နတ်ဆိုးတစ်ထောင်ဂူနှင့် ပထမဆုံး ဆုံတွေ့ခြင်း
Vol. 30 Ch. 295
လူတိုင်း၏ အကြည့်အောက်တွင်၊ထန်ယွမ် သည် အခြေအနေကိုလျင်မြန်စွာ သဘောပေါက်လိုက်ပြီး မဟာချန်လူစုအား ဦးဆောင်လျက် မြောက်ဘက်ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားလေသည်။
လမ်းမပေါ်တွင်မူမျိုးစုံသော မျက်နှာထားများဖြင့် ကျင့်ကြံသူများသာ ကျန်ရစ်ခဲ့တော့သည်။
ခဏအတွင်းမှာပင် လူတိုင်း အလုပ်ရှုပ်သွားကြ၏။
"စည်းမျဉ်းတွေအရ မဟာချန်လူတွေ ထွက်သွားပြီး အနည်းဆုံး နေ့ဝက်လောက် စောင့်ပြီးမှ ကျွန်မတို့ လိုက်သွားလို့ရမှာ"
ရွှီဝမ်ယွင်သည် သူမ၏စိတ်ခံစားချက်ကို ပြန်လည်ထိန်းညှိလိုက်ပြီး သူမသိထားသော ခေတ်နောက်ကျနေနိုင်သည့် သတင်းအချက်အလက်များကို ကိုင်စွဲလျက် ရှန်းယီအား ရှင်းပြလေသည်။
"နောက်ဆက်တွဲအနေနဲ့ကတော့ ကျင့်ကြံသူတွေ ရတနာဖလှယ်ကြတာတွေ၊ နောက်ဆုံး ပြင်ဆင်မှုလုပ်ကြတာတွေ လုပ်ရမယ့်အချိန်ပဲ... မသေမျိုးဂိုဏ်းနဲ့ မဟာချန်ရဲ့အဓိကပစ်မှတ်က စွေ့သစ်သီးတွေလေ။ သူတို့က နတ်ဆိုးတွေရဲ့အာရုံစိုက်မှုကို ဆွဲဆောင်ထားတုန်း ကျွန်မတို့က ရှုပ်ထွေးမှုတွေကြားကနေ အကျိုးအမြတ်ရှာဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
"လိုက်သွားကြစို့"
ရှန်းယီသည် ခေတ္တမျှစောင့်ဆိုင်းပြီးနောက် သူ၏ တာအိုဝိညာဉ်ကို ဆင့်ခေါ်လိုက်၏။ စွေ့သစ်သား၏ အနှစ်သာရရေစီးကြောင်းများသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စီးဆင်းနေ၏။
ထို့နောက် သူသည် ချက်ချင်းပင် လိုက်ပါသွားလေသည်။
ထိုကနဦးဟွမ်ယွမ်အဆင့် အရှင်သခင်များသည် အမွှေးတိုင်ယုံကြည်မှုစွမ်းအား နှင့် လဲလှယ်ရမည့်သူများ ဖြစ်သည်။ မလိုအပ်ဘဲနှင့် သူတို့ကို စောစီးစွာ အဆုံးရှုံးမခံနိုင်ပေ။
"ဟယ်... ဒါပေမဲ့ ဒါက မဟာချန်ရဲ့ စည်းမျဉ်းလေ"
ရွှီဝမ်ယွင်က လက်မခံနိုင်သလို ပြောလိုက်၏။ အထွတ်အထိပ် အင်အားစုကြီးအနေဖြင့် အခြားကျင့်ကြံသူများအား နောက်မှလိုက်ပါကာ အကျိုးအမြတ်အနည်းငယ်ရယူခွင့် ပြုထားသည်မှာပင် လုံလောက်သော သည်းခံမှုဖြစ်နေပြီ မဟုတ်ပါလော။
ရှန်းယီ၏ လုပ်ရပ်များက မဟာချန်ကို ပြစ်မှားမိမည်ကို ကြောက်ရွံ့ပုံမရပေ။
ထို့ပြင်... အစီအစဉ်မှာ မဟာချန်လူများကို ထောင်ချောက်များနှင့် အရင် ရင်ဆိုင်ခိုင်းရန် ဖြစ်သည်။
ယခုကဲ့သို့ အနီးကပ် လိုက်ပါသွားပါက ထန်ယွမ်နှင့်အဖွဲ့ ခြုံခိုတိုက်ခိုက်ခံရလျှင် သူတို့ပါ ကြားညပ်သွားနိုင်သည့် အန္တရာယ်ရှိသည်။
"ဒေါ်လေး၊ မြန်မြန်လုပ်"
