အခန်း (၁၀၉၆-၁၀၉၈)
Vol. 74 Ch. 1096-1098
အခန်း (၁၀၉၆) - အေးစက်မြို့တော်
ချူရှောင်ယွင်သည် ဟာလာဟင်းလင်း ဖြစ်နေသော ကောင်းကင်ယံကို ငေးကြည့်ကာ သူမ မျက်နှာထားမှာ တဖြည်းဖြည်း လေးနက်လာပြီးနောက် သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းကာ လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
မည်သူမျှ သူမ၏ အကြည့်ကို ပြန်မကြည့်ရဲကြဘဲ အားလုံးမှာ ကြောက်ရွံ့မှုများဖြင့် ခေါင်းငုံ့ထားကြသည်။ ချူရှောင်ယွင်၏ မျက်လုံးများသည် ကျိန်စာမြို့တော်မှ တပည့်များအပေါ်သို့ ရောက်ရှိသွားသောအခါ ထိုသူများသည် ဖျပ်ခနဲ မြည်အောင်ပင် မြေကြီးပေါ်သို့ ဒူးထောက်လိုက်ကြလေသည်။
"အရှင်သခင်ကို ဂါရဝပြုပါတယ်"
"နတ်ဘုရားမ အရှင်သခင်ကို ဂါရဝပြုပါတယ်"
ထိုအော်ဟစ်သံများကို ကြားလိုက်ရသောအခါ ချူရှောင်ယွင်သည် ခေတ္တမျှ ကြောင်ငေးသွားမိသည်။
သူမကိုယ်တိုင် မြေကြီးပေါ်တွင် ဒူးထောက်ခဲ့ရပြီး အားလုံးထဲတွင် အနှိမ်ခံရဆုံး ဖြစ်ခဲ့ရသည့် အချိန်က မည်မျှတောင် ကြာခဲ့ပြီလဲ။
ရက်အနည်းငယ် အတွင်းမှာပင် သူမ၏ ကံကြမ္မာသည် ကြီးမားစွာ ပြောင်းလဲသွားလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ တစ်ချိန်က သူမကို အထင်သေးခဲ့ကြသူများသည် ယခုအခါ မြေကြီးပေါ်တွင် ဒူးထောက်နေကြပြီး သူမကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အရှင်သခင် ဟု ခေါ်ဝေါ်နေကြလေသည်။ ဤကဲ့သို့ ပြတ်သားစွာ ကွာခြားနေမှုသည် ချူရှောင်ယွင်ကို အခြားကမ္ဘာတစ်ခုသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရစေသည်။
သို့သော် သူမသည် လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်ယူလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ဒူးထောက်နေသော လူအုပ်ကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူမ၏ ခြေသံများသည် ပြတ်သားပြီး နားထောင်လို့ ကောင်းသော်လည်း ထိုလူများအတွက်မူ ကျိန်စာတစ်ခုကဲ့သို့ ဖြစ်နေပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူတို့၏ မျက်နှာများသည် ပိုမို ဖြူဖျော့သွားကြရသည်။
ချူရှောင်ယွင် ခြေလှမ်းလှမ်းခြင်း ရပ်တန့်လိုက်သည့် အချိန်တွင် အရှေ့ဆုံး၌ ဒူးထောက်နေသော လူနှစ်ယောက်မှာ မြေကြီးပေါ်သို့ ဝပ်ဆင်းလုနီးပါး ဖြစ်နေကြလေသည်။
ထိုသူများမှာ ဖူရန်ရုနှင့် ရွမ်ကျင်းရှိုတို့မှလွဲ၍ အခြားသူ မဟုတ်ပေ။ သူတို့၏ ရှေ့တည့်တည့်တွင် ခြေသံ ရပ်တန့်သွားသည်ကို ကြားလိုက်ရသောအခါ သူတို့သည် အတိုင်းအဆမရှိ ကြောက်လန့်သွားကြပြီး မော့ပင် မကြည့်ရဲကြဘဲ တုန်တုန်ရီရီဖြင့်သာ ပြောနိုင်ကြသည်။
"အ... အရှင်သခင်"
ချူရှောင်ယွင်သည် တိတ်ဆိတ်စွာ ကြည့်နေပြီး အတန်ကြာမှ အေးစက်စွာ ပြောလိုက်သည်။
"ခေါင်းမော့လိုက်"
ဖူရန်ရုနှင့် ရွမ်ကျင်းရှိုတို့သည် တုန်လှုပ်ချောက်ချားစွာဖြင့် ချူရှောင်ယွင်၏ အမိန့်ကို မလွန်ဆန်ရဲကြဘဲ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ကြသည်။ သူတို့၏ မျက်နှာများသည် အလွန်ဖြူဖျော့နေသော်လည်း အတင်းဖျစ်ညှစ်ထားသော အပြုံးများဖြင့် ပြည့်နှက်နေသည်။
ချူရှောင်ယွင်သည် မျက်လွှာချကာ မေးလိုက်သည်။
"ကဲ... အခု ဘာပြောစရာ ရှိသေးလဲ"
သူတို့၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ အရောင်လက်သွားပြီး ဖူရန်ရုက ထစ်အစွာဖြင့် ရှင်းပြရန် ကြိုးစားလေသည်။
"ချူ... နတ်ဘုရားမ အရှင်သခင်၊ ကျွန်မ... ကျွန်မ အရင်က အရှင်သခင်အပေါ် ကောင်းခဲ့ပါတယ်၊ အရှင်သခင် မေ့နေတာလား..."
"တော်တော့"
ချူရှောင်ယွင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။
"ငါက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုပဲ ဆက်ခံထားတယ်လို့ ထင်နေတာလား၊ သူ့ရဲ့ မှတ်ဉာဏ်တွေအားလုံးလည်း ငါ့ဆီမှာ ရှိတယ်၊ ငြင်းချင်နေသေးလား"
ဖူရန်ရုသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူမ၏ နှလုံးသားသည် မျှော်လင့်ချက်မဲ့ခြင်း တွင်းနက်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။ သို့သော် ရွမ်ကျင်းရှိုသည် ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲမိလိုက်သကဲ့သို့ ဖူရန်ရုကို ဒေါသတကြီး လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ နင့်လို သဘောထားယုတ်ညံ့တဲ့ မိန်းမက နတ်ဘုရားမ အရှင်သခင်ကိုတောင် လုပ်ကြံဖို့ ကြိုးစားရဲတယ်ပေါ့၊ ကံကောင်းလို့ အရှင်သခင်က ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ရထားလို့ နင် မအောင်မြင်ခဲ့တာ၊ အခုချိန်ထိ ငြင်းချင်သေးလား"
ဤကဲ့သို့ တရစပ် စွပ်စွဲခံလိုက်ရသဖြင့် ဖူရန်ရုမှာ အနည်းငယ် ကြောင်အမ်းသွားသည်။ ရွမ်ကျင်းရှိုကမူ အလျင်အမြန် ခေါင်းညိတ်ပြီး ချူရှောင်ယွင်ကို ပြုံးပြလိုက်သည်။
"နတ်ဘုရားမ အရှင်သခင်... ကြည့်ပါဦး..."
