အရသာရှိသော အစားအစာများ
Vol. 51 Ch. 581
ကျန်းပေရန်သည် မိမိ၏ အားနည်းချက်များကို သတိထားမိသကဲ့သို့ အဆင့် ၉ သခင်ကြီးများကလည်း သတိပြုမိကြသည်။
သို့သော် ထိုအချက်ကြောင့် သခင်ကြီးများက သူ့အပေါ် အထင်သေးသွားခြင်း မရှိသည့်အပြင် သူ့ကို လူသားတစ်ယောက်နှင့် ပိုတူသည်ဟု ခံစားမိလာကြသည်။
လူဆိုသည်မှာ မကျွမ်းကျင်သော အရာဟူ၍ ရှိတတ်စမြဲဖြစ်သည်။ အကုန်တတ်နေလျှင် လူမှ ဟုတ်ပါဦးမလား ဘီလူးသရဲစီးနေတာလား။
ထို့ကြောင့် ကျန်းပေရန်က မိမိ၏ အားနည်းချက်များကို ထုတ်ပြလိုက်သောအခါ သခင်ကြီးများက သူ့ကို ပို၍ ရင်းနှီးလာကြသည်။
"သြော် မင်းလည်း လူသားပါလား" ဟူသော ခံစားချက်မျိုး ရုတ်တရက် ဝင်ရောက်လာခြင်း ဖြစ်သည်။
မွန်းတည့်ချိန် ရောက်သောအခါ တစ်မနက်လုံး အလုပ်လုပ်ခဲ့သော ကျန်းပေရန်သည် အနည်းငယ် ပင်ပန်းလာသည်။
ပေါင်းကူးတံတား တစ်ယောက်အနေဖြင့် သူ့အလုပ်တာဝန်မှာ အများဆုံး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူသာ ဤအရာများကို စိတ်မဝင်စားလျှင် ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပေ။
သို့သော် လူသည် စက်ရုပ်မဟုတ်သည့်အတွက် ရက်ပေါင်းများစွာ ဆက်တိုက် အလုပ်လုပ်ပြီးနောက် ကျန်းပေရန်လည်း မောပန်းလာသည်။
ထို့ကြောင့် သူ့စားပွဲရှေ့တွင် ကျောက်စိမ်းလုပ်နည်းကို ဆွေးနွေးနေသော သခင်ကြီးလု ကို ပြောလိုက်သည်။
"ဒီလောက်နဲ့ ခဏရပ်ရအောင် ကျွန်တော် အပြင်ထွက်ပြီး လေညှင်းခံချင်လို့"
ကျန်းပေရန်က အပြင်ထွက်မည်ဟု ပြောသောအခါ လုဟိုင်ကျွင်း အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ ဒါဆို ဆရာသခင်ကျန်း ပြန်လာမှ ဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့"
ခေါင်းညိတ်ပြပြီး ကျန်းပေရန်သည် တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
မူလက တန်းစီစောင့်ဆိုင်းနေကြသော သခင်ကြီးများသည် ကျန်းပေရန် ရုတ်တရက် ထသွားသည်ကို မြင်သောအခါ သံသယဖြင့် လှမ်းကြည့်လိုက်ကြသည်။ သို့သော် မည်သူမျှ သူ့ကို လှမ်းမတားကြပေ။ ကျန်းပေရန် ခန်းမထဲမှ ထွက်သွားပြီး တံခါးပိတ်လိုက်သောအခါမှ နောက်ဆုံးတွင် ရပ်နေသော ကျန်းရွှမ်ထင်းက လုဟိုင်ကျွင်းကို မေးလိုက်သည်။
"သခင်ကြီးလု တော်လိုက်တာဗျာ ခင်ဗျားက ဆရာသခင်ကျန်းကို အကြပ်ရိုက်အောင် လုပ်လိုက်တာလား"
"ဘယ်ကသာ"
လုဟိုင်ကျွင်းက လက်ကာပြလိုက်သည်။
"အရေးကြီးတဲ့ အပိုင်း ရောက်နေတုန်း ဆရာသခင်ကျန်းက ရုတ်တရက် ဆက်မပြောချင်တော့ဘူး ဖြစ်သွားတာ ကျုပ်လည်း ဘာဖြစ်မှန်း မသိဘူး"
