← Chapters

အခန်း (၂၂၀)

Vol. 22 Ch. 220

အခန်း (၂၂၀)

Vol. 22 Ch. 220

အခန်း။ ၂၂၀

ကောင်းကင်ယံတွင် ပျံသန်းနေသော ပျားလေးသည် လုချွမ်း၏ ဆင့်ကဲဇွန်ဘီများ စတင်လှုပ်ရှားလာသည်ကို အထင်အသား မြင်တွေ့လိုက်ရသည်။

ထိုခဏ၌ပင် အခန်းတွင်းရှိ ကျိရုရွှယ်၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူအလား ပြုံးရိပ်တစ်ခု ပေါ်ပေါက်လာသည်။

ဟွန်း... ငါတို့ခြံဝင်းကို ညဘက်စီးနင်းဖို့ ကြံစည်တယ်ပေါ့။ အခုတော့ ဖေဖေရဲ့ ဒေါသကို ရင်ဆိုင်ဖို့သာ ပြင်ထားကြတော့။

ယခုအချိန်တွင် ကျိရုရွှယ်၏ စိတ်ကူးထဲ၌ ထိုလူများ ဘယ်လို အသေဆိုးဖြင့် သေဆုံးကြတော့မည်ဆိုသည့် ပုံရိပ်များက နေရာယူထားနှင့်ပြီဖြစ်သည်။ ဒုတိယအဆင့်မျှသာရှိသော ဤဆင့်ကဲပြောင်းလဲသူများသည် သူမဖခင်၏ စတုတ္ထအဆင့် ဆင့်ကဲဇွန်ဘီများကို ယှဉ်နိုင်ရန် လုံးဝမဖြစ်နိုင်ချေ။ အထူးသဖြင့် ဧရာမသံတုတ်ကြီးကို ကိုင်ဆောင်ထားသော အားဖန်၏ ဝှေ့ယမ်းချက်တစ်ချက်တည်းနှင့်တင် ဤလူများမှာ လူရုပ်မပေါ်အောင် ကြေမွသွားမည်မှာ သေချာလှသည်။

ခြံဝင်းအတွင်း၌မူ ကျူးကျော်သူများအပေါ် ထွက်ပေါ်လာသော ဒေါသကြောင့် လုချွမ်း၏ အသိစိတ်များမှာ ပြင်းထန်စွာ လှုပ်ခတ်လာပြီး အိမ်အပြင်ဘက်ရှိ ဧရာမပုံရိပ်ကြီးများဆီသို့ အမိန့်များ ရောက်ရှိသွားတော့သည်။

ဧရာမဇွန်ဘီ ၁ နှင့် အားဖန်တို့သည် စစ်မြေပြင်ဆီသို့ ချက်ချင်းပင် ခြေလှမ်းလှမ်းလိုက်ကြသည်။ ၎င်းတို့၏ ကြီးမားထွားကျိုင်းလှသော ခန္ဓာကိုယ်များက ခြေတစ်လှမ်းလှမ်းတိုင်း မြေပြင်ကို တုန်ခါသွားစေပြီး ရင်တုန်ပန်းတုန်ဖြစ်စေမည့် ဒုန်း... ဒုန်း... ဟူသော အသံများကို မြည်ဟီးစေသည်။

တစ်ချိန်တည်းမှာပင် အမှောင်ထုထဲတွင် မီးရှူးတိုင်များအလား လင်းလက်တောက်ပနေသော မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့သည်လည်း စစ်မြေပြင်ဆီသို့ တစ်ပြိုင်နက် ဦးတည်လိုက်ကြသည်။ ၎င်းတို့မှာ မှော်ဆရာများဖြစ်ကြသဖြင့် ဧရာမဇွန်ဘီ ၁ တို့ကဲ့သို့ ခြေလျင်ပြေးလွှားနေရန် မလိုအပ်ချေ။ မြေလျှိုး ၁ ၏ ခန္ဓာကိုယ်မှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး မီးလျှံ ၁ ကိုပါ လွှမ်းခြုံလိုက်ကာ မြေလျှိုးစွမ်းရည်ဖြင့် စစ်မြေပြင်ဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

