အခန်း (၁၁၀၅-၁၁၀၇)
Vol. 74 Ch. 1105-1107
အခန်း (၁၁၀၅) - ထျန်ကျောက် ဗဟိုနန်းတော်
ထျန်ကျောက် အတွင်းနန်းတော်သည် အလွန်ကျယ်ပြောလှသော နယ်မြေတစ်ခု ဖြစ်သည်။
အမှန်တွင် ထျန်ကျောက်ဘုံတစ်ခုလုံး၏ နေ၊ လ နှင့် ကြယ်တာရာများသည် ဤနေရာမှ အစပြုခြင်း ဖြစ်သည်။
ထို့ကြောင့် ဤနေရာရှိ ရှုခင်းသည် အလွန်ထူးခြားပြီး ကောင်းကင်တစ်ဝက်က နေ့အချိန် ဖြစ်နေလျှင် ကျန်တစ်ဝက်က ညအချိန် ဖြစ်နေတတ်သည်။ နေ့နှင့်ည ပြောင်းလဲခြင်းဆိုသည်မှာ ထိုနှစ်ခု အပြန်အလှန် စိမ့်ဝင်သွားပြီး နောက်ဆုံးတွင် နေရာချင်း လဲလှယ်လိုက်ကြခြင်းပင် ဖြစ်သည်။
ဤအဆုံးမရှိ ကျယ်ပြောလှသော နယ်မြေ၏ အလယ်ဗဟိုတည့်တည့်တွင် အမြင့်ကို ခန့်မှန်း၍ပင် မရနိုင်သော တောင်ထိပ်တစ်ခု တည်ရှိနေသည်။ အကယ်၍ တောင်ခြေတွင် ရပ်ပြီး မော့ကြည့်လိုက်လျှင် ကောင်းကင်တစ်ခုလုံးကို ဤတောင်ကြီးက ထောက်ပံ့ထားသကဲ့သို့ ခံစားရပေလိမ့်မည်။ ထို့ကြောင့် ဤတောင်ကို ကောင်းကင်ထောက်တောင်ထိပ်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ထျန်ကျောက်ဘုံရှိ နတ်ဘုရားအပေါင်းတို့၏ အရှင်သခင်၊ ထျန်ကျောက်နတ်ဘုရားဘုရင်သည် ဤတောင်ထိပ်ပေါ်ရှိ ထျန်ကျောက်အတွင်းနန်းတော်၌ စိုးစံလေသည်။
ယခုအချိန်တွင် ကောင်းကင်ထောက်တောင်ထိပ်၏ ပတ်ဝန်းကျင်တွင် ပျံသန်းသော လှေသင်္ဘောအမျိုးမျိုး ရပ်တန့်ထားကြပြီး မရေမတွက်နိုင်သော အစွမ်းထက် နတ်ဘုရားများသည် လှေများပေါ်မှ ဆင်းသက်လာကာ တောင်ထိပ်ဆီသို့ ခြေလျင် လျှောက်လှမ်းသွားနေကြသည်။
ဤမျှ စည်ကားနေရခြင်း၏ အကြောင်းရင်းမှာ ယနေ့သည် အခွန်ဆက်သသောနေ့ဖြစ်သောကြောင့်ဖြစ်သည်။ ထုံးတမ်းစဉ်လာအရ ဤနေ့တွင် ထျန်ကျောက်ဘုံတစ်ခုလုံးရှိ အစွမ်းထက်နတ်ဘုရားအားလုံးသည် ထျန်ကျောက်နတ်ဘုရားဘုရင်ကို လာရောက် ဂါရဝပြု ဆက်သရမည် ဖြစ်သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်းတွင် ဤထျန်ကျောက်နတ်ဘုရားဘုရင်သည် လူလုံးထွက်ပြခဲလှသည်။ ဤမြေပေါ်တွင် နေထိုင်ကြသော နတ်ဘုရားများအတွက်ပင်လျှင် နတ်ဘုရားဘုရင်ကို တစေ့တစောင်း မြင်တွေ့ရရန်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းလှသည်။
သို့သော်လည်း အခွန်ဆက်သသောနေ့ ရောက်တိုင်း နတ်ဘုရားအားလုံးသည် စောစီးစွာ ရောက်ရှိလာကြပြီး အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိကြပေ။
တောင်ကြီးသည် မြင့်မားသော်လည်း ဤအစွမ်းထက်ပုဂ္ဂိုလ်များ၏ လျင်မြန်သော ခြေလှမ်းများအောက်တွင် မကြာမီ ရောက်ရှိသွားကြသည်။ တောင်ထိပ်နှင့် အနည်းငယ် ကွာဝေးသော တောင်ခါးပန်းတွင် အလွန်ကျယ်ဝန်းသော ရင်ပြင်ကြီးတစ်ခု ရှိလေသည်။ နတ်ဘုရားအားလုံးသည် ရင်ပြင်သို့ တက်ရောက်လာကြပြီးနောက် တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောဆိုနေကြသည်။ အခွန်ဆက်သခြင်းသည် အမည်ခံအခမ်းအနား သက်သက်သာ ဖြစ်လာသော်လည်း ဤကဲ့သို့သော စုဝေးမှုမှတစ်ဆင့် သတင်းအချက်အလက် ဖလှယ်ခြင်းသည် ထုံးစံတစ်ခု ဖြစ်လာခဲ့သည်။
"ဟေ့... ဒီတစ်ခါ နတ်ဘုရားဘုရင် ပေါ်လာမယ် ထင်လား"
နတ်ဘုရားတစ်ပါးက တိုးတိုးလေး မေးလိုက်သည်။
"မထင်ပါဘူးကွာ၊ နတ်ဘုရားဘုရင်က မပေါ်လာတာ နှစ်တစ်ထောင်လောက် ရှိပြီပဲ၊ အခွန်ဆက်သတယ်ဆိုတာကလည်း အဆောင်အယောင် သက်သက်ပါပဲ၊ ဒီတစ်ခါလည်း ဒီလိုပဲ နေမှာပါ"
နောက်တစ်ယောက်က ပြန်ဖြေလိုက်သည်။
"ဟေ့... ခင်ဗျားတို့ ကြားပြီးကြပြီလား"
"ဘာကြားရမှာလဲ"
ထိုပြောလိုက်သူသည် အသံကို နှိမ့်လိုက်ပြီး ထပ်ပြောသည်။
"ကောလာဟလတွေ ကြားတာတော့ နတ်ဘုရားဘုရင်က သူ့ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ပြဿနာတချို့ ကြုံနေရတယ်တဲ့၊ ကျင့်ကြံခြင်းအဆင့်ကလည်း အများကြီး ကျဆင်းသွားလို့ နှစ်တစ်ထောင်လောက် လူလုံးမပြတာတဲ့လေ"
ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်း မျက်နှာပျက်သွားကြသည်။
"ခင်ဗျား ရူးနေလား၊ ဒီနေရာမှာ ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့"
တစ်စုံတစ်ယောက်က စူးဝါးစွာ ငေါက်ငမ်းလိုက်ပြီးနောက် ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေသည့် တောင်ထိပ်ကို ကြောက်ရွံ့စွာ မော့ကြည့်လိုက်သည်။ ထိုမြူခိုးများ၏ နောက်ကွယ်တွင် အတွင်းနန်းတော် ရှိနေကြောင်း သူတို့ သိထားကြသည်။ ငေါက်ငမ်းခံလိုက်ရသော်လည်း စကားများသော ထိုနတ်ဘုရားသည် ဂရုမစိုက်သည့်ပုံပင်။
"အာ... ခင်ဗျားကလည်း ဘာလို့ ဒီလောက် ကြောက်နေရတာလဲ၊ ကျွန်တော် ပြောရဲတယ်ဆိုမှတော့ အကြောင်းရှိလို့ပေါ့ဗျ၊ ပြီးတော့ ကြည့်ပါဦး၊ အခု ကျွန်တော် ဘာမှမဖြစ်ဘဲ ကောင်းကောင်းကြီး ရှိနေသေးတယ် မဟုတ်လား"
ထိုသို့ပြောနေရင်းဖြင့် သူသည် ဂရုမစိုက်သည့်ဟန်ဖြင့် နေပြလိုက်သည်။
"ဒါပေမဲ့..."
