ဖဲချပ်တွေ အကုန်လှန်ပြခြင်း
Vol. 51 Ch. 576
"မင်းက တကယ်ပဲ..."
ကူလျန်ချန်က လေတစ်ချက် ပင့်ရှိုက်လိုက်ပြီး ဒေါသထွက်လုဆဲဆဲ စိတ်ကို မနည်းပြန်ထိန်းလိုက်ရသည်။
"တကယ့်ကို ပါရမီအပြည့်ရှိတဲ့ ဂိုဏ်းချုပ်အဆင့် ပညာရှင်ကြီးပဲကွာ"
"စီနီယာကြီးကူ ချီးကျူးတာ လွန်ပါပြီဗျာ၊ ဂျူနီယာက ဝါသနာပါတာလေးတွေ များနေရုံသက်သက်ပါ"
"ဟဲဟဲ... ဟဲဟဲ"
ကူလျန်ချန်က အပြင်ပန်းမှာ ဟဲဟဲလုပ်နေပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး အီလည်လည် ဖြစ်နေပြီ။ ကျန်းပေရန်ရဲ့ စကားတစ်ခွန်းတည်းနဲ့တင် သူ့ဘဝမှာ မကြုံဖူးတဲ့ စံချိန်နှစ်ခုကို ချိုးဖျက်လိုက်နိုင်တယ်လေ။
ပထမတစ်ချက်က သူ့ရှေ့မှာ ဒီလောက်ထိ ဟန်ဆောင်ကောင်းတဲ့ကောင်မျိုး တစ်ခါမှ မတွေ့ဖူးတာဖြစ်ပြီး၊ ဒုတိယတစ်ချက်ကတော့ မယုံချင်ဘဲ ယုံလိုက်ရတဲ့ ကြွားလုံးမျိုးကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ ဖြစ်တယ်။
"ဒါပေမဲ့လည်း တော်တော်လေး စုံလင်နေပြီမလား မင်းက ဘာလို့ ကောင်းကင်ပေါ် မတက်သွားသေးတာလဲ"
ပညာရပ် (၁၆) မျိုးဆိုတာ သာမန်ကျင့်ကြံသူတွေအတွက် ခွဲခြားသိဖို့တောင် ခေါင်းခဲစရာလေ။ ဒါပေမဲ့ သူ့ရှေ့ကကောင်ကတော့ အဲဒီပညာရပ်တွေအကြောင်းကို လေကြီးမိုးကြီး ပြောနေလိုက်တာများ... ထားပါတော့၊ သူ့မှာ တကယ်လည်း အရည်အချင်းရှိနေတော့ လေကြီးတယ်လို့ ပြောလို့မရပြန်ဘူး။
စိတ်ထဲက တုန်လှုပ်မှုနဲ့ ရိုက်ချင်စိတ်ကို အနည်းငယ် ငြိမ်သက်အောင် လုပ်လိုက်ပြီးနောက် ကူလျန်ချန်က ပြုံးပြီး မေးလိုက်သည်။
"ဆရာကျန်း ပြောတဲ့ 'တော်တော်လေး စုံလင်နေပြီ ဆိုတာ ဘယ်လောက်လောက်များ လိုသေးလို့လဲ မသိဘူး"
"ဒါကတော့... စီနီယာကြီးကူ ကို မလိမ်ဘဲ ပြောရရင် ဂျူနီယာလည်း သေချာမသိဘူးဗျ"
ဆက်မေးရင် ကျန်းပေရန်က ထပ်ပြီး ဟန်ဆောင်ကောင်းဦးမယ်ဆိုတာ ကူလျန်ချန် သိနေပေမဲ့ စပ်စုချင်စိတ်က ဦးနှောက်ကို စိုးမိုးထားပြီဖြစ်လို့ မမေးဘဲ မနေနိုင်တော့။
"ဆရာကျန်းက နောက်နေပါပြီဗျာ၊ ကိုယ့်ဘာသာ ဘယ်လောက်လိုနေမှန်း မသိဘဲ နေမလား"
[ရွေးချယ်မှု ၁ - "စီနီယာကြီးကူ လည်း ရိပ်မိမှာပါ၊ ဂျူနီယာက ဘယ်လို ပညာရပ် စာမေးပွဲမျိုးကိုမှ မဖြေဆိုခဲ့ဖူးပါဘူး၊ ဒါကြောင့် အဆင့်တစ်ခုချင်းစီက ဘယ်လိုအရည်အချင်းမျိုးကို ကိုယ်စားပြုလဲဆိုတာ ဂျူနီယာ သိပ်နားမလည်ပါဘူး"။ ပြီးမြောက်ဆုလာဘ် - သမင်ဖြူ ဝိညာဉ်ပုံရိပ် (မြေကမ္ဘာအဆင့်နိမ့်)]
[ရွေးချယ်မှု ၂ - "အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ဘက်က ပညာရှင်တွေက သိပ်ပြီး 'ချာ' လွန်းနေတော့ နှိုင်းယှဉ်ဖို့ ကျွန်တော့်အတွက် ခက်ခဲပါတယ်"။ ပြီးမြောက်ဆုလာဘ် - ကျပန်း အခြေခံပညာရပ် အမှတ် +၁]
'ရှယ်ပဲဟေ့...'
