ရှင်က အရမ်းဉာဏ်ကောင်းတာပဲ
Vol. 14 Ch. 223
“မင်း သူ့ကို ဒီလိုပဲ ကာကွယ်ပေးနေတော့မှာလား” ရှန်းတာ့ရှန်သည် အရမ်းဒေါသထွက်သွားပြီး သူ့မျက်နှာတွေပင် နီရဲလာခဲ့သည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်၊ “ရှန်းကျန်းမှာ ဘာအကြောင်းပဲရှိရှိ သူ အပျော်ဂေဟာထဲကို ဝင်ထွက်သွားလာတယ်ဆိုကတည်းက သူ အမှားလုပ်တာ ဖြစ်သွားပြီ။”
ရှန်းတာ့ရှန်သည် ကြိမ်လုံးကိုယူပြီးနောက် ခန်းမအလယ်တွင် ဒူးထောက်ထိုင်နေသော ရှန်းကျန်းကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့ရဲ့ နူးညံ့သိမ်မွေ့သော အကြည့်များသည် အခုအချိန်မှာတော့ စူးရဲထက်ရှနေခဲ့၏။
“မင်းလက်ကို ဆန့်လိုက်။”
မြေကြီးပေါ်တွင် ဒူးထောက်ထိုင်နေသော ရှန်းအာ့လန်သည် သူ့လက်ဖဝါးများကို ဖြန့်ပေးလိုက်သည်။
ကြိမ်လုံးသည် သူ့လက်ဖဝါးပေါ်သို့ ကျရောက်သည့်အခိုက်တွင် ဖြန်းခနဲ မြည်သံထွက်ပေါ်လာသည်။
အနားကနေ စောင့်ကြည့်နေသူတွေက မကြည့်ဝံ့တော့ဘူး။
တစ်ချက်ပြီးတစ်ချက်အရိုက်ခံရပြီး မကြာခင်မှာပင် ရှန်းကျန်းရဲ့ လက်ဖဝါးတွေက မကြည့်ရက်စရာကောင်းအောင် ရောင်ရမ်းလာခဲ့သည်။
ရှန်းကျန်းသည် မျက်မှောင်တင်းတင်းကြုတ်ထားပြီး သူ့မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။
“အဖေ ရပ်ပါတော့” ဒုတိယမရီးရှန်းက ရှန်းအာ့လန်ကို ပြေးဖက်လိုက်ပြီး အရမ်းစိတ်မကောင်းဖြစ်နေခဲ့သည်။
“အာ့လန်က လက်သမားဆရာတစ်ယောက်ပါ။ နောင်အနာဂတ်မှာ ငွေရှာဖို့ သူ့လက်ကို အားကိုးရလိမ့်မယ်။ ရှင် သူ့လက်ကို တကယ်ထိခိုက်နာကျင်သွားစေခဲ့ရင်…” ကျောက်လန်ဟွာက ရှန်းတာ့ရှန်၏ လက်မောင်းကို အမြန်ဆွဲပြီး သူ့လက်ထဲမှ ကြိမ်လုံးကို ဆွဲယူလိုက်သည်။
“အဖေ၊ အမေ” ဒုတိယမရီးရှန်း၏ အကူအညီဖြင့် ရှန်းအာ့လန်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။
“ကျွန်တော် ဖုန်ယွဲ့အပျော်ဂေဟာကို တကယ်သွားခဲ့တာဆိုတော့ ဒီပြစ်ဒဏ်ကို လက်ခံပါတယ်။”
“ချင်းချင်း” ရှန်းအာ့လန်က ခဏလောက် စဉ်းစားပြီး သူ့ဘေးနားက ဒုတိယမရီးရှန်းကို လှည့်ကြည့်လိုက်သည်၊ “ကိုယ် မင်း စိတ်ပျက်သွားစေမယ့်အရာကို ဘယ်တုန်းကမှ မလုပ်ဖူးဘူး။”
“ရှန်းကျန်း၊ ကျွန်မ ရှင့်ကို ယုံပါတယ်။”