"ဒါပေမဲ့တွေ ဘာတွေ မရှိဘူး၊ တကယ်လို့ နတ်ဘုရားဘုရင်သာ ကောင်းကောင်းမွန်မွန် ရှိနေသေးရင် ကျွန်တော့်စကား မဆုံးခင်မှာတင် ကျွန်တော် အမှုန့်ဖြစ်သွားလောက်ပြီ"
လူအုပ်ကြီး တိတ်ဆိတ်သွားသည်။ သို့သော် ထိုအချိန်၌ပင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အိုး... ခင်ဗျားပြောပုံအရဆိုရင် နတ်ဘုရားဘုရင်က သေသွားပြီလို့ တထစ်ချ ယုံကြည်နေတဲ့ ပုံပဲ"
ထိုအသံပဲ့တင်ထပ်သွားသည်နှင့် ရင်ပြင်အထက် ကောင်းကင်ယံတွင် တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ အလင်းရောင် ကွယ်ပျောက်သွားသောအခါ ရေခဲတမျှ အေးစက်သော အမျိုးသမီးတစ်ဦး ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။
ဤအမျိုးသမီးသည် ပြိုင်ဘက်ကင်း လှပခြင်း မရှိသော်လည်း ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ သူမ၏ ဖြူဖျော့သော မျက်နှာထားသည် ကြည့်လိုက်သူ၏ ကျောချမ်းသွားလောက်အောင် အေးစက်လှသည်။
ဤအမျိုးသမီးကို မြင်လိုက်ရသောအခါ ရင်ပြင်ရှိ လူတိုင်း အလျင်အမြန် ဦးညွှတ်ကာ လေးစားစွာ ဂါရဝပြုလိုက်ကြသည်။
"အစောင့်တပ်မှူး မင်းသမီးကို ဂါရဝပြုပါတယ်"
မှန်ပေသည်။ ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ပဲ ထျန်ကျောက်နတ်ဘုရားဘုရင်၏ အယုံကြည်ရဆုံး အစောင့်တပ်မှူး ချင်းဟုန်ပင် ဖြစ်သည်။ သူမသည် နတ်ဘုရားဘုရင် သီးသန့်ကျင့်ကြံနေသော နှစ်တစ်ထောင်ကာလအတွင်း ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ချင်းဟုန်သည် အေးစက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် စောစောက စကားပြောခဲ့သော သူဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"နတ်ဘုရားဘုရင် တစ်ခုခု ဖြစ်သွားပြီလို့ ရှင် အခုလေးတင် ပြောလိုက်တာလား"
ထိုလူ၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာကာ အသည်းအသန် ခေါင်းခါလိုက်သည်။
"မဟုတ်... မဟုတ်ရပါဘူးဗျာ၊ ကျွန်တော်က နတ်ဘုရားဘုရင်ကို ဘယ်လိုလုပ် ကျိန်ဆဲရဲမှာလဲ၊ ကောလာဟလတချို့ ကြားမိရုံပါ... ခွင့်လွှတ်ပါ အရှင်မချင်းဟုန်ရယ်၊ ခွင့်လွှတ်ပါ"
ချင်းဟုန်သည် ဘာမှမပြောဘဲ သူ့ကို အေးစက်စွာသာ ကြည့်နေသည်။ ထိုလူ၏ မျက်နှာသည် ပိုမို ဖြူဖျော့သွားပြီး တောင်းပန်လိုက်သည်။
"ကျွန်တော့်အပြစ်ပါ၊ ကျွန်တော် ပေါက်ကရတွေ မပြောသင့်ပါဘူး၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ အရှင်မချင်းဟုန်"
ထိုအချိန်တွင် ချင်းဟုန်က အေးစက်စွာ ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့"
ထိုစကားကို ကြားသောအခါ ထိုလူသည် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီး အော်ဟစ်ငိုကြွေးလိုက်သည်။
"မင်းသမီး..."
ချင်းဟုန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ရှင်က ကျွန်မစကားကိုတောင် နားမထောင်တော့ဘူးပေါ့"
ထိုလူသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်သွားသည်။ ထို့နောက် သူသည် ခေါင်းငုံ့လိုက်ရာ သူ၏ ခေါင်းသည် ပေါက်ကွဲထွက်သွားလေသည်။ အသက်မဲ့နေသော သူ၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။
ချင်းဟုန်သည် ရှေ့သို့ တိုးလာပြီး ကိုယ်ကိုကိုင်းကာ သွေးသံရဲရဲ ဖြစ်နေသော အလောင်းကောင်ကို မွှေနှောက်ပြီးနောက် နောက်ကျိနေသော ကျောက်သလင်းတုံးတစ်တုံးကို ဆွဲထုတ်လိုက်သည်။ ၎င်းသည် ထိုလူ သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော နတ်ဘုရားကျောက်သလင်းဖြစ်သည်။
သို့သော် ချင်းဟုန်သည် လက်ထဲတွင် ကိုင်ထားရင်း ခေတ္တမျှ ချိန်ဆကြည့်ပြီးနောက် ရုတ်တရက် ဆုပ်ချေပစ်လိုက်သည်။
ဂျွတ်...
