အခန်း (၁၂၆၈-၁၂၇၀)
Vol. 86 Ch. 1268-1270
အခန်း (၁၂၆၈) ဟွာရန်ကွန်ရက်
"မန်နေဂျာဖုန်း... ကျွန်တော်တို့ အားလုံးကို အခုလို စုပြီး ခေါ်လိုက်တာ ဘာကိစ္စများ ရှိလို့လဲ" မားယွန့်က စူးစမ်းစွာ မေးလိုက်သည်။
ဤရုံးခန်းအတွင်း၌ မားယွန့်၊ မားဟွားထန်၊ ဝမ်ကျစ်ရှီး၊ တင်းလေ့၊ လီယန်ဟုန်၊ ကျန်းချောင်းယန် စသည့် တရုတ်နိုင်ငံ၏ အထူးချွန်ဆုံး အင်တာနက်ကုမ္ပဏီ အကြီးအကဲများအပြင်၊ ကျုံးချင်းရှန်၊ လျူချွမ်းကျစ်၊ ချိုးပါ့ကျွင်း၊ ရှီတာ့ကျူ နှင့် ဆွန်းလိကျဲ တို့လည်း ထိုင်နေကြသည်။
"ကျွန်တော့်မှာ စိတ်ကူးတစ်ခု ရှိလို့ပါ။ အားလုံးနဲ့ တိုင်ပင်ကြည့်ပြီး ဖြစ်နိုင်၊ မဖြစ်နိုင် သိချင်လို့ ခေါ်လိုက်တာပါ"
ဖုန်းယွီက ထိုသို့ပြောလိုက်သောအခါ လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ ဖုန်းယွီ၏စိတ်ကူးဆိုလျှင် သေချာပေါက် ရွှေဖြစ်မည့် အကြံဉာဏ်များသာ ဖြစ်ပေလိမ့်မည်။ အခုလို သူတို့ကို ခေါ်လိုက်သည်မှာ ဝေစု ခွဲပေးတော့မည်ဟု ဆိုလိုခြင်းလား။
"မန်နေဂျာဖုန်း... ခင်ဗျားရဲ့ စိတ်ကူးဆိုရင်တော့ တိုင်ပင်နေစရာတောင် မလိုပါဘူး။ သေချာပေါက် ပိုက်ဆံ မြတ်မှာပဲ" ဆွန်းလိကျဲက အရင်ဆုံး ထောက်ခံလိုက်သည်။
အခြားသူများက ထိုသို့ ထုတ်မပြောသော်လည်း သူတို့၏ အမူအရာများမှာလည်း များစွာသဘောတူနေကြပုံရသည်။
"ခင်ဗျားတို့ အားလုံးမှာ အတန်းဖော် သူငယ်ချင်းတွေ ရှိကြမှာပေါ့။ အဲဒီထဲမှာ သတိရနေပေမဲ့ ဆက်သွယ်လို့ မရတော့တဲ့ သူငယ်ချင်းမျိုးတွေကော ရှိလား" ဟု ဖုန်းယွီက ပြုံးလျက် မေးလိုက်သည်။
"ဒါကတော့ ရှိတာပေါ့။ ကျောင်းပြီးသွားတော့ တစ်ယောက်တစ်နေရာစီ ခွဲခွာသွားကြတာလေ။ တချို့က အလုပ်ခဏခဏ ပြောင်းတယ်၊ တချို့ဆို အိမ်ပါ ပြောင်းသွားကြတာ။ ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော်တို့ခေတ်တုန်းက ပေဂျာတောင် မပေါ်သေးဘူးလေ။ အိမ်ဖုန်း ရှိတဲ့သူတောင် အနည်းငယ်ပဲ ရှိတာ" လျူချွမ်းကျစ်က သက်ပြင်းချရင်း ဆိုသည်။
မားဟွားထန်က စူးစမ်းသည့်လေသံဖြင့် မေးလိုက်သည်။ "မန်နေဂျာဖုန်း... ခင်ဗျား ဆိုလိုတာက အတန်းဖော် သူငယ်ချင်းဟောင်းတွေကို ရှာပေးနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးချင်တာလား"
မားဟွားထန်၏စကားကို ကြားသောအခါ အခြားသူများလည်း စိတ်ဝင်စားသွားကြသည်။ သူငယ်ချင်းဟောင်းတွေကို ရှာပေးမယ်ဆိုတာ ဖြစ်နိုင်ခြေ ရှိပုံရသည်။ သို့သော်လည်း တစ်ဖက်တွင်မူ မဖြစ်နိုင်ဘူးဟုလည်း သူတို့ ခံစားနေရပြန်သည်။
ယခုအခါ လူအများစု၏အိမ်တွင် ဖုန်းများ ရှိနေပြီဖြစ်သလို၊ လူအများအပြားမှာလည်း လက်ကိုင်ဖုန်းများ ကိုင်နေကြပြီဖြစ်သည်။ ဖုန်းနည်းပညာ ဖွံ့ဖြိုးမှုနှုန်းမှာလည်း မြန်ဆန်လှသလို၊ သုံးစွဲသူဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာသည်။ ဆက်သွယ်ချင်လျှင် ယခင်ကကဲ့သို့ ခက်ခဲတော့မည် မဟုတ်ပေ။ ထို့ပြင် လျူချွမ်းကျစ်တို့ကဲ့သို့ အသက်အရွယ်ကြီးသူများထဲတွင် ကွန်ပျူတာ သုံးသူမှာ အနည်းငယ်သာ ရှိသလို၊ အချို့မှာမူ ကွန်ပျူတာကို လုံးဝ မသုံးတတ်ကြပေ။
ထို့ကြောင့် လျူချွမ်းကျစ်၏ အမြင်တွင် ဖုန်းယွီ၏ ဤစိတ်ကူးမှာ ပိုက်ဆံမြတ်ရန် မသေချာလှဟု ယူဆနေမိသည်။
သို့သော် လီယန်ဟုန်ကမူ ဤစိတ်ကူးမှာ အလွန်ကောင်းသည်ဟု ယူဆသည်။ သူ၏ အသက်အရွယ် ဝန်းကျင်ရှိ လူအများစုမှာ ကွန်ပျူတာ အသုံးပြုတတ်ကြပြီ ဖြစ်သည်။ သူတို့တွင် လက်ကိုင်ဖုန်းများ ရှိကြသော်လည်း အချင်းချင်း၏ ဖုန်းနံပါတ်များကိုမူ မသိရှိကြပေ။ အကယ်၍သာ ထိုသို့သော ဝက်ဘ်ဆိုက်တစ်ခု ရှိလာမည်ဆိုပါက အချင်းချင်း ပြန်လည် ဆက်သွယ်နိုင်ရန်အတွက် သူသည် သေချာပေါက် မှတ်ပုံတင် အသုံးပြုမည် ဖြစ်သည်။
လူတိုင်း၏ အတွေးမှာ မတူညီကြသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြရုံမှလွဲ၍ မည်သူမျှ စကားမစရဲကြပေ။
ထိုစဉ် ရှီတာ့ကျူက စကားပြောလာသည်။ "ခင်ဗျားတို့အားလုံး ဒါကို မလုပ်ချင်ဘူးဆိုရင် ကျွန်တော် လုပ်ပါ့မယ်။ ကျွန်တော်တို့ရဲ့Giantနက်ဝေါ့ခ် ကုမ္ပဏီကနေ ဒီဝက်ဘ်ဆိုက်ကို ဖန်တီးပေးပါ့မယ်"
ရှီတာ့ကျူသည် ယခင်က တရုတ်စာရိုက်ကတ်များကို လုပ်ကိုင်ခဲ့သလို နည်းပညာကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ခဲ့သူ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် ကျန်းမာရေး ဖြည့်စွက်စာများမှ ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သော်လည်း၊ အဆိုပါ ငွေအများစုကို ယခု ကျူးရန် နက်ဝေါ့ခ် ကုမ္ပဏီအတွက်သာ အသုံးပြုခဲ့သည်။ သူသည် အင်တာနက်လောကကို အလွန်အလားအလာကောင်းသည်ဟု ယူဆထားသဖြင့် အိုင်တီလောကထဲသို့ ပြန်လည်ဝင်ရောက်လိုနေခြင်း ဖြစ်သည်။
