← Chapters

အခန်း (၁၂၆၂-၁၂၆၄)

Vol. 86 Ch. 1262-1264

အခန်း (၁၂၆၂-၁၂၆၄)

Vol. 86 Ch. 1262-1264

အခန်း (၁၂၆၂) လုပ်ငန်းသုံး အီးမေးလ်

"လောင်တင်း... ကျွန်တော့်ကို ပြောစရာ သတင်းကောင်းရှိတယ်ဆိုတာ ဘာသတင်းလဲဗျ" ဖုန်းယွီက တင်းလေ့ကို ပြုံးရယ်လျက် ကြည့်ကာ မေးလိုက်သည်။ မည်သည့် သတင်းကောင်းကများ တင်းလေ့ကို သူ့ရုံးခန်းအထိ ကိုယ်တိုင်ကိုယ်ကျ ရောက်လာစေသနည်းဟု သူ သိချင်နေမိသည်။

တင်းလေ့၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ပြောလာသည်။ "မန်နေဂျာဖုန်း... ကျွန်တော်တို့ရဲ့ အီးမေးလ်နည်းပညာက နောက်ထပ် အောင်မြင်မှုတစ်ခု ရလိုက်ပြီဗျ။ အခုဆိုရင် ၁ဂစ် (1GB)အထိ ပေးနိုင်တဲ့ အီးမေးလ်ကို ပံ့ပိုးပေးနိုင်နေပြီ!"

အင်… ၁ ဂစ် အီးမေးလ် ဟုတ်လား။ ဒါဆိုရင် တရုတ်နိုင်ငံရဲ့ အီးမေးလ်လောကက ဂစ် (G) ခေတ်ထဲကို စတင် ဝင်ရောက်တော့မှာပေါ့။

အမေရိကန်၊ ဥရောပ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာတော့ မနှစ်ကတည်းက ၁ ဂစ် အီးမေးလ်တွေ ရှိနေခဲ့ပြီ ဖြစ်ရာ၊ ဤအပိုင်းတွင် တရုတ်နိုင်ငံသည် နောက်ကျကျန်နေဆဲ ဖြစ်သည်။ သို့သော် အရင်ဘဝတုန်းက တရုတ်နိုင်ငံ နောက်ကျကျန်ခဲ့သည်မှာ ဤမျှသာ မကပေ။ အစောဆုံး ၁ ဂစ် အီးမေးလ်ကို Yahoo တရုတ်ကုမ္ပဏီကမှ မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

အီးမေးလ်သည် အခပေးခေတ်မှသည် အခမဲ့ခေတ်သို့ လျင်မြန်စွာ ကူးပြောင်းလာခဲ့ပြီး အတွင်းပိုင်း လုပ်ဆောင်ချက်များစွာ တိုးပွားလာသော်လည်း၊ အဓိက အလုပ်မှာမူ စာပေးစာယူ ပြုလုပ်ရန်သာ ဖြစ်သည်။

ကုမ္ပဏီအချို့ အီးမေးလ် စတင်သုံးစွဲလာချိန်တွင် ထိုအီးမေးလ်များ၏ ပမာဏမှာ လုံးဝ မလောက်ငှကြောင်း မကြာမီမှာပင် သိရှိသွားကြသည်။

အရင်ဘဝတုန်းက ကုမ္ပဏီအများအပြားရှိ အရောင်းဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၊ စီမံကိန်းဌာန စသည်တို့သည် အီးမေးလ်ကို အမြဲတစေ သုံးစွဲကြသလို၊ Public Email များပင် ထားရှိကြသည်။

သို့သော် ယခုအချိန်တွင်မူ အီးမေးလ်ပမာဏ သေးငယ်လွန်းသဖြင့် အဆင်မပြေလှပေ။

အီးမေးလ်ပမာဏ ပြည့်သွားသဖြင့် တစ်ဖက်မှ ပို့သောစာများကို လက်မခံနိုင်သည့် အခြေအနေမျိုး ခဏခဏ ကြုံတွေ့ရတတ်သည်။ နောက်ပိုင်းတွင် နည်းပညာ အဆင့်မြှင့်တင်လိုက်သဖြင့် အသစ်ရောက်လာသော စာများက အဟောင်းများကို ထပ်ကာ ဖျက်ဆီးပစ်သည့် စနစ်မျိုး ဖြစ်လာသော်လည်း၊ ၎င်းမှာ အစောဆုံး ပေးပို့ထားသော စာများ ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။

အရင်ဘဝက လူအများအပြားသည် အီးမေးလ်ကို အချက်အလက် သိုလှောင်သည့် ကိရိယာတစ်ခုအဖြစ် သုံးခဲ့ကြသော်လည်း ယခုအချိန်တွင်မူ ၎င်းမှာ အလွန် ခက်ခဲလှသည်။

သို့သော်လည်း ထိုသို့ လုပ်ဆောင်လိုသူများ ရှိနေဆဲပင်။ သူတို့၏ နည်းလမ်းမှာ အီးမေးလ် အကောင့် အများအပြား လျှောက်ထားခြင်း ဖြစ်သည်။ အချို့ကို အချက်အလက် သိုလှောင်ရန် သုံးကြသော်လည်း၊ လျှို့ဝှက်နံပါတ်များ မေ့သွားသဖြင့် မှားယွင်းခြင်း သို့မဟုတ် အကောင့်အမည်ကိုပင် လုံးဝ မေ့သွားခြင်းမျိုးများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည်။

နောက်ပိုင်းတွင် ထိုအချက်အလက်များကို စာအုပ်ထဲတွင် မှတ်သားထားကြသော်လည်း၊ ထိုသို့ဆိုလျှင် လျှို့ဝှက်ချက်ဟူ၍ မရှိတော့ပေ။ ထို့ကြောင့် ယခုခေတ်၏ အီးမေးလ်စနစ်မှာ ကန့်သတ်ချက်များစွာ ရှိနေပြီး အဆင်မပြေသေးဟု ဆိုနိုင်သည်။

ဖုန်းယွီ အရင်ဘဝကဆိုလျှင် အီးမေးလ် အကောင့်တစ်ခုသည် အနည်းဆုံး ၃ ဂစ်(3GB) ရှိပြီး၊ အတန်ကြာ သုံးစွဲပြီးနောက်တွင် ပမာဏ နှစ်ဆ တိုးလာတတ်သလို၊ ဖုန်းနံပါတ်များနှင့် ချိတ်ဆက်လိုက်ပါက အကန့်အသတ်မရှိအထိပင် တိုးချဲ့နိုင်သည်။

အကန့်အသတ်မရှိ ဆိုသည်မှာ ချဲ့ကားပြောဆိုခြင်း ဖြစ်နိုင်သော်လည်း သာမန်လူတစ်ယောက်အတွက်မူ မည်သို့မျှ သုံး၍ ကုန်နိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် ကုမ္ပဏီအသီးသီး၌ အချက်အလက် သိုလှောင်ရန်နှင့် ပေးပို့ရန် လွယ်ကူစေသည့် လုပ်ငန်းသုံး အီးမေးလ်များ ရှိနေပြီ ဖြစ်သည်။

တင်းလေ့ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ဖုန်းယွီက နောက်ပြောင်လိုစိတ်ဖြင့် ရေအေးနှင့် ပက်လိုက်သည်။ "၁ ဂစ် လောက်နဲ့တင် ခင်ဗျားက ကျေနပ်နေပြီလား။ နိုင်ငံခြားမှာ ၂ ဂစ် ပမာဏရှိတဲ့ အီးမေးလ်တွေတောင် ရှိနေပြီဗျ၊ ခင်ဗျား ဒါက မလုံလောက်သေးဘူး"

တင်းလေ့၏စိတ်လှုပ်ရှားနေသော အမူအရာမှာ ချက်ချင်းပင် လျော့ပါးသွားသည်။ နိုင်ငံခြားနဲ့ ဒီလောက်တောင် ကွာခြားနေတုန်းလား။ သို့သော် ၁ ဂစ် ကို ကျော်ဖြတ်နိုင်ပြီ ဖြစ်ရာ ကွာဟချက်မှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာလိမ့်မည်ဟု သူ ယုံကြည်သည်။ နောက် နှစ်အနည်းငယ် ကြာလျှင် နိုင်ငံခြား ကုမ္ပဏီများကို လိုက်မီရုံတင်မကဘဲ ကျော်တက်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။