ထိုအချိန်တွင် မလှမ်းမကမ်းရှိ တုန်ကျန့်ရွှမ်က ဝင်ပြောသည်။
"ပင်ပန်းသွားတာ နေမှာပါ သူက အလုပ်အများဆုံးပဲလေ ဒီရက်ပိုင်း ပင်ပန်းခံလုပ်နေတာတောင် ဘာရလဒ်မှ မထွက်လာသေးဘူးဆိုတော့ မပင်ပန်းဘဲ နေမလား"
"ဟားဟားဟား ကျွန်တော်တို့ရဲ့ ဆရာသခင်ကျန်းက တဖြည်းဖြည်းနဲ့ လူသား ပိုဆန်လာပြီပဲ"
"ခင်ဗျားပြောမှပဲ ကျွန်တော်ကတော့ အစကတည်းက ဆရာသခင်ကျန်းကို လူသားတစ်ယောက်လို့ပဲ မြင်တာ သူသာ တကယ် အကုန်တတ်နေရင် ကျွန်တော်တို့လို လူအိုကြီးတွေကို ဘာလို့ လာရှာနေတော့မလဲ"
"ဒါဆို သူ့ကို ကောင်းကောင်း အနားယူခိုင်းလိုက်ကြရအောင် လာ လာ လာ သခင်ကြီးကျန်း ကျွန်တော်တို့ နှစ်ယောက် ဆွေးနွေးကြည့်ရအောင် ခင်ဗျားရဲ့ မိုးကြိုးပန်းခက်အဆောင်ကို ကျုပ်ရဲ့ ယန္တရားပညာထဲ ဘယ်လို ပေါင်းစပ်မလဲ ဆိုတာလေ ကျုပ်ထင်တာ နည်းနည်းလေး လိုနေသလိုပဲ"
...
တစ်နာရီခန့် ကြာသောအခါ။
ကျန်းပေရန် မရှိတော့သဖြင့် ခန်းမဆောင်ကြီးထဲတွင် "ဖော်ရွေသော" ဆွေးနွေးသံများ ပြန်လည် ထွက်ပေါ်လာသည်။
"ဟေ ကျုပ်ရဲ့ သက်တံရောင်ဝိညာဉ်ကျောက်စိမ်းက ပြဿနာရှိတယ် ဟုတ်လား ခင်ဗျားရဲ့ လက်ရာ ညံ့တာကိုများ"
"ခင်ဗျားက ကျုပ်ရဲ့ ကျွမ်းကျင်မှုကို သံသယဝင်နေတာလား"
"ခင်ဗျားရဲ့ လက်နက်သွန်းလုပ်တဲ့ စွမ်းရည်ကို သံသယ မဝင်ပါဘူး ဒါပေမဲ့ အခု ခင်ဗျား ကိုင်ထားတာက ကျောက်စိမ်းလေ ခင်ဗျားက ကျောက်စိမ်းပလွေ အကြောင်းတောင် နားမလည်ဘဲနဲ့ ဘာလို့ ကျောက်စိမ်းမကောင်းဘူးလို့ ပြောရတာလဲ"
"ကျုပ် နားမလည်ရင်တောင် ခင်ဗျား ရွေးထားတဲ့ ကျောက်စိမ်း မှားနေမှန်းတော့ သိတယ် အဆင့်ချင်းမှ မကိုက်တာ မကိုက်ဘူးဆိုတာ နားမလည်ဘူးလား"
"ဘယ်လိုလုပ် မကိုက်ရမှာလဲ ကျုပ် လေ့လာ"
ယန်ရုန် စကားပြောနေရင်း ရုတ်တရက် နှာခေါင်းရှုံ့လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။
"ဘာအနံ့က ဒီလောက် မွှေးနေတာလဲ"
စကားတစ်ခွန်းတည်းနှင့်ပင် ဖော်ရွေစွာ ဆွေးနွေးနေကြသော အခြား သခင်ကြီးများလည်း ပါးစပ်ပိတ်သွားပြီး နှာခေါင်းရှုံ့လိုက်ကြသည်။
"ဂလု"
ရွှယ်ယုန်ချင်း မနေနိုင်ဘဲ တံတွေးမြိုချလိုက်မိသည်။
"ထမင်းလာပို့တာလား"
လွန်ခဲ့သော နှစ်ရက်က သခင်ကြီးများသည် ပညာရပ် ပေါင်းစပ်ခြင်း ခေါင်းစဉ်သစ်ကို စတင်ဆွေးနွေးခဲ့ကြသည်။ အသစ်အဆန်း ဖြစ်သောကြောင့် စိတ်အားထက်သန်စွာ ဆွေးနွေးခဲ့ကြပြီး အအိပ်မေ့၊ အစားမေ့ ဖြစ်ကုန်ကြသည်။ ထမင်းစားဖို့ မဆိုထားနှင့် ရေတစ်ခွက် သောက်ဖို့ပင် သတိမရခဲ့ကြပေ။
