အခန်း (၂၁၂)
Vol. 22 Ch. 212
အခန်း။ ၂၁၂
ချင်းရွှေခြံဝင်း ကစားကွင်း။
ကျိရုရွှယ်သည် ဒန်းစီးနေသည်။ ဒန်းပေါ်တွင် ထိုင်နေသော သူမ၏ ကိုယ်လုံးလေးမှာ ရှေ့နောက် ယိမ်းခါနေပြီး ဝတ်ဆင်ထားသော အဖြူရောင် ဂါဝန်လေးမှာလည်း လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ ကျိရုရွှယ်၏ နီမြန်းသော မျက်နှာလေးပေါ်တွင် လန်းဆန်းတောက်ပသည့် အပြုံးများဖြင့် ပြည့်နှက်နေသည်။
"ချီချီလေး... ပြဿနာတွေ အားလုံး ပြေလည်သွားပြီ ထင်တယ်နော်"
လျှောစင်ကို မှီရပ်ရင်း ကျိရုရွှယ်ကို ကြည့်နေသော ကျောက်လင်းက ပြုံး၍ မေးလိုက်သည်။ ရက်အတော်ကြာ ကစားကွင်းသို့ မလာနိုင်ခဲ့သော ချီချီလေး ယနေ့မှ စိတ်လက်ပေါ့ပါးစွာ ထွက်လာသည်ကို မြင်ရသဖြင့် သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ရိပ်မိလိုက်ခြင်း ဖြစ်သည်။
ကျောက်လင်း၏ စကားကို ကြားသောအခါ ကျိရုရွှယ်သည် ဒန်းကို ဖြည်းဖြည်းချင်း အရှိန်သတ်လိုက်သည်။ ထို့နောက် ကျောက်လင်းကို ကြည့်ကာ ခေါင်းညိတ်ပြရင်း သူမ၏ ကြည်လင်ပြတ်သားသော အသံလေးဖြင့် ပြန်ပြောလိုက်သည်။
"ယာယီအားဖြင့်တော့ ပြေလည်သွားပါပြီ"
ဖေဖေသည် စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး စတုတ္ထအဆင့် ဆင့်ကဲဇွန်ဘီ လေးကောင်ကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ သူမကိုယ်တိုင်၏ စတုတ္ထအဆင့် ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်လျှင် ဤအင်အားမှာ ကျိရုရွှယ်ကို စိတ်အေးလက်အေး အသက်ရှူနိုင်စေသည်။
စတုတ္ထအဆင့် တိုက်ခိုက်ရေးသမား ခြောက်ဦးအထိ ရှိနေခြင်းကြောင့် လာမည့်ကာလတိုအတွင်း ဘေးကင်းမည်ဟု ကျိရုရွှယ် ယူဆထားသည်။ အဘယ်ကြောင့်ဆိုသော် တတိယအဆင့် ဆင့်ကဲပြောင်းလဲသူ အများအပြား ပေါင်းတိုက်လျှင်ပင် စတုတ္ထအဆင့် တစ်ဦးကို ယှဉ်နိုင်ရန် ခဲယဉ်းသောကြောင့်ပင်။
လူသားများ၏ ရှင်သန်ကျန်ရစ်သူ အခြေစိုက်စခန်း အထူးသဖြင့် အနီးနားရှိ ကျန်းဟိုင်
အခြေစိုက်စခန်းက ဤခြံဝင်းကို ရှာတွေ့သွားလျှင်ပင် ဆင့်ကဲပြောင်းလဲသူ ဘယ်လောက်များများ စေလွှတ်နိုင်မှာလဲ။ လာသမျှလူ အားလုံးမှာ သေတွင်းထဲ တိုးဝင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
"ကောင်းလိုက်တာ။ ဒါဆိုရင် ချီချီလေး အခုကစပြီး နေ့တိုင်း အပြင်ထွက်လာမှာလား"
ကျောက်လင်းသည် ချီချီလေးအတွက် ဝမ်းသာပေးရင်း ချက်ချင်း ထပ်မေးလိုက်သည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ကစားကွင်း၌ လူသူမရှိဘဲ တစ်ယောက်တည်း နေခဲ့ရသည်မှာ သူမအတွက် အတော်လေးကို အထီးကျန်ပြီး မွန်းကျပ်စရာ ကောင်းခဲ့သည်။