"လောင်တင်း... ခင်ဗျား မစဉ်းစားမိဘူးလား။ ဒီအီးမေးလ်ကနေ ကြော်ငြာတွေအပြင် တခြား ဘယ်လို ဝင်ငွေမျိုး ရနိုင်ဦးမလဲဆိုတာကိုလေ"

"အီးမေးလ် ပံ့ပိုးပေးနေတာ ကျွန်တော်တို့ တစ်ဦးတည်း မဟုတ်ဘူးလေ။ အီးမေးလ်အတွက် ပိုက်ဆံ ကောက်ဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့နည်းပညာက ပြည်တွင်းမှာ အကောင်းဆုံး ဖြစ်နေပေမဲ့လည်း သာမန်လူတွေက ဒီလောက် အီးမေးလ်အကြီးကြီးကို မသုံးကြဘူးလေ။ ကြော်ငြာအပြင် တခြား ဘယ်လို ဝင်ငွေမျိုး ရှိနိုင်ဦးမှာမို့လို့လဲ" တင်းလေ့သည် အခြားသော ထပ်ဆောင်း ဝန်ဆောင်မှုမျိုးကို စဉ်းစား၍ မရနိုင် ဖြစ်နေသည်။

"လောင်တင်း.. ခင်ဗျား ကြည့်လေ၊ အခု လူတွေ အီးမေးလ် လျှောက်ထားကြတာ ပုံစံအမျိုးမျိုးပဲ။ ဒါဆိုရင် ဒီအီးမေးလ် လိပ်စာကို ကြည့်လိုက်ရုံနဲ့ ဒါ ဘယ်ကုမ္ပဏီကလဲဆိုတာ လူတွေ ဘယ်လို သိနိုင်မလဲ" ဖုန်းယွီက ပြုံးစစဖြင့် မေးလိုက်သည်။

"အနောက်က နာမည်(Suffix)ကို ကြည့်ရမှာပေါ့။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ Sinaတို့ရဲ့ ဒိုမိန်းနာမည်တွေက မတူဘူးလေ"

"အရမ်းကောင်းပါတယ်။ အဲဒီ ဒိုမိန်းနာမည်က ခင်ဗျားတို့ NetEaseရဲ့ နာမည်ပဲလေ။ လူတွေ မြင်ရင် ဒါ NetEaseရဲ့ အီးမေးလ်ဆိုတာ သိကြမယ်။ ဒါဟာ NetEase ကုမ္ပဏီအတွက် ကြော်ငြာတစ်ခုပဲပေါ့။ ဒါဆိုရင် လုပ်ငန်းရှင်တွေကြားမှာ ဘာလို့ ကိုယ်ပိုင် လုပ်ငန်းသုံး အီးမေးလ်တွေ မထားရှိနိုင်ရမှာလဲ"

"ဗျာ... ကုမ္ပဏီတွေကြားမှာ ကိုယ်ပိုင် အီးမေးလ် ထားမယ် ဟုတ်လား။ ဒါဆိုရင် သူတို့မှာ ကိုယ်ပိုင် အီးမေးလ် စာတိုက်စနစ် ရှိရမယ်၊ ကိုယ်ပိုင် ဒိုမိန်းနာမည်လည်း ရှိရမယ်။ ပြီးတော့ ဆာဗာတစ်လုံးလည်း လိုဦးမှာပေါ့။ အခမဲ့ သုံးလို့ရတာ ရှိနေတာကို ဘာလို့ ပိုက်ဆံ အကုန်ခံမှာလဲဗျ"

"လုံခြုံရေးပေါ့… ကိုယ်ပိုင် ဆာဗာ ရှိတာက ပိုပြီးစိတ်ချရတာပေါ့။ ပြီးတော့ ကုမ္ပဏီကြီးတွေ အတွက် ဆာဗာ တစ်လုံးဖိုးလောက်က ဘာမှမဟုတ်ပါဘူး။ လုပ်ငန်းသုံး အီးမေးလ်ရဲ့ အားသာချက်က အီးမေးလ် အားလုံးကို ကုမ္ပဏီက စောင့်ကြည့် ထိန်းချုပ်နိုင်တာပဲ။ အီးမေးလ် တစ်ခုချင်းစီရဲ့ ပမာဏကိုလည်း စိတ်ကြိုက် ခွဲဝေပေးလို့ ရသလို၊ ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားရင် ကုမ္ပဏီက အဲဒီ အီးမေးလ်ကို ပိတ်ပစ်တာ ဒါမှမဟုတ် ဖျက်ပစ်တာမျိုး လုပ်လို့ ရတယ်။ အဲဒီအခါ အလုပ်ထွက်သွားတဲ့သူက ကုမ္ပဏီ နာမည်ကို သုံးပြီး အီးမေးလ်တွေ ဆက်ပို့လို့ မရတော့ဘူးပေါ့..."

တင်းလေ့ ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။ ဒီလုပ်ငန်းသုံး အီးမေးလ် ဆိုတာ စိတ်ဝင်စားစရာပဲ။ မန်နေဂျာဖုန်းက သူတို့ကို လုပ်ငန်းသုံး အီးမေးလ် စနစ်တွေ လုပ်ခိုင်းနေတာလား။ ကုမ္ပဏီကြီးတွေအတွက် ဒီလို ဝန်ဆောင်မှုမျိုး ပေးဖို့ပေါ့။

"မန်နေဂျာဖုန်း... ဒါက ဈေးကွက် အလားအလာ ကောင်းမယ်လို့ ထင်သလား"

"ခင်ဗျားသာ အောင်မြင်အောင် လုပ်နိုင်ရင် ထိုက်ဟွာ Holding လက်အောက်က ကုမ္ပဏီခွဲတွေက အရင်ဆုံး ငှားသုံးပါ့မယ်။ ဒါပေမဲ့ ဒီအီးမေးလ်စနစ်က လုံခြုံရမယ်၊ တည်ငြိမ်ရမယ်၊ ပြီးတော့ ပြည်ပကိုလည်း အီးမေးလ်တွေ ပို့လို့၊ လက်ခံလို့ ရရမယ်။ ဆိုလိုတာက ပြည်ပမှာလည်း ဆာဗာတစ်ခု ထားဖို့ လိုလိမ့်မယ်"

အနာဂတ်တွင် ကုမ္ပဏီငယ်လေး အများအပြားသည် အီးမေးလ် ဝန်ဆောင်မှု ပေးကြသော်လည်း လုံခြုံရေး ညံ့ဖျင်းသည်ကို ထားပါဦး၊ ပြည်ပသို့ အီးမေးလ် ပေးပို့ရာတွင် အဆင်မပြေမှုများ ရှိတတ်သည်။ လမ်းခုလတ်တွင် ပြတ်တောက်သွားခြင်း သို့မဟုတ် လက်ခံသူထံသို့ အသိပေးချက် မရောက်ခြင်းမျိုးများ ကြုံရတတ်သည်။

"ဒါကတော့ ပြဿနာ မရှိပါဘူး။ တခြား ဘာတွေများ သတိထားရဦးမလဲ"

"နောက်တစ်ခုက စနစ် အဆင့်မြှင့်တင်တာနဲ့ အီးမေးလ် အသစ်လဲလှယ်တဲ့ ဝန်ဆောင်မှုတွေပေါ့။ ဒါတွေကို ဝန်ဆောင်မှုပိုင်းမှာ ထည့်ထားရမယ်။ အစပိုင်းမှာ အခမဲ့ သုံးစွဲခွင့် ကာလတစ်ခု သတ်မှတ်ပေးပြီး၊ နောက်ပိုင်းကျမှ ကျိုးကြောင်းဆီလျော်တဲ့ အခကြေးငွေ ကောက်ခံတာမျိုးပေါ့"

တင်းလေ့ ခေါင်းညိတ်လိုက်သည်။ "ရပါတယ်။ ကျွန်တော်တို့ရဲ့ စနစ် အဆင့်မြှင့်တင်မှုကတော့ အကောင်းဆုံး ဖြစ်ရမယ်။ လုပ်ငန်းသုံး အီးမေးလ် အသေးစားလေးတွေ အဆင့်မြှင့်ဖို့က သိပ်ပြီး အချိန်မကြာပါဘူး"

