သေရေးရှင်ရေး
Vol. 51 Ch. 583
'အမ်'
ယောင်ယိချန် ထုတ်ပြလာသော ဆေးလုံးကို ကြည့်ပြီး ကျန်းပေရန် အံ့သြသွားသည်။
ဆေးရနံ့ကို ရှူရှိုက်ရုံဖြင့် ဤဆေးလုံးသည် သူ စိတ်ကူးထားသော အဆိပ်ဖြေဆေးနှင့် အလွန် ကိုက်ညီနေကြောင်း ခံစားလိုက်ရသည်။
ပြင်းထန်လွန်းသော အာနိသင်……
ဆေးအာနိသင် ပြင်းထန်ရုံသက်သက် ဆိုလျှင် ကျန်းပေရန် အံ့သြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူလည်း လွယ်လွယ်ကူကူ ဖော်စပ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယောင်ယိချန်တို့ ဖော်စပ်ထားသော ဆေးလုံးသည် အဆိပ်ပြင်းအားကို လျှော့ချထားသည်မှာ သိသာထင်ရှားသည်။
ဘယ်လောက်အထိ လျှော့ချထားနိုင်သလဲ ဆိုတာကိုတော့ လူတစ်ယောက်ယောက်နှင့် စမ်းသပ်ကြည့်မှ သိရပေမည်။
"တော်လိုက်တာ ဒီဆေးလုံးက ကျွန်တော် ဖော်စပ်ထားတာထက် အများကြီး သာလွန်တယ်"
ကျန်းပေရန်သည် စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။ တစ်ချိန်တည်းမှာပင် အဆင့် ၉ သခင်ကြီးများ၏ စွမ်းရည်ကို လေးစားမိသည်။ အချိန်ပေးပြီး သေချာ ကြိုးစားခိုင်းလိုက်လျှင် သူတို့၏ ဉာဏ်ပညာသည် အံ့မခန်းဖွယ်ရာပင် ဖြစ်သည်။
ကျန်းပေရန်၏ ချီးကျူးစကားကို ကြားသောအခါ ယောင်ယိချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဆရာသခင်ကျန်း လမ်းကြောင်းပြပေးလို့သာပါ ကျွန်တော်တို့က အကောင်းဆုံး ဖြစ်အောင် ပြုပြင်မွမ်းမံရုံပါပဲ"
"သခင်ကြီးယောင်က နှိမ့်ချလွန်းနေပါပြီ ဒါနဲ့ ခင်ဗျားတို့ ကျွန်တော့်ကို လာမရှာကြဘူးဆိုတော့ အခက်အခဲ မရှိဘူးလို့ ယူဆလို့ရမလား"
ယောင်ယိချန် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
"လက်ရှိအချိန်ထိတော့ အဆင်ပြေပါတယ် နောက်ထပ် နှစ်ရက်အတွင်း ဒီဆေးလုံးရဲ့ အာနိသင်ကို တစ်ဆယ်ရာခိုင်နှုန်းလောက် ထပ်မြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်"
"လေးစားပါတယ်"
ကျန်းပေရန်က လက်ဆုပ်ဂါရဝပြုလိုက်သည်။
အဆင့် ၉ ဆေးပညာရှင် ၅ ဦး အလေးအနက်ထား လုပ်ဆောင်လိုက်လျှင် ဤမျှ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဆွေးနွေးနေစဉ် ကူလျန်ချန်သည် မြို့ထဲမှ အနက်ရောင်သခင်အဆင့် အယောက် ၁၀၀ ခန့်ကို ခေါ်ဆောင်လာသည်။ အများစုမှာ ဒဏ်ရာရထားသော အနက်ရောင်သူတော်စင်ကြီးများ၏ ဆွေမျိုးသားချင်းများ သို့မဟုတ် တပည့်များ ဖြစ်ကြသည်။
ကျန်းပေရန်သည် သူတို့ကို သက်ဆိုင်ရာ ဆရာသခင်များထံ စေလွှတ်လိုက်ပြီး အဆိပ်ထုတ်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်သည်။
ဒုတိယအကြိမ် အဆိပ်ထုတ်ခြင်းသည် အန္တရာယ်များသော်လည်း ကျန်းပေရန်သည် အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။
"ဟူး... နေလို့ကောင်းသွားပြီ ဆရာသခင်ကျန်းကို နောက်ထပ် အကြွေးတင်သွားပြန်ပြီ"
ကုတင်ပေါ်မှ ဆင်းလာသော ချန်ယန်ချင်းက ကိုယ်လက်လှုပ်ရှားရင်း ပြောလိုက်သည်။
