← Chapters

ကြယ်များ ဝန်းရံနေသော လမင်း

Vol. 51 Ch. 580

ကြယ်များ ဝန်းရံနေသော လမင်း

Vol. 51 Ch. 580

"ဒီဒီဇိုင်းက သိပ်ကို လက်ရာမြောက်တာပဲ"

"ဆရာသခင်ဖေ ဒီနေရာလေးက အဆင်ပြေရဲ့လား လာကြည့်ပေးပါဦး"

"အဓိပ္ပာယ်မရှိတာ လုံးဝ အဓိပ္ပာယ်မရှိဘူး ဒါက ပေါက်ကရတွေ"

...

ကျန်းပေရန်က စာလိပ်များ ဝေငှပေးလိုက်ပြီး မကြာမီအချိန်တွင်ပင် အဆင့် ၉ သခင်ကြီးများထံမှ အာမေဋိတ်သံများ၊ ဆွေးနွေးသံများ၊ နားမလည်နိုင်သော အသံများ ထွက်ပေါ်လာလေသည်။

"ဆရာသခင်ကျန်း"

ထိုအချိန်တွင် တုန်ကျန့်ရွှမ်က ခေါင်းမော့ကာ ကျန်းပေရန်ကို လှမ်းခေါ်လိုက်သည်။

"ပြောပါခင်ဗျာ"

"ဒီစာလိပ်ပေါ်မှာ ရေးထားတဲ့အရာတွေ အကုန်လုံးက မင်းရဲ့ စိတ်ကူးတွေလား"

ကျန်းပေရန်က စကားပြန်မပြောဘဲ သူ့ကို ပြုံးလျက်သာ စိုက်ကြည့်နေသည်။

တုန်ကျန့်ရွှမ်က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ဆရာသခင်ကျန်း ဘာမှ မပြောသော်လည်း အရာအားလုံး ပြောပြလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

"စာလိပ်ပေါ်မှာ ရေးထားတာက အဝတ်အစားနဲ့ ကျောက်စိမ်းကို ပေါင်းစပ်လိုက်ရင် ဝိညာဉ်စွမ်းအင် လွှဲပြောင်းပေးတဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်တဲ့ ဒါပေမဲ့ ကျောက်စိမ်းက ကြမ်းတမ်းတယ်လေ ဘယ်လိုလုပ် ပိုးသားနဲ့"

"ဟွန်း"

တုန်ကျန့်ရွှမ် စကားမဆုံးသေးခင်မှာ ယန်ရုန်၏ နှာခေါင်းရှုံ့သံ ထွက်လာသည်။

"ကျောက်စိမ်းက ကြမ်းတမ်းတယ် ဟုတ်လား တကယ် ရယ်စရာကောင်းတာပဲ ကျောက်စိမ်းဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေ စုဝေးပြီး ဖြစ်တည်လာတာ အတွင်းသားက နူးညံ့ချောမွေ့ပြီး အပြစ်အနာအဆာ ကင်းစင်တယ် ခင်ဗျားက"

"ဟေ့ နေပါဦး"

ယန်ရုန် ဒေါသထွက်နေသည်ကို မြင်သောအခါ တုန်ကျန့်ရွှမ်က လက်ကာပြလိုက်သည်။

"သခင်ကြီးယန် အထင်လွဲနေပြီ ကျုပ် ဆိုလိုတာက ကျောက်စိမ်းက မကောင်းဘူးလို့ ပြောတာ မဟုတ်ဘူး နတ်ဖန်ဆင်းသလို နူးညံ့တဲ့ ပိုးသားနဲ့ ယှဉ်လိုက်ရင် ကျောက်စိမ်းက နည်းနည်း ကြမ်းတမ်းသလို ဖြစ်နေတယ်လို့ ပြောတာပါ"

"ခင်ဗျား ပါးစပ်ပိတ်ထား"

"..."

မူလက ယဉ်ကျေးသိမ်မွေ့သော ယန်ရုန်သည် ရိုင်းစိုင်းသော စကားလုံးများ သုံးပြီး ဒေါသပေါက်ကွဲလာသည်ကို မြင်သောအခါ ကျန်းပေရန် အနည်းငယ် ကြောင်သွားသည်။

သို့သော် ထိုပညာရှင်များ အချင်းချင်း အထင်သေးကြသည်မှာ တစ်ရက်နှစ်ရက် မဟုတ်တော့ပေ။ သူတို့ကြားတွင် ပြည့်စုံသော အထင်သေးမှု ကွင်းဆက်တစ်ခုပင် ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ဥပမာ - ဝင်ရောက်ရန် အခက်ခဲဆုံးဖြစ်သော အစီအရင်ပညာရှင်များနှင့် ကံကြမ္မာဟောကိန်းဆရာများသည် ထိုကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိနေကြသည်။ လက်ဖက်ရည်ပညာရှင်များ၊ ဝိညာဉ်အရက်ပညာရှင်များ၊ ဂီတပညာရှင်များ စသည့် အေးဆေးသမားများကမူ အောက်ဆုံးတွင် ရှိနေကြသည်။

