← Chapters

အခန်း (၅၁၃-၅၁၄)

Vol. 39 Ch. 513-514

အခန်း (၅၁၃-၅၁၄)

Vol. 39 Ch. 513-514

အပိုင်း ၅၁၃ - စီရင်သူ စာမေးပွဲ

ယနေ့သည် စီရင်သူ စာမေးပွဲ ကျင်းပမည့် ရက် ဖြစ်သောကြောင့် လူအရေအတွက် များပြားနေမည် ဖြစ်ရာ လန်ရီ လိုက်လာလျှင် မျက်နှာဖုံးအောက်က မျက်နှာကို အလွန်စိတ်ဝင်စားကြပေလိမ့်မည်။ ထိုသို့သော နေရာမျိုးသို့ ခေါ်ဆောင်သွားရန် သူမကို ဝှက်ထားနိုင်မည့် နည်းလမ်း တစ်ခုခု ရှိမှသာ အဆင်ပြေနိုင်၏။ မယားငယ်ကို အိမ်ကောင်းကောင်းတွင် ဝှက်ထားသကဲ့သို့ ရတနာကို သိမ်းဆည်းထားခြင်းမျိုး ဖြစ်သော်လည်း သူမမှာ ကျားဆိုးလေးတစ်ကောင်သာ ဖြစ်သည်။ ပုန်းအောင်းနေရသော ရာဇဝတ်ကောင်ကဲ့သို့ နေထိုင်ရခြင်းက နာကျင်စရာကောင်းသော်လည်း မင်းသမီးရှန်ရီနှင့် ရုပ်ချင်း ဆင်တူနေသောကြောင့် အန္တရာယ် ကင်းကင်း နေထိုင်ရပေလိမ့်မည်။

"ငါ သွားတော့မယ်"

ယွမ်ရှောင်က တံခါးဝတွင် ရပ်၍ ဖြူစင်သော ချစ်စရာ မိန်းကလေးကို နှုတ်ဆက်နေသည်။

"သွားပါ။ ညီမက အိမ်မှာ သတင်းကောင်းကို စောင့်နေပါမယ်"

လန်ရီက ချစ်ခင်စွာ လက်ယမ်းပြနေသဖြင့် သူ၏ လက်ထဲတွင် ဝိညာဥ်ကျောက်ကို ကိုင်ဆောင်ထားပြီး ယနေ့ည အစီအစဥ်ကို တွေးမိလိုက်သောအခါ ရင်ထဲတွင် ဆစ်ခနဲ ဖြစ်သွားသည်။

"ရှောင်ယောင် ဘယ်သွားမလို့လဲ"

​

ခြံဝန်းအတွင်း ကောင်းကင်ဝက်များကို အစာကျွေးနေသည့် သခင်မယုသည် အသံကြားသောအခါ စပ်စုလိုက်၏။

"စီရင်သူ စာမေးပွဲသွားဖြေမလို့"

"မနောက်ပါနဲ့ ကလေးရယ်"

"တပယ်ပြောတာပါ အမေ။ ရလဒ်တွေ ထွက်လာတဲ့အခါ အမေ ဂုဏ်ယူရမှာပါ"

"အေးပါ။ ပြန်လာဖို့တော့ သတိရနော်"

ယွမ်ရှောင်က တည်ကြည်လေးနက်စွာ ပြောနေသော်လည်း သူမ လုံးဝ မယုံကြည်ကြောင်း ထင်ရှားသည်။ သူ ထွက်ခွာလာသောအလာ မိတ်ဆွေများက ဖက်လှဲတကင်း နှုတ်ဆက်ကြပြီး အတင်းအဖျင်းအချို့ ကြားခဲ့ရသော်လည်း ထူးထူးဆန်းဆန်း ကျေနပ်နေခဲ့သည်။

"ဒီကလေးက အရမ်းကြောက်တတ်တာပဲ။ ဘာမှမဟုတ်တာလေးနဲ့ ဆယ်နှစ်တောင် ထွက်ပြေးသွားတယ်"

"သခင်မယုက သူ့ကို အစွမ်းထက် အင်မော်တယ် မိန်းမတစ်ယောက်ရဲ့ အချစ်တော်အဖြစ် မိတ်ဆက်ပေးလိုက်သင့်တယ်။ ဒါဆိုရင် သူ ကောင်းကောင်း ရှင်သန်နိုင်မှာပဲ"