အစ်ကိုကြီးရှန်းတွင် ကိုယ်ပိုင်အစီအစဉ် ရှိလိမ့်မည်ဟု ယုံကြည်နေသော အားချင်းက တိုက်တွန်းလိုက်သည်။
"နင်နဲ့ ငြင်းမနေချင်တော့ပါဘူးဟယ်"
ရွှီဝမ်ယွင်က မျက်စောင်းထိုးလိုက်ပြီး သစ်သားလှေကို ပေါ့ပေါ့ပါးပါးပင် ဆင့်ခေါ်လိုက်လေ၏။
သူတို့သုံးဦးသည် နတ်ဆိုးဖိနှိပ်ခြင်းမြို့၏ နယ်နိမိတ်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြသည်။
စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များကို မြင်ကွင်းတစ်ဆုံး မြင်တွေ့နေရဆဲ ဖြစ်သည်။
ရှန်းယီသည် ရွှေရောင်လင်းတ စွမ်းရည်ကို အားဖြည့်အသုံးပြုလျက် မလျော့မတင်းအရှိန်ဖြင့် ကောင်းကင်ယံတွင် ပျံသန်းလိုက်ပါသွားရာ ရှေ့လူများကို မျက်ခြေမပြတ်စေခဲ့ပေ။
သို့သော် သူ အနည်းငယ် ဇဝေဇဝါ ဖြစ်မိ၏။
ရှေ့ကို ကြည့်လိုက်သော်လည်း နတ်ဆိုးအသိုက်အမြုံနှင့် တူသော အရိပ်အယောင် တစ်စုံတစ်ရာကိုမျှ မတွေ့ရပေ။
"ကျွန်မတို့ တည်နေရာရွေ့ပြောင်းခြင်း အစီအရင် နား ရောက်တော့မယ်"
ရွှီဝမ်ယွင်က အမီလိုက်လာပြီး တိုးတိုးလေး ပြောလိုက်လေ၏။
"ရယ်စရာမကောင်းဘူးလား။ နတ်ဆိုးအုပ်စုက ဝူထုံတောင်ထက်တောင် ပိုကောင်းတဲ့ဘဝနဲ့ နေနေကြတာ။ သူတို့ပိုင်နက်ကို သွားဖို့ကျတော့ မသေမျိုးဂိုဏ်းကို သွားလည်သလိုမျိုး နည်းလမ်းတွေ သုံးနေရတယ်"
"ဒါဆိုရင် နတ်ဆိုးတွေက ဘာလို့ အစီအရင်ကို ပိတ်မပစ်လိုက်တာလဲ"
ရှန်းယီ အနည်းငယ် နားမလည် ဖြစ်သွား၏။
အကယ်၍ နတ်ဆိုးတစ်ထောင်ဂူသည် ပြောသလောက် ခမ်းနားထည်ဝါနေလျှင် သူတို့၏ ပိုင်နက်ထဲသို့ ကျင့်ကြံသူများလွတ်လပ်စွာဝင်ထွက်သွားလာနေသည်ကို မည်သို့ သည်းခံနေနိုင်ပါသနည်း။
"ရှင် ဒါကို မသိသေးဘူးပဲ"
ရွှီဝမ်ယွင်က မျက်ခုံးပင့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။
"ကျွန်မတို့ မိသားစု မှတ်တမ်းတွေအရတော့ နတ်ဆိုးတစ်ထောင်ဂူရဲ့ကာကွယ်ရေး အစီအရင်တစ်ခုလုံးကို ဝူထုံတောင်က ထိန်းချုပ်ထားတာတဲ့"
"မထူးဆန်းဘူးလား"
သူမက အံ့ဩစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
"ကျွန်မတို့ မိသားစုက အကြီးအကဲတွေ ပြောတာဆိုရင် နတ်ဆိုးတစ်ထောင်ဂူ တည်ရှိနေတဲ့ နေရာနဲ့ ဝူထုံတောင်ရဲ့အနေအထားက ကျွန်မတို့ အစီအရင်တည်ဆောက်ပုံ အလေ့အထအရ ကြည့်မယ်ဆိုရင် ဂိုဏ်းခွဲ နဲ့ ပင်မဂိုဏ်းပုံစံမျိုးနဲ့ ထူးထူးဆန်းဆန်း တူနေတယ်"
"မဟာချန်ကျတော့ အင်အားကြီးဂိုဏ်းတစ်ခုရဲ့ တောင်ခြေမှာ စုဝေးနေထိုင်ကြတဲ့ သာမန်အရပ်သားတွေလို ဖြစ်နေရော..."