အလယ်အလတ်အဆင့်များကမူ ဖရိုဖရဲ တိုက်ပွဲ သဖွယ် မည်သူ့ကိုမှ အဖတ်မလုပ်ကြပေ။

ထို့ကြောင့် ဤလူများကို စည်းလုံးညီညွတ်စွာ လက်တွဲလုပ်ဆောင်စေလိုလျှင် ဦးစွာ သူတို့ကို ပြတ်ပြတ်သားသား ဖိနှိပ်ထားရန် လိုအပ်သည်။ သူတို့ကို အပြည့်အဝ ယုံကြည်လေးစားလာအောင် မလုပ်နိုင်လျှင် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်စေဖို့ ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။

ဒါကြောင့်လည်း ကျန်းပေရန်သည် အစကတည်းက ဤမျှ မာန်တက်ပြနေခြင်း ဖြစ်သည်။ ထိုလူအုပ်စုကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေလျှင် သူတို့က ကိုယ့်ကို အရေးစိုက်မှာ မဟုတ်ပေ။

ယန်ရုန်နှင့် တုန်ကျန့်ရွှမ်တို့ ရန်ဖြစ်လုဆဲဆဲ ဖြစ်နေသည်ကို မြင်သောအခါ ကျန်းပေရန် ဝင်ပြောလိုက်သည်။

"တော်ကြတော့"

ကျန်းပေရန်၏ အသံမှာ သိပ်မကျယ်သလို လေသံမှာလည်း သိပ်မမာသော်လည်း အဆင့် ၉ သခင်ကြီး နှစ်ဦးစလုံး ငြိမ်ကျသွားပြီး သူ့ကို လှည့်ကြည့်ကြသည်။

"ခင်ဗျားတို့ကို ဒီခေါ်လိုက်တာက ရန်သူကို ဘယ်လို တိုက်ထုတ်မလဲဆိုတာ ဆွေးနွေးဖို့ ခင်ဗျားတို့က ကလေးတွေလို ဒီလိုအသေးအဖွဲကိစ္စလေးနဲ့ ရန်ဖြစ်နေကြတာ တကယ့်ကို ရယ်စရာကောင်းလွန်းတယ်"

ယခုအချိန်တွင် စွမ်းရည်ပြသပြီးဖြစ်သော ကျန်းပေရန်သည် လုံးဝ အသာစီးရနေပြီ ဖြစ်သည်။ သခင်ကြီးနှစ်ဦး အဆူခံလိုက်ရသော်လည်း မည်သူကမှ ပြန်လည် မချေပရဲကြပေ။

ပထမအချက်မှာ မိမိတို့၏ စွမ်းရည်သည် သူ့လောက် မကောင်းသောကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ကျန်းပေရန်၏ စကားတွင် အပြစ်ဆိုစရာ ရှာမတွေ့သောကြောင့် ဖြစ်သည်။

ရန်ပွဲကို ငြိမ်းအေးစေပြီးနောက် ကျန်းပေရန် ဆက်ပြောလိုက်သည်။

"အစကတည်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ ဘယ် ပညာရပ်မှ ပြီးပြည့်စုံခြင်း မရှိဘူး ဒါကြောင့် အချင်းချင်း ပေါင်းစပ်ပြီး အားနည်းချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ် အခု ပိုးလောက်လမ်း ဂိုဏ်းသားတွေက အပြင်မှာ ချောင်းမြောင်းနေကြတယ် အဆိပ်မြူကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာက ထိပ်တန်းဦးစားပေး ကိစ္စပါ"

ပြောပြီးသည်နှင့် ကျန်းပေရန်က ယန်ရုန်ကို ကြည့်ကာ ဆက်ပြောသည်။

"ခုနက သခင်ကြီးယန် ပြောတယ်နော် အဆိပ်မြူကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲတာက စိတ်ကူးယဉ်သက်သက်ပဲလို့ ဒါဆိုရင် ကျွန်တော် တာဝန်ခံပြီး ပြောရဲတယ် ဒါက လုံးဝ ဖြစ်နိုင်ပါတယ် အခု ကျွန်တော့်စိတ်ထဲမှာ အကြမ်းဖျင်း ပုံစံတစ်ခု ရှိနေပြီ ဒါပေမဲ့ အသေးစိတ် အချက်အလက်တချို့ မပြည့်စုံသေးလို့ ခင်ဗျားတို့ကို ကူညီဖို့ ခေါ်လိုက်တာ"

