အခန်း (၁၁၀၈-၁၁၁၀)
Vol. 74 Ch. 1108-1110
အခန်း (၁၁၀၈) - ကြိုးကိုငင်၍ မြှားဖြင့်ချိန်ရွယ်ခြင်း
"ဒါက..."
ထျန်ကျောက်နတ်ဘုရားဘုရင်သည် အစပိုင်းတွင် အံ့သြတကြီး ဖြစ်သွားပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။
"ဒါက ဆွေ့ဟန်ရဲ့ အဂ္ဂိရတ်သံချပ်ကာပဲ"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မှန်တယ်... ဒါပေမဲ့ အခုတော့ ကျုပ်ပိုင်သွားပြီ"
ရွှယ်အန်းသည် သူ၏ လက်ထဲမှ ရွှေရောင်တံဆိပ်တုံးကို ဆုပ်ကိုင်ထားကာ အေးစက်စွာ ပြောလိုက်သည်။
"အင်မော်တယ်သခင် အဆင့်အောက် ဘယ်သူမှ ခင်ဗျားကို မထိခိုက်စေနိုင်ဘူးလို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်လား၊ဒီနေ့ ခင်ဗျားကို မြန်မြန်ဆန်ဆန် သေသွားအောင် ကျုပ် လုပ်ပေးမယ်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် တံဆိပ်တုံးကို ပြင်းထန်စွာ ဖိချလိုက်သည်။ ရွှေရောင်တံဆိပ်တုံးသည် သက်ဝင်လှုပ်ရှားလာပြီးနောက် မရေမတွက်နိုင်သော ဂီယာများကို ရုတ်တရက် ထုတ်လွှတ်လိုက်ကာ ရူးသွပ်စွာ စတင် လည်ပတ်လေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဂ္ဂိရတ်သံချပ်ကာသည် စက်ဝိုင်းခြမ်းပုံသဏ္ဌာန်ရှိသော ထူးထူးဆန်းဆန်း ပုံကြီးချဲ့ထားသည့် အရာဝတ္ထုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ၎င်းမှ အေးစက်သော အရောင်အလင်းများ ဖြာထွက်နေလေသည်။
လူတိုင်း အနည်းငယ် နားမလည်နိုင် ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘာပစ္စည်းဖြစ်ကြောင်း သူတို့ မခွဲခြားနိုင်သောကြောင့် ဖြစ်သည်။ ထျန်ကျောက်နတ်ဘုရားဘုရင်သည် အစပိုင်းတွင် လန့်ဖျပ်သွားသော်လည်း နောက်ပိုင်းတွင် လှောင်ပြောင်လိုက်သည်။
"ဒီလောက် ဟိတ်ဟန်ထုတ်နေပြီးတော့ နောက်ဆုံးကျမှ မီးမွှေးတဲ့ တုတ်ချောင်းလောက်ပဲ ရတာကိုး၊ ဘာလဲ... မင်းက ဒါနဲ့ ငါ့ကို ထိုးသတ်မလို့လား"
သူသည် နောက်တစ်ကြိမ် အားရပါးရ ရယ်မောလိုက်ပြန်သည်။ သို့သော် ရွှယ်အန်းသည် လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်သည်။ ရုတ်ခြည်းပင် အရပ်မျက်နှာ အသီးသီးမှ တိမ်တိုက်များ စုစည်းလာပြီး လေပြင်းများ တိုက်ခတ်လာသည်။ လောကတစ်ခုလုံး၏ လေထုကို ရွှယ်အန်း၏ ဝင်သက်လေက စုပ်ယူလိုက်သကဲ့သို့ ဖြစ်သွားပြီးနောက် အထက် ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ဓားချီအလင်းတန်းများ ပေါ်လာလေသည်။
ဓားချီများသည် ကမ္ဘာကို လွှမ်းခြုံမည့် ဒီရေလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဆင်းသက်လာပြီး ၎င်း၏ အရှိန်အဝါသည် ပြင်းထန်လွန်းသဖြင့် မြေကြီးကိုပင် တုန်ခါသွားစေသည်။
ထျန်ကျောက်နတ်ဘုရားဘုရင်သည် အံ့အားသင့်သွားသော်လည်း သိပ်ပြီး အလေးမထားသေးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရှေးဟောင်း ဆန်းကြယ်သားရဲ တစ်ကောင်ဖြစ်သဖြင့် သူ၏ ပုံသဏ္ဌာန်အမှန်ကို ထုတ်ဖော်လိုက်ရုံဖြင့် အင်မော်တယ်သခင်အဆင့်အောက် တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော အရည်အသွေးကြောင့်ပင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးတွင် သူသည် တောက်ပစွာ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသော လူသားဟွာမျိုးနွယ်စု နတ်ဘုရားများနှင့် ကျင့်ကြံသူ အရေအတွက်မှာ ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလှသည်။
လွန်ခဲ့သော နှစ်တစ်ထောင်က အနာဂတ်ဟော အဘိုးအို၏ သတိပေးချက်သာ မရှိခဲ့လျှင် သူသည် ပုန်းအောင်းနေမည်ပင် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကိစ္စများကို ဘယ်သောအခါမှ နှလုံးသွင်းလေ့ မရှိဘဲ အမှန်တကယ်တွင် ထိုအချက်ကိုပင် ဂုဏ်ယူနေတတ်သူ ဖြစ်သည်။
"ဟဲဟဲ... မဆိုးတဲ့ ဓားဆန္ဒပဲ၊ ဒါပေမဲ့ ငါ ပြောပြီးပြီလေ... ဒီအရာတွေက ငါ့အတွက် အသုံးမဝင်ပါဘူးလို့၊ ဒါကြောင့် မင်းရဲ့ အားအင်တွေကို ချွေတာထားဖို့ ငါ အကြံပေးချင်တယ်"
ထျန်ကျောက်နတ်ဘုရားဘုရင်က ပျင်းရိသော လေသံဖြင့် ပြောလိုက်သည်။ သို့သော် ထိုအချိန်၌ပင် မရေမတွက်နိုင်သော ဓားချီအလင်းတန်းများသည် စတင် ပေါင်းစည်းလာပြီး ရွှယ်အန်းထံသို့ ဦးတည်နေသော ကြီးမားသည့် ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်း၏ ပစ်မှတ်မှာ ရွှယ်အန်း လက်ထဲရှိ ထူးဆန်းသော လက်နက်ဖြစ်သည်။
တောက်ပသော အလင်းရောင်များ လွှမ်းခြုံထားသည့်ကြားတွင် ဓားချီအမျှင်တန်းများသည် ပိုးချည်မျှင်များကဲ့သို့ ထိုလက်နက်ထဲသို့ ရူးသွပ်စွာ စီးဝင်သွားကြသည်။ ထို့နောက် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန်ရှိသော ထိုလက်နက်၏ အစွန်းနှစ်ဖက်သည် စတင် တောက်ပလာပြီး တစ်ခုနှင့်တစ်ခု ထိစပ်သွားသည်အထိ ရှည်ထွက်လာကြသည်။
၎င်းတို့ ထိစပ်သွားသည့် အချိန်တွင် အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် ထိုလက်နက်မှ ထွက်ပေါ်လာလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံ့သြမှင်သက်သွားကြသည်။
"ဒါ... ဒါက ဒူးလေးပဲ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ မှန်ပေသည်။ ယခု ရွှယ်အန်း၏ လက်ထဲတွင် ပေါ်လာသော အရာသည် ပုံသဏ္ဌာန် ထူးဆန်းသော်လည်း ယုံကြည်နိုင်စရာ မရှိလောက်အောင် ခမ်းနားထည်ဝါပြီး အစွမ်းထက်သော ဒူးလေးတစ်လက် ဖြစ်နေလေသည်။
ထိုဒူးလေးကို မြင်လိုက်ရသောအခါ ယခုအချိန်ထိ ဂရုမစိုက်ဘဲ နေခဲ့သော ထျန်ကျောက်နတ်ဘုရားဘုရင်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ အလိုအလျောက် မိုင်ပေါင်းများစွာ နောက်ဆုတ်သွားမိသည်။ ထို့နောက် သူ၏ အသံသည် တုန်ရီနေပြီး အော်ဟစ်လိုက်သည်။
"မင်း... မင်း ဘာလုပ်မလို့လဲ"
ရွှယ်အန်းက ရက်စက်စွာ ပြုံးလိုက်သည်။
"ဘာလုပ်မလို့လဲ ဟုတ်လား၊ သေချာတာပေါ့... ခင်ဗျားကို သတ်မလို့လေ"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်ကိုမြှောက်၍ အော်ဟစ်လိုက်သည်။
"မြှား လာခဲ့"
ဘုန်း!
