← Chapters

အခန်း (၁၄၆၉-၁၄၇၀)

Vol. 110 Ch. 1469-1470

အခန်း (၁၄၆၉-၁၄၇၀)

Vol. 110 Ch. 1469-1470

အခန်း (၁၄၆၉) နောက်ဆုံး နေရာ

ယန်ကျန့်သည် လူသူကင်းမဲ့သော လမ်းဆုံတစ်ခုတွင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းနေခဲ့လေသည်။

မကြာမီ မြို့ထဲမှ ဘတ်စ်ကားတစ်စီး ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့၏။ ထိုနေရာတွင် မှတ်တိုင်ရှိသကဲ့သို့ ရပ်တန့်မည့်ပုံစံ ရှိလေသည်။

"လာပြီ... တစ္ဆေဘတ်စ်ကား"

ယန်ကျန့်သည် ဘတ်စ်ကား မရပ်တန့်မီကပင် တံခါးပေါက်နားသို့ လျှောက်သွားလိုက်သည်။ ယခုအချိန်သည် အလွန်အရေးကြီးသဖြင့် အချိန်မဖြုန်းလိုပေ။

မကြာမီ တစ္ဆေဘတ်စ်ကားသည် လမ်းဆုံအလယ်တွင် ရပ်တန့်သွားပြီး အတက်အဆင်း တံခါးများ ပွင့်သွားခဲ့လေသည်။

ယန်ကျန့်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ကားပေါ်သို့ တက်လိုက်လေသည်။

သူသည် ကားပေါ်သို့ တစ်ချက်ဝေ့ဝဲ ကြည့်ရှုလိုက်သည်။

တစ္ဆေဘတ်စ်ကားပေါ်တွင် ခရီးသည် ထက်ဝက်ခန့် ပါရှိသည်။ အချို့မှာ မတော်တဆ ပါလာသော သာမန်လူများ ဖြစ်ကြပြီး၊ အချို့မှာ မိမိခန္ဓာကိုယ်မှ တစ္ဆေပြန်လည်နိုးထမှုကို ထိန်းချုပ်ရန် လာရောက်သော တစ္ဆေဆရာများ ဖြစ်ကြသည်။ အချို့မှာမူ တစ္ဆေအစစ်များ ဖြစ်ကြလေသည်။

"မင်းတို့ကို စက္ကန့် ၂၀ အချိန်ပေးမယ်... အခုချက်ချင်း ဆင်းသွားကြ... သို့မဟုတ်ရင် ဒီကားပေါ်မှာ ထာဝရ နေရလိမ့်မယ်"

ယန်ကျန့်က အေးစက်စွာ သတိပေးလိုက်လေသည်။

တစ္ဆေဆရာတစ်ဦးက ယန်ကျန့်ကို မှတ်မိသွားသည်။ သူသည် အံ့အားသင့်သွားသော်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ ချက်ချင်း ထရပ်ကာ ဆင်းသွားလေသည်။

ခန္ဓာကိုယ်အတွင်းမှ တစ္ဆေပြန်လည်နိုးထလာမည့် အန္တရာယ်ကိုပင် ဂရုမစိုက်တော့ပေ။ ယခုလက်ရှိ တစ္ဆေလောက၏ အခြေအနေကို တစ္ဆေဆရာတိုင်း သိရှိနေကြသည်။ ယန်ကျန့် ရောက်လာသည်မှာ တစ္ဆေဘတ်စ်ကားကို လိုချင်၍ ဖြစ်ကြောင်း သိသာလှပေသည်။ ကားပေါ်တွင် ဆက်နေပါက သေလမ်းသာ ရှိပေမည်။

ယခု ဆင်းသွားခြင်းသည်သာ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

ထိုတစ္ဆေဆရာ၏ အပြုအမူကြောင့် ကျန်ရှိနေသူများလည်း သတိဝင်လာကြပြီး ထိတ်လန့်တကြား လိုက်ပါဆင်းသက်သွားကြလေသည်။

မကြာမီ ဘတ်စ်ကားပေါ်တွင် လူဟူ၍ မည်သူမျှ မရှိတော့ပေ။ ထိုင်ခုံပေါ်တွင် ငြိမ်သက်နေသော အရိပ်မည်းအချို့သာ ကျန်ရစ်ခဲ့သည်။ ထိုအရာများသည် လူမဟုတ်ဘဲ တစ္ဆေများ ဖြစ်ကြပြီး မှတ်တိုင်မရောက်သေးသဖြင့် မဆင်းကြသေးခြင်း ဖြစ်သည်။

ယန်ကျန့်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်လေသည်။

သူသည် ယခင်ကတည်းက ဤတစ္ဆေဘတ်စ်ကားနှင့် ဆက်နွယ်မှုရှိပြီး ယာဉ်မောင်းဖြစ်ခဲ့ဖူးသဖြင့် ယခုအခါ မူလတာဝန်ကို ပြန်လည်ရယူလိုက်ခြင်းသာ ဖြစ်ပေသည်။

ယန်ကျန့်သည် တစ္ဆေဘတ်စ်ကားကို ထိန်းချုပ်လိုက်ပြီး တံခါးပိတ်ကာ ကားကို မောင်းနှင်ထွက်ခွာလိုက်လေသည်။

