ဝင့်ကြွားသော ထန်ယွမ်
Vol. 30 Ch. 296
လေတိုးသံသဲ့သဲ့ ထွက်ပေါ်လာ၏။ ပုံရိပ်အချို့သည် အသက်ရှူသံပင် မထွက်စေဘဲ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားကြသည်။
ထန်ယွမ် ဦးဆောင်သော မဟာချန် အရှင်သခင်အချို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်နေရာသို့ ဦးတည်သွားနေကြသည်။
အားလုံးသည် သာမန်လောကကို လွှမ်းမိုးထားနိုင်သောကျင့်ကြံသူများဖြစ်ကြသည်။
ယခုအချိန်တွင် သူတို့၏မျက်နှာထားများက အလွန်သတိထားနေပုံရပြီး ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်ထားကာ နားစွင့်နေကြသည်။
ထန်ယွမ်သည် သူတို့ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုမှန်သမျှကို စစ်ဆေးရန်ကြိုးစားနေရင်း ရုတ်တရက် မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။
"ဒါက နည်းနည်း လွန်လွန်းမနေဘူးလား"
သူသည်လည်း ဆင်းရဲသားဘဝမှလာသူဖြစ်၍ သာမန်ကျင့်ကြံသူများ၏ ဒုက္ခကို နားလည်သူဖြစ်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် အင်အားကြီးသူများထဲတွင် စိတ်အရှည်ဆုံး၊ အေးဆေးတည်ငြိမ်ဆုံး တစ်ဦးဖြစ်သည်။
သို့သော် ထိုသို့ဆိုရုံဖြင့်နောက်ကနေ တကောက်ကောက်လိုက်ပြီး အသက်ရှူသံ ဖုံးကွယ်ကာ ပုန်းလျှိုးကွယ်လျှိုးလုပ်နေသူများကို သည်းခံနိုင်သည်ဟု မဆိုလိုပေ။
သူတို့၏ယုတ်မာသော ရည်ရွယ်ချက်က ထင်ရှားလွန်းသည်။ လုယက်ပစ္စည်းကို ဝေစုခွဲချင်ရုံ သက်သက်မဟုတ်၊ အိုးပါခွဲပြီး အကုန်မောင်ပိုင်စီးမယ့် ပုံစံမျိုး ဖြစ်နေသည်။
မည်သူကများ ယခုလိုလုပ်ရပ်မျိုး လုပ်ရသနည်း။
"ရွှမ်ကွမ်းဂူနဲ့ ဝူထုံတောင်က အစစ်အမှန် တာအိုသခင်တွေ မပါလို့ ငါ ထန်ယွမ်ကို အထင်သေးနေကြတာလား"
"စီနီယာ... စိတ်လျှော့ပါဦး၊ လက်ရှိကိစ္စက အရေးကြီးပါတယ်"
ကျန်လူများက တီးတိုး ဝိုင်းပြောကြ၏။
"ကျွန်တော်တို့ အခု နတ်ဆိုးဧကရာဇ် နယ်မြေထဲ ရောက်နေပြီမို့ အထူးသတိထားရပါမယ်"
"..."
