← Chapters

အခန်း (၁၀၉၉-၁၁၀၁)

Vol. 74 Ch. 1099-1101

အခန်း (၁၀၉၉-၁၁၀၁)

Vol. 74 Ch. 1099-1101

အခန်း (၁၀၉၉) - မင်းက ဘယ်သူလဲ

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်မှာ ငိုချင်သွားလေသည်။ လျော်ကြေး ဟုတ်လား...

အခု မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ လူက ဘယ်သူလဲဆိုတာ ထည့်တွက်ကြည့်ရင် သူ့ဆိုင် ဖျက်ဆီးမခံရရင်ပဲ ကံကောင်းတယ်ဟု မှတ်ရတော့မည်။ လျော်ကြေးရဖို့ဆိုတာ မျှော်လင့်ရဲပါ့မည်လား။ ထိုလူက အေးစက်သော မြို့တော်၏ နာမည်ကျော် ဆိုးသွမ်းသော သခင်လေးဖြစ်ပြီး သာမန်လူများအနေဖြင့် လုံးဝ ရန်စ၍မရနိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။

ဒါပေမဲ့ ဒီလောက် မောက်မာနေတဲ့ လူငယ်ကရော ဘယ်သူလဲ...

ဆိုင်ရှင်သည် စိတ်ထဲတွင် တွေးတောနေမိသည်။ အလားတူပင် နားမလည်နိုင် ဖြစ်နေသူမှာ မြေကြီးပေါ်တွင် ဒူးထောက်နေရသော သခင်လေးဟော့ ဖြစ်သည်။ သူသည် ရွှယ်အန်းကို မုန်းတီးစွာ စိုက်ကြည့်နေပြီး ဒေါသတကြီး ပြောလိုက်သည်။

"ဟေ့ကောင်... မင်း ဘာလုပ်နေလဲဆိုတာရော သိရဲ့လား၊ ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း... ဒါဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်၊ မဟုတ်ရင်တော့..."

သူ စကားမဆုံးခင်မှာပင် ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ထိုအခါ သခင်လေးဟော့သည် ကြီးမားသော အင်အားတစ်ခုက သူ့ကို တိုက်ခိုက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်း မလှုပ်မယှက် ဖြစ်သွားလေသည်။ စကားပြောဖို့ မဆိုထားနှင့် မျက်တောင်ခတ်ဖို့ပင် မဖြစ်နိုင်တော့ဘဲ ရွှံ့ရုပ်တုတစ်ခုကဲ့သို့ တောင့်တောင့်ကြီး ဒူးထောက်နေရုံသာ တတ်နိုင်တော့သည်။

ရွှယ်အန်းသည် မျက်နှာအမူအရာ မပျက်ဘဲ ဆက်လက် သောက်စားနေစဉ် အန်းယန်က ရှေ့သို့ ကိုင်းလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"ယောက်ျား... ဒီကောင့်ကို သိလို့လား"

ရွှယ်အန်းက ပြုံးလိုက်သည်။

"မသိပါဘူး"

"ဒါဆို ဘာလို့ သူ့ကို အဲ့မှာ ဒူးထောက်ခိုင်းထားတာလဲ၊ ဒီလိုလူမျိုးကို နည်းနည်းပါးပါး ပညာပေးပြီး လွှတ်လိုက်ရင် ရပြီပဲဟာကို"

အန်း။န်က နားမလည်စွာ ပြောလိုက်သည်။

"ကိုယ်က သူ့ကို မသိပေမယ့် သူ့မိဘတွေကတော့ ကိုယ့်ကို သိလောက်မှာပါ၊ ယန်အာ... ထမင်းသာ ဆက်စားပါ၊ အားလုံးကို ကိုယ် စီစဉ်ထားပြီးသားပါ"

ထိုစကားကို ကြားသောအခါ အန်းယန်က ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။

ထို့နောက် ဒုတိယထပ်ရှိ အခန်းထဲတွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရွှယ်အန်းတို့ မိသားစုသည် အတူတူ ထိုင်ပြီး စားသောက်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ဘေးတွင် လူတစ်ယောက်က မလှုပ်မယှက် ဒူးထောက်နေလေသည်။

ထိုအချိန်၌ပင် အဝေးတစ်နေရာမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူလဲ... ဘယ်ကောင်က ငါ့ညီလေးကို အနိုင်ကျင့်ရဲတာလဲ"

ထိုအသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စားသောက်ဆိုင်၏ အပေါ်ဘက်သို့ ရောက်ရှိလာလေသည်။

ဆိုင်ရှင်နှင့် အခြားသူများသည် ထိုအသံကြောင့် တုန်လှုပ်သွားကြပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က စားသောက်ဆိုင်၏ ခေါင်မိုးကို ဆွဲလှန်ပစ်လိုက်သဖြင့် အုတ်ခဲများ နေရာအနှံ့ လွင့်စဉ်သွားပြီး လူတစ်ယောက်သည် အပေါ်မှ တိုက်ရိုက် ဆင်းသက်လာလေသည်။

ထိုလူသည်လည်း အသက်မကြီးသေးဘဲ သခင်လေးဟော့နှင့် ရုပ်ချင်း အတော်လေး ဆင်တူလေသည်။

ထိုလူကို မြင်လိုက်ရသောအခါ စားသောက်ဆိုင်ထဲရှိ လူတိုင်း မျက်နှာဖြူဖျော့သွားကြသည်။

အသစ်ရောက်လာသူမှာ ဒူးထောက်နေရသော သခင်လေးဟော့၏ အစ်ကိုဖြစ်ပြီး ကြမ်းတမ်းသော စိတ်နေသဘောထားနှင့် အစွမ်းထက်သော အင်အားကြောင့် လူသိများသူဖြစ်ကာ သခင်လေးဟော့ထက်ပင် ကိုင်တွယ်ရ ပိုခက်ခဲသူ ဖြစ်သည်။

သူ ရောက်လာပြီဆိုမှတော့ ဒီကိစ္စက ကောင်းကောင်းပြီးဆုံးတော့မှာ မဟုတ်ဘူး...

သူတို့ ထင်ထားသည့်အတိုင်းပင်။ သူ့ညီလေး မြေကြီးပေါ်တွင် မလှုပ်မယှက် ဒူးထောက်နေသည်ကို မြင်လိုက်ရပြီး တည်ငြိမ်စွာ ထိုင်နေသော ရွှယ်အန်းကို တွေ့လိုက်ရသောအခါ သူသည် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"အတင့်ရဲလှချည်လား... ငါ့ဟော့မိသားစုဝင်ကို ဒီလိုမျိုး အရှက်ခွဲရဲတယ်ပေါ့၊ သေစမ်း"

ထိုသို့ ပြောပြီးသည်နှင့် သူသည် ရှေ့သို့ တိုးဝင်လာပြီး သေစေနိုင်လောက်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ရည်ရွယ်လိုက်သည်။

ရွှယ်အန်းသည် အသစ်ရောက်လာသူမှာ သူ မျှော်လင့်ထားသူ မဟုတ်ဘဲ အခြား လူငယ်တစ်ဦး ဖြစ်နေသည်ကို သိလိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူသည် ထိုလူကို သေချာပင် မကြည့်ဘဲ အေးစက်စွာ ပြုံးပြလိုက်သည်။

ဘုန်း!

