မိုးမြေကိုလှည့်စားခြင်း
Vol. 30 Ch. 292
စမ်းချောင်းစီးဆင်းသံက နားဝင်ချိုဖွယ်ရှိပြီး လေပြည်အေးလေးက ညင်သာစွာ တိုက်ခတ်နေသည်။
စမ်းချောင်းဘေးတွင် လူသုံးဦး ရပ်နေကြ၏။
နတ်ဘုရားအသွင်ပြောင်းခြင်းအကြောင်း ပြောဆိုကြသောအခါ ရှန်းယီနှင့် ရွှီဝမ်ယွင်တို့နှစ်ဦးစလုံး၏မျက်လုံးများ အရောင်လက်သွားကြသည်။
ကျင့်ကြံသူအများစုအတွက် ထိုအဆင့်သည် တောင့်တရုံသာ တတ်နိုင်ပြီး လက်လှမ်းမမီနိုင်သော နယ်ပယ်တစ်ခုဖြစ်သော်လည်း၊ ဤလမ်းကြောင်းကိုအမှန်တကယ် ထိတွေ့ခွင့်ရသူများအတွက်မူ အနာဂတ်တာအိုလမ်းစဉ်အတွက် အခြေခံအုတ်မြစ်ကို ဟွမ်ယွမ်အဆင့်ကတည်းက စတင်ချထားပြီး ဖြစ်သည်။
"ဟင်းလင်းပြင်းနယ်ပယ်(Void) ထဲကို ဝင်ရောက်သွားတဲ့ မဟာစွမ်းအားရှင်တစ်ပါးဖြစ်တဲ့ ဝူထုံတောင်ကဘိုးဘေးတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်"
"ကျင့်ကြံခြင်းလို့ ခေါ်တဲ့အရာရဲ့ မူလသဘောတရားက စကားလုံးတစ်လုံးတည်းမှာပဲ ရှိတယ်တဲ့"
ယခင်က အဆင်မပြေဖြစ်ခဲ့မှုများကို မေ့လျော့သွားပြီး ရွှီဝမ်ယွင်၏ မျက်လုံးများတွင် တောင့်တမှုများ ပြည့်နှက်လာကာ စကားလုံးတစ်လုံးကို ဖြည်းညှင်းစွာ ပြောလိုက်၏။
"လှည့်စားခြင်း... တဲ့"
"သာမန်လူ့ခန္ဓာကိုယ်နဲ့ မိုးမြေရဲ့စွမ်းအားကို အသုံးပြုဖို့အတွက် အရေးကြီးဆုံးက ဒီလောကကြီးကို လှည့်စားဖို့ပဲ။ တာအိုဝိညာဉ်ကို ဖွဲ့စည်းဖို့အတွက် အသက်ဓာတ်အနှစ်သာရကို သုံးတာပဲဖြစ်ဖြစ်၊ ကိုယ်တွင်းအင်္ဂါငါးခု ပြည့်စုံဖို့အတွက် ဝိညာဉ်အမြစ်အမျိုးမျိုးကို သုံးတာပဲဖြစ်ဖြစ်၊ အဲဒါတွေအားလုံးက လောကကြီးရဲ့အမြင်မှာ ကိုယ်က သဘာဝဝိညာဉ်တစ်ခုနဲ့ တူအောင် လုပ်ဆောင်တာပါပဲ"
သူမသည် လက်ကိုဆန့်တန်းပြီး ကောင်းကင်ကို ညွှန်ပြလိုက်သည်။
"ငါတို့လည်း သူ့ရဲ့အစိတ်အပိုင်းတစ်ခုပါပဲလို့ ကမ္ဘာကြီးက ထင်သွားအောင် လုပ်ရမယ်"
ထိုသို့ပြောပြီးနောက် ရွှီဝမ်ယွင်သည် သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
"ဝိညာဉ်အမြစ်ရဲ့အရည်အသွေးက အနာဂတ်မှာ ကမ္ဘာကြီးနဲ့ဘယ်လောက် သဟဇာတဖြစ်မလဲ ဆိုတာကို ကိုယ်စားပြုတယ်။ ဝိညာဉ်သာလွန်ထူးကဲအဆင့်အစောပိုင်းမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့နတ်ဝိညာဉ် ဘယ်လောက်ပဲ သန်မာပါစေ၊ ဝိညာဉ်အမြစ်ရဲ့ ကန့်သတ်ချက်ကြောင့် မိုင်တစ်ရာအတွင်းမှာရှိတဲ့ မိုးမြေအနှစ်သာရကိုပဲ သုံးစွဲနိုင်ကြတယ်"
"အသက်ဓာတ်ကို ထိန်းချုပ်တဲ့နည်းစနစ်က ဘယ်လောက်ပဲ ဆန်းပြားပါစေ၊အသက်ဓာတ် ပမာဏမလုံလောက်ဘူးဆိုရင် အဲဒါကထိလိုက်တာနဲ့ကွဲကြေသွားမယ့် ပုံရိပ်ယောင်သက်သက်ပါပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ရှန်းယီသည် ပြာလဲ့နေသောကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အလားတူတောင့်တမှုများ ပြည့်နှက်သွားသည်။