ဘတ်စ်ကားသည် လက်တွေ့ကမ္ဘာမှ လမ်းများပေါ်တွင် ခဏတာ မောင်းနှင်ပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ တစ္ဆေလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပြီး တာတုန်းမြို့ဘက်သို့ ဦးတည်လိုက်လေသည်။

"တစ္ဆေလောကမှာ တစ္ဆေသင်္ဘောကို ယှဉ်ပြိုင်နိုင်စွမ်းရှိတာ ဒီဘတ်စ်ကားပဲ ရှိတော့တယ်... ဒီကားက ဘယ်လောက်ကြမ်းတဲ့ တစ္ဆေကိုမဆို တိုက်ထုတ်နိုင်တယ်... တစ္ဆေကို ငြိမ်သက်သွားအောင်တောင် လုပ်နိုင်တယ်... ဒါကြောင့် သင်္ဘောကိုလည်း တိုက်ထုတ်နိုင်လောက်တယ်..."

"သင်္ဘောက ပိုကြီးပြီး တစ္ဆေတွေ ပိုများပေမယ့် တစ္ဆေစွမ်းအားချင်း တိုက်မိရင် ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး... စမ်းသပ်ကြည့်မှပဲ သိရမှာ..."

"ဒီနည်းလမ်း မအောင်မြင်ရင်တော့ ငါတို့အားလုံး သေဖို့ပဲ ရှိတော့တယ်..."

ယန်ကျန့်သည် ယာဉ်မောင်းခုံတွင် ထိုင်ရင်း အဝေးသို့ လှမ်းကြည့်ကာ တွေးတောနေမိလေသည်။

သူသည် တစ္ဆေဘတ်စ်ကားကို မောင်းနှင်ရင်း တာတုန်းမြို့ဘက်သို့ ဦးတည်နေချိန်တွင်...

ဌာနချုပ်မှ ခေါင်းဆောင်များ အားလုံးသည် တစ်နေရာတည်းတွင် စုဝေးနေကြပြီ ဖြစ်သည်။

သူတို့သည် အခြားကိစ္စများကို ရပ်တန့်ထားပြီး မျက်စိရှေ့မှောက်ရှိ ရှေးဟောင်း သင်္ဘောလမ်းပြမြေပုံကိုသာ စူးစိုက်ကြည့်ရှုနေကြလေသည်။

နောက်တစ်ကြိမ် တစ္ဆေသင်္ဘော ပေါ်လာမည့် နေရာကို ချက်ချင်း သိရှိရန် လိုအပ်ပေသည်။

သို့သော် ယခင်အကြိမ် သင်္ဘော ကမ်းကပ်ပြီး ပျောက်ကွယ်သွားကတည်းက မြေပုံပေါ်တွင် မည်သည့်အရာမျှ ပြောင်းလဲခြင်း မရှိသေးပေ။ ယင်းက သင်္ဘောသည် တစ္ဆေကမ္ဘာထဲတွင် ဆက်လက် ခုတ်မောင်းနေဆဲဖြစ်ပြီး လက်တွေ့ကမ္ဘာသို့ ဝင်ရောက်လာခြင်း မရှိသေးကြောင်း ပြသနေခြင်း ဖြစ်သည်။

"သူတို့ နောက်တစ်ကြိမ် ပေါ်လာရင် ကမ်းရိုးတန်းမှာ မဟုတ်လောက်တော့ဘူး... ငါသာ ဘုရင်အဖွဲ့အစည်း နေရာမှာ ဆိုရင် ကုန်းတွင်းပိုင်း မြို့ကြီးတွေမှာ ပေါ်လာအောင် လုပ်မယ်... ဒါမှ တစ္ဆေစွမ်းအားတွေ ပျံ့နှံ့ပြီး ငါတို့ကို အထိနာစေမှာ..."

လျိုစန်းက မြေပုံကို လက်ညှိုးထိုးပြရင်း ပြောဆိုလိုက်သည်။

"မင်းပြောတာ ဖြစ်နိုင်တယ်... ဒါကြောင့် ငါတို့ရဲ့ အမြင်ကို ပင်လယ်မြို့ ၊ တာတုန်းမြို့ ၊ တာဖူမြို့ နဲ့ တာရှားမြို့ ဆိုတဲ့ မြို့ကြီး ၄ မြို့တည်းကိုပဲ အာရုံစိုက်ထားလို့ မရဘူး... ငါတို့ရဲ့ လှုပ်ရှားနိုင်စွမ်းအရ ၅ မိနစ် ကြိုသိရင် ဘယ်နေရာမဆို အချိန်မီ သွားရောက်နိုင်ပြီး လူတွေကို ရွှေ့ပြောင်းပေးနိုင်ပါတယ်..."

