အခန်း (၁၂၅၆-၁၂၅၈)
Vol. 86 Ch. 1256-1258
အခန်း (၁၂၅၆) နည်းနေသေးတယ်
နောက်တစ်နေ့ ညနေပိုင်းတွင် စတိဗ် ဖော့ဘ်စ်သည် နယူးယောက်သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် ဖုန်းယွီအကြောင်းနှင့် တရုတ်သူဌေးကြီးများအကြောင်းကို အကုန်အစင် နားမလည်ခဲ့သော်လည်း အတိုင်းအတာတစ်ခုအထိတော့ တိုးတက်မှု ရရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ ဖုန်းယွီက သူသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဝန်ခံခဲ့ခြင်းပင် ဖြစ်ရာ၊ နောက်ထွက်မည့် Forbes မဂ္ဂဇင်းမှာ သေချာပေါက် ရောင်းအားကောင်းပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဟူရမ်သည်လည်း အလုပ်များနေခဲ့သည်။ ယခုတစ်ပတ်ထုတ် ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်းတွင် ဖော့ဘ်စ်၏သူဌေးကြီးစာရင်းကို ပြန်လည်ဖော်ပြမည် ဖြစ်သလို၊ Forbes မဂ္ဂဇင်းကလည်း သူတို့၏ တရုတ်သူဌေးကြီးစာရင်းမှ အချက်အလက်များကို ပြန်လည်ဖော်ပြမည် ဖြစ်သည်။ ထို့ပြင် ကျုံးချင်းရှန်၏ အင်တာဗျူးကိုလည်း Forbes မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်းအသစ် ထွက်ရှိလာခဲ့သည်။ မဂ္ဂဇင်းမှာယူထားသူ အများအပြား သတိပြုမိသည်မှာ ယခင်က ဖော့ဘ်စ်က အာရှအချမ်းသာဆုံးဟု အမြဲသတ်မှတ်ခဲ့သော ဖုန်းယွီ၏ အမည်နောက်တွင် ယခုအခါ ပိုင်ဆိုင်မှု ခန့်မှန်းခြေ ဒေါ်လာ ၆၀ ဘီလီယံဟူ၍ ပါရှိလာခြင်းပင် ဖြစ်သည်။
ယခင်က ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်းသည် ဖုန်းယွီ၏ အမည်ကို စာရင်းထဲတွင် မထည့်သွင်းခြင်း သို့မဟုတ် ပိုင်ဆိုင်မှုနေရာတွင် မေးခွန်းထုတ်သင်္ကေတ ပြထားခြင်းတို့သာ ပြုလုပ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ အတိအကျ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ဤအချက်ကို မြင်တွေ့ရသူတိုင်းမှာ အံ့အားသင့်သွားကြရသည်။ ဖုန်းယွီသည် အလွန်ချမ်းသာကြောင်း နိုင်ငံခြား မဂ္ဂဇင်းများနှင့် မီဒီယာများမှတစ်ဆင့် သိရှိထားသူများပင်လျှင် ဤမျှလောက် များပြားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ထိုပိုင်ဆိုင်မှု ယူနစ်ဖြစ်သော ဒေါ်လာကို ယွမ်အဖြစ် ပြောင်းလဲလိုက်လျှင်ပင် ဖုန်းယွီသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေဆဲပင်။
ဖုန်းယွီ၏ ပိုင်ဆိုင်မှု မည်မျှရှိသည်ကို တစ်ခါမျှ မသိရှိခဲ့ဖူးသူများမှာမူ ဤအချက်အလက်ကို မြင်သောအခါ မှင်သက်သွားကြရသည်။ အထူးသဖြင့် နောက်ဆုံးတွင် ပါရှိသော စာသားလေးဖြစ်သည့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုသည့် စကားလုံးကြောင့်ပင် ဖြစ်သည်။
ဖုန်းယွီက ကမ္ဘာ့အချမ်းသာဆုံး ဖြစ်သွားပြီ ဟုတ်လား။ ကမ္ဘာ့အချမ်းသာဆုံးက တရုတ်လူမျိုး တစ်ယောက် ဖြစ်လာပြီပေါ့လေ။
ဤသတင်းကို အထက်လူကြီးများကလည်း သတိပြုမိသွားကြသည်။ အချို့က ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှု ဤမျှ များပြားလွန်းခြင်းမှာ မကောင်းဟု ယူဆကာ မျက်မှောင်ကြုတ်ကြသော်လည်း၊ အချို့ကမူ ဤသည်မှာ မိမိအရည်အချင်းဖြင့် ရှာဖွေထားသော ငွေများဖြစ်သဖြင့် အကြီးအကျယ် ကြော်ငြာပေးသင့်သည်ဟု ယူဆကြသည်။ ထိုသို့ ကြော်ငြာခြင်းဖြင့် တရုတ်နိုင်ငံသည် ကောလာဟလများအတိုင်း ပိတ်ဆို့ထားသော နိုင်ငံမဟုတ်ကြောင်းနှင့် အစိုးရက ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို သိမ်းယူသည်ဆိုသည့် စကားမှာ မဟုတ်မှန်ကြောင်း နိုင်ငံခြားသားများ သိရှိသွားပေလိမ့်မည်။ မဟုတ်ပါက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်သည် တရုတ်နိုင်ငံတွင် မည်သို့ ပေါ်ထွက်လာနိုင်ပါမည်နည်း။
တရုတ်နိုင်ငံသည် လက်ရှိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အင်တိုက်အားတိုက် ဖိတ်ခေါ်နေချိန်ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ပအရင်းအနှီးများ လိုအပ်လှသည်။ ဖုန်းယွီကို ကြော်ငြာကတ်ပြားတစ်ခုအဖြစ် ကောင်းကောင်း အသုံးချနိုင်ပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးကိုလည်း တစ်ဆင့်မြင့်တက်စေမည် ဖြစ်သည်။
အထက်လူကြီးများ နောက်ဆုံးဆွေးနွေးဆုံးဖြတ်လိုက်သည်မှာ ဖုန်းယွီနှင့် စကားပြောကြည့်ရန်နှင့် ဖုန်းယွီအနေဖြင့် နိုင်ငံတော်အတွက် ပိုမိုကူညီပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားရန်ပင် ဖြစ်သည်။
...