"လျှောက်ပြောမနေနဲ့။ သူ့အဖေက သူရဲကောင်းတစ်ယောက် ဖြစ်တယ်။ မျိုးရိုးစဥ်ဆက် စီရင်သူတွေကွ"

အတင်းအဖျင်းများလေလေ လုယောင်ဆိုသော အထောက်အထားက ပို၍ ခိုင်မာလေလေ ဖြစ်ကာ လုချန်ဖုန်းပင် သတ်ဖြတ်ရန် အလွန် ကြိုးစားနေသည်။

"ဒီကောင်က သောက်ရူးပဲ။ ငါ ပေါ်လာတာကြောင့် အမည်းစက် မရှိတော့တာတောင် သတ်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် စိုးရိမ်သင့်ပါတယ်။ သူ မသတ်ရင်တောင် ငါက လုယောင်အစား လက်စားချေမယ်"

ယွမ်ရှောင်က အိမ်တော်အပြင်သို့ ရောက်သောအခါ အေးစက်စက် မျက်လုံးများဖြင့် လှည့်ကြည့်ပြီး မျက်နှာထား တင်းမာသွား၏။ ထို့နောက် သူက ကောင်းကင်အုပ်စိုးအိမ်တော်သို့ ရောက်ရှိလာကာ ခမ်းနားထည်ဝါသည့် ရုံးတော်အဆောက်အအုံများထံ ဝင်ရောက်လာကာ လုအိမ်တော်ထက် ဆယ်ဆမက ကြီးကျယ်ပေသည်။ ၎င်းသည် မိုးကြိုးဌာန၏ ဥပဒေ စိုးမိုးရေးနှင့် စုံစမ်းစစ်ဆေးရေးကို တာဝန်ယူရသဖြင့် အင်မော်တယ်ရဲ တပ်ဖွဲ့ဖြစ်ကာ ဝေးလံခေါင်သီသော သေမျိုးလောကများအထိ အင်အား ဖြန့်ကျက်ထား၏။ လုပုဖန်သည် နယ်စပ်တစ်နေရာသို့ စေလွှတ်ခံရပြီး နတ်ဆိုးအင်မော်တယ်များဖြင့် တိုက်ခိုက်ရင်း သူရဲကောင်းဆန်ဆန် ကျဆုံးခဲ့သည်ဟု ဆိုကြသည်။

ဝင်ပေါက်တွင် အများပြည်သူများ တိုင်တန်းနိုင်ရန်အတွက် စည်ကြီးတစ်လုံး ထားရှိကာ တီးခတ်လိုက်ရုံဖြင့် အရာရှိတစ်ယောက်ကို ဆင့်ခေါ်နိုင်၏။ ယွမ်ရှောင်က အနားသို့ကပ်၍ လျူမူ၏ တပည့် ဖြစ်ကြောင်း အသိပေးလိုက်သောအခါ ဒဏ္ဍာရီလာ သားရဲပုံများ ထွင်းထုထားသည့် ကြေးတံခါးနှစ်ချပ် ဝုန်းခနဲ ပွင့်သွားသည်။ အထဲသို့ ရောက်သောအခါ စုံစမ်းမေး​မြန်းရင်း နောက်ဆုံးတွင် သူမ၏ နေအိမ်သို့ ရောက်ရှိသွားကာ အဆင့်ရှစ် အရာရှိဖြစ်သောကြောင့် မိုးမခ အမည်ရသော အိမ်တော်တစ်ခု ပိုင်ဆိုင်၏။

"ဆရာ ကျုပ် ရောက်ပါပြီ"

"ဝင်ခဲ့လေ"

တံခါးဖွင့်၍ ဝင်ရောက်လိုက်သောအခါ သံချပ်ကာဝတ်ဆင်ထားသည့် လျူမူသည် ကျင့်ကြံနေပြီး လေထဲ ဝဲပျံနေပြီး ချီစွမ်းအား အဆက်မပြတ် စီးဝင်နေသဖြင့် တောက်ပလင်းလက်နေသည်။ နှိုင်းယှဥ်ကြည့်ရလျှင် နားခိုရာဂိုဏ်းသို့ ဆင်းသက်လာသော အင်မော်တယ်များနှင့် ကောင်းကင်တက်လှမ်းရေကန်ရှိ သက်တော်ရှည် အင်မော်တယ်ကြီးက ပို၍ အစွမ်းထက်ပေလိမ့်မည်။ သူမက မြေပြင်သို့ ကျက်သရေရှိရှိ ဆင်းသက်လာကာ အမျိုးသမီးတစ်ယောက် ဖြစ်သည့်တိုင်အောင် တင်းမာပြတ်သားပြီး လေးစားဖွယ် အရာရှိပုံစံမျိုး ပေါက်၏။ သူမသည် ယွမ်ရှောင် စိတ်ကူးထားဖူးသော အမျိုးသမီး စီရင်သူတစ်ယောက် ဟန်ပန်နှင့် ကိုက်ညီသည်။

