အခန်း (၂၁၉)
Vol. 22 Ch. 219
အခန်း။၂၁၉
ဝမ်လေ့၏ ဦးဆောင်မှုအောက်တွင် အဖွဲ့သုံးဖွဲ့လုံးသည် ဖုံးကွယ်ရလွယ်ကူသော တောအုပ်အတွင်းမှ ထွက်ခွာလာပြီး လွင်ပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။
သူတို့၏ အရှေ့မလှမ်းမကမ်းတွင်မူ သွေးဆာနေသော နွယ်ပင်အမြောက်အမြားဖြင့် တည်ဆောက်ထားသည့် သွေးနီရောင် တံတိုင်းကြီးက ဆီးကြိုနေသည်။ နွယ်ပင်များအကြားရှိ အပေါက်ငယ်များမှတစ်ဆင့် ခြံဝင်းအတွင်း၌ ကူးလူးသွားလာနေသော ဇွန်ဘီများ၏ ပုံရိပ်များကို ဝိုးတဝါး မြင်တွေ့နေရသည်။
"အားလုံး နားထောင်ကြ အဲဒီမိန်းကလေးကို အရင်ဆုံး ဖမ်းမိတဲ့သူက ဖြစ်နိုင်ရင် သူမကို အရှင်ထားဖို့ ကြိုးစားကြည့်ပါ"
ဝမ်လေ့က သူ၏ နောက်ကွယ်ရှိ လူများဘက်သို့ လှည့်ကာ တိုးညှိးသောအသံဖြင့် ညွှန်
ကြားလိုက်သည်။
"ဒီဇွန်ဘီဘုရင်က သုတေသနလုပ်ဖို့ တကယ့်ကို တန်ဖိုးရှိတယ်။ ဇွန်ဘီတစ်ကောင်ဖြစ်ပေမဲ့ ထူးခြားတဲ့ အသိဉာဏ်ကို ပိုင်ဆိုင်ထားတာပဲ။ တကယ်လို့ သူမကို အခြေစိုက်စခန်းကို အရှင်ခေါ်သွားနိုင်ပြီး အထက်ကလူတွေ သုတေသနလုပ်ခွင့်ရမယ်ဆိုရင် သူမရဲ့ အားနည်းချက်တွေကို ရှာဖွေနိုင်လိမ့်မယ်။ ဒါဆိုရင် နောင်မှာ ဒီလိုမျိုး ဇွန်ဘီဘုရင်တွေကို ရင်ဆိုင်ရတာ ပိုလွယ်သွားလိမ့်မယ်"
ယခုအချိန်အထိ မည်သူမျှ ဤကဲ့သို့သော ဇွန်ဘီဘုရင်မျိုးကို အရှင်မဖမ်းမိဖူးသေးရာ သူတို့သာ အောင်မြင်ခဲ့ပါက ပထမဆုံးသောသူများ ဖြစ်လာပေလိမ့်မည်။ ထို့နောက် ဝမ်လေ့က ခေတ္တရပ်ကာ ထပ်လောင်း၍ ပြောလိုက်သည်။
"ဒါပေမဲ့ အခြေအနေက အရှင်ဖမ်းဖို့ အဆင်မပြေဘူးဆိုရင်တော့ အတင်းအကျပ် မလုပ်ပါနဲ့။ တိုက်ရိုက်သာ သတ်ပစ်လိုက်ကြ။ သေသွားတဲ့ ဇွန်ဘီဘုရင်က အရှင်လောက် တန်ဖိုးမရှိပေမဲ့ ကျွန်တော်တို့ အခြေစိုက်စခန်းအတွက် လျှို့ဝှက်ချက်တချို့ကို ဖော်ထုတ်ဖို့ လုံလောက်ပါတယ်"
အမှန်စင်စစ် ဇွန်ဘီဘုရင်ရှိရာသို့ ထိုးဖောက်ဝင်ရောက်ပြီး သုတ်သင်ရန်မှာပင် ခက်ခဲလှသည်
ဖြစ်ရာ အရှင်ဖမ်းဆီးရန်မှာ ပို၍ပင် မလွယ်ကူကြောင်း ဝမ်လေ့ နားလည်ထားသည်။ သူတို့အားလုံးမှာ ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသော်လည်း ဤလုပ်ငန်းစဉ်မှာ အလွန်ပင် စိန်ခေါ်မှုကြီးမားလှသည်။
