အခန်း (၁၂၆၅-၁၂၆၇)
Vol. 86 Ch. 1265-1267
အခန်း (၁၂၆၅) သုံးစွဲမှုကို လှုံ့ဆော်ခြင်း
မားဟွားထန်သည် ဖုန်းယွီ၏ ထူးဆန်းသော အမူအရာကို သတိမထားမိဘဲ သူ၏ စိတ်ကူးများကို စိတ်အားထက်သန်စွာဖြင့် ဆက်လက် ရှင်းပြနေလေသည်။
"ဒီထုတ်ကုန်ကို ကျွန်တော်တို့က OQ Spaceလို့ အမည်ပေးထားပါတယ်။ အဲဒီမှာ နေ့စဉ်မှတ်တမ်းတွေ ရေးလို့ရမယ်၊ စတေးတပ်တွေ တင်လို့ရမယ်၊ ခံစားချက်တွေ ရေးသားပြီး ဓာတ်ပုံတွေလည်း တင်လို့ရမှာပါ။ Blog တစ်ခုရဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ရုံတင်မကဘဲ Blogထက်လည်း ပိုပြီး ပြည့်စုံမှာပါ"
"ဝက်ဘ်ဆိုက် ရေးသားတာ ကျွမ်းကျင်တဲ့ အသုံးပြုသူတွေအတွက်လည်း အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပေးဖို့ စီစဉ်ထားပါတယ်။ ဟာပြင်ကို စိတ်ကြိုက် ပြင်ဆင်နိုင်မှာပေါ့။ ဥပမာ နောက်ခံပုံတွေ၊ နောက်ခံသီချင်းတွေနဲ့ တခြားအလှဆင်ပစ္စည်းလေးတွေပေါ့။ ဒါဟာ လူတွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်စာမျက်နှာကို စိတ်ကြိုက် ဖန်တီးနိုင်ခွင့်ပေးတာမို့လို့ တကယ်ပဲ ဆွဲဆောင်မှု ရှိမယ်လို့ မထင်ဘူးလား"
ဖုန်းယွီက မားဟွားထန်ကို အေးစက်စက် မျက်နှာပေးဖြင့်သာ ကြည့်နေလိုက်သည်။ OQ Spaceစတင်ပေါ်ထွက်လာစဉ်က အသုံးပြုသူ အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်မှာ အမှန်ပင်။ နောက်ပိုင်းတွင် Weibo နှင့်Momentsတို့ ပေါ်လာချိန်တွင် အသုံးပြုသူအချို့ လျော့နည်းသွားသော်လည်း၊ OQ Space၏ အခြေခံ အသုံးပြုသူဦးရေမှာမူ အလွန်ပင် ကြီးမားနေဆဲ ဖြစ်သည်။
"ဒါကတော့ တကယ်ကို မဆိုးလှပါဘူး။ ခင်ဗျားက လက်ရှိ OQ အသုံးပြုသူတွေကို အခြေခံပြီး ဒီလုပ်ဆောင်ချက်ကို ချဲ့ထွင်ချင်တာပေါ့။ ဒါဆိုရင် ဒီထဲမှာ ပိုက်ဆံကောက်ခံမယ့် အပိုင်းတွေလည်း အများကြီး ပါလာမှာပေါ့"
"မှန်ပါတယ်။ အလှဆင် ပစ္စည်းလေးတွေ၊ နောက်ခံပုံတွေ ဆိုတာတွေက အခပေးရမှာ ဖြစ်သလို၊ Spaceရဲ့ သိုလှောင်မှု ပမာဏကလည်း ကန့်သတ်ထားမှာပါ။ ပိုပြီးတော့ ကျယ်ကျယ်ဝန်းဝန်း သုံးချင်ရင်တော့ အခပေး အဖွဲ့ဝင်ဖြစ်ဖို့ လိုမှာပေါ့"
အဖွဲ့ဝင်စနစ်ကို ပြောလိုက်သောအခါ ဖုန်းယွီသည် အရင်ဘဝက OQ ၏ မတူညီသော အဖွဲ့ဝင်စနစ်များကို သတိရလိုက်မိသည်။ ဥပမာအားဖြင့် ဆော့ဖ်ဝဲလ်အတွက် သီးသန့်အဖွဲ့ဝင်၊ ဟာပြင်အတွက် သီးသန့်၊ ဂိမ်းအတွက် သီးသန့် စသည်ဖြင့် ဖြစ်သည်။ ယခုအချိန်တွင်မူ ၎င်းတို့၌ OQ အဖွဲ့ဝင်စနစ် တစ်မျိုးတည်းသာ ရှိသေးသည်။
"ဥက္ကဋ္ဌမား... ဒီအဖွဲ့ဝင်စနစ်ကို အမျိုးအစား မခွဲခြားဖို့ မစဉ်းစားမိဘူးလား"
"အမျိုးအစား ခွဲခြားတာ ဟုတ်လား။ ဘာကို ဆိုလိုတာလဲ။ အဆင့်တွေ ခွဲခြားတာကို ပြောတာလား"
"မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ထုတ်ကုန်တွေအပေါ် မူတည်ပြီး ခံစားခွင့်တွေ ခွဲခြားတာကို ပြောတာ။ ဥပမာ OQ အဖွဲ့ဝင်ဆိုရင် OQ ဆော့ဖ်ဝဲလ်ပေါ်က အထူးအခွင့်အရေးတွေ ရမယ်၊ OQ ဂိမ်းအဖွဲ့ဝင်ဆိုရင်တော့ ဂိမ်းပိုင်းမှာ အထူးအခွင့်အရေးတွေ ရမယ်၊ OQ Spaceအဖွဲ့ဝင်ဆိုရင်လည်း ဟာပြင်ပိုင်းမှာ အထူးအခွင့်အရေးတွေ ရမယ်ပေါ့။ ဒီအဖွဲ့ဝင်တွေကို ကျောက်မျက်ရတနာ အရောင်တွေနဲ့ ခွဲခြားလို့ ရတာပေါ့"
မားဟွားထန်မှာ မှင်သက်သွားရသည်။ ထုတ်ကုန်များအပေါ် အခြေခံကာ ငွေရှာသည့် နည်းလမ်းတွင် မန်နေဂျာဖုန်းက ဤမျှအထိ ကျွမ်းကျင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤနည်းလမ်းသည် လူအများအပြားကို ငွေဖြည့်လာအောင် ဆွဲဆောင်နိုင်မည်မှာ သေချာလှသည်။ ဘာပဲဖြစ်ဖြစ် OQ ဂိမ်းဖြစ်စေ၊ OQ Spaceဖြစ်စေ အသုံးပြုသူ အမြောက်အမြားကို ဆွဲဆောင်နိုင်မည်ဟု သူ ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ဖုန်းယွီကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသော်လည်း စိတ်ထဲတွင်တော့ အလွန်ပျော်ရွှင်နေမိသည်။ ဤနည်းလမ်းများမှာ အရင်ဘဝက Tencentကုမ္ပဏီ ကိုယ်တိုင်သုံးစွဲခဲ့သော နည်းလမ်းများဖြစ်ပြီး သူက ကြိုတင်ပြောပြလိုက်ခြင်းသာ ဖြစ်သည်။ မားဟွားထန်ကဲ့သို့သော သူတစ်ဦး၏ အားကျမှုကို ခံရသည်မှာ ဖုန်းယွီအတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
"မန်နေဂျာဖုန်းက တကယ်ကို ဉာဏ်ကြီးရှင်ပါပဲ။ ဒါတွေက ကျွန်တော့်ကို အများကြီး အကြံရစေပါတယ်။ ကုမ္ပဏီကို ပြန်ရောက်ရင် တခြားလူတွေနဲ့ သေချာ ပြန်တိုင်ပင်ရမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အခပေး အသုံးပြုသူဦးရေကို အကြီးအကျယ် တိုးတက်လာစေမှာ သေချာပါတယ်"