မူလက သူသည် အွန်လိုင်းဂိမ်းများကို အဓိကထား လုပ်ဆောင်ခြင်းဖြင့် သူ၏ နည်းပညာကုမ္ပဏီကို နာမည်ကြီးလာအောင် ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် အွန်လိုင်းဂိမ်း ထုတ်လုပ်ခြင်းမှာ ထင်သလောက် မလွယ်ကူလှဘဲ၊ အခြားသူများနှင့် မတူညီအောင် ပြုလုပ်ရန်နှင့် ပျော်စရာကောင်းအောင် ဖန်တီးရန်မှာ အချိန်များစွာ လိုအပ်လှသဖြင့် တိုးတက်မှုမှာ နှေးကွေးနေသည်။
ယခုအခါ ဖုန်းယွီက ဤကဲ့သို့သော စိတ်ကူးသစ်တစ်ခုကို တင်ပြလာသောအခါ ဖြစ်နိုင်ခြေ ရှိသည်ဟု သူ ယူဆလိုက်သည်။ ဤသည်မှာ သူ၏ကုမ္ပဏီကို အချိန်တိုအတွင်း နာမည်ကြီးလာအောင် ပြုလုပ်နိုင်မည့် နည်းလမ်းကောင်းတစ်ခုပင်။
ရှီတာ့ကျူ၏စကားကို ကြားသောအခါ မားဟွားထန်က ကြားဝင်ပြောဆိုလိုက်သည်။ "ဥက္ကဋ္ဌရှီ... ကျွန်တော်က ဒါကို မလုပ်နိုင်ဘူးလို့ မပြောခဲ့ပါဘူး။ တကယ်တမ်း ပြောရရင် ဒီလုပ်ငန်းကို ကျွန်တော်တို့ Tencentအုပ်စုက လုပ်တာက ပိုပြီးတော့တောင် လွယ်ဦးမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ပြည်တွင်းမှာ အကြီးဆုံးဖြစ်တဲ့ အချက်အလက်ဖလှယ်ရေး ဆော့ဖ်ဝဲလ် OQ ရှိနေတာလေ။ ကျွန်တော်တို့မှာ အမြဲတမ်း အသုံးပြုနေတဲ့သူဦးရေ အများဆုံး ရှိနေတာက အကြီးမားဆုံးသော အားသာချက်ပဲ"
ဖုန်းယွီက မားဟွားထန်ကို ကြည့်လိုက်သည်။ ထိုအခါမှ သူ သတိရသွားသည်။ အရင်ဘဝတုန်းက OQ တွင်လည်း OQ Xiaoyou ဟူသော လုပ်ဆောင်ချက်တစ်ခု ရှိခဲ့ပြီး အချိန်အတော်ကြာအောင် ရေပန်းစားခဲ့ဖူးသည်။
အင်တာနက် အသုံးပြုသူ အတော်များများက Tencentအုပ်စုသည် သူများ၏ စိတ်ကူးကို အတုယူသည့် ကုမ္ပဏီတစ်ခုသာ ဖြစ်သည်ဟု ပြောလေ့ရှိကြသည်။ တစ်စုံတစ်ခု ရေပန်းစားလာသည်နှင့် Tencentက လိုက်လုပ်တတ်ပြီး၊ ကြီးမားလှသော အသုံးပြုသူအခြေခံကို အသုံးချကာ တစ်ဖက်လူကို ဖြိုလဲပစ်တတ်သည်ဟု ဆိုကြသည်။
သို့သော် Tencentကုမ္ပဏီ၏ ထုတ်ကုန်များသည် ပိုမိုသုံးရလွယ်ကူပြီး ပိုမိုဆွဲဆောင်မှု ရှိသည်ကိုမူ သူတို့ မမြင်ကြပေ။ ဤသည်မှာ Tencentကုမ္ပဏီက အခြားကုမ္ပဏီများကို အနိုင်ရခဲ့သော စစ်မှန်သော အကြောင်းရင်းပင် ဖြစ်သည်။
မားဟွားထန်၏ ရည်မှန်းချက်မှာ အင်တာနက် အင်ပါယာကြီးတစ်ခု တည်ဆောက်ရန် ဖြစ်သဖြင့်၊ အင်ပါယာတစ်ခုတွင် ထုတ်ကုန် အမျိုးအစား စုံလင်ရန် လိုအပ်သည် မဟုတ်ပါလော။ AIWAကုမ္ပဏီသည် အီလက်ထရွန်နစ် လောကတွင် နာမည်ကြီးသော်လည်း အီလက်ထရွန်နစ် အင်ပါယာကြီးတစ်ခု မဖြစ်နိုင်ပေ။ အကြောင်းမှာ သူတို့သည် တေးဂီတနှင့် သက်ဆိုင်သော ပစ္စည်းများကိုသာ ထုတ်လုပ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် မားဟွားထန်သည် အင်တာနက် ထုတ်ကုန် အမျိုးမျိုးကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။
"ကျွန်တော့်အမြင်ကတော့ ဒါကို ကျွန်တော်တို့ ကုမ္ပဏီကပဲ ဖန်တီးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ဆီမှာ Blogပိုင်းမှာ အတွေ့အကြုံ အရှိဆုံး ရှိနေတာလေ။ ဒါက ကျွန်တော်တို့အတွက် အကြီးမားဆုံး အားသာချက်ပဲ" ဝမ်ကျစ်ရှီး ကလည်း ဝင်ရောက် ပြောဆိုလာသည်။
ပထမဆုံး တစ်ယောက်က စကားစလိုက်သည်နှင့် ကျန်သူများကလည်း အသီးသီး ဝင်ရောက်ပြောဆိုလာကြတော့သည်။ သို့သော် လျူချွမ်းကျစ်နှင့် ချိုးပါ့ကျွင်းတို့မှာ ဘာမှဝင်မပြောကြသလို၊ ကျုံးချင်းရှန်မှာလည်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေလေသည်။
ဖုန်းယွီက အားလုံး၏ ငြင်းခုံမှုကို ဖြတ်ပြောလိုက်သည်။ "အားလုံးပဲ စိတ်ဝင်စားကြတယ်ဆိုမှတော့ ကျွန်တော်တို့ ဘာလို့ အတူတူ ပူးပေါင်းပြီး မလုပ်ကြမှာလဲ။ ကုမ္ပဏီတစ်ခုချင်းစီရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး ဒီဝက်ဘ်ဆိုက်ကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးကြတာပေါ့"
ထိုအခါမှ သူတို့အားလုံး သဘောပေါက်သွားကြသည်။ ဖုန်းယွီသည် အစကတည်းက စီစဉ်ပြီးသား ဖြစ်ရပေမည်။
"မန်နေဂျာဖုန်း... ဒါဆိုရင် ဒီကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဘယ်လို ခွဲမှာလဲ" တင်းလေ့က မေးလိုက်သည်။
"ရင်းနှီးငွေ အများစုကို ထိုက်ဟွာ Holdingက စိုက်ထုတ်မယ်။ ခင်ဗျားတို့ဘက်ကတော့ နည်းပညာတွေ ထုတ်ပေးရမယ်။ ကျွန်တော်တို့ ကုမ္ပဏီအသစ်တစ်ခု တည်ထောင်ကြမယ်။ ခင်ဗျားတို့ ကုမ္ပဏီ တစ်ခုချင်းစီကို ရှယ်ယာ ၅ ရာခိုင်နှုန်းစီ ကျွန်တော် ပေးပါ့မယ်"