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ပြန်လည်သက်သာလာသော အနက်ရောင်သူတော်စင်ကြီးများကို ကြည့်ကာ ပြောလိုက်သည်။
"နားဝင်ဆိုးမယ် ဆိုတာ သိပေမဲ့ ထပ်ပြောပါရစေ ခင်ဗျားတို့ ခန္ဓာကိုယ်တွေက အတော်လေး ယိုယွင်းနေပါပြီ ထပ်ပြီး အတင်းအကျပ် မခိုင်းစေပါနဲ့တော့ မဟုတ်ရင် ကျွန်တော်လည်း ကယ်နိုင်တော့မှာ မဟုတ်ဘူး"
ချန်ယန်ချင်းက ပေါ့ပါးစွာ ပြုံးလိုက်ပြီး ကျန်းပေရန်၏ ပခုံးကို ပုတ်ကာ ပြောသည်။
"မတတ်နိုင်ဘူးလေ ငါတို့ လူအိုကြီးတွေက အသက်နဲ့ရင်းပြီး မကာကွယ်ရင် မင်းတို့ ဘယ်လိုလုပ် စိတ်အေးလက်အေး ဆေးဖော်နိုင်မှာလဲ ဒီရက်ပိုင်း ဂူ ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုက ပိုပြီး ပြင်းထန်လာတယ်"
နောက်ထပ် အနက်ရောင်သူတော်စင်ကြီး တစ်ပါးကလည်း ဝင်ပြောသည်။
"ဟုတ်တယ် မင်း စေတနာထားတာ ငါတို့ နားလည်ပါတယ် ဒါပေမဲ့ အခြေအနေက ဒီလို ဖြစ်နေတော့ ငါတို့ ရှောင်ဖယ်လိုက်ရင် ဘယ်သူက ရှေ့ထွက်တိုက်ပေးမှာလဲ"
သူကလည်း ကျန်းပေရန်၏ ပခုံးကို လာပုတ်ပြီး ဆက်ပြောသည်။
"အဆိပ်ဖြေဆေး မြန်မြန်ရအောင်သာ ကြိုးစားပေးပါ ကောင်းကင်ပြာကြီးကို နောက်တစ်ခေါက် ပြန်မြင်ရမလား ဆိုတာ မင်းတို့အပေါ်ပဲ မူတည်နေတာ"
ပြောပြီးသည်နှင့် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
အခြား အနက်ရောင်သူတော်စင်ကြီးများကလည်း အလားတူ သဘောထားမျိုး ပြောဆိုကြသည်။ သူတို့လည်း ဆုတ်ခွာချင်ကြသော်လည်း ယွမ်မြို့ထဲတွင် သူတို့၏ ဇနီးမယား၊ သားသမီး၊ ဆွေမျိုးသားချင်းနှင့် တပည့်များ ရှိနေကြသည်။ ဒါတွေက သူတို့အတွက် သံယောဇဉ်ကြိုးများ ဖြစ်သည်။
ထို့ကြောင့် ဒဏ်ရာရနေမှန်း သိသော်လည်း ရှေ့ထွက်တိုက်ခိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။
သူတို့၏ ပြတ်သားမှုကို ခံစားမိသောအခါ ကျန်းပေရန်သည် ကူလျန်ချန်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
"စီနီယာကြီး ကူ အခြေအနေက အဲဒီလောက် ဆိုးနေပြီလား"
ကျန်းပေရန်နှင့် အကြည့်ချင်း ဆုံလိုက်ပြီး ကူလျန်ချန်က ထွက်ခွာသွားသူများကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"သူတို့သာ နောက်တစ်ခေါက် အဆိပ်ပြန်တက်လာရင် ယွမ်မြို့ ကျဆုံးမယ့်နေ့က သိပ်မလိုတော့ဘူး ထင်တယ်"
စကားပြောနေစဉ် ကူလျန်ချန်၏ မျက်လုံးထဲတွင်လည်း ပြတ်သားမှု အရိပ်အယောင်များ တွေ့နေရသည်။
သူသည် ကျန်းပေရန်ကို အဖြေတစ်ခု မြန်မြန်ထုတ်ပေးရန် မတိုက်တွန်းပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းပေရန်နှင့် အဆင့် ၉ သခင်ကြီးများသည် အစွမ်းကုန် ကြိုးစားနေကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။ အဖြေတစ်ခု ရဖို့ဆိုတာ စိတ်ကူးပေါက်ရုံနဲ့ ရနိုင်တာမှ မဟုတ်တာ။
'တိုက်ပွဲ အခြေအနေက ငါ ထင်ထားတာထက် ပိုဆိုးနေတာပဲ...'
