← Chapters

ဝိညာဉ်သဲ

Vol. 51 Ch. 582

ဝိညာဉ်သဲ

Vol. 51 Ch. 582

"ဒါက ဝိညာဉ်သဲ ကြည့်ရတာ အလွန်သေးငယ်တယ်လို့ ထင်ရပေမဲ့ အတွင်းမှာတော့ အဆုံးမရှိတဲ့ လောကကြီးတစ်ခု တည်ရှိနေတယ် ချန်ကွန်းပညာကို ကျွမ်းကျင်ချင်ရင် အရင်ဆုံး မင်းလုပ်ရမှာက ဝိညာဉ်အာရုံကို သုံးပြီး ဝိညာဉ်သဲရဲ့ အတွင်းပိုင်းကို စူးစမ်းရမှာ"

အခန်းထဲတွင် ဟူဟုန်ဝေသည် လက်ဖဝါးကို ဖြန့်ထားပြီး ကျန်းပေရန်ကို ချန်ကွန်းပညာ၏ အခြေခံ သဘောတရားများကို ရှင်းပြနေသည်။

အစောပိုင်းက မေးခွန်းအချို့ မေးမြန်းရာတွင် ကျန်းပေရန်သည် ချန်ကွန်းပညာနှင့် ပတ်သက်လျှင် အနည်းငယ် မသိရုံ မဟုတ်ဘဲ လုံးဝ မထိတွေ့ဖူးကြောင်း သူ သိရှိခဲ့သည်။ ဒါသည် ဟူဟုန်ဝေကို အံ့သြသွားစေသည်။ ချန်ကွန်းပညာသည် သင်ယူရန် ခက်ခဲသော်လည်း ပညာရပ် ၁၀ မျိုးကျော် တတ်ကျွမ်းထားသော ကျန်းပေရန်ကဲ့သို့ ပါရမီရှင်တစ်ယောက် လုံးဝ မတတ်မြောက်ထားခြင်းမှာ ဖြစ်နိုင်ခြေ နည်းလှသည်။

ဟူဟုန်ဝေ သံသယဖြစ်နေချိန်တွင် ကျန်းပေရန်က ရှင်းပြလိုက်သည်။ သူ နိုင်ငံခြောက်နိုင်ငံသို့ ရောက်လာရခြင်း၏ မူလရည်ရွယ်ချက်မှာ ချန်ကွန်းပညာကို လေ့လာသင်ယူရန် ဖြစ်ကြောင်း၊ သို့သော် မသင်ယူရသေးမီ အဆိပ်မြူများ ရောက်ရှိလာကြောင်း ပြောပြခဲ့သည်။

ကျန်းပေရန်၏ ရှင်းပြချက်ကို ကြားသောအခါ ဟူဟုန်ဝေ နားလည်သွားသည်။ အရင် စကားပြောဖူးစဉ်ကတည်းက ကျန်းပေရန်သည် ရှန့်တိုင်းပြည်ဟု ခေါ်သော ဝေးလံခေါင်ဖျားသည့် နိုင်ငံငယ်လေးမှ လာကြောင်း သိထားသည်။ ထိုနေရာတွင် ချန်ကွန်းပညာ မဆိုထားနှင့် ပညာရပ် ၁၆ မျိုးကိုပင် အလေးမထားကြပေ။

ထိုကဲ့သို့သော ချောင်ကြိုချောင်ကြား နေရာမျိုးတွင် ချန်ကွန်းပညာကို မတွေ့ဖူးခြင်းမှာ လက်ခံနိုင်စရာ အကြောင်းပြချက် တစ်ခုပင်။

ကျန်းပေရန်၏ ချန်ကွန်းပညာ အဆင့်အတန်းကို သိရှိပြီးနောက် ဟူဟုန်ဝေသည် အခြေခံအကျဆုံးမှ စတင်သင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။ အချိန်အများကြီး ပေးရမည်ဖြစ်သော်လည်း အခြေခံမခိုင်ဘဲ ရှေ့ဆက်တက်ရန် မဖြစ်နိုင်ပေ။

ချန်ကွန်းပညာ၏ အခြေခံ သဘောတရားများကို ရှင်းပြပြီးနောက် ဟူဟုန်ဝေသည် ချန်ကွန်းပညာ၏ အရင်းအမြစ်ကို စတင် ရှင်းပြလေသည်။

ဝိညာဉ်သဲ

ဟူဟုန်ဝေ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ကျန်းပေရန်၏ ဦးနှောက်ထဲတွင် အခြေခံ အယူအဆတစ်ခု ပေါ်ပေါက်လာသည်။