ရှန်းအာ့လန်က ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး ဇာတ်လမ်း တစ်ခုလုံးကို စတင်ပြောပြခဲ့သည်။
“ဆရာက ကျွန်တော့်ကို လေ့ရှန်းကောင်တီမှာရှိတဲ့ လူကြီးမင်းဝူရဲ့ အိမ်က အလုပ်ကိုခေါ်သွားတဲ့အခါမှာ ဝူကမ်းဆိုတဲ့လူတဲ့ တွေ့ခဲ့တယ်။ အစ်ကိုဝူက လက်မှုပညာ အရမ်းကျွမ်းကျင်တယ်။ သစ်သားကို ထွင်းထုရာမှာ အကောင်းဆုံးပဲ။ သူ ထွင်းထားတဲ့ ပရိဘောဂတွေက သပ်ရပ်ပြီး ဆန်းသစ်တယ်။”
“ပိုအရေးကြီးတာက အဲဒီအစ်ကိုဝူက အရမ်းစိတ်အားထက်သန်ပြီး ဂျူနီယာတွေကို ကောင်းကောင်းဂရုစိုက်ပေးတယ်။ သူက ကျွန်တော့်ကို အများကြီး သင်ပေးမယ်။ တစ်ခါတုန်းက ကျွန်တော် နှင်းဆီသားကို ပျက်စီးသွားစေတဲ့ အချိန် ရှိဖူးတယ်။ အစ်ကိုဝူက အဲဒီ ပျက်စီးသွားတာကို ကယ်တင်ဖို့ လက်ရာမြောက်တဲ့ ပုံစံတစ်ခုကို ထွင်းထုဖို့ ကူညီပေးခဲ့တယ်။”
“နောက်တော့ အစ်ကိုဝူနဲ့ စကားစမြည်ပြောဆိုဖြစ်ရင်း သူ့မှာ ချစ်သူရှိတယ်ဆိုတာကို သိလိုက်ရတယ်။ သူ့ချစ်သူက ဖုန်ယွဲ့ပျော်တော်ဆက်ကို အတင်းအကြပ် ရောင်းချခံခဲ့ရတဲ့ သူ့ငယ်ချစ်ဦး မိန်းမပျိုဖန့်တျဲပါ။ မိန်းမပျိုဖန့်တျဲကို ရွေးကောက်ဖို့ ငွေအလုံအလောက် စုဆောင်းပြီးရင် အတူနေထိုင်ဖို့ သူတို့ရဲ့ မွေးရပ်မြေကို ပြန်သွားကြမယ်လို့ အစီအစဉ်ဆွဲထားခဲ့ကြတယ်။”
“ဒါပေမယ့် အစ်ကိုဝူက မထင်မှတ်ပဲ ဆုံးပါးသွားခဲ့တယ်…။ အရာရှိတွေက သူ အရက်မူးပြီး ကျုံးထဲကို မတော်တဆ ပြုတ်ကျပြီး ရေနစ်သေဆုံးသွားတယ်လို့ ကောက်ချက်ချခဲ့ကြတယ်။”
ဒီကိစ္စကိုပြန်ပြောပြတဲ့အခါ ရှန်းကျန်းရဲ့ နှလုံးသားထဲမှာ ဝမ်နည်းပူဆွေးမှုတွေ ပြည့်နှက်နေခဲ့သည်။
“အစ်ကိုဝူရဲ့ ပစ္စည်းတွေကို ကူညီထုပ်ပိုးနေစဉ်မှာ မိန်းမပျိုဖန့်တျဲကို သူ ပေးချင်တဲ့ အရာတစ်ချို့ကို ကျွန်တော် တွေ့ခဲ့ရတယ်။ ဒါကြောင့် ဖုန်ယွဲ့ပျော်တော်ဆက်ကို သွားပြီးတော့ ကျွန်တော် မိန်းမပျိုဖန့်တျဲနဲ့ တွေ့ခဲ့တယ်။”
“ဒါပေမယ့် အဲဒီနေ့မှာ မိန်းမပျိုဖန့်တျဲက အရမ်းထိတ်လန့်တုန်လှုပ်နေတယ်။ သူက ဘာမှ မရှင်းပြပဲ ကျွန်တော့်လက်ထဲကို အထုပ် တစ်ထုပ် ထည့်ပေးပြီး လူလွှတ်မောင်းထုတ်ခိုင်းခဲ့တယ်” ရှန်းကျန်းက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောပြသည်။