ရွေးချယ်မှု (၂) ကို ကြည့်ရင်း ကျန်းပေရန် မျက်ခုံးပင့်လိုက်မိသည်။ ဒီဇာတ်ကောင်စရိုက်က တဖြည်းဖြည်းနဲ့ ပိုပြီး မြင့်မြတ်ကြီးကျယ်လာပါလား။
ထို့နောက် ရွေးချယ်မှု (၂) ကို ရွေးလိုက်ပြီး ကျန်းပေရန်က သက်ပြင်းတစ်ချက်ချကာ ခေါင်းခါလျက် ပြောလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ဘက်က ပညာရှင်တွေက သိပ်ပြီး 'ချာ' လွန်းနေတော့ နှိုင်းယှဉ်ဖို့ ကျွန်တော့်အတွက် ခက်ခဲပါတယ်"
ကူလျန်ချန် ကြားလိုက်ရချိန်မှာ ကြောင်တောင်တောင် ဖြစ်သွားပြီး မေးလိုက်သည်။
"ဒီ 'ချာ' ဆိုတဲ့ စကားလုံးက... ဘာအဓိပ္ပာယ်များပါလိမ့်"
"သြော်... အားနည်းတယ်၊ ညံ့တယ်လို့ ဆိုလိုတာပါ"
ကျန်းပေရန်က ပြန်ဖြေလိုက်လေသည်။
"..."
အဲဒီအဖြေကို ကြားပြီးနောက် ကူလျန်ချန် ငြိမ်ကျသွားတယ်။ စိတ်ထဲမှာ ဒေါသထွက်သင့်တယ်လို့ ထင်ပေမဲ့ ပြန်ပြောဖို့ စကားလုံးရှာမရသလို ခံစားလိုက်ရပြီး ဆွံ့အသွားမိတယ်။
ဘယ်လို ပုံစံဖမ်းရမလဲ တွေးနေရင်း တစ်ဖက်မှာလည်း ကူလျန်ချန်ရဲ့ စိတ်ထဲမှာ ကျန်းပေရန်ရဲ့ နောက်ခံအကြောင်းကို ပိုပြီး သိချင်လာတယ်။
ကျန်းပေရန်ရဲ့ စကားထဲမှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်ပါတာ သူ ရိပ်မိလိုက်တယ်။ သေးသေးလေး တွေးကြည့်ရင် ထုန်တိုင်းပြည်မှာ ပညာရှင် ကောင်းကောင်းမရှိဘူးလို့ လှောင်တာဖြစ်ပေမဲ့ ကြီးကြီးကျယ်ကျယ် တွေးကြည့်ရင် သူတို့ လူသားမျိုးနွယ်စုထဲမှာ စွမ်းအားကြီးတဲ့ ပညာရှင် မရှိဘူးလို့ လှောင်လိုက်တာပဲ။
အဲဒီအတွေး ဝင်လာတာနဲ့ ကူလျန်ချန်ရဲ့ စိတ်ထဲမှာ ရှိနှင့်ပြီးသား ထင်ကြေးတစ်ခုက ပိုပြီး သေချာလာတယ်။
အဲဒါကတော့... ကျန်းပေရန်ဟာ အံ့ဖွယ်နဂါးတိုက်ကြီးက မွေးဖွားလာသူ စစ်စစ်မဟုတ်ဘဲ တခြားကမ္ဘာတစ်ခုက လာသူဖြစ်နိုင်တယ် ဆိုတာပဲ။ ဒါကြောင့်လည်း သူလုပ်သမျှ အရာအားလုံးက ဒီလောက် ကမောက်ကမ ဖြစ်နေတာ နေမှာ။
ပုံမှန်အချိန်မျိုးသာဆိုရင် ဒီလို ရာဇဝင် မသေချာတဲ့ကောင်မျိုး တွေ့တာနဲ့ ကူလျန်ချန်က ချက်ချင်း ဖမ်းချုပ်ပြီး အသေအလဲ စစ်ဆေးမေးမြန်းမှာ သေချာတယ်။
နိုင်ငံခြောက်နိုင်ငံမှာ တခြားကမ္ဘာက ဧည့်သည်တွေဆိုတာ အရမ်းကြီး ဆန်းကြယ်လှတာတော့ မဟုတ်ဘူး။ ကျင့်ကြံသူတွေက လျှို့ဝှက်နယ်မြေတွေကနေတဆင့် တခြားကမ္ဘာတွေကို သွားနိုင်သလို တခြားကမ္ဘာက သက်ရှိတွေကလည်း ဒီဘက်ကို ရောက်လာနိုင်တာပဲ။
ငြိမ်းချမ်းတဲ့ အချိန်တွေမှာဆိုရင် ကမ္ဘာနှစ်ခုကြား အလည်အပတ်သွားကြတဲ့ ကိစ္စတွေကို လူတိုင်းက မျက်စိတစ်ဖက်ဖွင့် မျက်စိတစ်ဖက်မှိတ်ပဲ ထားကြလေသည်။ဘာလို့လဲဆိုတော့ နှစ်ဖက်စလုံးက တစ်ဖက်ကမ္ဘာရဲ့ သတင်းအချက်အလက်တွေကို လိုချင်ကြပြီး အကျိုးအမြတ် လိုချင်ကြလို့ ဘယ်သူမှ လွန်လွန်ကဲကဲ မလုပ်ချင်ကြလို့ ဖြစ်သည်။