စစ်မြေပြင်တွင်မူ ဆင့်ကဲပြောင်းလဲသူအဖွဲ့သုံးဖွဲ့သည် သွေးဆာနွယ်ပင်များနှင့် အသည်းအသန် လုံးပန်းနေရပြီး အကျအဆုံး များပြားနေပြီဖြစ်သည်။ အစောပိုင်းက ဆုံးရှုံးသွားသော အဖွဲ့ဝင် ၅ ဦးအပြင် ယခုအခါ နောက်ထပ် အဖွဲ့ဝင် ၃ ဦးမှာလည်း နွယ်ပင်များ၏ ဒဏ်ရာပေးခြင်းကို ခံလိုက်ရပြန်သဖြင့် သူတို့၏ တိုက်ပွဲဝင်ဝတ်စုံများမှာ သွေးများဖြင့် ရွှဲနစ်နေတော့သည်။

သွေးဆာနွယ်ပင်များသည် သာမန်သားရဲသွေးများထက် ပိုမိုထူးကဲသော ဆင့်ကဲပြောင်းလဲသူများ၏ သွေးအရသာကို မြည်းစမ်းလိုက်ရသဖြင့် အစွမ်းကုန် ရူးသွပ်လာပြီး တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

ကျိရုရွှယ်၏ စိတ်ညှို့ယူထိန်းချုပ်မှုအောက်တွင် သွေးဆာနွယ်ပင်များသည် မြွေထောင်သောင်းချီ၍ လူးလွန့်နေသကဲ့သို့ ဆင့်ကဲပြောင်းလဲသူအဖွဲ့များဆီသို့ အုံနှင့်ကျင်းနှင့် ပြေးဝင်တိုက်ခိုက်နေတော့သည်။ သွေးဆာနွယ်ပင်များထံမှ ထွက်ပေါ်လာသော နီရဲသည့်အလင်းတန်းများက မှောင်မည်းနေသော ညကောင်းကင်ယံကို သွေးရောင်လွှမ်းသွားစေသည်။

ရှူး... ရှူး... ရှူး...

လေထုကို ဖြတ်သန်းသွားသည့် စူးရှသော အသံများမှာ ရပ်တန့်သွားခြင်းမရှိဘဲ အဆက်မပြတ် မြည်ဟီးနေသည်။ ဤမျှ ပြင်းထန်လှသော တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသော ဆင့်ကဲပြောင်းလဲသူအဖွဲ့ဝင်များမှာ မျက်နှာများ ဖြူလျော့ကုန်ကြပြီး နောက်တွန့်ရဲခြင်းမရှိဘဲ မိမိတို့၏ စွမ်းအားရှိသမျှ အကုန်ထုတ်သုံး၍ ခုခံနေကြရသည်။

ဝမ်လေ့သည် သူ၏ခန္ဓာကိုယ်ကို သံမဏိအဖြစ် ပြောင်းလဲထားပြီး သွေးဆာနွယ်ပင်များနှင့် အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်နေသည်။ သူ၏ တိုက်ပွဲဝင်ဝတ်စုံမှာ စုတ်ပြတ်သတ်နေပြီဖြစ်ကာ သတ္တုရောင်လက်နေသော အရေပြားများ ပေါ်ထွက်နေသည်။ ဝမ်လေ့သည် ခန္ဓာကိုယ်ကို မာကျောအောင် လုပ်နိုင်သော်လည်း သူ၏ အသားမှာ သံမဏိစစ်စစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ နွယ်ပင်များ၏ ရေရှည်တိုက်ခိုက်မှုကို ခံရသောအခါ သူ၏ မာကျောလှသော အရေပြားပေါ်တွင် သွေးစွန်းသည့် အနီကွက်များနှင့် ညိုပြာရောင် ဒဏ်ရာများ စတင်ပေါ်ပေါက်လာတော့သည်။