“ဒီကိစ္စက ထူးဆန်းတယ်လို့ ကျွန်တော် အမြဲခံစားနေရတယ်။ မူလက ကျွန်တော် မိန်းမပျိုဖန့်တျဲကို အကျိုးအကြောင်း သွားမေးချင်ပေမယ့် သူက ကျွန်တော့်ကို သူတောင်းစားတစ်ယောက်လွှတ်ပြီး စာပို့ခဲ့တယ်။ စာထဲမှာ သူက အဲဒီအိတ်ကို သေချာဂရုစိုက်သိမ်းဆည်းခိုင်းပြီး ဖုန်ယွဲ့အပျော်ဂေဟာကို နောက်တစ်ကြိမ် ခြေမချဖို့ ညွှန်ကြားခဲ့တယ်။”
“မိန်းမပျိုဖန့်တျဲက မင်းကို အပ်ထားတဲ့ ပစ္စည်းတွေကရော ဘယ်မှာလဲ။”
“ကျွန်တော် အဲ့တာတွေ ပျောက်သွားတယ်” ရှန်းကျန်းသည် စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ်နေခဲ့သည်၊ “အဖေ နှစ်သစ်မကူးခင်က အစ်ကိုကြီးနဲ့ တတိယခယ်မလေးကိုခေါ်ပြီး ကျွန်တော့်ကို လာရှာခဲ့တာကို မှတ်မိသေးလား။ အဲဒီအချိန်တုန်းက ကျွန်တော် ကျင်းနက်ကြီးထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တယ်လေ။ အဖေတို့သာ အချိန်မီမရောက်လာခဲ့ရင် ကျွန်တော် သေသွားလောက်ပြီ။ မိန်းမပျိုဖန့်တျဲ ကျွန်တော့်ကို ပေးခဲ့တဲ့ အိတ်ကလည်း အဲဒီကျင်းနက်ကြီးထဲကို ပြုတ်ကျသွားခဲ့တယ်။”
ရှန်းအာ့လန်က တောင်းပန်စကားဆိုသည်၊ “အဖေ၊ အမေ၊ ဖုန်ယွဲ့အပျော်ဂေဟာက အပျော်မယ်ခေါင်းဆောင်က အိမ်တံခါးလာခေါက်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ ကျွန်တော် တောင်းပန်ပါတယ်။”
“ဒီကိစ္စက နေရာတိုင်းမှာ ထူးဆန်းနေပုံရတယ်” ကျီကျောက်သည် ဘေးနားမှာ နားထောင်နေရင်း မျက်မှောင်ကြုတ်သွားသည်၊ “ဒုတိယအစ်ကို၊ အဲဒီအစ်ကိုကြီးဝူက ရေမကူးတတ်ဘူးလား။”
“အရင်က အစ်ကိုဝူ အစ်ကို့ကို ပြောခဲ့ဖူးတယ်။ သူ ငယ်ငယ်က စမ်းချောင်းဘေးမှာ နေထိုင်ခဲ့တာဆိုတော့ ငယ်ငယ်လေးကတည်းက ရေကူးတတ်တယ်” ရှန်းကျန်းသည် ကူကယ်ရာမဲ့စွာ ခေါင်းခါသည်၊ “ဒါပေမယ့် ခရိုင်အစိုးရကတော့ သူ့ကို ရေနစ်သေတယ်လို့ ကောက်ချက်ချခဲ့တယ်။”
“ဒါဆို ဒုတိယအစ်ကို မိန်းမပျိုဖန့်တျဲ ပေးခဲ့တဲ့ အိတ်ထဲမှာ ဘာတွေပါလဲဆိုတာကို မှတ်မိသေးလား” ရှန်းယောင်သည်လည်း ဒီကိစ္စရဲ့ ထူးခြားမှုကို သဘောပေါက်ပြီး သိချင်စွာ မေးလိုက်သည်။
“ဘာမှ မထူးခြားပါဘူး၊ ဒါပေမယ့် အဲဒီထဲမှာ အရမ်းဟောင်းနေတဲ့ စာအုပ်လေး တစ်အုပ်တော့ ပါတယ်” ရှန်းကျန်းက သေသေချာချာ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်၊ “ငါ ရှင်းရှင်းလင်းလင်း မမှတ်မိဘူး။”