အဖွဲ့သုံးဖွဲ့၏ နောက်ကွယ် မလှမ်းမကမ်းတွင်မူ ပျားလေးတစ်ကောင်သည် အမှောင်ထုအတွင်း ပျံဝဲနေသည်။ ထိုပျားလေး၏ အမြင်အာရုံမှတစ်ဆင့် ဝမ်လေ့၏ စကားလုံးတိုင်းကို ကြားလိုက်ရသော ကျိရုရွှယ်၏ ရင်ထဲတွင် အေးစက်သော လူသတ်လိုစိတ်များ ပြည့်လျှံလာတော့သည်။
သူမသည် လူသားခန္ဓာကိုယ်နှင့် အသိဉာဏ်ရှိသော မိန်းကလေးငယ်တစ်ဦး ဖြစ်သော်လည်း သူမအား ကယ်တင်၍ ကျွေးမွေးစောင့်ရှောက်ခဲ့သူမှာ ဇွန်ဘီဖေဖေဖြစ်သူ လုချွမ်းသာ။
ဤလူသားမျိုးနွယ်တူများသည် သူမအား အသက်ရှင်လျက် ဖမ်းဆီးကာ သုတေသနပစ္စည်းတစ်ခုအဖြစ် အသုံးချရန် သို့မဟုတ် အသက်ကို နှုတ်ယူရန်သာ ကြံစည်နေကြခြင်းမှာ ရယ်ချင်စရာကောင်းလှသည်။
ကျိရုရွှယ်၏ နှလုံးသားထဲတွင် သူမ၏ ဖခင်ဖြစ်သူ လုချွမ်း၏ အဆင့်အတန်းမှာ လူမျိုးစုခွဲခြားမှုများကို ကျော်လွန်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ အကယ်၍ သူမအား ကယ်တင်ခဲ့သော ဤဇွန်ဘီဖခင်သာ မရှိခဲ့ပါက ထိုစဉ်က အားကိုးရာမဲ့နေသော သူမ၏ဘဝမှာ ငတ်မွတ်ခေါင်းပါးမှုဖြင့် သေဆုံးသွားခဲ့မည်မှာ အသေအချာပင်။
ထိုအချိန်တွင် အဖွဲ့သုံးဖွဲ့စလုံးသည် သွေးဆာနွယ်ပင်တံတိုင်းအနီးသို့ ရောက်ရှိနေပြီဖြစ်သည်။ နီရဲသော နွယ်ပင်များဖြင့် တည်ဆောက်ထားသည့် ထိုတံတိုင်းကြီးကို ကြည့်ကာ သူတို့အားလုံးက သာမန်အလှစိုက် နွယ်ပင်တံတိုင်းတစ်ခုအဖြစ်သာ မှတ်ယူကာ လျှော့တွက်ထားခဲ့ကြသည်။
ထို့နောက် ခေါင်းဆောင်သုံးဦး၏ အချက်ပြမှုဖြင့် အဖွဲ့တစ်ခုစီမှ အဖွဲ့ဝင်တစ်ဦးစီသည် ရှေ့သို့တက်လှမ်းလာကြသည်။ သူတို့သည် စစ်သုံးဓားများကို ကိုင်ဆောင်ထားပြီး နွယ်ပင်များကို ဖြတ်တောက်ကာ ဝင်ပေါက်သုံးခု ဖန်တီးရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် မျှော်လင့်မထားသော အခြေအနေတစ်ခုမှာ သူတို့သုံးဦးသည် ဓားများကို ဆန့်ထုတ်ကာ နွယ်ပင်များကို စတင်ထိတွေ့ရန် ကြိုးစားလိုက်သည့် အချိန်၌ပင် ပေါ်ပေါက်လာတော့သည်။
ရှူး... ရှူး... ရှူး...