Forbes မဂ္ဂဇင်း အသစ်ထွက်ရှိလာသောအခါ ကမ္ဘာ့သူဌေးကြီးစာရင်းကို အဆင့်မြှင့်တင်ခဲ့သည်။ စာရင်း၏ နံပါတ် ၁ နေရာတွင် ဘီလ်ဂိတ် မဟုတ်တော့ဘဲ ဖုန်းယွီ ဖြစ်လာခဲ့ပြီး ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၀ ဘီလီယံ ဖြစ်သည်။
ပိုင်ဆိုင်မှုနောက်တွင် ဂဏန်းအပြည့် ပါရှိပါက ၎င်းမှာ ခန့်မှန်းချက်သာ ဖြစ်သည်။ အများအပြားက ဤအချက်ကို မကျေနပ်ကြပေ။ ဖုန်းယွီ၏ ပိုင်ဆိုင်မှုက ဘာကြောင့် ဒီလောက်အထိ မြင့်မားနေရသနည်း။ ဖုန်းယွီသည် ကြီးမားသော ကုမ္ပဏီကြီးများကို စီမံခန့်ခွဲနေသည်ကိုလည်း မတွေ့ရပါလားဟု တွေးတောကြသည်။
မိုက်ခရိုဆော့ဖ်ကို စီမံခန့်ခွဲနေသည့် ဘီလ်ဂိတ်ပင်လျှင် ဒုတိယနေရာသို့ ရောက်သွားရသည်မှာ ဤအချက်အလက်များ မှားယွင်းနေသလားဟု သံသယဝင်ကြလေသည်။
ထို့ကြောင့် သူတို့သည် နောက်စာမျက်နှာများသို့ လှန်ကြည့်ကြရာ ဖုန်းယွီ၏ပိုင်ဆိုင်မှုနှင့် ပတ်သက်သော ရှင်းလင်းချက်ကို တွေ့ရှိရသည်။ ဖုန်းယွီ၏ပိုင်ဆိုင်မှုများသည် Holding ကုမ္ပဏီကြီး နှစ်ခုထံမှ လာခြင်းဖြစ်သည်။ တစ်ခုမှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မှတ်ပုံတင်ထားပြီး နောက်တစ်ခုမှာ ဗာဂျင်ကျွန်းစုတွင် ဖြစ်သည်။
ထိုကုမ္ပဏီ နှစ်ခုစလုံးတွင် ဖုန်းယွီသည် အဓိက ရှယ်ယာရှင် ဖြစ်သော်လည်း ရှယ်ယာ ပိုင်ဆိုင်မှု အချိုးအစား အတိအကျကိုမူ မသိရှိရပေ။ Holding ကုမ္ပဏီ တစ်ခု၏ ပိုင်ဆိုင်မှုကို ဒေါ်လာ ၅၀ ဘီလီယံဟု သတ်မှတ်ပြီး နောက်တစ်ခုကို ၃၀ ဘီလီယံဟု သတ်မှတ်ထားရာ၊ Forbes မဂ္ဂဇင်းက ဖုန်းယွီ၏ ပျမ်းမျှ ရှယ်ယာ ပိုင်ဆိုင်မှုကို ၇၅ ရာခိုင်နှုန်းဟု တွက်ချက်ကာ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။
ဤHolding ကုမ္ပဏီနှစ်ခု၏ ဈေးကွက်တန်ဖိုးမှာ ဖော့ဘ်စ် ၅၀၀ စာရင်းဝင် ကုမ္ပဏီကြီးများနှင့် ယှဉ်လျှင်မူ ပြောပလောက်သည် မဟုတ်ပေ။ ထိပ်တန်း ကုမ္ပဏီကြီးများသည် ရှယ်ယာဈေးများ ကျဆင်းနေသည့်တိုင် ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်တွင် ရှိနေပြီး၊ မိုက်ခရိုဆော့ဖ် ကဲ့သို့သော ကုမ္ပဏီများမှာမူ ဈေးကွက်တန်ဖိုး ၃၀၀ ဘီလီယံကျော်တွင် ရှိနေဆဲ ဖြစ်သည်။
သို့သော် သူတို့ အံ့အားသင့်သွားသည်မှာ ထိုကုမ္ပဏီကြီးများတွင် ဖုန်းယွီ၏ ရှယ်ယာ ပိုင်ဆိုင်မှု အချိုးအစားမှာ အလွန်မြင့်မားနေခြင်းပင် ဖြစ်သည်။ အံ့ဩစရာ အကောင်းဆုံးအချက်မှာ ထိုHolding အုပ်စုကြီးများအောက်တွင် စတော့ဈေးကွက်၌ စာရင်းဝင်ထားသော ကုမ္ပဏီခွဲ အနည်းငယ်သာ ရှိနေခြင်းပင် ဖြစ်သည်။
မနှစ်က ပိုင်ဆိုင်မှု တွက်ချက်ချက်များအရ ဤကုမ္ပဏီနှစ်ခု၏ နှစ်စဉ် အမြတ်အစွန်းမှာ ၂၀ ရာခိုင်နှုန်းအထက်တွင် ရှိနေသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ကုမ္ပဏီ အများစုမှာ အရှုံးပေါ်နေခဲ့ကြသည်။ ဘီလ်ဂိတ် ဖြစ်စေ၊ စတော့သူဌေးကြီး ဘတ်ဖတ် ဖြစ်စေ အားလုံး အရှုံးပေါ်နေချိန်တွင် ဖုန်းယွီက အမြတ်ရနေရုံသာမက အမြတ်နှုန်းမှာလည်း မနည်းလှပေ။
ပိုင်ဆိုင်မှု ကြီးမားသော ကုမ္ပဏီများလေ အမြတ်နှုန်းမှာ လျော့နည်းလေ ဖြစ်သော်လည်း၊ အခြေခံ ပိုင်ဆိုင်မှု ကြီးမားသဖြင့် အမြတ်ငွေ ပမာဏမှာ မနည်းလှပေ။ အရောင်းရငွေ ဘီလီယံ ၁၀၀ ရှိသော ကုမ္ပဏီတစ်ခုသည် အမြတ်နှုန်း ၅ ရာခိုင်နှုန်းသာ ရှိလျှင်ပင် အမြတ်ငွေ ၅ ဘီလီယံ ရရှိမည် ဖြစ်သည်။ သို့သော် အရောင်းရငွေ ဘီလီယံ ၁၀ သာရှိသော ကုမ္ပဏီတစ်ခုသည် အမြတ်နှုန်း ၂၀ ရာခိုင်နှုန်း ရှိလျှင်ပင် အမြတ်ငွေ ၂ ဘီလီယံသာ ရရှိပေလိမ့်မည်။
ဘီလ်ဂိတ်သည်လည်း သူ၏ ရုံးခန်းအတွင်း၌ Forbes မဂ္ဂဇင်းကို ဖတ်နေလေသည်။ သူသည် မဂ္ဂဇင်းကို မှာယူစရာ မလိုပေ။ မဂ္ဂဇင်း ထွက်ရှိတိုင်း သူ၏ ရုံးခန်းသို့ အရောက် လာပို့ပေးသူ ရှိပြီးသား ဖြစ်သည်။ ဤသည်မှာ ထိပ်တန်း သူဌေးကြီးတစ်ဦး၏ အထူးအခွင့်အရေးများထဲမှ တစ်ခု ဖြစ်သည်။
ပေါလ်အယ်လန်သည် တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး Forbes မဂ္ဂဇင်းကို စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်တင်လိုက်သည်။ "ဘီလ်... ဟိုဖုန်းယွီမှာ ၆၀ ဘီလီယံ ပိုင်ဆိုင်မှု ရှိတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ စတိဗ် ကတော့ သေချာပေါက် မှားသွားပြီ"
ဘီလ်ဂိတ်သည် မဂ္ဂဇင်းကို ပိတ်လိုက်ပြီး ပေါလ်အယ်လန်ကို မော့ကြည့်ကာ မေးလိုက်သည်။ "ဒါဆိုရင် ဘယ်ပိုင်ဆိုင်မှု တွက်ချက်ချက်က မှားနေတယ်လို့ မင်း ထင်လို့လဲ"
ပေါလ်အယ်လန် မှင်သက်သွားသည်။ သူသည် မယုံကြည်ချင်ရုံ သက်သက်သာ ဖြစ်ပြီး၊ ဘယ်အချက် မှားနေသလဲဟု မေးလာသောအခါ သူ မပြောတတ်တော့ပေ။ ဖုန်းယွီ၏ ပိုင်ဆိုင်မှု တွက်ချက်ချက်များကို သူလည်း အသေအချာ ဖတ်ရှုခဲ့ပြီးသား ဖြစ်ရာ၊ ထိုတွက်ချက်မှုများမှာ ပြဿနာ မရှိလှပေ။
ဤအချက်အလက်များသည် Forbes မဂ္ဂဇင်းက အခွန်ပေးဆောင်မှု အခြေအနေများကို လေ့လာဆန်းစစ်ထားခြင်း ဖြစ်သလို၊ အခြားသော နည်းလမ်းများဖြင့်လည်း စုံစမ်းထားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံဘက်မှ အခွန်ကိစ္စများကိုမူ သူတို့ သေချာ မသိရှိနိုင်သဖြင့် အများစုမှာ ခန့်မှန်းချက်များသာ ဖြစ်သည်။
ဘီလ်ဂိတ်သည် ပေါလ်အယ်လန်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "ငါကတော့ ပြဿနာ တစ်ခု ရှိတယ်လို့ မြင်တယ်"
ပေါလ်အယ်လန် ဝမ်းသာသွားသည်။ ဘီလ်ဂိတ်က အမှားကို ရှာတွေ့သွားပြီလား။
"ဘယ်လို ပြဿနာလဲ... မြန်မြန် ပြောစမ်းပါဦး"
"ငါ့အမြင်တော့ စတိဗ်က ဖုန်းယွီရဲ့ ပိုင်ဆိုင်မှုကို တွက်ချက်တာ နည်းနေတယ်လို့ ထင်တယ်!"
