← Chapters

တန်ဖိုးမဖြတ်နိုင်သော အရာ

Vol. 51 Ch. 577

တန်ဖိုးမဖြတ်နိုင်သော အရာ

Vol. 51 Ch. 577

တိတ်ဆိတ်ငြိမ်သက်နေသည်။

အခန်းထဲတွင် လူဘိုကွေးသည် ခေါင်းငုံ့ကာ နက်နက်နဲနဲ စဉ်းစားနေသည်။ ရုတ်တရက် ဝင်ရောက်လာသော သတင်းအချက်အလက်များက များပြားလွန်းလှသဖြင့် ဦးနှောက်က လိုက်မမီနိုင်အောင် ဖြစ်နေပုံရသည်။

အချိန်အတန်ကြာမှ လူဘိုကွေးက ခေါင်းမော့လာပြီး ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

"ကောင်းပြီ... ငါ မင်းရဲ့ စေတနာကို လက်ခံပါ့မယ်"

စဉ်းစားနေစဉ်အတွင်း လူဘိုကွေး အများကြီး တွေးတောခဲ့သည်။ ပထမအချက်အနေဖြင့် သူ့ပါရမီသည် အနက်ရောင်သူတော်စင်တစ်ပါး၏ မျက်စိကျခြင်းကို ခံရလောက်အောင် မကောင်းမွန်ပေ။ ပေရန်လေး၏ မျက်နှာကြောင့် တပည့်ဖြစ်ခွင့် ရလျှင်ပင် အမည်ခံတပည့်သာ ဖြစ်လောက်သည်။

ဒုတိယအချက်မှာ သူသည် အနက်ရောင်ဂိုဏ်းချုပ်အဆင့် နယ်ပယ်ကိုပင် ထိတွေ့ဖူးခြင်း နည်းပါးရာ အနက်ရောင်သူတော်စင်ဆိုသည်မှာ ကောင်းကင်ပေါ်က ကြယ်များထက်ပင် ဝေးကွာလွန်းလှသည်။ အကယ်၍ အနက်ရောင်သူတော်စင်တစ်ပါးကို ဆရာတင်လိုက်ပါက ထိုဝန်းကျင်နှင့် အသားမကျဖြစ်ကာ ရှေ့ဆက်မတိုးနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားမည်ကို စိုးရိမ်မိသည်။

နောက်ဆုံးအချက်အနေဖြင့် သူသည် ဖြတ်လမ်းနည်းဖြင့် ကြီးပွားချင်သူမဟုတ်ပေ။ မည်သူမှန်းမသိ၊ တစ်ခါမှ မမြင်ဖူးသော အနက်ရောင်သူတော်စင်တစ်ပါးကို ရုတ်တရက် ဆရာတင်ရမည်ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာအရ လက်ခံရန် ခက်ခဲနေသည်။

သို့သော် ကျန်းပေရန်၏ ရိုးသားစစ်မှန်သော မျက်လုံးများကို မြင်လိုက်ရသည့်အချိန်တွင် လူဘိုကွေး စိတ်ဒွိဟများ ပြေပျောက်သွားခဲ့သည်။

ဘယ်လိုဖြစ်လာမှန်း မသိသော်လည်း ပေရန်လေးသည် သူ မော့ကြည့်ရလောက်သည့် အဆင့်အတန်းတစ်ခုကို ရောက်ရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သော ၈ နှစ်က သတ္တုတွင်းထဲတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော ကောင်လေးတစ်ယောက်မျှသာ ဖြစ်ခဲ့သော်လည်း ယခုတော့...

ကျန်းပေရန် ကြီးပြင်းလာမှုကို သက်သေအဖြစ် မြင်တွေ့ခဲ့ရသူ လူဘိုကွေးသည် ကျန်းပေရန် စွမ်းအားကြီးလာသည့် ဖြစ်စဉ်ကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း ရင့်ကျက်တည်ငြိမ်လာသည့် ပြောင်းလဲမှုကိုမူ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

ဘာမှမရှိရာမှနေ၍ ၈ နှစ်တာ ကာလအတွင်း သူသည် သာမန်လူငယ်လေးဘဝမှ အနက်ရောင်သူတော်စင်များနှင့် ပခုံးယှဉ်ရပ်တည်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီ။

ဒါကပင် သူ့ဉာဏ်ပညာနှင့် ပါရမီ ထူးကဲကြောင်း သက်သေပြနေသည်။

ထို့အပြင် လူဘိုကွေးသည် ကျန်းပေရန်၏ စိတ်နေသဘောထားကို ကောင်းကောင်း နားလည်သည်။ သူသည် ကျေးဇူးသိတတ်သော ကလေးကောင်းတစ်ယောက် ဖြစ်ကြောင်းနှင့် ထိုနှစ်များတစ်လျှောက်လုံးတွင် သူ့ကို နည်းလမ်းပေါင်းစုံဖြင့် ကျေးဇူးဆပ်ရန် ကြိုးစားနေကြောင်း သိထားသည်။