နတ်ဘုရားကျောက်သလင်းသည် နှစ်ပိုင်း ကျိုးပဲ့သွားလေသည်။ ဤနေရာတွင် ရှိနေသူ အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားများအတွက် ဤလုပ်ရပ်သည် ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်ခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း သူတို့ သိထားသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ ရက်စက်သော လုပ်ရပ်များသည် အမှန်တကယ်ပင် ထိရောက်မှု ရှိလှသည်။
ချင်းဟုန်သည် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ မည်သည့် ကျင့်ကြံခြင်းအဆင့်၊ မည်သည့် နတ်ဘုရားရာထူး ရှိသည်ဖြစ်စေ အားလုံးသည် လေးစားသမှုဖြင့် ခေါင်းငုံ့ထားကြသည်။
"အရှင်မချင်းဟုန်ကို ဂါရဝပြုပါတယ်"
ထိုအခါမှသာ ချင်းဟုန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒါက သင်ခန်းစာ ပေးလိုက်တာပဲ၊ နောက်တစ်ခါ နတ်ဘုရားဘုရင်ရဲ့ ကွယ်ရာမှာ မကောင်းပြောတာ ကြားမိရင် အကျိုးဆက်က ဒီထက် ဆယ်ဆ ပိုဆိုးလိမ့်မယ်၊ နားလည်ကြလား"
လူအုပ်ကြီးက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
"ဟုတ်ကဲ့... နားလည်ပါတယ်"
ချင်းဟုန်သည် ရင်ပြင်အလယ်ရှိ မြင့်မားသော စင်မြင့်ထက်သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အောက်ဘက်ရှိ လူများကို ကြည့်ကာ ဖျော့တော့စွာ ပြောလိုက်သည်။
"နတ်ဘုရားဘုရင်က သီးသန့်ကျင့်ကြံနေတုန်းမို့လို့ အရှင်က ဒီအခွန်ဆက်သပွဲကို တက်ရောက်နိုင်မှာ မဟုတ်သေးဘူး"
ထို့နောက် ချင်းဟုန်၏ အကြည့်သည် လူတစ်ယောက်ချင်းစီ၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားသည်။
"ကဲ... အခု ငါမေးမယ်... လူစုံပြီလား"
မည်သူမျှ စကားမပြောရဲကြပေ။ လူအများအပြားမှာ အနည်းငယ် တုန်ရီနေကြသည်။ ဤနေရာနှင့် ဝေးကွာသော နေရာများတွင် သူတို့သည် ကိုယ်ပိုင်နယ်မြေများကို အုပ်စိုးသော အစွမ်းထက်နတ်ဘုရားများ ဖြစ်ကြသော်လည်း ဤနေရာတွင်မူ ခေါင်းပင် မမော့ရဲကြချေ။
"ဘာမှ မပြောကြဘူးလား၊ ဒါဆိုရင် ငါကိုယ်တိုင် တစ်ယောက်ချင်းစီ လိုက်စစ်ရမလား... ဟမ်"
ချင်းဟုန်က အေးစက်စွာ ပြောလိုက်သည်။ လူအုပ်ကြီး အနည်းငယ် လှုပ်ရှားသွားပြီးနောက် လူအများအပြားမှာ ခိုးကြည့်လိုက်ကြသည်။ အတန်ကြာသောအခါ တစ်စုံတစ်ယောက်က တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
"အရှင်ချင်းဟုန်... ကျိန်စာနတ်ဘုရားမ မလာပါဘူး"
"ဟုတ်ပါတယ်... ကျိန်စာနတ်ဘုရားမ မလာပါဘူး"
ထိုအော်ဟစ်သံများနှင့်အတူ ချင်းဟုန်၏ အကြည့်သည် ပိုမို အေးစက်လာသည်။
"ကျိန်စာနတ်ဘုရား..."
သူမ ထိုနာမည်ကို ရင်းနှီးလွန်းနေသည်။ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း ဤနတ်ဘုရားအသစ်သည် အတော်လေး နာမည်ရနေခဲ့သည်။ ယခုဆိုလျှင် သူမသည် အင်မော်တယ်သခင်အဆင့်ကို တက်လှမ်းနိုင်မည့် အလားအလာ ရှိနေသည်ဟုပင် သတင်းထွက်နေသည်။ မထင်မှတ်ထားစွာပင် သူမသည် အလွန် မောက်မာလွန်းပြီး အခွန်ဆက်သပွဲကိုပင် မလာရောက်ရဲလောက်အောင် သတ္တိရှိနေသည်။
"ကောင်းပြီလေ၊ ကြည့်ရတာ ဒီကျိန်စာနတ်ဘုဂားက သူ့အင်အား တော်တော်ကြီးတယ်လို့ ခံစားနေရပုံပဲ၊ အခွန်ဆက်သပွဲကိုတောင် လာစရာမလိုဘူးလို့ ထင်နေတာကိုး"
မည်သူမျှ ဝင်မပြောရဲကြပေ။ သို့သော် ထိုအချိန်၌ပင် အနီးအနားရှိ လေဟာနယ်တွင် ဂယက်များ ထလာပြီးနောက် လူပုံသဏ္ဌာန်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ ထိုပုံသဏ္ဌာန် ပေါ်လာသည်နှင့် တည်ငြိမ်သော အသံတစ်ခု ပါလာလေသည်။
"အားနာပါတယ်၊ ကျိန်စာနတ်ဘုရားက ဘယ်တော့မှ လာနိုင်တော့မှာ မဟုတ်ဘူး”
အခန်း (၁၁၀၆) - သွေးကြွေးကို သွေးဖြင့် ပြန်ဆပ်ခြင်း
ဤနေရာတွင်ရှိနေသော နတ်ဘုရားများအားလုံး လန့်ဖျပ်သွားကြသည်။
ထို့နောက် ရွှယ်အန်းသည် လှိုင်းဂယက်များကြားမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာပြီး ကွင်းပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုကာ လူတိုင်းကို အနည်းငယ် ပြုံးပြလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ"
ချင်းဟုန်၏ မျက်နှာထား ပြောင်းလဲသွားပြီး တင်းမာသောအသံဖြင့် မေးလိုက်သည်။
"ရှင်က ဘယ်သူလဲ"
ရွှယ်အန်းသည် ထိုအမျိုးသမီးကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ကျုပ်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက ကျုပ် ခင်ဗျားတို့အားလုံးကို လာသတ်တာ... အဲ့ဒါကိုတော့ ဘယ်သူမှ ကန့်ကွက်မယ် မထင်ဘူးနော်၊ ဟုတ်တယ်မလား"
ဘုန်း!
သူ၏ စကားများသည် လူအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
"ဒီအရူးက ဘယ်က ရောက်လာတာလဲ၊ သေချင်နေတာပဲ"
"ဟုတ်တယ်... သူ့ကို သတ်ပစ်ကြ"
မည်သူမျှ ညွှန်ကြားစရာ မလိုဘဲ ကာကွယ်ရေးတာဝန်ယူထားသော အစောင့်များသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ ဤအစောင့်တစ်ဦးချင်းစီသည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ ပေါင်းစည်းတိုက်ခိုက်မှုသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် သူတို့၏ တိုက်ခိုက်မှုသည် ရွှယ်အန်းအနီးသို့ ရောက်ရှိလာသောအခါ ရုတ်တရက် လေပြေလေညှင်းလေးအဖြစ် ပြောင်းလဲသွားပြီး ဘာမှမဟုတ်သလို ပျောက်ကွယ်သွားလေသည်။ ထို့နောက် ရွှယ်အန်းသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။
ဘုန်း!
