အခန်း (၁၂၅၉-၁၂၆၁)
Vol. 86 Ch. 1259-1261
အခန်း (၁၂၅၉) ငြင်းပယ်ခြင်း
ဖုန်းယွီသည် အသေအချာ စဉ်းစားဟန်ပြုပြီးနောက် အလွန်ပင် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ဝန်ကြီးချုပ်ဟွမ်... ကျွန်တော့်မှာ အရည်အချင်း မပြည့်ဝသေးလို့ ဒီလို ကြီးလေးတဲ့ တာဝန်ကို မထမ်းဆောင်ရဲပါဘူး။ တခြား ပိုတော်တဲ့သူကိုပဲ ရှာကြည့်ပါဦး"
ဟွမ်ကျန့်ကျန်သည် ဘေးနားရှိ ဒါရိုက်တာဖန်းထံသို့ လှည့်ကြည့်လိုက်ရာ ဒါရိုက်တာဖန်းက ပြုံးနေသည်ကို တွေ့လိုက်ရသည်။
"လောင်ဖန်း... ခင်ဗျား သူ့ကို သိတာ အမှန်ပဲ။ သူ သဘောတူမှာ မဟုတ်ဘူးဆိုတာ ခင်ဗျား ကြိုပြောထားသားပဲ။ တခြားသူတွေ မက်မောကြတဲ့ ငွေကြေးနဲ့ အာဏာတွေက သူ့အပေါ်မှာတော့ အရာမထင်ဘူးပဲနော်"
ဖုန်းယွီသည် ဘေးတွင်ထိုင်နေပြီး တစ်ချိန်လုံး စကားမပြောဘဲ ရှိနေသော ဒါရိုက်တာဖန်းကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်လိုက်မိသည်။ ကြည့်ရသည်မှာ သူတို့သည် အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို သူ့အား အမှန်တကယ် စီမံခန့်ခွဲခိုင်းရန် ရည်ရွယ်ချက် မရှိကြဘဲ ဤသည်မှာ စမ်းသပ်မှုတစ်ခုသာ ဖြစ်ပုံရသည်။
အကယ်၍ ခုနကသာ သူ သဘောတူလိုက်မည်ဆိုပါက ဝန်ကြီးချုပ်ဟွမ်အနေဖြင့် စကားပြန်ရုပ်သိမ်းမည်လားဆိုသည်ကို ဖုန်းယွီ သိချင်နေမိသည်။
"ရှေးလူကြီးတွေ ပြောသလိုပဲ သူရဲကောင်းဆိုတာ ငယ်ရွယ်သူတွေထဲက ထွက်ပေါ်လာတာပဲ။ မန်နေဂျာဖုန်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို အောင်မြင်မှုတွေ ရထားတာတောင် မောက်မာခြင်း မရှိသလို၊ မျိုးချစ်စိတ်လည်း အရမ်းပြင်းထန်တာပဲ။ ကျွန်တော်တောင် ခင်ဗျားကို မမီပါဘူး" ဝန်ကြီးချုပ်ဟွမ်က ချီးကျူးစကား ဆိုသည်။
"ဝန်ကြီးချုပ်ကလည်း အမွှမ်းတင်လွန်းနေပါပြီ။ ကျွန်တော့်ရဲ့ ဒီအလုပ်လေးတွေက နိုင်ငံတော်ကို စီမံခန့်ခွဲတဲ့ နေရာမှာ၊ အထူးသဖြင့် ကျွန်တော်တို့ တရုတ်နိုင်ငံလို နိုင်ငံကြီးမျိုးရဲ့ အဆင့်အတန်းနဲ့ ယှဉ်ရင်တော့ ဘာမှ မပြောပလောက်ပါဘူး"
"ခင်ဗျားက နှိမ့်ချလွန်းနေတာပါ။ ကျွန်တော့်အမြင်ပြောရရင် ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် ပြည်နယ်အဆင့် အုပ်ချုပ်ရေးမှူး တစ်ယောက် ဖြစ်ဖို့တောင် ပြဿနာ မရှိပါဘူး။ အတွေ့အကြုံရှိတဲ့ ရဲဘော်တစ်ယောက်လောက်က ခင်ဗျားကို နှစ်အနည်းငယ်လောက် လမ်းပြပေးရုံနဲ့ အံ့ဩစရာ ကောင်းတဲ့ အောင်မြင်မှုတွေ ရမှာ သေချာပါတယ်။ အဲ... မဟုတ်သေးပါဘူး၊ ခင်ဗျား အခု ရထားတဲ့ အောင်မြင်မှုတွေကတင် အံ့ဩစရာ ကောင်းနေပါပြီ"
ဝန်ကြီးချုပ်ဟွမ်က သူ့ကို ဤမျှ မြင့်မားစွာ အကဲဖြတ်သဖြင့် ဖုန်းယွီ အနည်းငယ် အနေခက်သွားရသည်။ မိမိ၏အရည်အချင်းကို မိမိကိုယ်တိုင် သိထားသည် မဟုတ်ပါလော။ ကုမ္ပဏီ စီမံခန့်ခွဲမှုအပိုင်းတွင် သူသည် ဝူကျစ်ကန် ကိုပင် မီချင်မှ မီလိမ့်မည်။ ဝူကျစ်ကန်မှာ သူ့ထက် အသက်အနည်းငယ်သာ ကြီးသော်လည်း၊ ထိုက်ဟွာ ကုန်သွယ်ရေး မန်နေဂျာဘဝမှသည် ထိုက်ဟွာ Holding၏ ဒုတိယ ဥက္ကဋ္ဌ အဆင့်အထိ စီမံခန့်ခွဲမှု အတွေ့အကြုံများစွာ ရှိထားသူ ဖြစ်သည်။ ဖုန်းယွီထက် များစွာ အတွေ့အကြုံ ရင့်ကျက်လှသည်။
ဖုန်းယွီ တစ်ဦးတည်း ကျွမ်းကျင်သောအရာမှာ တစ်ဖက်လူ ငြင်းမရနိုင်သော အခွင့်အရေးများကို ပေးအပ်ကာ လူတော်များကို မိမိလက်အောက်သို့ ဆွဲဆောင်ခြင်းနှင့်၊ ထိုသူများကို အပြည့်အဝ ယုံကြည်မှု ပေးအပ်ကာ အစွမ်းကုန် ကြိုးစားစေခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဟုတ်သည်၊ ဖုန်းယွီကတော့ ထိုသူများထက် အမြဲတမ်း ပို၍ မြတ်စွန်းနေသည်မှာ အမှန်ပင်။
ကံကောင်းထောက်မစွာဖြင့် ဤနှစ်ပိုင်းအတွင်း ဖုန်းယွီ၏ လက်အောက်ငယ်သားများသည် သူ့အပေါ် ကျေးဇူးတင်ရှိကြသလို အလုပ်ကိုလည်း အားသွန်ခွန်စိုက် လုပ်ကိုင်ကြသဖြင့် ဖုန်းယွီအတွက် စိတ်အေးရခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ဤကုမ္ပဏီများကိုသာ သူကိုယ်တိုင် စီမံခန့်ခွဲမည်ဆိုပါက ယခုကဲ့သို့ အောင်မြင်လာလိမ့်မည် မဟုတ်ကြောင်း ဖုန်းယွီ သေချာ သိထားသည်။
"ဝန်ကြီးချုပ်က ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ" ဖုန်းယွီက စိတ်ရင်းဖြင့် ပြောလိုက်သည်။