သူတို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲတွင်တော့ သိပ်ပြီး မကျေနပ်ကြပေ။ သူတို့၏အမြင်တွင် ဤဝက်ဘ်ဆိုက်မျိုးကို သူတို့ဘာသာလည်း ဖန်တီးနိုင်သဖြင့် အခြားသူများနှင့် ပူးပေါင်းရန် မလိုအပ်ဟု ယူဆနေကြခြင်း ဖြစ်သည်။
ရှီတာ့ကျူက မေးလိုက်သည်။ "မန်နေဂျာဖုန်း... အကယ်၍ ကျွန်တော်က ငွေထပ်စိုက်မယ်ဆိုရင် ရှယ်ယာတွေ ပိုပြီး ရနိုင်မလား"
ဖုန်းယွီက ရှီတာ့ကျူကို ကြည့်ကာ "ရတာပေါ့။ ဒီကုမ္ပဏီမှာ အစပိုင်းမှာ ယွမ် သန်းတစ်ရာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော် စီစဉ်ထားတယ်၊ နောင်ကျရင် ထပ်ပြီး တိုးမြှင့်သွားမှာပါ။ ခင်ဗျားတို့ထဲက ဘယ်သူမဆို ငွေစိုက်ချင်ရင် စိုက်လို့ ရပါတယ်၊ အဲဒီအတွက် ရှယ်ယာတွေ တိုးပေးပါ့မယ်" ပြန်ဖြေလိုက်သည်။
ကျုံးချင်းရှန်က ကြားဝင်ပြောဆိုသည်။ "မန်နေဂျာဖုန်း... နည်းပညာအတွက် ပေးတဲ့ ရှယ်ယာ အချိုးအစားက များလွန်းနေသလားလို့"
ဤနေရာတွင် နည်းပညာဖြင့် ရှယ်ယာယူမည့် ကုမ္ပဏီ ၈ ခု ရှိနေသဖြင့် ရှယ်ယာ ၄၀ ရာခိုင်နှုန်းမှာ ပါသွားပြီ ဖြစ်သည်။ ယခု ဖုန်းယွီက အခြားသူများကိုပါ ရှယ်ယာ ထပ်ရောင်းမည်ဆိုလျှင် ဤကုမ္ပဏီကို မည်သူက ထိန်းချုပ်မည်နည်း။
ကျုံးချင်းရှန်သည် ထိုက်ဟွာ Holding၏ ဥက္ကဋ္ဌဖြစ်ရာ ဤကိစ္စကို သူ သေချာပေါက် ထည့်တွက်ရမည် ဖြစ်သည်။
"ကျွန်တော် ခုနက ပြောတာ မရှင်းသွားဘူး ထင်တယ်။ ကျွန်တော် ပေးမယ့် ရှယ်ယာ ၅ ရာခိုင်နှုန်း ဆိုတာက ခင်ဗျားတို့ လူပုဂ္ဂိုလ်တွေကို ပေးတာ မဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ ကုမ္ပဏီတွေကို ပေးတာပါ"
ထိုက်ဟွာ Holdingသည် ဤနေရာရှိ လူအများစု၏ ကုမ္ပဏီများတွင် အဓိက ရှယ်ယာရှင်ကြီး ဖြစ်နေသဖြင့်၊ သွယ်ဝိုက်သောနည်းဖြင့် ဤကုမ္ပဏီအသစ်ကို ထိန်းချုပ်ထားပြီးသား ဖြစ်သည်။ အားလုံး၏ ရှယ်ယာမှာ တူညီနေစေကာမူ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချမည့်သူမှာ ထိုက်ဟွာ Holding အုပ်စုသာ ဖြစ်ပေလိမ့်မည်။
ထိုအခါမှ ကျုံးချင်းရှန် ငြိမ်သွားတော့သည်။ ဤသို့ဆိုလျှင် ထိုက်ဟွာ Holding၏ အကျိုးစီးပွားကို အာမခံနိုင်ပြီ မဟုတ်ပါလား။
"ဒါဆိုရင် ကျွန်တော် ငွေစိုက်ပြီး ရမယ့် ရှယ်ယာကတော့ ကျွန်တော် ကိုယ်ပိုင် ရှယ်ယာ ဖြစ်မှာပေါ့နော်" ရှီတာ့ကျူက လူတိုင်း သိချင်နေသည့် မေးခွန်းကို မေးလိုက်သည်။
"သေချာတာပေါ့။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီရဲ့ ရှယ်ယာက ၅ ရာခိုင်နှုန်းထက် မကျော်ရဘူး။ နောက်ပြီး ခင်ဗျား အဲဒီ ရှယ်ယာတွေကို ပြန်ရောင်းချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ မူလရှယ်ယာရှင်တွေကိုပဲ ဦးစားပေး ရောင်းရပါလိမ့်မယ်"
"ပြဿနာ မရှိပါဘူး"
ဤနေရာတွင် ရှီတာ့ကျူအပြင် တင်းလေ့လည်း ငွေထုတ်နိုင်စွမ်း ရှိသည်။ NetEase ကုမ္ပဏီမှာ အမြတ်ရနေသဖြင့် လွန်ခဲ့သော နှစ်နှစ်အတွင်း သူရရှိသော အမြတ်ခွဲဝေမှုမှာလည်း နည်းပါးသည် မဟုတ်ပေ။ အခြားသူများမှာမူ ငွေအမြောက်အမြား မထုတ်နိုင်သော်လည်း အနည်းငယ်စီတော့ ရင်းနှီးကြပေလိမ့်မည်။ တရုတ်နိုင်ငံ၏ အင်တာနက် ထိပ်သီးကြီးများ အားလုံး စုပေါင်းလိုက်ကြသည်ဖြစ်ရာ၊ ဤလုပ်ငန်းသာ မအောင်မြင်လျှင်တော့ တကယ်ကို ထူးဆန်းသည့် ကိစ္စ ဖြစ်ပေလိမ့်မည်။
"ဒါနဲ့... ဒီကုမ္ပဏီအတွက် ကျွန်တော် နာမည်ကောင်းလေး တစ်ခု ပေးထားတယ်။ ဟွာရန်ကွန်ရက် တဲ့။ ကမ္ဘာတစ်ဝှမ်းမှာ ရှိသမျှ တရုတ်လူမျိုးအားလုံးကို ချိတ်ဆက်ပေးမယ့် ကွန်ရက်ပေါ့"
******
အခန်း (၁၂၆၉) နာမည်ရင်းစနစ်
ဝက်ဘ်ဆိုက်တွင် မည်ကဲ့သို့သော လုပ်ဆောင်ချက်များ ပါဝင်သင့်သည်၊ မည်သို့ ကြော်ငြာမည်၊ အသုံးပြုသူများ မှတ်ပုံတင်လာအောင် မည်သို့ ဆွဲဆောင်မည်နှင့် ဝင်ငွေ မည်သို့ ရှာဖွေမည် ဆိုသည်တို့ကို အားလုံးက အားတက်သရော ဆွေးနွေးနေကြစဉ် လျူချွမ်းကျစ်က ရုတ်တရက် စကားစလိုက်သည်။
"ဒီဝက်ဘ်ဆိုက်က တခြားဝက်ဘ်ဆိုက်တွေနဲ့ ဘာကွာခြားချက် အကြီးဆုံး ရှိလဲဆိုတာ ခင်ဗျားတို့ စဉ်းစားမိလား"
ချိုးပါ့ကျွင်းက ချက်ချင်း ခေါင်းမော့ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျား ပြောတာက ဒီဝက်ဘ်ဆိုက်မှာ နာမည်ရင်းနဲ့ မှတ်ပုံတင်ရမယ် ဆိုတဲ့ အချက်လား"
နာမည်ရင်းစနစ် ဟုတ်လား။
လူတိုင်း၏မျက်နှာများ ပျက်သွားကြသည်။ မှန်ပေသည်။ သူငယ်ချင်းဟောင်းများ၊ အတန်းဖော်ဟောင်းများကို အတိအကျ ပြန်ရှာတွေ့နိုင်ရန်အတွက် နာမည်ရင်း သုံးရန် လိုအပ်လှသည်။ အင်တာနက် နာမည်အတုတစ်ခု သုံးနေမည်ဆိုပါက မည်သူမှန်း မည်သူက သိနိုင်ပါမည်နည်း။ သို့သော် လက်ရှိအင်တာနက်လောကတွင် လူအများစုမှာ နာမည်အတုများကိုသာ သုံးစွဲနေကြခြင်း ဖြစ်သည်။