အမှောင်ထုအတွင်းမှ စူးရှသော လေတိုးသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကျိရုရွှယ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် သွေးဆာနွယ်ပင်တံတိုင်းကြီးမှာ သက်ရှိတစ်ခုအလား နိုးထလာခဲ့သည်။ သွေးဆာနွယ်ပင်များသည် မြွေဟောက်များအလား လှုပ်ရှားလာပြီး ချွန်ထက်နီရဲသော ထိပ်ဖျားများသည် သွေးရောင်လွှမ်းနေသည့် လှံရှည်ကြီးများကဲ့သို့ ဖြစ်လာတော့သည်။
ရုတ်တရက်ဆိုသလို နွယ်ပင်တံတိုင်းထဲမှ နွယ်ပင်အမြောက်အမြားသည် ဝှေ့ယမ်းထွက်ပေါ်လာပြီး သွေးနီရောင်အလင်းတန်းများ ဖြာထွက်ကာ အေးစက်သော သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်လိုက်ကြသည်။
အရှေ့ဆုံးသို့ ရောက်ရှိနေသော အဖွဲ့ဝင်သုံးဦးမှာ အနီးကပ်ဆုံးဖြစ်နေသဖြင့် အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ နွယ်ပင်အများအပြား၏ ထိုးဖောက်ခြင်းကို တိုက်ရိုက်ခံလိုက်ရသည်။ သူတို့၏ ရင်ဘတ်များကို နွယ်ပင်များက ဖောက်ထွက်သွားပြီး လွင့်စင်လာသော သွေးစက်များသည် နောက်ကွယ်ရှိ လူများ၏ မျက်နှာပေါ်သို့ ဖြန်းခနဲ ကျရောက်ကုန်တော့သည်။
"အား..."
ထိုသုံးဦးမှာ နာကျင်စွာ အော်ဟစ်လိုက်ကြသော်လည်း နွယ်ပင်များက သူတို့အား လေထဲသို့ မြှောက်တင်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် စွမ်းအင်များကို အငမ်းမရ စုပ်ယူလိုက်ကြသည်။ သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူလျော့သွားပြီး သူတို့၏ စွမ်းရည်များကိုပင် ထုတ်သုံးခွင့်မရတော့ဘဲ အော်ဟစ်သံများမှာ တဖြည်းဖြည်း တိမ်ဝင်သွားတော့သည်။
"မကောင်းတော့ဘူး ဒီနွယ်ပင်တံတိုင်းက တစ်ခုခုမှားနေပြီ။ ဒါက ဘာနွယ်ပင်ကြီးလဲ"
"မိုက်မဲတဲ့ မိစ္ဆာနွယ်ပင်တွေပဲ"
"မြန်မြန်... သူတို့ကို ကယ်ကြဦး..."