လွယ်လွယ် ပြောရလျှင် ဝိညာဉ်သဲ ဆိုသည်မှာ ဝိညာဉ်စွမ်းအင် မော်လီကျူး တစ်မျိုးပင်။ မှန်ပါသည် အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်မှ မြင်ရသော မော်လီကျူးမျိုးပင် ဖြစ်သည်။

ထို့နောက် ဟူဟုန်ဝေ ဆက်လက်ရှင်းပြချက်များက ကျန်းပေရန်ကို ချန်ကွန်းပညာ သင်ယူနေရသည်နှင့် မတူဘဲ သဘာဝသိပ္ပံ သင်ခန်းစာ တက်ရောက်နေရသကဲ့သို့ ခံစားရစေသည်။

ချန်ကွန်းပညာရှင်များ၏ အယူအဆအရ ဒီကမ္ဘာကြီးကို ဝိညာဉ်သဲများဖြင့် ဖွဲ့စည်းထားသည်။ သူတို့သည် အပေါ်ယံ အလွှာတွင်သာ နေထိုင်ကြခြင်း ဖြစ်သည်။ ဝိညာဉ်သဲကို ခွဲခြမ်းလိုက်ပါက အတွင်းထဲတွင် ပိုမို ကျယ်ပြန့်သော နေရာလပ်တစ်ခု ရှိနေသေးသည်။

ကျန်းပေရန်က ထိုစကားကို "ဤကမ္ဘာကြီးကို မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည်" ဟု အလိုအလျောက် ဘာသာပြန်လိုက်သည်။

အပေါ်ယံ အလွှာနှင့် အတွင်းပိုင်း အလွှာ ဆိုသည်မှာ...

'ပြိုင်ဘက်ကမ္ဘာလား'

ကံမကောင်းစွာဖြင့် ကျန်းပေရန်၏ ရူပဗေဒ ဗဟုသုတသည် ချန်ကွန်းပညာနှင့် နှိုင်းယှဉ်ရန် မလုံလောက်တော့ပေ။ သို့သော် ချန်ကွန်းပညာသည် အဏုလောကအကြောင်း လေ့လာခြင်း ဖြစ်ကြောင်းကိုတော့ သူ အကြမ်းဖျင်း နားလည်လိုက်ပြီ။

မျက်လုံးမှိတ်လိုက်ပြီး ကျန်းပေရန်သည် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ ဟူဟုန်ဝေ၏ လက်ဖဝါးပေါ်ရှိ မျက်စိဖြင့် မမြင်နိုင်သော ဝိညာဉ်သဲကို စတင် ရှာဖွေလိုက်သည်။

ကျန်းပေရန် မျက်လုံးမှိတ်ပြီး အလေးအနက်ထားနေသည်ကို မြင်သောအခါ ဟူဟုန်ဝေက ပြောလိုက်သည်။

"သိပ် မလောပါနဲ့ဦး ငါက သင်ယူရမယ့် လမ်းကြောင်းကို ပြောပြနေတာပါ ဝိညာဉ်အာရုံကို သုံးပြီး ဝိညာဉ်သဲရဲ့ အတွင်းပိုင်းကို စူးစမ်းဖို့ဆိုတာ မင်းအတွက် ဝေးပါသေးတယ် အခု ငါ အရင် သင်ပေး..."

"မြင်ရပြီ ပြီးတော့ ဘာလုပ်ရမလဲ"

"..."

"မင်း... ဘာမြင်ရလို့လဲ"

စကားတစ်ဝက်ဖြင့် ပြတ်တောက်သွားသော ဟူဟုန်ဝေက ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။

"ဝိညာဉ်သဲရဲ့ အတွင်းပိုင်းလေ"

"..."

"ဆရာသခင်ကျန်း ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဆိုပေမဲ့ မင်းက ငါ့ဆီမှာ သင်မယ်လို့ ပြောထားတော့ အခု ငါက မင်းရဲ့ ဆရာပဲ ဒါကြောင့် ငါ သင်ပေးနေတဲ့အချိန်မှာ လေးလေးနက်နက် ထားပါ ဒီလို ပျင်းစရာကောင်းတဲ့ ဟာသတွေ မပြောပါနဲ့"

ကျန်းပေရန်က အပိုစကားတွေ ရှင်းပြမနေတော့ဘဲ တဲ့တိုး မေးလိုက်သည်။

"ကျွန်တော် ဝိညာဉ်သဲရဲ့ အတွင်းပိုင်းကို မြင်နေရပြီဆိုတာ သခင်ကြီးကို ဘယ်လို သက်သေပြရမလဲ"

