ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်အား သတ်ဖြတ်ခြင်း
Vol. 30 Ch. 298
"အင်း"
ရှန်းယီ မေးစေ့ကိုအနည်းငယ်ဆတ်၍ ခေါင်းငြိမ့်ပြလိုက်၏။
ထိုအရာကိုမြင်လျှင် ထန်ယွမ်ချက်ချင်း ယုံကြည်မှုတိုးလာပြီး သူ့ခန္ဓာကိုယ်ပေါ်မှသံကြိုးများကို အစွမ်းကုန် စတင်ခုခံတော့သည်။
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သောအမူအရာ ပေါ်လာပြီး ကြွက်သားများဖြင့် ပြည့်နှက်နေသော နတ်ဆိုးခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း တင်းမာလာ၏။ နတ်ဆိုးဧကရာဇ်တစ်ပါး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးထိန်းချုပ်အသုံးပြုသော ကောင်းကင်စွမ်းအင်နှင့်ပင် ယှဉ်နိုင်ကြောင်း ပြသနေ၏။
အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
၎င်းသည် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်ချိန်မှာပင်...
၎င်း၏နောက်ကျောဘက်မှ အက်ကွဲသောအသံဖြင့် သတိပေးသံ ထွက်ပေါ်လာ၏။
"အရူးမလုပ်ခံနဲ့၊ အစီအရင်ကို ဖျက်ဆီးနေတဲ့သူက သူနဲ့ ဘာမှမဆိုင်ဘူး"
ထိုအရာကိုကြားလျှင် ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် အောက်ဘက်တွင် တိတ်တဆိတ် လှုပ်ရှားနေသော သေးငယ်သောလူရိပ်လေးကို သတိထားမိသွား၏။
"သူမက အစီအရင်ကို ထိန်းချုပ်ဖို့ ငါနဲ့ ယှဉ်ပြိုင်နေတာ"
စုတ်ပြတ်နေသောအဝတ်အစားများ ဝတ်ဆင်ထားသည့် အဘိုးအို၏ လက်ချောင်းများ လျင်မြန်စွာ လှုပ်ရှားနေသည်။ မျက်ဝန်းများတွင် သေခြင်းတရားလွှမ်းခြုံနေသော်လည်း လေသံတွင်မူ ဖိအားဝင်နေကြောင်း ထင်ရှားနေ၏။
"ခင်ဗျားက ရွှကွမ်းဂူရဲ့အတော်ဆုံး အစီအရင်ပညာရှင်မဟုတ်ဘူးလား။ နို့နံမစင်သေးတဲ့ ကောင်မလေးတစ်ယောက်ကိုတောင် မနိုင်ဘူးလား"
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် အထင်သေးစွာဖြင့် အကြည့်လွှဲလိုက်၏။
ထို့နောက် တောင်ကုန်းသဖွယ်ကြီးမားထည်ဝါသော ပုံရိပ်ကြီးသည် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေသည်။
အတိုင်းအဆမဲ့နတ်ဆိုးစွမ်းအားများသည် တောင်တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားတော့သည်။
ပြေးလွှားနေသော အားချင်း၏ ခန္ဓာကိုယ်သည် တစ်နေရာတည်းတွင် တောင့်တင်းသွား၏။
ထိတ်လန့်သွားခြင်း သို့မဟုတ် အခြားစိတ်ပိုင်းဆိုင်ရာအကြောင်းရင်းများကြောင့်မဟုတ်ဘဲ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြီးမားလွန်းသဖြင့် တစ်လက်မမျှပင် ရွေ့လျား၍ မရတော့ခြင်း ဖြစ်သည်။
"ဟေ့"
ရွှီဝမ်ယွင်သည် တွန့်ဆုတ်မနေဘဲ အပြေးရောက်လာပြီး သူမ၏ဝိညာဉ်ပြန်လည်ခြင်းအစီအရင်ကို လျင်မြန်စွာ အသက်သွင်းလိုက်၏။