အစောင့်များသည် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားပြီး အချိန်မတန်မီ သေဆုံးခြင်းသို့ ရောက်ရှိသွားကြသည်။ သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီး ရင်ပြင်တစ်ခုလုံးကို သွေးရောင် လွှမ်းသွားစေသည်။ ရွှယ်အန်းက ရယ်မောလိုက်သည်။
"ဒီမြင်ကွင်းက တော်တော်လေး ကြည့်ကောင်းသားပဲ၊ အရင်တုန်းက ခင်ဗျားတို့ သူများတွေကို သတ်ခဲ့တဲ့ ပုံစံနဲ့ မတူနေဘူးလား"
ကွင်းပြင်တစ်ခုလုံး ကြောက်လန့်တကြား ဖြစ်သွားသည်။ ဤလူများသည် အစောင့်များသာ ဖြစ်သော်လည်း ကိုင်တွယ်ရ လွယ်သူများ မဟုတ်ပေ။ အထူးသဖြင့် ရွှယ်အန်းသည် ရန်လိုမှု အရိပ်အယောင် လုံးဝ မပြဘဲ လွယ်ကူသည့်ပုံစံဖြင့် ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် အစောင့်များအားလုံး နေရာမှာတင် ချက်ချင်း သေဆုံးသွားကြခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အင်အားသည် အစွမ်းထက်ပုဂ္ဂိုလ်များစွာကိုပင် သိမ်ငယ်သွားစေသည်။ ရွှယ်အန်း၏ မေးခွန်းထုတ်မှုသည် လူအများအပြားကို နေရခက်သွားစေသည်။
"မင်းက ဘယ်သူလဲ၊ ဒီနယ်မြေထဲကို ဘယ်လိုလုပ် ဝင်လာနိုင်တာလဲ"
ထျန်ကျောက်ဘုံမှ နတ်ဘုရားတစ်ပါးက ကျယ်လောင်စွာ မေးလိုက်သည်။
"ဟုတ်တယ်၊ အပြင်မှာ စောင့်နေတဲ့ နတ်စစ်သူကြီးကို မင်း ဘယ်လို လှည့်စားခဲ့တာလဲ"
နောက်တစ်ယောက်ကလည်း ထပ်ဆင့် အော်ဟစ်လိုက်သည်။ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"အဲ့ဒီနေရာကို စောင့်နေတဲ့ နတ်စစ်သူကြီး ဟုတ်လား"
ထို့နောက် သူက ခေါင်းခါလိုက်သည်။
"စိတ်တော့ မကောင်းပါဘူး၊ ကျုပ်ဝင်လာတုန်းက ဆွေ့ဟန်ဆိုတဲ့ နတ်စစ်သူကြီးက သေပြီးနေပြီ"
ဘာ...
ဤသတင်းသည် ယခင် မြင်ကွင်းထက်ပင် ပိုမို တုန်လှုပ်စရာ ကောင်းနေသည်။ ဆွေ့ဟန်ဆိုသည်မှာ ထျန်ကျောက်နတ်ဘုရားဘုရင်၏ လက်အောက်တွင် ထိပ်တန်း နတ်စစ်သူကြီးဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားများနှင့် ယှဉ်နိုင်သော အင်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဒါပေမဲ့ ဒီဝတ်ရုံဖြူနဲ့ လူငယ်က သူ့ကို သတ်ခဲ့တယ်လို့ ပြောနေတာလား၊ လုံးဝ ယုံကြည်နိုင်စရာ မရှိလောက်စရာပဲ၊ ဒါပေမဲ့ ဆွေ့ဟန်သာ မသေသေးရင် ဒီလူငယ်က ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ...
လူတိုင်း ထိတ်လန့်တုန်လှုပ်ပြီး သံသယ ဖြစ်နေကြစဉ် ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့သော အစောင့်တပ်မှူး ချင်းဟုန်သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီကောင်လေးက အရမ်းကို မောက်မာလွန်းနေပြီ... အားလုံးပေါင်းပြီး သူ့ကို သတ်ပစ်ကြ"
ထိုစကားလုံးများသည် လူအများကို သတိဝင်သွားစေသည်။ နတ်ဘုရား ဖြစ်လာသူများထဲတွင် အရူးဟူ၍ မရှိပေ။ ဤဝတ်ရုံဖြူနှင့် လူငယ်သည် သူ၏ ရဲတင်းမှုကို ကြည့်ခြင်းအားဖြင့် အလွန်တရာ အစွမ်းထက်သော အင်အားကို ပိုင်ဆိုင်ထားကြောင်း သူတို့ ရှင်းလင်းစွာ နားလည်လိုက်ကြသည်။ ခြေတစ်လှမ်း လှမ်းရုံဖြင့် အစောင့်အများအပြားကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိခြင်းကလည်း ထိုအချက်ကို သက်သေပြနေသည်။
ထို့ကြောင့် ဤနတ်ဘုရားများသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ပြင်တစ်ခုလုံးသည် တောက်ပသော အလင်းရောင်များနှင့် ကမ္ဘာမြေကို တုန်လှုပ်စေသော အရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။ နတ်ဘုရား ရာချီတို့သည် အတူတကွ လှုပ်ရှားလိုက်ကြပြီး လေထဲတွင် ရှိနေသော ရွှယ်အန်းထံသို့ သေစေနိုင်သော တိုက်ခိုက်မှုများကို ပစ်လွှတ်လိုက်ကြသည်။
တိုက်ခိုက်မှုများသည် သွေးဆာနေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင်ကဲ့သို့ ကြီးမားသော ပုံသဏ္ဌာန်တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ရွှယ်အန်းထံသို့ ခုန်အုပ်လိုက်သည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် တောင်များ တုန်ခါပြီး လေဟာနယ်များ ကွဲအက်ကုန်ကြသည်။ သို့သော် ရွှယ်အန်းက အေးစက်စွာ ပြုံး၍သာ တုံ့ပြန်လိုက်သည်။
"နတ်ဘုရားတွေ ဆိုပါလား... ဟက်..."
ထိုသို့ပြောပြီးသည်နှင့် သူသည် လက်ညှိုးဖြင့် ပေါ့ပါးစွာ ညွှန်ပြလိုက်သည်။ သူ၏ မျက်ဝန်းများတွင် အလင်းရောင်များ တောက်ပလာပြီး တိုးဖွဖွ ရေရွတ်လိုက်သည်။
"ကံကြမ္မာ"
ရွှယ်အန်း အသုံးမပြုသည်မှာ ကြာပြီဖြစ်သော ကံကြမ္မာ နတ်ဘုရားစွမ်းရည်သည် လောကတွင် ပြန်လည် ပေါ်ထွက်လာလေသည်။
ကနဦးက ဒေါသတကြီး တိုးဝင်လာသော တိုက်ခိုက်မှု အများအပြားသည် ရုတ်တရက် လေထဲတွင် တန့်သွားကြသည်။ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသော အလင်းရောင်များသည် ရပ်တန့်သွားပြီး ပြန့်ကားလုနီးပါး ဖြစ်နေသော မီးခိုးငွေ့များသည်လည်း ငြိမ်သက်သွားကာ ထူးဆန်းအံ့သြဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
နတ်ဘုရား အားလုံးသည် ဤအရာကြောင့် တုန်လှုပ်သွားကြသည်။
"ဘုရားရေ... အကြောင်းအကျိုး ဆက်နွှယ်ခြင်း စွမ်းအားပဲ၊ ဒါက နတ်ဘုရားအဆင့် ဥပဒေလေ၊ အင်မော်တယ်အဆင့် ဥပဒေ ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်"
တစ်စုံတစ်ယောက်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။ လူတိုင်းလာည်း ရင်ထဲအထိ တုန်လှုပ်သွားကြသည်။ နတ်ဘုရားအဆင့် ဥပဒေဆိုသည်မှာ ဒဏ္ဍာရီလာ အရာများ ဖြစ်သည်။ ၎င်းတို့သည် နတ်ဘုရားများအဖြစ် ကိုးကွယ်ခံရသော်လည်း ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
အမှန်တကယ်တွင် နတ်ဘုရားအဆင့် ဥပဒေ မဆိုထားနှင့်၊ အခိုင်မာဆုံးနှင့် အထက်မြက်ဆုံးသော အင်မော်တယ်အဆင့် ဥပဒေများကိုပင် သာမန်လူများ ပိုင်ဆိုင်နိုင်ခြင်း မရှိပေ။ နှစ်ပေါင်းတစ်သောင်းတိုင်အောင် လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်းဂိုဏ်းကြီးများမှသာလျှင် ၎င်းတို့ကို ပိုင်ဆိုင်နိုင်ပေသည်။
ထျန်ကျောက်ဘုံမှ နတ်ဘုရားများသည် နတ်ဘုရားများဟု ခေါ်ဆိုကြသော်လည်း ထိုရှေးဟောင်း အမွေအနှစ်များနှင့် ယှဉ်လျှင် များစွာ နိမ့်ပါးနေသေးသည်။
"သတိထားမိတာ တော်သားပဲ"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ခင်ဗျားတို့ သေတော့ သေရမှာပဲ"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်ညှိုးကို တောက်လိုက်သည်။
"ပြောင်းပြန်လှန်"
ဘုန်း!