အင်တာနက်သည် ဤကဲ့သို့ နာမည်ဝှက် သုံးစွဲနိုင်ခြင်းကြောင့်ပင် လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။ လူအတော်များများမှာ စိတ်ဝင်စားစရာ နာမည်လေးများ ပေးတတ်ကြပြီး မိမိက မည်သူမှန်း မည်သူမှ မသိနိုင်သဖြင့် စိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ကြသည်။
ဤနာမည်ဝှက်စနစ်ကြောင့်ပင် လူအများမှာ အင်တာနက်ပေါ်တွင် မိတ်ဆွေဖွဲ့လာကြခြင်း ဖြစ်သည်။ ဤသည်မှာ ရှေးခေတ်က ကလောင်ဖော်များနှင့် ဆင်တူသော်လည်း တစ်ဖက်လူက မိမိကို မသိနိုင်သဖြင့် စိတ်ထဲရှိသည်ကို ပို၍ရင်ဖွင့်နိုင်ကြရာ ကလောင်ဖော်များထက်ပင် ပို၍အားသာချက် ရှိနေသေးသည်။
လွန်ခဲ့သောနှစ်က ဟွာချင်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦးသည် ပြည်သူ့လွှတ်တော်တွင် အင်တာနက်ပေါ်၌ နာမည်ဝှက် သုံးစွဲမှုကို ပိတ်ပင်ရန်နှင့် အားလုံးကို နာမည်ရင်းစနစ် ပြုလုပ်ရန် အဆိုပြုခဲ့ဖူးသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အမည်မသိ လူပုဂ္ဂိုလ်များက အင်တာနက်ပေါ်တွင် သတင်းမှား ဖြန့်ဝေခြင်းနှင့် သူတစ်ပါး ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခြင်း စသည့် အင်တာနက် ပြစ်မှုများကို ထိရောက်စွာ ကာကွယ်နိုင်မည်ဟု သူက ယူဆခဲ့သည်။
ထို့ပြင် နာမည်ရင်းစနစ်သည် ယုံကြည်မှုစနစ်တစ်ခု တည်ဆောက်ရန် အထောက်အကူ ဖြစ်စေသလို၊ တစ်ဦးချင်း အချက်အလက်များ၏ တိကျမှုကို မြှင့်တင်ပေးနိုင်သဖြင့် လူအချင်းချင်း ဆက်သွယ်ရာတွင်လည်း ပိုမို လွယ်ကူစေမည် ဖြစ်သည်။
အင်တာနက်သည်လည်း မူပိုင်ခွင့်နှင့် ဉာဏပစ္စည်း မူပိုင်ခွင့် ကာကွယ်မှုအောက်တွင် ရှိသင့်ကြောင်း၊ ရိုးရာမီဒီယာများတွင်ပင် ကလောင်နာမည်များဖြင့် ဆောင်းပါး ရေးသားခြင်း မပြုဘဲ နာမည်ရင်းကိုသာ သုံးသင့်ကြောင်းလည်း သူက ပြောကြားခဲ့သည်။ သတင်းထောက် သို့မဟုတ် စာရေးဆရာ ဖြစ်ရန် ရွေးချယ်ပြီးပါက အများပြည်သူအပေါ် တာဝန်ယူသင့်ပြီး၊ နာမည်အတု သုံးစွဲခြင်းမှာ တာဝန်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း သူက ဆိုခဲ့သည်။
ထိုစကားများသည် ထိုစဉ်က အကြီးအကျယ် ဂယက်ထခဲ့ပြီး အင်တာနက်နှင့် သတင်းစာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ သို့သော် နည်းပညာပိုင်းအရ မဖြစ်နိုင်ခြင်းနှင့် ဥပဒေအရ အတိအကျ ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် နောက်ဆုံးတွင် ထိုကိစ္စမှာ ဘာမှ ဖြစ်မလာဘဲ ပျောက်ကွယ်သွားခဲ့ရသည်။
အဓိကမှာ အင်တာနက် အသုံးပြုသူ အများစုသည် နာမည်ဝှက်ဖြင့် နေထိုင်ရသည်ကို ပို၍သဘောကျကြပြီး နာမည်ရင်း သုံးရခြင်းက ပျော်စရာများကို လျော့နည်းစေသည်ဟု ယူဆကာ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ တစ်ဦးချင်း အချက်အလက် တိကျမှု မြင့်မားလာစေရန် ဆိုသော်လည်း မိမိ၏မှတ်ပုံတင်နှင့် ကိုယ်ရေးမှတ်တမ်းများကို အခြားသူများအား အလွယ်တကူ ပြသလိုသူ မည်သူ ရှိပါမည်နည်း။ ဤသည်မှာ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက် ဖြစ်ရာ မည်သူမျှ ဖုံးကွယ်မှု မရှိဘဲ လူမြင်ကွင်းသို့ ထွက်မပြလိုကြပေ။
"ဘာလဲ... နာမည်ရင်းစနစ် ဆိုတာကြားတာနဲ့ ခင်ဗျားတို့က ကြောက်သွားကြတာလား" ဖုန်းယွီက ပြန်မေးလိုက်သည်။
"ဟုတ်ပါတယ်... နာမည်ရင်းစနစ်ကို အကောင်အထည်ဖော်ဖို့ ခက်ခဲတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဝက်ဘ်ဆိုက် တိုင်းက နာမည်ရင်း သုံးဖို့မှ မလိုတာလေ။ ပြီးတော့ လူတချို့က နာမည်ရင်း သုံးရတာကို ကြိုက်ကြပါတယ်။ ဥပမာ အနုပညာရှင်တွေပေါ့၊ သူတို့ရဲ့ Blogတွေမှာ နာမည်ရင်းနဲ့ အတည်ပြုထားတာက ပရိသတ်တွေနဲ့ ထိတွေ့ရတာ ပိုပြီးတော့ အဆင်ပြေစေတယ်။ ဆိုလိုတာက လူတိုင်းက နာမည်ရင်းစနစ်ကို ကန့်ကွက်နေကြတာ မဟုတ်ပါဘူး"
"နောက်တစ်မျိုး စဉ်းစားကြည့်ရအောင်။ ကျွန်တော့်မှာ OQ နံပါတ် ရှိတယ်၊ Blog ရှိတယ်၊ ဖိုရမ် အကောင့်တွေနဲ့ ဂိမ်းအကောင့်တွေလည်း ရှိတယ်။ အကောင့်တိုင်းမှာ နာမည်တွေက မတူကြဘူး။ ဒါပေမဲ့ ကျွန်တော့် Blogမှာတော့ နာမည်ရင်းနဲ့ အတည်ပြုထားပြီး ကျန်တဲ့နေရာတွေမှာတော့ နာမည်ဝှက်တွေ သုံးထားတာပဲ။ နာမည်ရင်းစနစ်နဲ့ နာမည်ဝှက်စနစ်က ဘာလို့ အတူတူ ယှဉ်တွဲ မရှိနိုင်ရမှာလဲ"
"ယှဉ်တွဲ ရှိနိုင်တယ် ဟုတ်လား။ ဆိုလိုတာက ကျွန်တော်တို့ ဒီဝက်ဘ်ဆိုက်မှာ နာမည်ရင်းစနစ်ကို သုံးမယ်၊ ဒါပေမဲ့ တခြား ဝက်ဘ်ဆိုက်တွေက နာမည်ဝှက်စနစ်နဲ့တော့ သွားပြီး မပတ်သက်ဘူးလို့ ပြောတာလား" မားဟွားထန်က အသေးစိတ် မေးလိုက်သည်။
