အခန်း (၅၈၅)
Vol. 51 Ch. 585
"လမင်းဆိုတာ နေမင်းရဲ့ အလင်းရောင်၊ နေမင်းရဲ့ အလင်းရောင်ဆိုတာ တိုင်ယီ..."
"တိုင်ယီ ဆိုတာ အနက်ရောင်ပုလဲ၊ အနက်ရောင်ပုလဲ ဆိုတာ လေးပါးသဏ္ဌာန်..."
"လေးပါးသဏ္ဌာန် ဆိုတာ ဓာတ်ကြီးငါးပါး၊ ဓာတ်ကြီးငါးပါး ဆိုတာ ရှစ်ပါးကွက်..."
"ရှစ်ပါးကွက် ဆိုတာ သုံးပါးပါရမီ၊ သုံးပါးပါရမီ ဆိုတာ အလင်းရောင်သုံးပါး..."
...
စစ်ထူကျိထံမှ ငှားရမ်းထားသော ဝိညာဉ်ခေါင်းလောင်းကို လှုပ်ယမ်းရင်း ကျန်းပေရန်သည် မန္တန်များကို လျင်မြန်စွာ ရွတ်ဆိုနေသည်။
မန္တန်တစ်ခွန်း ရွတ်လိုက်တိုင်း ဝိညာဉ်ခေါင်းလောင်း၏ အသံမှာ ပိုမို နက်ရှိုင်းလာသည်။
သို့သော် ထိုနက်ရှိုင်းအေးချမ်းသော ခေါင်းလောင်းသံကြားတွင် ချောင်ကျင်းဟွာ၏ မျက်နှာအမူအရာမှာမူ ပိုမို နာကျင်ခံစားနေရပုံ ပေါက်နေသည်။ ငရဲခန်းထဲသို့ ရောက်နေသကဲ့သို့ပင် ဖြစ်သည်။
ချောင်ကျင်းဟွာသည် တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသော အနက်ရောင်သူတော်စင်ကြီး တစ်ပါးဖြစ်သည်။ ဒဏ်ရာအမျိုးမျိုး ရဖူးသော်လည်း ပြုံးပြုံးလေးနှင့် ကျော်ဖြတ်ခဲ့သူ ဖြစ်သည်။
မွေးကတည်းက သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် သာမန်လူများနှင့် မတူပေ။ ခေါင်းပြတ်မသွားသရွေ့ မည်မျှ ပြင်းထန်သော ဒဏ်ရာရပါစေ၊ တစ်ညအိပ်လိုက်လျှင် ပျောက်ကင်းသွားလေ့ရှိသည်။ ဒဏ်ရာအသေးစားလေးတွေဆိုလျှင် ကုတ်လိုက်ရုံဖြင့် ပြန်ကောင်းသွားတတ်သည်။
ထို့ကြောင့် ချောင်ကျင်းဟွာသည် မည်သည့်တိုက်ပွဲတွင်မဆို ရှေ့ဆုံးမှ တိုက်ခိုက်လေ့ရှိသည်။
သို့သော် ယနေ့တွင်မူ နာကျင်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ပထမဆုံးအကြိမ် နားလည်လိုက်ရသည်။
ခန္ဓာကိုယ်ထဲသို့ အေးမြသော စွမ်းအင်တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရချိန်မှစ၍ သူ့ခန္ဓာကိုယ်ထဲရှိ "ပွက်ပွက်ဆူနေသော" စစ်မြေပြင်သည် ပိုမို ရှုပ်ထွေးလာသည်။
ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအင်များကို အေးမြသော စွမ်းအင်က စုစည်းပေးနေသော်လည်း စွမ်းအင်စီးဆင်းမှု တစ်ခုတိုင်းသည် သူ့ကို အရိုးထဲထိ နာကျင်စေသည်။
သူ့တွင် ဝရဇိန်ကိုယ်ထည်နှင့် အနက်ရောင်အကြေးခွံ အစီအရင်တို့သာ မရှိခဲ့လျှင် ယခုအချိန်၌ ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးနေပြီဟု ချောင်ကျင်းဟွာ ယုံကြည်သည်။