အကြောင်းအကျိုး ဆက်နွှယ်ခြင်း စွမ်းအားဖြင့် ထိန်းချုပ်ထားသော ထိုတိုက်ခိုက်မှုများသည် ချက်ချင်းပင် ဦးတည်ချက် ပြောင်းပြန်လှည့်သွားပြီး တိုက်ခိုက်သူများကိုယ်တိုင် ပြန်လည် ပစ်မှတ်ထားလိုက်လေသည်။
"မလုပ်နဲ့"
နတ်ဘုရားတစ်ပါးက အော်ဟစ်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် အကြောင်းအကျိုး ဆက်နွှယ်ခြင်း စွမ်းအားသည် ကောင်းကင်တာအို ဥပဒေများ တိုက်ရိုက် ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သဖြင့် အမြန်နှုန်းနှင့် မသက်ဆိုင်ပေ။ ဘယ်လောက်ပင် မြန်မြန်ပြေးပါစေ ကိုယ့်အရိပ်ကိုကိုယ် ရှောင်တိမ်း၍ မရနိုင်သကဲ့သို့ပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤတိုက်ခိုက်မှုများသည် စတင် ပစ်လွှတ်လိုက်သူများ အပေါ်သို့ ကျရောက်လာပြီး သူတို့ ပေးလိုက်သော အရာများကို သူတို့ထံသို့ ပြန်ပေးလိုက်လေသည်။ ထို့အပြင် ဤတိုက်ခိုက်မှုသည် ကာကွယ်ရေးများကို လျစ်လျူရှုပြီး နတ်ဘုရား အဆင့်အတန်းကို ထိခိုက်စေသည်။
ကျယ်လောင်ပြီး နာကျင်စွာ အော်ဟစ်သံများသည် အဆုံးမရှိ ပဲ့တင်ထပ်နေသည်။ နတ်ဘုရားများသည် တစ်ပါးပြီးတစ်ပါး မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်ကုန်ကြသည်။
ထိုကဲ့သို့ ရုပ်ပျက်ဆင်းပျက်နိုင်ပြီး ရက်စက်စွာ လှပသော မြင်ကွင်းအလယ်တွင် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး အစောင့်တပ်မှူး ချင်းဟုန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒါက လှပတဲ့ ပန်းချီကားတစ်ချပ်ပဲ မဟုတ်ဘူးလား... နတ်ဘုရားဘုရင်"
သူက ပြောလိုက်သည်။ အသက်ရှင် ကျန်ရစ်သော နတ်ဘုရားများသည် ထိုစကားကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။
နတ်ဘုရားဘုရင် ဟုတ်လား၊ ဘာတွေ ဖြစ်ကုန်တာလဲ... ဒါက အစောင့်တပ်မှူး ချင်းဟုန် မဟုတ်ဘူးလား...
ရွှယ်အန်း၏ စူးရှသော အကြည့်အောက်တွင် ချင်းဟုန်၏ မျက်လုံးများထဲ၌ တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် တင်းမာခက်ထန်သွားသည်။
"အစွမ်းထက်ပုဂ္ဂိုလ်... မင်း ဘယ်လို လုပ်ပြီး သိတာလဲ"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ခင်ဗျား တော်တော်လေး လျှို့ဝှက်ထားနိုင်တာပဲ၊ ဒီ ချင်းဟုန်ရဲ့ မူလဝိညာဉ်ကိုတောင် မဖျက်ဆီးဘဲ သူ့ဝိညာဉ်ထဲမှာ ကပ်ပါးကောင်လို နေခဲ့တာကိုး၊ ဒါပေမဲ့ အဲ့ဒါတွေအားလုံး ကျုပ်ကိုတော့ မဖုံးကွယ်နိုင်ပါဘူး"
ထိုသို့ပြောနေရင်းဖြင့် ရွှယ်အန်း၏ မျက်ဝန်းထဲတွင် အအေးဓာတ်များ ပိုတိုးလာသည်။
"ခင်ဗျားက ဉာဏ်ကောင်းသားပဲ၊ အရင်တုန်းက အပြစ်တွေ အများကြီး လုပ်ထားမှန်း ကိုယ့်ကိုယ်ကိုယ် သိနေတယ်လေ... ဒါကြောင့် ခင်ဗျား ပုန်းအောင်းနေပြီး နှစ်တစ်ထောင်လောက် လူလုံးမပြဘဲ နေခဲ့တာ၊ လာမယ့်ဘေးကို ရှောင်လို့ရမယ် ထင်နေတာပေါ့... ဒါပေမဲ့ ခင်ဗျားက ပြင်ပက ကိစ္စတွေကို စိတ်မချနိုင်ပြန်ဘူး၊ ဒါကြောင့် နတ်ဘုရားဝိညာဉ် တစ်စကို လွှတ်ပြီး ဒီရုပ်သွင်ကို ယူကာ အပြင်က ကိစ္စတွေကို ထိန်းချုပ်နေခဲ့တာပဲ၊ ကျုပ်ပြောတာ... မှန်တယ်မလား"
ရွှယ်အန်း၏ စကားကို ကြားသောအခါ အသက်ရှင် ကျန်ရစ်သော နတ်ဘုရား အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သို့သော် ရွှယ်အန်း၏ စကားကို မည်သူမျှ သံသယ မဝင်ကြပေ။ အဘယ်ကြောင့်ဆိုသော် လူအများအပြားသည် လွန်ခဲ့သော ကာလကြာရှည်ကတည်းက သံသယ ဝင်နေခဲ့ကြသောကြောင့် ဖြစ်သည်။ ယခု သူပြောလိုက်သည်ကို ကြားရသောအခါ သံသယ အများအပြားကို အလွန် ကျိုးကြောင်းဆီလျော်စွာဖြင့် ရှင်းလင်းသွားစေသည်။
ချင်းဟုန်၏ မျက်နှာထားသည် တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် တိုးဖွဖွ သက်ပြင်းချလိုက်သည်။
"အစွမ်းထက်ပုဂ္ဂိုလ်... မင်းရဲ့ ခန့်မှန်းချက်က အရမ်းတိကျပါတယ်"