"အဖြေမှန်ပဲ။ တခြား ဝက်ဘ်ဆိုက်က တခြား ဝက်ဘ်ဆိုက်ပဲလေ၊ ကျွန်တော်တို့ရဲ့ ဟွာရန်ကွန်ရက်က ဟွာရန်ကွန်ရက်ပေါ့။ လုပ်ဆောင်ချက်ချင်းမှ မတူတာ၊ ကွာခြားချက် ရှိလည်း ဘာဖြစ်လဲ။ ခင်ဗျားတို့ အင်တာနက်ဆိုင်တွေ မသွားကြတော့ မသိဘူး ထင်တယ်။ ဒီနှစ်ကစပြီး အင်တာနက်ဆိုင်တိုင်းမှာ အင်တာနက် သုံးချင်ရင် မှတ်ပုံတင် ပြရမယ်လို့ ရဲတပ်ဖွဲ့က သတ်မှတ်ထားတယ်။ တစ်ဖက်က ကြည့်ရင် ဒါဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေ အင်တာနက် သုံးတာကို တားဆီးရာ ရောက်သလို၊ နောက်တစ်ဖက်ကလည်း ရာဇဝတ်သားတွေ အင်တာနက်ဆိုင်လို အများသုံးနေရာတွေကို မလာရဲအောင် လုပ်တာပဲလေ။ အကယ်၍ သူတို့ အင်တာနက်ဆိုင်မှာ ပြဿနာ ရှာလိုက်ရင် အထိခိုက် အရှုံးအမြတ်က မနည်းဘူး မဟုတ်လား"
"အဲဒါကိုတော့ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ Lenovo-Inspur ကနေ ဆော့ဖ်ဝဲလ် တစ်ခု ဖန်တီးထားတယ်။ မှတ်ပုံတင်ကို သုံးပြီး သံလိုက်ကတ်တစ်ခု လုပ်ပေးတာပေါ့။ အဲဒီကတ်ကို အင်တာနက်ပေါ်မှာ အထောက်အထား တစ်ခုအနေနဲ့ သုံးပြီး အင်တာနက်ဆိုင်တွေမှာ သုံးလို့ရတယ်။ ဒါပေမဲ့ အခု လောလောဆယ် ဒီလိုလုပ်တဲ့ ကုမ္ပဏီတွေ များနေတော့ နောက်ပိုင်းမှာ ကတ်စနစ်ကို တစ်ပြေးညီ ဖြစ်အောင် လုပ်နိုင်ရင်တော့ ပိုကောင်းမှာပဲ" ချိုးပါ့ကျွင်းက ဆိုသည်။
"ခင်ဗျားတို့က တစ်ကတ်တည်းနဲ့ အကုန်သုံးလို့ရတဲ့ စနစ်ကို လုပ်နေတာလား။ ကြော်ငြာရတာကော အဆင်ပြေရဲ့လား" ဖုန်းယွီ စိတ်ဝင်စားသွားသည်။
"အတော်အသင့်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ တစ်ကတ်တည်းနဲ့ အကုန်သုံးလို့ရတဲ့ စနစ်တော့ မဟုတ်သေးဘူး။ မူလကတော့ ကျောင်းမုန့်စားဖိုဆောင်အတွက် ထမင်းစားကတ် စနစ်အဖြစ် လုပ်ပေးတာပါ။ ထမင်းလက်မှတ်တွေက ပျောက်လွယ်သလို၊ ငွေသား ကိုင်တွယ်ရတာလည်း မလွယ်ကူလို့ ကျောင်းတော်တော်များများမှာ ဒီစနစ်ကို သုံးလာကြတယ်။ နည်းပညာကတော့ သိပ်မခက်ပါဘူး၊ အဓိကက စနစ်ရဲ့ တည်ဆောက်ပုံပါပဲ။ နောက်ပိုင်းကျမှ အင်တာနက်ဆိုင်တွေမှာ ဒီလို သံလိုက်ကတ်တွေကို အသင်းဝင်ကတ် အနေနဲ့ သုံးပြီး ဖောက်သည် ဆွဲဆောင်နေကြတာ ကြားလို့၊ ငွေဖြည့်ရင် အအေးတိုက်တာတို့ ဒါမှမဟုတ် အချိန်ပိုပေးတာတို့ လုပ်ပေးကြတယ်လေ။ ဒါနဲ့ ကျွန်တော်တို့က ထမင်းစားကတ် စနစ်ကို နည်းနည်း ပြင်လိုက်ပြီး အင်တာနက်ဆိုင် စီမံခန့်ခွဲမှု စနစ်အဖြစ် ပြောင်းလိုက်တာပါ။ မူလကတည်းက ကျွန်တော်တို့ဆီမှာ အင်တာနက်ဆိုင် စီမံခန့်ခွဲတဲ့ စနစ် ရှိပြီးသားပဲ မဟုတ်လား"
"ခင်ဗျားတို့ရဲ့ အဲဒီကတ်က ဘဏ်ကတ်လောက် အရွယ်အစားရှိတဲ့ သံလိုက်ကတ်မျိုးလား"
"ဟုတ်ပါတယ်... အဲဒီလို အမျိုးအစားပါပဲ"
"ခင်ဗျား ဟောင်ကောင်က Octopusကတ်ကို သိလား။ အတွင်းထဲမှာ ချစ်ပ် ပါတဲ့ ပလတ်စတစ်ကတ်လေ၊ ဖတ်စက်အနား ကပ်လိုက်ရုံနဲ့အချက်အလက်တွေကို ဖတ်လို့ရတယ်၊ ငွေဖြည့်လို့ရသလို ငွေနှုတ်လို့လည်း ရတယ်"
"သိတာပေါ့။ အခု ခေတ်စားနေတဲ့ ဘတ်စ်ကားကတ်တွေလိုမျိုး မဟုတ်လား" ချိုးပါ့ကျွင်းက ဒါများ ဘာဆန်းလို့လဲဟူသော အမူအရာဖြင့် ပြန်ပြောသည်။
အင်... အခု ဘတ်စ်ကားကတ်တွေက အဲဒီလိုမျိုး ဖြစ်နေပြီလား။ ဖုန်းယွီ တစ်ယောက် မသိခဲ့ပေ။ သူ ဘတ်စ်ကား မစီးဖြစ်တာ တော်တော် ကြာနေပြီ မဟုတ်ပါလား။
"ဒီလို ကတ်မျိုးက သံလိုက်ကတ်တွေထက် ပိုကောင်းတယ်။ တစ်ခုက သံလိုက်ကြိုး ခြစ်မိလို့ သုံးမရဖြစ်တာမျိုး မရှိဘူး၊ နောက်တစ်ခုက ကတ်ကို စက်ထဲ ထိုးထည့်စရာ မလိုတော့ ကတ်ကျိုးနိုင်ခြေလည်း နည်းတယ်။ ကပ်လိုက်ရုံဆိုတော့ ပိုပြီးတော့လည်း လွယ်ကူတာပေါ့။ ကျွန်တော် အကြံပြုချင်တာက နောက်ပိုင်းကျရင် အင်တာနက်ဆိုင်တွေမှာ ဒီလိုကတ်မျိုးကို သုံးသင့်တယ်။ အင်း... ထိုက်ဟွာ စူပါမားကတ်ရဲ့ အသင်းဝင်ကတ်တွေကိုလည်း ဒီလို အမျိုးအစား ပြောင်းသင့်ပြီ"
ထိုက်ဟွာ စူပါမားကတ်တစ်ခုတည်း ကတ်လဲရန်အတွက်ပင် သူတို့ နည်းပညာ ထုတ်လုပ်ရခြင်းက တန်နေပြီ ဖြစ်သည်။ အင်တာနက်ဆိုင်များနှင့် အခြားသော နေရာများကို ထည့်မတွက်လျှင်ပင် ဖြစ်သည်။ ထို့ပြင် ဤနည်းပညာမှာလည်း ခက်ခဲလှသည် မဟုတ်သဖြင့် သူတို့ အမြန်ဆုံး လုပ်ဆောင်နိုင်ပေလိမ့်မည်။
"ကောင်းပါပြီ... ပြန်ရောက်ရင် လူတွေကို ချက်ချင်း လုပ်ခိုင်းလိုက်ပါ့မယ်" ချိုးပါ့ကျွင်းက ခေါင်းညိတ်လိုက်သည်။
"ခုနက ပြောတဲ့ အင်တာနက်သုံးတဲ့ကတ် ကိစ္စမှာ ခင်ဗျားတို့ဟာကွက်ကို တွေ့လား။ အဲဒါကတော့ ကျွန်တော် မှတ်ပုံတင်နဲ့ ကတ်တစ်ခု လုပ်ထားတယ်၊ ဒါပေမဲ့ အဲဒီကတ်ကို တခြားသူကို ပေးသုံးလို့ ရတယ်လေ၊ ဒါကို ရှာတွေ့ဖို့က မလွယ်ဘူး။ ဒါကြောင့် နာမည်ရင်းစနစ်ကို ကြော်ငြာရင်လည်း လူတွေ အကြီးအကျယ် ကန့်ကွက်ကြမှာ မဟုတ်သလို၊ ကျွန်တော်တို့ဆီမှာ မှတ်ပုံတင်တဲ့သူတွေကလည်း အစစ်အမှန် ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ နာမည်ရင်းစနစ် မရှိရင်တော့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်က အကြီးမားဆုံး တန်ဖိုးကို ဆုံးရှုံးသွားမှာပဲ"