သူ၏ အမိန့်ပေးသံနှင့်အတူ ဓားချီများဖြင့် ဖွဲ့စည်းထားသော ဝဲကတော့ကြီးသည် ရူးသွပ်စွာ စတင် ကျုံ့ဝင်လာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မူလက ကောင်းကင်ကို ဖုံးလွှမ်းထားသော အဆုံးမရှိ ဓားချီများသည် သုံးပေမျှသာ ရှည်လျားသော်လည်း မျက်စိကျိန်းလောက်အောင် တောက်ပနေသော ငွေရောင်မြှားတစ်စင်းအဖြစ် ပြောင်းလဲသွားလေသည်။
ထိုမြှားမှာ ရွှယ်အန်း၏ လက်ထဲသို့ ရောက်ရှိသွားသောအခါ ထျန်ကျောက်နတ်ဘုရားဘုရင်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အမှတ်တရများကို ပြန်လည် သတိရလိုက်မိသကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
ရွှယ်အန်းသည် ထိုအရာကို ဂရုမစိုက်ပေ။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူ၏ ရှေ့ရှိ ထျန်ကျောက်နတ်ဘုရားဘုရင်ကို သတ်ဖြတ်ရန်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ကြိုးကို ငင်လိုက်ပြီး မြှားကို တပ်ဆင်ကာ နေမင်းကြီးကို ချိန်ရွယ်လိုက်လေသည်။
သူ၏ အရှိန်အဝါသည် ပစ်မှတ်ကို ချိန်မှတ်လိုက်ပြီ ဖြစ်သဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထျန်ကျောက်နတ်ဘုရားဘုရင်သည် အလွန်အမင်း ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူး... မင်းက ဘယ်လိုလုပ်ပြီး ဒီလိုအရှိန်အဝါမျိုး ပိုင်ဆိုင်ထားနိုင်တာလဲ"
ထိုသို့ပြောနေရင်းဖြင့် မူလက ကောင်းကင်အလယ်တွင် ချိတ်ဆွဲထားသော နေမင်းကြီးသည် လေးကြိုးသံ ကြားလိုက်ရသော ငှက်တစ်ကောင်ကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးလေတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အသက်ရှင် ကျန်ရစ်သော နတ်ဘုရား စစ်သည်တော်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သူတို့၏ အမြင်တွင် စွမ်းအားကြီးသော နတ်ဘုရားဘုရင်သည် သာမန် လေးနှင့်မြှားလေး တစ်စင်းကြောင့် ကြောက်လန့်တကြား ထွက်ပြေးနေရသည်လား။
ဒါက လုံးဝ စဉ်းစားလို့မရတဲ့ ကိစ္စပဲ...
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များသည် တဖြည်းဖြည်း ကွေးတက်သွားပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"နှစ်တွေ အများကြီး ကြာသွားတာတောင် ခင်ဗျားတို့ ကျင်းဝူမျိုးနွယ်က လေးနဲ့မြှားကို ကြောက်တဲ့စိတ် မပျောက်သေးဘူးပဲ"
"ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ပဲ ပြေးပြေး... ဒီနေ့ ခင်ဗျား သေဖို့ ကံပါလာပြီးသား"
"ကြည့်နေလိုက်... ဒီမြှားတစ်စင်းတည်းနဲ့ နေကို ပစ်ချပြမယ်"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် ကြိုးကို ကိုင်ထားသော လက်ကို လွှတ်လိုက်လေသည်။ အလွန်တိုးဖွသော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ငွေရောင်မြှားသည် တိတ်ဆိတ်စွာ ပျံသန်းထွက်ခွာသွားသည်။ ၎င်းသည် လေဟာနယ်ကို ချက်ချင်း ဖောက်ထွင်းသွားပြီး အသည်းအသန် ထွက်ပြေးနေသော ထျန်ကျောက်နတ်ဘုရားဘုရင်ထံသို့ တည့်တည့် တိုးဝင်သွားလေသည်။
ထျန်ကျောက်နတ်ဘုရားဘုရင်သည် အနောက်မှ လိုက်ပါလာသော အရှိန်အဝါကို ခံစားမိလိုက်သောအခါ ကြောက်လန့်၍ အသက်ဝိညာဉ် လွင့်ပျောက်မတတ် ဖြစ်သွားလေသည်။
"မလုပ်နဲ့"
သို့သော် မည်သည့်အရာကမျှ မလွဲမသွေ ဖြစ်လာမည့် ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ သူ၏ သနားစဖွယ် အော်ဟစ်သံနှင့်အတူ ပြိုင်ဘက်ကင်း အစွမ်းထက်သော ငွေရောင်မြှားသည် သူ့ကို ဖောက်ထွင်းသွားလေသည်။
ဘုန်း!
အသံအက်အက် တစ်ချက် ထွက်ပေါ်လာပြီးနောက် ကမ္ဘာလောကကို အလင်းပေးနေသော မောက်မာသည့် နေမင်းကြီးသည် ချက်ချင်း မှေးမှိန်သွားပြီး အကြိမ်အနည်းငယ် တဖျပ်ဖျပ် လက်ပြီးနောက် လုံးဝ ငြိမ်းသတ်သွားလေသည်။
တစ်ချိန်တည်းမှာပင် လူပုံသဏ္ဌာန်တစ်ခုသည် မြင့်မားသော ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာပြီးနောက် ယိုင်နဲ့နဲ့ဖြင့် ပြုတ်ကျလာလေသည်။ ထိုအခါမှသာ လူအများသည် ထိုပုံသဏ္ဌာန်မှာ ဖြူဖျော့သော မျက်နှာနှင့် ကောက်ကျစ်သော မျက်နှာထားရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ကြောင်း သေချာစွာ မြင်တွေ့လိုက်ရသည်။
"နတ်ဘုရားဘုရင်ပဲ"
အသက်ရှင် ကျန်ရစ်သော နတ်ဘုရားများသည် အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။ ယခုအချိန်တွင် ထျန်ကျောက်နတ်ဘုရားဘုရင်သည် သိသာထင်ရှားစွာပင် ဒဏ်ရာရထားပြီး လျင်မြန်စွာ ပြုတ်ကျနေသည်။ ရွှယ်အန်းသည် သူ့ကို လွှတ်ပေးရန် ဆန္ဒမရှိဘဲ ခြေတစ်လှမ်း လှမ်းကာ သူ့ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
"ခုနက မြှားတစ်စင်းက ခင်ဗျားလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ လူသားဟွာမျိုးနွယ်စု စစ်သည်တော်တွေ အတွက်ပဲ"
"ဒီလက်သီးချက်ကတော့... ခင်ဗျားကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့သူတွေ အားလုံးအတွက်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းက တိုးဖွဖွ အော်ဟစ်လိုက်သည်။
"ပေါင်းစည်းစမ်း"
ထို့နောက် သူသည် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ နတ်ဘုရားသတ် နည်းစနစ်ခြောက်သွယ်သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေလောက်အောင် အစွမ်းထက်လှသည်။ ထျန်ကျောက်နတ်ဘုရားဘုရင်က အော်ဟစ်လိုက်သည်။
"အသက်ချမ်းသာ..."