ကျန်းပေရန်၏ လေးနက်သော လေသံကို ကြားသောအခါ ဟူဟုန်ဝေ တကယ် ကြောင်သွားသည်။

မျက်နှာအမူအရာလည်း တဖြည်းဖြည်း ပျက်ယွင်းလာသည်။

တခြားလူသာ ဒီစကားပြောလျှင် သူ တံမြက်စည်းဖြင့် ရိုက်ထုတ်လိုက်မှာ သေချာသည်။ သို့သော် အခု ပြောနေသူမှာ ပါရမီရှင် ကျန်းပေရန် ဖြစ်နေသဖြင့် လုံးဝ မဖြစ်နိုင်သော အရာတစ်ခုကို စဉ်းစားမိလာသည်။

'သူ တကယ်များ... မြင်နေရတာလား'

"ဂလု"

ဟူဟုန်ဝေ တံတွေးမြိုချလိုက်မိသည်။

"မင်း တကယ်ပဲ ဝိညာဉ်အာရုံနဲ့ ဝိညာဉ်သဲရဲ့ အတွင်းပိုင်းကို မြင်နေရပြီဆိုရင် အဲဒီနေရာလပ်ကို ဝိညာဉ်အာရုံနဲ့ ထိန်းချုပ်ပြီး တုန်ခါအောင် လုပ်ကြည့်ပါလား"

"ကောင်းပြီ စမ်းကြည့်မယ်"

ကျန်းပေရန် တကယ်လုပ်နေသည်ကို ကြည့်ရင်း ဟူဟုန်ဝေ စိတ်လှုပ်ရှားလာသည်။

ပထမအချက်မှာ သူ၏ တောင်းဆိုမှုသည် အနည်းငယ် လွန်ကဲနေသောကြောင့် ဖြစ်သည်။ ဝိညာဉ်သဲ အတွင်းပိုင်းကို မြင်ရပြီးနောက် ဝိညာဉ်သဲကို ထိန်းချုပ်နိုင်သည့် အဆင့်ရောက်ရန် နောက်ထပ် လေ့လာမှုများနှင့် သိမြင်နားလည်မှုများ လိုအပ်သည်။

ဟူဟုန်ဝေသည် ကျန်းပေရန်ကို အကြောင်းမဲ့ သက်သက် အခက်တွေ့စေချင်သောကြောင့် ထိုသို့ ခိုင်းလိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် ချန်ကွန်းပညာသည် သူ့အတွက် တံမြက်စည်းလှည်းသလို လွယ်ကူနေသကဲ့သို့ ဖြစ်နေမည် စိုးသောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ သူ့စိတ်ထဲတွင် သူကိုယ်တိုင်ပင် မယုံနိုင်သော အတွေးတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

ထိုအရာမှာ ကျန်းပေရန် တကယ် လုပ်နိုင်လောက်သည် ဟူသော အတွေးပင် ဖြစ်သည်။က

ဟူဟုန်ဝေ စိတ်လှုပ်ရှားနေစဉ် ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

လှုပ်သွားပြီ... သူ့လက်ဖဝါးပေါ်က ဝိညာဉ်သဲ တကယ် လှုပ်သွားပြီ။

"ကျန်းပေရန် မင်း ငါ့ကို လာနောက်နေတာလား"

လန့်ဖျပ်သွားသော ဟူဟုန်ဝေသည် ကျန်းပေရန်ကို အော်ဟစ်လိုက်သည်။ ဒီအဆင့်ရောက်မှတော့ ကျန်းပေရန်သည် ချန်ကွန်းပညာကို စတင်လေ့လာသူ ဖြစ်ကြောင်း သူ မယုံနိုင်တော့ပေ။ စတင်လေ့လာသူ တစ်ယောက်က ဘယ်လိုလုပ် ဝိညာဉ်သဲကို ဝိညာဉ်အာရုံနဲ့ ထိန်းချုပ်နိုင်မှာလဲ။

ထို့ကြောင့် တစ်ခုတည်းသော အဖြေမှာ ကျန်းပေရန်သည် သူ့ကို လာနောက်နေခြင်းသာ ဖြစ်သည်။

စဉ်းစားကြည့်လေ၊ သူက ပညာရပ်ပေါင်းစုံ ကျွမ်းကျင်နေတာပဲ၊ ချန်ကွန်းပညာ တစ်ခုတည်းကိုမှ လုံးဝ မတတ်ဘဲ နေပါ့မလား။

ဟူဟုန်ဝေ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ကျန်းပေရန်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပြောသည်။

