ခရိုင်တရားသူကြီးမင်းမားက စိတ်မချဘူးလို့ထင်တယ်
Vol. 14 Ch. 225
မီးခိုးရောင်အိတ်ထဲတွင် ပစ္စည်း များများစားစား မပါရှိပါ။
စာအုပ်နှစ်အုပ်နှင့် လက်ရာမြောက်သော အနက်ရောင် သစ်သားသေတ္တာတစ်ခုသာ ပါရှိသည်။
ကံကောင်းထောက်မစွာဖြင့် စာအုပ်နှစ်အုပ်ကို ဆီစိမ်စက္ကူအထပ်ထပ်ဖြင့် ထုတ်ပိုးထားသောကြောင့် ပျက်စီးသွားခြင်း မရှိပေ။
“စန်းလန်၊ ငါ စကားလုံး အများကြီး မသိဘူး၊ ဒါကြောင့် ဒီစာအုပ်တွေထဲမှာ ဘာတွေရေးထားမှန်း ငါ မသိဘူး။ မင်း တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါလား” ရှန်းအာ့လန်သည် စာအုပ်နှစ်အုပ်ကို ကောက်ယူပြီးတာနဲ့ မသိစိတ်က ရှန်းယောင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ရှန်းယောင်က အနည်းငယ် ခေါင်းညိတ်ပြပြီး စာအုပ်ကို လှမ်းယူကြည့်လိုက်သောအခါတွင် ၎င်းက စာအုပ်သက်သက် မဟုတ်ဘဲ စာရင်းစာအုပ်နှင့် ပိုတူသည်။
ထိုစာအုပ်ထဲတွင် လူတော်တော်များများရဲ့ အမည်များကို မှတ်တမ်းတင်ထားပြီး နာမည်တစ်ခုစီ၏ နောက်တွင် အနီရောင် အမှတ်အသား တစ်ခု ရှိသည်။
ရှန်းယောင်သည် စာမျက်နှာနှစ်မျက်နှာကိုလှန်ကြည့်ပြီးနောက် သူ့မှာ အကြမ်းဖျင်း ခန့်မှန်းချက် တစ်ခု ရှိခဲ့သည်။
“ဒီသစ်သားသေတ္တာကို အစ်ကိုဝူကိုယ်တိုင်လုပ်ထားတာဖြစ်မယ်” ရှန်းအာ့လန်က သစ်သားသေတ္တာပေါ်တွင် ထွင်းထုထားသည့် အာကေးရှားပန်းပွင့်ပုံစံကို ကြည့်ပြီး အနည်းငယ် လွမ်းဆွေးနေသည့် လေသံဖြင့် မရေရွတ်ဘဲ မနေနိုင်ပေ။
လက်ရာမြောက်သောသစ်သားသေတ္တာထဲတွင် အနီရောင်ကြိုးဖြင့် ချည်ထားသော အနက်ရောင်ဆံပင်နှစ်ချောင်းရှိသည်။
“မိန်းမပျိုဖန့်တျဲရဲ့ ပိုင်ဆိုင်မှု အမွေအနှစ်တွေက ဒါတွေ ဖြစ်မယ်လို့ မထင်ထားဘူး” ကျီကျောက်က မနေနိုင်ဘဲ သက်ပြင်းချမိသည်၊ “ဆိုရိုးစကားအတိုင်း သူတို့ရဲ့ ဆံပင်တွေ အတူချည်နှောင်ပြီး လက်ထပ်ထားတဲ့ စုံတွဲတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သံသယကင်းရှင်းစွာ ချစ်မြတ်နိုးကြတယ်တဲ့။ မိန်းမပျိုဖန့်တျဲနဲ့ အစ်ကိုဝူတို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတာပဲ။”