သို့သော် ချူရှောင်ယွင်က တုန်လှုပ်ခြင်း မရှိပေ။
"ပြောလို့ ပြီးပြီလား"
"ပြီးပြီဆိုရင်လည်း သွားကြတော့လေ"
"မလုပ်ပါနဲ့"
ဖူရန်ရုနှင့် ရွမ်ကျင်းရှိုတို့ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ အထူးသဖြင့် ဖူရန်ရု ဖြစ်ပြီး သူမသည် ထွက်ပြေးရန်ပင် ကြံစည်လိုက်သေးသည်။ သို့သော် ကျိန်စာနတ်သမီး၏ အမွေအနှစ်အားလုံးကို ဆက်ခံထားသော ချူရှောင်ယွင်၏ အရှေ့တွင်မူ သူတို့၏ ရုန်းကန်မှုအားလုံးသည် ကျောက်ခဲကို ကြက်ဥဖြင့် ပစ်ပေါက်သကဲ့သို့သာ ဖြစ်နေသည်။
သူမ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ထိုနှစ်ယောက်၏ ဦးခေါင်းများသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်သွားပြီး ထိုအခါမှသာ သူတို့၏ မသေချင်၊ သေချင် ဖြစ်နေသော ခန္ဓာကိုယ်များသည် မြေကြီးပေါ်သို့ လဲကျသွားကြလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျိန်စာမြို့တော်မှ တပည့်များအားလုံးသည် တုန်လှုပ်သွားကြပြီး ချူရှောင်ယွင်က သူတို့ကိုပါ ဆက်လက်သတ်ဖြတ်မည်ကို စိုးရိမ်နေကြသည်။
သို့သော် ချူရှောင်ယွင်သည် လူအုပ်ကြီးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားကာ မြင့်မားသော စင်မြင့်ထက်ရှိ ပင်မထိုင်ခုံသို့ ပြန်သွားလိုက်သည်။ သူမသည် ထိုင်ခုံတွင် ဖြည်းညှင်းစွာ ဝင်ထိုင်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"အားနာပါတယ်၊ ဒါပေမဲ့ ဒီကောင်းကင်စင်မြင့်ကို ခဏလောက် ပိတ်ထားဖို့ လိုပါလိမ့်မယ်၊ ငါ့အမိန့်မရှိဘဲ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး၊ ဒါကြောင့် အားလုံး ဒီမှာ ရက်နည်းနည်းလောက် သည်းခံပြီး နေပေးကြပါ"
"ဒါဆို... ကျွန်မတို့ ဘယ်တော့လောက် ပြန်ရမလဲဟင်"
ကျုံးအန်းအန်းက လူအုပ်ကြီးထဲမှ ရုတ်တရက် မေးလိုက်သည်။
ချူရှောင်ယွင်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ယံကို မော့ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"အရှင်သခင် ပြန်ရောက်လာတဲ့ အချိန်ပေါ့"
ကျုံးအန်းအန်းသည် ခေတ္တမျှ တန့်သွားပြီးနောက် မဲ့ပြုံးလေး ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုရင်လည်း ကျွန်မတို့မှာ လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး"
ချူရှောင်ယွင် ပြုလုပ်နေသည်မှာ သတင်းများကို ပိတ်ပင်လိုခြင်း ဖြစ်ကြောင်း ကျုံးအန်းအန်း နားလည်လိုက်သည်။
ဧည့်သည်များ ပြန်ရောက်သွားပြီး ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို လျှောက်ပြောရင် ရွှယ်အန်းရဲ့ အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေမှာ စိုးရိမ်လို့ နေမှာပေါ့၊ ဒါပေမဲ့ ရွှယ်အန်းက ထျန်ကျောက် နတ်ဘုရားတွေ အားလုံးကို တစ်ယောက်တည်း သတ်ဖြတ်နိုင်လိမ့်မယ်လို့ သူ တကယ် ထင်နေတာလား၊ ဘယ်လိုပဲ တွေးတွေး၊ ဒါက ဒဏ္ဍာရီပုံပြင်ကြီး ဆန်လွန်းနေတယ်...
ကျုံးအန်းအန်းသည် သူမ၏ စိတ်နှလုံးထဲတွင် တွေးတောနေမိသည်။
ချူရှောင်ယွင်၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက်နေဆဲပင်ဖြစ်ကာ အကယ်၍ ရွှယ်အန်းသာ ပြန်မလာခဲ့လျှင် ဤနေရာရှိ လူအားလုံးကို အရာအားလုံးနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ပစ်ရန် သူမ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျယ်ပြောလှသော ကောင်းကင်ယံ အထက်တွင် ရွှယ်အန်းသည် မြင်ရသူအဖို့ မျက်စိကျိန်းလောက်အောင် အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းနေသည်။ ပျံသန်းနေရင်းဖြင့် ရွှယ်အန်းသည် သူ၏ အောက်ဘက်ရှိ အရာအားလုံးကို လေ့လာကြည့်ရှုနေသည်။
ထျန်ကျောက်ဘုံသည် အမှန်တကယ်ပင် ကြီးမားကျယ်ပြန့်လှသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် စစ်မှန်သည့် အဆင့်အတန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် သူ၏ အမြန်နှုန်းသည် ဆယ်ဆမက တိုးလာခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ထောင်ပေါင်းများစွာ ခရီးပေါက်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော အမြန်နှုန်းဖြင့် တစ်နာရီတိတိ ပျံသန်းပြီးသည့်တိုင်အောင် သူ၏ ခြေအောက်တွင် အဆုံးမရှိသော တောင်တန်းများသာ ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ဤတောင်တန်းများသည် တစ်ခုနှင့်တစ်ခု အလွန်တူညီလှသဖြင့် အချိန်ကြာမြင့်စွာ ပျံသန်းပြီးနောက်တွင် အရပ်မျက်နှာ ခွဲခြားရန်ပင် ခက်ခဲလာစေသည်။ ဤဘုံ၏ မြေပုံသာ မရှိပါက လမ်းကိုပင် ရှာတွေ့နိုင်မည် မဟုတ်ဘဲ ဤကျယ်ပြောလှသော တောင်တန်းများကြားတွင် လမ်းပျောက်သွားနိုင်ပေသည်။
