အခန်း (၁၄၈၃-၁၄၈၄)
Vol. 112 Ch. 1483-1484
အခန်း (၁၄၈၃) အခွင့်အရေးကို ဆုပ်ကိုင်ခြင်း
သင်္ဘောပေါ်မှ ဆင်းလာသော တစ္ဆေများကို တိုက်ခိုက်ခြင်းသည် ထင်ထားသည်ထက် ပိုမို ခက်ခဲလေသည်။ စတင်ခါစမှာပင် လူတစ်ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
လင်းလုံသည် ခေါင်းဆောင်တစ်ဦး မဟုတ်သော်လည်း အတွေ့အကြုံရှိသော တစ္ဆေဆရာ တစ်ဦး ဖြစ်သည်။ သို့သော် ပထမဆုံး သေဆုံးသူ ဖြစ်သွားခဲ့ရသည်။ လီယန်၏ အဖွဲ့တွင် ထိခိုက်သေဆုံးမှု ရှိလာခြင်းသည် အခြား ခေါင်းဆောင်များကို စိုးရိမ်စေခဲ့သည်။
"၇ ယောက် ဝိုင်းတိုက်တာတောင် သေဆုံးမှု ရှိတယ် ဆိုတော့ တစ္ဆေက အရမ်း ကြမ်းတာလား... လင်းလုံက အားနည်းတာလား... တစ္ဆေက ကြမ်းတာ ဆိုရင် လီယန်တို့ အဖွဲ့ ဖိအားများနေပြီ... နောက်ထပ် သေဆုံးမှုတွေ ရှိလာနိုင်တယ်..."
ဟဲယင်အာ မျက်မှောင်ကြုတ်လိုက်သည်။
"ကျိုးဒန်... သူတို့ကို သွားကူလိုက်ပါ... ဒီမှာ ငါ့ဘာသာ ရှင်းလို့ ရတယ်..."
"မဖြစ်ဘူး... ယန်ကျန့်က မင်းကို စောင့်ရှောက်ခိုင်းထားတာ... မင်းက တစ်ခုတည်းသော ဝိညာဉ်ခေါ်သူလေ... ဘာမှ ဖြစ်လို့ မရဘူး... နောက်ပိုင်း တိုက်ပွဲတွေမှာ မင်းရဲ့ စွမ်းရည် လိုအပ်လာလိမ့်မယ်..."
ကျိုးဒန် ငြင်းဆန်လိုက်သည်။
"သူတို့ကို ကူညီပြီးရင် ပြန်လာခဲ့ပေါ့..."
"မရဘူး... ဘုရင်အဖွဲ့အစည်းက လူတွေ ပုန်းနေတာ... သူတို့ လှုပ်ရှားတာနဲ့ ငါတို့ အန္တရာယ် ရှိလာမယ်... မင်းကို ပစ်မှတ်ထားလာရင် ငါ မရှိလို့ မဖြစ်ဘူး..."
"ငါ့ကို အသုံးမကျဘူးလို့ ထင်နေတာလား... ငါ့ဘာသာ ကာကွယ်နိုင်တယ်..."
ဟဲယင်အာ ဒေါသထွက်လာသည်။
"သူတို့ လာရင် တစ်ယောက်တည်း လာမှာ မဟုတ်ဘူး... ဝိုင်းတိုက်မှာ..."
"မင်းက သူတို့ကို ကူညီဖို့ ငြင်းနေတာပဲ... လီယန်တို့ အဖွဲ့ သေကုန်ရင် တစ္ဆေတွေ မြို့ထဲ ဝင်ကုန်လိမ့်မယ်... အခု အားလုံး အလုပ်ရှုပ်နေတာ... ငါတို့ဘက်ကပဲ လူပိုနေတာ... မင်း မသွားရင် သေတာကို ထိုင်ကြည့်နေသလို ဖြစ်နေမှာပေါ့..."
ဟဲယင်အာသည် မိမိဘာသာ ဖြေရှင်းနိုင်သည်ဟု ယုံကြည်နေသဖြင့် ကျိုးဒန်ကို လွှတ်လိုက်ချင်နေသည်။
သို့သော် ကျိုးဒန်က ခေါင်းမာစွာဖြင့် ငြင်းဆန်နေသည်။
"လီယန်တို့ကို ယုံလိုက်ပါ... ယန်ကျန့်က သူတို့ကို ရွေးထားတာ အကြောင်းမဲ့ မဟုတ်ဘူး... သူတို့ အလွယ်တကူ သေမယ့်လူတွေ မဟုတ်ပါဘူး..."