သို့သော် နာကျင်ရကျိုး နပ်ပါသည်။ လက်ဖက်ရည်တစ်အိုးခန့် ကြာပြီးနောက် ကျန်းပေရန်သည် ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်တပ်ဖွဲ့တစ်ခုကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။ ထို့နောက် မူလက သူတို့ပိုင်ဆိုင်သော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် စတင် တိုက်ခိုက်ကြသည်။
သို့သော် အဆိပ်မြူနှင့် ဆေးအဆိပ်တို့သည် အလွယ်တကူ လက်လျှော့ကြမည့်သူများ မဟုတ်ပေ။ နှစ်ဖွဲ့ပေါင်းပြီး ပြန်လည် တိုက်ခိုက်ကြရာ ကျန်းပေရန်သည် ထိပ်တန်း ရတနာပစ္စည်း ၄ ၅ ခုကို ဆက်တိုက် ထုတ်သုံးသော်လည်း တားဆီး၍ မရနိုင်အောင် ဖြစ်နေသည်။
"ဘုန်း"
အနီရောင် ကျောက်စိမ်းတုံး ကွဲကြေသွားပြီးနောက် ကျန်းပေရန် အသုံးပြုခဲ့သော ရတနာများ အားလုံး အစွမ်းကုန်သွားကြသည်။
ရတနာပိုင်ရှင် သခင်ကြီးများမှာမူ ရင်ကွဲမတတ် ခံစားနေရသော်လည်း ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ် အခြေအနေ ရှုပ်ထွေးမှုကို ပို၍ အံ့သြနေကြသည်။
လက်ဖက်ရည်တစ်အိုးခန့် အချိန်အတွင်း ကျန်းပေရန်သည် အံ့မခန်းဖွယ် ကုသမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်တော့မည်ဟု ထင်ရချိန်တိုင်း ရတနာများ ကွဲကြေသွားသည်ကို မြင်တွေ့ခဲ့ရသည်။
"ဟူး... ဟူး..."
ချောင်ကျင်းဟွာ၏ နဖူးပေါ်ရှိ ကွဲကြေသွားသော အနီရောင် ကျောက်စိမ်းကို ကြည့်ရင်း ကျန်းပေရန်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ နဖူးပေါ်တွင်လည်း ချွေးစများ ပြည့်နှက်နေသည်။
ဤရလဒ်ကို သူ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။ သူ၏ မူလ အစီအစဉ်မှာ "အင်အားသုံးပြီး အံ့ဖွယ်ဖြစ်အောင် ဖန်တီးခြင်း" ဖြစ်သည်။ ရတနာများ အားကိုးဖြင့် အတင်း ကုသရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်တွေ့တွင် အဆိပ်နှစ်မျိုး ပေါင်းစပ်လိုက်သော အင်အားသည် သူ ထင်ထားသည်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသည်။ ပြင်ပအကူအညီ မည်မျှပင် ရရှိပါစေ၊ စုစည်းထားသော ဝိညာဉ်စွမ်းအင်များသည် အဆိပ်များကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
"အဟွတ် အဟွတ်"
ထိုအချိန်တွင် ချောင်ကျင်းဟွာသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး ပါးစပ်မှ သွေးပူများ အန်ထွက်လာသည်။
"ဟင်း... ဟင်း..."