"အဲ... ကျွန်တော်က အကြံပြုရုံ သက်သက်ပါ။ ကျွန်တော် မပြောလည်း နောက်ပိုင်းကျရင် ခင်ဗျားတို့ စဉ်းစားမိမှာပါ" ဖုန်းယွီက နှိမ့်ချစွာပြောလိုက်သည်။
"ဘယ်ကလာ။ အကယ်၍ ကျွန်တော်တို့ နောင်မှ စဉ်းစားမိမယ်ဆိုရင်တောင် ပိုက်ဆံရှာနိုင်မယ့် အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားမှာပေါ့။ အခု ကုမ္ပဏီမှာ ပိုက်ဆံသုံးရမယ့် နေရာတွေကလည်း အရမ်းများနေပြီး အရင်းအနှီးက တော်တော်လေး ကျပ်တည်းနေတာ။ ကျွန်တော့် စီမံကိန်းအရဆိုရင် ၂၀၀၅ ခုနှစ်လောက်မှာ စတော့ဈေးကွက် တင်မှသာ စဉ်းစားထားတဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်နိုင်မှာပါ"
"အနာဂတ် ကိစ္စကတော့ အနာဂတ် ရောက်မှပဲ ပြောကြတာပေါ့။ အဲဒီအချိန်ကျရင် ပိုက်ဆံက လောက်ငှသွားရင်လည်း သွားမှာပေါ့" ဖုန်းယွီက ပြုံးလျက် ဆိုလိုက်သည်။
"ဟုတ်ပါရဲ့... အနာဂတ်ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူးလေ။ မန်နေဂျာဖုန်းက ကျွန်တော့် စကားအနည်းငယ်ကို ကြားရုံနဲ့တင် ဒီလို နည်းလမ်းကောင်းတွေ စဉ်းစားပေးနိုင်တာဆိုတော့၊ ကျွန်တော်တို့ရဲ့ OQ ဂိမ်းနဲ့ OQ SPACEမှာ အသုံးပြုသူတွေကို ဘယ်လို ဆွဲဆောင်ထားရမလဲ ဆိုတာကိုလည်း အကြံလေး ပေးပါဦး"
"OQ ဂိမ်းကတော့ လွယ်ပါတယ်။ အဲဒီ ဂိမ်းတွေမှာ ပြိုင်ပွဲတွေ လုပ်တယ် မဟုတ်လား။ ဒါဆိုရင် ပြိုင်ပွဲတွေမှာ ဆုကြေးတွေ သတ်မှတ်ပေးရမှာပေါ့"
"ပြိုင်ပွဲတွေမှာ ဆုကြေးပေးတာက ဥပဒေနဲ့ ညီရဲ့လား" မားဟွားထန်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဘယ်သူက ခင်ဗျားကို ငွေသားပေးခိုင်းလို့လဲ၊ Tencentဒင်္ဂါးတွေ ပေးလေ။ ဒါက ကိုယ့်ကုမ္ပဏီက ထုတ်တဲ့ အင်တာနက် ငွေကြေးပဲဟာကို၊ ဘာလို့ လက်ဆောင် ပေးလို့ မရရမှာလဲ။ အခုချိန်မှာ ဒါက ငွေသားနဲ့ပဲ ဝယ်လို့ရပြီး Tencentဒင်္ဂါးကို ငွေသားအဖြစ် ပြန်လဲလို့ မရသေးဘူး မဟုတ်လား"
မားဟွားထန် မျက်လုံးများ တောက်ပသွားသည်။ မန်နေဂျာဖုန်းဆီ လာခဲ့တာ တကယ်ကို မှန်သွားပြီ။ ဒီလို လုပ်လို့ရမှန်း သူ ဘာလို့ မစဉ်းစားမိခဲ့ပါလိမ့်။ Tencentဒင်္ဂါးနဲ့ အဖွဲ့ဝင် ဝင်လို့ရတာဆိုတော့ လူအတော်များများက သေချာပေါက် ကြိုက်ကြမှာပဲ။
"ဂိမ်းကနေ ပိုက်ဆံရှာနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခုကတော့ Items တွေကို ရောင်းချတာပါပဲ။ အခမဲ့ ပစ္စည်းတချို့ကို ကစားသမား အားလုံးကို ပေးထားပေမဲ့ ပိုပြီးကောင်းမွန်တဲ့ ပစ္စည်းတွေကိုတော့ အခပေး ကစားသမားတွေကိုပဲ ပေးရမှာပေါ့။ ဒါပေမဲ့ သတိထားရမှာက အဲဒီ ပစ္စည်းတွေက အထောက်အကူပြုရုံပဲ ဖြစ်ရမယ်။ အဲဒီ ပစ္စည်းတစ်ခုကို သုံးလိုက်တာနဲ့ အမြဲတမ်း နိုင်မယ်ဆိုတာမျိုးတော့ မဖြစ်စေနဲ့ပေါ့"
ဖုန်းယွီသည် အရင်ဘဝက ဟာသတစ်ခုကို သတိရလိုက်မိသည်။ ဘုတ်ဂိမ်း ပလက်ဖောင်းတစ်ခုတွင် စစ်တုရင် ကစားရာ၌ အခပေး အသုံးပြုသူက နယ်ရုပ်များကို ဝယ်ယူနိုင်သဖြင့်၊ ထိုသူတွင် ရထားရုပ် ရှစ်ရုပ် ဖြစ်နေသည်ဆိုပါစို့။ ထိုသို့ဆိုလျှင် မည်သို့ ကစားနိုင်ပါတော့မည်နည်း။ တစ်ဖက်လူက ကမ္ဘာ့ချန်ပီယံ ဖြစ်နေလျှင်ပင် သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။
ထိုသို့ဆိုလျှင် မည်သူကမှ ဤဂိမ်းကို ကစားတော့မည် မဟုတ်ပေ။
"ပစ္စည်းတွေ ဟုတ်လား။ ကျွန်တော်တို့ ဒီဂိမ်းမှာ အမှတ်နဲ့ Levelစနစ်ကို လုပ်ဖို့ စီစဉ်ထားပါတယ်။ အနိုင်ရတဲ့သူက အမှတ်ရမယ်၊ အဲဒီအမှတ်တွေနဲ့ အဆင့်တက်ပြီး မတူညီတဲ့ ဘွဲ့ထူးတွေ ရမှာပေါ့။ ဒါဆိုရင် ရှုံးလို့ အမှတ်လျော့သွားတာကို ပြန်ဖျက်ပေးမယ့် ပစ္စည်းမျိုးရောင်းလို့ ရတာပေါ့နော်" မားဟွားထန်က စဉ်းစားပြီး ပြောလိုက်သည်။
"ရတာပေါ့။ ဥပမာ အချင်းချင်း ပူးပေါင်းကစားရတဲ့ ဂိမ်းတွေမှာ ကျွန်တော့်ရဲ့ အဖော်က အမှတ်တွေ အနုတ်ပြနေတဲ့သူ ဖြစ်နေရင်၊ သူဟာ လူသစ် ဒါမှမဟုတ် မကစားတတ်တဲ့သူလို့ ကျွန်တော်က သဘာဝအတိုင်း ယူဆမှာပဲ။ ဂိမ်းလောကမှာ စကားပုံတစ်ခု ရှိတယ်လေ... နတ်ဘုရားလို ပြိုင်ဘက်မျိုးကို မကြောက်ပေမဲ့၊ ဝက်လို အသင်းဖော်မျိုးကိုတော့ ကြောက်တယ် တဲ့"
"ဟားဟား... အဲဒီလို စကားမျိုး ရှိလို့လား။ ဘယ်သူပြောတာလဲ မသိဘူး၊ တကယ်ကို ရယ်ရတာပဲ" မားဟွားထန် တစ်ယောက် မအောင့်နိုင်ဘဲ ရယ်မောလိုက်တော့သည်။