"တောက်..."
ဟဲယင်အာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ထိုအချိန်တွင် လီယန်ဘက်မှ သတင်းကောင်း ရောက်လာလေသည်။
"တစ္ဆေကို ရှင်းပြီးပါပြီ... စိတ်မပူပါနဲ့..."
သတင်းက တိုတောင်းသော်လည်း အရေးကြီးသည်။
အခြား ခေါင်းဆောင်များ စိတ်သက်သာရာ ရသွားကြသည်။ လီယန်တို့ အဖွဲ့သည် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ လင်းလုံ သေဆုံးသွားသော်လည်း စစ်ပွဲတွင် သေဆုံးမှု ရှိစမြဲပင် ဖြစ်၏။
"တွေ့လား... သူတို့ ဖြေရှင်းလိုက်ပြီ... မြန်သားပဲ..."
ကျိုးဒန် ပြုံးလိုက်သည်။
"တစ်ကောင်တည်းနဲ့ တစ်ယောက် သေသွားပြီ... နောက်ထပ် လာရင် ထပ်သေဦးမှာ... သူတို့ဘက်က အားနည်းချက် ဖြစ်နေတယ်... လိုအပ်ရင် သွားကူသင့်တယ်..."
ဟဲယင်အာ စိတ်မချသေးပေ။
"သူတို့က အတွေ့အကြုံ နည်းလို့ မှားသွားတာပါ... အခု သင်ခန်းစာ ရသွားပြီ ဆိုတော့ ပိုသတိထားကြမှာပါ..."
ကျိုးဒန်က ယုံကြည်မှု ရှိနေသည်။
လီယန်၊ ဆူဖန်၊ လျူချီ၊ ကျန်းလေ၊ ဝမ်ကျုံး တို့သည်လည်း ပိုမို သတိထားလာကြသည်။
"အန္တရာယ် မကင်းသေးဘူး... တစ္ဆေတွေ ထပ်လာနိုင်တယ်..."
ထုန်ချန်သည် အခန်းထဲမှ ထွက်လာရင်း မျက်နှာပေါ်မှ မိတ်ကပ်များကို ဖျက်လိုက်လေသည်။
တစ္ဆေစွမ်းအား စားသုံးမှုကြောင့် မျက်နှာ အနည်းငယ် ပုပ်သိုးသွားသော်လည်း နာကျင်မှုကို ကြိတ်မှိတ် သည်းခံလိုက်သည်။
တစ္ဆေမျက်နှာသည် မိတ်ကပ်နှင့် တွဲဖက်မှ အစွမ်းထက်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။
"နည်းဗျူဟာ ပြောင်းရမယ်... ထုန်ချန် မိတ်ကပ် မပြီးမချင်း တစ္ဆေနဲ့ မတွေ့သင့်ဘူး... မိတ်ကပ် ပြီးမှ ၆ ယောက်လုံး ပေါင်းတိုက်မယ်... အစားထိုးအရုပ်ကိုလည်း ကြိုသုံးထားရမယ်... မဟုတ်ရင် လင်းလုံ လို ဖြစ်သွားလိမ့်မယ်..."
လီယန် အကြံပေးလိုက်သည်။
"ဟုတ်တယ်..."
အားလုံး သဘောတူလိုက်ကြသည်။
သူတို့သည် လင်းလုံ အတွက် ဝမ်းနည်းချိန်ပင် မရလိုက်ဘဲ ဆက်လက် လှုပ်ရှားရလေသည်။
ဝမ်ချာလင်းသည် အခြေအနေ ကောင်းမွန်နေလေသည်။ တစ္ဆေ ၄ ကောင်က သူ့ကို ဝိုင်းရံ ကာကွယ်ထားသဖြင့် တစ္ဆေများ အနားမကပ်နိုင်ပေ။ ရေကန်ထဲတွင် မမြုပ်သော တစ္ဆေများကိုပင် သူ၏ မိဘများနှင့် ဘိုးဘွားများက အလွယ်တကူ ရှင်းလင်းပစ်လေသည်။
ခဏအတွင်းမှာပင် ရွှေရောင် သေတ္တာ ၃ လုံး ရရှိထားပြီး ဖြစ်သည်။
"ပြိတ္တာ ကို မနိုင်ခဲ့တာ ငါ့ဘိုးဘွားတွေ မစွမ်းလို့ မဟုတ်ဘူး... အလောင်းကောင်သံချောင်း ကြောင့် ရှုပ်ထွေးသွားလို့ပဲ... အခုလို အခြေအနေမှာ ငါ အေးဆေးပဲ... ငါ ကိုယ်တိုင်လည်း တစ္ဆေဆရာ ဖြစ်နေပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်... တစ္ဆေတွေကို လွှတ်ပေးလိုက်လို့ ရတယ်..."