လုကျီဝမ်က အက်ရှရှအသံဖြင့် ပြောဆိုလိုက်လေသည်။

"အခု အရေးကြီးဆုံးက သင်္ဘောကို ဘယ်လို တားဆီးမလဲ ဆိုတာပဲ... သူတို့က ပထမအကြိမ် အောင်မြင်သွားရင် ငါတို့ ထင်ထားသလိုပဲ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် ဆက်လာဦးမှာ... ငါတို့ ပထမအကြိမ်မှာ ရှုံးနိမ့်ရင် နောက်ပိုင်း အကြိမ်တိုင်းမှာလည်း ရှုံးနိမ့်ဖို့ များတယ်... ဒါကြောင့် ဒီပထမဆုံးအကြိမ်မှာပဲ အသေအလဲ တိုက်ခိုက်ရမယ်... နောက်တစ်ကြိမ် ပြန်လာဖို့ အခွင့်အရေး မပေးရဘူး..."

လင်းပေသည် သူ၏ ခေါင်းတုံးကို ပွတ်သပ်ရင်း လေးနက်စွာ ပြောဆိုလိုက်လေသည်။

"လှုပ်ရှားမှု ရှိလာပြီ..."

သူတို့ ဆွေးနွေးနေစဉ်မှာပင် ရှေးဟောင်း မြေပုံပေါ်တွင် ထူးခြားမှုတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

မြေပုံပေါ်ရှိ နေရာတစ်ခုတွင် မင်စက်အမည်းကွက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

"တစ္ဆေသင်္ဘော ပေါ်လာတော့မယ်... ယန်ကျန့်ဆီ ချက်ချင်း ဆက်သွယ်ပြီး တည်နေရာ ပို့လိုက်... နေရာက ၁၂၀ ဒီဂရီ ၅၂ မိနစ်... ဒီနေရာက..."

လျိုစန်းက မြေပုံကို စိုက်ကြည့်ရင်း ပြောနေသော်လည်း နေရာကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

"သေစမ်းကွာ... ဒါ ငါ့ရဲ့ ပင်လယ်မြို့ ပါလား... တကယ်ပဲ အနိုင်ကျင့်လွန်းအားကြီးတယ်... ငါ ရဲကျန့်ကို မျက်လုံးထဲ မထည့်တာလား..."

ရဲကျန့်သည် မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းလိုက်လေသည်။ သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ ဘုရင်အဖွဲ့အစည်းမှ လူများကို ယခုချက်ချင်း သွားရောက် သတ်ဖြတ်ချင်စိတ်များ ပေါက်ဖွားလာခဲ့သည်။

တစ္ဆေသင်္ဘော ပေါ်လာမည့်နေရာက ပင်လယ်မြို့ ဖြစ်နေသည်လော။

"ကြည့်ရတာ သူတို့ ပထမဆုံး တိုက်ခိုက်မှုမှာ ငါတို့ကို အထိနာစေဖို့ထက် သက်ရောက်မှု ကြီးမားအောင် လုပ်ချင်ပုံရတယ်... ပင်လယ်မြို့က နိုင်ငံတကာ မြို့ကြီးတစ်မြို့ ဖြစ်တယ်... ဒီနေရာမှာ ပြဿနာ တက်ရင် တစ်ကမ္ဘာလုံး သိသွားလိမ့်မယ်..."

လုကျီဝမ်က လျိုစန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ယန်ကျန့်ဆီ စာပို့ပြီးပြီလား..."

"ပို့ပြီးပါပြီ..."

"ကောင်းပြီ... ငါတို့ အခု ထွက်ခွာကြမယ်... ပင်လယ်မြို့ကို ချက်ချင်း သွားကြမယ်... ဒီတစ်ခါ သင်္ဘောက ပျောက်ကွယ်သွားမှာ မဟုတ်တော့ဘူး... အသေခံ တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြ... ပြီးတော့ သတိထားကြ... ဘုရင်အဖွဲ့အစည်းက လူတွေ ပင်လယ်မြို့ထဲကို ကြိုရောက်နေလောက်ပြီ..."

လုကျီဝမ်က အမိန့်ပေးလိုက်လေသည်။

ရဲကျန့်သည် စောင့်ဆိုင်းမနေနိုင်တော့ပေ။ သူသည် ဆဲဆိုရေရွတ်ရင်း ဦးစွာ ထွက်ခွာသွားလေသည်။

သူသည် ပင်လယ်မြို့သို့ ပြန်ကာ သူ၏ တပည့်များကို ကာကွယ်ရမည် ဖြစ်သကဲ့သို့ သူ၏ နယ်မြေထဲတွင် ပြဿနာရှာသူများကိုလည်း သွားရောက် ရှင်းလင်းရပေမည်။

"ရဲကျန့်ကို တစ်ယောက်တည်း မလွှတ်နဲ့... ငါတို့ လိုက်သွားကြမယ်..."

လင်းပေက ချက်ချင်း ပြောလိုက်သည်။

လုကျီဝမ်ကလည်း ဆက်ပြောသည်။

"ငါ လီယန်ဘက်ကို အကြောင်းကြားထားပြီးပြီ... သူ့ရဲ့ ၇ ယောက်အဖွဲ့ကို ပင်လယ်မြို့ထဲ ဝင်ဖို့ ပြင်ဆင်ခိုင်းထားတယ်... ဟဲယင်အာ... မင်းဘေးက မျက်နှာမဲ့လူလည်း လိုက်ရမယ်... ဒီတစ်ခါ တိုက်ပွဲကြီး ဖြစ်တော့မယ်... ဘယ်သူမှ အင်အားချန်မထားနဲ့... ရှိသမျှ အကုန်ထုတ်သုံးရမယ်..."