"နောက်ပြီး အီးမေးလ်မှာ အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ Spamမေးလ်တွေနဲ့ ဗိုင်းရပ်စ်ပါတဲ့မေးလ်တွေကို တားဆီးပေးနိုင်ဖို့ပဲ။ ဒါကို လုပ်နိုင်ရင် သုံးစွဲသူတွေ ပိုများလာမှာ သေချာတယ်။ ဒါက ခက်ခဲမှန်း ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အခုအချိန်မှာ အီးမေးလ်ကနေတစ်ဆင့် ဗိုင်းရပ်စ် ပြန့်ပွားတာတွေက တော်တော် များနေတာလေ။ အကယ်၍ ကျွန်တော်တို့ အီးမေးလ်ကနေ ဗိုင်းရပ်စ်တွေ ပြန့်နေတယ်လို့ လူတွေ သိသွားရင် ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကို အများကြီး ထိခိုက်နိုင်တယ်"

"ဗိုင်းရပ်စ် တားဆီးတာကိုတော့ ကျွန်တော် နားလည်ပါတယ်။ Spamမေးလ် ဆိုတာက ဘာကို ပြောတာလဲ"

"အဲဒါကတော့ အသုံးမဝင်တဲ့ ကြော်ငြာတွေကို ဆာဗာကနေ အီးမေးလ်တိုင်းဆီကို အမြောက်အမြား ပို့တာကို ပြောတာလေ။ အဲဒါတွေက နေရာအများကြီး ယူတဲ့အပြင် တကယ့် အရေးကြီးတဲ့ အီးမေးလ်တွေကို ရှာမတွေ့အောင် နှောင့်ယှက်တတ်တယ်"

တင်းလေ့က ဖုန်းယွီကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ ခုနကတင် သူတို့ အီးမေးလ်ကနေ ကြော်ငြာတွေ ပို့ပြီး ပိုက်ဆံရှာသင့်တယ်လို့ ပြောပြီးတော့၊ အခုကျတော့ ကြော်ငြာတွေကို တားဆီးခိုင်းနေပြန်ပြီ။ ဆိုလိုတာက ငါတို့ အီးမေးလ်မှာ ငါတို့ ကြော်ငြာပဲ ရှိရမယ်၊ တခြားသူတွေရဲ့ကြော်ငြာတွေကိုတော့ ပေးမဝင်နဲ့ ဆိုတဲ့ သဘောလား။

သို့သော် ဤသည်မှာ နည်းလမ်းကောင်း တစ်ခု ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့၏ အီးမေးလ်ကြော်ငြာများမှာ ပိုမိုတန်ဖိုးရှိလာမည် ဖြစ်သည်။ သူတို့ ပေးထားသည့် အခမဲ့ အီးမေးလ်ကို အခြားသူများက ဘာကြောင့် အခမဲ့ အမြတ်ထုတ်ခွင့် ရရှိရပါမည်နည်း။

"ကောင်းပါပြီ... အဲဒါတွေ အကုန်လုံး ကျွန်တော် မှတ်ထားပါ့မယ်။ ဒါနဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ကျွန်တော်တို့ ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်ထားတဲ့ အွန်လိုင်းဂိမ်းကို အများပြည်သူ စမ်းသပ်မှု စတော့မယ်။ ခင်ဗျားက ဂိမ်းဒီဇိုင်းပိုင်းမှာ အမြင်ရှိတယ်လို့ ကြားထားလို့၊ ဒီဂိမ်းမှာ ဘာအားနည်းချက်တွေ ရှိမလဲဆိုတာ ကူပြီး ကြည့်ပေးပါဦး။ ဘာပဲဖြစ်ဖြစ် NetEase မှာ ခင်ဗျားရဲ့ ရှယ်ယာတွေ အများကြီး ရှိနေတာပဲ မဟုတ်လား"

"သေချာတာပေါ့။ ဂိမ်းအသစ် ကစားရတော့မှာလား" ဖုန်းယွီလည်း စိတ်လှုပ်ရှားသွားသည်။ "ခင်ဗျား ဂိမ်းနာမည်က ဘာလဲ"

"Fantasy Westward Journeyပါ"

******

အခန်း (၁၂၆၃) အတုအယောင် သူဌေးကြီး

NetEaseသည် အရင်ဘဝက လမ်းစဉ်အတိုင်းပင် အွန်လိုင်းဂိမ်းများ ထုတ်လုပ်ရေးဘက်သို့ အမှန်တကယ် ခြေလှမ်းစတင်လာခဲ့သည်။

အရင်ဘဝတုန်းကလည်း NetEaseသည် ဤဂိမ်းကို ထုတ်လုပ်ခဲ့ပြီး အလှည့်ကျစနစ်သုံး Q-version အွန်လိုင်းဂိမ်းများကို ရေပန်းစားလာအောင် လုပ်ဆောင်ခဲ့သည်။ Westward Journeyစာစဉ်မှာ NetEase၏ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပြီး အမျိုးသမီး ကစားသမား အမြောက်အမြားကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ဝမ်းနည်းစရာမှာ ဖုန်းယွီသည် အရင်ဘဝက ဤဂိမ်းကို တစ်ခါမျှ မကစားဖူးသဖြင့် ဆက်လက်ကစားရန်လည်း စိတ်မပါလှချေ။ Q-version ဂိမ်းများမှာ သူနှင့် မကိုက်ညီလှပေ။

တင်းလေ့ ထွက်ခွာသွားပြီးနောက် ဖုန်းယွီသည်လည်း အသုံးအဆောင်များကို သိမ်းဆည်းကာ အပြင်ထွက်ရန် ပြင်ဆင်တော့သည်။ သူသည် ဦးထုပ်ဆောင်း၊ မျက်မှန်အမည်းတပ်ကာ နှာခေါင်းစည်းပါ တပ်ဆင်လိုက်ပြီးနောက်၊ Songjiang ကော်အာ မော်ဒယ်ဟောင်းတစ်စီးကို မောင်းနှင်ကာ လူနေအိမ်ရာဝင်းအတွင်းမှ ထွက်လာခဲ့သည်။

ကျိုးခယ့်ရှင်းသည်လည်း အလားတူပင် အပြည့်အစုံ ကာကွယ်ထားပြီး နှာခေါင်းစည်းတပ်လျက် အိမ်ရာဝင်း၏ ဂိတ်ပေါက်တွင် စောင့်ဆိုင်းနေသည်။ ယခုအချိန်သည် ရောဂါဖြစ်ပွားနေသော ကာလမဟုတ်ပါလော၊ လမ်းမပေါ်တွင် နှာခေါင်းစည်းတပ်ထားသူ အလွန်များပြားသဖြင့် မည်သူမျှ ထူးဆန်းသည်ဟု မထင်ကြပေ။

"ကားပေါ်တက်"

ကျိုးခယ့်ရှင်းသည် ကားတံခါးကို ဆွဲဖွင့်ကာ တက်လာပြီးနောက် ဦးထုပ်ကို ချွတ်လိုက်သည်။ "ရောက်လာတာ တော်တော် မြန်သားပဲ"

"ဒါပေါ့... အခု လမ်းပေါ်မှာ လူတွေလည်း သိပ်မရှိဘူးလေ"

"ရှင် မကြောက်ဘူးလား။ ဪ... ဟုတ်သားပဲ၊ ရှင်က နေမကောင်းဖြစ်ရင်တောင် ကုသဖို့ ပိုက်ဆံရှိတာပဲ မဟုတ်လား"

"ငါ့အမြင်တော့ ဒီကိစ္စက သိပ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ထင်တယ်။ လူတစ်ယောက်က အကြောင်းမဲ့သက်သက်တော့ မကူးစက်နိုင်ပါဘူး၊ ပြီးတော့ ရှန်ဟိုင်းကလည်း အတော်လေး စိတ်ချရပါတယ်။ စဉ်းစားကြည့်လေ... ရောဂါအပြင်းထန်ဆုံးလို့ ပြောနေတဲ့ ဖုန်ချန်းနဲ့ ရန်ချန်းဘက်မှာတောင် ဖျော်ဖြေပွဲတွေ၊ ဘောလုံးပွဲတွေ ပုံမှန်အတိုင်း လုပ်နေတာပဲ မဟုတ်လား။ အစိုးရခေါင်းဆောင်တွေတောင် အဲဒီဘက်ကို သွားနေကြတာပဲ၊ ဘာကြောက်စရာ ရှိမှာလဲ။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ချဲ့ကားပြောနေကြတာပါ"

