စည်းလုံးညီညွတ်စွာ လက်တွဲလုပ်ဆောင်ခြင်း
Vol. 51 Ch. 579
ကြေးဝါရောင် ထွင်းဓားသည် သက်တံမြေခြင်္သေ့အရေခွံပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေပြီး ကျွမ်းကျင်ပိုင်နိုင်သော လက်ရာများကြောင့် ခန်းမအတွင်းရှိ အနက်ရောင်ပညာရှင်များအားလုံး မျက်လုံးပြူးကာ ကြည့်နေမိကြသည်။
သို့သော် တုန်ကျန့်ရွှမ်၏ စိတ်ထဲတွင်တော့ မျက်လုံးပြူးနေရုံသာမက ဆဲရေးချင်စိတ်များပါ တဖွားဖွား ဖြစ်ပေါ်နေသည်။
'ဒီလိုလုပ်ပြရုံနဲ့ ဘယ်လိုလုပ် တစ်ခါတည်း တတ်မှာလဲဟ'
သားရေလုပ်ငန်းတွင် အဓိက အရေးပါသည်မှာ ချုပ်လုပ်ခြင်းနှင့် အပူပေးခြင်း ဖြစ်သည်။ ဤကဲ့သို့ ရှုပ်ထွေးလှသော ထွင်းထုခြင်းပညာကို သူ မည်သည့်နေရာတွင်မှ မသင်ယူခဲ့ဖူးချေ။
ကြည့်ရုံဖြင့် တတ်ဖို့မဆိုထားနှင့်၊ လက်ကိုင်သင်ပေးလျှင်ပင် ချက်ချင်း တတ်မြောက်နိုင်မည့် ပညာရပ်မျိုး မဟုတ်ပေ။
တုန်ကျန့်ရွှမ် စိတ်ထဲတွင် တတွတ်တွတ် ရေရွတ်နေစဉ် ကျန်းပေရန်သည် ကြေးဝါရောင် ထွင်းဓားကို ရပ်တန့်လိုက်ပြီး မေးလိုက်သည်။
"ဘယ်လိုလဲ... တတ်ပြီလား"
'ဟမ်...'
တုန်ကျန့်ရွှမ် ပါးစပ်ဟပြီး ဖြေရန် ပြင်လိုက်စဉ် ကျန်းပေရန်၏ အကြည့်သည် သူ့ဆီတွင် ရှိမနေဘဲ သူ့နောက်ဘက်ရှိ အနက်ရောင်ပညာရှင်များထံ ရောက်နေကြောင်း သတိပြုမိလိုက်သည်။
ထိုအချိန်တွင် လူအုပ်ထဲမှ သခင်ကြီးအချို့ ရှေ့ထွက်လာပြီး ကျန်းပေရန်ကို ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဆရာသခင်ကျန်းရဲ့ လက်ရာက တကယ်ပဲ အံ့မခန်းပါပဲ ဒါပေမဲ့ ဒီအဆောင်ထွင်းနည်းက သိပ်မခက်ပါဘူး တစ်ခေါက်ကြည့်တာနဲ့ မှတ်မိပါတယ်"
စကားပြောသူများကို ကြည့်ပြီးနောက် တုန်ကျန့်ရွှမ် ချက်ချင်း သဘောပေါက်သွားသည်။
ကျန်းပေရန် ပြောခဲ့သော "ကျွန်တော် တစ်ခါပဲ သင်ပေးမယ်" ဆိုသည့် စကားသည် သူ့ကို ပြောခဲ့ခြင်း မဟုတ်ဘဲ လူအုပ်ထဲရှိ အဆင့် ၉ အဆောင်ပညာရှင်များကို ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
လက်ထဲမှ ထွင်းဓားကို နှစ်ကြိမ်ခန့် မြှောက်ကာ ဖမ်းရင်း ကျန်းပေရန်က ပြုံးလိုက်သည်။
"ဒါက တကယ်တော့ ခက်ခဲတဲ့ နည်းပညာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါကို သားရေလုပ်ငန်းမှာ အသုံးပြုလိုက်မယ်ဆိုရင် ရလဒ်က ဆယ်ဆမက ကောင်းမွန်သွားမှာပါ"