ဖုန်းယွီ နှာခေါင်းကိုသာ ပွတ်နေမိသည်။ ဒီစကားက အခုထိ မခေတ်စားသေးတာလား၊ ဒါမှမဟုတ် မပေါ်သေးတာလား။
"အင်တာနက်မှာ တွေ့တာပါ။ ဘယ်သူပြောလဲတော့ မသိပေမဲ့ ကျွန်တော်ကတော့ ကျိုးကြောင်းဆီလျော်တယ်လို့ မြင်တာပဲ"
"ဂိမ်းကိစ္စတွေကိုတော့ ကျွန်တော် နားလည်ပါပြီ။ နောက်ပိုင်းကျရင် ပိုပြီး ပျော်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဂိမ်းတွေကို ဆက်လုပ်ရမှာပေါ့။ ဒါဆိုရင် ဟာပြင်ကရော... Blogလို လမ်းဟောင်းအတိုင်းပဲ သွားရမှာလား"
"ဒါပေါ့... မဟုတ်ဘူးပေါ့။ အလှဆင်တာတွေ၊ နောက်ခံပုံတွေအပြင် တခြား ထုတ်ကုန်တွေလည်း ရှိနိုင်ပါသေးတယ်။ ဥပမာ Spaceကို အိမ်တစ်လုံးလို သဘောထားမယ်ဆိုရင်၊ အဲဒီအိမ်မှာ ခွေးလေးတစ်ကောင် မွေးလို့ ရတာပေါ့"
"ဆိုလိုတာက Spaceထဲမှာလည်း အိမ်မွေးတိရစ္ဆာန် ရှိရမယ်လို့ ပြောတာလား"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အဲဒီ တိရစ္ဆာန်လေးတွေကို အစာကျွေးရမယ်၊ အဲဒါမှ အသုံးပြုသူက အမြဲတမ်း ဝင်ကြည့်နေမှာပေါ့။ သူတို့က တိရစ္ဆာန်လေး အစာငတ်ပြီး သေသွားမှာကို ကြောက်ကြတာလေ။ နောက်ပြီး စဉ်းစားကြည့်ပါဦး... ကျွန်တော်တို့ OQ ကို သုံးနေတဲ့သူ အများစုက ဘယ်လိုလူတွေလဲ"
"မြို့နေ လူတန်းစားတွေနဲ့ လူငယ်တွေပေါ့"
"မှန်ပါတယ်။ ဒါဆိုရင် ခင်ဗျား ကြားဖူးလား... အခု မြို့သား အတော်များများက စနေ၊ တနင်္ဂနွေကျရင် မြို့ပြင်က စိုက်ပျိုးရေး အပန်းဖြေစခန်းတွေ သွားလည်ရတာကို နှစ်သက်ကြတယ်ဆိုတာလေ"
"သိတာပေါ့ဗျာ။ ကျွန်တော်လည်း သွားဖူးပါတယ်။ အဲဒီမှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို ကိုယ်တိုင် ခူးဆွတ်လို့ ရတာမျိုးတွေ ရှိတယ်လေ"
"အဲဒီနေရာတွေက ဈေးလည်း မချိုလှဘူး မဟုတ်လား။ နောက်ပြီး မြို့သားတိုင်းမှာ အချိန်လည်း မရှိသလို၊ ကားလည်း မရှိကြဘူး။ ဒါဆိုရင် သူတို့အတွက် ဒီဟာပြင်ထဲမှာတင် ကိုယ်ပိုင် ခြံလေးတစ်ခု ဖန်တီးပေးပြီး ကစားခိုင်းရင် မကောင်းဘူးလား" ဖုန်းယွီက အရိပ်အမြွက် ပေးလိုက်သည်။
"Spaceထဲမှာ ခြံတစ်ခု လုပ်မယ် ဟုတ်လား။ အဲဒါက ဘာများ ပျော်စရာ ရှိလို့လဲ"
"တိရစ္ဆာန် မွေးတာနဲ့ အတူတူပါပဲ။ သူတို့ကို ဟင်းသီးဟင်းရွက်တွေ စိုက်ခိုင်းမယ်၊ သစ်သီးပင်တွေ စိုက်ခိုင်းမယ်၊ ငါးတွေ မွေးခိုင်းမယ်။ ဒါဟာ နယ်ဘက်က စိုက်ပျိုးရေး အတွေ့အကြုံကို ပေးတာပေါ့!"
ဖုန်းယွီသည် အလွန်ပင် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ ဤ OQ ခြံသည် အရင်ဘဝက OQ SPACE၏ အကောင်းဆုံး ထုတ်ကုန်များထဲမှ တစ်ခုဖြစ်ပြီး အသုံးပြုသူ အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။ ယခုအချိန်တွင် ကြိုတင် မိတ်ဆက်လိုက်ခြင်းက ပြဿနာ ရှိမည် မဟုတ်ဟု သူ ယူဆထားသည်။
******
အခန်း (၁၂၆၆) Tencent၏ ထိုးစစ်
မားဟွားထန်၏မျက်နှာတွင် ဇဝေဇဝါဖြစ်ဟန်များ ပေါ်လွင်နေသည်။ သူ၏အမြင်အရ ဤအစီအစဉ်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်ဟု မထင်သော်လည်း ယခင်က ဖုန်းယွီပေးခဲ့သော အကြံပြုချက်များမှာ Tencentအုပ်စုအတွက် များစွာအကျိုးရှိခဲ့သည်ဖြစ်ရာ ဤတစ်ကြိမ်တွင်လည်း မိမိကသာ နားမလည်ခြင်းဖြစ်ပေလိမ့်မည်ဟု သူက တွေးတောနေမိသည်။
"မန်နေဂျာဖုန်း... ဒါကိုတော့ ကျွန်တော်တို့ ပြန်သွားပြီး သေချာသုတေသန လုပ်ပါ့မယ်"
မားဟွားထန်၏အမူအရာကို ကြည့်ရုံဖြင့် သူ မယုံကြည်ကြောင်း ဖုန်းယွီ သိလိုက်သည်။ အရင်ဘဝတုန်းကလည်း OQ ခြံဟာ ပျော်ရွှင်စရာခြံကို အတုယူခဲ့တာဖြစ်ပေမဲ့၊ အသုံးပြုသူအခြေခံ အဆမတန်များပြားမှုကြောင့် ပျော်ရွှင်စရာခြံကို အချိန်တိုအတွင်း ကျော်တက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ပျော်ရွှင်စရာဝက်ဘ်ဆိုက်မှ လူများသည်လည်း အလွန်ပင် စိတ်ကူးကောင်းသူများဖြစ်သည်ကို ငြင်း၍မရပေ။
ခြံလုပ်ငန်းမှတစ်ဆင့် တိရစ္ဆာန်မွေးမြူရေးခြံ၊ ထို့နောက် စားသောက်ဆိုင် စသည်ဖြင့် အဆင့်ဆင့် ချဲ့ထွင်ခြင်းက အသုံးပြုသူအမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းမှာ အသုံးပြုသူများကို ကုမ္ပဏီနှင့် အမြဲတစေ ထိတွေ့နေအောင် ဆွဲဆောင်ထားနိုင်ရုံတင်မကဘဲ Yellow Diamond membership ရောင်းအားကိုလည်း များစွာ လှုံ့ဆော်ပေးနိုင်ခဲ့သည်။
"အင်း... ခင်ဗျားတို့ဆီမှာ တခြားစိတ်ကူးကောင်းတွေ အများကြီးရှိဦးမှာပါ။ ဒါတွေက ကုမ္ပဏီအတွက် အမြတ်အစွန်းတွေ ပိုပြီး သယ်ဆောင်လာပေးနိုင်မှာ သေချာပါတယ်"