ကျန်းပေရန်၏ မူလ အစီအစဉ်တွင် ကျောက်စိမ်းတောင်ခြေ အစီအရင် ရှိနေသရွေ့ အနက်ရောင်သူတော်စင်ကြီးများသည် ဂူ ကျင့်ကြံသူများကို အချိန်ကြာမြင့်စွာ ခုခံနိုင်မည်ဟု တွက်ဆထားသည်။
သို့သော် အဆိပ်မြူများ၏ ပြောင်းလဲမှုနှုန်းက သူ့ထင်မြင်ယူဆချက်များကို ကျော်လွန်သွားသည်။ ယခုအခါ အနက်ရောင်သူတော်စင်ကြီးများ၏ ခံနိုင်ရည်စွမ်းအားသည် သိသိသာသာ လျော့ကျလာသည်။ ဤအတိုင်း ဆက်သွားလျှင် သူတို့ ဝိညာဉ်စွမ်းအင် မသုံးဘဲ နေလျှင်တောင်မှ အဆိပ်မြူများက သူတို့၏ ခန္ဓာကိုယ် အတွင်းပိုင်းကို ဖျက်ဆီးပစ်ကြလိမ့်မည်။
"နားလည်ပါပြီ"
ကျန်းပေရန်က ပြောပြီးနောက် ယောင်ယိချန်တို့ကို နှုတ်ဆက်လိုက်သည်။
"ဒါဆိုရင် ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြရအောင် ကျွန်တော် သွားတော့မယ်"
ပြောပြီးသည်နှင့် လှည့်မကြည့်ဘဲ အခန်းထဲမှ ထွက်ခွာသွားလေသည်။
ကျင်းကျယ်မျှော်စင်သို့ ပြန်ရောက်သောအခါ ကျန်းပေရန်သည် ခုနက ကြုံတွေ့ခဲ့ရသည်များကို မပြောပြပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် သခင်ကြီးမှ ပျင်းရိနေခြင်း မရှိဘဲ နေ့တိုင်း ခေါင်းချင်းရိုက်ကာ အဖြေရှာနေကြကြောင်း သိထားသောကြောင့် ဖြစ်သည်။
ရက်ပေါင်းများစွာ ဖြတ်သန်းပြီးနောက် နေ့တိုင်းလိုလို ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ရသဖြင့် ကျန်းပေရန်၏ စိတ်ထဲတွင် အစီအစဉ် အများအပြား ရှိနေပြီ ဖြစ်သည်။
သို့သော် ပြီးပြည့်စုံသော အစီအစဉ်တစ်ခု မရရှိသေးသဖြင့် မည်သည့်အရာကို အကောင်အထည် ဖော်ရမည်ကို မဆုံးဖြတ်နိုင်သေးခြင်း ဖြစ်သည်။
သို့သော် လက်ရှိ အခြေအနေအရ ဆက်လက် တွန့်ဆုတ်နေ၍ မရတော့ပေ။ စဉ်းစားထားသော အစီအစဉ်များ မပြည့်စုံလျှင်ပင် အကောင်းဆုံး တစ်ခုကို ရွေးချယ်ပြီး အကောင်အထည် ဖော်ရတော့မည်။ မဟုတ်လျှင် အနက်ရောင်သူတော်စင်ကြီး တစ်ပါးပါး ကျဆုံးသွားပါက အချိန်နှောင်းသွားပေလိမ့်မည်။
"ဆရာသခင်ကျန်း ဒီနေ့ ဘာလို့ ဒီလောက် နောက်ကျနေတာလဲ အကြံဉာဏ်သစ်တွေ ရနေလို့လား"
"ဟုတ်တယ်ဗျာ ခင်ဗျားကို စောင့်နေတာ ကြာလှပြီ"
"ဖယ်ကြ ဖယ်ကြ ဆရာသခင်ကျန်းကို မေးစရာ မေးခွန်း ၂ ခု ရှိတယ်"
"ဘာကိစ္စ ဖယ်ပေးရမှာလဲ ခင်ဗျားမှာ မေးခွန်းရှိသလို ကျုပ်တို့မှာလည်း ရှိတယ်"
"တန်းစီလေဗျာ တန်းစီကြ"
...
