ဇနီးသည်ကသာ မိသားစု၏ ငွေကြေးကို စီမံခန့်ခွဲသင့်သည်။
Vol. 14 Ch. 226
အကြောင်းတစ်ခုခုကြောင့် ကျီကျောက်သည် ရှန်းယောင်၏ စကားတွင် အထီးကျန်ခြင်း အရိပ်အမြွတ်ကို ရုတ်တရက် ကြားလိုက်ရသလိုပင်။
ကျီကျောက်သည် မသိစိတ်က သူ့လက်ကို ဆုပ်ကိုင်ကာ တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။
“ရှန်းယောင် ကျွန်မတို့ ပိုက်ဆံ အလုံအလောက် စုဆောင်းပြီးရင် ခရိုင်မြို့မှာ အိမ်ဝယ်ကြရအောင်လား” ကျီကျောက်သည် ထိုင်ခုံပေါ်မှာ ထိုင်ပြီး ချည်ထိုးဖို့ အပ်ကို ကောက်ကိုင်လိုက်သည်၊ “ဒီလိုဆို ရှင်နဲ့ ချန်ချန် ခရိုင်မြို့မှာ စာလေ့လာတဲ့အခါ ရှင်တို့ နေစရာ နေရာ ရလိမ့်မယ်။”
“ကောင်းပြီ” လက်ရေးလှ ကူးရေးနေတဲ့ ရှန်းယောင်က ဝမ်းသာအားရ သဘောတူလိုက်သည်။
ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားပုံရသည်။ ရှန်းယောင်သည် ရုတ်တရက် စာရေးစုတ်တံကို အောက်ချကာ သူ့နောက်မှ စာအုပ်စင်ဆီသို့ လျှောက်သွားခဲ့သည်။ ရိုးရှင်းသော စာအုပ်စင်ပေါ်တွင် စာအုပ်များစွာကို သပ်သပ်ရပ်ရပ် စီထားသည်။ စာအုပ်စင်ပေါ်တွင် ဖုန်မှုန့်တစ်စပင် မရှိချေ။
ရှန်းယောင်သည် သူ့လက်ကို မြှောက်ပြီး စာအုပ်စင်မှ အနီရောင်သေတ္တာလေးကို ထုတ်ယူကာ ကျီကျောက်အား ပေးလိုက်သည်။
“ဒါက…”
“ငါ အသက်ငါးနှစ်အရွယ်ကတည်းက တခြားသူတွေကို စာအုပ်ကူးရေးပေးတော့ ပိုက်ဆံတချို့ ရခဲ့တယ်။ နောက်တော့ ကိုယ်တို့မိဘတွေက ကိုယ်တို့သုံးယောက်ကို မုန့်ဖိုးပေးတယ်လေ။ ကိုယ်က အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုထက် ပိုက်ဆံပိုရတယ်။ ပိုအရေးကြီးတာက အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို ကိုယ့်ကို အရမ်းချစ်ပြီး မကြာခဏဆိုသလို မုန့်ဖိုးပေးတတ်တယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ် ဒါတွေကို စုဆောင်းမိခဲ့တယ်။”
“ဒါက သိပ်မများလောက်ဘူးမလား” ကျီကျောက်က သိချင်စိတ်ပြင်းပြစွာဖြင့် သေတ္တာလေးကို လှမ်းယူလိုက်သည်။ သူမ ထင်ထားသလိုပဲ သေတ္တာလေးက အရမ်းပေါ့သည်။
“ကိုယ် လက်မထပ်ခင်က ရေတွက်ကြည့်ခဲ့သေးတယ်။ သိပ်တော့ မများဘူး။ စုစုပေါင်း ( ၁၅၆ ) လျန်းလောက်ပဲ ရှိတယ်။”
သူမ၏ မျက်လုံးထဲမှ အံ့အားသင့်သွားသည့် အရိပ်အယောင်ကိုမြင်တော့ ရှန်းယောင်က တိတ်တဆိတ် ပြုံးလိုက်သည်။
“အဲ့လောက်တောင်လား” ကျီကျောက်သည် ရှန်းယောင်က လျှို့ဝှက်စွာ နေထိုင်တတ်တဲ့ သူကြွယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ဘူး။
( ၁၅၆ ) လျန်း၊ အကယ်၍ ထိုငွေကြေးက မော်ဒန်ခေတ်တွင်ဖြစ်ခဲ့ပါက သန်းပေါင်း ( ၁,၅၆၀,၀၀၀ ) ခန့် ရှိပေလိမ့်မည်။
ယနေ့ခေတ် မင်းဆက်တွင် ကြေးနီဒင်္ဂါးပြားသည် ၎င်း၏ အကြီးမားဆုံးတန်ဖိုးကို ထိန်းညှိထားခဲ့သည်။