အားနည်းစွာ အသက်ရှူရင်း ချောင်ကျင်းဟွာသည် မျက်လုံးကို မနည်းဖွင့်ကာ ကျန်းပေရန်ကို ပြောလိုက်သည်။
"ငါ... ကယ်လို့ မရတော့ဘူးလား"
"စီနီယာချောင် ခင်ဗျား တောင့်ခံထားနိုင်သရွေ့ ကျွန်တော် ကုသနည်း ရှာတွေ့အောင် လုပ်ပေးပါ့မယ်"
"ဟက်..." ကျန်းပေရန်၏ နှစ်သိမ့်စကားကို ကြားသောအခါ ချောင်ကျင်းဟွာ ခါးသက်သက် ပြုံးလိုက်သည်။
"မခံနိုင်တော့ဘူး မင်း ငါ့ထက် ပိုသိမှာပါ ဒီခန္ဓာကိုယ်က ငါ့ဟာ မဟုတ်တော့သလို ခံစားနေရပြီ ရတနာတွေ ထပ်မဖြုန်းပါနဲ့တော့ ကိုယ်လုပ်တဲ့အလုပ် ကိုယ်တာဝန်ယူပါ့မယ်"
ပြောပြီးသည်နှင့် ယောင်ယိချန်တို့ကို ကြည့်ကာ ဆက်ပြောသည်။
"မင်းတို့ကို အပြစ်မတင်ပါဘူး ငါ့ဘဝတစ်လျှောက်လုံး အရာရာ အဆင်ပြေလွန်းခဲ့လို့ အခုလို ဖြစ်ရတာ နေမှာပါ ဟားဟားဟား"
ချောင်ကျင်းဟွာ အသက်ရှင်ချင်စိတ် ပျောက်ဆုံးသွားသည်ကို မြင်သောအခါ "အင်အားသုံးပြီး ကုသခြင်း" နည်းလမ်းသည် အလုပ်မဖြစ်တော့ကြောင်း ကျန်းပေရန် သိလိုက်သည်။ ကုသမှုတိုင်းတွင် လူနာ၏ ပူးပေါင်းပါဝင်မှု လိုအပ်သည်။ ယခု ချောင်ကျင်းဟွာက လက်လျှော့လိုက်ပြီ ဖြစ်သည်။
'တောက်... စွန့်စားကြည့်ရတော့မယ်'
ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မည့်အတူတူ စွန့်စားကြည့်တာက ပိုကောင်းသည်။ ကျန်းပေရန်သည် ယောင်ယိချန်ဘက်သို့ လှည့်ကာ လက်ဖြန့်လိုက်သည်။
"ကျန်တဲ့ ဆေးလုံး ၂ လုံး ပေးပါ"
ယောင်ယိချန်သည် ကျန်းပေရန် ဘာလုပ်မလဲ ဆိုတာ နားမလည်သော်လည်း ဆေးလုံးများကို ချက်ချင်း ပေးလိုက်သည်။
"စီနီယာကြီးချောင် သေမိန့်ကြားမှ လွတ်မြောက်ခြင်း ဆိုတာ ယုံလား"
ကျန်းပေရန်၏ စကားကို ကြားသောအခါ ချောင်ကျင်းဟွာ အားရပါးရ ရယ်မောလိုက်သည်။
"အဲဒါကို ငါ့ဘဝမှာ အကြိမ်ကြိမ် ကြုံဖူးတာပေါ့"
"ကောင်းပြီ ဒါဆို နောက်တစ်ကြိမ် ထပ်စမ်းကြည့်ရအောင် ဒီတစ်ကြိမ်က ခင်ဗျားဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည်တယ်"
ချောင်ကျင်းဟွာသည် ကျန်းပေရန် လက်ထဲမှ ဆေးလုံးကို ကြည့်ပြီး တစ်စုံတစ်ရာ နားလည်သွားပုံ ရသည်။ မျက်လုံးထဲတွင် မျှော်လင့်ချက် မီးတောက်များ ပြန်လည် တောက်လောင်လာသည်။
"ကောင်းပြီ ငါ့ဘဝမှာ သေမင်းတံခါးဝကို အကြိမ်ကြိမ် ရောက်ဖူးတယ် အမြဲတမ်း ပြန်လာနိုင်ခဲ့တယ် ဒီနေ့လည်း ထူးမှာ မဟုတ်ပါဘူး လာစမ်းပါ"
"ကံကောင်းပါစေ"
ကျန်းပေရန်က ပြောပြီးသည်နှင့် ဆေးလုံးတစ်လုံးကို ချောင်ကျင်းဟွာ၏ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
"ရှီး..."