အရင်ဘဝတွင် Tencentအုပ်စု အင်အားတောင့်တင်းလာပြီးနောက် ကုမ္ပဏီငယ်လေးများကို ဝယ်ယူပေါင်းစည်းရာတွင် ဝန်မလေးခဲ့ပေ။ သူတို့သည် ထိုကုမ္ပဏီငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းကိုသာ အလေးထားပြီး၊ ဖြန့်ချိရေးပိုင်းကိုမူ ဂရုမစိုက်ကြပေ။ အကြောင်းမှာ ဖြန့်ချိရေးနှင့် ကြော်ငြာအားတွင် Tencentအုပ်စုသည် ထိပ်တန်းက ဖြစ်သောကြောင့်ပင်။
"မန်နေဂျာဖုန်း... အရင်ကတော့ ကျွန်တော်တို့ဟာ Sinaတို့၊ NetEaseတို့နဲ့ ဈေးကွက်လုတာမျိုး မလုပ်ဖို့ ခင်ဗျား ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု နိုင်ငံခြား အင်တာနက်ကုမ္ပဏီတွေ တရုတ်ဈေးကွက်ထဲ ဝင်လာနေပြီဆိုတော့၊ ကျွန်တော်တို့လည်း ဒီယှဉ်ပြိုင်မှုထဲ ပါဝင်လိုက်တာက တစ်လောကလုံးရဲ့ ဖွံ့ဖြိုးမှုကို ပိုပြီး မြန်ဆန်စေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"
မှန်ကန်သော ယှဉ်ပြိုင်မှုသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံးသော ဓာတ်ကူပစ္စည်းပင် ဖြစ်သည်။
"ဒါဆို ခင်ဗျား ဘာလုပ်ချင်လို့လဲ"
"ဒါကြောင့် ကျွန်တော်က OQ အီးမေးလ်၊ OQ ဖိုရမ်၊ OQ တေးဂီတ စတဲ့ လုပ်ငန်းတွေကိုပါ ချဲ့ထွင်ဖို့ စဉ်းစားထားပါတယ်။ OQ ဆော့ဖ်ဝဲလ်ကို ဗဟိုပြုပြီး နည်းပညာအင်ပါယာကြီးတစ်ခု တည်ဆောက်ချင်တာပါ"
မားဟွားထန်၏ရည်မှန်းချက်ကြီးမားမှုကို ဤနေရာတွင် အထင်းသား မြင်တွေ့လိုက်ရသည်။ အောင်မြင်သူတိုင်းတွင် အခြားသူများ မမီနိုင်သော ရည်မှန်းချက်များ ရှိကြသည်မှာ အမှန်ပင်။ ထိုရည်မှန်းချက်သည်ပင်လျှင် သူတို့ကို ရှေ့သို့မဆုတ်မနစ် ချီတက်စေမည့် တွန်းအားတစ်ခု ဖြစ်လာသည်။
မားဟွားထန် ပြောခဲ့သည့် အရင်းအနှီး မလောက်ငှနိုင်မှုနှင့် ၂၀၀၅ ခုနှစ်တွင် စတော့ဈေးကွက် တင်ရမည့်ကိစ္စကို ဖုန်းယွီ သတိရလိုက်သည်။ ဤမျှလောက်သော လုပ်ငန်းအသစ်များကို တစ်ပြိုင်တည်း စတင်မည်ဆိုပါက ကုန်ကျစရိတ်မှာ နည်းပါးမည် မဟုတ်ပေ။
ထုတ်ကုန်တစ်ခုသည် ဈေးကွက်သို့ ရောက်ရှိသည်နှင့် ချက်ချင်း အမြတ်ရရန်မှာ မဖြစ်နိုင်ပေ။ သုတေသနပြုခြင်းမှသည် ဖြန့်ချိရေးအဆင့်အထိ လိုအပ်သော အရင်းအနှီးမှာ အလွန်ပင် ကြီးမားလှသည်။ အင်တာနက်ကုမ္ပဏီများကို ငွေပုံအောသုံးရသော ကုမ္ပဏီများဟု ခေါ်ကြခြင်းမှာ အစောပိုင်းကာလတွင် ရင်းနှီးမြှုပ်နှံမှုမှာ အလွန်ကြီးမားပြီး ချက်ချင်း အကျိုးအမြတ် မရနိုင်သောကြောင့် ဖြစ်သည်။ သို့သော် အောင်မြင်သွားခဲ့လျှင်မူ ရရှိမည့် အမြတ်အစွန်းမှာလည်း အတိုင်းအထက်အလွန် ကြီးမားလှပေသည်။
"ဥက္ကဋ္ဌမား... ခင်ဗျားရဲ့ ဒီအိမ်မက်က အနာဂတ်မှာ သေချာပေါက် ဖြစ်လာမှာပါ။ ဒါပေမဲ့ အဓိက အကျဆုံးကတော့ ကျွန်တော်တို့ရဲ့ OQ ဆော့ဖ်ဝဲလ်ကို အမြဲတမ်း ရှေ့ဆုံးကနေ ဦးဆောင်နေအောင် ထိန်းထားဖို့ပါပဲ။ လုပ်ဆောင်ချက်တိုင်းမှာ ရှေ့ကရှိနေရမယ်။ လူတွေက Instant Messenger လို့ ပြောလိုက်တာနဲ့ OQ ကိုပဲ အရင်ဆုံး ပြေးမြင်မိအောင် လုပ်ရမယ်"
"ဒါပေါ့ဗျာ... NetEaseက ထုတ်တဲ့ Pao Pao တို့၊ တခြားကုမ္ပဏီက ထုတ်တဲ့ ဆော့ဖ်ဝဲလ်တွေတို့ဆိုတာ လုပ်ဆောင်ချက်ပိုင်းမှာ ကျွန်တော်တို့ကို မမီပါဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ပြည်တွင်းတင် မဟုတ်ဘူး။ အနာဂတ်မှာ Tencentအုပ်စုကို ကမ္ဘာ့ဈေးကွက်ထဲအထိ သယ်ဆောင်သွားပြီး ကမ္ဘာ့အကြီးဆုံး အချက်အလက်ဖလှယ်ရေး ဆော့ဖ်ဝဲလ် ဖြစ်လာစေရမယ်"
ဖုန်းယွီ မျက်ခုံးတစ်ချက် ပင့်သွားမိသည်။ ရည်မှန်းချက်ကတော့ အတော်လေး ကြီးမားလှပေသည်။ သို့သော် ယခုအချိန်တွင် OQ နှင့် MSN အကြား ကွာဟချက်မှာ အလွန်ကြီးမားနေဆဲ ဖြစ်သည်။ OQ တွင် မှတ်ပုံတင်ထားသူ သန်းလေးရာ ရှိသည်ဆိုသော်လည်း၊ အမြဲတမ်း အသုံးပြုနေသူဦးရေမှာ သန်းသုံးဆယ်သာ ရှိသေးပြီး တရုတ်ဈေးကွက်အတွင်း၌သာ ရှိနေသေးသည်။
MSN ၏ အမြဲတမ်း အသုံးပြုသူဦးရေမှာ သန်းတစ်ရာကျော် ရှိနေပြီ ဖြစ်သည်။ ထို့နောက်တွင်လည်း OQ က အတုယူခဲ့ရသည့် ICQ ကုမ္ပဏီကြီး ရှိနေသေးသည်။
ထိုဆော့ဖ်ဝဲလ် နှစ်မျိုးစလုံး၏အားသာချက်မှာ အင်္ဂလိပ်ဘာသာစကားကို အခြေခံထားခြင်းနှင့် နိုင်ငံအများအပြားအတွက် သင့်လျော်သော ဗားရှင်းများကို ထုတ်လုပ်ထားခြင်း ဖြစ်သည်။ OQ မှာမူ တရုတ်ဘာသာစကား တစ်မျိုးတည်းသာ ရှိသေးသည်။
