ကိုယ် လုပ်နိုင်မလား
Vol. 14 Ch. 220
ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်သည်။
ရှန်းယောင်က သူမလက်ကို ဆုပ်ကိုင်ပြီး ဂရုတစိုက် အရှိန်လျှော့လိုက်သည်။
“ကိုယ်တို့ ရောက်ပြီ” ဆယ့်ငါးမိနစ်လောက်ကြာတော့ ရှန်းယောင်က သူမ၏ မျက်လုံးပေါ် စည်းနှောင်ထားသော အဝတ်စကို ဖယ်ရှားပေးလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်တိတ်ဆိတ်နေ၏။ ကျီကျောက်က သိချင်စိတ်ပြင်းပြစွာ မျက်တောင်ခတ်လိုက်သည်။
“ဒါက…”
ရှန်းယောင်က ပြုံးပြီး လက်ဖျောက်တီးလိုက်သည်။
ဒိုင်း…။
မနီးမဝေး ကောင်းကင်ယံမှာ တောက်ပတဲ့ မီးရှုးမီးပန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ဒုန်… ဒိုင်း… ဒုန်း… ဒိုင်း…။
ပြိုးပြက်တောက်ပနေသော မီးရှုးမီးပန်းများသည် ကောင်းကင်ယံနိမ့်နိမ့်တွင် တစ်လုံးပြီး တစ်လုံး ပေါက်ကွဲသွားကာ မှင်သက်ဖွယ်ဖြစ်စေခဲ့သည်။
“ဒါက အရမ်းလှတာပဲ” သူမရှေ့က လှပတဲ့ ရှုခင်းကိုကြည့်ရင်း ကျီကျောက် ရင်သပ်ရှုမောနေခဲ့သည်။
“အခုလေးတင် ပစ်ဖောက်လိုက်တဲ့ မီးရှုးမီးပန်းက မက်မွန်သီးပုံလား။”
“ဟုတ်တယ်” ရှန်းယောင်က သူမ၏ အနောက်သို့ လျှောက်သွားကာ သူမကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ သူ့အသံက ပိုလို့တောာင် နူးညံ့ညင်သာနေခဲ့သည်၊ “ဒါက မင်းအတွက် လက်ဆောင်လေ။ မင်း ကြိုက်ရဲ့လား။”
“ဒါက လှပပြီးတော့ ထူးခြားတယ်” ကျီကျောက်က အနည်းငယ် ခေါင်းငုံ့ထားရင်း သူမ၏ မျက်ဝန်းထဲတွင် နူးညံ့ချိုသာမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ရှန်းယောင် ကျွန်မမှာလည်း ရှင့်အတွက် လက်ဆောင်ရှိတယ်” ကျီကျောက်သည် နောက်လှည့်ကြည့်ပြီး သူ့လက်ကောက်ဝတ်ကို ညင်သာစွာ ဆွဲယူလိုက်သည်။ ထို့နောက် သူ့လက်ကောက်ဝတ်ပေါ်တွင် ကြိုးလက်ကောက်ကို ဂရုတစိုက် ဝတ်ဆင်ပေးလိုက်သည်။
“အရွယ်အစားက အတော်ပဲ” ကျီကျောက်က ပြုံးပြီး သူမ၏ ညာဘက်လက်ကောက်ဝတ်ကို ပြသလိုက်သည်၊ “ဒါကို တစ်ချက်ကြည့်ပါဦး။ ကြည့်ကောင်းတယ်မလားဟင်။”
“ဒါက ဘာလဲ။”
“ဒါက စုံတွဲလက်ကောက်ပဲ” ကျီကျောက်က သူ့ကို ကြည့်ပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးက ပိုပိုပြီးချိုမြိန်လာခဲ့သည်၊ “ဒါပေမယ့် ဒီလက်ကောက်က ထူးခြားတဲ့ အဓိပ္ပါယ်ရှိတယ်။ ရှင် သိချင်လား။”
“ကိုယ် သိချင်တယ်။”
“ကြည့်၊ ဒီကြိုးပေါ်က ကြေးဒင်္ဂါးပြားတွေက ဒီနေ့နေ့လည်စားတဲ့ ဖက်ထုပ်ထဲကနေ ကျွန်မ ရလာခဲ့တဲ့ ကြေးဒင်္ဂါးပြားတွေပဲ” ကျီကျောက်က သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး သူ့လက်ကောက်ဝတ်ပေါ်ရှိ ကြေးဒင်္ဂါးပြားကိုကိုင်ကာ တိုးတိုးလေး ပြောသည်၊ “ဒါက ဒီလက်ကောက်ရဲ့ အဓိပ္ပါယ်ပဲလေ။ ကျွန်မရဲ့ ကံကောင်းခြင်းတစ်ဝက်ကို ရှင့်ကို မျှပေးဖို့ ကျွန်မ ဆန္ဒရှိတယ်။”