ကူလျန်ချန်လည်း တခြားကမ္ဘာက ဧည့်သည်တချို့နဲ့ တွေ့ဖူး၊ စကားပြောဖူးပေမဲ့ ရင်းရင်းနှီးနှီးတော့ မရှိလှဘူး။ နောက်ဆုံးကျရင် ရန်သူလား၊ မိတ်ဆွေလား ဆိုတာက အချိန်အကြာကြီး နေမှ သိရတတ်လို့ ဖြစ်သည်။
ဒါပေမဲ့ အခုတစ်ကြိမ် ကျန်းပေရန် ပေါ်ထွက်လာတဲ့ အချိန်အခါက အရမ်း ကွက်တိဖြစ်လွန်းနေကာ ပြိုလဲလုဆဲဆဲ အဆောက်အအုံကို ပြန်ထောက်ပေးလိုက်သလို၊ မှောက်ခါနီး လှေကို ပြန်ဆွဲတင်ပေးလိုက်သလိုမျိုး ဖြစ်နေတာ။
ရုတ်တရက် ကျန်းပေရန် ဘယ်ကလာတယ်၊ ဘာလို့လာတယ် ဆိုတာတွေက အရေးမကြီးတော့သလို ဖြစ်သွားသည်။
သူ့လုပ်ရပ်တွေက သူဟာ လူသားတွေဘက်က ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း သက်သေပြနေပြီး မိမိတို့အနေနဲ့လည်း နောက်ထပ် ဖြစ်လာမယ့် ကာလတစ်ခုအထိ သူ့အကူအညီကို မှီခိုအားထားနေရဦးမှာ ဖြစ်လေသည်။
'ဒီအချိန်မှာ သူက ဘာလို့ ငါ့ကို ရုတ်တရက် အကုန်ဖွင့်ပြောပြနေရတာလဲ... ဘာသဘောလဲ'
ကျန်းပေရန်က သူ့ရဲ့ ဆန်းကြယ်တဲ့ ပညာရပ်တွေကို ထုတ်ပြပြီးကတည်းက ယွမ်မြို့က လူတိုင်းက သူ့အကြောင်း အမျိုးမျိုး ပြောဆိုနေကြပြီး သူ့သရုပ်မှန်ကို ခန့်မှန်းနေကြတာ ဖြစ်သည်။
အဲဒီအထဲမှာ ရေပန်းအစားဆုံး ပြောဆိုမှုကတော့ သူဟာ 'မိစ္ဆာငါးပါး ကောင်းကင်သုံးပါး' ဆီက လာသူဖြစ်တယ် ဆိုတဲ့အချက်ပဲ။
အစပိုင်းမှာ ကူလျန်ချန်လည်း အဲဒီအချက်ကို လက်ခံခဲ့ပေမဲ့ ကျန်းပေရန် ထုတ်ပြလာတဲ့ စွမ်းရည်တွေက သူ့အသိဉာဏ်အလွန်ထိ ရောက်လာတဲ့အခါ အဲဒီထင်ကြေးကို တဖြည်းဖြည်း လက်မခံနိုင်တော့ဘူး။
ဘာလို့လဲဆိုတော့ 'မိစ္ဆာငါးပါး ကောင်းကင်သုံးပါး' ဆီက ဆင်းသက်လာသူ ဖြစ်ရင်တောင် ဒီလောက်ကြီး စွမ်းအားကြီးမှာ မဟုတ်ဘူးလေ။
ကျန်းပေရန်ရဲ့ ပြောဆိုလုပ်ကိုင်ပုံတွေက အရမ်း လျှို့ဝှက်ဆန်းကြယ်လွန်းတော့ ကူလျန်ချန်အနေနဲ့ ဘယ်လို ခန့်မှန်းရမလဲ လမ်းစပျောက်နေတာ ဖြစ်လေ၏။
ဒါပေမဲ့ ဒီနေ့မှာတော့ ဆရာသခင်ကျန်းက သူ့ကို ဖဲချပ်တွေ အကုန်လှန်ပြဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။ ပညာရပ် တစ်ခုချင်းစီကို လျှို့ဝှက်ပြီး ထုတ်ပြနေမယ့်အစား ဖဲချပ်အကုန်လုံးကို စားပွဲပေါ် ပစ်တင်လိုက်ပြီး စကားတစ်ခွန်း ပြောလိုက်သလိုပဲ။
"မဟန်ဆောင်တော့ဘူး ငါ အကုန်ဖွင့်ပြောမယ် ငါက အကုန်တတ်တယ်"
ဒီစကားက ကူလျန်ချန်အတွက် ထိတ်လန့်စရာ ကောင်းလှသလို ကျန်းပေရန်ရဲ့ နောက်ဆက်တွဲစကားဖြစ်တဲ့ "ခင်ဗျားတို့ဘက်က" ဆိုတဲ့ စကားရပ်က အတော်လေး စဉ်းစားစရာ ကောင်းနေတယ်။ ကျန်းပေရန်က တစ်ခုခုကို အရိပ်အမြွက် ပြောနေတာ မဟုတ်ဘူးလို့ဆိုရင် ကူလျန်ချန် ယုံမှာမဟုတ်ဘူး။