ကျန်းပေရန်က သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

"ခင်ဗျားတို့က အဆင့် ၉ သခင်ကြီးတွေ ဆိုတော့ ဒီနေရာကို ရောက်လာရင် ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးနိုင်မယ်လို့ ထင်ထားတာ မထင်မှတ်ဘဲ ဒီလို အသုံးမကျတဲ့ စကားတွေ ပြောနေကြတာ ကြားရတော့ ကျွန်တော် တော်တော် စိတ်ပျက်မိတယ်"

ကျန်းပေရန်၏ စကားကြောင့် အဆင့် ၉ သခင်ကြီးများ အားလုံး ရှက်ရွံ့သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဆရာသခင်ကျန်းသည် အစမှအဆုံးထိ ထိုကြီးမားသော ဘေးအန္တရာယ်ကို ဖြေရှင်းရန် ကြိုးစားအားထုတ်နေကြောင်း အားလုံးက မြင်တွေ့နေရသောကြောင့် ဖြစ်သည်။ သို့မဟုတ်လျှင် သူသည် ပညာရပ်ပေါင်းစုံ တတ်ကျွမ်းသော ပါရမီရှင်တစ်ဦး ဖြစ်နေလျှင်ပင် မာနကြီးလှသော ဤသခင်ကြီးများကို ဤမျှ နှိမ့်ချလာအောင် လုပ်နိုင်မည် မဟုတ်ပေ။

"ဟူး"

ယန်ရုန်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကျန်းပေရန်ကို လက်ဆုပ်ဂါရဝပြုကာ ပြောလိုက်သည်။

"ဆရာသခင်ကျန်း ပြောတာ မှန်ပါတယ် ဒီလို အချိန်မျိုးမှာ အကျိုးမရှိတဲ့ စကားတွေ မပြောသင့်ဘူး"

ပြီးနောက် သူက တုန်ကျန့်ရွှမ်ဘက်သို့ လှည့်ကာ လက်ဆုပ်ဂါရဝပြုလိုက်သည်။

"ခုနက ကျုပ် စကားမှားသွားပါတယ် သခင်ကြီးတုန် ခွင့်လွှတ်ပေးပါ"

တုန်ကျန့်ရွှမ်ကလည်း ချက်ချင်း ပြန်လည် ဂါရဝပြုလိုက်သည်။

"သခင်ကြီးယန် ပြောတာ လွန်ပါပြီ ကျုပ်ဘက်ကလည်း မှားသွားပါတယ် ခွင့်လွှတ်ပေးပါ"

တောင်းပန်ပြီးနောက် ယန်ရုန်က ကျန်းပေရန်ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။

"ကျုပ်ရဲ့ မေးခွန်း ၂ ခုလုံး အဖြေရပါပြီ ဆရာသခင်ကျန်း စိတ်ထဲမှာ ရန်သူကို တိုက်ထုတ်မယ့် နည်းလမ်း ရှိနေပြီဆိုမှတော့ ကျုပ်အနေနဲ့လည်း ဒီကိစ္စအတွက် တတ်စွမ်းသမျှ ကူညီပေးပါ့မယ်"

ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ သခင်ကြီးယန် ဒီလို ပြောလာမှတော့ ကျွန်တော် ပြောရကျိုးနပ်ပါတယ်"

ယန်ရုန်၏ ဦးဆောင်မှုဖြင့် အခြားသော အဆင့် ၉ သခင်ကြီးများသည်လည်း ဟန်မလုပ်ကြတော့ဘဲ ကျန်းပေရန်ကို ဝိုင်းဝန်းကူညီကြမည့်အကြောင်း ကတိပေးကြလေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဘေးမှ ကူလျန်ချန်သည် အံ့သြတကြီး ဖြစ်နေရသည်။

သူသည် ထိုသခင်ကြီးများ၏ ပုံမှန် အကျင့်စရိုက်များကို ကောင်းကောင်း သိသည်။ အပြင်ပန်းတွင် ယဉ်ကျေးသိမ်မွေ့သလို ရှိသော်လည်း စိတ်ရင်းမှာ မိုးလောက်အောင် မာနကြီးသူများ ဖြစ်သည်။ တစ်ခါတစ်ရံ သူ့မျက်နှာကိုပင် ထောက်ချင်မှ ထောက်ကြသည်။