ကျန်းပေရန် ခန်းမဆောင်ထဲ ဝင်လာသည်နှင့် အဆင့် ၉ သခင်ကြီးများ ဝိုင်းအုံလာကြသည်။ ဆူညံနေသော်လည်း တန်းစီသည့် အလေ့အထကတော့ စွဲမြဲနေပြီ ဖြစ်သည်။
သို့သော် ကျန်းပေရန်က လက်ကာပြလိုက်ပြီး ပြောသည်။
"ဒီနေ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ဆုံးဖြတ်ရမယ် အခု ကျွန်တော် နာမည်ခေါ်လိုက်တဲ့သူတွေ ရှေ့ထွက်ခဲ့ပေးပါ"
ကျန်းပေရန်၏ တည်ကြည်လေးနက်သော မျက်နှာထားကို မြင်သောအခါ သခင်ကြီးများ အားလုံး ငြိမ်သက်သွားကြသည်။
"ရွှယ်ယုန်ချင်း တုန်ကျန့်ရွှမ် ကောင်းယွင်ချီ လူဖုန်ရှောင် ကျန်းရွှမ်ထင်း..."
ကျန်းပေရန် နာမည်ခေါ်လိုက်သည်နှင့် သခင်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
၁၀ ယောက်မြောက် နာမည်ခေါ်ပြီးချိန်တွင် ပညာရပ်အမျိုးအစား တစ်ခုစီအတွက် သခင်ကြီးတစ်ဦးစီ ခေါ်ထုတ်နေကြောင်း အားလုံး သတိထားမိလိုက်ကြသည်။
၁၅ ယောက်မြောက် အထိ ခေါ်ပြီးနောက် ကျန်းပေရန်က ခေါင်းမော့ကာ ပြောလိုက်သည်။
"အားလုံးပဲ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ"
ရွေးချယ်ခံရသော သခင်ကြီး ၁၅ ဦးသည် ဘာမှ ပြန်မပြောဘဲ ကျန်းပေရန်နောက်သို့ လိုက်ပါသွားကြကာ ယာယီ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်သွားကြသည်။
ကျန်ရစ်ခဲ့သော သခင်ကြီးများမှာမူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မုန်တိုင်းမလာခင် လေပြေတိုက်ခတ်သလို ခံစားနေကြရသည်။
အစည်းအဝေးခန်းမထဲသို့ ရောက်သောအခါ ကျန်းပေရန်က ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
"အားလုံးပဲ ထိုင်ကြပါဦး"
သခင်ကြီး ၁၅ ဦးသည် ကျန်းပေရန်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ပြီးနောက် နေရာယူလိုက်ကြသည်။
"ဒီနေ့ ခင်ဗျားတို့ကို ခေါ်လိုက်ရတာ ကိစ္စတစ်ခုတည်း အတွက်ပါ အဆိပ်မြူကို ဖြေရှင်းမယ့် တိကျသေချာတဲ့ စီမံကိန်းတစ်ခု ချမှတ်ဖို့ပါ"
သခင်ကြီးများ အားလုံး ခေတ္တမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်ကြသည်။
"ဒီရက်ပိုင်း ခင်ဗျားတို့နဲ့ ဆွေးနွေးရင်း ကျွန်တော် ပညာတွေ အများကြီး ရခဲ့သလို အတွေးအခေါ်သစ်တွေလည်း အများကြီး ရခဲ့ပါတယ် ဒါပေမဲ့ အဲဒါတွေကို လက်တွေ့ကျပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာအောင် ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာ မရေရာခဲ့ဘူး ဒါကြောင့် ဒီနေ့ ခင်ဗျားတို့နဲ့ အတူတူ ဆွေးနွေးချင်တာ"