ကျန်းရွှမ်ထင်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဆရာသခင်ကျန်း ပြောတာ မှန်ပါတယ် ကျွန်တော် မမှားဘူးဆိုရင် ဒါက အရိပ်ဂိုဏ်းရဲ့ အဆောင်ရေးဆွဲနည်း ဖြစ်မယ် ပုံမှန်ဆိုရင် ခွန်အားတိုးဖို့အတွက် လက်မောင်းမှာ ရေးဆွဲလေ့ရှိပေမဲ့ သားရေပေါ်မှာ အသုံးပြုလို့ရပြီး ရလဒ်က ဒီလောက် ကွဲပြားသွားမယ်လို့ ထင်မထားမိဘူး"
"ဒါက အနက်ရောင်ပညာရပ်တွေ ပေါင်းစပ်ခြင်းရဲ့ ရလဒ်ပဲ"
အဆင့် ၉ သခင်ကြီးများ စဉ်းစားခန်း ဖွင့်နေကြသည်ကို ကြည့်ရင်း ကျန်းပေရန် သူ့ရည်ရွယ်ချက် အောင်မြင်ပြီဖြစ်ကြောင်း သိလိုက်သည်။
"ပညာရပ် စွမ်းရည်နဲ့ ပြောရရင် ဒီနေရာမှာ ရှိနေတဲ့သူတွေ အကုန်လုံးက ကိုယ့်နယ်ပယ် အသီးသီးမှာ ထိပ်တန်းပညာရှင်တွေချည်းပါပဲ၊ ဒါပေမဲ့ ပညာရပ် ဆိုတာ သီးခြားစီ မဖြစ်သင့်ဘူး ပုံစံတွေ ကွဲပြားပြီး အမျိုးမျိုး ပြောင်းလဲနိုင်ပေမဲ့ အနှစ်သာရအားဖြင့်တော့ ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအင်ကို အသုံးပြုနေကြတာပဲ၊ အသုံးပြုပုံ နည်းလမ်းတွေ ကွဲပြားနေရုံပါ"
ကျန်းပေရန်၏ စကားကို အဆင့် ၉ သခင်ကြီး မည်သူကမှ ထပြီး မကန့်ကွက်ကြပေ။
ကျန်းပေရန် ပြောသည်က မှန်ကန်နေသောကြောင့် ဖြစ်သည်။ ဝိညာဉ်စွမ်းအင်သာ မရှိလျှင် သူတို့ ဖန်တီးသမျှ အရာအားလုံးသည် အစွမ်းထက်မည် မဟုတ်ပေ။ ဆေးလုံးပဲဖြစ်ဖြစ်၊ အဆောင်ပဲဖြစ်ဖြစ် ဝိညာဉ်စွမ်းအင် မပါဝင်လျှင် သာမန်အရာဝတ္ထုများသာ ဖြစ်သွားပေမည်။
ကန့်ကွက်သူ မရှိသည်ကို မြင်သောအခါ ကျန်းပေရန်က အပြင်ဘက်သို့ လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ခင်ဗျားတို့ အားလုံးလည်း ပျံသန်းစံအိမ်ရဲ့ အဆင်ပြေမှုကို ခံစားဖူးကြမှာပါ ကျွန်တော့်အမြင်မှာတော့ အဲဒါက ပညာရပ် ပေါင်းစပ်မှုရဲ့ အကောင်းဆုံး လက်ရာတစ်ခုပါပဲ ပညာရပ်တစ်ခုချင်းစီရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ချိတ်ဆက်ထားတာ တွေ့ရတယ်"
မည်သူကမှ ပြန်မပြောကြသဖြင့် ကျန်းပေရန်က တုန်ကျန့်ရွှမ်ကို ကြည့်ကာ မေးလိုက်သည်။
"သခင်ကြီး အမြင်ကရော ဘယ်လိုရှိလဲ"
ရုတ်တရက် အမေးခံလိုက်ရသော တုန်ကျန့်ရွှမ်သည် ခေတ္တမျှ ကြောင်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ပျံသန်းစံအိမ်က တကယ်ပဲ ကောင်းမွန်ပါတယ်"
အမှန်တကယ်တော့ အနက်ရောင်ပညာရှင်တိုင်းသည် ပျံသန်းစံအိမ်ကို မြင်သည်နှင့် ၎င်း၏ တည်ဆောက်ပုံ ဆန်းကြယ်မှုကို ချီးကျူးမိကြစမြဲဖြစ်သည်။ အဆင့်မြင့်လေလေ ပိုပြီး ချီးကျူးမိလေလေ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကသာလျှင် ၎င်း၏ သိမ်မွေ့နက်နဲမှုများကို ပိုမို မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ထိုသို့ သိမ်မွေ့နက်နဲလွန်းခြင်း၊ ဆန်းကြယ်လွန်းခြင်းတို့ကြောင့်ပင် အဆင့်မြင့် ပညာရှင်အများစုက ဤကဲ့သို့သော "အံ့ဖွယ်ဖန်တီးမှု" ကို ထပ်တူ ပြုလုပ်နိုင်မည် မဟုတ်ဟု ယူဆထားကြသည်။