ကျိုးခယ့်ရှင်းက ခေါင်းညိတ်လိုက်သည်။ "အဲဒါတော့ ဟုတ်ပါတယ်။ အင်တာနက်ပေါ်မှာ ပြောနေတာတွေက အရမ်းလွန်လွန်းတယ်လို့ ကျွန်မလည်း ထင်တယ်။ အခု ဒီပြဇာတ်ဆိုရင်လည်း လက်မှတ်ဝယ်ဖို့တောင် မလွယ်ဘူးလေ"

"လက်မှတ်ဝယ်တာက ဘယ်လောက်ခက်လို့လဲ။ နောက်ကျရင် ပြဇာတ်ရုံ တစ်ရုံလုံးကို လက်မှတ်အကုန်ဝယ်လိုက်ပြီး၊ ကုမ္ပဏီက ဝန်ထမ်းတွေကို အကျိုးခံစားခွင့်အနေနဲ့ လာကြည့်ခိုင်းလိုက်ရင် ရတာပဲ" ဖုန်းယွီက သူဌေးကြီး ပီသစွာ ပြောလိုက်သည်။

ကျိုးခယ့်ရှင်းက ဖုန်းယွီကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ "ရှင် ဒီရက်ပိုင်း သိပ်မအားဘူး ထင်တယ်နော်"

"ဘယ်မှာ မအားရမှာလဲ။ ငါက အလုပ်တွေကြားထဲကနေ မင်းနဲ့ ပြဇာတ်ကြည့်ဖို့ အချိန်လုပြီး လာခဲ့ရတာပါ" ဖုန်းယွီက မင်းအတွက် ငါ အများကြီး အနစ်နာခံလိုက်ရသည်ဟူသော အမူအရာမျိုး လုပ်လိုက်သည်။

"ဒါဆိုရင်တော့ ရှင် အနစ်နာခံလိုက်ရတာတွေ များလွန်းနေပြီပေါ့"

"မများပါဘူး၊ မများပါဘူး။ ဒါကို အနစ်နာခံတယ်လို့ ဘယ်လိုပြောလို့ ရမှာလဲ၊ ငါကိုယ်တိုင်လည်း ပြဇာတ်ကြည့်ချင်နေတာပါ" ဖုန်းယွီက မဟုတ်မမှန် ပြောလိုက်ရသည်။

ဤပြဇာတ်ကို သူသည် အရင်ဘဝက သုံးကြိမ်တိုင်တိုင် ကြည့်ခဲ့ဖူးသဖြင့် ယခု ထပ်ကြည့်ရသည်မှာ ဘာမျှ စိတ်ဝင်စားစရာ မကောင်းတော့ပေ။ ထို့ပြင် ၎င်းမှာ သာမန်ဝမ်းနည်းစရာပြဇာတ်တစ်ခုသာဖြစ်ပြီး ရယ်စရာလည်း မပါဘဲ မျက်ရည်ကျစရာသာ ကောင်းလှသည်။

ပြဇာတ်ရုံသို့ ရောက်သောအခါ သူတို့နှစ်ဦး ကားရပ်လိုက်ပြီး လက်မှတ်စစ်မည့် အချိန်နှင့် ကွက်တိ ဖြစ်နေသည်။

ကြည့်ရသည်မှာ အရင်ဘဝက ဇာတ်လမ်းအတိုင်းပင် ဖြစ်ပြီး သရုပ်ဆောင်များပင် ပြောင်းလဲခြင်း မရှိပေ။ သူတို့သည် ထောင့်ဘက်ကျသော နေရာတွင် ထိုင်လိုက်ကြရာ စင်မြင့်ပေါ်မှ သရုပ်ဆောင်ချက်များကို သေချာပင် မမြင်ရချေ။

စင်တင်ပြဇာတ်များ၏ ထူးခြားချက်မှာ လှုပ်ရှားမှု၊ မျက်နှာပေးနှင့် အသံတို့ကို အနည်းငယ် ချဲ့ကားရခြင်းပင် ဖြစ်သည်။ မဟုတ်ပါက နောက်ဆုံးတန်းမှ လူများ မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် စင်တင်ပြဇာတ်များကို မကြည့်ဖူးသူများမှာ အလွန်ပင် လုပ်ယူထားသလို ခံစားရကာ ပျင်းရိစရာဟု ထင်တတ်ကြသည်။ သို့သော် ကောင်းမွန်သော ပြဇာတ်တစ်ခုမှာမူ အမှန်တကယ်ပင် ကြည့်ကောင်းလှပေသည်။

ဝမ်းနည်းစရာအခန်းသို့ ရောက်သောအခါ ပြဇာတ်ရုံအတွင်းရှိ ပရိသတ်အများအပြားမှာ ရှိုက်ကြီးတငင် ငိုကြွေးနေကြပြီး ကျိုးခယ့်ရှင်း၏ မျက်လုံးများမှာလည်း နီရဲနေလေပြီ။

ဖုန်းယွီသည် တစ်ရှူးထုတ်ကို ထုတ်ကာ တစ်ရွက်ဆွဲယူပြီး ကျိုးခယ့်ရှင်း၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ ကျိုးခယ့်ရှင်း၏ ခန္ဓာကိုယ်မှာ ခေတ္တမျှ တောင့်တင်းသွားသော်လည်း၊ ဖုန်းယွီ၏သုတ်ပေးမှုကို ငြိမ်သက်စွာ လက်ခံလိုက်ရာ သူမ၏ ရင်ထဲတွင် ပျော်ရွှင်ကြည်နူးမှုများ ပေါ်ပေါက်လာခဲ့သည်။

ကျိုးခယ့်ရှင်း ငြင်းပယ်ခြင်း မရှိသည်ကို မြင်သောအခါ ဖုန်းယွီသည် လက်ကို ဆန့်ထုတ်ကာ သူမကို ဆွဲဖက်လိုက်ပြီး သူ၏ ပခုံးပေါ်သို့ မှီခိုင်းလိုက်သည်။

ကျိုးခယ့်ရှင်း၏ ရှိုက်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် ဖုန်းယွီ၏ လက်ထဲမှ တစ်ရှူးကို လုယူကာ သူမဘာသာ သုတ်လိုက်သည်။ ဖုန်းယွီ၏ ပခုံးပေါ်တွင် မှီထားရသည်မှာ သူမအတွက် မှီခိုရာတစ်ခုကို ရရှိလိုက်သလို ခံစားရစေသည်။

သူမသည် မိန်းကလေးတစ်ဦးတည်း ရှန်ဟိုင်းကဲ့သို့ မြို့ကြီးတွင် ရုန်းကန်နေရသဖြင့် အမှန်စစ်စစ်တွင် အလွန်ပင် ပင်ပန်းလှသည်။ အထူးသဖြင့် ညဉ့်နက်ချိန်များတွင် ဟာလာဟင်းလင်း ဖြစ်နေသော အိမ်ကြီးကို ကြည့်ရင်း သူမ အထီးကျန်မှုကို ခံစားရလေ့ရှိသည်။

တကယ်တမ်းတွင် သူမ၏ ရင်ထဲ၌လည်း ဖုန်းယွီနှင့် အတူရှိချင်သော ဆန္ဒ ရှိနေပါသည်။ ဖုန်းယွီသည် သူမအနားတွင် အမြဲရှိနေပေးနိုင်မည် မဟုတ်သော်လည်း၊ စိတ်ထဲတွင် သတိရနေရရုံဖြင့် စိတ်ပိုင်းဆိုင်ရာ ထောက်တိုင်တစ်ခု ရရှိသလို ဖြစ်နေပေသည်။

ယခုတစ်ကြိမ်တွင် ဖုန်းယွီ ရှန်ဟိုင်းသို့ ရောက်နေကြောင်း သိလိုက်ရသောအခါ၊ သူမသည် ပြဇာတ်လက်မှတ် နှစ်စောင် ဝယ်ထားကြောင်း ဖုန်းယွီကို အရင်ဆုံး ပြောပြခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီကလည်း မဆိုင်းမတွပင် လာရောက်ခဲ့သဖြင့် သူမ အလွန် ပျော်ရွှင်နေမိသည်။