ဒါကြောင့် ပေရန်လေး အသေအချာ စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်သည့်ကိစ္စ ဖြစ်သည့်အတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။

အကိုကြီး သဘောတူလိုက်သည်ကို ကြားသောအခါ ကျန်းပေရန် ဝမ်းသာအားရ ပြုံးလိုက်သည်။

ရုတ်တရက် ကိစ္စများစွာကို ကြားလိုက်ရသဖြင့် အကိုကြီး အများကြီး တွေးတောစဉ်းစားနေမည်ကို သူသိသည်။ သို့သော် နောက်ဆုံးတွင် အကိုကြီးသည် သူ့ကို ခြွင်းချက်မရှိ ယုံကြည်ပေးခဲ့သည်။

ကျန်းပေရန် ဤရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်းမှာ အကိုကြီးအတွက် ထွက်ပေါက်အားလုံးကို သေချာ စဉ်းစားပေးထားသောကြောင့် ဖြစ်သည်။

ပထမဆုံးအနေဖြင့် စီနီယာကြီးကူ နှင့် ဆက်ဆံရာတွင် စနစ်သည် သူ၏ စကားများနှင့် ကတိများအပေါ် ရွေးချယ်မှု တစ်ကြိမ်မျှ မပြသခဲ့ပေ။ ဆိုလိုသည်မှာ စီနီယာကြီး ကူ သည် ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်သော လူယုတ်မာ မဟုတ်ကြောင်း ထင်ရှားသည်။

ထိုအချက်ကို ဖယ်ထုတ်လိုက်လျှင် စီနီယာကြီးကူ ပြသသော အရည်အချင်းများမှာ အလွန်မွန်မြတ်သည်ဟု ဆိုနိုင်သည်။ မြင့်မားသော ရာထူးတွင် ရှိသော်လည်း မာန်မာန မရှိပေ။ တတ်သိနားလည်သူကို ဆရာဟု သတ်မှတ်ကာ မိမိထက် အခြားကဏ္ဍများတွင် သာလွန်သူကို မနာလိုဝန်တိုခြင်းမရှိဘဲ လေးစားမှုကို တိုက်ရိုက် ထုတ်ဖော်ပြသတတ်သည်။

ထို့အပြင် ယွမ်မြို့မှ မထွက်ခွာမီ သူ ပေးခဲ့သော ကတိစကားများလည်း ရှိသေးသည်။

မိမိကိုယ်ကို စတေးပြီး ထုန်တိုင်းပြည်ကို ကာကွယ်ရန် ဆန္ဒရှိခြင်းမှာ တကယ့်ကို လေးစားဖွယ် ကောင်းလှသည်။

ခြုံငုံသုံးသပ်ကြည့်လျှင် ဤကဲ့သို့သော လူမျိုးသည် လုပ်ငန်းဆောင်တာများတွင် ပွင့်လင်းရိုးသားမည်ဟု ကျန်းပေရန် ယုံကြည်သည်။ အကိုကြီးကို သူ့လက်ထဲ အပ်နှံလိုက်လျှင် သူသည် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးမည်မှာ သေချာသည်။

ဝူချင်းစစ်တို့လိုမျိုး အကိုကြီးကိုပါ သူ့အဖွဲ့အစည်းငယ်လေးထဲ ဆွဲထည့်ဖို့ ကျန်းပေရန် မစဉ်းစားခဲ့ဖူးသည်တော့ မဟုတ်ပေ။

သို့သော် အကိုကြီးသည် သူ့စိတ်ထဲတွင် လူကြီးမိဘပုံရိပ် အလွန်ခိုင်မာနေသဖြင့် အကိုကြီးရှေ့တွင် ဆရာတစ်ယောက်လို နေရန် ကျန်းပေရန်အတွက် ခက်ခဲလှသည်။

ထို့အပြင် ကျန်းပေရန်သည် တပည့်များကို လွှတ်ထားပြီး မွေးမြူသည့် ပုံစံကို ပိုအားသန်သည်။ မူလက တပည့်လက်ခံခြင်းမှာ သူ့အလုပ်များကို ကူလုပ်ပေးရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ရာ သူ့ကိုယ်သူ ဆရာကောင်းတစ်ယောက်ဟု မသတ်မှတ်ထားပေ။