"ဒါကြောင့် ကျွန်တော်တို့က အင်တာနက် လိမ်လည်မှုတွေကို သတိထားရမယ်။ အကယ်၍ လူအများအပြားက ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကတစ်ဆင့် လူယုတ်မာတွေရဲ့ လိမ်လည်တာကို ခံရတယ်လို့ ပြောလာရင် ကျွန်တော်တို့ ဝက်ဘ်ဆိုက်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်နိုင်တယ်"
"အသုံးပြုသူတွေကို သူတို့ရဲ့ ဓာတ်ပုံအစစ်ကိုပဲ ပရိုဖိုင်ပုံအဖြစ် သုံးခိုင်းရင်ရော" ကျန်းချောင်းယန်က အကြံပြုသည်။
"အဲဒါကို အကြံပြုလို့ပဲ ရမယ်၊ အတင်းအကျပ်တော့ ခိုင်းလို့ မရဘူ။ အင်တာနက်ကနေ အနုပညာရှင် တစ်ယောက်ရဲ့ပုံကို ယူသုံးထားရင် ခင်ဗျား ဘယ်လို သိနိုင်မလဲ။ နည်းပညာအရလည်း စစ်ထုတ်လို့ မရသလို၊ လူနဲ့ စစ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ နောက်ပြီး တကယ်ပဲ ရုပ်ချင်းဆင်နေတဲ့ သူတွေဆိုရင်ရော ဘယ်လိုလုပ်မလဲ"
"ဒါကြောင့် ဒီဝက်ဘ်ဆိုက်အတွက် စဉ်းစားရမယ့် အချက်တွေက အများကြီး ရှိပါတယ်။ အားလုံးကို ဒီကို ခေါ်လိုက်တာက နည်းပညာပိုင်းအရ ပူးပေါင်းဖို့တင် မဟုတ်ဘဲ၊ အားလုံးက ဝိုင်းဝန်း အကြံပြုပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို တစ်ခုချင်းစီ အတူတူ ဖြေရှင်းသွားကြဖို့ပါပဲ"
******
အခန်း (၁၂၇၀) ရှေ့ပြေးစီမံကိန်း
"ဘာပြောလိုက်တယ်... ဟွာရန်ကွန်ရက်က အင်တာနက် နာမည်ရင်းစနစ်ရဲ့ ရှေ့ပြေးစီမံကိန်း ဖြစ်သွားပြီ ဟုတ်လား" ဖုန်းယွီ အလွန်အံ့အားသင့်သွားရသည်။
အထက်လူကြီးများတွင် နာမည်ရင်းစနစ်ကို အကောင်အထည်ဖော်ရန် အကြံအစည် ရှိနေဆဲဖြစ်သော်လည်း၊ ရှီတာ့ကျူက ဤကဲ့သို့သော အခြေအနေမျိုးကို အရယူနိုင်လိမ့်မည်ဟု ဖုန်းယွီ မထင်မှတ်ထားခဲ့ပေ။
အထက်မှ ဤဝက်ဘ်ဆိုက်ကို ရှေ့ပြေးစီမံကိန်းအဖြစ် သတ်မှတ်လိုက်ပြီဆိုလျှင် အချို့သော ပံ့ပိုးကူညီမှု မူဝါဒများကို ရရှိမည်ဖြစ်ရာ၊ ဤသည်မှာ ဟွာရန်ကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးရှိလှသည်။
"အထက်က ဘယ်လိုဖြစ်ပြီး သဘောတူလိုက်တာလဲ"
"သူတို့ဆီက ပိုက်ဆံတစ်ပြားမှ စိုက်ထုတ်စရာမလိုဘဲ အားလုံးကို ကျွန်တော်တို့ကပဲ လုပ်မှာလေ။ သူတို့ဘက်ကတော့ နာမည်ခံပေးတာနဲ့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ရိုးရှင်းအောင် လုပ်ပေးရုံပါပဲ။ အဲဒီလိုလုပ်ပေးရုံနဲ့ ဒီနာမည်ရင်းစနစ်က တကယ်ပဲ အလုပ်ဖြစ်၊ မဖြစ်ဆိုတာကို သူတို့ သိနိုင်မှာပဲလေ၊ ဘာလို့ သဘောမတူဘဲ နေမှာလဲ။ ခင်ဗျား မသိသေးတာ ဖြစ်မှာပါ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာတောင် အင်တာနက် နာမည်ရင်းစနစ်ကို စမ်းသပ်ပြီး ကြော်ငြာနေကြပြီ"
ဤသတင်းကို ဖုန်းယွီအနေဖြင့် မအံ့ဩလှပေ။ အရင်ဘဝတုန်းက ကမ္ဘာပေါ်တွင် အင်တာနက် နာမည်ရင်းစနစ်ကို ပထမဆုံး စတင်ကျင့်သုံးခဲ့သော ဖွံ့ဖြိုးပြီးနိုင်ငံမှာ ၂၀၀၅ ခုနှစ်တွင် တောင်ကိုရီးယားဖြစ်ပြီး၊ ထို့နောက်တွင် ဂျပန်ဖြစ်ခဲ့သည်။ တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် အင်တာနက် ကွန်ရက်တည်ဆောက်မှု အကောင်းဆုံးနိုင်ငံ ဖြစ်သည့်အလျောက် နာမည်ရင်းစနစ်တွင်လည်း ကမ္ဘာ့ရှေ့ဆောင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ တောင်ကိုရီးယား၏ဧရိယာကျဉ်းမြောင်းမှုနှင့် လူဦးရေ သိပ်မများမှုတို့နှင့်လည်း သက်ဆိုင်နေသည်။ ထိုစဉ်က သူတို့သည် ထိပ်တန်းကုမ္ပဏီကြီး အနည်းငယ်မှတစ်ဆင့် စတင်ကာ တစ်နိုင်ငံလုံးသို့ ချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားတွင် Samsung၊ Daewoo၊ LG၊ Hyundai စသည့် ထိပ်တန်းကုမ္ပဏီကြီး အနည်းငယ်သာ ရှိပြီး၊ ထိုကုမ္ပဏီကြီးများက သဘောတူလိုက်သည်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ရန် လွယ်ကူသွားတော့သည်။
ဘာပဲဖြစ်ဖြစ် တောင်ကိုရီးယား၏နိုင်ငံရေးသည် ထိုကုမ္ပဏီကြီးများ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသလို သူတို့၏ အခြေခံအကျိုးစီးပွားမှာလည်း တစ်ထပ်တည်း ကျနေသောကြောင့် ဖြစ်သည်။