ကျန်းပေရန် သိထားသည့်အတိုင်း ပျံသန်းစံအိမ်သည် ဝေတိုင်းပြည်ရှိ ယန္တရားနန်းတော်၏ ထုတ်ကုန်ဖြစ်သည်။
မတူညီသော အနက်ရောင်ပညာရှင်များ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ထားသော ဂန္ထဝင်လက်ရာတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် စောစောက ကျန်းပေရန်သည် ပညာရပ် ပေါင်းစပ်ခြင်း အယူအဆကို တင်ပြသောအခါ အဆင့် ၉ သခင်ကြီးများ အံ့သြမသွားကြခြင်း ဖြစ်သည်။
သူတို့အားလုံး ထိုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ကြောင်း သိကြသော်လည်း ထိုလမ်းကြောင်းသည် အလွန်ကြမ်းတမ်းခက်ခဲကြောင်းလည်း သိထားကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆက်မလျှောက်ချင်လောက်အောင် ခက်ခဲသော လမ်းဖြစ်သည်။
လူတိုင်းသိကြသည့်အတိုင်း ဝေတိုင်းပြည်သည် ပညာရှင် အများဆုံးနှင့် စုပေါင်းအင်အား အတောင့်တင်းဆုံး နိုင်ငံဖြစ်သည်။ ယန္တရားနန်းတော်သည်လည်း ဝေတိုင်းပြည်၏ အစွမ်းအထက်ဆုံး ပညာရှင် အဖွဲ့အစည်း ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ထိပ်တန်းပညာရှင်များ စုပေါင်းထားသည့် အဖွဲ့အစည်းကြီးတောင်မှ ပျံသန်းစံအိမ် ဟူသော ရွှေရောင်ဆိုင်းဘုတ်ကြီးမှလွဲ၍ အခြား အလားတူ ဆန်းကြယ်သော လက်ရာများကို ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် အနက်ရောင်ပညာရှင် အများစုက ပျံသန်းစံအိမ်သည် ကံကောင်းထောက်မစွာဖြင့် ပေါ်ပေါက်လာသော အံ့ဖွယ်တစ်ခုဟုသာ ယူဆထားကြသည်။
ပျံသန်းစံအိမ်ကို ဖန်တီးခဲ့သော ပညာရှင်များတွင် နက်ရှိုင်းသော စွမ်းရည်များ ရှိသည်မှာ မှန်သော်လည်း သူတို့၏ အံ့ဖွယ်ဖန်တီးမှုကို နောက်တစ်ကြိမ် ထပ်လုပ်ခိုင်းပါက သူတို့ကိုယ်တိုင်ပင် လုပ်နိုင်ချင်မှ လုပ်နိုင်ပေမည်။
ကြာလာသောအခါ အဆင့် ၉ သခင်ကြီးများသည် မိမိကျွမ်းကျင်သော ပညာရပ်ကိုသာ အစွမ်းကုန် တိုးတက်အောင် လုပ်ဆောင်ခြင်းက အဓိကအလုပ်ဟု သတ်မှတ်လာကြသည်။ ပညာရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည်မှာ... ကောင်းကောင်းပြောရရင် လှပတဲ့ အိပ်မက်တစ်ခု၊ အဆိုးပြောရရင် အိပ်မက်သက်သက်သာ ဖြစ်သည်။
လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခု…….