ဝမ်လေ့နှင့် မလှမ်းမကမ်းတွင်ရှိသော ခေါင်းဆောင်ကျန်းမှာလည်း ဆယ်ပေကျော်မြင့်သည့် ဧရာမဘီလူးကြီးအဖြစ် အသွင်ပြောင်းထားသည်။ သူ၏ ကြွက်သားများမှာ ထွားကျိုင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို မီးခိုးရောင် အခွံမာများဖြင့် ဖုံးအုပ်ထားသဖြင့် ခုခံမှုအင်အား အလွန်ကောင်းမွန်လှသည်။ သူ၏ လက်များမှ တစ်ပေခွဲခန့်ရှည်လျားပြီး အေးစက်စုတ်ပြတ်သော အရိုးဓားများ ထွက်ပေါ်လာသည်။

သူသည် အော်ဟစ်လျက် သူ၏ ခြေသည်း၊ လက်သည်းများကို ဝှေ့ယမ်းကာ နွယ်ပင်များကို ခုတ်ပိုင်းနေသည်။ တိုက်ခိုက်လာသော နွယ်ပင်များသည် အပိုင်းပိုင်းပြတ်ကာ လွင့်စင်ကုန်ပြီး နွယ်ပင်အရည်များမှာလည်း နေရာအနှံ့ စင်ထွက်ကုန်တော့သည်။ သို့သော် ခေါင်းဆောင်ကျန်း၏ မဆင်မခြင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်မှုမှာ မကြာမီမှာပင် ကြီးမားသော ပေးဆပ်မှုကို ကြုံတွေ့ရတော့သည်။

သူသည် နွယ်ပင်များကို ခုခံရန် လက်သည်းကို ထပ်မံဝှေ့ယမ်းလိုက်သည့် အခိုက်အတန့်မှာပင် ကျိရုရွှယ်၏ လိမ္မာပါးနပ်သော ထိန်းချုပ်မှုဖြင့် ဘေးဘက်မှ နွယ်ပင်အချို့မှာ မြှားတစ်စင်းအလား တိုးထွက်လာပြီး ခေါင်းဆောင်ကျန်း၏ ညာဘက်လက်မောင်းကို ထိုးဖောက်လိုက်တော့သည်။ သူ၏ လက်မောင်းတွင် လက်သီးဆုပ်ခန့်ရှိသော သွေးစွန်းသည့် အပေါက်ကြီးများ ဖြစ်ပေါ်သွားကာ သွေးများ ပန်းထွက်လာခဲ့သည်။

"အား..."

ပြင်းထန်လှသော နာကျင်မှုကြောင့် ခေါင်းဆောင်ကျန်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ယိုင်နဲ့သွားတော့သည်။ သူသည် နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလိုက်ရပြီးမှသာ မတ်မတ်ပြန်ရပ်နိုင်တော့သည်။

"ခေါင်းဆောင်... ဒီနွယ်ပင်တွေက ကိုင်တွယ်ရတာ အရမ်းခက်ခဲလွန်းတယ်။ ကျွန်တော်တို့ အမြန်ဆုတ်ကြရအောင်"

သွေးဆာနွယ်ပင်များနှင့် အသည်းအသန် တိုက်ခိုက်နေရသော ယန်ရှို့သည် သူ၏ လုပ်ဖော်ကိုင်ဖက် ငါးဦး အသေဆိုးဖြင့် သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရပြီးနောက် အင်အားကုန်ခမ်းကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ပြောလိုက်သည်။