"ဒီဧရိယာတစ်ခုလုံးက ကြီးမားကျယ်ပြန့်တဲ့ အမတဂိုဏ်းကြီးတစ်ခုလိုပဲ"
ထိုအရာကိုကြားတော့ အားချင်းက သက်ပြင်းချလိုက်၏။
"ဒေါ်လေးက ဘာသက်သေမှမရှိဘဲ အကြီးအကဲတွေရဲ့ခိုင်လုံမှုမရှိတဲ့ ထင်ကြေးတွေကို လျှောက်ပြောနေပြန်ပြီ။ ဒီလောကကြီးမှာ ဒီလောက်ကြီးမားတဲ့ အစီအရင်ကြီး ရှိပါ့မလား"
အစီအရင်ပညာကိုစနစ်တကျ လေ့လာထားသူ သူမအတွက်မူ ဒေါ်လေးဖြစ်သူမှာ ကောလာဟလများကိုအလွယ်တကူ ယုံကြည်တတ်ပြီး သတင်းအစအနလေး ရရုံဖြင့် ချဲ့ကားပြောဆိုတတ်သူ တစ်ဦးသာ ဖြစ်သည်။
"အမတဂိုဏ်း..."
ရှန်းယီသည် သူ၏စီနီယာအစ်ကို ကျူးပြောခဲ့ဖူးသည့် စကားများကို ရုတ်တရက် ပြန်သတိရလိုက်၏။
ရွှီဝမ်ယွင် ပြောသည်မှာ လုံးဝ လုပ်ဇာတ်သက်သက်တော့ မဟုတ်နိုင်ပေ။
နတ်ဆိုးတစ်ထောင်ဂူသည် မူလက ဝူထုံတောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သော်လည်း ကျင့်ကြံသူများမောင်းထုတ်ခံလိုက်ရပြီး နတ်ဆိုးများ ဝင်ရောက်နေရာယူလိုက်ခြင်း ဖြစ်နိုင်ပါသည်လော။
သို့သော် ဒါလည်း မဖြစ်နိုင်ပြန်ပေ။
အစီအရင်ကို ခုခံကာကွယ်ရင်း နယ်မြေကို အတင်းအဓမ္မ သိမ်းယူနိုင်လောက်အောင် အင်အားကြီးမားသည်ဆိုပါက အင်အားကွာခြားချက်မှာ သာမန်မဟုတ်တော့ချေ။ နတ်ဆိုးများအနေဖြင့် အဘယ်ကြောင့် ပြဿနာ၏အရင်းအမြစ်ကို အမြစ်ပြတ် မချေမှုန်းဘဲ မသေမျိုးဂိုဏ်းနှင့် မဟာချန်ကို ဆက်လက် ဆန့်ကျင်ခွင့် ပေးထားရပါသနည်း။
...
အချိန်ကိုက်လုနီးပါးပင်။
ထန်ယွမ်သည် အလွန်ခမ်းနားထည်ဝါသော မုခ်ဦးကြီးတစ်ခုရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မုခ်ဦး၏ကျောက်ဖြူတိုင်များပေါ်တွင် အက်ကြောင်းများ ဖုံးလွှမ်းနေပြီး အဆုံးမဲ့နှစ်ကာလများ၏ဒဏ်ကို ခံစားခဲ့ရပုံရသည်။ ထွင်းထုထားသော နဂါးနှင့် ဖီးနစ်ရုပ်များမှာ ပျက်စီးယိုယွင်းနေပြီး မျက်လုံးများ ရှိသင့်သည့်နေရာတွင် မျက်လုံးများကို ဖောက်ထုတ်ခံထားရသည့်အလား အပေါက်ကြီးများသာ ကျန်ရှိတော့သဖြင့် သက်မဲ့ဆန်ကာခြောက်သွေ့အထီးကျန်နေလေသည်။
ထိပ်ဆုံးတွင် ဆိုင်းဘုတ်ချိတ်ဆွဲထားသင့်သော နေရာသည် ယခုအခါ ဗလာဟင်းလင်း ဖြစ်နေ၏။