သို့သော် ဝန်ကြီးချုပ်ဟွမ်၏ အမြင်တွင်မူ ဖုန်းယွီသည် အစိုးရဝန်ထမ်း မလုပ်လိုသဖြင့် အကြောင်းပြချက် ပေးနေခြင်းဟုသာ ယူဆလိုက်သည်။ ထားလိုက်ပါတော့လေ၊ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ရည်မှန်းချက် ရှိကြတာပဲ။ ဖုန်းယွီ စီးပွားရေး လုပ်နေခြင်းကလည်း နိုင်ငံတော်အတွက် များစွာသော အကျိုးကျေးဇူးများကို ရရှိစေသည် မဟုတ်ပါလော။
အခွန်အခများ ရရှိမှုကို ထားလိုက်ပါဦး၊ စီးပွားရေးကို လှုံ့ဆော်ပေးနိုင်သလို နိုင်ငံတော်၏ မဟာဗျူဟာပိုင်းများတွင်ပါ ဖုန်းယွီက ကူညီပေးနိုင်စွမ်း ရှိသည်။ ဥပမာအားဖြင့် လွန်ခဲ့သော ရက်ပိုင်းက Lenovoမှ လျူချွမ်းကျစ် နှင့် သူ စကားပြောဖြစ်ခဲ့ရာ၊ လျူချွမ်းကျစ်က ဖုန်းယွီ၏ အကူအညီသာ မပါလျှင် Lenovo ကုမ္ပဏီသည် ယခုကဲ့သို့သော အဆင့်အတန်းနှင့် အောင်မြင်မှုမျိုး ရရှိလာစရာ အကြောင်းမရှိဟု ဝန်ခံခဲ့သည်။
အနာဂတ်တွင် Lenovo ကုမ္ပဏီသည် ကမ္ဘာ့နံပါတ် ၁ ကွန်ပျူတာ ထုတ်လုပ်ရောင်းချသူ ဖြစ်လာနိုင်ရာ၊ ဤသည်မှာ တရုတ်နိုင်ငံအတွက် အလွန် အရေးပါလှသည်။ ကွန်ပျူတာ နည်းပညာကို အနာဂတ်တွင် ကဏ္ဍပေါင်းစုံ၌ အသုံးပြုလာရမည် ဖြစ်သဖြင့်၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြား ထုတ်ကုန်များကိုသာ အမြဲတမ်း ဝယ်ယူနေ၍ မဖြစ်ပေ။ ထိုသို့ဆိုလျှင် ကွန်ရက် လုံခြုံရေးနှင့် သတင်းအချက်အလက် လုံခြုံရေးတို့မှာ မည်သို့ ရှိနိုင်ပါမည်နည်း။
"မန်နေဂျာဖုန်း ... ဒီနှစ်ထဲမှာ နိုင်ငံတော်က ရွှေအနာဂတ်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံခဲ့တာက ခင်ဗျားရဲ့အကြံပြုချက်ကြောင့်လို့ လောင်ဖန်း ပြောပြချက်အရ သိရတယ်နော်"
"မဟုတ်ပါဘူး... ကျွန်တော့် ကုမ္ပဏီကနေ ဒါရိုက်တာဖန်းဆီကို သတင်းရောင်းလိုက်တာပါ" ဖုန်းယွီက လေးလေးနက်နက် ပြန်ပြောလိုက်သည်။
"ရောင်းတယ် ဟုတ်လား။ လောင်ဖန်း... ခင်ဗျားပြောတော့ အဲဒီတုန်းက မဝယ်နိုင်ဘူး ဆို" ဝန်ကြီးချုပ်ဟွမ်က လှည့်မေးလိုက်သည်။
"ဟုတ်ပါတယ်... မန်နေဂျာဖုန်း ခင်ဗျားလည်း အားနာမနေပါနဲ့တော့။ ကျွန်တော်ကတော့ ပိုက်ဆံ တစ်ပြားမှ မပေးခဲ့သလို၊ နောက်မှ ပေးဖို့လည်း စိတ်ကူးမရှိဘူးနော်" ဒါရိုက်တာဖန်းက လက်နှစ်ဖက်ကို ဖြန့်ပြရင်း သူ့ဆီက ပိုက်ဆံ လုံးဝ မမျှော်လင့်ရန် အရွှန်းဖောက်လိုက်သည်။
"အဲဒီနေ့က ထမင်းဖိုးကို ဒါရိုက်တာဖန်းပဲ ရှင်းလိုက်တာ မဟုတ်လား။ ဒါကြောင့် အဲဒီသတင်းကို ကျွန်တော်က ထမင်းတစ်နပ်စာနဲ့ ရောင်းလိုက်တယ်လို့ ပြောတာပါ" ဖုန်းယွီက ပြုံးစစဖြင့် မျက်တောင်လေး ခတ်ပြလိုက်သည်။
ဒါရိုက်တာဖန်းက ပြုံးလျက် ခေါင်းခါလိုက်ပြီး ဖုန်းယွီ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ ဤသည်မှာ နိုင်ငံတော်အတွက် မျက်နှာပန်းလှစေသလို၊ မိမိက တစ်ကြိမ် ကူညီပေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း သွယ်ဝိုက်သော နည်းဖြင့် သတိပေးလိုက်ခြင်းပင်။
"လောင်ဖန်း... ဒီလို စီးပွားရေးမျိုးဆိုရင်တော့ ကျွန်တော်တို့ လုပ်သင့်တာပေါ့" ဝန်ကြီးချုပ်ဟွမ်က အားရပါးရ ရယ်မောလိုက်သည်။
ဖုန်းယွီသည် ရုတ်တရက် သတိရှိသွားသည်။ ဘာသဘောလဲ၊ ငါ့ဆီကနေ နောက်ထပ် အလကား အမြတ်ထုတ်ချင်နေတာလား။ ငါ့မှာလည်း ပိုလျှံနေတာ မဟုတ်ပါဘူး ဟု စိတ်ထဲမှ ရေရွတ်နေမိသည်။
ဖုန်းယွီ၏အမူအရာကို မြင်သောအခါ သူတို့နှစ်ဦး ပို၍ပင်ရယ်မောမိကြတော့သည်။
"ဒါနဲ့ မန်နေဂျာဖုန်း ... ၂၀၀၈ အိုလံပစ်ပွဲတော်အတွက် ဒီလောက် များပြားတဲ့ ငွေတွေကို လှူဒါန်းခဲ့လို့ နိုင်ငံတော်ကိုယ်စား ကျွန်တော်က ကျေးဇူးတင်စကား ပြောချင်ပါတယ်" ဝန်ကြီးချုပ်ဟွမ်က လေးလေးစားစား ပြောလိုက်သည်။
"ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ။ ပြီးတော့ နိုင်ငံခြားသားတွေက ကျွန်တော်တို့ဆီကနေ အသာစီး ယူနေတာကိုလည်း ကျွန်တော် မကြည့်ရက်လို့ပါ။ အခုလို ကျွန်တော်တို့ လှူလိုက်တော့ သူတို့ရဲ့ စပွန်ဆာကြေးတွေကိုလည်း သေချာပေါက် တိုးမြှင့်ရတော့မှာပါ။ အခုဆိုရင် TOP စပွန်ဆာတွေဆီက ရမယ့် ငွေတွေကလည်း အများကြီး ပိုလာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်"
"မန်နေဂျာဖုန်း ... ခုနက မေးခွန်းကိုပဲ ပြန်မေးပါရစေ။ ကျွန်တော်တို့ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု အုပ်စုကြီးတွေ ဖွဲ့စည်းတာက အမှန်တကယ်ပဲ ဖြစ်နိုင်ခြေ ရှိရဲ့လား"
ဖုန်းယွီ ခေတ္တစဉ်းစားလိုက်ပြီးမှ "အကယ်၍ ဒီအုပ်စုကို တော်တဲ့ ခေါင်းဆောင်တွေက ဦးဆောင်နိုင်မယ်ဆိုရင်တော့ သေချာပေါက် အောင်မြင်မှာပါ။ သာမန်လူတွေပဲ ဖြစ်နေဦးတော့၊ စိတ်ချရတဲ့သူတွေ ဆိုရင်တော့ အရှုံးမရှိနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ထိပ်တန်း ဘဏ္ဍာရေး ပညာရှင်တွေ သိပ်မများသေးပေမဲ့၊ သာမန်အဆင့် ပညာရှင်တွေကတော့ အများကြီး ရှိနေတာပဲ"