တရုတ်နိုင်ငံတွင် ICQ ၏ နေရာကို OQ က အစားထိုးနိုင်ခဲ့သော်လည်း၊ MSN မှာမူ တရုတ်ဈေးကွက်သို့ မဝင်ရောက်ရသေးပေ။ မိုက်ခရိုဆော့ဖ်၏ ပံ့ပိုးမှုနှင့်Windowsစနစ်တွင် တွဲဖက်ပါဝင်မှုများကြောင့် MSN ၏ အသုံးပြုသူဦးရေ တိုးတက်မှုနှုန်းမှာ အလွန်ပင် မြန်ဆန်လှသည်။
MSN ၏ လွှမ်းမိုးမှုမှာ ပိုမိုကျယ်ပြန့်သဖြင့် ကျော်တက်ရန် ပို၍ ခက်ခဲသည်။ သို့သော် အရင်ဘဝတုန်းကမူ MSN သည် မိုက်ခရိုဆော့ဖ်၏ကိုယ်ပိုင်ဆော့ဖ်ဝဲလ်ဖြစ်သော Skype၏ အစားထိုးခြင်းကို ခံခဲ့ရသည်။ တစ်နည်းအားဖြင့် Skypeက ကျော်တက်တော့မည့်အချိန်တွင် မိုက်ခရိုဆော့ဖ်က ထိုကုမ္ပဏီကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ မိုက်ခရိုဆော့ဖ်၏ အမြဲတမ်း သုံးနေကျ နည်းလမ်းပင် ဖြစ်သည်။
မိမိထက် ပိုမိုအလားအလာကောင်းသော ပြိုင်ဘက် ပေါ်လာလျှင် ဝယ်ယူပြီး မိမိအပိုင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
MSN သည် အခြားဈေးကွက်များကို သိမ်းပိုက်ပြီးပါက တရုတ်နိုင်ငံကဲ့သို့ ကြီးမားသော ဈေးကွက်ကို လက်လွှတ်မည် မဟုတ်ပေ။ အရင်ဘဝက ဖုန်းယွီသည်လည်း MSN ကို သုံးခဲ့ဖူးသည်။ အစပိုင်းတွင် ရိုးရှင်းသော ဒီဇိုင်းနှင့် ပိုမိုလုံခြုံသော အချက်အလက် ကာကွယ်မှုများကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ရုံးဝန်ထမ်းများအကြား အလွန် ရေပန်းစားခဲ့သည်။
ထိုစဉ်က OQ တွင် အကောင့်အခိုးခံရသည့် ဖြစ်ရပ်များစွာ ရှိခဲ့သဖြင့် လုံခြုံရေးပိုင်းတွင် MSNက ပို၍ သာလွန်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် MSN မှာ ပို၍ ညံ့ဖျင်းလာပြီး OQ က ပို၍ကောင်းမွန်လာသောကြောင့်သာ MSN ကို ပြန်လည် ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အရင်ဘဝတွင် MSN နှင့် OQ တို့သည် နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြည်ပတွင် MSN များ ပိတ်သိမ်းသွားသည့်တိုင် တရုတ်နိုင်ငံတွင် နောက်ထပ် တစ်နှစ်ခန့်အထိ ဆက်လက် တည်ရှိနေခဲ့သေးသည်။
အထွတ်အထိပ် ကာလတွင် MSN သည် ကမ္ဘာ့ဈေးကွက်ဝေစု၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ အခြားနိုင်ငံများတွင်လည်း OQ ကဲ့သို့သော ဆော့ဖ်ဝဲလ်များ ရှိကြသော်လည်း MSN ၏ ဖိနှိပ်မှုကိုသာ ခံခဲ့ကြရသည်။
ယခုအခါ MSN သည် တရုတ်နိုင်ငံသို့ မဝင်ရောက်သေးသဖြင့် မားဟွားထန်က ယုံကြည်မှု အပြည့်ရှိနေသည်။ သို့သော် MSN အစွမ်းပြလာသည့်အခါတွင်မှ ပြိုင်ဘက်ကို အထင်သေးမိခြင်း၏ဆိုးကျိုးကို မားဟွားထန် သိရှိသွားပေလိမ့်မည်။
MSN နောက်ကွယ်တွင် မိုက်ခရိုဆော့ဖ်ကဲ့သို့သော ကြီးမားသည့် အသုံးပြုသူအခြေခံ ရှိနေသည်။ ကမ္ဘာတစ်ဝှမ်းတွင် ဝင်းဒိုးစ်စနစ်သည် အသုံးပြုသူအများဆုံး ဆော့ဖ်ဝဲလ် ဖြစ်နေသည် မဟုတ်ပါလား။
"ဥက္ကဋ္ဌမား... အိပ်မက် ကြီးတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကြုံတွေ့လာရမယ့် ယှဉ်ပြိုင်မှုတွေကိုလည်း ထည့်တွက်ရမယ်။ ICQ ကတော့ ရှုံးသွားပြီ ဆိုပေမဲ့ ကမ္ဘာ့နံပါတ် ၁ ဆော့ဖ်ဝဲလ်ကတော့ MSN ပဲ။ ကျွန်တော် ကြားထားတာကတော့ ဒီဆော့ဖ်ဝဲလ်ဟာ တရုတ်ဈေးကွက်ကို ဝင်ရောက်ဖို့ စီမံကိန်း ရှိနေပြီတဲ့" ဖုန်းယွီက သတိပေးလိုက်သည်။
"ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူတို့က အင်္ဂလိပ်စာကို အခြေခံထားတာလေ။ ကျွန်တော်တို့ Tencentအုပ်စုက တရုတ်စာကို ပိုနားလည်သလို၊ တရုတ်အသုံးပြုသူတွေရဲ့ အလေ့အကျင့်တွေကိုလည်း ပိုသိတယ်။ သူတို့ ဘာကြိုက်လဲဆိုတာကိုလည်း ပိုပြီး နားလည်ပါတယ်။ တကယ်တော့ ကျွန်တော်က Pinyin input methodတစ်ခု လုပ်ဖို့တောင် စိတ်ကူးရှိသေးတယ်။ အခုချိန်မှာ Wubiကလွဲရင် ကောင်းမွန်တဲ့ တရုတ်စာရိုက်စနစ် မရှိသေးဘူးလေ။ ဝူပိကျတော့ လူတွေက အခြေခံတွေကို အလွတ်ကျက်နေရတာမို့ ပင်ယင်စာရိုက်စနစ်က ပိုပြီး အားသာချက် ရှိလိမ့်မယ်"
ဖုန်းယွီ ဘာပြောရမှန်းပင် မသိတော့ပေ။ ဤမားဟွားထန်သည် သူလုပ်ချင်တာထက်ပင် ပို၍များပြားနေတော့သည်။ သို့သော် အရင်ဘဝကို ပြန်စဉ်းစားကြည့်လျှင် OQ တွင်လည်း ပင်ယင်စာရိုက်စနစ် ရှိခဲ့ဖူးသည်။ Sohu၊ Baiduနှင့် မိုက်ခရိုဆော့ဖ်တို့၏ စာရိုက်စနစ်များကဲ့သို့ပင် လူကြိုက်များခဲ့သော်လည်း Sohu ၏ စာရိုက်စနစ်က အသုံးပြုသူ အများဆုံး ဖြစ်ခဲ့သည်။
"ဥက္ကဋ္ဌမား... ဒါဆိုရင် ခင်ဗျားတို့ဆီမှာ နည်းပညာဝန်ထမ်းတွေ အများကြီး လိုအပ်မှာပေါ့" ဖုန်းယွီက မားဟွားထန်ကို အလွန်အကျွံ မလုပ်ရန် သတိပေးလိုက်သည်။