"ညက အခြေအနေ ဘယ်လိုလဲ"

"အမေက ညစာကျွေးတယ်။ ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီး သူ အပြုံးနဲ့ အိပ်ပျော်သွားတယ်"

"မင်း လုပ်တာ ကောင်းတယ်"

လျူမူသည် ခေါင်းညိတ်၍ ယွမ်ရှောင်ကို အဓိပ္ပါယ်ပါပါ ကြည့်နေခဲ့သည်။

"မကြာခင် ငါက စာမေးပွဲကို ကြီးကြပ်ရမယ်။ ဒီမှာ စောင့်နေ၊ ပြန်လာရင် ကျင့်ကြံရေးအတွက် လမ်းညွှန်ပေးမယ်။ ကောင်းကင်အုပ်စိုးအိမ်တော်မှာ ငါ့နောက်ခံနဲ့ဆိုရင် စီရင်သူတစ်ယောက်လိုမျိုး အရင်းအမြစ်တွေ ရနိုင်တယ်"

"နားလည်ပါပြီ"

"အဲ့ဒီနေ့စဥ်မှတ်တမ်း ငါ့ကို ပေး"

သူမသည် ယွမ်ရှောင် ရှေ့မှောက်သို့ လျှောက်လာကာ ရုတ်တရက် ရပ်တန့်၍ တောင်းလိုက်ခြင်း ဖြစ်ရာ လုယောင်အတု ဖြစ်ကြောင်း သိရှိနေပေလိမ့်မည်။

"ဟုတ်ကဲ့။ ပန်းချီထဲမှာ ကောင်းကင်ရုံးတော်က တော်တော်လေး လှပတာပဲ"

"အပြင်က ကြည့်ရင်တော့ ဟုတ်မှာပါ"

ယွမ်ရှောင်က ၎င်းကို ထုတ်ပေးလ်ုက်သောအခါ သူမသည် တုန်ရီနေသော လက်ချောင်းများဖြင့် ဆုပ်ကိုင်ထားရင် မျက်လုံးများ အနည်းငယ် မှိန်ဖျော့သွားသည်။

"သူ ဘာဖြစ်သွားလဲ မသိချင်တော့ဘူးလား"

"မင်းနဲ့ မဆိုင်ပါဘူး။ နောက်တစ်ခါ မပြောနဲ့"

သူမ၏ ပြောဆိုပုံအရ လုအန်း ပြန်မလာခဲ့သောရက်များအတွင်း အဖြစ်မှန်ကို သိရှိပြီးသား ဖြစ်မည်ဟု ယွမ်ရှောင် နားလည်လိုက်၏။

"ဆရာ"

"ဘာကိစ္စလဲ"

ထို့ကြောင့် သူက စကားလမ်းကြောင်း ပြောင်းပြီး ရည်ရွယ်ချက်အမှန်ကို ထုတ်ပြောခဲ့သည်။

"ဒီနေ ကျုပ်က စီရင်သူ စာမေးပွဲ တိုက်ရိုက်ဖြေဆိုဖို့ ရောက်လာခဲ့တာပါ။ လုအန်းကိုယ်တိုင် ရွေးချယ်ထားတာ ဖြစ်ပါတယ်"

"မင်းအစွမ်း ပြစမ်း"

သူက လက်မြှောက်လိုက်​သောအခါ ဓားအော်ရာ အလွှာဆယ်သန်းကျော်ဖြင့် ဓားမြှောင်တစ်လက် သူမ၏ မျက်နှာထံ ဝင်ရောက်သွားသည်။ သူမက လက်ချောင်းများဖြင့် ညှပ်ဖမ်းလိုက်သော်လည်း အပြင်းအထန် ရုန်းကန်နေသည့် သားရဲတစ်ကောင်ပမာ ထိန်းချုပ်ရခက်သောကြောင့် ခြေသုံးလှမ်း နောက်ဆုတ်ပေးခဲ့ရ၏။ ထိုအင်အားက သူမကို ယွမ်ရှောင်အပေါ် အမြင်သစ်တစ်ခုဖြင့် ပြန်လည် သုံးသပ်ရန် တွန်းအားပေးခဲ့သော်လည်း အမှန်တရား တစ်ခု ထုတ်ပြောလိုက်သည်။