ကျန်းပေရန် ဘာလုပ်မလဲ ဆိုတာ အားလုံး ရိပ်မိကြသော်လည်း တကယ် လုပ်လိုက်သည်ကို မြင်သောအခါ အသက်ရှူမှားသွားကြသည်။
ချောင်ကျင်းဟွာ ယခုလို ဖြစ်နေရခြင်းမှာ ထိုဆေးလုံးကြောင့် ဖြစ်သည်။ ယခု နောက်တစ်လုံး ထပ်ကျွေးလိုက်ခြင်းမှာ မီးလောင်ရာ လေပင့်သလို ဖြစ်မနေဘူးလား။
ဆေးအာနိသင်သည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ချောင်ကျင်းဟွာ၏ နား၊ နှာခေါင်း၊ မျက်လုံးများမှ သွေးများ ယိုစီးကျလာသည်။ ဆံပင်များနှင့် ခန္ဓာကိုယ် အမွေးအမျှင်များသည်လည်း ကျွတ်ထွက်ကုန်ကြသည်။
သို့သော် ကျန်းပေရန်သည် ထိုအရာများကို ဂရုမစိုက်ဘဲ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်အရက် ၆ အိုးကို ထုတ်ကာ ကြေးအိုးကြီး တစ်လုံးထဲသို့ လောင်းထည့်လိုက်သည်။
ကြေးအိုးကြီး ပြည့်သွားသောအခါ ကျန်းပေရန်က အော်ပြောလိုက်သည်။
"စီနီယာချောင် ကို ဒီအိုးထဲ လာထည့်ပေးကြပါ မြန်မြန်"
သခင်ကြီးများသည် ကျန်းပေရန် ဘာလုပ်နေမှန်း နားမလည်ကြသော်လည်း ယခုအချိန်တွင် ကျန်းပေရန်ကလွဲ၍ မည်သူမျှ ချောင်ကျင်းဟွာကို ကယ်တင်နိုင်မည် မဟုတ်ကြောင်း သိထားကြသည်။
ထို့ကြောင့် ရှေ့ဆုံးမှ ရွှယ်ယုန်ချင်း နှင့် ဟူဟုန်ဝေ တို့သည် ချောင်ကျင်းဟွာကို မပြီး ကြေးအိုးထဲသို့ ဖြည်းညှင်းစွာ ထည့်ပေးလိုက်ကြသည်။
"ဒေါင် ဒေါင် ဒေါင်..."