ဒါပေမဲ့ အခုပြဿနာက ဆရာကျန်းက... ဘာကို အရိပ်အမြွက် ပြောချင်နေတာလဲ ဆိုတာပဲ။
မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေတဲ့ ကူလျန်ချန်ကို ကြည့်ရင်း သူ့စကားက တကယ်ပဲ ထိရောက်မှု ရှိသွားကြောင်း ကျန်းပေရန် သတိထားမိလိုက်တယ်။ အနက်ရောင်သူတော်စင်တစ်ပါးကို ကြောင်အမ်းသွားစေပြီး ဘယ်လို စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားမှန်းမသိအောင် ဖြစ်စေခဲ့ပြီလေ။
ဒါပေမဲ့ ဒါက စနစ်ရဲ့ ရွေးချယ်မှုထဲက "လုံခြုံစိတ်ချရတဲ့ စကား" ဖြစ်တဲ့အတွက် ကူလျန်ချန် ဘယ်လောက်ကြာအောင် စဉ်းစားပါစေ၊ ဘယ်လောက် ရှုပ်ထွေးအောင် တွေးပါစေ၊ နောက်ဆုံးရလဒ်ကတော့ ကျန်းပေရန်အတွက် ကောင်းကျိုးသာ ဖြစ်စေမှာ သေချာတယ်။
"ဆရာသခင်ကျန်း"
အဲဒီအချိန်မှာ ကူလျန်ချန်က ရုတ်တရက် စကားစပြောလာသည်။
"စီနီယာကြီး ကူ ပြောပါခင်ဗျာ"
"ဒီနေ့ကစပြီး ငါက မင်းကို မိတ်ဆွေဖွဲ့လိုက်ပြီ၊ နောက်နောင် မင်းကိစ္စက ငါ့ကိစ္စပဲ၊ ပြီးတော့ ထုန်တိုင်းပြည်ရဲ့ ကိစ္စလည်း ဖြစ်တယ်"
'ဟမ်...'
ကူလျန်ချန်ရဲ့ ခုန်ပျံကျော်လွှားလွန်းတဲ့ စကားကြောင့် ကျန်းပေရန် ကြောင်သွားသည်။
'ဘယ်သူက ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်လို့လဲ'
ဒါပေမဲ့ အံ့သြတာက အံ့သြတာပဲ၊ အနက်ရောင်သူတော်စင်တစ်ပါးရဲ့ မိတ်ဖွဲ့မှုကို စနစ်က သတိပေးချက် မပြသရွေ့တော့ ကျန်းပေရန် ငြင်းဆန်မှာ မဟုတ်ဘူး။
ဒါ့အပြင် စနစ်ရဲ့ လမ်းညွှန်ချက် စကားကို ပြန်စဉ်းစားကြည့်ရင်း ကူလျန်ချန် ဘာကြောင့် ဒီလို ရုတ်တရက် ပြောလာရတာလဲဆိုတာ ကျန်းပေရန် တဖြည်းဖြည်း သဘောပေါက်လာတယ်။
ဒါနဲ့ ကျန်းပေရန်က အဝတ်အစားကို သပ်ရပ်အောင် ပြင်လိုက်ပြီး ကူလျန်ချန်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။
"ဒါဆိုရင်တော့ စီနီယာကြီးကူကို ကျေးဇူးအများကြီး တင်ပါတယ်၊ ဂျူနီယာက တကယ်ပဲ ခင်ဗျားလို မိတ်ဆွေမျိုးကို လိုအပ်နေတာပါ"
"ဟားဟားဟား"
ကူလျန်ချန်က အားရပါးရ ရယ်မောလိုက်ပြီး "ငါလည်း မင်းလို မိတ်ဆွေမျိုးကို အရမ်းလိုအပ်နေတာပါကွာ" လို့ ပြန်ပြောလေသည်။
ကူလျန်ချန်က စောစောက အချိန်အတော်ကြာ သုံးသပ်ပြီးနောက် နောက်ဆုံးတော့ ကောက်ချက်တစ်ခု ချနိုင်ခဲ့တယ်။
အဲဒါကတော့ ဒီအတောအတွင်း အတူတူ ရှိနေတာကနေတဆင့် ကျန်းပေရန်က သူ့အပေါ် ယုံကြည်မှု ရှိလာပြီ ဆိုတဲ့အချက် ဖြစ်လေသည်။