ပေါလ်အယ်လန်၏ မျက်နှာမှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ဘာကို ဆိုလိုတာလဲ၊ နည်းနေတယ် ဟုတ်လား။ ဘီလ်ဂိတ်က ဖုန်းယွီ၏ အစစ်အမှန် ပိုင်ဆိုင်မှုမှာ ၆၀ ဘီလီယံထက် ပိုသည်ဟု ယူဆနေခြင်းလား။
ဘီလ်ဂိတ်က သူ၏ အမြင်ကို သက်သေပြရန် ဥပမာများ စတင် ပေးတော့သည်။
ဥပမာအားဖြင့် အာရှ၏ အကြီးဆုံး လက်လီလုပ်ငန်းစု ဖြစ်သော ထိုက်ဟွာ စူပါမားကတ် အုပ်စု၏ ဈေးကွက်တန်ဖိုးကို တွက်ချက်ရာတွင် ချေးငွေများ ရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် အလွန်နည်းပါးစွာ တွက်ချက်ထားသည်။ သို့သော် ချေးငွေ မည်မျှ ရှိသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ အကယ်၍ ထိုက်ဟွာ စူပါမားကတ် အုပ်စုသာ စတော့ဈေးကွက်တွင် စာရင်းဝင်လိုက်မည်ဆိုပါက ရှယ်ယာဈေးမှာ ဝေါလ်မတ်အဆင့်အထိ မရောက်လျှင်ပင် များစွာ ကွာခြားလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရုတ်နိုင်ငံတွင် လူဦးရေ ပိုမိုများပြားသဖြင့် စူပါမားကတ်သို့ လာရောက်သူ ပိုမိုများပြားကာ ရောင်းအားမှာလည်း သေချာပေါက် ကောင်းမွန်မည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ဤကုမ္ပဏီမှာ စတော့ဈေးကွက်တွင် စာရင်းမဝင်သေးပေ။
နောက်ထပ် ဥပမာတစ်ခုမှာ ဖုန်းယွီ အီလက်ထရွန်နစ် ကဲ့သို့သော ကုမ္ပဏီများ ဖြစ်သည်။ ချေးငွေ ပမာဏ များပြားသည်ဟူသော အကြောင်းပြချက်ဖြင့် ပိုင်ဆိုင်မှုကို လျှော့တွက်ထားသည်။ သို့သော် ဖုန်းယွီ အမှတ်တံဆိပ် အီလက်ထရွန်နစ် ပစ္စည်းများမှာ မည်မျှ အရောင်းသွက်နေပြီး အရှိန်အဟုန် မည်မျှ ကောင်းနေသည်ကို ကြည့်ရုံဖြင့် ဤကုမ္ပဏီ၏ အလားအလာ မည်မျှကြီးမားသည်ကို သိနိုင်သည်။ ထို့ပြင် ဤကုမ္ပဏီမှာလည်း စတော့ဈေးကွက်တွင် စာရင်းမဝင်သေးသဖြင့်၊ အကယ်၍ စာရင်းဝင်လိုက်ပါက ရှယ်ယာဈေးမှာ သေချာပေါက် ထိုးတက်သွားပေလိမ့်မည်။
ထို့ပြင် အလားတူ ကုမ္ပဏီများဖြစ်သော ဖုန်းယွီ အိမ်သုံးလျှပ်စစ်၊ AIWA အီလက်ထရွန်နစ်၊ AIWA အိမ်သုံးလျှပ်စစ် စသည်တို့မှာလည်း အလားအလာ အလွန်ကြီးမားကြသည်။
ဘီလ်ဂိတ်က ဆက်လက် ယူဆသည်မှာ ဖုန်းယွီတွင် ဤမဂ္ဂဇင်း၌ ပါမလာသော အခြားသော ကုမ္ပဏီ ပိုင်ဆိုင်မှုများလည်း ရှိနေဦးမည် ဖြစ်ကြောင်းပင်။ ဘီလ်ဂိတ်၏ ခန့်မှန်းချက်အရ ဖုန်းယွီ၏ပိုင်ဆိုင်မှုမှာ သူ၏ လွန်ခဲ့သော နှစ်နှစ်က အထွတ်အထိပ် ကာလဖြစ်သည့် ၈၀ ဘီလီယံအထက်တွင် ရှိနေနိုင်သည်ဟူ၍ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ ဤသည်မှာ ခန့်မှန်းချက်သာ ဖြစ်သည်။ ဖုန်းယွီ ကိုယ်တိုင်မှလွဲ၍ ပိုင်ဆိုင်မှု အစစ်အမှန်ကို မည်သူမျှ မသိနိုင်ပေ။
******
အခန်း (၁၂၅၇) စတော့ဈေးကွက်မှ နုတ်ထွက်ရန် အကြံအစည်
ဖုန်းယွီသည် အမေရိကန်ရှိ သူ၏ ကုမ္ပဏီများ တိုးတက်မှုကို ကြည့်ရှုစစ်ဆေးရန် နယူးယောက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။ ကီရီလန်ကိုသည် ဖုန်းယွီ ရောက်နေကြောင်း သိသည်နှင့် ချက်ချင်းပင် လာရောက်တွေ့ဆုံလေသည်။
သို့သော် ကီရီလန်ကိုနှင့် တွေ့ဆုံချိန်တွင် သူ၏ မျက်နှာထက်၌ "မပျော်မရွှင်ဖြစ်ခြင်း" ဟူသော စာသားကို အထင်းသား မြင်တွေ့နေရသဖြင့် ဖုန်းယွီ အံ့ဩသွားရသည်။
"ညီလေးကီ... ဘာဖြစ်လို့လဲ။ မင်းရဲ့ အသင်းမှာ ပြဿနာ တစ်ခုခု တက်လို့လား"
ဖုန်းယွီ စူးစမ်းစွာ မေးလိုက်သည်။ ထိုသို့ မဖြစ်နိုင်ဟု သူ ယူဆထားသည်။ Netsအသင်းသည် ဘရွတ်ကလင်းသို့ တရားဝင် ပြောင်းရွှေ့ပြီးဖြစ်သလို ယခုနှစ် ပွဲစဉ်များတွင်လည်း အခြေအနေ အလွန်ကောင်းမွန်ကာ အရှေ့ပိုင်းဇုန်တွင် ပထမနေရာ၌ ရှိနေပြီး Lakersအသင်းထက် တစ်ပွဲသာ လျော့နည်းနေသည် မဟုတ်ပါလော။
"အသင်းကတော့ ဘာမှ ပြဿနာ မရှိပါဘူး။ လူတိုင်း ပိုပြီးတော့တောင် ခြေစွမ်းပြနေကြသေးတယ်။ ပွဲအနည်းငယ် ရှုံးခဲ့တာကလည်း အဓိက ကစားသမားတွေကို အနားပေးထားလို့ပါ။ အသင်းဆရာဝန်က အဓိက ကစားသမားတွေကို အနားယူချိန် ပိုပေးရမယ်၊ အဲဒါမှ ဒဏ်ရာရနိုင်ခြေ နည်းမယ်လို့ ပြောလို့လေ"
"ဒါက မှန်တာပဲလေ။ နေ့တိုင်း လေ့ကျင့်ခန်း လုပ်ရသလို ပွဲတွေလည်း ကစားနေရတော့ သူတို့ ခန္ဓာကိုယ်တွေက တော်တော်လေး ဝန်ပိနေမှာပဲ။ အသင်းက ပြဿနာ မရှိဘူးဆိုရင် မင်း ဘာတွေ စိတ်ညစ်နေတာလဲ"
ဖုန်းယွီ ပို၍ပင်အံ့ဩသွားမိသည်။ ကီရီလန်ကို၏ အမေရိကန်ရှိ ရင်းနှီးမြှုပ်နှံမှုများတွင် ပြဿနာတက်သည်ဟု မကြားမိပေ။ အနာဂတ်ရွှေဈေးကွက် မှာလည်း အမြတ်များ ရနေဆဲ ဖြစ်ရာ မည်သည့်အရာက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသနည်း။
"ဖုန်း... မင်း Forbesမဂ္ဂဇင်း အသစ်ကို ကြည့်ပြီးပြီလား" ကီရီလန်ကိုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ကြည့်ပြီးပြီလေ။ Forbes မဂ္ဂဇင်းက လူလွှတ်ပြီး ငါ့ကို တစ်စောင် လာပေးသွားတယ်၊ ဘာဖြစ်လို့လဲ"
"အခမဲ့ ပေးသွားတာလား" ကီရီလန်ကိုက မကျေမနပ်ဖြင့် ထပ်မံ မေးမြန်းပြန်သည်။
"အခမဲ့ ပေးတာပေါ့။ မဂ္ဂဇင်း တစ်စောင်ပဲလေ၊ ဝယ်မယ်ဆိုရင်တောင် ပိုက်ဆံ အများကြီးမှ မကုန်တာ"
"ဘာလို့ မင်းတို့ကိုတော့ အခမဲ့ ပေးပြီး ငါ့ကျတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ဖတ်ရတာလဲ" ကီရီလန်ကိုက ဒေါသတကြီး အော်ဟစ်လေတော့သည်။
ဖုန်းယွီ တစ်ယောက် ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
ဒီကိစ္စလေးလောက်နဲ့ မင်းက ဒီလောက်အထိ ဒေါသထွက်နေရတာလား။
"ညီလေးကီ... ဒီလို ကိစ္စသေးသေးလေးကို ဂရုစိုက်နေစရာ မလိုပါဘူး" ဖုန်းယွီက မတတ်သာသည့် လေသံဖြင့် ဖျောင်းဖျလိုက်သည်။
"ကိစ္စသေးသေးလေး ဟုတ်လား။ ဘယ်သူက အဲဒါကို သေးတယ်လို့ ပြောလဲ။ ဒါဟာ ဆက်ဆံရေး တစ်ခုကို ကိုယ်စားပြုသလို ဂုဏ်သိက္ခာကိုလည်း ကိုယ်စားပြုတာ။ ငါက ဥရောပရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ပဲလေ။ သူတို့က ငါ့ကို ဒီလို ဆက်ဆံရဲတယ်ပေါ့။ သောက်ကျိုးနည်း အမေရိကန်ကောင်တွေကတော့ လူကို သိပ်အထင်သေးတာပဲ" ကီရီလန်ကိုက အံကြိတ်ကာ ပြောလေသည်။
"အဲ... ဒါဆို သူတို့က မင်းကို ဘာလို့ လာမပေးတာလဲ" ဖုန်းယွီလည်း စူးစမ်းချင်သွားသည်။ ကီရီလန်ကို၏အဆင့်အတန်းနှင့် ပိုင်ဆိုင်မှုအရ ဖော့ဘ်စ်က ဘာကြောင့် လက်ဆောင် မပေးသနည်း။
"ဘာလို့လဲဆိုတော့ အဲဒီ မျက်စိမပါတဲ့ကောင်တွေက ကျွန်တော့်ကို အဆင့် ၁၁ မှာ ထားလို့လေ"
အဆင့် ၁၀ အတွင်း ရောက်မှသာ လက်ဆောင် ပေးတာလား။
ဒါဆိုလျှင်တော့ အဆင့် ၁၁ ဖြစ်နေသည့် ကီရီလန်ကိုအတွက် အနည်းငယ်တော့ ရင်နာစရာ ကောင်းလှပေသည်။
"ဖုန်း... မင်း ပြောကြည့်စမ်းပါ။ ငါ့ရဲ့ ပိုင်ဆိုင်မှုက နည်းနေလို့လား။ မဟုတ်ရင် ငါက အဆင့် ၈ လောက်နဲ့ အတူတူပဲ ဖြစ်သင့်တာ မဟုတ်လား။ အဆင့် ၈ မှာ ရှိတဲ့လူရဲ့ပိုင်ဆိုင်မှုက ကျနေတာလေ၊ ငါ့ ပိုင်ဆိုင်မှုကတော့ တက်နေတာကို"
"ညီလေးကီ... စိတ်အေးအေးထားပါဦး။ ဖော့ဘ်စ်ရဲ့ ပိုင်ဆိုင်မှု တွက်ချက်ပုံက သူဌေး တစ်ယောက်ချင်းစီအပေါ်မှာ အနည်းနဲ့အများတော့ ကွဲလွဲမှု ရှိတတ်တာပဲ။ ထပ်ပြီး ပြောရရင် မင်းကိုယ်တိုင်ကပဲ ငါ့ကို အတုယူပြီး ပိုင်ဆိုင်မှုတချို့ကို ဖုံးကွယ်ထားဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်လား။ အခုကော ဘယ်လိုလဲ... အကုန် ချပြချင်နေပြီလား"
ကီရီလန်ကို ခေတ္တတွေဝေသွားပြီးမှ ပြောသည်။ "ထားလိုက်ပါတော့။ မင်းပြောသလိုပဲ အမြဲတမ်း ဖဲချပ်တစ်ချပ်တော့ လက်ထဲမှာ ချန်ထားရမယ် မဟုတ်လား။ ငါတို့ရဲ့ လုပ်ငန်းတွေက အတိုင်းအတာတစ်ခုအထိပဲ ရှိသေးတော့ ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ။ ကောင်းပြီလေ... ဒီတစ်ခါတော့ ငါ ခံလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် သိပ်မကြာခင်မှာပဲ ဒီအပေါ်ယံ ပိုင်ဆိုင်မှုတွေနဲ့တင် ငါ အဆင့် ၁၀ ထဲကို ဝင်သွားမှာပါ"
"ဒါပေါ့... ဒီလို နာမည်အပေါ်ယံတွေကို လိုက်ရှာနေလို့ ဘာထူးမှာလဲ။ နောက် နှစ်အနည်းငယ် ကြာလို့ ဘီလ်ဂိတ်ကိုပါ ကျော်တက်နိုင်တဲ့အခါမှ ပိုပြီးတော့ အားရစရာ ကောင်းမှာ" ဖုန်းယွီက ပြုံးလျက် ပြောလိုက်သည်။
ကီရီလန်ကိုက ဖုန်းယွီကို အားကျသလို ကြည့်ကာ ဆိုလေသည်။ "မင်းကတော့ ဘီလ်ဂိတ်ကို အောင်အောင်မြင်မြင် ကျော်တက်နိုင်ခဲ့ပြီလေ၊ ငါကတော့ အများကြီး လိုပါသေးတယ်"
"ဒါပေမဲ့ မင်းက ပေါလ်အယ်လန်ကိုတော့ အလွယ်တကူ ကျော်တက်သွားနိုင်ခဲ့ပြီ မဟုတ်လား"
ဤစကားကို ကြားသည်နှင့် ကီရီလန်ကိုသည် ချက်ချင်းပင် စိတ်ဓာတ်တက်ကြွသွားကာ ပြောပြလေသည်။ "ဒါပေါ့... ပေါလ်အယ်လန် ဆိုတဲ့ကောင်ကတော့ ပိုင်ဆိုင်မှုတွေ အကြီးအကျယ် ကျဆင်းသွားလိုက်တာ ဘီလီယံ ၁၀ တောင် မပြည့်တော့ဘူး။ ဟားဟား... အရင်ကတော့ ငါ့ကို အကြီးအကျယ် မောက်မာပြခဲ့တာ၊ အခုတော့ ဘယ်ပျောက်ကုန်ပြီလဲ"