ဓားအလင်းတန်းများသည်ဒေါသတကြီး စီးဆင်းနေသော မြစ်ရေကဲ့သို့ လျှံကျလာပြီး အားချင်း ရပ်နေသည့် နေရာ၏အထက်တည့်တည့်သို့ ထိုးစိုက်သွားသည်။
သူမသည် ခြင်္သေ့ဧကရာဇ်၏ လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းထားခဲ့ပုံရလေ၏။ အဘယ်ကြောင့်ဆိုသော် ဓားအလင်းတန်း ကျရောက်ချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် ထိုနေရာသို့ အရောက်လှမ်းလိုက်သောကြောင့်ပင်။
အထွတ်အထိပ် ဟွမ်ယွမ်အဆင့် အရှင်သခင် တစ်ဦးဖြစ်သည့်အပြင် အစီအရင်၏ အားဖြည့်ပေးမှုကြောင့်...သူမ၏ အစွမ်းကုန် ထုတ်ဖော်ထားသော ဓားချက်သည် သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူတစ်ဦးကို ထိခိုက်ဒဏ်ရာရစေနိုင်မည့် အခွင့်အရေး အနည်းငယ် ရှိပေသည်။
ကံဆိုးစွာပင် ခြင်္သေ့ဧကရာဇ်သည် သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် သတ္တဝါမျိုး မဟုတ်ချေ။ ၎င်းသည် ဘေးစောင်းတစ်ချက်ကြည့်ရုံသာ ကြည့်လိုက်ပြီး ဓားအလင်းတန်းကို လက်သည်းဖြင့် ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်။
စီးဆင်းနေသော မြစ်ရေသည် ပြောင်းပြန်စီးဆင်းသွားပြီး ရွှီဝမ်ယွင်၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
"ဒေါ်လေး..."
ဉာဏ်ကောင်းပါးနပ်သော အားချင်းသည်ပင်လျှင် ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမှ မကြုံဖူးသဖြင့် ခေတ္တမျှ ကြက်သေသေသွားမိသည်။
ချက်ချင်းဆိုသလိုပင် သူမ၏ မြင်ကွင်းကို အနက်ရောင် ဝတ်ရုံစများဖုံးလွှမ်းသွား၏။
"အာရုံစိုက်ထား၊ ကျေးဇူးတင်ပါတယ်"
လူငယ်လေး၏အသံထဲမှ ကူးစက်လွယ်သော ခံစားချက်ကြောင့် အားချင်း၏ကြောက်ရွံ့နေသောစိတ်ကို အနည်းငယ်ပြေလျော့သွားစေ၏။ သူမ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး အစီအရင်ဖြိုခွဲကျောက်တုံးကို ပြန်ကောက်ကာ အဘိုးအိုထံမှ အစီအရင်ထိန်းချုပ်ခွင့်ရရှိရန် ဆက်လက် ယှဉ်ပြိုင်လိုက်သည်။
အစ်ကိုကြီးရှန်း ပြောပြီးမှတော့... သေချာပေါက် ပြဿနာ ရှိမှာမဟုတ်ဘူး။
နောက်တစ်ခဏ၌ ဆူပွက်နေသော သွေးများ သူမ၏ကိုယ်ပေါ်သို့ စင်ကျလာ၏။
အားချင်း အသက်ရှူကျပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သို့သော် သူမ နောက်လှည့်မကြည့်ရဲဘဲ လက်ထဲမှအစီအရင်ဖြိုခွဲကျောက်တုံးကိုသာ အတင်းအကျပ် အာရုံစိုက်ထားလိုက်သည်။
အခြားတစ်ဖက်တွင် ရွှီဝမ်ယွင်သည် ဓားအလင်းတန်း၏တန်ပြန်သက်ရောက်မှုကြောင့် ထိခိုက်သွားသော်လည်း တစ်ကိုယ်လုံး နာကျင်နေမှုကို လစ်လျူရှုထားမိသည်။
သူမ တုန်ရီနေမိ၏။သူမရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေမိသည်။
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် ရက်စက်ကြမ်းကြုတ်သောလက်ဝါးကြီးဖြင့် ထပ်မံ ရိုက်ချလိုက်သည်။