အရင်က ကျန်းပေရန်ရဲ့ အသံတိတ် နေထိုင်ခဲ့ပုံကို ကြည့်ရင် သူက မူလက လူရှေ့သူရှေ့ ထွက်ပြဖို့ ရည်ရွယ်ချက် ရှိပုံမရဘူး။ ဒါပေမဲ့ အခု အဆိပ်မြူကိစ္စကြောင့် မတတ်သာဘဲ ထွက်လာရတာ ဖြစ်နိုင်လေသည်။
ဒါကြောင့် အဆိပ်မြူကိစ္စ ပြီးသွားတဲ့အခါ သူ့အခြေအနေက နည်းနည်းလေး ရှုပ်ထွေးလာဖွယ် ရှိသည်။
အခုချိန်မှာ သူ့ကို မျက်စိကျနေတဲ့သူ မနည်းဘူး၊ ကိစ္စပြီးသွားရင် မျက်စိကျမယ့်သူ ပိုများလာမှာ သေချာနေသည်။
ဒါကြောင့် ကျန်းပေရန်က အခုအချိန်မှာ သူ့ကို အမှန်အတိုင်း ဖွင့်ပြောပြတာက နောက်ဆုတ်ရမယ့် လမ်းကြောင်းကို ကြိုစဉ်းစားထားပြီး သူ့ကို အကာအကွယ် ပေးစေချင်လို့ ဖြစ်ရမည်။
အတော်လေး စေ့စပ်သေချာစွာ လုပ်ဆောင်တယ်လို့ ပြောရလေမည်။
ကျန်းပေရန်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားတဲ့အခါ ကူလျန်ချန်က ကွေ့ဝိုက်မနေတော့ဘဲ သူက ထုန်တိုင်းပြည်ကို ကိုယ်စားပြုနိုင်ကြောင်းနဲ့ သူရော ထုန်တိုင်းပြည်ပါ နောင်ကျရင် ကျန်းပေရန်ဘက်က ရပ်တည်ပေးမယ့်အကြောင်း တဲ့တိုးပဲ ပြောလိုက်တာ ဖြစ်၏။
[ရွေးချယ်မှု တာဝန်ပြီးမြောက်ပါပြီ။ ဆုလာဘ် - ယင်ယဇ်ပလ္လင် +၁]
ဖြစ်စဉ်ကို ကျန်းပေရန် မမျှော်လင့်ထားပေမဲ့ ရလဒ်ကတော့ ကောင်းတယ်လို့ ဆိုရမယ်။
ဒီနေ့မတိုင်ခင်အထိ ကျန်းပေရန်က အဆိပ်မြူကိစ္စ ပြီးသွားရင် ဖြစ်လာမယ့် ပြဿနာတွေအတွက် စဉ်းစားနေခဲ့ပြီး ထုန်တိုင်းပြည်အနေနဲ့ စစ်ပြီးရင် လေးကို ချိုးမယ့် အလုပ်မျိုး မလုပ်လောက်ဘူးလို့ ယုံကြည်ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိလာမှာက မလွဲဧကန်ဖြစ်ပြီး အနည်းနဲ့အများ ဒုက္ခရောက်နိုင်သည်။
အခုတော့ ကူလျန်ချန်က တရားဝင် ကတိပေးလိုက်ပြီဆိုတော့ ယုံကြည်ရမှုအပိုင်းမှာ ပြဿနာမရှိလောက်ဘူး။ ဘာလို့လဲဆိုတော့ စနစ်က အသိအမှတ်ပြုထားလို့ ဖြစ်၏။
ဒီလိုဆိုရင် ကိုယ်ကသာ တောင်းဆိုလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ "ဒဏ္ဍာရီ" ကို ထုန်တိုင်းပြည်ရဲ့ ထိပ်တန်းအသိုင်းအဝိုင်းကြားမှာပဲ ပျံ့နှံ့အောင် ထိန်းချုပ်ထားနိုင်ဖွယ် ရှိသည်။
အဲဒီနောက် အပြန်အလှန် မြှောက်ပင့်ပြောဆိုကြပြီးတော့ ကျန်းပေရန်က ရုတ်တရက် လက်ဆုပ် ဂါရဝပြုကာ ပြောလိုက်သည်။
"စီနီယာကြီး ကူ... တကယ်တော့ ဂျူနီယာက ခင်ဗျားကို သီးသန့် ချန်ရစ်ခဲ့တာက အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိလို့ပါ"
"ပေရန်လေးကလည်း သူစိမ်းဆန်လိုက်တာ အကူအညီ လိုတာရှိရင် တဲ့တိုးသာ ပြော"
"ဒါဆို စီနီယာကြီးကူ ခဏလောက် စောင့်ပေးပါဦး၊ ဂျူနီယာ သွားပြီး ပြန်လာခဲ့ပါမယ်"
ကျန်းပေရန်က ပြောပြီးနောက် ရှီဖုန်းလန်ဘက်ကို လှည့်ကာ "ခန်းမသခင်ရှီ... ကျွန်တော့်အစား စီနီယာကြီး ကူ ကို ဧည့်ခံပေးထားပါဦး" လို့ ပြောလိုက်သည်။