ထို့ကြောင့် အဖက်ဖက်မှ စဉ်းစားပြီးနောက် စီနီယာကြီး ကူ ကဲ့သို့ ဂုဏ်သတင်းကြီးမားသော ပညာရှင်ကြီးတစ်ဦးကို အကိုကြီးအတွက် ဆရာအဖြစ် ရှာဖွေပေးခြင်းသည် အကောင်းဆုံး ဖြစ်လိမ့်မည်။

အကိုကြီးကို စွမ်းအားကြီးလာအောင် ကူညီနိုင်သလို အကာအကွယ်ထီးတစ်ခုလည်း ဖြစ်လာစေမည်။

အကိုကြီးတွင် သူ့လိုမျိုး ကောင်းကင်ဘုံက ပစ်မှတ်ထားသည့် ခန္ဓာကိုယ်မျိုး မရှိကြောင်း သိထားရမည်။ စီနီယာကြီး ကူ ကဲ့သို့ အနက်ရောင်သူတော်စင်အဆင့် ဆရာတစ်ယောက် ရှိနေလျှင် အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံးတွင် ခေါင်းမော့ ရင်ကော့ပြီး သွားလာနိုင်ပြီ ဖြစ်သည်။ သူက သူများကို အနိုင်မကျင့်လျှင် ကံကောင်း၊ သူ့ကို မည်သူကမှ မကောင်းကြံရဲတော့မည် မဟုတ်ပေ။

"ကောင်းပါပြီ၊ အကိုကြီး သဘောတူပြီဆိုမှတော့ ဒီအနက်ရောင်သူတော်စင်ကြီးရဲ့ အကြောင်းကို အရင်ပြောပြပါမယ်"

ထို့နောက် စီနီယာကြီး ကူ အကြောင်း မိတ်ဆက်ပေးပြီးချိန်တွင် လူဘိုကွေးသည်လည်း သပ်ရပ်လျောက်ပတ်သော ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။

"ကောင်းပြီ... ငါ အကုန် မှတ်ထားလိုက်ပြီ"

လူဘိုကွေးက အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ရင်း ပြောလိုက်သည်။

"ဒါဆို ကျွန်တော်တို့ ဆင်းသွားကြစို့"

ကျန်းပေရန်က ပြောရင်း တံခါးကို တွန်းဖွင့်လိုက်သည်။

အကိုကြီးကိုခေါ်ပြီး အောက်ထပ်သို့ ဆင်းလာသောအခါ စီနီယာကြီး ကူ ကို ဧည့်ခန်းမဆောင်တွင် မတွေ့ရပေ။ ထို့နောက် ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်ရာ ကျန်းပေရန် ကြောင်အမ်းသွားသည်။

စီနီယာကြီးကူသည် ရှီဖုန်းလန်နှင့်အတူ အသားကင်နေသည်ကို တွေ့လိုက်ရပြီး ကြည့်ရသည်မှာ အတော်လေး ပျော်ရွှင်ကြည်နူးစရာ ကောင်းနေသည်။

ရှီဖုန်းလန်က စင်ပေါ်မှ ဟင်းခတ်အမွှေးအကြိုင်များကို ဘယ်အချိန် ထည့်ရမလဲဆိုတာ လက်ဟန်ခြေဟန်ဖြင့် သင်ပြနေပြီး စီနီယာကြီးကူ ကလည်း တကယ့်ကို တပည့်ကောင်းပီသစွာ လိုက်လုပ်နေလေသည်။ တစ်ယောက်ကလည်း သင်ရဲသလို တစ်ယောက်ကလည်း သင်ယူရဲပေသည်။

ကျန်းပေရန် နှုတ်ခမ်းထောင့်များ လှုပ်ရမ်းသွားပြီးနောက် အကိုကြီးကို ခေါ်ကာ စီနီယာကြီး ကူ ရှေ့သို့ လျှောက်သွားပြီး ဂါရဝပြုလိုက်သည်။

"စီနီယာကြီးကူ... ဂျူနီယာ လူခေါ်လာခဲ့ပါပြီ"

သိုးသားကင်နေသော ကူလျန်ချန်က နောက်လှည့်ပြီး လူဘိုကွေးကို တစ်ချက် အကဲခတ်လိုက်ရာ စိတ်ထဲတွင် အကြမ်းဖျင်း သဘောပေါက်သွားသည်။

အနည်းငယ် ပြုံးလျက် ကူလျန်ချန်က သိုးသားကင်တစ်ချောင်းကို ယူလိုက်ပြီး ပြောသည်။

"ပေရန်လေး... မင်းဆီက အစားအသောက်တွေက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ဒီလို ချက်ပြုတ်နည်းမျိုး ငါ ပထမဆုံး မြင်ဖူးတာပဲ"

"စီနီယာကြီး ကူ သဘောကျတယ်ဆိုရင် ညကျရင် ကျွန်တော်ကိုယ်တိုင် အသားကင်ပွဲတော် တစ်ပွဲ လုပ်ပေးပါမယ် အာမခံပါတယ်"

