည်။ ချူရှောင်ယွင်သည် အံ့အားသင့်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"သခင်ကြီး... ဘယ်သွားမလို့လဲဟင်"
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"စောစောက ကျုပ်ပြောခဲ့တာကို မေ့သွားပြီလား၊ ထျန်ကျောက်ဘုံက တခြားနတ်ဘုရားတွေကို သွားသတ်မလို့လေ"
လူတိုင်း ထိတ်လန့်တုန်လှုပ် သွားကြသည်။ အဘယ်ကြောင့်ဆိုသော် လူအများက ရွှယ်အန်း၏ စကားကို ဥပမာအနေဖြင့် ပြောသည်ဟုသာ ထင်မှတ်ထားခဲ့ကြသောကြောင့် ဖြစ်သည်။
သူက တကယ်ပဲ ထျန်ကျောက်နတ်ဘုရားတွေ အကုန်လုံးကို သတ်ပစ်ဖို့ စီစဉ်နေတာလား၊ ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
တခြားနတ်ဘုရားများက ရွှယ်အန်းကို မယှဉ်နိုင်လျှင်တောင် သူတို့အထက်မှာ ထျန်ကျောက် နတ်ဘုရားဘုရင် ရှိနေသေးသည်။
ချူရှောင်ယွင်ပင်လျှင် အံ့အားသင့်သွားသည်။
"သခင်ကြီး ... ဒီကိစ္စကို ပိုပြီး သေချာ စီစဉ်တာ ကောင်းမယ် ထင်ပါတယ်"
"ပိုပြီး သေချာ စီစဉ်မယ် ဟုတ်လား"
ရွှယ်အန်းက ရယ်မောကာ ခေါင်းခါလိုက်သည်။
"ကျုပ်က ကိစ္စတွေကို အချိန်ဆွဲထားရတာ မကြိုက်ဘူး၊ အထူးသဖြင့် လက်စားချေတဲ့ ကိစ္စဆိုရင် ညရောက်အောင်တောင် စောင့်လေ့ မရှိဘူး၊ ဒီနေရာမှာတင် ရှင်းပစ်လိုက်တာ များတယ်"
"ပြီးတော့ ဒီအငြိုးအတေးက နှစ်ပေါင်းတစ်သောင်းတောင် ကြာနေပြီ၊ အားလုံးပြီးပြတ်အောင် ရှင်းပစ်ရမယ့် အချိန်ရောက်ပြီ"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ယံသို့ တည့်မတ်စွာ ပျံတက်သွားလေသည်။
"ဒီမှာပဲ စောင့်နေ... မကြာခင် ကျုပ် ပြန်လာခဲ့မယ်"
ထိုစကားပြောနေစဉ်မှာပင် ရွှယ်အန်း၏ ပုံရိပ်သည် မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားလေသည်။