“ဒီလောက် အများကြီး ရှိလာမယ်လို့ ကိုယ် မထင်ထားဘူး” ရှန်းယောင်က သူမဘေးမှာထိုင်ပြီး တိုးတိုးလေး ရှင်းပြသည်၊ “နောက်တော့ ကိုယ် ကြေးနီဒင်္ဂါးပြားတွေနဲ့ ငွေတုံးတွေကို ဘဏ်မှာ ငွေလျန်း ( ၁၅၀ ) တန်ဖိုးရှိတဲ့ ငွေလက်မှတ်နဲ့ လဲပေးဖို့ အမေ့ကို တောင်းဆိုခဲ့တယ်လေ။”
အမှန်တော့ ကျီကျောက် ရှန်းမိသားစုထဲ လက်ထပ်ပြီး ဝင်ရောက်လာကတည်းက ရှန်းယောင်က သူတို့ရှန်းမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဒါတွေကို သူမကို လွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီးသားပင်။ မိသားစုစည်းမျဉ်းစည်းကမ်းအရ ငွေကြေးကို ဇနီးသည်က စီမံခန့်ခွဲသင့်သည်။
သို့သော်လည်း နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုတော့ သူ မမျှော်လင့်ခဲ့ပေ။ ဒီသေတ္တာထဲက ငွေအကြောင်းကိုလည်း သူ မေ့သွားခဲ့သည်။ အကယ်၍ ကျီကျောက်ကသာ အိမ်ဝယ်ဖို့ ငွေစုချင်တယ်လို့ ရုတ်တရက် မပြောလာခဲ့လျှင် ရှန်းယောင်သည်လည်း ဒီသေတ္တာထဲတွင် သူ စုဆောင်းထားသော ပိုက်ဆံအချို့ ရှိနေသည်ကို သတိရမိမည် မဟုတ်ပေ။
“ဒါဆို ရှင်က ကျွန်မကို ဒီပိုက်ဆံတွေ အကုန်ပေးမလို့လား” သစ်သားသေတ္တာထဲကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ ငွေလက်မှတ်နှင့် ငွေတုံးအပိုင်းအစတွေကိုတွေ့လိုက်ရသည်။ ကျီကျောက်က ရှန်းယောင်ကို မကျီစယ်ပဲ မနေနိုင်ပေ။
“ရှန်းယောင် ရှင် မကြောက်ဘူးလား။”
“ကိုယ်က ဘာကို ကြောက်ရမှာလဲ” ရှန်းယောင်က စိတ်ရှုပ်ထွေးစွာ မေးသည်။
“တကယ်လို့ ကျွန်မ ဒီပိုက်ဆံကို ယူပြီး တိတ်တိတ်လေး ထွက်သွားခဲ့မယ်ဆိုရင်၊ ရှင်... ဟမ်း...”
ကျီကျောက်သည် သူမ၏ စကားကို ဆက်ပြောဖို့ အခွင့်အရေး မရခဲ့ပါဘူး။
အဘယ်ကြောင့်ဆိုသော် ရှန်းယောင်က သူမ၏ ပါးစပ်တွေကို အားသုံးပြီး ပိတ်ဆို့လိုက်သောကြောင့်ပင်။
အရင်တုန်းက နွေဦးလေပြေလေညင်းနှင့် မိုးဖွဲလေးတွေနှင့် မတူဘဲ ဒီအချိန်မှာ ရှန်းယောင်က ကြီးစိုးခြယ်လှယ်နိုင်စွမ်း အပြည့် ရှိသည်။
ကျီကျောက်သည် သူ၏ သူမကို သူ့ခန္ဓာကိုယ်ထဲသို့ သွပ်သွင်းလိုသည့်အထိ ကြီးစိုးသော ပိုင်ဆိုင်လိုမှုကိုပင် ခံစားမိနိုင်သည်။
“ရှန်းယောင်… ကျွန်မ အသက်ရှုလို့ မရတော့ဘူး… အရမ်းနာတယ်…” ကျီကျောက်သည် သူမရဲ့ ခွန်အားအကုန်သုံးပြီး သူ့ရဲ့ သန်မာတဲ့ ရင်ဘတ်ကို တွန်းကာ စကားကို မနည်းပြောလိုက်ရသည်။
“အာ့ထောင်” ရှန်းယောင်၏ လက်ချောင်းများက သူမ၏ အနက်ရောင်ဆံနွယ်များကို ဖြီးသင်နေပြီး သူ၏ လေးနက်သော အသံသည် လိုအင်ဆန္ဒများ ပြည့်နှက်နေဆဲပင်၊ “နောက်တစ်ခါ ထွက်သွားမယ်ဆိုတဲ့စကားမျိုး ထပ်မပြောနဲ့၊ ဟုတ်ပြီလား။”