မုန်တိုင်းကြားမှ လှေငယ်လေးပမာ အနက်ရောင်ဝတ်ရုံသည် လေပြင်းများကြားတွင် လွင့်မျှောသွား၏။
လူငယ်လေးသည် လက်ဝါးကိုမြှောက်လိုက်ပြီး ခြင်္သေ့ဧကရာဇ်၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဖိကပ်လိုက်သည်။
ခြင်္သေ့ဧကရာဇ်၏ ကြီးမားလှသော အင်အားအောက်တွင်...ရှန်းယီ၏ခန္ဓာကိုယ်တစ်ဝက် ကြေမွသွားပြီး ကြက်သွေးရောင်တာအိုဝိညာဉ် ပေါ်ထွက်လာကာ ညာဘက်ပါးပြင်ပေါ်တွင် အက်ကြောင်းငယ်များ ပျံ့နှံ့သွားသည်။
"မင်းက... ဟွမ်ယွမ်အဆင့်လား"
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်၏မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင် ဖြတ်သန်းသွား၏။ ၎င်း၏ လက်ကောက်ဝတ်မှတဆင့် အရိုးထဲထိအေးစက်သော အရှိန်အဝါတစ်ခု တက်လာပြီး ညာဘက်လက်မောင်းတစ်ခုလုံးကို နှင်းခဲများဖြင့် ဖုံးလွှမ်းသွားစေသည်။
သာမန် ဟွမ်ယွမ်အဆင့် အရှင်သခင်လေးက သူ့လက်ဝါးကို ပိတ်ဆို့လိုက်သည်လော။
"ဒါပေမဲ့ ဒီဧကရာဇ်မှာ နောက်လက်တစ်ဖက် ကျန်သေးတယ်"
အဆင့်နိမ့်ကျင့်ကြံသူတစ်ဦး၏လွှမ်းမိုးခြင်းခံလိုက်ရသည့်အပေါ် မကျေမနပ် ဖြစ်သွားပုံရပြီး မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွား၏။
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် လက်ဝါးကို ထပ်မံမြှောက်ရန် ပြင်လိုက်စဉ် လူငယ်လေး၏ မျက်နှာပေါ်မှ အပြုံးရိပ်တစ်ခုကို မြင်သွားလိုက်သည်။
ကြက်သွေးရောင်တာအိုဝိညာဉ် နှင့် ဆန့်ကျင်ဘက်ဖြစ်နေသောဖြူဖွေးသည့် အသားအရေကြောင့် နှုတ်ခမ်းထောင့်စွန်းမှအပြုံးသည် သွေးပျက်ဖွယ် ဆွဲဆောင်မှုမျိုးဖြစ်ပေါ်နေသည်။
ထန်ယွမ်၏ဒေါသတကြီး အမူအရာနှင့် မတူဘဲ ကျယ်လောင်စွာ အော်ဟစ်ခြင်း မရှိပေ။
သို့သော် ထိုရှင်းပြရခက်သော အပြုံးကြောင့် ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် ထိုလူငယ်ထံမှပြင်းထန်သော ရူးသွပ်မှုတစ်ခု ထွက်ပေါ်နေသည်ဟု ခံစားလိုက်ရ၏။
"ငါ့အတွက် သေလိုက်စမ်း"
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် လက်မောင်းကို ပြင်းထန်စွာ ဝှေ့ယမ်းချလိုက်သည်။ ထိုအချိန်မှာပင် တောက်ပသော ရွှေရောင်လက်မောင်းနှစ်ဖက်သည် ၎င်း၏ချိုင်းအောက်မှ ထွက်ပေါ်လာပြီး ပခုံးများကို ဖမ်းဆုပ်လိုက်သည်။
ကြီးမားသော အင်အားဖြင့် ခြင်္သေ့ဧကရာဇ်ကို နောက်ပြန်လှန် ပစ်လိုက်၏။
ခဏတာ ဇဝေဇဝါ ဖြစ်သွားသော ခြင်္သေ့ဧကရာဇ်သည် ဤရွှေရောင်ခန္ဓာကိုယ်ဘယ်က ထွက်လာမှန်း၊မည်သည့်အသံမှမပေးဘဲ သူ့နောက်ကျောကို ရောက်လာမှန်း လုံးဝနားမလည်နိုင်ဖြစ်သွားသည်။