အခြားသူများသည်လည်း ဆုတ်ခွာလိုစိတ်များ ပြင်းထန်နေကြပြီဖြစ်သည်။ ခြံစည်းရိုးနားသို့ ချဉ်းကပ်ရုံမျှဖြင့် အဖွဲ့ဝင်ငါးဦးကို ဆုံးရှုံးလိုက်ရသည်ဖြစ်ရာ ခြံဝင်းအတွင်း၌ မည်မျှအထိ အန္တရာယ်ကြီးမားမည်ကို သူတို့ မတွေးဝံ့ကြတော့ပေ။ ဤထူးဆန်းသော နွယ်ပင်များသည် အလွန်ပင် ဘေးအန္တရာယ်ကြီးမားလှသဖြင့် ဆက်လက်တိုက်ခိုက်နေပါက သူတို့အားလုံး ဤနေရာ၌ပင် အသက်ပျောက်ကြရပေလိမ့်မည်။

"မှန်တယ် အမြန်ဆုတ်ကြစို့ ဒီလောက်အသံတွေ ကျယ်နေတာ ဇွန်ဘီဘုရင်သေချာပေါက် သတိထားမိသွားလောက်ပြီ။ စီမံကိန်းကတော့ ပျက်သွားပြီ။ အချိန်ရှိတုန်း အမြန်ဆုတ်တာ အကောင်းဆုံးပဲ"

ခရမ်းရောင် လျှပ်စီးတန်းများ ဝန်းရံထားသော ခေါင်းဆောင်လီက မြွေဟောက်အလား လှုပ်ရှားနေသော လျှပ်စီးများကို အသုံးပြု၍ နွယ်ပင်များကို ခုခံရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုစကားကို ကြားရသောအခါ ဝမ်လေ့၏ မျက်ဝန်းများတွင် မကျေမနပ်ဖြစ်မှုနှင့် တုံ့ဆိုင်းမှုများ ပြည့်နှက်နေသော်လည်း အခြေအနေအရ လက်ခံရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်... အဝေးမှနေ၍ စည်းချက်ကျကျ ပြေးလွှားလာသော ခြေသံများကို ကြားလိုက်ရသည်။ ဝမ်လေ့သည် ထိုအသံလာရာဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်စိသူငယ်အိမ်များမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ကျုံ့သွားတော့သည်။

မှောင်မည်းနေသော အမှောင်ထုအတွင်းမှ ဧရာမ ဇွန်ဘီကြီးနှစ်ကောင်သည် သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်ကို မြင်လိုက်ရသည်။

အမလေး... ဒါတွေက ဘယ်လိုအဆင့်ရှိတဲ့ ဇွန်ဘီတွေလဲ။

တတိယအဆင့်လား ဒါမှမဟုတ်... စတုတ္ထအဆင့်များလား။

ထိုဇွန်ဘီကြီးနှစ်ကောင်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ဝမ်လေ့အား တုန်လှုပ်သွားစေသည်။ ၎င်းတို့မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤဇွန်ဘီကြီးများ၏ ရှေ့မှောက်တွင် ဝမ်လေ့သည် သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်ထက်ပင် အားနည်းနေသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝ အရေးမပါတော့ချေ။

အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူး။

တောက်... သိမ်းငှက်က ဒီခြံဝင်းထဲမှာ အဆင့်မြင့်ဆင့်ကဲဇွန်ဘီတွေ မရှိဘူးလို့ ပြောခဲ့တာမဟုတ်လား။ အခုတော့ ဒီလောက်ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတွေက ဘယ်ကနေ ရောက်လာတာလဲ။

"အားလုံး... ပြေးကြတော့"