သို့သော် ရွှယ်အန်းသည် လုံးဝ စိတ်လှုပ်ရှားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကျိန်စာနတ်သမီးကို မီးဖြင့် သန့်စင်စဉ်က သူမ၏ မှတ်ဉာဏ်များကို ထုတ်ယူထားခဲ့ပြီးဖြစ်သောကြောင့်ပင်။ သို့သော် သေချာစွာ ရှာဖွေပြီးနောက် ရွှယ်အန်းသည် အနည်းငယ် စိတ်ပျက်ခဲ့ရသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ဖြစ်ပွားခဲ့သည့် ရှေးဟောင်းစစ်ပွဲနှင့် ပတ်သက်သော သဲလွန်စအချို့ကို ဤမှတ်ဉာဏ်များမှတစ်ဆင့် ရှာဖွေတွေ့ရှိရန် သူ မျှော်လင့်ခဲ့မိသည်။ ကံဆိုးစွာပင် ကျိန်စာနတ်သမီးသည် လွန်ခဲ့သော နှစ်တစ်ထောင်အတွင်းမှ ပေါ်ထွက်လာသော နတ်ဘုရားအသစ် တစ်ပါးသာ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ဖြစ်ပျက်ခဲ့သည်များကို ဘာမျှ မသိရှိခဲ့ပေ။
သို့သော် လုံးဝ အရှုံးပေါ်သည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ ရွှယ်အန်းသည် ထျန်ကျောက်ဘုံ၏ အသေးစိတ် မြေပုံတစ်ခုကို ရရှိခဲ့လေသည်။
အပေါ်စီးမှ ကြည့်လိုက်လျှင် ထျန်ကျောက်ဘုံသည် အမှန်တကယ်တော့ ကြီးမားသော စက်ဝိုင်းပြားကြီး တစ်ခုသဖွယ် ပုံသဏ္ဌာန်ရှိကြောင်း ရွှယ်အန်း သိလိုက်ရသည်။ ထျန်ကျောက်နတ်ဘုရားဘုရင်သည် အလယ်ဗဟိုရှိ နန်းတော်ဖြစ်သော ထျန်ကျောက်ဗဟိုနန်းတော်တွင် နေထိုင်လေသည်။
ထျန်ကျောက်ဗဟိုနန်းတော်ကို ဝန်းရံထားသည်မှာ လက်စွပ်ကွင်းသဖွယ် တည်ဆောက်ထားသော မြို့ကြီးအများအပြား ဖြစ်သည်။ ဤမြို့ကြီးများသည် အစောင့်အရှောက်များကဲ့သို့ သူတို့၏ အလယ်တွင်ရှိသော ထျန်ကျောက်နတ်ဘုရားဘုရင်ကို ခိုင်မာစွာ ကာကွယ်ထားကြသည်။
ကျိန်စာမြို့တော်သည် ထျန်ကျောက်ဘုံ၏ အနောက်မြောက်ဘက် ထောင့်တွင် တည်ရှိပြီး ထျန်ကျောက်ဗဟိုနန်းတော်သို့ ဝင်ရောက်လိုပါက အေးစက် မြို့တော်ဟု အမည်ရသော မြို့တစ်မြို့ကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်သည်။
ထိုမြို့တော်ကို စောင့်ကြပ်နေသူမှာ ထျန်ကျောက်နတ်ဘုရားဘုရင်၏ သဘောအကျရဆုံးဖြစ်သော နတ်စစ်သူကြီး ဆွေ့ဟန်ပင် ဖြစ်သည်။
ကျိန်စာနတ်သမီး၏ မှတ်ဉာဏ်များအရ သိရှိရသည်မှ ဤနတ်စစ်သူကြီး ဆွေ့ဟန်သည် အလွန်စောစီးစွာကပင် ကျော်ကြားခဲ့ပြီး ထျန်ကျောက်နတ်ဘုရားဘုရင်၏ ဘေးတွင် အမြဲတစေ စောင့်ကြပ်နေလေ့ရှိသည်။ သူ၏ အင်အားသည် အလွန်ကျော်ကြားလှသဖြင့် ထျန်ကျောက်ဘုံ၏ နံပါတ်တစ် နတ်စစ်သူကြီးဟူသော ဂုဏ်ပုဒ်ကို ရရှိထားသူ ဖြစ်သည်။
သူသည် အင်မော်တယ်သခင်အဆင့် အာဏာပိုင်တစ်ဦး ဖြစ်သည်ဟူသော ကောလာဟလများပင် ရှိနေသည်။
ကျိန်စာနတ်သမီးသည် ဤဆွေ့ဟန်နှင့် အကြိမ်အနည်းငယ် ဆုံတွေ့ဖူးသော်လည်း အသိမိတ်ဆွေ အဆင့်မျှသာ ရှိပြီး ဆွေ့ဟန်၏ စစ်မှန်သော အင်အားကို လုံးဝ မသိရှိခဲ့ပေ။ သို့သော် သေချာသည့် အချက်တစ်ချက်မှာ ဤလူကို လျှော့တွက်၍ မရနိုင်ခြင်းဖြစ်သည်။
သို့သော်လည်း ရွှယ်အန်းသည် ထိုကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ တွေးခေါ်ပုံမှာ ရှင်းလင်းပြတ်သားသည်။
‘ဘယ်သူပဲ ဖြစ်နေပါစေ သူ့လမ်းကို ပိတ်ဆို့ရဲသရွေ့တော့ သေရမှာပဲ…’
အဆုံးတွင် သုံးနာရီတိတိ ပျံသန်းပြီးနောက် ပတ်ဝန်းကျင်၏ အနေအထားသည် ရုတ်ခြည်း ပြောင်းလဲသွားသည်။ ထူထပ်သော နှင်းဖြူများ မြေပြင်ပေါ်တွင် ပေါ်လာပြီး အပူချိန်သည် ရုတ်တရက် ကျဆင်းသွားလေသည်။ ထို့နောက် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော ရှုခင်းအကြားတွင် ရေခဲနန်းတော်ကြီး တစ်ခုနှင့် တူသော ကြီးမားသည့် မြို့တော်ကြီးတစ်ခုသည် ၎င်း၏ ပုံသဏ္ဌာန်ကို ဖြည်းညှင်းစွာ ထုတ်ဖော်ပြသလာလေသည်။
အေးစက်မြို့တော်... ငါ ရောက်လာပြီ
အခန်း (၁၀၉၇) - ယန်အာ... ကိုယ်နဲ့ လောင်းကြေးထပ်ရဲလား
အေးစက်မြို့တော် တစ်ခုလုံးကို ရေခဲကျောက်သလင်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး နေရောင်အောက်တွင် ပုလဲသွယ်ကဲ့သို့ ကြည်လင်တောက်ပနေလေသည်။ အဝေးမှ လှမ်းမျှော်ကြည့်လျှင် ဒဏ္ဍာရီပုံပြင်ထဲမှ နတ်ဘုံနတ်နန်းတစ်ခုအလား ထင်မှတ်ရပေသည်။
သို့သော် ဤလှပသော အပေါ်ယံအလွှာ၏ အောက်တွင်မူ အန္တရာယ်ကွန်ရက်များ ယှက်နွယ်နေချေသည်။ အကွာအဝေး ဝေးကွာနေသေးသော်လည်း ရွှယ်အန်းသည် မြို့ရိုးအတွင်း၌ ပုန်းအောင်းနေကြသော အစွမ်းထက်သည့် အရှိန်အဝါ အများအပြားကို ရှင်းလင်းစွာ အာရုံခံမိနေသည်။ ထိုအထဲတွင် ဘုရင်အဆင့် ကျင့်ကြံသူများပင် ပါဝင်နေသေးသည်။
သို့သော် ရွှယ်အန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤမြို့ထဲတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ ရှိနေသော်လည်း နတ်စစ်သူကြီး ဆွေ့ဟန်၏ အရှိန်အဝါ တစ်စွန်းတစ်စမျှ မတွေ့ရသောကြောင့် ဖြစ်သည်။
သူ ဒီမြို့ထဲမှာ မရှိတာများလား...