ဝမ်ချာလင်းသည် မိမိ၏ စွမ်းရည်ကို ပိုမို နားလည်လာပြီ ဖြစ်သည်။
"ဒါပေမဲ့ ဘုရင်အဖွဲ့အစည်း က ဘယ်တော့ လှုပ်ရှားမလဲ ဆိုတာ စိုးရိမ်ရတယ်... ငါသာ ဆိုရင် တစ္ဆေတွေ အများဆုံး ထွက်လာတဲ့ အချိန်ကို စောင့်မယ်... အဲဒီအချိန်ကျမှ ခေါင်းဆောင်တွေ ဖိအားအများဆုံး ဖြစ်နေမှာ... ပထမဆုံး ပစ်မှတ်ထားခံရတဲ့ ခေါင်းဆောင်က သေဖို့ များတယ်..."
ဝမ်ချာလင်း မျက်မှန်ကို ပင့်တင်လိုက်သည်။
သူ ပထမဆုံး ပစ်မှတ် မဖြစ်ချင်ပေ။ သို့သော် သူ၏ သတင်းများ ပေါက်ကြားထားပြီး ဖြစ်သဖြင့် ဖြစ်နိုင်ခြေ များနေသည်။ ဘုရင်အဖွဲ့အစည်း အမြင်တွင် သူသည် သာမန်လူ တစ်ယောက်သာ ဖြစ်နေသောကြောင့် ဖြစ်သည်။
"ကြိုတင် ပြင်ဆင်ထားမှ ရမယ်..."
ယန်ကျန့်သည် တစ္ဆေတစ်ကောင်ကို ရှင်းလင်းပြီးနောက် သင်္ဘောကို လှမ်းကြည့်လိုက်သည်။ သင်္ဘော ပတ်လည်တွင် မြူခိုးများ ပြန်လည် ဖြစ်ပေါ်နေလေသည်။ လက်တွေ့ကမ္ဘာတွင် နေထိုင်ချိန် ကုန်ဆုံးတော့မည့်ပုံ ရသည်။
သို့သော် တစ္ဆေများသည် ပိုမို များပြားစွာ ပြုတ်ကျလာနေသည်။
"သင်္ဘော မထွက်ခွာခင် တစ္ဆေတွေ အကုန် ဆင်းပေးမလို့လား..."
ယန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။
တစ္ဆေစွမ်းအားသည် အမြင့်ဆုံးသို့ ရောက်ရှိတော့မည် ဖြစ်သည်။
ဤအချိန်သည် အားလုံးအတွက် စမ်းသပ်မှုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
ပင်လယ်မြို့ရှိ အဆောက်အအုံ တစ်ခုပေါ်တွင်...
ဘုရင်အဖွဲ့အစည်းမှ လူများ စုဝေးနေကြသည်။
"ခေါင်းဆောင်တွေ ဗျာများနေကြပြီ... ငါတို့ကို ဂရုစိုက်ချိန် မရတော့ဘူး... အစီအစဉ် အတိုင်းပဲ... တစ္ဆေတွေနဲ့ သူတို့ကို အားကုန်စေလိုက်... ငါတို့ ဝင်ပါစရာ မလိုဘူး... သင်္ဘောသား... နောက်ထပ် တစ္ဆေတစ်သုတ် ပို့ပေးလိုက်ပါဦး..."
လူကြီးလူကောင်း တစ်ဦးက ပြုံး၍ ပြောလိုက်သည်။
"သင်္ဘော ပျက်စီးနေတယ်... လမ်းကြောင်း လွဲနေတယ်... ဒုတိယ အသုတ် ပို့ဖို့ အချိန်လိုတယ်... ပြဿနာ ရှိနေတယ်..."
သင်္ဘောသား ဘုရင်က အေးစက်စွာ ပြန်ပြောလိုက်သည်။
"ဒါဆို ဒီညက ငါတို့ လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပဲ..."