သို့သော် မတတ်နိုင်ပေ၊ ကိစ္စများစွာတွင် သူတို့ မပါလျှင် မဖြစ်သဖြင့် ကူလျန်ချန်ကဲ့သို့ အနက်ရောင်သူတော်စင်ကြီးတောင်မှ ရံဖန်ရံခါ မျက်နှာချိုသွေးပြီး မြှောက်ပင့်ပြောဆိုရလေ့ရှိသည်။

သို့သော် ယခုအခါ ကျန်းပေရန်သည် ထုန်တိုင်းပြည်၏ ထိပ်တန်း အဆင့် ၉ သခင်ကြီးများကို အကြွင်းမဲ့ နာခံအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းမှာ သူ၏ အံ့မခန်းဖွယ် ပညာရပ် စွမ်းရည်ကြောင့်သာမက အစကတည်းက ဤသခင်ကြီးများကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး ဤအခြေအနေရောက်အောင် တစ်ဆင့်ချင်း ဆွဲခေါ်လာနိုင်သောကြောင့် ဖြစ်သည်။

'ဒီလို စွမ်းဆောင်ရည်မျိုးက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်'

သခင်ကြီးများ အားလုံး သူ မျှော်လင့်ထားသည့်အတိုင်း ငြိမ်ကျသွားပြီဖြစ်သဖြင့် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ ပုံကြမ်းတစ်ခု ထပ်ထုတ်လိုက်ပြီး ပြောသည်။

"ဒါဆို ဒီနေ့ကစပြီး ကျွန်တော်က ခင်ဗျားတို့နဲ့အတူ ဒီမျှော်စင်ပေါ်မှာ အဆိပ်မြူ ဖြေရှင်းနည်းကို ဆွေးနွေးကြမယ် အားလုံးပဲ ရိုးရာအစဉ်အလာ အတွေးအခေါ်တွေရဲ့ ချုပ်နှောင်မှုကို ဖယ်ရှားပြီး လွတ်လပ်စွာ ဆွေးနွေးကြပါ အဆိပ်မြူကို အမြန်ဆုံး မောင်းထုတ်နိုင်အောင် ကြိုးစားကြပါ"

"ကောင်းပါပြီ"

သခင်ကြီးများ အားလုံး ခေါင်းညိတ်ပြီးနောက် ကျန်းပေရန်ကို ဝိုင်းအုံလာကြပြီး သူ ပေးလိုက်သော စာလိပ်များနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းကြလေသည်။

ကူလျန်ချန်သည် နားမလည်နိုင်သော စကားများကို နားထောင်ရင်း တံခါးပေါက်ဝသို့ တိတ်တဆိတ် ဆုတ်ခွာသွားလိုက်သည်။

တံခါးခုံကို ကျော်ဖြတ်တော့မည့်အချိန်တွင် ကူလျန်ချန် နောက်ပြန်လှည့်ကြည့်လိုက်ရာ အဆင့် ၉ သခင်ကြီးများက ကြယ်များ ဝန်းရံနေသော လမင်းပမာ ကျန်းပေရန်ကို ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း သူသည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရေရွတ်လိုက်မိသည်။

"သူတောင် မလုပ်နိုင်ဘူးဆိုရင် တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူး ထင်ပါရဲ့"

ကျန်းပေရန် ပြောခဲ့သည့်အတိုင်း ယွမ်မြို့ရှိ အဆင့် ၉ သခင်ကြီးများ အားလုံးကို စုစည်းရခြင်း၏ ရည်ရွယ်ချက်မှာ မတူညီသော ပညာရပ်များအကြား ဉာဏ်ပညာ မီးပွားများ ပွင့်ထွက်လာစေရန် ဖြစ်သည်။

အကြောင်းရင်းက ရိုးရှင်းပါသည်။

ကာလတိုအတွင်း အဆိပ်မြူကို အချိန်ကြာမြင့်စွာ ဟန့်တားနိုင်မည့် သို့မဟုတ် လုံးဝ ဖယ်ရှားနိုင်မည့် ဆေးစွမ်းကောင်း ရရှိရန် ဖြစ်နိုင်ခြေ နည်းပါးသည်။ ထို့ကြောင့် အရည်အသွေးပိုင်းတွင် အနိုင်မရနိုင်ပါက အရေအတွက်ဖြင့် အစားထိုးရန် စီစဉ်ခြင်း ဖြစ်သည်။

ကျန်းပေရန်သည် ဟိုစပ်ဒီစပ် လုပ်ရုံဖြင့် အဆိပ်မြူပြဿနာကို လုံးဝ ဖြေရှင်းနိုင်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် အဆိပ်မြူကို အချိန်ကြာမြင့်စွာ ခုခံနိုင်မည့် နည်းလမ်းကို စောစီးစွာ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပေမည်။