အချို့က ပြောကြသည်မှာ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ရခြင်းမှာ အလွန် အထီးကျန်လှသည်ဟူ၍ ဖြစ်သည်။ ပြဇာတ်ကြည့်ခြင်းမှာလည်း အလားတူပင် ဖြစ်ပေလိမ့်မည်။

ပြဇာတ် ပြီးဆုံးသွားသောအခါ ကျိုးခယ့်ရှင်းသည် အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။ အကြောင်းမှာ ဖုန်းယွီ၏ပခုံးပေါ်တွင် ဆက်လက်မမှီထားနိုင်တော့သောကြောင့် ဖြစ်သည်။

"အခု ထမင်းစားဖို့က အချိန်စောသေးတယ်၊ တခြား သွားချင်တဲ့ နေရာ ရှိသေးလား" ဖုန်းယွီက နာရီကို ကြည့်ကာ မေးလိုက်သည်။

ဖုန်းယွီသည် ကျိုးခယ့်ရှင်းက လမ်းတစ်ဖက်ရှိ စျေးဝယ်စင်တာကြီးကို လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမ စျေးဝယ်ချင်နေတာလား။

ထင်သည့်အတိုင်းပင် ကျိုးခယ့်ရှင်းသည် စျေးဝယ်စင်တာသို့ သွားလိုနေခြင်း ဖြစ်သည်။

...

"ဒါလေး ဝတ်ကြည့်ပါဦး၊ လှတယ်... ဝယ်လိုက်မယ်"

"မယူပါဘူး၊ ပုံစံက ကျွန်မနဲ့ မလိုက်ဘူး"

"ဒီပုံစံက လိုက်ပါတယ်၊ ဝန်ထမ်း... ဒါလေး ထုပ်ပေးပါ"

"မယူဘူးလေ၊ အရောင်က မလိုက်ဖက်ဘူး"

"ဒီအင်္ကျီက အရောင်ရော ပုံစံရော ကောင်းသားပဲ၊ ဝယ်လိုက်ပါလား"

"မဖြစ်ဘူးလေ၊ ဒါက ဘာလို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ"

တစ်နာရီကျော်ကြာ လည်ပတ်ခဲ့သော်လည်း ဖုန်းယွီ ကိုင်ထားသော ကတ်မှာ တစ်ကြိမ်မျှ အသုံးပြုခွင့် မရခဲ့ပေ။ ကျိုးခယ့်ရှင်းသည် အင်္ကျီဝတ်စမ်းရသည့် လုပ်ငန်းစဉ်ကိုသာ သဘောကျနေပုံရပြီး ဝယ်ယူရန်မူ လုံးဝ စိတ်မကူးထားပေ။

"ခယ့်ရှင်း... ဒီထဲမှာ မင်း တကယ်ကြိုက်တဲ့ အင်္ကျီ တစ်ထည်မှ မရှိဘူးလား"

ကျိုးခယ့်ရှင်းက ဖုန်းယွီကို ပြုံးစစဖြင့် ကြည့်လိုက်သည်။ "ကျွန်မက မူလကတည်းက ဝယ်ဖို့ စိတ်မကူးထားပါဘူး။ အလုပ်သွားရင် ဒီလို ဆန်းပြားတဲ့ အဝတ်အစားတွေက ဝတ်လို့မှ မသင့်တာ။ ဒါ့အပြင် ရှင့်ဆီက ပိုက်ဆံလည်း အကုန်မခံချင်ပါဘူး"

ဖုန်းယွီ တစ်ယောက် အကြီးအကျယ် အနေခက်သွားကာ နှာခေါင်းကိုသာ ပွတ်နေမိပြီး ဘာပြောရမှန်း မသိတော့ပေ။

အရင်ဘဝတုန်းကလည်း ကျိုးခယ့်ရှင်းသည် အလွန်အမင်း ဖြုန်းတီးခြင်းဖြစ်သည်ဟုဆိုကာ ဇိမ်ခံပစ္စည်းများကို မည်သည့်အခါမျှ မဝယ်ယူခဲ့ပေ။ ယခုဘဝတွင်လည်း သူမမှာ ထိုကဲ့သို့ပင် ချွေတာနေဆဲပင်။ သို့သော် ယခုဘဝတွင် ဖုန်းယွီ၌ ပိုက်ဆံတွေ အများကြီး ရှိနေပြီ မဟုတ်ပါလော။

သူတို့ ထွက်ခွာသွားပြီးနောက် အရောင်းဝန်ထမ်း မိန်းကလေးသည် အထင်သေးသော အမူအရာဖြင့် ကြည့်ကျန်ရစ်ခဲ့သည်။ ပိုက်ဆံမရှိဘဲနဲ့ ဘာတွေ ဟန်ဆောင်နေတာလဲ၊ အင်္ကျီဝတ်စမ်းတုန်းကတော့ ဝယ်နိုင်မယ့်ပုံစံနဲ့၊ ရလဒ်ကတော့ သူမကို အလကားနေရင်း စကားတွေ အများကြီး ပြောခိုင်းသွားတာပဲ။ ဟိုယောကျ်ားလေးကော ဘာအင်္ကျီတွေ ဝတ်ထားတာလဲ၊ တံဆိပ်တောင် မတွေ့ရဘူး၊ သေချာပေါက် သူဌေးဟန်ဆောင်နေတဲ့ လူဆင်းရဲပဲ ဖြစ်ရမယ်။

သို့သော် ထိုစဉ်မှာပင် အိတ်အမြောက်အမြားကို ကိုင်ထားသော တည်ငြိမ်အေးစက်သည့် လူတစ်ယောက် ရောက်လာပြီး ပြောလိုက်သည်။ "ခုနက အမျိုးသမီး ဝတ်စမ်းသွားတဲ့ အင်္ကျီတွေ အကုန်လုံး ထုပ်ပေးပါ"

"ရှင်... ဘာပြောလိုက်တာလဲ"

"ကျွန်တော် ပြောတာ မရှင်းလို့လား။ ခုနက အမျိုးသမီး ဝတ်စမ်းသွားတဲ့ အင်္ကျီတွေ အကုန်လုံး ထုပ်ပေးပါလို့ ပြောတာ"

အရောင်းဝန်ထမ်းမှာ မှင်သက်သွားရသည်။ ဤအေးစက်စက် လူမှာ ခုနက လူနှစ်ဦး၏ လက်ပါးစေများလား။ ရုပ်ဖြောင့်၊ လူချမ်းသာတွေက လူဆင်းရဲ ဟန်ဆောင်ပြီး ကောင်မလေးကို လိုက်နေတာလား။

ခုနက လူချောလေးရဲ့ ဝတ်ပုံစားပုံက မရိုးရှင်းမှန်း သူမ သိလိုက်ရသည်။ ထိုအင်္ကျီများသည် နိုင်ငံတကာ အမှတ်တံဆိပ်ကြီးများ ဖြစ်နေမှာ သေချာသည်၊ သူမကသာ မသိခဲ့ခြင်း ဖြစ်ရမည်။ ကြည့်ရသည်မှာ အလွန် ဂုဏ်သိက္ခာရှိလှသည် မဟုတ်ပါလော။ အင်း... သေချာပေါက် အဲဒီလိုပဲ ဖြစ်ရမယ်။

ကျိုးခယ့်ရှင်းမှာ နှမြောနေမည်ကို ဖုန်းယွီက ကြိုတင်တွက်ဆထားသဖြင့်၊ အဝေးမှ လိုက်ပါလာသော သက်တော်စောင့်အား ကျိုးခယ့်ရှင်း ဝတ်စမ်းခဲ့သမျှ အင်္ကျီများကို ဝယ်ယူရန် စာတိုပေးပို့ခဲ့ခြင်း ဖြစ်သည်။ သူမ ဝတ်စမ်းကြည့်သည်ဆိုကတည်းက အတိုင်းအတာတစ်ခုအထိ သဘောကျနေ၍သာ ဖြစ်ပေလိမ့်မည်။