ထိုစကားများနှင့်အတူ ချင်းဟုန်၏ အတွင်းထဲမှ စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ နတ်ဘုရား အများအပြားသည် ချက်ချင်း ဒူးထောက်ကျသွားကြပြီး မတ်တပ်မရပ်ရဲကြတော့ပေ။
ကြီးမားခမ်းနားသော အရှိန်အဝါ လွှမ်းခြုံထားသည့် ချင်းဟုန်သည် အေးစက်စွာ ပြောလိုက်သည်။
"အစွမ်းထက်ပုဂ္ဂိုလ်... ငါ ထင်တာ မမှားဘူးဆိုရင် မင်းက လူသားဟွာမျိုးနွယ်စုက ဖြစ်ရမယ်... ဟုတ်တယ်မလား"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
"ထင်ထားတဲ့အတိုင်းပဲ"
ချင်းဟုန် သို့မဟုတ် ထျန်ကျောက် နတ်ဘုရားဘုရင်သည် စကားခေတ္တ ရပ်သွားသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ကံကြမ္မာကို ကြည့်ရှုတတ်တဲ့ အဖိုးအိုတစ်ယောက်နဲ့ ငါ တွေ့ခဲ့တယ်၊ သူက ငါ့ကို ပြောတယ်... နောက်နှစ်တစ်ထောင် ကြာရင် လူသားဟွာမျိုးနွယ်စုက အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် လက်စားချေဖို့ ရောက်လာလိမ့်မယ်တဲ့၊ ငါ ရှောင်လွှဲဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပေမယ့် ဘာမှ ပြောင်းလဲမသွားခဲ့ဘူးပဲ"
ထိုသို့ပြောကာ ထျန်ကျောက်နတ်ဘုရားဘုရင်၏ အသံထဲတွင် ခါးသီးမှု အရိပ်အယောင်များ ပြည့်နှက်လာသည်။ သူသည် ခေါင်းမော့လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"လူသားဟွာမျိုးနွယ်စုက အစွမ်းထက်ပုဂ္ဂိုလ်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ဖြစ်ခဲ့တဲ့ ကပ်ဘေးကြီးအတွက် ငါ တကယ်ပဲ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ဖြစ်ပြီးတဲ့ကိစ္စတွေကို ပြန်ပြင်လို့မှ မရတော့တာ... ငါ့ကို အသက်ချမ်းသာပေးလို့ မရနိုင်ဘူးလား"
"စိတ်မကောင်းဘူး ဟုတ်လား"
ရွှယ်အန်းက မဲ့ပြုံးပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
"ကျုပ်က ခင်ဗျားရဲ့ တောင်းပန်စကားတွေကို မလိုချင်ဘူး၊ ကျုပ် လိုချင်တာက... သွေးကြွေးအတွက် သွေးပဲ”
အခန်း (၁၁၀၇) - ရှေးဟောင်းနတ်ဘုရား ကျင်းဝူ
ထျန်ကျောက်နတ်ဘုရားဘုရင်၏ မျက်နှာထား ပြောင်းလဲသွားပြီး ယုတ်မာသော လေသံဖြင့် ပြောလိုက်သည်။
"လူသားဟွာမျိုးနွယ်စုရဲ့ အစွမ်းထက်ပုဂ္ဂိုလ်... ငါ မင်းကို ကြောက်တယ်လို့ မထင်လိုက်နဲ့၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ငါလုပ်ခဲ့တဲ့ ကိစ္စတွေက မှားချင်မှလည်း မှားမှာ"
"အို... ခင်ဗျား ဘာမှ မမှားဘူး ဟုတ်လား၊ ဒါဆိုလူသား ဟွာမျိုးနွယ်စုကပဲ မှားနေတာလား"
ရွှယ်အန်းက အေးစက်စွာ ပြန်မေးလိုက်သည်။
"အဲ့ဒါလည်း မသေချာပါဘူး၊ဘယ်သူက လူသားဟွာမျိုးနွယ်စုကို ခေါင်းမာခိုင်းလို့လဲ"
ထျန်ကျောက်နတ်ဘုရားဘုရင်က လှောင်ပြောင်လိုက်သည်။ ရွှယ်အန်း၏ အကြည့်များ ပိုမို အေးစက်လာပြီး လက်ကို ဂရုမစိုက်သည့်ဟန်ဖြင့် ဝှေ့ယမ်းလိုက်သည်။
"တော်လိုက်တော့၊ ခင်ဗျား ဘာပဲပြောပြော နောက်ထပ် ဘာမှ ပြောစရာ မလိုတော့ဘူး၊ ဒီနေ့က ခင်ဗျား သေရမယ့်နေ့ပဲ"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ချက်ချင်းပင် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။ ဤလက်သီးချက်မှ ထွက်ပေါ်လာသော အင်အားသည် အနီးနားရှိ အင်အားနည်းသော ကျင့်ကြံသူ အများအပြားကို တိုက်ရိုက် လွင့်စဉ်သွားစေသည်။
သို့သော် ထျန်ကျောက်နတ်ဘုရားဘုရင်သည် လက်သီးချက်ကို ထိပ်တိုက် မရင်ဆိုင်ဘဲ အလျင်အမြန် နောက်ဆုတ်လိုက်ရင်း လှောင်ပြောင်လိုက်သည်။
"လူသားဟွာမျိုးနွယ်စု အစွမ်းထက်ပုဂ္ဂိုလ်... ငါက မင်းကို တော်တော်လေး မျက်နှာသာ ပေးခဲ့ပြီးပြီ၊ မင်းကသာ တန်ဖိုးမထားတာ"
"ကျုပ်ကို မျက်နှာသာ ပေးတယ် ဟုတ်လား၊ ခင်ဗျားက အဲ့လောက် တန်လို့လား"
ရွှယ်အန်းက မညှာမတာ ပြန်ပြောလိုက်ပြီး သူ၏ လက်သီးချက် အရှိန်သည် ရုတ်တရက် မြန်ဆန်လာကာ အသည်းအသန် နောက်ဆုတ်နေသော ထျန်ကျောက်နတ်ဘုရားဘုရင်ကို အမှီလိုက်နိုင်ခဲ့သည်။
ဘုန်း!
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားပြီး သူ၏ သွေးများ မြေပြင်အနှံ့ ဖိတ်စင်သွားလေသည်။
ဒါအကုန်ပဲလား...