"ဟားဟားဟား... ဒါဆို ငါက အားမနာတော့ဘူးနော်၊ ခုနက မင်းလုပ်ထားတဲ့ မုန့်တွေကို စားပြီးသွားပြီ၊ တကယ့်ကို လူ့ပြည်မှာ မရှိတဲ့ အရသာပဲ၊ စားပြီးရင်း စားချင်ဖြစ်နေတာ"

"ခန်းမသခင်ရှီ... မုန့်တချို့ သွားထုပ်လိုက်ပါဦး၊ ပြီးရင် စီနီယာကြီး ကူ ပြန်ယူသွားဖို့လေ"

"ဟုတ်ကဲ့"

ရှီဖုန်းလန်က ထူးလိုက်ပြီး ပုလင်းများ ဘူးများကို ချကာ ဧည့်ခန်းမထဲသို့ ပြေးဝင်သွားသည်။

ထိုအခြေအနေကို ကြည့်ပြီး ကူလျန်ချန်က သဘောကျစွာ ရယ်မောလိုက်သည်။ လက်ထဲမှ သိုးသားကင်ကို ချထားလိုက်ပြီး ဧည့်ခန်းမထဲသို့ ပြန်လျှောက်လာကာ ကျန်းပေရန်ကို ကြည့်လျက် မေးလိုက်သည်။

"ဆရာသခင်ကျန်းက ငါ့ကို ဘာများ ကူညီစေချင်လို့လဲ မသိဘူး"

ကျန်းပေရန်က ကူလျန်ချန်ကို အလေးအနက် ဦးညွှတ်လိုက်ပြီး လူဘိုကွေးကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ကျွန်တော့်ရဲ့ အကိုကြီး လူဘိုကွေးပါ သူက ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်သလို ကျွန်တော် အလေးစားရဆုံး အကိုကြီးလည်း ဖြစ်ပါတယ်"

ထိုဂုဏ်ပုဒ်များကို ကြားလိုက်ရသောအခါ ကူလျန်ချန်သည် ကျန်းပေရန်ဘေးရှိ လူငယ်က ကျန်းပေရန်အတွက် မည်မျှ အရေးပါတယ်ဆိုတာ ချက်ချင်း သဘောပေါက်လိုက်သည်။

လူဘိုကွေးကမူ သူ့ကို သူများရှေ့တွင် ဤမျှလောက် ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ပေးသည်ကို နေသားမကျဖြစ်နေပြီး လက်ကာပြကာ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ကျန်းပေရန်က ဆက်ပြောလိုက်သည်။

"စီနီယာကြီး ကူ အနေနဲ့ သူ့ကို တပည့်အဖြစ် လက်ခံပေးဖို့ မျှော်လင့်ပါတယ်၊ အကယ်၍ စီနီယာကြီးသာ သဘောတူမယ်ဆိုရင် ဂျူနီယာ ကျေးဇူးအများကြီး တင်မိမှာပါ"

မျှော်လင့်ထားသည့် စကားများကို ကြားလိုက်ရသောအခါ ကူလျန်ချန်သည် လူဘိုကွေးကို နောက်တစ်ကြိမ် အကဲခတ်လိုက်ပြီး ခေါင်းညိတ်သည်။

"ပါရမီပိုင်းက နည်းနည်း ညံ့ဖျင်းပေမဲ့ ကောင်းကောင်း သင်ပေးနိုင်မယ်လို့ ငါ ယုံကြည်တယ်"

"စီနီယာကြီးကူ သဘောတူလိုက်တာလား"

ကျန်းပေရန်က ကူလျန်ချန် သဘောတူမည်ဟု ယုံကြည်ထားသော်လည်း ဤမျှ မြန်မြန်ဆန်ဆန်နှင့် ပေါ့ပေါ့ပါးပါး သဘောတူလိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ငါက တပည့် သိပ်လက်မခံတတ်သလို တပည့်လက်ခံတဲ့ စည်းကမ်းချက်တွေကလည်း အရမ်းမြင့်မားပါတယ်၊ ဒါပေမဲ့ ဆရာသခင်ကျန်းရဲ့ 'ကျေးဇူးအများကြီး တင်မိမှာပါ' ဆိုတဲ့ စကားတစ်ခွန်းက တန်ဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားနေတော့ ငါ့အနေနဲ့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူးလေ"

ကူလျန်ချန်က ပြောပြီးနောက် လူဘိုကွေးကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"ကောင်လေး... မင်း ငါ့ကို ဆရာအဖြစ် ဂါ၀ရချင်သလား"

ဆုံးဖြတ်ချက်ချပြီးသားဖြစ်သော လူဘိုကွေးသည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။