"သိတယ်... ထပ်ပြောစရာ မလိုဘူး..."

ဟဲယင်အာက ပြန်ပြောလိုက်သည်။

"ကျိုးဒန်..."

လုကျီဝမ်က ကျိုးဒန်ကို ကြည့်လိုက်သည်။

ကျိုးဒန်က ပြန်ပြောသည်။

"သဘောပေါက်ပါတယ်... ဟဲယင်အာကို ကာကွယ်ပေးရမယ် မဟုတ်လား... စိတ်ချပါ... ငါ ကျိုးဒန် ရှိနေသရွေ့ သူ အထိအခိုက်မရှိစေရဘူး... သူ စိတ်ချလက်ချ ဝိညာဉ်ခေါ်နိုင်အောင် ငါ ကာကွယ်ပေးထားမယ်..."

အဖွဲ့ထဲတွင် ဟဲယင်အာ တစ်ဦးတည်းသာ ကိုယ်ရံတော် သီးသန့်ထားရှိသည့် အခွင့်အရေး ရရှိထားသည်။ ဝိညာဉ်ခေါ်သူ၏ လုံခြုံရေးသည် အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။ သို့သော် လူအင်အား မလုံလောက်သဖြင့် ထိပ်တန်း ခေါင်းဆောင်များကို ကိုယ်ရံတော်အဖြစ် မထားနိုင်ဘဲ အဆင့်နိမ့်သော ကျိုးဒန်ကိုသာ တာဝန်ပေးထားရခြင်း ဖြစ်သည်။

"ကောင်းပြီ... အားလုံး ကိုယ့်တာဝန်ကိုယ် သိကြတယ်... ငါလည်း စိတ်ချတယ်... လှုပ်ရှားကြစို့..."

လုကျီဝမ်၏ အက်ရှရှအသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ခေါင်းဆောင်များအားလုံး ပျောက်ကွယ်သွားကြလေသည်။ သူတို့သည် တစ္ဆေနယ်မြေကို အသုံးပြုကာ အမြန်ဆုံး အရှိန်ဖြင့် ပင်လယ်မြို့သို့ သွားရောက်ကြလေသည်။ သင်္ဘော မပေါ်လာမီ ၅ မိနစ်သာ အချိန်ရသဖြင့် အလွန်အရေးကြီးလေသည်။

တစ်ချိန်တည်းမှာပင်...

ပင်လယ်မြို့အတွင်း၌ တစ္ဆေစွမ်းအားချင်း တိုက်ခိုက်မှုများ စတင်နေပြီ ဖြစ်သည်။

သဘာဝလွန် ဖိုရမ်ပိုင် အဆောက်အအုံတစ်ခုအတွင်းတွင် ဖြစ်သည်။

ထိုနေရာသည် မူလက မီးရောင်စုံလင်ပြီး လူစည်ကားသော နေရာဖြစ်သည်။

သို့သော် ယခုအခါ အဆောက်အအုံတစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းနေလေသည်။ မီးရောင်များ အားလုံး ငြိမ်းသွားပြီး လူဝင်လူထွက်ပင် မရှိတော့ပေ။ အကြောင်းမှာ ဤအဆောက်အအုံထဲသို့ ဝင်ရောက်သွားသူတိုင်း ထူးဆန်းစွာ ပျောက်ဆုံးသွားကြသောကြောင့် ဖြစ်သည်။

ဤနေရာကို တစ္ဆေစွမ်းအားများ ကျူးကျော်ဝင်ရောက်နေပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။

သို့သော် ကျူးကျော်သူမှာ တစ္ဆေမဟုတ်ဘဲ လူသားများသာ ဖြစ်သည်။ ဘုရင်အဖွဲ့အစည်းမှ ထိပ်တန်း တစ္ဆေဆရာများပင် ဖြစ်သည်။

"သဘာဝလွန် ဖိုရမ်က လူတွေက ဒီလောက်ပဲလား... အရမ်း အားနည်းတာပဲ..."

အဆောက်အအုံ အပေါ်ဆုံးထပ်ရှိ အမှောင်ထုထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

သဘာဝလွန် ဖိုရမ်မှ အဖွဲ့ဝင်တစ်ဦးသည် လည်ပင်းညှစ်ခံထားရပြီး လှုပ်ရှား၍ပင် မရတော့ပေ။

"မင်းက... ဘုရင်အဖွဲ့အစည်းက ဘုရင်တစ်ပါး... ကုဒ်နံပါတ် လူသတ်သမားလား..."

ထိုအဖွဲ့ဝင်သည် ခက်ခဲစွာ စကားပြောလိုက်လေသည်။ သူသည် ထိုလူကို မှတ်မိနေပုံရသည်။ လျိုစန်း၏ သတင်းအချက်အလက်များကို ရဲကျန့် သိရှိထားပြီး ဖြစ်ရာ သဘာဝလွန် ဖိုရမ်ကလည်း သိရှိထားပြီး ဖြစ်သည်။

"ဟုတ်တယ်... စန္ဒရားပညာရှင်ဘက်က ပြဿနာတက်ပြီးနောက် ငါတို့ရဲ့ သတင်းတွေ ပေါက်ကြားသွားတယ် ထင်တယ်... မင်းလို အရေးမပါတဲ့ ကောင်လေးတောင် ငါ့ကို သိနေပါလား..."