"စိတ်ချပါ။ ဒါကို ကျွန်တော် ကြိုစဉ်းစားထားပြီးသားပါ။ အခု နည်းပညာဝန်ထမ်းတွေ ခန့်အပ်တဲ့နေရာမှာ ကျွန်တော်တို့က ရှေ့ဆုံးက ရှိနေပါတယ်။ ပြည်ပက ပြန်လာတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံခြားသား အင်ဂျင်နီယာတွေကိုလည်း အများကြီး ခန့်ထားပါတယ်။ ဒါပေမဲ့ ဒီအတွက် ကုန်ကျစရိတ်ကတော့ အတော်လေး ကြီးမားတာပေါ့"
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ "နည်းပညာဝန်ထမ်းတွေကိုတော့ ကောင်းကောင်း ဆက်ဆံရမယ်နော်။ Baiduတို့၊ NetEaseတို့ကလည်း လူတော်တွေကို ရှာနေကြတာကို မမေ့ပါနဲ့။ ပြီးတော့ တခြား ကုမ္ပဏီငယ်လေးတွေကလည်း လူခေါ်နေကြတာလေ။ နည်းပညာလောကမှာ ထိပ်တန်းကုမ္ပဏီ ဖြစ်ချင်ရင် နည်းပညာပိုင်းမှာ ရှေ့ကရှိနေဖို့က အခြေခံအကျဆုံးပဲ"
သူတို့နှစ်ဦး နောက်ထပ် စကားအနည်းငယ် ပြောပြီးနောက် မားဟွားထန် ပြန်သွားခဲ့သည်။ ညနေပိုင်းတွင် သူငယ်ချင်းများနှင့် တွေ့ဆုံပွဲရှိသဖြင့် နောက်မကျချင်ဟု ဆိုသည်။
သူငယ်ချင်းများနှင့် တွေ့ဆုံပွဲအကြောင်း ပြောလိုက်သောအခါမှ ဖုန်းယွီသည်လည်း သူ၏ တက္ကသိုလ်သူငယ်ချင်းများနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်ကြောင်း သတိရလိုက်မိလေတော့သည်။
******
အခန်း (၁၂၆၇) အတန်းဖော်စုံညီပွဲမှ စီးပွားရေးအခွင့်အလမ်း
"ရှောင်စီ... မင်းက အတန်းဖော်တွေ ပြန်ဆုံပွဲလုပ်ဖို့ စီစဉ်မလို့လား။ ကောင်းပြီလေ၊ ငါ သေချာပေါက် လာခဲ့မယ်။ ငါ့ဆီမှာ လူတချို့ရဲ့ ဖုန်းနံပါတ်တွေ ရှိတယ်၊ သူတို့ကို ငါ ဆက်သွယ်လိုက်ပါ့မယ်" ထျန်းလေ့သည် ဖုန်းကို ချလိုက်ပြီးနောက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်လည်အောက်မေ့ကာ မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အလုပ်ခွင်ထဲ ရောက်သွားသည့်အခါမှသာ အတန်းဖော်အချင်းချင်းကြားက သံယောဇဉ်မှာ အလွန်တန်ဖိုးရှိမှန်း သူ ပိုမိုနားလည်လာခဲ့သည်။
ထိုစဉ်က အချင်းချင်း ကြံစည်တိုက်ခိုက်မှုများ မရှိခဲ့သလို အလုပ်အကိုင်အတွက်လည်း ပူပန်စရာ မလိုခဲ့ပေ။
ဖုန်းယွီသည် အဆောင်တူ သူငယ်ချင်းများမှလွဲ၍ အခြားအတန်းဖော်များ၏ ဆက်သွယ်ရန်လိပ်စာများ မိမိတွင် မရှိသည်ကို သတိပြုမိသွားသည်။ သို့သော် ဤသည်မှာ ဖုန်းယွီအတွက် သိပ်မခက်ခဲလှပေ။ ကျောင်းသို့ လူလွှတ်၍ ကိုယ်ရေးမှတ်တမ်းများကို စစ်ဆေးခိုင်းလိုက်ရုံဖြင့် မည်သူက မည်သည့်ဌာနတွင် အလုပ်ဝင်နေသည်ကို ချက်ချင်းသိရှိနိုင်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ အတန်းဖော်အချို့မှာ အလုပ်ပြောင်းသွားကြသဖြင့် ထိုသူအားလုံးကို ပြန်လည်ရှာဖွေစုစည်းရန် ဖုန်းယွီအနေဖြင့် အတော်လေး အင်အားစိုက်ထုတ်ခဲ့ရသည်။ အကယ်၍ အခြားအတန်းဖော်တစ်ဦးဦး သို့မဟုတ် အတန်းခေါင်းဆောင် ထျန်းလေ့သာ ဆိုလျှင် ဤသို့ လူစုံအောင် ရှာနိုင်လိမ့်မည် မဟုတ်ပေ။
...
"ဟိုး... ဒီကလပ်ကို ကြည့်စမ်းပါဦး။ ဒီထဲဝင်နိုင်တဲ့သူတွေက တကယ့်သူဌေးကြီးတွေ၊ အရာရှိကြီးတွေပဲလို့ ကြားဖူးတယ်၊ ငါတို့လည်း ဒီထဲဝင်ပြီး သုံးဆောင်ရမယ့်အချိန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"
"လျှောက်ပြောမနေနဲ့လေ။ ဒါက ဖုန်းယွီက အကုန်အကျခံလို့ပေါ့၊ အကယ်၍သာ ငါတို့ဘာသာ အချိုးကျ (AA) စိုက်ရမယ်ဆိုရင် ဘယ်သူက တတ်နိုင်မှာလဲ"
"အရင်ကတည်းက ဖုန်းယွီ့အိမ်က ချမ်းသာမှန်း သိပေမဲ့ အခုလိုမျိုး ပိုပြီးချမ်းသာလာလိမ့်မယ်လို့ မထင်ထားဘူး။ သူက ကမ္ဘာ့အချမ်းသာဆုံး ဖြစ်နေပြီလို့ ကြားတယ်။ ဒေါ်လာ ၆၀ ဘီလီယံတဲ့ဗျာ... ယွမ် ၆ သန်းတောင် ငါ တစ်ခါမှ မမြင်ဖူးဘူး"
"မင်းကလည်း ဖုန်းယွီနဲ့ သွားယှဉ်လို့ရမလား။ သူက အထက်တန်းကျောင်းတုန်းကတည်းက နိုင်ငံခြားဘာသာစကား နှစ်မျိုးကို ကျွမ်းကျင်နေပြီလေ။ ဒါ့အပြင် သူ့ဦးနှောက်က ဘယ်လောက် ဖြတ်လတ်လဲ၊ ကြည့်လိုက်တာနဲ့ စီးပွားရေးပါရမီရှင်မှန်း သိသာတယ်။ ငါတို့ကတော့ အေးအေးဆေးဆေး အလုပ်လုပ်ပြီး ရတာလေးနဲ့ ကျေနပ်နေတာက ပိုကောင်းပါတယ်။ နေဦး... မင်းက ဌာနမှာ ဌာနခွဲမှူးအဆင့် ရနေပြီ မဟုတ်လား၊ ငါက ဒု-ဌာနခွဲမှူး အဆင့်ပဲ ရှိသေးတာ"
အတန်းဖော်များ တဖြည်းဖြည်း ရောက်ရှိလာကြရာ ထျန်းလေ့က တံခါးဝတွင် ကြိုဆိုနေပြီး ဖုန်းယွီကမူ အတွင်းခန်း၌ အစီအစဉ်များကို ပြင်ဆင်ပေးနေသည်။