ယခင်က အနည်းဆုံးတော့ ချီချီလေးကို မြင်တွေ့ခွင့်ရပြီး စကားပြောဖော် အဖော်ပြုဖော် ရခဲ့သော်လည်း ဇွန်ဘီဘုရင်အခက်အခဲနှင့် ကြုံတွေ့ရချိန်မှစ၍ ချီချီလေးကို မြင်တွေ့ရန်ပင် ခက်ခဲသွားခဲ့သည်။
"ဒါပေါ့... အခုကစပြီး နေ့တိုင်း အပြင်ထွက်ကစားမယ် အန်တီနဲ့လည်း စကားပြောလို့ရပြီ"
ကျိရုရွှယ်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ ဤ ကိုးကြိမ်သေ နတ်ဆိုးရဲမေကို သူမ၏ဘက်တော်သားဖြစ်အောင် သိမ်းသွင်းရန် ရည်ရွယ်ထားသည့်အတွက် ကျိရုရွှယ်အနေဖြင့် သူမနှင့် ရင်းနှီးမှုတည်ဆောက်ရန် လိုအပ်သည်ကို ကောင်းစွာသိသည်။ တစ်ဖက်လူက လက်ရှိတွင် အားကိုးရရန် ဝေးသေးသော်လည်း သူမ၏ စွမ်းရည်မှာ နောက်ဆုံးတွင် ဧကရာဇ်အဆင့်အထိ ရောက်ရှိမည့်သူ ဖြစ်သည်။
ထိုစဉ် ကျောက်လင်းက ရုတ်တရက် တည်ကြည်လေးနက်သော လေသံဖြင့် "ချီချီလေး... အန်တီ သမီးနဲ့ သမီးဖေဖေကို ကူညီပေးပါ့မယ် စိတ်မပူနဲ့တော့နော်"
သူမသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်ရှိပြီး စကားအဆုံးတွင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ကျိရုရွှယ်မှာ ခေတ္တမျှ မှင်တက်သွားပြီးမှ ဤသည်မှာ ထိုနေ့က သူမမေးခဲ့သော မေးခွန်းအတွက် ကျောက်လင်း၏ အဖြေဖြစ်ကြောင်း သဘောပေါက်သွားသည်။
အမှန်အတိုင်းပြောရလျှင် ဤသို့သော အဖြေမျိုးကို ကျောက်လင်းထံမှ ကြားရလိမ့်မည်ဟု ကျိရုရွှယ် လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ကျောက်လင်းသည် တာဝန်ကို အသက်ထက် တန်ဖိုးထားပြီး ရှင်သန်ကျန်ရစ်သူ လူသားများကို ကာကွယ်ရန် သစ္စာဆိုထားသူပင်။ ယခင်ဘဝတွင်လည်း သူမသည် ထိုစိတ်ဓာတ်ကြောင့်ပင် အကြိမ်ကြိမ် သေဆုံးခဲ့ရဖူးသည်။
သို့သော် ယခုမူ သူမသည် ကျိရုရွှယ်နှင့် ဖေဖေ့ဘက်မှ ရပ်တည်ပေးမည်ဟု ပြောနေသည်။ ဖေဖေ့၏ ရန်သူများမှာ လူသားများဖြစ်ကြောင်း သူမသိထားပါလျက် သူမ ကာကွယ်မည်ဟု သစ္စာဆိုထားသော လူသားများကို ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
"ဘာဖြစ်လို့လဲဟင်"
ကျိရုရွှယ် ဇဝေဇဝါ ဖြစ်သွားသည်။ တစ်ဖက်လူ၏ စိတ်နေစိတ်ထားမှာ အဘယ်ကြောင့် ဒီလောက်အထိ ပြောင်းလဲသွားရတာလဲဆိုသည်ကို သူမ လုံးဝ နားမလည်နိုင်တော့ပေ။
ကျောက်လင်းအနေဖြင့် ရွေးချယ်စရာလမ်း နှစ်သွယ်ကြားတွင် ဗျာများနေပြီး နောက်ဆုံးတွင် လူသားများဘက်သို့သာ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု ကျိရုရွှယ်က တွက်ဆထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့တွင် ထိုအမျိုးသမီးက သူမအား အံ့ဩစရာကောင်းသော အဖြေတစ်ခုကို ပေးလိုက်သည်။
အမှန်တကယ်ပင် ကံကြမ္မာဆိုသည်မှာ ခန့်မှန်းရခက်သည်။
"ဘာလို့လဲဆိုတော့... အန်တီ သမီးကို ကာကွယ်ပေးမယ်လို့ ကတိပေးထားလို့ပေါ့"
ကျိရုရွှယ်၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ကျောက်လင်း၏ မျက်နှာမှာ အလွန်ပင် လေးနက်တည်ကြည်နေသည်။