ကျီကျောက်ဟာ စာအုပ်ထဲရှိ ဒီကမ္ဘာပေါ် ပထမဆုံး ရောက်လာတုန်းက ကမ္ဘာနှင့် အံဝင်ခွင်ကျမဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမကို မြေကမ္ဘာဘုရားက ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပြီး သူမရဲ့ ကံကြမ္မာက အမြဲ တိုးတက်နေခဲ့သည်။
ယခု သူမနှင့် ရှန်းယောင်တို့ တစ်ယောက်နှင့်တစ်ယောက် လိုက်လျောညီထွေရှိနေပြီဖြစ်သောကြောင့် သူမ၏ ကံကောင်းခြင်းတစ်ဝက်ကို သူနှင့် မျှဝေလိုစိတ်ရှိသည်။
“အာ့ထောင်” ရှန်းယောင်သည် သူမကို ငုံ့ကြည့်ကာ သူ့စိတ်ထဲ ကြည်နူးသွားသလို ခံစားလိုက်ရသည်။
မူလက သူမ ပြောချင်သော ချစ်မေတ္တာစကားများအားလုံးသည် ထိုပြင်းပြသောအနမ်းတွင် လေးနက်စွာ ထင်ဟပ်နေသည်။
သူ့ရင်ခွင်ထဲတွင် ထွေးပိုက်ခံထားရသော ကျီကျောက်သည် သူ၏ စိတ်အားထက်သန်မှုကို ထပ်မံ ခံစားလိုက်ရသည်။
သူမ၏ အဝတ်အစားများကို ဖြတ်သန်းပြီးတော့တောင် သူ့ရဲ့ စိတ်အားထက်သန်မှုကို ခံစားမိနေဆဲဖြစ်သည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် ရှက်စိတ်ဖြင့် နီမြန်းနေပြီဖြစ်သည်။
“အာ့ထောင်” ရှန်းယောင်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့ရဲ့ နက်ရှိုင်းလှတဲ့ အသံထဲတွင် သူ့စိတ်ဆန္ဒကို ဖုံးကွယ်ထားလို့ပင် မရနိုင်ပေ၊ “ကိုယ်တို့ ဒီညမှာ ရနိုင်မလားဟင်။”
ကျီကျောက်၏ မျက်နှာသည် ပို၍ပင် နီရဲလာသည်။
ရှန်းယောင်၏ ရင်ခွင်ထဲတွင် ရှက်ရွံ့စွာ မှီတွယ်နေပြီး အလွန်တိုးသဲ့စွာ ပြောလိုက်သည်။
သို့တိုင် ရှန်းယောင်သည် သူမ၏ အသံကို ရှင်းလင်းစွာ ကြားနေသေးသည်။
နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဆုံတဲ့အခါမှာ အချင်းချင်းမျက်ဝန်းထဲက ရှက်ရွံ့မှုတွေနှင့် မျှော်လင့်ချက်တွေကို တွေ့မြင်လိုက်ရသည်။
နှစ်ယောက်သား ပြန်ခါနီးတွင် အော်ဟစ်သံ တစ်ခုကို ကြားလိုက်ရသည်။
ရှန်းယောင်သည် မသိစိတ်က ကျီကျောက်ကို သူ့နောက်ပို့လိုက်မိသည်။ သူတို့၏ အမူအရာများသည် ချက်ချင်းဆိုသလို လေးနက်လာသည်။
“ရှန်းယောင်” ကျီကျောက်သည် သူ့အင်္ကျီစကို ညင်သာစွာ ဆုပ်ကိုင်ပြီး တမင်တကာ အသံတိုးကာ ပြောလိုက်သည်၊ “တစ်ခုခုတော့ မှားနေတယ်လို့ ကျွန်မ ခံစားနေရတယ်။ ကျွန်မတို့ တောင်ပေါ်ကနေ အရင်ဆင်းကြမလား။”
“ကောင်းပြီ။”
နှစ်ယောက်သား ထွက်ခွာခါနီးတွင် အဆိုပါ စူးရှသော အသံသည် ပို၍ ပို၍ သိသာထင်ရှားလာသည်။
ကျီကျောက်၏ နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