သူ တောင်းပန်စကား မဆုံးခင်မှာပင် ရွှယ်အန်း၏ လက်သီးချက် ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဘုန်း!
ထျန်ကျောက်နတ်ဘုရားဘုရင်သည် လွင့်စဉ်သွားပြီး လေထဲတွင် ပေါက်ကွဲသွားလေသည်။ ရွှေရောင်သွေးများသည် ကောင်းကင်အနှံ့ ပြန့်ကျဲသွားပြီး ကောင်းကင်ယံကို သွေးရောင် လွှမ်းသွားစေသည်။ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး...
ကျင်းဝူငှက်၏ အစွမ်းထက်သော အသက်စွမ်းအားကြောင့် ရွှယ်အန်း၏ လက်သီးချက်ဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားသော်လည်း သူ၏ အကြွင်းအကျန်များသည် ခဏအတွင်း ပြန်လည် ပေါင်းစည်းသွားပြီး ပြန်လည် ရှင်သန်လာနိုင်လေသည်။
ရွှယ်အန်းသည် ဤအချက်ကို ကြိုတင်တွက်ဆထားပြီး ဖြစ်သဖြင့် ထျန်ကျောက်နတ်ဘုရားဘုရင် ပြန်လည် ရှင်သန်လာသည်နှင့် တပြိုင်နက် သူသည် ထိုနေရာသို့ ထပ်မံ ရောက်ရှိသွားပြီး လက်သီးကို မြှောက်လိုက်ပြန်သည်။
"ဒါက လူသားဟွာမျိုးနွယ်စု နတ်ဘုရားတွေအတွက်"
ဘုန်း!
ထျန်ကျောက်နတ်ဘုရားဘုရင် နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။ ထို့နောက် သူ နောက်တစ်ကြိမ် ပြန်လည် ရှင်သန်လာပြန်သည်။
"ဒါက ခင်ဗျား သတ်ဖြတ်ခဲ့တဲ့ ဟွာမျိုးနွယ်စု သာမန်လူသားတွေအတွက်!"
ဘုန်း! ဘုန်း! ဘုန်း!
ထိုသို့ဆက်တိုက် ထွက်ပေါ်လာသော အသံအက်အက်များကြားတွင် ထျန်ကျောက်နတ်ဘုရားဘုရင်သည် လူသားသဲအိတ် တစ်လုံးကဲ့သို့ ရွှယ်အန်း၏ လက်ချက်ဖြင့် အကြိမ်ကြိမ် အပိုင်းပိုင်းအစစ ဖောက်ခွဲခံနေရလေသည်။ ထိုအဖြစ်ဆိုး မြင်ကွင်းသည် ကြည့်ရှုနေသူ အားလုံးကို မှင်သက်ပြီး တိတ်ဆိတ်သွားစေခဲ့လေသည်။
အခန်း (၁၁၀၉) - ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ချေမှုန်းခံရခြင်း
အဆုံးတွင် အကြိမ်ကြိမ် ပြန်လည်မွေးဖွားပြီးနောက် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ပုံသဏ္ဌာန်နှင့် အရှိန်အဝါသည် အလွန်အမင်း အားနည်းသွားလေသည်။ ရွှယ်အန်း နောက်ထပ်တစ်ကြိမ် ရိုက်နှက်ရန် ပြင်လိုက်သောအခါ အားအင်ကုန်ခမ်းနေပြီဖြစ်သော ထျန်ကျောက်နတ်ဘုရားဘုရင်သည် သနားစဖွယ် ညည်းတွားအော်ဟစ်လိုက်သည်။
"တော်ပါတော့"
ရွှယ်အန်း၏ လက်သီးသည် သူ၏ နှာခေါင်းအထက်နားတွင် ရပ်တန့်သွားပြီး ပေါ့ပါးစွာ မေးလိုက်သည်။
"ဘာကို တော်ပါတော့လဲ"
ထျန်ကျောက်နတ်ဘုရားဘုရင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖော်ပြ၍မရနိုင်လောက်အောင် သနားစဖွယ် ကောင်းသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် အရှုံးပေးပါပြီ၊ ကျေးဇူးပြုပြီး ဆက်မရိုက်ပါနဲ့တော့၊ ထပ်ရိုက်ရင် ကျွန်တော် တကယ် သေပါတော့မယ်"
နတ်ဘုရားများ အားလုံးသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။ မျက်ရည်ကျလုနီးပါး ဖြစ်နေသော ဤလူသည် ထျန်ကျောက်ဘုံကို နှစ်ပေါင်းတစ်သောင်းတိုင် အုပ်စိုးခဲ့သော၊ လူတိုင်း လေးစားကြည်ညိုရသည့် နတ်ဘုရားဘုရင်အစစ် ဟုတ်ပါရဲ့လား။ မည်သို့ပင်ကြည့်ကြည့် ဒီမြင်ကွင်းက အရမ်း ထူးဆန်းပြီး ဖြစ်နိုင်ခြေ မရှိသလို ခံစားရသည်။
ရွှယ်အန်း မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
"အိုး... ခင်ဗျား အသက်ရှင်ချင်တယ်ပေါ့"
ထျန်ကျောက်နတ်ဘုရားဘုရင်သည် ကြက်သွန်ဖြူထောင်းသကဲ့သို့ ခေါင်းကို တရစပ် ညိတ်လိုက်သည်။
"ဒီတစ်ခါ ကျွန်တော့်အသက်ကို ချမ်းသာပေးမယ်ဆိုရင် အရှင် ခိုင်းတာမှန်သမျှ အကုန်လုပ်ပေးပါ့မယ်"
ရွှယ်အန်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လက်သီးကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။ ထျန်ကျောက်နတ်ဘုရားဘုရင်သည် သက်ပြင်းအနည်းငယ် ချလိုက်မိသည်။ ထိုအချိန်တွင် ရွှယ်အန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"အသက်ရှင်ချင်တယ် ဆိုတာက မဖြစ်နိုင်ဘူးတော့ မဟုတ်ပါဘူး..."
ထျန်ကျောက်နတ်ဘုရားဘုရင်၏ ရင်ထဲတွင် ဝမ်းသာမှုများ လှိုင်ခနဲ ဖြစ်ပေါ်လာပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"အရှင် အမိန့်သာ ရှိပါ၊ ဘာပဲဖြစ်ဖြစ် အရှင့်အတွက် ကျွန်တော် လုပ်ပေးနိုင်ပါတယ်၊ ကျွန်တော်..."