"ဒါပေမဲ့ ကုမ္ပဏီအချို့ကို ပေါင်းစည်းတော့မယ်ဆိုရင်တော့ မကောင်းတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဆုံးရှုံးနိုင်ခြေရှိတဲ့ အကြွေးတွေကို သေချာဖယ်ထုတ်ပစ်ရပါလိမ့်မယ်။ အစပိုင်းမှာ နာကျင်မှုတွေ ရှိနိုင်ပေမဲ့ ရေရှည် နာကျင်တာထက်စာရင် ရေတို နာကျင်တာက ပိုကောင်းပါတယ်။ အရင်တုန်းက အလုပ်သမားတွေ လျှော့ချတာတို့၊ ကုမ္ပဏီတွေ ဖျက်သိမ်းတာတို့တုန်းက အကြီးအကျယ် ငြင်းခုံခဲ့ကြပေမဲ့ အခု နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ နိုင်ငံတော်အတွက်ကော၊ တစ်ဦးချင်းအတွက်ပါ အကျိုးရှိသွားတာ တွေ့ရမှာပါ။ လူတွေမှာလည်း ကိုယ်ပိုင် ကြိုးစားအားထုတ်လိုစိတ်တွေ ပြန်ပေါ်လာပြီး၊ စက်ရုံမှာ ထမင်းအိုးကြီးကို ဖက်ထားပြီး အချိန်ဖြုန်းနေတာမျိုး မရှိတော့ဘူးပေါ့"
"နောက်ထပ် အချက်တစ်ခုကတော့၊ နိုင်ငံတော်က ပိုက်ဆံတွေကို ယူပြီး ပြည်ပမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ အမေရိကန် ဈေးကွက်ကိုပဲ ရွေးချယ်ကြမှာ သေချာပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော် အကြံပြုချင်တာက၊ အမေရိကန်ရဲ့ အစိုးရ ကြွေးမြီစာချုပ်တွေကို မဝယ်ပါနဲ့။ ပြီးတော့ နာမည်ကြီး ကုမ္ပဏီကြီးတွေရဲ့ အကြွေးစာချုပ်တွေကိုလည်း မဝယ်ပါနဲ့၊ အထူးသဖြင့် အိမ်ခြံမြေ လုပ်ငန်းတွေနဲ့ မပတ်သက်မိဖို့ အရေးကြီးပါတယ်"
"ဘာဖြစ်လို့လဲ" ဝန်ကြီးချုပ်ဟွမ်က စူးစမ်းစွာ မေးလိုက်သည်။ အမေရိကန် အစိုးရ ကြွေးမြီစာချုပ်တွေကိုတောင် မဝယ်သင့်ဘူးလား။ အရည်အသွေးကောင်းတဲ့ ကုမ္ပဏီကြီးတွေရဲ့ အကြွေးစာချုပ်တွေကော ဘာလို့ မဝယ်သင့်တာလဲ၊ ဒါတွေက အမြတ်အစွန်း အတည်ငြိမ်ဆုံး ရင်းနှီးမြှုပ်နှံမှုတွေ မဟုတ်ဘူးလား။
"ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရ ပြောရရင်တော့၊ ကုမ္ပဏီတစ်ခုက တခြား ကုမ္ပဏီတစ်ခုရဲ့ မဲပေးပိုင်ခွင့် မရှိတဲ့ ရှယ်ယာတွေကို အမြောက်အမြား ဝယ်ယူပြီး အမြတ်ရှာမယ် ဆိုပါစို့။ အဲဒီ ကုမ္ပဏီရဲ့ အတွင်းပိုင်းမှာ ဘာတွေ ပြောင်းလဲနေလဲဆိုတာ ခင်ဗျားတို့ မသိနိုင်ပါဘူး။ ရှယ်ယာဈေး တက်မလား၊ ကျမလား ဆိုတာလည်း ခင်ဗျားတို့ မသိနိုင်ဘူး။ ခင်ဗျားတို့မှာ အဲဒီ ရှယ်ယာဈေးကို ဆွဲတင်နိုင်တဲ့ အကြွင်းမဲ့ အင်အားမျိုး မရှိဘူးဆိုရင်တော့၊ ရင်းနှီးမြှုပ်နှံမှုတွေကို ခွဲဝေပြီး ရှယ်ယာ အမျိုးမျိုးမှာ ရင်းနှီးတာက ပိုပြီးတော့ စိတ်ချရပါတယ်"
နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုသည် စွန့်စားခြင်း မပြုဘဲ တည်ငြိမ်မှုရှိရန် လိုအပ်သည် ဖြစ်ရာ ဖုန်းယွီ၏ ဤစကားကို သူတို့ နားလည်နိုင်ကြသည်။
ဖုန်းယွီက ဆက်လက် ပြောကြားသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အမေရိကန်က ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီကြီး နှစ်ခု ပြိုလဲသွားခဲ့ပါတယ်။ တစ်ခုက ဒေဝါလီခံလိုက်ရပြီဖြစ်ပြီး နောက်တစ်ခုကတော့ ဒေဝါလီခံဖို့ လျှောက်ထားဆဲပါ။ အဲဒီ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ဝယ်ထားတဲ့သူတွေ အကုန်လုံး ဆုံးရှုံးကုန်ကြတာပဲ။ ရှယ်ယာ ဝယ်တဲ့သူတွေကမှ ရောင်းထုတ်ဖို့ အချိန်မီချင် မိဦးမယ်၊ အကြွေးစာချုပ် ဝယ်ထားတဲ့သူတွေကတော့ အကုန်လုံး အရှုံးပေါ်ကုန်တာပဲ"
"အိမ်ခြံမြေကဏ္ဍမှာ မရင်းနှီးဖို့ ပြောရတဲ့ အကြောင်းရင်းကလည်း ရိုးရှင်းပါတယ်။ အိမ်ခြံမြေဟာ စီးပွားရေးရဲ့အဓိကထောက်တိုင်တစ်ခု ဖြစ်နေလို့၊ အကယ်၍သာ ပြိုလဲသွားမယ်ဆိုရင် စီးပွားရေးအပေါ် သက်ရောက်မှု ဘယ်လောက် ကြီးမားမလဲဆိုတာ ဂျပန်ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အမေရိကန်ဟာ သူတို့ရဲ့ ပြည်တွင်း စီးပွားရေး အကျပ်အတည်းတွေကို တခြားနိုင်ငံတွေဆီ လွှဲပြောင်းပေးရာမှာ အမြဲတမ်း ကျွမ်းကျင်ပါတယ်။ အရင်တစ်ခေါက်ကတော့ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဂျပန်ဆီကို လွှဲပေးခဲ့တာပေါ့။ အခု အရှိန်အဟုန် အကောင်းဆုံးနဲ့ တိုးတက်နေတဲ့ နိုင်ငံကြီးကတော့ ကျွန်တော်တို့ ဖြစ်နေတယ်။ အကယ်၍ သူတို့က အိမ်ခြံမြေဈေးကွက်ကို နောက်တစ်ကြိမ် ထပ်ပြီး ဖြိုချလိုက်မယ်ဆိုရင်၊ အထိနာမယ့်သူကတော့ ကျွန်တော်တို့ပဲ ဖြစ်မှာ သေချာပါတယ်!"