ယခု ရုတ်တရက် မွှေးပျံ့သော ဟင်းနံ့ ရလိုက်သည်နှင့် အားလုံး၏ ဗိုက်ထဲမှ သန်ကောင်များ ထကြွသောင်းကျန်းလာကာ အငမ်းမရ စားချင်လာကြသည်။
"ဘုန်း"
ထိုအချိန်တွင် ခန်းမဆောင်တံခါး ပွင့်သွားပြီး ကျန်းပေရန်သည် လင်ဗန်းတစ်ချပ်ကို လက်နှစ်ဖက်ဖြင့် ကိုင်လျက် ဝင်လာကာ အဆင့် ၉ သခင်ကြီးများကို ပြောလိုက်သည်။
"လူကြီးမင်းတို့ အလုပ်လုပ်နေတာ ကြာပြီဆိုတော့ ခဏလောက် နားလိုက်ကြပါဦး ကျွန်တော် ခုနက အနားယူရင်း လက်စနဲ့ ချက်လိုက်တာ ပူပူနွေးနွေးလေး ရှိသေးတယ်"
"ဟမ်"
ကျန်းပေရန် ကိုယ်တိုင် ချက်ပြုတ်ထားသည်ဟု ကြားသောအခါ သခင်ကြီးများ အံ့သြသွားကြသည်။
"ကောင်းပြီ ဒါဆိုရင်တော့ အားမနာတော့ဘူး ဆရာသခင်ကျန်းရဲ့ လက်ရာကို မြည်းကြည့်ရတာပေါ့"
ယန်ရုန်က ပြောပြီးသည်နှင့် ပထမဆုံး အပြင်သို့ ထွက်သွားလေသည်။
ထို့နောက် အခြား သခင်ကြီးများလည်း နောက်မှ လိုက်ပါသွားကြသည်။
ခြံဝင်းထဲသို့ ရောက်သောအခါ စားပွဲဝိုင်းကြီးများပေါ်တွင် စားချင်စဖွယ် ကောင်းလှသော ဟင်းပွဲများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ရက်ပေါင်းများစွာ ကောင်းကောင်း မစားရသေးသဖြင့် သခင်ကြီးများသည် ကျင့်ဝတ်များကို ဂရုမစိုက်တော့ဘဲ စားပွဲဝိုင်းသို့ ပြေးဝင်ကာ ပန်းကန်ခွက်ယောက်များကို ကောက်ကိုင်ပြီး စတင် စားသောက်ကြတော့သည်။
ပထမဆုံး ထွက်လာသော ယန်ရုန်သည် ပဲပြားတစ်ပန်းကန်ကို ရွေးချယ်လိုက်သည်။ ပဲပြားသည် ပူလွန်းနေသော်လည်း ယန်ရုန်က ပဲပြားတစ်တုံးလုံးကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
ဝါးလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခါမှ မကြုံဖူးသော အရသာတစ်မျိုး လျှာဖျားပေါ်တွင် ပျံ့နှံ့သွားသည်။
ယန်ရုန် ပဲပြားကို ရွေးချယ်ရခြင်းမှာ သူအကြိုက်ဆုံး ဟင်းလျာ ဖြစ်သောကြောင့် ဖြစ်သည်။ အဆင့် ၉ သခင်ကြီးတစ်ဦးအနေဖြင့် အစားအသောက် ကိစ္စတွင် သူ့ကိုယ်သူ ဘယ်တော့မှ နှိပ်စက်လေ့မရှိပေ။ တောင်ပေါ်မြေအောက် အစားအစာ အမျိုးမျိုးကို စားဖူးသည်။
သို့သော် နောက်ဆုံးတွင် သူ အနှစ်သက်ဆုံးမှာ ပဲပြားသာ ဖြစ်သည်။
ထို့ကြောင့် အိမ်တော်တွင် နာမည်ကြီး စားဖိုမှူး ၃ ၄ ယောက်ခန့် ငှားရမ်းထားပြီး ပဲပြားဟင်းလျာ အမျိုးမျိုးကို ချက်ပြုတ်ခိုင်းလေ့ရှိသည်။ ကြော်တာ၊ ချက်တာ၊ ပြုတ်တာ၊ ပေါင်းတာ အကုန် စုံလင်သည်။
ယန်ရုန်သည် တိုက်ကြီးတစ်ခုလုံးရှိ ပဲပြားဟင်းလျာ အားလုံးကို မြည်းစမ်းဖူးပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယနေ့တွင် ပိုကောင်းသော အရသာကို တွေ့ရှိလိုက်ရသည်။