ဆွေးမြေ့နေသောလူအိုကြီးကို ပြင်းထန်စွာဒဏ်ရာရသွားစေသည့် သူ့၏ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက်သည် အမှန်တကယ်တွင် နတ်ဆိုးဘုရင်ကိုယ်တွင်းအားအမြုတေ အများအပြားကို ဝါးမြိုထားရခြင်းဖြစ်ကြောင်း သိထားသင့်ပေသည်။
ထိုသို့မဟုတ်ပါက လီနှလုံးသားမီးလျှံလက်ဝါးသိုင်း၏ထက်ဝက်ခန့်သည်ပင် သူ၏တာအိုဝိညာဉ်ကို ခြောက်ခန်းသွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
အခြေခံအုတ်မြစ်ကို မည်မျှပင် စုဆောင်းထားပါစေကုန်ဆုံးသွားမည့် နေ့ရက်တစ်ခု ရှိလာမည်သာ ဖြစ်သည်။ နတ်ဘုရားအသွင်ပြောင်းခြင်း နယ်ပယ်သို့ ခြေလှမ်းဝင်ရောက်မှသာလျှင် ဤကမ္ဘာလောက၏အနှစ်သာရကို စတင် သုံးစွဲနိုင်မည် ဖြစ်သည်။
"နီကျွင်းက ကမ္ဘာကြီးရဲ့အနှစ်သာရကို ဘယ်လောက်အထိ သုံးစွဲနိုင်လဲ"
ရှန်းယီက ဘေးကိုလှည့်ကြည့်ကာ မေးလိုက်၏။ အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓားနှင့် သူ့ကိုယ်သူ နှိုင်းယှဉ်လို၍ မဟုတ်ဘဲ၊ လက်ရှိအချိန်တွင် သူသိထားသောနာမည်ကြီး ကျွမ်းကျင်သူမှာ ထိုသူတစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။
"အဲဒါကို ကျွန်မက ဘယ်လိုလုပ် သိမှာလဲ... စာအုပ်ထဲမှာလည်း ရေးမထားပါဘူး"
ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီဝမ်ယွင်က တွန့်ဆုတ်စွာဖြင့် သူ့ကို နှစ်သိမ့်လိုက်၏။
"မိုင် လေးငါးထောင်လောက်လား... ဒါမှမဟုတ် မိုင် ရှစ်ထောင် ကိုးထောင်လောက် ဖြစ်နိုင်တယ်။ တကယ်တော့ ကမ္ဘာကြီးရဲ့အနှစ်သာရဆိုတာကလည်း အဲဒီလောက်ကြီး အသုံးမဝင်ပါဘူး။ ကိုယ့်မှာမကုန်နိုင်အောင် ရှိနေရင်တောင်မှ အဲဒါကို ဘယ်လိုသုံးမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေရဦးမှာပဲလေ။နည်းစနစ်က မသန့်စင်ဘူး၊ နည်းလမ်းတွေက တိမ်ကောလွန်းနေမယ်ဆိုရင်လည်း အလကားပါပဲ"
ရှေ့နောက်မညီသော စကားများကို နားထောင်ရင်း ရှန်းယီ တိတ်ဆိတ်သွားသည်။
ဤအမျိုးသမီးက ကျင့်ကြံခြင်းအဆင့် မြင့်မားသည်မှာထင်ရှားသော်လည်း အဘယ်ကြောင့် အမြဲတမ်းအားကိုး၍မရသောပုံစံ ပေါက်နေရသနည်း။
အားချင်းကသာ စူးစမ်းလိုစိတ်ဖြင့် ဝင်မေးလိုက်၏။
"အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓားမှာ အကန့်အသတ်မရှိတဲ့ အသက်ဓာတ်တွေကို သုံးစွဲနိုင်စွမ်း ရှိပေမဲ့၊ အဲဒီအသက်ဓာတ်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းစနစ် မရှိဘူးလို့ဆိုလိုတာလား"
"အဲဒီလို မဟုတ်ပါဘူး၊ သူ့ရဲ့ရှန်ရှောင် အစစ်အမှန်မိုးကြိုးဓားသိုင်းက ဖန်တီးခြင်းအဆင့်ကို ရောက်နေပြီမို့ဘယ်လောက်များတဲ့ အသက်ဓာတ်ကိုမဆို သုံးစွဲဖို့ လုံလောက်ပါတယ်" ရွှီဝမ်ယွင်က ချောင်းအနည်းငယ် ဟန့်လိုက်၏။
ဤတစ်ကြိမ်တွင်တော့ အားချင်းပင် မျက်လုံးမလှန်ဘဲ မနေနိုင်တော့ပေ။
"ဒေါ်လေး..."
