မှတ်ဉာဏ်များ ပြန်ရလာခြင်း
Vol. 42 Ch. 616
ကောင်းမင် ခြေတစ်လှမ်းချင်း လှမ်းသွားလိုက်သည်။ များပြားလှစွာသော အသံပေါင်းစုံက မည်သို့ပင် တားဆီးနေပါစေ ကောင်းမင် တုံ့ဆိုင်းမသွားခဲ့ပေ။
တံခါးနောက်မှ အရာများကို မြင်တွေ့ပြီးနောက် ပြိုလဲသွားခဲ့သော ဘုရားကျောင်းပိုင်ရှင်နှင့် နှိုင်းယှဉ်လျှင် ကောင်းမင်သည် ပို၍ တည်ငြိမ်နေ၏။ သူ၏ မရေမတွက်နိုင်သော သေဆုံးမှုများသည် တစ်ခုသော သူ့ယုံကြည်ချက်ကို အတည်ပြုပေးခဲ့သည်။ သူသည် အဆိုးဝါးဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီးသားပင် ဖြစ်သည်။ သူသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းရန်သာ လိုအပ်သည်။ သူ အပြောင်းအလဲကို လက်ခံရန် အသင့်ရှိနေသရွေ့ အခြေအနေများသည် ပို၍ ကောင်းမွန်လာနိုင်ပေမည်။
ဘုရားကျောင်းပိုင်ရှင် မြင်ခဲ့သည်ကို ကောင်းမင်မသိသော်လည်း သူ့အား စောင့်ဆိုင်းနေသည်ကိုမူ သူ သိနေသည်။ လက်တွေ့ဘဝမှ ပျော်ရွှင်စရာ အဖြစ်အပျက်များနှင့်မတူဘဲ သူ၏ နှလုံးသား အနက်ပိုင်းထဲတွင် ဒဏ်ရာရနေသော မကောင်းဆိုးဝါးများစွာကို ပိတ်လှောင်ထားသည်။
၎င်းတို့သည် သရဲများထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေကြသည်။ မျက်နှာတိုင်းတွင် မုန်းတီးမှုနှင့် ဒေါသတရားများ ကိန်းအောင်းနေ၏။ သို့သော် ၎င်းတို့ထံ၌ ယခင်က လူသားများ ဖြစ်ခဲ့ဖူးသည့် သက်သေအထောက်အထားများကို ထိန်းသိမ်းထားပေသေးသည်။ အဘယ်အရာက သူတို့ကို မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲပစ်ခဲ့သနည်း။ အဘယ်အရာက မြို့တစ်မြို့လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သနည်း။ အဘယ်အရာက ကောင်းမင်ကို အဆုံးမဲ့သော သေခြင်းသံသရာထဲ၌ ပိတ်လှောင်ထားခဲ့သနည်း။
တရားခံများကို အပြစ်ပေးရန် လိုအပ်သည်။ ဘေးကပ်ဆိုးအားလုံးကို ပြန်လည်ထိန်းချုပ်ရမည်။ ယင်းသည် ကောင်းမင်၏ ပြင်းပြသောဆန္ဒ ဖြစ်သည်။ ယုံကြည်မှု စွမ်းအားများသည် ကြီးမားစွာ လှုံ့ဆော်ခံလိုက်ရသည်။ သွေးမြို့တော် တက်တူးမှာလည်း တောက်ပလာ၏။ သူ၏ နှလုံးသားထဲတွင် လက်တစ်ဖက်သည် အပြည့်အဝ ရုပ်လုံးပေါ်လာတော့သည်။
မမြင်နိုင်သော အတားအဆီးများ ကြေမွသွားသည်။ အမှောင်ထုထဲမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး ကောင်းမင်ကို ဆွဲကိုင်လိုက်သည်။
သော့ခလောက်မှာ ကြေမွသွားပြီး ချုပ်နှောင်ထားသော ချိန်းကြိုးများအားလုံး ပြတ်တောက်ကုန်သည်။ အဆုံးမဲ့သော စိတ်ပျက်အားငယ်မှုများက ကောင်းမင်၏ နှလုံးသားထဲမှ ထွက်ခွာသွားကြ၏။ မှတ်ဉာဏ် အပိုင်းအစများသည် သူ၏ ပင်မအသိစိတ်နှင့် ပြန်လည်ပေါင်းစည်းသွားတော့သည်။