ကြေးအိုးပေါ်တွင် အဆောင် ၆ ရွက် ကပ်လိုက်ပြီးနောက် ကျန်းပေရန်သည် လုဟိုင်ကျွင်း ထံမှ ရရှိထားသော ကောင်းကင်ရေခဲတုံးကို ကြေးအိုးထဲသို့ ထည့်လိုက်သည်။
တစ်ခဏချင်းမှာပင် ဝိညာဉ်အရက်များနှင့် ချောင်ကျင်းဟွာတို့သည် ရေခဲရိုက်သကဲ့သို့ ဖြစ်သွားကြသည်။
ယောင်ယိချန်ကို ချောင်ကျင်းဟွာ၏ အခြေအနေ စောင့်ကြည့်ခိုင်းပြီးနောက် ကျန်းပေရန်သည် ရွှေကျီးကန်း ဆေးအိုးကို ထုတ်ယူကာ ဆေးဖော်စပ်ခြင်း စတင်လေသည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ကျန်းပေရန်သည် ရေခဲရိုက်ထားသော်လည်း ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ် ကြာကြာခံနိုင်မည် မဟုတ်ကြောင်း သိသည်။ သို့သော် ဆေးဖော်စပ်ခြင်းသည် လော၍ မရပေ။
ထို့ကြောင့် အခြေအနေ အရေးကြီးနေသော်လည်း ကျန်းပေရန်သည် စိတ်ကို တည်ငြိမ်အောင် ထားပြီး ဆက်လက် လုပ်ဆောင်သည်။
၃ နာရီခန့် ကြာသောအခါ ရွှေကျီးကန်း ဆေးအိုးထဲမှ ဆေးရနံ့များ ထွက်ပေါ်လာသည်။ ကျန်းပေရန် ချက်ချင်း အော်ပြောလိုက်သည်။
"သခင်ကြီးယောင် ရွှေကျီးကန်း မီးတောက်နဲ့ ကြေးအိုးထဲက ရေခဲတွေကို အရည်ဖျော်လိုက်ပါ"
ယောင်ယိချန်သည် ချက်ချင်း သဘောပေါက်ပြီး ကြေးအိုးရှေ့တွင် ထိုင်ကာ သိုလှောင်လက်စွပ်ထဲမှ မီးတောက်တစ်ခုကို ထုတ်ယူပြီး ကြေးအိုးကို မီးထိုးပေးလိုက်သည်။
ချောင်ကျင်းဟွာသည် ရေခဲနှင့် မီး နှစ်မျိုးစလုံးကို ခံစားပြီးနောက် ကျန်းပေရန်၏ ဆေးလုံးလည်း ကျက်သွားပြီ ဖြစ်သည်။
ဆေးလုံးကို ယူပြီး ကျန်းပေရန်သည် ကြေးအိုးနားသို့ လျှောက်သွားလိုက်သည်။ ချောင်ကျင်းဟွာ သတိရနေသေးကြောင်း တွေ့ရပြီး သူ့ကို ခါးသက်သက် ပြုံးပြနေသေးသည်။
'ဝရဇိန်ကိုယ်ထည် ပိုင်ရှင်မို့လို့ တော်သေးတာပေါ့'
အခြား အနက်ရောင်သူတော်စင်ကြီးများသာ ဆိုလျှင် ယခုအချိန်၌ အသက်ထွက်နေလောက်ပြီ ဖြစ်သည်။
ချောင်ကျင်းဟွာကို ပြန်ပြုံးပြပြီးနောက် ကျန်းပေရန်သည် ဝိညာဉ်စွမ်းအားဖြင့် သူ့ခန္ဓာကိုယ် အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။
'ကောင်းတယ်'
ကျန်းပေရန် စိတ်ထဲတွင် ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။
သူ ခန့်မှန်းထားသည့်အတိုင်း ဆေးအဆိပ်သည် ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ် တစ်ခုလုံးကို သိမ်းပိုက်ထားပြီး အဆိပ်မြူများ နေစရာ နေရာမရှိ ဖြစ်သွားသည်။
အဆိပ်ဆိုသည်မှာ ဂူကောင်များနှင့် တူသည်။ နယ်မြေလုတတ်ကြသည်။ တစ်ဖက်က အားကောင်းသွားလျှင် အခြား အဆိပ်များနှင့် နေရာမျှဝေ သုံးစွဲခြင်း မပြုပေ။
ကျန်းပေရန် ဒုတိယ ဆေးလုံးကို တိုက်ကျွေးလိုက်ခြင်းမှာ ဆေးအဆိပ်ကို အားကောင်းစေပြီး နယ်မြေလုစိတ် ဖြစ်ပေါ်လာစေရန် ဖြစ်သည်။
ရလဒ်အနေဖြင့် ဒုတိယ ဆေးလုံး ဝင်ရောက်သွားပြီးနောက် ဆေးအဆိပ်သည် အသာစီးရသွားပြီး "မဟာမိတ်" ဖြစ်သော အဆိပ်မြူများကို ချက်ချင်း သစ္စာဖောက်ကာ တိုက်ခိုက်ခဲ့သည်။
အချိန်တိုအတွင်း ချောင်ကျင်းဟွာ ခန္ဓာကိုယ်ထဲမှ အဆိပ်မြူများကို ရှင်းလင်းပစ်လိုက်သည်။ မည်သည့် ဆေးဝါးနှင့် ကုသသည်ထက်မဆို ပိုမို လျင်မြန်ထိရောက်သည်။
ဒါသည် ကျန်းပေရန်၏ မူလ ကုသရေး လမ်းကြောင်းဖြစ်သည်။ အဆိပ်မြူကို သာမန်နည်းလမ်းဖြင့် ကုသ၍ မရကြောင်း သူ သိထားသည်။ အင်အားသုံးပြီး ဖြိုခွင်းမှသာ ရမည်။
'နည်းလမ်းကတော့ မှန်တယ် ဒါပေမဲ့ အနက်ရောင်သူတော်စင်ကြီးတောင်မှ ဒီဒဏ်ကို ခံနိုင်ပါ့မလား...'