အရင်ဘဝက တောင်ကိုရီးယား၏ နာမည်ရင်းစနစ်ကို မြင်တွေ့ပြီးနောက်မှသာ တရုတ်နိုင်ငံသည် လှုံ့ဆော်မှုခံရကာ Tencentကုမ္ပဏီမှတစ်ဆင့် အင်တာနက် အချက်အလက် ဝန်ဆောင်မှုများကို စတင် စနစ်တကျ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် OQ ဂရုများ တည်ထောင်သူနှင့် စီမံခန့်ခွဲသူများ၊ ဖိုရမ်များမှ တာဝန်ခံများသည် နာမည်ရင်းနှင့် မှတ်ပုံတင်ရမည်ဖြစ်သလို၊ မှတ်ပုံတင်နံပါတ်များကိုပါ ဖြည့်သွင်းရမည် ဖြစ်သည်။
ဤသို့ လုပ်ဆောင်ရာတွင် အတားအဆီးများစွာနှင့် ကြုံတွေ့ခဲ့ရသလို၊ နာမည်ရင်းစနစ်ဟု ဆိုသော်လည်း အတုအယောင်များ ပါဝင်လာခြင်းကိုတော့ မရှောင်လွှဲနိုင်ခဲ့ပေ။ မှတ်ပုံတင်အတု၊ ငွေစက္ကူအတုတွေတောင် ရှိနေတာပဲ၊ အင်တာနက်ပေါ်မှာကော ဘာလို့ မရှိဘဲ နေမှာလဲ။
လူအများအပြားမှာ ကံစမ်းသည့်သဘောဖြင့် နာမည်အတု သုံးနေမည်ဆိုလျှင် မိမိကို မိမိရအောင် ဖမ်းနိုင်လိမ့်မည် မဟုတ်ဟု ယူဆထားကြသည်။ ထို့ပြင် မှတ်ပုံတင်နံပါတ် ဖြည့်ခိုင်းလျှင်လည်း အခြားသူတစ်ဦး၏ နံပါတ်ကို ယူသုံးကာ နာမည်နှင့် ကိုက်ညီအောင် လုပ်ထားလိုက်လျှင် အစစ်အမှန် ဟုတ်၊ မဟုတ် မည်သူက ခွဲခြားနိုင်ပါမည်နည်း။
ယခင်က ဖုန်းနံပါတ်များကို နာမည်ရင်းနှင့် မှတ်ပုံတင်ခိုင်းစဉ်ကကဲ့သို့ပင် အခြားသူ၏ မှတ်ပုံတင်ဖြင့် ထုတ်ထားသော ဖုန်းနံပါတ်များကို သုံးနေသူများ ရှိနေသည် မဟုတ်ပါလော။
အကယ်၍ ဖုန်းယွီသာ ဆုံးဖြတ်ခွင့်ရှိမည်ဆိုပါက လက်ကိုင်ဖုန်းနံပါတ်များကို အရင်ဆုံး နာမည်ရင်းဖြင့် မှတ်ပုံတင်ခိုင်းမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ၎င်းမှာ အလွန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် မြို့ကျော်လျှင် ဖုန်းခေါ်ဆိုခမှာ အလွန်မြင့်မားနေသဖြင့် ခရီးခဏခဏ သွားရသူများသည် မြို့သစ်သို့ ရောက်သည်နှင့် နာမည်မှတ်ပုံတင်ရန် မလိုသော ဖုန်းကတ်များကိုသာ ဝယ်ယူ သုံးစွဲကြသောကြောင့် ဖြစ်သည်။
ဖုန်းခေါ်ဆိုခများ ကျဆင်းလာပြီး မြို့ကျော်ခေါ်ဆိုခများကို တဖြည်းဖြည်း ဖျက်သိမ်းနိုင်မှသာ ဤစနစ်ကို အကောင်အထည်ဖော်ရန် ပိုမို လွယ်ကူပေလိမ့်မည်။
သို့သော် စတော့အိတ်ချိန်း အကောင့်များကဲ့သို့ပင် မှတ်ပုံတင် တစ်ရာ၊ နှစ်ရာခန့်ဖြင့် အကောင့်များစွာ ဖွင့်ကာ ကစားနေသူများလည်း ရှိနေသည် မဟုတ်လား။ ဖုန်းယွီကိုယ်တိုင်လည်း စတော့ပွဲစားလုပ်စဉ်က ထိုသို့လုပ်ဆောင်ပေးခဲ့ဖူးသည်။
ကျေးလက်တောရွာများမှ မှတ်ပုံတင်များကို ဝယ်ယူကာ အကောင့်များစွာ ဖွင့်ခြင်းဖြင့် အခွန်ရှောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရယူခြင်းတို့ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဖုန်းနံပါတ် မှတ်ပုံတင်ရာတွင်လည်း အချို့သောသူများသည် ထိုနည်းလမ်းကိုသာ သုံးစွဲခဲ့ကြသည်။
"သူတို့က အသုံးပြုသူတိုင်းကို မှတ်ပုံတင်နံပါတ် ဖြည့်ခိုင်းဖို့တော့ မတောင်းဆိုဘူး မဟုတ်လား"
"မတောင်းဆိုပါဘူး။ ကျွန်တော်တို့ မှတ်ပုံတင်တဲ့အခါမှာ ဒါကို စိတ်ကြိုက်ဖြည့်နိုင်တဲ့Optionalအနေနဲ့ပဲ ထားထားပါတယ်။ ဖုန်းနံပါတ်လိုမျိုးပေါ့၊ အသုံးပြုသူက ဖြည့်ချင်မှ ဖြည့်ရမှာပါ"
"အင်း... ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ တခြားကုမ္ပဏီတွေနဲ့ ချိတ်ဆက်မယ့် ပုံစံရော အဆင်သင့် ဖြစ်ပြီလား"
"ဖြစ်ပြီ။ မှတ်ပုံတင်တဲ့အခါမှာ OQ နံပါတ်၊ အီးမေးလ်၊ ဖိုရမ်အကောင့် စတာတွေကို အချင်းချင်း ချိတ်ဆက်ထားလိုက်တယ်။ သူတို့ထဲက တစ်ယောက်မှတော့ အရှုံးမခံကြဘူးလေ" ရှီတာ့ကျူက အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။ ဝမ်းနည်းစရာမှာ သူ၏ ကျူးရန်နက်ဝေါ့ခ် ကုမ္ပဏီတွင်မူ ထုတ်ပြစရာ အင်တာနက် ထုတ်ကုန်ကောင်းကောင်း ယခုထက်ထိ မရှိသေးပေ။
"အခြေခံ တည်ဆောက်ပုံကကော ဘယ်တော့လောက် ပြီးမလဲ"
"တကယ်တော့ အကုန်ပြီးသလောက် ရှိပါပြီ။ ဒါပေမဲ့ အထက်က ပံ့ပိုးမှုအချို့တော့ လိုသေးတယ်။ ဥပမာ ကျွန်တော်တို့က ကျောင်းအားလုံးရဲ့ အသေးစိတ် အချက်အလက်တွေ လိုသလို၊ လမ်းနာမည် အားလုံးရဲ့ အချက်အလက်တွေလည်း လိုတယ်။ ဒါတွေကိုတော့ အထက်က ခွင့်ပြုပေးမှ ရမှာပါ"
ဖုန်းယွီ သဘောပေါက်ပါသည်။ ဤသည်မှာ အခက်ခဲဆုံး အပိုင်းပင်။ အကယ်၍ အထက်က မကူညီဘဲ မိမိဘာသာ လိုက်လံ စုဆောင်းမည်ဆိုပါက တိကျမှု အားနည်းမည့်အပြင် အချိန်လည်း အမီရလိမ့်မည် မဟုတ်ပေ။
ဤအသေးစိတ် အချက်အလက်များသာ မရှိပါက လူတစ်ယောက်ကို အတိအကျ ရှာဖွေနိုင်မည် မဟုတ်ပေ။ နာမည်တစ်ခုတည်းဖြင့် ရှာမည်ဆိုပါက နာမည်တူသူများမှာ အလွန်ပင် များပြားလှသည် မဟုတ်လား။
သူတို့၏ဝက်ဘ်ဆိုက်မှာ မိမိရှာလိုသောသူကို အမြန်ဆုံး ရှာတွေ့နိုင်စေရန် အဓိကထားခြင်း ဖြစ်ရာ၊ ဤအချက်ကို မလုပ်ဆောင်နိုင်ပါက ဝက်ဘ်ဆိုက်၏ အဓိက တန်ဖိုးမှာ ပျောက်ကွယ်သွားပေလိမ့်မည်။
"ဘယ်လောက်ကြာရင် အပြီးသတ်နိုင်မလဲ"