သာသနာပြုဆရာက ပြောလိုက်သည်။
"သီအိုရီ အရတော့ ဟုတ်တယ်... သူတို့ တစ္ဆေတွေကို ရှင်းပြီးသွားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်... မြေပုံက သူတို့ လက်ထဲ ရောက်နေပြီ... ခြံဝင်းပိုင်ရှင်... မင်းက အဲဒီ ပစ္စည်းကို သူတို့ကို ပေးလိုက်တာလား..."
နောက်တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
ယန်ကျန့် လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့သော ခြံဝင်းပိုင်ရှင်သည် ပြန်လည် သက်ဝင်လာပြီး အာဏာ ပြန်ရနေပြီ ဖြစ်သည်။
"ငါ့ကို လေးစားပါ... မစ္စတာယန် က သာမန် မဟုတ်ဘူး... မင်းတို့ သူနဲ့ မတွေ့တာ ကံကောင်းတယ် မှတ်ပါ... သူက ဒီစစ်ပွဲရဲ့ အဆုံးအဖြတ်ပဲ... သူ့ကို သတ်နိုင်ရင် ကျန်တဲ့ ခေါင်းဆောင်တွေကို အလွယ်တကူ ရှင်းလို့ ရတယ်..."
ခြံဝင်းပိုင်ရှင်က ဒေါသတကြီး ပြန်အော်လိုက်သည်။
"နောက်တစ်ဆင့် ဆွေးနွေးကြရအောင်... သူတို့ တစ္ဆေတွေနဲ့ ရှုပ်နေတုန်း ငါတို့ ဝင်တိုက်ပြီး အပြတ်ရှင်းသင့်တယ်..." လူကြီးလူကောင်းက အကြံပြုလိုက်သည်။
အခန်း (၁၄၈၄) ပျောက်ဆုံးခြင်းနှင့် ပေါ်ထွက်ခြင်း
တစ္ဆေသင်္ဘောကြီး ပင်လယ်မြို့သို့ ရောက်ရှိလာခြင်းနှင့် အတူ ဘုရင်အဖွဲ့အစည်း၏ သင်္ဘောစီမံကိန်းသည် တရားဝင် စတင်လေပြီ။ ဌာနချုပ်မှ ခေါင်းဆောင်များနှင့် ဘုရင်အဖွဲ့အစည်းမှ ဘုရင်များ ပင်လယ်မြို့တွင် စုဝေးနေကြသည်။ ဤမျှ ကြီးမားသော လှုပ်ရှားမှုကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ တစ္ဆေလောက တစ်ခုလုံး စောင့်ကြည့်နေကြသည်။
နာရီဝက် အတွင်းမှာပင် တစ္ဆေလောကသား အားလုံး ပင်လယ်မြို့တွင် ဘာဖြစ်နေသည်ကို သိရှိသွားကြသည်။
တစ်ကမ္ဘာလုံး၏ အာရုံသည် ဤနေရာသို့ ရောက်ရှိနေသည်။
ဌာနချုပ်နှင့် ဘုရင်အဖွဲ့အစည်း ထိပ်တိုက် တွေ့ဆုံမှုသည် ကမ္ဘာ့အခြေအနေကို ပြောင်းလဲစေပေလိမ့်မည်။
တာတုန်းမြို့၊ ငြိမ်းချမ်းရေး အဆောက်အအုံ အတွင်း၌...
ဝမ်ကော်ချန် သည် ဌာနချုပ်မှ ချောင်ယန်ဟွာ နှင့် ဗီဒီယို ကောလ် ပြောနေလေသည်။ ပင်လယ်မြို့၏ အခြေအနေ အသေးစိတ်ကို သတင်းပို့နေခြင်း ဖြစ်သည်။
"ယန်ကျန့် က ရေလွှမ်းမိုးခြင်း စီမံကိန်းကို စတင်လိုက်ပါပြီ... ဒါပေမဲ့ သူက မြို့ကို ရေမလွှမ်းအောင် ထိန်းထားပါတယ်... ဘုရင်အဖွဲ့အစည်းက လူတွေ ပြည်သူတွေကို မထိခိုက်အောင်လို့ပါ..."