လူရုပ်မပေါက်တော့သော ချောင်ကျင်းဟွာကို ကြည့်ရင်း ကျန်းပေရန် သက်ပြင်းချလိုက်သည်။
မည်သို့ပင်ဖြစ်စေ ချောင်ကျင်းဟွာသည် သူ့နည်းလမ်း မှန်ကန်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။ အခြား အနက်ရောင်သူတော်စင်ကြီးများကို ကုသရန်အတွက် ပိုမို နူးညံ့သိမ်မွေ့သော နည်းလမ်းကို ရှာဖွေရုံသာ ရှိတော့သည်။
"စီနီယာကြီးချောင် သေမလား ရှင်မလား ဆိုတာ ဒီတစ်ခါအပေါ်မှာပဲ မူတည်နေပြီ တောင့်ထားပါ"
ကျန်းပေရန်က ဆေးလုံးကို ချောင်ကျင်းဟွာ၏ ပါးစပ်နား တေ့ပေးလိုက်သည်။
သေလုမျောပါး ဖြစ်နေသော ချောင်ကျင်းဟွာသည် စကားပြောရန် အားမရှိတော့ဘဲ ပါးစပ်ဟပြီး ဆေးလုံးကို မျိုချလိုက်သည်။
ဆေးလုံးသည် အရည်ပျော်သွားပြီး ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်သော နှုန်းဖြင့် အဆိပ်များကို ရှင်းလင်းပေးပြီး ပျက်စီးနေသော ကိုယ်တွင်းအင်္ဂါများကို ပြန်လည် ပြုပြင်ပေးလေသည်။
"ဟူး..."