ပဲပြားဖြစ်သော်လည်း အသားအရသာ ထွက်ပေါ်နေပြီး ပဲပြား၏ နူးညံ့အိစက်သော အထိအတွေ့နှင့် ပေါင်းစပ်လိုက်သောအခါ ယန်ရုန် မနေနိုင်ဘဲ နောက်တစ်တုံး ထပ်ယူလိုက်မိသည်။
"စားကောင်းတယ်"
ယန်ရုန် ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန်ကို ကြည့်ကာ ပြောသည်။
"ဆရာသခင်ကျန်းက တကယ် လက်ရာကောင်းတာပဲ ဒီပဲပြားက လူ့ပြည်မှာ ရှားပါးတဲ့ အရသာပဲ တကယ့်ကို ကောင်းလွန်းတယ်"
ကျန်းပေရန်က ပြုံးပြီး ပြန်ပြောသည်။
"သခင်ကြီးယန် ကြိုက်တယ်ဆိုရင် ပြီးတာပါပဲ"
"ကျုပ်က ဒီပဲပြားကို သိပ်ကြိုက်တာ တစ်လောကလုံးက ပဲပြားတွေကို စားဖူးပြီ ထင်နေတာ ဒီမှာ နောက်ထပ် အကြိုက်ဆုံးတစ်ခု ထပ်တွေ့ရမယ်လို့ ထင်မထားဘူး ဒါနဲ့ ဆရာသခင်ကျန်းက ပဲပြားကို ဘယ်လိုလုပ်ပြီး အသားအရသာ ထွက်အောင် လုပ်တာလဲ"
ကျန်းပေရန်က သူ့ရှေ့ရှိ ပဲပြားပန်းကန်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ကျွန်တော် တစ်နေရာကို ရောက်ဖူးတယ် အဲဒီမှာ စကားပုံတစ်ခု ရှိတယ် 'မြေကြီးထဲက မွေးဖွား ရေထဲက ဆယ်ယူ ကျောက်တုံးနှစ်ခုကြား ဖြတ်သန်းပြီးရင် ဖြူဖွေးနူးညံ့ပြီး အရိုးမရှိ ဖြစ်သွားတယ်' တဲ့ အဲဒါက အရိုးမရှိတဲ့ အသားလို ဖြစ်နေတဲ့ ပဲပြားကို ဆိုလိုတာ ကောင်းကောင်း ချက်တတ်ရင် အသားထက်တောင် စားကောင်းပါသေးတယ်"
"ဟားဟားဟား ဖြူဖွေးနူးညံ့ပြီး အရိုးမရှိတဲ့ တကယ့်ကို ကောင်းလိုက်တဲ့ တင်စားမှုပဲ ဒီကိစ္စပြီးရင် အဲဒီနေရာကို ကျုပ်ကို ခေါ်သွားပေးပါဦး ဆရာသခင်ကျန်း"
"ရတာပေါ့"
"ဒါဆို ကျုပ် စကားမပြောတော့ဘူးနော် မဟုတ်ရင် တူ နှေးသွားတာနဲ့ စားစရာ မကျန်တော့မှာ စိုးလို့"
ယန်ရုန် ထိုသို့ ပြောရခြင်းမှာ အခြား သခင်ကြီးများ အားလုံး ခေါင်းမဖော်တမ်း စားသောက်နေကြပြီး ချီးကျူးစကား ပြောဖို့ပင် အချိန်မရကြသောကြောင့် ဖြစ်သည်။ သူတို့ဝေစု အလုခံရမည်ကို စိုးရိမ်နေကြပုံ ရသည်။
ကိုယ်ချက်သော ဟင်းကို သူများတွေ ကြိုက်နှစ်သက်ကြသည်ကို မြင်ရတိုင်း ကျန်းပေရန် ဝမ်းသာမိသည်။
ထို့ကြောင့်လည်း အနားယူချိန်တွင် ချက်ပြုတ်ခြင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သခင်ကြီးများ ပျော်ရွှင်စွာ စားသောက်နေကြသည်ကို ကြည့်ရင်း ကျန်းပေရန် ပြုံးလိုက်သည်။ ထို့နောက် အချိုရည်ပန်းကန်လုံး တစ်လုံးကို ကိုင်ကာ သခင်ကြီးတစ်ဦးဆီသို့ လျှောက်သွားလိုက်သည်။
အသားနှင့် ကင်းကွာနေသည်မှာ ရက်အတော်ကြာပြီဖြစ်သော ဟူဟုန်ဝေသည် ကြက်ကင်တစ်ကောင်နှင့် အသေအလဲ တိုက်ပွဲဝင်နေသည်။ တူဖြင့် စားရသည်မှာ အားမရသဖြင့် လက်ဖြင့်ပင် ကြက်ပေါင်ကို ဆွဲဖဲ့စားနေလေသည်။