အမှန်စင်စစ် ချီချီလေးနှင့် ဇွန်ဘီဘုရင်ကို ကူညီရန် ဆုံးဖြတ်ချက်မှာ ကျောက်လင်း၏ စေ့စပ်သေချာသော စဉ်းစားမှုများပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အကယ်၍ ဇွန်ဘီဘုရင်သာ လူသားများ၏လက်တွင် အရေးနိမ့်သွားခဲ့ပါက သူနှင့်အတူရှိနေသော ချီချီလေးမှာလည်း ဘေးဒုက္ခကြုံတွေ့ရနိုင်သည်။ ယခုကဲ့သို့ နေ့စဉ်နေ့တိုင်း ပျော်ရွှင်စွာ ရယ်မောနေနိုင်တော့မည်မဟုတ်သည်မှာ သေချာသလောက်ရှိရာ ထိုသို့သောအခြေအနေမျိုးကို ကျောက်လင်း မမြင်လိုပေ။
ထို့ပြင် ဇွန်ဘီဘုရင်၌ လူသားတို့ကဲ့သို့ အသိဉာဏ်ရှိနေခြင်းမှာ ကျောက်လင်းအတွက် အဓိကအချက်ဖြစ်လာသည်။ ဤကာလအတွင်း ဇွန်ဘီဘုရင်သည် သားရဲများကို အမဲလိုက်ရာတွင် အလွန်ရက်စက်ကြမ်းကြုတ်သော်လည်း လူသားများကို သတ်ဖြတ်ခြင်းအား သူမ တစ်ခါမျှ မမြင်ခဲ့ဖူးချေ။ သူမကိုယ်တိုင်ပင် အကြိမ်ကြိမ် ပြစ်မှားခဲ့သော်လည်း သူမကို သတ်ရန် မကြိုးစားခဲ့ပေ။
ဤအချက်များကြောင့် ဇွန်ဘီဘုရင်သည် သဘာဝအရ သတ်ဖြတ်ခြင်းကို ဝါသနာပါသူမဟုတ်ကြောင်း ကျောက်လင်း အတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့သော ဇွန်ဘီဘုရင်မျိုးကို လူသားများ၏ လက်ချက်ဖြင့် ပျက်စီးမသွားစေလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ချီချီလေးရှိနေခြင်းကြောင့်သာ ဇွန်ဘီဘုရင်မှာ လူသားများကို ရန်လိုခြင်းမရှိဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိနေခြင်းဖြစ်သည်ဟု သူမ ယူဆသည်။
အကယ်၍ လူသားများ၏ တိုက်ခိုက်မှုကြောင့် ချီချီလေး ထိခိုက်သွားခဲ့လျှင် သို့မဟုတ် ဇွန်ဘီဘုရင်ကို သူမနှင့် ခွဲခွာစေခဲ့လျှင် ထိုဇွန်ဘီဘုရင်မှာ ဘယ်လိုသော ရူးသွပ်မှုမျိုး ပြုလုပ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ လူသားများကဲ့သို့ ဉာဏ်ရည်ရှိသော ထိုသို့သောအရှင်သခင်မျိုး ရူးသွပ်သွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ စိတ်ကူးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
အနက်ရောင် သိမ်းငှက်ကြီးသည် ကုန်တင်ကားနောက်သို့ ထပ်ကြပ်မကွာလိုက်ရင်း ကျန်းနန်မြို့ပြခရိုင်၏ အပြင်ဘက်အထိ ပျံသန်းလာခဲ့သည်။
ကုန်တင်ကားမှာ မြို့ပြင်ဆင်ခြေဖုံးအရပ်သို့ တောက်လျှောက် ဦးတည်မောင်းနှင်နေသည်ကို ကြည့်ပြီး သိမ်းငှက်သည် အလွန်စိတ်လှုပ်ရှားနေမိသည်။ ရန်သူသည် မြို့ထဲမှ ထွက်ခွာလာခြင်းမှာ သေချာပေါက် ရည်ရွယ်ချက်တစ်ခုခု ရှိရမည်ဖြစ်ရာ ၎င်းနောက်သို့သာ လိုက်သွားပါက လျှို့ဝှက်ချက်တစ်ခုခုကို ဖော်ထုတ်နိုင်မည်မှာ အသေအချာပင်။