"ဝမ်လေ့... မင်းကတော့ အရင်ကထက် အသားတွေ တော်တော်ညိုသွားတာပဲ" ဖုန်းယွီက ဝမ်လေ့၏ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွ ထိုးလိုက်သည်။
ဤသို့ ရင်းနှီးသော ခံစားချက်ကြောင့် ဝမ်လေ့က တဟားဟား ရယ်မောလိုက်သည်။ "မတတ်နိုင်ဘူးလေ၊ အမြဲတမ်း အပြင်ထွက်ပြီး သွားလာနေရတော့ နေပူလေတိုက်နဲ့ ညိုမှာပေါ့။ ရှောင်စီ... ဒါက ငါ့ဇနီးပါ"
ယခုတစ်ကြိမ် အတန်းဖော်စုံညီပွဲတွင် မိသားစုဝင်များကိုပါ ခေါ်လာရန် ဖုန်းယွီက တိုက်တွန်းထားသည်။ ဘာပဲဖြစ်ဖြစ် လမ်းစရိတ်နှင့် စားသောက်နေထိုင်စရိတ် အားလုံးကို ဖုန်းယွီက အကုန်အကျခံမည် ဖြစ်ရာ၊ သူတို့အနေဖြင့် မိသားစုနှင့်အတူ ခရီးထွက်လာသကဲ့သို့ပင် ဖြစ်နေသည်။
အတန်းဖော် အများစုမှာ အိမ်ထောင်ကျနေကြပြီ ဖြစ်သလို၊ အိမ်ထောင်မကျသေးသူများတွင်လည်း မြဲမြံသော ချစ်သူများ ရှိနေကြပြီ ဖြစ်သည်။ သို့သော် ကံဆိုးသူ နှစ်ဦး၊ သုံးဦးခန့်မှာမူ ယခုထက်ထိ လူပျိုကြီး ဘဝဖြင့်သာ ရှိနေကြသေးသည်။
"ဖုန်းယွီ... နနကော ဘယ်မှာလဲ။ နင်တို့နှစ်ယောက် လက်ထပ်တာတောင် ငါတို့ကို မပြောဘူး၊ ဒါကတော့ မဟုတ်သေးဘူးနော်" ထျန်းလေ့၏ ဇနီး ချင်းချင်းက ပြောလိုက်သည်။
ချင်းချင်းသည်လည်း လီန၏ တက္ကသိုလ်အတန်းဖော် တစ်ဦးဖြစ်ပြီး ဘွဲ့ရပြီးနောက်ပိုင်းတွင်လည်း သူတို့နှစ်ဦးမှာ အမြဲတမ်း ဆက်သွယ်မှု ရှိခဲ့ကြသည်။
"ဟဲဟဲ... ငါတို့က ဘယ်သူ့ကိုမှ မပြောဖြစ်လိုက်တာပါ။ နနက အခု ကိုယ်ဝန်ရှိနေတော့ ပင်းစီးတီးမှာပဲ နားနားနေနေ နေခိုင်းထားတာလေ" ဖုန်းယွီက ရှင်းပြလိုက်သည်။
လီနားမှာ ယခုအချိန်တွင် လေယာဉ်စီးရန် မသင့်တော်သဖြင့် ယခုခရီးစဉ်သို့ လိုက်မလာခဲ့ခြင်း ဖြစ်သည်။
ရင်းနှီးပြီးသား မျက်နှာများကို တစ်ဦးချင်း မြင်တွေ့လိုက်ရသောအခါ ဖုန်းယွီသည်လည်း တက္ကသိုလ်ကျောင်းသားဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လူစုံသွားသောအခါ အားလုံးမှာ အုပ်စုဖွဲ့၍ စကားပြောနေကြသော်လည်း လူတိုင်းက ဖုန်းယွီ၏အနားသို့ ကပ်၍ စကားအနည်းငယ်ဖြစ်စေ ပြောလိုကြသည်။
ဖုန်းယွီ့ထံမှ အကူအညီ တောင်းခံလိုခြင်းမျိုး မဟုတ်ပေ။ သူတို့သည်လည်း ပေကျင်းတက္ကသိုလ်မှ ဘွဲ့ရထားသူများ ဖြစ်ကြရာ ကိုယ်ပိုင်မာန်မာနများ ရှိကြသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နှင့် အတန်းဖော်ဖြစ်ရသည်ကို ဂုဏ်ယူနေကြခြင်းဖြစ်သလို၊ သူနှင့်အတူ ထိုင်၍ စကားပြောရသည့် ခံစားချက်ကို မြည်းစမ်းလိုကြခြင်းသာ ဖြစ်သည်။
"ရှောင်စီ... မြန်မြန်ပြောစမ်းပါ။ ကမ္ဘာ့အချမ်းသာဆုံး ဖြစ်ရတာ ဘယ်လို ခံစားရလဲ" လီယုံက တမင်တကာ အသံကျယ်ကြီးဖြင့် မေးလိုက်သည်။
"ဘယ်လို ခံစားရလဲ ဟုတ်လား။ ဘယ်သွားသွား လူတွေ မှတ်မိမှာကို ကြောက်နေရတယ်၊ ဘယ်သွားသွား အလှူငွေ လာတောင်းမယ့်သူတွေ ရှိနေတယ်၊ ပြီးတော့ အပြင်ထွက်ရင်လည်း သက်တော်စောင့်တွေ အမြဲခေါ်သွားရတော့ ဘယ်လိုမှ မလွတ်လပ်ဘူး" ဖုန်းယွီက ပြုံးရယ်လျက် ပြန်ဖြေသည်။
"ကြည့်ကြစမ်း... ကြည့်ကြစမ်း။ ရှောင်စီကတော့ ယုတ်မာတဲ့ အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ အဆိပ်သင့်မှုကို ခံနေရပြီ။ ထန်ဖုန်း လိုမျိုးပဲ၊ အမေရိကန် သွားပြီးတော့ ပြန်မလာတော့ဘူး၊ အမေရိကန် နိုင်ငံသားတောင် ခံယူလိုက်ပြီ မဟုတ်လား" လီယုံက အော်ပြောလိုက်ပြန်သည်။
ထန်ဖုန်းက အမြန်ငြင်းဆိုလိုက်သည်။ "ငါက တရုတ်လူမျိုး အစစ်ပါကွ။ အမေရိကန်က Green Cardပဲ ယူထားတာပါ။ ကုမ္ပဏီက ငါ့ကို အဲဒီဘက် လွှတ်လိုက်တော့ ငါက ဘာလုပ်လို့ ရမှာလဲ။ မင်းတို့က အမေရိကန်က အရမ်းကောင်းတယ် ထင်နေတာလား၊ ငါဆို ထမင်းစားချင်တာတောင် ခက်ခဲတယ်။ တရုတ်စားသောက်ဆိုင် တစ်ဆိုင်ကို မနည်းရှာရတယ်၊ အရသာကလည်း တော်တော်ကို ထူးထူးဆန်းဆန်းကြီး"
"ဖုန်းယွီ... မင်း အမေရိကန်မှာ နေတုန်းကရော အဲဒီက အစားအသောက်တွေကို စားနိုင်ရဲ့လား" တစ်ဦးက မေးလိုက်သည်။
"ငါကတော့ တရုတ်စာပဲ စားပါတယ်။ တစ်ခါတလေမှပဲ Steak လိုမျိုးလေးတွေ နည်းနည်းပါးပါး စားဖြစ်တာ"
"မင်းကလည်း မေးစရာလား။ ဖုန်းယွီကတော့ အိမ်မှာ တရုတ်စားဖိုမှူးတွေ ခန့်ထားမှာပေါ့။ အမေရိကန်မှာ အိမ်ကြီးအိမ်ကောင်းနဲ့ နေတာလေ၊ အစေခံတွေတောင် ငါတို့ အတန်းဖော်တွေထက် များဦးမယ်" အတန်းဖော်တစ်ဦးက ချဲ့ကားပြောဆိုလိုက်သည်။
အားလုံးမှာ ရယ်ရယ်မောမောဖြင့် နောက်ပြောင်နေကြသလို၊ အချို့မှာလည်း ဘူဖေးများကို မြိန်ရည်ယှက်ရည် စားသောက်နေကြသဖြင့် အခြေအနေမှာ အလွန်ပင် သာယာလှပေသည်။