"ကောင်းပြီလေ"
ရှီဖုန်းလန်က ချက်ချင်း သဘောတူလိုက်သည်။
ကျန်းပေရန် ဒုတိယထပ်ကို တက်သွားတဲ့အခါ ရှီဖုန်းလန်က မုန့်ပန်းကန်တစ်ချပ်ကို ကိုင်ကာ ကူလျန်ချန်ရှေ့ကို လျှောက်သွားပြီး ချပေးလိုက်သည်။
"စားပါဦး"
ပန်းကန်ထဲက သေသပ်လှပတဲ့ ရွှေဖရုံသီးမုန့်တွေကို ကြည့်ရင်း ပုံမှန်အားဖြင့် အချိုမကြိုက်တတ်တဲ့ ကူလျန်ချန်တောင် မနေနိုင်ဘဲ တစ်ခု ယူလိုက်မိတယ်။ မျက်လုံးရှေ့မှာ ခဏလောက် သေချာကြည့်ပြီးမှ တစ်ကိုက် ကိုက်လိုက်သည်။
"အင်း... အစာသွပ်က မွှေးပြီး နူးညံ့တယ်၊ အခွံက မွှေးပြီး ကြွပ်ရွတယ်၊ စားရတာ အီမသွားဘူး၊ စားကောင်းသားပဲ"
ကျေနပ်စွာ ခေါင်းညိတ်ရင်း ကူလျန်ချန်က ရှီဖုန်းလန်ကို ကြည့်ကာ မေးလိုက်သည်။
"ဒါ မင်းလုပ်ထားတာလား"
ရှီဖုန်းလန်က ချက်ချင်း ခေါင်းခါပြပြီး လှေကားဘက်ကို လက်ညှိုးထိုးပြသည်။
ရွှေဖရုံသီးမုန့်ကို နောက်ထပ်တစ်ကိုက် ကိုက်ရင်း ကူလျန်ချန်က ခေါင်းညိတ်လိုက်သည်။
"ဆရာကျန်းက... စားစရာ လုပ်တာတောင် ဒီလောက် ကောင်းတာလား"
"အင်း အင်း"
ရှီဖုန်းလန်က ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း ခြံဝင်းထဲကို ပြေးသွားကာ မုန့်နှစ်ပန်းကန် ထပ်ယူလာပြန်သည်။
"စားကောင်းတယ်"
ရှီဖုန်းလန်က ပြောရင်း မုန့်နှစ်ပန်းကန်ကို ကူလျန်ချန်ရှေ့ ချပေးလိုက်သည်။
"ဟားဟားဟား"
ရှီဖုန်းလန်ရဲ့ အကြည့်တွေက မုန့်ပန်းကန်ပေါ်မှာ စူးစိုက်နေတာ မြင်တော့ ကူလျန်ချန်က ကျောက်ကပ်ပဲလိပ်တစ်ခုကို ယူလိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။
"ရော့... မင်းလည်း စားလေ"
ရှီဖုန်းလန်က အားမနာတမ်းပဲ မုန့်ကို လှမ်းယူပြီး တစ်ကိုက် ကိုက်လိုက်ရာ မျက်နှာမှာ ကျေနပ်တဲ့ အပြုံးပန်းတွေ ဝေဆာသွားလေသည်။
"မင်းနဲ့ ဆရာကျန်းက... ဘယ်လို သိခဲ့ကြတာလဲ"
ကူလျန်ချန်က ကျောက်ကပ်ပဲလိပ်တစ်ခုကို ပါးစပ်ထဲ ထည့်ရင်း ရုတ်တရက် မေးလိုက်သည်။
"အမ်..."
အဲဒီမေးခွန်းကို ကြားတော့ ရှီဖုန်းလန်က စကားလုံး နှစ်လုံးတည်းနဲ့ ဘယ်လို ဖြေရမလဲ မသိတော့ဘူး။ အူလှိုက်သည်းလှိုက် အကြာကြီး စဉ်းစားပြီးနောက် ကူလျန်ချန်ကို ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်ပြီး ဖြေလိုက်သည်။
"ဟီးဟီး"
"..."
ကူလျန်ချန် ချက်ချင်း ကြောင်အမ်းသွားပြီး ကျန်းပေရန် ပျောက်ကွယ်သွားတဲ့ လှေကားဘက်ကို လှမ်းကြည့်လိုက်မိတယ်။
'ဆရာကျန်းက ဘယ်ဘက်ကကြည့်ကြည့် တကယ့်ကို ထူးခြားတာပဲ၊ ငါ့ရဲ့ မြစ်တွေထဲမှာ ဒီလောက်... တုံးအအ ရိုးသားတဲ့သူ ရှိပါ့မလားတောင် မသိဘူး'
...