“ငါ မှတ်မိသွားပြီ ၊ ငါက ဟန်ဟိုင်းက လာခဲ့တာပဲ၊ ဒါဟာ ငါ့ရဲ့ အပြစ်မဟုတ်ဘူး၊ ဒါဟာ ငါ့ဘဝပဲ”
ဧရာမ လိပ်ပြာတောင်ပံကြီးများ လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားနန်းတော်ရှိ ကြွေပြားကပ်အဆောက်အဦးများသည် လရောင်အတွင်းသို့ ပျော်ဝင်သွားပြီး မီးခိုးငွေ့များကြားတွင် ပျောက်ကွယ်သွား၏။ တက်တူး၏ ဆွဲဆောင်မှုကြောင့် နတ်ဘုရားရောင်ဝါများသည် နီစွေးသွားသည်။ ဘုရားကျောင်းပိုင်ရှင်သည် ကောင်းမင်ထံမှ ထိန်းချုပ်မှုကို ပြန်လည်ရယူရန်နှင့် လိပ်ပြာတောင်ပံများကို ပြန်လည်ရေးဆွဲရန် ကြိုးစားချင်သော်လည်း မအောင်မြင်ချေ။ သူသည် ကောင်းကင်ဘုံတံခါးရှေ့တွင် ရပ်နေရင်း အိပ်မက်ချိုးဖျက်မြို့၏ ယုံကြည်မှုစွမ်းအားများ ကောင်းမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်ကို အကူညီမဲ့စွာဖြင့် စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
အဆောက်အဦးများ မြေပြင်မှ ကျွတ်ထွက်လာကြ၏။ ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းရှိ များစွာသော သရဲတစ္ဆေများက ဟစ်အော်နေကြသည်။ ၎င်းတို့သည် ယုံကြည်မှုစွမ်းအားများကို ကောင်းမင်၏ နှလုံးသားထဲသို့ ပို့လွှတ်လိုက်ကြသည်။
“အိပ်မက် လွှတ်ထုတ်စမ်း”
ဝိညာဉ်ဘုရားကျောင်း၏ အပြင်ဘက် နံရံသည် ကြက်ဥခွံတစ်ခုကဲ့သို့ အက်ကွဲသွား၏။ သွေးမြို့တော် တက်တူးနှင့်အတူ ကောင်းမင်သည် ကောင်းကင်ဘုံတံခါးတစ်ခု ဖြစ်လာလေသည်။ သူ့နှလုံးသားသည် ကမ္ဘာနှစ်ခု ထပ်တူကျသောနေရာ ဖြစ်လာ၏။ နတ်ဘုရားနန်းတော်ကြီးသည် ကြေမွသွားပြီး နတ်ဘုရားသရဲများသည်လည်း လွတ်မြောက်သွားကြသည်။ သို့သော် မည်သူမျှ မဆင်မခြင် မလှုပ်ရှားရဲကြပေ။ အခြေအနေမှာ သူတို့၏ ထိန်းချုပ်မှုအပြင်ဘက်သို့ အလွန်အမင်း ကျွံထွက်နေပြီဖြစ်သည်။ ဘယ်သူမှ ကိုယ့်ကိုယ်ကို အစတေးမခံလိုကြပေ။
လှိမ့်ထွက်လာနေသော စိတ်ပျက်အားငယ်မှုများသည် ထိန်းချုပ်လွှတ်သွားပြီ ဖြစ်သည်။ အနက်ရှိုင်းဆုံး အမှောင်ချောက်နက်ကြီးထဲတွင် ဟန်ဟိုင်းမြို့တော်၏ မြို့ပြပုံရိပ်များ စတင်ပေါ်ထွက်လာတော့သည်။ ၎င်းတို့တွင် ဖျက်မရသော သွေးကွက်များ စွန်းထင်နေလေသည်။ အဆောက်အဦးများအတွင်းတွင် ကောင်းမင်၏ မှတ်ဉာဏ်ထဲမှ ပုံရိပ်များ ထွက်ပေါ်လာသည်။ ၎င်းတို့၏ အရေအတွက်သည် အိပ်မက်ချိုးဖျက်မြို့ရှိ ဒေသခံများထက်ပင် ပိုမိုများပြားလှသည်။ သို့သော် ၎င်းတို့အနက် အများစုမှာ ဝိညာဉ်ပုံရိပ်များသာ ဖြစ်ကြသည်။သူတို့သည် သွေးမြို့တော် နယ်မြေအတွင်းမှ ထွက်ခွာနိုင်ခြင်း မရှိကြပေ။ သို့သော်လည်း ၎င်းတို့ထဲမှ အချို့မှာမူ အစစ်အမှန် ဖြစ်တည်မှုအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့သည် သွေးမြို့တော်အတွင်းရှိ ဝေ့ဝဲကျန်ရစ်ခဲ့သော ဝိညာဉ်များ မဟုတ်ကြပေ။ သူတို့သည် ကောင်းမင်၏ မှတ်ဉာဏ်များဖြင့် တည်ဆောက်ထားခြင်းလည်း မဟုတ်ပေ။ ယင်းအစား သူတို့သည် ကောင်းမင်၏ နှလုံးသားထဲတွင် ပုန်းကွယ်နေခဲ့ကြခြင်း ဖြစ်လေသည်။
အမာရွတ်များဖြင့် ပြည့်နေသော လက်တစ်ဖက်သည် ကောင်းမင်၏ ရင်ဘတ်ထဲမှ လှမ်းထွက်လာသည်။ ရုတ်တရက် ဘုရားကျောင်းအတွင်း၌ မိုးရွာသွန်းလာသည်။ နီရဲသော မျက်လုံးတစ်စုံက ဖြည်းညင်းစွာ ပွင့်လာ၏။ စိုစွတ်နေသော ဆံပင်များသည် အနီရောင် မိုးကာအင်္ကျီပေါ်သို့ ကျဆင်းနေလေသည်။
“ငါ့ကလေးလေး… နင် သူ့ကို ရှာမတွေ့သေးဘူး…”
ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုက ကောင်းမင်ကို ဖိနှိပ်ထားသည်။ တွန့်ရှုံ့နေသော အနီရောင် မိုးကာအင်္ကျီသည် ကောင်းမင်ပတ်ပတ်လည်တွင် ဖြန့်ကျက်သွား၏။ အနီရောင် မိုးကာအင်္ကျီသာမက မျက်နှာမရှိသော နောက်လိုက်များနှင့်သန္ဓေပြောင်း သားရဲများစွာလည်း ပေါ်ထွက်လာသည်။ ကောင်းမင်၏ အရိပ်သည် စတင်လှုပ်ခတ်လာပြီး မီတာအနည်းငယ် မြင့်သော ဧရာမ ခွေးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
မျက်နှာတိုင်းသည် ကောင်းမင်၏ မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုစီနှင့် ဆက်စပ်နေလေသည်။ ဤသည်မှာ သူ့အတိတ်ကို ပြန်လည်မှတ်မိလာရသည့် အကြောင်းရင်းပင် ဖြစ်သည်။ အမှောင်ထုထဲတွင် နောက်ကျိသောရေများ တိုးဝင်လာသည်။ လူ့ဦးခေါင်းတစ်ခုက ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။သူ ပါးစပ်ဟလိုက်သော်လည်း သူ့အသံက အခြားအသံများအောက်တွင် အလွယ်တကူ နစ်မြုပ်သွားသည်။ကောင်းမင်သည် သတိပေးချက်များကို လျစ်လျူရှု၍ သော့ကို ‘ချိုးဖျက်’ရန်နှင့် သူ့နှလုံးသားထဲတွင် ချိတ်ပိတ်ထားသောအခန်းကို ဖွင့်ရန် ရွေးချယ်လိုက်သည်။
ခုနစ်ထပ်မြောက်တွင် ထွင်းထုထားသော နတ်ဘုရားနန်းတော်သည် အစစ်အမှန် ဖြစ်လာလေသည်။ သွေးနီရောင်အဆောက်အဦးများသည် ဝိညာဉ်ဘုရားကျောင်းကို အရူးအမူး ဝါးမြိုနေကြသည်။ နံရံပေါ်ရှိ အက်ကွဲကြောင်းများက လျင်မြန်စွာ ပြန့်နှံ့သွား၏။ ကောင်းကင်ဘုံတံခါးကို ဖွင့်ရန်အတွက် ဘုရားကျောင်းပိုင်ရှင်သည် ကျင့်ကြံသူများကို အကုန်အစင် အသုံးချခဲ့ပြီး