"ညီလေးကီ... မင်းလည်း စိတ်မပူပါနဲ့။ ငါ ခုနက ပြောတဲ့ စကားတွေက မင်းကို အားပေးရုံ သက်သက် ပြောတာ မဟုတ်ဘူး၊ အမှန်တရားကို ပြောပြတာပါ"
"အမှန်တရား ဟုတ်လား။ ဆိုလိုတာက နောက် နှစ်အနည်းငယ် ကြာရင် ငါက ဘီလ်ဂိတ်ကို ကျော်တက်နိုင်မယ်လို့ ပြောတာလား" ကီရီလန်ကိုက ဝမ်းသာအားရ မေးလိုက်သည်။ သို့သော် သူ၏ပိုင်ဆိုင်မှု မည်သို့ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ကိုမူ သူ ကိုယ်တိုင်လည်း မသိရှိပေ။
"ညီလေးကီ... eBayရဲ့ ရှယ်ယာဈေးတွေက ကျတာ ရပ်တော့မယ်လို့ ငါထင်တယ်။ မင်းမှာ ငွေပိုရှိသေးရင် eBay ရှယ်ယာတွေကို အောက်ဈေးနဲ့ ဝယ်ဖို့ ပြင်ထားလိုက်ပါတော့"
eBayသည် လွန်ခဲ့သော နှစ်နှစ်အတွင်း တိုးတက်မှု အလွန်ကောင်းမွန်ခဲ့သလို နယ်ပယ်ချဲ့ထွင်မှုမှာလည်း လျင်မြန်ခဲ့သည်။ သို့သော် အင်တာနက် စတော့ဈေးကွက် ပေါက်ကွဲမှုဒဏ်ကိုမူ မရှောင်လွှဲနိုင်ခဲ့ပေ။ ထို့ပြင် အခြေအနေဆိုးများနှင့် ကြုံခဲ့ရသဖြင့် ကမ္ဘာ့စတော့ဈေးကွက်မှာ အကြီးအကျယ် ကျဆင်းခဲ့သည်။ ကီရီလန်ကိုအနေဖြင့် မဲပေးပိုင်ခွင့်မရှိသော ရှယ်ယာများကိုသာ ကြိုတင်မရောင်းချခဲ့ပါက အရှုံးမှာ အလွန်ပင် ကြီးမားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ထိုရှယ်ယာများကို ထုတ်ရောင်းပြီးနောက် ဖုန်းယွီနှင့်အတူ ရွှေအနာဂတ်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ယခုအခါ နေ့စဉ် အမြတ်အစွန်းများစွာ ရရှိနေလေသည်။ အကယ်၍ ဖုန်းယွီက သူ့ကို အဆမတန် ရင်းနှီးမြှုပ်နှံမှုမလုပ်ရန် မတားဆီးခဲ့ပါက၊ သူ၏ ပိုင်ဆိုင်မှုမှာ ယခုအခါ ဒေါ်လာ ၂၀ ဘီလီယံကို ကျော်လွန်နေလောက်ပြီ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏ နည်းပါးချိန်တွင် စွန့်စားနိုင်သလို၊ စွန့်စားမှသာ ပိုမို လျင်မြန်စွာ တိုးတက်နိုင်သည်။ သို့သော် ပိုင်ဆိုင်မှု များပြားလာသောအခါတွင်မူ စွန့်စားရန် မဝံ့ရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ကြိမ် ရှုံးနိမ့်လိုက်ရုံဖြင့် အကြီးအကျယ် ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် မစွန့်စားဘဲနှင့်လည်း မြင့်မားသော အမြတ်အစွန်းကို ရရှိနိုင်နေသည်ဖြစ်ရာ တည်ငြိမ်မှုကိုသာ ဦးစားပေးခြင်း ဖြစ်သည်။
"ဒါဆို အနာဂတ်ရွှေဈေးကွက်ကနေ ပိုက်ဆံတချို့ ထုတ်ရမှာလား" ဟု ကီရီလန်ကိုက မေးလိုက်သည်။ ထိုနေရာမှ ရရှိသော အမြတ်မှာ နည်းပါးသည် မဟုတ်သဖြင့် သူ မနှမြောဘဲ မနေနိုင်ပေ။
ဖုန်းယွီက ကီရီလန်ကိုကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။ "မင်းမှာ ဒီလောက် ကုမ္ပဏီ ရှယ်ယာတွေ အများကြီး ရှိတာပဲ၊ အဲဒါတွေကို ပေါင်နှံပြီး ဘာလို့ ချေးငွေ မယူတာလဲ။ eBay ရဲ့ အခုလက်ရှိ အလားအလာက အရမ်းကောင်းနေသလို PayPaရဲ့ လုပ်ငန်းပမာဏကလည်း ကြီးထွားလာပြီ ဖြစ်တာမို့ ရှယ်ယာဈေး ပြန်တက်ဖို့က အနှေးနဲ့အမြန်ပဲ။ စတော့ဈေးကွက် ပြန်လည် နိုးထလာတဲ့အခါ eBay ရှယ်ယာတွေက သေချာပေါက် အရင်ဆုံး တက်လာမှာပဲ"
ကီရီလန်ကို မျက်လုံးများ တောက်ပသွားသည်။ ဟုတ်သားပဲ၊ ချေးငွေ ယူလို့ ရတာပဲ။ ချေးငွေ အတိုးက မြင့်တယ်ဆိုပေမဲ့ ရွှေအနာဂတ်ဈေးကွက်က ရတဲ့ အမြတ်ထက်တော့ နည်းပါတယ်။ ထို့ပြင် သူ၏ အာဏာနှင့် အရှိန်အဝါအရ ရုရှားနိုင်ငံတွင် ပေါင်နှံချေးယူပါက ပိုမို များပြားသော ငွေကြေးကို ရရှိနိုင်မည်မှာ သေချာလှသည်။
"မင်းရဲ့တရုတ်ဘာသာနဲ့ ပေါ်တယ်ဝက်ဘ်ဆိုက်တွေကရော... ရှယ်ယာဈေးတွေ တက်တော့မှာလား။ ငါ အဲဒါတွေကို ဝယ်ထားရင်ရော အမြတ်အများကြီး ရနိုင်မလား" ကီရီလန်ကိုက မျက်လုံးလေး ကလယ်ကလယ်ဖြင့် မေးလိုက်သည်။
"မင်း မဝယ်တာ ပိုကောင်းမယ်လို့ ငါ အကြံပေးချင်တယ်။ အကြောင်းက အဲဒီ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေက ဒီကာလအတွင်းမှာ ထပ်ကျနေဦးမှာမို့လို့ပါ။ ငါတို့ တရုတ်နှစ်သစ်ကူး ပြီးသွားရင်တော့ အဲဒီ ကုမ္ပဏီတွေကို စတော့ဈေးကွက်ကနေ နုတ်ထွက်ခိုင်းတော့မယ်"
"စတော့ဈေးကွက်ကနေ နုတ်ထွက်မယ် ဟုတ်လား" ကီရီလန်ကို အလွန် အံ့အားသင့်သွားသည်။ ထိုကုမ္ပဏီများ၏ ရှယ်ယာဈေးမှာ ထိုမျှ မမြင့်မားလှသဖြင့် ဖုန်းယွီအနေဖြင့် ဈေးနှုန်းကို ဆွဲတင်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။
"အင်း..