"သင်္ဘောပေါ်က တစ္ဆေတွေ ဆင်းလာနေပါတယ်... ခေါင်းဆောင်တွေ အကုန်လုံး ဝိုင်းပြီး တားဆီးနေကြပါတယ်... လောလောဆယ်တော့ မြို့ထဲကို တစ္ဆေတွေ မဝင်သေးပါဘူး... ဒါပေမဲ့ နောက်ပိုင်း ဘာဖြစ်မလဲ မပြောတတ်ပါဘူး..."
"လုကျီဝမ် ပြောပြချက်အရ ယန်ကျန့်က ကျန်းရှန်ကွမ်ကို လွှတ်ပေးလိုက်တယ် တဲ့... သူနဲ့ သဘောတူညီချက် ရယူပြီး ဘုရင်အဖွဲ့အစည်းကို တိုက်ခိုက်ခိုင်းထားတယ်... အန္တရာယ် များပေမယ့် အခုချိန်မှာ ဒါက အကောင်းဆုံး နည်းလမ်းပဲ..."
ဝမ်ကော်ချန်သည် အကောင်းမြင်စွာ ပြောဆိုနေသော်လည်း သူ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။
"ငါ သိပါတယ်... အခြေအနေက မကောင်းဘူး... သင်္ဘောကိစ္စ တစ်ခုတည်းနဲ့တင် ခေါင်းခဲနေရပြီ... ဘုရင်အဖွဲ့အစည်းက လူတွေလည်း ပုန်းနေကြတယ်... ခေါင်းဆောင်တွေ ဖိအားများနေမှာပဲ..."
ချောင်ယန်ဟွာသည် ရုံးခန်းထဲတွင် ဆေးလိပ်သောက်ရင်း ပြောနေသည်။ သူ ၂ ရက်လုံးလုံး မအိပ်ရသေးပေ။
သာမန်လူများကို ရွှေ့ပြောင်းခြင်း၊ ပိတ်ဆို့ခြင်း အစီအစဉ်များ ရေးဆွဲခြင်း စသည်တို့ကို သူ စီစဉ်နေရသည်။
"ဒါက မလွယ်ကူတဲ့ စစ်ပွဲ... ရန်သူက တစ္ဆေတွေတင် မကဘူး၊ လူတွေပါ ပါနေတယ်..."
"အသက်ရှင်ဖို့ အတွက် တိုက်ရမှာပဲ... ရှိသမျှ အင်အား အကုန်ထုတ်သုံးရမယ်... အဘိုးချင် တစ်ယောက်ပဲ ကျန်တော့တယ်... သူက နောက်ဆုံး သော့ချက်ပဲ..."
ဝမ်ကော်ချန် ခေါင်းငြိမ့်လိုက်သည်။ သူလည်း စိတ်ဖိစီးမှု လျော့ကျစေရန် ဆေးလိပ်တစ်လိပ် မီးညှိလိုက်သည်။
"မင်း ကျန်းမာရေး ဂရုစိုက်ပါ... ဌာနချုပ်ကို မင်း ဆက်ခံရမှာ... ဆေးလိပ် လျှော့သောက်..."
ချောင်ယန်ဟွာ သတိပေးလိုက်သည်။
"ဒုဝန်ကြီးက ပိုသောက်နေတာ..." ဝမ်ကော်ချန် ပြုံးလိုက်သည်။
"ငါက လျှော့စရာ မလိုတော့ဘူး... ဟိုတလောက ဆရာဝန် ပြကြည့်တာ အဆုတ်ကင်ဆာ ဖြစ်နေပြီ တဲ့..."
ဝမ်ကော်ချန်၏ အပြုံး ပျက်သွားသည်။
"ကိစ္စ မရှိပါဘူး... ကုချင်ရင် နည်းလမ်းတွေ အများကြီးပါ... တစ္ဆေနည်းလမ်းနဲ့ ကုလို့ ရတယ်... ဒါပေမဲ့ ငါ ငြင်းလိုက်တယ်... ထားပါတော့... နိုင်ရင် နိုင်၊ ရှုံးရင် ရှုံး... ငါတို့ အဆင်သင့် ဖြစ်နေရမယ်..."
အွန်လိုင်းပေါ်တွင်မူ ပင်လယ်မြို့ အကြောင်း ဆွေးနွေးမှုများ ဆူညံနေလေသည်။
"သင်္ဘော ရောက်လာပြီ... ယန်ကျန့်ကလည်း ရေလွှမ်းမိုးလိုက်ပြီ... စစ်ပွဲကြီး စတော့မယ်..."