ဖြစ်သည်။ သူတို့ ဘာမှ မတတ်နိုင်ကြတော့ပေ။ သို့သော် ဝိညာဉ်ဘုရားကျောင်းက ပြိုလဲမသွားခဲ့ချေ။ အနီရောင် အဆောက်အဦးများသည် ထိုနေရာကို ဖျက်ဆီးပစ်ရန် ဆန္ဒမရှိဘဲ ၎င်းနေရာတွင် အစားထိုးချင်နေကြခြင်းဖြစ်သည်။ သို့သော် ကောင်းမင်သည် ဤအရာများကို တစ်ခုမှ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ သူသည် တံခါးကို ဖွင့်လိုက်ချိန်တွင် သူ၏ ပင်မအသိစိတ်မှာ ပြင်းထန်စွာ ဖိနှိပ်ခံလိုက်ရသည်။ မှတ်ဉာဏ် အပိုင်းအစအားလုံး ပြန်လည်ချိတ်ဆက်သွား၏။ သူသည် ၎င်းတို့ကို ဖတ်ရှုရုံမကတော့ဘဲ ၎င်းတို့နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။ အမည်မသိ အကြောင်းရင်းများကြောင့် ပိတ်ဆို့ခံထားရသော မှတ်ဉာဏ်များသည် နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာချေပြီ။ ကောင်းမင်သည် သူ၏ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော လက်များက မချီသွားပြီး လမ်းကြောင်းတစ်ခုပေါ်သို့ ဆွဲခေါ်သွားသကဲ့သို့ ခံစားနေရသည်။ သူသည် မျက်လုံးများကို မဖွင့်ဘဲ သူ့ကိုယ်သူ အတိတ်များအတွင်းသို့ နစ်မြှုပ်စေရန် ခွင့်ပြုထားလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် တက်တူးများ ပိုမိုထွက်ပေါ်လာသည်။ သားစားကြူးနတ်ဘုရားပင်လျှင် ပြောင်းလဲသွားခဲ့ချေပြီ။
“ဘာတွေ ဖြစ်နေတာလဲ”
အဖြူရောင် ဝေါယာဉ်အတွင်းမှ ဇဝေဇဝါ ဖြစ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“သူက အိပ်မက်ချိုးဖျက်မြို့က နတ်ဘုရားတစ်ပါးမဟုတ်ဘူး”
“အပြင်လူလား… ငါတို့ တိရစ္ဆာန်တွေလို စတေးခဲ့တဲ့ အပြင်လူတွေကြားထဲမှာ သရဲတစ်ကောင် ပုန်းကွယ်နေတာလား”
“ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ သွေးမြို့တော်လဲ… မဟုတ်ဘူး၊ အခုတော့ ဒါကို နတ်ဘုရားနန်းတော်လို့ ခေါ်ရတော့မယ်”
ဘုရားကျောင်းပိုင်ရှင်၏ ခြောက်သွေ့နေသော အရေပြားများသည် သူ့မျက်နှာပေါ်တွင် တွဲကျနေ၏။ သူသည် ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားသကဲ့သို့ ရှိသည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ… အနက်ရှိုင်းဆုံးအဆင့် အိပ်မက်ဆိုးတစ်ခုမှာ တံခါးတစ်ချပ်ပဲ ရှိနိုင်တာလေ၊ ငါက အဲ့ဒီတံခါးကိုပဲ ဒီဘုရားကျောင်းရဲ့ အုတ်မြစ်အဖြစ် သုံးခဲ့တာ၊ ဘယ်လိုလုပ် ဒုတိယမြောက်တံခါး ရှိနေရတာလဲ”