ထန်ယွမ် အသက်ပြင်းပြင်းရှူလိုက်လေ၏။ သူ မကျေမနပ်ဖြစ်နေသော်လည်း တိုက်ပွဲစတင်ရန် ရည်ရွယ်ချက် မရှိပေ။
နတ်ဆိုးတစ်ထောင်ဂူ ထဲတွင် ဘေးကင်းသောနေရာဟူ၍ မရှိပေ။
သူ့ဆရာ ချင်းဖုန်းတာအိုသခင် ကိုယ်တိုင်လာလျှင်တောင်အသက်ရှူသံကို ဖုံးကွယ်ပြီး သတိထား သွားလာရမည်။ တစ်တောင်ထက် ပိုမြင့်သော တစ်တောင် ရှိစမြဲ မဟုတ်ပါလော။
"အဲဒီ ဂူအက်ကြောင်းက ဘယ်လောက်ဝေးသေးလဲ"
"လီ ၉၀၀ ပါ"
မဟာချန် အရှင်သခင်များထဲတွင် ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်သော ဟိုဝမ်ဟိုင်က ကျောက်စိမ်းပြားကို ထုတ်ကြည့်ပြီး ဂရုတစိုက် အာရုံခံလိုက်၏။
"ဒီသတင်းအချက်အလက်က မဟာချန်က အရှင်သခင်နှစ်ယောက်ရဲ့အသက်နဲ့ရင်းပြီး ဝယ်ထားတာပါ၊ အမှားမရှိပါဘူး။ ဂူကနောက်ထပ် နှစ်ရာချီကြာမှတစ်ခါပွင့်တာမို့ အခုချိန်ဆို နတ်ဆိုးတစ်ထောင်ဂူက လူလစ်နေလောက်ပါပြီ"
"အဲဒါဆို ကောင်းတာပေါ့"
ထန်ယွမ် စိတ်ကိုတည်ငြိမ်အောင် ထားလိုက်၏။ သူ၏ကျင့်ကြံခြင်း အဆင့်မြင့်သော်လည်း နတ်ဆိုးတစ်ထောင်ဂူထဲတွင် တတ်နိုင်သမျှ တိုက်ခိုက်မှု မဖြစ်ပွားခြင်းက ပိုကောင်းသည်။
"ရိုင်းတယ်လို့ ထင်ရင်လည်း ခွင့်လွှတ်ပါ၊ ဒါပေမဲ့ မေးခွန်းတစ်ခုလောက် မေးချင်လို့ပါ၊ စီနီယာထန်... စီနီယာရဲ့ကျင့်ကြံခြင်း တိုးတက်လာပြီလား ခင်ဗျာ"
ဟိုဝမ်ဟိုင်က တိုးတိုးလေး မေးလိုက်၏။
ထန်ယွမ် ပြုံးလိုက်သည် "အမှတ် ၄၀ ဂူအပြင်ဘက်က နတ်ဆိုးအများစုက ကျုပ်ပြိုင်ဘက် မဟုတ်ဘူး၊ အသန်မာဆုံး ရွှေမျက်လုံးခြင်္သေ့ဧကရာဇ် နဲ့ တွေ့ရင်တောင် ဆရာသခင်ပေးထားတဲ့ ရတနာနဲ့ဆို ကျုပ်အန္တရာယ်ကင်းသေးတယ်"
ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်သည် ၄၁ ခုမြောက် ဂူ၏ နတ်ဆိုးဧကရာဇ် ဖြစ်လေ၏။
ထိုအဆင့်မှာ စည်းတစ်ခုဟုယူဆနိုင်ပြီး ထိုအဆင့်အထက်တွင် နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများသာ ယှဉ်ပြိုင်နိုင်သည်။
"ဒါဆို ကျွန်တော်တို့ စိတ်အေးရပါပြီ"
ဟိုဝမ်ဟိုင် သက်ပြင်းချလိုက်၏။ သူတို့ သွားမည့်နေရာတွင် ထိုကဲ့သို့ အစွမ်းထက်သော နတ်ဆိုးဧကရာဇ် ရှိမနေလောက်ပေ။
"ဒါပေမဲ့ ပြောရရင် ထူးဆန်းတယ်"
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
"ယုတ္တိအရဆိုရင် သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ် ကျဆုံးသွားပြီးတဲ့နောက် နတ်ဆိုးတစ်ထောင်ဂူက တစ်ခုခု တုံ့ပြန်ရမှာ၊ ဘာလို့ အရင်ကထက် ပိုတိတ်ဆိတ်နေရတာလဲ"