******
အခန်း (၁၂၆၀) စတော့ဈေးကွက်မှ နုတ်ထွက်ခြင်း
ဖုန်းယွီ၏ စကားများကို နားထောင်ပြီးနောက် ဝန်ကြီးချုပ်ဟွမ်နှင့် ဒါရိုက်တာဖန်းတို့သည် မျက်မှောင်ကြုတ်သွားကြလေသည်။ ဖုန်းယွီသည် အခြေအနေကို အနည်းငယ် ချဲ့ကားပြီး လူထုကို ထိတ်လန့်အောင် ပြောဆိုနေသည်ဟု သူတို့ ခံစားမိကြသည်။ သို့သော် ဖုန်းယွီသည် စေတနာကောင်းဖြင့် အကြံပြုခြင်းဖြစ်ကြောင်း သိရှိကြသဖြင့် ခေါင်းညိတ်ပြရုံသာ ပြုလုပ်ခဲ့ပြီး ဘာမှ ထပ်မပြောတော့ပေ။
သူတို့သုံးဦး နောက်ထပ် စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ဖုန်းယွီ ပြန်လည် ထွက်ခွာခဲ့သည်။
ကားပေါ်သို့ ရောက်သောအခါ ဖုန်းယွီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ပြောသင့်သည်များကို သူ အကုန်ပြောပြခဲ့ပြီးပြီဖြစ်ရာ၊ ယုံကြည်ခြင်း မယုံကြည်ခြင်းမှာမူ သူတို့၏ ကံကြမ္မာအပေါ်၌သာ မူတည်ပေတော့မည်။
မကြာမီ နှစ်သစ်ကူးတော့မည် ဖြစ်ရာ ဖုန်းယွီသည် ပင်းစီးတီးသို့ ပြန်လာခဲ့သည်။ သူ၏ မိသားစုဝင်များသည် နှစ်သစ်ကူး မတိုင်မီကတည်းက ပင်းစီးတီးသို့ ပြန်ရောက်နေကြပြီ ဖြစ်သည်။ အကြောင်းမှာ ဖုန်းယွီသည် လူစည်ကားလွန်းသော နေရာများကို ရှောင်ရှားလိုသောကြောင့် ဖြစ်သည်။
၂၀၀၂ ခုနှစ်ကုန်မှ ၂၀၀၃ ခုနှစ် အစောပိုင်းကာလသည် အရှေ့တောင်အာရှမှသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားမည့် ဗိုင်းရပ်စ် ကပ်ရောဂါတစ်ခု ကျရောက်မည့် အချိန်ပင် ဖြစ်သည်။
ထိုရောဂါသည် သေချာပေါက် သေဆုံးမည်ဟု မဆိုနိုင်သော်လည်း ကုသစရိတ်မှာမူ အလွန်ပင် မြင့်မားလှသည်။ ဖုန်းယွီအတွက် ထိုကုသစရိတ်မှာ ဘာမှ မဟုတ်သော်လည်း၊ လီနတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ရာ ဖုန်းယွီအနေဖြင့် မည်သည့် စွန့်စားမှုကိုမျှ မပြုလုပ်ရဲပေ။
ထိုကာလအတွင်း အင်တာနက်ပေါ်တွင် ကောလာဟလ အမျိုးမျိုးပေါ်ထွက်လာခဲ့သည်။ ဥပမာအားဖြင့် ရှာလကာရည်က ထိုဗိုင်းရပ်စ်ကို သတ်နိုင်သည်၊ ပန်လန်ကန်း (ဆေးမြစ်တစ်မျိုး)က ဗိုင်းရပ်စ်ကို ကာကွယ်နိုင်သည် စသည်ဖြင့် ဖြစ်သည်။
တကယ်တမ်းတွင် ရှာလကာရည်နှင့် ပန်လန်ကန်းတို့မှာ အလွန်ပင် ဈေးသက်သာသော ပစ္စည်းများ ဖြစ်ကြပြီး ယွမ်အနည်းငယ်ဖြင့် များစွာဝယ်ယူနိုင်သည်။
သို့သော် မကြာမီမှာပင် အချို့သောသူများသည် လမ်းမှားသို့ ရောက်ရှိသွားကြသည်။ သူတို့သည် ထိုကုန်ပစ္စည်း နှစ်မျိုး၏ ဈေးနှုန်းကို အဆမတန် မြှင့်တင်ကာ ကစားလာကြသလို၊ နှာခေါင်းစည်း အစရှိသော ကာကွယ်ရေး ပစ္စည်းများကိုလည်း ဈေးတင် ရောင်းချလာကြသည်။
ဖုန်းယွီသည် ဤအခြေအနေကို ကြိုတင်မြင်တွေ့ထားပြီးဖြစ်ရာ၊ သူ၏ လက်အောက်ခံ ကုမ္ပဏီများအား ကုန်ဈေးနှုန်း တည်ငြိမ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် Sina၊ Sohu နှင့် Baiduအစရှိသော ကုမ္ပဏီများကိုလည်း အင်တာနက်ပေါ်ရှိ သတင်းမှားများကို ရှင်းလင်းပေးရန်နှင့် သတင်းမှား ဖြန့်ဝေသူများ၏ IP လိပ်စာများကို ရှာဖွေရာတွင် အင်တာနက် လုံခြုံရေး ရဲတပ်ဖွဲ့အား ကူညီပေးရန် ညွှန်ကြားလိုက်သည်။
ပြန်လည်ရရှိသော သတင်းများအရ ဖုန်းယွီမှာ မတတ်သာဘဲ ဖြစ်ရပြန်သည်။ အကြောင်းမှာ အမြတ်အစွန်း ရယူရန်အတွက် သတင်းမှား ဖြန့်သူမှာ အနည်းငယ်သာရှိပြီး၊ လူအများစုမှာမူ ပျော်စရာအဖြစ် သဘောထားကာ လူအများ၏ အာရုံစိုက်မှုကို ရရှိရန်သာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
သူတို့ ဖြန့်ဝေလိုက်သော သတင်းတုများသည် မသမာသူများ၏ အသုံးချခြင်းကို ခံရကာ၊ ပြည်သူများအကြား တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပျံ့နှံ့သွားပြီး အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။
အချို့သော သူများသည် နေ့စဉ် အလုပ်မရှိသဖြင့် အင်တာနက်ပေါ်တွင် ပြောဆိုနေသည်များကို သာမန် ကြွားလုံးထုတ်နေသည်ဟုသာ ထင်မှတ်ကာ၊ မည်သည့် ဘေးထွက်ဆိုးကျိုးကိုမျှ ထည့်မတွက်ဘဲ လျှောက်ပြောနေကြခြင်း ဖြစ်သည်။
ဖုန်းယွီသည် ထိုကဲ့သို့သော လူမျိုးများကို အလွန်ပင် စက်ဆုပ်ရွံရှာမိသည်။
ထိုလူမျိုးများသည် အပြစ်ပေးခံရရန် လိုအပ်လှသည်။ မိမိ၏ပုဂ္ဂိုလ်ရေး စိတ်ကျေနပ်မှုအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လုံးဝဂရုမစိုက်ကြပေ။ ဤသည်မှာ အဆင့်အတန်း နိမ့်ကျရုံတင်မကဘဲ ဥပဒေကိုပါ ချိုးဖောက်နေခြင်း ဖြစ်သည်။
သို့သော် လက်ရှိတွင် အင်တာနက် စောင့်ကြည့်ရေး ဥပဒေများမှာ မပြည့်စုံသေးပေ။ တရုတ်နိုင်ငံတင်မကဘဲ နိုင်ငံတကာတွင်လည်း အလားတူပင် ဖြစ်သည်။
ဤနေရာတွင် တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ဧရိယာ ကျဉ်းမြောင်းပြီး အင်တာနက် ဖွံ့ဖြိုးမှု ပိုမိုစောစီးခဲ့သဖြင့်၊ ဤကဲ့သို့သော ကိစ္စရပ်များမှာ စောစီးစွာ ပေါ်ပေါက်ခဲ့သလို တုံ့ပြန်မှုများကိုလည်း ကြိုတင် လုပ်ဆောင်နိုင်ခဲ့ကြသည်။