ထိုလူ အနားမရောက်မီမှာပင် တောင်တစ်လုံး ကောင်းကင်မှ ပြုတ်ကျလာပြီး ပခုံးပေါ်သို့ တိုက်ရိုက် ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ အင်အားချင်း ယှဉ်ကြည့်လျှင် သူသည် သူ့ညီလေးထက် များစွာ သာလွန်သဖြင့် ထိုကြီးမားသော အင်အားကို ခုခံရန် ကြိုးစားလိုက်သည်။

သို့သော် ရွှယ်အန်းသည် မျက်လွှာကို ဖြည်းညှင်းစွာ ပင့်လိုက်ပြီး သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

ထိုအကြည့်အောက်တွင် ကြီးမားသော ဖိအားသည် အဆတစ်ရာမက တိုးလာသလို ခံစားလိုက်ရပြီး ထိုလူကို နာကျင်စွာ အော်ဟစ်စေကာ ဒူးထောက်ကျသွားစေသည်။ ထို့အပြင် ဖိအားသည် အလွန်ပြင်းထန်လွန်းသဖြင့် သူ၏ ခြေထောက်နှစ်ဖက်လုံး လုံးဝ ကြေမွသွားရသည်။

သို့သော် ထိုသို့ ဖြစ်နေသည့်တိုင် သူသည် နာကျင်မှုကြောင့် အော်ဟစ်နိုင်ခြင်း မရှိပေ။ သူ အလွန် ခံနိုင်ရည်ရှိ၍ မဟုတ်ဘဲ လဲကျသွားပြီးနောက် သူ၏ တစ်ကိုယ်လုံးသည်လည်း မလှုပ်မယှက် ချုပ်နှောင်ခံလိုက်ရပြီး အသက်ရှူရုံမှလွဲ၍ ဘာမျှ မလုပ်နိုင်တော့သောကြောင့် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းပင် ညီအစ်ကို နှစ်ယောက်စလုံးသည် ဘေးချင်းယှဉ်လျက် အတူတူ ဒူးထောက်နေကြရပြီး အနေအထားချင်းရော နည်းစနစ်ပါ ထပ်တူကျနေလေသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး ဘေးမှ ကြည့်နေသူအားလုံးမှာ ပြိုင်တူ အသက်ရှူမှားသွားကြသည်။ ဤမျှ ကြီးမားသော ပြဇာတ်ကြီး ကပြနေသဖြင့် သဘာဝကျစွာပင် လမ်းမပေါ်မှ လူအများအပြားကို ဆွဲဆောင်လိုက်နိုင်ပြီး လာရောက်ဝိုင်းအုံ ကြည့်ရှုနေကြသည်။ လူအများက တီးတိုး ဆွေးနွေးနေကြသည်။

"ဒီလူက ဘယ်သူလဲ၊ အရမ်း မောက်မာလိုက်တာ၊ ဟော့မိသားစု ညီအစ်ကိုတွေတောင် ဒူးထောက်သွားရတယ်"

"ရှူး... ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ ကြည့်ရတာ ပြင်ပလူနဲ့ တူတယ်၊ ဒီမြို့ထဲက အခြေအနေကို မသိလို့ နေမှာပေါ့"

"လူငယ်တစ်ယောက်လို့တော့ ထင်ရပေမဲ့ သူ့အရှိန်အဝါကို လျှို့ဝှက်နည်းလမ်းနဲ့ ဖုံးကွယ်ထားပုံရတော့ သူ့မျက်နှာရော ကျင့်ကြံခြင်းအဆင့်ရော ခွဲခြားလို့ မရဘူး"

"အာ... လူငယ်တွေက တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်၊ မရင်းနှီးတဲ့ နေရာမှာ ဒီလောက် မောက်မာနေတော့ ဒီကိစ္စက ကောင်းကောင်း ပြီးသွားမှာ မဟုတ်လောက်ဘူး"

"ခင်ဗျား ပြောတာ ဟုတ်တယ်၊ ဟော့မိသားစုက သူ့ကို သေချာပေါက် လွှတ်ထားမှာ မဟုတ်ဘူး၊ စောင့်ကြည့်နေလိုက်"

လူအုပ်ကြီး ဆူညံစွာ ဆွေးနွေးနေကြသော်လည်း ရွှယ်အန်းသည် သူတို့ကို မကြားသကဲ့သို့ ပြုမူနေပြီး ပွင့်နေသော ခေါင်မိုးကိုသာ မော့ကြည့်နေသည်။ ကြယ်များသည် စိန်ပွင့်များကဲ့သို့ တောက်ပနေပြီး လေထုသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြည်လင်နေသည်။

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျုပ်လက်ထဲက ဒီဝိုင်တစ်ခွက် ကုန်တဲ့အထိ ဘယ်သူမှ ရောက်မလာရင်တော့... ကျုပ် ရိုင်းတယ်ဆိုပြီး အပြစ်မတင်ကြနဲ့"

သူ၏ အသံသည် တည်ငြိမ်သော်လည်း ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း မှင်သက်သွားကြပြီးနောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ဒါက လူတိုင်းရှေ့မှာ ဟော့မိသားစုကို ဗြောင်ကျကျ စိန်ခေါ်လိုက်တာပဲ

လူအများအပြားက ထိုလူငယ်၏ တက်ကြွသော သတ္တိကို တိတ်တဆိတ် လေးစားနေကြသော်လည်း ပို၍များသော လူများကမူ စိုးရိမ်ပူပန်စွာဖြင့် ခေါင်းခါလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ လုပ်ရပ်သည် အလွန်အမင်း အန္တရာယ်များသောကြောင့် ဖြစ်သည်။ ဟော့မိသားစုဆိုတာ... ကစားစရာ မဟုတ်ဘူးလေ

လေထုအခြေအနေသည် တဖြည်းဖြည်း တင်းမာလာသည်။ မည်သူမျှ မသိလိုက်မီမှာပင် စားသောက်ဆိုင် ဆိုင်ရှင်နှင့် စားပွဲထိုးတို့သည် ဒုတိယထပ်မှ တိတ်တဆိတ် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ ဘေးမှ ကြည့်နေသော လူအုပ်ကြီးသည်လည်း ပိုမို တိတ်ဆိတ်လာကြသည်။

လူတိုင်း၏ အကြည့်အောက်တွင် ရွှယ်အန်းသည် ခွက်ထဲမှ ဝိုင်ကို ဖြည်းညှင်းစွာ သောက်လိုက်သည်။ ထိုဝိုင်ကို တစ်နှစ်ပတ်လုံး မခဲသော ရေခဲကန်၏ အောက်ခြေမှ ရေကို အသုံးပြု၍ ချက်လုပ်ထားပြီး မိစ္ဆာသားရဲ၏ သွေးနှင့် ရောစပ်ထားသဖြင့် အရသာမှာ ပြင်းထန်ပြီး အစွမ်းထက်လှသည်။ ပုံမှန်ဆိုလျှင် တစ်ငုံသောက်လိုက်ရုံဖြင့် လူတစ်ယောက်ကို သုံးရက်ခန့် မေ့မြောသွားစေနိုင်သည်။