အခုလေးတင် သူမ၏ ပါးစပ်မှ ‘ထွက်သွားမယ်’ ဆိုတဲ့ စကားကို ကြားလိုက်သောအခါ ရှန်းယောင်၏ နှလုံးသားထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး အာ့ထောင်ကို သူ့ဘေးနားမှာ အမြဲသော့ခတ်ထားချင်မိသည်။
သူ့အတွေးထဲမှာ အဆိုပါ ကြီးစိုးလွန်းသော ပိုင်ဆိုင်လိုစိတ် ပေါ်လာတဲ့အခါ သူ အလွန်လွှမ်းမိုးခံလိုက်ရပြီး သူမ၏ နှုတ်ခမ်းလေးကိုတောင် အခုလေးတင် ကိုက်လိုက်မိပါသေးသည်။
ကျီကျောက်သည် နာကျင်မှုကို ခံစားလိုက်ရသောအခါတွင် သူ့ကို အားဖြင့် တွန်းထုတ်ပစ်လိုက်သည်။
“ကောင်းပြီ” ကျီကျောက်သည် သူ့မျက်လုံးများတွင် နီမြန်းနေသည့် အရိပ်အမြွတ်ကို မတော်တဆ မြင်တွေ့လိုက်ရသည်။ သူမ အနည်းငယ် ထိတ်လန့်သွားသော်လည်း ပိုစိုးရိမ်သွားသည်။
ယခု ရှန်းယောင်သည် ယခင်က ရှန်းယောင်နှင့် မတူကြောင်း သူမ ခံစားမိသည်။
“အာ့ထောင် အရမ်းနာသွားလား” ရှန်းယောင်သည် သူ့မျက်လုံးများကို ဖျော့တော့စွာ မှေးမှိတ်လိုက်သည်။ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်သောအခါတွင် ကျီကျောက်၏ တောက်ပပြီး စိုစွတ်နေသည့် နှုတ်လမ်းများအပေါ် အကြည့်ရောက်သွားပြီး အပြစ်ရှိသလို ခံစားမိလိုက်သည်။
“သိပ်မနာတော့ဘူး” ကျီကျောက်သည် နာခံမှုရှိစွာ ခေါင်းခါလိုက်သည်။ သူမ ခဏလောက် စဉ်းစားပြီး ညာလက် လက်မနှင့် လက်ညှိုးကို အနည်းငယ် ထိကာ နည်းနည်းလေးဟူသော လက်ဟန်ပြလိုက်သည်။
“အခု၊ နည်းနည်းလေးတော့ နာသေးတယ်။ တကယ့်ကို နည်းနည်းလေးပဲ။”
သူမ အရမ်းနာခံနေသည်ကို မြင်လိုက်ရသောအခါ ရှန်းယောင်သည် ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။
“ရှန်းယောင် ကျွန်မ ခဏလောက် အိပ်ချင်တယ်” တွေဝေမိန်းမောနေသော ရှန်းယောင်၏ ပုံရိပ်ကို မြင်တော့ ကျီကျောက်သည် သူ့အင်္ကျီလက်ကို စိုးရိမ်တကြီး ဆွဲကာ မျက်မှောင်ကြုတ်လိုက်သည်၊ “ရှင် ကျွန်မနဲ့ အတူအိပ်ပေးနိုင်မလား။”
သူမ၏ အပြစ်ကင်းစင်သော အပြုံးကို ရင်ဆိုင်ရတော့ ရှန်းယောင် အငြင်းစကား မဆိုနိုင်ပေ။
“ကောင်းပြီ။”
နေဝင်ချိန်သည် မှိုင်းညှို့ပြီး လှပနေသည်။
ကျီကျောက်သည် ပျော့ပျောင်းသော ကုတင်ပေါ်တွင် လဲလျောင်းနေရင်း ရှန်းယောင်၏ လက်များကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည်။ သိပ်မကြာခင် သူမဆီမှ ဟောက်သံ တိုးတိုးလေး ထွက်လာသော်လည်း ဘေးနားရှိ ရှန်းယောင်သည် အလွန်အားမရှိသလို ခံစားရကာ စိတ်အေးလက်အေး မရှိပေ။
ခုနတုန်းက သူက အရမ်းထိတ်လန့်ဖို့ကောင်းတယ်။
တကယ်တော့ သူက အာ့ထောင် ကြောက်လန့်စေရုံတင်မကဘဲ သူ့ကိုယ်သူလည်း ကြောက်လန့်သွားစေသည်။