သို့သော် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုမှာလည်း နောက်မကျလှပေ။ အနည်းဆုံးတော့ အရင်ဘဝကထက် များစွာ စောစီးစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ဥပဒေများ မည်မျှပင် ပြည့်စုံပါစေ၊ ဤအခြေအနေကို အမြစ်ပြတ် တားဆီးရန်မှာ အင်တာနက် အသုံးပြုသူများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ အသိပညာ မြင့်မားလာရန်သာ လိုအပ်လှသည်။
ဥပဒေဖြင့် အုပ်ချုပ်ခြင်းနှင့် ကိုယ်ကျင့်တရားဖြင့် အုပ်ချုပ်ခြင်းတို့မှာ ဆန့်ကျင်ဘက် မဟုတ်ပေ။ အဆင့်မြင့်သော လူ့အဖွဲ့အစည်းသည် ကိုယ်ကျင့်တရားဖြင့်သာ အုပ်ချုပ်ခြင်း ဖြစ်သည်။ သို့သော် ဤရည်မှန်းချက်မှာ ရေတိုအတွင်း အောင်မြင်ရန် မဖြစ်နိုင်ပေ။ အချို့ကမူ လူသားမျိုးနွယ် ပျက်သုဉ်းချိန်အထိပင် ဤသည်မှာ အောင်မြင်နိုင်လိမ့်မည် မဟုတ်ဟု ခန့်မှန်းကြသည်။ အကြောင်းမှာ လူသား၏ပင်ကိုယ်သဘာဝသည် အတ္တကြီးမားခြင်းကြောင့်ပင် ဖြစ်လေသည်။
ဤကိစ္စရပ်များကို ဖုန်းယွီအနေဖြင့် အလွန်အကျွံ ဂရုစိုက်ရန် မလိုအပ်ပေ။ အထက်လူကြီးများက စီမံခန့်ခွဲသွားမည် ဖြစ်ပြီး၊ သူ၏ ကုမ္ပဏီများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန်သာ လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ကုမ္ပဏီ အသီးသီးသို့ ညွှန်ကြားချက်များ ထုတ်ပြန်ကာ ကောလာဟလများကို မယုံကြည်ရန်နှင့် ပြန်လည် မဖြန့်ဝေရန်၊ အသိဉာဏ်မဲ့သူများ မဖြစ်ကြရန် သတိပေးခိုင်းလိုက်သည်။
ဤရောဂါသည် တကယ်တမ်းတွင် ထင်သလောက် မပြင်းထန်လှဘဲ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ချဲ့ကား ပြောဆိုကြသဖြင့်သာ ပိုမို ကြီးထွားလာခြင်း ဖြစ်သည်။ သမိုင်းကြောင်းအရ ကြည့်လျှင်လည်း ဤရောဂါသည် AIDSဗိုင်းရပ်စ်လောက် သက်ရောက်မှု မရှိသလို၊ တီဘီရောဂါလောက်ပင် အန္တရာယ် မကြီးမားလှပေ။
သို့သော် ထိုစဉ်က ရောဂါ၏ သဘောသဘာဝကို သေချာ မသိရှိရသေးခြင်းနှင့် ကူးစက်မြန်ခြင်းတို့ကြောင့်သာ လူတိုင်းက ထိတ်လန့်နေကြခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံပညာရှင်များသည်လည်း မကြာမီတွင် ထိုရောဂါကို သုတေသနပြု နားလည်လာကြမည်ဖြစ်ပြီး ထိရောက်သော ကုသနည်းများကို ရှာဖွေနိုင်ကြပေလိမ့်မည်။
တဖြည်းဖြည်းနှင့် လူထုသည် ဆင်ခြင်တုံတရား ပြန်လည်ရရှိလာကြပြီး ဤကိစ္စမှာ ထင်သလောက် မကြောက်စရာကောင်းမှန်း သိလာကြသည်။ သို့သော် ထိုအချိန်တွင် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာသည်ကို မကြည့်ရက်သော နိုင်ငံအချို့က လှည့်ကွက်များကို စတင်သုံးစွဲလာကြတော့သည်။
ဥပမာအားဖြင့် Time မဂ္ဂဇင်းတွင် တရုတ်နိုင်ငံသည် လူနာ အရေအတွက်ကို ဖုံးကွယ်ထားကြောင်း ဆောင်းပါးတစ်ပုဒ် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် နိုင်ငံတကာ မီဒီယာများက ထိုဆောင်းပါးကို ပြန်လည် ဖော်ပြကြပြီး၊ တရုတ်နိုင်ငံသို့ ခရီးသွားခြင်းနှင့် အလုပ်ကိစ္စဖြင့် သွားရောက်ခြင်းများကို ငြင်းဆန်ရန် လှုံ့ဆော်လာကြသည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားသားများအား ငွေများ ပြန်လည် ရုပ်သိမ်းရန်ပါ တိုက်တွန်းလာကြလေသည်။
ပုံမှန်အားဖြင့် ကူးစက်ရောဂါသစ်တစ်ခု ပေါ်ပေါက်လာပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် အကူအညီများ ပေးရမည် ဖြစ်သော်လည်း၊ ယခုမူ သံသယများဖြင့်သာ ဝိုင်းဝန်း တိုက်ခိုက်နေကြသည်။
ဆိုလိုသည်မှာ ထိုရောဂါကို မည်သို့ ကုသမည်၊ မည်သို့ ကာကွယ်မည်ကို အရင်ဆုံး နည်းလမ်းရှာရမည့်အစား၊ မည်သူ့တွင် တာဝန်ရှိသနည်း ဆိုသည်ကိုသာ အရင်ဆုံး ရှာဖွေနေကြခြင်း ဖြစ်သည်။
ဤရောဂါသည် လောလောဆယ်တွင် တရုတ်နိုင်ငံ၌သာ ဖြစ်ပွားနေသဖြင့် အခြားသော နိုင်ငံများမှာမူ မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့ အေးအေးဆေးဆေး ရှိနေကြရုံတင်မကဘဲ၊ အချို့မှာ ဘေးထိုင် ဘုပြောပင် လုပ်နေကြသေးသည်။
အမျိုးမျိုးသော ဝေဖန်မှုများထဲတွင် ဤသည်မှာ တရုတ်နိုင်ငံ၏ ဇီဝလက်နက် စမ်းသပ်မှုမှ ပေါက်ကြားသွားခြင်း ဖြစ်သည်ဟုပင် ဆိုကြသေးသည်။ ထိုသို့သော ဝေဖန်မှုကို ပြုလုပ်သူမှာ ယခင်က ဇီဝလက်နက် စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း တစ်ကမ္ဘာလုံးက သိရှိထားသည့် ဂျာပန်နိုင်ငံပင် ဖြစ်လေသည်။
နိုင်ငံတကာ မီဒီယာများတွင် တရုတ်နိုင်ငံ၏ ပုံရိပ်ကို ဝိုင်းဝန်း ဖျက်ဆီးနေကြစဉ်၊ တရုတ်နိုင်ငံဘက်မှလည်း တစ်ဖက်မှ ရှင်းလင်းချက်များ ထုတ်ပြန်ကာ အခြားတစ်ဖက်မှလည်း ဤဗိုင်းရပ်စ်ကို အောင်မြင်စွာ တိုက်ဖျက်နိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။
အရင်ဘဝတုန်းကလည်း ဤရောဂါကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ကြီးမားသော သက်ရောက်မှု မရှိခဲ့ပေ။ ထို့ကြောင့် ဖုန်းယွီသည် ထိုကိစ္စကို အလွန်အကျွံ ဂရုမစိုက်တော့ဘဲ၊ Sina ကုမ္ပဏီကို စတော့ဈေးကွက်မှ နှုတ်ထွက်ရန်သာ အာရုံစိုက်လိုက်တော့သည်။
စတော့ဈေးကွက်မှ နုတ်ထွက်ခြင်းမှာ အလွန်ကြီးမားသော ကိစ္စတစ်ခု မဟုတ်ပေ။ နှစ်စဉ် Nasdaqတွင် စာရင်းဝင် ကုမ္ပဏီများ၏ ၈ ရာခိုင်နှုန်းခန့်၊ နယူးယောက် စတော့အိတ်ချိန်းတွင် ၆ ရာခိုင်နှုန်းနှင့် လန်ဒန်တွင် ၁၂ ရာခိုင်နှုန်းအထိ စာရင်းမှ ပယ်ဖျက်ခြင်း ခံရလေ့ရှိသည်။