လူအများအပြား မှင်သက်သွားကြသည်။ သို့သော် ရွှယ်အန်းကမူ စိတ်အေးလက်အေး ဖြစ်သွားသည့် အရိပ်အယောင် လုံးဝ မရှိပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲအစစ်အမှန်က အခုမှ စတင်တော့မည် ဖြစ်ကြောင်း သူ သိထားသောကြောင့်ဖြစ်သည်။ ထိုစဉ်ကောင်းကင်ယံမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။
"လူငယ်ဘဝမှာ အနည်းငယ် မောက်မာတာက ကိစ္စမရှိပေမယ့် အရမ်း မောက်မာလွန်းရင်တော့ သေလမ်းရှာသလို ဖြစ်တတ်တယ်"
ထိုအသံ ထွက်ပေါ်လာပြီးနောက် မူလက ကြည်လင်နေသော အဖြူအမည်း ကောင်းကင်ယံသည် ရုတ်တရက် အရောင်မဲ့သွားပြီး ကောင်းကင်အလယ်တွင် တောက်လောင်နေသော နေမင်းကြီးတစ်စင်း ထင်ရှားစွာ ပေါ်လာလေသည်။
မြေပြင်တစ်ခုလုံးကို လင်းထိန်သွားစေသော ဤနေမင်းကြီး၏ အလင်းရောင် ပြင်းထန်မှုနှင့် အလွန်အမင်း ဖိနှိပ်ထားသော အရှိန်အဝါကြောင့် လူတိုင်း မြေကြီးပေါ်သို့ ဒူးထောက်ကျသွားကြပြီး ခေါင်းပင် မမော့နိုင်အောင် ဖြစ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းပင် ကျယ်ပြောလှသော ရင်ပြင်ပေါ်တွင် ရွှယ်အန်း တစ်ယောက်တည်းသာ မတ်မတ်ရပ်လျက် ကျန်ရစ်တော့သည်။
ရွှယ်အန်းသည် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ဆူညံသံများကို ဂရုမစိုက်ဘဲ ထိုနေမင်းကြီးကို မော့ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"ရှေးဟောင်းနတ်ဘုရား ကျင်းဝူက ငှက်အဖြစ် အသွင်ပြောင်းထားတာကိုး၊ Rနိုင်ငံ က သူတို့ကိုယ်သူတို့ မူလအစ နိုင်ငံလို့ ကြွေးကြော်ရဲတာ မဆန်းပါဘူးလေ၊ ဒီလိုဆိုရင် ခင်ဗျားလည်း အဲ့ဒီတုန်းက ကမ္ဘာမြေကနေ ထွက်လာခဲ့တဲ့ နတ်ဘုရားတစ်ပါး ဖြစ်ရမယ်"
အမှန်တကယ်တွင် ရွှယ်အန်းသည် အစကတည်းက ဤထျန်ကျောက်နတ်ဘုရားဘုရင်နှင့် ထျန်ကျောက်နတ်ဘုရားများ အားလုံး၏ နောက်ခံကို သံသယ ဝင်နေခဲ့ခြင်း ဖြစ်သည်။ ဤနတ်ဘုရားများသည် Rနိုင်ငံ တွင် ပျံ့နှံ့နေသော ဒဏ္ဍာရီများနှင့် ရှုပ်ထွေးစွာ ဆက်နွှယ်နေကြောင်း သဲလွန်စအမျိုးမျိုးက ညွှန်ပြနေသည်။
ဤနေမင်းကြီးကို မြင်လိုက်ရမှသာ ရွှယ်အန်းသည် အတည်ပြုရဲတော့သည်။ ဤထျန်ကျောက်နတ်ဘုရားဆိုသူများသည် နတ်ဘုရားဘုံ၏ မူလနတ်ဘုရားများ မဟုတ်ဘဲ မြောက်ဥရောပ နတ်ဘုရားဘုရင် အိုဒင်ကဲ့သို့ပင် အားလုံး ကမ္ဘာမြေမှ ထွက်လာခဲ့ကြသူများ ဖြစ်သည်။
ကျဆုံးသွားသော ရှေးဟောင်းနတ်ဘုရားများ၏ ဂူသင်္ချိုင်းတွင် သူ တွေ့ရှိခဲ့သော သတင်းအချက်အလက်များကို ဆက်စပ်ကြည့်လိုက်ရာ အရာအားလုံး ရှင်းလင်းသွားလေသည်။
ဤနတ်ဘုရားဘုံရှိ နတ်ဘုရားများကို အုပ်စုကြီး နှစ်ခုအဖြစ် ခွဲခြားနိုင်ဖွယ် ရှိသည်။ တစ်ခုမှာ နတ်ဘုရားဘုံ၏ မူလနတ်ဘုရားများ ဖြစ်ပြီး အခြားတစ်ခုမှာ ဘုံအသီးသီးမှ တက်လှမ်းလာကြသော နတ်ဘုရားများ ဖြစ်သည်။ ထိုအထဲတွင် လူသားဟွာမျိုးနွယ်စု နတ်ဘုရားများသည် အားအကောင်းဆုံး ဖြစ်နိုင်ခြေ ရှိသည်။
ဤထျန်ကျောက်နတ်ဘုရားများသည် နောက်ပိုင်းမှ ဤနတ်ဘုရားဘုံသို့ ဝင်ရောက်လာကြသော R နိုင်ငံမှ ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသည်။ သူတို့သည်လည်း ကမ္ဘာမြေမှ လာကြသူများ ဖြစ်ပြီး တစ်နေရာတည်းမှ ဖြစ်သောကြောင့် လူသားဟွာမျိုးနွယ်စု နတ်ဘုရားများသည် ဤထျန်ကျောက်နတ်ဘုရားအုပ်စုကို သူတို့၏ မဟာမိတ်အဖြစ် လက်ခံခဲ့ကြသည်။
၎င်းတို့ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ သူတို့၏ ကြင်နာမှုသည် ကြီးမားသော အန္တရာယ်တစ်ခုကို စိုက်ပျိုးလိုက်ခြင်း ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ကပ်ဘေးကြီး ဆိုက်ရောက်လာသောအခါ ဤထျန်ကျောက်နတ်ဘုရားများသည် ပထမဆုံး သစ္စာဖောက်ခဲ့ကြပြီး လူသားဟွာမျိုးနွယ်စု နတ်ဘုရားများကို ပြင်းထန်သော ထိုးနှက်ချက် ပေးခဲ့ကာ အဆုံးတွင် လုံးဝ ရှုံးနိမ့်သွားစေခဲ့သည်။ ထို့နောက်တွင် သူတို့သည် အလိုတူအလိုပါ ကမ္ဘာမြေသို့ တိုက်ရိုက် ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။
ဤသဲလွန်စများသည် ရွှယ်အန်း၏ စိတ်ထဲတွင် ဆက်စပ်သွားပြီး ပြီးပြည့်စုံသော ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဖြည်းညှင်းစွာ ပုံဖော်လာလေသည်။ ပဟေဠိ၏ နောက်ဆုံး အပိုင်းအစကို နေရာချလိုက်သောအခါ ရွှယ်အန်း၏ မျက်နှာသည် ရေခဲတမျှ အေးစက်သွားပြီး သူ၏ သတ်ဖြတ်လိုစိတ်များ ပိုမို ပွက်ပွက်ဆူလာလေသည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်း၏ စကားများသည် ထျန်ကျောက်နတ်ဘုရားဘုရင်ကို တန့်သွားစေပြီးနောက် အလွန်အမင်း တုန်လှုပ်သော လေသံဖြင့် အော်ဟစ်လိုက်သည်။
"မင်းက ငါ့ရဲ့ ပုံစံအစစ်ကို တကယ်ပဲ မြင်နိုင်တယ်ပေါ့၊ မင်းက သာမန် လူသားဟွာမျိုးနွယ်စုဝင် မဟုတ်ဘူးပဲ... မင်း ဘယ်သူလဲ"
ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။
"အခုမှ ဒီမေးခွန်း မေးနေတာက နည်းနည်း နောက်ကျမသွားဘူးလား"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် ပြတ်သားသော ဟန်ပန်ဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကောင်းကင်အလယ်ရှိ မောက်မာသော နေမင်းကြီးထံသို့ တည့်တည့် ဦးတည်သွားလေသည်။
"ဟွန်း၊ လူသားဟွာမျိုးနွယ်စုဝင်... ငါ အရင်က မင်းကို အသက်ချမ်းသာပေးဖို့ စဉ်းစားခဲ့သေးတယ်၊ ဒါပေမဲ့ မင်းက ငါ့ရဲ့ ပုံစံအမှန်နဲ့ ဇာစ်မြစ်ကို မြင်နိုင်မှတော့ မင်းကို အရှင်ထားလို့ မဖြစ်တော့ဘူး၊ သေလိုက်တော့..."
ဘုန်း!