ပုံမှန်အချိန်ဆိုလျှင် သူသည် ဤကဲ့သို့ ပုံရိပ်ပျက်အောင် နေမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် အခြား သခင်ကြီးများလည်း ပါးစပ်အပြည့် ဆီတွေပေကျံအောင် စားသောက်နေကြရာ ပုံရိပ်ကို ဂရုစိုက်နေမည့်သူ မရှိတော့ပေ။
ထို့အပြင် ကြက်ကင်၏ အရသာမှာ ဆွဲဆောင်မှု ရှိလွန်းသဖြင့် တစ်ကိုက် ကိုက်လိုက်သည်နှင့် ရပ်တန့်၍ မရတော့ပေ။
"ဒီကြက်ကင်ပေါ်မှာ ဘာတွေ သုတ်လိမ်းထားမှန်း မသိဘူး အရသာက ချိုမြိန်ပြီး ဆိမ့်နေတာပဲ"
ကြက်ကင်တစ်ကောင်လုံး ကုန်သွားသော်လည်း ဟူဟုန်ဝေသည် အားမရသေးသဖြင့် ပါးစပ်သပ်ရင်း ပြောလိုက်သည်။
"ပျားရည်ပါ မကင်ခင်မှာ ကျွန်တော် ပျားရည်တစ်ထပ် သုတ်လိုက်တာ"
ရုတ်တရက် အဖြေစကား ကြားလိုက်ရသဖြင့် ဟူဟုန်ဝေ မော့ကြည့်လိုက်ရာ ကျန်းပေရန် ရောက်လာသည်ကို တွေ့လိုက်ရသည်။
"ဟားဟားဟား"
ဟူဟုန်ဝေက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ဒီလောက် စိတ်တိုင်းကျ မစားရတာ ကြာပြီ ဆရာသခင်ကျန်းရဲ့ ဟင်းချက်လက်ရာက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ" ဟူဟုန်ဝေက ပြောပြီးနောက် ကြက်အရိုးများသာ ကျန်တော့သော ပန်းကန်ကို ကြည့်ကာ ဆက်မေးသည်။
"ဒီကြက်ကင်မှာ တခြား ဘာလျှို့ဝှက်ချက်တွေ ပါသေးလဲ"
"ပျားရည်အပြင် အန်းယန်တောင်က ထွက်တဲ့ ကျောက်ဆားနဲ့ ချွမ်လီဆီ တို့ကိုလည်း ထည့်ထားပါတယ်"
"ချွမ်လီဆီ ဆိုတာ ဘာကြီးလဲ"
ဟူဟုန်ဝေက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သခင်ကြီးရှီတို့ အိမ်တော်မှာ မွေးမြူထားတဲ့ အဆင့်နိမ့် မိစ္ဆာကောင်လေးပါ အရေပြားအောက်မှာ အဆီတွေ အများကြီး ရှိတယ် ကင်လိုက်ရင် ဆီတွေ တရွှဲရွှဲနဲ့ မွှေးပျံ့နေတာ စားလိုက်ရင် ပါးစပ်ထဲမှာ အနံ့စွဲကျန်ရစ်ခဲ့တယ်"
ဟူဟုန်ဝေ ကြားလိုက်ရချိန်တွင် တံတွေးမြိုချလိုက်မိသည်။ သွားရည်ကျသွားသည်မှာ သိသာလှသည်။
"ဒါတင် မဟုတ်သေးဘူး တခြား အသားတွေကို ချွမ်လီဆီ သုတ်လိမ်းပြီး ချက်ပြုတ်လိုက်ရင် အသားရဲ့ ကျစ်လျစ်မှုကို ထိန်းသိမ်းထားနိုင်သလို အတွင်းပိုင်းက အရည်ရွှမ်းမှုနဲ့ မွှေးပျံ့မှုကိုလည်း သော့ခတ်ထားနိုင်တယ်"
"ကြည့်ရတာ ဆရာသခင်ကျန်းက အစားအသောက် လမ်းကြောင်းမှာလည်း လေ့လာထားတာ မနည်းဘူးပဲ"
"သခင်ကြီးဟူ ကြားဖူးမလားတော့ မသိဘူး 'ပြည်သူတွေအတွက် အစားအစာက ကောင်းကင်ဘုံပဲ' တဲ့"
"ကြားဖူးတာပေါ့"
ဟူဟုန်ဝေ ခေါင်းညိတ်လိုက်သည်။