နုတ်ထွက်ရန် အကြောင်းရင်းများစွာရှိပြီး တစ်ခုခုနှင့် ကိုက်ညီပါက နုတ်ထွက်ရန် လျှောက်ထားနိုင်သည်။ ထို့ပြင် Sina ကုမ္ပဏီ၏ ရှယ်ယာဈေးမှာ ထုတ်ရောင်းသည့် ဈေးနှုန်းအောက်သို့ ကျဆင်းနေသည်မှာ တစ်လကျော်ပြီ ဖြစ်ရာ၊ နုတ်ထွက်ရန် မလျှောက်ထားလျှင်ပင် Nasdaqဘက်မှ စာရင်းမှ ပယ်ဖျက်ရန် တောင်းဆိုလာပေလိမ့်မည်။
ဖုန်းယွီ အလိုရှိသည်မှာလည်း ဤရလဒ်ပင် ဖြစ်သည်။ ကုမ္ပဏီ၏ ယုံကြည်ကိုးစားမှုကို ထိခိုက်နိုင်သော်လည်း သူ ဘာမှ ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် ဤကုမ္ပဏီများသည် တရုတ်ဘာသာဖြင့် ဝက်ဘ်ဆိုက် လုပ်ကိုင်နေခြင်း ဖြစ်သဖြင့် အမေရိကန်ကို ဂရုစိုက်နေစရာ မလိုပေ။
သူ့အစီအစဉ်မှာ နောက်ဆုံးတွင် ထိုကုမ္ပဏီများကို ပြည်တွင်း သို့မဟုတ် ဟောင်ကောင်တွင် စတော့ဈေးကွက် တင်ရန်သာ ဖြစ်သည်။ အမေရိကန်တွင် ပြန်လည်စာရင်းသွင်းရန် အစီအစဉ်မရှိသဖြင့် ဘာကို ကြောက်နေရပါမည်နည်း။
သို့သော် မိမိဘက်မှ အလိုအလျောက် နုတ်ထွက်ရန်မှာ ထင်သလောက် မလွယ်ကူပေ။ ကံကောင်းထောက်မစွာဖြင့် ဤကုမ္ပဏီများအားလုံးသည် ရှယ်ယာများကို ငွေသားဖြင့် ပြန်လည် ဝယ်ယူမည်ဟု ကြေညာထားသဖြင့် ကြီးမားသော ရိုက်ခတ်မှုတော့ မရှိခဲ့ပေ။
တစ်နည်းအားဖြင့် ဆိုရသော် အမေရိကန်သားများသည် ကုမ္ပဏီများ စတော့ဈေးကွက်မှ နုတ်ထွက်ခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်အတွင်း နုတ်ထွက်သွားသော ကုမ္ပဏီများမှာ အလွန်ပင် များပြားလှသည်။ အချို့မှာ အခြားကုမ္ပဏီမှ ဝယ်ယူလိုက်သဖြင့် နုတ်ထွက်ခြင်းဖြစ်ပြီး၊ အချို့မှာ ဘဏ္ဍာရေး ပြဿနာကြောင့် ဖြစ်ကာ၊ အချို့မှာမူ Sina ကဲ့သို့ပင် မိမိဘာသာ ရှယ်ယာများ ပြန်ဝယ်ကာ နုတ်ထွက်ကြခြင်း ဖြစ်သည်။
ဤသို့ ရှယ်ယာများ ပြန်ဝယ်ကာ နုတ်ထွက်ခြင်းမျိုးမှာ ရှယ်ယာရှင်များအတွက် အဆင်ပြေသေးသည်။ ဘဏ္ဍာရေး ပြဿနာကြောင့် နုတ်ထွက်ရပါက ရှယ်ယာရှင်များ၏ ဆုံးရှုံးမှုမှာ ပိုမို ပြင်းထန်ပေလိမ့်မည်။
သူတို့ အကြိုက်ဆုံးမှာ အခြားကုမ္ပဏီမှ ဝယ်ယူလိုက်သဖြင့် နုတ်ထွက်ခြင်းမျိုးပင် ဖြစ်သည်။ ထိုသို့သော ကုမ္ပဏီများကို ဝယ်ယူရာတွင် ပုံမှန် ဈေးနှုန်းထက် ပိုပေးရလေ့ရှိသလို၊ မဝယ်ယူမီတွင်လည်း ရှယ်ယာဈေးကို ဆွဲတင်လေ့ ရှိကြသဖြင့် သူတို့အတွက် အမြတ်အစွန်း ရရှိနိုင်သောကြောင့် ဖြစ်သည်။
စတော့ဈေးကွက်မှ အမြန်ဆုံး နုတ်ထွက်နိုင်ရန်အတွက် ဖုန်းယွီသည် ကုမ္ပဏီ၏ ရှယ်ယာရှင် အရေအတွက်ကို ပြောင်းလဲလိုက်ပြန်သည်။ စာရင်းဝင် ကုမ္ပဏီတစ်ခုတွင် အနည်းဆုံး ရှိရမည့် ရှယ်ယာရှင် အရေအတွက် သတ်မှတ်ချက် ရှိလေသည်။ ထိုအရေအတွက်အောက် လျော့နည်းသွားပါက အတင်းအကျပ် စာရင်းမှ ပယ်ဖျက်ခြင်း ခံရမည် ဖြစ်သည်။
ဖုန်းယွီ၏ရည်မှန်းချက်မှာ နုတ်ထွက်ရန်သာ ဖြစ်သဖြင့် အချိန်ဆွဲနေရန် မလိုပေ။ မူလက ထိုကုမ္ပဏီများ၏ ရှယ်ယာရှင် အရေအတွက်မှာ သတ်မှတ်ချက်နှင့် ကပ်လျက်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရှယ်ယာများကို ပေါင်းစည်းလိုက်သောအခါ ရှယ်ယာရှင် အရေအတွက်မှာ လုံလောက်မှု မရှိတော့သဖြင့် Nasdaqဘက်မှ သတိပေးချက် ထုတ်ပြန်လာခဲ့သည်။
သတိပေးချက် ဟုတ်လား။ ဖုန်းယွီတို့ကတော့ ဂရုမစိုက်လှပေ။ ထို့နောက်တွင် ရှယ်ယာများ အရောင်းအဝယ် ရပ်ဆိုင်းခံလိုက်ရပြီး စတော့ဈေးကွက်မှ နုတ်ထွက်သည့် လုပ်ငန်းစဉ်များ စတင်တော့လေသည်။
******
အခန်း (၁၂၆၁) လှိုင်းဂယက်အနည်းငယ်
"လောင်ကျုံး... ဘာကိစ္စရှိလို့လဲ။ ဘာဖြစ်လို့များ ပင်းစီးတီးအထိ ကိုယ်တိုင်လာရှာရတာလဲ၊ ဖုန်းနဲ့ဖြစ်ဖြစ် အင်တာနက်ကနေဖြစ်ဖြစ် ဆက်သွယ်လို့ရတာပဲကို" ဖုန်းယွီက စူးစမ်းစွာ မေးလိုက်သည်။
"မန်နေဂျာဖုန်း... ကျွန်တော် ဆုံးဖြတ်ရခက်နေတဲ့ ကိစ္စတစ်ခု ရှိလို့ပါ"
"စိတ်အေးအေးထားပြီး ဖြည်းဖြည်းချင်းပြောပါဦး" ဖုန်းယွီ မျက်မှောင်ကြုတ်သွားသည်။ ကျုံးချင်းရှန်လို လူမျိုးကိုတောင် တွေဝေသွားစေတဲ့ ကိစ္စဆိုရင်တော့ သေချာပေါက် အတော်လေး ခက်ခဲတဲ့ ကိစ္စဖြစ်ပေလိမ့်မည်။
"Sina အပါအဝင် ကုမ္ပဏီခွဲတချို့ Nasdaqကနေ နုတ်ထွက်တော့မယ် မဟုတ်လား။ မူလကတော့ ကျွန်တော်တို့ ရှယ်ယာရှင်ဟောင်းတွေကပဲ ပိုက်ဆံစိုက်ထုတ်ပြီး အများပြည်သူဆီက ရှယ်ယာတွေကို ပြန်ဝယ်ဖို့ စီစဉ်ထားတာလေ။ ဘာပဲဖြစ်ဖြစ် ဒါတွေက မဲပေးပိုင်ခွင့်မရှိတဲ့ ရှယ်ယာတွေဆိုတော့ ဝမ်ကျစ်ရှီးတို့ဘက်ကလည်း မကန့်ကွက်ကြဘူး။ ဒါပေမဲ့ အခု အဲဒီရှယ်ယာတွေကို ဝယ်ချင်တဲ့သူ ပေါ်လာလို့"
"ဘယ်သူလဲ။ တကယ်လို့ သူတို့ပေးတဲ့ဈေးက ကျိုးကြောင်းဆီလျော်တယ်ဆိုရင် ရောင်းပေးလိုက်လို့ ရတာပဲလေ။ အဓိကက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက ကုမ္ပဏီ ပိုပြီးတိုးတက်လာဖို့ အထောက်အကူ ဖြစ်ရမှာပေါ့"
ဖုန်းယွီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ဒါက ဘာများ ခက်ခဲနေလို့လဲ။ မဲပေးပိုင်ခွင့်မရှိတဲ့ ရှယ်ယာတွေပဲလေ၊ သူတို့ကို သုံးနှစ်အတွင်း ပြန်မရောင်းရဘူးဆိုတဲ့ ကန့်သတ်ချက်မျိုး ပေးထားလို့လည်း ရတာပဲ။ ဒါတွေကို ကျုံးချင်းရှန် သိပြီးသား ဖြစ်ရမည် မဟုတ်ပါလော။