ဒါသည် သူ အချိန်ကြာမြင့်စွာ စဉ်းစားပြီးမှ ရရှိလာသော အကောင်းဆုံး နည်းလမ်းဖြစ်သည်။

ဤအလုပ်ကိစ္စ ပေါ်လာပြီးနောက် ယွမ်မြို့ရှိ ကျန်းပေရန်၏ နေ့စဉ်ဘဝသည် ပုံမှန်လည်ပတ်လာသည်။

မနက်ပိုင်းတွင် ပျံသန်းစံအိမ်ဖြင့် မြို့ပြင်ထွက်ပြီး ထွက်ပေါက်ရှာဖွေသည်။ အမှန်တကယ်တော့ ကျန်းပေရန်သည် ကူလျန်ချန်ကို အလုပ်မရှုပ်စေချင်သော်လည်း ထိုကိစ္စတွင်မူ ကူလျန်ချန်က လုံးဝ အလျှော့မပေးပေ။

အပြင်ထွက်တိုင်း "ဘုရားလောင်းကြွသလို" ခြိမ့်ခြိမ့်သဲသဲ လိုက်ပါပို့ဆောင်လေ့ရှိသည်။ မြို့ပြင် တစ်ပတ်ပတ်ပြီး ပြန်လာရုံလေး ဖြစ်သော်လည်း သူတို့က အလေးထားကြသည်။

တကယ်တော့ ကျန်းပေရန် အပြင်ထွက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ထွက်ပေါက်ရှာရန် သို့မဟုတ် သဲလွန်စရှာရန် မဟုတ်ဘဲ စွမ်းရည်အမှတ်များ ရှာဖွေရန် ဖြစ်ကြောင်း သူတို့ ဘယ်တော့မှ သိကြမည် မဟုတ်ပေ။

အခြေအနေက အရေးကြီးနေသော်လည်း ကျန်းပေရန်က မလောဘဲ အမှတ် ၁၀ မှတ် ရသည်နှင့် အိမ်ပြန်လေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် ဤ ကြီးကျယ်ခမ်းနားသော ဘေးအန္တရာယ်သည် ကောင်းကင်ဘုံက သူ့အတွက် စီစဉ်ပေးထားခြင်း ဖြစ်နိုင်ပြီး အလုပ်များရာမှ အမှားပါလာစေရန် တွန်းပို့နေခြင်း ဖြစ်နိုင်ကြောင်း သူ သံသယရှိနေသည်။

နည်းနည်းလေး လောဘတက်မိလိုက်သည်နှင့် ပြန်လမ်းမရှိသော ချောက်ထဲ ကျသွားနိုင်သည်။

အမှတ်များ ရှာဖွေပြီးနောက် ပျံသန်းစံအိမ်သို့ ပြန်ရောက်သောအခါ ကျန်းပေရန်သည် တစ်နာရီခန့် အချိန်ပေးပြီး ယွင်လော့ကို ဆက်လက် စစ်ဆေးမေးမြန်းသည်။

ယွင်လော့သည် အနက်ရောင်သူတော်စင်အဆင့် ဖြစ်သော်လည်း မကြာခဏ မေ့ဆေးဖြင့် အိပ်ပျော်စေခြင်းက သူ့ကို ထိခိုက်စေသည်။ ထိုအတိုင်း ဆက်လုပ်သွားလျှင် ထိန်းချုပ်ခံထားရသော သူ့စိတ်တွင် ဟာကွက်များ ပေါ်လာပြီး အရေးကြီးသော သဲလွန်စများကို ဖွင့်ဟလာနိုင်ပေသည်။

ထို့အပြင် [အဆိပ်] နှင့် ပတ်သက်သော စွမ်းရည်အမှတ်များ ရရှိခဲ့လျှင် စွမ်းရည်အသစ်များကို စမ်းသပ်နိုင်ရန်အတွက် စစ်ဆေးမေးမြန်းချိန်ကို ပိုကြာကြာ ယူလေ့ရှိသည်။

စစ်ဆေးမေးမြန်းခြင်း ပြီးဆုံးသောအခါ ကျန်ရှိသော အချိန်များကို ကျင်းကျယ်မျှော်စင်ထဲတွင်သာ ကုန်ဆုံးသည်။

ကျန်းပေရန် မျှော်လင့်ထားသည့်အတိုင်း အဆင့် ၉ သခင်ကြီး တစ်ဦးချင်းစီသည် ကျန်းပေရန်အတွက် ဆန်းသစ်သော အတွေးအမြင်များကို ပေးစွမ်းနိုင်ခဲ့ကြသည်။ ကျန်းပေရန်လည်း ပညာရပ် အားလုံးတွင် သူ့အဆင့်အတန်း ဘယ်လောက်ရှိသည်ကို ခန့်မှန်းမိလာသည်။