"ငါ ဆိုလိုချင်တာက... ငါတို့က အဲဒီလို လူထူးလူဆန်းတွေနဲ့ ယှဉ်စရာ မလိုပါဘူး။ ကိုယ့်ရဲ့တာအိုနှလုံးသားကို ဖျက်ဆီးသလို ဖြစ်နေတာကလွဲရင် ဘာအကျိုးရှိမှာမို့လို့လဲ"
ရွှီဝမ်ယွင်က လက်နှစ်ဖက်ကို ဖြန့်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
ရှန်းယီ မျက်လုံးများကို အနည်းငယ်မှေးလိုက်ပြီး သူလျှောက်လှမ်းရမည့် ခက်ခဲသော လမ်းခရီးအကြောင်း နားလည်မှုကို ပိုမို နက်ရှိုင်းစေလိုက်သည်။
စကားဝိုင်းက ရိုးရှင်းလေ၏။
ရွှီဝမ်ယွင်သည် လူငယ်လေးကို တိတ်တဆိတ် ခိုးကြည့်လိုက်ပြီး နောက်ဆုံးတွင် ကျန်းမိသားစု၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည် သုံးသပ်ကြည့်လိုက်သည်။
သို့သော် တွေးလေလေ ပိုမို ကြောက်မက်ဖွယ် ကောင်းလာလေလေပင်။
ကျန်းမိသားစု ခေါင်းဆောင်သည် ကျင့်ကြံခြင်းအဆင့်၌သူမထက် မနိမ့်ကျသည့်အပြင် စွေ့သစ်သားနှင့် ချိတ်ဆက်ထားသဖြင့် အဆက်မပြတ် ဖြည့်တင်းပေးမှုနှင့် သူ၏နယ်ပယ်ထက် ကျော်လွန်သော ယာယီစွမ်းအားကိုပင် ထုတ်ဖော်နိုင်စွမ်း ရှိသည်။
ထိုသို့သောသူကို လူငယ်လေးက လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့သည်။
ထိုအရာက လူအိုကြီးအားနည်းသောကြောင့် မဟုတ်ဘဲ၊ ရှန်းယီ၏လက်ဝါးရိုက်ချက်က အလွန်တရာကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် စွေ့သစ်သားက ကျန်းမိသားစု ခေါင်းဆောင်ကို ပြတ်ပြတ်သားသား စွန့်ပစ်သွားအောင် ခြိမ်းခြောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
ထိုအချက်မှာ အဓိကအချက် နှစ်ချက် ရှိနေ၏။
ရှန်းယီက ဟွမ်ယွမ်အလယ်အလတ်အဆင့် အရှင်သခင်တစ်ယောက် ဖြစ်ပြီး၊ နတ်ဘုရားအသွင်ပြောင်းခြင်းနည်းစနစ်တစ်ခုကို သင်ယူမည်ဆိုလျှင် ထိုနယ်ပယ်က မဟာစွမ်းအားရှင်တစ်ဦး၏ ကိုယ်တိုင်လမ်းညွှန်မှုလိုအပ်မှာ သေချာသည်။
ဝါးပြီး ခွံ့ကျွေးလျှင်ပင် အလွန်မြင့်မားသော ဉာဏ်ရည်မရှိဘဲ ယခုလိုငယ်ရွယ်သည့်အရွယ်ဖြင့် သင်ယူနိုင်မည်အရာ မဟုတ်ပေ။
သို့သော် အစောပိုင်းက သူ ထုတ်သုံးလိုက်သော ပုံစံမှာအလွန်ရိုးရှင်းလေ၏။ မည်သို့အသုံးပြုရမည် သိရုံတင်မဟုတ်ဘဲ... ထိုမျှထိအံ့သြဖွယ်စွမ်းအားကို ထုတ်ပြနိုင်သည်မှာ သူ ထိုပညာရပ်အား ပြီးပြည့်စုံအောင် တတ်မြောက်ထားပြီဟု ဆိုလိုနေဟည်။