ဒါမှမဟုတ် ထိုက်ဟွာ Holding အုပ်စုကို အတင်းအကျပ် လာရောင်းခိုင်းရဲတဲ့သူ ရှိနေလို့လား။
နေဦး... ဖြစ်နိုင်တာ တစ်ခုရှိတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ဟွမ်က ကုမ္ပဏီကိစ္စတွေမှာ ဝင်မစွက်ဖက်ဘူးလို့ ကတိပေးထားတာပဲ မဟုတ်လား။
"လောင်ကျုံး... ဆိုလိုတာက နိုင်ငံတော်က ဝယ်ချင်နေတာလား"
ကျုံးချင်းရှန်က ခေါင်းညိတ်ပြသည်။ "အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုပါပဲ။ ကျွန်တော်တို့ ကုမ္ပဏီတွေ စတော့ဈေးကွက်က နုတ်ထွက်ပြီးရင် ပြည်တွင်းမှာဖြစ်ဖြစ် ဟောင်ကောင်မှာဖြစ်ဖြစ် ပြန်တင်မယ်ဆိုတာကို သူတို့ ဘယ်ကနေ ကြားသွားလဲမသိဘူး။ သူတို့က Sinaတို့ဆီက အခြေအနေတွေကို အသေးစိတ် စစ်ဆေးပြီး အနာဂတ်မှာ သေချာပေါက် မြတ်မယ်လို့ ယူဆပုံရတယ်၊ ဒါကြောင့် ရှယ်ယာ ပါဝင်ချင်နေတာပေါ့"
"အဲဒါလည်း ဘာမှမဖြစ်ပါဘူး။ သူတို့ပေးတဲ့ဈေး ကျိုးကြောင်းဆီလျော်ရင် သဘောတူလိုက်ပေါ့။ ကုမ္ပဏီရဲ့ အာဏာက ကျွန်တော်တို့လက်ထဲမှာ ရှိနေရင် ရပါပြီ။ သူတို့က ရှယ်ယာအမြတ် ခွဲယူချင်ရုံ သက်သက်ဆိုရင်တော့ သူတို့ကို နည်းနည်းပါးပါး ရောင်းပေးလိုက်ပါ"
ဖုန်းယွီ စဉ်းစားကြည့်ရာတွင်လည်း မဖြစ်နိုင်စရာ မရှိဟု မြင်သည်။ နိုင်ငံခြားသားတွေကိုတောင် ရှယ်ယာရောင်းပေးသေးတာပဲ၊ ကိုယ့်နိုင်ငံကို ဘာလို့ မရောင်းပေးနိုင်ရမှာလဲ။ နောင်ကျရင် ကုမ္ပဏီက မြတ်လာတဲ့အခါ အမြတ်ခွဲဝေပေးရတာကလည်း အပြင်လူဆီ မရောက်တော့ဘဲ ကိုယ့်လူတွေပဲ ရတာပေါ့။
"ပြဿနာက သူတို့ပေးတဲ့ဈေးက အခုလက်ရှိ စတော့ဈေးကွက်မှာ ပေါက်နေတဲ့ ဈေးအတိုင်းပဲ ဖြစ်နေတာ။ အဲဒီဈေးက အရမ်းကို နည်းနေတယ်လေ"
"ဒါကို သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေ။ တကယ်လို့ သူတို့က ဒီဈေးနဲ့ပဲ အတင်းယူမယ်ဆိုရင်တော့ ဟန်ပြအနေနဲ့ နည်းနည်းပါးပါးပဲ ရောင်းပေးလိုက်ပေါ့" ဒါကတော့ သိသိသာသာ အသာစီးလာယူတာပဲ၊ ဘယ်သူက ကြိုက်မှာလဲ။
"သူတို့ လိုချင်တာက နည်းနည်းပါးပါး မဟုတ်ဘူးဗျ။ နာ့စ်ဒက်မှာ ထုတ်ရောင်းထားတဲ့ ရှယ်ယာအားလုံးကို သူတို့က လိုချင်နေတာ။ Sina တစ်ခုတည်းတင် မကဘူး၊ Sohuနဲ့ NetEaseတို့ဆီက ရှယ်ယာတွေကိုပါ အကုန်လိုချင်နေတာ"
ဖုန်းယွီ မျက်နှာ ပျက်သွားသည်။ ဒါကတော့ လွန်လွန်ကျွံကျွံ ဖြစ်သွားပြီ။
ပုံမှန်အားဖြင့် ရှယ်ယာတွေကို ပြန်ဝယ်တယ်ဆိုတာ ဈေးပိုပေးပြီးမှ ဝယ်ရတာလေ။ Sinaတို့ စတော့ဈေးကွက်က နုတ်ထွက်ဖို့ သေချာသွားပြီဆိုတာကလည်း ဒါက သူတို့ကိစ္စပဲ။ ထိုက်ဟွာ Holdingနဲ့ ဝမ်ကျစ်ရှီးတို့ ပူးပေါင်းပြီး လုပ်ဆောင်ထားတဲ့ ရလဒ်လေ။ နောက်မှ နည်းပညာပိုင်းက လူတွေကို ဒီရှယ်ယာတွေ ပြန်ရောင်းပေးဖို့တောင် စီစဉ်ထားသေးတာ။
ပြီးတော့ ရှယ်ယာဈေးတွေ ကျအောင် လုပ်ဖို့အတွက်လည်း သူတို့ဘက်က ရင်းနှီးပေးဆပ်ခဲ့ရတာတွေ ရှိတယ်။ ဂျုံပင်ကို တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း စိုက်ပျိုးလာပြီး ရိတ်သိမ်းခါနီးကျမှ တစ်ယောက်ယောက်က ကားကြီးနဲ့ လာပြီး ဂျုံတွေအကုန် တင်သွားမယ်ဆိုရင် ဘယ်သူက ခံနိုင်မှာလဲ။
ဟုတ်တယ်၊ ခင်ဗျား ပိုက်ဆံပေးတာပဲ။ ဒါပေမဲ့ ပေးတဲ့ပိုက်ဆံကလည်း နည်းလွန်းနေသလို၊ ရှိသမျှ ဂျုံတွေကိုလည်း အကုန်ယူသွားဦးမယ်ဆိုတော့ ငါတို့ ဒီလောက် ပင်ပန်းခံခဲ့တာက ဘာအတွက်လဲ။
"တင်းလေ့ကရော ဘာပြောလဲ" ဟု ဖုန်းယွီက မေးလိုက်သည်။
NetEaseကုမ္ပဏီက Sinaတို့နဲ့ မတူဘူး။ ဖုန်းယွီဆီကနေ ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး လက်ခံထားတာ ဖြစ်သလို၊ NetEaseရဲ့ တင်းလေ့က မဲပေးပိုင်ခွင့်ရှိတဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို လက်ဝယ်ကိုင်ထားတာ။ ဆိုလိုတာက တင်းလေ့က NetEaseရဲ့ အရှင်သခင်ပဲ၊ ဒါက ဝမ်ကျစ်ရှီးတို့၊ ကျန်းချောင်းယန်တို့နဲ့ မတူတဲ့အချက်ပဲ။
ပြီးတော့ NetEaseရဲ့ စာရင်းဇယားတွေအရ အမြတ်တောင် စပြနေပြီ။ အမြတ်နည်းနေတာကလည်း တခြားနေရာတွေမှာ ရင်းနှီးမြှုပ်နှံထားလို့ပါ။ ဒါကြောင့် NetEaseရဲ့ တိုးတက်မှုက Sinaနဲ့ Sohuထက် ပိုမြန်နေတာ ဖြစ်တယ်။
"တင်းလေ့ကတော့ ကျွန်တော်တို့ရဲ့ သဘောထားကိုပဲ ကြည့်မယ်တဲ့၊ သူကတော့ ဘာဖြစ်ဖြစ်ရတယ်လို့ ပြောပါတယ်"
ဖုန်းယွီ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်မိသည်။ ဒီလူလည်ကတော့ ထိုက်ဟွာ Holdingကိုပဲ ရှေ့ကနေ အတိုက်ခံခိုင်းနေပြီပေါ့။
ဒါပေမဲ့လည်း အမှန်အတိုင်းပြောရရင် တင်းလေ့ ခံစားရမယ့် အရှုံးထက် ထိုက်ဟွာ Holding ခံစားရမယ့် အရှုံးက ပိုကြီးတာကိုး။ ဟုတ်တယ်၊ အရှုံးဆိုတာ ရလာနိုင်တဲ့ အမြတ်အစွန်းတွေကို ဆိုလိုတာပါ။
"တခြားလူတွေနဲ့ကော တိုင်ပင်ပြီးပြီလား။ သူတို့ကရော ဘာအမြင်ရှိကြလဲ" ဖုန်းယွီက ထပ်မေးလိုက်သည်။
"သူတို့လည်း ဘာလုပ်ရမှန်း မသိကြဘူး။ ဘာပဲဖြစ်ဖြစ် အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်နေတာကိုး"