"သခင်ကြီးဟူ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ကျွန်တော်က ခင်ဗျားကို လာနောက်ဖို့အတွက် သီးသန့် အချိန်ပေးနေမယ်လို့ ထင်နေတာလား"

ကျန်းပေရန်၏ အမေးစကားကို ကြားသောအခါ ဟူဟုန်ဝေ ဘာပြန်ပြောရမှန်း မသိတော့ပေ။

အဆိပ်မြူကိစ္စတွင် ကျန်းပေရန်၏ ကြိုးပမ်းအားထုတ်မှုများကို အားလုံး မြင်တွေ့နေရသည်။ နေ့တိုင်း အတက်ကြွဆုံးနှင့် အပင်ပန်းဆုံးမှာ သူပင် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးက သူ့ကို လာနောက်ဖို့အတွက် အချိန်ဖြုန်းနေလိမ့်မည်ဟု တွေးရခက်သည်။

'ဒါဆို သူက တကယ်ပဲ တစ်ခါသင်တာနဲ့ တတ်သွားတာလား'

"မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး"

ဟူဟုန်ဝေသည် ကျန်းပေရန်က သူ့ကို လာနောက်နေသည်ဟု ယုံကြည်လိုက်ခြင်းကမှ ကျန်းပေရန်သည် မျက်တောင်တစ်ခတ်အတွင်း ဝိညာဉ်သဲ အတွင်းပိုင်းကို ရှာဖွေခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို တတ်မြောက်သွားသည်ဟု ယုံကြည်ခြင်းထက် ပိုကောင်းဦးမည်။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ထိုအရာနှစ်ခုကို လုပ်ဆောင်နိုင်ရန် ၃ နှစ်တိတိ အချိန်ယူ လေ့လာခဲ့ရသောကြောင့် ဖြစ်သည်။

ဟူဟုန်ဝေ စိတ်ဓာတ်ကျလုဆဲဆဲ ဖြစ်နေသည်ကို မြင်သောအခါ ကျန်းပေရန်က ပြောလိုက်သည်။

"ကျွန်တော်က စာသင်ရင် မြန်တတ်တယ် သခင်ကြီးဟူ အနေနဲ့ ဒီလောက်ကြီး အံ့သြနေစရာ မလိုပါဘူး အချိန်တွေ တန်ဖိုးရှိတယ် ဆက်သင်ပေးပါတော့"

"စာသင်ရင် မြန်တတ်တယ် ဟုတ်လား ဒါက မြန်တာနဲ့ ဆိုင်လို့လား မင်းက..."

ဟူဟုန်ဝေ သူ့ကို မယုံကြည်နိုင်သေးသည်ကို မြင်သောအခါ ကျန်းပေရန် လက်ဆုပ်ဂါရဝပြုလိုက်သည်။

"သခင်ကြီးဟူက ဒီလိုပဲ ဆက်တွေးနေမယ်ဆိုရင်တော့ ထားလိုက်ပါတော့ ကျွန်တော် သခင်ကြီးချန် ဆီပဲ သွားပြီး ဆက်သင်ခိုင်းလိုက်ပါ့မယ်"

ကျန်းပေရန် တကယ် ထွက်သွားတော့မည်ကို မြင်သောအခါ ဟူဟုန်ဝေ အမြန် လှမ်းတားလိုက်သည်။

"နေဦး နေပါဦး"

"သခင်ကြီးဟူ ဘာပြောစရာ ရှိသေးလို့လဲ"

လေတစ်ချက် ရှူသွင်းလိုက်ပြီး ဟူဟုန်ဝေက ကျန်းပေရန်ကို လေးနက်စွာ ကြည့်ပြီး မေးလိုက်သည်။

"မင်း တကယ်ပဲ ချန်ကွန်းပညာကို ပထမဆုံးအကြိမ် သင်တာလား"

"တကယ်ပါ"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

ကျန်းပေရန်၏ "တကယ်ပါ" ဆိုသည့် စကားသည် တစ်ဝက်မှန်ပြီး တစ်ဝက်မှားသည်။ မူလက သူ တတ်မြောက်ထားသော ပညာရပ်များထဲတွင် ချန်ကွန်းပညာနှင့် ပတ်သက်သည့်အရာ မပါဝင်ခဲ့ပေ။

သို့သော် စွမ်းရည်အမှတ်များ ထပ်မံရရှိပြီးနောက်တွင် ချန်ကွန်းပညာနှင့် ဆင်တူသော စွမ်းရည်အမှတ်အချို့ ပေါ်လာခဲ့သည်။