ရွှယ်အန်းက လက်ကာပြလိုက်ပြီး စူးရှသော အကြည့်ဖြင့် ပြောလိုက်သည်။
"ပြောစမ်း... လူသားဟွာမျိုးနွယ်စုကို သတ်ဖြတ်ခဲ့တဲ့ တကယ့် တရားခံအစစ်က ဘယ်သူလဲ၊ ဒါကို ပြောပြရင် ခင်ဗျားကို အခုချက်ချင်း လွှတ်ပေးမယ်"
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ဝမ်းသာပီတိ ဖြစ်နေသော ထျန်ကျောက်နတ်ဘုရားဘုရင်၏ မျက်နှာသည် ချက်ချင်း မီးခိုးရောင် သမ်းသွားလေသည်။
"အ... အရှင်... ကျွန်တော် မပြောချင်လို့ မဟုတ်ပါဘူး၊ တကယ် မသိလို့ပါ"
ထျန်ကျောက်နတ်ဘုရားဘုရင်က ထိတ်လန့်တကြား ပြောလိုက်သည်။ ရွှယ်အန်း၏ မျက်နှာထားမှာ ပိုမို အေးစက်လာသည်။
"ခင်ဗျား မသိဘူး ဟုတ်လား... ဒါဆို ဘာလို့ ခင်ဗျားတို့ ထျန်ကျောက်နတ်ဘုရားတွေက ရုတ်တရက် သစ္စာဖောက်ပြီး လူသားဟွာမျိုးနွယ်စုကို ဘာမဆို ပေးဆပ်ပြီး တိုက်ခိုက်ခဲ့ကြတာလဲ"
ဤစစ်ဆေးမေးမြန်းမှုသည် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေပြီး သူသည် ထစ်အစွာဖြင့် ပြောလိုက်သည်။
"အ... အရှင်... ကျွန်တော်..."
"ဒါမှမဟုတ် ခင်ဗျားက မပြောချင်တာလား၊ ကျုပ်ကို လှည့်စားဖို့ ကြိုးစားနေတာလား"
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်ပြီးနောက် လက်သီးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
"အရှင်... အရှင်... စကားကို ဖြည်းဖြည်းပြောပါ၊ ကျေးဇူးပြုပြီး လက်မပါနဲ့"
ထျန်ကျောက်နတ်ဘုရားဘုရင်က အလျင်အမြန် အော်ဟစ်လိုက်သည်။ ရွှယ်အန်းသည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး တစ်လုံးချင်း ပီသစွာ ပြောလိုက်သည်။
"ကဲ... ဘာဖြစ်ခဲ့လဲဆိုတာ အခု ပြောတော့"
ထျန်ကျောက်နတ်ဘုရားဘုရင်သည် ရှည်လျားစွာ သက်ပြင်းချလိုက်ပြီးနောက် ခေါင်းငုံ့ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"အရှင်... တကယ်လို့ အရှင်က နောက်ကွယ်က တရားခံအစစ်ကို မေးနေတာဆိုရင်တော့ ကျွန်တော် တကယ် မသိပါဘူး"
"ဟမ်..."
ရွှယ်အန်း မျက်ခုံးပင့်လိုက်သည်။
"စိတ်မလောပါနဲ့ အရှင်၊ ဒီကိစ္စတွေက ကျွန်တော် လက်လှမ်းမီတဲ့ ကိစ္စတွေ မဟုတ်လို့ပါ... ကျွန်တော် ကမ္ဘာမြေကို သွားတုန်းကလည်း လူသားဟွာမျိုးနွယ်စုကို သတ်ဖြတ်ခဲ့တဲ့ သူတွေကို သေချာ မမြင်ခဲ့ရပါဘူး၊ ကျွန်တော်တို့ ထျန်ကျောက်နတ်ဘုရားတွေ ရုတ်တရက် သစ္စာဖောက်ခဲ့ရတဲ့ အကြောင်းရင်းကတော့..."
ထျန်ကျောက်နတ်ဘုရားဘုရင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းမော့ကာ လေးနက်စွာ ပြောလိုက်သည်။
"အရှင်သခင်လီဟိန်က ကျွန်တော့်ကို ကတိပေးခဲ့လို့ပါ၊ တကယ်လို့ လူသားဟွာမျိုးနွယ်စုကို သစ္စာဖောက်ရင် ကျွန်တော့်အတွက် ကိုယ်ပိုင် နတ်ဘုရားဘုံတစ်ခု ပေးသနားပြီး နယ်မြေတစ်ခုရဲ့ စစ်မှန်တဲ့ နတ်ဘုရားဘုရင် ဖြစ်စေရမယ်လို့ ပြောခဲ့လို့ပါ"
"အရှင်သခင်လီဟိန် ဟုတ်လား"
ရွှယ်အန်း၏ မျက်နှာထားသည် တဖြည်းဖြည်း တင်းမာလာသည်။
သူ့ကို မဟာပိတ်လှောင်ခြင်းနည်းစနစ်အသုံးပြုပြီး သံသရာလည်ခြင်းကမ္ဘာ ထဲသို့ ပို့လိုက်သူများမှာ လီဟိန်အရှင်သခင်၏ လူများဖြစ်ကြောင်း သူ မှတ်မိသည်။ ထိုနောက်ပိုင်း ကမ္ဘာမြေသို့ သွားရောက်ပြီး လူသားဟွာမျိုးနွယ်စုကို ထပ်မံ သတ်ဖြတ်ရန် ကြိုးစားခဲ့သူမှာလည်း လီဟိန်အရှင်သခင်၏ သားပင် ဖြစ်သည်။
ဤအဖြစ်အပျက်များကို ရွှယ်အန်း မမေ့ခဲ့ပေ။ အမှန်တကယ်တွင် သူသည် ထျန်ကျောက်ဘုံကိစ္စ ပြီးသည်နှင့် လီဟိန်ကောင်းကင်ဘုံသို့ သွားရောက်ရန် နည်းလမ်းရှာပြီး ထိုယုတ်မာသော လီဟိန်အရှင်သခင်နှင့် စာရင်းရှင်းရန် ရည်ရွယ်ထားပြီး ဖြစ်သည်။ သို့သော် ယခု ထျန်ကျောက်နတ်ဘုရားဘုရင် ပြောစကားအရ ထိုစစ်ပွဲကြီး၏ နောက်ကွယ်မှ ကြိုးကိုင်သူသည်လည်း လီဟိန်အရှင်သခင် ဖြစ်နေပုံရသည်။ သဘာဝကျစွာပင် ဤအချက်သည် ရွှယ်အန်း၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ပိုမို ပြင်းထန်လာစေသည်။
ထျန်ကျောက်နတ်ဘုရားဘုရင်သည် ရွှယ်အန်း၏ တုံ့ပြန်မှုကို ကြည့်ပြီး ရွှယ်အန်း မည်သည့်အရာတွေးနေသည်ကို ရိပ်မိသဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ထို့နောက် သူက ဆက်ပြောသည်။
"အရှင်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ဖြစ်ခဲ့တဲ့ ကပ်ဘေးကြီးက ကျွန်တော့်လို နတ်ဘုရားအသေးစားလေးတစ်ပါး ပါဝင်ပတ်သက်နိုင်တဲ့ အတိုင်းအတာထက် အများကြီး ကြီးမားလွန်းပါတယ်၊ ဒါပေမဲ့ လီဟိန်အရှင်သခင်ကတော့ တစ်ခုခု သိနေတာ သေချာပါတယ်၊ တကယ်လို့ အရှင်က အမှန်တရားကို သိချင်ရင် သူ့ကို သွားရှာတာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်"
ရွှယ်အန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်နေသည်။