"ရှောင်ယောင်က ရုန်းကျင့်ကြံသူ"

ယွမ်ရှောင်က စကားမပြောဘဲ နဖူးမှ အသက်တံဆိပ်ကို ထုတ်ဖော်လိုက်သောအခါ ခေါင်းကိုးလုံး နဂါးအသွင် ဖြင့် ထွက်ပေါ်လာပြီး ခရမ်းရောင် ရုန်းအရေအတွက် ဆယ်သန်းနီးပါး ရှင်းလင်းစွာ မြင်နေရ၏။

"ဓားစက်ကွင်းတွေကို ဖျောက်ပြီး ငါနဲ့ လိုက်လာခဲ့။ ဘိုးဘေးတွေကို ဂါရဝပြုရမယ်"

သူမက အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ မျက်နှာထား လေးနက်လာကာ ခပ်တိုးတိုး ညွှန်ကြားခဲ့သည်။

ကောင်းကင်အုပ်စိုးအိမ်တော်တွင် စီရင်သူ ခန်းမ၌ နှစ်စဥ် စာမေးပွဲ ကျင်းပပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေသော ရာထူးဖြစ်၍ အမြဲတမ်း သွေးသစ်လောင်းရန် လိုအပ်၏။ အဆင့်မြင့် အင်မော််တယ်များကမူ သားသမီးများကို အောက်ခြေ အတွေ့အကြုံ ယူရန်၊ ရာထူးတိုးမြှင့်ရန်နှင့် အဆက်အသွယ်ကောင်းများ ရရှိစေရန် စေလွှတ်တတ်ကြသည်။ ထို့ကြောင့် အမျိုးအစားနှစ်ခု ကွဲပြားကာ သာမန် ကျင့်ကြံသူများအတွက် မဖြစ်မနေ လိုအပ်သော ရာထူးမျိုး ဖြစ်ပြီး လုအန်က ဥပမာပင်။ လုချန်ဖုန်းကမူ နောက်ထပ် အမျိုးအစား တစ်ခု ဖြစ်ပြီး လူမှုရေး ကောင်းမွန်စေရန်နှင့် အထက်သို့ တက်လှမ်းရန် နည်းလမ်းအဖြစ် အသုံးချကြ၏။ ရာထူးအဆင့်များ တူညီသော်လည်း နောက်ခံကြောင့် အဆင့်အတန်းချင်း ကွာခြားပြီး ပထမဆုံး စမ်းသပ်မှုသည် မဟူရာ လှိုဏ်ဂူ ဖြစ်ကာ နတ်ဆိုးများ ကျင်လည်ကျက်စားကြသည်။ အန္တရာယ်ရှိသော နေရာများသို့ ပိုဆောင်ပေးနိုင်သည့် ဟင်းလင်းပြင် ရှုပ်ထွေးမှုများလည်း ရှိကာ လုယောင် ပျောက်ဆုံးသွားသည်မှာလည်း ဤစမ်းသပ်မှုတွင် ဖြစ်၏။

စီရင်သူခန်းမတွင် လူအုပ်ကြီး စုဝေးနေပြီး လုယောင်ကို လုပ်ကြံရာတွင် ပူးပေါင်းကြံစည်ခဲ့သော တပ်မှူး ယွမ်ကန် ရှိနေကာ နဖူးအထက်တွင် အမာရွတ်နှင့် ချဥ်းကပ်ရခက်ခဲပုံပေါ်၏။ အနားတွင် လုချန်ဖုန်းလည်း ရှိနေပြီး မရေမတွက်နိုင်သော ချီးကျူးသံများ အကြား ပျော်မွေ့နေပုံရသည်။ အဆင့်ကိုး စီရင်သူသာ ဖြစ်သော်လည်း ယွမ်ကန်၏ လက်ထောက်အဖြစ် နေရာရထားသောကြောင့် တပ်မှူးဖြစ်လာရန် မဝေးတော့ချေ။

"သခင်မကြီးက အခြားလူတွေကို ခေါ်ပြီး ရောက်နေပါတယ်"