သို့သော် ရွှယ်အန်းသည် ရေတကောင်း နီးပါး သောက်ပြီးပြီ ဖြစ်သော်လည်း ပိုသောက်လေလေ သူ၏ မျက်လုံးများ ပိုမို တောက်ပလာလေလေ ဖြစ်သည်။

ထိုအချိန်တွင် ခွက်ထဲမှ ဝိုင်သည် အောက်ခြေသို့ အဆုံးတွင် ရောက်ရှိသွားသောအခါ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ခွက်ကို နှုတ်ခမ်းသို့ တေ့ကာ တစ်ငုံတည်း မော့သောက်လိုက်လေသည်။

"ဘယ်သူမှ ရောက်မလာမှတော့... မင်းတို့ ညီအစ်ကိုနှစ်ယောက် အတူတူ ထွက်သွားလိုက်ကြတော့"

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်သည်။

ထိုအချိန်၌ပင် ကောင်းကင်ယံမှ လေကိုခွင်းသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အလွန်အမင်း ဒေါသထွက်နေသော အော်ဟစ်သံတစ်ခု ပါလာလေသည်။

"ဘယ်သူက ငါ့ဟော့မိသားစုကို ဆန့်ကျင်ရဲတာလဲ"

ထိုအသံကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ ပြင်းထန်စွာ လှုပ်ရှားသွားကြသည်။

"သူ ရောက်လာပြီ"

"ဟော့မိသားစု ခေါင်းဆောင်ကြီး ရောက်လာပြီဟေ့"

"ဝါး... ကြည့်ကောင်းတော့မယ်"

ထိုအသံကို ကြားလိုက်ရသောအခါ ရွှယ်အန်းသည် တဖြည်းဖြည်း ပြုံးလာသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ထိုအချိန်၌ပင် အလင်းတန်းတစ်ခုသည် လူတိုင်း၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားပြီး စားသောက်ဆိုင်၏ အပေါ်ဘက်တွင် ချက်ချင်း ပေါ်လာလေသည်။ ထိုပုံရိပ်ပီပြင်လာသောအခါ ကြံ့ခိုင်ထည်ဝါသော သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦး ဖြစ်နေသည်ကို တွေ့ရသည်။ သူ ရောက်ရှိလာမှုသည် လမ်းမတစ်ခုလုံးကို တုန်ခါသွားစေသည်။

မှန်ပေသည်။ သူသည် မြို့ပိုင်ရှင် အဆင့်ရှိသော စစ်မှန်အင်မော်တယ် တစ်ပါး ဖြစ်သည်။

"ဟော့မိသားစု ခေါင်းဆောင်"

"ဟော့မိသားစု ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

အနီးအနားရှိ လူများက အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။ ထိုအချိန်တွင် အစောင့်အုပ်စုသည်လည်း ရောက်ရှိလာကြသည်။

"မိသားစုခေါင်းဆောင်... သခင်လေးကို ဒူးထောက်ခိုင်းထားတာ ဒီလူပါပဲ"

ဆူညံရှုပ်ထွေးနေသော အသံများကြားတွင် ဟော့မိသားစုခေါင်းဆောင်သည် မြေကြီးပေါ်တွင် ဒူးထောက်နေရသော သူ၏ သားနှစ်ယောက်ကို ကြည့်လိုက်ရာ မျက်နှာထားမှာ တဖြည်းဖြည်း ရေခဲတမျှ အေးစက်လာပြီး ခက်ထန်စွာ မေးခွန်းထုတ်လိုက်လေသည်။

"မင်းက ဘယ်သူမို့လို့ ငါ့ဟော့မိသားစုကို ဆန့်ကျင်ရဲတာလဲ၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

အခန်း (၁၁၀၀) - ဆက်မပြောတော့ဘူး ဟုတ်လား၊ ခင်ဗျားက အဲ့လောက် တန်ဖိုးရှိလို့လား

ထိုမေးခွန်းထုတ်သံသည် အခန်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ ရွှယ်အန်းသည် ဖြည်းညှင်းစွာ စတင် ရယ်မောလိုက်ပြီး ရယ်မောနေရင်းဖြင့် တိုးဖွဖွ ရေရွတ်လိုက်သည်။

"စစ်တုရင်ကျွန် တစ်ယောက်ရဲ့ အနေအထားနဲ့တောင် အရင်က ဒီလောက် မောက်မာရဲတာ မဆန်းပါဘူးလေ၊ သူ့ရဲ့ သဘာဝကိုက ဒီလိုကိုး"

ထိုစကားလုံးများသည် ဟော့မိသားစု ခေါင်းဆောင်ကို မှင်သက်သွားစေသည်။

"မင်း ဘာကိုဆိုလိုတာလဲ၊ မင်းက ဘယ်သူလဲ"

"ကျွန်တော်က ဘယ်သူလဲ ဟုတ်လား"

ရွှယ်အန်းသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသော လျှို့ဝှက်နည်းလမ်းကို ပေါ့ပါးစွာ ဖယ်ရှားလိုက်ပြီးနောက် မျက်နှာထား ပြောင်းလဲသွားသော ဟော့မိသားစု ခေါင်းဆောင်ကို အနည်းငယ် ပြုံးပြလိုက်သည်။

"ဟော့ကန်း... မတွေ့တာ ကြာပြီနော်"

ယခု ရောက်ရှိလာသော ဟော့မိသားစု ခေါင်းဆောင်သည် အခြားသူ မဟုတ်ပေ။ ထျန်ကျောက် ကြယ်တာရာနယ်မြေတွင် ရှိစဉ်က စစ်တုရင်ကျွန်အဖြစ် ဟန်ဆောင်ကာ ထျန်ကျောက် စစ်တုရင်သူတော်စင်၏ ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းပြီး ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူ ဖြစ်သည်။ အဆုံးတွင် ရွှယ်အန်း၏ စစ်တုရင် နည်းဗျူဟာများဖြင့် ရှုံးနိမ့်ကာ သူ၏ ဖြစ်တည်မှုအမှန် ပေါ်ပေါက်ခဲ့ရသူလည်း ဖြစ်သည်။ သို့သော် အဆုံးသတ်တွင် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့သော ဟော့ကန်းပင် ဖြစ်သည်။

ထိုအချိန်တွင် ဟော့ကန်းသည် လျှို့ဝှက်နည်းလမ်းဖြင့် ဖုံးကွယ်ထားခြင်း မရှိတော့သော ရွှယ်အန်း၏ ပုံသဏ္ဌာန်အမှန်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်သွားရသည်။ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်လုံးပြူးကာ ထစ်အစွာဖြင့် ပြောလိုက်သည်။

"မင်း... မင်း..."