ထိုကဲ့သို့ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုအပေါ် အချိန်ကုန်ခံနေမည့်အစား မိမိလုပ်နိုင်သော အလုပ်ကိုသာ အကောင်းဆုံး လုပ်ဆောင်ခြင်းက ပိုကောင်းပေမည်။
ဒါကြောင့်လည်း အဆင့် ၉ သခင်ကြီး အများစုသည် ပျံသန်းစံအိမ်ကဲ့သို့ လက်ရာများကို မြင်ဖူးသော်လည်း လူတစ်ယောက်တည်းက ပညာရပ်အများအပြားကို ကျွမ်းကျင်ပိုင်နိုင်ခြင်းမှာ အပေါ်ယံ ဟန်ပြသက်သက်သာ ဖြစ်ပြီး အဆင့်အတန်းမမီဟု ယူဆနေကြခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အလွန် ဝေဝါးလွန်းပြီး ဘဝတစ်လျှောက်လုံး မြှုပ်နှံထားလျှင်ပင် မည်သည့် အောင်မြင်မှုမှ ရရှိလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ဤကောက်ချက်များကို ကျန်းပေရန်သည် အဆင့် ၉ သခင်ကြီး အများအပြားနှင့် စကားပြောဆိုပြီးမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ပညာရပ် ပေါင်းစပ်ခြင်းကို လုံးဝ ငြင်းပယ်ခြင်း မဟုတ်ဘဲ လက်တွေ့မကျ၊ အနာဂတ် နည်းပညာကဲ့သို့ ဝေဝါးလွန်းသည်ဟု ယူဆထားကြခြင်းသာ ဖြစ်သည်။
"ခင်ဗျားတို့ အားလုံးက ပညာရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲတယ်လို့ ထင်နေကြမှန်း ကျွန်တော် သိပါတယ်၊ ဒီလိုလုပ်လို့လည်း ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ တွေးနေကြတာလည်း သိပါတယ်၊ ဒါပေမဲ့ အဲဒါက အရင်တုန်းကပါ၊ အခု ကျွန်တော် ရောက်လာပြီဆိုတော့ ဒီကိစ္စက သိပ်မခက်ခဲတော့ပါဘူး"
"..."
ကျန်းပေရန်၏ "လေကြီးမိုးကြီး" စကားများကို ကြားရသောအခါ အဆင့် ၉ သခင်ကြီးများ အားလုံး ကြောင်အမ်းသွားကြသည်။ ဒီလူငယ်လေးက ဒီလောက်ထိ မျက်နှာပြောင်တိုက်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေသနည်း။ နှစ်ပေါင်းထောင်ချီ ကြာအောင် ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့သော ပြဿနာကို သူတစ်ယောက်တည်း ဖြေရှင်းနိုင်မယ်လို့ ပြောနေတာလား။
သို့သော် အထင်သေးစိတ်များ ရှိနေသော်လည်း ပြန်လည်ချေပရန် စကားလုံး ရှာမရ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူ့စွမ်းရည်များကို လက်တွေ့ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ ကောလာဟလ သတင်းများထဲမှ ဆေးပညာနှင့် အစီအရင်ပညာ အပါအဝင်ဆိုလျှင် ဤ ဆရာသခင်ကျန်းသည် ပညာရပ် ၄ မျိုးကို ထုတ်ပြပြီးဖြစ်ကာ နယ်ပယ်တစ်ခုချင်းစီမှ သခင်ကြီးများ၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး ဖြစ်သည်။
ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိထားသည့်အပြင် ခုနကလို "လေကြီးမိုးကြီး" စကားမျိုး ပြောရဲသည်ဆိုတော့...
'မဖြစ်နိုင်တာ...'
ရုတ်တရက် ရူးသွပ်လွန်းသော အတွေးတစ်ခု သခင်ကြီးများ၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်။
'ဒီ ဆရာသခင်ကျန်းက... အနက်ရောင်ပညာရပ် အားလုံးကို ကျွမ်းကျင်တာလား'
ထိုအတွေး ဝင်လာသည်နှင့် သခင်ကြီးများ အားလုံး ကြက်သီးမွေးညင်းများ ထသွားကြသည်။
ရူးသွပ်လွန်းတယ် သိပ်ကို ရူးသွပ်လွန်းတယ်။
တကယ်သာဆိုလျှင် ဤ ဆရာသခင်ကျန်း ပြောင်းလဲပစ်မည့် အရာများမှာ အလွန်များပြားလွန်းလှသည်။
"ခင်ဗျားတို့ အားလုံးက ကျွန်တော် လေကြီးနေတယ်လို့ ထင်နေကြမှာပါ ပြောတဲ့စကားတွေက ရယ်စရာကောင်းနေတယ်လို့ တွေးနေကြမှာပါ ဒါပေမဲ့ ကိစ္စမရှိပါဘူး မကြာခင်မှာ အရာအားလုံး ဖြစ်နိုင်တယ် ဆိုတာကို လက်တွေ့ သက်သေပြပါမယ်"
ထိုအချိန်တွင် ကျန်းရွှမ်ထင်းက မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ဆရာသခင်ကျန်းက... တကယ်ပဲ အနက်ရောင်ပညာရပ် အားလုံးကို ကျွမ်းကျင်တာလားဗျာ"
ဒေါက်တိုင်လေး ရောက်လာပြီဖြစ်သဖြင့် ကျန်းပေရန်က စိတ်ထဲတွင် သူ့ကို လက်မထောင်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး"
ကျန်းပေရန်၏ စကားကို ကြားသောအခါ ဘေးမှ ကူလျန်ချန် မျက်ခုံးပင့်လိုက်မိသည်။
'ဟမ်... လာပြန်ပြီလား'
မှန်ပါသည်။ သခင်ကြီးများ အားလုံးက ကျန်းပေရန်၏ "အဲဒီလိုတော့လည်း မဟုတ်ပါဘူး" ဆိုသည့် စကားကြောင့် သက်ပြင်းချလိုက်မိစဉ် ကျန်းပေရန်က ဆက်ပြောလိုက်သည်။
"ဒါပေမဲ့လည်း တော်တော်လေး စုံလင်နေပါပြီ"
"ရှီး..."