"ဆရာသခင်... တပည့်ရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ"

"ကောင်းပြီ... ထတော့၊ ဒီနေ့ကစပြီး မင်းက ငါ ကူလျန်ချန်ရဲ့ ပဉ္စမမြောက် တပည့် ဖြစ်သွားပြီ၊ မှတ်ထားရမှာက ငါ့နာမည်ကို သုံးပြီး အပြင်မှာ မကောင်းမှု မလုပ်ရဘူး၊ မဟုတ်ရင် ဆရာသခင်ကျန်းက မင်းကို ကာကွယ်ပေးရင်တောင် ငါက ပြင်းပြင်းထန်ထန် အပြစ်ပေးမှာနော်"

"ဟုတ်ကဲ့ပါ၊ တပည့် မှတ်သားထားပါ့မယ်"

လူဘိုကွေးက ထရပ်ရင်း ပြောလိုက်သည်။

ရိုးရှင်းသော ဆရာတင်ပွဲ ပြီးဆုံးသွားပြီးနောက် ကူလျန်ချန်က ကျန်းပေရန်ကို ကြည့်ကာ မေးသည်။

"ဆရာသခင်ကျန်း... ငါ ကူညီပေးရမယ့် ကိစ္စ တခြား ရှိသေးလား"

"စီနီယာကြီးကူက ဂျူနီယာကို အကူအညီအကြီးကြီး ပေးပြီးပါပြီ၊ ထပ်ပြီး ဒုက္ခမပေးရဲတော့ပါဘူး၊ အခု ကျွန်တော်တို့ အလုပ်ကိစ္စ ဆက်လုပ်ကြရအောင်"

"ကောင်းပြီ၊ မင်းဆီက ဒီစကားကိုပဲ ကြားချင်နေတာ ဒါဆို ငါ မြို့ထဲက အဆင့် ၉ သခင်ကြီးတွေကို နန်းတော်ထဲက ကျင်းကျယ်မျှော်စင်ဆီ ခေါ်သွားပေးမယ်၊ နောက်တစ်နာရီကြာရင် အဲဒီမှာ တွေ့ကြတာပေါ့"

"ဟုတ်ကဲ့ပါ၊ စီနီယာကြီး ကူ ကို နှုတ်ဆက်ပါတယ်"

ကျန်းပေရန်က လက်ဆုပ်ဂါရဝပြုရင်း ပြောလိုက်သည်။

ကူလျန်ချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဆရာသခင်ကျန်းကလည်း တကယ့်ကို လက်တွေ့ဆန်တာပဲ၊ ဒီအကူအညီက တကယ်တန်ပါတယ်၊ ဟားဟားဟား"

ပြောပြီးသည်နှင့် ကူလျန်ချန်သည် ရယ်မောလျက် ပျံသန်းစံအိမ်မှ ထွက်ခွာသွားလေသည်။

ကူလျန်ချန် ထွက်သွားပြီးနောက် ကျန်းပေရန်က လူဘိုကွေးကို လက်ဆုပ်ဂါရဝပြုကာ ပြောလိုက်သည်။

"အကိုကြီး... ဒါဆို ကျွန်တော်လည်း အလုပ်သွားလုပ်တော့မယ်၊ အကိုကြီး သဘောရှိသာ နေပါတော့"

အကိုကြီးကို အမှန်အတိုင်း ဖွင့်ပြောပြီးပြီဖြစ်ရာ အခန်းထဲတွင် အမြဲတမ်း ပိတ်လှောင်ထားစရာ မလိုတော့ပေ။ အပြင်ထွက်ပြီး လှုပ်ရှားသွားလာလည်း ပြဿနာ မရှိတော့ချေ။

"ကောင်းပြီ"

လူဘိုကွေးက ပြုံးလျက် ခေါင်းညိတ်သည်။

"ဒါဆို ကျွန်တော် သွားပြီ"

လူဘိုကွေးကို နောက်တစ်ကြိမ် နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် ကျန်းပေရန် ရုတ်တရက် နောက်လှည့်ကာ ရှီဖုန်းလန်ကို ပြောလိုက်သည်။

"စကားလုံး နှစ်လုံးတည်းနဲ့ ဖြေစရာ မလိုတော့ဘူးနော် အကိုကြီးကို သေချာ ဧည့်ခံပေးလိုက်ဦး"

ပြောပြီးသည်နှင့် သူသည် ပျံသန်းစံအိမ်မှ ထွက်ခွာသွားလေသည်။

"ဝူး... ဟူး"

နောက်ဆုံးတော့ လွတ်လပ်ခွင့်ရသွားသော ရှီဖုန်းလန်သည် သက်ပြင်းချလိုက်သည်။ ခုနက သူမမှာ အတော်လေး အောင့်အီးထားခဲ့ရသည် မဟုတ်ပါလား။