တုန်ကျန့်ရွှမ်က ပထမဆုံး ထပြောသည်။
"ဟုတ်ပါတယ် ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်သင့်ပြီ မဟုတ်ရင် ဟိုစမ်းဒီစမ်းနဲ့ အားတွေ ပြန့်ကျဲနေပြီး အချိန်ကုန် လူပင်ပန်း ဖြစ်နေပါလိမ့်မယ်"
ယန်ရုန်ကလည်း ဝင်ထောက်ခံသည်။
"ကျုပ် အမြင်ကတော့ ပြီးခဲ့တဲ့တစ်ခေါက် ပြောခဲ့တဲ့ 'နေမင်းရောင်ခြည် အဆောင်' က ဖြစ်နိုင်ခြေ အရှိဆုံးပါ အဲဒီ လမ်းကြောင်းအတိုင်း ဆက်လေ့လာသင့်တယ်"
ယန်ရုန် စတင်လိုက်သည်နှင့် အခြား သခင်ကြီးများလည်း သူတို့ အကောင်းဆုံးဟု ထင်မြင်သော နည်းလမ်းများကို တင်ပြကြလေသည်။
ကျန်းပေရန်သည် အားလုံး ပြောပြီးသည်အထိ ငြိမ်သက်စွာ နားထောင်နေသည်။ ထို့နောက်မှ စကားပြောလိုက်သည်။
"တကယ်တော့ ကျွန်တော့်စိတ်ထဲမှာ အကြမ်းဖျင်း အစီအစဉ် ရှိပြီးသားပါ တချို့က ခင်ဗျားတို့ရဲ့ အကြံဉာဏ်တွေနဲ့ တူပါတယ် တချို့ကျတော့ မတူပါဘူး အခု ကျွန်တော့် အမြင်ကို ရှင်းပြပါမယ် ခင်ဗျားတို့ သဘောကျရင် အတည်ပြုမယ် သဘောမကျရင် ဆက်ဆွေးနွေးကြမယ် ဘယ်လိုလဲ"
"ကောင်းပါပြီ"
သခင်ကြီး ၁၅ ဦးစလုံး သဘောတူလိုက်ကြသည်။
ကျန်းပေရန်က ယန်ရုန်ကို ကြည့်ပြီး မေးလိုက်သည်။
"သခင်ကြီးယန် ခင်ဗျားရဲ့ အကြံဉာဏ်ပေါ်မှာ မူတည်ပြီး အဆောင်ပညာအပြင် အစီအရင်ပညာကိုပါ ထပ်ပေါင်းထည့်လိုက်ရင် ဘယ်လိုနေမလဲ"
ယန်ရုန် ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေသည်။
"အစီအရင်ပညာက အရမ်း နက်နဲတယ် အဝတ်အစားပေါ်မှာ ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာကိုတော့ အခုထိ မသိသေးဘူး ဒီကိစ္စမှာတော့ ဆရာသခင်ကျန်းရဲ့ အစီအစဉ်အတိုင်း လိုက်နာပါ့မယ် ဆရာသခင်ကျန်း ဖြစ်နိုင်တယ်လို့ ပြောရင် ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်"
"ကောင်းပြီ ဒါဆို ဒီအတိုင်း ဆုံးဖြတ်လိုက်မယ်"
ကျန်းပေရန်က ပြောရင်း သိုလှောင်လက်စွပ်ထဲမှ စာအုပ် ၃ အုပ် ထုတ်ပြီး ကျန်းရွှမ်ထင်း၊ ရွှယ်ယုန်ချင်း နှင့် ယန်ရုန် တို့ကို ပေးလိုက်သည်။
"ခင်ဗျားတို့ ၃ ယောက် လုပ်ရမှာက ကိုယ့်အပိုင်းကို ကိုယ် အရင်ဆုံး နားလည်အောင် ဖတ်ပါ ပြီးရင် ၃ ခု ပေါင်းစပ်ဖို့အတွက် ကျွန်တော် ကူညီပေးပါ့မယ်"
စာအုပ်ကို လက်ခံရရှိပြီးနောက် သခင်ကြီး ၃ ဦးစလုံး ချက်ချင်း လှန်လှောဖတ်ရှုကြသည်။