ခန်းမဆောင်တစ်ခုလုံးတွင် လေစုပ်သံများ ပြည့်နှက်သွားပြီး အစမှအဆုံးထိ တည်ငြိမ်နေခဲ့သော သခင်ကြီးများ အားလုံး ထိန်းမရတော့ဘဲ ဖြစ်ကုန်ကြသည်။
ကျန်းပေရန်က ပညာရပ်အားလုံး ကျွမ်းကျင်နိုင်သည်ဟု ခန့်မှန်းရခြင်းနှင့် သူကိုယ်တိုင် ဝန်ခံသည်ကို ကြားလိုက်ရခြင်းမှာ ခံစားချက်ချင်း လုံးဝ ကွာခြားပါသည်။
တုန်လှုပ်သွားကြသည်။
သူတို့သည် ဘဝတစ်လျှောက်လုံးတွင် အခက်အခဲပေါင်းစုံ၊ အတွေ့အကြုံပေါင်းစုံ ကြုံတွေ့ခဲ့ရသော်လည်း ဤအဖြေနှင့် ယှဉ်လိုက်လျှင် မပြောပလောက်တော့ပေ။
သက်ပြင်းချသံများကို နားထောင်ရင်း ကျန်းပေရန် ကျေနပ်သွားသည်။
အရင်က ကူလျန်ချန်နှင့် ဒီနည်းလမ်းကို စမ်းသပ်ခဲ့ပြီးဖြစ်ရာ ရလဒ်ကောင်းမွန်ကြောင်း သိထားသည်။ ကူလျန်ချန်တောင် ဆဲရေးလုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။
အနက်ရောင်သူတော်စင်ကြီးကိုတောင် တုန်လှုပ်စေနိုင်မှတော့ ဒီ အဆင့် ၉ သခင်ကြီးတွေကို တုန်လှုပ်စေနိုင်တာ ဆန်းတော့မဆန်းပေ။
သခင်ကြီးများ အနည်းငယ် သက်သာလာသောအခါ ကျန်းပေရန် ဆက်ပြောလိုက်သည်။
"အရင်တုန်းက ပညာရှင်တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲဆုံးက ဆက်သွယ်ပြောဆိုမှုပါပဲ၊ တစ်ဖက်လူရဲ့ ပညာရပ်ကို တစ်ဝက်တစ်ပျက်ပဲ သိထားတဲ့အတွက် ကြက်နဲ့ဘဲ စကားပြောသလို ဖြစ်တတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ရှိနေသမျှ ကာလပတ်လုံး ခင်ဗျားတို့ ပြောချင်တဲ့ အဓိပ္ပာယ်ကို တိတိကျကျ ဖော်ပြပေးနိုင်ပြီး လူတိုင်းကို ချိတ်ဆက်ပေးမယ့် ပေါင်းကူးတံတား ဖြစ်လာမှာပါ"
ရုတ်တရက် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သခင်ကြီးများ အားလုံးသည် ကျန်းပေရန်၏ အစီအစဉ် ဖြစ်နိုင်ခြေ ရှိမရှိနှင့် ဤမာန်တက်လွန်းသော အစီအစဉ်တွင် ပူးပေါင်းသင့်မသင့် စဉ်းစားနေကြသည်။
"ဖြောင်း"
ထိုအချိန်တွင် ကျန်းပေရန်က လက်ခုပ်တစ်ချက် တီးလိုက်ပြီး အော်ပြောလိုက်သည်။
"ကျွန်တော် ခုနက ပြောခဲ့တာတွေက ခင်ဗျားတို့ရဲ့ သဘောထားနဲ့ သဘောတူညီချက်ကို တောင်းခံနေတာ မဟုတ်ပါဘူး အခု ရန်သူက ရှေ့ရောက်နေပြီ ယွမ်မြို့က အချိန်မရွေး ကျဆုံးသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ် ဒါကြောင့် ခင်ဗျားတို့ရဲ့ မာနတွေ အစွဲတွေကို ဘေးဖယ်ထားပြီး စုပေါင်းပြီးတော့ အခု ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းမယ့် နည်းလမ်းကို ရှာဖွေကြပါ"
"..."