ထို့အပြင် အဆင့် ၉ ဆိုသည်မှာ တကယ့်ကို ထူးခြားသော အဆင့်အတန်းတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ဂိုဏ်းချုပ်အဆင့် သခင်ကြီးဟု ခေါ်ဝေါ်ထိုက်ကြောင်း နားလည်လာသည်။

အဆင့် ၈ နှင့် အောက် အဆင့်များသည် တကယ်တော့ လေ့လာသင်ယူနေဆဲအဆင့်သာ ဖြစ်သည်။

ဥပမာ - ဆေးပညာရှင်တစ်ယောက်သည် အဆင့် ၈ သို့ ရောက်ရှိသွားလျှင်ပင် သူ တတ်ကျွမ်းသမျှ အရာအားလုံးသည် မူလကတည်းက ရှိပြီးသား အရာများသာ ဖြစ်သည်။

ဆိုလိုသည်မှာ သူ အဆင့် ၈ ဖြစ်သွားလျှင်ပင် သူသည် ရှေ့လူများ ချန်ထားခဲ့သော ပညာရပ်များကို ကောင်းစွာ သင်ယူတတ်မြောက်ထားသော "ကျောင်းသားကောင်း" တစ်ယောက်သာ ဖြစ်ကြောင်း သက်သေပြနိုင်ခြင်း ဖြစ်သည်။

မည်မျှပင် ထူးချွန်ပါစေ သူတို့သည် ကျောင်းသားများသာ ဖြစ်ပြီး အသစ်အဆန်းများကို ဖန်တီးနိုင်ခြင်း မရှိသေးပေ။ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခြင်း မရှိသေး၊ ရှာဖွေရန် စတင်ခြင်းပင် မရှိသေးပေ။

ကိုယ်ပိုင်လမ်းကြောင်းကို ရှာတွေ့သွားပြီဆိုလျှင်တော့ ကျောင်းသားအဆင့်မှ ရှေ့ဆောင်လမ်းပြအဆင့်သို့ ကူးပြောင်းသွားပြီ ဖြစ်သည်။

ထိုအဆင့်ကို အဆင့် ၉ သခင်ကြီး ဟု ခေါ်သည်။

ထိုအဆင့်သို့ ရောက်ရှိလာသူများ၏ တူညီသော အချက်မှာ ရှိရင်းစွဲ ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီး တစ်ခုသင်လျှင် သုံးခုတတ် ဆိုသကဲ့သို့ ဉာဏ်ပညာ ထက်မြက်ကြသည်။

ထို့အပြင် သူတို့အားလုံးသည် ကိုယ်ပိုင်လမ်းကြောင်းသစ်များကို ရှာတွေ့ထားသူများ ဖြစ်ကြသည်။

ဥပမာ - ကျန်းပေရန် ပထမဆုံး သိကျွမ်းခဲ့သော အဆင့် ၉ အစီအရင်ပညာရှင် စစ်ထူကျိ ဆိုလျှင် သူကိုယ်တိုင် ပြောခဲ့ဖူးသည်မှာ "နိုင်ငံကာကွယ်ရေး အစီအရင်ကြီးကို တည်ဆောက်ခဲ့ခြင်းက ငါ့ဘဝရဲ့ အကြီးမားဆုံး အောင်မြင်မှု မဟုတ်ဘူး လူခန္ဓာကိုယ်ပေါ်မှာ အစီအရင်ရေးဆွဲတဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တာကသာ အကြီးမားဆုံး အောင်မြင်မှု ဖြစ်တယ်" ဟူ၍ ဖြစ်သည်။ ဒါသည် သူတစ်ယောက်တည်း ပိုင်ဆိုင်သော လမ်းကြောင်းဖြစ်သည်။

အထီးကျန်ဆန်သော်လည်း ပျော်ရွှင်မှု အပြည့်ရှိသည်။

အခြားသော အဆင့် ၉ သခင်ကြီးများတွင်လည်း ကိုယ်ပိုင် လျှို့ဝှက်နည်းပညာများ ရှိကြသည်။ အချို့က ပါရမီကြောင့် ရရှိလာပြီး အချို့က ဉာဏ်ပညာဖြင့် ရှာဖွေတွေ့ရှိလာခြင်း ဖြစ်သည်။

အတိုချုပ်ပြောရလျှင် ဤမျှော်စင်ထဲတွင် ရှိနေသူတိုင်းသည် တစ်ချိန်က လူငယ်ပါရမီရှင်များအဖြစ် ကျော်ကြားခဲ့ဖူးသူများ ဖြစ်ကြသည်။