အထင်ရှားဆုံးမှာ [ကောင်းကင်ဘဏ္ဍာ] ပင်ဖြစ်ပြီး ထိုစွမ်းရည်သည် ဝိညာဉ်သဲနှင့် သဘောတရားချင်း ဆင်တူသော်လည်း [ကောင်းကင်ဘဏ္ဍာ] ၏ အတိုင်းအတာမှာ ပိုမို ကြီးမားသည်။

ဟူဟုန်ဝေ၏ စကားနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် [ကောင်းကင်ဘဏ္ဍာ] သည် ဝိညာဉ်သဲထဲတွင် နေရာလပ်တစ်ခု ရှိနေရုံသာမက ကမ္ဘာငယ်တစ်ခု ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သက်ရှိများ ပြည့်နှက်နေသော ကမ္ဘာငယ်တစ်ခု ဖြစ်သည်။

"မင်း... ငါ..."

ဟူဟုန်ဝေ စကားစရှာမရ ဖြစ်နေသည်။ ကျန်းပေရန်ကို လက်ညှိုးထိုးပြီး ဘာပြောရမှန်း မသိတော့ပေ။ သူ့မျက်နှာအမူအရာကို ကြည့်ရသည်မှာ နောက်တစ်စက္ကန့်တွင် ရုတ်တရက် မေ့လဲသွားလျှင်ပင် ကျန်းပေရန် အံ့သြမည် မဟုတ်ပေ။

"သခင်ကြီးဟူ ကျွန်တော်တို့ ဆက်လို့ ရပြီလား"

ကျန်းပေရန်၏ တည်ငြိမ်သော အသံကို ကြားသောအခါ ဟူဟုန်ဝေ သက်ပြင်းချလိုက်ပြီး ပြောသည်။

"မင်း ဘာလို့ ပညာရပ် ၁၀ မျိုးကျော်ကို ထိပ်ဆုံးရောက်အောင် တတ်မြောက်ထားသလဲ ဆိုတာ ငါ နားလည်သွားပြီ ယှဉ်လို့မရဘူး ယှဉ်လို့မရဘူး ဘယ်လိုမှ ယှဉ်လို့မရဘူး..."

ဝမ်းနည်းပက်လက် ရေရွတ်ပြီးနောက် စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားကာ ဟူဟုန်ဝေသည် လက်တွေ့ဘဝကို လက်ခံလိုက်ပြီး ကျန်းပေရန်ကို ဆက်လက် သင်ကြားပေးလေသည်။

နှစ်နာရီခန့် ကြာသောအခါ ဟူဟုန်ဝေသည် ကျန်းပေရန်၏ လက်ထဲသို့ ဆွဲငင်ယူခြင်း ခံလိုက်ရသော ဝိညာဉ်သဲကို ကြည့်ရင်း ခေါင်းခါလိုက်မိသည်။ အရာအားလုံးသည် အိပ်မက်တစ်ခုလို ဖြစ်နေသည်။

တကယ်တော့ ဟူဟုန်ဝေသည် အရင်က တပည့်လက်ခံရသည်ကို မကြိုက်ပေ။ အဘယ်ကြောင့်ဆိုသော် တပည့်များက တုံးအလွန်းသောကြောင့် ဖြစ်သည်။

သူသည် ရာစုနှစ်တစ်ခုတွင် တစ်ယောက်သာ ပေါ်ထွန်းသော ပါရမီရှင်များ၊ ဉာဏ်ကြီးရှင်များ၊ ထိပ်တန်း ပါရမီရှင်များ စသည်ဖြင့် အများအပြား တွေ့ဖူးသည်။

သို့သော် လက်တွေ့တွင် တပည့်အချို့ လက်ခံပြီးနောက် သူသည် လူများကို စာသင်ပေးရန် မသင့်တော်ကြောင်း ခံစားမိလာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် စိတ်ရှည်သည်းခံနိုင်စွမ်း အလွန်နည်းပါးပြီး နှစ်ခေါက်သင်လို့ မတတ်လျှင် ဒေါသထွက်လာတတ်သောကြောင့် ဖြစ်သည်။

ကြာလာသောအခါ ဟူဟုန်ဝေသည် တပည့်သင်ပေးရန် စိတ်ဝင်စားမှု မရှိတော့ပေ။ အဲဒီအချိန်တွေမှာ ကိုယ့်ဘာသာ ချန်ကွန်းပညာကို ဆက်လက် လေ့လာလိုက်တာကမှ ပိုကောင်းဦးမယ်၊ ဘာကိစ္စ ဒီငတုံးတွေအပေါ် အချိန်ဖြုန်းနေရမှာလဲ ဟု တွေးမိသည်။