ထိုအချိန်တွင် ရှန်းယီသည် နောက်ဆုံးတော့ ခေါင်းမော့ကြည့်လိုက်၏။ ပျစ်ချွဲနေသော သွေးများသည် ပြင်းထန်သောအပူရှိန်ကြောင့် အငွေ့ပြန်သွားပြီး စွေ့သစ်သား၏ထောက်ပံ့မှုကြောင့် အားကောင်းသောနတ်ဆိုးစွမ်းအားများသည် ခရမ်းရောင် ရွှေရောင် ရောယှက်နေသော မီးတောက်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။
လွန်စွာစိတ်လှုပ်ရှားဖွယ်အလိပင်။
နေမင်းကိုးစင်းလျင်မြန်စွာ ထွက်ပေါ်လာပြီး ကောင်းကင်ကို လင်းထိန်သွားစေ၏။
သူရုတ်တရက်အပေါ်သို့ ပျံတက်လိုက်၏။ ကြိုတင်ပြင်ဆင်ထားသော လီမီးလျှံနှလုံးလောင်ကျွမ်းလက်ဝါးသည် မိုးကြိုးပစ်ချသကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ခြင်္သေ့နတ်ဆိုး၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။
ဘုန်း
လီမီးလျှံများသည် ဥက္ကာခဲများအလား ထပ်ခါတလဲလဲ ဗုံးကြဲတိုက်ခိုက်လိုက်၏။
ရိုက်ချက်တိုင်းသည် နေရာတစ်ခုတည်းကိုသာ ထိမှန်လေသည်။
"ဂါး"
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် ယိုင်နဲ့နဲ့ဖြင့် နောက်ဆုတ်သွားပြီး နှင်းခဲများကို ခွဲထုတ်ကာ မျက်ခုံးကို လက်ဖဝါးဖြင့် အုပ်ထားလိုက်သည်။
ထိုအချိန်တွင်ပင်တောက်ပသော ရွှေရောင်ခန္ဓာကိုယ်သည် နောက်မှ ခုန်တက်လာပြီး ၎င်း၏ နားရွက်များကို ရက်စက်စွာ ရိုက်ချလိုက်တော့သည်။
ဒုန်း
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်၏ ဦးခေါင်းခွံတစ်ခြမ်းကို ရွှေရောင်ခန္ဓာကိုယ်ကရိုက်ခွဲပစ်လိုက်၏။
ကြီးမားသော လီမီးလျှံများသည် ၎င်းကို လုံးဝ ဝါးမျိုသွားသည်။ ခြင်္သေ့ဟိန်းသံသည် နားကွဲလုမတတ် ကျယ်လောင်စွာထွက်ပေါ်လာပြီး နာကျင်စွာ အော်ဟစ်နေလေ၏။
"ဂါး"
နတ်ဆိုးအမြုတေတစ်ခု ရှန်းယီ၏လက်ထဲသို့ ရောက်လာပြီး သူသည် တာအိုဝိညာဉ်ထဲသို့ တိုက်ရိုက် ဖိသွင်းလိုက်လေ၏။
ထိုကဲ့သို့ကြမ်းတမ်းသော လုပ်ရပ်ကြောင့် တာအိုဝိညာဉ်အတွင်းရှိ ကြီးမားသော နတ်ဆိုးစွမ်းအားများ ကမောက်ကမ ဖြစ်သွားသော်လည်း သူ့မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။
နောက်ဆုံးတော့ အသက်ဖြင့်ရင်းပြီး တိုက်ခိုက်ရသော ခံစားချက်မျိုးသူ ပြန်ခံစားရလေပြီ။
သူ ယခုလိုတိုက်ခိုက်ရခြင်းအား အမှန်တကယ်နှစ်စက်ကြောင်း သဘောပေါက်သွားသည်။
သူ့လက်ဝါးများကို ရုတ်တရက်ထုတ်ဖော်လိုက်ရာ လီမီးလျှံနေမင်းကိုးစင်းသည် သူ့နောက်တွင် ပြန်လည်ပေါ်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် ရွှေရောင်ခန္ဓာကိုယ်သည် ထပ်မံခုန်တက်လာပြီး ၎င်း၏လက်ဝါးများဖြင့် ကျိုးပဲ့နေသော ခြင်္သေ့ဧကရာဇ်၏ ဦးခေါင်းခွံကို အတင်းအဓမ္မ ဆွဲခွာလိုက်သည်။
ရှန်းယီသည် လီမီးလျှံများကို သယ်ဆောင်လျက် ရှေ့သို့ တိုးဝင်သွားခဲ့၏။သူသည် ရက်စက်စွာဖြင့် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်တော့သည်။