အမှောင်ထဲမှ ဘုရင်သည် ထိုအဖွဲ့ဝင်ကို ဆွဲမကာ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ အလွန်ခိုင်ခံ့သော မှန်သားသည် အလိုအလျောက် ကွဲထွက်သွားပြီး ထိုအဖွဲ့ဝင်ကို အဆောက်အအုံ အပြင်ဘက် လေဟင်းလင်းပြင်သို့ ထုတ်လိုက်လေသည်။

"ဒီနေရာကနေ ပြုတ်ကျသွားရင် ပျော်စရာ ကောင်းလိမ့်မယ်... မဟုတ်ဘူးလား..."

ပြောပြီးသည်နှင့် တပြိုင်နက် 'လူသတ်သမား' အမည်ရသော ထိပ်တန်း တစ္ဆေဆရာသည် လက်ကို လွှတ်လိုက်လေသည်။

သဘာဝလွန် ဖိုရမ် အဖွဲ့ဝင်သည် အထပ်မြင့် အဆောက်အအုံပေါ်မှ အောက်သို့ ပြုတ်ကျသွားလေသည်။ သူသည် ရန်သူ၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာသော်လည်း ခန္ဓာကိုယ်သည် လှုပ်ရှား၍ မရသေးပေ။

သူသည် လေဖြတ်နေသူကဲ့သို့ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သကဲ့သို့ ခန္ဓာကိုယ်တွင်းမှ တစ္ဆေစွမ်းအားများကိုလည်း ထုတ်သုံး၍ မရပေ။

သူသည် သာမန်လူတစ်ယောက်ကဲ့သို့ အမြင့်မှ ပြုတ်ကျလာလေသည်။

"အာဝူ..."

အဝေးတစ်နေရာမှ အလင်းရောင်တစ်ခု ပျံသန်းလာပြီး ရဲကျန့်၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ရောက်ရှိလာလေသည်။

"သဘာဝလွန် ဖိုရမ်ရဲ့ မန်နေဂျာ... ရဲကျန့် လား... လာတာတော့ မြန်သားပဲ... ဒါပေမဲ့ နောက်ကျသွားပြီ..."

အဆောက်အအုံ အမှောင်ထုထဲမှ ဘုရင်သည် အေးစက်စွာ ရယ်မောလိုက်လေသည်။

ရဲကျန့်၏ တစ္ဆေနယ်မြေသည် ချက်ချင်း ရောက်ရှိလာပြီး အဆောက်အအုံတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ကောင်းကင်ပေါ်မှ အလင်းရောင်များ ကျဆင်းလာပြီး ပြုတ်ကျနေသော အာဝူကို ဖမ်းယူရန် ကြိုးစားလိုက်သည်။

မူလက ရဲကျန့်၏ စွမ်းရည်ဖြင့် အာဝူကို ကယ်တင်နိုင်မည် ဖြစ်သည်။

သို့သော် တစ်စုံတစ်ရာသော တစ္ဆေစွမ်းအားက ဝင်ရောက်နှောင့်ယှက်လိုက်သဖြင့် ရဲကျန့်၏ တစ္ဆေနယ်မြေ ပျံ့နှံ့မှုကို တားဆီးလိုက်လေသည်။

"ဘုန်း..."

ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ သဘာဝလွန် ဖိုရမ်မှ အာဝူသည် အထပ်မြင့်မှ မြေကြီးပေါ်သို့ ပြုတ်ကျကာ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။ သွေးများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပတ်ဝန်းကျင်သို့ လွင့်စဉ်သွားပြီး မြေပြင်တစ်ခုလုံး ရဲရဲတောက်သွားလေသည်။

တစ္ဆေစွမ်းအားဖြင့် အသက်ဆက်ထားခြင်း မရှိတော့သဖြင့် အာဝူသည် ချက်ချင်း သေဆုံးသွားလေသည်။

ရဲကျန့် ရောက်ရှိလာချိန်တွင် အာဝူ၏ သေဆုံးမှုကို ဝေဟင်မှ မြင်တွေ့လိုက်ရသဖြင့် မျက်လုံးများ နီရဲသွားလေသည်။

ဒေါသနှင့် လူသတ်လိုစိတ်များ သူ၏ တစ်ကိုယ်လုံးကို လွှမ်းမိုးသွားလေသည်။

"ငါ မင်းကို သတ်မယ်..."