"အရမ်း မြန်လွန်းတယ်... တစ္ဆေတွေ အကုန် လွတ်ကုန်တော့မယ်..."
"သူတို့ တိုက်တာ ငါတို့ပါ မြေစာပင် ဖြစ်ရတော့မယ်... ဘုရင်အဖွဲ့အစည်းက လူတွေ ရူးနေကြတာလား..."
တစ္ဆေဆရာ အများစုသည် ငြိမ်သက်နေကြသည်။ ဤအချိန်သည် ပြင်ဆင်ရမည့် အချိန် ဖြစ်သည်။ စစ်ပွဲ အဖြေက အဓိက မဟုတ်၊ မိမိတို့ အသက်ရှင်ဖို့က အဓိက ဖြစ်သည်။
"ဂျပန်က တစ္ဆေရှင်းလင်းရေး အဖွဲ့ ဘာသံမှ မကြားရဘူး... ပုန်းနေကြတာလား..."
အချို့က သတိထားမိကြသည်။
မည်သို့ပင် ဖြစ်စေ ပင်လယ်မြို့၏ အခြေအနေကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ အပြင်လူများ ဝင်ရောက်ပါက သေလမ်းသာ ရှိပေမည်။
သို့သော် ခြွင်းချက် ရှိလေသည်။
အဝေးပြေး လမ်းမပေါ်တွင် ဘတ်စ်ကား တစ်စီး ပင်လယ်မြို့ဘက်သို့ ဦးတည် မောင်းနှင်နေလေသည်။
"ဆရာ... မြန်မြန် မောင်းပေးပါ... ကျွန်မ အရေးကြီး ကိစ္စ ရှိလို့ပါ..."
ခရမ်းရောင် ချီပေါင် ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ပြောလိုက်သည်။ အစ်မဟုန် ပင် ဖြစ်သည်။
"လေယာဉ် စီးပါလား... ဘတ်စ်ကားက ဒီလောက်ပဲ ရမှာပါ... စည်းကမ်း ရှိတယ် ငါက..."
ယာဉ်မောင်းက ပြန်ပြောသည်။
"ကျွန်မက ဘတ်စ်ကား စီးရတာ ကြိုက်လို့..."
မကြာမီ ပင်လယ်မြို့ အဝင်တွင် လမ်းပိတ်ထားသည်ကို တွေ့လိုက်ရလေသည်။
"လမ်းပိတ်ထားတယ်... ပြန်လှည့်ရတော့မယ်... ညီမလေး... တောင်းပန်ပါတယ်..."
ယာဉ်မောင်း လှည့်ကြည့်လိုက်သောအခါ ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီး ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေသည်။
"ဟင်... ဘယ်ရောက်သွားတာလဲ..."
ယာဉ်မောင်း ကြောင်သွားလေသည်။
တစ်ချိန်တည်းမှာပင်...
ပင်လယ်မြို့ရှိ တစ္ဆေသင်္ဘောကြီးသည် ပျောက်ကွယ်သွားခဲ့လေသည်။ လက်တွေ့ကမ္ဘာတွင် နေထိုင်ချိန် ကုန်ဆုံးသွားပြီ ဖြစ်သည်။
သင်္ဘော ပျောက်သွားခြင်းသည် သတင်းကောင်း ဖြစ်သကဲ့သို့ သတင်းဆိုးလည်း ဖြစ်သည်။
သတင်းကောင်းမှာ တစ္ဆေစွမ်းအား သက်ရောက်မှု ပျောက်ကွယ်သွားခြင်း ဖြစ်ပြီး၊ သတင်းဆိုးမှာ သင်္ဘောပေါ်ရှိ တစ္ဆေများ အားလုံး ဆင်းသက်လာခြင်း ဖြစ်သည်။
တစ္ဆေ အန္တရာယ်သည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယန်ကျန့်သည် ရေကန်ပေါ်တွင် ရပ်နေသည်။ သူ့ရှေ့တွင် တစ္ဆေ ၄-၅ ကောင် ပေါ်လာပြီး တဖြည်းဖြည်း များပြားလာသည်။ အခြား နေရာများသို့လည်း တစ္ဆေများ ပျံ့နှံ့သွားလေသည်။
တစ္ဆေ အရေအတွက် များလာသည်နှင့်အမျှ ကိုင်တွယ်ရ ခက်ခဲလာသည်။
"ဘုရင်အဖွဲ့အစည်းက ဒီအချိန်မှာ လှုပ်ရှားမလား..."