ဆူညံသံများအကြားတွင် တစ်စုံတစ်ယောက် ရောက်ရှိလာကာ လုချန်ဖုန်းနှင့် ယွမ်ကန်ထံ တီးတိုး သတင်းပို့လာသည်။ သူတို့က အကြည့်ချင်းဖလှယ်၍ အခြားသူများကို လျစ်လျူရှုကာ ရောက်ရှိလာသူများကို ကိုယ်တိုင် ကြိုဆိုရန် ထွက်ခွာသွားလေသည်။

အပိုင်း ၅၁၄ - စမ်းသပ်ခြင်း

"သခင်မကြီး"

ယွမ်ကန်သည် အလွန် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လုသခင်မကို နွေးထွေးစွာ ပြုံး၍ ခါးညွှတ်ကြိုဆိုလိုက်သည်။ သူမနှင့်အတူ လူငယ်ခြောက်ယောက် လိုက်ပါလာပြီး မျက်ဝန်းများအရောင်လက်၍ အစိမ်းရောင်ဝတ်ရုံ ခပ်တိုတို ဝတ်ဆင်ထားသော ဘဲဥပုံမျက်နှာပိုင်ရှင် မိန်းကလေးတစ်ယောက်လည်း လက်ချင်းတွဲထားသည်။

."အစ်ကို"

"နင် ရူးနေတာလား။ စာမေးပွဲကို ဒီလိုဝတ်ရုံနဲ့ လာရသလား။ သတိထားနေစမ်း။ အမှတ်ကို သုည ပေးပစ်လိုက်မယ်"

သူမက လက်ပြ၍ နှုတ်ဆက်လိုက်သော်လည်း လုချန်ဖုန်း၏ အဆူအငေါက် ခံလိုက်ရ၏။

"နင့်ကို ကြောက်နေရမှာလား။ အဖေက အကုန်စီစဥ်ထားတယ်။ ငါက အမှတ်ပြည့်ရမှာ နင့်ထက်တောင် သာလိမ့်မယ်"

"တိတ်စမ်း"

လျှို့ဝှက်ထားအပ်သော ကိစ္စမျိုးကို စီရင်သူ ခန်းမတွင် ဗြောင်ကျကျ မပြောသင့်သောကြောင့် လုသခင်မ ဝင်ရောက်ငေါက်ငမ်းခဲ့သည်။ ဖြစ်လေ့ဖြစ်ထရှိသော်လည်း အရာရှိတစ်ယောက် ကြားသွား၍ သတင်းဖြန့်လိုက်လျှင် အကျိုးဆက် မကောင်းနိုင်ပေ။

"လုယောင် ကိစ္စ ဘယ်လိုလဲ"

"စမ်းသပ်ပြီးပြီ။ ဘာကောင်မှ မဟုတ်ဘူး"

"လူလိမ်တွေက တော်တော်ရဲတင်းလာတာပဲ။ သူ့ဆီ ရောက်လာတော့မယ့် ကပ်ဘေးကို မသိတာတော့ စိတ်မကောင်းဘူး"

"ထားလိုက်ပါ။ အကြွင်းအကျန်ပေါ်မှာ လာနားတဲ့ ယင်တစ်ကောင်က ပြဿနာ မရှိဘူး"

ယွမ်ကန်က မျက်မှောင်ကြုတ်၍ အနားသို့ ကပ်လာကာ လုယောင်အတုအကြောင်း သူမနှင့် ဆွေးနွေးနေသောအခါ လုချန်ဖုန်း မဲ့ပြုံးပြုံးလိုက်၏။ သူ၏ အမြင်တွင် ယန်ဆုန် လက်ချက်ဖြင့် ထိုလူလိမ်မှာ နောက်ဘဝ သွားမည့် ကူးတို့လှေပေါ် ရောက်နေပေလိမ့်မည်။ သို့သော် ချပ်ဝတ်အပြည့်အစုံ ဝတ်ဆင်ထားသော လျူမူနှင့် နတ်ဘုရားတမျှ ချောမောသော ယွမ်ရှောင်က တံခါးမှ ဝင်ရောက်လာကြသောအခါ လုရှောင်နှင့် သူငယ်ချင်းမလေးများ စိတ်လှုပ်ရှားကုန်၏။

"လုရှောင် ကြည့်စမ်း။ အရမ်းချောတာပဲ"