“မင်း သတိမထားမိဘူးလား။ အဲဒီ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေက ထုတ်ရောင်းတဲ့ ဈေးအောက်တောင် ရောက်နေပြီလေ" ဖုန်းယွီက ပြုံးစစဖြင့် မေးလိုက်သည်။
ထိုအခါမှ ကီရီလန်ကို သဘောပေါက်သွားကာ ပြောလိုက်လေသည်။ "ဆိုလိုတာက မင်းက ကိုယ့်အစီအစဉ်နဲ့ကိုယ် နုတ်ထွက်ခိုင်းတာပေါ့"
"ဒါပေါ့... မဟုတ်ရင် မင်းက သူများ နုတ်ထွက်ခိုင်းတာကို စောင့်နေမလို့လား" ဖုန်းယွီက မျက်လုံးတစ်ချက် ဝေ့ကြည့်ကာ ပြောလိုက်သည်။
"ငါ လန့်သွားတာပဲ။ ဒါဆိုရင် အဲဒီ ကုမ္ပဏီတွေက နောက်ပိုင်းမှာ စတော့ဈေးကွက်ကို ပြန်မတက်တော့ဘူးလား။ အင်တာနက် ကုမ္ပဏီတွေဆိုတာ ပိုက်ဆံ အရမ်းသုံးရတာ မဟုတ်လား"
"ပြန်တက်မှာပေါ့။ ဒါပေမဲ့ အမေရိကန်မှာ မဟုတ်တော့ဘူး။ ဟောင်ကောင်မှာ ဒါမှမဟုတ် ငါတို့ ပြည်တွင်းက ရှန်ဟိုင်းမှာ တက်မှာပါ"
ဖုန်းယွီသည် ထိုပေါ်တယ်ဝက်ဘ်ဆိုက်များကို စတော့ဈေးကွက်မှ နုတ်ထွက်ရန် စီစဉ်နေပြီးသား ဖြစ်သည်။ ထိုအချိန်ကျလျှင် သတ်မှတ်ထားသော ဈေးနှုန်းတစ်ခုဖြင့် ရှယ်ယာအားလုံးကို တစ်ကြိမ်တည်း ပြန်လည် ဝယ်ယူလိုက်ရုံသာ ဖြစ်သည်။
ထိုအခါ ကုမ္ပဏီ၏ ရှယ်ယာ အများစုမှာ ဖုန်းယွီ၏ လက်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။ နောက်ပိုင်းတွင် ဟောင်ကောင် သို့မဟုတ် ပြည်တွင်း၌ စတော့ဈေးကွက် တင်လိုက်သောအခါ ဖုန်းယွီအတွက် အတိုင်းအထက်အလွန် များပြားသော အမြတ်အစွန်းများကို သေချာပေါက် ယူဆောင်လာပေးပေလိမ့်မည်။
"ဖုန်း... ဒီလို သတင်းကောင်းမျိုး ကြားရမှတော့ သေချာပေါက် သောက်ရမှာပေါ့။ လာ... သောက်ရအောင်။ ငါ ဝိုင်အသစ် အကောင်းစားလေးတွေ ရထားတယ်"
ဖုန်းယွီသည် ထိတ်လန့်တကြားဖြင့် ကီရီလန်ကို၏ ဆွဲခေါ်ရာသို့ ပါသွားရတော့သည်။ ကီရီလန်ကိုက အကောင်းစားဟု ခေါ်သော ဝိုင်များမှာ အမှန်စစ်စစ်တွင် အလွန်ပြင်းသော အရက်များသာ ဖြစ်လေသည်။
******
အခန်း (၁၂၅၈) ဆွေးနွေးခန်း
ဖုန်းယွီသည် Sinaနှင့် အခြားကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများကို နည်းမျိုးစုံဖြင့် ဆက်လက်နှိမ်နင်းထားရန် ရဲလ်ဖ်အား ညွှန်ကြားခဲ့သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စတော့ဈေးကွက်မှ နုတ်ထွက်ချိန်တွင် ရှယ်ယာများကို ဈေးနှုန်းချိုသာစွာဖြင့် ပြန်လည်ဝယ်ယူနိုင်မည် ဖြစ်သည်။
ထို့နောက် ဖုန်းယွီကိုယ်တိုင်မှာမူ ပေကျင်းသို့ ပြန်လာခဲ့သည်။
မူလက သူသည် အမေရိကန်တွင် ရက်အနည်းငယ် ထပ်မံနေထိုင်ပြီး Amazonနှင့် Google အစရှိသော ကုမ္ပဏီများသို့ သွားရောက်ကြည့်ရှုရန် ကြံရွယ်ထားသော်လည်း၊ ယခုတစ်ကြိမ် သူ့ကို ရှာဖွေနေသူမှာ အဆင့်အတန်း အလွန်မြင့်မားသူ ဖြစ်နေသောကြောင့် ဖြစ်သည်။
"ဒါရိုက်တာဖန်း... ဝန်ကြီးချုပ်ဟွမ်က ကျွန်တော့်ကို ရှာနေတယ်လို့ ပြောတာလား"
ဝန်ကြီးချုပ်ဟွမ်ဟူသည်မှာ ဝန်ကြီးချုပ်ဟွမ်ကျန့်ကျန်ဖြစ်ပြီး ကျူးရုံကျီ (သံလက်သီးကျူ)၏ ရာထူးကို ဆက်ခံသူ ဖြစ်သည်။ ကျူးရုံကျီသည် အငြိမ်းစားယူသွားပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံအပေါ် သြဇာညောင်းနေဆဲ ဖြစ်ရာ၊ ဒါရိုက်တာဖန်းကို သံလက်သီးကျူ၏ ကိုယ်စားလှယ်ဟုပင် ဆိုနိုင်သည်။
"ဟုတ်ပါတယ်... ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးနဲ့ ဆွေးနွေးစရာလေးတွေ ရှိလို့ပါ"
ဒါရိုက်တာဖန်း၏ သိသာလှသော အရိပ်အမြွက်ကြောင့် ဖုန်းယွီသည် ဝန်ကြီးချုပ်ဟွမ်က သူ့ကို ဘာကြောင့် ရှာရသနည်းဆိုသည်ကို ရိပ်မိသွားသည်။ အထက်လူကြီးများက သူ့ပိုင်ဆိုင်မှုတွေ များလွန်းနေလို့ တစ်စိတ်တစ်ပိုင်းလောက် ပြန်နှုတ်ယူဖို့ ကြံစည်နေတာများလား။
ဒါတော့ မဖြစ်နိုင်ပါဘူး။ အရင်ဘဝတုန်းကလည်း တရုတ်နိုင်ငံမှာ ဘယ်သူဌေးကိုမှ အစိုးရက ထိုသို့ ပြုလုပ်ခဲ့သည်ဟု မကြားဖူးပေ။
ဖြစ်နိုင်ခြေများစွာရှိသဖြင့် ဖုန်းယွီသည် လျှောက်မတွေးတော့ဘဲ လူချင်းတွေ့မှသာ အကြောင်းရင်းကို သိရပေလိမ့်မည်။ သို့သော် ဒါရိုက်တာဖန်း၏ အရိပ်အမြွက်အရ ပိုက်ဆံနှင့် သက်ဆိုင်နေမည်မှာတော့ သေချာလှသည်။
ပေကျင်းသို့ ပြန်ရောက်သောအခါ အိမ်သို့ဝင်၍ လီနားကို ခဏတွေ့ပြီးနောက်၊ နောက်တစ်နေ့တွင် ဖုန်းယွီသည် ထိုနေရာသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။ ဤနေရာမှာ ဖုန်းယွီအတွက် ပထမဆုံးအကြိမ် မဟုတ်သလို၊ ဤနေရာတွင် သူသည် နိုင်ငံတော် အဆင့်မြင့် ခေါင်းဆောင် အမြောက်အမြားနှင့် တွေ့ဆုံခဲ့ဖူးလေသည်။
ဝန်ကြီးချုပ်ဟွမ်ကျန့်ကျန်နှင့် စတင်တွေ့ဆုံချိန်တွင် သံလက်သီးကျူနှင့် ပုံစံချင်း မတူသည်ကို ဖုန်းယွီ သတိပြုမိသည်။ ဝန်ကြီးချုပ်ဟွမ်မှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပုံရပြီး ဗဟုသုတ ကြွယ်ဝသော တက္ကသိုလ် ပါမောက္ခကြီး တစ်ဦးနှင့်ပင် တူလှသည်။
"မန်နေဂျာဖုန်း ရောက်လာပြီပဲ၊ ထိုင်ပါဦး"
"ဝန်ကြီးချုပ်ဟွမ် နေကောင်းပါရဲ့လား"
"မန်နေဂျာဖုန်း ... ခင်ဗျားနဲ့ တွေ့ချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ အမြဲတမ်း အလုပ်များနေတာနဲ့ပဲ မတွေ့ဖြစ်ခဲ့ဘူး။ အခုမှပဲ အားအားယားယားနဲ့ ခင်ဗျားကို ဖိတ်ခေါ်နိုင်တော့တယ်" ဝန်ကြီးချုပ်ဟွမ်က ပြုံးလျက် ရင်းရင်းနှီးနှီး ပြောဆိုလေသည်။