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် နောက်ကွယ်ရှိ လူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤတံတိုင်းကြီးကို တည်ဆောက်ထားသည့် နွယ်ပင်များမှာ အသိဉာဏ်ရှိသော သက်ရှိများဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
"မြန်မြန်... သူတို့ကို ကယ်ကြဦး"
နွယ်ပင်များ၏ ထိုးဖောက်ခြင်းကို ခံထားရသော အဖွဲ့ဝင်သုံးဦးကို ကြည့်ရင်း ဝမ်လေ့နှင့် အခြားသူများမှာ သတိပြန်ဝင်လာပြီး ကယ်တင်ရန် ပြင်လိုက်ကြသည်။ သို့သော် ထိုအချိန်မှာပင် သွေးဆာနွယ်ပင်အမြောက်အမြားသည် ဘေးဘက်မှနေ၍ လူအုပ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ကယ်ဆယ်ခွင့်မရအောင် ပိတ်ဆို့လိုက်တော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
အဖွဲ့သားများမှာ မိမိတို့ဆီသို့ ဦးတည်လာသော နွယ်ပင်များကို အရင်ဆုံး ခုခံကာကွယ်ရတော့သည်။ ခဏချင်းအတွင်းမှာပင် အမျိုးမျိုးသော စွမ်းရည်များကို ထုတ်ဖော်လိုက်ကြသည်။
"သတ်ကြဟေ့"
ယန်ရှို့၊ လျိုယန်နှင့် အခြားသော အနီးကပ်တိုက်ခိုက်ရေးသမားများသည် အရှေ့ဆုံးမှ ရပ်တည်ကာ သူတို့၏ သုံးပေရှည် ဓားရှည်များ၊ မြင်းဖြတ်ဓားကြီးများနှင့် အခြားလက်နက်များကို ဝှေ့ယမ်းကာ သွေးဆာနွယ်ပင်များနှင့် အဆက်မပြတ် ရင်ဆိုင်တိုက်ခိုက်ကြသည်။ နွယ်ပင်များနှင့် လက်နက်များ ထိတွေ့မိတိုင်း မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံများ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ဝမ်လေ့၏ တစ်ကိုယ်လုံးမှာ သံမဏိကဲ့သို့ မာကျောသွားပြီး သူ၏ အရေပြားမှာ သတ္တုရောင်များ တောက်ပလာသည်။ သူသည် တိုက်ပွဲ၏ အရှေ့ဆုံးမှနေ၍ တိုက်ခိုက်မှုအများစုကို ခံယူပေးနေသည်။ သို့သော် သူသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ သွေးရောင်လွှမ်းနေသော လှံရှည်များအလား ပြေးဝင်လာသည့် နွယ်ပင်များကို သူ၏ ပြင်းထန်သော လက်သီးချက်များဖြင့် ပြန်လည် တုံ့ပြန်နေသည်။ ဝမ်လေ့၏ သံမဏိခန္ဓာကိုယ်နှင့် နွယ်ပင်များ ထိတွေ့မိတိုင်း နားကွဲလုမတတ် သတ္တုချင်းရိုက်သံများ ထွက်ပေါ်နေတော့သည်။
တစ်ဖက်တွင်မူ နွယ်ပင်များ၏ ထိုးဖောက်ခြင်းကို ခံခဲ့ရသော အဖွဲ့ဝင်သုံးဦးမှာ သွေးဆာနွယ်ပင်တံတိုင်းကြီးအတွင်းသို့ လျင်မြန်စွာ ဆွဲခေါ်ခြင်းခံလိုက်ရပြီး တင်းကျပ်စွာ ချည်နှောင်ခံလိုက်ရသည်။
"အား... ကယ်... ကယ်ကြပါဦး..."
ထိုသူသုံးဦးသည် စူးစူးဝါးဝါး အကူအညီတောင်းသံတစ်ချက်သာ ထွက်ပေါ်နိုင်ခဲ့သည်။
နောက်တစ်စက္ကန့်တွင်မူ အရပ်မျက်နှာအနှံ့မှ သွေးဆာနွယ်ပင်အမြောက်အမြားသည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကာ အသက်ရှူရုံမျှသော အချိန်အတွင်းမှာပင် လွှမ်းမိုးဝါးမြိုသွားခဲ့သဖြင့် သူတို့၏ အသံများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"တောက် ဒါ ဘာမိစ္ဆာကြီးလဲကွာ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်လေ့နှင့် အခြားသူများမှာ ဒေါသအလိပ်လိုက် ထွက်လာကြပြီး အဖွဲ့ဝင်သုံးဦးကို ပြန်လည်လုယူရန် အစွမ်းကုန် ရှေ့သို့ တိုးဝင်ကြသည်။
"အား..."