"ဒါက ဘယ်သူလဲ။ ကောင်းကင်ရုံးတော်ရဲ့ မင်းသားတစ်ယောက်လား"

သို့သော် လုချန်ဖုန်းကမူ မျက်နှာထား မည်းနက်သွားကာ ကောင်းကောင်းအလုပ်မလုပ်ခဲ့သော ယန်ဆုန်အပေါ် ဒေါသထွက်လာ၏။

"လျူမူ"

စာမေးပွဲ၏ ကြီးကြပ်သူ လျူမူ ရောက်ရှိလာသောအခါ မိဘများက မျက်နှာချိုသွေးရန် ရောက်ရှိလာကြသော်လည်း ချက်ချင်း မောင်းထုတ်ခံလိုက်ရသည်။

"စာမေးပွဲ စတော့မှာ ဖြစ်လို့ အပြင်လူတွေ ထွက်ပေးကြပါ"

မိဘများအနက် လုသခင်မ တစ်ယောက်တည်းသာ ကျန်ရစ်ခွင့် ရှိသောကြောင့် အဆင့်အတန်းတစ်ခုကို သက်သေပြနေ၏။ ခန်းမထဲတွင် လူငယ်တစ်ရာကျော် ရှိနေပြီး အသက်သုံးဆယ်အောက် ငယ်ရွယ်၍ တစ်ဦးချင်းစီ အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ အများစုမှာ ဒုတိယမျိုးဆက် သခင်လေး သခင်မလေးများ ဖြစ်သောကြောင့် ထင်ရှားကျော်ကြားပြီး နောက်ခံကိုယ်စီ ရှိ၏။

"တပ်မှူး ခင်ဗျားရဲ့ တပည့်က ထွက်မသွားဘူးလား"

ယွမ်ကန်က ယွမ်ရှောင်ကို ထူးဆန်းစွာ စိုက်ကြည့်၍ မေးခွန်းထုတ်သည်။

"သူကလည်း ဝင်ဖြေလိမ့်မယ်"

ထိုစကားကြောင့် အားလုံး အံ့သြသွားကာ လုချန်ဖုန်း စောဒကတက်လိုက်သည်။

"အင်မော်တယ်နယ်ပယ်ကို မရောက်သေးရင် ဖြေခွင့် မရှိဘူး"

"စည်းမျဥ်းအရ အင်မော်တယ်နယ်ပယ်ရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိရင် ဖြေလို့ ရတယ်။ ငါက တပည့်ကို စမ်းစသပ်ပြီးပြီ။ ယွမ်ကန် နင်က စစ်ဆေးသူပဲ။ ကိုယ်တိုင်စမ်းသပ်ကြည့်လို့ ရတယ်"

လျူမူက ခပ်ပြတ်ပြတ် အဖြေပေးလိုက်သော်လည်း ထိရောက်လှပြီး လုချန်ဖုန်းတစ်ယောက် လုပ်ကြံမှု မအောင်မြင်ခဲ့သော အကြောင်းအရင်းကို နားလည်သွားသည်။

"ရှောင်ယန် မင်းက အသက် ၁၈နှစ် ရှိပြီ။ အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီဆိုတော့ စမ်းသပ်လိုက်"

ယွမ်ကန်၏ မျက်နှာက တည်တံ့သွားကာ ဆေးလုံးများ ဝါးစားနေသည့် သားဖြစ်သူ ယွမ်ယန်ဘက် လှည့်ကာ အမိန့်ပေးသည်။

"ဒီကောင်က အသက်ဘယ်လောက်လဲ"

"၂၇"

"ဒီအရွယ်ကြီးရောက်မှ စီရင်သူ ဖြစ်လာရင် ဘာလုပ်မှာလဲ။ တောက်တိုမယ်ရလား"

သူ၏ လှောင်ပြောင်သံနှင့်အတူ ရယ်သံများ ဝေါခနဲ ထွက်လာပြီး လုအန်းကိုပင် သတိရသွားကြ၏။

"တိတ်စမ်း။ မင်းကို စမ်းသပ်ခိုင်းတာ။ အာချောင်ခိုင်းတာ မဟုတ်ဘူး"

ယွမ်ကန်က လူပုံအလယ် နားရင်းရိုက်၍ ဆုံးမလိုက်သဖြင့် အရှက်ရသွားသော ယွမ်ယန်သည် ယွမ်ရှောင်ကို ချက်ချင်း စိန်ခေါ်သည်။

"ထွက်လာစမ်း"