ထိုအချိန်တွင် မူလက အားနည်းနေသော ထျန်ကျောက်နတ်ဘုရားဘုရင်၏ ပုံသဏ္ဌာန်သည် တဖြည်းဖြည်း ပိုမို ခိုင်မာလာလေသည်။ အဘယ်ကြောင့်ဆိုသော် အစောက စကားပြောနေစဉ်အတွင်း သူသည် အင်အားများကို တိတ်တဆိတ် စုစည်းနေခဲ့သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သူသည် ရွှယ်အန်းအပေါ် အလွန် ကြောက်ရွံ့နေပြီ ဖြစ်သည်။
အသက် (၂၀) ကျော်သာ ရှိပုံရသော ဤဝတ်ရုံဖြူလူငယ်တွင် အဆုံးမရှိသော နည်းဗျူဟာများ ရှိနေသည်။ သူ၏ ဇာစ်မြစ်ကို တစ်ချက်တည်းနှင့် ကြည့်ရှုနိုင်ရုံသာမက ဟုန်ယီ၏ နည်းစနစ်ကိုပါ အသုံးပြုနိုင်ပြီး မြှားတစ်စင်းတည်းနှင့် သူ့ကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။ ဤအရာများသည် ထျန်ကျောက်နတ်ဘုရားဘုရင်ကို ရွှယ်အန်းအပေါ် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေခဲ့သည်။
ထို့ကြောင့် သူသည် လွတ်မြောက်ရန် အခွင့်အရေးတစ်ခုအတွက် အင်အားကို တိတ်တဆိတ် စုစည်းနေခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... ငါ ဘေးကင်းတဲ့နေရာကို ထွက်ပြေးလွတ်မြောက်သွားတာနဲ့ မင်းကို ရှင်းပစ်မယ့်လူတွေ သေချာပေါက် ရှိလာမှာပဲ
ထျန်ကျောက်နတ်ဘုရားဘုရင်သည် စိတ်ထဲတွင် ယုတ်မာစွာ ကျိန်ဆိုလိုက်သည်။ သို့သော် ထိုအတွေးဝင်လာရုံ ရှိသေးသည်။ ခေါင်းငုံ့၍ တိတ်ဆိတ်နေသော ရွှယ်အန်းသည် ရုတ်တရက် လက်လှမ်းလိုက်ပြီး ထျန်ကျောက်နတ်ဘုရားဘုရင်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်လေသည်။
ဘေးကင်းရာသို့ ရောက်လျှင် မည်သည့်အရာ လုပ်မည်ကို ကြံစည်နေသော ထျန်ကျောက်နတ်ဘုရားဘုရင်သည် လန့်ဖျပ်သွားပြီး ရုန်းကန်ရန် ကြိုးစားလိုက်သော်လည်း မလှုပ်ရှားနိုင်တော့ကြောင်း ထိတ်လန့်စွာ သိရှိလိုက်ရသည်။
"ဘာ... ဘာလုပ်မလို့လဲ... ကျွန်တော် သိသမျှ အကုန် ပြောပြပြီးပြီလေ၊ ကျွန်တော့်ကို အသက်ချမ်းသာပေးမယ်လို့ ပြောထားတယ်မဟုတ်လား၊ လူသားဟွာမျိုးနွယ်စုတွေက ကတိသစ္စာ တည်တယ် မဟုတ်ဘူးလား... အရှင် ကတိဖျက်လို့ မရဘူးလေ"
ထျန်ကျောက်နတ်ဘုရားဘုရင်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"ကတိသစ္စာ ဟုတ်လား"
ရွှယ်အန်းက အေးစက်စွာ ရယ်မောလိုက်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်ကာ ထျန်ကျောက်နတ်ဘုရားဘုရင်ကို စိုက်ကြည့်လိုက်သည်။
"ခင်ဗျားလိုလူကများ ကတိသစ္စာအကြောင်း ပြောရဲသေးတယ်ပေါ့"
"ပြီးတော့... ခုနက ခင်ဗျား လွတ်မြောက်သွားရင် ကျုပ်ကို ဘယ်လိုပြန်လုပ်မလဲ ဆိုတာ တွေးနေတာ မဟုတ်ဘူးလား"
ရွှယ်အန်း၏ စကားကြောင့် ထျန်ကျောက်နတ်ဘုရားဘုရင်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပြီးနောက် အော်ဟစ်လိုက်သည်။
"ငါ ပြောလိုက်မယ်၊ မင်းသာ ငါ့ကို သတ်ရဲရင် လီဟိန်အရှင်သခင်နဲ့ တခြား အစွမ်းထက်ပုဂ္ဂိုလ်တွေက မကြာခင် သိသွားကြလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် မင်း အဆုံးမရှိတဲ့ လိုက်လံတိုက်ခိုက်မှုတွေကို ခံရဖို့သာ ပြင်ထားပေတော့"
ရွှယ်အန်း၏ အကြည့်သည် ရေခဲတမျှ အေးစက်နေသည်။
"လိုက်လံတိုက်ခိုက်မှု ဟုတ်လား"
ထို့နောက် သူက ခေါင်းခါလိုက်သည်။
"မပူပါနဲ့၊ သူတို့ ကျုပ်ကို လိုက်ရှာစရာ မလိုပါဘူး၊ ဘာလို့လဲဆိုတော့ ကျုပ်က သူတို့ရဲ့ အိမ်တိုင်ရာရောက် ရောက်နှင့်နေမှာ မို့လို့ပဲ"
ရွှယ်အန်း၏ စကားထဲမှ အေးစက်မှုကြောင့် ထျန်ကျောက်နတ်ဘုရားဘုရင်သည် တစ်ခဏမျှ စကားမပြောနိုင် ဖြစ်သွားရသည်။
ရွှယ်အန်းသည် နတ်ဘုရားဘုရင်၏ လည်ပင်းကို ကိုင်ထားလျက် ရင်ပြင်ပေါ်တွင် ကျောက်ရုပ်များကဲ့သို့ မှင်သက်နေကြသော နတ်ဘုရားများကို ငုံ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မြေအောက်ရောက်ရင် ကျုပ်ရဲ့ လူသားဟွာမျိုးနွယ်စု ဘိုးဘေးတွေကို ဒူးထောက်ပြီး တောင်းပန်ဖို့ မမေ့နဲ့"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း၏ လက်သည် ရုတ်တရက် တင်းကြပ်သွားသည်။
ထျန်ကျောက်နတ်ဘုရားဘုရင်သည် ထိုလွှမ်းမိုးနိုင်စွမ်းရှိသော အင်အားကြောင့် ချက်ချင်း အသက်ရှူကျပ်သွားပြီး မျက်နှာသည်လည်း ခရမ်းရောင် ရင့်ရင့်သို့ ပြောင်းလဲသွားသည်။ ဤအချိန်တွင် ကယ်တင်ရန် မဖြစ်နိုင်တော့ကြောင်း သူ သိလိုက်သဖြင့် ရွှယ်အန်းကို မုန်းတီးမှုနှင့် အဆိပ်အတောက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"ငါ... ငါ မင်းကို မြေအောက်ကနေ စောင့်နေမယ်၊ ဘာလို့လဲဆိုတော့ မင်း ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်တည်မှုမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ မင်း လုံးဝ မသိလို့ပဲ၊ လီဟိန်အရှင်သခင်ဆိုတာ သူတို့ရဲ့ ခွေးတစ်ကောင်ပဲ ရှိသေးတာကွ၊ ဟားဟားဟား... အခု ကြောက်သွားပြီလား"