တိတ်ဆိတ်နေပြီးနောက် အဘိုးအိုတစ်ဦးက ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။
"ဆရာသခင်ကျန်း... ကျုပ် မေးစရာ မေးခွန်း ၂ ခု ရှိပါတယ်"
ကျန်းပေရန်က ထိုအဘိုးအိုကို ကြည့်ပြီး လက်ကာပြလိုက်သည်။
"မေးပါ"
"ပထမ မေးခွန်းက... ငါတို့တွေ စုပေါင်းလိုက်ရင် အခု ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်မယ်လို့ မင်းက ဘာလို့ ထင်ရတာလဲ"
"စုပေါင်းလိုက်တာနဲ့ ဖြေရှင်းနည်း သေချာပေါက် ရမယ်လို့ ကျွန်တော် မပြောပါဘူး၊ ဒါပေမဲ့ ဒီရက်တွေ အကြာကြီး ကုန်ဆုံးသွားတာတောင် ခင်ဗျားတို့ဆီက ဘာအကြံဉာဏ်မှ မကြားရတာထက်စာရင်တော့ တော်သေးတာပေါ့၊ အချိန်ဖြုန်းနေမယ့်အစား တခြားနည်းလမ်းနဲ့ စမ်းကြည့်သင့်တယ် မဟုတ်လား၊ မဟုတ်ရင် ဒီလောက်များပြားတဲ့ အဆင့် ၉ သခင်ကြီးတွေ ရှိနေလျက်နဲ့ သူများလာကယ်တာကိုပဲ ထိုင်စောင့်နေရတယ်ဆိုတာ နည်းနည်းတော့ မဖြစ်သင့်ဘူး မဟုတ်လား"
ကျန်းပေရန်၏ စကားကို ကြားသောအခါ သခင်ကြီးအချို့ ဒေါသထွက်လာကြသည်။ ဒါက သူတို့ကို အသုံးမကျဘူးလို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ မဟုတ်ပါလား။
သို့သော် စိတ်ညစ်စရာ ကောင်းသည်မှာ သူတို့သည် တကယ်လည်း ဘာမှ အကျိုးမပြုနိုင်၊ အကူအညီလည်း သိပ်မပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြန်လည် မချေပနိုင်ကြပေ။
သခင်ကြီးတစ်ဦးက "ဒါဆို မင်းကရော ဘာအကျိုးပြုထားလို့လဲ" ဟု ပြန်မေးချင်သော်လည်း စကားက လည်ချောင်းဝတွင် တစ်ဆို့သွားသည်။
အဘယ်ကြောင့်ဆိုသော် ဒီရက်ပိုင်း ဆရာသခင်ကျန်း နာမည်ကြီးနေခြင်းမှာ ယွမ်မြို့ကို တစ်ကိုယ်တော် စွမ်းရည်ဖြင့် ကယ်တင်ခဲ့သောကြောင့် ဖြစ်သည်ကို သတိရသွား၍ ဖြစ်သည်။
တကယ်သာ မေးလိုက်မိရင် သူ့မှာ မျက်နှာဖော်စရာ နေရာရှိတော့မည် မဟုတ်ပေ။
အခြား သခင်ကြီးများ၏ အတွေးမှာလည်း အတူတူပင်ဖြစ်ပြီး လှောင်ပြောင်ခံရသော်လည်း အောင့်အီးသည်းခံနေရုံသာ ရှိသည်။ ထိုကဲ့သို့ အခြေအနေမျိုး သူတို့ မကြုံဖူးသည်မှာ ကြာပြီဖြစ်သည်။
မေးခွန်းမေးသော အဘိုးအိုလည်း အနည်းငယ် အဆင်မပြေ ဖြစ်သွားသော်လည်း ခဏကြာမှ ဆက်မေးလိုက်သည်။
"ဆရာသခင်ကျန်း ပြောတာ မှားပါတယ် ငါတို့တွေက အချိန်တိုင်း ထွက်ပေါက်ကို စဉ်းစားနေကြတာပါ တတ်နိုင်သမျှလည်း အကူအညီ ပေးနေကြတာပါ"