ယန်ကျန့် စိုးရိမ်လာသည်။
"မတတ်နိုင်ဘူး... ရင်ဆိုင်ရမှာပဲ..."
ယန်ကျန့်သည် တစ္ဆေတစ်ကောင်ကို ပစ်မှတ်ထားပြီး ရှင်းလင်းရန် ပြင်ဆင်လိုက်သည်။
အခြား ခေါင်းဆောင်များလည်း ဖိအားများလာကြသည်။
"ဒီအဆောက်အအုံထဲကို တစ္ဆေတစ်ကောင် ဝင်သွားပြန်ပြီ..."
ဆူဖန် အော်ဟစ်လိုက်သည်။
"ငါတို့ တစ်ကောင်တောင် မရှင်းရသေးဘူး... နောက်တစ်ကောင် လာပြန်ပြီလား..."
လျူချီ မျက်မှောင်ကြုတ်လိုက်သည်။
စင်္ကြံလမ်းထဲမှ ငိုသံများ ကြားနေရသည်။
"အဆိုးဆုံး အခြေအနေ ရောက်လာပြီ..."
လီယန် မျက်နှာပျက်သွားသည်။
"တစ္ဆေတွေ များလာရုံတင် မကဘူး... ဘုရင်အဖွဲ့အစည်းက လူတွေလည်း ရှိနေတယ်... အသက်စွန့်ရမယ့် အချိန် ရောက်ပြီ... ဖယောင်းတိုင် ထွန်းပြီး အစားထိုးအရုပ် သုံးကြ... တစ္ဆေတွေကို အရင်ရှင်း..."
"ကောင်းပြီ..."
ဟဲယင်အာ ဘက်တွင်လည်း အခြေအနေ မကောင်းပေ။ တစ္ဆေများ တိုးလာနေသည်။
"ဒါ နောက်ဆုံး တိုက်ခိုက်မှုပဲ... ဒါပြီးရင် ပြီးပြီ... ဒါပေမဲ့ ရန်သူတွေကို သတိထား..."
ကျိုးဒန် သတိပေးလိုက်သည်။
"ကတ်တစ်ချပ် ထုတ်သုံးမှ ရမယ်..."
ဟဲယင်အာသည် ရေနွေးကြမ်းခွက်ဟောင်း တစ်ခုကို ထုတ်လိုက်သော်လည်း ပြန်သိမ်းပြီး ဝိညာဉ်တိုင် တစ်ခုကို ထုတ်ယူလိုက်သည်။
"ငါလည်း ထောက်ခံတယ်... အခု မသုံးရင် နောက်ကျသွားလိမ့်မယ်..."
ကျိုးဒန် သဘောတူလိုက်သည်။
ဝမ်ချာလင်း ဘက်တွင်မူ သူသည် မိသားစု တစ္ဆေများကို ပြန်ခေါ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားလိုက်သည်။
"ငါတို့ မိသားစု ကွဲလို့ မဖြစ်ဘူး... အတူတူ နေမှ ရမယ်..."
သူသည် တစ္ဆေများကို ရှင်းလင်းရင်း ဘုရင်အဖွဲ့အစည်းကို စောင့်ဆိုင်းနေသည်။
ဟဲယွဲ့လျန်သည်လည်း အခြေအနေကို သတိထားမိသည်။
မင်္ဂလာဝတ်စုံနှင့် သတို့သမီးများစွာ ပေါ်လာပြီး နေရာအနှံ့ ကာကွယ်ထားလိုက်သည်။
"သူတို့ စလှုပ်ရှားပြီ..."
လမ်းမီးတိုင်အောက်တွင် ကျန်းရှန်ကွမ် ပေါ်လာသည်။ သူသည် တစ်နေရာကို ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် အမှောင်ထဲသို့ ပြန်ဝင်သွားလေသည်။
"ခေါင်းဆောင်တွေ အကန့်အသတ် ရောက်နေပြီ... လှုပ်ရှားဖို့ အချိန်တန်ပြီ... ငါတို့ အနိုင်ယူကြစို့..."
ဘုရင်အဖွဲ့အစည်းမှ လူများသည် အခြေအနေကို ကြည့်ပြီး လှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြသည်။
ပင်လယ်မြို့တွင် ပုန်းအောင်းနေသော ဘုရင်များ အားလုံး ထွက်ပေါ်လာကြလေသည်။