အဲဒီအချိန်မှာ ကျန်းပေရန်က တံခါးခေါက်ပြီး အကိုကြီးရဲ့ အခန်းထဲကို ဝင်ရောက်လာခဲ့သည်။ အကိုကြီးကို ဂါရဝပြုပြီးနောက် သူက ပြောလိုက်သည်။
"အကိုကြီး... ကျွန်တော် ပြောစရာ ကိစ္စတချို့ ရှိလို့ပါ"
ကျင့်ကြံအားထုတ်နေပြီး ခဏနားနေတဲ့ လူဘိုကွေးက ခေါင်းမော့ကာ ကျန်းပေရန်ကို ကြည့်လိုက်သည်။ ကျန်းပေရန်ရဲ့ အမူအရာက ခဲယဉ်းစွာ တည်ကြည်လေးနက်နေတာ မြင်တော့ သူလည်း လေးနက်သွားလေသည်။
"တစ်ခုခု ဖြစ်လို့လား"
"ကိစ္စတွေကတော့... အများကြီး ဖြစ်ခဲ့တာ အမှန်ပါပဲ၊ ဒါပေမဲ့ အခု အရေးအကြီးဆုံးကိစ္စက တစ်ခုတည်း ရှိပါတယ်၊ ကျွန်တော် အကိုကြီးအတွက် ဆရာတစ်ယောက် ရှာတွေ့ထားတယ်"
အခုတစ်ကြိမ် အဆိပ်မြူကိစ္စက ကျန်းပေရန်အတွက် အတော်လေး ရိုက်ခတ်မှု ကြီးမားခဲ့သည်။ သိသာထင်ရှားဆုံး အချက်က သူဟာ အခြေအနေအားလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်းနဲ့ မထင်မှတ်ထားတဲ့ အန္တရာယ်တွေ ရောက်လာချိန်မှာ သူလည်းပဲ အားကိုးရာမဲ့ ဖြစ်တတ်ကြောင်း တွေ့ရှိလိုက်ရတာ ဖြစ်သည်။
ဥပမာ ဝူချင်းစစ်တို့လို တပည့်တွေအတွက် သူက အခုအချိန်မှာ စိတ်ပူရုံကလွဲပြီး ဘာမှ မလုပ်ပေးနိုင်ဘူးလေ။
အဲဒီအတွေးအပေါ် အခြေခံပြီး ကျန်းပေရန်က ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုကို ချက်ချင်း တွေးမိလိုက်သည်။
အကယ်၍ သူသာ အခုတစ်ခေါက် အကိုကြီးကို အချိန်မီ မခေါ်နိုင်ခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက တွေးရဲစရာတောင် မရှိတော့ဘူး။
ဒါ့အပြင် သူက အကိုကြီးကို ကာကွယ်ပေးမှု အနည်းငယ် လွန်ကဲနေကြောင်းလည်း ကျန်းပေရန် သတိပြုမိလိုက်သည်။ သူက အကိုကြီးကို အမှောင်ထဲကနေ ထာဝရ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အကိုကြီး ကိုယ်တိုင် စွမ်းအားကြီးလာမှပဲ အလုံခြုံဆုံး ဖြစ်လိမ့်မယ်။
လုပ်ရမယ်ဆိုရင်လည်း အကောင်းဆုံး ဖြစ်အောင် လုပ်ရမှာပေါ့။
ကျန်းပေရန်က ကူလျန်ချန်ကို ချက်ချင်း ပြေးမြင်မိသည်။ ထုန်တိုင်းပြည်ရဲ့ ထိပ်သီးခေါင်းဆောင်ကြီး ဖြစ်တဲ့ သူ့မှာ ဘယ်ဘက်ကကြည့်ကြည့် အပြစ်ပြောစရာ မရှိဘူး။ အကယ်၍ အကိုကြီးသာ သူ့တပည့် ဖြစ်လာခဲ့ရင် ကျန်းပေရန်လည်း များစွာ စိတ်အေးရမှာ ဖြစ်သည်။
"ဆရာ... သခင် ဟုတ်လား"
လူဘိုကွေးက ကျန်းပေရန်ရဲ့ ရုတ်တရက်ဆန်တဲ့ စကားကြောင့် ကြောင်အမ်းသွားပြီး ဘယ်လို ပြန်ပြောရမလဲ မသိအောင် ဖြစ်သွားသည်။
"ဟုတ်ပါတယ်"
ကျန်းပေရန်က ပြောပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူကာ ဆက်ပြောလိုက်သည်။
"တကယ်တော့ ကျွန်တော် အရင်နဲ့ မတူတော့ဘူးဆိုတာ အကိုကြီးလည်း ရိပ်မိမယ်လို့ ယုံကြည်ပါတယ်"
လူဘိုကွေးက ပြုံးလျက် ခေါင်းညိတ်သည်။
"တကယ်ပဲ မတူတော့ပါဘူး၊ အနည်းဆုံးတော့ ငါ့ရဲ့ စောင့်ရှောက်မှုကို မလိုအပ်တော့ဘူးပေါ့"
ကျန်းပေရန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ဒါကြောင့် အခုတစ်ခါ ကျွန်တော်က အကိုကြီးကို ပြန်စောင့်ရှောက်ပေးရမယ့်အလှည့် ရောက်ပြီ"
ကျန်းပေရန်က ပြောရင်း ကောင်းကင်မျက်လုံးအစီအရင်ကို ဖွင့်ကာ အပြင်ဘက်က ထူထပ်တဲ့ အဆိပ်မြူတွေကို လက်ညှိုးထိုးပြလိုက်သည်။
"အကိုကြီး... အခု ကျွန်တော်တို့ ရောက်နေတဲ့နေရာက ထုန်တိုင်းပြည်ပါ"
"ထုန်တိုင်းပြည်..."