မောက်မာသော နေမင်းကြီး၏ အလယ်ဗဟိုတွင် ခြေတစ်ချောင်းတည်းပါသော ကျင်းဝူငှက်တစ်ကောင် ပေါ်လာလေသည်။
ကျင်းဝူငှက် ပေါ်လာသည်နှင့် ပတ်ဝန်းကျင် အပူချိန်သည် အဆတစ်ထောင်မက ထိုးတက်သွားသည်။ အပူချိန် မြင့်မားလွန်းသဖြင့် လေထုကိုပင် ကင်ပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။ ရွှေရောင်အလင်းများ တဖျပ်ဖျပ် လက်နေသည့်ကြားတွင် ရွှယ်အန်း၏ ပုံသဏ္ဌာန်သည် တစ်ခဏမျှပင် တွန့်ဆုတ်ခြင်း မရှိဘဲ အလင်းမြူခိုး အလွှာများကို တိုက်ရိုက် ဖြတ်သန်းကာ နေမင်းကြီးအနီးသို့ ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် ပြင်းထန်သော အပူချိန်ကြောင့် ရွှယ်အန်း၏ ဆံပင်များမှာ အနည်းငယ် တွန့်လိပ်စ ပြုလာသော်လည်း ရွှယ်အန်းသည် တုံ့ဆိုင်းခြင်း မရှိဘဲ နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်လိုက်ပြန်သည်။
ဘုန်း!
သူ၏ လက်သီးချက်သည် နဂါးတစ်ကောင်ကဲ့သို့ ပျံတက်သွားပြီး ကျင်းဝူငှက်ကို တည့်တည့် ရိုက်ခတ်လိုက်သည်။ သို့သော် ဤအရာများသည် ထျန်ကျောက်နတ်ဘုရားဘုရင်ကို အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ဘဲ သူ၏ ရိုင်းစိုင်းစွာ ရယ်မောသံကိုသာ ကြားလိုက်ရသည်။
"အချည်းနှီးပဲ... မင်းက အင်မော်တယ်သခင်အဆင့် မဟုတ်သရွေ့ ငါ့ကို ထိခိုက်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး"
"မင်းအတွက်ကတော့... နောက်ထပ် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပဲ မင်းရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတော့တဲ့ အပူချိန်ကြောင့် လုံးဝ ပြိုကွဲပျက်စီးသွားလိမ့်မယ်"
ထျန်ကျောက်နတ်ဘုရားဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ သို့သော် ရွှယ်အန်းက တုန်လှုပ်ခြင်း မရှိပေ။ သူ၏ မျက်လုံးများ တောက်ပလာပြီးနောက် ဓားဆန္ဒ အလွှာပေါင်းများစွာမှာ သူ၏ ပတ်လည်တွင် ပေါ်လာလေသည်။
"မင်းက ဓားကျင့်ကြံသူ တစ်ယောက်ပါ ဖြစ်နေတာလား"
ထျန်ကျောက်နတ်ဘုရားဘုရင် အနည်းငယ် အံ့အားသင့်သွားပြီးနောက် အထင်သေးစွာ လှောင်ပြောင်လိုက်သည်။
"အသုံးမဝင်ပါဘူး၊ ငါက ရှေးဟောင်း နတ်ဘုရားသားရဲတစ်ကောင်လေ၊ သာမန် ဓားဆန္ဒလောက်နဲ့ ငါ့ကို ဘာလုပ်နိုင်မှာလဲ"
သူ့စကားဆုံးသည်နှင့် မရေမတွက်နိုင်သော တောက်ပသည့် ဓားရှည်များသည် ရွှယ်အန်း၏ ရှေ့တွင် ပေါ်လာပြီးနောက် ဓားချီ မြစ်တစ်စင်းကဲ့သို့ ထျန်ကျောက်နတ်ဘုရားဘုရင်ထံသို့ ဒေါသတကြီး ဝင်ဆောင့်လိုက်ကြသည်။
ဘုန်း! ဘုန်း! ဘုန်း!
ပေါက်ကွဲသံများကြားတွင် အစွမ်းထက်သော ဓားဆန္ဒသည် ထျန်ကျောက်နတ်ဘုရားဘုရင်ကို မီတာတစ်ရာခန့် နောက်ဆုတ်သွားစေသည်။
ဒါပေမဲ့ ထိုလောက်သာဖြစ်သည်။
ဓားအလင်းရောင်များ ကွယ်ပျောက်သွားသောအခါ မောက်မာသော နေမင်းကြီးသည် အနည်းငယ်မျှပင် မှေးမှိန်သွားခြင်း မရှိဘဲ ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ထျန်ကျောက်နတ်ဘုရားဘုရင်သည် အားရပါးရ ရယ်မောလိုက်သည်။
"လူသားဟွာမျိုးနွယ်စုဝင်... ကံတရားကို လက်ခံလိုက်တော့၊ မင်း ငါ့ရဲ့ အမွေးတစ်မျှင်ကိုတောင် ထိခိုက်အောင် မလုပ်နိုင်ပါဘူး၊ အခုပဲ လက်နက်ချလိုက်စမ်း... ဒါဆိုရင် မင်းကို မြန်မြန်ဆန်ဆန် ဇာတ်သိမ်းပေးမယ်၊ ပြီးတော့ မင်းရဲ့ လူသားဟွာမျိုးနွယ်စုအတွက် လက်စားချေဖို့ ဆိုတာကိုလည်း မေ့လိုက်တော့"
"လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက မင်းတို့ လူသားဟွာမျိုးနွယ်စု ချေမှုန်းခံခဲ့ရသလိုပဲ... နောက်ထပ် နှစ်ပေါင်းထောင်ချီ ကြာတဲ့အခါ မင်းလည်း ကျဆုံးရမှာပဲ၊ ဒါက မင်းတို့ လူသားဟွာမျိုးနွယ်စုရဲ့ ကံကြမ္မာပဲ၊ ဟားဟားဟား"
ရွှယ်အန်းသည် ရယ်မောသံများကြားတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ကံတရားကို အာခံခဲ့ကြသော ဘိုးဘေးများကဲ့သို့ပင် ခေါင်းကို မောက်မာစွာ မော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ကံကြမ္မာ ဟုတ်လား၊ လူသားဟွာမျိုးနွယ်စုရဲ့ ကံကြမ္မာက အမြဲတမ်း ကျုပ်တို့ လက်ထဲမှာပဲ ရှိတယ်၊ ပြီးတော့ ကံကြမ္မာကို ဆန့်ကျင်တယ် ဆိုတာက... ကျုပ်တို့ရဲ့ ကံကြမ္မာပဲ"
"ဟဲဟဲ... နားထောင်လို့တော့ ကောင်းသားပဲ၊ ဒါပေမဲ့ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ"
ထျန်ကျောက်နတ်ဘုရားဘုရင်က လှောင်ပြောင်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်း ပြုံးလိုက်သည်။ သူ၏ အပြုံးထဲတွင် စိန်ခေါ်လိုစိတ်များ ပြည့်နှက်နေသည်။
"ယန်အာ... ကိုယ့်ကို မင်းရဲ့ သံချပ်ကာ ခဏငှားပါဦး"
ထိုသို့ပြောကာ ရွှယ်အန်းသည် သူ၏ ရင်ဘတ်ထဲသို့ လက်နှိုက်ပြီး မှော်ရတနာဆောင်ထဲသို့ ဝင်ရောက်ကာ သူ နတ်စစ်သူကြီး ဆွေ့ဟန်ထံမှ သိမ်းယူပြီး အန်းယန်ကို ပေးထားခဲ့သော ရုပ်သေးသံချပ်ကာကို ဆွဲထုတ်လိုက်လေသည်။