သက်ပြင်းချပြီးနောက် ရှီဖုန်းလန်၏ မျက်လုံးဝိုင်းကြီးများက လူဘိုကွေးဆီသို့ ရောက်သွားသည်။ မျက်လုံးထဲတွင် စူးစမ်းချင်စိတ်များ အပြင် စိုးရိမ်စိတ်အချို့လည်း ပါဝင်နေသည်။

အနက်ရောင်သူတော်စင်ကြီးနှင့်ပင် ရယ်မောပြောဆိုကာ အသားကင်ခဲ့သော ရှီဖုန်းလန်အတွက် စိုးရိမ်စိတ်ဖြစ်ပေါ်ခြင်းမှာ ရှားပါးလှသည်။ သို့သော် လမ်းတစ်လျှောက်လုံးတွင် ပေရန်လေးက ဤအကိုကြီးအပေါ် ဆက်ဆံခဲ့ပုံများကို သူမ မြင်တွေ့ခဲ့ရသည်။

ဒီအကိုကြီးက ပေရန်လေးအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာ သူမ ကောင်းကောင်း နားလည်သည်။

ရှီဖုန်းလန်က သူ့ကို အကဲခတ်နေသည်ကို မြင်သောအခါ လူဘိုကွေးက လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"ခန်းမသခင်ရှီ... ပေရန်က..."

"နေ... နေပါဦး"

ရှီဖုန်းလန်က လက်ကာပြလိုက်သည်။

"ကျွန်မကို... လန်လန် လို့ပဲ ခေါ်ပါ၊ မျိုးနွယ်စုထဲက လူကြီးတွေက အဲဒီလိုပဲ ခေါ်ကြတယ်"

ပုံမှန်ဆိုလျှင် ရေခဲမင်းသမီးလို အေးစက်သော ခန်းမသခင်ရှီက ဘာကြောင့် ရုတ်တရက် သဘောထား ပြောင်းလဲသွားမှန်း မသိသော်လည်း ပေရန်နှင့် သက်ဆိုင်မည်မှာ သေချာသည်။ ထို့ကြောင့် လူဘိုကွေးလည်း ရာထူးဂုဏ်ရှိန်များကို ဂရုမစိုက်တော့ဘဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို ငါ မင်းကို လန်လန် လို့ပဲ ခေါ်တော့မယ်"

"ဟီးဟီး"

အကြောင်းပြချက်မရှိ ပျော်ရွှင်သွားသော ရှီဖုန်းလန်က ခေါင်းညိတ်ပြပြီး မုန့်နှင့် လက်ဖက်ရည်အိုး သွားယူလိုက်သည်။

"အကိုကြီးလူ... လာ လက်ဖက်ရည် သောက်"

"အကိုကြီး" ဆိုသည့် အခေါ်အဝေါ်ကို ကြားရသောအခါ လူဘိုကွေးက သူနှင့် မတန်ဟု ခံစားလိုက်ရသည်။ သို့သော် ရှီဖုန်းလန်က ပေရန် ခေါ်သလို လိုက်ခေါ်ခြင်း ဖြစ်မည်ဟု တွေးမိကာ သိပ်အာရုံမထားတော့ပေ။

လူဘိုကွေးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ခုံပုလေးဖြင့် ဝင်ထိုင်လိုက်ပြီး ရှီဖုန်းလန်က သူနှင့် ပေရန်လေးတို့ မည်သို့ ပတ်သက်သည်ကို အလွန် သိချင်နေသည်။ သို့သော် မေးလိုက်လျှင် ပေရန်လေး စိတ်ဆိုးမည်ကို သိနေသဖြင့် မမေးရဲချေ။

ထို့ကြောင့် လူဘိုကွေးကို "စားပါ... စားပါ" ဟုသာ တိုက်တွန်းနေမိသည်။

လူဘိုကွေးကလည်း ရှီဖုန်းလန်၏ စိတ်ကို ရိပ်မိသော်လည်း ပေရန်၏ အကြောင်းကို သူစိမ်းအား မပြောပြလိုသဖြင့် နှစ်ယောက်သား မျက်လုံးချင်းဆုံကာ လက်ဖက်ရည် သောက်နေကြသည်။ ရံဖန်ရံခါ ဟန်လုပ်ပြီး ပြုံးပြလိုက်ကြနှင့် လေထုမှာ အတော်လေး အနေရခက်စရာ ကောင်းနေသည်။

...