"ဒါဆို ရလဒ်ကရော... ခင်ဗျားတို့ စဉ်းစားလို့ ရပြီလား"
နောက်တစ်ကြိမ် အပြောခံလိုက်ရသော အဘိုးအိုသည် ရှုံးနိမ့်မှာ သေချာသော ဤအကြောင်းအရာကို ဆက်မပြောတော့ဘဲ ခေါင်းစဉ် ပြောင်းလိုက်သည်။
"ဒါဆို ဒုတိယ မေးခွန်း မေးပါမယ် ဆရာသခင်ကျန်းက ငါတို့ကို ခေါ်လိုက်တယ်ဆိုတော့ စိတ်ထဲမှာ ထွက်ပေါက်ရမယ့် အစီအစဉ် ရှိပြီးသား ဖြစ်မှာပါ ကျုပ်ကို ရှင်းပြပေးနိုင်မလား"
"ရတာပေါ့ ဒါပေမဲ့ သခင်ကြီးရဲ့ နာမည်ကို အရင် သိပါရစေ"
"ကျုပ် နာမည်က ယန်ရုန် ပါ"
"သြော်... သခင်ကြီးယန်ကိုး တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျားက ကျွန်တော့်ကို မေးခွန်း ၂ ခု မေးခဲ့တယ် အခု ကျွန်တော်လည်း ခင်ဗျားကို မေးခွန်းတစ်ခု ပြန်မေးချင်တယ် ရမလား"
"မေးပါ"
"ဒီ အဆိပ်မြူကို ဖြေရှင်းဖို့ ဘာက အထိရောက်ဆုံးလို့ ထင်သလဲ"
"ဒါက..." ယန်ရုန် ခေါင်းခါလိုက်သည်။
"ကျုပ်သာ သိရင် ဒီနေရာမှာ ဂျူနီယာလေးတစ်ယောက်ရဲ့ ဆုံးမစကားကို နားထောင်နေစရာ မလိုတော့ဘူးပေါ့"
"ဟားဟားဟားဟား"
ကျန်းပေရန်က အားရပါးရ ရယ်မောလိုက်သည်။
ယန်ရုန်၏ စကားထဲတွင် ဒေါသစိတ်များကို ထိန်းချုပ်ထားရကြောင်း သိသာနေသည်။ ပေါက်ကွဲထွက်မည့် အခွင့်အရေးကို ရှာမတွေ့သေး၍သာ ငြိမ်နေခြင်း ဖြစ်သည်။
ရယ်မောပြီးနောက် ကျန်းပေရန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
တကယ်တော့ သူက အစကတည်းက မာန်တက်ပြနေခြင်းမှာ ဇာတ်ကောင်စရိုက် တစ်ခုတည်းကြောင့် မဟုတ်ပေ။ သခင်ကြီးအချို့ ဒေါသထွက်ပြီး ရန်စလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့မှသာ သူတို့ကို "ကြက်သတ်ပြီး မျောက်ပြ" လို့ ရမည် မဟုတ်ပါလား။
သို့သော် ထိုသခင်ကြီးများက စိတ်ရှည်သည်းခံနိုင်စွမ်း ကောင်းလွန်းနေသလား၊ ဉာဏ်ကောင်းလွန်းနေသလား မသိ။
သူ ဘယ်လောက်ပဲ ရန်စပါစေ၊ ပြန်လည် တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝ မပြကြပေ။
ကျန်းပေရန်အတွက် အတော်လေး နေရခက်စေသည်။
အရင်တုန်းကသာ ဒီလောက် မာန်တက်ပြလျှင် စနစ်က ရွေးချယ်မှုတွေ တန်းစီပြီး ပေးနေလောက်ပြီ။
အခုတော့ တစ်ခုမှ မပေါ်လာသေးပေ။ ဝမ်းသာရမလား ဝမ်းနည်းရမလားတောင် မသိတော့ချေ။