သို့သော် အားလုံးထဲတွင် အရေးအပါဆုံး လူသားမှာ ကျန်းပေရန်သာ ဖြစ်သည်။ သူသည် ပေါင်းကူးတံတား အဖြစ် စွမ်းဆောင်ရည် ပြသလာသောအခါ သခင်ကြီးအားလုံးသည် မာနများကို လျှော့ချကာ အရင်ကလို အခြားပညာရပ်များကို အထင်မသေးတော့ဘဲ လေးစားလာကြသည်။

ကျန်းပေရန်၏ ရှင်းပြချက်များမှတစ်ဆင့် အခြားပညာရပ်များ၏ အားသာချက်များကို တဖြည်းဖြည်း နားလည်လာကြသည်။

ဒါသည် အရင်က စဉ်းစား၍ပင် မရသော ကိစ္စဖြစ်သည်။ မတူညီသော ပညာရှင်နှစ်ဦး တွေ့ဆုံလျှင် တစ်ဖက်လူက တော်မှန်း သိသော်လည်း ဘာမှ ပြောစရာ စကားမရှိ ဖြစ်နေတတ်သည်။

ထိပ်တန်း ကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက်နှင့် ပါရမီရှင် ပန်းချီဆရာတစ်ယောက် တွေ့ဆုံသကဲ့သို့ပင် တစ်ယောက်က ၀ နှင့် ၁ တို့၏ အလှတရားကို နားမလည်သလို နောက်တစ်ယောက်က ရောင်စုံကမ္ဘာကြီး၏ အလှတရားကို နားမလည်နိုင်ပေ။

သူတို့သည် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ဘုရင်များ ဖြစ်ကြသော်လည်း အချင်းချင်း တွေ့ဆုံချိန်တွင် မည်သည့် မီးပွားမှ ပွင့်ထွက်လာခြင်း မရှိပေ။

ကျန်းပေရန် ပေါ်လာခြင်းက သူတို့၏ ကျွမ်းကျင်မှုများကို ပဟေဠိဆက်သကဲ့သို့ စုစည်းပြီး ဆက်စပ်ပေးလိုက်ခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်၏ ပါရမီ သို့မဟုတ် ဉာဏ်ပညာသည် အခြားတစ်ယောက်၏ တီထွင်မှုအတွက် လိုအပ်နေသော နောက်ဆုံး အပိုင်းအစ ဖြစ်လာနိုင်သည်။

ထို့ကြောင့် ၃ ရက်ခန့် ကြာပြီးနောက်တွင် ကျန်းပေရန်သည် ကျင်းကျယ်မျှော်စင်၏ ခေါင်းဆောင်နေရာကို ခိုင်မာစွာ ရယူနိုင်ခဲ့သည်။ အဆင့် ၉ သခင်ကြီးတိုင်းက ကျန်းပေရန်၏ တန်ဖိုး မည်မျှကြီးမားကြောင်း နားလည်သဘောပေါက်သွားကြသည်။

ပညာရပ်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းသည် ခက်ခဲသော်လည်း သူတို့ ထင်ထားသကဲ့သို့ မဖြစ်နိုင်သော ကိစ္စ မဟုတ်ကြောင်း တဖြည်းဖြည်း လက်ခံလာကြသည်။

စဉ်းစားကြည့်လျှင် ယုတ္တိရှိပါသည်။ ဝေတိုင်းပြည်ရှိ ယန္တရားနန်းတော်သည် ကျန်းပေရန်ကဲ့သို့ ပေါင်းကူးတံတား မရှိဘဲနှင့်ပင် ပျံသန်းစံအိမ်ကဲ့သို့ နည်းပညာမြင့် ပစ္စည်းကို တီထွင်နိုင်ခဲ့သည်။ ယခု ကျန်းပေရန် ရှိနေပြီဖြစ်ရာ ထုန်တိုင်းပြည်မှ သခင်ကြီးများ၏ စုပေါင်းအင်အားသည် ဝေတိုင်းပြည်ထက် အနည်းငယ် နိမ့်ကျလျှင်ပင် ဖြတ်ကျော်တက်လှမ်းနိုင်မည် ဖြစ်သည်။

"ဆရာသခင်ကျန်း ဒီဘက်ကို တစ်ချက် လာကြည့်ပါဦး ဒီ ဝိညာဉ်စွမ်းအင် လမ်းကြောင်းကို နေရာပြန်ချလို့ ရမယ်လို့ ကျုပ် ထင်တယ်"

"ဟေ့လူ အရင်ရောက်တဲ့သူ အရင်လေ ဆရာသခင်ကျန်းက ကျုပ်ဆီမှာ အနက်ရောင်မိုးကြိုး စမ်းသပ်နေတာ တန်းစီစမ်းပါ"