ကျီကျောက်သည် ရှန်းယောင်၏ လက်မောင်းကို ထိတ်လန့်တကြား ဆုပ်ကိုင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချွန်ထက်သော ဓားတစ်ချောင်းသည် မည်သည့်နေရာမှ မသိ ထွက်ပေါ်လာပြီး ရှန်းယောင်၏ မျက်ခုံးဆီသို့ တည့်တည့်တိုးဝင်လာသည်။
ဘန်း…။
ရှန်းယောင်သည် ကျီကျောက်၏ ခါးကို ချက်ချင်းဆွဲကိုင်ပြီး ဓားကို ဘေးတိုက်စောင်းငဲ့ကာ ရှောင်လိုက်သည်။ သူသည် အနက်ရောင်ဝတ်လူ၏ လက်ထဲမှ ဓားရှည်ကို ညာခြေဖြင့် ဖြတ်ကန်လိုက်သည်။
ကျီကျောက်သည် ထိတ်လန့်နေဆဲဖြစ်ကာ သူ့လည်ပင်းကို ထိတ်လန့်တကြား ဖက်တွယ်လိုက်သည်။
ထိုလူက ဆက်လက်တိုက်ခိုက်လုဆဲဆဲမှာပင် ရှန်းယောင်သည် သူ့လက်ထဲက ဓားရှည်ကို ရုတ်တရက် ကန်ထုတ်ပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ကျီကျောက်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။
ရှန်းယောင်က ကိုယ်ခံပညာ တတ်ကျွမ်းနေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားမိခဲ့ဘူး။
“မကြောက်ပါနဲ့။”
သူ့အသံကိုကြားသောအခါ ကျီကျောက်၏ စိတ်နှလုံးသည် အံ့ဖွယ်ကောင်းစွာ ငြိမ်သက်သွားသည်။
“မင်း ဘယ်သူလဲ။ ဘာဖြစ်လို့ ငါ့ကို သတ်ဖြတ်ဖို့ ကြိုးစားနေတာလဲ။”
သုံးချီအတွင်းမှာပင် အနက်ရောင်ဝတ်လူသည် ရှန်းယောင်ကို ရှုံးနိမ့်သွားခဲ့သည်။
“မင်း မဆန့်ကျင်သင့်တဲ့သူကို ဆန့်ကျင်လိုက်တာ မင်းအပြစ်ပဲ။”
ထိုလူက ရယ်မောပြီး မီးခိုးဗုံးတစ်လုံးကို အမြန်ပစ်ချလိုက်သည်။
ထို့နောက် သူသည် လွတ်မြောက်ရန် ဒီအခွင့်အရေးကို အသုံးပြုခဲ့သည်။
“ရှန်းယောင် ရှင် အဆင်ပြေရဲ့လား။ ရှင် ဒဏ်ရာရသွားသေးလား” ကျီကျောက်က စိုးရိမ်တကြီးနှင့် မြူခိုးတွေ ပျောက်ကွယ်သွားပြီးနောက် မေးလာခဲ့သည်။
“ကိုယ် အဆင်ပြေပါတယ်” ရှန်းယောင်က သူမလက်ကို တင်းတင်းဆုပ်ကိုင်ကာ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်၊ “အာ့ထောင် မကြောက်ပါနဲ့။”
ရှန်းယောင် ဘေးကင်းကြောင်း အတည်ပြုပြီးမှသာ ကျီကျောက်သည် သက်ပြင်းချနိုင်ခဲ့သည်။
သို့သော် သူမ၏ မျက်လုံးထောင့်မှ စူးရှသော အလင်းရောင်တစ်ခုကို အမှတ်မထင် မြင်လိုက်ရသည်။ သူမ အလျင်အမြန် လှည့်ကြည့်ပြီး ချုံပုတ်နားတွင် ကျနေသော ကြေးတံဆိပ်လေးကို ကောက်ယူလိုက်သည်။
၎င်းတွင် ပုံစံများ မပါဝင်ဘဲ အလွန်ချောမွေ့နေသော ကြေးတံဆိပ်တစ်ခု ဖြစ်သည်။
“ဒီအနက်ရောင်ဝတ်လူက ရှင့်အတွက် ဒီကို ရောက်လာတာလား” ကျီကျောက်သည် ဒီအကြောင်းကို ပိုတွေးလေလေ သူမ စိတ်မသက်မသာဖြစ်လာလေလေပါပဲ၊ “ရှန်းယောင် ကျွန်မတို့ ဘာလုပ်သင့်လဲ။”
“စိတ်မပူပါနဲ့။”
ရှန်းယောင်သည် သူမ၏ နဖူးလေးပေါ် ညင်သာစွာ အနမ်းခြွေပြီး သူမ၏ စိုးရိမ်သောကများကို ဖြေဖျောက်ပေးဖို့ ကြိုးစားလိုက်သည်၊ “အိမ်ကို အရင်ပြန်ရအောင်။”