“ဟုတ်တယ်” ရှန်းအာ့လန်က ဆက်တိုင် ခေါင်းညိတ်သည်၊ “အစ်ကိုဝူနဲ့ မိန်းမပျိုဖန့်တျဲတို့က မွေးရပ်မြေ အတူတူပဲ။ သူတို့ ငယ်ငယ်လေးကတည်းက ငယ်ချစ်တွေလေ။ နောက်ပိုင်းမှာ သူတို့မွေးရပ်မြေမှာ ရေကြီးပြီး ရွာတော်တော်များများ နစ်မြုပ်သွားတာ စိတ်မကောင်းစရာပဲ။ နောက်ပိုင်း လေ့ရှန်းကောင်တီမှာ သူတို့ မမျှော်လင့်ဘဲ ပြန်ဆုံတွေ့ခဲ့ကြတယ်။ အစ်ကိုဝူက မိန်းမပျိုဖန့်တျဲကို ပိုးပန်းဖို့ သုံးနှစ်ကျော်ကြာခဲ့တယ်။ သူတို့နှစ်ယောက်သား မိန်းမပျိုဖန့်တျဲကို ရွေးနုတ်ဖို့ ပိုက်ဆံ အလုံအလောက် စုဆောင်းပြီးရင် သူတို့မွေးရပ်မြေကိုပြန်ပြီး အိမ်ထောင်ပြု အခြေချမယ်လို့ စီစဉ်ထားခဲ့ကြတယ်။ ဒါပေမယ့် အရာအားလုံးက မှန်းဆလို့ မရဘူး…။”
နှစ်ယောက်စလုံး မတော်တဆ သေဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
“ဒုတိယအစ်ကို၊ ဒီမိန်းမပျိုဖန့်တျဲက ဖုန်ယွဲ့အပျော်ဂေဟာမှာ အရမ်းနာမည်ကြီးလား” ရှန်းယောင်က စာရင်းစာအုပ်နှစ်အုပ်ကို အေးအေးဆေးဆေးဖယ်ပြီး တိုးတိုးလေး မေးသည်။
“နာမည်ကြီးတယ်” ရှန်းအာ့လန်က ခေါင်းညိတ်သည်၊ “ဒီမိန်းမပျိုဖန့်တျဲက ဖုန်ယွဲ့အပျော်ဂေဟာမှာ အလှဆုံး မိန်းကလေးလို့ ငါကြားတယ်။ သူ့ရဲ့ ဖီဖာတီးခတ်မှုကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ ဒါ့အပြင် လေ့ရှန်းကောင်တီရဲ့ ခရိုင်တရားသူကြီးက မိန်းမပျိုဖန့်တျဲရဲ့ ဖီဖာတီးတာကို နားထောင်ရတာ နှစ်သက်လို့ ဖုန်ယွဲ့အပျော်ဂေဟာကို မကြာမခဏ ဝင်ထွက်လေ့ရှိတယ်လို့ ငါကြားခဲ့ရတယ်။”
လေ့ရှန်းကောင်တီ၊ ခရိုင်တရားသူကြီးမင်း၊ မိန်းမပျိုဖန့်တျဲ၏ သေဆုံးမှု၊ စာရင်းစာအုပ်။
ရှန်းယောင်သည် အသာလေး မျက်လွှာချပြီး သူ့စိတ်ထဲမှာ သဲလွန်စအားလုံးကို ခွဲထုတ်လိုက်သည်။
“ဒါပေမယ့် ဖုန်ယွဲ့အပျော်ဂေဟာရဲ့ အပျော်မယ်ခေါင်းဆောင်က အာ့လန်ကို မိန်းမပျိုဖန့်တျဲရဲ့ စုဆောင်းငွေတွေကို ယူဆောင်သွားတယ်လို့ စွပ်စွဲခဲ့တယ်လေ” ကျောက်လန်ဟွာက စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သည်၊ “ဒီကိစ္စက မရိုးရှင်းဘူးလို့ ကျွန်တော်ထင်တယ်။”
“သူမရဲ့ တစ်ဖက်သတ်ပြောဆိုချက်တစ်ခုတည်းက ဘာမှ သက်သေ မပြနိုင်ဘူး”
ကျီကျောက်က သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
“အမေ စိတ်မပူပါနဲ့။ သမီးတို့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို သေချာပေါက် ရှာတွေ့နိုင်မှာပါ။”
“မျှော်လင့်ရတာပါပဲ။”