သို့သော် ကျန်းပေရန်က လက်ကာပြလိုက်သည်။
"မလောကြပါနဲ့ဦး ခင်ဗျားတို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ပြောစရာ ကျန်သေးတယ် အကုန်ပြောပြီးမှ ဖတ်ကြပါ"
သခင်ကြီး ၃ ဦး စာအုပ်ကို ပြန်ချထားလိုက်ပြီး ကျန်းပေရန်ကို ကြည့်လိုက်ကြသည်။
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး လုဟိုင်ကျွင်း ကို ကြည့်ကာ ပြောသည်။
"သခင်ကြီးလု ခင်ဗျားနဲ့ ကျွန်တော့် အမြင်က ကွဲလွဲနေတယ် လက်နက်သွန်းလုပ်ခြင်းနဲ့ ယန္တရားပညာက လိုက်ဖက်မှု ရှိပေမဲ့ လမ်းကြောင်းတွေ အများကြီး လေ့လာဖို့ အချိန်မရှိတော့ဘူး လက်ရှိ အခြေအနေအရ လက်နက်သွန်းလုပ်ခြင်းကို အဓိကထားပြီး ဂူ ကျင့်ကြံသူတွေကို ထိရောက်စွာ တိုက်ခိုက်နိုင်မယ့် လက်နက်တွေကို အရင်ဆုံး ဖန်တီးရမယ်"
လုဟိုင်ကျွင်းက ချက်ချင်း ခေါင်းညိတ်သည်။
"ဆရာသခင်ကျန်း ပြောတာ ဟုတ်တယ် ခင်ဗျား စီစဉ်ပါ ကျုပ် ဘယ်သူနဲ့ ပူးပေါင်းရမလဲ"
"ကျွန်တော့် အကြံပြုချက်ကတော့ သခင်ကြီးကျန်း၊ သခင်ကြီးရွှယ် နဲ့ သခင်ကြီးယွီ ပါ"
"ဟမ်"
ရှေ့က နာမည်တွေက မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း နောက်ဆုံး နာမည်ကို ကြားသောအခါ လုဟိုင်ကျွင်း အံ့သြသွားသည်။
"သခင်ကြီးယွီ ဟုတ်လား"
ဂီတပညာရှင် ဖြစ်သော ယွီကွေ့မြောင် ကိုယ်တိုင်လည်း အံ့သြသွားပြီး ကျန်းပေရန်ကို သံသယဖြင့် ကြည့်လိုက်သည်။
သူက လက်နက်သွန်းလုပ်ခြင်းနဲ့ ဘာဆိုင်လို့လဲ။
"အစည်းအဝေး ပြီးရင် ကျွန်တော် ရေးထားတဲ့ အစီအစဉ်ကို အရင် ဖတ်ကြည့်ပါ ဖြစ်နိုင်တယ် ထင်ရင် အတည်ပြုမယ် မဖြစ်နိုင်ဘူး ထင်ရင် သီးသန့် ပြန်ဆွေးနွေးမယ် ရမလား"
ကျန်းပေရန် ထိုသို့ ပြောလိုက်သောအခါ စာအုပ်ရရှိထားသော ၄ ဦးစလုံး ခေါင်းညိတ် လက်ခံလိုက်ကြသည်။
ပညာရပ် ပေါင်းစပ်ခြင်း ကိစ္စတွင် ကျန်းပေရန်၏ အာဏာရှိမှုကြောင့် အစည်းအဝေးသည် ချောမွေ့စွာ ပြီးဆုံးသွားသည်။ မျှော်လင့်ထားသော ပေါင်းစပ်မှုများနှင့် မမျှော်လင့်ထားသော ပေါင်းစပ်မှုများကို တစ်ခုပြီးတစ်ခု တင်ပြခဲ့သည်။
တစ်နာရီခန့် အကြာတွင် သခင်ကြီး အားလုံး သူတို့၏ တာဝန်များကို လက်ခံရရှိသွားကြသည်။
"သဘောကွဲလွဲမှု မရှိတဲ့သူတွေ အရင် ထွက်သွားလို့ ရပါပြီ မရှင်းလင်းတာ ရှိတဲ့သူတွေကတော့ စာအုပ်ကို ပြီးအောင်ဖတ်ပြီး ကျန်နေခဲ့ပေးပါ ပြီးရင် ဆက်ဆွေးနွေးကြမယ်"
ကျန်းပေရန်၏ စကားဆုံးသည်နှင့် ရွှယ်ယုန်ချင်း ပထမဆုံး ထရပ်ပြီး အပြင်သို့ ထွက်သွားလေသည်။