ထိုသို့ တွေးမိရင်း ကျန်းပေရန်သည် အဆိပ်မြူများ ဖုံးလွှမ်းနေသော ကောင်းကင်ယံကို လှမ်းကြည့်လိုက်မိသည်။
'ကောင်းကင်ဘုံကလည်း အဆိပ်မြူတွေ ကွယ်နေလို့ ငါ့ကို မမြင်ရတော့တာလား ဒါတောင် ငါ့ကို ဒုက္ခမပေးသေးပါလား'
နိမိတ်မကောင်းသည့် စကားမျိုး မပြောချင်သော်လည်း ကောင်းကင်ဘုံက ဒီလောက် ငြိမ်သက်နေခြင်းမှာ ကျန်းပေရန်အတွက် မူမမှန်ဟု ခံစားရပြီး အကွက်ကြီးကြီး တစ်ကွက် ရွှေ့ရန် ပြင်ဆင်နေသလားဟု သံသယဖြစ်မိသည်။
အတွေးများကို ဖြတ်ပြီးနောက် ကျန်းပေရန်က ယန်ရုန်ကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော်တို့ ဘယ်သူမှ မသိကြတဲ့အတွက် အဖြေရှာရမှာပေါ့ ဥပမာ - အဆိပ်မြူကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်မယ့် အဝတ်အစားတွေ၊ အဆောက်အအုံတွေ၊ ကျောက်စိမ်းတွေ... ဒါမှမဟုတ် ဂူ ကျင့်ကြံသူတွေရဲ့ ပြန်လည်မွေးဖွားနိုင်စွမ်းကို ဟန့်တားပေးမယ့် အဆောင်တွေ၊ ယန္တရားတွေ၊ အစီအရင်တွေ စသဖြင့်ပေါ့"
"ဒီအချက်တွေကို ခင်ဗျားတို့ တစ်ခါမှ မစဉ်းစားဖူးကြဘူးလား"
ယန်ရုန်က ချက်ချင်း ပြန်ဖြေသည်။
"စဉ်းစားတာပေါ့ ဒါပေမဲ့ ဒီအဆိပ်မြူက အရမ်း ထူးခြားလွန်းတယ် ကုသဖို့တောင် မလွယ်တာ ပြောင်းလဲပစ်ဖို့ ဆိုတာကတော့ စိတ်ကူးယဉ် သက်သက်ပဲ"
"ဟုတ်လား... သခင်ကြီးယန် က ဘယ်ပညာရပ်ကို ကျွမ်းကျင်တာလဲ"
ကျန်းပေရန်က သူ့ကို မသိခြင်းအပေါ် ယန်ရုန် မအံ့သြတော့ပေ။ ဒီကောင်လေးက လူတကာကို အရေးမလုပ်ကြောင်း သိသာနေပြီ မဟုတ်ပါလား။
"ကျောက်စိမ်းပညာရှင်"
"ဒါဆို ဒါကို ကြည့်လိုက်ပါဦး"
ကျန်းပေရန်က ပြောရင်း သိုလှောင်လက်စွပ်ထဲမှ စာလိပ်တစ်ခု ထုတ်ပြီး ပစ်ပေးလိုက်သည်။
ယန်ရုန်က လှမ်းဖမ်းပြီး ဖွင့်ကြည့်လိုက်သည်။ ခဏအကြာတွင် သူ့အာရုံတစ်ခုလုံးသည် စာလိပ်ထဲမှ ပုံများဆီသို့ ရောက်သွားလေသည်။
ထိုအခြေအနေကို မြင်သောအခါ ကျန်းပေရန်က ပြောလိုက်သည်။
"သခင်ကြီးယန် ကတော့ အကြာကြီး ကြည့်နေရဦးမယ့်ပုံပဲ၊ တခြား ဘယ်သူများ ကျွန်တော် ဘာလုပ်မလဲဆိုတာ သိချင်သေးလဲ"
ကျန်းပေရန်၏ မေးခွန်းကို ကြားပြီးနောက် ခန်းမဆောင်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားသော်လည်း မကြာမီတွင် လူတစ်ယောက်က စကားပြောလာသည်။
"ကျုပ်လည်း သိချင်တယ်"
"ကျုပ်ကိုလည်း ပြပါဦး"
'ကျုပ်ကိုရောပဲ...'