"ပြောရရင် အခု ငါတို့ လူစုံအောင် ဆုံနိုင်တာက ဖုန်းယွီကို ကျေးဇူးတင်ရမှာပဲ။ သူသာ မဟုတ်ရင် ငါတို့ အားလုံးကို ဘယ်သူက ဆက်သွယ်နိုင်မှာလဲ" တစ်ဦးက မှတ်ချက်ပေးသည်။
"ဟုတ်ပ။ ဘွဲ့ရခါစတုန်းကဆိုရင် ပေဂျာတွေ သုံးနေကြတာ။ အများစုက ပေဂျာတောင် မရှိကြဘူး။ အခုတော့ ပေဂျာတွေက ခေတ်ကုန်သွားပြီ၊ ဝန်ဆောင်မှုပေးတဲ့ စင်တာတွေတောင် ပိတ်ကုန်ပြီလေ။ လူတိုင်း ဖုန်းတွေ ပြောင်းကိုင်ကုန်ကြပေမဲ့ တစ်ယောက်ရဲ့ဖုန်းနံပါတ်ကို တစ်ယောက်က မသိကြဘူး"
"ဒါပေါ့။ ဘွဲ့ရပြီးတော့ တချို့က အလုပ်ဝင်တယ်၊ တချို့က မာစတာတက်တယ်၊ တချို့ဆို ဒေါက်တာ တက်နေတဲ့သူတောင် ရှိသေးတာ။ အားလုံးက ကိုယ့်ဘဝအတွက်နဲ့ ကိုယ် ရုန်းကန်နေကြရတာလေ။ ငါကတော့ ငါတို့ လူစုံဖို့ဆိုရင် နောက်ထပ် အနှစ်နှစ်ဆယ်လောက် ကြာဦးမယ်လို့ ထင်ထားတာ"
"ဖုန်းယွီ... မင်း အားလုံးကို ဘယ်လို ဆက်သွယ်လိုက်တာလဲ"
"သူငယ်ချင်းတွေဆီက အကူအညီ တောင်းလိုက်တာပါ။ ငါ တစ်ယောက်တည်းဆိုရင်လည်း ဆက်သွယ်လို့ ရမှာ မဟုတ်ပါဘူး။ အခုတော့ အားလုံးရဲ့ဖုန်းနံပါတ်တွေ သိသွားပြီဆိုတော့ နောက်ပိုင်း ဆက်သွယ်ရတာ ပိုလွယ်သွားပြီပေါ့"
"နေဦး... ငါ ဆက်သွယ်ဖို့ ပိုလွယ်တဲ့ အရာတစ်ခု သိထားတယ်။ OQ လို့ ခေါ်တဲ့ ဆက်သွယ်ရေး ဆော့ဖ်ဝဲလ်လေ၊ အားလုံးမှာ OQ အကောင့်တွေ ရှိကြလား" ထျန်းလေ့က မေးလိုက်သည်။
"ငါ့မှာ ရှိတယ်"
"ငါ့မှာ မရှိဘူး"
"မရှိတဲ့သူတွေလည်း လျှောက်ထားလိုက်ကြပါဦး။ အားလုံးက အလုပ်မှာ ကွန်ပျူတာ သုံးနေကြတာဆိုတော့ ဒါက တော်တော် အဆင်ပြေတယ်။ ပြီးတော့ အဲဒီထဲမှာ OQ ဂရုဆိုတဲ့ လုပ်ဆောင်ချက် အသစ် ပါလာပြီ။ ငါတို့ အတန်းဂရု တစ်ခု ဖွဲ့ထားလိုက်ရင် အားလုံး စုပြီး စကားပြောလို့ ရတာပေါ့"
"ငါတို့အတန်းမှာ ဖုန်းယွီ ရှိနေလို့ ကံကောင်းတာ။ တခြားအတန်းက သူငယ်ချင်းတွေဆိုရင် အခုလို ပြန်ဆုံဖို့က လွယ်မှာ မဟုတ်ဘူး" တစ်ဦးက ဆိုသည်။
ဖုန်းယွီသည် ထိုစကားကို ကြားလိုက်ရသောအခါ တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ ငါ ဘာလို့ အဲဒီ လူမှုကွန်ရက် ဆော့ဖ်ဝဲလ်ကို မေ့နေရတာလဲ။
အရင်ဘဝက နိုင်ငံခြားမှာ Facebook ရှိသလို၊ ပြည်တွင်းမှာလည်း Renren ရှိခဲ့သည်။ အစောပိုင်းကာလတွင် Renrenကို Xiaoneiဟု ခေါ်ဆိုခဲ့ပြီး အတန်းဖော် သူငယ်ချင်းများအကြား ဆက်သွယ်ရ လွယ်ကူစေရန် အဓိကထားကာ Blog လုပ်ဆောင်ချက်အချို့ကိုလည်း ထည့်သွင်းထားခဲ့သည်။
ပြည်တွင်းက ထိုလုပ်ငန်းမှာ သိပ်ပြီး အောင်မြင်မှု မရခဲ့သော်လည်း၊ နိုင်ငံခြားက Facebook ကမူ ဇူကာဘတ်ကို တစ်ခဏအတွင်း ကမ္ဘာ့ထိပ်တန်း သူဌေးကြီး ဖြစ်လာစေခဲ့သည်။ Facebook၏ အသုံးပြုသူဦးရေမှာလည်း အလွန်ကြီးမားသလို အမြတ်အစွန်းလည်း မနည်းလှပေ။
အရင်ဘဝက အမေရိကန်သားတွေက ဤအင်တာနက် ထုတ်ကုန်ကို အရင်ဆုံး ဖန်တီးခဲ့ကြပြီး၊ နောက်ပိုင်းတွင် အခြားနိုင်ငံများက အလားတူ ထုတ်ကုန်များကို အတုယူ ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ Xiaonei မှာလည်း ထိုနည်းအတိုင်းပင်။
သို့သော် ယခုဘဝတွင် ဤထုတ်ကုန်ကို တရုတ်နိုင်ငံမှာ အရင်ဆုံး ဘာလို့ မပေါ်ထွက်နိုင်ရမှာလဲ။
ဤကဲ့သို့သော ခေတ်ရေစီးကြောင်းကို တရုတ်လူမျိုးတွေက ဘာလို့ မဦးဆောင်နိုင်ရမှာလဲ။
အတန်းဖော် သူငယ်ချင်းများဟူသော အယူအဆကို အသုံးပြုပြီး၊ အဆက်အသွယ် ပြတ်နေသော အတန်းဖော်များကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်အောင် ပြုလုပ်ပေးမည်ဆိုပါက လူအများအပြားကို ဆွဲဆောင်နိုင်မည် မဟုတ်လား။
ထို့အပြင် အခြားသော ဝက်ဘ်ဆိုက်များမှတစ်ဆင့်လည်း ကြော်ငြာပေးနိုင်သည်။ ဥပမာ - Sinaတို့လို ဝက်ဘ်ဆိုက်တွေမှာ လင့်ခ်ပေးပြီး ကြော်ငြာပေးလိုက်လျှင် သေချာပေါက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် နာမည်ကြီးလာလိမ့်မည်။
သို့သော် နာမည်ကိုတော့ သေသေချာချာ စဉ်းစားရမည်။ အရင်ဘဝကလို Xiaonei(ကျောင်းတွင်း) ဟု အမည်ပေးပါက ကန့်သတ်ချက်များလွန်းလှသည်။
"ဟေ့... ဖုန်းယွီ၊ မင်း ဘာတွေ ငေးနေတာလဲ" ထျန်းလေ့က ဖုန်းယွီ၏ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ စီးပွားရေးကိစ္စလေးတစ်ခု ရုတ်တရက် ခေါင်းထဲ ရောက်လာလို့ပါ။ ထားလိုက်ပါတော့... ဒီနေ့က အတန်းဖော်တွေ ဆုံတဲ့နေ့ပဲဟာ။ လာ... အားလုံးပဲ ခွက်ချင်း တိုက်ကြရအောင်"
"တိုက်ဟေ့"
******