ကျန်းပေရန်နှင့် နက်နက်နဲနဲ ဆွေးနွေးပြီးနောက် အစီအရင်ပညာသည် မည်သည့် ပညာရပ်နှင့်မဆို ပေါင်းစပ်နိုင်ကြောင်း၊ ပညာရပ် ပေါင်းစပ်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ရွှယ်ယုန်ချင်း ကောင်းကောင်း နားလည်သွားပြီ ဖြစ်သည်။
ရွှယ်ယုန်ချင်း ထွက်သွားပြီးနောက် ဝိညာဉ်အရက်ပညာရှင်၊ သားရဲထိန်းကျောင်းသူနှင့် လက်ဖက်ရည်ပညာရှင်တို့ ထွက်ခွာသွားကြသည်။
အစီအရင်ပညာနှင့် ဆန့်ကျင်ဘက် အနေဖြင့် သူတို့၏ တာဝန်များသည် ပေါင်းစပ်နိုင်စွမ်း နည်းပါးပြီး အထောက်အကူ ပြုရုံသာ ဖြစ်သဖြင့် မိမိတို့၏ နေရာကို ရှင်းလင်းစွာ သိရှိထားကြသည်။
ထို ၃ ဦး ထွက်သွားပြီးနောက် ကျန်ရစ်ခဲ့သော သခင်ကြီးများမှာမူ နားမလည်နိုင်သော အချက်များ ရှိနေကြသည်။
'ကြည့်ရတာ သူတို့ကို ငါ့အတွေးအခေါ် နောက်မီအောင် ခေါ်လာဖို့က နည်းနည်း ခက်ဦးမယ် ထင်တယ်'
စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကျန်းပေရန်သည် ကျန်ရစ်ခဲ့သော သခင်ကြီးများကို အသေးစိတ် ရှင်းပြလေတော့သည်။
ညဉ့်နက်သည်အထိ ဆွေးနွေးပြီးမှ နောက်ဆုံး သခင်ကြီး ၂ ဦးကို ပြန်လွှတ်နိုင်ခဲ့သည်။
"ဟူး..."
သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကျန်းပေရန်သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ နားထင်ကို နှိပ်နယ်လိုက်သည်။
အဆင့် ၉ သခင်ကြီး တစ်အုပ်လုံးကို နားဝင်အောင် ပြောရသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။ ပညာရပ် ပေါင်းစပ်ခြင်း ကိစ္စတွင် သူသာ အာဏာမရှိခဲ့လျှင် နောက်ထပ် တစ်ရက်လောက် ဆက်ပြီး ငြင်းခုံနေရဦးမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အခြေခံ မူဘောင်တော့ ချမှတ်ပြီးသွားပြီ။ ယခု လုပ်ရမည်မှာ ဤအစီအစဉ်များ အောင်မြင်မလား ဆိုတာ စောင့်ကြည့်ရန်သာ ရှိတော့သည်။
"ဘုန်း"
ကျန်းပေရန် မျက်လုံးမှိတ်ပြီး အနားယူရန် ပြင်လိုက်စဉ် အစည်းအဝေးခန်းမ တံခါး ပွင့်သွားပြီး ရွှယ်ယုန်ချင်း ဝင်လာသည်။
"ဆရာသခင်ကျန်း ခင်ဗျားက ဒီမှာ အေးဆေး နားနေနိုင်သေးတယ်ပေါ့ အပြင်မှာ ခင်ဗျား မရှိရင် မဖြစ်တဲ့ ကိစ္စတွေချည်းပဲ"
ကျန်းပေရန် ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်သည်။ မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။
"လာပါပြီဗျာ"
...