ရဲကျန့်သည် စိတ်ဖောက်ပြန်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်ပြီး မည်းမှောင်နေသော အဆောက်အအုံဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားလေတော့သည်။

အခန်း (၁၄၇၀) အရိပ်ထဲက အန္တရာယ်

အာဝူ သေဆုံးခြင်းသည် ရဲကျန့်၏ ဒေါသကို အမြင့်ဆုံးသို့ တွန်းပို့လိုက်လေသည်။

တစ္ဆေလောကသို့ ဝင်ရောက်လာကတည်းက ဤမျှ အထိနာခြင်းမျိုး တစ်ခါမျှ မကြုံဖူးပေ။ သူ၏ အချစ်ရဆုံး သူငယ်ချင်းကို မျက်စိရှေ့မှောက်တွင် သတ်ဖြတ်ခြင်းမျိုးကို ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။ ဌာနချုပ်ပင်လျှင် သူ့ကို လေးစားရပြီး ပင်လယ်မြို့ကို သူ့လက်ထဲ အပ်ထားရသည်။ ယခုမူ ဘုရင်အဖွဲ့အစည်းမှ လူများသည် ပင်လယ်မြို့သို့ တစ္ဆေသင်္ဘောကို ခေါ်ဆောင်လာရုံသာမက သူ မရှိခိုက် သဘာဝလွန် ဖိုရမ်ကိုပါ အမြစ်ပြတ် တိုက်ခိုက်လိုက်ကြသည်။

အာဝူ တစ်ဦးတည်းသာ သေဆုံးသည် မဟုတ်၊ အခြား အဖွဲ့ဝင်များလည်း ဘုရင်အဖွဲ့အစည်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ဖြစ်ပေမည်။

ထိုအကြောင်းအရာများသည် ရဲကျန့်ကို ရူးသွပ်သွားစေရန် လုံလောက်နေသည်။

ပင်လယ်မြို့ ကောင်းကင်ယံတွင် ရဲကျန့်၏ ဒေါသတကြီး အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။ အသံမဆုံးခင်မှာပင် ရဲကျန့်သည် သဘာဝလွန် ဖိုရမ် အဆောက်အအုံ အတွင်းသို့ ပြေးဝင်သွားလေတော့သည်။ ထိုအဆောက်အအုံကို ယခုအခါ အမှောင်ထုက လွှမ်းမိုးထားပြီး တစ္ဆေစွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။ အတွင်းတွင် ဘုရင်အဖွဲ့အစည်းမှ အဖွဲ့ ၃ ဖွဲ့နှင့် 'လူသတ်သမား' အမည်ရသော ဘုရင်တစ်ပါး စောင့်ဆိုင်းနေကြသည်။

သူတို့၏ အင်အားသည် ရဲကျန့် မရှိခိုက် သဘာဝလွန် ဖိုရမ်တစ်ခုလုံးကို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိလေသည်။

ရဲကျန့် ဝင်ရောက်လာသည်ကို မြင်သော်လည်း ဘုရင်အဖွဲ့အစည်းမှ လူများသည် ထိတ်လန့်ခြင်း မရှိကြပေ။ သူတို့သည် ဤအခြေအနေကို ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။

"စောင့်ကြည့်ပြီးပါပြီ... သူတစ်ယောက်တည်းပါ... တခြား အကူအညီ မပါလာပါဘူး... ငါတို့ အင်အားနဲ့ ဆိုရင် သူ့ကို အလွယ်တကူ သတ်နိုင်ပါတယ်..."

"ရဲကျန့်က ဌာနချုပ်နဲ့ ပူးပေါင်းလိုက်ပြီ... သူ ဒီကို ရောက်လာတာ ငါတို့ နေရာကို သိသွားလို့ပဲ... အခု ငါတို့ စီမံကိန်း အရေးကြီးတဲ့ အချိန် ရောက်နေပြီ... အမှားမခံဘူး... မဟုတ်ရင် တခြား ဘုရင်တွေကို ရှင်းပြလို့ရမှာ မဟုတ်ဘူး..."

"ဆရာ... အဆုံးအဖြတ် တိုက်ပွဲ စနေပြီ... သဘာဝလွန် ဖိုရမ်ကို ဒီနေရာမှာပဲ အမြစ်ပြတ် ရှင်းပစ်သင့်တယ်... သူသာ တခြား ခေါင်းဆောင်တွေနဲ့ ပေါင်းမိရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်..."

အမှောင်ထဲတွင် ဆွေးနွေးသံများ ထွက်ပေါ်လာလေသည်။

နောက်ဆုံးတွင် ကုတ်အင်္ကျီရှည် ဝတ်ဆင်ထားသော နိုင်ငံခြားသား အမျိုးသားတစ်ဦးသည် နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ဆုံးဖြတ်ချက် ချလိုက်လေသည်။

"ဆွေးနွေးလို့ ပြီးရင် အလုပ်စကြစို့... မစ္စတာ ရဲကျန့်ကို စောစောက ကောင်လေးဆီ ပို့ပေးလိုက်ကြတာပေါ့..."

ထိုအခိုက်အတန့်တွင်...

အဆောက်အအုံ အပြင်ဘက်မှ စူးရှသော အလင်းရောင်တစ်ခု ဝင်ရောက်လာပြီး အတွင်းမှ အမှောင်ထုကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်လေသည်။ အလင်းရောင်၏ ရင်းမြစ်တွင် ရဲကျန့်ကို မတွေ့ရဘဲ လေထဲတွင် ဝဲပျံနေသော ထူးဆန်းသည့် ဓားတစ်ချောင်းကိုသာ တွေ့ရလေသည်။ ထိုဓားသည် တွန့်လိမ်ကောက်ကွေးနေပြီး သွေးများ၊ ရွှံ့များ ပေကျံနေကာ အလွန်ဟောင်းနွမ်းနေလေသည်။

ထူးဆန်းသည်မှာ ထိုဓားပေါ်တွင် ကြောက်မက်ဖွယ် တစ္ဆေမျက်နှာတစ်ခုကို ရေးထွင်းထားခြင်း ဖြစ်သည်။ ထိုမျက်နှာသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး သက်မဲ့ရုပ်တု မဟုတ်ဘဲ အသက်ဝင် လှုပ်ရှားနေလေသည်။ ထိုမျက်နှာမှ သွေးပျက်ဖွယ် အပြုံးကိုပင် မြင်တွေ့နေရသည်။

"အာ..."