“အဲဒီအိတ်မှာ ရွှေ၊ ငွေ ဒါမှမဟုတ် လက်ဝတ်ရတနာတွေ ပါလား။”
“မပါဘူး။”
“ဒါက ထူးဆန်းတယ်” ကျီကျောက်သည် မသိစိတ်က သူ့ဘေးနားရှိ ရှန်းယောင်ကို လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်၊ “အခုနတုန်းက ဒုတိယအစ်ကိုက မိန်းမပျိုဖန့်တျဲရဲ့ ပိုက်ဆံတွေကို လိမ်လည်လှည့်ဖြားတယ်လို့ အပျော်မယ်ခေါင်းဆောင်အမျိုးသမီးကြီးက စွပ်စွဲခဲ့တယ်။ အတိအကျ ဘာဖြစ်ချင်နေတာလဲ။”
“ဒီကိစ္စရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်က ဘာပဲဖြစ်ဖြစ် ငါတို့မှာ ဖြေရှင်းဖို့ နှစ်ရက်ပဲ ကျန်တော့တယ်” ရှန်းတာ့ရှန်က တင်းမာသော မျက်နှာထားဖြင့် အလေးအနက် ပြောသည်။
“ဟုတ်တယ်” ရှန်းအာ့လန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
တရုတ်နှစ်သစ်ကူး ပထမနေ့တွင် ထိုသို့သော အခိုက်အတန့်မျိုး ကြုံတွေ့ရသည်မှာ စိတ်မကောင်းစရာပင်။
သို့သော်လည်း ကျီကျောက်သည် အရသာရှိသော နံနက်စာကို ပြင်ဆင်ပေးပြီးနောက်တွင် လေထုသည် သိသိသာသာ သက်သာလာခဲ့သည်။
“အဖေ၊ ဒီကြက်စွပ်ပြုတ်ကို မြည်းကြည့်ပါဦး။ သမီး ဒီစွပ်ပြုတ်ကို နာရီအတော်ကြာအောင် တည်ထားတာ” ကျီကျောက်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြက်စွပ်ပြုတ်ပန်းကန်လုံးကြီးကို ဘာတစ်ခွန်းမှမပြောဘဲ မျက်နှာထားတင်းတင်းဖြင့် ထိုင်နေသော ရှန်းတာ့ရှန်ဆီသို့ ယူလာပေးသည်၊ “ပြီးတော့ ဒီထမင်းကြော်က အရမ်းကြွပ်တယ်။ ကြက်စွပ်ပြုတ်နဲ့ တွဲစားရင် ပိုအရသာရှိတယ်။”
ရှန်းတာ့ရှန်သည် စိတ်ဆိုးနေပေမယ့် ကျီကျောက်၏ မျက်နှာပေါ်က အပြုံးကို မြင်လိုက်ရတော့ အနည်းငယ် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
“ကောင်းပြီ၊ ငါ မြည်းကြည့်လိုက်မယ်။”
“ဒီဆောင်းမျှစ်ပုဇွန်ဖက်ထုပ်ကိုလည်း အဖေ မြည်းကြည့်သင့်တယ်” ကျီကျောက်က ခပ်ပြုံးပြုံး ပြောသည်၊ “ဒီဆောင်းမျှစ်ပုဇွန်ဖက်ထုပ်က အရမ်းကောင်းတယ်။ တစ်ခုချင်းစီမှာ ကောင်းမွန်တဲ့ အရသာတန်ဖိုးတွေနဲ့ ပြည့်နေတယ်။”
ကျီကျောက်၏ သွက်လက်ချက်ချာသောအသံနှင့်အတူ လေထုသည် သိသိသာသာ သက်တောင့်သက်သာဖြစ်လာသည်။