ပျံသန်းစံအိမ်မှ ထွက်ခွာလာပြီးနောက် ကျန်းပေရန်သည် ဆေးဖော်ခန်းသို့ အရင်သွားကာ အဆိပ်ဖြေဆေးကို ကြိုးစားလေ့လာနေကြသော ယောင်ယိချန် အပါအဝင် ဆေးပညာရှင်များကို သွားတွေ့လိုက်သည်။

"ဆရာသခင်ကျန်း... ပြန်ရောက်လာပြီပဲ"

ကျန်းပေရန်ကို မြင်သည်နှင့် အဆင့် ၉ ဆေးပညာရှင် ၅ ဦးက ဝိုင်းအုံလာကြသည်။

လက်ရှိအခြေအနေအရ ထိရောက်မှုအရှိဆုံး အဆိပ်ဖြေဆေးများကို ကျန်းပေရန်ကသာ ဖော်စပ်နိုင်ခဲ့သဖြင့် သူတို့အားလုံးက ကျန်းပေရန်ကို အားကိုးရာအဖြစ် သတ်မှတ်ထားကြသည်။ သို့သော် သူတို့၏ အားကိုးရာကြီးက အလုပ်များလွန်းနေသဖြင့် သူတို့မှာလည်း စိတ်ညစ်နေရသည်။

"အခြေအနေ ဘယ်လိုရှိလဲ"

"ကျွန်တော်တို့ ဆွမ်ဖုန်းမြက် နေရာမှာ ရေနတ်သမီးနှင်းရည်ကို အစားထိုးလိုက်တယ်၊ ရလဒ်က မဆိုးပါဘူး၊ ဒါပေမဲ့ တစ်ခုခု လိုနေသေးသလို ခံစားရလို့ ဆရာသခင်ကျန်း ပြန်လာတာကို စောင့်ပြီး ဆွေးနွေးမလို့ပါ"

"ရေနတ်သမီးနှင်းရည် ဟုတ်လား" ကျန်းပေရန် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းတဲ့ အကြံဉာဏ်ပဲ ဒါပေမဲ့ ပြဿနာက အရင်အတိုင်းပဲ၊ သူက အဆိပ်ပြင်းအားကို လျှော့ချပေးနိုင်ပေမဲ့ ဆေးစွမ်းကိုလည်း ကျဆင်းစေတယ် ဒါပေမဲ့ ဆွမ်ဖုန်းမြက်နဲ့ ယှဉ်ရင်တော့ ရေနတ်သမီးနှင်းရည်က ပိုပြီး ပြုပြင်ပြောင်းလဲလို့ ကောင်းတာတော့ အမှန်ပဲ"

ကျန်းပေရန်က ထိုပြောင်းလဲမှုကို အတည်ပြုပေးလိုက်သဖြင့် အဆင့် ၉ ဆေးပညာရှင် ၅ ဦး၏ မျက်နှာပေါ်တွင် ဝမ်းသာသော အပြုံးများ ပေါ်လာကြသည်။

"ဒါဆို ဆရာသခင်ကျန်း အမြင်က ဘယ်လို ထပ်ပြောင်းလဲရင် ကောင်းမလဲ" လေဟန်ချင်းက မေးလိုက်သည်။

"နောက်ထပ် ဆေးတစ်လုံး ဖော်ကြည့်မှ သိရလိမ့်မယ်၊ ဒါပေမဲ့ ခဏနေရင် လုပ်စရာကိစ္စ ရှိသေးတယ်၊ ဆေးဖော်တဲ့ကိစ္စကို ခင်ဗျားတို့ဘာသာ ဆက်ပြီး စမ်းသပ်ကြည့်ကြပါဦး"

"ဗျာ... ကိစ္စ ရှိသေးတယ် ဟုတ်လား"

ယောင်ယိချန် မျက်လုံးပြူးကာ အလန့်တကြား မေးလိုက်သည်။ ဒီအချိန်မှာ အဆိပ်မြူ ဖြေဆေး ဖော်စပ်တာထက် ဘယ်အရာက ပိုအရေးကြီးဦးမှာလဲ။

"အင်း... ဆေးဖော်နေရုံသက်သက်ဆိုရင် တိုးတက်မှုက နှေးလွန်းတယ်လို့ ခံစားရတယ်၊ ဒါကြောင့် တခြားနည်းလမ်းနဲ့ ချဉ်းကပ်ပြီး အဖြေရှာကြည့်မလို့၊ ဒီကို လာတာကလည်း နောက် ၂ ရက်လောက် ငါ အလုပ်နည်းနည်း များမယ်ဆိုတာ လာပြောတာ၊ ဆေးဖော်တဲ့ကိစ္စကို ခင်ဗျားတို့ကိုပဲ အပ်ထားခဲ့မယ်နော်"

မှန်ပါသည်။ ကျန်းပေရန်က စီနီယာကြီး ကူ ကို အဆင့် ၉ သခင်ကြီးများအားလုံး စုစည်းခိုင်းလိုက်ခြင်းမှာ ကြွားဝါချင်လို့ မဟုတ်ဘဲ အတွေးအမြင်များ ဖလှယ်ပြီး အဖြေရှာလိုသောကြောင့် ဖြစ်သည်။