"အဲဒါ မေးမနေနဲ့တော့"
ထန်ယွမ်က အတွင်းသတင်းကို သိနေပုံရသည်။ ဝူထုံတောင်က အစစ်အမှန်တာအိုသခင်များ မလှုပ်ရှားတာ ကြာပြီဖြစ်သည်။
ယခုမှ လက်ခြေဆန့်ဖို့အခွင့်အရေးရတုန်းမို့ နတ်ဆိုးတစ်ထောင်ဂူအနေနှင့် တခြားကိစ္စများကို ဂရုစိုက်ဖို့ အချိန်မရခြင်း ဖြစ်သည်။
ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားကြ၏။
သူတို့ ခြေလှမ်းများကို ထပ်မံ အရှိန်မြှင့်လိုက်ကြသည်။
မကြာမီ တောင်ကုန်းငယ်တစ်ခု သူတို့ရှေ့တွင် ပေါ်လာပြီး ထူးဆန်းစွာပင် တောင်ထိပ်၏တစ်စိတ်တစ်ပိုင်းသည် တွန့်လိမ်နေသည်။
ဤအရာက အစီအရင်၏ချွတ်ယွင်းမှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေဖြစ်သည်။
နတ်ဆိုးတစ်ထောင်ဂူထဲတွင် ဤကဲ့သို့သော ဂူမျိုး မရေမတွက်နိုင်အောင်ရှိပြီး နတ်ဆိုးများနှင့် လူသားကျင့်ကြံသူများက အရေးမပါဟု ထင်ရသောထိုနေရာများအတွက် အသက်လု တိုက်ခိုက်နေကြသည်။
အစီအရင်အက်ကြောင်းတစ်ခုသည် အဖွဲ့အစည်းတစ်ခုအတွက် ကြီးပွားချမ်းသာမည့် အခွင့်အလမ်း ဖြစ်လာနိုင်သည်။
"ခင်ဗျားတို့ စူးစမ်းပြီးပြီလား" ထန်ယွမ် မေးလိုက်သည်။
"မပြီးသေးပါဘူး... ပြီးခဲ့တဲ့တခေါက်က နတ်ဆိုးနဲ့တိုးပြီး နှစ်ယောက်စတေးမှ လွတ်မြောက်လာခဲ့ရတာပါ..."
ဟိုဝမ်ဟိုင် စကားမဆုံးခင်မှာပင် ထန်ယွမ်၏ မျက်နှာထား ပြောင်းလဲသွား၏။
"ဒါဆို နတ်ဆိုးတွေက ဒီအက်ကြောင်းအကြောင်း သိပြီးသားလို့ ခင်ဗျား ပြောချင်တာလား"
လူအများအပြား တိတ်တဆိတ် ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ ထန်ယွမ် ဒေါသကြောင့် ရယ်ချင်သလိုပင် ဖြစ်သွား၏။
"ခင်ဗျားတို့က ရွှမ်ကွမ်းဂူရဲ့ခိုင်းဖတ်ဖြစ်နေတာ ကြာလွန်းလို့ ကိုယ်ပိုင်ဦးနှောက်နဲ့ မစဉ်းစားတတ်ကြတော့ဘူးလား။ ဒီလို အရေးကြီးသတင်းကို အခုမှ ပြောရလား"
အဆူခံလိုက်ရသဖြင့် ဟိုဝမ်ဟိုင် မျက်နှာပျက်ကာ ပြောလိုက်၏။
"တောင်းပန်ပါတယ်"
ထန်ယွမ်၏ စကားများက ကြမ်းတမ်းသော်လည်း အမှန်တရားဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့သည် အမိန့်နာခံရန် အသားကျနေပြီ ဖြစ်သည်။
သူတို့ သေရမည်ကို သိလျှင်ပင် ရွှမ်ကွမ်းဂူ၏ အမိန့်တစ်ခွန်းဖြင့် ရှေ့ဆက်တိုးကြရမည်သာ။
ယခုအခါ မဟာချန်၏လွှမ်းမိုးမှုကြောင့် မပုန်ကန်ရဲကြသည်လော၊ သို့မဟုတ် ခုခံရန်နှင့် စဉ်းစားရန် စွမ်းရည်များ ပျောက်ဆုံးသွားပြီလား ဆိုသည်ကိုပင် မေ့လုနီးပါး ဖြစ်နေကြပြီ။