သနားစဖွယ် အော်ဟစ်သံများ အဆောက်အအုံ အတွင်း၌ ပဲ့တင်ထပ်သွားလေသည်။

ဘုရင်အဖွဲ့အစည်းမှ တစ္ဆေဆရာ အချို့သည် ဓားပေါ်မှ တစ္ဆေမျက်နှာကို မြင်လိုက်ရပြီး သေမင်းတမန် ကျိန်စာသင့်သွားကြလေသည်။ သူတို့သည် မိမိတို့၏ တစ္ဆေစွမ်းအားများဖြင့် ခုခံရန် ကြိုးစားသော်လည်း အရာမထင်ပေ။ သူတို့၏ မျက်လုံးများသည် ကွယ်သွားပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။

ခန္ဓာကိုယ်သည် အပိုင်းပိုင်း အစစ ကွဲကြေသွားသကဲ့သို့ ခံစားရပြီး အလွန်အမင်း နာကျင်နေကြသည်။

တစ္ဆေဆရာ အများအပြား ဤကဲ့သို့ ခံစားနေကြရသည်။

"အဲဒီ မျက်နှာကို မကြည့်နဲ့... ကြည့်ရင် သေလိမ့်မယ်... ဒါ အန္တရာယ်ရှိတဲ့ ကျိန်စာပဲ..."

တစ္ဆေဆရာ တစ်ဦးသည် နာကျင်စွာ အော်ဟစ်သတိပေးရင်း သေဆုံးသွားလေသည်။ သူ၏ ခန္ဓာကိုယ်သည် မီးခိုးရောင် အငွေ့များ ဖုံးလွှမ်းသွားပြီး ပျောက်ကွယ်သွားလေသည်။

ကျန်ရှိနေသူများသည် ချက်ချင်း မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။

ရဲကျန့်သည် ဓားကို ဆွဲထုတ်လိုက်ရုံဖြင့် လူအများကို သေစေနိုင်ခဲ့သည်။ သို့သော် သူ၏ ဒေါသသည် ယခုမှ စတင်တောက်လောင်ခြင်း ဖြစ်သည်။

"ငါ့ကို ကြည့်စမ်းပါ... အသုံးမကျတဲ့ ကောင်တွေ..."

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ရဲကျန့် ပေါ်လာလေသည်။ သူသည် ဘုရင်အဖွဲ့အစည်းဝင် တစ်ဦး၏ ရှေ့သို့ ရောက်ရှိနေပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။

ထိုသူသည် ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားလေသည်။

မျက်တောင်တခတ် အတွင်းမှာပင် လူနှစ်ဦး သေဆုံးသွားသဖြင့် ကျန်ရှိနေသူများ ထိတ်လန့်သွားကြသည်။

"ပြန်တိုက်ကြ... သူ့ကို သတ်ပစ်..." တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

သို့သော် စကားမဆုံးခင်မှာပင် ထိုသူ၏ ခန္ဓာကိုယ်သည် လိမ်ဖည်သွားပြီး ပါးစပ်မှ သွေးများ၊ အူများ ထွက်ကျလာကာ သေဆုံးသွားလေသည်။

ဤတိုက်ခိုက်မှုသည် ရဲကျန့်၏ လက်ချက် မဟုတ်ဘဲ အနီးနားရှိ အခြား အဖွဲ့ဝင်တစ်ဦး၏ လက်ချက် ဖြစ်နေသည်။ ရဲကျန့်ကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ၏ အဖွဲ့ဝင်ကို ပြန်လည်ထိမှန်သွားခြင်း ဖြစ်သည်။

"ဘယ်လို ဖြစ်တာလဲ..."

တိုက်ခိုက်ခဲ့သူသည် တုန်လှုပ်စွာ ရေရွတ်လိုက်မိလေသည်။

"ဒီနေ့ မင်းတို့ တစ်ယောက်မှ ပင်လယ်မြို့က အရှင်ပြန်ထွက်မသွားရဘူး... အကုန်လုံး ဒီမှာပဲ သေရမယ်..."