ရွှယ်အန်း စိတ်ထဲတွင် အနည်းငယ် အံ့သြသွားမိသည်။
အဘယ်ကြောင့်ဆိုသော် ကျိန်စာနတ်သမီး၏ မှတ်ဉာဏ်များထဲတွင် ထျန်ကျောက်နတ်ဘုရားကျောင်းတော်သို့ ဝင်ရောက်ရန်အတွက် ၎င်းကို ဝန်းရံထားသော မြို့ကြီးများအနက် တစ်မြို့မြို့ကို မဖြစ်မနေ ဖြတ်သန်းသွားရမည်ဟု အတိအလင်း မှတ်တမ်းတင်ထားသောကြောင့် ဖြစ်သည်။
အကယ်၍ အပေါ်မှ တိုက်ရိုက်ပျံသန်းသွားမည် သို့မဟုတ် အတင်းအဓမ္မ ဖောက်ထွက်ဝင်ရောက်မည် ဆိုပါက အချိန်နှင့် လေဟာနယ် အက်ကြောင်းထဲသို့ လွယ်ကူစွာ ကျရောက်သွားနိုင်သည်။ ဤသည်မှာလည်း ထျန်ကျောက်နတ်ဘုရားဘုရင် ကိုယ်တိုင် စီစဉ်ထားသော ကာကွယ်ရေး အစီအမံတစ်ခု ဖြစ်သည်။
ထျန်ကျောက်နတ်ဘုရားဘုရင်သည် အမှန်တကယ်ပင် စေ့စပ်သေချာလွန်းလှသည်ဟု ဆိုရပေမည်။ အသက်ရှင်ရပ်တည်ရေးအတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုထားလေသည်။ သို့သော် ထိုသို့ဖြစ်လေလေ ရွှယ်အန်း၏ စိတ်ထဲတွင် လှောင်ပြောင်လိုစိတ် ပိုများလာလေလေ ဖြစ်သည်။
ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူတွေပဲ ဒီလောက်ထိ ကြောက်ရွံ့တတ်ကြတာလေ...
အချိန်နှင့် လေဟာနယ် အက်ကြောင်းသည် ရွှယ်အန်းကို ဒုက္ခပေးနိုင်ခြင်း မရှိသော်လည်း မြက်ကိုရိုက်၍ မြွေလန့်သလို မဖြစ်စေချင်ပါက အမြန်ဆုံးနည်းလမ်းမှာ မြို့ထဲမှတစ်ဆင့် ထျန်ကျောက်နတ်ဘုရားကျောင်းတော်သို့ ဝင်ရောက်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်းသည် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ပြီး မြို့ဝင်လူအုပ်ကြီးနှင့် ရောနှောကာ မြို့အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။
မြို့တံခါးကို ကျော်ဖြတ်လိုက်သည်နှင့် အေးစက်မြို့တော်သည် ၎င်း၏ ခမ်းနားထည်ဝါသော ပုံရိပ်အစစ်အမှန်ကို ထုတ်ဖော်ပြသလာလေသည်။ အပြင်ဘက်မှ ကြည့်သည်ထက်ပင် ပိုမို ကြီးမားကျယ်ပြန့်နေသယောင် ထင်ရသည်။
ရွှယ်အန်း နားလည်လိုက်သည်မှာ အပြင်ပန်းအားဖြင့် ကြည်လင်နေသော ရေခဲကျောက်သလင်း မြို့ရိုးများအတွင်း၌ အမှန်တကယ်တွင် မရေမတွက်နိုင်သော ရှုပ်ထွေးသည့် နတ်ဘုရားအစီအရင်များ ထွင်းထုထားသောကြောင့် ဖြစ်သည်။ ဤနတ်ဘုရားအစီအရင်များသည် အလွန်အားကောင်းသော ကာကွယ်ရေး စွမ်းရည်များ ရှိရုံသာမက မြို့တော်၏ လေဟာနယ်တစ်ခုလုံးကို ကျုံ့ထားနိုင်စွမ်း ရှိသဖြင့် အပြင်ဘက်တွင် သေးငယ်သယောင် ထင်ရသော်လည်း အတွင်းထဲတွင် အလွန်တရာ ကြီးမားကျယ်ပြန့်နေရခြင်း ဖြစ်သည်။
ဒီလို နည်းလမ်းမျိုးကတော့ နတ်ဘုရားဘုရင်တစ်ပါးရဲ့ လက်ရာပီသပါပေတယ်...
ထိုအတွေးများဖြင့် ရွှယ်အန်းသည် မြို့တော်၏ လမ်းမများပေါ်တွင် လမ်းလျှောက်လာခဲ့သည်။ မြို့တော်၏ လမ်းမများသည် အလွန်ကျယ်ဝန်းပြီး လမ်းဘေးဝဲယာရှိ အိမ်များကိုလည်း ရေခဲကျောက်သလင်းများဖြင့် တည်ဆောက်ထားသဖြင့် အလွန်ဆန်းကြယ်လှပနေသည်။
လမ်းမပေါ်တွင် သွားလာနေကြသော လမ်းသွားလမ်းလာ အများစုမှာလည်း အထင်ကြီးဖွယ်ရာ ကျင့်ကြံခြင်းအဆင့်များ ရှိကြသည်။ မြို့ပိုင်ရှင်အဆင့်ရှိသော အစွမ်းထက် ပုဂ္ဂိုလ်အချို့မှာ လက်ချင်းချိတ်ကာ ကျယ်လောင်စွာ ရယ်မောရင်း လမ်းသလားနေကြသည်ကိုပင် ရွှယ်အန်း တွေ့လိုက်ရသေးသည်။
ရွှယ်အန်းသည် လက်စားချေရန် လာရောက်ခြင်း ဖြစ်သော်လည်း သူ၏ မျက်စိရှေ့မှ မြင်ကွင်းများသည် သူ့ကို အပန်းဖြေ အနားယူစရာ အခိုက်အတန့်လေးတစ်ခု ပေးစွမ်းနိုင်ခဲ့သည်။ အထူးသဖြင့် သေသပ်လှပသော ရေခဲနန်းတော်ကြီးနှင့် တူနေသော ဤမြို့ကို သူ့သမီးလေးနှစ်ယောက် သေချာပေါက် ကြိုက်နှစ်သက်ကြပေလိမ့်မည်။
ထို့ကြောင့် ရွှယ်အန်းသည် သူ၏ နတ်ဘုရားအာရုံ တစ်စကို ခွဲထုတ်လိုက်ပြီး မှော်ရတနာဆောင်ထဲသို့ ဝင်ရောက်ကာ အန်းယန် နှင့် သမီးလေးနှစ်ယောက်ကို ခေါ်ထုတ်လိုက်လေသည်။
သားအမိ သုံးယောက် လမ်းမပေါ်သို့ ရောက်ရှိလာသောအခါ သူတို့လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားကြသည်။
"ဝါး... လှလိုက်တာ"
ရှန်းရှန်းက မျက်လုံးဝိုင်းလေးများ ပြူးကျယ်လျက် အံ့သြတကြီး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် နျန်နျန်၏ မျက်လုံးများမှာ တောက်ပနေပြီး အဆောက်အဦးတစ်ခု၏ ဘေးသို့ လျှောက်သွားကာ ရေခဲကျောက်သလင်း နံရံကို ညင်သာစွာ ပွတ်သပ်ကြည့်နေရင်း သူမ၏ မျက်နှာလေးပေါ်တွင် ပျော်ရွှင်သော အလင်းရောင်များ ဖြတ်သန်းသွားသည်။ ထို့နောက် ခေါင်းကို လှည့်ကာ အလွန်အမင်း အံ့သြသွားသည့်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"မေမေ၊ ဖေဖေ၊ မမ... ကြည့်ပါဦး၊ဒီအိမ်က သကြားခဲတွေနဲ့ လုပ်ထားတာ မဟုတ်ဘူးလားဟင်"
ရွှယ်အန်းနှင့် အခြားသူများမှာ "..."