ထိုအခြေအနေကို အာရုံခံမိသောအခါ ကျန်းပေရန် စိတ်အေးသွားသည်။
အဆိပ်မြူကို ဆေးအဆိပ်ဖြင့် တိုက်ထုတ်ခြင်းသည် ပထမအဆင့်သာ ရှိသေးသည်။ သူ ထိုသို့ လုပ်ရခြင်းမှာ အဆိပ်မြူထက် ဆေးအဆိပ်အကြောင်းကို ပိုမို နားလည်သောကြောင့် ဖြစ်သည်။
ဤဆေးလုံးကို ယောင်ယိချန်တို့ ဖော်စပ်ထားသော်လည်း မူလလမ်းကြောင်းကို သူ ပေးထားခြင်း ဖြစ်သဖြင့် ဖြေဆေးကို ကောင်းကောင်း သိထားသည်။
လူနှင့် စမ်းသပ်ရန် မဝံ့မရဲ ဖြစ်နေရခြင်းမှာ ချောင်ကျင်းဟွာကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဤအဆိပ်ဖြေဆေး၏ အဓိက သဘောတရားမှာ "ဖျက်ဆီးပြီးမှ ပြန်လည် တည်ဆောက်ခြင်း" ဖြစ်သည်။ သို့သော် လုပ်ငန်းစဉ်က အလွန် အန္တရာယ်များသည်။ ချောင်ကျင်းဟွာကဲ့သို့ သန်မာသူ မဟုတ်လျှင် ဖျက်ဆီးပြီးတာနဲ့ ပြီးသွားမည် ဖြစ်သည်။ ပြန်လည် တည်ဆောက်ချိန် ရလိုက်မည် မဟုတ်ပေ။
ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ်ပေါ်မှ အမည်းကွက်များ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ယောင်ယိချန်တို့ စိတ်သက်သာရာ ရသွားကြသည်။ ချောင်ကျင်းဟွာ အသက်ဘေးမှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
"ဆရာသခင်ကျန်း လေးစားပါတယ်ဗျာ"
ယောင်ယိချန်တို့ အဖွဲ့က လက်ဆုပ်ဂါရဝပြုလိုက်ကြသည်။
ကျန်းပေရန်က ခေါင်းမော့ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်း မှန်ကန်ပါတယ်"
ယောင်ယိချန်တို့လည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကြသည်။
ချောင်ကျင်းဟွာ ပြန်ကောင်းလာသည်နှင့် တပြိုင်နက် အဆိပ်မြူများလည်း ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သူတို့ သိကြသည်။ ချောင်ကျင်းဟွာသာ ဒီနေရာမှာ မရှိလျှင် သူတို့ ဖက်ပြီး ကခုန်မိလောက်သည်။
"ဆရာသခင်ကျန်း"
ကြေးအိုးထဲမှ ချောင်ကျင်းဟွာက လှမ်းခေါ်လိုက်သည်။
မျက်နှာအရောင်အဝါ ပြန်လည် ကောင်းမွန်လာသော ချောင်ကျင်းဟွာကို ကြည့်ပြီး ကျန်းပေရန် ပြုံးလိုက်သည်။
"စီနီယာချောင် ဂုဏ်ယူပါတယ် ခင်ဗျား နိုင်သွားပြီ"
"မဟုတ်ဘူး နိုင်တာက မင်းပါ ငါ့အသက်ကို မင်း ကယ်ပေးလိုက်တာ"
"စီနီယာချောင်က သန်မာလို့သာ အခုထိ သတိမလစ်ဘဲ နေနိုင်ခဲ့တာပါ မဟုတ်ရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ် ငါ မင်းကို အသက်တစ်ချောင်း အကြွေးတင်သွားပြီ"
ချောင်ကျင်းဟွာက ပြောပြီးသည်နှင့် မတ်တပ်ရပ်လိုက်သည်။ မျက်နှာပေါ်မှ အားနည်းမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အခြား သခင်ကြီးများ အံ့သြတကြီး ကြည့်နေမိကြသည်။
စောစောက သေလုမျောပါး ဖြစ်နေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီး ယခု ချက်ချင်း ပြန်ကောင်းလာသည်ကို မယုံနိုင်အောင် ဖြစ်နေကြသည်။
'ဆရာသခင်ကျန်းက တကယ့် နတ်ဘုရားပါလား...'
ချောင်ကျင်းဟွာ ကိုယ်လက်လှုပ်ရှားနေသည်ကို ကျန်းပေရန် မတားဆီးပေ။ အနက်ရောင်သူတော်စင်ကြီးများ၏ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းသည် သာမန်လူများနှင့် မတူပေ။ ထို့အပြင် ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ထူးခြားလွန်းသည်။
အဆိပ်နှစ်မျိုးစလုံး ပျောက်ကွယ်သွားသည်နှင့် သူသည် လုံးဝ ပြန်ကောင်းသွားပြီ ဖြစ်သည်။ အနားယူစရာ မလို၊ ကုသစရာ မလိုတော့ပေ။ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်ရုံဖြင့် မူလအတိုင်း ပြန်ဖြစ်သွားမည်။
"ကလောက် ကလောက်..."