ထိုကဲ့သို့ မမျှော်လင့်ထားသော အလှည့်အပြောင်းသည် ဘေးမှ ကြည့်နေသူအားလုံးကိုလည်း အံ့အားသင့်သွားစေသည်။

"ဘာတွေဖြစ်ကုန်တာလဲ၊ ဘာလို့ ဟော့မိသားစု ခေါင်းဆောင်ရဲ့ မျက်နှာထားက ရုတ်တရက် ပြောင်းသွားရတာလဲ"

"ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ သူတို့ပြောတာ ကြည့်ရတာ တစ်ယောက်နဲ့ တစ်ယောက် သိပုံရတယ်"

ထိုအချိန်၌ပင် ရွှယ်အန်းသည် သက်သောင့်သက်သာဖြင့် ကုလားထိုင်ပေါ်တွင် မှီချလိုက်ပြီး လှောင်ပြောင်လိုသော လေသံဖြင့် ပြောလိုက်သည်။

"အရင်တုန်းကတော့ ခင်ဗျားကို သခင်ကို သစ္စာဖောက်တဲ့ စစ်တုရင်ကျွန်လို့ပဲ ထင်ခဲ့တာ၊ အခုမှပဲ ကျွန်တော် ထင်တာ မှားမှန်း သိတော့တယ်၊ ခင်ဗျားရဲ့ နောက်ခံအစစ်က တော်တော်လေး အံ့မခန်း ဖြစ်နေတာကိုး"

"ဒီလိုဆိုမှတော့... ထျန်ကျောက် စစ်တုရင်သူတော်စင် သေဆုံးခဲ့ရတာတွေ၊ ပြီးတော့ အဲ့နောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေ အားလုံးက ခင်ဗျားတို့ ထျန်ကျောက်ဘုံကပဲ နောက်ကွယ်က ကြိုးကိုင်ခဲ့တာပေါ့... ဟုတ်တယ်မလား"

ရွှယ်အန်း၏ စကားကို ကြားလိုက်ရသောအခါ ဟော့ကန်း၏ မျက်နှာထားမှာ အမျိုးမျိုး ပြောင်းလဲသွားသော်လည်း ကနဦး တုန်လှုပ်မှုနှင့် ထိတ်လန့်မှုများ ဒီရေအလား တဖြည်းဖြည်း လျော့ပါးသွားပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။

"အမှန်အတိုင်း ပြောရရင် ငါ တကယ်ပဲ အံ့သြမိတယ်၊ မင်း နတ်ဘုရားဘုံကို လာရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ပြီးတော့ မင်းက တော်တော်လေး ဉာဏ်ကောင်းသားတာကို၊ ဒီလောက် မြန်မြန်ဆန်ဆန် သဘောပေါက်သွားတာပဲ၊ ဟုတ်တယ်... ထျန်ကျောက် ကြယ်တာရာနယ်မြေက ကိစ္စတွေကို ငါတို့ပဲ ဦးဆောင်ခဲ့တာ"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်... ခင်ဗျားက ပွင့်ပွင့်လင်းလင်း ဝန်ခံရဲတော့လည်း စိတ်အေးရတာပေါ့"

ထိုအချိန်တွင် မြေကြီးပေါ်၌ ဒူးထောက်နေရသော ဟော့ညီအစ်ကိုများသည် ချုပ်နှောင်မှု အနည်းငယ် လျော့ရဲသွားသည်ကို ခံစားလိုက်ရပြီး စကားပြောနိုင်ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်ကြသည်။

"အဖေ... ကယ်ပါဦး"

"အဖေ... ကယ်ပါဦး"

ဟော့ကန်းသည် မြေကြီးပေါ်မှ မထနိုင်ဖြစ်နေသော ဟော့ညီအစ်ကိုများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှယ်အန်းဘက်သို့ လှည့်ကာ အေးစက်စွာ ကြည့်လိုက်သည်။

"ဒါက ဘာသဘောလဲ"

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော်က ဒီကနေ ဖြတ်သွားရင်းနဲ့ ဒီလူရဲ့ သွေးစည်းက ခင်ဗျားနဲ့ တော်တော်လေး တူနေတာကို သတိထားမိလိုက်လို့လေ၊ ဒါကြောင့် သူတို့နဲ့ ကစားပွဲလေး တစ်ခု ကစားလိုက်ရုံပါပဲ"

"ကျွန်တော် ပြောတာ မှန်တယ်မလား"

ရွှယ်အန်းသည် ထိုလူနှစ်ယောက်ကို ပြုံးပြလိုက်သည်။ ပထမဆုံး ဒူးထောက်ခဲ့ရသော လူငယ်က ခါးသီးစွာ ပြောလိုက်သည်။

"မင်းတော့ သွားပြီပဲ ကောင်လေး၊ အခု ငါ့အဖေ ရောက်လာပြီဆိုတော့ မင်း ဘယ်သူပဲ ဖြစ်နေပါစေ၊ ဒီကနေ လွတ်မြောက်ဖို့ စိတ်မကူးနဲ့တော့"

"အို... ဟုတ်လား"

ရွှယ်အန်းက ရယ်မောလိုက်သည်။

"ဒါပေါ့၊ အေးစက်မြို့တော်ထဲကို ဝင်လာပြီဆိုကတည်းက နဂါးတွေ ခွေလျောင်းပြီး ကျားတွေ ဝပ်နေတဲ့ နေရာကို ရောက်လာတာပဲ၊ မင်းက ဟော့မိသားစုကို ဆန့်ကျင်ရဲမှတော့ သေဖို့သာ ပြင်ထားပေတော့၊ ပြီးတော့ မင်းနဲ့ပါလာတဲ့ ဒီမိန်းမလည်း အသက်ရှင်ရမယ် မထင်နဲ့... ငါသူ့ကို..."

ထိုလူငယ်သည် မျက်နှာပေါ်တွင် ယုတ်မာသော အမူအရာဖြင့် ဆက်ပြောရန် ပြင်လိုက်စဉ် ရွှယ်အန်း၏ မျက်လုံးများ အေးစက်သွားပြီး ဗိုက်ပြည့်နေပြီဖြစ်သော သားအမိသုံးယောက်ကို မှော်ရတနာဆောင်ထဲသို့ ချက်ချင်း ပြန်ပို့လိုက်လေသည်။

တစ်ချိန်တည်းမှာပင် အထွတ်အထိပ် နတ်ဘုရား အာရုံစွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ထိုလူငယ်၏ ခေါင်းနှင့် ခန္ဓာကိုယ်သည် မီးရှူးမီးပန်းများ ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်သွားလေသည်။ ထိုမျှမကသေးပေ။ သူ၏ ဝိညာဉ်ပါ လုံးဝ ပျောက်ကွယ်သွားရသည်။

လူအုပ်ကြီးမှာ တုန်လှုပ်သွားကြသည်။

ရုပ်ရည်သန့်ပြန့်သော ထိုလူငယ်သည် ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ၎င်းသည် ဟော့မိသားစု ခေါင်းဆောင် ဟော့ကန်း၏ မျက်စိရှေ့မှောက်မှာပင် လူသတ်ရဲသည်အထိ သတ္တိရှိလှသည်။

ဟော့ကန်းသည်လည်း မှင်သက်သွားပြီးနောက် အသိစိတ် ပြန်ဝင်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရွှယ်မျိုးရိုး... မင်း ငါ့သားကို သတ်ရဲတယ်ပေါ့၊ ငါ..."