ပြီးခဲ့သော စမ်းသပ်မှုအကြိမ်ကြိမ်တွင် ကျန်းပေရန် သေချာပေါက် သိရှိလိုက်သော အချက်တစ်ချက် ရှိသည်။

အနက်ရောင်ပညာရပ် တစ်ခုချင်းစီ ယှဉ်ပြိုင်မည်ဆိုလျှင် သူသည် ထို အဆင့် ၉ သခင်ကြီးများထက် သိပ်ပြီး သာလွန်မည် မဟုတ်ပေ။ သို့သော် ပညာရပ် နှစ်ခု၊ သို့မဟုတ် သုံးခုကို ပေါင်းစပ်လိုက်လျှင် သူတို့ထက် အဆပေါင်းများစွာ သာလွန်သော စွမ်းရည်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။

သူတို့ မလုပ်နိုင်သော ကိစ္စများကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထိုသဘောတရားအရ ကျန်းပေရန်က အခက်အခဲနှင့် ကြုံတွေ့နေရချိန်တွင် ပညာရပ်တစ်ခုတည်းအပေါ်တွင်သာ ခေါင်းမမာနေသင့်ဘဲ ပညာရှင်များအားလုံးနှင့် ဝိုင်းဝန်းဆွေးနွေး အဖြေရှာသင့်သည်ဟု ယူဆသည်။ ထိုသို့လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော စိတ်ကူးစိတ်သန်းများ ပေါ်ထွက်လာနိုင်ပေသည်။

"ဒါက..."

ယောင်ယိချန် မျက်မှောင်ကြုတ်လိုက်မိသည်။

"အခုအချိန်မှာ အဆိပ်ဖြေဆေး ဖော်စပ်တာထက် ပိုအရေးကြီးတာ ရှိသေးလို့လားဗျာ"

"မရှိပါဘူး၊ ငါ အပြင်ထွက်ပြီး လှုပ်ရှားနေတာကလည်း အဆိပ်ဖြေဆေး ရဖို့ပါပဲ"

ကျန်းပေရန် ထိုသို့ပြောလိုက်သောအခါ ယောင်ယိချန် ဘာမှ မပြောသာတော့ပေ။ ဤ ဆရာသခင်ကျန်း၏ အတွေးအခေါ်များသည် ကောင်းကင်ယံတွင် ပျံသန်းနေသကဲ့သို့ ဆန်းကြယ်လွန်းရာ သူတို့အနေဖြင့် လိုက်မီရန် ခက်ခဲလှသည်။

"ဒါဆိုရင်လည်း... ကောင်းပါပြီ၊ ဒါပေမဲ့ ဆရာသခင်ကျန်းကို ဆက်သွယ်လို့ရမယ့် နည်းလမ်းလေးတော့ ပေးခဲ့ပါဦး၊ မဟုတ်ရင် ကျွန်တော်တို့ဘက်က တိုးတက်မှုရှိလာရင် ဘယ်သွားရှာရမှန်း မသိဖြစ်နေမှာ စိုးလို့ပါ"

"ဒီ ၂ ရက်အတွင်း ငါ ကျင်းကျယ်မျှော်စင်မှာပဲ ရှိနေမှာပါ ခင်ဗျားတို့ တစ်ခုခု ထူးခြားတာရှိရင် အဲဒီကို လာရှာလိုက်ပါ"

အမှန်တကယ်တော့ ကျန်းပေရန်၏ မူလအစီအစဉ်တွင် ဤ အဆင့် ၉ ဆေးပညာရှင် ၅ ဦးကိုပါ ခေါ်သွားပြီး ဆွေးနွေးပွဲတွင် ပါဝင်စေချင်ခဲ့သည်။

သို့သော် ပြန်စဉ်းစားကြည့်သောအခါ ထိုအကြံဉာဏ်က သိပ်မကောင်းလှဟု ယူဆမိသည်။ အလုပ်ဖြစ်နေသော ဤလူ ၅ ယောက်ကို မူလအလုပ်တွင်သာ ဆက်လက် အာရုံစိုက်စေခြင်းက ပိုကောင်းပေမည်။

ထို့အပြင် ယခု ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ သူ မကျွမ်းကျင်သော အနက်ရောင်ပညာရပ်များကို လေ့လာထိတွေ့လိုခြင်း ဖြစ်သည့်အတွက် ဤ ဆေးပညာရှင် ၅ ဦး ပါခြင်း မပါခြင်းက သိပ်ထူးခြားမှု ရှိမည် မဟုတ်ပေ။

All Chapters