အရိုးများ မြည်သံ ထွက်ပေါ်လာပြီးနောက် ချောင်ကျင်းဟွာ သက်ပြင်းချလိုက်သည်။
"ဆရာသခင်ကျန်း ငါ့ခန္ဓာကိုယ်ထဲက အဆိပ်မြူတွေ... အကုန် ပျောက်သွားပြီမလား"
ခန္ဓာကိုယ် အတွင်းပိုင်းကို စစ်ဆေးပြီးနောက် ချောင်ကျင်းဟွာ မေးလိုက်သည်။
"ဟုတ်တယ်"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ကြာမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ်"
ယခုအချိန်တွင် အဆိပ်မြူများ လုံးဝ ကင်းစင်သွားသော်လည်း အဆိပ်မြူများသည် နေရာတိုင်းတွင် ရှိနေသည်။
ကျင့်ကြံသူများ၏ ခန္ဓာကိုယ်တွင် ခုခံအား မရှိလျှင် ပြန်လည် ကူးစက်ခံရဖို့ ဆိုသည်မှာ အချိန်မရွေး ဖြစ်လာနိုင်သည်။
"အဲဒီလိုလား..."
ချောင်ကျင်းဟွာ၏ စိတ်လှုပ်ရှားမှုများ လျော့ကျသွားသည်။
"ဒါကြောင့် နောက်ပိုင်း ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ် အခုအချိန်မှာ ခင်ဗျားက အဆိပ်မြူကို ဖြေရှင်းနိုင်မယ့် အဓိက သော့ချက် ဖြစ်နေပြီ"
"ကိစ္စမရှိပါဘူး ဘာလုပ်ပေးရမလဲ ပြောပါ"
ပြောပြီးနောက် ချောင်ကျင်းဟွာ ခေတ္တ ရပ်တန့်သွားသည်။
"ငါ ဒီသတင်းကောင်းကို စီနီယာကူ တို့ကို အရင် သွားပြောပြလိုက်ရမလား"
ကျန်းပေရန် ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ သွားပြောလိုက်ပါ"
အရင်တစ်ခေါက် အဆိပ်ထုတ်ပေးစဉ်က အနက်ရောင်သူတော်စင်ကြီးများ ဟန်ဆောင် ပြုံးနေခဲ့သော်လည်း စိတ်ဓာတ်ကျနေကြောင်း သိသာသည်။
ဒီအဆင့်ထိ ရောက်လာပြီးမှ ဘယ်သူက သေချင်မှာလဲ။
ဂူ ကျင့်ကြံသူများကို ခုခံရန် ပိုမို ခက်ခဲလာချိန်တွင် ချောင်ကျင်းဟွာ ပြန်ကောင်းလာခြင်းသည် အားလုံးအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လာမည်မှာ သေချာသည်။
"ကောင်းပြီ ဒါဆို ငါ အရင် သွားလိုက်ဦးမယ် ပြီးရင် ပြန်လာခဲ့မယ်"
ချောင်ကျင်းဟွာ ပြောပြီးသည်နှင့် ဆေးခန်းမထဲမှ ထွက်ခွာသွားလေသည်။
သက်ပြင်းချလိုက်ပြီး ကျန်းပေရန်က ယောင်ယိချန်ကို ကြည့်ကာ ပြောလိုက်သည်။
"သခင်ကြီးယောင် လမ်းကြောင်းမှန်နေပြီ ဆိုတော့ ခင်ဗျားတို့ ပိုကြိုးစားရတော့မယ်"
ယောင်ယိချန်က လက်ဆုပ်ဂါရဝပြုလိုက်သည်။
"ဆရာသခင်ကျန်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်"
ကျန်းပေရန်သည် အခြား သခင်ကြီးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"