"ကုန်သည်ပွဲစားပဲဖြစ်ဖြစ် လယ်သမားပဲဖြစ်ဖြစ် တစ်နေကုန် အလုပ်လုပ်ပြီးရင် အကြီးမားဆုံး ပျော်ရွှင်မှုက ထမင်းတစ်လုပ် စားရဖို့ပါပဲ ဒါပေမဲ့ ကျင့်ကြံသူ တော်တော်များများက ဒီလို မူလပျော်ရွှင်မှုကို မေ့လျော့နေကြတယ် အစားအသောက်အတွက် အချိန်ပေးတာကို အချိန်ဖြုန်းတယ်လို့ ထင်နေကြတယ် ကျွန်တော်ကတော့ အဲဒီအယူအဆကို လက်မခံပါဘူး"
ကျန်းပေရန်က ပြောရင်း လက်ထဲမှ နှမ်းမဲပျစ် ပန်းကန်လုံးကို ဟူဟုန်ဝေရှေ့ ချပေးလိုက်သည်။
"ဒါက ကျွန်တော် နောက်ဆုံး ကျိုထားတဲ့ နှမ်းမဲပျစ်ပါ မြည်းကြည့်ပါဦး"
ပန်းကန်ထဲတွင် အရောင်လက်နေသော နှမ်းမဲပျစ်ကို မြင်သည်နှင့် ဟူဟုန်ဝေသည် အားမနာတော့ဘဲ ဇွန်းကို ယူကာ တစ်ဇွန်းခပ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
"အင်း"
နူးညံ့အိစက်သော အရသာကြောင့် ဟူဟုန်ဝေ၏ ခေါင်းထဲမှ စိတ်ညစ်စရာများ ပျောက်ကွယ်သွားပြီး ချိုမြိန်မှုသာ ကျန်ရစ်တော့သည်။
သူ မျက်လုံးမှိတ်ပြီး အရသာကို ခံစားလိုက်သည်။
အချိန်အတန်ကြာမှ ဟူဟုန်ဝေ မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။
"ဒီနှမ်းမဲပျစ်ကို သောက်ပြီးတော့မှ ဆရာသခင်ကျန်း ပြောချင်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားပြီ ဒီတစ်ခွက် သောက်လိုက်ရတာ ပင်ပန်းသမျှ အရာအားလုံးက တန်သွားပြီလို့ ခံစားရတယ်"
"ဟားဟား သခင်ကြီးဟူ အဲဒီလို ခံစားရတယ်ဆိုရင် ကျွန်တော့် အပင်ပန်းခံရကျိုး နပ်ပါတယ်"
ဟူဟုန်ဝေက နှမ်းမဲပျစ်ကို အမြန်ဆုံး ကုန်အောင် သောက်လိုက်သည်။ နောက်တစ်ပန်းကန် ထပ်တောင်းရန် ပြင်လိုက်စဉ် ကျန်းပေရန်က စာရွက်တစ်ရွက် ကမ်းပေးလာသည်။
ယူကြည့်လိုက်သောအခါ စာရွက်ပေါ်တွင် ရေးထားသည်မှာ -
[မီးအေးအေးဖြင့် မွှေးလာအောင် လှော်ပါ၊ အခွံချွတ်ပြီး ကြိတ်ပါ၊ ကျောက်ကြိတ်ဆုံဖြင့် ကြိတ်နေစဉ် ရေကို ဖြည်းဖြည်းချင်း ထည့်ပါ၊ အနှစ်ရည် နူးညံ့လာသည်အထိ ကြိတ်ပါ။]
ဟူဟုန်ဝေ ဖတ်ပြီးနောက် မုတ်ဆိတ်ကို သပ်ကာ ပြုံးလိုက်သည်။ စာရွက်ကို ခေါက်ပြီး သိုလှောင်လက်စွပ်ထဲ ထည့်ကာ ခေါင်းညိတ်လိုက်သည်။
"ဆရာသခင်ကျန်းက ဘာသင်ပေးပေး လုံးဝ ပညာမလျိုဘူးနော် လေးစားပါတယ်"
ဒီရက်ပိုင်းအတွင်း သခင်ကြီးအများအပြားက ဆရာသခင်ကျန်းသည် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ရုံသာမက သင်ကြားပေးနိုင်စွမ်းလည်း မြင့်မားကြောင်း ချီးကျူးခဲ့ကြသည်။ ဆရာသခင်ကျန်းထံမှ ပညာတောင်းခံဖူးသော အဆင့် ၉ သခင်ကြီးတိုင်းက ပညာရလိုက်သည်ဟု ခံစားကြရသည်။