ထျန်ကျောက်နတ်ဘုရားဘုရင်သည် ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံများကြားတွင် ရွှယ်အန်းသည် ကြောက်ရွံ့ခြင်းမရှိဘဲ မျက်နှာထား မပျက် ပြောလိုက်သည်။
"သတိပေးတာ ကျေးဇူးပဲ၊ ဒါပေမဲ့ ပြိုင်ဘက်က ဘယ်သူပဲ ဖြစ်နေပါစေ၊ ဒီလောကထဲကို ရောက်လာမိတာ နောင်တရသွားအောင် ကျုပ် လုပ်ပေးမယ်"
ရွှယ်အန်း၏ စကားထဲရှိ ခမ်းနားကြီးကျယ်မှုကြောင့် ထျန်ကျောက်နတ်ဘုရားဘုရင် တုန်လှုပ်သွားပြီး ကြောင်ငေးသွားသည်။ ထိုအချိန်၌ပင် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"ကောင်းကောင်းသွားတော့"
ထိုစကားအဆုံးတွင် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏ မျက်ဝန်းမှ အလင်းရောင်များ လျင်မြန်စွာ မှေးမှိန်သွားလေသည်။ ထိုကဲ့သို့ပင် နှစ်ပေါင်းတစ်သောင်းတိုင် ရှင်သန်ခဲ့သော နတ်ဘုရားဘုရင်ကြီးသည် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ချေမှုန်းခံလိုက်ရပြီး သေဆုံးသွားခဲ့လေသည်။
အခန်း (၁၁၁၀) - ကောင်းကင်နှင့် မြေကြီးအနှံ့ သွေးချောင်းစီးခြင်း
ထျန်ကျောက်နတ်ဘုရားဘုရင် သေဆုံးသွားခဲ့ပြီး နေရာတစ်ခုလုံး သေမင်းတမန်အလား တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားသည်။ အသက်ရှင် ကျန်ရစ်သော နတ်ဘုရား အများအပြားသည် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ မြေကြီးပေါ်သို့ ပုံလျက်သား လဲကျသွားကြသည်။ သူတို့အတွက်မူ ထျန်ကျောက်နတ်ဘုရားဘုရင် ဆိုသည်မှာ အထွတ်အထိပ် အုပ်စိုးသူဖြစ်သည်။ ထာဝရ မသေနိုင်သော ဖြစ်တည်မှု တစ်ခုဖြစ်သည်။
သို့သော် ယခုအခါ ဤအထွတ်အထိပ် အုပ်စိုးသူကြီးသည် လူတိုင်း၏ မျက်စိရှေ့မှောက်တွင်ပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့ရလေပြီ။ သူတို့ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေကြသည်မှာ သဘာဝကျပေသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ဤထျန်ကျောက်နတ်ဘုရားဘုရင်သည် ရှေးဟောင်းနတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ရှေးဟောင်းကျင်းဝူငှက်အဖြစ်မှ ပြောင်းလဲလာသူ ဖြစ်သောကြောင့် သူ၏ အင်အားသည် အလွန် ကြီးမားလှသည်။ ရွှယ်အန်းသည် အဂ္ဂိရတ်ဒူးလေးကို အသုံးပြုပြီး သူ၏ အင်မော်တယ်သော ရွှေခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း သူ့ကို အမြစ်ပြတ် သုတ်သင်ပစ်ရန်မှာမူ ခက်ခဲနေဆဲ ဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်းသည် သူ၏ ကျယ်ပြန့်ပြီး အဆုံးမရှိသော နတ်ဘုရားအာရုံကို အသုံးပြု၍ ထျန်ကျောက်နတ်ဘုရားဘုရင်၏ ဝိညာဉ်ကို တိုက်ရိုက် ဝါးမြိုပစ်လိုက်ခြင်း ဖြစ်သည်။ ဤအချက်ကြောင့်ပင် ထျန်ကျောက်နတ်ဘုရားဘုရင်သည် နေရာမှာတင် ပျက်စီးသွားရခြင်း ဖြစ်သည်။
သို့သော် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ဝိညာဉ်သည် အလွန် အားကောင်းလှသဖြင့် ရွှယ်အန်း၏ ဝါးမြိုခြင်း ခံလိုက်ရပြီးသည့်တိုင်အောင် ပြဿနာများ ဖန်တီးရန် ကြိုးစားနေဆဲဖြစ်သည်။ သို့သော် ရွှယ်အန်း၏ နတ်ဘုရားအာရုံ ကျယ်ပြန့်မှုသည် သာမန်လူများ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည်။ ထို့ကြောင့် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ရွှယ်အန်းသည် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ဝိညာဉ်ကို လုံးဝ ချေမှုန်းပစ်လိုက်ပြီး သူ၏ မှတ်ဉာဏ်များ အားလုံးကိုပါ စုပ်ယူလိုက်နိုင်လေသည်။
ရွှယ်အန်းသည် ထျန်ကျောက်နတ်ဘုရားဘုရင်၏ မှတ်ဉာဏ်များကို ပြန်လည် ဆန်းစစ်ကြည့်လိုက်သည်။ ထျန်ကျောက်နတ်ဘုရားဘုရင် လိမ်မပြောခဲ့ကြောင်း သူ တွေ့ရှိလိုက်ရသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက သူသည် အရေးမပါသော တောရိုင်းနတ်ဘုရားတစ်ပါးသာ ဖြစ်ပြီး အထက်ပိုင်း ခေါင်းဆောင်များနှင့် လုံးဝ အဆက်အသွယ် မရှိခဲ့ပေ။ ထို့ကြောင့် ရွှယ်အန်းသည် ထျန်ကျောက်နတ်ဘုရားဘုရင်၏ မှတ်ဉာဏ်များထဲမှ တန်ဖိုးရှိသော သတင်းအချက်အလက် များများစားစား မတွေ့ရှိခဲ့ရပေ။ သို့သော် ရွှယ်အန်းသည် ဤအချက်ကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ ထျန်ကျောက်နတ်ဘုရားဘုရင် တစ်ယောက်တည်းကတစ်ဆင့် အတိတ်က ဖြစ်ရပ်များကို ရှင်းလင်းစွာ သိရှိနိုင်ရန် မဖြစ်နိုင်ကြောင်း သူ သိထားသည်။
သို့သော် ထျန်ကျောက်နတ်ဘုရားဘုရင်၏ မှတ်ဉာဏ်များထဲတွင် ကြယ်တာရာမြေပုံ တစ်ခုကို တွေ့လိုက်ရသောအခါ ရွှယ်အန်းသည် ဖျော့တော့စွာ ပြုံးလိုက်သည်။
ဒါက သူ ရှာဖွေနေတဲ့ အရာပဲ...