ထို့နောက် ရှန်းရှန်းက 'နင်နဲ့တော့ ခက်ပြီ' ဆိုသည့်ဟန်ဖြင့် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"သကြားခဲ ဟုတ်လား... ရေခဲမုန့်လို့ပဲ ပြောလိုက်ပါတော့လားဟာ"
"မဟုတ်ဘူးလား"
"ဒါပေါ့... မဟုတ်ဘူးလေ"
"ဒါပေမဲ့ သမီးကြည့်ရတာ တကယ်ပဲ တူနေတာကိုး"
နျန်နျန်သည် လက်မလျှော့ချင်သေးဘဲ နံရံကို သေချာကြည့်ကာ ရှေ့သို့ ကိုင်းလိုက်ပြီး လျှာဖြင့် လှမ်းလျက်လိုက်သည်။
"ထွီ၊ အေးတာကလွဲရင် ဘာမှ မချိုပါဘူး၊ သေချာတယ် သကြားခဲ မဟုတ်ဘူးပဲ"
နျန်နျန်က တံတွေး အကြိမ်ကြိမ် ထွေးလိုက်သည်။ ရွှယ်အန်းက တိတ်တဆိတ် ရယ်မောလိုက်ပြီး နျန်နျန်၏ အနားသို့ လျှောက်သွားကာ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"ဒါက ရေခဲကျောက်သလင်းနဲ့ လုပ်ထားတာလေ၊ ဘယ်လိုလုပ် ချိုမှာလဲ သမီးရဲ့"
"အော်..."
နျန်နျန်၏ အသံသည် အနည်းငယ် စိတ်ပျက်သွားပုံရသည်။
"ဘာဖြစ်လို့လဲ... ဗိုက်ဆာလို့လား"
ရွှယ်အန်းက ထိုပုံစံကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းကာ မေးလိုက်သည်။ နျန်နျန်က အားတက်သရော ခေါင်းညိတ်ပြသည်။ ရှန်းရှန်းကမူ ညှာတာခြင်း မရှိဘဲ ဝင်ပြောလိုက်သည်။
"ဖေဖေ... ညီမလေးကို မယုံနဲ့၊ သူက ထမင်းစားပြီးပြီးချင်း မေးရင်တောင် ဗိုက်အရမ်းဆာတယ်လို့ ပြောမှာ၊ သမီးထင်တာတော့ သူ ဘယ်တော့မှ ဗိုက်ပြည့်တယ်လို့ မရှိဘူး၊ တကယ့် ဝက်ကလေးပဲ"
ထိုသို့ပြောပြီးနောက် ရှန်းရှန်းက အန်းယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မေမေ... သမီးပြောတာ မှန်တယ်မလား"
အန်းယန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ရှန်းရှန်း၏ နှာခေါင်းလေးကို မနာအောင် ဆွဲလိုက်သည်။
"နင်တို့နှစ်ယောက်လုံးကတော့လေ၊ တစ်ယောက်က ထူးထူးဆန်းဆန်းတွေ လုပ်တတ်တယ်၊ နောက်တစ်ယောက်က အစားသရဲ အိပ်ပုတ်ကြီး၊ မေမေတော့ နင်တို့နှစ်ယောက်နဲ့ တကယ်ပဲ ခေါင်းကိုက်တယ်"
"အာ... မေမေကလည်း၊ သမီးပြောတာ မှန်လား မမှန်လားပဲ ပြောပါဆိုနေ"
ရှန်းရှန်းက ချွဲနွဲ့စွာဖြင့် တိုင်တောလိုက်သည်။
နျန်နျန်မှာ ဝမ်းနည်းသွားသည်။
"မေမေ... မမက သမီးကို ဝက်တဲ့"
အန်းယန်က သက်ပြင်းချလိုက်ပြီး ရှန်းရှန်းကို လေးနက်စွာ ပြောလိုက်သည်။
"နောက်ခါ ညီမလေးကို အဲ့လို မခေါ်ရဘူးနော်... ကြားလား"
"ဟုတ်..."
ရှန်းရှန်းက နှုတ်ခမ်းဆူလျက် ပြန်ဖြေလိုက်သည်။ ထိုအခါမှ နျန်နျန် ပြန်လည် တက်ကြွလာလေသည်။ သို့သော် အန်းယန်၏ နောက်ထပ်စကားသည် သူမကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
"တကယ်လို့ သူက ဝက်နဲ့ တူရင်တောင်မှ သမီးက အဲ့လို မပြောရဘူးလေ၊။မကောင်းဘူး... သိလား"
နျန်နျန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ ရှန်းရှန်းသည် အစပိုင်းတွင် ကြောင်သွားသော်လည်း နောက်ပိုင်းတွင် သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။
"သိပါပြီ မေမေ"
နျန်နျန်၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ဝဲလာသည်။ သူမသည် ခြေဆောင့်လိုက်ပြီး ရွှယ်အန်းထံသို့ လှည့်၍ တိုင်တောလေသည်။
"ဖေဖေ... ကြည့်ပါဦး၊ မမရော မေမေရော သမီးကို ဝိုင်းအနိုင်ကျင့်နေကြတယ်"
ရွှယ်အန်းသည် အစကတည်းက သတိထားမိသဖြင့် နျန်နျန်၏ ဝမ်းနည်းပက်လက် ဖြစ်နေပုံကို မြင်သောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားလေသည်။
"ကဲပါ... ကဲပါ၊ နောက်ခါ ညီမလေးကို အဲ့လို မခေါ်ကြနဲ့တော့နော်၊ ကိုယ့်သမီးလေး နျန်နျန်က ဝက်မဟုတ်ပါဘူး"
နျန်နျန်သည် မျက်နှာလေးကို မော့လိုက်ပြီး ကျေနပ်အားရစွာဖြင့် နှာမှုတ်လိုက်သည်။ သူမ၏ မျက်နှာပေးက 'အခု ဖေဖေ ငါ့ဘက်မှာ ရှိနေပြီ... နင်တို့ ဘာတတ်နိုင်သေးလဲ' ဟု ပြောနေသကဲ့သို့ထင်ရသည်။
"ဝက်တွေက ကိုယ့်သမီးလေး နျန်နျန်လောက် ဘယ်စားနိုင်ပါ့မလဲကွာ"
ရွှယ်အန်းက နောက်ပြောင်ပြီး ပြောလိုက်သည်။ နျန်နျန်၏ မျက်နှာပေါ်ရှိ အောင်နိုင်သူအပြုံး ချက်ချင်း ပျောက်ကွယ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖေဖေ"
အားလုံး ဝါးခနဲ ပွဲကျသွားကြလေသည်။ ထို့နောက် ရွှယ်အန်းသည် အကြီးအကျယ် စိတ်ကောက်သွားသော နျန်နျန်ကို ပွေ့ဖက်လိုက်သည်။
"ကဲပါ... ကဲပါ၊ ဖေဖေက စတာပါ၊ သွားကြစို့... သမီး ဗိုက်ဆာနေတယ်မလား၊ ဒီမှာ ဘာအစားကောင်းတွေ ရှိလဲ သွားကြည့်ကြတာပေါ့"
ထိုစကားကို ကြားသောအခါ နျန်နျန်သည် ချက်ချင်းပင် ငိုမဲ့မဲ့မျက်နှာမှ ပြုံးဖြီးဖြီး ဖြစ်သွားလေသည်။
"ဟုတ်တယ်... ဟုတ်တယ်၊ မြန်မြန်သွားရအောင်၊ သမီး မစောင့်နိုင်တော့ဘူး"
ရွှယ်အန်းက အန်းယန်ဘက်သို့ ခေါင်းငဲ့လိုက်သည်။
"မိန်းမရေ... ဘယ်လိုလဲ၊ ပြိုင်မလား"
"ပြိုင်မယ် ဟုတ်လား၊ ဘယ်လိုပြိုင်မှာလဲ၊ ဘာအတွက် ပြိုင်မှာလဲ"
"မင်းက ရှန်းရှန်းကို ချီ၊ ကိုယ်က နျန်နျန်ကို ချီမယ်၊ ဟိုအရှေ့က စားသောက်ဆိုင်က ပန်းဝင်ပေါက်ပေါ့၊ ဘယ်သူ အရင်ရောက်မလဲ ကြည့်ကြတာပေါ့... ဘယ်လိုလဲ"
အန်းယန်က နှုတ်ခမ်းမဲ့လိုက်သည်။
"စိတ်မဝင်စားပါဘူး... ကလေးဆန်လိုက်တာ"
ရွှယ်အန်း၏ အပြုံးသည် မျက်နှာပေါ်တွင် အေးခဲသွားပြီး အနေခက်စွာ ပြောလိုက်သည်။
"ဟာကွာ... ကလေးတွေရှေ့မှာ ကိုယ့်ကို မျက်နှာသာ ပေးပါဦး"
ရွှယ်အန်းက ကလေးကြီးတစ်ယောက်လို ဖြစ်နေသည်ကို မြင်သောအခါ အန်းယန်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သို့သော် မလိုချင်သယောင် ဟန်ဆောင်၍ သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ၊ ဒါပေမဲ့ လောင်းကြေးတော့ ထပ်သင့်တယ် မဟုတ်ဘူးလား၊ ဒီတိုင်းကြီး ပြိုင်မှာလား"
ရွှယ်အန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွားသည်။
"ဒီလိုလုပ်ကွာ... ကိုယ်ရှုံးရင် မင်းကို တစ်ခါနမ်းပေးမယ်၊ မင်းရှုံးရင် ကိုယ့်ကို ပြန်နမ်းပေးရမယ်၊ ဘယ်လိုလဲ"
"တော်စမ်းပါ၊ အိပ်မက်သာ မက်နေလိုက်!"