အဆင့် ၉ သခင်ကြီးတစ်ဦး၏ ပါးစပ်မှ "ပညာရလိုက်ပါတယ်" ဆိုသော စကားထွက်လာဖို့ဆိုတာ ကောင်းကင်ပေါ်တက်ရတာထက် ပိုခက်ခဲသည်။
ဒါကို ကြည့်ခြင်းအားဖြင့် ကျန်းပေရန်သည် သူတို့နှင့် ဆွေးနွေးရာတွင် မည်သည့် လျှို့ဝှက်ချက်မှ ထားရှိခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုကြောင်း သိသာသည်။ ဂိုဏ်းစွဲ ပါတီစွဲ များပြားသော ပညာရှင် လောကတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ရှားပါးလှသည်။
ပညာရှင် အများစုသည် တပည့်ရွေးချယ်ရာတွင် အလွန် စည်းကမ်းကြီးတတ်ကြသည်။ တပည့်ဖြစ်ခွင့် ရလျှင်ပင် အစစ်အမှန် ပညာများကို သင်ယူခွင့် ရချင်မှ ရတတ်သည်။ အတွင်းစည်းတပည့် ဖြစ်မှသာ သင်ယူခွင့် ရလေ့ရှိသည်။
အချို့ဆိုလျှင် သားကိုသာ လက်ဆင့်ကမ်းပြီး သမီးကို လက်ဆင့်မကမ်းသော ရိုးရာစည်းကမ်းများပင် ရှိတတ်ကြသည်။
"ပညာဆိုတာ ဖြန့်ဝေဖို့လေ အမြဲတမ်း ဝှက်ထားပြီး တစ်နေ့ကျမှ ကိုယ့်လက်ထဲတင် ပျောက်ကွယ်သွားရင် နှမြောစရာကြီး မဟုတ်လား"
"ဟားဟားဟား" ဟူဟုန်ဝေ အားရပါးရ ရယ်မောလိုက်သည်။
"လူတိုင်းသာ ဆရာသခင်ကျန်းလို တွေးနိုင်ရင် ဒီလောကကြီးမှာ လက်ရာမြောက်တဲ့ ပညာရပ်တွေ ပျောက်ကွယ်သွားစရာ အကြောင်း မရှိတော့ဘူးပေါ့"
"ဒါဆို သခင်ကြီးဟူ လည်း ကျွန်တော့် စကားကို လက်ခံတယ်ပေါ့"
ဟူဟုန်ဝေ ခဏမျှ ကြောင်သွားပြီးနောက် ထပ်မံ ရယ်မောလိုက်သည်။
"သြော် ဆရာသခင်ကျန်းက ဒီနေရာမှာ ကျုပ်ကို စောင့်နေတာကိုး ဟားဟားဟား"
ကျန်းပေရန် ချန်ကွန်းပညာ မကျွမ်းကျင်ကြောင်း ပထမဆုံး သိရှိခဲ့သူမှာ ဟူဟုန်ဝေ ဖြစ်သည်။ ထိုစဉ်က သူသည် စိတ်ပျက်သလို ဝမ်းလည်းသာခဲ့သည်။
စိတ်ပျက်ရခြင်းမှာ အခြား သခင်ကြီးများက ကျန်းပေရန်ထံမှ အကြံဉာဏ်များ ရနေကြသော်လည်း သူက မရနိုင်သောကြောင့် ဖြစ်သည်။ ဝမ်းသာရခြင်းမှာ ချန်ကွန်းပညာသည် အခက်ခဲဆုံး ပညာရပ် ဖြစ်ကြောင်း ကျန်းပေရန်ကဲ့သို့ ပါရမီရှင်တောင်မှ ၎င်း၏ ရှေ့မှောက်တွင် ဒူးထောက်ရကြောင်း တွေးမိသောကြောင့် ဖြစ်သည်။
သို့သော် ဟူဟုန်ဝေသည် ကျန်းပေရန် မကျွမ်းကျင်ခြင်းကို အခွင့်ကောင်းယူပြီး ဝါကြွားခြင်း မပြုခဲ့ဘဲ ကျန်းပေရန်ကို ပို၍ လေးစားလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းပေရန်သည် လျှို့ဝှက်ဆန်းကြယ်မှုကို ဆက်လက် ထိန်းသိမ်းထားပြီး သူသည် ပညာရပ် ၁၆ မျိုးစလုံးကို ကျွမ်းကျင်ကြောင်း လူတိုင်းကို ဆက်လက် ထင်မြင်စေနိုင်ခဲ့သည်။ သူ့အရည်အချင်းနှင့် ဆိုလျှင် ထိုသို့လုပ်ရန် မခဲယဉ်းပေ။