ဒီလို မဖြစ်နိုင်သလောက် အခြေအနေတစ်ခုကို ပြီးမြောက်ပြီးရင်တောင်မှ၊အဲဒီပညာရပ်ကို ထုတ်သုံးဖို့လုံလောက်တဲ့ ကျင့်ကြံခြင်းအဆင့်လည်း လိုအပ်သေးတယ်... ဒါက ပိုပြီး နားလည်ရခက်စေတယ်။
ကျင့်ကြံသူတွေက နတ်ဘုရားတွေ မဟုတ်ဘူး၊ ဘာမှမရှိတဲ့အရာကနေ တစ်ခုခုကို ဘယ်လိုဖန်ဆင်းမလဲ။
စွမ်းအင်ကို ချက်ချင်းပြည့်သွားစေနိုင်တဲ့ အဖိုးတန်ဆေးဝါး တစ်မျိုးမျိုးများလား။
ရွှီဝမ်ယွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပေမဲ့ ထိုလိုအရာမျိုးတစ်ခါမှမကြားဖူးပေ။ သို့သော် အစောပိုင်းက ထွက်သွားသည့် ကိုယ်ရံတော်အဖြစ် စောင့်ကြပ်ပေးနေသော အဆင့်မြင့်ကျင့်ကြံသူ ဝိညာဉ်သာလွန်ထူးကဲအဆင့် ရွှေရောင်ခန္ဓာကိုယ်ကို ပြန်တွေးကြည့်ရင်... သူ့နောက်ကွယ်မှ အင်အားစုက တွေးကြည့်၍မရနိုင်အောင်ကြီးမားမှာသေချာ၏။
ရွှီမိသားစုဟာ အင်အားကြီးမားမှုကြောင့် လူသိများခြင်းမဟုတ်ဘဲ အစီအရင်ပညာရပ်တွင် ကျွမ်းကျင်မှုကြောင့် လူသိများသောအင်အားစု အနည်းငယ်ထဲက တစ်ခုဖြစ်လေသည်။
ကြီးမားသောအစီအရင်များကို လေ့လာဖို့ဆိုလျှင် မိသားစုအသီးသီး၏ အားသာချက်တွေကို စုဆောင်းပြီးတစ်ခုချင်းစီ လေ့လာရန်လိုအပ်လေ၏။
ထို့ကြောင့် သူတို့က အလွန်ဗဟုသုတ ကြွယ်ဝကြသည်။
သို့သော် မည်မျှပင် စဉ်းစားစေကာမူ ရှန်းယီ၏ နောက်ခံကို ရွှီဝမ်ယွင် စဉ်းစားလို့ မရနိုင်ပေ။
သီအိုရီအရဆိုလျှင် အပြင်လောကတွင် လှည့်လည်သွားလာနိုင်သည့် ဝိညာဉ်သာလွန်ထူးကဲအဆင့် ရွှေရောင်ခန္ဓာကိုယ်မျိုးဆိုသည်မှာ မဟာချန် သိုင်းဘုံကျောင်းကိုသာ အလွယ်တကူ တွေးမိစေ၏။
သို့သော်လည်း ထိုရွှေရောင်ခန္ဓာကိုယ်၏ လက်မောင်း၌နဂါးရစ်ပတ်ထားပြီး ကြမ်းတမ်းခက်ထန်သော ဆိုးယုတ်ခြင်းအငွေ့အသက်များ ပါရှိနေ၏။ ထိုအရာက အတိတ်က မဟာချန် ကျင့်ကြံသူများ၏ဟန်ပန်နှင့် ကွဲပြားနေလေသည်။
ထို့အပြင် ရှန်းယီက ဝိညာဉ်သာလွန်ထူးကဲအဆင့် နည်းစနစ်ကို ပြီးပြည့်စုံအောင် တတ်မြောက်ထား၏။
မဟာချန်က သိုင်းပညာရှင်များက တခြားသူကို သင်ပေးဖို့မပြောနှင့်၊ သူတို့ကိုယ်တိုင်ပင် နားလည်နိုင်မည်လော။
ဤအချက် တစ်ချက်တည်းဖြင့်ပင် သိုင်းဘုံကျောင်းမဟုတ်မှန်း သေချာသလောက် ရှိနေပြီ။
သို့သော် ရွှေရောင်ခန္ဓာကိုယ်အား ဖွဲ့စည်းဖို့ဆိုလျှင် ယုံကြည်မှုစွမ်းအားလိုအပ်သည်။ ထိုအရာက တော်ရုံဖုံးကွယ်ထားသော မိသားစုများလုပ်နိုင်မည့်အရာ မဟုတ်ပြန်ပေ... လွန်စွာထူးဆန်းပေ၏။
"ဒါနဲ့..."