"ခင်ဗျားသားကို သတ်လိုက်တော့ ဘာဖြစ်လဲ၊ တစ်ယောက်တည်း သတ်မယ်လို့ ထင်နေတာလား"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး လက်ညှိုးဖြင့် ပေါ့ပါးစွာ ညွှန်ပြကာ သူ၏ ဘေးတွင် ဒူးထောက်နေသော အခြား ဟော့မိသားစုဝင် တစ်ယောက်ကို အာရုံစိုက်လိုက်သည်။

ထိုလူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး အလွန်အမင်း ကြောက်ရွံ့သော အသံဖြင့် အော်ဟစ်လိုက်သည်။

"အဖေ... သားကို ကယ်..."

သို့သော် စကားလုံးပင် ဆုံးအောင် မပြောလိုက်နိုင်ခင်မှာပင် သူ၏ ခေါင်းနှင့် ခန္ဓာကိုယ် နှစ်ခုစလုံး အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားလေသည်။

နေရာအနှံ့ ပျံ့ကျဲသွားသော သွေးအိုင်များကြားတွင် ဟော့ကန်းသည် မလှုပ်မယှက် ရပ်တန့်နေပြီး သူ၏ ခြေလက်များသည် ရေခဲတမျှ အေးစက်နေသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"စိတ်တော့မကောင်းပါဘူး၊ ဒါပေမဲ့ ခင်ဗျားသား နှစ်ယောက်စလုံး သေသွားပြီ"

နေရာတစ်ခုလုံး သေမင်းတမန်ပမာ တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားသည်။

အေးစက်မြို့တော်တွင် မည်သူမျှ ရန်မစရဲသော၊ ယုတ်မာမှုပေါင်းများစွာ ကျူးလွန်ခဲ့သော ဟော့မိသားစု၏ ဆိုးသွမ်းသော သားနှစ်ယောက်သည် ထိုကဲ့သို့ပင် သေဆုံးသွားခဲ့ရလေသည်။ လူအများ၏ စိတ်ထဲတွင် ဝမ်းသာနေကြသော်လည်း အပြင်ပန်းတွင်မူ မည်သူမျှ ထုတ်ဖော်မပြရဲကြပေ။

လူတိုင်း၏ မျှော်လင့်ထားမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဒေါသအိုးပေါက်ကွဲသင့်သော မိသားစုခေါင်းဆောင် ဟော့ကန်းသည် ရုတ်တရက် အလွန် တည်ငြိမ်သွားသည်။ သူသည် ရွှယ်အန်းကို အေးစက်စွာ ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"မင်းလည်း ငါ့သားတွေကို သတ်ပြီးသွားပြီဆိုတော့ ငါ ဒီကိစ္စကို ဆက်မမပြောဘူး၊ ဒီမှာတင် ကျေအေးလိုက်ကြစို့... ဘယ်လိုသဘောရလဲ"

ဘုန်း!

သူ၏ စကားလုံးများသည် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ဖြစ်သွားပြီး လူတိုင်း၏ ရင်ထဲအထိ တုန်လှုပ်သွားစေသည်။ မြို့တော်တွင် အမြဲတစေ ပြတ်သားပြီး ရက်စက်တတ်သော ဟော့မိသားစု ခေါင်းဆောင်သည် သူ၏ သားများ သေဆုံးသွားပြီးနောက်တွင် အမှုဆက်မလိုက်တော့ဘူးဟု ကြေညာလိုက်သည်။

ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ...

လူအများ၏ မျက်လုံးထဲတွင် ရွှယ်အန်း၏ ပုံရိပ်သည် ချက်ချင်းပင် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သွားလေသည်။

သူက ဘယ်သူလဲ၊ ဟော့မိသားစု ခေါင်းဆောင်တောင်မှ ကြောက်ရွံ့ရတဲ့အထိ အရှိန်အဝါ ကြီးမားနေရတာလဲ...

သို့သော် ရွှယ်အန်း လက်ခံလိုက်ပြီး ကိစ္စပြီးပြတ်သွားမည်ဟု လူတိုင်း ထင်နေကြချိန်တွင် ရွှယ်အန်းက ရယ်မောလိုက်သည်။

"သူတို့ အပြစ်နဲ့သူတို့ သေသင့်တာ ကြာပြီမို့လို့ ငါ သတ်လိုက်တာလေ၊ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ"

"ပြီးတော့ ခင်ဗျားက ဒီကိစ္စကို ဆက်မပြောတော့ဘူး ဟုတ်လား၊ ခင်ဗျားက အဲ့လောက် တန်ဖိုးရှိလို့လား"

ထိုစကားကြောင့် လူအများအပြား လန့်ဖျပ်သွားပြီး ဟော့ကန်း၏ မျက်နှာကိုပင် မကြည့်ရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤစကားသည် ပါးရိုက်လိုက်ရုံမက မျက်နှာကို ခြေထောက်နှင့် ကန်လိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

သူတို့ ထင်ထားသည့်အတိုင်းပင် ဟော့ကန်း၏ မျက်နှာသည် လူပုံစံပင် မပေါ်တော့လောက်အောင် မဲပုပ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။

"ရွှယ်အန်း... လူပါးဝတာ လွန်မလာနဲ့၊ ငါက တကယ်ပဲ မင်းကို ကြောက်နေတယ် ထင်လို့လား"

"အားနည်းတဲ့သူနဲ့ တွေ့ရင် တောရိုင်းဥပဒေအကြောင်း ပြောမယ်၊ အားကြီးတဲ့သူနဲ့ တွေ့ပြန်တော့လည်း အနိုင်ကျင့်ခံရပါတယ်ဆိုပြီး ညည်းတွားမယ်၊ ခင်ဗျားတို့လို လူတွေရဲ့ ပုံစံခွက်က တကယ်ပဲ ရိုးနေပြီ"

ဤအခြေအနေထိ ရောက်လာပြီဖြစ်သောကြောင့် ဟော့ကန်းအတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ အမှန်တကယ်တွင် ရွှယ်အန်း ရောက်စက သူ အံ့သြသွားသော်လည်း သိပ်ပြီး မကြောက်ရွံ့ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယခင် ထျန်ကျောက် ကြယ်တာရာနယ်မြေတွင် ရှိစဉ်က ရွှယ်အန်းသည် ကြီးမားသော အင်အားကို ထုတ်ပြခဲ့သော်လည်း ထိုအချိန်က သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် ရှုံးနိမ့်သွားခြင်းမှာ မဆန်းပေ။ ယခုမူ သူ၏ ပိုင်နက်ဖြစ်သော ဤမြို့တော်တွင် ရွှယ်အန်း ရောက်လာခြင်းသည် သေလမ်းရှာခြင်း သက်သက်သာ ဖြစ်သည်ဟု ဟော့ကန်း တွေးထင်ထားခဲ့သည်။