"အစိုးရပိုင် ဖြစ်တော့ ဘာဖြစ်လဲ။ သူတို့လည်း ပုံမှန် စီးပွားရေး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာပေါ့။ လောင်ကျုံး... ကျွန်တော် မှတ်မိသလောက်ဆိုရင် ခင်ဗျားရဲ့ လီဟဟကို ဟန်ကျိုးက အစိုးရပိုင်လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံချင်တုန်းက ခင်ဗျား ပြတ်ပြတ်သားသား ငြင်းခဲ့တာပဲ မဟုတ်လား။ အခုကျမှ ဘာလို့ မဝံ့မရဲ ဖြစ်နေတာလဲ" ဖုန်းယွီက ပြန်မေးလိုက်သည်။
ကျုံးချင်းရှန်က ခါးသက်သက် ပြုံးလိုက်ပြီး "မြို့နယ်အဆင့်နဲ့ အခုကိစ္စနဲ့က ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ"
"ဘယ်အစိုးရပိုင် ကုမ္ပဏီကများ ကျွန်တော်တို့ကို ဒီလောက်အထိ မောက်မောက်မာမာ လာပြောရဲတာလဲဆိုတာ ကျွန်တော် သိချင်လိုက်တာ" ဖုန်းယွီ၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
"ဟွာရှန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပါ။ ဥက္ကဋ္ဌက ဟန်အိုက်ကျွင်းလေ"
"ဟန်အိုက်ကျွင်း ဟုတ်လား။ ဟိုလူကြီးရဲ့သားမို့လို့လား။ အဲဒါ ဘာဖြစ်လဲ" ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်လိုအခြေခံနဲ့များ ငါတို့ ရှယ်ယာအားလုံးကို ဈေးပေါပေါနဲ့ အတင်းဝယ်ချင်ရတာလဲ။
သေချာအောင်လို့ ဖုန်းယွီသည် ဒါရိုက်တာဖန်းထံ ဖုန်းဆက်ပြီး ဒါဟာ အထက်လူကြီးတွေရဲ့ အလိုဆန္ဒလားလို့ မေးမြန်းလိုက်သည်။ တကယ်တော့ ဖုန်းယွီ စိတ်ထဲမှာတော့ ဒါဟာ ဟန်အိုက်ကျွင်း ရဲ့ သဘောထားပဲ ဖြစ်ရမယ်လို့ တစ်ထစ်ချ ယူဆထားပြီးသားပင်။
မှန်ပေသည်။ ခဏအကြာတွင် ဒါရိုက်တာဖန်းက ဖုန်းပြန်ဆက်လာပြီး အထက်လူကြီးများတွင် ထိုသို့သော ဆန္ဒ လုံးဝမရှိကြောင်းနှင့် ဖုန်းယွီအနေဖြင့် စိတ်အေးအေးထားရန်၊ ဤကဲ့သို့သောကိစ္စမျိုး ထပ်မဖြစ်စေရကြောင်း အာမခံလိုက်သည်။
အထက်လူကြီးများ၏ လက်ရှိ ပေါ်လစီမှာ ဖုန်းယွီကို ဆွဲဆောင်ထားရန် ဖြစ်သည်။ ဖုန်းယွီ၏ ငွေကြေးတွေကြောင့်တင်မကဘဲ ဖုန်းယွီဟာ ရှားပါးလှတဲ့ လူတော်လူကောင်း တစ်ယောက် ဖြစ်နေလို့ပင်။
အနည်းဆုံးတော့ အခုအချိန်ထိ ဖုန်းယွီ လုပ်ဆောင်သမျှဟာ နိုင်ငံတော်အတွက် အကျိုးရှိနေတာပဲ။ သူတို့အနေနဲ့ ဖုန်းယွီရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူတာမျိုးလိုမျိုး အမြင်ကျဉ်းတဲ့ အလုပ်တွေကို လုပ်မှာ မဟုတ်ပါဘူး။
ထူးချွန်တဲ့ လူတော်တစ်ယောက်ဆီကနေ ရရှိနိုင်တဲ့ အကျိုးအမြတ်က အခု မြင်တွေ့နေရတာတွေထက် အများကြီး ပိုသာတာကို သူတို့ သိကြပါတယ်။
...
"အဲဒီ အင်တာနက် ကုမ္ပဏီတွေဆီက ရှယ်ယာတွေ ဝယ်ဖို့ ဘယ်သူက ခိုင်းတာလဲ"
ဟန်အိုက်ကျွင်းသည် ဒါရိုက်တာဖန်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ "ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်တာပါ။ အဲဒီကုမ္ပဏီတွေကို ကျွန်တော် စုံစမ်းကြည့်ပြီးပြီ၊ ပြည်တွင်းမှာ ထိပ်တန်း အင်တာနက် ကုမ္ပဏီတွေ ဖြစ်နေရုံတင်မကဘဲ အခြေအနေကလည်း ပိုပိုကောင်းလာတာ။ အနာဂတ်မှာ သေချာပေါက် ပိုက်ဆံ မြတ်မှာပဲလေ"
ဟန်အိုက်ကျွင်း တစ်ယောက် နားမလည်နိုင် ဖြစ်နေရသည်။ ငါက ကုမ္ပဏီအတွက် နိုင်ငံတော်အတွက် ပိုက်ဆံရှာပေးနေတာပဲ၊ ဘာများ မှားသွားလို့လဲ။
"ဒါဆို ခင်ဗျားက ဘာလို့ သူတို့ကို အခုပေါက်ဈေးအတိုင်း ရှယ်ယာအားလုံး ရောင်းခိုင်းရတာလဲ"
"မြတ်မယ့်အရာဆိုတော့ အကုန်ဝယ်ရမှာပေါ့။ ဈေးကွက်ပေါက်ဈေးနဲ့ ဝယ်တာပဲ၊ ဘာမှားလို့လဲ" ဟန်အိုက်ကျွင်းက အူကြောင်ကြောင်ဖြင့် ပြန်မေးလေသည်။
ဒါရိုက်တာဖန်းသည် ဟန်အိုက်ကျွင်း၏ သဘောထားကို ကြည့်ရင်းမှ ဖုန်းယွီ ပြောခဲ့သည့် စကားကို သဘောပေါက်သွားတော့သည်။ ဘဏ္ဍာရေးအကြောင်း နားမလည်တဲ့သူကို ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှာ ခေါင်းဆောင်ခန့်တာဟာ ဘယ်လောက်တောင် ကြီးမားတဲ့ အမှားလဲဆိုတာပါပဲ။
ဟန်အိုက်ကျွင်းက တမင်သက်သက် ဈေးနှိမ်တာ မဟုတ်ဘဲ ဈေးပိုပေးရမယ်ဆိုတဲ့ အယူအဆကိုကို မသိတာပါ။ နိုင်ငံတော်ဘက်က မနစ်နာအောင်ဘဲ သူ စဉ်းစားပြီး၊ ဒီလိုလုပ်လိုက်ရင် တခြားလူတွေ နစ်နာသွားမယ်ဆိုတာကို သူ ထည့်မတွက်မိခဲ့ဘူး။
ကြည့်ရသည်မှာ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေကို အသစ်ပြန်ရွေးဖို့ လိုအပ်နေပြီ ဖြစ်သည်။ အထက်လူကြီးတွေကို အကြံပြုပြီး ဟောင်ကောင်က ပါမောက္ခလျန်တို့လို ပညာရှင်တွေကို ပြန်လည်ဆက်သွယ်ရမည်။ ကျွမ်းကျင်သူတွေကိုသာ စီမံခန့်ခွဲခိုင်းတာကသာ အမှန်ကန်ဆုံးသော တာဝန်ယူမှု ဖြစ်ပေလိမ့်မည်။
...
ကျုံးချင်းရှန်သည် ဝမ်ကျစ်ရှီးထံမှ ဖုန်းကို ချလိုက်ပြီး ဖုန်းယွီကို လှမ်းပြောလိုက်သည်။ "မန်နေဂျာဖုန်း... ဟိုအစိုးရပိုင် ကုမ္ပဏီက သတင်းပြန်ပို့လာပါတယ်။ အရင်တစ်ခေါက်က သူတို့ ပြောဆိုပုံ မှားသွားလို့ပါတဲ့။ သူတို့က ထုတ်ရောင်းထားတဲ့ ရှယ်ယာရဲ့ တစ်ဝက် ဒါမှမဟုတ် သုံးပုံတစ်ပုံလောက်ပဲ လိုချင်တာပါတဲ့၊ ဈေးနှုန်းကိုတော့ ကျွန်တော်တို့ သတ်မှတ်တဲ့အတိုင်း ပေးပါ့မယ်တဲ့"
ဖုန်းယွီသည် မျက်လုံးကို မှိတ်ကာ ထိုင်ခုံကို မှီလိုက်ပြီး "ဒါဆိုရင်တော့ သူတို့ကို သုံးပုံတစ်ပုံလောက် ပေးလိုက်ပါ။ ဈေးနှုန်းကိုတော့ ပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်း ပိုတောင်းလိုက်ပေါ့"
******