ယွမ်ရှောင်က တိတ်တိတ်ဆိတ်ဆိတ် ရှေ့ထွက်လာပြီး လူအုပ်ကြီး နောက်ဆုတ်သွားသောအခါ တိုက်ခိုက်ရေး ကွက်လပ်တစ်ခု ဖြစ်ပေါ်လာသည်။

"မင်းက ရုန်းကျင့်ကြံသူမလား။ ဘယ်လိုတိုက်ခိုက်မလဲ စိတ်ကြိုက် ရွေးစမ်း"

"လက်သီး"

သိုင်းကျင့်ကြံသူ ဖြစ်သော လူတစ်ယောက်ကို ဤသို့ စိန်ခေါ်လာသောကြောင့် ယွမ်ယန် ရယ်ချင်ချင် ဖြစ်သွား၏။

"စကားများလိုက်တာ။ စတော့"

"သေစမ်း"

သူ၏ တစ်ကိုယ်လုံးတွင် ကျားတစ်ကောင်ပမာ ကြွက်သားများ ဖုထစ်ဖောင်းကားလာ၍ မျက်လုံးများ မီးတောက်ပမာ တောက်လောင်ပြီး ချီစွမ်းအင်များ လှိုင်းထလာသည်။ ဘုန်းခနဲ လက်သီးချက် ပစ်သွင်းလိုက်သောအခါ အရှိန်အဟုန် ကြီးမားပြီး စွမ်းအင် ယိုစိမ့်ခြင်း မရှိသောကြောင့် အားနည်းသယောင် ထင်မှတ်ရသော်လည်း စွမ်းအား အလွန်တရာ သိပ်သည်းပေ၏။ ၎င်းက နတ်လက်သီးသိုင်း ဖြစ်ကာ ယွမ်ရှောင်၏ မျက်နှာထံ တည့်တည့်မတ်မတ် ဝင်ရောက်လာသော်လည်း တည်ငြိမ်စွာဖြင့် လက်တစ်ဖက် လေပြေညှင်းပမာ ပျော့ပျော့ပြောင်းပြောင်း ထွက်ပေါ်လာ၏။ လက်သီးချက်မှာ ဖမ်းယူခံလိုက်ရပြီး အထက်သို့ ပင့်တင်လိုက်သောအခါ ချီစွမ်းအင်များ အလွယ်တကူ လမ်းကြောင်းလွှဲခံလိုက်ရသည်။

"ဟင်"

ယွမ်ယန် မျက်လုံးပြူးပြီး မယုံကြည်နိုင် ဖြစ်နေစဥ် လက်သီးချက်မှ ထွက်ပေါ်လာသော စွမ်းအားများသည် လေကိုသာ ထိုးမိပြီး ပြန့်ကြဲကုန်သည်။ ယွမ်ရှောင်၏ လက်ဖဝါးမှ တန်ပြန်အားသည် သူ၏ ကြွက်သားများထံ ရောက်ရှိလာကာ ကျယ်ကျယ်လောင်လောင် မြည်ဟီး၍ စုတ်ပြဲသွားစေ၏။

"စောက်ပိန်း"

ယွမ်ရှောင်က တစ်ခွန်းသာ ပြော၍ တစ်ထပ်တည်း တူညီသော လက်သီးချက်ကို ပစ်သွင်းလိုက်ရာ လျှပ်စီးပမာ လျင်မြန်လွန်းလှသဖြင့် ရင်ဝသို့ ထိမှန်သွားသည်။

ဝုန်း

ယွမ်ယန်၏ ရင်ဘတ် ချိုင့်ဝင်သွား၍ နံရိုးများ ကျိုးပြီး ကိုယ်တွင်းအင်္ဂါများထံ ထိုးစိုက်သဖြင့် သွေးအန်ရင်း လွင့်ထွက်သွားခဲ့သည်။ သူက မြေကြီးပေါ် လဲကျပြီး သွေးများ အဆက်မပြတ် အန်ထွက်လာသဖြင့် အတွင်းဒဏ်ရာ ပြင်းထန်ပေလိမ့်မည်။

"ရှောင်ယန်"