သို့သော် ယနေ့တွင်မူ ဟူဟုန်ဝေသည် ပညာသင်ကြားပေးခြင်းအတွက် "နာကျင်မှု" ကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သင်ယူသူ တုံးအလွန်း၍ နာကျင်ရခြင်း မဟုတ်ဘဲ သင်ယူသူ တော်လွန်း၍ နာကျင်ရခြင်း ဖြစ်သည်။

အကြောင်းအရာ အများအပြားကို သူ မပြောပြရသေးခင်မှာပင် ကျန်းပေရန်က တစ်ခုသင်လျှင် သုံးခုတတ် ဆိုသလို တတ်မြောက်နေပြီ ဖြစ်သည်။

ဒါသည် ကျန်းပေရန် တကယ်ပဲ အလုပ်သင် ဟုတ်မဟုတ် ဟူဟုန်ဝေကို အကြိမ်ကြိမ် သံသယ ဝင်စေသည်။

သို့သော် ဟန်ဆောင်နေရသည့် အကြောင်းပြချက်ကို ရှာမတွေ့သဖြင့် သံသယကို စွန့်လွှတ်လိုက်ရသည်။

"ဆရာသခင်ကျန်း ဒီနေ့တော့ ဒီလောက်နဲ့ ရပ်လိုက်ကြမလား တစ်ခါတည်း အများကြီး သင်လိုက်ရတော့ မင်းလည်း ပင်ပန်းနေရောပေါ့ မနက်ဖြန်မှ ဆက်သင်ကြတာပေါ့"

ကျန်းပေရန် လက်ထဲမှ ဝိညာဉ်သဲ တည်ငြိမ်သွားသည်ကို မြင်သောအခါ ဟူဟုန်ဝေ မေးလိုက်သည်။

"ဟမ်" ကျန်းပေရန်က သံသယဖြင့် ဟူဟုန်ဝေကို ကြည့်လိုက်သည်။

"အခုက အရေးကြီးနေတဲ့ အချိန်လေ သခင်ကြီးဟူ ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ကျွန်တော် ဆက်သင်နိုင်ပါသေးတယ်"

'မင်း မပင်ပန်းပေမဲ့ ငါ ပင်ပန်းတယ်ကွ'

ဟူဟုန်ဝေ တကယ် စိတ်ပင်ပန်းနေပြီ ဖြစ်သည်။ သူများတွေ နှစ်ပေါင်းများစွာ ကြိုးစားသင်ယူရသည့် အရာများကို ကျန်းပေရန်က လက်ဖျောက်တစ်ချက် တီးသလောက် လွယ်ကူစွာ တတ်မြောက်နေခြင်းက သူ့ကို စိတ်ဓာတ်ကျစေသည်။ သူ့ဗဟုသုတများနှင့် အသိပညာများကို စိန်ခေါ်နေသကဲ့သို့ ခံစားရသည်။

ရင်ထဲတွင် တစ်စို့စို့နှင့် နေရခက်လာသည်။

သို့သော် ကျန်းပေရန်က စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ဟူဟုန်ဝေ မငြင်းသာတော့ပေ။ ဘာတတ်နိုင်မှာလဲ ဆက်သင်ပေးရုံပေါ့။

...

၅ ရက် ကြာသောအခါ။

တစ်ညလုံး အနားယူထားသော ကျန်းပေရန်သည် မနက်စောစော ကျင်းကျယ်မျှော်စင်သို့ ရောက်လာခဲ့သည်။

သို့သော် သူ့ကို ပထမဆုံး ကြိုဆိုသူမှာ သခင်ကြီးများ မဟုတ်ဘဲ ကူလျန်ချန် ဖြစ်နေသည်။

"စီနီယာကြီး ကူ" ကူလျန်ချန်ကို မြင်သောအခါ ကျန်းပေရန် ရှေ့တိုးပြီး နှုတ်ဆက်လိုက်သည်။

"ပေရန်လေး မင်း ငါနဲ့ ခဏ လိုက်ခဲ့ပါဦး ပြောစရာ ရှိလို့"

ကူလျန်ချန်က ဤမျှ အလောတကြီး လာရှာသည်ဆိုကတည်းက ကိစ္စကြီးကြီးမားမား ဖြစ်နေပြီဆိုတာ ကျန်းပေရန် ခြေမနှင့် စဉ်းစားရင်တောင် သိနိုင်သည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ရက်ကမှ သူသည် ဒီရက်ပိုင်း အရေးကြီးကြောင်း၊ ကိစ္စကြီးကြီးမားမား မရှိလျှင် သူ့ကို မနှောင့်ယှက်ရန် ကူလျန်ချန်ကို မှာထားသောကြောင့် ဖြစ်သည်။