သို့သော် ရွှယ်အန်းက သူ၏ သားနှစ်ယောက်ကို ချက်ချင်း သတ်ဖြတ်လိုက်ပြီးနောက်တွင်မူ သူ ထိုသို့ မတွေးရဲတော့ပေ။ အထူးသဖြင့် ရွှယ်အန်း ထုတ်ဖော်ပြသလိုက်သော အထွတ်အထိပ် နတ်ဘုရား အာရုံစွမ်းအားသည် ဟော့ကန်းကိုပင် ကြောက်ရွံ့သွားစေသဖြင့် သူ၏ သဘောထား ပြောင်းလဲကာ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ နောက်မှ မျက်နှာပြန်ယူရန် သူ ကြံစည်ထားခဲ့သည်။

သို့သော် ယခု ရွှယ်အန်းက ရန်လိုနေသဖြင့် သူ နောက်ဆုတ်၍ မရတော့ပေ။ သူသာ ထပ်မံနောက်ဆုတ်လိုက်လျှင် ဟော့မိသားစုသည် ဤမြို့တော်တွင် ခေါင်းမော့၍ သွားလာနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် ယုတ်မာသော အပြုံးဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"မင်းက သေချင်နေမှတော့... မင်းဆန္ဒ ပြည့်စေရမယ်"

သူစကားပြောနေစဉ်မှာပင် မရေမတွက်နိုင်သော ရေခဲကျောက်သလင်းများသည် ဟော့ကန်း၏ ပတ်လည်တွင် ဖြစ်ပေါ်လာသည်။

"မိုင်တစ်ထောင် ရေခဲအစီအရင်"

ဘုန်း!

ရေခဲကျောက်သလင်းများသည် ရှေ့သို့ တိုးဝင်လာသဖြင့် မြင်လိုက်ရသူတိုင်း ထိတ်လန့်တကြား နောက်ဆုတ်လိုက်ကြသည်။ ထိုအရာများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် အပူချိန်သည် အလွန်အမင်း ကျဆင်းသွားပြီး လေထုကိုပင် ခဲသွားစေသည်ဟု ထင်မှတ်ရလေသည်။

အခန်း (၁၁၀၁) - နတ်စစ်သူကြီး ဆွေ့ဟန်

သို့သော် ရွှယ်အန်းတွင် အခြေအနေများကို ကိုင်တွယ်ရန် ရိုးရှင်းသော နည်းလမ်းတစ်ခု ရှိလေသည်။ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ရွှယ်အန်းသည် ဟော့ကန်း၏ အရှေ့တည့်တည့်သို့ ရောက်ရှိသွားပြီး ခြေထောက်ဖြင့် ကန်လိုက်လေသည်။

ဟော့ကန်းသည် သူ၏ နတ်ဘုရားစွမ်းအားကို အသက်သွင်းရန် အပြည့်အဝ အာရုံစိုက်နေချိန် ဖြစ်သော်လည်း သူ၏ ရေခဲဝိညာဉ် နည်းစနစ်သည် ရွှယ်အန်းအပေါ် လုံးဝ အရာမထင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် မမျှော်လင့်ဘဲ အလစ်အငိုက် မိသွားသဖြင့် ရွှယ်အန်း၏ ကန်ချက်ကြောင့် မြေကြီးပေါ်သို့ တိုက်ရိုက် လွင့်စဉ်သွားလေသည်။

နတ်ဘုရားစွမ်းအား၏ ထောက်ပံ့မှု မရှိတော့သဖြင့် ရေခဲကျောက်သလင်းများသည် သဘာဝကျစွာပင် ပျောက်ကွယ်သွားလေသည်။

ဟော့ကန်းသည် ပြန်ထရန် ကြိုးစားစဉ် ရွှယ်အန်းက ရှေ့သို့ တိုးလာပြီး ဟော့ကန်း၏ ခေါင်းပေါ်သို့ ခြေထောက်တင်ကာ အေးစက်စွာ ပြောလိုက်သည်။

"မလှုပ်နဲ့... မဟုတ်ရင် ခင်ဗျား ခေါင်းခွံကို ကြေမွသွားအောင် နင်းပစ်မယ်"

တစ်ခဏချင်းစီအတွင်းမှာပင် ဟော့ကန်းသည် ရွှယ်အန်း၏ ခြေဖဝါးအောက်တွင် ရှုံးနိမ့်သူတစ်ဦး ဖြစ်သွားခဲ့လေသည်။ အစမှ အဆုံးတိုင်အောင် ရွှယ်အန်းသည် သူ၏ လက်များကိုပင် အသုံးမပြုဘဲ နောက်သို့ ပစ်ထားခဲ့သည်။ ဤကဲ့သို့ ပြတ်သားသော အင်အားကွာခြားမှုသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။

ဟော့ကန်းသည် ဒေါသသာမက ကြောက်ရွံ့မှုပါ ဖြစ်ပေါ်လာသော်လည်း မကြာမီတွင် တည်ငြိမ်မှုကို ပြန်ယူလိုက်ပြီး အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။

"ရွှယ်အန်း... မင်း ဘာလိုချင်လို့လဲကွ"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ရိုးရှင်းပါတယ်၊ ကျူပ်က အေးစက်မြို့တော်ရဲ့ နတ်စစ်သူကြီးကို ရှာနေတာ"

ဟော့ကန်း တုန်လှုပ်သွားသည်။

"မင်း... မင်းက နတ်စစ်သူကြီးကို ဘာလုပ်ချင်လို့လဲ"

"ခင်ဗျား ခန့်မှန်းကြည့်လေ..."

ရွှယ်အန်းက ပြုံးကာ ပြောလိုက်သည်။

ဟော့ကန်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီးနောက် မျက်လုံးများ ပြူးကျယ်လာကာ ထိတ်လန့်တကြား ဖြစ်သွားသည်။

"မင်း... မင်းက ဗဟိုနန်းတော်ဆီ သွားချင်တာလား"

ရွှယ်အန်းက ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။

"မှန်တယ်... ဒါပေမဲ့ ဆုတော့ မရဘူးနော်"

ဟော့ကန်းသည် ဆန်ကာပေါက်ကဲ့သို့ တစ်ကိုယ်လုံး တုန်ရီလာပြီး ရွှယ်အန်းကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ ရွှယ်အန်း ဘာကြောင့် ထျန်ကျောက်ဘုံသို့ ရောက်လာသလဲ ဆိုသည်ကို သူ ယခင်က ခန့်မှန်းခဲ့ဖူးသော်လည်း ရွှယ်အန်း၏ ပစ်မှတ်မှာ ထျန်ကျောက်ဗဟိုနန်းတော်တွင် စိုးစံနေသော နတ်ဘုရားဘုရင်ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

"ဘာ... ဘာလို့ မင်းက ငါတို့ ထျန်ကျောက်ဘုံက နတ်ဘုရားတွေကို ရန်လိုနေရတာလဲ"

ဟော့ကန်းသည် အဆုံးတွင် မနေနိုင်ဘဲ မေးလိုက်သည်။ ရွှယ်အန်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