တိကျသော ရည်မှန်းချက် ရှိသွားသောအခါ အဆင့် ၉ သခင်ကြီးများ၏ စွမ်းဆောင်ရည်သည် အံ့မခန်းဖွယ်ရာ ဖြစ်လာသည်။ ၃ ရက် အတွင်းမှာပင် ကျန်းပေရန်၏ အစီအစဉ်များ အားလုံး အကောင်အထည် ပေါ်လာကြသည်။
မွန်းတည့်ချိန်တွင် ကျန်းပေရန်သည် အထပ် ၃ ထပ်ပါပြီး အဆောင်စာလုံးများ ပြည့်နှက်နေသော ဝတ်ရုံရှည်တစ်ထည်ကို စမ်းသပ်နေသည်။ ကျန်းရွှမ်ထင်းနှင့် အခြား အဆင့် ၉ အဆောင်ပညာရှင်များကို တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ဆရာသခင်ကျန်း"
မော့ကြည့်လိုက်ရာ ယောင်ယိချန် ဖြစ်နေသည်။
ဒီအချိန်မှာ ယောင်ယိချန် လာရှာသည်ဆိုကတည်းက ကိစ္စကြီးကြီးမားမား ဖြစ်နေပြီဆိုတာ သိလိုက်သဖြင့် ကျန်းပေရန် ချက်ချင်း ထရပ်ပြီး ကြိုဆိုလိုက်သည်။
"သခင်ကြီးယောင် ဘာကိစ္စ ရှိလို့လဲ"
"အရေးကြီးကိစ္စပါ ကျုပ်နဲ့ အမြန် လိုက်ခဲ့ပါ"
ပြောပြီးသည်နှင့် ယောင်ယိချန်သည် ကျန်းပေရန်၏ လက်မောင်းကို ဆွဲပြီး ခန်းမဆောင် အပြင်ဘက်သို့ အတင်း ဆွဲခေါ်သွားလေသည်။
အခြား သခင်ကြီးများ မခံမရပ်နိုင် ဖြစ်ကုန်ကြသည်။ အခုအချိန်မှာ နေရာတိုင်းက ကျန်းပေရန်ကို လိုအပ်နေတာလေ၊ ခင်ဗျားက အတင်း ဆွဲခေါ်သွားလို့ ရမလား။
ထို့ကြောင့် သခင်ကြီးအချို့ ရှေ့ထွက် တားဆီးကြပြီး ဦးသူယူစနစ် အကြောင်း ရှင်းပြရန် ပြင်လိုက်ကြသည်။
သို့သော် ယောင်ယိချန်က စိတ်လောနေပြီဖြစ်ရာ တားဆီးသူများကို တွန်းထုတ်ပြီး အော်ပြောလိုက်သည်။
"လူအသက်နဲ့ ရင်းနေရတယ်ဗျ ကျုပ်ဆီမှာ အနက်ရောင်သူတော်စင်ကြီး တစ်ပါး သေလုမျောပါး ဖြစ်နေပြီ ဆရာသခင်ကျန်း လာကယ်မှ ရတော့မယ်"
ဘေးပတ်ဝန်းကျင်မှ သခင်ကြီးများ ကြားလိုက်ရချိန်တွင် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။
ယောင်ယိချန် ပြောသလိုပင် လူအသက်နဲ့ ရင်းနေရသည်။
ပိုဆိုးသည်မှာ အနက်ရောင်သူတော်စင်ကြီး တစ်ပါး၏ အသက် ဖြစ်နေခြင်း ဖြစ်၏။