ဤလူစုသည် ဒီနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးကြသည်။
အစဦးက ထိတ်လန့်အံ့ဩမှုများသည် ပျောက်ကွယ်ခဲ့ပြီ ဖြစ်သည်။
ထန်ယွမ်သည် မုခ်ဦးဆီသို့ ခြေလှမ်းလှမ်းလိုက်ပြီး နောက်သို့ ပေါ့ပေါ့ပါးပါး တစ်ချက် လှည့်ကြည့်လိုက်၏။
"ဒီခေတ် လွတ်လပ်ကျင့်ကြံသူတွေက ငါတို့ခေတ်ကထက် ပိုသတ္တိရှိလာကြတာပဲ" သူမက ပေါ့ပါးစွာ ရယ်မောရင်း ခေါင်းခါလိုက်သည်။
"အရင်းအမြစ်တွေ ရှားပါးတော့ ရှေ့ဆက်တိုးဖို့ လမ်းမရှိတော့ဘူးလေ"
မဟာချန်ကျင့်ကြံသူများသည် နောက်သို့ ပြန်ကြည့်ရင်း ထိုခံစားချက်နှင့် ထပ်တူကျသွားကြ၏။ ဤမုခ်ဦး၏ အပြင်ဘက်တွင် ဟွမ်ယွမ်အဆင့်သည် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် နတ်ဆိုးတစ်ထောင်ဂူထဲသို့ ဝင်ရောက်ခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာပင်။
အထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သမျှ ကာလပတ်လုံး နောက်ထပ် နှစ်ရာချီ ကြာမြင့်ချိန်တွင် ဂုဏ်သတင်းကျော်ကြားသော အင်အားစုသစ်တစ်ခု ပေါ်ပေါက်လာနိုင်ပေသည်။
ဥပမာအားဖြင့် မဟာချန်၏ရွှေရောင်ခန္ဓာကိုယ် ၁၃ မျိုးလုံးကို ဤနေရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းများသည် ကျင့်ကြံသူများ၏ဂူဗိမာန်များအတွင်းရှိ စာအုပ်အဟောင်းများနှင့်အတူ သိုလှောင်ထားသော စုဆောင်းမှုများ၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။
မိမိ၏ အနာဂတ်လမ်းကြောင်းအတွက် စွန့်စားရခြင်းသည် ဝမ်းနည်းစရာ မဟုတ်ပေ။
တကယ်တမ်း ဝမ်းနည်းစရာ ကောင်းသည်မှာ သူတစ်ပါးအတွက် အလုပ်လုပ်ပေးရင်း အရှက်ခွဲခံရမှု အမျိုးမျိုးကို သည်းခံနေရခြင်းသာ ဖြစ်သည်။
ကံကောင်းစွာပင် ယခုတစ်ခေါက် စီနီယာထန် ဦးဆောင်မှုကြောင့် ရွှမ်ကွမ်းဂူမှ လူမိုက်များနှင့် ဆက်ဆံစရာ မလိုတော့ပေ။
"အားလုံး အဆင်သင့်ဖြစ်ပြီလား"
မုခ်ဦးအောက်သို့ ရောက်သောအခါ ထန်ယွမ် မေးလိုက်၏။
"ကံတရားအတိုင်းပဲ ပုံချလိုက်ရတော့မှာပေါ့" လူအုပ်ကြီးက ခါးသီးသော အပြုံးများဖြင့် ပြန်ဖြေကြသည်။
"..."