နွေးထွေးပြီး အရသာရှိသော နံနက်စာစားပြီးနောက် ကျီကျောက်သည် သူမ၏ အခန်းသို့ပြန်လာပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က ကျောက်လန်ဟွာ သူမအတွက် ပြုလုပ်ပေးခဲ့သော သိုးမွေးဖိနပ်တစ်ရံကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။
“အာ့ထောင် ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်” ရှန်းယောင်က တံခါးကို တွန်းဖွင့်ပြီး သူမအနားသို့ လျှောက်လာသည်။ သူ၏ နူးညံ့သိမ်မွေ့သော လေသံသည် ခိုင်မာနေခဲ့သည်။
“ကျွန်မ အပြင်သွားမယ်ဆိုတာ ရှင် ဘယ်လိုသိတာလဲ” သူ့အသံကိုကြားတော့ ကျီကျောက်က သိချင်စိတ်ပြင်းပြစွာ မော့ကြည့်လိုက်သည်။ သူမ၏ ဗာဒံစေ့သဏ္ဍာန် မျက်လုံးတောက်တောက်လေးတွေက တဖျပ်ဖျပ် လင်းလက်နေခဲ့ကာ အလွန်ချစ်စရာကောင်းသည်။
ရှန်းယောင်က ဘာမှ မပြောဘဲ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး သူမမျက်နှာနား ရုတ်တရက် ကပ်လာခဲ့သည်။
ကျီကျောက်သည် အကြောင်းပြချက်မရှိ ထိတ်လန့်သွားသလို သူ့မျက်လုံးများကို ထိပ်တိုက် ရင်မဆိုင်ဝံ့ပေ။
“ရှင်… ရှင် ဘာလုပ်နေတာလဲ။”
“အာ့ထောင်နဲ့ ကိုယ် ဆက်သွယ်ကြည့်နေတာလေ” ရှန်းယောင်သည် ရုတ်တရက် သူမ၏ နားအနားသို့ ကပ်လာပြီး “ဒီလိုဆို အာ့ထောင် ဘာစဉ်းစားနေလဲဆိုတာကို ကိုယ် ခန့်မှန်းလို့ရပြီ။”ဟု တီးတိုးဆိုသည်။
“ဘယ်လို အပြောကောင်းတဲ့ လျှာလေးလဲ…” ကျီကျောက်က တခစ်ခစ်ရယ်ပြီး ရေရွတ်လိုက်သည်။
“ကိုယ်ပြောတာ မှန်တယ်မလား” ရှန်းယောင်သည် သူမ၏ လက်ကို သဘာဝကျကျ ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးထဲရှိ အပြုံးရိပ်က ပိုလို့တောင် နက်ရှိုင်းလာခဲ့သည်။
“ရှင်က အရမ်းဉာဏ်ကောင်းတယ်ဆိုတော့ ကျွန်မ ဘယ်ကိုသွားမှာလဲဆိုတာ ရှင် ဘာဖြစ်လို့ မခန့်မှန်းကြည့်တာလဲ” ကျီကျောက်သည် မျက်ခုံးပင့်ပြီး သူမ၏ လေသံတွင် ချစ်စရာကောင်းသည့် အရိပ်အမြွတ်လေးကို သယ်ဆောင်လာသည်။
“မင်း ကိုယ့်ဒုတိယအစ်ကို အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တဲ့ ကျင်းနက်ကြီးဆီကို သွားမလို့မလား။”
“ရှင်က အရမ်းဉာဏ်ကောင်းတာပဲ” ကျီကျောက်က ပြုံးရယ်ကာဖြင့် သူ့ပါးကို အသာလေး ဆွဲဖျစ်ညှစ်ပြီး ချီးကျူးလိုက်သည်…။
***