ဤကြယ်တာရာမြေပုံသည် လီဟိန်ကောင်းကင်ဘုံသို့ သွားသော လမ်းကြောင်းဖြစ်သည်။ ယင်းမြေပုံ ရှိနေသရွေ့ ရွှယ်အန်းသည် လမ်းကြောင်းအတိုင်း လိုက်ပါသွားပြီး လီဟိန်ကောင်းကင်ဘုံသို့ သွားရောက်နိုင်ပေလိမ့်မည်။
ယခုတွင် ထျန်ကျောက်နတ်ဘုရားဘုရင်၏ နတ်ဘုရားခန္ဓာကိုယ်သာ ကျန်ရစ်တော့သည်။
ရွှယ်အန်းသည် မူလက ၎င်းကို တိုက်ရိုက် မီးရှို့ပစ်ရန် ရည်ရွယ်ထားသော်လည်း ထိုအချိန်၌ပင် ထျန်ကျောက်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်သည် စတင် ပြောင်းလဲလာပြီး အဆုံးတွင် သူ၏ မူလပုံစံဖြစ်သော ကျင်းဝူငှက်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားလေသည်။ ရွှယ်အန်း၏ စိတ်လှုပ်ရှားသွားပြီး အလောင်းကောင်ကို မှော်ရတနာဆောင်ထဲသို့ ပေါ့ပါးစွာ သိမ်းဆည်းလိုက်သည်။
ရှေးဟောင်းကျင်းဝူငှက်ရဲ့ ခန္ဓာကိုယ် ဆိုတာကလည်း ရတနာကောင်း တစ်ခုပဲ၊ သိမ်းထားလိုက်ရင် တစ်ချိန်ချိန် အသုံးဝင်လာနိုင်တယ်
ရွှယ်အန်းသည် ရင်ပြင်တစ်ခုလုံးတွင် ရှိနေကြသော ကြောက်ရွံ့တုန်လှုပ်နေသည့် နတ်ဘုရားများကို ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့် ရောက်ရှိရာ နေရာတိုင်းတွင် လူတိုင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ထားကြသည်။ ရွှယ်အန်းသည် သူတို့ကို သတ်ဖြတ်ရန် မကြိုးစားဘဲ အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ကောင်းကင်ထောက်တောင်ထိပ်၏ ထိပ်ဆုံးသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။
ဤနေရာသည် တစ်နှစ်ပတ်လုံး တိမ်တိုက်များနှင့် မြူခိုးများ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော အစီအရင် အလွှာပေါင်းစုံ ရှိနေသည်။ သာမန်လူများ မဆိုထားနှင့် ထျန်ကျောက်နတ်ဘုရားဘုရင်၏ နောက်လိုက် အဖြစ် နှစ်ပေါင်းများစွာ နေခဲ့သော နတ်ဘုရားများပင် ဝင်ရောက်နိုင်ခြင်း မရှိပေ။
သို့သော် ဤအရာများသည် ရွှယ်အန်းအတွက် အသေးအဖွဲ ကိစ္စများသာ ဖြစ်သည်။ ဓားတစ်ချက်နဲ့ ဖြေရှင်းလို့ မရတဲ့ကိစ္စဆိုတာ မရှိဘူး... တကယ်လို့ ရှိခဲ့ရင် ဓားနှစ်ချက် သုံးလိုက်ရင် ရပြီ...
အကာအရံ အလင်းတန်း တစ်ခု ထွက်ပေါ်လာသောအခါ ရွှယ်အန်း၏ မျက်ဝန်းထဲတွင် အလင်းရောင် တစ်ချက် လက်သွားပြီး ဓားချီတစ်ခုသည် တည့်တည့် ပစ်လွှတ်လိုက်လေသည်။ တရစပ် ကွဲကြေပျက်စီးသံများ ထွက်ပေါ်လာပြီးနောက် သူ၏ ရှေ့ရှိ အကာအရံ အလင်းတန်းသည် ပျက်စီးသွားပြီး တိမ်တိုက်များပင် ကွဲသွားကာ ပြောင်ရှင်းနေသော တောင်ထိပ်နှင့် အစီအရင်စာလုံးများ ဖုံးလွှမ်းနေသော အိမ်တစ်လုံးကို ဖော်ထုတ်ပြသလိုက်လေသည်။
"တကယ်ပဲ ဒီမှာ ရှိနေတာကိုး"
ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်ပြီး တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် အိမ်နားသို့ ရောက်ရှိသွားသည်။ အိမ်ဟု ခေါ်ဆိုခြင်းမှာ လျှော့ပေါ့ပြောဆိုခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် တံခါးနှင့် ပြတင်းပေါက်များ လုံးဝ မပါရှိပေ။ ကြီးမားသော ကုဗတုံးကြီး တစ်ခုကဲ့သို့ တောင်ထိပ်အထက်တွင် ပျံဝဲနေပြီး ဖြည်းညှင်းစွာ လည်ပတ်နေသည်။
ရွှယ်အန်းသည် လက်ကို ဆန့်ထုတ်၍ ကုဗတုံးပေါ်သို့ ညင်သာစွာ ဖိလိုက်သည်။
ဘုန်း!
ရွှယ်အန်း၏ လက်ဝါးကို ဗဟိုပြု၍ တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီးနောက် အစီအရင်စာလုံးများ တစ်လျှောက် စီးဆင်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကုဗတုံးပေါ်ရှိ အစီအရင်စာလုံးများ အားလုံးသည် ဖျော့တော့သော ရွှေရောင်အလင်းဖြင့် တောက်ပလာသည်။
ထို့နောက် ဂီယာများ လည်ပတ်နေသကဲ့သို့ တစ်ချက်ချက်မြည်သံ သေးငယ်စွာ အထဲမှ ထွက်ပေါ်လာသည်။
ဂျွတ်!
အသံအနည်းငယ် မြည်ပြီးနောက် တံခါးတစ်ချပ်သည် ဘာမှမရှိသော နေရာမှ ရုတ်တရက် ပေါ်လာလေသည်။ ရွှယ်အန်း ပြုံးလိုက်ပြီး အထဲသို့ ဝင်ရောက်သွားသည်။
အပြင်မှ ကြည့်လျှင် ဤကုဗတုံးသည် သိပ်မကြီးဘဲ အိမ်အသေးစားလေး တစ်လုံးစာမျှသာ ရှိသည်။ သို့သော် အထဲသို့ ရောက်သွားသောအခါ အတွင်းရှိ နေရာလွတ်သည် ယုံကြည်နိုင်စရာ မရှိလောက်အောင် ကျယ်ဝန်းလှကြောင်း တွေ့ရှိလိုက်ရသည်။ သူ၏ ခြေအောက်တွင် ဖျော့တော့စွာ တောက်ပနေသော ကြမ်းခင်း ရှိနေပြီး အပေါ်ဘက်ရှိ အမိုးခုံးတွင် မရေမတွက်နိုင်သော ရှုပ်ထွေးနက်နဲသည့် အစီအရင်စာလုံးများ ထွင်းထုထားသည်။
အမိုးခုံးကို ဖွဲ့စည်းထားသော ဤအစီအရင်စာလုံးများ အကြားတွင် ကြယ်ရောင်အစက်အပြောက်များ နေရာအနှံ့ ပြန့်ကျဲနေသည်။ သို့သော် အာရုံအစိုက်ဆုံး အရာမှာ တောက်ပသော အလင်းစက်ဝိုင်းကြီး နှစ်ခု ဖြစ်သည်။ တစ်ခုမှာ တောက်ပစွာ လင်းလက်နေပြီး အခြားတစ်ခုမှာ သန့်စင်သော ငွေဖြူရောင် ရှိကာ အမိုးခုံးအောက်တွင် ဖြည်းညှင်းစွာ လည်ပတ်နေသည်။
ကြည့်ရတာ... နေနဲ့ လ အတိုင်းပါပဲ...