ထန်ယွမ်သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ဤမဟာချန် အရှင်သခင်များသည် စိတ်ဓာတ်ကျနေပြီဖြစ်ကြောင်း ထင်ရှားနေ၏။
၎င်းသည် ကျိုကျိုးနယ်မြေကို သိမ်းပိုက်ထားသော အင်အားကြီးအုပ်စုအနေဖြင့် ပြန်လည်နိုးထလာနိုင်မည့် အခွင့်အရေး မရှိတော့ကြောင်း သွယ်ဝိုက်သော နည်းလမ်းဖြင့် သက်သေပြနေခြင်းလည်း ဖြစ်သည်။
အနည်းငယ် နှမြောစရာကောင်းသော်လည်း သူ့ကိစ္စ မဟုတ်ပေ။
ထိုအတွေးဖြင့် သူသည် မုခ်ဦးထဲသို့ ဝင်ရောက်လိုက်သည်။
သူ၏ပုံသဏ္ဍာန်သည် ရေပြင်ကဲ့သို့ လှုပ်ခတ်သွားပြီး နေရာမှ ပျောက်ကွယ်သွားလေ၏။အားလုံး ပျောက်ကွယ်သွားပြီးနောက်။
မကြာမီ ရှန်းယီသည် အမျိုးသမီးနှစ်ဦးနှင့်အတူ ကောင်းကင်မှဆင်းသက်လာပြီး အလားတူပင် ဝင်ရောက်သွားကြသည်။
ဂူဗိမာန်တစ်ခုထဲသို့ နောက်ဆုံးအကြိမ် ဝင်ရောက်စဉ်က ခံစားခဲ့ရသော မူးဝေအော့အန်ချင်စိတ်နှင့် မတူညီဘဲ၊ရှန်းယီ အချိန်မီ မတုန့်ပြန်နိုင်ခင်မှာပင် ကမ္ဘာသစ်တစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာတော့သည်။
တောင်ကုန်းတစ်ခုမျှ ကြီးမားသော ဧည့်ခန်းမဆောင်ကြီးသည် တစ်ဝက်ခန့် ပြိုကျနေပြီး ပေါင်းပင်များ ဖုံးလွှမ်းနေသည်။ ခန်းမဆောင်ပျက်ကြီးသည် အကြိမ်ပေါင်းများစွာ မွှေနှောက်ရှာဖွေခံထားရသည့်အလား ဖြစ်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ပိုမိုခြောက်သွေ့ အထီးကျန်နေပုံ ပေါက်သည်။
"မိုးမြေရဲ့အငွေ့အသက်တွေက တကယ့်ကို ပြည့်စုံလွန်းတာပဲ"
ရွှီဝမ်ယွင်က မျက်လုံးပြူးကာ မသိစိတ်မှ ပြောလိုက်သော်လည်း တစ်စုံတစ်ယောက်က သူမ၏ အင်္ကျီလက်စကို ဆွဲလိုက်၏။
သူမ လှည့်ကြည့်လိုက်ရာ သတိမထားမိလိုက်သော အချိန်အတွင်း အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး လက်ထဲတွင် အသက်ရှူသံဖုန်းကွယ်သည့် အစီအရင်ပြားကို ကိုင်ထားသော ရှန်းယီကို တွေ့လိုက်ရသည်။
သူမကို သတိပေးသော အားချင်းသည်ပင်လျှင် အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားပြီး ဖြစ်သည်။ ရွှီဝမ်ယွင် ချက်ချင်း သဘောပေါက်သွားပြီး လိုက်လုပ်လိုက်၏။
"သူတို့ဆီမှာ ဂူဗိမာန်ပွင့်မယ့် သတင်းရှိပြီးသား ဖြစ်မှာ။ ကျွန်မတို့အခွင့်ကောင်းယူပြီး နတ်ဆိုးတစ်ထောင်ဂူထဲက တခြားပစ္စည်းတွေ ရှာလို့ရတယ်... ဝါး၊ မရေမတွက်နိုင်တဲ့ တောင်တွေနဲ့ ဂူတွေဆိုတာ တကယ်ကြီးပါလား"
ရှန်းယီသည် ဧည့်ခံဆောင်ကြီးကို ကျော်လွန်၍ အဆုံးမဲ့ စိမ်းလန်းသော တောင်တန်းများကို လှမ်းကြည့်လိုက်သည်။သူ ဖြည်းညှင်းစွာ ခေါင်းခါလိုက်၏။
"သူတို့နောက်က လိုက်မယ်"
"ဟင်"
ရွှီဝမ်ယွင် အလွန်အမင်း အံ့ဩသွား၏။ သူတို့သည် ဝိညာဉ်အမြစ်ရှာရန် လာကြခြင်း မဟုတ်လော။
"အစ်ကိုကြီးရှန်းက အကောင်းဆုံးပစ္စည်းတွေကိုပဲ လိုချင်တာ"
အားချင်းက ရှန်းယီအကြောင်း ပိုနားလည်၏။ ကျင့်ကြံသူအများအပြား အကြိမ်ကြိမ် ရှာဖွေပြီးသား လက်ကျန်ပစ္စည်းများကို တောနက်ထဲ လိုက်ရှာနေမည့်အစား လူတိုင်း လိုချင်တပ်မက်ပြီး အပြိုင်အဆိုင် လုယူနေကြမည့် ပစ္စည်းများကို တိုက်ရိုက်ပစ်မှတ်ထားခြင်းက သေချာပေါက် ပိုထိရောက်ပေလိမ့်မည်။