ညနေပိုင်း ထမင်းစားပြီးနောက် အိမ်ရှေ့သို့ ရောက်သောအခါ ဖုန်းယွီက ကျိုးခယ့်ရှင်းကို ပြောလိုက်သည်။ "ခဏလေး စောင့်ဦး"

ကျိုးခယ့်ရှင်းသည် ဖုန်းယွီ အဝေးသို့ ပြေးသွားသည်ကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ သူ ဘာလုပ်မလို့လဲ။ အိတ်အမြောက်အမြား ကိုင်ထားသူတစ်ဦးက ဖုန်းယွီထံသို့ အိတ်များ လွှဲပြောင်းပေးနေသည်ကို သူမ အဝေးမှ မြင်တွေ့လိုက်ရသည်။ ဖုန်းယွီသည် လက်နှစ်ဖက်စလုံးတွင် အိတ်များ ပြည့်နှက်လျက် ပြေးလာခဲ့သည်။

"ခယ်ရှင်း... သွားစို့၊ အပေါ်တက်ရအောင်"

"ရှင် နေ့လယ်က ကျွန်မ ဝတ်စမ်းခဲ့တဲ့ အင်္ကျီတွေ၊ ဖိနပ်တွေ အကုန် ဝယ်လိုက်တာလား"

"အင်း... မင်း ဝတ်ထားတာ ကြည့်လို့ကောင်းလို့လေ၊ တခြားသူ ဝတ်သွားရင် နှမြောစရာကြီး။ ဒါတွေက ငါ့အတွက်တော့ ဈေးမကြီးဘူးဆိုတာ မင်း သိမှာပါ"

ကျိုးခယ့်ရှင်း ဘာမှပြန်မပြောနိုင်တော့ဘဲ စိတ်ထဲတွင်တော့ အနည်းငယ် ကြည်နူးသွားမိသည်။

သို့သော် အပေါ်ထပ်သို့ ရောက်သောအခါ ကျိုးခယ့်ရှင်းသည် ဖုန်းယွီကို အိမ်ထဲသို့ ဝင်ရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်း မရှိသေးသဖြင့်၊ ဖုန်းယွီသည် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လည်ထွက်ခွာခဲ့ရလေသည်။

******

အခန်း (၁၂၆၄) Tencent၏ ဂိမ်းလောက ခြေလှမ်း

"ဥက္ကဋ္ဌမား... ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ"

ရှန်ဟိုင်းရှိ ဖုန်းယွီ၏ ရုံးခန်းအတွင်း၌ ဖုန်းယွီနှင့် မျက်နှာချင်းဆိုင် ထိုင်နေသူမှာ Tencentအုပ်စုမှ မားဟွားထန် ဖြစ်သည်။ သူသည် အရင်ဘဝကတည်းက ဖုန်းယွီ အလွန်လေးစားအားကျခဲ့ရသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပေသည်။

"ဒီဘက်မှာ လုပ်ထုံးလုပ်နည်းတချို့ လာလုပ်ရင်းနဲ့ အမှတ်မထင် ဝင်ကြည့်တာပါဗျာ" မားဟွားထန်က ပြုံးလျက် ပြန်ဖြေသည်။

"လုပ်ထုံးလုပ်နည်း ဟုတ်လား။ ကုမ္ပဏီမှာ တစ်ခုခု အပြောင်းအလဲ ရှိလို့လား" ဖုန်းယွီ မျက်မှောင်ကြုတ်သွားသည်။ ကျုံးချင်းရှန်ကတော့ သူ့ကို ဘာမှ မပြောခဲ့ပေ။

"အပြောင်းအလဲတော့ မဟုတ်ပါဘူး၊ လုပ်ငန်းအသစ် တိုးချဲ့တာပါ။ Tencentကုမ္ပဏီအနေနဲ့ ဂိမ်းလောကထဲကို ခြေစုံပစ်ဝင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်"

"ခင်ဗျားက OQ ဂိမ်းတွေကို လုပ်တော့မလို့လား" ဖုန်းယွီ စိတ်လှုပ်ရှားသွားသည်။ ဤ OQ ဂိမ်းများသည် ဤမျှ စောစီးစွာ ပေါ်ထွက်လာခဲ့ပြီလား။

"ကျွန်တော် ဒီဂိမ်းလုပ်ငန်းကို OQ ဂိမ်းလို့ အမည်ပေးထားတာကို ခင်ဗျား ဘယ်လိုသိတာလဲ။ ဪ... OQ ဆိုတဲ့ နာမည်ကိုကြည့်ပြီး ခန့်မှန်းလိုက်တာ ဖြစ်မှာပေါ့။ ဟုတ်ပါတယ်... OQ ဂိမ်းပါပဲ" မားဟွားထန်သည် ဖုန်းယွီအတွက် အကြောင်းပြချက်ကို သူ့ဘာသာသူပင် ရှာပေးလိုက်သဖြင့် ဖုန်းယွီမှာ ရှင်းပြနေစရာပင် မလိုတော့ပေ။ ဤသည်မှာ ကုမ္ပဏီ၏အမည်နှင့် ဆက်စပ်နေသဖြင့် ခန့်မှန်းမိသွားခြင်းမှာလည်း သိပ်တော့ မထူးဆန်းလှချေ။

"ခင်ဗျားရဲ့OQ ဂိမ်းထဲမှာ ဘာတွေပါမလဲ" ဖုန်းယွီက စူးစမ်းစွာ မေးလိုက်သည်။ သူနှစ်သက်သည့် ဂိမ်းများ ပါဝင်လာလျှင် ပို၍ ကောင်းပေလိမ့်မည်။

အရင်ဘဝတုန်းက ဤ OQ ဂိမ်းသည် အလွန်ပင် ရေပန်းစားသော ဂိမ်းပလက်ဖောင်းတစ်ခု ဖြစ်ခဲ့သည်။ မှတ်ပုံတင်ထားသူ အရေအတွက်ကို ထားလိုက်ပါဦး၊ OQ အကောင့်တစ်ခုရှိလျှင် OQ ဂိမ်းအကောင့်လည်း ဖြစ်သွားသဖြင့် အမြဲတမ်း ကစားနေသူဦးရေမှာ သန်းနှစ်ရာကျော်ရှိပြီး တစ်ပြိုင်တည်း ကစားနေသူပမာဏမှာ ရှစ်သန်းကျော်အထိ ရှိခဲ့ရာ ဂိမ်းလောက၏ ဘုရင်တစ်ပါးဟုပင် ဆိုနိုင်သည်။

"လောလောဆယ်တော့ အမျိုးအစား နှစ်မျိုးပဲ ရှိပါသေးတယ်။ တစ်မျိုးက ဖဲနဲ့ ဘုတ်ဂိမ်းတွေဖြစ်ပြီး နောက်တစ်မျိုးကတော့ အိမ်မွေးတိရစ္ဆာန် မွေးမြူတဲ့ဂိမ်းပါ။ ဘုတ်ဂိမ်းတွေထဲမှာတော့ ဖဲ၊ မာဂျောင်၊ စစ်တုရင်၊ အကွက်ရွှေ့ကစားနည်း၊ ဝေချီနဲ့ စစ်တိုက်ကစားနည်းတွေ ပါဝင်မှာပါ။ ဖဲနဲ့ မာဂျောင်မှာဆိုရင် ကစားနည်း အမျိုးမျိုး ခွဲခြားထားပါတယ်။ အိမ်မွေးတိရစ္ဆာန် မွေးမြူတဲ့ဂိမ်းကတော့ အီလက်ထရွန်နစ် အိမ်မွေးတိရစ္ဆာန် မွေးမြူတဲ့ ပုံစံမျိုးဖြစ်ပြီး ဂိမ်းလေးတွေလည်း ကစားလို့ရမှာပါ။ ဒါကတော့ အမျိုးသမီး ကစားသမားတွေကို ပစ်မှတ်ထားတာပါ"

OQ အိမ်မွေးတိရစ္ဆာန် ဂိမ်းကိုတော့ ဖုန်းယွီ သိပ်စိတ်မဝင်စားလှပေ။ သို့သော် ဖဲနှင့် ဘုတ်ဂိမ်းများကိုမူ အရင်ဘဝက သူ အတော်လေး ကစားခဲ့ဖူးသည်။ အထူးသဖြင့် "မြေရှင်တိုက်ပွဲ"(Fight the Landlord) ကစားနည်းမှာ တရုတ်နိုင်ငံမှသည် ဥရောပနှင့် အမေရိကအထိ နာမည်ကြီးခဲ့သော ကစားနည်းတစ်ခု ဖြစ်သည်။