နောက်ဆုံးတွင် ထိုကုန်တင်ကားမှာ ခြံဝင်းတစ်ခုအတွင်းသို့ မောင်းနှင်ဝင်ရောက်သွားသည်ကို သိမ်းငှက် မြင်လိုက်ရသည်။ ထိုခြံဝင်းကို မြင်လိုက်ရသည့် ခဏ၌ပင် သိမ်းငှက် မှာ မှင်တက်သွားရတော့သည်။
ခြံဝင်း၏ ပတ်ပတ်လည်တွင် ထူးခြားသော နီရဲသည့် နွယ်ပင်များဖြင့် ရက်လုပ်ထားသည့်အလား သွေးနီရောင် တံတိုင်းကြီးတစ်ခု ရှိနေသည်။ အရေးကြီးဆုံးအချက်မှာ ထိုသွေးနီရောင် တံတိုင်းကြီးမှာ မျက်စိတစ်ဆုံးအထိ ရှည်လျားလှသဖြင့် ကြည့်ရသူကို များစွာ ထိတ်လန့်စေသည်။
ထို့နောက် သိမ်းငှက်၏ အကြည့်မှာ အတွင်းဘက်ရှိ မြင့်မားလှသော ကျောက်တံတိုင်းကြီးထံသို့ ရောက်ရှိသွားသည်။ ထိုကျောက်တံတိုင်းကြီးမှာ ဧရာမကျောက်တုံးကြီးများဖြင့် အခိုင်အမာ တည်ဆောက်ထားခြင်းဖြစ်ပြီး မည်သည့်အရာကမျှ မဖောက်ထွင်းနိုင်သော ခံတပ်ကြီးတစ်ခုအလား အလွန်တောင့်တင်းခိုင်မာလှသည်။
“ဒါက ဇွန်ဘီတွေရဲ့ အခြေစိုက်စခန်းလား။ ဘာလို့ လူသားတွေ နေတဲ့နေရာနဲ့ ပိုတူနေရတာလဲ”
လူသားများ ကိုယ်တိုင် တည်ဆောက်ထားသည့်အလား တိကျသေသပ်နေသော တံတိုင်းနှစ်
ထပ်ကို ကြည့်ရင်း သိမ်းငှက်က စိတ်ထဲမှ ကြိတ်၍ သံသယဖြစ်နေမိသည်။
ဆက်လက်၍ သိမ်းငှက်ကြီးမှာ ခြံဝင်း၏ အနက်ရှိုင်းဆုံးနေရာအထိ ပျံသန်းသွားပြီး ခြံဝင်းတစ်ခုလုံး၏ အထက်တွင် ဝဲပျံလျက် အောက်ဘက်ရှိ အခြေအနေများကို စူးရှသော သိမ်းငှက်မျက်လုံးများဖြင့် ကြည့်ရှုတော့သည်။
ခဏအကြာတွင် သိမ်းငှက်သည် ကျောက်တံတိုင်းအတွင်း၌ ဇွန်ဘီအများအပြားကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ အများစုမှာ အရပ်မြင့်မြင့် ရုပ်ရည်ကြမ်းတမ်းသော ဆင့်ကဲဇွန်ဘီ များ ဖြစ်ကြသော်လည်း ထိုဇွန်ဘီများမှာ ထူးဆန်းနေသည်။
အဘယ်ကြောင့်ဆိုသော် ထိုဇွန်ဘီများသည် လက်ထဲတွင် ကိရိယာတန်ဆာပလာများကို ကိုင်ဆောင်ထားပြီး အလုပ်လုပ်နေကြသောကြောင့်ပင်။
အချို့ဇွန်ဘီများမှာ ပေါက်တူးများကို ကိုင်၍ ပေါင်းသင်နေကြသည်။ အချို့မှာ ဂေါ်ပြားများဖြင့် မြောင်းတူးနေကြပြီး အချို့မှာမူ ခြင်းတောင်းများကို ကိုင်ကာ သစ်ပင်ပေါ်မှ တစ်စုံတစ်ခုကို ခူးဆွတ်နေကြသည်...။
ဤမြင်ကွင်းမှာ သိမ်းငှက်အား မျက်စိလည်သွားစေပြီး အကြီးအကျယ် ဝေခွဲမရ ဖြစ်စေခဲ့သည်။
ဒါက ဘယ်လိုအခြေအနေမျိုးလဲ ကားမောင်းရုံတင်မကဘဲ အခုတော့ လယ်ထွန်ပြီး ခြံအလုပ်တွေပါ လုပ်နေကြတာလား။
သိမ်းငှက် တစ်ယောက် ဤအဓိပ္ပာယ်မရှိသော ဖြစ်ရပ်ကို စဉ်းစားနေစဉ်မှာပင် အောက်ဘက်ရှိ လူရိပ်တစ်ခုက သူ၏အာရုံကို ဖမ်းစားလိုက်သည်။
၎င်းမှာ ဒန်းစီးနေသော ကျိရုရွှယ်ပင်။
ကျိရုရွှယ်ကို မြင်လိုက်ရသည်နှင့် သိမ်းငှက်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
“မိန်းကလေး တစ်ယောက်လား”
“ဒါဆိုရင် ငါတို့ရှာနေတဲ့ မစ်ရှင်ပစ်မှတ် ထူးဆန်းတဲ့ မိန်းကလေးငယ်ဆိုတာ ဒါပဲပေါ့”