ဒုက္ခရောက်ပြီဆိုတာ သိလိုက်သဖြင့် ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ကူလျန်ချန်နောက်သို့ လိုက်ပါသွားလေသည်။

သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လျှောက်ရသေးချိန်တွင် ကူလျန်ချန်က သူ့ပခုံးကို ဖမ်းဆွဲပြီး ပျံသန်းခေါ်ဆောင်သွားလေသည်။

ကျန်းပေရန် မမေးရသေးမီ ကူလျန်ချန်က ဦးအောင် ပြောလိုက်သည်။

"လူတော်တော်များများရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေ ပြန်ထကြွလာကြပြီ အဆင့် ၉ ဆေးပညာရှင်တွေလည်း လက်မှိုင်ချနေရတယ် မင်းပဲ ဖြေရှင်းပေးမှ ရတော့မယ်"

အကြောင်းရင်းကို သိလိုက်ရသဖြင့် ကျန်းပေရန် ချက်ချင်း မေးလိုက်သည်။

"ဖြစ်တာ ဘယ်လောက် ကြာပြီလဲ"

"ခုနလေးတင်ပဲ ငါတို့ ဂူ ကျင့်ကြံသူတွေနဲ့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ် သူတို့ကို မောင်းထုတ်ပြီးတဲ့ အချိန်မှာပဲ လူတော်တော်များများ အဆိပ်တက်ပြီး မြေကြီးပေါ် ပြုတ်ကျကုန်တာပဲ"

စကားပြောနေရင်း ကူလျန်ချန်သည် အနက်ရောင်သူတော်စင်များ နားနေသည့် အခန်းသို့ ရောက်ရှိလာခဲ့သည်။ ကုတင်ဘေးတွင် ယောင်ယိချန်တို့ အဖွဲ့သည် ကုသရန် ကြိုးစားနေကြသော်လည်း အရာမထင်ပေ။

အရင်က ကျန်းပေရန်ထံမှ အဆိပ်ထုတ်နည်းကို သင်ယူဖူးသော်လည်း ထိုနည်းလမ်းသည် အစီအရင်နှင့် အဆောင်ပညာ ပေါင်းစပ်ရန် လိုအပ်သဖြင့် သူတို့အနေဖြင့် ကာလတိုအတွင်း တတ်မြောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းပေရန် ရောက်လာသည်ကို မြင်သောအခါ အဆင့် ၉ ဆေးပညာရှင် ၅ ဦးလုံး ဝိုင်းအုံလာကြသည်။

"ဆရာသခင်ကျန်း ကျွန်တော်တို့ အခြေခံ ကုသမှုတွေ လုပ်ထားပြီးပြီ ဒါပေမဲ့ အဆိပ်ထုတ်ဖို့ကတော့ ဆရာသခင်ကျန်းကိုပဲ အားကိုးရမယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး အနီးဆုံး ကုတင်နားသို့ လျှောက်သွားလိုက်သည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသူမှာ သူနှင့် ရင်းနှီးသူ ချန်ယန်ချင်း ဖြစ်သည်။ ရှီအိမ်တော်တွင် ရှိစဉ်က သူ့ကို အဆိပ်ထုတ်ပေးဖူးသည်။

ချန်ယန်ချင်း၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ကျန်းပေရန် မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော် အရင်က သတိပေးခဲ့သားပဲ တိုက်ပွဲ ကြာကြာ မတိုက်ပါနဲ့လို့ အဆိပ်မြူ ဒုတိယအကြိမ် ပြန်ဖြစ်တာက ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေတယ်"

ကုတင်ပေါ်တွင် လဲလျောင်းနေသော ချန်ယန်ချင်းက ခါးသက်သက် ပြုံးပြီး ပြောသည်။

"ငါလည်း သိပါတယ် ဒါပေမဲ့ အဟွတ် အဟွတ် မတတ်နိုင်ဘူးလေ" ပြောပြီးသည်နှင့် သူက ပေါ့ပါးစွာ ရယ်မောလိုက်သည်။

ထိုအချိန်တွင် ကူလျန်ချန်က ကျန်းပေရန်ဘေးသို့ ရောက်လာပြီး ပြောသည်။

"ဒီရက်ပိုင်း ဂူ ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုက ပိုပြီး ပြင်းထန်လာတယ် ပြီးတော့ အရင်ကထက် အရေအတွက် ပိုများလာတယ် အမှန်အတိုင်း ပြောရရင် ငါတို့ ဘယ်နှရက်လောက် ဆက်တောင့်ခံနိုင်မလဲ မသိတော့ဘူး"

'အရေအတွက်က ထပ်များလာပြန်ပြီလား...'