"ဝန်ကြီးချုပ်က ကျွန်တော့်ကို တွေ့ချင်တယ်ဆိုရင် ကျွန်တော် အချိန်မရွေး အားပါတယ်"
"မန်နေဂျာဖုန်း ... ခင်ဗျား သံလက်သီးကျူတို့နဲ့ တွေ့တုန်းက ဒီလောက်အထိ အနေမခက်ဘူး မဟုတ်လား။ စိတ်မပူပါနဲ့၊ ဒီနေ့ ခေါ်လိုက်တာက ခင်ဗျား စိုးရိမ်နေသလိုမျိုး ကိစ္စ မဟုတ်ပါဘူး"
ဖုန်းယွီ သက်ပြင်းချလိုက်နိုင်သည်။ ထိုသို့ဆိုလျှင် ခက်ခဲသော ကိစ္စမျိုး မဟုတ်နိုင်ပေ။
ဖုန်းယွီသည်လည်း သူ၏ လက်ရှိ အဆင့်အတန်းအရ သူ့ကို မည်သူကမျှ အလွယ်တကူ ထိပါးရဲမည် မဟုတ်ဟု ယူဆထားသည်။ အကယ်၍ ဖုန်းယွီ၏ ပိုင်ဆိုင်မှုများကို အစိုးရက သိမ်းယူသည်ဟု သတင်းထွက်သွားပါက တရုတ်နိုင်ငံ၏ နိုင်ငံတကာ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်ပေလိမ့်မည်။ အချို့သော နိုင်ငံများကဲ့သို့ မျက်နှာပြောင်တိုက်ပြီး လူမိုက်ဆန်ဆန် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။
အဆိုးဆုံးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအားလုံး ငွေများ ပြန်လည် ထုတ်ယူသွားကြမည် ဖြစ်ပြီး၊ ထိုအခါ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြိုလဲသွားကာ အာရှဘဏ္ဍာရေး အကျပ်အတည်းကဲ့သို့ ထပ်မံကြုံတွေ့ရပေလိမ့်မည်။ ထို့ပြင် ဟောင်ကောင်နှင့် မကာအိုမှ သူဌေးကြီးများလည်း အစုလိုက်အပြုံလိုက် ပြောင်းရွှေ့သွားကြမည် ဖြစ်ရာ နိုင်ငံတော်အတွက် ဆုံးရှုံးမှုမှာ အလွန်ကြီးမားပေလိမ့်မည်။ နောက်ဆုံးတွင် ထိုင်ဝမ်ကို ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းနိုင်မည့် မျှော်လင့်ချက်မှာလည်း မှေးမှိန်သွားပေလိမ့်မည်။
"မန်နေဂျာဖုန်း ... သတင်းစာတွေမှာ ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သွားပြီလို့ ဖတ်လိုက်ရတယ်နော်"
"အပေါ်ယံ စာရင်းအရဆိုရင်တော့ ကျွန်တော်ပဲ ဖြစ်မှာပါ" ဖုန်းယွီက ပြန်ဖြေလိုက်သည်။
"အပေါ်ယံ စာရင်းအရ ဟုတ်လား။ ဒါဆို တိတ်တဆိတ် ပုန်းကွယ်နေတဲ့ တခြားလူတွေက ခင်ဗျားထက် ပိုပြီး ချမ်းသာနေကြတာလား။ ခင်ဗျားမှာ ဒေါ်လာ ၆၀ ဘီလီယံလောက် ရှိတာ မဟုတ်လား"
ဝန်ကြီးချုပ်ဟွမ် မျက်မှောင်ကြုတ်သွားသည်။ ထိုသူဌေးကြီးတွေမှာ ဒီလောက်တောင် ချမ်းသာကြတာလား။ ဒါမှမဟုတ် ဖုန်းယွီရဲ့ ပိုင်ဆိုင်မှုမှာ အချက်အလက် အမှားတွေ ပါနေလို့လား။
"ဝန်ကြီးချုပ်... လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဘီလ်ဂိတ်ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၈၀ ဘီလီယံကျော် ရှိခဲ့တာပါ။ ဒါပေမဲ့ အမေရိကန်၊ ဂျပန်နဲ့ ဥရောပတွေမှာ ထိပ်တန်း ဘဏ္ဍာရေး အုပ်စုကြီးတွေ ရှိပါတယ်။ သူတို့က လူတစ်ယောက်တည်း ရှယ်ယာတွေ အကုန် ပိုင်ဆိုင်ထားတာ မဟုတ်ဘဲ ခွဲဝေထားကြတာ ဖြစ်ပေမဲ့ အကျိုးစီးပွားကတော့ အတူတူပါပဲ။ သူတို့ရဲ့ အင်အားက အကြီးမားဆုံး ဖြစ်သလို သူတို့ထဲက လူအများစုရဲ့ ပိုင်ဆိုင်မှုကလည်း လူသိရှင်ကြား မရှိကြပါဘူး။ သူတို့ထဲမှာ ကျွန်တော့်ထက် ချမ်းသာတဲ့သူ ရှိနေမယ်ဆိုတာကိုတော့ ကျွန်တော် ယုံကြည်ပါတယ်"
ဝန်ကြီးချုပ်ဟွမ်၏မျက်နှာ ပြောင်းလဲသွားသည်။ ဒါကြောင့်ကိုး... ဤကဲ့သို့သော အယူအဆကို သူ ကြားဖူးသော်လည်း အတည်မပြုနိုင်ခဲ့ပေ။
သို့သော် ထိုထိပ်တန်း ဘဏ္ဍာရေး အုပ်စုကြီးများ၏ ပိုင်ဆိုင်မှုမှာ နိုင်ငံတစ်ခုနှင့်ပင် ယှဉ်နိုင်သည်ဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ သူတို့သည် နိုင်ငံတစ်ခု၏ စီးပွားရေး အခြေခံအုတ်မြစ်ကိုပင် လှုပ်ခတ်နိုင်စွမ်း ရှိကြသည်။ ဖုန်းယွီမှာမူ ပြည်နယ်တစ်ခုစာလောက်သာ ချမ်းသာသည်ဟု ဆိုနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဖုန်းယွီ၏ ပိုင်ဆိုင်မှုမှာ နိုင်ငံတော်၏ တစ်နှစ်စာ ဝင်ငွေ၏ အပုံ ၂၀ ပုံ တစ်ပုံပင် မရှိသေးသည် မဟုတ်ပါလော။
ထို့ကြောင့် နိုင်ငံတော်သည် ဖုန်းယွီအပေါ် အတော်လေး လိုက်လျောမှု ရှိနေခြင်း ဖြစ်သည်။ သို့သော် ဖုန်းယွီ၏ ပိုင်ဆိုင်မှုမှာသာ ဒေါ်လာ ၁ ထရီလီယံ ကျော်သွားမည်ဆိုပါက အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။
"မန်နေဂျာဖုန်း ... ခင်ဗျား စကားအရဆိုရင် အဲဒီ ဘဏ္ဍာရေး အုပ်စုကြီးတွေရဲ့ ပုံစံက ပိုပြီးတော့ အားသာချက် ရှိတယ်လို့ ခင်ဗျား ထင်တာလား" ဝန်ကြီးချုပ်ဟွမ်က မေးလိုက်သည်။
"ပုံစံ တစ်ခုချင်းစီမှာ ကိုယ်ပိုင် အားသာချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ အိမ်နီးချင်း ဖြစ်တဲ့ ဂျပန်တို့၊ တောင်ကိုရီးယားတို့ ဆိုရင်တော့ ဒီလို ဘဏ္ဍာရေး အုပ်စုကြီးတွေကို အသုံးချပြီး နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နေကြတာပါ။ ဒါကြောင့် နိုင်ငံတကာမှာ လျင်မြန်စွာ နေရာရချင်တယ်ဆိုရင်တော့ ဘဏ္ဍာရေး အုပ်စုကြီးတွေဟာ နည်းလမ်းကောင်း တစ်ခုပါပဲ" ဖုန်းယွီက ရှင်းပြလိုက်သည်။