ရှန်းမိသားစုအိမ်ခြံဝင်းသို့ ပြန်ရောက်ပြီးနောက် ကျီကျောက်သည် လက်ဖက်ရည်ပူပူ နှစ်ခွက်ကို ဆက်တိုက်သောက်ပြီး စိတ်အခြေအနေပိုကောင်းလာသည်။
“အာ့ထောင် လောလောဆယ် ဒီအကြောင်းကို အမေတို့ကို မပြောနဲ့ဦး” ရှန်းယောင်သည် သူမ၏ မျက်ဝန်းထဲကို ကြည့်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
“ရှန်းယောင် ရှင့်ခြေထောက်က ပြန်ကောင်းသွားပြီဆိုတော့ အဲဒါက တခြားသူတွေကို ခြိမ်းခြောက်နိုင်သွားတာလား” ကျီကျောက်က အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာခဲ့သည်၊ “ဒီကိစ္စက ထူးဆန်းတယ်။”
ရှန်းယောင်၏ ခြေထောက် ပြန်လည်သက်သာလာကတည်းက သူတို့ပတ်ဝန်းကျင်မှာ အန္တရာယ်တွေ ပိုများလာခဲ့သည်။
တစ်ယေက်ယောက်က သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေမှာကို စိုးရိမ်မိသည်။
ကျီကျောက်သည် ဒီအကြောင်းကို ပိုတွေးလေလေ၊ သူ့မှာ စိတ်မသက်မသာဖြစ်လာလေလေပါပဲ။
“မကြောက်ပါနဲ့” ရှန်းယောင်က သူမ၏ လက်ဖဝါးလေးကို အသာကုတ်ပြီး ညင်သာစွာ ပြောလိုက်သည်၊ “သိပ်မကြာခင် အဆင်ပြေသွားပါလိမ့်မယ်။”
“ကိုယ် အပြင်သွားစရာလေးရှိလို့ ဒီည မင်းနဲ့ အတူမနေနိုင်တော့ဘူး” ရှန်းယောင်က သူမလက်ကို နမ်းရှိုက်ပြီး တိုးတိုးလေး ပြောသည်။
ကျီကျောက် တစ်ခုခုပြောဖို့လုပ်ချိန်တွင် ရှန်းယောင်၏ ပုံရိပ်က သူမမျက်စိရှေ့ကနေ ပျောက်ကွယ်သွားပြီးဖြစ်သည်။
ဤနှစ်သစ်ကူးညမှာ ထူးထူးခြားခြား တစ်ခုခုဖြစ်ရန် ရည်မှန်းထားသည်။
ရှန်းယောင်သည် သူ့လက်ထဲတွင် ကြေးတံဆိပ်ပြားကို တင်းတင်းဆုပ်ကိုင်ထားပြီး ခိုင်မာသော ခြေလှမ်းများဖြင့် အနောက်ဘက်တောင်ပေါ်သို့ ပြေးသွားခဲ့သည်။ သူ ထိုနေရာသို့ ပြန်သွားသောအခါတွင် မျှော်လင့်ထားသည့်အတိုင်း အနက်ရောင်ဝတ်လူက အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။
“မင်း ရောက်လာပြီလား။”
ကောက်ရိုးဦးထုပ်နှင့် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားသည် အမှန်တကယ်ပင် မှိုင်းပျသော လေသံဖြင့် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
“ခင်ဗျား ဘာဖြစ်လို့ ရောက်လာတာလဲ” ရှန်းယောင်က မျက်လွှာချပြီး အေးစက်စွာ ပြောလိုက်သည်၊ “ခင်ဗျား ရုတ်တရက်ကြီး ပေါ်လာပြီး သူမကို မခြောက်လှန့်သင့်ဘူး။”
“မင်း ရင်နာသွားတာလား” အနက်ရောင်ဝတ်လူက သူ့အနားကို ဖြည်းညင်းစွာ ချဉ်းကပ်လာပြီး သူ့အကြည့်တွေက တဖြည်းဖြည်း အေးစက်လာသည်၊ “မိန်းမလှတွေက သူရဲကောင်းတွေရဲ့ သင်္ချိုင်းပဲ။ မင်း တကယ် ချစ်မိသွားတာလား။”
“ငါ့ရွေးချယ်မှုက မင်းနဲ့ မဆိုင်ဘူး။”
ရှန်းယောင်သည် အမူအရာကင်းမဲ့စွာ ပြောလိုက်သည်၊ “မင်းသာ စွင်းဟယ်ကို တိတ်တဆိတ် မကူညီခဲ့ဘူးဆိုရင် ငါ ဘယ်လိုလုပ် ဒုက္ခိတဖြစ်သွားနိုင်မှာလဲ။”
***