ကျောက်လန်ဟွာသည် ယနေ့နံနက်ကတည်းကပင် သူမ၏ ညာဖက်မျက်ခွံများ အဆက်မပြတ် တုန်ယင်နေတယ်ဆိုတာကို မပြောဝံ့ပေ။ ယနေ့တွင် မူလက ရွာရှိ အခြားအိမ်နီးနားချင်းများဆီ အလည်အပတ်သွားပြီး နှုတ်ခွန်းဆက်စကားဆိုချင်သော်လည်း စိတ်အခန့်မသင့်တာကြောင့် အပြင်မထွက်ခဲ့ပေ။
“ဒုတိယအစ်ကို ဒီစာအုပ်နှစ်အုပ်က တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အစ်ကို ကျွန်တော့်ကို နှစ်ရက်လောက် ခဏလောက် ငှားထားပါလား” ရှန်းယောင်က ရှန်းကျန်းကို ကြည့်ပြီး အပြုံးဖြင့် တောင်းဆိုလိုက်သည်။
“ကောင်းပြီလေ” ရှန်းအာ့လန်က သူ့ညီငယ်အပေါ် တွန့်တိုနေမည် မဟုတ်ပေ။
ကျီကျောက်သည် ရှန်းယောင်နှင့်အတူ သူတို့ အခန်းကို ပြန်လာပြီးနောက် ပြတင်းပေါက်ဘောင်ရှေ့မှာ ချထားသော ဇီးပန်းပွင့်တွေဆီ အကြည့်ရောက်သွားခဲ့သည်။
“ခုနက လမ်းလျှောက်ရင်း မွှေးရနံ့တစ်ခု ကျွန်မ ရခဲ့တယ်။ အဲဒါက ဇီးပန်းပွင့်ရဲ့ ရနံ့မှန်း အခုမှ သိတယ်။ ရှန်းယောင် ရှင် ဘယ်တုန်းက ဇီးပန်းပွင့်တွေ သွားဆွတ်ခဲ့တာလဲ။”
“ကိုယ် မနက်အိပ်ရာထပြီးတာနဲ့ ခြံဝန်းထဲ ဟိုနားဒီနား လမ်းလျှောက်ရင်း ဇီးပန်းပွင့်တွေကို တွေ့လိုက်ရတယ်လေ။ ကိုယ်လည်း မနေနိုင်ဘဲ ခူးဆွတ်မိသွားတယ်” ရှန်းယောင်က ပြုံးပြီး သူမကို ညင်သာစွာ ရှင်းပြပေးသည်။
“ပန်းပွင့်တွေ ခူးဖို့ အဆင်သင့်ဖြစ်ရင် ချက်ချင်း ခူးဆွတ်လိုက်၊ မဟုတ်ရင် ပန်းပွင့်တွေ ကြွေကုန်လို့ မင်း အကိုင်းတွေကိုပဲ မြင်နေရလိမ့်မယ်”
ကျီကျောက်က ပြုံးပြီး ပြောသည်၊ “ဒီဇီးပန်းပွင့်တွေက တကယ်လှတယ်။”
“အာ့ထောင် ကြိုက်ရင် ပြီးတာပဲ။”
“ရှန်းယောင်”
“ဗျာ”
“ရှင် ဘာတွေတွေးနေတာလဲ” ကျီကျောက်က သူ့ရှေ့ကို လျှောက်လာပြီး သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုအပြည့်ရှိသည်၊ “ရှင် တစ်ခုခု ဖြစ်နေတယ်။”
“အာ့ထေင်၊ မင်း ဘာဖြစ်လို့ ဒီလိုပြောနိုင်တာလဲ” ရှန်းယောင်က သူမ၏ မေးခွန်းကြောင့် အံ့အားသင့်သွားသည်။
“ကျွန်မတို့ ဒုတိယအစ်ကို ပျောက်သွားတဲ့အိတ်ကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့် ရှင် ပျော်သင့်တယ်၊ ဒါပေမယ့်…” ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး သူ့လက်ထဲက စာအုပ်နှစ်အုပ်အပေါ် အကြည့်ရောက်သွားသည်၊ “ရှန်းယောင်၊ ဒါတွေက စာအုပ်တွေ မဟုတ်ဘူး။ အဲဒါတွေက စာရင်းစာအုပ်တွေ၊ သက်သေအထောက်အထားတွေ မဟုတ်လား။”