"ဘာလို့လဲဆိုတော့ ခင်ဗျားတို့က အမှားတွေ အများကြီး လုပ်ခဲ့ကြလို့လေ"

"ကိုယ့်အမှားကိုယ် ဝန်မခံတဲ့အပြင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် သွေးနဲ့ ပြန်ပေးဆပ်ရမယ်"

အေးစက်သော သတ်ဖြတ်လိုစိတ်များသည် ရွှယ်အန်း၏ အသံထဲတွင် ပြည့်နှက်နေသည်။

ဟော့ကန်းသည် ခေတ္တမျှ ကြောင်ငေးနေပြီးနောက် နောက်ဆုံးတွင် မတတ်သာသည့်အဆုံး ခေါင်းငုံ့လိုက်ရသည်။ သို့သော် ထိုသို့ လုပ်နေစဉ် သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။

"ကောင်းပြီလေ၊ ဒီလိုဖြစ်မှတော့ မင်းကို နတ်စစ်သူကြီးဆီ ခေါ်သွားပေးမယ်"

အေးစက်မြို့တော်သည် အလွန် ကျယ်ဝန်းလှပြီး ပုံမှန်အားဖြင့် ထိုကဲ့သို့သော မြို့ကြီးများတွင် မြို့စားအိမ်တော်သည် မြို့လယ်ခေါင် တည့်တည့်တွင် တည်ရှိလေ့ရှိသည်။ သို့သော် ရွှယ်အန်း မြို့ထဲသို့ ဝင်ရောက်လာစဉ်က သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရာ မြို့စားအိမ်တော်ထဲတွင် အစွမ်းထက်သော အရှိန်အဝါ တစ်ခုမျှ မတွေ့ရှိခဲ့ရပေ။

ထို့အပြင် ဤနေရာမှနေ၍ ထျန်ကျောက်ဗဟိုနန်းတော်သို့ သွားရောက်ရန်အတွက် မတူညီသော လေဟာနယ် တည်ဆောက်ပုံ တစ်မျိုးမျိုးကို အသုံးပြုထားသည့် နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု သေချာပေါက် ရှိရပေမည်။ သိသာထင်ရှားသည်မှာ မြို့စားအိမ်တော်သည် ထိုအချက်များနှင့် ကိုက်ညီမှု မရှိပေ။

ဟော့ကန်းက မြို့တော်၏ အပြင်ဘက်သို့ ဦးဆောင် ခေါ်သွားသောအခါမှသာ ရွှယ်အန်း အဆုံးတွင် သဘောပေါက်သွားလေသည်။ နတ်စစ်သူကြီးက မြို့ထဲမှာ မရှိဘဲ မြို့ပြင် တစ်နေရာမှာ နေထိုင်ခြင်းဖြစ်သည်။

ထိုအချိန်တွင် မြို့တော်မှ မိုင်တစ်ရာခန့် အကွာတွင် မြေပြင်တစ်ခုလုံးကို ထူထပ်သော ရေခဲနှင့် နှင်းများ ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရသည်။ အေးစက်သော ရာသီဥတုကြောင့် ထိုနေရာသည် ခြောက်သွေ့နေပြီး ဟိုတစ်စ ဒီတစ်စ ကျရောက်နေသော ကြယ်ရောင်များက နှင်းပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသဖြင့် အလွန်တရာ အထီးကျန်ဆန်နေပုံ ပေါက်နေသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် သူတို့သည် နောက်ထပ် (၁၅) မိနစ်ခန့် ပျံသန်းသွားပြီးနောက် နိမ့်သော တောင်ကုန်းတန်းတစ်ခု အရှေ့တွင် ပေါ်လာလေသည်။ ဤတောင်ကုန်းများသည် သဘာဝ မြစ်ဝှမ်းတစ်ခုကို ဖြစ်ပေါ်စေပြီး ထိုနေရာကို အလွှာပေါင်းစုံသော အစီအရင်များဖြင့် ကာကွယ်ထားလေသည်။

ဟော့ကန်း ရပ်တန့်လိုက်သည်။

"ရွှယ်... သခင်ကြီးရွှယ်... အရှေ့က နေရာက နတ်စစ်သူကြီး ပုံမှန် နေထိုင်တဲ့ နေရာပါပဲ"

ရွှယ်အန်းသည် မည်သည့်အရာမှ ပြန်မပြောဘဲ သူ၏ လျှပ်စီးကဲ့သို့ လက်နေသော မျက်လုံးများဖြင့် တောင်ကြားတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ အလွှာပေါင်းစုံသော အစီအရင်များဖြင့် ကာဆီးထားသော်လည်း ရွှယ်အန်းသည် ဝိုးတဝါးဖြစ်သော်လည်း အစွမ်းထက်လှသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။

ရွှယ်အန်း၏ အပြုံးတွင် သဘောကျသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ကောင်းတယ်၊ ခင်ဗျား တော်တော် အလုပ်ဖြစ်သားပဲ'

ထိုသို့ ပြောပြီးနောက် ရွှယ်အန်းသည် လေထဲမှ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဖြူဖွေးတောက်ပသော နှင်းပြင်ပေါ်တွင် လမ်းလျှောက်ကာ တောင်ကြားဆီသို့ တည့်တည့် ဦးတည်သွားလေသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး ဟော့ကန်း၏ မျက်နှာသည် ဝင်းလက်လာပြီး သူ၏ မျက်ဝန်းထဲတွင် ယုတ်မာသော အမုန်းတရားများ ပြည့်နှက်လာကာ ရွှယ်အန်း၏ ကျောပြင်ကို ကြည့်၍ တွေးလိုက်သည်။

ဟားဟား... ရွှယ်အန်း၊ မင်း ကိုယ့်သေတွင်း ကိုယ်တူးတာပဲ၊ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့...

တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ကာကွယ်ရေး အစီအရင်နားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မော့ကြည့်၍ စစ်ဆေးလိုက်ပြီးနောက် သူ၏ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ဖိချလိုက်သည်။

ဝီ...

အသံတစ်သံ ထွက်ပေါ်လာပြီး ရေခဲပြာရောင် အလင်းတန်း အကာအရံတစ်ခု ပေါ်လာကာ ရွှယ်အန်း၏ လက်ဝါးကို တွန်းထုတ်ရန် ကြိုးစားလေသည်။

ရွှယ်အန်းက အေးစက်စွာ ရယ်မောလိုက်ပြီး နောက်မဆုတ်သည့်အပြင် ပိုမို အားစိုက်၍ ဖိချလိုက်သည်။

ဂျွတ်!

ရေခဲပြာရောင် အလင်းတန်း အကာအရံသည် တစ်စက္ကန့်ပင် မကြာလိုက်ဘဲ ကွဲကြေသွားလေသည်။

သို့သော် တစ်ချိန်တည်းမှာပင် အခြားသော အစီအရင် အလင်းတန်း ဒါဇင်ကျော်သည်လည်း ပွင့်လာပြီး ထိုအထဲမှ နက်ရှိုင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် မိုင်ထောင်ပေါင်းများစွာ အကွာအဝေးထိရှိသော ရေခဲနှင့် နှင်းပြင်များ တုန်ခါသွားလေသည်။

သို့သော် ရွှယ်အန်းသည် လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ လက်ကို တည့်တည့် ဆန့်ထုတ်လိုက်သည်။

ဘုန်း! ဘုန်း! ဘုန်း!

အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ထိုအစီအရင် အလင်းတန်း အကာအရံများ အားလုံး ကွဲကြေသွားလေသည်။

ထိုအချိန်၌ပင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် အာဏာစက် ပြည့်ဝသော အသံတစ်ခု မိုးခြိမ်းသကဲ့သို့ ထွက်ပေါ်လာသည်။

"ဘယ်သူက ငါ့အိပ်စက်တာကို နှောင့်ယှက်ရဲတာလဲ"

အသံပဲ့တင်ထပ်နေစဉ်မှာပင် ကြွက်သားအဖုအထစ်များနှင့် လူတစ်ယောက်သည် အထက်ရှိ အလင်းမြူခိုးများကြားမှ တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။

ထိုလူကို မြင်လိုက်ရသောအခါ ဟော့ကန်းသည် အလွန် ဝမ်းသာသွားပြီး စိတ်အားထက်သန်စွာ ပြေးသွားလိုက်သည်။

"နတ်စစ်သူကြီးအရှင်... ကျွန်တော့်ကို အတင်းအဓမ္မ ခေါ်လာပြီး အရှင့်ကို လိုက်ရှာခိုင်းတာ ဒီလူပါပဲ၊ ပြီးတော့ ထျန်ကျောက် ကြယ်တာရာနယ်မြေမှာ အရှင့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာလည်း သူပါပဲ"

ထိုလူသည် နှစ်ရှည်လများ အိပ်စက်ခြင်းမှ နိုးထလာစ ဖြစ်သဖြင့် အနည်းငယ် မူးဝေနေပုံရသည်။ ဟော့ကန်း သတိပေးလိုက်မှသာ သူသည် တဖြည်းဖြည်း အသိစိတ် ပြန်ဝင်လာပြီးနောက် နှင်းပြင်ပေါ်တွင် ရပ်နေသော ရွှယ်အန်းကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူ၏ မူလက ရိုးရှင်းသော မျက်နှာပေါ်တွင် ယခုအခါ ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်လာသည်။

"မင်းပြောတာ မှန်တယ်၊ ငါ့လက်ချောင်းသုံးချောင်း ပြတ်အောင် လုပ်ခဲ့တာ မင်းပဲ၊ ငါ မင်းမျက်နှာကို မမှတ်မိပေမယ့် မင်းဆီက ထွက်နေတဲ့ အရှိန်အဝါကတော့ ငါ့ကို လိမ်လို့ မရဘူး"

ထိုသို့ပြောကာ ထိုလူသည် လက်ချောင်းသုံးချောင်း ပြတ်နေသည်မှာ ထင်ရှားသော လက်တစ်ဖက်ကို မြှောက်ပြလိုက်သည်။

"ဓားကျင့်ကြံသူ... အဲ့တုန်းက မင်းပေးခဲ့တဲ့ ဒဏ်ချက်က တော်တော်လေး ရက်စက်တာပဲ၊ ငါ အကြိမ်ကြိမ် ကုသဖို့ ကြိုးစားပေမယ့် အထဲမှာ ကျန်နေတဲ့ ဓားဆန္ဒက တားဆီးထားလို့ အခုထိ ကြာသွားခဲ့ရတယ်၊ မင်းက တကယ်ပဲ အသက်ကို မနှမြောဘဲ ဒီအထိ လာရဲတယ်ပေါ့လေ"

သူ၏ နောက်ဆုံးမေးခွန်းသည် ဟိန်းဟောက်သံနှင့် တူနေသည်။ သူ၏ ဒေါသကြောင့် မိုင်ထောင်ချီ အတွင်းရှိ ကောင်းကင်နှင့် မြေကြီး အခြေအနေများ ပြောင်းလဲသွားပြီး အပူချိန်သည် ဒီဂရီပေါင်းများစွာ ထိုးကျသွားလေသည်။ လေထုသည် အလွန်အမင်း အေးစက်လာသဖြင့် ရေခဲမှုန်များပင် ဖြစ်ပေါ်လာသည်။

သို့သော် ရွှယ်အန်းသည် ဂရုမစိုက်သည့်ဟန်ဖြင့် နားသယ်စကို ကလော်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"ခင်ဗျားတို့ကောင်တွေ အကုန်လုံးက အော်ဟစ်နေရတာ ကြိုက်ကြတာလား၊ စကားကို ကောင်းကောင်းမွန်မွန် ပြောလို့ မရကြဘူးလား"

ထိုလူ၏ ဒေါသများ ပိုမို ပွက်ပွက်ဆူလာသည်။

"ဓားကျင့်ကြံသူ... မင်း ငါ့ကို ပေးခဲ့တဲ့ ဒဏ်ရာအကြောင်း မပြောသေးနဲ့ဦး၊ အခု ငါ့ရဲ့ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးလိုက်တာ ဘာသဘောလဲ"

"ရှင်းပါတယ်... ကျွန်တော် ဒီကနေဖြတ်ပြီး ဗဟိုနန်းတော်ဆီ သွားချင်လို့လေ"

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဗဟိုနန်းတော်ဆီ သွားမယ် ဟုတ်လား"

ထိုလူသည် အံ့သြတကြီး ရေရွတ်လိုက်သည်။ ဟော့ကန်းက အလျင်အမြန် ဝင်ပြောလာသည်။

"ဟုတ်တယ်... နတ်စစ်သူကြီး အရှင်၊ ဒီကောင်က ဗဟိုနန်းတော်ဆီ သွားမယ်လို့ပဲ ပြောနေတာ၊ ပြီးတော့ သူက ကျွန်တော့်သားနှစ်ယောက်ကိုလည်း သတ်ခဲ့သေးတယ်၊ အရှင် ကျွန်တော့်အတွက် လက်စားချေပေးပါ"

ထိုလူ၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

"ဓားကျင့်ကြံသူ... မင်းရဲ့ အင်အားက မဆိုးပါဘူး၊ ဒါပေမဲ့ မင်း ဒီလောက်ကြီး မောက်မာမနေသင့်ဘူး၊ မင်း သိထားသင့်တာက..."

သူ စကားမဆုံးခင်မှာပင် ရွှယ်အန်းက စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်သည်။

"ကဲပါ... ခင်ဗျားက မသွားစေချင်ဘူး ဆိုပါတော့ ဟုတ်လား"

ထိုလူက ဂုဏ်ယူစွာ ပြောလိုက်သည်။

"ဒါပေါ့"

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း ခင်ဗျား သေလိုက်တော့"

ရွှယ်အန်းသည် အေးစက်စွာ ပြောလိုက်ပြီး ခြေတစ်လှမ်း လှမ်းကာ ကောင်းကင်ယံသို့ တည့်တည့် တိုးဝင်သွားလေသည်။

All Chapters