သို့သော်လည်း သူတို့၏ စစ်ကြောင်းမှာ စနစ်တကျမရှိဘဲ ဖရိုဖရဲဖြစ်သွားသဖြင့် အားနည်းသော ဆင့်ကဲပြောင်းလဲသူနှစ်ဦးမှာ နွယ်ပင်များ၏ ထပ်မံဖမ်းဆီးခြင်းကို ခံလိုက်ရပြန်သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ထိုးဖောက်ခံရပြီး လေထဲသို့ မြှောက်တင်ခြင်း ခံလိုက်ရသည်။ ထို့နောက် ထိုနှစ်ဦးမှာလည်း နွယ်ပင်တံတိုင်းဆီသို့ တရွတ်တိုက် ဆွဲခေါ်ခြင်း ခံလိုက်ရပြန်တော့သည်။
သွေးဆာနွယ်ပင်များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော ကျန်ရှိသူများမှာ သူတို့၏ လုပ်ဖော်ကိုင်ဖက်များ နွယ်ပင်တံတိုင်းအတွင်းသို့ ဆွဲခေါ်သွားခံရပြီး သေမင်းတံခါးဝသို့ ရောက်ရှိသွားသည်ကို လက်ပိုက်ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။
ခြံဝင်းအတွင်း၌မူ လျှောစီးကစားစရာအောက်တွင် အိပ်ပျော်နေသော ကျောက်လင်းသည် စူးစူးဝါးဝါး အော်ဟစ်သံများကြောင့် ချက်ချင်း နိုးလာခဲ့သည်။ ခြံဝင်းအပြင်ဘက်ရှိ အရောင်အမျိုးမျိုးသော အလင်းတန်းများ လင်းလက်နေသည့် နေရာကို ကြည့်ရင်း သူမ၏ မျက်နှာမှာ အတန်ငယ် လေးနက်သွားသည်။
စတင်နေပြီပဲ...
သူမ ထင်ထားသည်ထက် ပို၍မြန်ဆန်နေပြီး လူသားများဘက်မှ အထိနာနေပုံရသည်။ ချီချီလေး ပြောခဲ့သည့်အတိုင်း ဤတစ်ကြိမ်တွင် ဇွန်ဘီဘုရင်က အေးအေးဆေးဆေးပင် ကိုင်တွယ်နိုင်ပေလိမ့်မည်။
တစ်ဖက်တွင်လည်း လုချွမ်းသည် အခန်းတွင်းမှနေ၍ ဇွန်ဘီရုပ်သေးတစ်ကောင်၏ အမြင်အာရုံမှတစ်ဆင့် အခြေအနေအားလုံးကို စောင့်ကြည့်နေသည်။ သူသည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ဇွန်ဘီရုပ်သေးတစ်ကောင်ကို ခြံဝင်းအပြင်ဘက်သို့ ထွက်ခွာရန် အမိန့်ပေးလိုက်သည်။
သွေးဆာနွယ်ပင်တောအုပ်အတွင်း ရုန်းကန်နေရသော ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို မြင်လိုက်ရသောအခါ လုချွမ်း၏ မျက်နှာမှာ အေးစက်ခက်ထန်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာသည်။ လူသားဆင့်ကဲပြောင်းလဲသူများသည် တကယ်ပင် ဤခြံဝင်းကို ပစ်မှတ်ထားကာ အမှောင်ထုကို အကာအကွယ်ယူ၍ မသမာသောစိတ်ဖြင့် ခိုးဝင်ခဲ့ကြခြင်းပင်။ သို့သော် ကံဆိုးသည်မှာ ထိုလူအုပ်စုသည် သွေးဆာနွယ်ပင်များ၏ ထူးခြားသော သဘာဝကို သတိမပြုမိခဲ့ကြခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် ချီချီလေး၏ သတိပေးချက်ကြောင့် သူသည် ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့သည်။ မဟုတ်ပါက တကယ့်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ ဤသို့တွေးမိသည်နှင့် လုချွမ်း၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာကာ သူ၏ မျက်ဝန်းများမှာ သွေးဆာနေသော အရောင်များ တောက်ပလာတော့သည်။
ကောင်းပြီ... ကောင်းပြီ... မင်းတို့က သေမင်းကို အလိုရှိနေမှတော့ ငါကပဲ ဖြည့်ဆည်းပေးရတာပေါ့။