ရှန်းယောင်၏ မျက်လုံးထဲတွင် အံ့ဩခြင်း အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်ကို မသိစိတ်ဖြင့် ဝေ့ဝိုက်ကြည့်ကာ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှုပြီး သူ့နှလုံးသားထဲမှာ တိုးလာသော မသက်မသာမှုတွေကို မျိုသိပ်ထားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့သည်။
“အာ့ထောင် မင်း ဘယ်လိုသိတာလဲ။”
“ဒုတိယအစ်ကိုက ရှင့်ကို အဲဒီစာအုပ်နှစ်အုပ်ကို ဖတ်ခိုင်းကြည့်တဲ့အခါ ရှင့်အမူအရာက နည်းနည်းတော့ ထိတ်လန့်သွားတာကို ကျွန်မမြင်လိုက်တယ်” ကျီကျောက်က သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး သူ့လေသံမှာ နူးညံ့မှုနှင့် နှစ်သိမ့်မှုအပြည့် ရှိသည်၊ “ရှင့်ဘေးမှာ ကျွန်မ ရပ်နေတာဆိုတော့ ဒီစာအုပ်ကို သဘာဝကျကျ မြင်လိုက်ရတယ်လေ… မဟုတ်သေးဘူး၊ ဒီစာရင်းစာအုပ်ထဲက အကြောင်းအရာတွေက… မိန်းမပျိုဖန့်တျဲက ဖုန်ယွဲ့အပျော်ဂေဟာမှာ နာမည်ကြီးတယ်လို့ ဒုတိယအစ်ကိုက ပြောတယ်မလား။ ပိုအရေးကြီးတာက လေ့ရှန်းကောင်တီရဲ့ ခရိုင်တရားသူကြီးမင်းစွင်းက သူ့ကို အရမ်းသဘောကျပြီး မျက်နှာသာပေးတယ်။ အပေါ်ယံမှာတော့ ဖုန်ယွဲ့အပျော်ဂေဟာရဲ့ အပျော်မယ်ခေါင်းဆောင်က မိန်းမပျိုဖန့်တျဲရဲ့ ပစ္စည်းတွေအတွက် ဒီကို ရောက်လာတာ ဖြစ်ပေမယ့် တကယ်တမ်း သူမ လိုချင်နေတဲ့အရာတွေက အခု ရှင့်လက်ထဲမှာ ရှိနေတဲ့ စာရင်းစာအုပ်တွေ ဖြစ်နိုင်တယ်။”
“တကယ်လို့ ကျွန်မထင်တာမမှားရင် ဒီစာရင်းစာအုပ်က လာဘ်ပေးလာဘ်ယူမှုစာရင်းစာအုပ်တစ်အုပ် ဖြစ်နိုင်တယ်။”
ကျီကျောက်၏ တည်ငြိမ်သော ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ရင်း ရှန်းယောင်၏ မျက်လုံးများတွင် ထိတ်လန့်တကြား အံ့အားသင့်မှုများဖြင့် တဖြည်းဖြည်း အစားထိုးလာသည်။
သူ့အာ့ထောင်က သူထင်ထားတာထက် ပိုထက်မြက်တာပဲ။
“အာ့ထောင် မင်း အရမ်းထက်မြက်လွန်းတယ်… တကယ်လို့ မင်းသာ အမျိုးသားတစ်ဦးဖြစ်လာမယ်ဆိုရင် ကိုယ် မင်းလောက် မထက်မြက်မှာ စိုးရတယ်” ရှန်းယောင်က သူမ၏ မျက်လုံးထဲကို ကြည့်ပြီး လေးလေးနက်နက် ပြောသည်။
ဖူး…