"ဒါကတော့ တော်တော်ကောင်းတာပဲ။ ဒါဆိုရင် နောက်ထပ်ကော ဘာတွေလာဦးမှာလဲ။ ခင်ဗျား ပြောပုံအရဆိုရင် ဂိမ်းအမျိုးအစားသစ်တွေ ထပ်လာဦးမယ့်ပုံပဲ"

"လာမှာပေါ့။ နောက်ပိုင်းကျရင် အပျော်တမ်း ယှဉ်ပြိုင်ရတဲ့ ဂိမ်းတွေ လာပါလိမ့်မယ်။ ဆိုလိုတာက တစ်ယောက်တည်း ကစားရတဲ့ ဂိမ်းလေးတွေကို အွန်လိုင်းပေါ်မှာ အချင်းချင်း ယှဉ်ပြိုင်လို့ရအောင် လုပ်မှာပါ။ ဥပမာ - ရုပ်ပုံတူ တိုက်တဲ့ဂိမ်း၊တက်ထရစ် (Tetris) နဲ့ ပုံတူနှစ်ပုံထဲက ကွာခြားချက် ရှာတဲ့ဂိမ်း(Spot the difference) တွေပေါ့"

အရင်ဘဝက ဖုန်းယွီသည် ဤပုံတူရှာသည့် ဂိမ်းကို ကစားခဲ့ဖူးသည်။ သို့သော် OQ ဂိမ်းပေါ်တွင်မူ ၎င်းမှာ "အလှလေးများကြားမှ ကွာခြားချက်ရှာခြင်း" ဖြစ်သွားပုံရသည်။ ဆိုလိုသည်မှာ ဤကဲ့သို့သော နည်းလမ်းဖြင့် ကစားသမားများကို ဆွဲဆောင်ခြင်းပင် ဖြစ်သော်လည်း. ထိုထဲတွင် မသင့်လျော်သော ပုံရိပ်များတော့ ပါဝင်မည် မဟုတ်ပေ။

"စိတ်ကူးက သိပ်ကောင်းတာပဲ။ တချို့ဂိမ်းဟောင်းလေးတွေကို တစ်ယောက်တည်း ကစားရတာ တကယ်ပဲ ပျင်းဖို့ကောင်းတယ်။ အကယ်၍ အချင်းချင်း ယှဉ်ပြိုင်လို့ရမယ်ဆိုရင် ကစားသမားတွေ အများကြီးကို ဆွဲဆောင်နိုင်မှာပဲ။ ဒါပေမဲ့ တစ်ခါတည်း ဒီလောက်အထိ အကြီးအကျယ် လုပ်မယ်ဆိုတော့ ပလက်ဖောင်းအပေါ်မှာ ဖိအားတွေ အများကြီး သက်ရောက်မသွားဘူးလား။ ခင်ဗျားတို့ဆီမှာ နည်းပညာ ဝန်ထမ်းတွေကော လုံလောက်ရဲ့လား။ ဂိမ်းအားလုံးကို သေချာ စမ်းသပ်ပြီးပြီလား"

"ကျွန်တော်တို့က OQ ဂိမ်းခန်းမကြီး တစ်ခုကို မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဂိမ်းပလက်ဖောင်းပေါ့။ ဒီခန်းမထဲမှာ ခင်ဗျား ကစားချင်တဲ့ ဂိမ်းကို ရွေးချယ်ပြီး နှိပ်လိုက်တာနဲ့ အဲဒီဂိမ်းထဲကို ရောက်သွားမှာပါ။ အကောင့်နဲ့ လျှို့ဝှက်နံပါတ်ကတော့ OQ အကောင့်အတိုင်းပါပဲ။ ဒါကို ပုံတူပွားတဲ့ စနစ်နဲ့ အလွယ်တကူ လုပ်ထားတာပါ။ နည်းပညာ ဝန်ထမ်းတွေကတော့ အသစ် ထပ်ခန့်ထားတာမို့ အတော်အသင့်တော့ လုံလောက်ပါတယ်။ ဒါပေမဲ့ Sinaတို့၊ Lenovo-Inspurတို့ဆီက ဝန်ထမ်းတချို့ကို ခဏလောက် ငှားလို့ရရင်တော့ ပိုကောင်းတာပေါ့"

"ဂိမ်းစမ်းသပ်မှုပိုင်းကတော့ ကုမ္ပဏီတွင်းက ဝန်ထမ်းတွေနဲ့ပဲ စမ်းသပ်ထားတာပါ။ ဒီတစ်ခါကျရင်တော့ အများပြည်သူ စမ်းသပ်မှု လုပ်သွားမှာပါ။ ဒီဂိမ်းကလည်း အခမဲ့ပဲ ဖြစ်မှာပါ"

ဖုန်းယွီ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်မိသည်။ Lenovoတို့၊ Sinaတို့ဆီက ဝန်ထမ်းတွေကို ငှားဖို့ဆိုတာ စိတ်ကူးယဉ်နေတာပဲ။ ဖုန်းယွီ၏ ရည်ရွယ်ချက်မှာ ဖုန်းယွီ Gamesမှ လူအချို့ကို သူတို့ထံ ငှားရမ်းပေးရန် ဖြစ်သည်။ ထိုဘက်တွင်လည်း ဖဲနှင့် ဘုတ်ဂိမ်းများ ထုတ်လုပ်ရန် စီမံကိန်းရှိသဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကျိုးပြုနိုင်ပေလိမ့်မည်။

သို့သော် တစ်ဖက်တွင်လည်း ဖုန်းယွီက စိုးရိမ်မိပြန်သည်။ ဂိမ်းကို ကုမ္ပဏီတွင်းသာ စမ်းသပ်ထားသဖြင့် ဟာကွက်များစွာ ရှိနေနိုင်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဂိမ်းကို ကစားရလွယ်အောင် လုပ်ပေးသည့် အပိုဆော့ဖ်ဝဲများကို ဖန်တီးလိုက်မည်ဆိုပါက OQ ဂိမ်းအတွက် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်သွားပေလိမ့်မည်။

"ဒါဆိုရင် ဒီ OQ ဂိမ်းကိုလည်း ဝန်ဆောင်မှုအသစ်တွေနဲ့ ပိုက်ဆံရှာမယ့် ပုံစံမျိုး လုပ်ဖို့ စီစဉ်ထားတာလား။ အဲဒီလိုဆိုရင်တော့ ဟက်ကာတွေရဲ့ အပိုဆော့ဖ်ဝဲတွေကို သတိထားရမယ်။ အကယ်၍ အခမဲ့သုံးလို့ရတဲ့ ဟက်ကာဆော့ဖ်ဝဲတွေက ခင်ဗျားတို့ရဲ့ အခပေး ဝန်ဆောင်မှုတွေထက် ပိုပြီး ထိရောက်နေမယ်ဆိုရင် OQ ဂိမ်းအတွက် အခြေအနေ မကောင်းနိုင်ဘူး"

ဥပမာအားဖြင့် မြေရှင်တိုက်ပွဲ ကစားနည်းတွင် အဖွဲ့ဝင်ဖြစ်ပါက ဂိမ်းပိုက်ဆံ ငါးသောင်းကို နေ့စဉ် အလကားရမည် ဆိုပါစို့။ သို့သော် အခြားသူတစ်ယောက်က ဟက်ကာဆော့ဖ်ဝဲသုံးပြီး ငါးသန်းကို အလွယ်တကူ ရယူနိုင်မည်ဆိုပါက မည်သူကမှ အဖွဲ့ဝင် ဝင်တော့မည် မဟုတ်ပေ။

ထို့ပြင် ခင်ဗျား၏အဖွဲ့ဝင်များသည် ရှုံးနိမ့်သွားသော အမှတ်များကို ပြန်လည် ဖျက်ပစ်နိုင်သော်လည်း၊ အခြားသူများက ဟက်ကာနည်းဖြင့် အမှတ်များကို အလိုအလျောက် မြှင့်တင်ကာ အဆင့်အတန်းများကို လိုက်လုပ်နေမည်ဆိုပါက ဂိမ်း၏ အဆင့်အတန်း သတ်မှတ်ချက်စနစ်မှာ ပြိုလဲသွားပေလိမ့်မည်။