"တော်ပြီ"
ထန်ယွမ် စိတ်ပျက်လက်ပျက်ဖြင့် အကြည့်လွှဲလိုက်သည်။ ကိရိယာတန်ဆာပလာများနှင့် မခြားနားသော ဤလူများကို ငြင်းခုံရတာ စိတ်ကုန်နေပြီ။
သူ တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ပြီး နတ်ဆိုးအငွေ့အသက် မရှိကြောင်း အတည်ပြုလိုက်၏။
ထို့နောက်မှ အစီအရင်အက်ကြောင်းထဲသို့ လက်လှမ်းလိုက်သည်။
စွေ့သစ်သီး ၁၆ လုံး ဆိုသည်မှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ အတွင်း၌ ရှိသမျှကို နတ်ဆိုးများ မယူဆောင်သွားသေးရန်သာ မျှော်လင့်ရတော့မည်။
မဟာချန် အရှင်သခင် အများအပြားလည်း အပြစ်ရှိစိတ်ဖြင့် နောက်မှလိုက်လာကြ၏။
ထိုအချိန်တွင် ထန်ယွမ်၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်သည် မူလနေရာတွင်ပင် ရှိနေကာ မျှော်လင့်ထားသလို ဂူထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။
"အတုကြီးပဲ သတိထားကြ"
ထန်ယွမ် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ ဖြူဖွေးသော ဝတ်စုံအောက်မှအရှိန်အဝါများ လှိုင်းထသွားသည်။
ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များသည် ချက်ချင်း ပျံ့နှံ့သွားသည်။
ထိုအချိန်မှာပင် ထိတွေ့၍ ရနိုင်လောက်သော ရွှေရောင်အလင်းတန်းတစ်ခု အဝေးမှ ပစ်ခတ်လာပြီး မီးလှိုင်းကို ဖောက်ထွင်းကာ အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။
ထန်ယွမ်သည် ပြန်လည်တိုက်ခိုက်ရန် လက်မောင်းကိုရုပ်သိမ်းဖို့ ကြိုးစားသော်လည်း အစီအရင်အက်ကြောင်းထဲနှိုက်ထားသောလက်တွင် အနက်ရောင် သံကြိုးတစ်ချောင်း ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။
စဉ်းစားချိန်မရဘဲ သူ၏ဘယ်လက်ကို မြှောက်ပြီး ရိုက်ချလိုက်လေ၏။
ထူထဲသောမီးလှိုင်းကြီး ကောင်းကင်တွင် စုစည်းသွားပြီး ပေရာချီကျယ်သော လက်ဝါးကြီးအသွင် ဖြစ်ပေါ်လာကာ ရှေ့ရှိ အရာဝတ္ထုဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ရွှေရောင်အလင်းတန်းက ထန်ယွမ်၏မျက်နှာကို ဖြတ်တောက်သွားပြီး မီးတောင်ချော်ရည်ကဲ့သို့ သွေးများ စီးကျလာ၏။
သူတွန့်ဆုတ်မနေဘဲ ကောင်းကင်ဘက်သို့ ပင့်ကာ တိုက်ခိုက်လိုက်သည်။
လက်ဝါးကြီးကို နှစ်ပိုင်းခွဲလိုက်နိုင်သော်လည်း ဖိစီးလာသော အင်အားကို တားဆီးနိုင်ခြင်း မရှိပေ။
ဝုန်း
တခဏချင်းတွင် မြင့်မားသော တောင်၏ တစ်ဝက်ကျော်ကို မီးပင်လယ်က ဝါးမြိုသွား၏။
"ဒါက..."