ရှန်းယောင် မျက်လုံးမှိတ်ထားလိုက်သည်နှင့် စူးရှသော လေချွန်သံက သူ့နားထဲသို့ တိုးဝင်လာခဲ့သည်။ သူ့ရှေ့တွင် အရိုးတောင်ကြီးတစ်ခုရှိနေကာ အရိုးစုတွေရဲ့ အလယ်မှာ သူ ထိုင်နေသည်။ သူ မည်မျှပင် ရုန်းကန်နေပါစေ လှုပ်ရှားလို့ပင် မရချေ။ ပိုကြောက်စရာကောင်းတာက သူ့လက်ထဲမှာ ချွန်ထက်တဲ့ ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထားတာပင်။ သို့သော် အဆိုပါဓားမြှောင်က သွေးများဖြင့် စိုရွှဲနေပြီး ဓားသွားတစ်လျှောက် သွေးများ တစ်စက်ပြီး တစ်စက် စီးကျသွား၏။
ဒီလူတွေ အကုန်လုံးကို သူ သတ်ဖြတ်လိုက်တာ ဖြစ်သည်။
သူကိုယ်တိုင်က သူတို့ကို မသတ်ရင် သူတို့က သူ့ကို သတ်ပစ်ဖို့ ကြိုးစားကြလိမ့်မည်။
ရှန်းယောင်သည် ခေါင်းတစ်ခုလုံး ကွဲကြေသွားတော့မလို သည်းမခံနိုင်လောက်ဖွယ် ဝေဒနာကို ခံစားလိုက်ရသောအခါတွင် သူ့နားထဲတွင် ‘ရှန်းယောင် ကျွန်မ မသွားဘူး။ တကယ်လို့ ရှင် ကျွန်မကို မထားခဲ့ဘူးဆိုရင် ရှင့်ကို ကျွန်မ မစွန့်လွှတ်ဘူး။ ရှင် ကျွန်မကို မထားခဲ့ဘူးဆိုရင် ရှင့်ကို ကျွန်မ လက်မလျော့ဘူး” ဟူသော စကားများကို ကြားလိုက်ရသည်။
ထိုစကားများကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်သောအခါတွင် သူ့စိတ်သည် အံ့ဖွယ်နည်းဖြင့် ငြိမ်သက်သွားသည်။
တဖြေးဖြေးနဲ့ သူ့နှလုံးသားဟာ ငြိမ်သက်သွားခဲ့သည်။
ရှန်းယောင်သည် ရင်းနှီးသော ဟောက်သံကို နားဆင်ရင်း မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့သည်။
နာရီဝက်လောက်ကြာတော့ တစ်ရေးတစ်မော အိပ်စက်လိုက်ရသော ကျီကျောက် နိုးလာခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ကို ကြည့်လိုက်တော့ အတော်လေးပင် မှောင်နေခဲ့ပြီ။
ကျီကျောက်သည် ကုတင်ပေါ်မှ ဂရုတစိုက် ဖြည်းဖြည်းလေး ထလာပြီးနောက် မီးဖိုချောင်ထဲသို့ ခြေဖျားထောက် ဝင်လာခဲ့သည်။
ထိုအချိန်တွင် ကျောက်လန်ဟွာသည် မီးဖိုချောင်ထဲတွင် မုန့်ညက်များကို နပ်နေသည်။ သူမ ရင်းနှီးကျွမ်းဝင်နေသော ခြေသံကို ကြားလိုက်ရသောအခါတွင် တိုးတိုးလေး ရယ်မောလိုက်သည်၊ “နင်တို့အတွက် အိုးထဲမှာ စွပ်ပြုတ် ချန်ထားတယ်။ နင် တစ်ပန်းကန်လောက် အရင်လိုချင်လား။”
“ဟုတ်ကဲ့” ကျီကျောက်က ပြုံးပြီး သဘောတူသည်၊ “ကျေးဇူးပါ အမေ”
“ညစာစားနေတုန်း နင်နဲ့ စန်းလန်တို့ကို အတူစားဖို့ လာခေါ်ခဲ့ပေမယ့် တံခါမခေါက်ခင်မှာ နင်တို့နှစ်ယောက်ရဲ့ ဟောက်သံကို ကြားလိုက်ရတယ်လေ” ကျောက်လန်ဟွာက တိုးသဲ့စွာ သက်ပြင်းချလိုက်သည်။ သူမသည် ကျီကျောက်ကို စိတ်နှလုံးနာကျင်ပြီး ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်၊ “ကလေး နင်က အရမ်းစိတ်ထားကောင်းလွန်းတယ်။ အမေ နင့်ကို အရင်က သတိပေးခဲ့တာကို သတိမရဘူးလား။ လိင်ကိစ္စနဲ့ ပတ်သက်လာရင် နင် စန်းလန် တောင်းဆိုတဲ့အခါ အမြဲ မပေးသင့်ဘူး…”
“အဟွတ်… အဟွတ်… အမေ…” စွပ်ပြုတ်သောက်နေတဲ့ ကျီကျောက်တစ်ယောက် ချောင်းတဟွတ်ဟွတ်ဆိုးသွားခဲ့သည်။
***