"ဒါကိုတော့ ကျွန်တော်တို့ ထည့်တွက်ထားပါတယ်။ ဒါပေမဲ့ အများပြည်သူ စမ်းသပ်မှု မလုပ်ဘဲနဲ့တော့ ဘယ်နေရာမှာ ဟာကွက်ရှိလဲဆိုတာ ရှာဖို့မလွယ်ဘူးလေ။ ဒီအတွက်တော့ ကျွန်တော်တို့ဘက်က အရင်းအနှီး အကုန်အကျခံဖို့ ဝန်မလေးပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ Tencentဒင်္ဂါးကို မိတ်ဆက်ပြီးတဲ့နောက်မှာပေါ့။ ဒါက ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်က ထုတ်ကုန်အားလုံးမှာ သုံးလို့ရမယ့် အင်တာနက် ငွေကြေးအသစ် ဖြစ်သလို၊ ကျွန်တော်တို့ရဲ့ အဓိက ဝင်ငွေလမ်းကြောင်းလည်း ဖြစ်မှာပါ။ အရင်တုန်းက Tencentဒင်္ဂါးတွေကို ဟက်ကာနည်းနဲ့ အလကားယူဖို့ ကြိုးစားခဲ့တဲ့သူတွေကို ကျွန်တော်တို့ တွေ့ခဲ့ဖူးတယ်၊ ဒါက ကျွန်တော်တို့အတွက် အရှုံးပေါ်စေမယ့် ကိစ္စပဲလေ"

Tencentဒင်္ဂါးတွေတောင် ပေါ်နေပြီလား။ အရင်ဘဝက တရုတ်အင်တာနက်လောကတွင် အရေးပါဆုံး ဖြစ်ခဲ့သော အင်တာနက် ငွေကြေးသည် ဤမျှ စောစီးစွာ ပေါ်ထွက်လာလိမ့်မည်ဟု ဖုန်းယွီ မထင်မှတ်ခဲ့ပေ။ ဤTencentဒင်္ဂါးကို ထုတ်ဝေခြင်း၏ အကြီးမားဆုံး အားသာချက်မှာ ငွေကြေးများကို လျင်မြန်စွာ လည်ပတ်စေနိုင်ခြင်းပင် ဖြစ်သည်။

လူအများအပြားသည် Tencentဒင်္ဂါးများကို ဝယ်ယူထားပြီးနောက် တစ်ကြိမ်တည်းနှင့် အကုန်သုံးစွဲကြသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူတစ်ယောက်သည် ယွမ်ငါးဆယ်ဖိုးသာ သုံးစွဲလိုသော်လည်း၊ အထူးခံစားခွင့်များ ရရှိရန်အတွက် ယွမ် တစ်ရာဖိုး ဝယ်ယူလိုက်သည်။ ထိုအခါ ပိုနေသော Tencentဒင်္ဂါး ငါးဆယ်ဖိုးမှာ ကုမ္ပဏီ၏ လက်ထဲသို့ ရောက်ရှိနေပြီး ဖြစ်သည်။ Tencentကုမ္ပဏီဘက်မှ ကြည့်လျှင် သူတို့သည် ယွမ် တစ်ရာဖိုးကို ရောင်းချပြီးသား ဖြစ်သွားသည်။

ပိုနေသော Tencentဒင်္ဂါး ငါးဆယ်ဖိုးကိုလည်း အခြားသော နည်းလမ်းများဖြင့် သုံးစွဲလာအောင် ကုမ္ပဏီက လှုံ့ဆော်ပေးပေလိမ့်မည်။ ဥပမာအားဖြင့် မူလက Tencentဒင်္ဂါး ၁၀ ပြား တန်ဖိုးရှိသော ပစ္စည်းကို ၈ ပြားနှင့် ရောင်းချပေးခြင်းမျိုးဖြင့် သုံးစွဲသူအား ငွေ ထပ်မံဖြည့်သွင်းလာအောင် ဆွဲဆောင်ကာ ကုမ္ပဏီမှ အမြတ် ထပ်မံရယူခြင်းဖြစ်သည်။

အပိုဆောင်း ဝန်ဆောင်မှုများဖြင့် အမြတ်ရှာရာတွင် Tencentအုပ်စုသည် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်သည်မှာ ငြင်းမရပေ။ ၎င်းတို့သည် အခမဲ့ ထုတ်ကုန်များစွာကို ပေးအပ်ထားသော်လည်း၊ အခပေး အဖွဲ့ဝင်များနှင့် ကွာခြားချက်ကို သိသာအောင် ပြုလုပ်ထားခြင်းဖြင့် သုံးစွဲသူများကို ငွေသုံးလာအောင် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။

အကယ်၍ ခင်ဗျားက လုံးဝ ငွေမသုံးဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး၊ ခင်ဗျားက Tencentကုမ္ပဏီအတွက် တန်ဖိုးတစ်ခုကို ဖန်တီးပေးနေဆဲပါပဲ။ ဥပမာအားဖြင့် ကြော်ငြာရှင်များထံတွင် Tencentကုမ္ပဏီသည် တရုတ်နိုင်ငံ၌ အမြဲတမ်း အသုံးပြုနေသူဦးရေ အများဆုံး ရှိကြောင်း ပြသနိုင်လျှင် ကြော်ငြာခများကို အမြင့်ဆုံး ရရှိနိုင်မည် ဖြစ်သည်။

အရင်ဘဝက အကောင်းဆုံး ကြော်ငြာနည်းလမ်းမှာ ဘာလဲဟု လူအများ ဆွေးနွေးကြရာ၊ နောက်ဆုံးတွင် လူတိုင်း သဘောတူခဲ့သည်မှာ OQ Pop-up window ကြော်ငြာပင် ဖြစ်သည်။ အကြောင်းမှာ ထိုစဉ်က OQ ကို တစ်ပြိုင်တည်း အသုံးပြုနေသူဦးရေမှာ သန်းလေးရာ ကျော်လွန်နေပြီး မှတ်ပုံတင်ထားသူမှာ သန်းတစ်ထောင်ကျော် ရှိနေသောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော အသုံးပြုသူ ပမာဏ အများဆုံးရှိခြင်းကြောင့်သာ Tencentကုမ္ပဏီသည် ကမ္ဘာ့အဆင့်မီ အင်တာနက် နည်းပညာ ကုမ္ပဏီကြီးတစ်ခုအဖြစ် အဆင့်ဆင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

"အခု ကျွန်တော်တို့ရဲ့ Tencentဒင်္ဂါးတွေကို ဝယ်တဲ့သူ အများကြီး ရှိလား" ဖုန်းယွီက စူးစမ်းစွာ မေးလိုက်သည်။

"လောလောဆယ်တော့ သိပ်မများသေးပါဘူး၊ ဒါပေမဲ့ တိုးတက်မှုနှုန်းကတော့ အရမ်းမြန်တယ်။ နောက်တစ်နှစ်အတွင်းမှာ အခပေး သုံးစွဲသူဦးရေ တစ်သန်း ကျော်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

သုံးစွဲသူ တစ်သန်း ဆိုသည်မှာ Tencentကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ယှဉ်လျှင်မူ များစွာ နည်းပါးလွန်းလှသေးသည်။

"ဒါဆိုရင် Tencentဒင်္ဂါးတွေ ပိုပြီး သုံးလာအောင် တခြား ထုတ်ကုန်တွေနဲ့ တွဲဖက်ဖို့ရော မစဉ်းစားဘူးလား"

"စဉ်းစားတာပေါ့။ ကျွန်တော် Blogတစ်ခု လုပ်ဖို့လည်း စဉ်းစားထားတယ်။ ဒါပေမဲ့ ကျွန်တော့် Blogက Sinaတို့ရဲ့ Blogနဲ့တော့ ပုံစံချင်း မတူဘူး"

ဖုန်းယွီ မျက်ခုံးတစ်ချက် ပင့်သွားမိသည်။ ဒါဆိုရင် OQ Spaceကို ပြောတာလား။

******

All Chapters