ရဲကျန့်သည် အလောင်းကောင်ဘေးတွင် မတ်တတ်ရပ်ကာ အေးစက်စွာ ပြောဆိုလိုက်လေသည်။ သူသည် ရန်သူ၏ တိုက်ခိုက်မှုကို မကြောက်ပေ။ အစားထိုးအရုပ် ရှိနေသရွေ့ မည်သည့် ဒဏ်ရာကိုမဆို အခြားသူများထံ လွှဲပြောင်းပေးနိုင်လေသည်။

ထို့ကြောင့် ရန်သူများလေ သူ၏ အားသာချက်က ပိုများလေ ဖြစ်သည်။

ဘုရင်အဖွဲ့အစည်းမှ လူများသည် အစပိုင်းတွင် နားမလည်ခဲ့သော်လည်း လူအများအပြား သေဆုံးပြီးနောက် သဘောပေါက်လာကြသည်။

"သေစမ်း... ရဲကျန့်ကို တိုက်လို့ မရဘူး... သူက ဒဏ်ရာတွေကို ငါတို့ဆီ ပြန်လွှဲနေတာ... သူ့ကို တိုက်ရင် ကိုယ့်လူကိုယ် ပြန်သတ်သလို ဖြစ်နေမယ်..."

"ဘာ... ဒါမျိုး ရှိသေးတာလား... ဒါကြောင့် သူက မရှောင်ဘဲ ဒီတိုင်း ရပ်နေတာကိုး..."

"ခွဲနေကြ... သူ့ကို အလွယ်တကူ အဖမ်းမခံနဲ့... သူက အရမ်း အန္တရာယ် များတယ်..."

သူတို့သည် ရဲကျန့်၏ စွမ်းရည်ကို သိရှိသွားပြီးနောက် ကြောက်ရွံ့လာကြသည်။

ဤစွမ်းရည်သည် ဖြေရှင်းရန် ခက်ခဲလွန်းလှသည်။ ရဲကျန့်ကို တိုက်ခိုက်ရန် မဖြစ်နိုင်တော့ဘဲ ရဲကျန့်ကသာ သူတို့ကို လိုက်လံသတ်ဖြတ်နေလေသည်။ တစ္ဆေနယ်မြေ ရှိနေသဖြင့် ထွက်ပြေးရန်လည်း မလွယ်ကူပေ။

ရဲကျန့်သည် ရန်သူများကို ရူးသွပ်စွာ လိုက်လံသတ်ဖြတ်နေချိန်တွင်...

အမှောင်ရိပ်ထဲမှ ကုတ်အင်္ကျီရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဤအဖြစ်အပျက်များကို အေးဆေးစွာ ကြည့်ရှုနေလေသည်။

ရဲကျန့်သည် ထိုသူ ရှိနေသည်ကိုပင် သတိမထားမိပေ။

တစ္ဆေနယ်မြေ ဖြန့်ကျက်လိုက်တိုင်း ထိုနေရာတွင် အမည်းစက်လေး တစ်ခုသာ ကျန်ရှိနေတတ်ပြီး မည်သူမျှ သတိမထားမိကြပေ။

"ရှုပ်ထွေးတဲ့ စွမ်းရည်ပါလား... ဒါကြောင့် တစ်ယောက်တည်း လာရဲတာကိုး... ဒါပေမဲ့ မင်းရဲ့ လျှို့ဝှက်ချက်ကို ငါ သိသွားပြီ... ဒီလို အခြေအနေမှာ မိုက်ရူးရဲ ဆန်ရင် အသက်နဲ့ ပေးဆပ်ရတတ်တယ်... မင်းက ဒဏ်ရာတွေကို လွှဲပြောင်းနိုင်တယ် ဆိုရင် မင်းရဲ့ စွမ်းရည်ကို ခဏတာ ပိတ်ပင်လိုက်ရင် မင်း သေသွားမှာပဲ..."

အမှောင်ထဲမှ 'လူသတ်သမား' သည် အေးစက်စွာ ရယ်မောလိုက်လေသည်။ သူသည် ရဲကျန့်၏ အားနည်းချက်ကို ရှာတွေ့သွားပြီ ဖြစ်သည်။

သူ၏ လက်ထဲတွင် ထူးဆန်းသော ဓားမြှောင်တစ်ချောင်း ပေါ်လာသည်။ ဓားသွားသည် အနီရင့်ရောင် ဖြစ်ပြီး လက်ကိုင်ရိုးကို လူအရိုးဖြင့် ပြုလုပ်ထားလေသည်။ လက်ကိုင်ရိုး အဆုံးတွင် မပုပ်သိုးသေးသော လက်ချောင်းအချို့ ရှိနေပြီး ရံဖန်ရံခါ လှုပ်ရှားနေတတ်သည်။

၎င်းသည် တစ္ဆေတစ်ကောင်၏ လက်မောင်းဖြင့် ပြုလုပ်ထားသော တစ္ဆေလက်နက် ဖြစ်ပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိလေသည်။

'လူသတ်သမား' သည် ဓားမြှောင်ကို ကိုင်ဆောင်ကာ အမှောင်ထဲတွင် ပျောက်ကွယ်သွားလေသည်။

သူသည် လက်တွေ့ကမ္ဘာတွင် မရှိတော့ဘဲ အမှောင်ထုထဲတွင်သာ ရှိနေသဖြင့် ရှာဖွေရန် ခက်ခဲလှသည်။ တစ္ဆေနယ်မြေဖြင့်လည်း ရှာမတွေ့နိုင်ပေ။

သူသည် တိတ်ဆိတ်စွာဖြင့် ရဲကျန့် ရှိရာသို့ တဖြည်းဖြည်း တိုးကပ်သွားလေတော့သည်။

All Chapters