အန်းယန်က မျက်စောင်းပစ်လိုက်သည်။
"ဒါဆို မင်းဘယ်လို လောင်းချင်လဲ"
ရွှယ်အန်းက မေးလိုက်သည်။
"ရှင့်ဘက်က ရှုံးရင် ကျွန်မကို အစ်မကြီးလို့ သုံးခါ ခေါ်ရမယ်"
အန်းယန်က လေးနက်စွာ ပြောလိုက်သည်။ ရွှယ်အန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒါပေမဲ့ မင်းဘက်က ရှုံးရင်တော့ ကိုယ့်ကို ဒယ်ဒီလို့ သုံးခါ ပြန်ခေါ်ရမယ်နော်”
အခန်း (၁၀၉၈) - အိမ်တိုင်ရာရောက် လာပြီး ပါးအရိုက်ခံချင်နေသူ
အန်းယန်၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဟင်..."
ရွှယ်အန်းသည် လေသံကို အမြန်ပြောင်းလိုက်ပြီး
"အစ်ကိုကြီးလို့ ခေါ်လည်း ရပါတယ်ကွာ"
အဆုံးတွင် သူတို့ ဆွေးနွေးပြီးကြသောအခါ ရွှယ်အန်းက နျန်နျန်ကို ချီထားပြီး အန်းယန်က ရှန်းရှန်းကို ချီထားလိုက်သည်။ သူတို့နှစ်ဦး ယှဉ်လျက် ရပ်လိုက်ကြပြီး ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
"ကိုယ် သုံးအထိ ရေတွက်လိုက်မယ်၊ ပြီးတာနဲ့ ပြိုင်တူ ပြေးကြမယ်နော်"
အန်းယန်သည်လည်း လေးနက်သွားသည်။ လောင်းကြေးက မြင့်မားသဖြင့် သူမအနေဖြင့် အလေးအနက်ထားမှ ဖြစ်ပေမည်။
"ကောင်းပြီလေ!"
"တစ်... နှစ်..."
သို့သော် သုံး ဟူသော စကားလုံး ပါးစပ်မှ မထွက်ခင်မှာပင် ရွှယ်အန်းသည် လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားလေသည်။
အန်းယန်မှာ လန့်ဖျပ်သွားပြီးနောက် သူ့နောက်သို့ အပြေးလိုက်ရင်း ဒေါသတကြီး လှမ်းအော်လိုက်သည်။
"ယောက်ျား... ရှင်က တကယ်ကြီး ကျွန်မကို လိမ်တယ်"
ရွှယ်အန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဘယ်သူက လိမ်လို့လဲ၊ ကိုယ်က တစ်, နှစ်, သုံး ရေတွက်မယ်လို့ပဲ ပြောတာလေ... သုံး ရောက်မှ ပြေးရမယ်လို့မှ မပြောခဲ့တာ"
အဆုံးတွင်တော့ ထိုပြိုင်ပွဲသည် ရွှယ်အန်း၏ ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် စားသောက်ဆိုင်နားသို့ ရောက်ခါနီးအချိန်တွင် အန်းယန်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမ၏ ရင်ခွင်ထဲမှ ရှန်းရှန်းကို ပြောလိုက်သည်။
"ရှန်းရှန်း... သမီးဖေဖေက တကယ်ပဲ လူလည်ကျတာ မဟုတ်လား"
ရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဖေဖေက လူလည်ကျတာ"
"တကယ်လို့ သမီးဖေဖေသာ နိုင်သွားရင် သမီး ဘယ်လိုလုပ်မလဲ"
"အမ်... မေမေ ပြောချင်တာက..."
အန်းယန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"အဲ့အချိန်ကျရင် သမီးကလည်း ဖေဖေကို '
အစ်ကိုကြီးလို့ ခေါ်လိုက်နော်"
"ဟုတ်ကဲ့"
ရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။ သားအမိနှစ်ယောက်ကြားမှ စကားများကို ကြားလိုက်ရသောအခါ ပျော်ရွှင်စွာ ပြေးနေသော ရွှယ်အန်းသည် တဖြည်းဖြည်း တုံ့ဆိုင်းသွားပြီး အဆုံးတွင် ရပ်တန့်လိုက်လေသည်။
"ယောက်ျား... ဘာလို့ ရပ်သွားတာလဲ"
အန်းယန်က ရယ်မောကာ မေးလိုက်သည်။
ရွှယ်အန်းက လည်ချောင်းရှင်းလိုက်သည်။
"အဟမ်း... ကိုယ် ရုတ်တရက် စဉ်းစားမိတာက နိုင်တာ ရှုံးတာက အရေးမကြီးပါဘူး၊ အရေးကြီးတာက ကိုယ့်ရဲ့ ချစ်ဇနီးလေး ပျော်ရွှင်ဖို့ပါပဲ၊ ဒါကြောင့် ဒီပွဲကို သရေလို့ပဲ သတ်မှတ်လိုက်ကြရအောင်... ဟုတ်ပြီလား"
ထိုအချိန်တွင် အန်းယန်သည် သူ့အနားသို့ ဖြည်းညှင်းစွာ ရောက်လာပြီး ပြုံးလျက် ပြောလိုက်သည်။
"အော်... ဟုတ်လား၊ သရေကျတယ် ဆိုတာက မဖြစ်နိုင်ဘူးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့..."