လူဘိုကွေး နောက်တစ်ကြိမ် ကြောင်အမ်းသွားပြန်သည်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ နိုင်ငံခြောက်နိုင်ငံရဲ့ အမည်နာမကို မကြားဖူးဘဲ မနေနိုင်ပေ။ ဒါပေမဲ့ ရှန့်တိုင်းပြည်က ကျင့်ကြံသူတစ်ယောက်အနေနဲ့ ထုန်တိုင်းပြည်ဆိုတာ သူတို့အတွက် လှမ်းမမီနိုင်တဲ့ နေရာတစ်ခုဖြစ်ကြောင်း ကောင်းကောင်း နားလည်ထားလေသည်။
"ဟုတ်တယ် အခု ဒီအဆိပ်မြူတွေက အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားတာပါ ထုန်တိုင်းပြည်လည်း မလွတ်ပါဘူး အခုဆိုရင် တိုင်းပြည် ပျက်သုဉ်းမယ့် အစွန်းရောက် အခြေအနေကိုတောင် ရောက်နေပြီ"
လူဘိုကွေး ကြားလိုက်ရချိန်မှာ ပါးစပ်အနည်းငယ် ဟသွားမိသည်။ သတင်းအချက်အလက် ပမာဏက များလွန်းလို့ လက်ခံနိုင်ဖို့ ခက်ခဲနေလေသည်။
အဲဒီအခြေအနေကို မြင်တော့ ကျန်းပေရန်က အဆိပ်မြူကျရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လူဘိုကွေးကို ပြောပြလိုက်သည်။ အကိုကြီးကို အမှန်အတိုင်း ဖွင့်ပြောဖို့ ဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် ဘာကိုမှ ချန်လှပ်မထားတော့ဘဲ အကုန်ပြောပြလိုက်သည်။
"ဒါဆို မင်းဆိုလိုတာက... အခု ထုန်တိုင်းပြည်က အနက်ရောင်သူတော်စင်တွေ အကုန်လုံးက သူတို့ကို ကယ်တင်ဖို့ မင်းကို မှီခိုနေရတယ် ဆိုတဲ့ သဘောလား"
ဒီအခိုက်အတန့်မှာ လူဘိုကွေး မတုန်လှုပ်မိဘူးဆိုရင် လိမ်ရာကျလိမ့်မည်။
ကျန်းပေရန် ရှန့်တိုင်းပြည်ရဲ့ ဧကရာဇ် ဖြစ်လာကတည်းက သူ့ဆီမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေကြောင်း လူဘိုကွေး ခန့်မှန်းမိသည်။ နောက်ပိုင်း ပေးပို့လာတဲ့ ရတနာပစ္စည်းတွေကို ကြည့်ခြင်းအားဖြင့် မိမိရဲ့ ဂျူနီယာလေးက စတင် ကြီးပြင်းလာပြီ ဖြစ်ကြောင်း၊ ကြီးပြင်းမှုနှုန်းကလည်း အရမ်းမြန်ဆန်ကြောင်း သူ ခံစားမိခဲ့သည်။
ဒါပေမဲ့ ကျန်းပေရန်က အနက်ရောင်သူတော်စင်တွေကိုပါ မှီခိုအားထားစေရလောက်တဲ့ အခြေအနေထိ ရောက်ရှိနေပြီလို့ သူ လုံးဝ ထင်မှတ်မထားခဲ့ဘူး။
အနက်ရောင်သူတော်စင် ဆိုတာ သာမန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလေ။
လူဘိုကွေး တွေးကြည့်ဖို့တောင် မရဲတဲ့ ဖြစ်တည်မှုတွေဖြစ်ကာ သူ့အနေနဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း ပါရမီ မမြင့်မားမှန်း သိထားတဲ့အတွက် အကြီးမားဆုံး အိပ်မက်က အနက်ရောင်ဘုရင်အဆင့် ဖြစ်လာဖို့လောက်ပဲ ရှိသည်။
ဒါပေမဲ့ အခုတော့ မိမိရဲ့ ဂျူနီယာလေးက အနက်ရောင်သူတော်စင်တွေတောင် မဖြေရှင်းနိုင်တဲ့ ကိစ္စရပ်တွေထဲကို ဝင်ရောက်စွက်ဖက်နေပြီ။
"ဟုတ်တယ် ဒါကြောင့် အကိုကြီး သဘောတူမယ်ဆိုရင် ထုန်တိုင်းပြည်ရဲ့ အသန်မာဆုံး အနက်ရောင်သူတော်စင်ကြီးကို အကိုကြီးရဲ့ ဆရာအဖြစ် လက်ခံလာအောင် ကျွန်တော် လုပ်ပေးနိုင်တယ်"