"ကျုပ်ကိစ္စက အရေးကြီးလို့ပါဗျာ နည်းနည်းလောက် ဦးစားပေးလိုက်ပါလား"

"ဘယ်သူက အရေးမကြီးလို့လဲ ကျုပ်က"

"အဟမ်း"

ထိုအချိန်တွင် ကျန်းပေရန်၏ လည်ချောင်းရှင်းသံ ထွက်ပေါ်လာရာ ရန်ဖြစ်နေသူနှစ်ဦး ချက်ချင်း ရပ်တန့်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဒါသည် ကျန်းပေရန် အစကတည်းက ချမှတ်ထားသော စည်းမျဉ်းဖြစ်သည်။ ပညာရပ်ပိုင်းဆိုင်ရာ ငြင်းခုံခြင်းကို ခွင့်ပြုသော်လည်း သူ လည်ချောင်းရှင်းလိုက်လျှင် အဓိပ္ပာယ်မရှိသော ငြင်းခုံမှု ဖြစ်နေပြီဖြစ်၍ ချက်ချင်း ရပ်တန့်ရမည်။

ကျင်းကျယ်မျှော်စင်တွင် သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူ ချမှတ်သော စည်းမျဉ်းများမှာ ထိရောက်မှု ရှိသည်။ ဤသခင်ကြီးများသည် စည်းကမ်းဘောင်အတွင်း နေရခြင်းကို မကြုံဖူးသည်မှာ ကြာပြီဖြစ်သော်လည်း ခြွင်းချက်မရှိ လိုက်နာကြသည်။

စည်းစနစ်မရှိလျှင် တိုးတက်မှု မရှိနိုင်ပေ။ ကျန်းပေရန် ချမှတ်သော စည်းမျဉ်းများမှာ ရိုးရှင်းသော်လည်း ထိုယာယီအဖွဲ့အစည်းကို ပိုမို စည်းလုံးညီညွတ်စေပြီး ဘုံရည်မှန်းချက်ဆီသို့ လျင်မြန်စွာ ဦးတည်သွားစေသည်။

ထို့အပြင် သခင်ကြီး အများအပြားနှင့် ပူးပေါင်းဆောင်ရွက်ရင်း ကျန်းပေရန်သည် သူ့တွင် သိသာထင်ရှားသော အားနည်းချက်အချို့ ရှိနေကြောင်း သတိပြုမိလာသည်။

ယင်းတို့အနက် ကံကြမ္မာဟောကိန်းပညာသည် ပထမဆုံး ဖြစ်သည်။

၎င်းသည် အစီအရင်ပညာနှင့်အတူ ဝင်ရောက်ရန်နှင့် ကျွမ်းကျင်ရန် အခက်ခဲဆုံး ပညာရပ်အဖြစ် အနက်ရောင်ပညာရှင်များအားလုံး အသိအမှတ်ပြုထားကြသည်။

အခြား ပညာရပ်များသည် ကြိုးစားလေ့ကျင့်ခြင်း သို့မဟုတ် အလွတ်ကျက်မှတ်ခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ တတ်မြောက်နိုင်ပြီး ပါရမီ မမြင့်မားလျှင်ပင် အဆင့် ၅ သို့မဟုတ် ထိုထက်မြင့်သော အဆင့်ထိ ရောက်ရှိနိုင်သည်။

သို့သော် ကံကြမ္မာဟောကိန်းပညာနှင့် အစီအရင်ပညာမှာမူ လုံးဝ မရပေ။ ပါရမီမပါလျှင် စာအုပ်ပုံထဲ ခေါင်းနှစ်ထားလည်း အလကားပင် မတတ်လျှင် ဘယ်တော့မှ တတ်မည် မဟုတ်ပေ။

ကံကြမ္မာဟောကိန်းပညာအပြင် ဂီတပညာ၊ ပုံရိပ်ယောင်ပညာ၊ ဗိသုကာပညာနှင့် ယန္တရားပညာ ဘက်တွင်လည်း လိုအပ်ချက်များ ရှိနေသည်။ ထိုပညာရပ် ၄ ခုသည် အဆင့်မြင့်လေလေ ပြောင်းလဲမှု များပြားလေလေ ဖြစ်သည်။ ကျန်းပေရန်တွင် သက်ဆိုင်ရာ စွမ်းရည်အမှတ်များ နည်းပါးသလို နက်နက်နဲနဲ လေ့လာဖူးခြင်းလည်း မရှိပေ။

ထို့ကြောင့် စကားတစ်ခွန်းတည်းနှင့် အနှစ်ချုပ်ရလျှင်...

ထပ်ပြီး သင်ယူရဦးမည်။

All Chapters