ယန်််နယ်ပယ် ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်တစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု ထင်မထားသောကြောင့် ယွမ်ကန်မှာ ဤအခြေအနေကို မျှော်လင့်မထားချေ။ ထို့အပြင် နတ်လက်သီးသိုင်းကိုပင် တတ်မြောက်နေသော တစ်ဖက်လူကြောင့် သံသယများ စတင် ဖြစ်ပေါ်လာ၏။ သူက သားဖြစ်သူကို ပွေ့ချီလိုက်သောအခါ နာကျင်မှုကြောင့် ရူးကြောင်ကြောင် ဖြစ်နေပုံရသည်။

"ဒီကောင်က အားနည်းလိုက်တာ။ စိတ်မရှိပါနဲ့ ကျုပ် လက်သီး နည်းနည်း ပြင်းသွားတယ်"

ယွမ်ရှောင်၏ စကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ လူငယ်များ၏ အကြည့်တွင် ရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည်။

"သူက လုအိမ်တော်ကမလား။ နင် သူ့ကို သိလား"

"သိတယ်။ ဒါပေမယ့် အရင်က ဒီလိုမျိုး မသန်မာပါဘူး"

လုရှောင်က စဥ်းစားရင်း ပြန်ဖြေသည်။

"ရုပ်ကလေးချောပေမယ့် အသုံးမဝင်တော့ဘူး။ တပ်မှူးယွမ်ကို ရန်သူ ဖြစ်အောင် လုပ်လိုက်မိပြီ"

လုရှောင်သည် အစ်ကိုဖြစ်သူ လုချန်ဖုန်းထံ လှမ်းကြည့်လိုက်ရာ ဒေါသအလွန်ထွက်နေကြောင်း တွေ့လိုက်ရ၏။

"အဖေ သား ဒဏ်ရာရသွားတာ များလား"

ယွမ်ယန်မှာ နာကျင်မှုကြောင့် အော်ဟစ်နေသည်။

"ကိုယ်​တွင်းအင်္ဂါတွေ ထိခိုက်သွားလို့ အနားယူရမယ်။ ဒီနှစ် မင်း စီရင်သူ စာမေးပွဲ ဖြေလို့ မရတော့ဘူး"

ယွမ်ကန် ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။

"​မဖြစ်ရဘူး။ ဒီကောင်က ကျွန်တော့်ကို ဒဏ်ရာရအောင် တမင် တိုက်ခိုက်တာပဲ။ စာမေးပွဲ ဖြေခွင့် မပေးနဲ့"

ယွမ်ယန်သည် မရင့်ကျက်သေးသော ကလေးတစ်ယောက်ပမာ အော်ဟစ်နေသော်လည်း လျူမူသည် တင်းမာသော လေသံဖြင့် ငေါက်ငမ်း၍ တိတ်​ဆိတ်သွားစေသည်။

"တော်စမ်း။ အချိန်ကုန်တယ်။ ဖြေဆိုသူတွေ ငါ့ကို ရာဇဝတ်မှု မှတ်တမ်း လာပြစမ်း"

သူမက စားပွဲနောက်တွင် ထိုင်၍ အမိန့်ပေးလိုက်ကာ မိသားစု မျိုးရိုးခြောက်ဆက်အတွင်း ရာဇဝတ်မှုတစ်စုံတစ်ရာ ရှိလျှင် စီရင်သူ ဖြစ်ခွင့် မရချေ။ ဤအချက်သည် စာမေးပွဲ စတင်မည်ဟု တရားဝင် ကြေညာလိုက်ခြင်း ဖြစ်သောကြောင့် ယွမ်ရှောင် ရှေ့တိုးလာကာ လုမိသားစု၏ မှတ်တမ်းကို တင်ပြသည်။

"လုချန်ဖုန်းက လုယောင်ကို သတ်ခဲ့တာပဲ"

"ငါ သိတယ်"

ယွမ်ရှောင်က အနားကပ်၍ ခပ်တိုးတိုး ပြောလိုက်ပြီး သူမ၏ လက်ချောင်းများ ဆတ်ခနဲ တုန်ယင်သွားသော်လည်း အံ့သြဟန် မပြချေ။ သူမနှင့် လုအန်းက အမှန်တရားကို သိထားသော်လည်း သက်သေမရှိ၍ အပြစ်မပေးနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"ထပ်ပြီး တွေဝေမနေနဲ့။ ဒီကောင့်ကို သတ်လိုက်စမ်းပါ"

တစ်ဖက်တွင် လုချန်ဖုန်းသည် ယွမ်ကန်အနားသို့ တိုးကပ်ကာ အေးစက်စွာ တိုက်တွန်းနေခဲ့လေသည်။

All Chapters