ဝမ်လေ့သည် သတိပြန်ဝင်လာသည်နှင့် တုံ့ဆိုင်းမနေဘဲ သူသည် အဆုတ်ကွဲမတတ် အားကုန်

အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။ ထိုအမိန့်ကို ကြားလိုက်ရချိန်တွင် ကျန်ရှိနေသူများမှာ သေမင်းလက်မှ လွတ်မြောက်ခွင့်ရသည့်အလား ဝမ်းသာအားရဖြင့် ဆုတ်ခွာရန် ပြင်လိုက်ကြသည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ သူတို့နှင့် မလှမ်းမကမ်းရှိ မြေပြင်မှ ဝါကျင့်ကျင့်အလင်းတန်းများ ဖြာထွက်လာပြီး မြေလျှိုး ၁ နှင့် မီးလျှံ ၁ တို့သည် မြေအောက်မှ ခုန်ထွက်လာကြသည်။ မီးချော်ရည်များအလား ရဲရဲတောက်နေသော မီးလျှံ ၁ ၏ လက်အစုံမှာ ဖြည်းညှိးစွာ မြှောက်တက်လာပြီးနောက် အနီရောင်အလင်းတန်းများ စူးရှစွာ တောက်ပလာတော့သည်။

ခဏချင်းအတွင်းမှာပင် တစ်မီတာခန့် အချင်းရှိသော ဧရာမ မီးလုံးကြီး တစ်ဆယ်ကျော်မှာ ကောင်းကင်ယံမှ ဥက္ကာခဲများအလား ကျဆင်းလာပြီး ဆင့်ကဲပြောင်းလဲသူများအကြား ပေါက်ကွဲသွားတော့သည်။ မီးလျှံများမှာ ကောင်းကင်ယံသို့တိုင် ဟုန်းဟုန်းတောက်သွားပြီး မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

"အား..."

ပြေးနှုန်းနှေးကွေးသော ဆင့်ကဲပြောင်းလဲသူလေးဦးမှာ မီးလျှံများ၏ ဝါးမြိုခြင်းကို တိုက်ရိုက်ခံလိုက်ရပြီး ကိုယ်ခန္ဓာများ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ လွင့်စင်သွားရရှာသည်။ အသက်ရှင်ကျန်ရစ်သော ခေါင်းဆောင်သုံးဦးအပါအဝင် ခြောက်ဦးမှာလည်း မီးလုံးများ၏ ပေါက်ကွဲမှုဒဏ်ကို ခံလိုက်ရသည်။ ပြင်းထန်လှသော အပူလှိုင်းများက သူတို့ကို လေထဲသို့ လွင့်စင်သွားစေပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြန်လည်ကျဆင်းလာစေသည်။

ယခုအခါ အသက်ရှင်ကျန်ရစ်သူများမှာ သရဲတစ်ကောင်အလား ဖြူလျော့နေကြပြီး တစ်

ကိုယ်လုံးလည်း မည်းတူးနေတော့သည်။ သူတို့၏ မျက်နှာပေါ်တွင် နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး လူတိုင်း၏ရင်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့သော စိတ်ဓာတ်များက နေရာယူထားတော့သည်။

ထိုအချိန်တွင် ငြိမ်သက်နေသော မြေလျှိုး ၁ ထံမှ ဝါကျင့်ကျင့် အလင်းတန်းများ ပိုမိုတောက်ပလာပြီး မြေပြင်သို့ ပျံ့နှံ့သွားသည်။ မိုးခြိမ်းသံကဲ့သို့သော အသံများနှင့်အတူ မြေပြင်မှာ တုန်ခါလာပြီး မြင့်မားမာကျောလှသော မြေတံတိုင်းကြီးများမှာ ပတ်ပတ်လည်မှ ထိုးထွက်လာကာ ကျန်ရှိနေသော ဆင့်ကဲပြောင်းလဲသူများကို လေးထောင့်ပုံစံ အကျဉ်းထောင်သဖွယ် ပိတ်ဆို့လိုက်တော့သည်။

ဒဏ်ရာသိပ်မပြင်းထန်သော ဝမ်လေ့က မြေပြင်မှ ထရပ်လိုက်သည်။ ပတ်ဝန်းကျင်မှ မြင်ကွင်းကို ကြည့်ရင်း သူ၏ မျက်နှာမှာ အလွန်ပင် ခက်ထန်သွားတော့သည်။

အသုံးမကျတဲ့ သိမ်းငှက်စုတ်... သတင်းအမှားတွေ ပို့ခဲ့တာပဲ။

All Chapters