ယွမ်မြို့ရှိ ကျင့်ကြံသူများကို ကျောက်စိမ်းတောင်ခြေ အစီအရင်က ကာကွယ်ပေးထားသော်လည်း အဆိပ်များသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက် ဝင်ရောက်နေဆဲ ဖြစ်သည်။ အဆိပ်သင့်နေသော ဝိညာဉ်စွမ်းအင်များကို မစုပ်ယူလျှင်တောင်မှ တိုက်ပွဲဝင်ရန် ဝိညာဉ်စွမ်းအင် အသုံးပြုလိုက်ရခြင်းက သူတို့၏ ခန္ဓာကိုယ်ကို နေ့စဉ်နှင့်အမျှ ယိုယွင်းလာစေသည်။

ဒီနေ့အထိ တောင့်ခံနိုင်ပြီးမှ လဲကျသွားကြသည် ဆိုကတည်းက အနက်ရောင်သူတော်စင်များ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု မည်မျှ ကောင်းမွန်ကြောင်း သက်သေပြနေသည်။

ကျန်းပေရန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကူလျန်ချန်၏ မျက်နှာ အနည်းငယ် ညှိုးငယ်သွားသည်။

ယခုအချိန်တွင် သူသည် မျှော်လင့်ချက် အားလုံးကို ဤလူငယ်လေးအပေါ် ပုံအပ်ထားသည်။ အဆိပ်မြူကို ခုခံမည့် နည်းလမ်းကို သူ ရှာတွေ့လိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော် အခုပုံစံအရ သူ နည်းလမ်း ရှာမတွေ့သေးပုံ ရသည်။

ချန်ယန်ချင်းကို စစ်ဆေးပြီးနောက် ကျန်းပေရန်သည် အခြား ကုတင်များပေါ်ရှိ အနက်ရောင်သူတော်စင်များကို လိုက်လံကြည့်ရှုလိုက်သည်။ အားလုံးလိုလိုပင် အဆိပ်ထုတ် ကုသမှု ခံယူဖူးသူများ ဖြစ်ကြသည်။

'ရောဂါလက္ခဏာကိုပဲ ကုပြီး အရင်းအမြစ်ကို မကုနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက တော်တော် ပြင်းထန်တာပဲ...'

ခဏမျှ စဉ်းစားပြီးနောက် ကျန်းပေရန်က ခေါင်းမော့ကာ ချန်ယန်ချင်းကို ပြောလိုက်သည်။

"စီနီယာကြီး ကူ ကို ဒုက္ခပေးရတော့မယ် အနက်ရောင်သခင်ကြီးအဆင့် အယောက် ၁၀၀ လောက် ခေါ်လာပေးပါဦး"

ယခုအချိန်အထိ ကျန်းပေရန်သည် အဆိပ်မြူကို ကုသနိုင်မည့် နည်းလမ်း ရှာမတွေ့သေးပေ။ ထို့ကြောင့် နည်းလမ်းဟောင်းကို ပြန်သုံးရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။

"ကောင်းပြီ အခုပဲ သွားခေါ်လိုက်မယ်"

ကူလျန်ချန်က ပြောပြီးသည်နှင့် တံခါးဝသို့ ထွက်ခွာသွားလေသည်။

သက်ပြင်းချလိုက်ပြီး ကျန်းပေရန် ပြောလိုက်သည်။

"ဒုတိယအကြိမ် အဆိပ်ထုတ်ပြီးရင် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက အဆိပ်တွေက ပိုပြီး အားကောင်းလာလိမ့်မယ် နောက်တစ်ကြိမ် ထပ်ဖြစ်လာရင် ခင်ဗျားတို့ ခန္ဓာကိုယ်က ခံနိုင်တော့မှာ မဟုတ်ဘူး"

ချန်ယန်ချင်းက အားရပါးရ ရယ်မောလိုက်သည်။

"ဟားဟားဟား ငါတို့ ခန္ဓာကိုယ်က အဲဒီလောက် မပျော့ညံ့ပါဘူး မင်း ကုစရာရှိတာသာ ကုပေးပါ"

ကျန်းပေရန် သက်ပြင်းချလိုက်ပြီး ယောင်ယိချန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ခင်ဗျားတို့ဘက်ကရော ဘာထူးခြားမှု ရှိသေးလဲ"

All Chapters