အဝေးမှနေ၍ ရွှီဝမ်ယွင် ခြေလှမ်းတန့်သွား၏။ နတ်ဘုရားအသွင်ပြောင်းအဆင့်၏ စွမ်းအားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးသကဲ့သို့ ကြောင်ငေးကြည့်နေမိပြီး ရှန်းယီဘက်သို့ ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သည်။
"ရှင် တကယ်ပဲ ဒီလိုတိုက်ပွဲမျိုးမှာ ပါဝင်နိုင်မှာလား"
"ဒါ အစီအရင် လက်ရာလား"
ရှန်းယီက သူမကို ပြန်မဖြေဘဲ အားချင်းကို လှည့်ကြည့်လိုက်၏။
သူ အမှတ်မမှားလျှင် အခြေခံအစီအရင်ကျမ်းစာတွင် ယခုလိုအရာမျိုး ဖော်ပြထားခြင်းမြင်ဖူးသည်။
"အစ်ကိုကြီးရှန်းက အရမ်းတော်တာပဲ၊ ဒါ ရွှီမိသားစုရဲ့နဂါးချုပ်နှောင်တစ္ဆေအစီအရင် ပါ..."
အားချင်း စကားပြောပြီးသည်နှင့် ရုတ်တရက် ထိတ်လန့်တကြား ရှေ့ကိုကြည့်လိုက်၏။
"ရွှီမိသားစုရဲ့အစီအရင် ဘာလို့ နတ်ဆိုးတစ်ထောင်ဂူထဲမှာ ရောက်နေရတာလဲ"
သူမကို ဖြေကြားနေသကဲ့သို့ မီးတောက်များကြားမှ ပုံရိပ်နှစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
ရှေ့ဆုံးတွင် ၈ ကျန်းမြင့်မားပြီး တောက်ပသော ကျောက်စိမ်းကဲ့သို့ မျက်လုံးများ ပိုင်ဆိုင်ထားသည့် ခန့်ညားထည်ဝါသော ခြင်္သေ့နတ်ဆိုးကြီး ရှိနေသည်။
၎င်း၏နောက်တွင် အဝတ်အစားနွမ်းပါးပြီး ခန္ဓာကိုယ်တွင် အစီအရင်များ ဖုံးလွှမ်းနေသော ပိန်လှီသည့် အဘိုးအိုတစ်ဦး ရှိနေသည်။ အစီအရင်များက သူ့ကို မတ်တတ်ရပ်နိုင်အောင် ထောက်ပံ့ပေးထားပုံရသည်။
"ဘယ်လိုနေလဲ"
ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်က လှောင်ပြောင်သရော်သည့် ပုံစံဖြင့် ရှေ့တိုးလာ၏။
"မင်းတို့ရဲ့အရုပ်တွေကို ငါတို့အတွက် အသုံးချလို့ ရသားပဲ"
ထန်ယွမ်၏မျက်လုံးများတွင် မီးတောက်များ တောက်လောင်လာ၏။ မျက်နှာပေါ်မှ ဒဏ်ရာနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။
သူ၏ညာလက်မောင်းကို သံကြိုးများ တင်းကျပ်စွာ ရစ်ပတ်ထားပြီး ပခုံးဆီသို့ တရွေ့ရွေ့ တက်လာနေသည်။
ဤအရာက အစီအရင်အက်ကြောင်း သက်သက်မဟုတ်ဘဲ၊အခြား အစီအရင်ကြီးတစ်ခုကတမင်ချန်ထားခဲ့သော ထောင်ချောက်ဖြစ်သည်။
ထန်ယွမ် အသက်ကို ဖြည်းညှင်းစွာ ရှူရှိုက်လိုက်၏။ နာကျင်မှုကြောင့် ပို၍တက်ကြွလာပုံရပြီး ဖြူဖွေးသော သွားများပေါ်လာသည်အထိ ပြုံးလိုက်သည်။
"လက်တစ်ဖက်တည်းနဲ့တောင် ခင်ဗျားကို ကျုပ်သတ်နိုင်ပါသေးတယ်"