"သုံးလလောက်တော့ ကြာဦးမယ်။ Basic code ရေးတာကိုတော့ Sina၊ Sohu နဲ့ Tencentအုပ်စုတို့က တာဝန်ယူတယ်။ သူတို့ဆီမှာ အလားတူ ထုတ်ကုန်တွေ လုပ်ခဲ့တဲ့ အတွေ့အကြုံရှိတော့ ပိုမြန်တာပေါ့။ တခြားကုမ္ပဏီက နည်းပညာသမားတွေကတော့ အကူအညီပေးတာနဲ့ ဟာကွက်တွေကို စမ်းသပ်တာတွေ လုပ်ပေးကြမယ်"
"ငွေပေးချေမှု ဝန်ဆောင်မှုကိုတော့ NetEase နဲ့ Alibaba တို့က ရေးသားပြီး၊ အင်တာနက် လုံခြုံရေး နည်းပညာကိုတော့ Lenovo-Inspur က တာဝန်ယူမယ်။ ရှာဖွေရေး စနစ်ကိုတော့ Baiduက လုပ်ပြီး ကျန်တဲ့ အပိုင်းတွေကိုတော့ ကျွန်တော်တို့ ကျူးရန်နက်ဝေါ့ခ်က တာဝန်ယူထားပါတယ်။ အားလုံးက ကိုယ့်တာဝန်ကိုယ် လုပ်ကြမှာဆိုတော့ ဒီဝက်ဘ်ဆိုက်ကို အမြန်ဆုံး အပြီးသတ်နိုင်မှာပါ" ရှီတာ့ကျူက ရှင်းပြသည်။
ဤနေရာတွင် အခက်ခဲဆုံးမှာ အချက်အလက် စုဆောင်းခြင်းဖြစ်ပြီး ရှီတာ့ကျူ၏ ကုမ္ပဏီက အထက်နှင့် ဆက်သွယ် လုပ်ဆောင်ရမည် ဖြစ်သည်။ သို့သော် ရှီတာ့ကျူက နောက်ထပ် နည်းလမ်းတစ်ခုကို အကြံပြုခဲ့သည်။ ၎င်းမှာ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုကို ထည့်သွင်းရန်ပင် ဖြစ်သည်။
အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုကို အစုရှယ်ယာ ပါဝင်ခိုင်းလိုက်ပါက ဆက်သွယ်ရေး လုပ်ငန်းစဉ်များမှာ များစွာလွယ်ကူသွားပေလိမ့်မည်။ ထိုကုမ္ပဏီ၏ ရှယ်ယာမှာ ၅ ရာခိုင်နှုန်းသာ ရှိသဖြင့် ဆုံးဖြတ်ချက်များကိုတော့ ဝင်ရောက် စွက်ဖက်နိုင်မည် မဟုတ်ပေ။
ထိုအစိုးရပိုင် ကုမ္ပဏီ၏ အကြီးအကဲသည်လည်း ဤသည်မှာ ဖုန်းယွီတို့ စုပေါင်း တည်ထောင်ထားသော ကုမ္ပဏီဖြစ်ကြောင်း ကြားသည်နှင့် သေချာပေါက် ပိုက်ဆံမြတ်လိမ့်မည်ဟု ယူဆခဲ့သည်။ ထို့ပြင် ဖုန်းယွီတို့နှင့်အတူ စီးပွားဖက် ဖြစ်ရခြင်းမှာ အလွန် ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်ဟုလည်း သူက ယူဆသည်။
အခြားအချက်များကို ထားလိုက်ပါဦး၊ နောင်တွင် ကုမ္ပဏီ ဒါရိုက်တာ အစည်းအဝေးများတွင် ဤလူများနှင့် တွေ့ဆုံစကားပြောခွင့် ရရှိခြင်းကပင် မိမိအတွက် အခွင့်အလမ်းသစ်များကို ရရှိစေနိုင်သည် မဟုတ်ပါလား။
ရှီတာ့ကျူက ဤအကြံပြုချက်ကို တင်ပြသောအခါ ဖုန်းယွီတို့ဘက်မှလည်း မကန့်ကွက်ခဲ့ကြပေ။ ထိုရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသည် NetEase အစရှိသော ကုမ္ပဏီများတွင်လည်း မဲပေးပိုင်ခွင့်မရှိသည့် ရှယ်ယာရှင်ငယ်လေးအဖြစ် ပါဝင်ထားသလို၊ စတော့ဈေးကွက်မှ နုတ်ထွက်သွားသော ရှယ်ယာများကို ပြန်လည် ဝယ်ယူပေးခဲ့သော ကုမ္ပဏီလည်း ဖြစ်သည်။ ယခုအခါတွင်မူ ထိုကုမ္ပဏီ၏ အကြီးအကဲမှာ အသစ် လဲလှယ်ပြီး ဖြစ်လေသည်။
"ဥက္ကဋ္ဌရှီ... ဒီဝက်ဘ်ဆိုက်သာ အောင်မြင်သွားရင် တခြား ဝက်ဘ်ဆိုက်တွေထက်တောင် ပိုပြီးလူကြိုက်များနိုင်ပါတယ်။ အနာဂတ်မှာလည်း တခြား လုပ်ဆောင်ချက်တွေကို ထပ်တိုးပြီး အမြတ်တွေ ရှာနိုင်ဦးမှာပါ"
"ကျွန်တော် သိပါတယ်။ အားလုံးက ကျွန်တော့်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ပေးထားကြတာဆိုတော့ ကျွန်တော် သေချာပေါက် တာဝန်ယူ လုပ်ဆောင်သွားပါ့မယ်"
ထိုစဉ်က ရှယ်ယာများမှာ အလွန်ကွဲပြားနေသဖြင့်၊ ထိုက်ဟွာ Holding အုပ်စုသည် အဓိက ရှယ်ယာရှင် ဖြစ်သော်လည်း ကျုံးချင်းရှန်တွင် အင်တာနက် ကုမ္ပဏီ စီမံခန့်ခွဲသည့် အတွေ့အကြုံ မရှိပေ။ ထို့ကြောင့် အားလုံးက အလျှော့ပေးလိုက်ကြစဉ် ရှီတာ့ကျူက မိမိဘာသာ အဆိုပြုခဲ့သဖြင့် သူသည် ဤ ဟွာရန်ကွန်ရက်၏ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အခြားသူများမှာမူ ဒါရိုက်တာ အမည်ခံများအဖြစ်သာ ရှိနေကြပြီး၊ ကုမ္ပဏီ၏ အသေးစိတ် ကိစ္စရပ်များကိုမူ ရှီတာ့ကျူကသာ တာဝန်ယူလေသည်။
ရှီတာ့ကျူသည် အကြီးမားဆုံးသော အာဏာကို ရရှိခဲ့သော်လည်း ပင်ပန်းမှုမှာလည်း အများဆုံး ဖြစ်ပေလိမ့်မည်။ ရှီတာ့ကျူသည် အင်တာနက် နည်းပညာကုမ္ပဏီ လုပ်လိုသော်လည်း မိမိအမည်ပေါက် ထုတ်ကုန်ကောင်းကောင်း မရှိသဖြင့်သာ ဤတာဝန်ကို ယူခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက လစာလည်း သိပ်မများလှသော ဤဥက္ကဋ္ဌ ရာထူးကို သူ ယူချင်မှ ယူပေလိမ့်မည်။
"ဥက္ကဋ္ဌရှီ... ဒီစိတ်ကူးက ကျွန်တော်တို့ တရုတ်နိုင်ငံကနေ အရင်ဆုံး စတင်ခဲ့တာပါ။ အနာဂတ်မှာ အတုယူတဲ့သူတွေ အများကြီး ပေါ်လာမှာ ဖြစ်ပေမဲ့၊ ဘယ်ကုမ္ပဏီမဆို ဝန်ခံရမှာက ကျွန်တော်တို့ဟာ ဒီစိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ ပထမဆုံးသော သူတွေ ဖြစ်တယ်ဆိုတာပါပဲ"
ဇူကာဘတ်... မင်းကတော့ အနာဂတ်မှာ အတုယူသူ တစ်ယောက်အဖြစ်ပဲ နာမည်ကြီးတော့မှာပါ။
******