အရင်ဘဝတုန်းက နောက်ပိုင်းတွင် တရုတ်နိုင်ငံသည်လည်း ဤပုံစံကို စမ်းသပ်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့်လည်း တရုတ်နိုင်ငံတွင် အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများစွာ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟွမ်က ပြုံးလိုက်ပြီး "ဒါကြောင့်ပဲ လုံကျန်းမှာ ပေတချန်းအုပ်စု ပေါ်လာတာပေါ့။ အဲဒါ ခင်ဗျားရဲ့ အကြံပြုချက်လို့ ကျွန်တော် ကြားထားတယ်"
"ကျွန်တော်က အကြံပြုရုံ သက်သက်ပါ။ လက်တွေ့ လုပ်ဆောင်တာကတော့ အတွင်းရေးမှူးရှူနဲ့ အတွင်းရေးမှူးကျန်းတို့ပါ" ဖုန်းယွီက သူ၏ သူငယ်ချင်းများဖြစ်သော ရှူချန်းယိုနှင့် ကျန်းရွေ့ချန်း တို့ထံသို့ ကောင်းကွက်များကို လွှဲပြောင်းပေးလိုက်သည်။
လူတစ်ယောက်သည် တော်ရန် လိုအပ်သော်လည်း၊ အလွန်အကျွံ တော်နေပြန်လျှင်လည်း မကောင်းလှပေ။ ဝန်ကြီးချုပ်ဟွမ်၏ စကားအရ နိုင်ငံတော်က သူ့အပေါ် မကောင်းသော အကြံ မရှိသော်လည်း၊ အကယ်၍ သူ့ကို နိုင်ငံတော်အတွက် အလုပ်လုပ်ခိုင်းရန် ရွေးချယ်လိုက်မည်ဆိုပါက မည်သို့လုပ်မည်နည်း။
ဖုန်းယွီသည် လွတ်လပ်စွာ နေထိုင်တတ်သူဖြစ်ရာ၊ မည်သည့် စည်းမျဉ်းစည်းကမ်းများကြားတွင်မှ အချုပ်အနှောင် မခံလိုပေ။
ဝန်ကြီးချုပ်ဟွမ်သည် ဖုန်းယွီက ကောင်းကွက်များကို အပြင်သို့ တွန်းထုတ်နေသည်ကို မြင်သောအခါ ဘာမှ ထပ်မပြောတော့ပေ။ သူ သိထားသလောက်ဆိုလျှင် ဖုန်းယွီသည် အစိုးရဝန်ထမ်းဖြစ်ရန်ကို အလွန် ငြင်းဆန်တတ်သူ ဖြစ်သည်။ ထို့ပြင် ဖုန်းယွီသည် စီးပွားရေး လုပ်ငန်းများစွာ ရှိသော်လည်း အားလုံးကို အခြားသူများအား လွှဲထားသဖြင့် အာဏာကို မက်မောသူ တစ်ဦး မဟုတ်ပုံရသည်။
သို့သော် ဖုန်းယွီ၏ နိုင်ငံတော်အပေါ် အကျိုးပြုမှုများကိုတော့ သူ ငြင်းပယ်၍ မရပေ။ အလှူအတန်းများကို ထားလိုက်ပါဦး၊ နိုင်ငံတော်၏ အီလက်ထရွန်နစ် ကဏ္ဍ၊ စက်မှု ကဏ္ဍနှင့် စိုက်ပျိုးရေး ကဏ္ဍတို့ကို မြှင့်တင်ပေးခဲ့သည်မှာ အလွန် ကြီးမားသော ဂုဏ်ကျေးဇူး ဖြစ်သည်။
အကယ်၍ ရှေးခေတ်ဆိုလျှင် ဖုန်းယွီ၏ ဂုဏ်ကျေးဇူးမှာ မြို့စား၊ နယ်စား အဆင့်အထိ ချီးမြှင့်ခြင်း ခံရပေလိမ့်မည်။ ယခုခေတ်တွင်ပင်လျှင် ဖုန်းယွီ၏ ဂုဏ်ကျေးဇူးမှာ လီခါးရှင်းကဲ့သို့သော ဆက်ဆံမှုမျိုးကို ရရှိသင့်နေပြီ ဖြစ်သည်။
သို့သော် ဖုန်းယွီသည် ထိုသို့သော ဆန္ဒမျိုး မရှိကြောင်း ဒါရိုက်တာဖန်း မှတစ်ဆင့် သူ သိထားသည်။ ကံကောင်းထောက်မစွာဖြင့် ဖုန်းယွီ၏ဖခင် ဖုန်းရှင်းထိုက်ကမူ ဤကဲ့သို့သော ကိစ္စများကို အလွန် စတ်ဝင်စားသူ ဖြစ်ရာ၊ အနာဂတ်တွင် ဖုန်းရှင်းထိုက်မှတစ်ဆင့် ဖုန်းယွီ၏ စိတ်ကူးများကို ပြောင်းလဲနိုင်ရန်သာ မျှော်လင့်ရပေလိမ့်မည်။
"မန်နေဂျာဖုန်း ... ဒါဆို ခင်ဗျား အမြင်အရ နိုင်ငံတော်အနေနဲ့လည်း စက်မှုလုပ်ငန်း အချို့ကို ပေါင်းစည်းပြီး နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်သင့်တယ်လို့ ထင်သလား"
ဖုန်းယွီ စိတ်ထဲမှ ရေရွတ်လိုက်သည်။ လာပါပြီ...။ ဖုန်းယွီ၏ အမြင်အရဆိုလျှင် အစိုးရပိုင် လုပ်ငန်းများမှ ခေါင်းဆောင်များသည် နိုင်ငံတကာ ဘဏ္ဍာရေး အုပ်စုကြီးများမှ ပရော်ဖက်ရှင်နယ် မန်နေဂျာများကို မယှဉ်နိုင်ကြပေ။ အရင်ဘဝတုန်းကလည်း တရုတ်နိုင်ငံမှ အစိုးရပိုင် ရင်းနှီးမြှုပ်နှံသူများသည် အရှုံးနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသည်။
သို့သော် ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပါက အကျိုးအမြတ်များစွာ ရရှိနိုင်သလို၊ နိုင်ငံတော်၏ အင်အားကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံတော် အင်အား တောင့်တင်းလာပါက ဖုန်းယွီအတွက်လည်း အကျိုးရှိသည် မဟုတ်ပါလား။
အမေရိကန် လူမျိုးများ နိုင်ငံခြား ရောက်သောအခါ မောက်မာနိုင်ကြသကဲ့သို့၊ ဖုန်းယွီသည်လည်း တစ်နေ့တွင် တရုတ်လူမျိုးများ ဤသို့ဖြစ်လာရန် မျှော်လင့်သည်။ သို့သော် ကျိုးကြောင်း ဆီလျော်မှု ရှိရန်တော့ လိုအပ်သည်။ အကြောင်းမဲ့ မိုက်ရူးရဲ ဆန်နေမည်ဆိုပါက အရှက်ရစရာသာ ဖြစ်ပေလိမ့်မည်။
"ဒါကိုတော့ ကျွန်တော် သေချာ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သိထားတာကတော့ တော်တဲ့ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ယောက်ဟာ လုပ်ငန်းတစ်ခုအတွက် အလွန်မြင့်မားတဲ့ အမြတ်အစွန်းတွေကို ယူဆောင်လာပေးနိုင်တယ် ဆိုတာပါပဲ။ ဂျပန် Toyota အုပ်စုက ကျန်းဖုရှစ်ဖု လိုမျိုးပေါ့၊ Toyotaဟာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာလေ"
"ဒါဆိုရင် မန်နေဂျာဖုန်း ... ခင်ဗျားအနေနဲ့ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုကို ကိုယ်တိုင် စီမံခန့်ခွဲပေးဖို့ စိတ်ဝင်စားသလား။ ခင်ဗျားအတွက် ထိုက်တန်တဲ့ အကျိုးခံစားခွင့်တွေကို ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ပေးပါ့မယ်" ဝန်ကြီးချုပ်ဟွမ်က လေးလေးနက်နက် ပြောလိုက်လေတော့သည်။
ဖုန်းယွီ မှင်သက်သွားရသည်။ ကြည့်ရသည်မှာ သူသည် မိမိတူးသည့် ကျင်းထဲ မိမိပြန်ကျသွားပုံရသည်။ သူ ဆိုလိုသည်မှာ အစိုးရအနေဖြင့် တော်သော ခေါင်းဆောင်များကို ရွေးချယ်ရန်သာဖြစ်ပြီး၊ သူ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခိုင်းခြင်း မဟုတ်ပါလော။
******