သူမ စကားမဆုံးခင်မှာပင် အန်းယန်သည် ရုတ်တရက် အရှိန်တင်လိုက်ပြီး ရွှယ်အန်းကို ကျော်တက်ကာ စားသောက်ဆိုင်ထဲသို့ အရင်ဆုံး ဝင်ရောက်သွားလေသည်။ ထို့နောက် သူမသည် အားရပါးရ ရယ်မောလိုက်သည်။
"ဒါပေမဲ့ ကျွန်မက သဘောမတူဘူးလေ၊ ဟီးဟီး... ယောက်ျား ရှင် ရှုံးပြီ"
ရှန်းရှန်းသည်လည်း ခေါင်းပြူထွက်လာပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ဖေဖေ ရှုံးပြီ"
ရွှယ်အန်း၏ ရင်ခွင်ထဲတွင် ပုန်းနေသော နျန်နျန်ပင်လျှင် ကြည့်မနေနိုင်တော့ပေ။
"ဖေဖေ"
"ဟေး..."
"ဒါကို ကိုယ့်ခြေထောက်ကိုယ် ကျောက်တုံးနဲ့ထုတယ်လို့ ခေါ်တာလားဟင်"
နျန်နျန်က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်သည်။ ရွှယ်အန်းမှာ မရယ်ဘဲမနေနိုင်တော့သော်လည်း သူ့မျက်နှာကို အတင်းတည်လိုက်သည်။
"ပေါက်ကရတွေ... ဖေဖေက မေမေ့ကို တမင် အရှုံးပေးလိုက်တာပါ၊ ဒါကို လေးစားမှုလို့ ခေါ်တယ်၊ ကလေးက ဘာနားလည်မှာလဲ"
နျန်နျန်က တခစ်ခစ် ရယ်မောလိုက်သည်။
"အော်... အဲ့လိုလား"
အဆုံးတွင် ဂုဏ်သိက္ခာကျဆင်းစေသော တောင်းဆိုမှုများကို လိုက်လျောပြီးနောက် အန်းယန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ရွှယ်အန်းကို ယာယီအားဖြင့် လွှတ်ပေးလိုက်လေသည်။
ထိုအချိန်တွင် သူတို့သည် စားသောက်ဆိုင်၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စားသောက်ဆိုင်သည် ကြီးကျယ်ခမ်းနားပြီး အလွန် ထည်ဝါလှသည်။ လမ်းမပေါ်တွင် ရပ်နေရင်းနှင့်ပင် အထဲမှ ထွက်ပေါ်လာသော မွှေးပျံ့သည့် အစားအသောက်နံ့များကို ရရှိနေရသည်။နျန်နျန်မှာ သွားရည်ပင် ကျလုနီးပါး ဖြစ်နေရှာသည်။
"ဖေဖေ... ဒီဆိုင်မှာ စားကြရအောင်"
"ကောင်းပြီလေ"
မိသားစု လေးယောက်သားသည် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာကြပြီး စားပွဲထိုး၏ ဂရုတစိုက် လမ်းပြမှုအောက်တွင် ပထမထပ် ခန်းမကို ဖြတ်သန်းကာ ဒုတိယထပ်သို့ တက်လာခဲ့ကြသည်။
ဤနေရာမှ ကြည့်လိုက်လျှင် နှင်းကမ္ဘာလောကထဲတွင် တည်ဆောက်ထားသော ရေခဲနန်းတော်ကြီး တစ်ခုနှင့် တူနေသည့် အေးစက်သော မြို့တော် တစ်ခုလုံးကို မြင်တွေ့နေရသည်။ အထူးသဖြင့် ညအချိန် မီးရောင်များ လင်းလက်လာစအချိန်ဖြစ်ရာ မြို့တော်တစ်ခုလုံးသည် ရောင်စုံအလင်းများဖြင့် တောက်ပနေပြီး မျက်စိကျိန်းလောက်အောင် လှပနေပေသည်။
"လှလိုက်တာ"
အန်းယန်၊ ရှန်းရှန်းနှင့် နျန်နျန်တို့သည် ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်ရင်း ရိုးသားစွာ ချီးကျူးလိုက်ကြသည်။
ထိုအချိန်တွင် စားသောက်ဆိုင်မှ ဟင်းပွဲများကို တစ်ခုပြီးတစ်ခု စတင် လာချပေးလေသည်။ စားသောက်ဆိုင်၏ ဟင်းချက်စွမ်းရည်မှာ အတော်လေး ထူးခြားသည်ဟု ဆိုရမည်ဖြစ်ပြီး ပါဝင်ပစ္စည်းများသည်လည်း အလွန် ဆန်းပြားလှသည်။
အားလုံးကို မြို့ပြင်ရှိ ရေခဲကန်များနှင့် နှင်းတောင်များပေါ်မှ ဖမ်းဆီးရမိသော ထူးဆန်းသည့် သတ္တဝါများထံမှ ရယူထားခြင်း ဖြစ်သည်။ ထိုပါဝင်ပစ္စည်းများ ကိုယ်တိုင်က ဝိညာဉ်စွမ်းအင်များ ကြွယ်ဝစွာ ပါဝင်နေပြီး မှန်ကန်သော ချက်ပြုတ်နည်းများဖြင့် ပေါင်းစပ်လိုက်သောအခါ ဤဟင်းပွဲများသည် အရသာနှင့် ဝိညာဉ်စွမ်းအင် နှစ်မျိုးစလုံးတွင် မျှတသော အခြေအနေတစ်ခုကို ရရှိထားလေသည်။ အနည်းဆုံးတော့ ကလေးမနှစ်ယောက်က ပျော်ရွှင်စွာ စားသောက်နေကြသည်။
ထိုအချိန်၌ပင် လှေကားဘက်မှ ခြေသံများ ဆူညံစွာ ထွက်ပေါ်လာပြီး လူတစ်စု တက်လာကြသည်။ သူတို့အား ဦးဆောင်လာသူမှာ စတိုင်ကျကျ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ပြီး သူ့နောက်တွင် ရုပ်ရည်ကြမ်းတမ်းသော နောက်လိုက် အစေခံတစ်သိုက် ပါလာလေသည်။ စားပွဲထိုးနှင့် ဆိုင်ရှင်တို့သည် ဘေးတွင် ရပ်လျက် သူတို့ကို ကြီးမားသော လေးစားမှုဖြင့် သတိထားကာ ဝန်ဆောင်မှု ပေးနေကြသည်။
ရွှယ်အန်းသည် အစပိုင်းတွင် ဂရုမစိုက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော လူမျိုးများသည် နေရာတိုင်းတွင် ရှိနေတတ်သောကြောင့် ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ထိုလူငယ်သည် ပြတင်းပေါက်နားတွင် ထိုင်နေသော ရွှယ်အန်းတို့ မိသားစုကို ချက်ချင်း သတိထားမိသွားသည်။
အန်းယန်သည် မလိုအပ်သော အာရုံစိုက်မှုများကို ရှောင်ရှားရန်အတွက် လျှို့ဝှက်နည်းလမ်းတစ်ခု သုံးပြီး သူမ၏ ရုပ်ရည်အများစုကို ဖုံးကွယ်ထားသော်လည်း သူမ၏ အရှိန်အဝါနှင့် ကျက်သရေကို ဖုံးကွယ်၍ မရနိုင်ပေ။ ထိုလူငယ်၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် သူသည် ရွှယ်အန်းတို့ဆီသို့ မောက်မာစွာ လျှောက်လာခဲ့သည်။ သူသည် ရွှယ်အန်းကို အထင်သေးစွာဖြင့် ကြည့်ရှုလိုက်သည်။ သူ တစ်ခါမျှ မမြင်ဖူးသော မျက်နှာတစ်ခု ဖြစ်နေသည်ကို တွေ့သောအခါ သူ၏ မောက်မာမှုများ ပိုတိုးလာလေသည်။