ကျီကျောက်သည် သူ့၏ လေးနက်သော အကြည့်ကြောင့် သဘောကျသွားခဲ့သည်။ သူမက သူ့နှာခေါင်းထိပ်ဖျားလေးကို ခပ်ဖွဖွ ပုတ်လိုက်သည်၊ “ရှင် ဘာမဟုတ်တာတွေ ပြောနေတာလဲ။ တကယ်လို့ ကျွန်မသာ အမျိုးသားတစ်ဦးဖြစ်လာမယ်ဆိုရင် ရှင့်အမျိုးသမီး ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ။ ဒါ့အပြင် ကျွန်မရဲ့ မျက်လုံးထဲမှာ ရှန်းယောင် ရှင်က အကောင်းဆုံးပဲ။”
သူမ၏ အသံက ချိုမြိန်ပြီး သူမ၏ အပြုံးတွေက တောက်ပနေသည်။
ထိုအချိန်တွင် ရှန်းယောင်၏ နှလုံးသာ အထိန်းအကွပ်မရှိ ခုန်နေသည်။
သူ့အာ့ထောင်က ဘာဖြစ်လို့ အရမ်းလှနေရတာလဲ။
“ရှန်းယောင် ကျွန်မတို့ ဆက်ပြီး ဆွေးနွေးကြရအောင်” သူ မိန်းမောတွေဝေနေတာကိုမြင်တော့ ကျီကျောက်သည် သူ့နဖူးလေးကို ကူကယ်ရာမဲ့စွာ အသာပုတ်ပြီး တိုးတိုးလေး ပြောသည်။
“ကျွန်မတို့ ဘာဆက်လုပ်သင့်လဲ။”
“အပျော်မယ်ခေါင်းဆောင်က လွယ်လွယ်နဲ့ အရှုံးပေးမယ့်သူလို့ မထင်ဘူး” ကျီကျောက်က မျက်မှောင်ကြုတ်သည်၊ “ရှန်းယောင်၊ ကျွန်မတို့ ဒုတိယအစ်ကိုကို ကူညီဖို့ နည်းလမ်း မစဉ်းစားသင့်ဘူးလား။”
“နှစ်သစ်ကူးပြီး ရှစ်မြောက်နေ့မှာမှ ကောင်တီတရားရုံး ပြန်ဖွင့်လိမ့်မယ်” ရှန်ယောင်သည် သူ့လက်ထဲမှ စာရင်းစာအုပ်ကို မသိစိတ်က ဆုပ်ကိုင်လိုက်ပြီး သူ့အကြည့်တွေက မည်းမှောင်လာသည်၊ “အာ့ထောင်၊ ကိုယ်တို့ ပထမလ ရှစ်ရက်မြောက်နေ့မှာ ခရိုင်တရားသူကြီးမင်းမားဆီ အလည်သွားကြရအောင်။”
“ခရိုင်တရားသူကြီးမင်းမားလား” ကျီကျောက်က အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်သည်၊ “ရှန်းယောင် ရှင်က ခရိုင်တရားသူကြီးမင်းမားကို ရှေ့ထွက်စေချင်တာလား။ ဒါပေမယ့် သူက လေ့ရှန်းကောင်တီရဲ့ ခရိုင်တရားသူကြီးမင်းစွင်းနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းတယ်လို့ ကျွန်မကြားတယ်။ ကျွန်မတို့ တောင်းဆိုချက်ကို သူ ဘယ်လိုလုပ်ပြီး သဘောတူနိုင်ပါ့မလဲ။ သူနဲ့ ခရိုင်တရားသူကြီးမင်းစွင်းက တစ်ကျိတ်တည်းတစ်ဉာဏ်တည်းတွေပဲ။ မဟုတ်ရင် သူက ကျီဟွေ့ကို ခရိုင်တရားသူကြီးမင်းစွင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ ဘယ်လွှတ်ပေးပါ့မလဲ။”
ကျီကျောက်သည် ခရိုင်တရားသူကြီးမင်းမားက အားကိုးလို့မရဘူးဟု စိတ်ရင်းမှန်ဖြင့် ခံစားခဲ့ရသည်။
“အာ့ထောင်၊ တော်ဝင်တရားရုံးမှာ ထာဝရမိတ်ဆွေ မရှိဘူး၊ ထာဝရ အကျိုးစီးပွားဖက်တွေပဲ ရှိတယ်” ရှန်းယောင်က မျက်လွှာချပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်...။
***