သို့သော် သူ ထိုသို့ မလုပ်ခဲ့ဘဲ ဖွင့်ပြောနိုင်သမျှ အရာအားလုံးကို ဖွင့်ပြောခဲ့သည်။ ရည်ရွယ်ချက်မှာ ပညာရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေစေရန် ဖြစ်သည်။
ထို့ကြောင့် ရယ်မောပြီးနောက် ဟူဟုန်ဝေက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"အရင်က ကျုပ် ပြောခဲ့ဖူးပါတယ် အကယ်၍ ဆရာသခင်ကျန်းသာ ချန်ကွန်းပညာကို သင်ယူချင်တယ်ဆိုရင် ကျုပ်အနေနဲ့ အကုန်လုံး သင်ပေးပါ့မယ် လုံးဝ လျှို့ဝှက်ထားမှာ မဟုတ်ပါဘူး"
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် သခင်ကြီးဟူ ဒါဆို ကျွန်တော်လည်း အားမနာတော့ပါဘူး အခုပဲ ချန်ကွန်းပညာကို သင်ယူချင်ပါတယ်"
"အခု" ဟူဟုန်ဝေ ကြောင်သွားသည်။ ပထမဆုံး တွေးမိသည်မှာ ကျန်းပေရန်က ချန်ကွန်းပညာကို အထင်သေးပြီး ရုတ်တရက် စိတ်ကူးပေါက်ရုံဖြင့် သင်ယူနိုင်မည်ဟု ထင်နေခြင်း ဖြစ်မည် ဟူ၍ ဖြစ်သည်။
သို့သော် ဒေါသထွက်ရန် ပြင်လိုက်စဉ် ကျန်းပေရန်သည် ငယ်ရွယ်သော်လည်း ပညာရပ် ၁၆ မျိုးအနက် အများစုကို တတ်မြောက်ထားပြီးဖြစ်ကြောင်း သတိရလိုက်သည်။ ဤကဲ့သို့သော ပါရမီနှင့် သင်ယူနိုင်စွမ်းမျိုးကို သာမန် စံနှုန်းဖြင့် တိုင်းတာ၍ မရနိုင်ပေ။
ထို့ကြောင့် ဟူဟုန်ဝေ၏ စိတ်ထဲတွင် သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ ကျန်းပေရန်၏ ပါရမီသည် ချန်ကွန်းပညာတွင် မည်မျှအထိ စွမ်းဆောင်နိုင်မည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်လာသည်။
ထို့ကြောင့် ဟူဟုန်ဝေက လက်ထဲမှ ပန်းကန်လွတ်ကို မြှောက်ပြပြီး ပြောလိုက်သည်။
"မသင်ပေးခင် နှမ်းမဲပျစ် တစ်ပန်းကန်လောက် ထပ်သောက်လို့ ရမလား"
ကျန်းပေရန် ပြုံးလိုက်ပြီး ဖြေသည်။
"အဝသာ သောက်ပါ"
...
သူများကျွေးတာ စားထားပြီးမှတော့ ငြင်းဖို့ ခက်သွားပြီ။
သခင်ကြီးများသည် မူလကတည်းက ကျန်းပေရန်ကို လေးစားပြီးသား ဖြစ်သော်လည်း ယခု အစားကောင်း စားပြီးနောက်တွင် ပို၍ နှိမ့်ချလာကြသည်။ အစပိုင်းက ရှိခဲ့သော သခင်ကြီးမာနများမှာ တိမ်တိုက်များနောက်သို့ လွင့်ပါသွားပြီ ဖြစ်သည်။
"ဒီနေ့တော့ ဒီလောက်ပါပဲ ဒီနေ့ကစပြီး ကျွန်တော်က သခင်ကြီးဟူ ဆီမှာ ချန်ကွန်းပညာကို သင်ယူတော့မှာပါ ညဘက် အချိန်တွေမှာတော့ ခင်ဗျားတို့ဘာသာ စီစဉ်ကြပါတော့"
ကျန်းပေရန်က ပြောပြီးသည်နှင့် ပုံကြမ်းကို ပိတ်လိုက်ပြီး ဟူဟုန်ဝေထံ လျှောက်သွားလိုက်သည်။
ကျန်ရစ်ခဲ့သော သခင်ကြီးများမှာမူ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် မယုံနိုင်သော အမူအရာများဖြင့် ကျန်ရစ်ခဲ့ကြသည်။