"ဘယ်ကကောင်လဲ... ငါ့ရဲ့ သီးသန့်နေရာကို ယူရဲတယ်ပေါ့၊ အခုချက်ချင်း ထွက်သွားစမ်း"
ထိုလူငယ်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ နောက်လိုက်များကလည်း ဆူညံစွာ အော်ဟစ်လာကြသည်။
"ဟုတ်တယ်... သခင်လေးဟော့ရဲ့ နေရာကို ယူရဲတယ်ဆိုတော့ သေချင်နေတာပဲ"
"ဖယ်စမ်း အခု"
ရွှယ်အန်းသည် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
"မင်းရဲ့ သီးသန့်နေရာ ဟုတ်လား"
ထိုလူငယ်က မောက်မာစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
ထို့နောက် သူသည် အန်းယန်ကို မထီမဲ့မြင် ပြုံးပြလိုက်သည်။
"ညီမလေး... မကြောက်ပါနဲ့၊ ကိုယ်က ဒီကောင့်ကိုပဲ မောင်းထုတ်ခိုင်းတာပါ၊ မင်းကတော့ ဒီမှာပဲ နေခဲ့လို့ ရပါတယ်"
အန်းယန်သည် ထိုကဲ့သို့သော လူမျိုးကို လုံးဝ လျစ်လျူရှုထားပြီး ခေါင်းပင် မမော့လာခဲ့ပေ။ ရွှယ်အန်းအတွက်မူ အတော်လေး ရယ်စရာကောင်းနေသည်။ ထမင်းစားနေရင်းနှင့်တောင် ဤသို့ ရှေးရိုးစွဲ ဇာတ်ကွက်မျိုး လာကြုံနေရသဖြင့် ပြောစရာစကားပင် မရှိတော့ချေ။
ရွှယ်အန်းသည် ဤကောင့်ကို တိုက်ရိုက် မောင်းထုတ်လိုက်ရန် ပြင်လိုက်သည်။ ရုတ်တရက်ပင် သူသည် တစ်စုံတစ်ခုကို သတိထားမိသွားပုံရပြီး ထိုလူငယ်ကို မော့ကြည့်၍ သေချာစွာ အကဲခတ်လိုက်သည်။
"ဘာလို့ အဲ့လို စိုက်ကြည့်နေတာလဲ၊ မကျေနပ်ဘူးလား"
ရွှယ်အန်းက သူ့ကို အကဲခတ်နေသည်ကို မြင်သောအခါ ထိုလူငယ်သည် စိန်ခေါ်ခံရသည်ဟု ထင်မှတ်ပြီး ဒေါသထွက်လာကာ ရိုက်နှက်ရန် လက်ကို မြှောက်လိုက်သည်။
လက်ဝါးရိုက်ချက်မှ လေတိုးသံများ မြည်ဟီးလာသည်။ အကယ်၍သာ သာမန်လူတစ်ယောက် ဖြစ်ပါက ဤရိုက်ချက်ကို ခံရပြီးနောက် နေရာမှာတင် သေဆုံးသွားနိုင်ပေသည်။ ဤအချက်ကပင် ဤလူငယ်သည် ပုံမှန်အချိန်များတွင် မည်မျှ မောက်မာပြီး ဗိုလ်ကျတတ်ကြောင်း ပြသနေသည်။ ရွှယ်အန်းက တောက်ပစွာ ပြုံးလိုက်သည်။
"ဖိနပ်နားပြီးမှ ခြေထောက်ရှာစရာ မလိုတော့ဘူး ဆိုတာ တကယ်ပဲ၊ ငါက မင်းတို့ကို လိုက်ရှာနေတာ... မင်းတို့က အိမ်တိုင်ရာရောက် လာပြီး အသေခံကြတာပဲ"
ထိုအချိန်တွင် လူငယ်၏ လက်ဝါးရိုက်ချက်သည် လမ်းတစ်ဝက်သို့ ရောက်နေပြီ ဖြစ်သော်လည်း ရွှယ်အန်း၏ စကားသံ ဆုံးသည်နှင့် ကြီးမားသော အင်အားတစ်ခုသည် ကောင်းကင်မှ သက်ဆင်းလာပြီး ထိုလူငယ်ကို တိုက်ရိုက် ဖိချလိုက်လေသည်။
ဘုန်း!
ထိုလူငယ်သည် ခုခံနိုင်စွမ်းပင် မရှိလိုက်ပေ။ ထိုအင်အား၏ ဖိနှိပ်မှုကြောင့် မြေကြီးပေါ်သို့ တိုက်ရိုက် ဒူးထောက်ကျသွားပြီး ကြမ်းခင်းများပင် အက်ကွဲသွားရသည်။ ဤအရာက လူငယ်၏ နောက်ပါ အစေခံဆိုးများကို ထိတ်လန့်သွားစေသည်။
"သခင်လေး"
"သခင်လေးဟော့"
ထိုအော်ဟစ်သံများကြားတွင် လူငယ်သည် ရုန်းကန်ရန် ကြိုးစားသော်လည်း ကြောက်လန့်တကြားဖြင့် သူ၏ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ခွက်ကို ဖြည်းညှင်းစွာ မယူ၍ လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးနောက် အစေခံဆိုးများကို ဖျော့တော့စွာ ပြုံးပြလိုက်သည်။
"သူ့မိဘတွေကို သွားပြောဖို့အတွက် မင်းတို့ကို အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန် ပေးမယ်၊ အဲ့ဒီအချိန်အတွင်း ဘယ်သူမှ ရောက်မလာရင်တော့... သူ့အလောင်းကို လာကောက်ဖို့သာ ပြင်ထားလိုက်တော့"
သူ၏ စကားများသည် တည်ငြိမ်သော်လည်း ငြင်းဆန်၍မရနိုင်သော အာဏာစက် ပါဝင်နေသည်။
ယခုအချိန်တွင် ဤအစေခံများထဲမှ လူအများသည်ပင်လျှင် ဤလူငယ်သည် သာမန်လူ မဟုတ်ကြောင်းအပြင် သခင်လေးဟော့သည် မြေကြီးပေါ်တွင် ဒူးထောက်နေရပြီး သူ၏ ကံကြမ္မာသည် တစ်ပါးသူလက်ထဲ ရောက်နေကြောင်း နားလည်လိုက်ကြပြီ ဖြစ်သည်။ ထို့ကြောင့် ထိုလူစုသည် အချိန်ဆွဲမနေရဲကြပေ။
"မင်း... မင်း စောင့်နေလိုက်၊ သခင်လေးဟော့ကိုသာ ထိခိုက်အောင် လုပ်ရဲရင် မင်း သေဖို့သာ ပြင်ထားပေတော့"
ထိုကဲ့သို့ ဟန်ပြစကားများ ပြောဆိုပြီးနောက် သူတို့သည် လှေကားမှ အလုအယက် ပြေးဆင်းသွားကြလေသည်။ ဆိုင်ရှင်နှင့် စားပွဲထိုးများမှလွဲ၍ ဒုတိယထပ်တွင် မည်သူမှမရှိတော့ပဲ ထူးဆန်းသော တိတ်ဆိတ်ငြိမ်သက်မှု ကျန်ရစ်ခဲ့သည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"မပူပါနဲ့... ခင်ဗျားတို့ကို နောက်ကျရင် လျော်ကြေးပေးမယ့်သူ အလိုလို ရောက်လာပါလိမ့်မယ်”