ဘုရားကျောင်းပိုင်ရှင်က ရူးသွပ်စွာ အော်ဟစ်နေတော့သည်။ သူသည် အခြား နတ်ဘုရားသရဲများကို အရိပ်အယောင် ပေးနေဟန်တူ၏။ ဝိညာဉ်ဘုရားကျောင်း၏ စွမ်းအားကို ကောင်းမင်က ခိုးယူသွားချေပြီ။ အခြားကမ္ဘာသို့ ဦးတည်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းမှာလည်း ကောင်းမင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေချေသည်။
“ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းက ကောင်းကင်ဘုံတံခါးကို ဖွင့်ဖို့အတွက်နဲ့ အိပ်မက်ချိုးဖျက်မြို့က နတ်ဘုရားတွေရဲ့ စွမ်းအားတွေအားလုံးကို စုပ်ယူထားတာ၊ အဲ့ဒါက အိပ်မက်ချိုးဖျက်မြို့နဲ့ပဲ သက်ဆိုင်တယ်၊ အပြင်လူတစ်ယောက် ရသွားလို့ မဖြစ်ဘူး”
နတ်ဘုရားများဖြင့် ဖွဲ့စည်းထားသော ဧရာမဘီလူးကြီးတစ်ကောင်သည် သွေးနီရောင်မြို့တော်ကို လက်သီးဖြင့် ထိုးလိုက်သည်။
“ငါတို့ ဒါကို အလွှတ်ပေးလို့ မဖြစ်ဘူး”
နတ်ဘုရားသရဲများသည် သူတို့၏ ပစ်မှတ်ကို ပြောင်းလိုက်သည်။ အမှန်စင်စစ် သူတို့ ကောင်းမင်ကို အာရုံမစိုက်လျှင်ပင် သွေးမြို့တော် ပြန့်ကားလာသည်နှင့်အမျှ သူတို့ကို ပိတ်လှောင်မိသွားပေလိမ့်မည်။
“ဖမ်းစမ်း”
အဖြူရောင် အရိုးစုများသည် တောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဝိညာဉ်ခေါ် အလံမှာလည်း အနက်ရောင်မြူခိုးများအဖြစ် ပျော်ဝင်သွား၏။ မသေဆေးကုမ္ပဏီသည် အိပ်မက်ချိုးဖျက်မြို့ကို တည်ဆောက်ရန်အတွက် ရင်းမြစ်များစွာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားသရဲတစ်ပါးစီတွင် မပြောသင့်သူတစ်ဦး ဖြစ်လာနိုင်သော အလားအလာများ ရှိကြ၏။ သူတို့ ပူးပေါင်းလိုက်သောအခါ အလွန်အမင်း စွမ်းအားကြီးမားလှသည်။ သူတို့သည် ဤရွာကို အလွယ်တကူ ဖြိုဖျက်နိုင်ကြသည်။
ကောင်းမင်သည် သူ၏ မှတ်ဉာဏ်အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို မသိပေ။သူ့လှုပ်ရှားမှု ရပ်တန့်လိုက်ရုံသာ ရှိသည်။ သူခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ကြီး မှောင်မိုက်နေသည်ကို မြင်လိုက်ရ၏။
“မိုးရွာတော့မှာလား”
ကောင်းမင်သည် ရှုပ်ထွေးနေသော သူ့မှတ်ဉာဏ်များထဲမှ ဝတ်ဆင်ရန် အနီရောင် မိုးကာအင်္ကျီ တစ်ထည်ကို ရှာတွေ့လိုက်သည်။ ထို့နောက် သူသည် မှတ်ဉာဏ်များနှင့် ပေါင်းစည်းခြင်းအဆုံးသတ်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားတော့သည်။
ကောင်းမင်၏ ခန္ဓာကိုယ် ပြင်ပတွင် စူးစူးရှရှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ ကလေးကို ပျောက်ဆုံးထားသော အနီရောင်မိုးကာအင်္ကျီသည် ကောင်းမင်ရှေ့တွင် ရပ်လိုက်သည်။ သူမ၏ မျက်နှာသည် အမုန်းတရားများကြောင့် ပုံပျက်နေလေသည်။