ရွှယ်အန်းသည် အလယ်တွင် ရပ်လျက် ခမ်းနားသော အမိုးခုံးကြီးကို မော့ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"အစီအရင်စာလုံးတွေကို ကောင်းကင်အဖြစ် ဖန်တီးပြီး နေနဲ့ လကို ချည်နှောင်ထားတယ်၊ ဒါက တကယ့်ကို ထျန်ကျောက်ဘုံ တစ်ခုလုံးရဲ့ ထိန်းချုပ်ရေးဗဟိုဌာနပါလား"
သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ဖန်တီးယူထားသော ထျန်ကျောက်ဘုံကဲ့သို့ ကမ္ဘာများတွင် ဤကဲ့သို့သော ထိန်းချုပ်ရေးဗဟိုဌာနများ ရှိတတ်ကြောင်း ရွှယ်အန်း ကောင်းစွာ သိထားသည်။ အပေါ်တွင် ရွေ့လျားနေသော အရာဝတ္ထုများသည် နေ၊ လ နှင့် ကြယ်တာရာများပင် ဖြစ်သည်။ ဤနေရာသည် ထျန်ကျောက်ဘုံ၏ အဓိက ဗဟိုချက်မ ဖြစ်သည်။ ဤအရာရှိမှသာလျှင် နတ်ဘုရားဘုံ တစ်ခုလုံးကို အမှန်တကယ် ထိန်းချုပ်နိုင်မည် ဖြစ်သည်။
သို့သော် ရွှယ်အန်းအနေဖြင့် ၎င်းကို ထိန်းချုပ်ရန် စိတ်ဝင်စားမှု မရှိကြောင်း ထင်ရှားသည်။ သူ ဤနေရာသို့ လာရခြင်း ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိသည်။
ကောင်းကင်နှင့် မြေကြီးကို သွေးဖြင့် ဆေးကြောရန်ဖြစ်သည်။
ရွှယ်အန်း၏ မျက်လုံးများ ပိုမို အေးစက်လာပြီး ရုတ်တရက် ခြေဆောင့်လိုက်ရာ မရေမတွက်နိုင်သော ဓားချီများမှာ သူ၏ ပတ်လည်တွင် ပေါ်လာလေသည်။
"အကြောင်းအကျိုး..."
ဘုန်း!
ဓားချီများသည် အားကောင်းသော အကြောင်းအကျိုး ဆက်နွှယ်ခြင်း စွမ်းအားများ ပေါင်းထည့်ခံရသဖြင့် တုန်ခါသွားကြသည်။ ထိုသည်တင် မကသေးပေ။ ရွှယ်အန်း၏ မျက်ဝန်းထဲတွင် မီးတောက်များ ထွက်ပေါ်လာပြီး ကံကြမ္မာ ကြာပန်းနီ မီးတောက် အမျှင်တန်းများ ထွက်ပေါ်လာကာ ဓားချီများကို နက်မှောင်သော အနီရောင်အဖြစ် ဆိုးပေးလိုက်လေသည်။
အကြောင်းအကျိုး စွမ်းအားနှင့် ကြာပန်းမီးတောက်တို့၏ နှစ်ဆတိုး အားဖြည့်ပေးမှုကြောင့် ဓားချီများသည် ပြိုင်ဘက်ကင်း ဖျက်ဆီးနိုင်စွမ်းများ ပြည့်ဝသွားလေသည်။ ရွှယ်အန်းသည် ခေါင်းမော့လိုက်ပြီး အမိုးခုံးကို တစ်ချက်ကြည့်ကာ လက်ဖြင့် ညွှန်ပြလျက် တိုးဖွဖွ ပြောလိုက်သည်။
"သွားစမ်း... မကောင်းဆိုးဝါး ရှာဖွေဓား"
သူ၏ အမိန့်ပေးလိုက်သည်နှင့် ရွှယ်အန်းကို ဝန်းရံထားသော မရေမတွက်နိုင်သည့် ဓားချီများသည် လျင်မြန်စွာ စုစည်းသွားပြီးနောက် သူ၏ လက်ညှိုးညွှန်ရာ လမ်းကြောင်းအတိုင်း နဂါးများကဲ့သို့ အမိုးခုံးဆီသို့ တိုးဝင်သွားကြလေသည်။
ဘုန်း!
အမိုးခုံးပေါ်ရှိ အစီအရင်စာလုံးများသည် ဓားချီများ၏ ရိုက်ခတ်မှုကြောင့် ဂယက်ထသွားကြသည်။ ကြယ်များ မှေးမှိန်သွားပြီး နေနှင့် လတို့ အလင်းရောင် ပျောက်ကွယ်သွားသည်။ မကြာမီတွင် ကျယ်ပြောလှသော အမိုးခုံးပေါ်၌ မရေမတွက်နိုင်သော ဓားချီများကို မြင်တွေ့ရလေသည်။ ရွှယ်အန်းသည် မျက်လွှာချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဖုန်မှုန့်က ဖုန်မှုန့်ဆီ၊ မြေကြီးက မြေကြီးဆီ... ဒီနေ့ကတော့... ခင်ဗျားတို့ ဝဋ်လည်တဲ့နေ့ပဲပေါ့"
တစ်ချိန်တည်းမှာပင် ကောင်းကင်ထောက်တောင်ထိပ် ရင်ပြင်ပေါ်တွင် အသက်ရှင် ကျန်ရစ်သော နတ်ဘုရားများသည် တစ်ယောက်ကို တစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်နေကြသည်။
"ဒီလူငယ် အစွမ်းထက်ပုဂ္ဂိုလ်က ဘာသွားလုပ်တာလဲ"
တစ်စုံတစ်ယောက်က တီးတိုး မေးလိုက်သည်။
"ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ ကြည့်ရတာ ဒီအရှင်က ငါတို့နဲ့ သိပ်ပြီး ဖက်မဖြစ်ချင်ဘူး ထင်ပါရဲ့"
အခြား နတ်ဘုရားတစ်ပါးက စိတ်သက်သာရာ ရသွားသော လေသံဖြင့် ပြောလိုက်သည်။ လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ သူတို့ ကိုယ့်အသက်ကိုယ် ကယ်တင်နိုင်ခဲ့ကြပြီဖြစ်သည်။ နတ်ဘုရားဘုရင် သေဆုံးသွားတာကတော့ သူတို့အတွက် သခင်အသစ် ပြောင်းသွားတာလောက်ပါပဲ... သိပ်ပြီး ထူးထူးခြားခြား ဖြစ်နေစရာ မလိုပါဘူး...
သို့သော် ထိုအချိန်၌ပင် တစ်စုံတစ်ယောက်၏ တုန်ရီသော အသံဖြင့် အော်ဟစ်သံ ထွက်ပေါ်လာသည်။
"ခင်... ခင်ဗျားတို့ ကောင်းကင်ကို မော့ကြည့်လိုက်ကြဦး"
လူတိုင်း ခေါင်းမော့ကြည့်လိုက်ကြသည်။ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော အနီရောင် ဓားချီများ ရုတ်တရက် ပေါ်လာပြီး ပြာလဲ့သော ကောင်းကင်ကြီးကို သွေးရောင် လွှမ်းသွားစေသည်ကို တွေ့လိုက်ရသည်။ အကွာအဝေး ဝေးကွာနေသော်လည်း နတ်ဘုရား အားလုံးသည် ဓားချီများထဲတွင် ပါဝင်နေသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါကို ခံစားလိုက်ရသည်။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ"
လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အသက်ကြီးသော နတ်ဘုရားတစ်ပါးသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး အလွန်အမင်း ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။
"ဒါ ထိန်းချုပ်ရေးဗဟိုဌာနပဲ၊ အဲ့ဒီလူငယ်က ထိန်းချုပ်ရေးဗဟိုဌာနဆီ သွားတာပဲ"
ထိုသို့ပြောရင်းနှင့် အဘိုးအိုနတ်ဘုရား၏ မျက်နှာသည် မီးခိုးရောင် သမ်းသွားပြီး ဆန်ကာပေါက်ကဲ့သို့ တစ်ကိုယ်လုံး တုန်ရီလာကာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
"သူ... သူက ဒီကမ္ဘာကြီးကို သွေးနဲ့ ဆေးကြောတော့မယ်"
သူ့စကားဆုံးသည်နှင့် ကောင်းကင်အပြည့် ရှိနေသော ဓားချီများသည် မိုးစက်များသဖွယ် ရွာကျလာလေသည်။ ထို့နောက် သတ်ဖြတ်ခြင်း စတင်လေတော့သည်။