ခဏလောက် စဉ်းစားပြီးနောက် ရှန်းယီက အမျိုးသမီးနှစ်ယောက်ကို မတော်တဆ ကြည့်သလိုလိုဖြင့် ကြည့်ကာ မေးလိုက်၏။
"ဆိုးယုတ်ခြင်းအငွေ့အသက်ပါတဲ့ အဆင့်မြင့် ဝိညာဉ်အမြစ်မျိုးနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ သတင်းရထားတာများ ရှိလား"
မေးခွန်းက ရုတ်တရက် ထွက်လာသဖြင့် သူတို့ စဉ်းစားချိန် မရလိုက်ကြပေ။
"မရှိပါဘူး"
"ရှိတယ်"
ရွှီဝမ်ယွင်က မသိစိတ်ဖြင့် ငြင်းလိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် အားချင်းဘက်သို့ လှည့်ကြည့်လိုက်၏။
"နင် ရူးနေလား"
သူမ၏တူမလေးက အနည်းငယ်ပုန်ကန်တတ်မှန်း သူမ သိပေမဲ့ ယခုလောက်အထိ ရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အားချင်းက လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး ရှန်းယီကို လေးလေးနက်နက် ကြည့်လိုက်သည်။
"အစ်ကိုကြီးရှန်း... ကျွန်တော်တကယ်ပဲ အဲဒီလို အဆင့်မြင့် ဝိညာဉ်အမြစ်မျိုးကို သိပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော့် မိသားစုအသက်ရှင်ရပ်တည်ဖို့ မှီခိုနေရတဲ့အရာပါ။ အဲဒီ ဝိညာဉ်အမြစ်ကို အစီအရင်ဗဟိုချက်အဖြစ် အသုံးပြုပြီး ကျွန်တော်တို့က သီးသန့်ခွဲထွက် နေထိုင်နေကြတာပါ..."
"ဒါကြောင့် ကျွန်တော် အစ်ကိုကြီးကို ပြောပြလို့ မရပါဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ရွှီဝမ်ယွင်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွား၏။
သူမက ရိုးအပါစေဦးတော့ တောရိုင်းဥပဒေကို နားလည်သူ ဖြစ်သည်။
ကိုယ်က ပြောချင်စိတ်မရှိရုံနဲ့ မပြောဘဲ နေလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပေ။ထိုအတွေးဖြင့် သူမသည် ရှန်းယီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
သို့သော် လူငယ်လေး၏ ချောမောခန့်ညားသော မျက်နှာပေါ်တွင် မည်သည့် လှိုင်းဂယက်၊ မည်သည့်အနှောင့်အယှက်မှ မရှိဘဲ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်ရ၏။
"ငါ နားလည်ပါတယ်"
ထိုအရာကို ကြားတော့ ရွှီဝမ်ယွင် ခဏတာ ကြောင်အသွားသည်။
အားချင်း၏မျက်နှာပေါ်တွင် ဝမ်းသာသော အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာ၏။
"ဒါပေမဲ့... တကယ်လို့ အစ်ကိုကြီးကသာ ကျွန်တော့်မိသားစုကို ကာကွယ်ပေးနိုင်ပြီး သူတို့ကို ယုံကြည်လာအောင် ပြောဆိုပေးနိုင်မယ်ဆိုရင်တော့..."
"လက်ရှိအချိန်မှာ ငါ့မှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် မရှိသေးဘူး"
ရှန်းယီက ဟန်ဆောင်ဖို့ မကြိုးစားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
ရွှီမိသားစုကိုကာကွယ်ပေးဖို့ဆိုတာ ရွှမ်ကွမ်းဂူကို တိုက်ရိုက်စိန်ခေါ်သည်နှင့် အတူတူပင်။
ထိုအရာကို အောင်မြင်ဖို့ဆိုလျှင် အနည်းဆုံးတော့ မဟာချန်တစ်ခုလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို၊ ဝိညာဉ်သာလွန်ထူးကဲအဆင့် ကျင့်ကြံသူ ၁၂ ဦး၏ခြိမ်းခြောက်မှုကိုလည်း ခံနိုင်ရည်ရှိရမည် ဖြစ်သည်။
ထို့အတူ သိုင်းဘုံကျောင်း ဘိုးဘေး၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ဦးမည်။
သူ့၏လက်ရှိ အင်အားဖြင့်ဆိုလျှင် သိုင်းဘုံကျောင်း ဘိုးဘေးကိုယ်စားဆုံးဖြတ်ချက်ချပေးနိုင်သည့် အနေအထားမျိုး မရောက်သေးပေ။